Pages

Tuesday, 11 December 2007

ရခိုင်ပြည်နယ်အတွင်း အသိပညာရှင် အတတ်ပညာရှင်များ စာရင်း နအဖ အာဏာပိုင်များ ကောက်ယူ

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အသိပညာရှင် အတတ်ပညာရှင်များ စာရင်းကို သက်ဆိုင်ရာ နအဖ အာဏာပိုင်များက လွန်ခဲ့သော အပတ်မှ စတင်ပြီး ကောက်ယူ နေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ မောင်တောမြို့မှ ကျောင်းဆရာ တဦးက “ခုချိန်မှာ ဘာရည်ရွယ်ချက်တွေနဲ့ အသိပညာရှင် အတတ်ပညာရှင် စာရင်းကို ကောက်ယူ နေတယ်ဆိုတာကို တိတိကျကျ ပြောဆိုပါ ခက်ခဲပါသေးတယ်။ ဒါပေမယ့်လည်း အများခန့်မှန်းပြောဆိုနေတာက ခု ၅၄ ဦးကော်မီတီ ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ကောင်း ပတ်သက်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ အသိပညာရှင် အတတ်ပညာရှင်စာရင်းကောက်ယူနေခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ တရားဝင် ဖွင့်လှစ်ပြောဆိုခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

“လက်ရှိ မောင်တော မြို့နယ်က အသိပညာရှင် အတတ်ပညာရှင် ၁၈ ဦးစာရင်းကို ကောက်ခံသွားပါတယ်။ ဘူးသီးတောင်မြို့နယ်က ၁၀ ဦးနဲ့ တောင်ပြိုမြို့နယ်ခွဲက ၂ ဦးစာရင်းကောက်ခံထားတယ်လို့ သိရှိရပါတယ်။” ဟု အဆိုပါ ကျောင်းဆရာက ဆက်လက် ပြောကြားသည်။

မောင်တောမြို့နယ်က ကောက်ခံထားသူများ စာရင်းထဲတွင် (၁) ဦးအင်မြအောင် ခေါ် ပဏ္ဍိတ် ဇောတိက လင်ကာရ (၂) ဒေါက်တာ ခင်မောင်ကြီး (၃) ဒေါက်တာဇော်မင်း (၄) ဒေါက်တာ မိုးဇော်တင့် (၅) ဒေါက်တာ ရွှေစိုးအောင် (၆) ဦးစိုးရွှေ (၇) ဦးအုံးဟန် (၈) ဦးတင်မောင်ဝင်း (၉) ဦးငမဲချေ (၁၀) ဦးဘ၀င်း (၁၁) ဦးအောင်ကျော်ညွန့် (၁၂) ဒေါ်စောယဉ် (၁၃) ဦးစိန်လှမောင် (၁၄) ဦးလှဖြူသံနှင့် (၁၅) ဦးဧမောင်တို့ ပါဝင်ကြောင်း သိရှိရသည်။

တခြားမြို့နယ်များတွင်လည်း အသိပညာရှင် အတတ်ပညာရှင် စာရင်းများကို မြို့နယ်အလိုက် ကောက်ခံနေကြောင်း သတင်းများ ရရှိပါသည်။

No comments:

Post a Comment