Pages

Monday, 14 June 2010

နိုင်ငံရေးအသားပေး ဂျာနယ်တစောင် ထွက်မည်

ဆရာ မောင်ဝံသ၏ ထုတ်ဝေခွင့်လက်မှတ်နှင့် ဆရာဖေမြင့်က အယ်ဒီတာချုပ်လုပ်မည့် ပြည်သူ့ခေတ်ဂျာနယ်ကို မကြာမီ ထုတ်ဝေတော့မည်ဖြစ်ကြောင်း သိရသည်။

ဂျာနယ်တွင် ပါဝင်လုပ်ကိုင်မည့်သူတဦးက “ဂျာနယ်ထုတ်ဝေခွင့်ကို ဆရာမောင်ဝံသက သွားလျှောက်တာ၊ အချိန် သိပ်မကြာဘဲနဲ့ ထုတ်ဝေခွင့် ရတယ်လို့ သိရတယ်။ အယ်ဒီတာချုပ် ဆရာဖေမြင့်၊ ဒု-အယ်ဒီတာချုပ်အဖြစ် အရင် ဗြူးတီးဂျာနယ်၊ ရွက်နုဝေ (ဗိသုကာ ဦးစားပေး) ဂျာနယ်တွေ ထုတ်ဝေခဲ့တဲ့ ကိုမော်လင်း၊ တာဝန်ခံ အယ်ဒီတာအဖြစ် ကိုမင်းနိုင်စိုး၊ အတိုင်ပင်ခံ အယ်ဒီတာတွေအဖြစ် စာပေလောက ဦးမျိုးညွန့်၊ သရဖူ ကိုရဲတို့ ပါဝင်ကြမယ်။ ဆရာမောင်ဝံသဟာ အတိုင်ပင်ခံ အယ်ဒီတာ တာဝန်ကိုလည်း ယူထားမယ်” ဟု ပြောသည်။

အဆိုပါ ဂျာနယ်သည် နိုင်ငံရေး သတင်း၊ ဆောင်းပါးများကို အသားပေး ဖော်ပြမည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ပထမပတ်တွင် စတင်ထုတ်ဝေရန် ရည်မှန်းထားကြောင်း သိရသည်။

သတင်းဂျာနယ် အယ်ဒီတာတဦးက ရွေးကောက်ပွဲ လုပ်တော့မည့်အချိန်၊ နိုင်ငံရေးပါတီများ ဖွဲ့စည်းနေကြသည့် အချိန်မျိုးတွင် နိုင်ငံရေးအသားပေး ဂျာနယ်တစောင် ထွက်ပေါ်လာမည့်ကိစ္စသည် ဝမ်းသာစရာဖြစ်ကြောင်း ပြောသည်။

ယခုလက်ရှိ ပြည်တွင်း ဂျာနယ်လောကတွင် နိုင်ငံရေး အသားပေး ဂျာနယ်များအဖြစ် Northern Star ဂျာနယ်၊The Voice ဂျာနယ်၊ Monitor ဂျာနယ်၊ စိမ်းလဲ့ရွှေပြည်နှင့် နွယ်သာကီ ဂျာနယ် (၅) စောင် ရှိနှင့်ပြီးဖြစ်သည်။

အဆိုပါ ဂျာနယ် (၅) စောင်အနက် စိမ်းလဲ့ရွှေပြည်နှင့် နွယ်သာကီ ဂျာနယ်တို့ကို ကြံ့ဖွံ့အဖွဲ့က ထုတ်ဝေပြီး ဈေးကွက်ထဲတွင် ဝယ်ဖတ်သူ မရှိသလောက် နည်းပါးကြောင်း သိရသည်။

Northern Star ဂျာနယ်ကို ဗိုလ်မှူးဟောင်း တင်ဝင်းက ဦးစီးထုတ်ပြီး အစိုးရအာဘော်အတိုင်းဖြစ်ခြင်းကြောင့် ဈေးကွက်တွင် ရောင်းမကောင်းကြောင်း၊ The Voice ဂျာနယ်ကို ဒေါက်တာနေဝင်းမောင် ထုတ်ဝေပြီး ၎င်း၏ အုပ်ချုပ်သူ မပြောင်း၊ မူပြောင်း ဆိုသည့် နိုင်ငံရေးအာဘော် ဆောင်းပါးများကို လက်မခံသူများ၊ ဝေဖန်သူများ ရှိနေသော်လည်း သတင်းဖော်ပြမှု စုံလင်သည့်အတွက် အထိုက်အလျောက် ရောင်းကောင်းသည့် ဂျာနယ်ဖြစ်ကြောင်း သိရသည်။

Monitor ဂျာနယ်ကို ဗိုလ်မှူးကြီးဟောင်း လှမြင့်ဆွေ ထုတ်ဝေကာ အယ်ဒီတာချုပ်မှာ မြတ်ခိုင်ဖြစ်ပြီး အခြား ပုဂ္ဂလိက ဂျာနယ်များကို ခွင့်မပြုသည့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း၊ ဦးသန့် ဓာတ်ပုံ မျက်နှာဖုံးပုံများ အသုံးပြုခွင့်ရသည့်အတွက် အထူးအခွင့်အရေးရ ဂျာနယ်အဖြစ် ရန်ကုန်ဂျာနယ် အသိုင်းအဝိုင်းက ဝေဖန်သည်။

ယခု ပြည်သူ့ခေတ် ဂျာနယ်ကို မည်မျှ ရေးသားနိုင်သည်၊ စာပေစိစစ်ရေးက မည်မျှ ခွင့်ပြုမည်ကိုမူ ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက စောင့်ကြည့်နေကြသည်။

No comments:

Post a Comment