Pages

မြန်မာပြည် အရေးသည် နိုင်ငံတကာပြဿနာဖြစ်လာနေဟု အမျိုးသမီးအဖွဲ့ဆို

ယနေ့ကျရောက်သည့် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့တွင် ထိုင်းနှင့် တရုတ်နိုင်ငံ တွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာအမျိုးသမီးများ၏ လုံခြုံမှုမရှိသော ဘ၀အခြေအနေကို ငရဲနှစ်ထပ်အကြားတွင် ပိတ်မိနေခြင်း (Catch between two hells) ဆိုသော အမည်နှင့် မြန်မာအမျိုးသမီးသမဂ္ဂက အစီရင်ခံစာ တ စောင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာ ရေးသားထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်ကို မြန်မာအမျိုးသမီးသမဂ္ဂ၏ ဥက္ကဌက ယခုလို ပြောပြ သည်။

“အဓိက ဒီ ရီပို့ဒ်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောချင်တာက ရွှေ့ပြောင်း အလုပ်သမား ပြဿနာက လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပြဿနာတွေကို နအဖက နိုင်ငံရေး အရ မဖြေရှင်းသရွေ့ ဆက်ပြီးတော့ ကြီးထွားလာမယ့် ပြဿနာပေါင်းများစွာအနက်က ပြဿနာတခုပဲရှိတယ်။ ဒါပေမယ့် ဒီ ပြဿနာလေးကတောင်မှ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ ရိုက်ခတ်မှုတွေဖြစ်လာတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ပြဿနာဟာ အိမ်နီးချင်းနိုင်ငံရဲ့ ပြဿနာဖြစ်လာတယ်။ နိုင်ငံတကာရဲ့ ပြဿနာဖြစ်လာ တယ်။ ဒါက ပြဿနာတခုအပေါ်မှာ အခြေခံပြီး ကျမတို့ ထောက်ပြထားတာဖြစ်တယ်။ ဆိုတော့ မြန်မာပြည်မှာ ပြဿနာတွေ အများကြီးရှိတယ်။ အဲဒီအနေအထားမှာ နိုင်ငံတကာကနေပြီးတော့ စေ တနာပါပါနဲ့ သူတို့ရဲ့ ပြဿနာဖြစ်ပါတယ်လို့ ခံယူပြီးတော့ ၀င်ပါဝင်ဖြေရှင်းဖို့ ဆိုတာကို ကျမတို့ ပြောချင်တာဖြစ်ပါတယ်။ ”

ယင်းအစီရင်ခံစာကို ထိုင်းနှင့် တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမ ၁၄၉ ဦးကို တွေ့ဆုံမေးမြန်း၍ ရေးသားပြုစုခြင်းဖြစ်သည်။

အစီရင်ခံစာတွင် ပြည်တွင်းမှ စီးပွားရေးအစဉ်မပြေ၍ ထွက်လာကြသော မြန်မာအမျိုးသမီးများ ၏ အလုပ်ခွင်တွင် မလုံခြုံသောဘ၀နှင့် စိတ်ကျဉ်းကျပ်စွာနေထိုင်ကြရသောအခြေအနေများကို ဖော်ပြထားသည်။

အစီရင်ခံစာတွင် ပါဝင်ဖြေကြားခဲ့သူ အမျိုးသမီးတဦးက ၄င်းတို့အနေဖြင့် အလုပ်ရှင်၏ ထိကပါး ရိကပါးနှင့် လက် ကိုင်သည်ကိုပင် မကြိုက်နှစ်သက်သော်လည်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိ၍ ရဲတိုင်မည်စိုး သောကြောင့် သည်းခံနေရကြောင်းနှင့် သူမ၏ အသိ အမျိုးသမီးအချို့မှာ အလုပ်ရှင်၏ အဓမ္မပြုကျင့်မှု ကို ခံရ ကြောင်း ပြောပြသည်။

ယင်းအခြေအနေများသည် မြန်မာပြည်တွင်းနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေရသော အမျိုးသမီးများနှင့် မိန်းက လေးများ၏ ခံစားနေရသော အတွေ့အကြုံနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျှဝေထားခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

၂၀၀၇ခုနှစ်တွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၈၉ ၂၈၂ဦး မှတ်ပုံ တင်ထားသည့် အနက်တွင် အမျိုးသမီး ၂၂၅ ၇၁၀ဦးရှိသည်ဟု Migrant Assistance Program (MAP) အဖွဲ့က ထုတ်ပြန်ထားသည်။

မံစီမြို့နယ်အတွင်း တရုတ်ဆိုင်ကယ်များ ဖမ်းဆီး အာဏာပိုင်များက ဖမ်းဆီးရမိ ဆိုင်ကယ်အချို့ကို ကိုယ်ပိုင်သိမ်းယူ

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း ဒီဇင်ဘာ(၁၇)ရက်နေ့တွင် တရုတ်ပြည်ဘက်မှ တင်သွင်းလာသော တရုတ် ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ပြီး အချို့ကို ဖမ်းဆီးရမိစာရင်းတွင် မတင်တော့ဘဲ ကိုယ်ပိုင်အဖြစ် သိမ်းယူခဲ့သည်။

မံစီမြို့မှ မန္တလေးဘက်အထွက် လေးမိုင်အကွာရှိ မန်မကောက်ကျေးရွာအနီးရှိ ကြက်ဆူခြံ အနီးတွင်း မံစီမြို့နယ် မယကနှင့် စရဖအဖွဲ့တို့ ပူးပေါင်းအဖွဲ့က တရုတ်ပြည်ဘက်မှ လာသည့်ဆိုင်ကယ်အစီးနှစ်ဆယ် ဖမ်းဆီးခဲ့ သည်ဟု မံစီဒေသခံမျက်မြင်သက်သေတဦးက ပြောသည်။

“ကျနော်တို့ မံစီမြို့နယ် မယကနဲ့ စရဖတို့ကပေါင်းပြီး မန်မကောက်၊ ကြက်ဆူခြံမှာ မနေ့ညက လိုင် စင်မဲ့ဆိုင်ကယ် အစီးနှစ်ဆယ်ဖမ်းတယ်။ လိုင်စင်မဲ့ဆိုင်ကယ်အစီးနှစ်ဆယ်မှာ ခုနှစ်စီးဟာ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေရဲ့ ဆိုင်ကယ် ဖြစ်နေလို့ လွှတ်ပေးလိုက်တယ်။ အဲဒီမှာ ဆယ့်သုံးစင်းကျန်တယ်။ အဲဒီ ဆယ့်သုံးစင်းကို ဖမ်းလာတဲ့ခါမှာ ခြောက်စင်းကိုဘဲ စာရင်းအဖြစ်တင်တယ်။ ခုနှစ်စင်းကို ဖျောက်ပစ် လိုက်တယ်။ အသစ်တွေ၊ တရုတ်ပြည်က ၀င်လာတာ။ ဂျာလင်းတို့၊ ၀မ်းတူးဖိုက်အမျိုးအစားဖြစ်တဲ့ ကင်ဘိုတို့၊ လော်ဂျာတို့၊ အမျိုးအစား အမျိုးအမျိုးပေါ့၊ ဆိုင်ကယ်ကယ်ရီဝင်လာတာ၊ အသစ်တွေပေါ့။ ” ဟု မံစီဒေသခံက ပြောသည်။

ဆိုင်ကယ်သယ်လာသူများမှ ရွှေဘို၊ မုံရွာ၊ မတ္တရာစသည့် မြန်မာပြည် အလယ်ပိုင်းမှဖြစ်ပြီး ဆိုင်ကယ်တစီးလျင် အမြတ်အစွန်းတစ်သောင်းဝန်ကျင်ရကြပြီး စွန့်စားလုပ်ကိုင်ရင်း အခုလို ဖမ်းဆီးခံရပါက ဆိုင်ကယ်ကယ်ရီသမား များမှာ အတော်လေး ဒုက္ခရောက်ကြရသည်ဟု အဆိုပါ ဒေသခံ မျက်မြင်သက်သေက ပြောသည်။

“အဲဒီမှာ ဆိုင်ကယ်တစီးတန်ဘိုးဆိုရင် ဂျာလင်း(တံဆိပ်)ဆိုရင် လေးသိန်းကျော်လောက်မှာ ရှိတယ်။ တရုတ်ငွေ နှစ်ထောင့်လေးရာပေါ့။ အောက်ပိုင်းကဆိုတဲ့နေရာမှာ တစင်းတစင်းမှာ တစ်သောင်း၊ နှစ် သောင်း ကျန်ဆိုပြီးမှ ငွေလေးချေးပြီး လုပ်ကိုင်ကြတဲ့လူက များတယ်။ မနေ့က ဖမ်းတဲ့ခါမှာ တချို့ဆို ငိုပြီး ပြန်သွားကျတယ်။ အခြေအနေ ပျက်ပြီးတော့။ ယောကျားတန်မဲ့ ငိုပြီး ပြန်သွားကြတာ။”

တရုတ်ပြည်လုပ်ဆိုင်ကယ်များသည် ဂျပန်နိုင်ငံလုပ် ဆိုင်ကယ်များထက် ဈေးနူန်းသက်သာ သဖြင့် မြန်မာနိုင်ငံမှ လယ်သမားများပင် အသုံးပြုနေကြသကဲ့သို့ အိန္ဒိယဘက်မှလည်း အ၀ယ်လိုက်နေသဖြင့် တရုတ်နယ်စပ် ကျယ် ဂေါင်မြို့မှ နေ့စဉ် ဆိုင်ကယ်အစီး ရာနှင့်ချီ မှောင်ခိုတင်သွင်းလျက်ရှိနေသည်။

Mizzima News

စခန်းတာဝန်ခံ နှုတ်ထွက်ခွင့် တောင်းဆိုမှု ခရိုင်ဝန်ပယ်ချ
Wednesday, 19 December 2007 20:57 - မြန်မာစံတော်ချိန်

ထိုင်း၊ မြန်မာနယ်စပ် ကရင်နီ ဒုက္ခသည်စခန်းအတွင်း လူတဦးသေဆုံးခဲ့သည့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားပြီးနောက် အုပ်ချူပ်ရေးဆိုင်ရာ ထိုင်းတာဝန်ရှိသူက နုတ်ထွက်ခွင့် တောင်းဆိုခြင်းကို ခရိုင်အရာရှိက ပယ်ချ ...

အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများအတွက် ကျောင်းကား မလုံလောက်
Wednesday, 19 December 2007 19:37 - မြန်မာစံတော်ချိန်

အာဏာပိုင်များမှ ကျောင်းကား အလုံအလောက် ချမပေးသည့်အတွက် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ အခက်အခဲ တွေ့ကြုံ နေရကြောင်း အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားများ အပြောအရ သိရသည်။ ရန်ကုန်တိုင်း သန်လျင်မြို့ပြင် တာဝ အရပ်ရှိ အရှေ့ပိုင်းတက္ကသိုလ်တွင် အဝေးသင်၊ ဝိဇ္ဇာ ဘာသာတွဲများ ...

ဒေါ်စု လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း လှူတန်းမှုများ ပြုလုပ်
Wednesday, 19 December 2007 17:49 - မြန်မာစံတော်ချိန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ရွှေဝါရောင် တော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသားလူငယ်များကို မေတ္တာပို့ အမျှဝေသည့် ဆွမ်းလောင်းလှူပွဲ ...