လိုင်စင်မဲ့ကားများဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် မြ၀တီ-ဘားအံ ပြေးဆွဲနေသည့် လိုင်စင်မဲ့ ခရီးသည်တင်ကားများ ရှောင်တိမ်းနေရပြီး ကားပြေးဆွဲမှုရပ်တန့်ကာ ခရီးသွားများ ကားခ အဆမတန်ပေးနေရသည်ဟု သိရသည်။
ဘားအံမြို့မှ ကုန်သည်တဦးက “၀စ်သောက်ကားတွေ မဆွဲတော့တာ တပတ်လောက်ရှိပြီ။ ခရီးသည်အများစုက ဒီကားတွေကိုပဲ အားထားနေရတာ။ မြ၀တီ-ဘားအံ သွားသွားပြန်ပြန် ပုံမှန်ကားခ ကျပ် (၅) ထောင်ဆိုပေမယ့် တချို့ကားတွေ (၄) ထောင်ပဲ ယူတာတွေရှိတယ်။ အခုဒီကားတွေ နားထားတော့ ကားအရေအတွက် ထက်ဝက်လောက် နည်းသွားတယ်။ အခုဆိုရင် လူတယောက် (၅) ထောင်အထက်မှာ ဖြစ်သွားပြီ။ ဒီမနက်ဆိုရင် ကျပ် (၇) ထောင်အထိ ဖြစ်သွားတယ်” ဟု ပြောသည်။
ကုန်သည်များမှာ အကျိုးအမြတ်ပိုမိုရရှိသည့် ကရင်ငြိမ်းအဖွဲ့တို့၏ ကားများကို ပုံမှန်အသုံးပြုနေရာမှ အဆိုပါကားများ ရပ်နားထားရသဖြင့် ကုန်စည်များသယ်ဆောင်ရန် ဈေးခေါက်ချိုးနီးပါးကွာသည့် တရားဝင်ကုန်တင်ကားကြီးများကို အသုံးပြုနေရသောကြောင့် ငွေကြေးအရ နစ်နာမှုများရှိသည်ဟု အဆိုပါကုန်သည်က ပြောသည်။
ဘားအံ-မြ၀တီ တရက်ခြား ယာဉ်တန်းတွင် ကားကြီးကားငယ် အစီးရေ (၁၅၀) မှ (၂၀၀) ကြားတွင် ပုံမှန်ပြေးဆွဲလျက်ရှိပြီး ထိုကားများအနက် ထက်ဝက်ခန့်မှာ တရားမ၀င်ကားများဖြစ်သည်။
တရားမ၀င်ကား ပြေးဆွဲသူတဦးက “ကျနော့်ကားက ဒီကေဘီအေအဖွဲ့ နာမည်ခံထားတဲ့ ကားဖြစ်တယ်။ ဒီကားမျိုး မြ၀တီမှာ အစီး (၆၀) နဲ့ ဘားအံမှာ အစီး (၆၀) လောက်ရှိတယ်။ တရက်ခြား ပုံမှန် အတက်အဆင်းလုပ်နေတာ။ ဒီကေဘီအေ ကားတွေကိုတော့ မဖမ်းသေးပေမယ့် အဖွဲ့က ရှောင်ခိုင်းထားတော့ ကားတွေကို လုံခြုံတဲ့နေရာတွေမှာ သိမ်းထားရတယ်။ အခု ကော့ကရိတ်ဂိတ်မှာ ဖမ်းနေတဲ့ ကားနဲ့ဆိုင်ကယ်တွေက အဖွဲ့အစည်းနဲ့မပတ်သက်တဲ့ ကားတွေဖြစ်တယ်” ဟု ပြောသည်။
ဒီကေဘီအေအဖွဲ့၏ အမည်ပေါက် လိုင်စင်မဲ့ကား အစီးရေ (၁၀၀) ကျော် မြ၀တီ-ဘားအံ ပြေးဆွဲရာတွင် ဒီကေဘီအေအဖွဲ့ ရန်ပုံငွေအတွက် ကားတစီးလျှင် တလ ကျပ် (၅) သောင်းနှုန်း ပေးဆောင်ရသည်ဟု သိရသည်။
ယခင်က တရားမ၀င်ကားများကို ဖမ်းဆီးမှုများရှိခဲ့စဉ်က လိုင်စင်မဲ့ ခရီးသည်တင်ကားများ ပြေးဆွဲမှု ရပ်နားခဲ့ရသော်လည်း ဖမ်းဆီးမှုများအပြီးတွင် ပုံမှန်ပြန်လည်ပြေးဆွဲခွင့်များ ရှိသောကြောင့် ယခုစစ်ဆင်ရေးသည် အရာမရောက်သည့် ဟန်ပြဖမ်းဆီးမှုသာ ဖြစ်မည်ဟု ကားပွဲစားတဦးက ပြောသည်။
၎င်းက “ဒီလိုပဲ ဖမ်းလိုက် လွှတ်လိုက်နဲ့ (၁၀) နှစ်ရှိတော့မယ်။ သိမ်းတာရှိတယ်၊ တချို့ပြန်ပေးတယ်၊ ဒဏ်ရိုက်တာရှိတယ်၊ ဒီလိုပဲ သံသရာလည်နေတာပဲ။ ဖမ်းတာက ခဏပဲ၊ ပြီးသွားရင် အရင်လိုပြန်ဖြစ်တာပဲ။ ဒီအစိုးရလက်ထက်မှာ လိုင်စင်မဲ့ကားကိစ္စ ဒီလိုပဲ သွားနေမှာပဲ။ တကယ်ဒုက္ခရောက်တာကတော့ ခရီးသည်နဲ့ ကုန်သည်တွေပဲ” ဟု ပြောသည်။
အဆိုပါလိုင်းတွင် မြန်မာကုန်သည်အများစုက ထိုင်းဘက်မှတင်သွင်းသည့် ကုန်ပစ္စည်းများကို ခရီးစရိတ်သက်သာသည့် ငြိမ်းအဖွဲ့များ၏ ကားများဖြင့်သာ သယ်ဆောင်ကြသည်ဟု ၎င်းက ပြောသည်။
အခြားကရင်ငြိမ်းအဖွဲ့တခုမှ အဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့အမည်နဲ့ ပြေးဆွဲနေတဲ့ လိုင်စင်မဲ့ကား အစီးရေ (၃၀၀) ကျော်ရှိတယ်။ အခြားအဖွဲ့တွေလိုပဲ ရှောင်နေရတယ်။ ကားအားလုံးတော့မဟုတ်ဘူး၊ ဒါကလည်း ခဏပေါ့။ အရင်ကလည်း ဒီလိုပဲ ဖမ်းမယ် ဆီးမယ်ဆိုရင် ရှောင်ကြရတာပဲ၊ အဆန်းတော့မဟုတ်ဘူး” ဟု ပြောသည်။
မြ၀တီ-ဘားအံလိုင်းတွင် ကရင်ငြိမ်းအဖွဲ့များ၏ လိုင်စင်မဲ့ကားအချို့ကို အဆိုပါအဖွဲ့တို့၏ ရပ်တည်ရေးအတွက် ကရင်ပြည်နယ်အာဏာပိုင်များက ဆက်လက် ပြေးဆွဲခွင့်ပြုသော်လည်း ကရင်ပြည်နယ်ကိုကျော်၍ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့သို့ ကုန်ပစ္စည်းသယ်ဆောင်မှုများ ပိတ်ပင်ထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြ၀တီ-ဘားအံလိုင်းတွင် တရက်ခြား အဆင်းအတက်ပြေးဆွဲသည့် ခရီးသည်တင်နှင့် ကုန်ကားအစီးရေ (၂၀၀) ခန့် ရှိသော်လည်း လိုင်စဉ်မဲ့ကားအဖမ်းအဆီးကြောင့် ယခုရက်ပိုင်းမှစတင်ကာ ကားပြေးဆွဲမှု အရေအတွက် ထက်ဝက်ခန့်သာ ရှိတော့သည်ဟု ယာဉ်မောင်းတဦးက ပြောသည်။
ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။
No comments:
Post a Comment