Pages

Subscribe
Showing posts with label မိုးမခသတင်း. Show all posts
Showing posts with label မိုးမခသတင်း. Show all posts

Monday, 12 July 2010

အမေရိကန်ရောက် မြန်မာတို့အတွက် မြန်မာရုပ်သံ လာမည်

မိုးမခအထောက်တော် အမှတ် ၈
ဇူလိုင် ၁၂၊ ၂၀၁၀ မြန်မာရုပ်သံ ရိုက်ကူးနေပုံ။ မတူခြားနားသည့် ကမ္ဘာသို့ ရောက်လာသူများကို ပညာပေးမည့် အစီအစဉ် ဟူသော စကားလုံးကို မသုံးလိုဘဲ အတွေ့အကြုံ ဖလှယ်နိုင်မည့် အစီအစဉ်ဟုသာ ပြောဆိုလိုသည်ဟု အကောင်အထည် ဖော်သူများက ဆိုသည် (ဓာတ်ပုံ- journalgazette.net)

ဒုက္ခသည် စခန်းများတွင် နှစ်ပေါင်း အတော်ကြာ နေထိုင်လာပြီး ယခု အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့တွင် ရောက်ရှိနေသည့် မြန်မာပြည်သားတို့အတွက် မြန်မာရုပ်သံအစီအစဉ်များ ထုတ်လွှင့်တော့မည် ဖြစ်သည်။

ပထမဆုံး အစီအစဉ်ကို လာမည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီတွင် ထုတ်လွှင့်မည်ဟု မြန်မာ ရုပ်သံ ဖြစ်မြောက်ရေးတွင် ပါဝင်သူတဦးဖြစ်သည့် ဦးမျိုးမြင့်က မိုးမခကို ပြောပြသည်။

ရုပ်သံလိုင်းများ ဖြစ်သော Comcast, City TV Channel 58 တို့က အပတ်စဉ် ထုတ်လွှင့်မည် ဖြစ်ပြီး Verizon အသုံး ပြုသူများသည် City TV Channel 28 တွင် ကြည့်နိုင်မည်ဟု ဒေသခံ သတင်းစာများတွင် ရေးထားသည်။

တွေ့ဆုံမေးမြန်းခြင်း၊ ဖျော်ဖြေရေး၊ ထိုဒေသရောက် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ စကားဝိုင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ်တွင် ဦးသီဟဘကြည်က မိတ်ဆွေများ ဖြစ်သော ဦးမျိုးမြင့်၊ သတင်းထောက် ဦးသင်းကိုကို တို့နှင့် ဆွေးနွေးပြောဆိုရာမှ ဤအစီအစဉ် ဖြစ်ပေါ်လာကြောင်း၊ ဒုက္ခသည်များထဲတွင် စာမတတ်သူ အများအပြား ပါဝင်သဖြင့် ရုပ်သံ ရိုက်ကူး ထုတ်လွှင့်ရန် စိတ်ကူး ပေါ်လာခြင်း ဖြစ်ကြောင်း ထိုဒေသမှ စာနယ်ဇင်းများတွင် ရေးထားသည်။

ရုပ်သံလိုင်း မရှိသူများ ကြည့်ရှုနိုင်ရန် အစီအစဉ်များကို DVD ဖြင့် ဖြန့်မည်ဟု ဆိုသည်။

အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့သည် မြန်မာ ဒုက္ခသည် ၅၀၀၀ ခန့် အခြေစိုက်နေထိုင်လျက် ရှိသည်။

ဦးသီဟဘကြည် နှင့် ဦးမျိုးမြင့်။ ရုပ်သံအစီအစဉ် အသေးစိတ် သိလိုပါက ဦးသီဟဘကြည် (260-601-1876)၊ ဦးမျိုးမြင့် (443-995-7056) တို့ထံ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ထိုဒေသတွင် ထုတ်ဝေသော News Sentinel နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားသည် (ဓာတ်ပုံ - news-sentinel.com)

Sunday, 11 July 2010

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လှုပ်ရှားမှုသတင်းမှတ်စု

မိုးမခ (နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ကိုကျော်သူ မှတဆင့်)
ဇူလိုင် ၁၁၊ ၂၀၁၀
ပေးဆပ်သူတို့၏ အောင်ပွဲ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး ကိစ္စ၊ ဆေးဝါးကုသမှု ကိစ္စ၊ မျိုးဆက်သစ် ကလေးငယ် တို့၏ ပညာရေ မြင့်မားတိုးတက်ရေး ကိစ္စနှင့် သဘာဝဘေးဒဏ် ခံစားရသော ပြည်သူလူထုတို့အတွက် ပံ့ပိုး ကူညီ ဖေးမမှုများကို တတ်စွမ်းသရွေ့ ဖေးမကူညီမှုများ ပြုလုပ်ပေးလျှက် ရှိသော်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ် အသင်းရုံးဝင်း အတွင်းတွင် တည်ရှိသော သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် စတင် တည်ဆောက်နေပြီဖြစ်သော “သုခ အဟာရ” သက်သာချောင်ချိရေး စားသောက်ဆိုင်၊ မော်တော်ယာဉ် ရေဆေး၊ ဆီထိုး၊ စက်ပြင် အဆောက်အဦးနှင့် နာရေးကူညီမှုအသင်း ရုံးခန်း အဆောက်အဦးတို့တွင် အသုံးပြုရန် ရေအခက်အခဲ ကြုံတွေ့နေရသည်မှာ ကြာပြီဖြစ်သည်။ အများပြည်သူတို့ အတွက် ရေဒုက္ခများကို တဖက်တလမ်း လိုက်လံဖြေရှင်း ပံ့ပိုးမှုများကို လုပ်ဆောင်ပေးဆပ်လျှက် ရှိသော်လည်း မိမိတို့တွင် ကြုံတွေ့နေရသော ရေဒုက္ခကို ဖြေရှင်းရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
ခြံဝင်း၏ ပြင်ပ မော်တော်ကားလမ်းမကြီး တစ်ဖက်တွင်ရှိသော ဂျိုးဖြူ ပိုက်လိုင်းကြီးမှ ရေသွယ်တန်းခွင့် လျှောက်ထားသော်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့၍ ယခု ၇.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် စတင်၍ ကိုယ့်အားကိုယ်ကိုးကာ အ၀ီစိတွင်း တူးဖော်ခြင်းကို လုပ်ဆောင်ခဲ့ရာ ယနေ့ ၁၀.၇.၂၀၁၀ (စနေ) နေ့တွင် ပေ ၆၅၀ အနက်တွင် သုံးစွဲရန် ရေများ အောင်မြင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
အများပြည်သူ အလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) သည် “ကိုယ်ပြုသောကံ ပဲ့တင်သံ … ကိုယ့်ထံ ပြန်လာမည်” ဟူသော ယောဆရာတော်ဘုရားကြီး၏ သြ၀ါဒ စကားကို သက်သေပြလိုက်ခြင်းပင် ဖြစ်တော့သည်။
မျိုးဆက်သစ်တို့၏ အမှန်တရား
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီသင်တန်းကို ယနေ့ ၁၀.၇.၂၀၁၀ (စနေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် Indoor ရေးချက်များကို ပန်းချီဆရာကြီး ဦးဝင်းကြည်မှ သင်ကြားပေး ပြီးသည့်နောက် ကလေးသူငယ် များ မွန်းကျပ်မှုမှ ထွက်မြောက်စေရန် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်အနီးရှိ ကိုးဘွဲ့ရ ဆရာတော်ကျောင်း ပတ်ဝန်းကျင်တွင် Outdoor ရေးချက်များကို သွားရောက် သင်ကြားရေးဆွဲ ခဲ့ကြသည်။
ဤကဲ့သို့ Outdoor ရေးချက်သည် သဘာဝတရား၏ အစစ်အမှန်များ၊ လက်တွေ့ အယူအဆ များ၊ အတွေးအမြင်အမှန်များကို သဘာဝကျကျ ခံစားရေးဆွဲရသော အနုပညာဖြစ်သည်။ သဘာဝ ရှုခင်းများကို အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း မြင်တွေ့မှုများကို မိမိ၏ ဆေး၊ စုတ်တံ၊ စက္ကူ တို့နှင့် မိမိ၏ ခံစားမှု အနုပညာနှင့် ပေါင်းစပ်ကာ ရေးခြယ်ရခြင်း ဖြစ်သည့်အတွက် ကွင်းဆင်းရေးချက် (သို့) သဘာဝရေးချက် (သို့) အမှန်တရားရေးချက် ဟု ဆိုရမည် ဖြစ်သည်။
မျိုးဆက်သစ် ကလေးများနှင့် အတူ ပန်းချီဆရာကြီး ဦးဝင်းကြည်၊ အင်္ဂလိပ်စာနည်းပြ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဥက္ကဌ ဦးကျော်သူနှင့် အမှုဆောင်များမှ လိုက်လံအားပေး ပံ့ပိုး ကူညီပေးခဲ့သည်။ ထို့ပြင် ရပ်ကွက်တွင်းရှိ ကလေးသူငယ်များ၊ မိခင်ဖခင်များ စသဖြင့် ရပ်ရွာ ပြည်သူလူထုတို့ကလည်း စိတ်ဝင်တစား လာရောက် အားပေးခြင်း၊ မျိုးဆက်သစ်ကလေးငယ်များအား အပူဒဏ်ခံနိုင်ရန် ထီးမိုး ပေးခြင်း တို့ကို မေတ္တာရှေ့ထား၍ ကူညီပေးခဲ့သည်။
ထို့ကြောင့် ပန်းချီပညာရပ်သည် မျိုးဆက်သစ် ကလေးငယ်များအတွက် သဘာဝတရား၏ အစစ်နှင့် အတုကို ခွဲခြား ပိုင်းခြား ဆုံးဖြတ်မှုတို့ကို ပေးစွမ်းနိုင်သည်။
ပန်းချီပညာရပ်သည် ကောက်ကျစ်ခြင်း၊ ကွေ့ပါတ်ခြင်း၊ လှည့်ဖြားခြင်း မရှိသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အနာဂတ်ခေါင်းဆောင် မျိုးဆက်သစ် ကလေးငယ်များအတွက် မှန်ကန်သော အသိဥာဏ်၊ စစ်မှန်သော အသိတရား၊ ရိုးသားသော စိတ်ဓါတ်၊ တက်ကြွသော စွမ်းအားများကို ရစေတော့မည် ဖြစ်သည်။
အရေးပေါ် မီးဘေးကာကွယ်ရေး
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်များသည် နေ့တဓူဝ အများပြည်သူတို့၏ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေးတို့၏ နာရေးကိစ္စများအား အခမဲ့ ကူညီပေးဆပ် မောင်းနှင်လျှက် ရှိသည်ကို ကိုယ်တိုင်မြင်တွေ့ ခံစားရပြီးသည့်နောက် နိဗ္ဗာန်ယာဉ်များမှာ ကားသစ်များ ဖြစ်သော်လည်း မတော်တဆ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်ရှိသော် အရေးပေါ် မီးငြိမ်းသတ်နိုင်ရန်အတွက် မော်တော်ယာဉ်သုံး ဂျပန်နိုင်ငံလုပ် မီးသတ်ဆေးဘူး အလုံးရေ (၁၉) လုံးအား အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု) ၉၃ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ သဒ္ဓါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းသည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အထူး ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် သာဓုခေါ်ဆို လိုက်ပါသည်။
အလှူရှင် ဒေါ်ဥမ္မာသန်း (မိသားစု)တို့အား ဂုဏ်ပြုကဒ်ပြားနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်ဆောင်ချက် စာအုပ်စာတမ်းများ၊ DVD အခွေများကို ပြန်လည်ပေးအပ်ပြီး အသင်း၏ လုပ်ဆောင်ချက်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ပေးဆပ်မှုများတို့အား လိုက်လံရှင်းလင်း ပြသခဲ့သည်။ ယင်းနောက် အရေးပေါ် မီးဘေးကာကွယ်ရေးအတွက် အလှူရှင်မှ အရေးပေါ် လာရောက် လှူဒါန်းသော အရေးပေါ်မီးသတ်ဘူးများအား နိဗ္ဗာန်ယာဉ်များပေါ်တွင် အရေးပေါ် တပ်ဆင်မှုများကို ပြုလုပ်ခဲ့ပါသည်။
အရေးပေါ် အဘိုးအဘွားများအား ပေးဆပ်မှု
ခိုကိုးရာမဲ့ အဘိုးအဘွားများကို ကူညီဖေးမ စောင့်ရှောက်ပေးလျှက်ရှိသော “ဆည်းဆာရိပ်” ဂီလာနဘိုးဘွား စောင့်ရှောက်ရေးဂေဟာမှ အမေကြီး ဒေါ်ညွှန့်တင် အသက် (၇၂) နှစ်သည် ၉.၇.၂၀၁၀ (သောကြာ) နေ့တွင် ဆီးချို သွေးချို 36% ထိ ကျဆင်းသွားသည့်အတွက် သတိလစ်ကာ ကယောင်ကတန်း စကားများ ပြောဆိုနေခြင်းကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ် ဖြစ်ဆေးခန်းသို့ ခေါ်ဆောင်လာသည်။
အရေးပေါ်ကုသရမည့် လူနာဖြစ်သည့်အတွက် သယ်ဆောင်လာသော မော်တော်ယာဉ်ပေါ်မှ မချတော့ဘဲ သက်ဆိုင်ရာ ဆရာဝန်မကြီး ဒေါ်ထားထားနှင့် သူနာပြုဆရာမများမှ မော်တော်ယာဉ်ပေါ် ထိ တက်ရောက်ကာ ၀ိုင်းဝန်းဖေးမ ကုသပေးခဲ့သည်။ အချိုရည် Glucose 50% သွင်းပေးခြင်း၊ D/S အချို/အငန် ဆေးပုလင်း သွင်းပေးခြင်းဖြင့် သတိပြန်လည် ရရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကို တွေ့မြင်ရတော့မှ “သြော် … သုခဆေးခန်း ရောက်နေတာကိုး” ဟူ၍ ပြောကြား သွားသည်။
အရေးပေါ် မျိုးဆက်သစ်များအတွက် ပေးဆပ်မှု
၉.၇.၂၀၁၀ (သောကြာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း သို့ မောင်ဝိုင်းချစ် အသက် (၂) နှစ်အရွယ် ကလေးငယ်အား အဖိုးဖြစ်သူမှ ခေါ်ဆောင်လာကာ ကလေးငယ်၏ တင်ပါးအောက်တွင် ဖြစ်ပေါ်နေသော အနာစိမ်းအား လာရောက် ပြသခဲ့သည်။
ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအေးမောင်သန်း မှ ကြည့်ရှုစစ်ဆေးရာ အနာစိမ်း သည် အရေးပေါ် ခွဲစိတ် ခြစ်ထုတ်ရမည့် အနေအထား ဖြစ်နေသည့်အတွက် သက်ဆိုင်ရာ သူနာပြု ဆရာမများ အကူဖြင့် ကလေးငယ် မောင်ဝိုင်းချစ်အား အရေးပေါ် ခွဲစိတ် ခြစ်ထုတ်ကုသ ပေးခဲ့သည်။
ထို့ပြင် အနာအား ထပ်မံ၍ လာရောက် ပြသရမည့် နေ့ရက်ကို ချိန်းဆို၍ မောင်ဝိုင်းချစ် ရောဂါ ဝေဒနာ သက်သာပျောက်ကင်းရန် သောက်ရမည့် ဆေးဝါးများအား ပေးခဲ့ပြီး ရှောင်ရန် ဆောင်ရန် ကိစ္စများကို အသေးစိတ် ဂရုတစိုက် ဆရာဝန်ကြီးမှ အဖိုးဖြစ်သူအား ပြောကြားခဲ့သည်။
ဗုဒ္ဓရဲ့ သားတော် သမီးတော်တို့အတွက် ပေးဆပ်မှု
လူမှုရေးဟု ဆိုရာတွင် အလွန်ကျယ်ပြန့် နက်နဲလှပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) သည် ပြည်သူလူထုအတွက် နာရေးကုသိုလ် ယူမှုတင် မကဘဲ ပြည်သူလူထု တွေ့ကြုံခံစား နေရသော ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် ခံစားရမှု၊ မျိုးဆက်သစ် ကလေးငယ်တို့၏ ယဉ်ကျေးလိမ္မာ မှုရှိရေးတို့အပြင် နာရေးကိစ္စ အ၀၀ကို ပေးဆပ်နေရသော လူမှုရေးအသင်းကြီး ဖြစ်လာသည်။ လမ်းခင်း၊ ရေတွင်းရေကန် တည်ဆောက်ပေးမှုတို့ကို လူမှုရေးလုပ်ဆောင်သည်ဟု မဆိုနိုင်တော့ချေ။
ပြည်သူလူထု၏ ဘ၀ရပ်တည်ဖို့အတွက် အစစ အဆင်ပြေ၍ လူ့အခွင့်အရေး ပြည့်ဝစေမှသာ ငြိမ်းချမ်းမှု ပန်းတိုင်ကို ရရှိစေမည်ဖြစ်သည်။ မိမိတို့၏ ဘာသာအယူအဆအရ … မည်သည့် ဘာသာတရားပင်မဆို ငြိမ်းချမ်းမှုကို ဦးတည်ဆဲဖြစ်သည်။
ငြိမ်းချမ်းမှုရရှိရန် ဗုဒ္ဓ၏ သားတော် (သံဃာတော်များ)၊ ဗုဒ္ဓ၏ သမီးတော် (သီလရှင်များ) မှလည်း အဓိက တာဝန်ထမ်းဆောင်နေရသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားမိန့်မှာ ခဲ့မှုများကို လက်ဆင့်ကမ်း၍ ရာစုနှစ်များစွာ ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ကို မေတ္တာစေတနာ ထားရှိကာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုရန်၊ သီလလုံခြုံစေရန် စသည့် စစ်မှန်သော အယူဝါဒ ရေးရာတို့ကို လူသားတို့ထံသို့ လက်ဆင့်ကမ်း၍ ပြန့်ပွားကျင့်သုံး လက်ခံနိုင်ရန် သာဓကများစွာနှင့် ဟောကြားပေးနေကြသော ကျေးဇူးရှင် ဗုဒ္ဓ၏ သားတော် သမီးတော်တို့၏ ကျန်းမာရေးကိုလည်း အထူးဂရုပြု ပေးရမည် ဖြစ်သည်။ ထေရ်ကြီး ၀ါကြီး သိက္ခာတော်ကြီးမား၍ သီလတော်တို့နှင့် ပြည့်စုံ တော်မူသော ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်ကြီးများကို လက်လွတ် အဆုံးရှုံး မခံနိုင်။ ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက် ကျန်ရစ်သူ တပည့် ဒါယကာ ဒါယကာမ ပြည်သူအပေါင်းတို့က အပူဇော်ခံ ထားလိုပါက ရွှေစတီးဖြင့် ပြုလုပ်ထားသော ကရ၀ိတ်ဖော်တော်ဖြင့် အပူဇော်ခံ ထားရှိပေးခြင်း၊ ရွှေရောင် လင်ကွန်း နိဗ္ဗာန်ယာဉ်ကြီးဖြင့် သယ်ဆောင် ပင့်ဆောင်ပေးခြင်း၊ အန္တိမဈာပန အခမ်းအနား မီးသင်္ဂြိုလ်ပေးခြင်း၊ အရိုး ပြာ ရေမျှော ပေးခြင်း၊ အရိုးအိုး ကောက်ပေးခြင်း စသည့် ပေးဆပ် ထမ်းဆောင် ကုသိုလ်ယူမှုများ ရှိသော်ငြားလည်း … မပျံလွန်သင့်ဘဲ ပျံလွန်တော်မူသွားခြင်း၊ ဆေးဝါး မကုသလိုက်ရဘဲနှင့် ပျံလွန်တော်မူသွားခြင်း စသည်တို့ မဖြစ်သင့်ပေ။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနှင့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မရွေး အခမဲ့ ကူညီပံ့ပိုးမှု၊ ဖေးမမှုတို့ကို လုပ်ဆောင်ပေးရာတွင် သံဃာတော်များ၊ သီလရှင်များကို အထူး ဦးထိပ်ထားသည့် အနေနှင့် ဆေးဝါးကုသရာတွင် တိုကင်ယူဆောင်ရန် မလိုဘဲ ဆရာဝန်ကြီးများနှင့် တိုက်ရိုက်တွေ့ဆုံ အခမဲ့ ကုသပေးလျှက်ရှိပါသည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် လူပုဂ္ဂိုလ် တို့တင်မကဘဲ ဗုဒ္ဓ၏ သားတော် သမီးတော်တို့အတွက်၊ သာသနာ ၀န်ထမ်းပုဂ္ဂိုလ်များအတွက် သာသနာ့ ၀န်ဆောင်မှု၊ သာသနာကို ထမ်းဆောင်မှု၊ သာသနာအတွက် ပေးဆပ်မှု၊ သာသနာပြု လုပ်ငန်းအဖြစ်နှင့်ပါ နွေးထွေးစွာ ပေးဆပ်လျှက် ရှိနေတော့သည်။
ကျွတ်ဖို့ လွတ်ဖို့ . . . ရဲဆေးတင်လော့
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် လူမှုရေးသမားများ သင်တန်းအမှတ်စဉ် ၃/၂၀၁၀ နောက်ဆုံး အပါတ်စဉ် ဆင်းပွဲတွင် နာရေးကူညီမှုလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံများ၊ ခံယူချက်များနှင့် ဆက်ဆံရေး ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိပ်မွေ့မှု ရှိရေးတို့နှင့် ပတ်သက်၍ ထပ်မံ ရှင်းလင်းပြောကြားခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၏ Idea နှင့် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ပေးဆပ်ခဲ့ရသော နာရေးအတွေ့အကြုံများ၊ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး အလောင်းကောက် မီးသင်္ဂြိုလ်ပေးမှုများ၊ အဆိပ်သောက် သေဆုံးမှု၊ လမ်းဘေး သေဆုံးမှု၊ ရေနစ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရထားကြိတ်ခံရ၍ သေဆုံးမှု၊ အသတ်ခံ ရ၍ သေဆုံးမှု၊ သစ်လုံးပိ၍ သေဆုံးမှု စသည်တို့ကို Slide Show နှင့် နောက်ခံ တီးလုံး projector တို့ဖြင့် ပြသကာ ရဲသွေးနီနီဖြင့် ရှေ့သို့ ရဲရဲဆက်ကာ ရဲရဲပေးဆပ် သွားနိုင်ရန်အတွက် လူမှုရေး မျိုးဆက်သစ်များအား ရဲဆေးများ ထပ်မံတိုးမြှင့် ပေးခဲ့သည်။
မိမိတို့ ကုသိုလ်ယူသည့် နေရာဝယ် သေဆုံးသွားသူတို့ကို မီးသင်္ဂြိုလ်ပေးခြင်း၊ ဂူသွင်းပေးခြင်း၊ မြေမြှုပ်ပေးခြင်း တို့ဖြင့် မလုံလောက်။ သေဆုံးမှုမျိုးစုံတို့တွင် လွတ်ရာကျွတ်ရာ မြင့်မြတ်သော ဘုံဌာန သို့ ရောက်သွားကြကုန်သော ပုဂ္ဂိုလ်အသီးသီး ရှိကြသလို၊ မလွတ်မကျွတ်ဘဲ ပြိတ္တာ၊ နာနာဘာဝ သရဲ တစ္ဆေ စသဖြင့် ဒုနဲ့ဒေး ရှိနေတော့သည်။ ယင်းတို့ကို မိမိတို့ နေ့စဉ် ပြုခဲ့သမျှ ကုသိုလ်ရေးများကို နေ့စဉ် နံနက်တိုင်း ညတိုင်း အချိန်တိုင်း ဘုရားရှိခိုး ပုတီးစိပ် မေတ္တာပို့သပြီး အမျှပေးဝေရန် အရေးကြီးလှသည်။ အဓိကကျ လှသည်။ မိမိအတွက်လည်း အကျိုးရှိ ကုသိုလ်ရ … တဖတ်သူတို့အတွက်လည်း များစွာအကျိုးရှိ ကျွတ်ကြလွတ်ကြ ကုန်၏။
ထို့ကြောင့် … မည်ကဲ့သို့ ပုံစံမျိုးနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြကုန်သော အလောင်းကောင်များကို ရဲတင်းစွာ သယ်ယူပို့ဆောင် သင်္ဂြိုလ်ပေးနိုင်ဖို့ အရေးကြီးသလို … မိမိ၏ ထိုကောင်းမှုတို့ကို အမျှပေးဝေ မေတ္တာပို့သမှုကလည်း အဓိကကျတော့သည်။
ထို့ကြောင့် … ကျွတ်ဖို့လွတ်ဖို့ ရဲဆေးတင်လော့ . . . . ။
(သည်နေရာမှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း ဓာတ်ပုံမှတ်တမ်းများကို ကြည့်နိုင်ပါပြီ - )

Friday, 2 July 2010

အင်းလေးကန်အတွက် စကားပြောကြပြီ

အင်းလေးကန် ထိန်းသိမ်းရေး နည်လမ်းများ ရရှိရန် အာဏာပိုင်တို့က ၂ ရက်ကြာ ဆွေးနွေးပွဲ (workshop) ပြုလုပ်နေသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

ယနေ့အဆုံးသတ်မည့် ဆွေးနွေးပွဲတွင် ပါဝင်သူများမှာ တက္ကသိုလ် ပညာရှင်များ၊ သစ်တော၊ ကျန်းမာရေး၊ စည်ပင်သာယာ၊ ဟိုတယ်ခရီး၊ ကြေးတိုင်မြေစာရင်း၊ ဆည်မြောင်း ဌာနများမှ အရာရှိများ၊ UNDP ခေါ် ကုလသမဂ္ဂအေဂျင်စီ ကိုယ်စားလှယ်တို့ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် "အင်းလေးကန်ရေရှည် တည်တံ့ရေးဆိုင်ရာ စာတမ်း ခြောက်စောင်ကို ဖတ်ကြားတင်ပြ ဆွေးနွေးကြသည်" ဟု ရေးသားထားသော်လည်း အသေးစိတ်ကို ဖော်ပြမထားပေ။

အင်းလေးကန် ကယ်တင်ရေးအတွက် အစိုးရဌာနများ၊ နိုင်ငံတကာအဖွဲ့များ ပါဝင်သည့် ဆွေးနွေးပွဲ (workshop)ပြုလုပ်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများကြားတွင် ထင်ရှားသည့် ဦးအုန်းက ပြောကြားကြောင်း အလဲဗင်းမီဒီယာ သတင်းတပုဒ်တွင် မေလက ဖော်ပြခဲ့ဖူးသည်။

အင်းလေးကန် ကယ်တင်ရေး အစီအစဉ်တွင် စီမံကိန်းလေးခု ပါဝင်ကြောင်း၊ ရောဂါပိုးမွှားများ ပါဝင်နေသည့် ရေကို သန့်စင်ခြင်း၊ ဟိုတယ်များမှ စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုကို ထိန်းချုပ်ခြင်း၊ ဓာတုဓာတ်မြေ သြဇာကြောင့် အင်းလေးကန် ပျက်စီးမှုကို ထိန်းသိမ်းခြင်း၊ ကန်ဝန်းကျင် ၇ မြို့နယ်တွင် သစ်ပင်စိုက်ခြင်းတို့ဖြစ်ကြောင်း အလဲဗင်း သတင်းတွင် ရေးထားသည်။

မြန်မာနိုင်ငံတွင် အပူချိန်မြင့်မားခြင်း၊ မုတ်သုန်အ၀င်နောက်ကျခြင်းတို့ ဖြစ်ပေါ်ပြီးနောက် နိုင်ငံတ၀န်း မိုးခေါင် ရေရှားသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုသတင်းများနောက်တွင် ရေခန်းခြောက်နေသည့် အင်းလေးကန်သတင်းသည် ဓာတ်ပုံနှင့်တကွ ပေါ်ပေါက်လာရာ ခရီးသည်များ စိတ်ဝင်စားကြသည့် အင်းလေးကန်အကြောင်းက လူအများ စိတ်ဝင်တစား ပြောဆိုစရာတခု ဖြစ်ခဲ့သည်။

လှေကို ခြေဖြင့်လှော်သည့် ဒေသခံများကြောင့် ဆွဲဆောင်မှု ရှိခဲ့သော အင်းလေးသည် ရေနည်းပါးနေသဖြင့် သတင်းသမားများက ရေးသားဖော်ပြရန် ကြိုးစားနေကြသည်။ သို့သော်လည်း အာဏာပိုင်တို့ ပိတ်ပင်လိုသည့် သတင်းများထဲတွင် အင်းလေးကန် ရေနည်းပါးခြင်းသတင်းလည်း ပါဝင်သည်ဟု ဆိုသည်။

မိုးမခအထောက်တော် အမှတ် ၆

Thursday, 1 July 2010

ငွေသိန်းထောင်ချီသည့် လိမ်လည်မှုတွင် ရဲနှင့် တရားရုံးတို့ ငွေများသည့်ဘက်လိုက်

၂၀၀၉ ခုနှစ် အတွင်း လေလံဖြင့် ၀ယ်ခွင့်ရခဲ့သည့် ရုပ်ရှင်ရုံ နောက်ဘက်မှ ဆိုင်ခန်းများ ရှင်းလင်းရေးနှင့် ပတ်သက်ပြီး ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ရာ အဆိုပါလိမ်လည်သူတို့အား တိုင်ကြားသဖြင့် ရဲကဖမ်းဆီးသော်လည်း လိမ်လည်သွားသည့် ငွေသိန်းထောင်ကျော် အနက် တပြားတချပ်မှ သိမ်းဆည်းနိုင်ခြင်း မရှိဘဲ အဆိုပါ ဖမ်းဆီးထားခြင်း ခံရသည့် တရားခံများက ငွေဖြင့် ရဲစခန်းနှင့် တရားရုံးတို့အား လွှမ်းမိုးလျက်ရှိသည်ဟု အမည်မဖေါ်လိုသည့် အမှုကိစ္စနှင့် နီးစပ်သူ တဦးက ပြောသည်။
ယခု လိမ်လည်မှု ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ရှင်ရုံမှာ စမ်းချောင်းမြို့နယ် မြေနီကုန်းမှတ်တိုင် အနီးရှိ “ရတနာပုံ ရုပ်ရှင်ရုံ” ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ဆန်း နအဖ အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်အရ ကျပ်သိန်း ၉၂၀၀ ရာဖြင့် လေလံဖြင့် ရောင်းချပေးခဲ့သည့် ရုပ်ရှင်ရုံဖြစ်သည်။

အဆိုပါ ရုပ်ရှင်ရုံအား လေလံဖြင့် ၀ယ်ယူခွင့်ရရှိပြီးနောက် ရုပ်ရှင်ရုံနောက်ဘက်ရှိ ဆိုင်ခန်းများအား ရှင်းလင်းဖယ်ရှားရန် အတွက် ဦးထွန်းရီ ဆိုသူနှင့် အဖွဲ့က ရန်ကုန်တိုင်း စစ်ဌါနချုပ်၏ အထူးစစ်ဆင်ရေးအဖွဲ့ လက်မှတ်အတု စာအတုများဖြင့် ရှင်းလင်းပေးမည်ဟု ဆိုကာ ရုပ်ရှင်ရုံပိုင်ရှင် ဒေါ်ခင်နန်းဝေထံမှ ငွေကျပ်သိန်း ၁၅၀၀ တောင်းယူခဲ့သည်။ ငွေ ကျပ် သိန်း ၁၃၀၀ ပေးပြီး မကြာမီ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ရန်ကုန်တိုင်း စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့နှင့် ကမာရွတ်ရဲ စခန်းတို့မှ လက်ရဖမ်းဆီးခဲ့ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင်ရုံးတွင် တရားစွဲဆိုခဲ့သည်။
သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များက လိမ်လည်မှုနှင့် ပတ်သက်သည့် ပေးပြီးသား ကျပ်ငွေ သိန်း ၁၃၀၀ အနက် တပြားတချပ်မှ ရှာဖွေ သိမ်းဆည်းနိုင်ခြင်း မရှိခဲ့သည့် အဖြစ်က ထူးဆန်းနေသည်ဟု အမှုကိစ္စနှင့် နီးစပ်သူက ပြောဆိုသည်။
“အခုခေတ်မှာ လိမ်တဲ့သူက ငွေလုံလုံလောက်လောက် ရထားရင် အဲဒီလိုစွဲဆိုခံရတဲ့ အမှုကို ငွေနဲ့လိုက်ပြီး လွတ်အောင် လုပ်လို့ရတဲ့ အနေအထားမြင်နေရတယ်။ အခု လိမ်တဲ့သူက ရဲကိုရော တရားရုံးကိုပါ ငွေသိန်းရာဂဏန်းနဲ့ချီ ပေးထားပြီလို့ ယူဆရတယ်။ အခုအာမခံတောင် လျှောက်ထားသေးတယ်။ လိမ်လည်မှု ပုဒ်မ ၄၂၀ ကို အာမခံပေးလိုက်လို့ကတော့ ဒီလိမ်တဲ့သူတွေက ထွက်ပြေးတော့မှာပေါ့”
ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
နိုင်ငံရေးနှင့် မပတ်သက်သည့် လိမ်လည်မှု၊ လောင်းကစားမှုများအား ရဲဖမ်းဆီးရာတွင် အမှန်တကယ် ဖမ်းမိသည့် ငွေပမာဏထက် အဆများစွာလျော့ပြီး အမှုတွင် တင်ပြလေ့ရှိကြသည်ကို ယခင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအရ သိရှိရသည်။
“ကျွန်မတို့ အသိတွေပါတဲ့ ဂျင်ဝိုင်း အဖမ်းခံရတုန်းက တကယ် သိမ်းဆည်းရတဲ့ ငွေက သိန်း ထောင်နဲ့ချီတယ်။ တစ်ထောင်တောင်မကဘူး၊ ၂ထောင် ကျော် ၃ထောင်နီးပါး ဖမ်းမိတာ။ ဒါပေမယ့် ရဲက အမှုမှာတင်တော့ သိန်း ၂ ရာ ၃ ရာ ပဲတင်တာ။ အဖမ်းခံရတဲ့ သူတွေလည်း အမှန်တကယ် ငွေပမာဏက ဒီလောက်မဟုတ်ဘူးလို့ ငြင်းရင် ရဲက ငြှိုးတော့မယ်။ ပြောလည်းငွေက အားလုံးပြန်ရတာမဟုတ်တော့ ရေငုံနှုတ်ပိတ်နေလိုက်ရတာ။ ကစားဝိုင်းမှာ ပါတဲ့သူတွေက အဖမ်းခံရတော့မယ် မလွတ်တော့ဘူးဆိုရင် ပါလာတဲ့ကားရဲ့သော့ကို ရဲတယောက်ယောက်ဆီ ကပ်ပေးပြီး သွားပေးရမယ့် ဖုန်းနံပါတ်ကို ပြောလိုက်။ အဲဒီရဲက ကားသွားပေးပြီး ၁၀ သိန်း ၊ သိန်း ၂၀တောင်းယူတာ”
ဟု လုပ်ငန်းရှင်တဦးက သူ့အတွေ့အကြုံကိုပြောပြသည်။
ယခုအဖြစ်အပျက်တွင်လည်း လိမ်လည်သူဟု စွပ်စွဲခံရသူ ဦးထွန်းရီက ရဲနှင့် တရားရုံးအား ငွေဖြင့် ပေးပြီး အာမခံရယူရန် ကြိုးစားနေသည့် အခြေအနေဟု အမှုနှင့် နီးစပ်သူကပြောသည်။ ယခု လိမ်လည်မှု အား အနောက်ပိုင်း ခရိုင်တရားရုံးတွင် စွဲဆိုတားပြီး တရားသူကြီး ဒေါ်စိုးဥာဏ်က တာဝန်ယူ ကြားနာလျက်ရှိသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်သည် နိုင်ငံရေး နှင့် သက်ဆိုင်သည့် အမှုများမှလွဲလျင် “ငွေများ တရားနိုင်သည့်” အခြေအနေဖြစ်နေသည်မှာ ဆယ်စုနှစ်များနှင့်ချီနေပြီ ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အခြေအနေသိသာစွာ ဆိုးရွားလာသည်ဟု ဥပဒေ ပညာဖြင့် အသက်မွေးလျက်ရှိသည့် ရှေ့နေများက ပြောဆိုကြသည်။
ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် တိုင်းပြည်၏ အခြေအနေများ ပိုမို ရှုပ်ထွေးခြင်း၊ ၎င်းတို့အကာအကွယ်ယူထားသည့် အာဏာပိုင်တို့၏ အပြောင်းအလဲများ ပိုမို ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ ရသမျှ စုဆောင်းထားလိုသည့် သဘောဟုလည်း ရှေ့နေများက ပြောဆိုသည်။

မိုးမခသတင်းထောက် ၀င်းမြတ်(ရန်ကုန်) ရေးသားသည်။

Wednesday, 23 June 2010

ရန်ကုန်မြို့တွင် ကြံ့ဖွံ့ပါတီဝင်စုဆောင်းရေး စတင်ပြီ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၄၊ ၂၀၁၀

မကြာသေးမီက ပါတီအဖြစ် မှတ်ပုံတင်ခဲ့သည့် ကြံ့ဖွံ့ (ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ) ပါတီ၏ ပါတီဝင်သစ် စုဆောင်းသည့် လှုပ်ရှားမှုများ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရန်ကုန်မြို့၏ မြို့နယ်အချို့တွင် စတင်နေပြီဟု မြို့ခံများက ပြောဆိုသည်။လွန်ခဲ့သည့် သီတင်းပတ်က မြောက်ဥက္ကလာနှင့် မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်များတွင် မြို့နယ် ကြံ့ဖွံ့ စည်းရုံးရေးမှူးများက ရ၀တ၊ ဆယ်အိမ်မှူးများ လိုက်ပါပြီး တအိမ်တက်ဆင်း ပါတီဝင်ရန် လိုက်လံ စည်းရုံးလျက်ရှိသည်ဟု အဆိုပါ မြို့နယ်များတွင် နေထိုင်သူများက ပြောဆိုသည်။

မြောက်ဥက္ကလာ မြို့နယ်တွင်နေထိုင်သူ ကျောင်းဆရာ တဦးက
“ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော်တို့ လမ်းထဲကို ကြံ့ဖွံ့စည်းရုံးရေးမှူးတွေ လာပြီး ပါတီဝင်ဖို့ပြောတယ်။ ကျွန်တော်က ခင်ဗျားတို့ အိမ်ရှေ့က လမ်းကို နိုင်လွန်ကတ္တရာလမ်းဖြစ်အောင် ခင်းပေးမယ်လို့ အာမခံရင် ကျွန်တော်ဝင်မယ်လို့ စိမ်ခေါ်တော့ ၊ ဟာ အဲဒါတော့ အာမ မခံနိုင်ဘူးဗျာဆိုပြီး နောက်ဆုတ်သွားတယ်။ ကျွန်တော်က နကိုကတည်းက မ၀င်ချင်တာ၊ မဖြစ်နိုင်တဲ့ဟာနဲ့ စိမ်ခေါ်ကြည့်လိုက်တာ” ဟု ပြောသည်။
အလားတူပင် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ တဦးကလည်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သူတို့အိမ်သို့ ဆယ်အိမ်မှူး အပါအ၀င် မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများ ရောက်လာပြီး အိမ်ရှိ အရွယ်ရောက်သူများအား ကြံ့ဖွံ့ပါတီဝင်ရန် စည်းရုံးပြောဆိုခဲ့သည်ဟု ဆိုသည်။ အသက်အရွယ်ကြီးသူ အငြိမ်းစား ၀န်ထမ်းဖြစ်သူ အဖိုးအဖွားနှစ်ဦးစလုံးကို ကြံ့ဖွံ့ပါတီသို့ ၀င်ရန် ပြောဆိုပြီး ဓါတ်ပုံရိုက်ယူကာ ကိုယ်ရေး အချက်အလက်များ ကောက်ယူသွားခဲ့သည်ဟု ပြောဆိုသည်။
ကာယကံရှင်နှစ်ဦးက အသက်အရွယ်ကြီးရင့်သည်ကို အကြောင်းပြပြီး မ၀င်လိုဟု ငြင်းပယ်သော်လည်း ရာအိမ်မှူးနှင့် နယ်မြေမှူး တို့၏ မျက်နှာကို ကြည့်ပြီး ၀င်ရောက်လိုက်ရသည်ဟု ဆိုသည်။
မြို့နယ်စည်းရုံးရေးမှူးက ဆယ်အိမ်မှူးလုပ်သူကို လက်ညှိုးထိုးပြီး
“ဆယ်အိမ်မှူးတောင် ပါနေတာ ခင်ဗျားတို့က ဘာကိုစိုးရိမ်စရာ လိုလို့လဲ။ ဘာလုပ်ပေးရမယ်လို့ မဟုတ်ပါဘူး။ ၀င်ထားရုံပါပဲ”
ဟု မလိမ့်တပတ်ပြောဆိုပြီး စည်းရုံးသဖြင့် အဖွဲ့ဝင်ဖြစ်သွားခဲ့ရသည်ဟုလည်း သိရှိရသည်။
အဆိုပါ စည်းရုံးသည့် အဖွဲ့က ပါလာသည့် ဒစ်ဂျစ်တယ် ကင်မရာဖြင့် အဖွဲ့ဝင်သူများအား ဓါတ်ပုံရိုက်ယူကာ ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင် လိပ်စာ အစရှိသည့် အချက်များကို ကောက်ယူပြီး လိပ်စာကဒ်အရွယ်ရှိ အစိမ်းရောင်ပြေး ရိုက်နှိပ်ထားသည့် ကဒ်ပြားတွင် လက်မှတ်ထိုးပေး လိုက်ရသည်ဟု ပြောပြသည်။
ယခုကဲ့သို့ စည်းရုံးခြင်းကို တအိမ်တက်ဆင်း လုပ်ဆောင်ခဲ့သည်ဟု လည်းရပ်ကွက်နေသူများက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အနှိပ်ခန်းကဲ့သို့သော အစိုးရဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းလုပ်ကိုင်နေသူများအား ကြံ့ဖွံ့ပါတီက အမာခံစာရင်းထဲ တည့်သွင်းထားခြင်း ခံရသည်ဟု အမည်မဖေါ်လိုသည့် အနှိပ်ခန်း မန်နေဂျာလုပ်ကိုင်သူ တဦးပြောဆိုသည်။
ကြံ့ဖွံ့အသင်းတွင် စည်းရုံးရေး တာဝန်ယူထားသူ ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ယခုလို အမာခံ ၅၀၀ ရှာဖွေဖွဲ့စည်းစေခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။ အမာခံဟု စာရင်းထည့်သွင်းခံထားရသူများ အနေဖြင့် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ရဲတပ်ဖွဲ့နှင့် ပြေလည်အောင် ပေါင်းသင်းနေရသည့် အတွက် ယခုကဲ့သို့ ကြံ့ဖွံ့ပါတီအမာခံ အဖြစ်ထည့်သွင်းခံရ ခြင်းကို ငြင်းဆိုဖို့ မတတ်နိင်ခဲ့ဟုလည်း အဆိုပါ မန်နေဂျာက ပြောသည်။
ရန်ကုန်မြို့နေ လူထု အများစုမှာ ကြံ့ဖွံ့အဖွဲ့မှ စွမ်းအားရှင် ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းပြီး ၂၀၀၇ ခုနှစ်ရွှေဝါရောင် တော်လှန်ရေးတွင် ရဟန်းသံဃာများအား ရိုက်နှက် သေကျေစေခဲ့သည့် အဖြစ်ကို မျက်မြင်တွေ့ဖူးခဲ့သဖြင့် ကြံ့ဖွံ့အဖွဲ့ သို့မဟုတ် ပါတီကို မ၀င်လိုကြဟုလည်း ဒဂုံမြို့သစ်တွင် နေထိုင်သူ တဦးကပြောဆိုသည်။
ကြံ့ဖွံ့အသင်း၏ ပါတီဝင်သစ် စုဆောင်းရေး အစီအစဉ်၌ ကြံ့ဖွံ့အဖွဲ့၏ မြို့နယ်အဆင့် တာဝန်ရှိသူ တဦးလျင် ပါတီဝင်သစ် လူ၅၀- ၁၀၀ စည်းရုံးပေးရမည်ဆိုသည့် ညျွန်ကြားချက်များလည်း ရှိနေသည်ဟု ရပ်ကွက်အတွင်း စည်းရုံးရေး ဆင်းသည့် ရ၀တအဖွဲ့ဝင် တချို့၏ ပြောဆိုချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်ဝန် ဖြစ်သူ ဦးအောင်သိန်းလင်း (ယခင်ဗိုလ်မှူးချုပ်)သည် ကြံ့ဖွံ့အဖွဲ့တွင်လည်း ရန်ကုန်တိုင်းစည်းရုံးရေး တာဝန်ရှိသူ တဦးဖြစ်သဖြင့် စည်ပင်သာယာ အဖွဲ့အနေဖြင့် ရန်ကုန်မြို့နေလူထုအတွက် လုပ်ဆောင်ပေးရမည့် လမ်းခင်းခြင်း၊ ရေဖြန့်ဝေခြင်း၊ စက်ရေတွင်းတူးခြင်းများကို ကြံ့ဖွံ့အသင်းမှ လူထုအတွက် လုပ်ဆောင်ပေးနေသယောင် ဆိုင်းဘုတ်များ အလံများတင်လွှင့်ပြီး လုပ်ဆောင်နေသည်မှာ နှစ်နှင့်ချီရှိနေသည်ကိုတွေ့ရှိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် စီးပွားရေး လုပ်ကိုင်သူများထံမှ ကောက်ယူထားသည့် အခွန်အကောက်ငွေများဖြင့် လမ်းခင်းခြင်း၊ စက်ရေတွင်းတူးခြင်းကို ကြံ့ဖွံ့အသင်း သို့မဟုတ် ပါတီ စည်းရုံးရေး အတွက် လုပ်ဆောင်ခြင်းမှာ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် မ၀င်ကို အချို့သော နိုင်ငံရေး ဝေဖန်သူများက မေးခွန်းထုတ် ပြောဆိုသည်။

Monday, 14 June 2010

အခြေခံဥပဒေကို အလွယ်တကူ ပြင်၍ မရဟု ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပြော

မိုးမခအထောက်တော် အမှတ် ၀၀၂
ဇွန် ၁၄၊ ၂ဝ၁ဝအသက် ၉၀ ရှိပြီ ဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (photo: True News)

အခြေခံဥပဒေတခုကို အလွယ်တကူ ပြင်ဆင်၍ ရမည်မဟုတ်ဟု နှစ် အတန်ကြာ ငြိမ်သက်နေသည့် နိုင်ငံရေးသမားကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက ပြောလိုက်သည်။

အင်္ဂါနေ့ထုတ် True News ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။



“လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ် လို့ ပြောဆိုနေကြတဲ့ အပေါ် ကိုယ့်အမြင်ကို ပြောရရင် ကိုယ်ကိုယ်တိုင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆွဲတုန်းက ပါဝင်ခဲ့တဲ့ အတွေ့အကြုံ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကို လွယ်လွယ်ကူကူနဲ့ ရေးဆွဲပြီး အတည်ပြုလို့ မရသလို အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကိုလည်း လွယ်လွယ်ကူကူ ပြင်ဆင်တာတို့ ဖြည့်စွက်တာတို့ လုပ်လို့ မရပါဘူး” ဟု ဦးအောင်ကြီးက ပြောသည်။

စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် အခြေခံ ဥပဒေသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အဟန့်အတား ဖြစ်နေသည့်အတွက် နိုင်ငံရေးသမား အများအပြားက ကန့်ကွက်လျက်ရှိသည်။

နိုင်ငံရေးသမား တချို့ကလည်း ထိုအခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲဝင်ရေးအတွက် စီစဉ်နေကြသည်။

ဤအချိန်တွင် ဦးအောင်ကြီးက ပြင်ဆင်ရန် ခက်ခဲကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီထောင်ရန် အစီအစဉ် လုံးဝ မရှိ ဟုလည်း ဆိုသည်။

သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတပါက “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပိုမို တိုးတက် ကောင်းမွန်လာစေမယ်” ဟုလည်း ပြောလိုက်သည်။

နိုင်ငံရေး အကဲခတ် အများစုက ထိုရွေးကောက်ပွဲသည် မျှတမည်မဟုတ်ဟု ယုံကြည်နေကြသည်။

ဦးအောင်ကြီးသည် ၁၉၆၂ စစ်အာဏာသိမ်း ခေါင်းဆောင် တဦး ဖြစ်သည်။ အာဏာရှင် ဦးနေ၀င်းက သူ့ကို ရာထူးမှ ဖြုတ်ပြီး အကြိမ်ကြိမ် ထိန်းသိမ်းခဲ့သော်လည်း သူက ဦးနေ၀င်းအပေါ် သစ္စာမပျက်ခဲ့ဟု သိရသည်။

၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွင် ဦးအောင်ကြီး၏ အမည်သည် ပိုမို ထင်ရှားလာသည်။ ထိုကာလ မတိုင်ခင်က စစ်အစိုးရထံသို့ သူပေးပို့သည့် မြန်မာပြည်အခြေအနေဆိုင်ရာ အိတ်ဖွင့်ပေးစာများမှာ အလွန် ထင်ရှားခဲ့သည်။

ထိုလှုပ်ရှားမှုကို စစ်တပ်က ချေမှုန်းအပြီးတွင် ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အုပ်စု သုံးခုဖြင့် NLD ကို စတင် ဖွဲ့စည်းခဲ့ရာ ထိုနိုင်ငံရေးအတွဲကို “အောင်၊ စု၊ တင်” ဟု ထိုစဉ်က ခေါ်ကြသည်။ အုပ်စု တခုမှ ၁၄ ဦးစီ စုပေါင်းပြီး ဖွဲ့ကြခြင်း ဖြစ်သည်။

မကြာမီမှာပင် ဦးအောင်ကြီးက NLD ခေါင်းဆောင်ပိုင်းတွင် ကွန်မြူနစ်များ ရှိနေသည်ဟု စွပ်စွဲသဖြင့် အဖွဲ့အတွင်း ပဋိပက္ခ ဖြစ်ခဲ့သည်။ ၂ လကျော်အကြာတွင် အစည်းအဝေးလုပ် မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်သွားသည့် ဦးအောင်ကြီးတို့အုပ်စု NLD မှ ထွက်သွားသည်။

ထို့နောက် ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ (UNDP) ကို တည်ထောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည်။ မဲဆန္ဒနယ် ၂၅၀ တွင် ၀င်ပြိုင်ရာ တနယ်တွင် အနိုင်ရခဲ့သည်ဟု ဆိုသည်။

၁၉၁၉ ခုနှစ်ဖွား ဦးအောင်ကြီးသည် ပဲခူးတိုင်း ပေါင်းတည်မြို့ ဇာတိ ဖြစ်သောကြောင့် စာရေးသည့်အခါ သခင်အောင်ကြီး (ပေါင်းတည်) ကလောင်အမည်ဖြင့် ရေးလေ့ရှိသည်။

သူ၏ အမည်ဖြင့် ထုတ်လုပ်သည့် “အောင်ကြီးကိတ်” သည် တချိန်က ရန်ကုန်တွင် အောင်မြင် ထင်ရှားသော အစားအစာလုပ်ငန်းကြီး ဖြစ်ခဲ့သည်။

Saturday, 29 May 2010

(ဦး) ၀င်းငြိမ်း၏ ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲ ခေတ်ပေါ် အဆိုအကများနဲ့ ကျင်းပ

မိုးယံမခ - ရန်ကုန်
မေ ၃၀၊ ၂၀၁၀


ပရိသတ်များ
ဂျင်နီ။ ခေမီကို။
စတုတ္ထအကြိမ်မှာ အဆုံးသတ်ခဲ့ပြီလား ဆိုပြီး စာချစ်သူတွေ တွေးထင်ခဲ့ရတဲ့ ရွှေအမြုတေစာပေဆုပေးပွဲကို ပဉ္စမအကြိမ်မြောက်အဖြစ် ၂၀၁၀ မေလ ၂၈ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်မှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
စိုင်းစိုင်း။ ၀ိုင်းစုခိုင်သိန်း။
ဆုပေးပွဲကို မဂ္ဂဇင်း၊ ဂျာနယ် အသီးသီးက အယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ အနုပညာရှင်များနဲ့ သက်ဆိုင်ရာက အာဏာပိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတက်ရောက်လာကြသူတိုင်းကို ဦ၀င်းငြိမ်းစီစဉ်တဲ့ အနှစ် ၂၀၀၉ - စတုတ္ထအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲ မှတ်တမ်းစာအုပ် လက်ဆောင်အဖြစ် ပေးပါတယ်။
အခမ်းအနားကို ခေမီကို အကအဖွဲ့ရဲ့ ကပြတင်ဆက်မှုတွေနဲ့ စတင်ဖွင့်လှစ်ပြီး အခမ်းအနားမှူးအဖြစ် စာရေးဆရာ အောင်သိန်းကျော် (ဆူဒိုနင်)က ဆောင်ရွက်ပါတယ်။ ဆုပေးပွဲကို ရွှေအမြုတေမဂ္ဂဇင်ဒး အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းရဲ့ ၆၄ နှစ် မြောက် မွေးနေ့မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။
စန္ဒီမြင့်လွင်။ ကောင်းမြတ်။
အခုလို ၅ ကြိမ်မြောက် ဆုပေးပွဲ ကျင်းပနိုင်ဖို့ မသေချာတော့တဲ့ အခြေအနေကို ယခင် ၄ ကြိမ်မြောက် စာပေဆုပေးပွဲမှာ ဥိးဝင်းငြိမ်းက အောက်ပါအတိုင်း ပြောခဲ့ဖူးပါတယ်။
“ ဆရာဇော်ဂျီ ရေးသားခဲ့တဲ့ ဗေဒါလမ်းကဗျာထဲက ဗေဒါလို အယက်အကန်ခံလို့ ဗေဒါပျံ အဲကိုခဲ ပန်းပန်လျက်ပဲ လို့ ဆိုချင်သော်ငြားလည်း ကျနော့်အသံက ခပ်ပျော့ပျော့ ဖြစ်နေပါလိမ့်မယ်။ ကျနော့်အပေါ်ကို လှိုင်းတွေ တလုံးပြီး တလုံး အုပ်မိုးလာသလို ဘဲအုပ်ကလည်း တရာ၊ နှစ်ရာမက ဖြစ်လာတာကြောင့် တကယ်လို့များ နောင်နှစ်မှာ ပဉ္စမအကြိမ် ရွှေအမြုတေစာပေဆုပေးပွဲ မကျင်းပဖြစ်ခဲ့ရင် နောက်တချီ ဒီတလုံး ဖုံးအုပ်သွားလို့ပဲ လို့သာ မှတ်ယူကြစေချင်ပါတယ်။ ကျနော် ရုန်းထွက်နိုင်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် အားမတန်ရင်တော့ မာန်လျှော့ရမှာပါ …”
ခင်သန်းနု။ ဂျူး၊ ငွေကြယ်စင်၊ မောင်သာချို
ဒီနှစ်အခမ်းအနား ကျင်းပဖို့အတွက် သက်ဆိုင်ရာကို တင်ပြတဲ့အခါမှာ ခွင့်ပြုခဲ့တဲ့အတွက် ပဉ္စမအကြိမ်မြောက် စာပေဆုပေးပွဲကို ကျင်းပဖြစ်တဲ့ အကြောင်း ဦးဝင်းငြိမ်းရဲ့ အဖွင့်ကျေးဇူးတင်စကားမှာ ပြောကြားသွားခဲ့ပါတယ်။
ဆရာထက်မြက်က ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ဖတ်ကြားအပြီးမှာ ဧည့်ခံကျွေးမွေးရေးနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို ဆက်လက်တင်ဆက်ပါတယ်။
ကြူးနစ်။ မြင့်မောင်ကျော်၊ ၀င်းငြိမ်း၊ မီးပွား။
ဒီနှစ် ရွှေအမြုတေ စာပေဆုပေးပွဲမှာ ကဗျာ၊ ၀တ္ထုတို၊ မျိုးဆက်သစ်ဝတ္ထုတို၊ အက်ဆေး (ရသစာတမ်း)၊ ဆောင်းပါး၊ ၀တ္ထုရှည် ဆု ဆိုပြီး စာပေဆု ၆ မျိုး ပေးအပ်ခဲ့ပါတယ်။ အခန်းဆက် ၀တ္ထုရှည်ဆု ချီးမြှင့်တာကို မတွေ့ရပါဘူး။

ဆုပေးသူ - အောင်ဇင်မင်း။ ဆုရရှိသူ - မောင်လင်းရိပ်
ကဗျာ စာပေဆု ကို ၂၀၁၀ ဖေဖော်ဝါရီထုတ်၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်းက မောင်လင်းရိပ် ရဲ့ နွေဦးကို နွေဦးနဲ့ နွေဦးမှာ နွေဦးသာ … ဆိုတဲ့ ကဗျာက ရရှိခဲ့ပါတယ်။ ကဗျာဆရာအောင်ဇင်မင်းက ဆုပေးအပ်ပါတယ်။ ဆုက ကျပ် ၅ သိန်း ၅ သောင်း ဖြစ်ပါတယ်။
ဆုရသူ - လဲ့ဝင်းကြည်ချို။ ဆုပေးသူ - စာရေးဆရာ မင်းလူ
ဝတ္ထုတို ဆုကို ၂၀၀၉ သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းက လဲ့ဝင်းကြည်ချိုရဲ့ “ကြာတောမှာ ဗေဒါ …” ဆိုတဲ့ ၀တ္ထုတိုက ရရှိခဲ့ပါတယ်။ စာရေးဆရာမင်းလူက ဆုပေးအပ်ပါတယ်။ ဆုငွေက ကျပ် ၇ သိန်း ငါးသောင်း ဖြစ်ပါတယ်။
ဆုပေးသူ - တက္ကသိုလ် တင်ခ။ ဆုရသူ - နောင်ကျော်။
အက်ဆေး (ရသစာတမ်း) ဆုကို ၂၀၁၀ ဖေဖော်ဝါရီ စတိုင်သစ်မဂ္ဂဇင်းက နောင်ကျော်ရဲ့ “ကျနော်နှင့် အလှူခံများ …” က ရရှိပါတယ်။ ပြန်ကြားရေးက တက္ကသိုလ်တင်ခ မှ ဆုချီးမြှင့်ပါတယ်။ ဆုငွေ ကျပ် ၅ သိန်း ၅ သောင်း ရရှိပါတယ်။
ဆုရသူ - ငွေကြယ်စင်။ ဆုပေးသူ - ၀င်းငြိမ်း။
မျိုးဆက်သစ် စာပေဆုကို ၂၀၀၉ အောက်တိုတာ ရွှေ့အမြုတေက ငွေကြယ်စင်ရဲ့ “ဆန်သူခိုး” ၀တ္ထုတိုက ရရှိခဲ့ပါတယ်။ ဦးဝင်းငြိမ်းက ဆုချီးမြှင့်ခဲ့ပါတယ်။ ဆုငွေက ကျပ် ၇ သိန်း ဖြစ်ပါတယ်။
ဆုရသူ ငြိမ်းသစ်။ ငြိမ်းသစ်နဲ့ ကိုငြိမ်း(မန္တလေး)။ ကိုငြိမ်းနဲ့ မောင်သာချို။ ဆုပေးသူ - ဇော်ဝင်းကို
ဆောင်းပါးဆုကို ၂၀၀၉ နိုဝင်ဘာ ရနံ့သစ် မဂ္ဂဇင်းက ငြိမ်းသစ်ရဲ့ “ပုံနှိပ်ကြေးရုပ်များ” က ရရှိပါတယ်။ စာရေးဆရာ ဇော်ဝင်းကိုက ဆုပေးအပ်ပါတယ်။ ဆုငွေက ကျပ် ၆ သိန်း ဖြစ်ပါတယ်။
ဆုပေးသူ - စာရေးဆရာမ ခင်ခင်ထူး။ ဆုရရှိသူ - သင်းရီ။
ဝတ္ထုရှည်ဆုကို ၂၀၁၀ ရွှေအမြုတေမှာ ဖော်ပြခဲ့တဲ့ သင်းရီ ရဲ့ “အပေါင်းသည်၎င်း၊ အနုတ်သည်၎င်း” ၀တ္ထုရှည်က ရရှိခဲ့ပါတယ်။ စာရေးဆရာမ ခင်ခင်ထူးက ဆုပေးအပ်ခဲ့ပြီး ဆုငွေကတော့ ကျပ် ၆ သိန်း ဖြစ်ပါတယ်။
ကံစမ်းမဲ အစီအစဉ်
ကံစမ်းမဲ အစီအစဉ်များ ဆက်လက် ကျင်းပပြီး အခမ်းအနားကို ည ၉ နာရီ ခွဲမှာ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါတယ်။
အလင်းတန်းဂျာနယ် မျိုးမြင့်ငြိမ်း။ ဆုရရှိသူများ အမှတ်တရဓာတ်ပုံ
ဧည့်ပရိသတ်များ
ဖေမြင့်နဲ့ ၀င်းငြိမ်း