Pages

Wednesday, 26 May 2010

အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ထပ်သွားမည်

အိုကလာဟိုးမား (မဇ္ဈိမ) ။ ။ အမေရိကန်နှင့် မြန်မာစစ်အစိုးရ စေ့စပ်ဆွေးနွေးရေးကို လိုလားသည့် ဆီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ယခုလ ၂၉ ရက်နေ့တွင် စတင်မည့် အာရှ ၃ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။

သူသည် မြန်မာနိုင်ငံသို့ ၂ဝဝ၉ ခုနှစ် သြဂုတ်လကလည်း လာရောက်ခဲ့သူဖြစ်ကာ၊ မြန်မာနိုင်ငံသို့ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဖြစ်သည်။
“အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ်သည် ၂ဝ၁ဝ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ ကိုးရီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနက ယမန်နေ့ ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မစ္စတာ ဝက်ဘ်သည် အစိုးရ အရာရှိများ၊ အမေရိကန် သံတမန်များ၊ စစ်ဖက်ဆိုင်ရာ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုထားသည်။

ဗားဂျီးနီးယန်း ဆီးနိတ်အမတ်သည် ‘အမေရိကန်အနေဖြင့် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းလာပါက တရုတ်နိုင်ငံ၏ သြဇာသည် ထိုအာရှနိုင်ငံများအား လျင်မြန်စွာ လွှမ်းမိုးလာလိမ့်မည်’ ဟု ယူဆထားသူဖြစ်ကာ အာရှဒေသရှိ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ထူထောင်ရန် စိတ်အားထက်သန်စွာ ထောက်ခံသူတဦး ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးစဉ်သည် စစ်အစိုးရက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် တရားမျှတမှု ကင်းမဲ့ကာ အားလုံးပါဝင်နိုင်ခြင်း မရှိသည့်အတွက် အမေရိကန် အပါအဝင် နိုင်ငံများစွာက ဝေဖန်နေကြသည်။

မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမည်ကို မသိရသေးပါ။ ပြီးခဲ့သည့် ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ရရှိခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အင်းလျားကန်မှတဆင့် တိတ်တဆိတ် ရေကူးဝင်ရောက်သဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံနေရသည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ပြစ်ဒဏ်ချအပြီး ရက်ပိုင်းအကြာတွင် သူနှင့်အတူ တပါတည်း ခေါ်ဆောင်သွားနိုင်ခဲ့သူဖြစ်သည်။

No comments:

Post a Comment