ဘာတဲ့ …တနေ့က ရန်ကုန်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်လေး မြန်မာအမျိုးသမီး ၂၇ ယောက် ရန်ကုန်မြို့တော် အလယ်တဝိုက် ဆူးလေဘုရားမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ စက်တင်ဘာ အရေးအခင်းပြီး နောက်ပိုင်းမှာ နအဖ တွေကို ပြန်လည် ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။ သူတို့ဟာ ဆူးလေကနေပြီးတော့ ဗိုလ်တထောင်ဘုရားကို ချီတက်ပြီး ဆုတောင်း မေတ္တာပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ အော်…ကျမတို့ မိန်းမတွေ တယ်လဲ သတ္တိရှိကြပါလားလို့ တွေးမိတာနဲ့ အမျှ၊ အဲဒီသတ္တိမျိုး ယောက်ျား တော်တော်များများမှာ ရှိရင်ကောင်းမှာပဲလို့ တွေးမိပြန်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြား တိုင်းတပါး အဝေးရောက်နေတဲ့ ယောက်ျား အများစုကို ပြောချင်တာပါ။
မမီးမီး၊ မစုစုနွေးတို့ အဖမ်းခံ နေရပြီ။ မနီလာသိန်း၊ မဖြူဖြူသင်းတို့ထွက်ပြေးနေရပြီ။ တခြား နံမည်မသိသော မိန်းမပေါင်းများစွာ ထောင်ထဲမှာ၊ တောထဲမှာ တန်းစီနေလို့ပါလား။ အခုနောက်ဆုံး ချီတက်ဆန္ဒပြတာ ယောင်္ကျားတွေ မပါဘဲ မိန်းမတွေချည်းပဲ ဘာလို့  ဖြစ်နေရတာလဲ။ ယောက်ျားတွေ ဘယ်ရောက်ကုန်ကြလဲ။
မသိလို့ပါ။ ယောင်္ကျားပီပီ ကြောက်များ ကြောက်နေကြသလားလို့။ တွေးလို့ရ၊ သိလို့ရသမျှတော့ နအဖ ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က ယောင်္ကျားကြီးတွေလုံးလုံး ဖြစ်ရက်နဲ့ မိန်းမတယောက်ဖြစ်တဲ့ 
ဒေါ်အောင်ဆန်းစုကြည် တယောက်ကိုတောင် ခုထိလက်ခံ မတွေ့ဆုံရဲတာဟာ ကြောက်လို့ မဟုတ်ရင်၊ ရင်မဆိုင်ရဲတာပေါ့။ ကြောက်တာထက် ဆိုးတယ်၊ သိမ်ငယ်တာ ပါသွားပြီ။ မဟုတ်တာတွေ လုပ်ထားတာ သိပ်များနေပြီဆိုတော့၊ အင်း…တွေ့ရဲမယ် မထင်။ ဒါကို … အကောင်းဖက် လှည့်တွေးပေးဖို့ မကြံကြနဲ့။
အချိန်ဆွဲနေတာလည်း မဟုတ်ဘူး။ တွေ့ဖို့ ကို ကြောက်နေကြတာ၊ အဟား…ရီစရာပဲ။
ကျန်တဲ့ နအဖ မဟုတ်တဲ့ လူတွေ(ယောင်္ကျားတွေ)ကရော ဘာထူးလဲ။ အဝေးရောက်နေတဲ့ ယောင်္ကျားတွေလေ၊ ပိုတောင် ဆိုးသေးတယ်။ လေပဲ ပစ်နေကြတယ်။ ဆင်ပဲဖမ်းတော့ မလို၊ ကျားပဲ ဖမ်းတော့ မလို၊ တကတည်း … ခုထိ သေနတ်က ပြောင်းတိုက်တုန်း။ ပြည်တွင်းမှာတော့ ပြည်သူတွေ ငတ်ကုန်ကြပြီ။ ရဟန်းသံဃာ၊ ကျောင်းသား ကျောင်းသူတွေ သေသူသေ၊ အဖမ်းခံရသူ ခံရ၊ ပျောက်သူတွေ ပျောက်၊ ကျန်တဲ့သူတွေလည်း နိုင်ငံရေး ဆက်လုပ်ဖို့ထက်၊ ထမင်းတနေ့ နပ်မှန်အောင် စားဖို့ ပြန်ရုန်းနေကြရပြီ။
ကျမတို့ ပြည်တွင်းက ရှိစုမဲ့စု အင်အားလေးနဲ့ လုပ်ဆောင်နေကြရရှာတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ မိန်းမ ပြည်သူတွေအတွက် ဒီက လူတွေ မရှက်ကြဘူးလား။ ပြည်တွင်းမှာက ငါတို့ ပြည်သူတွေခမျာ သေနတ်ပြောင်းတွေနဲ့ ချိန်ထားခံရတာနော်။ မဟုတ်လည်း မိသားစုလိုက် ဖမ်းပြီး ခြိမ်းခြောက်ခံရလိုခံရနဲ့ ဘယ်လိုမှ မလှုပ်သာဘူး။ ရှင်တို့ကို ဒီမှာ ဘာသေနတ်ပြောင်းက ထိုးချိန်ထားလို့လဲ။ တိုင်းပြည် တကယ်ချစ်စိတ်ရှိရင် အငြင်းမပွားကြပါနဲ့၊ အချင်းမများကြပါနဲ့၊ စဉ်းစားမနေကြပါနဲ့၊ တကယ်လုပ်ရမှာ ကျတော့ ကြောက်ပြီး အရူးချီးပန်း သွေးရူးသွေးတန်းနဲ့ တယောက်အပေါ် တယောက် အပြစ်တွေ တင်မနေကြပါနဲ့။ ကိုယ်ဘာလုပ်နေတယ် ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံး၊ ပြည်ပမှာ ရောက်နေတာ အခွင့်အရေးတွေ ငါတို့ ပြည်တွင်းကလူတွေထက် အများကြီး ရှိနေတာပါ။ (ရသင့်ရထိုက်တာတွေလည်းရပြီး ကြပါပြီ၊ တော်လည်း တော်လောက်ပါပြီ)
တကယ်လုပ်ရတော့မယ့် အချိန်ကျမှ ထမင်းရေပူလာ လျှာလွှဲ အကြောက်တရားတွေ ကြီးစိုးပြီး ကြောက်ကန် ကန်နေသလို ဖြစ်နေတဲ့ အပြုအမူတွေ ရပ်တန်းက ရပ်ကြပါ။ မဟုတ်ရင် ….ကျမတို့ မမီးမီးတို့၊ မနီလာသိန်းတို့၊ မဖြူဖြူသင်းတို့၊ မစုစုနွေးတို့ အန္တရာယ်ကြားက ချီတက်ဆန္ဒပြကြတဲ့ မိန်းမတွေနဲ့ ရှင်တို့ အဝေးရောက် ယောင်္ကျားတွေနဲ့ ဘဝပြောင်းကြမလား။ နေရာလဲ ကြမလား။ ကြောက်နေကြရင် ပြောကြစမ်းပါ ...။ ။
မေမြန်မာ
(၂၆-၁၁-၂၀၀၇)
Showing posts with label မေမြန်မာ. Show all posts
Showing posts with label မေမြန်မာ. Show all posts
Tuesday, 27 November 2007
အဝေးရောက် ယောက်ျားများနဲ့  အကြောက်တရား
Posted by
ngffbm
at
01:54
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
မေမြန်မာ
Subscribe to:
Posts (Atom)
