ရန်ကုန်မြို့၌ မိုးရွာသွန်းစ ပြုနေပြီဖြစ်သော်လည်း မြေလတ်ပိုင်း အောင်လံမြို့ ကျေးလက်များ၌ မိုးခေါင်နေခြင်းကြောင့် လတ်တလောတွင် သောက်သုံးရေ ပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။
“မေ ၁၉-၂၀ ရက်တွေမှာ မိုးဖွဲဖွဲရွာတယ်။ အဲဒီရက်ကနေ မရွာလိုက်တာ ခုထိပဲ။ အောင်လံမြို့ပေါ်မှတော့ ရေအခက်အခဲ သိပ်မဖြစ်ပါဘူး။ ကျေးရွာတွေဘက်တော့ သောက်သုံးရေအခြေအနေ အတော်ဆိုးနေတယ်” ဟု အောင်လံမြို့ခံတို့က ပြောသည်။
အောင်လံမြို့နှင့် မိုင် (၂၀) ခန့်အကွာ မြောင်ကြီး၊ တလင်းကုန်း၊ သာယာကုန်း၊ ကန်နှစ်ဆင့်၊ ဖိုစွပ်၊ သရက်အုပ်၊ သငှါ၊ သစ်စေးချောင်း အပါအ၀င် အောင်လံမြောက်ခြမ်း ကျေးရွာအားလုံး သောက်သုံးရေ လိုအပ်လျက်ရှိသည်ဟု သိရသည်။
ထိုရွာများသည် ဧရာဝတီမြစ်နှင့်ဝေးကွာပြီး တွင်းရေကို အားထားသုံးစွဲနေကြရကာ မိုးခေါင်မှု ရက်ရှည်လာသည့်အလျှောက် တွင်းရေများ ခန်းခြောက်လာပြီး သောက်သုံးရေ ပြတ်လပ်လာခြင်းဖြစ်သည်။
အောင်လံမြို့ပေါ်မှ ရေအလှူရှင်များက ရေပေးဝေရေးအဖွဲ့မှ သောက်သုံးရေကို အခကြေးငွေဖြင့် ၀ယ်ယူကာ တနေ့ကား (၄) စီးခန့် လှူဒါန်းနေကြသကဲ့သို့ သရက်နှင့် ဆင်ပေါင်ဝဲမြို့တို့မှလည်း အလှူရှင်အချို့က လှူဒါန်းကြသည်ဟု သိရသည်။
ကန်ကြီးရပ်ကွက်နေ ရေအလှူရှင်တဦးက“ကိုယ့်ရေသယ်ယာဉ်နဲ့ ရေယူရင် အောင်လံမြို့ ရေပေးဝေရေးအဖွဲ့ကို ကားတစီး တခေါက်စာ (၅,၀၀၀) ကျပ် ပေးသွင်းရတယ်။ စစ်မှုထမ်းဟောင်းတွေ ကောက်ခံနေကြတာ။ ခုလို ဒေသခံတွေ အခက်အခဲ ရှိနေချိန်မှာ အဖွဲ့အစည်းတွေက ရေရောင်းစားနေသလို ဖြစ်နေတယ်” ဟု ပြောသည်။
အောင်လံမြို့၌ မီးသတ်ရေသယ်ဘောက်ဆာ (၇) စီးခန့်ရှိပြီး ခရီးစဉ် အကွာအဝေးအလိုက် ရေအလှူရှင်က ငွေပေးသွင်းနေကြရသည်ဟု သိရသည်။
“မီးသတ်ဘောက်ဆာ (၁) စီး မြောင်ကြီးကျေးရွာအရောက် (၄၅,၀၀၀) ကျပ်ယူတယ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်က မီးလောင်ခဲ့တဲ့ သငှါကျေးရွာဆို (၅၀,၀၀၀) ကျပ် သွင်းရတယ်။ သူတို့ကတော့ လောင်စာဆီဖိုးပြောတာပဲ။ မိုင် (၂၀) ၀န်းကျင် အသွားအပြန်ကို ဒီဇယ် (၆) ဂါလန်ထက် ပိုမကုန်ဘူး။ ဆီဖိုး (၂) သောင်းလောက် ကုန်တာကို (၅) သောင်း တောင်းတာတော့ များလွန်းတယ်” ဟု ဇေယျဝတီရပ်ကွက်နေ ရေအလှူရှင်တဦးက ပြောသည်။
၎င်းက သငှါရွာဆို တရွာလုံး မီးလောင်ထားတာ။ ရှေ့ပိုင်းရက်တွေက ဘယ်ရေအလှူရှင်မှ ၀င်လို့မရဘူး။ ဆင်ပေါင်ဝဲ မယက
ဥက္ကဋ္ဌက မလိုအပ်ရင် ဘယ်ကမှ အကူအညီ မတောင်းပါနဲ့လို့ ရွာကိုပြောထားတယ်။ ဒီတော့ ရွာခံတွေက ကိုယ့်ရဲ့ သောက်သုံးရေ အခက်အခဲကို မပြောရဲကြဘူး။ အလှူရှင်တွေကလည်း အာဏာပိုင်တွေနဲ့ မငြိစွန်းချင်တော့ မလှူဖြစ်ကြဘူး။
ဒါပေမယ့် ခုရက်ပိုင်းတော့ အလှူရှင်တွေ ဆင်းလှူနေပါပြီ” ဟု ပြောသည်။
အောင်လံမြို့ပေါ်ရှိ ငွေကြေးတတ်နိုင်သူများသာ သောက်ရေသန့်ဘူးများ အသုံးပြုလေ့ရှိပြီး အချို့က အ၀ီစိတွင်းရေနှင့် အများစုက ဧရာဝတီမြစ်ရေကိုသာ သောက်သုံးကြသည်။
“မြို့ပေါ် လျှပ်စစ်မီးက (၂) ညပျက်၊ (၁) ညလာပေါ့။ နေ့လယ်ဘက်ကတော့ လုံးဝနီးပါး မီးမလာဘူး။ လျှပ်စစ်မီးမရတော့ အ၀ီစိတွင်း ရေတင်ရတဲ့ အခက်အခဲရှိတာပေါ့” ဟု မြို့ခံတဦးက ပြောသည်။
အောင်လံမြို့ မြောက်ခြမ်းကျေးလက်ဒေသများ၌ သောက်သုံးရေ ပြတ်လပ်နေသည်ကို ဒေသအာဏာပိုင်တို့က ကူညီပံ့ပိုးမှု မတွေ့ရကြောင်း၊ စည်ပင်သာယာ ရေပေးဝေရေးအဖွဲ့ကလည်း သွားရောက် ကူညီလှူဒါန်းခြင်း မရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။
No comments:
Post a Comment