၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ ဥပဒေကို နောက်ထပ် တနှစ်သက်တမ်းတိုးရန်အတွက် အမေရိကန်အထက်လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီက ဇွန် (၃၀) ရက်၊ ယမန်နေ့၌ အတည်ပြုလိုက်သည်။
၂၀၀၃ ခုနှစ် ဇူလိုင် (၂၈) ရက်၊ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် အဆိုပါဥပဒေကို နှစ်စဉ် သက်တမ်းတိုးလာခဲ့ပြီး ယခုနှစ်အတွက် ထပ်မံ သက်တမ်းတိုးရန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ထောက်ခံမဲ (၂၂) မဲ၊ ကန့်ကွက်မဲ (၁) မဲနှင့် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ဆက်လက်၍ လာမည့်သြဂုတ်လတွင် အထက်လွှတ်တော်တရပ်လုံးက မဲခွဲဆုံးဖြတ်ရန် ရှိသည်ဟု သိရသည်။
အဆိုပါ ဥပဒေသည် မြန်မာစစ်အစိုးရအား စီးပွားရေးအရ ပိတ်ပင်ဒဏ်ခတ်သည့်ဥပဒေဖြစ်ပြီး မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်သွင်းခွင့်ပိတ်ပင်ခြင်း၊ နအဖစစ်ခေါင်းဆောင်များ၏ ငွေနှင့်ပိုင်ဆိုင်မှုများကို အမေရိကန်တွင် ပိတ်ပင်တားဆီးထားခြင်း၊ နအဖစစ်အစိုးရအဖွဲ့ဝင်များအား အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်ခြင်း အစရှိသည်တို့ကို ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။
အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် မက်စ် ဘောကပ်စ် (Max Baucus) က “အခုလို ပိတ်ပင်တားမြစ်မှုတွေဟာ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် ဆိုးဝါးတဲ့အပြုအမူတွေ ရပ်တန့်စေဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လိုက်နာလာစေဖို့် လိုအပ်တဲ့ ဖိအားတွေဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် မြန်မာစစ်အစိုးရအနေဖြင့် မြန်မာပြည်သူလူထုအပေါ် မတရားဆက်လက် ဖိနှိပ်ညှဉ်းပန်းမှုများ လုပ်နေသမျှကာလပတ်လုံး အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကုန်သွယ်ဘက်နိုင်ငံများနှင့်အတူ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မက်စ် ဘောကပ်စ်က ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေး လေးစားလိုက်နာသည့် တိုးတက်သော ဖြစ်ထွန်းမှုများ မရှိသေးပါက အမေရိကန်သမ္မတအနေဖြင့် ဥပဒေကို ဆက်လက် သက်တမ်းတိုးပိုင်ခွင့်ရှိသည်ဟု သိရသည်။
၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ ဥပဒေ ဖြစ်ပေါ်ရေးအတွက် အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်သည့် မစ်ခ်ျမက်ကော်နယ်လ်၊ ဒိုင်ယန်း ဖိုင်းစတိုင်းနှင့် ဂျွန်မက်ကိန်းတို့အပါအ၀င် အထက်လွှတ်တော်အမတ်များက ဥပဒေမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများအား မြန်မာစစ်အစိုးရ ထောက်ခံသူများက ရိုက်နှက်သတ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့သည့် ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းအရေးအခင်းကြီး ဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment