Monday, 12 July 2010
နှစ်နှစ်အတွင်း အင်းလေးကန်ကြီး ထက်ဝက်ခန့် ရေခမ်း
မြန်မာပြည်၏ ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ် နိုင်ငံတကာကပါ စိတ်ဝင်စားပြီး ထင်ရှားသည့် အင်းလေး ကန်ကြီးသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က ရေပြင်ဧရိယာ ၄၀ စတုရန်းမိုင် ရှိခဲ့ရာ ယခု ၂၀၁၀ ခုနှစ်တွင် ရေပြင် ၂၇ စတုရန်းမိုင် သာ ရှိသည်ဟု ယင်းဒေသတွင် အခြေစိုက်သည့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စောင့် ကြည့်လေ့လာရေးအဖွဲ့က သုတေသီ ပညာရှင်တဦးက ပြောသည်။
“အခုလက်ရှိကတော့ တော်တော်လေး ရေခမ်းသွားပြီပေါ့နော်။ ရေခမ်းသွားပြီဆိုတဲ့ဟာက ရေထု ညစ် ညမ်းမှုကလည်းများတယ်၊ ဒီ အငွေ့ပြန်တဲ့နှုန်းကလည်းများတယ်၊ နောက် သူ့ထဲကို စီးဝင်လာတဲ့ ရေ က မရှိဘူးပေါ့။ အဲလိုမျိုးအခြေအနေဆိုတော့ တအားကြီးကို ခမ်းသွားတယ်။ ဖောင်တော်ဦး ဘက်ဆို လို့ရှိရင် လမ်းတော်တော်လျှောက်ရတယ်။ နှစ်မိုင်လောက် လျှောက်ရတယ်။ အရင်တုန်းက ဆိုရင် ဖောင်တော်ဦးနားကို လှေနဲ့သွားလို့ရတယ်လေ။ အခု အဲဒီကို ရောက်ဖို့ကို နှစ်မိုင်လောက် လမ်း လျှောက်ရတယ်။”
အင်းလေးကန် ရေခမ်းခြောက်ရခြင်းသည် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူရှိန်ပြင်းခြင်း၊ ရေထုညစ် ညမ်းမှု ကြောင့် နှုံးများ အနယ်ကျခြင်း၊ ညစ်ညမ်းသည့်ရေများကို ပြန်လည်သန့်စင်မှု မပြုလုပ်ခြင်း၊ သီးနှံစိုက်ပျိုးခြံများ စိုက်ပျိုးမှု၊ ချဲ့ထွင်မှု များပြားလာခြင်းနှင့် အခြား ရေကြောမှ စီးဝင်လာသည့် ရေမရှိခြင်းကြောင့် ဖြစ်သည်ဟု အင်း လေးကန်ကို စောင့်ကြည့်လေ့လာရေးအဖွဲ့များက ပြောသည်။
ရေခမ်းခြောက်မှုကြောင့် ဒေသခံများသည် သောက်သုံးရေ လုံလောက်မှုမရှိသည့်အပြင်၊ စိုက်ပျိုးရေး အတွက် ရေ လိုအပ်ပြီး၊ ဒေသခံနှင့် နိုင်ငံခြားသား၊ ခရီးသွားဧည့်သည်များ ခရီးသွားလည်ရေးအတွက် အခက်အခဲနှင့် ရင် ဆိုင်နေကြရသည်ဟု ယင်း ပညာရှင်က ပြောသည်။
“စိုက်ပျိုးရေးကတော့ ပိုထိတာပေါ့နော်။ လက်မှုကတော့ ဒုတိယဖြစ်ချင်ဖြစ်မယ်။ (တိုရစင်) ခရီးသွား ဧည့်သည် ကတော့ တတိယ ဖြစ်ချင်ဖြစ်မယ်ပေါ့။ အဓိကကတော့ လက်မှုပစ္စည်းကတော့ နည်းနည်း အ၀တ်အစားကတော့ ယက်ကန်းနဲ့ဆိုတော့နည်းနည်းထိန်းလို့ရသေးတာပေါ့။ စိုက်ပျိုးရေး ကတော့ ရေလိုနေတာလေ။ နောက် သူတို့ရဲ့ အဓိက သောက်သုံးရေပေါ့။ သောက်သုံးရေရယ်၊ စိုက်ပျိုးရေး အ တွက်ရေရယ်၊ ဒီရေကိုပဲသူတို့ပြန်ပြီးသောက်တယ်။ တခြားရေအရင်းအမြစ် မရှိဘူးဆိုရင်လည်း ကျန်း မာရေးအတွက်က နောက်ဆက်တွဲ ရှိလာနိုင်တယ်လေ။ တဖြည်းဖြည်းနဲ့ ကောသွားမယ်ဆိုရင် ဟို သိန္နီ လွင်ပြင်တို့၊ ဟဲဟိုးလွင်ပြင်တို့ အဲလိုမျိုး ပလိန်းကြီး ဖြစ်သွားနိုင်တာ ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူကကျတော့ ရေသေလိုဖြစ်နေတာကိုး။ ပတ်ဝန်းကျင်ရဲ့ အခြေအနေရဲ့ သဘောတရားက အဲလိုဖြစ် နေတာ။ မိုးထပ်မရွာဘူးဆိုရင်တော့ ပိုပြီးတော့ ဆိုးနိုင်တာ ပေါ့နော်။”
အင်းလေးကန်တွင်းသို့ ရေ၀င်ရေလဲရာတွင် အဓိက ပတ်ဝန်းကျင်ရှိ ဒေသစိုက်ပျိုးရေးနှင့်လည်း သက်ဆိုင်သည် ဟု ယင်းဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို လုပ်ကိုင် နေသည့် ဒေသခံ တဦးက ပြောသည်။
“အဲဒီအင်းလေးကန်ကို ရေ၀င်ရေလဲတဲ့ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၂၂ မိုင် အဲဒီပတ်ဝန်းကျင်မှာ ပေါ့နော်။ အဲလိုမျိုးတွက်မယ်ဆိုရင် ဒီ ပင်လောင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းရော၊ ကလောမြို့နယ်ရဲ့
အရှေ့ဘက်ခြမ်းရော၊ ဖယ်ခုံမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းရော၊ ပင်းတယမြို့နယ်ရဲ့တောင်ဘက်ခြမ်း၊ နောက် ရပ်စောက်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းနဲ့ တောင်ကြီးမြို့နယ် အနောက်ဘက်ခြမ်းမှာ အကုန် လုံး အကြုံးဝင်တာပေါ့နော်။ အဲဒီဒေသမှာ တခြား ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တာလည်း ရှိတယ်၊ တခြား ဒီတောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နေတာလည်း ရှိတယ်။ နောက် လူဦးရေ တိုးလာတာက တ ဘက်ပေါ့နော်။ လူတွေက စိုက်ပျိုးရေးလုပ်ငန်းကိုပဲ မှီခိုကြတော့ စိုက်ပျိုးရေး လုပ်ငန်းကို ချဲ့ လိုက်တာပေါ့။ ချဲ့လိုက်တော့ သစ်ပင်တွေလည်း တဖြည်းဖြည်း လျှော့နည်းသွားတယ်။ အဲဒီ မြေကြီး ကို ထိန်းပေးမယ့် အဲဒီအပင်တွေလည်း သိပ်မရှိတော့ အဲဒီမှာ ရေတွေက မိုးရွာတိုင်း အဲဒီမြေကြီး တွေကရေထဲပါပြီးမှ အင်းလေးကန်ထဲစီးဝင်ပြီးမှ အနည်ထိုင်ပြီးတော့မှ အဲဒါလည်းရေပေါက်ကိုပိတ်စေ တာပေါ့နော်။”
အင်းလေးကန် ရေလျော့နည်းမှုကို ပြုပြင်ထိန်းသိမ်းရန်အတွက် ဒေသခံများကို ပညာပေးရန်၊ သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရန်၊ ဒေသခံအာဏာပိုင်များအနေဖြင့် ဒေသခံနှင့် အစိုးရ အဖွဲ့အစည်းမဟုတ်သည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးရန် လိုအပ်သည် ဟု သုတေသီပညာရှင်က ပြောသည်။
“အဓိကကတော့ ဒါကို များများသိသင့်တယ်လို့ ထင်တယ်။ များများသိသင့်တယ်ဆိုတာက နိုင်ငံ အ တွက်ကော၊ အဲဒီမှာ မှီခိုနေတဲ့ ဒေသခံတွေအတွက်ကော၊ နောက် ဒီလာမယ့် တိုးရစ်(နိုင်ငံခြားသား ဧည့်သည်) အတွက်ပေါ့။ ဒါကြီးပျောက်သွားတယ်ဆိုရင် ကျမတို့က ကိုယ်ပြနိုင်တဲ့ အလှတရားက မရှိ တော့ဘူးလေ။ အဓိကက ဒီအင်းလေးဆိုတဲ့ဟာက တိုးရစ်တော်တော်များများကို ဆွဲဆောင်ထားတယ် ဆိုတော့ အဲဒါကြီး မပျောက်ကွယ်အောင်ရယ်၊ နောက် ဒေသခံတွေရဲ့ စီးပွားရေး၊ နိုင်ငံ့စီးပွားရေး ပေါ့ နော် အဲဒါတွေကို ပိုပြီးတော့ မြင့်တင်နိုင်အောင်ပေါ့လေ။ များများတော့ အင်ဖော်မေးရှင်း ပေးသင့် တယ်လို့ ထင်တယ်။”
အင်းလေးကန်သည် လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်က ရှိခဲ့သည့် ရေပြင် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၀၀ မိုင်သည် ယခု ရေပြင် ဧရိယာ စတုရန်းမိုင်ပေါင်း ၂၇ မိုင်ကျော်အထိသာ ကျန်ရှိနေသဖြင့် များစွာ လျော့နည်းလာရာ ပြည် တွင်း ပြည်ပရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စောင့်ကြည့်လေ့လာ သူများက စိုးရိမ်လျှက်ရှိသည်။
လွန်ခဲ့သည့်အပတ်အတွင်းက နေပြည်တော်တွင် အင်းလေးကန်ပြန်လည်ထိန်းသိမ်းရေးအတွက် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များပူးပေါင်းကာ ဆွေးနွေးခဲ့ကြပြီး အင်းလေးကန်ကို မူလအတိုင်း ပြန် လည်ထိန်းသိမ်းရန်အတွက် အနည်းဆုံး ၁၀နှစ်ခန့်ကြာမြင့်နိုင်ကြောင်း ခန့်မှန်းထားသည်။
သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ခွန်အောင်မြတ် ရေးသားသည်။
Wednesday, 30 June 2010
မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
“စီးပွားရေးစက်မှုဇုံအလွန် ပေ ၅၀ အကွာပေါ့၊ အဲ့ဒီမှာ တည်တဲ့ အေကေကုမ္ပဏီက ကားကိုမိုင်းတပ်ပြီး ခွဲသွားတာ။ ကားကတော့မြေတူးစက်လေ။ တလုံးပဲ ထောင်မိုင်း လိုဖြစ်တယ်။ မနေ့ည ၁၁ နာရီ လောက်ပေါ့၊ အဲဒီကားကြီး တစင်းလုံးကတော့ ပျက်ဆီးသွားတာပေါ့။” ဟု မြဝတီမြို့ တဦးက ပြောသည်။
ယင်း အေကေကုမ္ပဏီမှာ ထိုင်းနိုင်ငံမှဖြစ်ပြီး ယခုလက်ရှိမြဝတီမြို့တွင် လမ်းသစ် ဖောက်လုပ်လျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။
“အဲ့ဒီနေရာမှာက ၃၆၅ - ၃၅၆ ကင်းနှစ်ကင်းရှိတယ်။ အဲ့ဒီ ကင်းနှစ်ကင်းရဲ့အောက်မှာ ဒီကုမ္ပဏီက နေပြီး လမ်းသစ်ဖောက်လုပ်ရေး လုပ်နေတယ်လေ။ အေကေ ကုမ္ပဏီက ၃၆၅-၃၅၆ တပ်ရင်းနှစ်ခု ကြားမှာရှိတာလေ။ အဲဒီတပ်ရင်းနှစ်ခုအောက်မှာ လမ်းသစ်ဖောက် လုပ်ရေးလုပ်နေတယ်။”
မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခနဖြစ်ပွားခဲ့ဖူးသော်လည်း ယခုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သီးခြား အ တည်ပြုနိုင်ခြင်းမရှိသေးပေ။
ရဲစခန်းနှင့် နီးစပ်သူတဦးက ယခင်ပေါက်ကွဲမှုများမှာလည်း တရားခံဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခုလိုပြော သည်။
“အခုကျနော် ရဲတွေဘာတွေကို ဂဃနဏမေးကြည့်တယ်လေ။ သိပ်မသိဘူးဗျ။ သူတို့အဲဒီ ဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါဆိုတာလည်း အတိအကျပြောလို့မရသေးဘူး။ မြဝတီမှာ ဖြစ်ပျက်နေ တာက တစ်ကြိမ်မဟုတ်ဘူးလေ၊ သုံး လေးငါးကြိမ်ရှိနေပြီလေ။ အခုချိန်ထိလည်း ဖော်ထုတ်လို့ မရ သေးဘူးလေ။”
ယခုလ ၂၂ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မြဝတီမြို့ရှိ ရွှေဆိုင်ဓါးပြတိုက်မှုအတွက် စစ်ဆေးရန် နေပြည်တော်မှ အ ထူးရဲတပ်ဖွဲ့များ ရောက်ရှိနေသော်လည်း ယခုပေါက်ကွဲမှုနှင့် ပတ်သက်မှုမရှိနိုင် ကြောင်းကို ဒေသခံတဦးမှ သုံးသပ်ပြောဆိုသည်။
“အကုန်လုံးက ငြိမ်ကုတ်နေတယ်။ ငြိမ်ကုတ်နေတယ်ဆိုတာ ဒု-ရဲမှူးကြီးမောင်မောင်ခင်နဲ့ အဖွဲ့ရယ်၊ နောက်ပြီး နေပြည်တော်က အထူးအဖွဲ့တွေရယ် ရောက်နေတယ်။ သူတို့ရောက် နေတာနဲ့တော့ မ ပက်သတ်နိုင်ဘူး။ သူတို့ရောက်နေတာက ရွှေဆိုင်ဓါးပြတိုက်မှုနဲ့ နောက် လိုင်စင်မဲ့ကားတွေကိစ္စ။ လာ စုံစမ်းတာ။”
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့တွင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံနှင့် စစ်အစိုးရတပ်တို့ လှုပ်ရှားနေပြီး ယခုနှစ်အတွင်း ပေါက်ကွဲမှု လေးကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည်။
သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် အားမီ ရေးသားသည်။
ကူးသန်းရောင်းဝယ်ခွင့် ကျဆင်းသဖြင့် နယ်စပ်မြို့ ခြောက်ကပ်
ယခုလဆန်းမှ စတင်ပြီ ထိုင်းနိုင်ငံမှ တင်သွင်းသည့် တရားမ၀င်ကုန်ပစ္စည်းများကို တင်းကျပ်စွာ ဖမ်းဆီးစစ်ဆေး မှုကြောင့် ကုန်သည်နှင့် ကားသမားများ ကုန်ကူးသန်းရောင်းဝယ်နေမှုများ ယနေ့ထိ ရပ်တန့်ခဲ့သည်ဟု ကုန် သည်ကြီးတဦးက ပြောသည်။
“ကားတန်းအတက်လည်းမရှိဘူး၊ အဆင်းလည်းမရှိဘူး၊ပုံမှန်ကြီးဖြစ်နေတယ်။အရင်တုန်းကဆို အဆင်း နေ့ဆို အဆင်းနေ့ သိတယ်။ မြို့ထဲမှာဆို မနက်ခင်း မိုးလင်းဆို ၀ုန်းဝုန်းဆို ဈေးရှေ့မှာ။ အဲမှာ အ တက်နေ့ဆိုလို့ရှိရင် ညနေဆိုလို့ရှိရင် တတန်းကြီး ဈေးရှေ့မှာဆို အများကြီးပေါ့ဗျာ။ အဲဒါတခုမှ မရှိ ဘူး။ မှန်တန်းလောက်ပဲ ရှိတယ်ဆိုတော့ ဘယ်လိုပြောရမှာလဲ၊ သမာရိုးကျ မြို့တမြို့ နယ်စပ်မြို့ မ ဟုတ်ဘဲနဲ့ ရိုးရိုးမြို့တမြို့ရဲ့ နေမှုထိုင်မှု စနစ်နဲ့ သွားတူနေတာပေါ့ဗျာ။”
ညဘက်ပိုင်းတွင်လည်း လူသွားလူလာနည်းပါးကြသဖြင့် ဈေးဆိုင်များလည်း အရောင်းပါးကာ ကုန်သည်များ ညီး ညူနေကြသည်ဟု မြို့ခံတဦးက ပြောသည်။
“ညပိုင်းဆိုရင် ကားအတက်အဆင်းမရှိတဲ့အတွက် ဈေးဆိုင်တွေ၊ ၀ပ်ရှော့တွေ အဲဒါတွေ အကုန်လုံးက ပြုတ်လုပြုတ်ခင်တွေချည်းပဲ။အကုန်လုံး။ကျနော့်မိတ်ဆွေတယောက်ဆိုလို့ရှိရင်လည်း ၀ပ်ရှော့ ထောင် ထားတာ တော်တော်ကြီးကျယ်ပါတယ်။ သူလည်း အခု အောက်ပြန်ဆင်းရမယ့် သဘောသက် ရောက် နေတယ်။ တလလောက်ရှိပြီလေ။ ၀စ်သောက်(လိုင်စင်မဲ့)ကားတွေ မလာတော့ ဒီ့ပြင်ကားတွေ လည်း မပြင်ရတော့ သူလည်း အောက်ဆင်းမယ်တဲ့။ ဈေးဆိုင်လည်း ထို့အတူပေါ့ဗျာ၊ ၀ယ်မယ့် သူလည်း မရှိ၊ အောက်ကတက်တဲ့ ကုန်ကလည်းမရှိ၊ ၀ယ်လက်ကြီးသည်တွေက စိတ်ညစ်နေတာပေါ့။ ဘာခေါ် မှာ လဲ၊ ရောင်းစရာ မရှိဘူးပေါ့ဗျာ။ ရောင်းစရာမရှိတဲ့အခါကျတော့ လူတွေကပါးတာပေါ့ဗျာ။ ပါးလိုက် တော့ မကိုက်ဘူးဗျ။ အဲလိုသဘောတော့ သက်ရောက်တာပေါ့။”
ယခု ဖမ်းဆီးစစ်ဆေးသည့်အဖွဲ့များသည် နေပြည်တော်မှရောက်လာသည့် အဖွဲ့ကတိုက်ရိုက်ကွပ်ကဲပြီး ကော့က ရိတ်မြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ-၁၉)က တပ်မှူး ကိုယ်တိုင် လက်နက်ပစ္စည်းနှင့် ပတ် သက်၍ အထူး ကြပ်မတ် စစ်ဆေးနေသည်ဟု ကုန်သည်များက ပြောသည်။
ယခုလို အထူးစစ်ဆေးရေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်နှင့် နီးစပ်သူတဦးက ယခုလို သုံးသပ် သည်။
“ဖြစ်ပုံက ဒီလိုဗျ။ သူ(အာဏာပိုင်)လက်နက်မိလိုက်တာပဲ။ လက်နက်မိလိုက်တာ အဲလိုပဲ အစကတည်း က နာမည်ခံချင်တာ။ အဲလိုလည်းပြောတာရယ်။ နောက်တချက်က ငြိမ်းချမ်းရေးအဖွဲ့ကို နည်းနည်း (ပရက်ရှာ) ပေးတာရယ်။ ဒါအဖွဲ့တွေ အကုန်လုံး မင်းတို့ကောင်တွေ လက်နက်ချင်ရင်ချ ငါတို့နဲ့ ပေါင်းရင်ပေါင်း မပေါင်းရင် အငတ်ပဲဆိုပြီး ထားလိုက်ပုံရတယ်။ အဲဒီနှစ်ချက်အပေါ် မူတည်ပြီးတော့မှ လုပ်တဲ့ သဘောမျိုးရှိတာပဲ။”
စကခ ၁၉ တပ်မှူးကိုယ်တိုင် ဦးဆောင်ပြီး ကန့်သတ်ကုန်များကို ကြပ်မတ်လိုက်သည့်အတွက် ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင် သိုလှောင်ထားသည့် ပစ္စည်းများမှာ ၀ယ်မည့်သူ မရှိသဖြင့် ကုန်သွယ်ရေးကိုပါ ထိခိုက် နေခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ခွန်အောင်မြတ် ရေးသားသည်။
တရားဝင် အလုပ်သမားလက်မှတ်ကိုင်ထားသည့် မြန်မာမိသားစု ၂၀ ကျော် အဖမ်းခံရ
ရနောင်းမြို့နယ်အတွင်းရှိ ငေါင်း(၀်)ကျေးရွာ၌ ငါး၊ ပုဇွန်လုပ်ငန်းလုပ်ကိုင်သည့် ရွှေ့ပြောင်း အလုပ်သမား မိသား စုများအား ရနောင်းမြို့ ဖန်ပလားရဲစခန်းမှ ယမန်နေ့ညနေ လေးနာရီ ခန့်က ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အလုပ် သမား ကိုသူရက ယခုလိုပြောသည်။
“ပုဇွန်ကန်မှာက မိသားစု ၆ စု လောက်ရှိတယ်။ ငါးပိလုပ်တဲ့ နေရာမှာက တော်တော် များတယ်။ အိမ် ထောင်စု ၁၁ စု လောက်ကိုရှိတယ်။ ငါးမွေးကန်က လေးအိမ်ပဲရှိတယ်။ အဲဒီမှာနေတဲ့သူတွေ အကုန် လုံးကို ဖမ်းသွားတာလေ။”
ယင်းအလုပ်သမားများသည် တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားပြီး ယာယီနိုင်ငံကူးလက်မှတ် ပြု လုပ်ရန် လျှောက်ထားပြီးသူများဖြစ်သည်။
ယခုအဖမ်းခံရခြင်းနှင့်ပတ်သက်၍ ကိုသူရက ယခုလို ဆက်ပြောသည်။
“လက်မှတ်ရှိတယ်၊ အရင်သူဌေးနဲ့ ဘတ်လုပ်ထားတာ။ အဲဒီသူဌေးမှာ မနေပဲနဲ့ နောက်သူဌေးမှာနေ တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူ(ထိုင်းရဲ)က ဖမ်းတာ။ ကျနော့်သူငယ်ချင်း ကတော့ နှစ်ထောင်နဲ့ထုတ်လာရ တယ်။ သူနဲ့ အတူတူထွက်လာတဲ့ သူကတော့ နှစ်ထောင့်ငါးရာတဲ့။”
အလုပ်ရှင်နှင့် အလုပ်သမားလိုက်နာရမည့် စည်းကမ်းနှင့် မညီညွတ်၍ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယခုလို အဖမ်း ခံရပါက အလုပ်သမားလက်မှတ်ပါ သိမ်းဆည်းပိုင်ခွင့်ရှိသည်ဟု အလုပ်သမားအရေးကို ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ဥပဒေရေးရာ တာဝန်ခံ ကိုမြင့်ဦးက ယခုလိုပြောသည်။
“အလုပ်အမျိုး အစားကို ၀ပ်ပါမစ် (အလုပ်သမားလက်မှတ်)မှာ ခွဲထားတယ်လေ။ အဲဒီ အလုပ်အမျိုး အစားမှာပဲလုပ်ရမယ်။ အကယ်၍ အလုပ်ပြောင်းမယ်ဆိုရင် ပထမအလုပ်ရှင် ရဲ့ သဘောတူညီချက်နဲ့ ဒုတိယအလုပ်ရှင်ဆီကို ပြောင်းရမယ်။ ဥပဒေအတိုင်းဆိုရင် ဒီအလုပ်သမားလက်မှတ်က အကြုံးမ၀င် တော့ဘူး၊ ပြန်သိမ်းလိုက်ပြီသူတို့။ အဲတာဆိုရင် သူက(အလုပ်သမား) တရားမ၀င် အလုပ်လုပ်တာ ပေါ့နော်။”
ယခင် အလုပ်ရှင်ဟောင်းထံ အလုပ်လုပ်စဉ်က လုပ်အားခနည်းပြီး အခက်အခဲဖြစ်သည့် အတွက် ပြောင်းရွှေ့လုပ် ကိုင်ခြင်းဖြစ်သည်ဟု အဖမ်းခံရသည့် အလုပ်သမား ပိုင်ပိုင်က ယခုလိုပြောသည်။
“မစားလောက်တော့ ပိုက်ဆံများများရတဲ့ နေရာကို ၀င်လုပ်တယ်။ လစာလေးနည်းနည်း လေးနဲ့ ဘတ်(အလုပ်သမားလက်မှတ်)ကလည်း အဲဒီသူဌေးနဲ့လုပ်ထားတယ်။ ကိုယ့်မှာ လည်းဝင်ငွေက နည်းနေတဲ့ ခါကျတော့ သူက ဘတ်ကြေးကဖြတ်၊ ဘာကဖြတ်ဆိုတော့ ကျနော်တို့ ဘယ်လိုလုပ်ရပ်တည်လို့ရ မှာလဲ။ ကိုယ့်ဝမ်းစာအတွက် မလုံလောက်တဲ့ အခါ ကျတော့ သူဌေးဆိုတာတော့ ပြောင်းရမှာပဲ။”
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားခန့်မှန်းခြေ ၂ သန်းကျော် ရှိသည့်အနက် ထိုင်းအစိုးရက ပြုလုပ် ပေးသည့် တရားဝင်အလုပ်သမားလက်မှတ်ကိုင်ဆောင်ထားသူ ၁ သန်းကျော်ရှိကာ သက်တမ်းတိုးပြီးသည့် အလုပ်သမား ၉ သိန်းကျော် သာရှိသည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက တရားဝင်စာရင်း ထုတ်ပြန်ထား သည်။
ထိုင်းအစိုးရမှ သက်တမ်းမတိုးပဲ ကျန်ရှိသည့် တရားမ၀င်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမား ၃ သိန်းကျော် အား ဖမ်းဆီး၍ နေရပ်ရင်း ပြန်ပို့ရေးစီမံချက်ကို ထိုင်းဝန်ကြီးချုပ်က ယခုလဆန်းပိုင်းတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားသား အလုပ် သမား ထောင်နှင့်ချီ၍ ဖမ်းဆီးခံခဲ့ရသည်။
သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ဇော်ကြီး ရေးသားသည်။
Tuesday, 29 June 2010
မိုးခေါင်ရေရှားမှုကြောင့် တောင်သူများ အခက်တွေ့
ရှမ်းပြည်တောင်ပိုင်းတွင် စပါးအများဆုံး ထွက်သည့် ဟိုပုံးလွင်ပြင်တွင် ယခုနှစ် မိုးနောက် ကျသဖြင့် နောက် တကြိမ် ပျိုးထပ်မံ စိုက်ပျိုးရသဖြင့် လယ်သမားများ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ယင်းဒေသတွင် သ ဘာဝပတ်ဝန်းကျင်နှင့် သတ္တုတွင်းတူးဖော်ရေး စောင့်ကြည့်လေ့လာသူ ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ချန်ကီ က ပြောသည်။
“ပထမ ပျိုးတဲ့ပျိုးပင်က စိုက်လို့မရဘူး၊ မိုးမလာတော့ စိုက်လို့မရဘူး။ အဲ့ဒီတော့ လယ်သမားတွေက နှစ်ခါကုန်တာပေါ့။ ကုန်ကျစရိတ်က အရင်နှစ်ထက်ပိုများတယ်လေ။”
ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာ အတော်များများသည် မိုးရေကိုနှစ်စဉ် သိုလှောင်ပြီး အသုံးပြုခဲ့ကြရာ ယခုနှစ်တွင် ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ဆက်ပြောသည်။
“ဟိုးဆီဆိုင်မြို့ရဲ့အရှေ့ဖက်ကရွာ အဲ့ဒီဖက်ကရွာသုံးရွာ လေးရွာမှာလည်း ရေမလုံလောက်တဲ့ပြဿနာ ရင်ဆိုင်ရတယ်။ အဲ့ဒီရွာတွေက ဖလိုင်ရွာ၊ လွယ်တဖြီးရွာတို့ပေါ့နော်၊ လွယ်ထွယ်ရွာတို့၊ တောင်းတပ်ရွာ တို့၊ အဲဒီ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ရွာပေါ့။”
ရာသီဥတု ဖောက်ပြန်ပြီး မိုးမရွာသဖြင့် တောင်သူလယ်သမားများက ကောက်မစိုက် နိုင်သည့် အတွက်ကြောင့် နေ့စားအငှားလိုက်သူများလည်း အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။
ဖွံ့ဖြိုးရေး စီမံကိန်းများတွင် မြေယာသိမ်းယူခြင်းများကလည်း ရေခမ်းခြောက်မှုကို ဖြစ်စေသည်ဟု ခွန်ချန်ကီက ပြောသည်။
“နဂိုကတည်းက သူတို့ စိုက်ပျိုးနေတဲ့ မြေတွေကို အစိုးရက သိမ်းသွားတယ်။ အဲလိုမျိုး သိမ်းသွားတော့ သူတို့က ဟိုတခြားနေရာသစ်ကို သွားရှာရတယ်။ သစ်ပင်တွေ ပြန်ခုတ်ရတယ်။ ပြန်ခုတ်တော့ သစ် တော ပြုန်းတီးတာတွေ ဖြစ်လာတယ်။ ရေတွေ ခမ်းလာတယ်။ ရာသီဥတုတွေပါ ဖောက်ပြန်လာ တယ်။”
ပင်လောင်းဒေသတွင်လည်း တီကျစ် ကျောက်မီးသွေးတွင်း တူးဖော်မှုကြောင့် ရေခမ်းခြောက်ခြင်း ပြဿနာနှင့် ရင်ဆိုင်ရကြောင်း ဆက်ပြောသည်။
“ကျောက်မီးသွေးတူးလိုက်တော့ ရေကြောထိတယ်။ ကျောက်မီးသွေးတွင်းမှာ ရေထွက်လာတယ်။ ရေ ထွက်လာတော့ ဟိုးတဖက်ရွာမှာ ပလုန်းတန်ရွာဖက်မှာ ရှိတဲ့ ရေအိုင်က ခန်းသွားတာပေါ့၊”
ဒေသခံပြည်သူများမှာ ရေပြဿနာကြောင့် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသည့် အပြင် အလုပ်လက်မဲ့ ပြဿနာများအပြင် နောက်ဆက်တွဲအနေနှင့် စပါးအထွက် ကျဆင်းလာနိုင်သဖြင့် ဒေသခံများက စိုးရိမ်နေ ကြသည်။
သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် အားမီ ရေးသားသည်။
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် (NLD) ဗဟိုနှင့် မြို့နယ်စည်းများတွေ့ဆုံ
သာယာဝတီမြို့နယ်တွင် ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ နတ်တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ မိုးညို၊ လက်ပန်တန်း စသည့်မြို့နယ်များမှ တစ်မြို့နယ်လျှင် မြို့နယ်စည်းအဖွဲ့ဝင် ငါးဦးခန့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း လူမှုရေးဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့သည်ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။
“မြို့နယ်ကတင်ပြတာက ခုထိတော့ မြို့နယ်တစ်ခုမှာ ကျောင်းမအပ်နိုင်တဲ့ ကလေးတွေကို စေတနာ ရှင်တွေရဲ့ ပံ့ပိုးကူညီမှုရယူပေါ့။ကျနော်တို့အဖွဲ့ချုပ်အဖွဲ့ဝင်တွေကလည်းစုပြီးတော့ ပညာရေးထောက် ပံ့မှု လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုရှိပါတယ်။”
ယမန်နေ့ကလည်း ပြည်ခရိုင်အတွင်းရှိ ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ ပေါင်းတည်၊ သဲကုန်း၊ ပေါက်ခေါင်း စ သည့်မြို့နယ်များရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။
“ပေါက်ခေါင်းတို့ ဘာတို့မှာ မြေယာသိမ်းဆည်းမှု ဆိုင်ရာတို့၊ ကလေးစစ်သားစုဆောင်းတဲ့ ကိစ္စတို့ ဘာ တို့ကို သူတို့ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ကိုတော့ ဘယ်လိုကူညီ ထောက်ပံ့နိုင်မလဲလို့ ပြောတဲ့ အခါ အဖွဲ့ချုပ်မှာလည်းပဲ အဲဒီလို နိုင်ငံရေး နွယ်တဲ့ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ သူတွေရှိ တယ်။ သူတို့နဲ့ ဆက်သွယ်ပြီးတော့ လုပ်ပါလို့ ပြောခဲ့ပါတယ်။”
ယခုလ (၁၁) ရက်နေ့က စတင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ်ပေါင်း ငါးဆယ်ကျော် တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အာဏာပိုင်အဖွဲ့အစည်းများ အနေနှင့် စောင့်ကြည့်သည်မှလွဲ၍ တစ်စုံတစ်ရာ နှောင့်ယှက်မှု မပေးဟု သိရသည်။
ယခု ဆွေးနွေးပွဲများကို (NLD) ဒု-ဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့၏ မှာကြားချက်များနှင့် အညီဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ သည် တရားမျှတမှု မရှိဟု ဆိုကာ ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။
မှတ်ပုံမတင်သော်လည်း NLD ဆက်လက်ရပ်တည်ပြီး လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ သည်ကို ယခုအခါ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ကချင်အမျိုးသား ကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံ ရှမ်းခေါင်းဆောင်တစ်ဦးပြော
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ရုံးခန်းဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ကချင်ပြည်နယ် မိုးကောင်းမြို့ အိုးတန်းရပ်ကွက်၌ ယနေ့နံနက်ပိုင်း က ပြုလုပ်ခဲ့ပြီး အခမ်းအနားတက်ရောက်ခဲ့သူ ရှမ်းခေါင်းဆောင်တစ်ဦးက ယခုလို ပြောခဲ့သည်။
“တိုင်းရင်းသားအစုအဖွဲ့တစ်ခုအနေနဲ့ သူတို့လည်း လုပ်သင့်လုပ်ထိုက်တဲ့၊ ဖွဲ့စည်းသင့် ဖွဲ့စည်းထိုက်တဲ့ ပါတီတရပ်လို့တော့ မြင်ပါတယ်။ တိုင်းရင်းသားအစုအဖွဲ့ ပါတီတွေထဲမှာ ကချင်တိုင်းရင်းသား တွေ အနေနဲ့ ရှိသင့် ရှိထိုက်၊ ပါသင့် ပါထိုက်တဲ့ပါတီလို့ ကျနော်တို့ တော့မြင်ပါတယ်။ ဒါကြောင့် သူတို့အ နေနဲ့လည်း သူ့အမျိုးသားကိုယ်စားပြု ပါတီတွေ ရှိလာရင် သူတို့အတွက် မမှားဘူးပေါ့လေ။”
လာမည့်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါ တီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည် တိုးတက် ရေးပါတီ စသည့်ပါတီကြီး ၄ ခု အနက် ကချင် ပါတီအနေနှင့် ပါတီတည်ထောင်ခွင့် မရသေးပါ။
အနာဂါတ်ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လမ်းရာတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုး အ ချင်းချင်း အပြန်အလှန် နားလည်မှုတည်ဆောက်သွားရန် လိုအပ် သည်ဟု ၎င်းကဆက်ပြောသည်။
(SNDP) ရုံးဖွင့်ပွဲ အခမ်းအနား မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် မြို့ နယ်အတွင်းရှိ လူငယ်ခေါင်းဆောင်များ စာပေယဉ်ကျေးမှု အဖွဲ့များမှ လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ သည်။
(SNDP) ပါတီ အနေနှင့် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ၀ိုင်းမော်၊ ပူတာအို စသည့်မြို့ နယ်များနှင့် ရှမ်းတိုင်းရင်းသားများနေထိုင်ရာဒေသများတွင် ရုံးခန်းများ ဖွင့်လှစ်၍ စည်းရုံးရေးလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်သည်။
၎င်းတို့၏ ပါတီဌာနချုပ်အား ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်ထားပြီး ကချင်ပြည်နယ်၊ စစ် ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ကယားပြည်နယ် တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည် ဟု သိရသည်။
ကချင်ပြည်တိုးတက်ရေးပါတီ (KSPP) အား စစ်အစိုးရမှ ပါတီတည်ထောင်ခွင့် မပေးတော့ကြောင်း ကောလာ ဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဗန်းမော် စကခ ရန်ပုံငွေအတွက် ဖွင့်လှစ်ခဲ့သည့် ရွှေလုပ်ကွက်ကို မပခ တားမြစ်
မကြာသေးမီရက်ပိုင်းက လာရောက် ဖမ်းဆီးကာ ပိတ်လိုက်သည်ဟု ဗန်းမော် ဒေသခံတဦးက ပြောသည်။
“ရွှေဖောင်တွေ (၂ဝ)လောက်ရှိမယ်။ ကျွန်းကြီးကျေးရွာတွေတဝိုက် ဧရာဝတီမြစ်ထဲမှာ ရွှေလုပ်နေတာ တွေကို မပခက ဗျူဟာမှူးရောက်လာပြီး လူတွေကို ဖမ်း၊ ပစ္စည်းတွေ သိမ်းပြီး ဒဏ်ရိုက်တယ်။ စကခ ရန်ပုံငွေလုပ်တဲ့ဟာကို ဒီက ဗျူဟာကို မဖမ်းခိုင်းဘဲ မပခက လာဖမ်းတာ။”
ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ)၏ တပ်ရန်ပုံငွေအကြောင်းပြချက်ဖြင့် ဧပြီလ ကုန်ပိုင်း မှစ၍ ဧရာဝတီမြစ်အတွင်းသို့ တာပိန်မြစ်နှင့် မုန်းလွဲချောင်း စီးဝင်ရာနေရာ တလျှောက် တွင် ရွှေလုပ်ငန်းများ ထံက ငွေကြေး ကောက်ကာ ရွှေရှာခွင့်ပေးနေသည်။
စကခရန်ပုံငွေဟု ဆိုကာ ရွှေတူးစက်ကိရိယာတပ်ဆင်သည့် ရွှေဖောင်တခုလျင် ကျပ်(၁ဝ)သိန်းအား လုပ်ငန်း စဝင်ချိန်၌ အခွန်ဆောင်ရပြီး လုပ်ငန်းသိမ်းချိန်တွင် ထွက်ရှိသည့် ရွှေ၏ သုံးပုံတပုံ ထပ်မံ ပေးဆောင်ရန် သဘော တူညီချက်ဖြင့် ရွှေလုပ်ငန်းရှင်များက ဧရာဝတီမြစ်အတွင်း ရွှေရှာနေခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ် အတွင်းကလည်း အဆိုပါ နေရာတွင် ရွှေများရှာဖွှေခဲ့သဖြင့် ဧရာဝတီမြစ် ရေစီး ကြောင်းပြောင်းကာ အနီးနားရှိ ကျွန်းပေါ်မှ ကျေးရွာများ ရေကြီးမှုဖြစ်ပြီး ရေတိုက်စား ခံရသည့်အတွက် ဒေသခံ လူထုက သက်ဆိုင်ရာသို့ စာရေးတိုင်ကြားခဲ့သဖြင့် ရွှေတူးလုပ်ငန်းများ ရပ်နားထားခဲ့ရသေးသည်။
Saturday, 26 June 2010
တောရကျောင်း (၃၀) ခန့်ဖျက်ဆီးခံရ၍ သံဃာတော်များ အခက်အခဲဖြစ်နေ
မြ၀တီမြို့ခံ ဆရာတော်တပါးက ယခုလို မိန့်ကြားသည်။
“မြ၀တီမှာ အခုဖြစ်နေတာက သံဃာ့ဥက္ကဌ တင်လိုက်တဲ့သူတွေနဲ့ အစိုးရဖက်ကလူတွေက တစ်ပါး ကျောင်းတွေကိုဖျက်တယ်ဗျာ။ အခုအဖျက်ခံရတာဆိုရင် အားလုံးပေါင်း အပါး သုံးဆယ် လောက်ရှိ မယ်။”
ပြည်နယ် သံဃာ့မဟာနာယကအဖွဲ့မှ လွန်ခဲ့သည့် လလယ်ပိုင်းကစ၍ အမိန့်ထုတ်ပြန်ခဲ့ပြီး ယခု ရက်ပိုင်းအတွင်း ၀ိနည်းတော်နှင့် မညီညွှတ်ဟု ယူဆရသည့် တောရကျောင်းများကို လိုက်လံဖျက်ဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆရာ တော်က မိန့်သည်။
ယင်းတစ်ပါးကျောင်းထိုင် သံဃာတော်များအနက် သံဃာဝိနည်းနှင့်မညီသည့် သံဃာအချို့ တွေ့ရှိရသဖြင့် သက် ဆိုင်ရာမှ ကျောင်းအားလုံးကို ဖျက်ခိုင်းခြင်း ဖြစ်သည်ဟု ယင်းဆရာတော်က ဆက်မိန့်ကြားသည်။
“အဲဒီလိုမျိုးလုပ်မယ့်အစား သူတို့သံဃာ့ဥသျှောင်ပိုင်းတွေခေါ်၊ သံဃာ့အစည်းဝေးကြီးခေါ်ခက်ပြီးတော့ သြ၀ါဒပေးဆိုဆုံးမပေါ့။ အဲလိုမျိုးလေးဖြစ်သင့်တယ်။ နောက်တချက်က တကယ်တန်းလုပ်တဲ့ သူတွေ ကို မိအောင်ဖမ်းပြီးတော့ ထိထိရောက်ရောက် အရေးယူရင် ကောင်းပါတယ်။ အခုဟာက တစ်ခုမ ကောင်းတာနဲ့ တခြားကောင်းတဲ့ သံဃာတွေပါ နေစရာမဲ့ပြီးတော့ ဒုက္ခ ရောက်နေတာ တွေရှိတယ်။”
ကျောင်းဖျက်ခံရသည့် သံဃာတော်များကို ဖမ်းဆီးအရေးယူမှုမပြုလုပ်သော်လည်း မြို့ပေါ်ကျောင်းများတွင် လက် မခံရဟု အာဏာပိုင်များက ညွှန်ကြားထားသည့်အတွက် ယင်းသံဃာများ အခက်အခဲ ဖြစ်နေကြသည်ဟု ဆက် မိန့်ကြားသည်။
“သူတို့ခမျာ အခုနေလို့ မရတော့လို့ လူထွက်လိုက်ရတဲ့ ဘ၀ကိုရောက်သွားတယ်။ လူထွက်တော့လည်း နှစ်ပါး၊ သုံးပါးဆိုရင် အသက်ကကြီးပြီဆိုတော့ ဘာသွားလုပ်စား ကြမှာလဲ၊ အဲတာ ဘုန်းကြီးကျောင်း ပြန် ကပ္ပိယ လုပ်နေရတဲ့ ဘ၀ရောက်တယ်ဗျာ။”
ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအတွင်း ဘုန်းကြီးကျောင်းတစ်ကျောင်းဆောက်လိုပါက မြို့နယ်သံဃာ့ နာယက အဖွဲ့မှတဆင့် ပြည်နယ်၊ တိုင်းများသို့ အဆင့်ဆင့်တင်ပြရသည်။
အထက်မှ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် ကျောင်းများအနေနှင့် တရားမ၀င် ကျောင်းအဖြစ် သတ်မှတ် ထားကာ ယခုလိုဖျက်ခံရခြင်းမှာ သံဃာဝိနည်း အရမဖြစ်နိုင်ဘဲ ကျောင်းဝိနည်းအရသာ ဖြစ်နိုင်ပြီး အထက်မှ တာဝန်အရ စစ်ဆေးရန်လာသည့်အခါ တိကျ မှန်ကန်စွာစစ်ဆေးသင့်ကြောင်း တာချီလိတ်မှ ရဟန်းတော်တပါး က မိန့်ကြားသည်။
အာဏာပိုင်အဖွဲ့အစည်းများအပါအ၀င် သံဃာ့မဟာနာယကအဖွဲ့မှ တာဝန်ရှိသူများ အနေနှင့် သံဃာထုအတွင်း ၀ိနည်းဖောက်ဖျက်သူများအား ဖော်ထုတ်ပြီး အရေးယူသင့်သလို ကျောင်းဝိနည်းနှင့် မကိုက်ညီ၍ ဖျက်ဆီးခံ ရသည့် သံဃာများအား နီးစပ်ရာ ကျောင်းများ၌ သီတင်းသုံးနေထိုင်ခွင့်ပြု သင့်သည်ဟု သံဃာတော်များက မိန့် ကြားသည်။
သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ဇော်ကြီး ရေးသားသည်။
Tuesday, 22 June 2010
ဖမ်းဆီးရမိသစ်များသယ်ယူရေးကန်ထရိုက်ရ ကုမ္ပဏီက တရုတ်ဘက် သစ်ခိုးထုတ်
ပြီးခဲ့သည့် (၁၉)ရက်နေ့ ညပိုင်းက တရုတ်-မြန်မာနယ်စပ် နမ်းခမ်းမြို့အနီး မံဝိန်းကြီး ကျေးရွာရှိ အောင်မိုင် ကုမ္ပဏီ သစ်ချကွင်းအတွင်း စုပုံထားသည့် သစ်များကို စက်ယန္တယား များနှင့် လူအင်အားအသုံးပြုကာ သစ်ကား (၂၈)စီးဖြင့် တရုတ်ပြည် နောင်တောင်မြို့သို့ သယ်ထုတ်ခဲ့သည်ဟု မန်ဝိန်းကြီး ဒေသခံတဦးက ပြောသည်။
“မံဝိန်းကြီးနဲ့ တရုတ်ပြည်နော်တောင်ကြားမှာရှိတဲ့ ပန်ခမ်း တရားဝင်နယ်စပ်ဖြတ်ကျော်ဂိတ်ကနေ (၅) စီး လောက်ဖြတ်တယ်။ ကျန်တာက ချောင်းဖြတ်ပြီး ခိုးလမ်းကသယ်ထုတ်တာ။ အားလုံး(၂၈)စီး။ အဲဒီ သစ်တွေက မံစီမြို့နယ်ထဲက ဖမ်းဆီးရမိတဲ့ သစ်တွေ။ အဲဒါကို ဧရာဝတီ မြစ်ကမ်းက စင်းခမ်းအနီးက ဝက်သိုးသစ်ချဆိပ်ကို ပို့ရမှာ။ အဲဒီကို မပို့ဘဲ မံဝိန်းကြီးမှာ လာထားပြီး အခွင့်အခါသင့်တော့ တရုတ် ဘက် ခိုးထုတ်ခဲ့တာ။”
အောင်မိုင်ကုမ္ပဏီသည် ယခင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် အုန်းမြင့်၏ သားနှင့် ဆွေမျိုးများ ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီဖြစ်ပြီး၊ ဗိုလ်ချုပ် အုန်းမြင့် မပခ တိုင်းမှူး ရာထူးဖြင့် တာဝန်ထမ်း ဆောင်စဉ် ကာလကတည်းက ဖမ်းဆီးရမိသစ်များ သယ်ယူရေးကန်ထရိုက်ကို နှစ်စဉ် ရယူလုပ်ကိုင်နေခဲ့ပြီး တရုတ် ပြည်ဘက် သစ်ခိုးထုတ်မှု ကို လုပ်ကိုင်နေခဲ့သည်ဟု သစ်လုပ်ငန်းရှင်များနှင့် နီးစပ်သူတဦးက ပြောသည်၊
“အောင်မိုင်ကုမ္ပဏီက တရုတ်ဘက် သစ်ခိုးထုတ်နေတာကြာပြီ။ မဖမ်းရဲဘူး။ ဗိုလ်ချုပ် အုန်းမြင့်က နေ ပြည်တော်မှာ ရှိနေတဲ့ခါကျတော့ အခုတိုင်းမှူးက မျက်နှာပျက်မှာလည်း စိုးရိမ်ပုံရတယ်။ ပြီးတော့ အောင်မိုင် ကုမ္ပဏီကလည်း နယ်မြေခံ ဗျူဟာမှူးတို့၊ စစ်တပ်တို့ ကို ငွေလည်းပေးထားတယ်ဆိုတော့ အခုလို လုပ်ခွင့်ရနေတာ။ ”
ကချင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှသစ်များကို တရုတ်-မြန်မာနယ်စပ်သို့ ခိုးထုတ်မှုအား မကြာခဏ ဆိုသလို ဖမ်းဆီးမှုများ ရှိနေသော်လည်း နယ်မြေခံအာဏာပိုင် များက ပါဝင်ပတ်သက်နေသဖြင့် သစ်ခိုး ထုတ်မှုမှာ ရပ်တန့်မသွားဘဲ နှစ်စဉ် ပွင့်လင်းရာသီ ချိန်ရောက်တိုင်း သစ်ခိုးထုတ်မှုမှာ ရှိမြဲရှိနေကြောင်း နယ်စပ် ဒေသခံများက ပြောသည်။
Thursday, 17 June 2010
ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့တွင် သောက်ရေလှူဒါန်းရန် ပြည်သူလူထံ ပြည်ပရောက် အမျိုးသမီးများပန်ကြား
လတ်တလောအခြေအနေတွင် သောက်သုံးရေ အခက်အခဲများနှင့် ကြုံတွေ့နေရသောကြောင့် သောက်ရေ လှူ ဒါန်းရန် တိုက်တွန်းနှိုးဆော်ရခြင်းဖြစ်ကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ တွဲဖက်အထွေထွေ အ တွင်းရေးမှူး-၂ စောစံငြိမ်းသူ က ယခုလို ပြောသည်။
“အခုလောလောဆယ် အခြေအနေမှာဆိုလို့ရှိရင် ပိုပြီးဆိုးဝါးတာက ရေအငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဟာရှိတယ်၊ဆိုတော့လူထုတွေက လက်ရှိမှာ ရေငတ်ဘေးနဲ့ပိုပြီးတော့မှ ရင်ဆိုင်နေရတော့ ဒီ ဒေါ် အောင်ဆန်းစုကြည် မွေးနေ့ကာလအတွင်းမှာပဲ ကျရောက်မယ့် ၆၅ နှစ်ပြည့်မှာပဲ ဒီလိုမျိုးရေအငတ် ဘေးနဲ့ လက်ရှိမှာရင်ဆိုင်နေရတဲ့ဟာကို အဓိကထားပြီး တော့မှ ကျမတို့ ရေပေးလှူဖို့ဆိုတဲ့ဟာကို တိုက်တွန်းနှိုးဆော်ရတာဖြစ်တယ်။”
ယနေ့မြန်မာနိုင်ငံတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် အဖက်ဖက်မှ ကျဆင်းပြီး ချွတ်ချုံကျလျှက်ရှိရာ ပြည်သူတရပ်လုံးအနေနှင့်လည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး လက်ရှိတွင် တနိုင်ငံလုံး အတိုင်းတာ ဖြင့် သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ပန်ကြားလွှာတွင် ပါရှိသည်။
လက်ရှိစစ်အစိုးရအနေနှင့် ပြည်သူလူထု၏ အခက်အခဲများ၊ သောက်သုံးရေပြဿနာများ၊ စားဝတ်နေရေး ပြဿ နာများကို လစ်လျူရှုထားပြီး မိမိတို့အာဏာတည်မြဲရန် စစ်အင်အား တိုးချဲ့ရေးကိုသာအဓိက ဦးတည်ထားပြီး လက်ရှိတွင်လည်း အဏုမြူထုတ်လုပ်မှုပိုင်း ဆိုင်ရေးကိုသာ ဆောင်ရွက်နေကြသည်ဟု ပန်ကြားလွှာတွင် ဖော် ပြထားသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဒေါ်အောင်ဆန်းစုမွေးနေ့ပွဲကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့်အတူ အခြား မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး အခမ်းအနား ကျင်းပမည်ဟု စောစံငြိမ်းသူက ယခုလို ဆက်ပြော သည်။
“ဒီဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိုအကြောင်းပြုပြီးတော့မှ ကျမတို့က မွေးနေ့ ကျရောက်မယ့် ဇွန် လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ချက်တွေထုတ်ဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အကြောင်းတွေကို ဟောပြောတဲ့ဟာမျိုးတွေ နောက်ပြီးလို့ရှိရင် စကားပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ ပြီးရင် ဓါတ်ပုံပြပွဲတွေ၊ ဗွီဒီယိုမှတ်တမ်းခွေတွေပြတဲ့ဟာမျိုးတွေ စသဖြင့်ပေါ့ ပဟေဠိ မေးခွန်းတွေမေးတဲ့ဟာမျိုးတွေ အစီစဉ် တွေ အနေနဲ့လုပ်ဖို့ရှိပါတယ်။”
နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နယ်စပ်ဒေသ အသီးသီးနှင့် အ မျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အခြေစိုက်သော ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် အထိန်းအမှတ်လှုပ်ရှားမှုများကို ပုံစံအမျိုးမျိုးနှင့် လုပ်ဆောင်သွားရန် စီစဉ်နေသည်ဟု သိရသည်။
မလေးရှားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty Inter -national) ကလည်း ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုပွဲ ကျင်းပ ပြုလုပ်မည်ဟု သိရသည်။
ယင်းပွဲသို့ မလေးရှားရောက် ခွပ်ဒေါင်းမျိုးဆက်သစ် ညီအစ်ကို အဖွဲ့က ထုတ်သည့် နေ့သစ်ကိုကြိုဆိုကြပါစို့ စီးရီးတွင် ပါဝင်သည့် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ ဂုဏ်ပြု သီချင်း ၂ ပုဒ်နှင့် အခြားသီချင်းများကို မျိုး ဆက်သစ်အဆိုတော် ထက်ရှိုင်းအောင်က ရောက်ဖျော်ဖြေဂုဏ်ပြုပေးမည်ဟုလည်း သတင်းရရှိသည်။
နအဖ ဝန်ကြီး(၂)ဦး ကေအိုင်အိုနှင့် တွေ့ဆုံ
နအဖကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့ မရောက်လာခင် နံနက်ပိုင်းကတည်းက လုံခြုံရေးအဖြစ် နအဖစစ်သားများ ကား(၃)စီးဖြင့် ကြိုတင်ရောက်ရှိပြီးနောက် နေ့လည်(၁၁)နာရီကျော်တွင် နအဖဝန်ကြီးနှင့် မခပတိုင်းမှူးတို့ လိုက် ပါလာသည့် ကား(၁၂)စီးပါ ယာဉ်တန်းတခု လိုင်ဇာဟော်တည်သို့ ရောက်ရှိလာကာ ကေအိုင်အို ခေါင်းဆောင် များနှင့် တွေ့ဆုံနေသည်ဟု လိုင်ဇာဒေသခံတဦးက ယခုလိုပြောသည်။
“လုံခြုံရေးအနေနဲ့ ကား(၃)စီး၊ စစ်သားတွေချည်း မနက် (၈)နာရီကျော်လောက်ကို ရောက်လာတယ်၊ ခလရ(၁၄ ၂) ကတဲ့။ အယောက်(၁ဝဝ)ဝန်းကျင်လောက်ရှိမယ်။ (၁၁)နာရီ ကျော်ကျော်လောက်မှာ ကားငယ်တွေ ဝင်လာ တယ်၊ အဲဒီမှာ ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့၊ မပခတိုင်းမှူးတို့ ပါလာတယ်၊ လိုင်ဇာ ဟော်တည်မှာ ကေအိုင် အို ခေါင်းဆောင်တွေနဲ့ တွေ့နေကြတယ်။ နေ့လည် (၂)နာရီလောက်ကအထိ ရှိသေးတယ်၊ ဆွေးနွေးနေကြ တုန်းဘဲ။ အဲဒီကနေ ထွက်မလာသေးဘူး။”
ကေအိုင်အိုအဖွဲ့သည် နယ်ခြားစောင့်တပ်အစား ကချင် လက်နက်ကိုင်တပ်ရင်းများအဖြစ် အသွင်ပြောင်းလို ကြောင်း ကေအိုင်အိုဘက်က တုန့်ပြန်ပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖ အကြား မြစ်ကြီးနားမြို့တွင် တွေ့ ဆုံ ဆွေးနွေးမှုများရှိလာခဲ့ရာမှ ကေအိုင်အို ဌာနချုပ်တွင် လိုင်ဇာတွင် လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်၊
ကေအိုင်အိုအဖွဲ့နှင့် နအဖအကြား ယနေ့တွေ့ဆုံမှုအပေါ် သိရှိရန် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများထံ ဖုန်း ဆက်သွယ်မှု ပြုလုပ်သော်လည်း မရခဲ့ပါ။
မြန်မာ့ရုပ်သံမှ ကမ္ဘာ့ဖလားဘော့လုံးပွဲ ပြသမှု ခေတ္တရပ်ဆိုင်း
တောင်အာဖရိကနိုင်ငံ၌ ယခုနှစ်ကျင်းပနေသည့် ကမ္ဘာ့ဖလား ဘော့လုံးပွဲများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနနှင့် မြ၀တီအသံလွှင့်ဌာနတို့မှ နေ့စဉ်ပြသနေရာမှ ယမန်နေ့က ဘော့လုံးပွဲပြသမှု ရပ်ဆိုင်းသွားပြီး သီချင်းများ သာ အစားထိုးထုတ်လွှင့်ခဲ့ သည်ဟု ရန်ကုန်မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“မနေ့ကစပြီးမပြတော့ဘူး ဘာကြောင့်လဲ မသိဘူး။ သူတို့က စာတန်းထိုးတော့ Fifa ကတဲ့ Signal မရရှိတဲ့ အတွက်ကြောင့် ဘော့လုံးပွဲ မပြသခြင်းကို သီးခံခွင့်လွတ်ပါရန် ပန်ကြားပါသည်ဆိုပြီး စာတန်း ထိုးတယ်။ အဲတာ မပြပဲနဲ့ သီချင်းတွေပဲပြပြီး အဲတာကို စာတန်းထိုးတယ်။”
အဆိုပါ အစီစဉ်များကို မိုးဆန်းပန်းမီဒီယာမှ တာဝန်ယူတင်ဆက့်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မြ၀တီရုပ်သံနှင့် မြန်မာ့ရုပ် မြင်သံကြားဌာနတို့မှ ထုတ်လွှင့်ပြသခြင်းဖြစ်သည်။
ယမန်နေ့ကပွဲစဉ်များကို မကြည့်လိုက်ရသည့် ရန်ကုန်အင်းစိန်မှ ပရိတ်သတ်တစ်ဦးက “အိပ်ရေးပျက်တာ တောင်မတန်ဘူးထရတာအလကားပဲ” ဟု ပြောသည်။
မိုးဆန်းပန်းမီဒီယာမှ တာဝန်ရှိသူတစ်ဦးက စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် မပြသ နိုင်ခြင်းဖြစ်သည်ဟု ယခုလို ပြောသည်။
“ဒီဖက်မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုလေးတွေရှိလို့ပါ။ စက်တွေပြင်ပြီးတာနဲ့ ပြန်လွှင့်ပေး မှာပါရှင်။ ဒီ နေ့ညတော့ သိပ်မသေခြာဘူး။ မနက်ဖြန်ညတော့ ပြန်ပြဖြစ်မယ်နဲ့ တူတယ်။ လောလောဆယ်တော့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်နေလို့ပါ။”
မိုးဆန်းပန်းမီဒီယာအနေနှင့် တောင်အာဖရိကတွင်ကျင်းပသည့် ကမ္ဘာ့ဖလားဘော့လုံးပြိုင်ပွဲများ အားလုံးကို ထုတ် လွှင့်ပြသရန် (Broadcasting Right) ကိုရရှိထားပြီး အခမဲ့တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရန် အစီအစဉ်အတွက် Yangon Entertainment ကုမ္ပဏီ မှ တဆင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
Tuesday, 15 June 2010
ဗန်းမော်မြို့မှာ ကမ္ဘာ့ဖလားဘော့လုံးလောင်းကစားပွဲ သောင်းကျန်း
ယခင် ဥရောပကလပ်အသင်းများ၏ ဘော့လုံးပွဲများကို ပြသပြီးလောင်းကစားဒိုင်ဖွင့်ထားသည့် ဘော့လုံးပွဲရုံ များက အဓိက ပြုလုပ်နေပြီး အချင်းချင်းကြား လောင်းကြေးထပ် အလောင်းအစား ပြုလုပ်နေသည်ကို တွေ့ရ ကြောင်း ဗန်းမော်ဒေသခံတဦးက ပြောသည်။
“မြန်မာ့အသံကလည်း ပြတယ်ဆိုတော့ အရင် ဥရောပကလပ်ပွဲတွေလို ရုံသွားပြီး ကြည့်စရာ မလို တော့တာလည်းပါတယ်။ အိမ်မှာကြည့်ရင်းနဲ့လည်း ဖုန်းဆက်ပြီးလောင်းလို့ ရတာလည်း ပါတယ်။ ဒါ ကြောင့် အရင်ကထက် ပိုပြီးလောင်းကြတယ်။ ဒိုင်ဆီမှာ သွားလောင်းမှ မဟုတ်ဘူး၊ ကိုယ့်အချင်းချင်း ကြားလည်း လောင်းနေတာဘဲ၊ ဒိုင်တွေကတော့ လောင်းကြေးသိန်းရာချီ ကိုင်တယ်၊ မနိုင်ရင် ရန်ကုန်၊ မန္တလေးအထိ တင်တယ်။”
ဗန်းမော်မြို့နယ်ရှိ အာဏာပိုင်များထံ လာဘ်ငွေထိုးပြီးဖွင့်ထားသည့်ဘော့လုံးဒိုင်များတွင် လောင်းကစားလုပ်ငန်း မှာ ပေါ်ပေါ်ထင်ထင် ဖြစ်နေကြောင်း အဆိုပါ ဗန်းမော် ဒေသခံက ပြောသည်။
အခြားဗန်းမော် ဒေသခံတဦးက “အခုက ချဲလို၊ နှစ်လုံးထီလို မဟုတ်ဘူးလေ။ အဲဒါကို လောင်းလိုက်ရတာ ကိုဘဲ ဥပဒေနဲ့လွတ်ကင်းသလို စိတ်ကခံစားနေကြတာ။ ကမ္ဘာ့ဖလား ဘော့လုံးပွဲကြည့်ရင်းလောင်း တယ်ဆိုတော့ လောင်းကစားနဲ့မပတ်သက်တဲ့သူတွေပါ ပါလာတယ်။ အပျော်သဘော ဝင်လောင်းတာ ပေါ့။ ညနေ (၅)နာရီကျော်ကစပြီး ဘောလုံးပွဲ ကြည့်လို့ ရမယ့်အိမ်တွေကို ထွက်ကြတယ်။ အချို့ လည်း ကိုယ့်အိမ်မှာတိဗွီရှိရင် ပြန်လာကြည့်တယ်။ လူတွေအတော်များများက ဘောလုံးမှ ဘောလုံး ဖြစ်နေကြတာ။” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ချဲ၊ နှစ်လုံးထီနှင့်ဘော့လုံးလောင်းကစားမှုများကို အာဏာပိုင်များက လာဘ်ငွေယူ၍ ခွင့်ပြုချက် ဖြင့် နေရာအနှံ့အပြားတွင်ပြုလုပ်နေကြပြီး တခါတရံမှသာ အဖမ်းအဆီးလုပ်လေ့ရှိသည်။
Thursday, 6 May 2010
လူကုန်ကူးခံရသူများအားယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုခြင်း
မေလ ၆ ရက်၊ ၂၀၁၀ ခုနှစ်။
ဗကသ ခွပ်ဒေါင်းအလံအား ပါတီအလံအဖြစ်သုံးခြင်းကို ဗကသ အဖွဲ့ချုပ်က ကန့်ကွက်
မေလ ၆ ရက် ၂၀၁၀ ခုနှစ်။
Wednesday, 19 December 2007
မြန်မာပြည် အရေးသည် နိုင်ငံတကာပြဿနာဖြစ်လာနေဟု အမျိုးသမီးအဖွဲ့ဆို
ယနေ့ကျရောက်သည့် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့တွင် ထိုင်းနှင့် တရုတ်နိုင်ငံ တွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာအမျိုးသမီးများ၏ လုံခြုံမှုမရှိသော ဘ၀အခြေအနေကို ငရဲနှစ်ထပ်အကြားတွင် ပိတ်မိနေခြင်း (Catch between two hells) ဆိုသော အမည်နှင့် မြန်မာအမျိုးသမီးသမဂ္ဂက အစီရင်ခံစာ တ စောင် ထုတ်ပြန်လိုက်သည်။
အစီရင်ခံစာ ရေးသားထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်ကို မြန်မာအမျိုးသမီးသမဂ္ဂ၏ ဥက္ကဌက ယခုလို ပြောပြ သည်။
“အဓိက ဒီ ရီပို့ဒ်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောချင်တာက ရွှေ့ပြောင်း အလုပ်သမား ပြဿနာက လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပြဿနာတွေကို နအဖက နိုင်ငံရေး အရ မဖြေရှင်းသရွေ့ ဆက်ပြီးတော့ ကြီးထွားလာမယ့် ပြဿနာပေါင်းများစွာအနက်က ပြဿနာတခုပဲရှိတယ်။ ဒါပေမယ့် ဒီ ပြဿနာလေးကတောင်မှ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ ရိုက်ခတ်မှုတွေဖြစ်လာတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ပြဿနာဟာ အိမ်နီးချင်းနိုင်ငံရဲ့ ပြဿနာဖြစ်လာတယ်။ နိုင်ငံတကာရဲ့ ပြဿနာဖြစ်လာ တယ်။ ဒါက ပြဿနာတခုအပေါ်မှာ အခြေခံပြီး ကျမတို့ ထောက်ပြထားတာဖြစ်တယ်။ ဆိုတော့ မြန်မာပြည်မှာ ပြဿနာတွေ အများကြီးရှိတယ်။ အဲဒီအနေအထားမှာ နိုင်ငံတကာကနေပြီးတော့ စေ တနာပါပါနဲ့ သူတို့ရဲ့ ပြဿနာဖြစ်ပါတယ်လို့ ခံယူပြီးတော့ ၀င်ပါဝင်ဖြေရှင်းဖို့ ဆိုတာကို ကျမတို့ ပြောချင်တာဖြစ်ပါတယ်။ ”
ယင်းအစီရင်ခံစာကို ထိုင်းနှင့် တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမ ၁၄၉ ဦးကို တွေ့ဆုံမေးမြန်း၍ ရေးသားပြုစုခြင်းဖြစ်သည်။
အစီရင်ခံစာတွင် ပြည်တွင်းမှ စီးပွားရေးအစဉ်မပြေ၍ ထွက်လာကြသော မြန်မာအမျိုးသမီးများ ၏ အလုပ်ခွင်တွင် မလုံခြုံသောဘ၀နှင့် စိတ်ကျဉ်းကျပ်စွာနေထိုင်ကြရသောအခြေအနေများကို ဖော်ပြထားသည်။
အစီရင်ခံစာတွင် ပါဝင်ဖြေကြားခဲ့သူ အမျိုးသမီးတဦးက ၄င်းတို့အနေဖြင့် အလုပ်ရှင်၏ ထိကပါး ရိကပါးနှင့် လက် ကိုင်သည်ကိုပင် မကြိုက်နှစ်သက်သော်လည်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိ၍ ရဲတိုင်မည်စိုး သောကြောင့် သည်းခံနေရကြောင်းနှင့် သူမ၏ အသိ အမျိုးသမီးအချို့မှာ အလုပ်ရှင်၏ အဓမ္မပြုကျင့်မှု ကို ခံရ ကြောင်း ပြောပြသည်။
ယင်းအခြေအနေများသည် မြန်မာပြည်တွင်းနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေရသော အမျိုးသမီးများနှင့် မိန်းက လေးများ၏ ခံစားနေရသော အတွေ့အကြုံနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျှဝေထားခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။
၂၀၀၇ခုနှစ်တွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၈၉ ၂၈၂ဦး မှတ်ပုံ တင်ထားသည့် အနက်တွင် အမျိုးသမီး ၂၂၅ ၇၁၀ဦးရှိသည်ဟု Migrant Assistance Program (MAP) အဖွဲ့က ထုတ်ပြန်ထားသည်။
မံစီမြို့နယ်အတွင်း တရုတ်ဆိုင်ကယ်များ ဖမ်းဆီး အာဏာပိုင်များက ဖမ်းဆီးရမိ ဆိုင်ကယ်အချို့ကို ကိုယ်ပိုင်သိမ်းယူ
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း ဒီဇင်ဘာ(၁၇)ရက်နေ့တွင် တရုတ်ပြည်ဘက်မှ တင်သွင်းလာသော တရုတ် ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ပြီး အချို့ကို ဖမ်းဆီးရမိစာရင်းတွင် မတင်တော့ဘဲ ကိုယ်ပိုင်အဖြစ် သိမ်းယူခဲ့သည်။
မံစီမြို့မှ မန္တလေးဘက်အထွက် လေးမိုင်အကွာရှိ မန်မကောက်ကျေးရွာအနီးရှိ ကြက်ဆူခြံ အနီးတွင်း မံစီမြို့နယ် မယကနှင့် စရဖအဖွဲ့တို့ ပူးပေါင်းအဖွဲ့က တရုတ်ပြည်ဘက်မှ လာသည့်ဆိုင်ကယ်အစီးနှစ်ဆယ် ဖမ်းဆီးခဲ့ သည်ဟု မံစီဒေသခံမျက်မြင်သက်သေတဦးက ပြောသည်။
“ကျနော်တို့ မံစီမြို့နယ် မယကနဲ့ စရဖတို့ကပေါင်းပြီး မန်မကောက်၊ ကြက်ဆူခြံမှာ မနေ့ညက လိုင် စင်မဲ့ဆိုင်ကယ် အစီးနှစ်ဆယ်ဖမ်းတယ်။ လိုင်စင်မဲ့ဆိုင်ကယ်အစီးနှစ်ဆယ်မှာ ခုနှစ်စီးဟာ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေရဲ့ ဆိုင်ကယ် ဖြစ်နေလို့ လွှတ်ပေးလိုက်တယ်။ အဲဒီမှာ ဆယ့်သုံးစင်းကျန်တယ်။ အဲဒီ ဆယ့်သုံးစင်းကို ဖမ်းလာတဲ့ခါမှာ ခြောက်စင်းကိုဘဲ စာရင်းအဖြစ်တင်တယ်။ ခုနှစ်စင်းကို ဖျောက်ပစ် လိုက်တယ်။ အသစ်တွေ၊ တရုတ်ပြည်က ၀င်လာတာ။ ဂျာလင်းတို့၊ ၀မ်းတူးဖိုက်အမျိုးအစားဖြစ်တဲ့ ကင်ဘိုတို့၊ လော်ဂျာတို့၊ အမျိုးအစား အမျိုးအမျိုးပေါ့၊ ဆိုင်ကယ်ကယ်ရီဝင်လာတာ၊ အသစ်တွေပေါ့။ ” ဟု မံစီဒေသခံက ပြောသည်။
ဆိုင်ကယ်သယ်လာသူများမှ ရွှေဘို၊ မုံရွာ၊ မတ္တရာစသည့် မြန်မာပြည် အလယ်ပိုင်းမှဖြစ်ပြီး ဆိုင်ကယ်တစီးလျင် အမြတ်အစွန်းတစ်သောင်းဝန်ကျင်ရကြပြီး စွန့်စားလုပ်ကိုင်ရင်း အခုလို ဖမ်းဆီးခံရပါက ဆိုင်ကယ်ကယ်ရီသမား များမှာ အတော်လေး ဒုက္ခရောက်ကြရသည်ဟု အဆိုပါ ဒေသခံ မျက်မြင်သက်သေက ပြောသည်။
“အဲဒီမှာ ဆိုင်ကယ်တစီးတန်ဘိုးဆိုရင် ဂျာလင်း(တံဆိပ်)ဆိုရင် လေးသိန်းကျော်လောက်မှာ ရှိတယ်။ တရုတ်ငွေ နှစ်ထောင့်လေးရာပေါ့။ အောက်ပိုင်းကဆိုတဲ့နေရာမှာ တစင်းတစင်းမှာ တစ်သောင်း၊ နှစ် သောင်း ကျန်ဆိုပြီးမှ ငွေလေးချေးပြီး လုပ်ကိုင်ကြတဲ့လူက များတယ်။ မနေ့က ဖမ်းတဲ့ခါမှာ တချို့ဆို ငိုပြီး ပြန်သွားကျတယ်။ အခြေအနေ ပျက်ပြီးတော့။ ယောကျားတန်မဲ့ ငိုပြီး ပြန်သွားကြတာ။”
တရုတ်ပြည်လုပ်ဆိုင်ကယ်များသည် ဂျပန်နိုင်ငံလုပ် ဆိုင်ကယ်များထက် ဈေးနူန်းသက်သာ သဖြင့် မြန်မာနိုင်ငံမှ လယ်သမားများပင် အသုံးပြုနေကြသကဲ့သို့ အိန္ဒိယဘက်မှလည်း အ၀ယ်လိုက်နေသဖြင့် တရုတ်နယ်စပ် ကျယ် ဂေါင်မြို့မှ နေ့စဉ် ဆိုင်ကယ်အစီး ရာနှင့်ချီ မှောင်ခိုတင်သွင်းလျက်ရှိနေသည်။
Sunday, 16 December 2007
ထိုင်းလုံခြုံရေးနှင့် ဒုက္ခသည်များ ပဌိပက္ခဖြစ်ပွား
အောင်မိုးမြင့်။
ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၀၇ ခုနှစ်။
ယမန်နေ့ညက ထိုင်းနယ်စပ်ကရင်နီ ဒုက္ခသည်စခန်းတခုအတွင်း ဒုက္ခသည်များနှင့် ထိုင်းလုံခြုံရေး အဖွဲ့များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ဒုက္ခသည် ကျောင်းသားတဦးသေဆုံးပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့၏ တပ်စခန်း ၃ ခု ဖျက်ဆီးခံခဲ့ရသည်။
ထိုင်း မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့အနီးရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှ ထိုင်းနယ်မြေခံလုံခြုံရေး (အော်စော်) တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စခန်းတွင်းရှိ အလယ်တန်းကျောင်းသား အိုက်ဦး ယမန် နေ့ည ၈ နာရီကျော်ခန့်က သေဆုံးခဲ့သည်။
ဒေါသထွက်နေသော ဒုက္ခသည်များက ထိုင်းလုံခြုံရေးစခန်းသုံးခုကို စီးနင်းဖျက်ဆီးခဲ့ရာ ကားနှစ်စီးနှင့် မော်တော် ဆိုင်ကယ် ၁၇ စီးအပါအ၀င် လုံခြုံရေးအဖွဲ့ဝင်များ၏ အသုံးအဆောင်ပစ္စည်းများ ပျက်စီးသွားခဲ့သည်။
ယမန်နေ့ညက ဒုက္ခသည်စခန်းအတွင်း ကျင်းပနေသော ကျောင်းသားပွဲတော်သို့ သွားလာနေကြသူနှစ်ဦးကို လုံခြုံရေး အဖွဲ့များက တားဆီးရိုက်နှက် စစ်ဆေးခဲ့ရာမှ မကြေနပ်မှုများဖြစ်ခဲ့ပြီး ကျောင်းသား ၅၀ ခန့်က ချီတက်ဆန္ဒပြခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည် စခန်းကော်မတီ အတွင်းရေးမှုး ဖိုးခူး က အခုလို ရှင်းပြသည်။
̏ကျနော်တို့ကျောင်းသားတွေက ပထမညကတည်းက သူတို့က စိတ်ပူနေ စိတ်ကပြင်းနေတယ်လေ။ ဒီ ကျောင်းသားကိုထိုးတော့ သူတို့က တောင်းပန်းရမည့်အစား မတောင်းပန်းပဲနဲ့ ဒီလိုသေနတ်ထပ် ဖောက်ရလား ဆိုပြီးတော့ ကျောင်းသားတွေက အဲ့ဒီကျောင်းသားပွဲတော်ကနေ အထဲကနေ လူအကုန် လုံး ၀ိုင်းဆင်းလာကြတယ်၊ အဲ့ဒီအော်စော်တွေကတော့ သေနတ် ၁၈ ချက်ဖေါက်တော့ သူတို့လည်း ကျောင်းသားတွေလည်း မခံနိုင်တော့ ပိုပိုပို လူစု ပိုစု ဆက်စုလာပြီးတော့၊ အဲ့ဒီလူစုပြီးတော့ သူတို့ နောက်တစ်ဖွဲ့ကာ ကျတော့ သူတို့က ဒီအပေါ် အော်စော်က နှစ်ထပ်ဖြစ်နေတယ် အောက်တစ်ထပ် အပေါ်တစ်ထပ်၊ အပေါ်တစ်ထပ်ကို တက်မယ်ဆို အပေါ်တစ်ထပ်တက်တဲ့ အချိန်မှာ အပေါ်တစ်တပ် အောက် ရောက်လည်းရောက်ရော သူ့ကိုပစ်သတ်လိုက်တာပဲ အဲ့ဒါပဲ ကျနော်တို့သိလိုက်ရ တယ်၊နောက် ကျနော်တို့က အဲ့ဒီအလောင်းကို အဲ့ဒါ သူ့အဖေါ်တွေက စွဲပြီးတော့ ကျနော်တို့ ဒီ စခန်းကော်မတီရုံးရှေ့မှာ လာထားတယ်။˝
ပစ်ခတ်ခံရမှုမဖြစ်ပွားခင် ပထမနေ့တွင်လည်း ကျောင်းသားပွဲတော်အတွက် လုံခြုံရေးလာယူကူကြသည့် အော် စော်များက ကျောင်းသားနှစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့သည့် အတွက် မျက်နှာနှင့် ဦးခေါင်းများတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ရှင်းပြသည်။
ယနေ့မနက် ၉ နာရီခန့်တွင်လည်း စခန်းတွင်းရှိ ကျောင်သားနှစ်ထောင်ခန့်က ဒုက္ခသည်အခွင့်အရေး အပြည့် အ၀ခံစားခွင့်ပေးရန်။ သေဆုံးသွားသည့် ကျောင်းသားလူငယ်အား လျှော်ကြေးပေးရန်နှင့် ပစ်ခတ်မှုကို ထိုင်း တရားဥပဒေအရ အရေးယူပေးရန်တို့ကို စီတန်းလှည့်လည်၍ စခန်းအုပ်ချူပ်ရေးရုံးရှိရာသို့ နှစ်နာရီကြာ ချီတက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) ကို တာဝန်ယူထားသည့် ထိုင်းအုပ်ချူပ်ရေးမှူး ပလပ် ၀ီချလ ကတော့ ဒီ ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်တဲ့ အတွက် တစုံတရာ ထုတ်ပြန်ရန် မရှိသေးကြောင်းနှင့် မကြာမီမှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားမှာဖြစ်ကြောင်းပြောသည်။
မြို့တော်ဝန်ကနေ တခါတည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာပါ၊ အဲ့ဒီအတွက် ခဏနေ ကျနော် တို့ ဒီကနေပြန်ရင် ကြေညာပါ့မယ်။ အခု အခြေအနေ အားလုံးတည်ငြိမ်မှုမရှိသေးတဲ့အတွက် အား လုံးပြီးစီးသွားအောင်စောင့်ပါအုံး။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်စခန်းအတွင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဒုက္ခ သည်များအား လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေး ၀န်ကြီး ဌာနက တိုင်းကြားထားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသေးဟု ဒုက္ခသည်များက ပြောသည်။
ယခုသတင်းထုတ်ပြန်ချိန်တွင် ဒုက္ခသည်စခန်းအတွင်း၌ ကျောင်းသားခေါင်းဆောင်များ၊ စခန်းကော်မတီများနှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည်။Monday, 10 December 2007
ထိုးစစ်သစ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြား
ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာစစ်အစိုးရက ကရင်ပြည်နယ်အတွင်း တပ်များ တိုးမြှင့်ချထား၍ လူမျိုးပြုန်း စစ်ဆင်မှုကြောင့် လူ့အခွင့်အ ရေး ချိုးဖောက်မှုများ အဆက်မပြတ်ဖြစ်ပေါ်နေသည်ဟု ယနေ့ကျရောက်သော ၅၉ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)က ကြေညာချက်ထုတ်ပြန်သည်။
ယခုနှစ်အောက်တိုဘာလမှစ၍ ကေအဲန်ယူအခြေစိုက်ရာဒေသများတွင် တပ်ရင်း (၈၀) ကျော် ထပ်မံတိုးမြှင့် ချ ထားပြီး စုစုပေါင်း တပ်ရင်း (၁၈၇) ရင်းဖြင့် ထိုးစစ်ဆင်လျှက်ရှိကာ ကရင်လူထုအား ဖမ်းဆီး သတ်ဖြတ်မှု၊ လု ယက်ဖျက်ဆီးမှု၊ နေရပ်မှ မောင်းထုတ်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ခဲ့ကြသည် ဟု ကေအဲန်ယူ၏ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
“အခုက တိုးတာက ငါးဆယ်ရာခိုင်နှုန်းကျော် တိုးလာတယ်။ ထုံးစံအတိုင်းပေါ့။ နအဖရဲ့ ဖက်ဆစ်ပေါ် လစီအရ သူတို့ကနေပြီးတော့ ကရင်လူထုတွေ သူတို့နယ်မြေ၊ သူတို့အိုးအိမ်တွေမှာ မနေနိုင်အောင် သူတို့ကနေပြီးတော့ ကျနော်တို့ တပ်တွေကို တိုက်တယ်ဆိုတာထက် သူတို့က ရွာသားတွေကို လိုက်တိုက်နေတာ။ အဲတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်။ ” ဟု ကေအဲန်ယူ ၏ အထွေထွေအတွင်းရေးမှူး(၂) ပဒို ဒေးဗစ်တာကပေါက ပြောသည်။
လွန်ခဲ့သော နှစ်ဆန်းပိုင်းမှ စတင်ခဲ့သော မြန်မာစစ်တပ်၏ ထိုးစစ်ကြောင့် ကရင်ဒုက္ခသည် နှစ်သောင်းခန့် အိုး အိမ်စွန့်ခွာထွက်ပြေးနေရပြီး ထိုင်းမြန်မာ နယ်စပ်ဒေသသို့ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ယခု ထပ်မံထိုးစစ်ဆင်မှုတွင်လည်း ကရင်လူထု တောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။
မြန်မာစစ်တပ်၏ ယခုနှစ်ခြောက်သွေ့ရာသီထိုးစစ်ဆင်မှုသည် မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေသည့်အခြေအနေနှင့် ဆန့်ကျင်နေသည် ဟု ပဒိုဒေးဗစ်တာကပေါက ပြော သည်။
“ ကျနော်တို့ကတော့ တောက်လျှောက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနည်းနဲ့ သူမနာ ကိုယ်မနာ ပေါ့လေ နအဖလည်း ထွက်ပေါက်ရအောင် နောက်ပြီးတော့ တိုင်းပြည်လည်း မနာအောင် သုံးပွင့်ဆိုင် နည်းနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေး ပြီးတော့ ပြဿနာတွေ ဖြေရှင်း ပေါ့။ အဲဒါတွေကို လုံးဝ လက်မ ခံတဲ့ သဘောပေါ့။ အခုလို ထိုးစစ်ကြီးဆင်လာတယ် ဆိုတာ ဒါဟာ အမြစ်ပြတ်ချေမှုန်းရေးပေါ့။ သူတို့ ပြောပြောနေတဲ့ သောင်းကျန်းသူ အမြစ်ပြတ် ချေမှုန်း ရေး သူတို့ရဲ့ ဖက်ဆစ်လမ်းစဉ်ပေါ့။ လူလူချင်း စာနာမှု လုံးဝမရှိဘူး။ လူ့သိက္ခာ လေးစားမှုလည်း လုံးဝမရှိတဲ့ လမ်းစဉ်အရ ကျနော်တို့ကို မျိုးဖြုတ် ချေမှုန်းရေး စစ်ဆင်နေတာပဲ။ ”
ယခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး လူထုလှုပ်ရှားမှု ကာလတွင်ပင် ကေအဲန်ယူကို ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ လစဉ် တိုက်ပွဲငယ်ပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ဟု ၄င်းက ဆက်လက်ပြောသည်။
ကေအဲန်ယူသည် မြန်မာစစ်အစိုးရနှင့် ၂၀၀၄ခုနှစ်မှ စတင်၍ နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲခဲ့ကာ ယခုနှစ် ဆန်းပိုင်းတွင် ကေအဲန်ယူတပ်မဟာ ၇ ၏ တပ်မဟာမှူးက မြန်မာအစိုးရနှင့် သီးခြားအပစ်အခတ်ရပ်စဲ ပြီးနောက် ယင်းသဘောတူညီချက် ပျက်ပြားခဲ့သည်။
