ပဲခူးတိုင်း ဝေါမြို့နယ်ရှိ အစိုးရ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်တွင် စိုက်ပျိုးစရိတ် ချေးငွေ (အမတော်ကြေး) များ ထုတ်ပေးနေရာ သက်ဆိုင်ရာ အာဏာပိုင်များက ယင်းချေးငွေမှ ဖြတ်တောက် နုတ်ယူမှုများ ပြုလုပ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
ယမန်နေ့က ချေးငွေ သွားရောက်ထုတ်ယူခဲ့သည့် ညောင်ကိုင်းကျေးရွာ လယ်သမား တဦးက“မနေ့က ရုံးကို ချေးငွေသွားထုတ်တာ ကုန်ကျစရိတ်အတွက်ဆိုပြီး ၂၅၀၀ ကျပ် ဖြတ်တယ် ၊ နောက် လယ်ထဲထည့်ရတဲ့ ကျောက်မှုန့်အတွက် ငွေ ၃၀၀၀ ကျပ်နဲ့ ပုလဲ ဓာတ်မြေသြဇာ တအိတ်အတွက် ၁၈၀၀၀ ကျပ် ဆိုပြီး ဖြတ်တယ် ၊ ဒါနဲ့ ကျနော်က ဒီကျောက်မှုန့်နဲ့ မြေသြဇာက ဘယ်တော့ရမှာလဲ မေးတော့ မသိဘူးတဲ့ ၊ လောလောဆယ် ငွေသွင်းထားရမယ်ပဲ ပြောတယ်"ဟု ဧရာဝတီသို့ ပြောသည်။
မဆလ အစိုးရ လက်ထက်က လယ်သမားများအတွက် အမတော်ကြေးငွေများကို စိုက်ပျိုးရေးဘဏ် တာဝန် ရှိသူများက ကျေးရွာများသို့ ဆင်း၍ ချေးငွေ ထုတ်ပေးရာ တောင်သူလယ်သမားများက ဧည့်ခံစရိတ်များ ပေးအပ်ကြရကြောင်း ၊ နအဖ စစ်အစိုးရလက်ထက်တွင် ၀ိုင်းကြီးချုပ်စနစ်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ချေးသော်လည်း သက်ဆိုင် ရာ ရယက ဥက္ကဌများက မြို့နယ်ဘဏ်ခွဲများနှင့်ပူးပေါင်း၍ ငွေကြေးဖြတ်တောက်မှုများ နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
ဝိုင်းကြီးချုပ်စနစ်ဆိုသည်မှာ ချေးငွေထုတ်ယူကြမည့် လယ်သမား ၅ ဦး စုစည်းစေကာ ငွေထုတ်ချေးခြင်းဖြစ်ပြီး တဦးမပေးဆပ်ပါက ကျန် ၄ ဦးက ပေးဆပ်ရသည့် စနစ်ဖြစ်သည်။
ဝေါဒေသခံလယ်သမားတဦးကလည်း"လယ် တဧက အတွက် ငွေ ကျပ်၂၀၀၀၀ ထုတ်ချေးတယ် ၊ ဧက ဘယ်လောက်များများ ၁၀ ဧက အတွက်ပဲ ချေးတယ် ၊ အတိုးနှုန်းက ၂ ကျပ်တိုးနှုန်းနဲ့ လာမယ့် ဖေဖော်ဝါရီလမှာ ပြန်ဆပ်ကြရမယ် ၊ ၁၀ ဧက နဲ့ အထက် ရှိတဲ့ လူတွေက ချေးငွေ ၂ သိန်း ဆိုပေမယ့် ဟိုဟာ ဒီဟာ အဖြတ်ခံရနဲ့ တကယ်ရကြတာက တသိန်းခွဲကျော်ကျော်ပဲ"ဟု ပြော သည်။
နာဂစ်ဖြစ်ပွားပြီးနောက် စစ်အစိုးရ၏ ညွှန်ကြားချက်အရ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ၏ ကုမ္ပဏီ ၂၅ ခု ကျော်က ဧရာဝတီ တိုင်း နှင့် ပဲခူးတိုင်းအတွင်းရှိ လယ်သမားများကို ယမန်နှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ပဲခူး တိုင်းဝေါမြို့နယ်အတွင်း၌ စိုက်စရိတ်ထုတ်ချေးသည့် ပုဂ္ဂလိက ကုမ္ပဏီ မရှိကြောင်း သိရသည်။
ညောင်ကိုင်းကျေးရွာတွင် မေလ ၂၇ ရက်နေ့က မြို့နယ်မြေစာရင်းရုံးနှင့် ကျေးရွာ ရယက ပူးပေါင်း၍ သီးစားခအခွန်ပြေစာ အတွက် ဟု ဆိုကာ တဧကလျှင် ငွေကျပ် ၃၀၀၀ နှုန်း ကောက်ခံသွားသေးကြောင်း ဒေသခံလယ်သမားများက ပြောသည်။
“အရင်နှစ်တွေက တခါမှ သီးစားခပြေစာပေးရတာမျိုး မရှိခဲ့ပါဘူး ၊ ဒီနှစ်မှ ရယက ဥက္ကဌ ကိုအေးလွင်အိမ်မှာ လယ်သမားတွေကို ဆင့်ခေါ်ပြီး သီးစားခပြေစာအတွက် တဧကကို ငွေ ၃၀၀၀ ကောက်တယ် ၊ တချို့တွေက မပေးသေးဘူး ၊ တချို့တွေက ပေးလိုက် ရတယ်"ဟု ညောင်ကိုင်း လယ်သမားတဦးက ပြောသည်။
ညောင်ကိုင်းကျေးရွာတွင် ကျေးရွာ ရယက စာရင်းအရ လယ်သမား ၃၈၈ ဦး ရှိပြီး လယ်မြေဧက ၃၀၀၀ ကျော်ရှိကြောင်း သိရ သည်။
စိုက်ပျိုးစရိတ်ချေးငွေများ ဖြတ်တောက်နေမှုနှင့် စပ်လျဉ်း၍ ဝေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးမြင့်စိုးသို့ နံနက်တကြိမ် ၊ ညနေတကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မယက ရုံးသို့ အစည်းဝေးသွားနေပါသည်ဟူ၍သာ အမျိုးသမီး ၀န်ထမ်းတဦးက ပြန်လည် ဖြေဆိုသည်။
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် ဇွန်လ အတွင်းကလည်း ပဲခူးတိုင်းအတွင်းရှိ လယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို ဒေသအာဏာပိုင်များက မုန်တိုင်း ကယ်ဆယ်ရေးအတွက်ဟု အကြောင်းပြ၍ နှုန်းထားသတ်မှတ်ပြီး အတင်းအကျပ် ဖြတ်တောက်ယူမှုများ ပြုလုပ်ခဲ့သေးသည်။
ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။
No comments:
Post a Comment