Pages

Subscribe
Showing posts with label နိရဉ္စရာ. Show all posts
Showing posts with label နိရဉ္စရာ. Show all posts

Friday, 16 July 2010

စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းကား ၁၅ စီးထိ တိုးချဲ့ပြေးဆွဲ

ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီး နောက်ပိုင်း စစ်တွေမြို့ နည်းပညာ ကောလိပ်တွင် ယခုအခါ ကျောင်းကား ၁၅ စီးထိ တိုးချဲ့ ပြေးဆွဲနေပြီ ဖြစ်ကြောင်း ကျောင်းသူ တဦးက ပြောသည်။

သူမက “အရင်က ကျောင်းကား အရေအတွက် ၅ စီး၊ ၆စီး အဲသလောက်ဘဲ ရှိတယ်။ အခုတော့ ၁၅ စီးထိ တိုးချဲ့ ပြေးဆွဲပေးနေပါတယ်။ နည်းပညာ ၀န်ကြီး ဦးသောင်းက ကားပိုင်ရှင်တွေကို ကျောင်းသားတွေ အတွက် ပြေးဆွဲပေးမယ်ဆိုရင် လိုအပ်တဲ့ ဆီကို အလုံအလောက် ထောက်ပံ့ပေးမယ်ဆိုတဲ့ နောက်ပိုင်းမှာ ခုလို ကျောင်းအကြို အပို့ လုပ်တဲ့ ကားတွေ များပြားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့က စစ်တွေ နည်းပညာကောလိပ်တွင် ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် နည်းပညာ ၀န်ကြီးဦးသောင်းသည် စစ်တွေမြို့သို့ ချက်ချင်းရောက်ရှိလာပြီး အဆိုပါ ကျောင်းကား ပြဿနာကို ဖြေရှင်းပေးခဲ့သည်။

“၀န်ကြီး ဦးသောင်းက ဇူလိုင် ၇ ရက်နေ့မှာ ကျွန်မတို့ ကျောင်းကို ရောက်လာပါတယ်။ ၀န်ကြီးက ကားခဈေးနုန်းကို သတ်မှတ်ပေး သလို ကားတွေကိုလည်း ဆီထုတ်ပေးမယ် ဆိုပီး ပြောပါတယ်။ နောက်ပိုင်းမှာ ကားခ ကျပ် ၅၀ မြှင့်တက်တာကလွဲပြီး ကျန်တဲ့ အပိုင်းတွေမှာတော့ အဆင်ပြေ သွားခဲ့ပါတယ်” ဟု သူမက ဆက်ပြောသည်။

ယခုအခါ ထူးကုမ္ပဏီမှ ကျောင်းကားများ အတွက် လိုအပ်သော ဓါတ်ဆီနှင့် ဒီဇယ်ဆီများကို တဂါလံ ၂၃၀၀ ကျပ်ဖြင့် လိုလေသေး မရှိ ထုတ်ပေးနေကြောင်း ကားသမား တဦးက ပြောသည်။

“ကျောင်းကားတွေ အတွက် ဆီကိုကြိုက်သလောက် ထုတ်လို့ရတယ်။ ဆိုင်ကယ်နဲ့သွားထုတ် ရင်လည်းရတယ်။ ဒါကြောင့် လောလောဆယ်တော့ ကျောင်းကားဆွဲရတာ အဆင်ပြေနေပါတယ်။ ဒါပေမယ့် အခုပေးနေတဲ့ ဆီကို ၂ လဘဲပေးမယ်။ နောက်လတွေမှာ မပေးတော့ဘူး ဆိုတဲ့ သတင်းတွေလည်း ထွက်နေတဲ့ အတွက် နောက်ပိုင်း ပြဿနာ ဆက်တက်မှာကိုတော့ ကားသမား တွေက စိုးရိမ် နေကြပါတယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ ကျောင်းကားများကို ဆီ ၂ လသာထုတ်ပေးမည်မှာ ဖြစ်နိုင်ခြေရှိကြောင်း အဘယ်ကြောင့် ဆိုသော် သြဂတ်စ်လနှင့် စက်တင်္ဘာလတွင် ကျောင်းသားများ လူပ်ရှားမူများ ပေါ်ပေါက်မည်ကို စိုးရိမ်ပြီး ယာယီ ပြေငြိမ်းလိုသည့် သဘောဖြင့် လောလောဆယ်တွင် ဆီကို အကန့်အသတ် မရှိ ထုတ်ပေးခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့မှ နိုင်ငံရေးသမားတဦးက ယခုကဲ့သို့ သုံးသပ် ပြောဆို သည်။

“သြတ်စ်လ ၈ ရက်နေ့က ရှစ်လေးလုံး အရေးတော်ပုံနေ့ ဖြစ်တယ်။ သြဂတ်စ် ၁၃ ရက်နေ့က စစ်တွေ ဆန်ပြဿနာနေ့ ဖြစ်တယ်။ စက်တင်္ဘာ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမနေ့ ဖြစ်တယ်။ ဒီလတွေမှာ နှစ်စဉ်လိုလို ကျောင်းသား လူပ်ရှားမူတွေ စစ်တွေမှာ ပေါ်ပေါက် တတ်ပါတယ်။ တကယ်လို့ ကျောင်းကား ပြဿနာကို မဖြေရှင်းဘဲ ထားရင် အဲဒီလတွေမှာ စစ်တွေမှာ ကျောင်းသား ပြဿနာတွေ ပေါ်ပေါက် နိုင်တယ်ဆိုတာကို အစိုးရ အာဏာပိုင်တွေက သိပါတယ်။ ဒါကြောင့် ယာယီ ပြေလည်ရာ ပြေလည်ကြောင်း ၀န်ကြီး ဦးသောင်းက လာရောက် ဖြေရှင်းပေးတဲ့ သဘောမျိုး တွေ့ရတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်တွေ တက္ကသိုလ်၊ နည်းပညာကောလိပ်နှင့် ကွန်ပျူတာ ကောလိပ်တို့ တည်ရှိပြီး အရေးကြီးသော သမိုင်းဝင် နေ့ထူး နေ့မြတ်များတွင် မကြာခဏ အစိုးရ ဆန့်ကျင်ရေး လူပ်ရှားမူများ ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် မောင်အေး ရေးသားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ်ခွဲရုံး စစ်တွေတွင် ထပ်မံဖွင့်လှစ်

မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေး ပါတီ အဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိ ထားသည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ်ခွဲရုံးကို စစ်တွေတွင် လွန်ခဲ့သည့် စနေနေ့ က ထပ်မံ ဖွင့်လှစ်ခဲ့သည်။

ပါတီ ခေါင်းဆောင် တဦးက ရုံးဖွင့်လှစ်ခဲ့ခြင်းကို ယခုကဲ့သို့ပြောသည်။

“ပါတီ ဗဟိုရုံးကို စစ်တွေမှာ ဖွင့်လှစ်ပီးတဲ့နောက် အခုတခါ စစ်တွေမြို့နယ်ခွဲရုံးကို ဘောက်သီးစု ရပ်ကွက်မှာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အားလုံး အဆင်ပြေပြီး စည်းရုံးရေး လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။”

အဆို ပါတီ၏ စစ်တွေမြို့နယ် ဥက္ကဌမှာ ဘူးသီးတောင်မြို့နယ် အငြိမ်းစား ပညာရေးမှူး ဦးသာလူချေ ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုအောင်မြကျော်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲနေ့က ပါတီ ခေါင်းဆောင်များသာမက မြို့နေလူထု အတော်များများလည်း တက်ရောက် ခဲ့သည်ဟု သူက ဆက်ပြောသည်။

“နိုင်ငံရေး သမားတွေ၊ စီးပွားရေး သမားတွေနဲ့ အစိုးရ အငြိမ်းစား ၀န်ထမ်းတွေနဲ့ မြိုခံ လူထု လူတော်တော်များများ တက်ရောက် ကြတယ်။ အခုပုံတိုင်း ဆိုရင်တော့ အခြေနေကတော့ ကောင်းတဲ့ သဘောမျိုးရှိပါတယ်။ ပါတီအပေါ် ရခိုင်လူထု စိတ်ဝင်စားကြတာကို တွေ့ရတဲ့ အတွက် ကျေနပ် စရာပါဘဲ။”

ရခိုင်တိုင်းရင်းများ တိုးတက်ရေး ပါတီ၏ ပြည်နယ် ဗဟိုရုံးကို စစ်တွေမြို့ လမ်းမတော် (တောင်) ရပ်ကွက်တွင် ဇွန်လ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်ပွဲနေ့တွင်လည်း စစ်တွေမြို့ခံ လူထု အများအပြား တက်ရောက်ခဲ့သည်။

၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြို့နယ် အနှံ့အပြားတွင် မြို့နယ်ခွဲရုံးများကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၉ ရက်နေ့ မြောက်ဦးမြို့ နယ် ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့ကလည်း အလားတူ ရုံးများကို ပုဏ္ဍားကျွန်းနှင့် ကျောက်တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းပြင် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရသေ့တောင်နှင့် မြေပုံတွင် ရုံးများ ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆက်လက်၍ တောင်ကုတ်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးက ပြောသည်။

အလားတူ ပါတီ၏ (ရန်ကုန်တိုင်း) စည်းရုံးရေးကော်မီတီကိုလည်း အဖွဲ့ဝင် ၂၀ ဦးဖြင့် ဇွန်လ ၁၉ ရက်နေ့ က ဖွဲစည်းခဲ့ပြီး ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်တွင် ရုံးဖွင့်ထားပြီး စည်းရုံးရေးလုပ် ငန်း များလုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီသည် ယခုအခါ စည်းရုံးရေး လုပ်ငန်းများကို ကြံ့ဖွတ် ပါတီကဲ့သို့ ရခိုင်ပြည်နယ်တွင် လုပ်ကိုင်ခွင့် ရနေပြီ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် မောင်အေး ရေးသားသည်။

Monday, 12 July 2010

မောင်းတောတွင် တနေ့တည်း ကျေးရွာ နှစ်ရွာ ဓါးပြတိုက်ခံရ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ မောင်းတောတွင် တနေ့တည်းတွင် ကျေးရွာ ၂ ရွာမှ မိသားစု သုံးစု ဓါးပြတိုက်ခံရကြောင်း သတင်း ရရှိသည်။

ဓါးပြတိုက်ခံရသော ကျေးရွာများမှာ မောင်းတောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော ကံပူးရွာနှင့် ၀ါးချကျေးရွာတို့ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲတပ်ကြပ် တဦးက ပြောသည်။

ဓါးပြတိုက်ခံရသူများမှာ ကံပူးကျေးရွာမှ ရယက ဥက္ကဌဟောင်း ဦးအာမီအူလာနှင့် ၀ါးချကျေးရွာမှ ဦးဇော်ကရိယာနှင့် ဦးအဘူလူဆောင်တို့ ဖြစ်ကြသည်။

အဖွဲ့ဝင် ၁၅ ဦးခန့် ပါဝင်သော ဓါးပြများသည် ဘင်္ဂလာဒေခ်ျ့ဘက်မှ လှေဖြင့် တိတ်တဆိတ် မြန်မာဘက်သို့ နတ်မြစ်ကို ဖြတ်ကျော် ၀င်ရောက်လာပြီး ကံပူးကျေးရွာ ရယက ဥက္ကဌဟောင်းအိမ်ကို ဓါးပြ၀င်တိုက်ပြီး ကျပ်ငွေ ၇ သိန်းနှင့် လက်ဝတ်ရတနာများကို လူယူသွားခဲ့သည်။

ဓါးပြများတိုက်ခိုက်မူကြောင့် ဦးအာမီအူလာတွင် ခေါင်းကွဲသွားပြီး ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း သိရသည်။

အဆိုပါ ကျေးရွာမှ အပြန်တွင် ၀ါးချကျေးရွာကို ဓါးပြ၀င်တိုက်ရာ ဦးဇော်ကရီယာနှင့် ဦးအဘူလူဆောင်အိမ်မှ ရွှေကျပ်ချိန် ၅ ကျပ်နှင့် ငွေများကို လုယက် ယူဆောင်သွားခဲ့သည်။

မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဓါးပြများ အထူးသောင်းကျန်းနေသဖြင့် ပြည်သူ လူထုများ အထူး ဒုက္ခရောက်နေကြရသော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ တစုံတရာ ဖမ်းဆီးနှိမ်နှင်းနိုင်ခြင်း မရှိကြောင်း သိရှိရသည်။

Saturday, 10 July 2010

တက္ကသိုလ် ကောလိပ်များတွင် အဆောင်များ မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြမူ ပေါ်ပေါက်ရခြင်းဖြစ်

ရခိုင်ပြည်နယ် စစ်တွေ နည်းပညာ ကောလိပ် အပါအ၀င် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အတွက် အဆောင်များကို အစိုးရမှ စနစ်တကျ စီစဉ်ပေးမူ မရှိသဖြင့် ယခုကဲ့သို့ ဆူပူ ဆန္ဒပြမူများ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း အမည်မဖေါ်လိုသူ စစ်တွေ ကောလိပ်ကျောင်းသား ဟောင်း တဦးက ပြောသည်။

“ကျွန်တော်တို့ စစ်တွေ ကောလိပ် ကျောင်းသား ဘ၀တုန်းက နယ်က ကျောင်သားတွေ အတွက် ဝေသာလီ ဆောင်၊ ကျောင်းသူတွေ အတွက် ပိုးဝါဆောင်၊ စောပြည့်ညိုဆောင်ဆိုပြီး အဆောင်တွေ ရှိတယ်။ ခုတော့ အစိုးရက တက္ကသိုလ် ကောလိပ်တွေကို မြို့ပြင်ကို ရွှေ့လိုက်တယ်။ ဒါ့အပြင် နယ်ကကျောင်းသားတွေ အတွက် အဆောင်တွေထားတဲ့ စနစ်ကို ဖျက်သိမ်းလိုက်တော့ ကျောင်းသားတွေက မြို့ထဲက အိမ်တွေမှာ ဌားရမ်းနေရတယ်။ တချို့ကလည်း နီးစပ်ရာမှာ နေရတယ်။ အိမ်လခ၊ ထမင်းလခ အပြင် ကျောင်းကား စရိတ်ပါ အဆမတန် ပေးလာရတော့ မတတ်နိုင်တော့ဘူး။ နောက်ဆုံးတော့ ပေါက်ကွဲပြီး ခုလို ဆန္ဒပြ တောင်းဆိုရတဲ့ အထိကို ရောက်လာရတာ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စ တခု ဖြစ်ပါတယ်။”

စစ်တွေ တက္ကသိုလ်မှာ ယခင်က မြို့ထဲတွင် တည်ရှိပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြို့ပြင်ရှိ ဘုမေရွာ အနီးသို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ အလားတူ အသစ် တည်ဆောက်ပေးသော နည်းပညာ ကောလိပ်ကိုလည်း မြို့မှ ၁၄ မိုင်ခန့်ဝေးသော ရေချမ်းပြင် အရပ်တွင် တည်ဆောက်ခဲ့သည်။

“အစိုးရက ခုလို ကျောင်းတွေကို မြို့ပြင်ကို ရွှေ့ပြောင်းပစ်ပေမယ့် ကျောင်းသားတွေ အတွက် ကျောင်းကားတွေကို စနစ် တကျ စီစဉ်ပေးတာ မရှိဘူး။ ပုဂ္ဂလိက ကားတွေကိုဘဲ ကျောင်းကား အဖြစ် အတင်း ကြိုပို့ လုပ်ခိုင်းတယ်။ ကား အရေ အတွက်ကလည်း အရမ်းနည်းတယ်။ ဆီဈေးတက်ရင် ပုဂ္ဂလိက ကားတွေက ကားခတွေ ပိုတောင်းတယ်။ ပီးတော့ အချိန်မှန် အရေအတွက်မှန် ပြေးဆွဲတာ မရှိဘူး။ ဒါကြောင့် ခုလို ပြဿနာမျိုး ခဏခဏ တက်နေရတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင် နယ်က ကျောင်းသားတွေအတွက် တက္ကသိုလ် ကောလိပ် ကျောင်းဝင်း အတွင်းမှာ ဖြစ်ဖြစ် အနီးအနားမှာဘဲ ဖြစ်ဖြစ် ကျောင်းသား အဆောင်တွေကို အယင်ကလို ထည်ဆောက် ပေးဖို့လိုတယ်။ နို့မဟုတ်ရင် ဒီပြဿနာက ဘယ်သူဘဲ လာဖြေရှင်း ဖြေရှင်း ဆက်တက်မှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

နယ်ကလာသော ကျောင်းသား တဦးအနေဖြင့် စစ်တွေ တက္ကသိုလ် ကောလိပ်များတွင် ပညာ သင်ကြားရန်အတွက် တလကို အနည်းဆုံး ကျပ် တသိန်းနီးပါး ကုန်ကျသည်ဟု ကျောင်းသား တဦး ပြောသည်။

“ထမင်းလခက တလကို ကျပ် ၄၀၀၀၀ ပေးရပါတယ်။ ကားခက အနည်းဆုံး တလကို တစ်သောင်းနီးပါး သုံးရပါတယ်။ အိမ်အဆောင်ခ၊ ကျူရှင်ခ၊ ကျောင်းစရိတ်နဲ့ပါဆိုရင် တသိန်းနီးပါး ကုန်ကျပါတယ်။ အများစု နယ်က ကျောင်းသားတွေက သိပ်ပိုက်ဆံ ချမ်းသားလို့ ကျောင်းလာ တက်ကြတာ မဟုတ်ပါဘူး။ ပညာလိုချင်လို့ လာကြတာပါ။ အစိုးရက ခုလို ကိစ္စမျိုးတွေကို သူတို့က ထည့်တွက်တာ မဟုတ်ပါဘူး။ ခုလို ဆန္ဒပြရတာကလည်း မတတ်နိုင်တဲ့ အတွက် နောက်ဆုံး အရဲစွန့်ပီး ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရ အနေဖြင့် တက္ကသိုလ် ကောလိပ်များတွင် ကျောင်းသား အဆောင်များ တည်ဆောက်ပေးလျှင် ကျောင်းသားများ စုဝေးခွင့် ရရှိပြီး ဆူပူမူများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ် ကောလိပ်များတွင် နယ်မှ ကျောင်းသားများ အတွက် အဆောင် စနစ်ကို ဖျက်သိမ်းထားကြောင်း သိရသည်။

နယ်မှ ကျောင်းသားများမှ မြို့ထဲတွင် လပေး စနစ်ဖြင့် ထမင်းစားသောက်ကာ အိမ်ဌားရမ်း နေထိုင်ရသဖြင့် လစဉ် လတိုင်း ငွေကြေး မလုံလောက်မူနှင့် ရင်ဆိုင်ကြရပြီး ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရချိန်တွင် ကျောင်းကားများက ကျောင်းကားခကို တလမ်းကြောင်းအတွက် ကျပ်ငွေ ၁၅၀ မှ ၂၅၀ ထိ တိုးတောင်းရာမှ မကျေနပ်သဖြင့် ဇူလိုင်လ ၅ ရက်နေ့က ချီတက် ဆန္ဒပြမူ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ရေဘေးအတွက် မူဆလင် စီးပွားရေး သမားများ သိန်းရာချီ၍ အကူအညီပေး

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော ရေဘေး အတွက် ရန်ကုန်နေ ရခိုင်ပြည်ပေါက် မူဆလင် စီးပွားရေး သမားများက သိန်းရာချီပြီး အကူအညီ ပေးခဲ့သည်ဟု ရခိုင်စီးပွားရေး သမား တဦးက ပြောသည်။

“ရန်ကုန်က ဦးအောင်ဇော်ဝင်းတို့ အဖွဲ့က မောင်တောမြို့ နယ် ရေဘေးအတွက် သိန်း ၃၀၀ နဲ့ ဦးဌေးဝင်းတို့ အဖွဲ့က ဘူးသီးတောင်မြို့နယ်အတွက် ကျပ် သိန်း ၂၅၀ အကူအညီပေးပါတယ်။ သူတို့က ရန်ကုန်မှာ ထိပ်ထိပ်ကြဲ အောင်မြင် နေတဲ့ မူဆလင် စီးပွားရေး သမားတွေ ဖြစ်ကြပါတယ်” ဟု သူက ပြောသည်။

သူတို့ အနေဖြင့် အဆိုပါ ရေဘေးအကူအညီများကို ဆန် အပါအ၀င် စားနပ်ရိက္ခာများ၊ အ၀တ်အထည်များနှင့် အိမ်သုံးပစ္စည်းများ ၀ယ်ယူပြီး ကူညီလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့မှ အစိုးရ ၀န်ထမ်း တဦးက “ အလယ်သံကျော်ကျေးရွာအတွက် မနေ့က ဆန်အိတ် ၂၀၀၀ စစ်တွေကနေ မောင်တောကို သင်္ဘောနဲ့ ရောက်လာပါတယ်။ အခု သူတို့ အဲဒီ ဆန်အိတ် တွေကို မောင်တောကနေ အလယ်သံကျော် ကျေးရွာကို ကားတွေနဲ့ ရွှေ့နေကြပါတယ်။ ရန်ကုန်က မူဆလင် သူဌေး ဦးအောင်နိုင် လှူတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယခု ဘူးသီးတောင်နှင့် မောင်တောတွင် ဖြစ်ပေါ်ခဲ့သော ရေဘေးတွင် အများစု ထိခိုက်ခံခဲ့ရသူများမှာ မူဆလင်များ ဖြစ်သဖြင့် စစ်အစိုးရ၏ ဖိအားပေးချက်အရ ယခုကဲ့သို့ မူဆလင် စီးပွားရေး သမားများက လှူဒါန်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“အစိုးရက ပြောသာ ပြောနေတာပါ။ သူတို့က ဘာမှ ထိထိရောက်ရောက် အကူညီ ပေးနိုင်တာ မရှိပါဘူး။ သူတို့ ကူညီပေးတာက မိသားစု တစုကို ဆန်တပြည်၊ အမျိုးသမီးဝတ် ပိတ်သား ထဘီ တထည်၊ ခလေးစီး ဘိနပ် တရံ၊ မာမီ ခေါက်ဆွဲ သုံးထုပ်။ ဒါတွေဘဲ ဖြစ်ပါတယ်။ ဒါကြောင့် မူဆလင် စီးပွားရေး သမားတွေကို ဖိအားပေးပြီး လှူခိုင်းတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအကူအညီများကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှတဆင့် ကူညီ လှူဒါန်းပေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ သိန်းရာချီပြီး အကူအညီပေးသူ မူဆလင် စီးပွားရေးသမားများမှာ စစ်အာဏာပိုင်များ၏ ချီးမြှင့် မြောက်စားခြင်းကို ခံနေရပြီး သူတို့ မောင်တောနှင့် ဘူးသီးတောင်သို့ လာလျှင် အစောင့် အရှောက်များ ခြံရံပြီး ရောက်လာလေ့ရှိကာ သူတို့ ခရီးစဉ်တိုင်းတွင် ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ပေးကြောင်း သိရသည်။

ဝန်ကြီး ဦးသောင်း သတ်မှတ်ပေးသည့် ကားခ ကျောင်းသားများ တတ်နိုင်မည် မဟုတ်

သိပံ္ပနှင့် နည်းပညာ ၀န်ကြီး ဦးသောင်း ဇူလိုင်လ ၇ ရက်နေ့က စစ်တွေ နည်းပညာ ကောလိပ်သို့ ရောက်ရှိလာပြီး ကျောင်းကားခကို တကြောင်းကို ကျပ် ၂၀၀ စီဖြင့် ကျောင်းသားများမှ ပေးဆောင်ရန် သတ်မှတ်ပေးခဲ့သည်ဟု သိရသည်။

ဝန်ကြီး ဦးသောင်းသည် ကားခ တိုးမြှင့်မူကြောင့် စစ်တွေ နည်းပညာကျောင်းသားများ ဆန္ဒပြပြီး နောက်နှစ်ရက် အကြာ ဇူလိုင်လ ၇ ရက်နေ့က စစ်တွေ နည်းပညာ ကောလိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော်လည်း ၀န်ကြီး သတ်မှတ်ပေးသော ကားခမှာလည်း ဈေးကြီးနေသဖြင့် ကျောင်းသားများ အတွက် အခက်အခဲ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများက ပြောသည်။

ကျောင်းသား တဦးက "အရင်က ကားခ တကြောင်းတည်းကို ၁၅၀ကျပ်ဆိုတာလည်း ကျောင်းသားတွေ အတွက် နည်းတာ မဟုတ်ပါဘူး။ အခု ဝန်ကြီးက ကားခကို ၂၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပြဿနာကတော့ ပြေလည်သွားတယ်။ ဒါပေမယ့် ကျောင်းသား အများအပြား အတွက်တော့ ဒီကားခကြောင့် အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။"

ယခင်က နည်းပညာကောလိပ်နှင့် စစ်တွေမြို့ အကြား ပြေးဆွဲနေသော ကားခမှာ ၁၅၀ကျပ် ရှိနေရာမှ ၃၀၀ကျပ် အထိ တိုးမြှင့် ကောက်ခံ သဖြင့် ကျောင်းသားများက မကျေနပ်သဖြင့် ဆန္ဒပြခဲ့သည်။

" ၀န်ကြီး အနေနဲ့ ကျောင်းသားတွေ အဆင်ပြေအောင် မထသက တာဝန်ယူ ပြေးဆွဲနေတဲ့ အစိုးရကားတွေကို ကျောင်းသားတွေ အဆင်ပြေအောင် စီစဉ် ပေးရင် ရနိုင်ရဲ့သားနဲ့ စီစဉ် ပေးတာ မရှိပါဘူး။ ရထား စီးဖို့ ၀န်ကြီးက ပြောပါတယ်။ ရထားကလည်း အချိန်မမှန် နောက်ကျတယ်။ လမ်းလည်း မကောင်းတော့ အန္တရာယ်များတယ်။ ဒါကြောင့် မဖြစ်နိုင်မှန်း သိတော့ ကားခကို ၂၀၀ ကျပ် သတ်မှတ်ပေးခဲ့ပါတယ်။" ဟု သူက ဆက်ပြောသည်။

ဝန်ကြီးဦးသောင်းသည် ကျောင်းဆရာ ဆရာမများ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ မထသ ဥက္ကဌတို့နှင့် ကျောင်းကား ကိစ္စပြဿနာကို ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ အဖြေ ထွက်လာခြင်း ဖြစ်သည်။

သို့သော်လည်း ဝန်ကြီး သတ်မှတ်ပေးခဲ့သည် ကျောင်းကားခ ဈေးနှုန်းမှာ ကျောင်းသားအများအပြား အတွက် အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း နယ်မှ ကျောင်းလာတက်နေသူ GTC ကျောင်းသားတဦးက ပြောသည်။

"အဓိကကတော့ ကျနော်တို့လို နယ်ကကျောင်းသားတွေ အခက်အခဲ ပိုရှိနေပါသေးတယ်။ ကားခ ၂၀၀ဆိုတော့ တနေ့ကို ၄၀၀ကျပ် ဖြစ်သွားပါပြီ။ တလမှာ ကျောင်းကားခ သပ်သပ် ၁၂၀၀၀ ကျပ်ဖြစ်သွားပါပြီ။ နောက် အဆောင်စရိတ်တို့ ဘာတို့ အများကြီးရှိပါသေးတယ်။ ထမင်းဆိုလည်း လပေး စားနေရတာဆိုတော့ သိပ်မလွယ်ပါဘူး။ အခုစစ်တွေမှာ လပေးဆိုင်တွေမှာဆို တလကို တယောက်စာဆိုရင် အနည်းဆုံး ၄၀၀၀၀ ကျပ်ရှိပါတယ်။ အခုလိုမျိုးဆိုရင် နောက်လည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက် လာနိုင်ပါတယ်။" ဟု သူက ဆက်ပြောသည်။

စစ်တွေ အစိုးရနည်းပညာကောလိပ်မှာ စစ်တွေမြို့နှင့် ၁၂မိုင်ခရီး ကွာဝေးသော ရေချမ်းပြင် ကျေးရွာ အနီးတွင် ရှိသည်။

စစ်တွေမှ ကားပိုင်ရှင်တဦးက" ကျနော်တို့ ကားသမားတွေဘက်ကလည်း နည်းနည်း စဉ်းစားကြည့်ပါအုံးဗျ။ မနက်စောစော ကျောင်းကို အသွားမှာတော့ ကျောင်းသားတွေအပြည့်ပါတယ်။ နောက်တခေါက်ဆွဲဖို့အတွက် ကျောင်းက အပြန်မှာတော့ တယောက်မှ မပါတော့ဘူး။ အဲဒီအပြန်အတွက် ဆီခကို အိတ်စိုက်ရတာပေါ့။ ကျောင်းကလည်း ၁၂မိုင် ခရီးဆိုတော့ ဆီဖိုး မလွယ်ဘူးလေ။" ဟု ပြောသည်။

ယခုကဲ့သို့ ပြဿနာဖြစ်နေရခြင်းမှာ ကျောင်းကို မြို့နှင့် အလွန်ဝေးရာတွင် ထားရှိပြီး ကျောင်းသားများ အတွက် အဆောင်များ ထားရှိခြင်း မရှိသလို ကျောင်းကားများကိုလည်း အစိုးရမှ စနစ်တကျ စီစဉ်ပေးထားခြင်းမရှိသည့် အတွက်ဖြစ်ကြောင်း စစ်တွေဒေသခံတဦးက သုံးသပ်သည်။

ကျောင်းကားခ မြင့်တက်မှုနှင့် ကျောင်းကားမလုံလောက်မှုတို့ကြောင့် ကျောင်းသား ကျောင်းသူ ၃၀၀ ကျော် စစ်တွေ အစိုးရနည်းပညာကောလိပ်မှ ပယကရုံးရှေ့သို့ ချီတက် ဆန္ဒပြခဲ့ကြသည်။ စစ်တွေတွင် စစ်တွေ တက္ကသိုလ်ကို စစ်တွေမြို့နှင့် အနောက်ဘက် ၄မိုင်အကွာတွင် ထားရှိပြီး ကွန်ပျူတာ တက္ကသိုလ်ကို စစ်တွေ အကျဉ်းထောင်အနီးတွင် ထားရှိသည်။

နိရဉ္စရာသတင်းထောက် မင်းဆက်ခိုင် ရေးသားသည်။

Thursday, 8 July 2010

မြန်မာနှင့် ဆက်စပ်မည့် ရထားလမ်း ကုဋေ ထောင်ချီ အကုန်ကျခံ တည်ဆောက်မည်

မြန်မာနိုင်ငံ ဆက်စပ်နိုင်မည့် ရထားလမ်း တလမ်းကို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ကုဋေထောင်ချီ အကုန်အကျခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ထုတ်ဖေါ်ပြောကြားသည်။

အဆိုပါ ရထားလမ်းမှာ စစ်တကောင်းမြို့ တောင်ဘက်ပိုင်းတွင် တည်ရှိသော ဒူဟာဇာရီမှ ကော့ဘဇား ခရိုင် အတွင်းရှိ မြန်မာနယ်စပ် အနီး ခေါင်းတုံး-တောင်ပြိုထိ ဖေါက်လုပ်သွားမည် ဖြစ်သည်။

တောင်ပြိုမြို့မှာ မောင်တောမြို့ မြောက်ဘက် ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ရှိပြီး ယခုအခါ မြို့နယ်ခွဲ အဖြစ် သတ်မှတ်ခံထားရသော မြန်မာနိုင်ငံ၏ မြို့ တစ်မြို့ ဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်သော ဘင်္ဂလာဒေခ်ျ့ အမျိုးသား စီးပွားရေး ကောင်စီ အစည်းအဝေးတွင် အဆိုပါ ရထားလမ်း ဖေါက်လုပ်ရေး အတွက် ဘင်္ဂလာ တာကာငွေ ၁၈၅၂ ကုဋေ အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ငွေပမာဏကို အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အဆိုပါ ရထားလမ်းကို ယခုလတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်သည်။

အဆိုပါ ရထားလမ်းကို ဖေါက်လုပ်နိုင်ခြင်း ဖြင့် အာရှ ရထားလမ်းမကြီးနှင့် ဆက်စပ်နိုင်မည် ဖြစ်ပြီး အရှေ့အနောက် ကုန်သွယ်ရေး လုပ်ငန်းကို မြှင့်တင်နိုင်ရန် ဘင်္ဂလာဒေခ်ျ့မှ ရည်ရွယ်ထားကြောင်း အရာရှိ တဦးက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင်လည်း စစ်အစိုးရမှ စစ်တွေ-မင်းဘူး-အမ်းရထားလမ်းကို တည်ဆောက်နေပြီး ယခုအခါ အပိုင်းလိုက် ပြီးစီး နေပြီး ဖြစ်သည်။ သို့သော်လည်း အဆိုပါ ရခိုင်ပြည်နယ် အတွင်း ဖေါက်လုပ်နေသော ရထားလမ်းကို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဖေါက်လုပ် နေသော ရထားလမ်းနှင့် ဆက်စပ်မည် မဆက်စပ်မည် ဆိုသည်ကို နအဖ စစ်အာဏာပိုင်များက ယခု အချိန်ထိ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာများ အပါအ၀င် ချစ်ကြည်ရေး ကားလမ်းဖေါက်လုပ်ရေး၊ တရုတ်- မြန်မာ- ဘင်္ဂလာဒေခ်ျ့ လမ်းဖေါက်လုပ်ရေး အတွက် လွန်ခဲ့သော ဘီအန်ပီ အစိုးရ လက်ထက် ကတည်းက စပြီး မြန်မာ စစ်အစိုးရနှင့် သဘောတူ လက်မှတ်များ တသီတတန်းကြီး ရေးထိုးခဲ့သည်။

သို့သော်လည်း မြန်မာက ပူးပေါင်းဆောင်ရွက်ရန် တက်ကြွမူ မရှိသဖြင့် ယခုအချိန်ထိ အဆိုပါ လမ်းများကို ဖေါက်လုပ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

မောင်တော မြို့မှ နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးက သူအမြင်ကို ယခုကဲ့သို့ ပြောသည်။

“ ဘင်္ဂလာဒေခ်ျ့ အစိုးရက မြန်မာ စစ်အစိုးရကို ချော့မော့ ဆက်ဆံရင် သူတို့ အတွက် အကျိုး အမြတ်တွေ ရနိုင်တယ်လို့ ယူဆ ထားကြပုံ ရပါတယ်။ ဒါကြောင့်လည်း မြန်မာနဲ့ သင့်တင့်အောင် ပေါင်းပြီး ချစ်ကြည်ရေး ကားလမ်း ဖေါက်လုပ်ရေး ကိစ္စ အတွက် တက်လာတဲ့ ဘင်္ဂလာ အစိုးရတိုင်းက ပြောဆို ဆွေးနွေး နေတာတွေ ရှိပါတယ်။ မြန်မာဘက် ကလည်း သဘောတူပါတယ်။ လုပ်ပါ။ ကတိတွေ ပေးတယ်။ လက်မှတ်တွေ ရေးထိုးတယ်။ ဒါပေမယ့် ၁၀ နှစ်ကျော်ရှိလာပြီ ဖြစ်ပေမယ့် ခုချိန်ထိ ဘာမှ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်တာ မရှိသေးဘူး။ မြန်မာ နအစ စစ်အစိုးရက လမ်းကောင်းရင် ဘင်္ဂလီကုလားတွေ ပိုဝင်လာမယ် ဆိုပီး ဘူးသီးတောင်- မောင်တောကားလမ်းကိုတောင်မှ မလုပ်ဘဲ ဒီအတိုင်း ပစ်ထားတယ်ဆိုတော့ ဘင်္ဂလာနဲ့ ရထားလမ်း ကားလမ်းကို ဘယ်လို လုပ်ပြီး ဖေါက်လုပ် မှာလဲ။ နအဖ စစ်အစိုးရရဲ့ အတွင်း သဘောထားကို မသိတော့ ဘင်္ဂလာ အစိုးရက ကားလမ်း ဖေါက်မယ်၊ ရထားလမ်း ဖေါက်မယ် ဆိုပီး တဘက်သတ် တကဲကဲ ဖြစ်နေတာ ဖြစ်ပါတယ်။”

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် “ အရှေ့ကြည့် ပေါ်လစီ” အရ မြန်မာကို ဖြတ်ပြီး ကားလမ်း ရထားလမ်း ဖေါက်လုပ်ကာ တရုတ်နှင့် အာစီယံ နိုင်ငံများနှင့် ကုန်သွယ်ရေး တိုးမြှင့် လိုနေရာ ယခု ရထားလမ်းမှာလည်း အဆိုပါ ပေါ်လစီ၏ တစိတ်တပိုင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် ထွန်းထွန်း ရေးသားသည်။

ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ရန် ဘူးသီးတောင် မောင်တော ကားလမ်းကို ယာယီ သွားလာ နိုင်အောင် ပြုလုပ်

မိုးကြီး မြေပြို တံတားပျက်၍ ကားအသွားအလာ လုပ်၍ မရဘဲ ဖြစ်နေသော ဘူးသီးတောင်-မောင်တော ကားလမ်းအား ဆင်ဖြူတော်ကို သယ်ယူရန်အတွက် ယခုအခါ ယာယီ သွားလာနိုင်အောင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

လုပ်ငန်းအခြေနေနှင့် ပတ်သတ်ပြီး အမည်မဖေါ်လိုသူ မောင်တောမြို့မှ အင်ဂျင်နီယာ တဦးက ယခုကဲ့သို့ ပြောသည်။

“ပျက်သွားတဲ့ ကားလမ်းကို ဇူလိုင် ၁၁ ရက်နေ့ကို နောက်ဆုံးထားပြီး ယာယီ သွားလာလို့ရ အောင် ပြုလုပ်ရမယ်ဆိုပီး အထက်က ညွန်ကြားချက် ထုတ်ထားပါတယ်။ အခု ကျွန်တော်တို့က လမ်း တလျှောက်မှာ ကျိုးပျက်သွားတဲ့ တံတားတွေကို သံတန်း ထိုးပြီး ပျဉ်ခင်းကာ ယာယီ သွားလာလို့ ရအောင် ပြုလုပ်နေပါတယ်။ အားလုံးကတော့ ပြီးလုနီးပါးရှိနေပြီ။ လိုဏ်ဂူ ငယ်နားက တံတား တခုဘဲ ကျန်ပါတော့တယ်။ ဒါလည်း များမကြာခင် ပီးစီးသွားပါလိမ့်မယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ အာဏာပိုင်များသည် မောင်တောမြို့နယ် ဖက်ဝပ်ချောင်းမှ ဖမ်းဆီးရမိသော ဆင်ဖြူအား နေပြည်တော်သို့ ယခုလ အတွင်း အရောက် ပို့ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ညွန်ကြားထားသဖြင့် ယခုအခါ ဘူးသီးတောင်-မောင်တောကားလမ်းကို ဆင်ဖြူတော်ကို သယ်ဆောင်နိုင်ရန် အတွက် ယာယီ အပူတပြင်း ပြုလုပ် နေခြင်း ဖြစ်သည်။

မောင်တောမြို့ အာဏာပိုင် သတင်းရပ်ကွက်အရ များမကြာမီ ရက်ပိုင်းအတွင်း ဆင်ဖြူတော်ကို ယူဆောင်ရန် နေပြည်တော်မှ အထူးအဖွဲ့တဖွဲ့ မောင်တောမြို့ သို့ရောက် ရှိလာမည်ဖြစ်ပြီး ဇူလိုင် ၁၁ ရက်နေ့တွင်ပင် မောင်တော ဘူးသီးတောင်လမ်းကို ဖွင့် ပွဲပြုလုပ်ကာ ဆင်ဖြူတော်ကိုလည်း ယင်းနေ့တွင်ပင် ယူဆောင် သွားမည်ဖြစ်ကြောင်း သိသည်။

ဆင်ဖြူတော်ကို ယခုအခါ နစက ဌာနချုပ်တည်ရှိရာ ကျီးကန်းပြင်သို့ ပြောင်းရွေ့ သွားပြီ ဖြစ်ကြောင်းနှင့် ဆင်ဖြူတော် လုံခြုံရေး အတွက် အစောင့်အရှောက်များ ထူထပ်စွာ ချထားကြောင်း သိရသည်။

ဆင်ဖြူတော်ကို ဘူးသီးတောင်မှ စစ်တွေသို့ ရေလမ်းဖြင့် ယူဆောင်ရန် အတွက် ဘူးသီးတောင် သင်္ဘောဆိပ်ကမ်းတွင် ရေကျွဲ အမည်ရှိ ဆွဲသင်္ဘော တစီး ရောက်ရှိနေပြီး အဆိုပါ သင်္ဘောပေါ်တွင် ဆင်ဖြူတော် လိုက်ပါရန် အတွက် ရောင်စုံ စက္ကူများဖြင့် မဏ္ဍပ်များ ဆင်ယင် ပြုလုပ်နေကာ ရောင်စုံ အလံများ ကိုလည်း ချိတ်ဆွဲရန် စီစဉ်နေကြောင်း ဘူးသီးတောင်မြို့ခံများက ပြောသည်။

ယခုဖမ်းဆီးရမိထားသည့် ဆင်ဖြူမှာ အမဖြစ်ကာ အသက် ၃၈ နှစ်ရှိပြီး ဇွန်လ ၂၆ ရက်နေ့ က ဒေသခံများ၏ သတင်း ပေးချက်အရ မောင်တောမြို့နယ် မြောက်ပိုင်း ဖက်ဝပ်ချောင်း ကျေးရွာအနီး မယူတောင်တန်းမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ပြည်သူများ သွားလာနိုင်ရန် ကားလမ်းကို ပြုပြင် တည်ဆောက်ခြင်း မရှိဘဲ ဆင်ဖြူတော်ကို သယ်ယူရန်အတွက် အာဏာပိုင်များက ကားလမ်းကို အပူတပြင်း ပြုပြင်နေသဖြင့် ရခိုင်လူထုထက် ဆင်ဖြူတော် အပေါ် အလေးထားသော နအဖ စစ်အစိုးရ၏ လုပ်ရပ်အပေါ် ရခိုင်လူထုက နားမလည်အောင် ဖြစ်နေကြောင်း မောင်တောမြို့ခံများက ပြောသည်။

နိရဉ္စရာသတင်းထောက် မောင်အေး ရေးသားသည်။

Monday, 5 July 2010

မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသား အသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိစေရမည်ဟုပြော

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လာမည့် ရွှေးကောက်ပွဲတွင် မဲထည့်နိုင်ရန်အတွက် နိုင်ငံသား အသိအမှတ်ပြု ကတ် တမျိုးမျိုး ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေကြောင်း မောင်တော လ၀ကမှ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ လူဝင်မူကြီးကြပ်ရေး ဦးစီးဌာနမှ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံသား အသိအမှတ်ပြု ကတ်အမျိုးအစား ၅ ခုကို ထုတ်ပေးနေပြီး အဆိုကတ်များမှာ နိုင်ငံသား စိစစ်ရေးကတ်၊ အမျိုးသား မှတ်ပုံတင်ကတ်၊ ဧည့်နိုင်ငံသား ကတ်၊ ပြုနိုင်ငံသားကတ်နှင့် ယာယီသက်သေခံ ကတ်တို့ ဖြစ်ကြ သည်။

အဆိုပါ ကတ်များကို အောက်တိုဘာလ ၃၁ ရက်နေ့ထိ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

အမျိုးသား မှတ်ပုံတင်ကတ် (သို့မဟုတ်) ယာယီ သက်သေခံ လက်မှတ်များကိုလည်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အဖြစ် ပြောင်းလဲ ထုတ်ပေးခြင်းနှင့် သွေးနှော တိုင်းရင်းသားများ အတွက်လည်း အသိအမှတ် ပြုကတ် တမျိုးမျိုးကို ထုတ်ပေးနေကြောင်း သူက ပြောသည်။

Burmese Muslim ID cardထိုကဲ့သို့ ထုတ်ပေးခြင်းကို ကျေးရွာနှင့် ရပ်ကွက် အတွင်းရှိ ရယက အဖွဲ့ဝင်များ၏ ထောက်ခံချက်များနှင့် နိုင်ငံသား ကတ်မရှိ သူများကို စိစစ် ထုတ်ပေးနေကြောင်း သိရသည်။

သို့သော်လည်း ဘူးသီးတောင်နှင့် မောင်တော မြို့နယ်ရှိ မူဆလင်များကိုမူ ယခင်က အဖြူရောင် ယာယီသက်သေခံ လက်မှတ် ကတ်ပြားများကို ထုတ်ပေးထားသော်လည်း ယခုအချိန်ထိ တခြား အသစ် ကတ်ပြားများ ပြောင်းလဲ ထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ထုတ်ပေးသော အဖြူရောင် ကတ်ပြားတွင် လူမျိုးနှင့် ဘာသာကို ဖေါ်ပြရာတွင် လူမျိုးကို မူဆလင်၊ ဘာသာ အစ္စလာမ်ဟု ရေးထိုး ဖေါ်ပြပြီး ကျော့ဘက် အောက်ဆုံးတွင် “ ဤကတ်ပြားသည် မည်သည့်နိုင်ငံသားဟု သက်သေခံခြင်း အလျဉ်း မရှိစေရ” ဟု ပါရှိသည်။

မောင်တော ဈေးကြီးမှ ဈေးဆိုင်ပိုင်ရှင် တဦးက “ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ နေထိုင်နေတဲ့ အစ္စလာမ် ဘာသာဝင် ကျွန်တော်တို့ကို ခုထုတ်ပေးထားတဲ့ အဖြူရောင် ကတ်တွေထက် အဆင့်မြင့်တဲ့ ပန်းနုရောင် ကတ်တမျိုးကို ထုတ်ပေးမယ်ဆိုပီး ဒုဝန်ကြီး ဖုန်းဆွေ လာတုန်းက ပြောသွားပါတယ်။ ခုချိန်ထိတော့ ဘာမှ ထုတ်မပေးသေးပါဘူး။ ကျွန်တော်တို့လည်း အဲဒီ ကတ်အသစ်ကို မျှော်နေကြပါတယ်” ဟု ပြောသည်။

ယခုလာမည့် ရွှေးကောက်ပွဲတွင် ဘူးသီးတောင်နှင့် မောင်တောရှိ အစ္စလာမ်ဘာသာဝင်များလည်း မဲပေးခွင့်ရရှိကြမည် ဖြစ်ရာ သူတို့ကို စည်းရုံးသည့် အနေဖြင့် စစ်အစိုးရ အာဏာပိုင်များက ယခင် အဖြူရောင် ကတ်ထက် အဆင့်မြင့်သည့် တခြား ကတ်ပြား အသစ်တမျိုးကို ထုတ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ရွှေးကောက်ပွဲ သတင်းများကို ပုံနှိပ် ဖေါ်ပြမည့် ဂျာနယ်သစ် သုံးစောင် ဇူလိုင်တွင် ထွက်ရှိမည်

ဇူလိုင် တလတည်း အတွင်း ရွှေးကောက်ပွဲ သတင်းနှင့် နိုင်ငံတကာ သတင်းများကို ဖေါ်ပြမည့် ဂျာနယ် အသစ် သုံးစောင် ထွက်ရှိ လာမည်ဟု သတင်း ရရှိသည်။

အဆိုပါ ဂျာနယ် အသစ် သုံးစောင်မှာ Hot News၊ မော်ဒန်တိုင်းမ် ဂျာနယ်နှင့် ပြည်သူ့ ခေတ်ဂျာနယ်တို့ ဖြစ်ကြသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ဆရာဦးမောင်ဝံသမှ ဦးစီးမည် ဖြစ်ပြီး ဇူလိုင်လ ပထမပတ်တွင် ထုတ်ဝေမည် ဖြစ်သည်။ ပြည်တွင်း ပြည်ပ နိုင်ငံရေး သတင်းများအပြင် ရွှေးကောက်ပွဲနှင့် ဆက်စပ် သတင်းများ၊ နောက်ဆုံးရ သတင်းများကို ထည့်သွင်း ဖေါ်ပြသွားမည်ဟု သိရသည်။

Hot News ဂျာနယ်ကို ဇူလိုင် တတိယပတ်တွင် ထုတ်ဝေမည် ဖြစ်ရာ အဆိုပါ ဂျာနယ်တွင်လည်း နိုင်ငံရေး သတင်းများနှင့် ပြည်သူများ စိတ်ဝင်စားမည့် သတင်းများကို ထည့်သွင်းဖေါ်ပြသွားမည်ဟု သိရသည်။

Hot News ဂျာနယ် အယ်ဒ်ီတာ ချုပ်မှာ ဦးစောလင်းအောင် ဖြစ်ပြီး ယခုလနောက် အတွင်း ပြည်သူများ လက်ဝယ်သို့ ရောက်မည်ဟု ဆိုသည်။

ယခုထုတ်ဝေမည်း ဂျာနယ် သုံးစောင် အပါအ၀င် မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် ပြုထားသော ဂျာနယ်မျိုးစုံ ၁၅၆ မျိုးရှိပြီး ထိုအထဲမှ ဂျာနယ် နှစ်စောင်သာ အကြောင်း အမျိုးမျိုးကြောင့် ထုတ်ဝေခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် အင်္ဂလိပ်ခေတ်နှင့် ဦးနု ဖဆပလ ခေတ်ထိ သတင်းစာ ဂျာနယ်များ ထုတ်ဝေခဲ့သော်လည်း ယခုအချိန်ထိ ပုဂ္ဂလိကပိုင် ဂျာနယ်နှင့် သတင်းစာများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

Sunday, 4 July 2010

ဓားပြများကို နှိမ်နှင်းရန် အထူး ရဲတပ်ဖွဲ့များကို နယ်စပ်သို့ စေလွှတ်ပြီ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် အထူး သောင်းကျန်းနေသော ဓားပြများကို နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ မနှိမ်နှင်း သဖြင့် ယခုအခါ အထူး ရဲတပ်ဖွဲ့ နှစ်ဖွဲ့ကို ပြည်နယ် ရဲဌာနချုပ်မှ အဆိုပါ ဒေသသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ရဲအရာရှိ တဦးက “ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဆိုပါ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ နှစ်ဖွဲ့ကို စစ်တွေ ပြည်နယ် ရဲဌာနချုပ်က ဘူးသီးတောင်နဲ့ မောင်တောသို့ စေလွှတ် လိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဒေသ အတွင်း ခုတလော ဓားပြတိုက်မူတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့တဲ့ အတွက် ခုလို စေလွှတ် လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ခ်ျ့- မြန်မာ နယ်စပ် အနီး မြန်မာဘက်ခြမ်းတွင် လွန်ခဲ့သော ၂၀၀၉ ခု နှစ်လယ်ပိုင်းမှ စ၍ ၂၀၁၀ ဇွန်လ အထိ နယ်စပ် ဖြတ်ကျော်ပြီး ကျူးလွန်သည့် ဓားပြတိုက်မူပေါင်း ၄၀ ကျော် ဖြစ်ပွား ခဲ့သည်။ အဆိုပါ ဓားပြမူများထဲမှ ဒေသခံ ရဲစခန်းများသို့ ဓားပြတိုက်မှု (၇) ခုသာ အမှုဖွင့် တိုင်ကြားခဲ့ပြီး အများစု အမူများကို ဒေသ အတွင်းရှိ နစက စခန်းများသို့ တိုင်ကြားခဲ့သည်ဟု သူက ပြောသည်။

“အနီးအနားမှာ ရဲစခန်းတွေ မရှိတော့ နယ်ခြားစောင့် တာဝန်ကို ယူထားတဲ့ နစက စခန်းတွေဆီကိုဘဲ ဓားပြမူ ဖြစ်တိုင်း လူတွေက သွားရောက် တိုင်ကြား ကြပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ အရေးယူ ဖမ်းဆီးနိုင်တာ မရှိတော့ ပြည်သူတွေက စိုးရိမ်စိတ်တွေ ပိုဝင်လာတယ်။ ဒါကြောင့် ခုလို ရဲအထူး တပ်ဖွဲ့တွေကို စေလွှတ်ရတဲ့ အထိ ဖြစ်လာရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

နယ်စပ် သတင်း ရပ်ကွက်များ အဆိုအရ ဘူးသီးတောင်၊ မောင်တော နယ်စပ် မြို့နယ်များနှင့် နတ်မြစ် တလျှောက်တွင် လှုပ်ရှားနေသည့် ဓားပြ ဂိုဏ်း အနည်းဆုံး နှစ်ခု ရှိပြီး ဂိုဏ်းတစ်ခုစီတွင် ဓားပြ ၁၅ ဦး မှ ၃၀ ဦး ပါဝင်ကြောင်း သိရသည်။ ဓားပြများသည် ခေတ်မှီ လက်နက်များကို ကိုင်ဆောင် ထားကြသည်ဟုလည်း မျက်မြင် ဒေသခံများက ပြောသည်။

ဓားပြများသည် နယ်ခြားစောင့် နစက တပ်ဖွဲ့များကဲ့သို့ ညဥ့်အချိန်တွင် ဧည့်စာရင်း စစ်ဆေးမည်ဟု ဆိုကာ အိမ်ထဲဝင်လာပြီး နေအိမ်ထဲသို့ ချင်းနင်းဝင်ရောက်ပြီးနောက်ပိုင်း ဓားပြ တိုက်ယူ ကြခြင်း ဖြစ်သည်။

ဓါးပြတိုက်စဉ် နေအိမ်ထဲသို့ ၀င်ရောက်လာသည့် ဓားပြများမှာ ဒေသခံမူဆလင်များ ဖြစ်ကြ သော်လည်း အိမ်အပြင်မှ ၀ိုင်းထားသူများထဲတွင် နစက တပ်သားများကဲ့သို့ ၀တ်စုံများ ၀တ်ဆင် ထားပြီး ခေတ်မှီသေနတ်များ ကိုင်ဆောင်ထားသူများလည်း ပါဝင်သည်ဟု ဓားပြတိုက်ခံခဲ့ရသူများ၏ ထုတ်ဖေါ် ပြောကြားချက် အရ သိရှိရသည်။

သရက်အုပ် ကျေးရွာသား တဦးက “ခုလို နစက အယောင်ဆောင်ပီး ဓားပြတိုက်တဲ့ အတွက် နစကတွေကိုဘဲ လူတွေက ထင်ယောင် ထင်မှား ဖြစ်လာကြတယ်။ တိုက်တဲ့ သူတွေကလည်း နစက တပ်ဖွဲ့ဝင်တွေ ၀တ်တဲ့ ယူနီဖေါင်းနဲ့ နစကလို ပြောဆိုပီး ဓားပြတိုက်တာဆိုတော့ နစကနဲ့ ဓားပြတိုက်မူတွေ ပတ်သက်တယ် ဆိုတဲ့ အမြင်တွေလည်း လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ ခုထက်ထိ ဓားပြ အစစ်အမှန် တဦးတယောက်ကိုမှ မဖမ်းဆီးနိုင်တဲ့ အတွက် လူအများစုကတော့ တချို့ ဓားပြမူတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေ ပါဝင်နေတယ်ဆိုပီး စွပ်စွဲ ပြောဆိုနေကြပါတယ်” ဟု ပြောသည်။

သရက်အုပ်ကျေးရွာတွင်လည်း လွန်ခဲ့သော မေလ ၉ ရက်နေ့က ရယက ဥက္ကဌ ဦးထွန်းအေးမောင်အိမ်ကို ဓားပြတိုက်ရာတွင် ဓားပြများသည် နစက တပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဝင်ရောက်ကာ ဓားပြတိုက်ယူသွားခဲ့သည်။ အဆိုပါ ဓားပြတိုက်မူကြောင့် ဦးထွန်းအေးမောင်မှာ ကျပ်သိန်း ၁၀၀ ဖိုး ဆုံးရှုံး ခဲ့ရပြီး နောက်ပိုင်းတွင် ဓားပြရန်ကို မကာကွယ်နိုင်ဟုဆိုကာ ရယက ဥက္ကဌ တာဝန်မှလည်း ရပ်စဲ ခံခဲ့ရသည်။

မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တွင် တည်ရှိသော နတ်မြစ် တလျှောက်တွင်လည်း ငါးဖမ်းဘုတ်များ နှင့် တဘက်နိုင်ငံသို့ တရားမ၀င် မှောင်ခိုကူးနေကြသည့် လောင်းလှေများကို ဓားပြတိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း နှစ်ဘက် အာဏာပိုင်များ အနေဖြင့် နှိမ်နှင်းနိုင်ခြင်း မရှိကြောင်း သိရသည်။

ယခုကဲ့သို့ သောင်းကျန်းနေသော ဓားပြများကို ရဲထက် များစွာ အဆင့်မြင့်ပြီး အင်အားပိုကြီးသည့် နစကတပ်များနှင့် စစ်တပ် တပ်ရင်းများက မနှိမ်နှင်းဘဲ စစ်တွေမှ ရဲတပ်ဖွဲ့ဝင်များက လာရောက် နှိမ်နှင်းမည် ဆိုသည်မှာ လွယ်ကူနိုင်မည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

နိရဉ္စရာသတင်းထောက် တာကလူး ရေးသားသည်။

Friday, 2 July 2010

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်တုံးများကို ကျေးရွာကော်မရှင်သို့ ရောင်းချပြီး ဝင်ငွေရှာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌများအား တံဆိပ်တုံးများကို ဈေးအများဖြင့် ရောင်းချပြီး ရံပုံငွေ ရှာဖွေ နေကြောင်း သိရသည်။

အဆိုပါ အတွင်းရေးမှူး ဦးလှရွှေသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌများတွင် အသုံးပြုမည့် တံဆိပ်တုံး တခုကို ကျပ်ငွေ ၅၀၀၀ စီဖြင့် ရောင်းချနေကြောင်း အမည်မဖေါ်လိုသူ ကျေးရွာ ကော်မရှင် ဥက္ကဌ တဦးက ပြောသည်။

“တံဆိပ်တုံးက အကြီးတတုံး၊ အငယ် တတုံးဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် တံဆိပ်ပါတဲ့ ရော်ဘာ တံဆိပ်တုံး တခုနဲ့ ဥက္ကဌ လက်မှတ်ထိုးမယ့်နေရာမှာ သုံးမယ့် တံဆိပ်တုံးတခု စုစုပေါင်း ၂ ခုဖြစ်ပါတယ်။ တခုကို ၅၀၀၀ ကျပ်စီနဲ့ ရောင်းချ ပေးနေတာ ဖြစ်ပါတယ်။”

၎င်းတံဆိပ်တုံး ဈေးနှုန်းများမှာ ဈေးများ သောကြောင့် ကော်မရှင် ဥက္ကဌများ အနေဖြင့် မဝယ်လို ကြကြောင်း တခြား ကျေးရွာ ကော်မရှင် ဥက္ကဌ တဦးက ဆိုသည်။

“တံဆိပ်တုံးတခုကို ၅၀၀၀ ဆိုတော့ ဈေးက များတာပေါ့ဗျာ။ ပြီးတော့ တံဆိပ်တုံးတွေအတွက် ဗဟိုက ထုတ်ပေးမယ်ဆိုတဲ့ ငွေကလည်း မရသေးဘူး။ ဘယ်လောက် ပေးမယ်ဆိုတာလဲ အတိကျမသိဘူး။ အခု တတုံးကို ၅၀၀၀ စီ တောင်းတာက သိပ်များပါတယ်။ ဒါက တံဆိပ်တုံးတွေကို ပြပြီးတော့ ကိုယ်ကျိုး ဝင်ငွေရှာ နေတာဖြစ်ပါတယ်။ ဘယ် ကော်မရှင် ဥက္ကဌမှ မဝယ်ချင်ကြပါဘူး။ မဝယ်သေးတဲ့ သူတွေများပါတယ်။ တကယ်လို့ ဝယ်လိုက်လို့ရှိရင် ဗဟိုကငွေ မပေးတော့ဘူးဆိုရင် ကိုယ့်အိပ်က စိုက်ရမှာပေါ့။ ”

ယခုအခါတွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်ဥက္ကဌများမှာ မဝယ်လျှင်လည်းအခက် ဝယ်လျှင်လည်းအခက် ဒွိဟစိတ်ဖြင့် အခက်ကြုံနေကြကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့တွင် ရပ်ကွက်/ကျေးရွာထဲမှ သင့်တော်သူ တဦးကို ကျေးရွာ ကော်မရှင် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်ပြီး ရယက စာရေးမှာ အတွင်းရေမှူး ဖြစ်ပြီး ကျန်ရယက အဖွဲ့ဝင် တဦးမှာ ကော်မရှင် အဖွဲ့ဝင် ဖြစ်သည်။

မောင်တောမြို့တွင် ရွေးကောက်ပွဲ ကော်မရှင်သင်တန်းကို လွန်ခဲ့သော ဇွန်လ ၆ရက်နေ့က မောင်တောမြို့တွင် ပြုလုပ်ခဲ့သည်။

နိရဉ္စရာသတင်းထောက် မင်းဆက်ခိုင် ရေးသားသည်။

အင်းပေါက်ဝ ကုမ္ပဏီမှ ဆန်အိတ် ၃၀၀၀ နောက်ထပ် မောင်တောသို့ ရောက်ရှိ

ရေကြီးပြီး နောက်ပိုင်း မောင်တောမြို့နယ်တွင် ဆန်ဈေးများ အဆမတန် မြင့်တက်သွားသဖြင့် ပြည်သူများ သက်သက်သာသာဖြင့် ၀ယ်ယူ အသုံးပြုနိုင်ရန် အတွက် စစ်တွေ အင်းပေါက်ဝ ကုမ္ပဏီမှ ဆန်အိတ်များကို သင်္ဘောဖြင့် မောင်တောသို့ တင်ပို့နေရာ ဇွန်လ ၃၀ ရက်နေ့က နောက်ထပ် ဆန်အိတ် ၃၀၀၀ ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

မောင်တောမြို့ခံ တဦးက “ ခုရောက်လာတာက ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ပထမ အခေါက်ကလည်း အင်းပေါက်ဝ ကုမ္ပဏီက ဆန်အိတ် ၃၀၀၀ ကိုမောင်တောကို သင်္ဘောနဲ့ တင်ပို့ပြီး တအိတ်ကို ကျပ် တသောင်းခွဲနုန်းနဲ့ ရောင်းချပေးခဲ့ပါတယ်” ဟု ပြောသည်။

ယခုရောက်ရှိလာသော ဆန်များကို မောင်တော ခရိုင် ကုန်သည်ကြီးများ အသင်းမှ တအိတ်ကို ကျပ် ၁၅၀၀၀ ဖြင့် ၀ယ်ယူပြီး ဒေသခံ ပြည်သူများသို့ ၁၅၅၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

“ ဆန်တွေကို ဇူလိုင်လ ၁ ရက်နေ့က စပြီး ရောင်းချနေပါပြီ။ အိမ်ထောင်စု အလိုက် မှတ်ပုံတင် မဟုတ်ရင် ပုံစံ တဆယ် မိသားစု စာရင်း အပြည့်အစုံနဲ့ အိမ်ထောင်စုတစုကို ဆန် (၁၀) အိတ်နှုန်း ရောင်ချ နေပါတယ်။” ဟု သူက ဆက်ပြောသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယခုအချိန်ထိ ကျိုးပျက်နေသဖြင့် အဆိုပါ ဆန်အိတ်များကို စစ်တွေမှ တဆင့် ရေလမ်းကြောင်းကို အသုံးပြုပြီး တင်ပို့နေရကြောင်း သိရသည်။ ၎င်းပြင် တခြား ကုန်ပစ္စည်းများ တင်ပို့ခြင်းကိုလည်း ကားလမ်းပျက်နေသဖြင့် ရေလမ်းကို အသုံးပြုပြီး ဆက်သွယ် တင်ပို့နေရကြောင်း သိရသည်။

သို့သော်လည်း ပင်လယ်ပြင်ကို ဖြတ်ပြီး ခရီးသွားလာရ သဖြင့် မိုးရာသီတွင် ယခုကဲ့သို့ ရေလမ်းကြောင်းကို အသုံးပြုနေရခြင်းမှာ အန္တရာယ်များကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် ခိုင်ခိုင်စံ ရေးသားသည်။

Thursday, 1 July 2010

ရန်ကုန်ရှိ နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြား နုတ်ထွက်

ရန်ကုန်မြို့တွင် HIV/AIDS ရောဂါသည်များကို ကူညီ စောင့်ရှောက်ပေးနေသော နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြားသည် သက်ဆိုင်ရာ နိုင်ငံခြားသူ တာဝန်ရှိသူ တဦး၏ မောက်မာစွာ ဆက်ဆံမူကြောင့် တာဝန်မှ နုတ်ထွက် ခဲ့ကြရသည်ဟု အမည်မဖေါ်လိုသူ ၀န်ထမ်း တဦးက ပြောသည်။

“စုစုပေါင်းနုတ်ထွက်တာက မန်နေဂျာ အပါအ၀င်ပေါ့နော်။ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး အားလုံး ၁၄ ဦး ဖြစ်ပါ တယ်။ အဓိက နုတ်ထွက်ရတဲ့ အကြောင်းအရင်း ကတော့ အသစ်ရောက်ရှိလာတဲ့ နိုင်ငံခြားသူ တဦးရဲ့ မောက်မာစွာ ဆက်ဆံမူတွေကြောင့် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

အဆိုပါ NGO မှာ ခုခံမူ ကျဆင်းရေး တိုက်ဖျက်ရေး အဖွဲ့ ( မဟာမိတ်) အမည်ဖြင့် ရန်ကုန်မြို့ လှည်းတန်း စံရိပ်ငြိမ် (၆) လမ်းတွင် ဖွင့်လှစ်ထားသော အဖွဲ့ဖြစ်ပြီး HIV/AIDS ရောဂါသည်များကို ကူညီ စောင့်ရှောက် ကုသ ပေးနေသည်မှာ ၁၅ နှစ်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဌာနအား ကြီးကြပ် ကွပ်ကွဲရန် အရာရှိ နိုင်ငံခြားသူ တဦး ၂၀၁၀-ခု ဇန်န၀ါရီလမှ ရန်ကုန်မြို့ သို့ တာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည့် အချိန်မှစပြီး ယခုကဲ့သို့ မပြေလည်မူနှင့် စတင်ခဲ့ရကြောင်း သူက ပြောသည်။

“အဲဒီ အမျိုးသမီးက မြန်မာပြည်ကို သိပ်အထင်သေးတယ်။ မြန်မာပြည်မှာ ဘာမှ လုပ်လို့ရတာ မရှိဘူး။ ဒါတွေကိုဘဲ ပြောနေတယ်။ ဒါကလည်း ၀န်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ အစိုးရနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ၀န်ထမ်းတွေကိုဘဲ ခဏခဏ အပြစ်ပြောလာတော့ နောက်တော့လည်း သည်းမခံနိုင်တာနဲ့ အလုပ်က ထွက်လိုက်ကြရတာ ဖြစ်ပါတယ်။”

အဆိုပါ ရုံးတွင် ၀န်ထမ်း ၃၀ ရှိပြီး တ၀က်နီးပါး နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ NGO အဖွဲ့သည် အစိုးရနှင့် တိုက်ရိုက်ဆက်နွယ်ကာ မြန်မာနိုင်ငံအတွင်းရှိ HIV, AIDS ရောဂါသည်မျှားအတွက် အထူး တာဝန် ယူဆောင်ရွက်နေသော အဖွဲ့ တစ်ခုဖြစ်ပြီး နိုင်ငံခြားသူ ရောက်လာပြီး ကတည်းက လူနာများအား ထိရောက်အောင် ဆောင် ရွက် ကုသပေးမူများ လျော့နည်းလာသည့် အပြင် ဟန်ပြ သဘော လုပ်ဆောင်ချက် လာသည်ကို တွေ့ရသဖြင့် လူနာများ ၏ အနာဂတ်ကို စိုးရိမ်ရကြောင်း သူက ပြောသည်။

အဆိုပါ ၀န်ထမ်းများ နုတ်ထွက်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီးဌာနသို့ တိုင်တန်းထားသော်လည်း ယခုအချိန်ထိ ထိရောက်စွာ ၀င်ရောက် ဖြေရှင်းပေးမူ မရှိကြောင်း သိရသည်။

အခုအခါ အဆိုပါ NGO မှ လစ်လပ်သွားသော ၀န်ထမ်များနေရာတွင် လူသစ်များ ခေါ်ယူနေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာသတင်းထောက် မိညို ရေးသားသည်။

လယ်ထွန်ချိန်တွင် ကျွဲ၊ နွားများ ခွာနာ လျှာနာဖြစ်၍ ရခိုင် လယ်သမားများ လယ်ထွန်ရန် အခက်တွေ့

ရခိုင်ပြည်နယ်တွင် မိုးဦးကာလ လယ်ထွန်ချိန်၌ ကျွဲ၊ နွားများ ခွာနာ- လျှာနာ ရောဂါဖြစ်ပွား နေသဖြင့် လယ်ယာ ထွန်ယှက်ရာတွင် ရခိုင် တောင်သူ လယ်သမားများ အခက်ကြုံတွေ့ နေကြရသည်ဟု သိရသည်။

“ကျွဲ၊ နွားတွေ ခွာနာ၊ လျှာနာ ဖြစ်နေတော အစာလည်း မစားနိုင်တော့ဘူး၊ ခြေထောက်တွေလည်း ထောက်လို့ မရတော့ဘူး၊ အခုလို လယ်ထွန်ချိန်မှာ ကျွဲ၊ နွားတွေ ရောဂါဖြစ်တော့ လယ်သမားတွေ အတွက် အထူး အခက်တွေ့ နေကြပါတယ်။ ရောဂါကတော့ ကျွဲတွေမှာ အဖြစ်နည်းပြီး၊ နွားတွေက အဖြစ်များ ပါတယ်။ ရောဂါ ဖြစ်ရင် ကျွဲနွားတွေဟာ တအားပိန်ချုံ့သွားပြီး ချက်ချင်း အလုပ်ပြန်ခိုင်းလို့ မရပါဘူး ” ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတဦးက ပြောသည်။

ကျွဲ၊ နွားများ ခွာနာ၊ လျှာနာ အဖြစ်များသော မြို့နယ်များမှာ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပြီး စစ်တွေနှင့် အခြားမြို့နယ်များတွင်လည်း ဖြစ်ပွားမှု တချို့ ရှိနေ ကြောင်း သိရသည်။

တချို့လယ်သမားများသည် သူတို့၏ ကျွဲ၊ နွားများကို ကာကွယ် ဆေးများ ထိုးထား သော်လည်း ရောဂါဖြစ်ပွားသော ကျွဲ၊ နွားများမှ အခြားကျွဲ၊ နွားများသို့ ကူးစက်ပြန့်ပွားနေသဖြင့် အဆိုပါ ရောဂါမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေကြောင်း သိရသည်။

တချို့နွားတွေမှာ ရောဂါ ပြင်းထန်ပြီး အစာမစားနိုင်သောကြောင့် သေဆုံးမှုများ ရှိကြောင်း သိရသည်။

“တချို့လယ်သမားတွေက သူတို့ ကျွဲ၊ နွားတွေကို ကာကွယ်ဆေးများထိုးပေးထားပါတယ်။ ဒါပေမယ့်လည်း နွားတွေမှာ ခွာနာ လျှာနာ ဖြစ်နေကြတာပါဘဲ။ တကောင်ကနေ တကောင်ကို ကူးစက်တယ် ထင်ပါတယ်။ တချို့နွားတွေဆိုရင် အစာမစားနိုင်လို့ သေဆုံးသွားတာတွေ ရှိပါတယ်။ ဒီလိုဖြစ်လာရင် နွားတွေက တအားပိန်သွားပြီး သေဆုံးသွားတတ်ပါတယ်” ဟု အဆိုပါ လယ်သမားမှ ဆက်လက်ပြောကြားသည်။

သို့သော်လည်း သက်ဆိုင်ရာ တိမွေးကု ဌာနများမှ အဆိုပါ ရောဂါကို နိုင်နိုင်နှင်းနှင်း ကုသ ကာကွယ်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်းသိရသည်။ ထိုသို့ ကုသ မကာကွယ်နိုင်ခြင်းမှာ ဆေးဝါး အလုံအလောက် မရှိ၍ ဖြစ်ကြောင်း သိရသည်။

ယခုလို လယ်ထွန်ချိန်တွင် ကျွဲ၊ နွားများ ရောဂါဖြစ်ပွားနေသောကြောင့် လယ်မြေများကို ကောင်းမွန်စွာ မထွန်ယှက် နိုင်သဖြင့် စပါး အထွက်နှုန်း ကျဆင်းပြီး စီးပွားရေး အဆင်မပြေမှာကို လယ်သမားများ အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

နိရဉ္စရာသတင်းထောက် စံလင်း ရေးသားသည်။

ဂွက်လတ်ကြီး ဘီယာဆိုင်ကြောင့် ရန်ကုန် လူထု အခက်ကြုံ


ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဘီယာဆိုင် တခုမှ ညလုံးပေါက် ဆူညံနေမူကြောင့် အနီးအနားရှိ ပြည်သူများ အနေဖြင့် အနှောင့်အယှက် ဖြစ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဆိုင်အမည်မှာ “ဂွက်လတ်ကြီး” ဟု အမည်ပေးထားသော ဆိုင်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် တောင်ပိုင်း တံတားဖြူ မှတ်တိုင် ပင်လုံဆေးရုံအနီး ၂၈ ရပ်ကွက်မှာ တည်ရှိသည်ဟု သိရသည်။


ရပ်ကွက်နေပြည်သူ တဦးက “ ဒီဆိုင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ဖိုးလပြည့် ပိုင်တယ်လို့ သိရပါတယ်။ ည ၆ နာရီကနေ နံနက် ၄နာရီ အထိ တညလုံးလိုလို ဘီယာဆိုင်ကို ဖွင့်လှစ် ထားပြီး အဆို အကတွေနဲ့ တီးမူတ် သီဆို ဖျော်ဖြေ ပျော်ပါး နေကြတာကြောင့် အနီးနား တ၀ိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံများ အတွက် အထူး အနှောင့်အယှက် ဖြစ်နေကြရပါတယ်” ဟု ပြောသည်။

အဆိုပါ ဘီယာဆိုင်ကို တချို့ပြည်သူများ က စင်တင် တေးဂီတ ညပွဲဟု ခေါ်နေကြပြီး ၄င်းဘီယာ ဆိုင်သို့ အဆို တော်များဖြစ်ကြသည့် ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ အေးသင်ချို၊ ကော်နီနှင့် တခြား အဆို တော်များလည်း လာရောက် ဖြေဖျော်ကြသည်ဟု သူက ဆက်ပြောသည်။

“အဆိုတော်တွေကို ငှားရမ်းပြီး စီးပွားရေးအရ တွက်ခြေ ကိုက်အောင် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ သုံးညမှ တညစီ အဆိုတော်တွေက လာရောက် ဖြေဖျော်တဲ့ အတွက် အဲဒီ ဘီယာဆိုင်ကို လာရောက် ပျော်ပါးကြတဲ့ သူတွေက အထူးများပြားပါတယ်။ နောက်ကွယ်မှာတော့ ဆိုင်ပိုင်ရှင်တွေက မကောင်းမူ တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။”

အဆိုတော်များ မရောက်သော တခြားညမျာတွင် ဘီယာ ဆိုင်၌ အလုပ်ခန့်ထားသူ အမျိုးသမီးများက စင်တင် ဖြေဖျော်ရေး အစီအစဉ်များကို တာဝန်ယူဆောင်ရွက်ကြပြီး အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၀ အရွယ်ထိ ဖြစ်ကြောင်းနှင့် အရေအတွက်အားဖြင့် ၃၀ ခန့်ရှိသည်ဟု သိရသည်။

၎င်း ဘီယာဆိုင် အနီးတွင်လည်း မြနန်းသစ် တည်းခိုခန်း တခု ရှိပြီး အဆိုပါ ဘီယာဆိုင်နှင့် အလုပ် ဆက်စပ်ထားကာ မကောင်းမူ လုပ်ငန်းများကို လုပ်ကိုင်ကြသည်ဟု သူက ပြောသည်။

“အဲဒီ တည်းခိုးခန်းက ၅မိနစ်လောက်ဘဲ ကားနဲ့သွားရပါတယ်။ ဖေါက်သည်တွေကို ကားတွေက အကြိုအပို့ လုပ်ပေးပါတယ်။ ခုလို မြန်မာ့ ယဉ်ကျေးမူနဲ့ မကိုက်ညီဘဲ ဖြစ်နေတဲ့ ဘီယာဆိုင် အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးပိုင်တဲ့ ဆိုင်ဆိုပြီးတော့ ဘယ်သူ တယောက်မှလဲ မပြော ရဲကြဘူး။ ဒါကြောင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာ ဖြစ်ပါတယ်” သူကပြောသည်။

အဆိုပါဘီယာဆိုင်တွင် အစားအသောက်မပါပဲ ထိုင်ခ သီးသန့် တယောက်ကို ကျပ်ငါးထောင်စီ ပေးသွင်း ရသည်ဟုလည်း သိရသည်။

နိရဉ္စရာသတင်းထောက် ထွန်းထွန်း ရေးသားသည်။

မြန်မာ့ သစ်တောဌာနမှ ဆင်ဖြူတကောင်ကို မောင်တောနယ်တွင် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရှားပါး ဆင်ဖြူ တကောင်ကို မြန်မာ့ သစ်တောဌာနမှ လွန်ခဲ့သော တနင်္ဂနွေနေ့က ဖမ်းဆီး ရမိကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆင်ဖြူကို မောင်တောမြို့နယ် ဖက်ဝပ်ချောင်း ကျေးရွာအနီး မေယုတောင်တန်းတွင် သစ်တောဌာန လက်အောက်ခံ ဆင်ဖမ်း အဖွဲ့မှ ကျေးရွာသားများ၏ အကူအညီဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မျက်မြင် ကျေးရွာသား တဦးက “ ဆင်က သိပ်မကြီးသေးဘူး။ အဖြူရောင်ပါ။ ဒါပေမယ့် သိပ်ပြီး ဖြူနေတာတော့ မဟုတ်ဘူး။ အဖြူရောင် ဖျော့ဖျော့ရှိပါတယ်။ အခု ဆင်ကို ငါးခူရ နစက စခန်းကို ယူသွားပါပြီ။ အဲဒီက တဆင့် ခုနှစ်ရက် အကြာမှာ နေပြည်တော်ကို ယူသွားမယ်လို့ သိရပါတယ်” ဟု ပြောသည်။ အဆိုပါ ဆင်ကို ငါးခူရတွင် ခုနှစ်ရက်ကြာ လေ့ကျင့် ထိန်းသိမ်းပြီး ၎င်းနောက်ပိုင်း မောင်တောကို ယူဆောင်မည် ဖြစ်ကာ မောင်တောက တဆင့် နေပြည်တော်ကို ယူဆောင်မည် ဖြစ်သည်။

၂၀၀၁ နှင့် ၂၀၀၂ ခုနှစ် အတွင်းကလည်း ရသေ့တောင်မြို့နယ် မေယူတောင်တန်းမှ ဆင်ဖြူ နှစ်ကောင်ကို ဖမ်းဆီးရမိပြီး ယခုအခါ ရန်ကုန်တွင် ထားရှိကြောင်း သိရသည်။

ဆင်ဖြူပိုင်လျှင် တိုင်းပြည်ကို အုပ်ချုပ်သူ မင်း၊ အစိုးရကို ဘုန်းတန်ခိုး ထက်စေသည်ဟူ သော အယူအဆမှာ မြန်မာ ဘုရင်လက်ထက်များကတည်းက ရှိခဲ့သော အယူအဆ ဖြစ်ပြီး ယခုလက်ရှိ နအဖ စစ်အစိုးရမှလည်း အဆိုပါ အယူအဆကို လက်ခံ ယုံကြည်ထားသဖြင့် ရခိုင်တောတောင်များတွင် ဆင်ဖြူများကို နအဖ စစ်အာဏာပိုင်များက လိုက်လံ ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ဆင်ဖြူဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကျေးရွာသားများကိုလည်း ယခုအခါ နအဖ စစ်အစိုးရ အာဏာပိုင်များမှ ဆုငွေများ ပေးကမ်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် ခိုင်ခိုင်ဇံ ရေးသားသည်။

Monday, 28 June 2010

တရုတ် ဖိအားကြောင့် ရခိုင် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေး တိုးမြှင့်တော့မည်

တရုတ် အစိုးရ၏ ဖိအားကြောင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေးကို တိုးမြှင့်သွားတော့မည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

သူက “ ကချင် မြစ်ဆုံမှာ ဗုံးတွေ ဆက်တိုက် ကွဲပြီးတဲ့ နောက်မှာ တရုတ် ကုမ္ပဏီတွေ ရှိတဲ့ နေရာတိုင်းမှာ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ မြန်မာ စစ်အစိုးရကို တရုတ်က ဖိအားပေးလာတဲ့ အပေါ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ဂတ်စ်ပိုင်လိုင်း စီမံကိန်းတွေမှာလည်း အခုအခါ နိုင်ငံတော် အစိုးရက လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ စီစဉ်လာတာ့ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ပထမဆုံးအနေဖြင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် အကြီးမားဆုံး ရဲစခန်း တခု တည်ဆောက်ရန် စီစဉ်နေကြောင်းကို သူက ယခုကဲ့သို့ ပြောသည်။

“ တရုတ်ကို တင်ပို့မယ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရဲ့ အဓိက ပင်မ နေရာ ဖြစ်တဲ့ ကျောက်ဖြူ မဒေးကျွန်းမှာ အင်အားအကြီးဆုံး ရဲစခန်း တစ်ခုကို များမကြာမှီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ထိ ရှိမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မှီ လက်နက် ကရိယာတွေ တပ်ဆင်မှာ ဖြစ်သလို ခေတ်မှီ စပိဘုတ်တွေနဲ့ မော်တော်ဘုတ် တွေကိုလည်း ထားရှိသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင် ရဲစခန်းများ ကို “က”မှ “င” အထိ အဆင့်ခွဲကာ ဖွဲ့စည်းထားပြီး၊ “က” အဆင့်မှာ အမြင့်ဆုံး ဖြစ်ကာ ရဲသား အင်အား (၇၀) သတ်မှတ်ထားရှိသည်။ ၄င်း “က” အဆင့် ရဲစခန်းများကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ မောင်တောမြို့နယ် တောင်ပြို၊ တောင်ဂုတ်မြို့နယ် မအီနှင့် ဂွမြို့နယ် ကျိန်တလီတွင် တစ်ခုစီ ဖွင့်လှစ်ထားကြောင်း သူက ပြောသည်။

ယခု အဆိုပါ မဒေးကျွန်း၌ တရုတ်ပိုက်လိုင်း လုံခြုံရေးအတွက် ရဲသား ၁၀၀ ထားရန် ရာတားထားသည့် အတွက်ကြောင့် မဒေးကျွန်း ရဲစခန်းမှာ ရခိုင် ပြည်နယ်တွင် “က” အဆင့်လွန် အင်အား အကြီးဆုံး ရဲစခန်း ဖြစ်လာမည် ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

မဒေးကျွန်းတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီတို့ ပေါင်းဖက်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခုကို ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စတင် အကောင်အထည်ဖေါ် တည်ဆောက်လျက်ရှိသည်။

ဒေသခံပြည်သူများ၏ အဆိုအရ နအဖအာဏာပိုင်များနှင့် အဲရှားဝေါလ် ကုမ္ပဏီတို့ ပေါင်းဖက်ပြီး တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အဆိုပါ ကျွန်းပေါ်ရှိ ကျေးရွာများမှ နေအိမ် ၅၀ နီးပါးခန့်ကို ပြောင်းရွှေ့ ဖျက်ဆီးခဲ့ပြီး လယ်မြေဧက ၃၀ နီးပါးခန့်ကိုလည်း လျော်ကြေး တစုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းယူ ခဲ့ခြင်းကြောင့် ဒေသခံများ အကြား ၄င်းစီမံကိန်းနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

လက်ရှိ အချိန်တွင်လည်း ရခိုင်ပြည်နယ် ရေတပ်ဌာနချုပ်ကို ကျောက်ဖြူ မြို့နယ် သစ်ပုတ်တောင်တွင် ဖွင့်လှစ်ထားပြီး ကျောက်ဖြူတွင်လည်း စစ်တပ် တပ်ရင်း (၃)ရင်း တပ်စွဲထားသည်။

နအဖ စစ်အာဏာပိုင်များက တရုတ်၏ ဖိအားကြောင့် နောက်ထပ် ရခိုင် ပြည်နယ်တွင် လုံခြုံရေးကို ထပ်မံ တိုးချဲ့လာသဖြင့် အာဏာပိုင်များ၏ ကန့်သတ် ချုပ်ချယ်မှု များနှင့် ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပိုမို တိုးပွားလာမည်ကို ဒေသခံများက အထူး စိုးရိမ်နေကြသည်ဟု သိရှိရသည်။

နိရဉ္စရာသတင်းထောက် တာကလူး ရေးသားသည်။

“Ex Tiger Shark 3” စစ်ရေးလေ့ကျင့်မူ စတင်ပြီ

“Ex Tiger Shark 3” ဟု နာမည်ဝှက်ပေးထားသော ပူးတွဲ စစ်ရေးလေ့ကျင့်မူ တရပ်ကို အမေရိကန် စစ်တပ်နှင့် ဘင်္ဂလာဒေခ်ျ့ စစ်တပ်တို့မှ စစ်တကောင်း တောင်တန်းနယ်တွင် ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်မူကို ဇွန်လ ၂၀ ရက်နေ့က စတင်ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ယူအန်ဘီ သတင်းတွင် ဖေါ်ပြသည်။

ပူးတွဲ စစ်ရေးလေ့ကျင့်မူတွင် ဘင်္ဂလာဒေခ်ျ့ မှ စစ်တပ်၊ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အမေရိကန် စစ်တပ်နှင့် တလကျော်ကြာ လေ့ကျင့်သွားမည် ဖြစ်သည်။

စစ်ရေးလေ့ကျင့်မူတွင် တိုက်ခိုက်ရေး၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နည်း၊ ကွန်မဒို တိုက်ခိုက်နည်း များ အပါအ၀င် လေကြောင်း၊ ရေကြောင်း နည်းပညာရပ်များနှင့် တခြား စစ်ရေးဆိုင်များကို ပူးပေါင်း လေ့ကျင့်သွားမည် ဖြစ်သည်။

ယခုအခါ အဆိုပါ စစ်ရေးလေ့ကျင့်မူကို စစ်တကောင်းမြို့နှင့် မြန်မာ နယ်စပ် အနီးရှိ စစ်တကောင်း တောင်တန်နယ် ရန္ကာမတီရှိ ကာပတိုင် ဒေသတွင် ပြုလုပ်နေကြောင်း ISPR မှ ထုတ်ပြန်သော သတင်း ကျေညာချက်တွင် ဖေါ်ပြသည်။

အမေရိကန်နှင့် ဘင်္ဂလာဒေခ်ျ့စစ်တပ်တို့အကြား စစ်ရေး ပူးတွဲ လေ့ကျင့်မူများကို မကြာခဏ ပြုလုပ်နေပြီး လွန်ခဲ့သောနှစ် နိုဝင်္ဘာလကလည်း Tiger Shark အမည်ရှိသော ပူးတွဲ စစ်ရေး လေ့ကျင့်မူကို ပြု လုပ်ခဲ့သည်။

၎င်းပြင် ဘင်္ဂလာဒေခ်ျ့ အကြမ်းဖက်နှိမ်နှင်းရေး အထူး တပ်ဖွဲ့များအားလည်း စစ်ရေး သင်တန်းများ ပေးနေသည့် အပြင် ခေတ်မှီ လက်နက် ကရိယာများကိုလည်း အမေရိကန်မှ တပ်ဆင် ပေးထားကြောင်း သိရသည်။

Friday, 25 June 2010

လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ကျောင်းပြိုပျက်သွားခဲ့သဖြင့် စာမသင်ရ ဖြစ်နေသော ကလေးငယ်များ အတွက် UNICEF ခေါ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့မှ စစ်တွေမြို့ သဲချောင်းတွင် ယာယီ စာသင်ကျောင်းဆောင် တခုကို ဆောက်လုပ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းစာသင်ကျောင်းကို လွန်ခဲ့သော ဗုဒ္ဓဟူးနေ့မှစ၍ စတင် ဖွင့်လှစ် ပေးခဲ့သော်လည်း နဂိုကတည်းက ဆင်းရဲပြီး လေဆင်နှာမောင်းကြောင့် မိဘများ ဘ၀အခြေအနေများ ပိုမိုဆိုးရွားသွားသည့် အတွက် ကျေးရွာရှိ ကလေးအများစုမှာ အတန်းထဲသို့ ပြန်လာနိုင်ခြင်း မရှိသေးကြောင့် ကျောင်းဆရာမ တစ်ဦးက နိရဉ္စရာကို ယခုကဲ့သို့ ပြောပြသည်။

“ကျွန်မရဲ့ကျောင်းသားကျောင်းသူတွေ အများစုကတော့ ကျောင်းမတက် နိုင်ကြသေးပါဘူး။ လေဆင်နှာမောင်း ကြောင့် သူတို့ နေထိုင်တဲ့ အိမ်တွေ အကုန်လုံး ပျက်စီး ဆုံးရှုံး သွားခဲ့ရပါတယ်။ ကလေးတွေရဲ့ ကျောင်းသုံး စာအုပ်တွေနဲ့ ဘောလ်ပန်၊ ခဲတံ စတဲ့ စာရေး ကိရိယာတွေလဲ အကုန်လုံး လေထဲ ပါသွားတယ်။ နဂိုကတည်းက မိသားစုတွေက ဆင်းရဲတဲ့ သူတွေဆိုတော့ လေဘေးသင့်ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အခြေအနေက ပိုမို ဆိုးရွား သွားခဲ့ကြတယ်လေ။ မိဘတွေကလည်း အိုးအိမ် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် လုံးပန်းနေကြရတာကြောင့် ကလေးတွေကို တဘက်တလမ်း အကူအဖြစ် အသုံးချနေကြရတော့ ကလေးတွေမှာ ကျောင်းပြန်တက်နိုင်ဖို့ အခွင့်အလမ်း နည်းပါး သွားကြရတာပေါ့။”

၎င်းပြင် ဆရာမက ကျောင်းသား ကျောင်းသူများ အတွက် အမှန်တကယ်လိုအပ်သော စာအုပ် စာတန်းများကို မိဘများမှ ၀ယ်ပေးနိုင်ရန် အခြေအနေ မရှိသဖြင့် အများစုမှာ ကျောင်းတက်နိုင်ရန် အခြေအနေ မရှိတော့ကြောင်း ယခုကဲ့သို့ ဆက်ပြောသည်။

“ သက်ဆိုင်ရာက ကူညီတယ်ဆိုတာကတော့ မဖြစ်စလောက်ကလေးပါ။ ဗလာ စာအုပ်တွေနဲ့ ခဲတံ သုံးလေးချောင်း ဒါတွေပါဘဲ။ တကယ် လိုအပ်တာက ကျောင်းသုံး စာအုပ်တွေ ဖြစ်ပါတယ်။ ပထမ တကြိမ်ကတော့ မိဘတွေက သားသမီးတွေ ပညာတတ်စေချင်လို့ မရှိမဲ့ ရှိမဲ့ကြားထဲက ကျောင်းသုံး စာအုပ်ဖိုး အကုန်ကျခံပြီး ၀ယ်ပေးထားပြီး ပါပြီ။ နောက်တကြိမ် သူတို့ အနေနဲ့ ဘယ်လိုနည်းနဲ့မှ ၀ယ်ပေးနိုင်မယ့် အနေထားအထား မရှိတော့ဘူး။ ဒီတော့ သားသမီးတွေကိုလည်း ကျောင်းကို မလွတ်တော့ဘဲ အိမ်မှာဘဲ အလုပ်ခိုင်းထားလိုက်ကြတယ်လေ။”

သဲချောင်းကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့ ညဥ့် ၁၁ နာရီတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကျေးရွာ မူလတန်းကျောင်းနှင့် အိမ်ခြေ ၃၀ ကျော် လုံးဝ ပျက်စီးသွားခဲ့ပြီး လူတဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

UNICEF မှ ကလေးများ အတွက် ယာယီ စာသင်ကျောင်း ဆောက်လုပ် ဖွင့်လှစ်ပေးခဲ့ ခြင်းမှာ ၄င်းကျေးရွာသားများ အတွက် လေဘေးဒဏ် ခံခဲ့ရပြီးနောက် ရက်သတ္တတပတ် အကြာတွင် ပထမဆုံး ရရှိခဲ့သော အကူညီ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

အဆိုပါကျေးရွာရှိ လေဘေးသင့် မိသားစုများမှာ ယခုအချိန်ထိ အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရပြီး အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် အဆိုပါ လေဆင်နှာမောင်း အပြင် ယခုလ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့သောကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များတွင် စာသင်ကျောင်းပေါင်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံ ပညာရေး ၀န်ထမ်းတဦးက ပြောသည်။


နိရဉ္စရာသတင်းထောက် တာကလူး ရေးသားသည်။