ချင်းမိုင်။ ။ အင်တာနက်သုံးသူ မြန်မာများကြား အထိတ်တလန့်ဖြစ်စေခဲ့သည့် Happy Birthday Virus က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကွန်ပြူတာ အလုံး ၃ဝ ကျော် ပျက်စီးသွားစေခဲ့သည်။
ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခံရသည့် ကွန်ပြူတာများတွင် မဲဆောက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ မယ်တော်ဆေးခန်း၊ အလင်းတန်းစာကြည့်တိုက်၊ မြန်မာအမျိုးသမီးသမဂ္ဂ၊ မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးနှင့် ပညာရေး ကော်မတီတို့မှ ကွန်ပြူတာများ ပါဝင်သည်။
"ဒီနေ့ တရက်ထဲမှာပဲ ကွန်ပြူတာ အလုံး ၃ဝ၊ ၄ဝ လောက်ကို ထိသွားတယ်။ အဲဒီ ဟက်ပီးဘတ်ဒေး ဗိုင်းရပ်စ်က ကွန်ပြူတာ တခုနဲ့ တခု ကူးတာလည်း အရမ်းမြန်တယ်။ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ ထင်တယ်" ဟု မဲဆောက်နေ အင်တာနက် ဘလောက်ရေးသူ ကိုဇန်က ပြောသည်။
ကွန်ပြူတာသုံး စီဒီခွေ၊ ဖိုင်သိမ်းတံ Memory Stick တို့မှတဆင့် ဝင်ရောက်ပြီး ကွန်ပြူတာ ဖန်သားပြင်တွင် Happy Birthday ဟူသည့် စာကြောင်းပေါ်လာပြီး ကွန်ပြူတာမှာ နောက်တကြိမ် ပြန်ဖွင့်မရတော့သည်အထိ ဖြစ်သွားခဲ့ကြသည်။
လွန်ခဲ့သည့် လကလည်း ပြည်တွင်းရှိ ပုံနှိပ်တိုက်နှင့် ကာလာခွဲ လုပ်ငန်းအချို့၏ ကွန်ပြူတာများမှာလည်း ဗိုင်းရပ်စ်၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
No comments:
Post a Comment