Pages

Tuesday, 6 July 2010

စိုက်ချိန်လွန်လယ်မြေများ စပါးအထွက်နှုန်းလျော့နိုင်

ပဲခူးတိုင်းအနောက်ခြမ်း လယ်မြေများတွင် ဆည်ရေသောက်လယ်မြေများမှအပ ကျန်လယ်မြေများတွင် မိုးစပါးစိုက်ပျိုးရန် လုံလောက်သော မိုးရေမရရှိသောကြောင့် ယခုနှစ်စပါးအထွက်နှုန်း ကျဆင်းမည်ကို တောင်သူတို့ စိုးရိမ်နေကြသည်။

ယခုနှစ် မိုးနောက်ကျသဖြင့် စပါး ရွှေ့ပြောင်းစိုက်မည့် လယ်ကွက်များ ရေမလုံလောက်ဖြစ်နေသည့်အပြင် မိုးစပါးစိုက်ပျိုးရန် စိုက်ချိန်လွန်နေသည့်အတွက် ဒေသခံတောင်သူများ ယခုတိုင် ပျိုးမနုတ်နိုင်သေးဘဲ အခက်တွေ့နေကြသည်။

ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ၊ လက်ပံတန်းမှ ပြည်မြို့အထိ လယ်မြေအများစုတို့သည် နှစ်စဉ် မေလလယ်တွင် ပျိုးခင်းထောင်လေ့ရှိပြီး ဇွန်လလယ်တွင် စိုက်ကွက်ထဲ ရွှေ့ပြောင်းစိုက်လေ့ရှိသည်ဟု ဇီးကုန်းမြို့တောင်သူတဦးက ဆိုသည်။

၎င်းက “ဇွန်လကုန်ဆို မြေကြီးမှာ အမြစ်စွဲနေပြီ။ မြေဆီကျွေးလိုက်တာနဲ့ ကောက်ပင်ဟာ အစိမ်းရင့်ရောင် ပြောင်းပြီး ရုန်းထောင်လာတယ်။ အခု ဇူလိုင် ပထမပတ်ထဲ ရောက်နေပြီ။ တောင်သူတွေ ပျိုး မနုတ်ကြရသေးဘူး။ ရွှေ့စိုက်မယ့် လယ်ကွက်ထဲလည်း ရေက မရှိဘူး” ဟု ပြောသည်။

ယင်းသို့ ပျိုးထောင်ထားသည့် ပျိုးပင်များ တလသက်တမ်းပြည့်သည်နှင့် ကောက်ကွက်များအတွင်း ရွှေ့ပြောင်းစိုက်နိုင်ရန်အတွက် ကောက်ကွက်အတွင်း ရေအနည်းငယ်နှင့် နူးညက်နေသော သမန်းကြေမြေသား ရှိနေစေရန် ပြင်ဆင်ထားရသည်ဟုလည်း သိရသည်။

အုတ်ဖိုမြို့မှ တောင်သူတဦးက “ပျိုးကြဲပြီးကတည်းက ရွှေ့ပြောင်းစိုက်မယ့် ကောက်ကွက်ကို ထွန်ခွဲ မြေလှန် လုပ်ထားရတယ်။ မိုးရေစပ်စပ်ရရင် သမန်းကြေအောင် ထယ်နဲ့ ပြန်လိုက်ရတယ်။ ခုလို ထွန်စက်တွေ ပေါနေတဲ့အချိန် သမန်းကြေဖို့ မြန်တယ်။ ဒါပေမယ့် ဒီနှစ် မိုးက ကောက်ကွက်ထဲ ရေတင်ဖို့ နေနေသာသာ မြေတောင် မနူးဘဲ ပျိုးသက်တွေသာ တဖြည်းဖြည်း ရင့်လာတယ်” ဟု ဆိုသည်။

လတ်တလော ပျိုးခင်းအတွင်း ရှိနေသည့် လက်ကျန်ရေ အနည်းငယ်မှာလည်း ရာသီဥတု ပူပြင်းမှုကြောင့် ရေစုပ်အား ကောင်းနေခြင်း၊ မိုးရွာသွန်းမှု နည်းပါးခြင်းတို့ကြောင့် ရေအစိုဓာတ် ခြောက်ခန်းလျက်ရှိသည်။

ပျိုးပင်များမှာ ပုံမှန်ပျိုးသက် အလွန်ဆုံး (၃၅) ရက်ခန့်သာ ထားသင့်ပြီး ပျိုးသက်ရှည်သွားပါက ပျိုးပင်များ ပုံမှန်မဖြစ်တော့ဘဲ ရေမိုးဒဏ်မခံနိုင်ဖြစ်ကာ အပင်လဲပြီး ထွက်နှုန်းကျဆင်းတတ်ကြောင်း အဆိုပါ အုတ်ဖိုတောင်သူက ရှင်းပြသည်။

ယခုနှစ်တွင် ပူပြင်းခြောက်သွေ့သော ရာသီကို မှန်းဆကာ ပဲခူးတိုင်း အနောက်ခြမ်းတောင်သူတို့က နှစ်စဉ် စိုက်ပျိုးနေကျ မျိုးစပါးအစား သက်နု (၃) လ စပါးမျိုးများကို ပြောင်းလဲ စိုက်ပျိုးခဲ့သော်လည်း မိုးခေါင်နေသဖြင့် အခက်တွေ့နေကြခြင်း ဖြစ်သည်။

“အရင်နှစ်တွေက (၄) လစပါး ၀တီစောင်း စိုက်တယ်။ ခုနှစ် မိုးအ၀င်နောက်ကျတော့ ရေ မိုးမှန်းပြီး (၃) လစပါး မနောသုခတို့၊ ၀တီထွန်းတို့ ပြောင်းထည့်ရတယ်။ ဒါပေမယ့် မှန်းထားတာထက် ပိုပြီး မိုးခေါင်နေတော့ ပျိုးခင်းမြေက မာကျပ်လာတယ်။ ရွှေ့ပြောင်းစိုက်ရမယ့် ကောက်ကွက်ကလည်း ထွန်ယက်မရနဲ့ လယ်သမားတွေ ဒီနှစ် ငတ်ပေါက်ပဲ” ဟု အုတ်ဖိုတောင်သူက ဆက်လက်ပြောဆိုသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ငှက်ကြီးသိုက်၊ စွယ်တော်၊ ဂွေးချောင်း၊ ဆိတ်ချေးကုန်း၊ ဂုမ္မကွင်း အစရှိသည့် ဆည်ရေသောက် လယ်မြေများမှာမူ နွေစပါး၊ မိုးစပါး အောင်မြင်ဖြစ်ထွန်းနေသည်ဟု သိရသည်။

ခေတ်ပြိုင်သတင်းထောက် အောင်ထက် ရေးသားသည်။

No comments:

Post a Comment