Pages

Subscribe
Showing posts with label သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ. Show all posts
Showing posts with label သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ. Show all posts

Wednesday, 2 January 2008

သီရိလင်္ကာရောက်မြန်မာရဟန်းတော်များ၏ ငြိမ်းချမ်းရေး လမ်းလျောက်ပွဲ

၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ဟာ မြန်မာ့မြေပေါ်မှာ ဗြိတိသျှအလံကို မြေခစေခဲ့ ပြီး မြန်မာ့အလံကို လွှင့်ထူနိုင်ခဲ့တဲ့ နှစ် (၆၀) ဆယ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များသည် မြန်မာ့လွတ်လပ်ရေးနေ့ တွင် ခရီးရှည်ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ (Long Distance Walking Campaign For Burma’s Freedom) ကို သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဂေါလ် (Galle) မြို့မှ ကိုလံဘို (Colombo) မြို့တော်အထိ (၅) ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။

အဓိကရည်ရွယ်ချက် ကတော့ ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံလွှတ် မြောက်ခဲ့တာ နှစ် (၆၀) ပြည့်ဆိုတာ မှန်ပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေ လက်အောက်ကနေ မလွတ်လပ်သေးဘူးဆိုတာ ပြသဖို့၊ မြန်မာ ပြည်သူ တွေ စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်ငြိမ်းချမ်းသာ ကြဖို့နှင့် မြန်မာ့ပြဿနာကို ကမ္ဘာက ပိုမိုအလေးထားလာဖို့ ဖြစ်ပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို ဂေါလ်မြို့ မြို့တော်ခန်းမ ရှေ့၌ ဇန်န၀ါရီလ (၄) ရက်၊ နံနက် (၇: ၃၀) ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားသို့ ဂေါလ်မြို့ မြို့တော်ဝန်နှင့် မြို့မိမြို့ဘများ တက်ရောက် ကြပါမည်။ ခရီးအရှည်က (၁၁၆) ကီလိုမိတာဖြစ်ပြီး ဇန်န၀ါရီလ (၈) ရက်တွင် ကိုလံဘိုရှိ ကုလသမဂ္ဂရုံးရှေ့တွင် အဆုံးသတ်သွားမည် ဖြစ်ပါသည်။

Tuesday, 1 January 2008

ပထမ နံနက်ခင်း

စာရေးသူက ဘာသာရေးသမားတစ်ဦးပါ၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ထာဝရငြိမ်းချမ်း ထာဝရအပြုံးပန်းတွေနဲ့ လျှမ်းလျှမ်းဝေနေချင်သူတစ်ဦးပါ။ ကမ္ဘာကြီးတစ်ခုလုံး စစ်ပွဲတွေ ကင်းရှင်း ယမ်းခိုးတွေလည်း အလျင်းမရှိတဲ့ စစ်မဲ့နယ်မြေချဉ်း ဖြစ်စေချင်တဲ့သူပါ။ အချင်းချင်းတွေကြား မတရားတဲ့ ယှဉ်ပြိုင်မှုတွေ၊ တရားမဲ့ အနိုင်ယူချင်မှုတွေလည်း ကင်းရှင်းစေချင်တဲ့သူပါ။ ဒုက္ခဆိုတဲ့စကားကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ နားမှာမှ သဲ့သဲ့လေးတောင် မကြားစေချင်သူတစ်ဦးပါ။ စားစရာမရှိ ၀တ်စရာမဲ့ နေစရာပျောက်ဆိုတဲ့ အဖြစ်မျိုးကို စိတ်ကူး အိပ်မက်ထဲမှာတောင် မြင်မက်လို့မရနိုင်တဲ့ လူသားကမ္ဘာကြီးတစ်ခုကိုလည်း တည်ဆောက်ပေးချင်သူတစ်ဦးပါ။ ဒါကြောင့် ငြိမ်းချမ်း တဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ဖို့ ကြိုးစားကြသူများရဲ့ ဘ၀ဖြစ်စဉ်များ၊ လုပ်ရပ်များကို အလျဉ်းသင့်တိုင်း စူးစမ်းမိတတ်ပါတယ်။ ကိုယ်လဲ ဘယ်လိုများ ကူညီပေးနိုင်မလဲရယ် လို့ ဆိုတဲ့ အတွေးနဲ့ပါ။ ဒီအထဲမှာ မဖြစ်သင့်တဲ့ ပြဿနာတစ်ခုဖြစ်ရခြင်း၊ ဖြစ်နေတဲ့ ပြဿနာတစ်ခု မပြေလည်နိုင်ခြင်းနှင့် ပတ်သတ်ပြီး ပညာရှင်များရဲ့ လေ့လာထားမှုကို ဖတ်ရတယ်။ စိတ်ဝင်စားစရာပါ။ မဖတ်ဖူးသေးမည့်သူတွေကိုလည်း ဒီအကြောင်းတစ် ဆင့်ပြောချင်မိတယ်။ ပြန်လည်ဖောက်သည်ချတဲ့ သဘောပေါ့။ ဖြစ်နေတဲ့ ပြဿနာတွေ ပြေလည်စေဖို့ အထောက်အပံ့လေးတစ်ခု ဖြစ်နိုင်မယ်လို့လည်း ယူဆမှတ်ထင်မိလို့ပါ။

ရေမြေလေ သဘာဝ သယံဇာတပါမက ဘာသာသာသနာ ယဉ်ကျေးမှုအလှတွေနဲ့ပါ ထုံမွှမ်းထားခဲ့တဲ့ ကိုယ့်မြေကိုယ့်ရွာမှာ တကယ်ဆိုတော့ ကြီးမားတဲ့ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး ပြဿနာဆိုတာ မရှိစကောင်းတဲ့အရာပါ။ သို့ပေမယ့်လည်း တကယ့်လက်တွေ့ဘ၀မှာ မပြီးဆုံးနိုင်တဲ့ ပြဿနာပေါင်းစုံနဲ့ နေ့စဉ်တွေ့ကြုံနေရလို့ လူတွေလည်း လူစဉ်မမှီ၊ သူစဉ်မမျှ အလွန်မှပဲ အောက်ကျနောက်ကျနဲ့ နေထိုင်ကြရတာပါ။ ဆင်းရဲမွဲတေမှု၊ အသိဥာဏ်ခေါင်းပါးမှု၊ ကိုယ်ကျင့်တရားတွေ ချွတ်ခြုံကျမှုစတဲ့ ဘ၀အတွက် အနှုတ်လက္ခဏာဆောင် အမူအကျင့်များနှင့် အသားကျ ရင်ပါးစွာ နေနေရတဲ့ကိုယ့်လူမျိုးတွေကို မြင်ရ တွေ့ရတော့ စိတ်ထဲမှာ နာကျင်ခံခက်လဲ ဖြစ်မိတယ်။ ၀မ်းနည်းစိုးရိမ်စိတ်လည်း ဖြစ်မိတယ်။ တွေးမိတဲ့အခါတိုင်း ယူကျူံးမရဖြစ်တတ်မိလို့ အိပ်မပျော်တဲ့ ညတွေတောင်မှ ဖြစ်ရတက်ပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့ လူမှုဒုက္ခအ၀၀တွေကနေ ကင်းလွတ်စေဖို့ ကူညီပံ့ပိုးနိုင်လေမလဲလို့ လည်း အခါခါစဉ်းစားမိတက်ပါတယ်။ ဖြစ်ဖြစ်မြောက်မြောက် မကူညီမပံ့ပိုးနိုင်တဲ့ ကိုယ့်ရဲ့ အားနည်းမှုအတွက်လည်း အားမရနိုင်ဖြစ်မိပါတယ်။ တစ်ခါတစ်လေမှာ ကူညီ နိုင်မည့်သူ တစ်ဦးတစ်ယောက်ဆိုတာကိုပင် မိုက်မဲစွာ မျှော်ကိုးစိတ် ၀င်လာတတ်တဲ့ ကိုယ့်ရဲ့ပျော့ညံ့မှုအတွက်လည်း ကိုယ့်ကိုကိုယ် အားမရနိုင်ဖြစ်တက်ရင်းနဲ့ပေါ့။ သို့ပေမယ့် ထိထိရောက်ရောက် မလုပ်နိုင်ဘူးထင်လို့ ဘာမှမလုပ်ဘဲ နေမယ်ဆိုလျင်တော့ ဘာမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ လုပ်ကြည့်နေခဲ့ပါတယ်။ ကိုယ်ယုံကြည်ရာ အပိုင်းကနေပြီးတော့ပေါ့။ ကိုယ်လုပ်သမျှ တိုင်းမှာလည်း အကျိုးမရှိရင် နေစေဦးတော့၊ အဆိပ် အတောက်တော့ ဘယ်လိုနည်းနဲ့မျှ မဖြစ်စေရဘူးဆိုတဲ့ ဆန္ဒမူကိုလည်း ရှေ့သွားပြုလို့ပေါ့။ ဒီစာလေးက တော့ အဲလိုဆန္ဒနဲ့ လုပ်ကြည့်နေတဲ့ အရာများထဲက အစိတ်အပိုင်းလေး တစ်ခုပါပဲ။ လည်ပတ်နေတဲ့ စက်ယန္တရားကြီးတစ်ခုက ခွေးသွားစိတ်ကလေးတစ်ခုမျှ ဖြစ်စေဦးတော့ ဆိုတဲ့အနေနဲ့ပါ။

ပြဿနာကို တကယ်ပြေလည်အောင် ဖြေရှင်းနိုင်တဲ့အဆင့်ရောက်ဖို့ အဆင့်ငါးဆင့်လို တယ်လို့ဆိုပါတယ်။ အဲဒါတွေကတော့
(၁) ပြဿာ၏ အခြေအနေမှန်ကို ဂရုပြုမိခြင်း
(၂) ဖြစ်နေတဲ့ ပြဿနာက တကယ့်အရေးတစ်ကြီး ဖြေရှင်းရမည့်အရာလို့ လက်ခံခြင်း
(၃) ပြဿနာကိုဖြေရှင်းဖို့ ကိုယ့်မှာ တာဝန်ရှိတယ်လို့ လက်ခံခြင်း
(၄) ဖြေရှင်းရမည့် ပြဿနာအတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနိုင်ခြင်း
(၅) ဖြေရှင်းဖို့ ဆုံးဖြတ်ခြင်း။ ဖြေရှင်းရာမှာ ကိုယ်တိုင်ပါဝင်ခြင်းတို့ လို့ဆိုပါတယ်။
ပြဿနာတစ်ခု ဖြစ်နေပြီဆိုပါတော့ အမြန်ပြေလည်သွားစေဖို့ဆိုလျင် ဒီပြဿနာကို ပြဿနာရယ်လို့ အမှန်အတိုင်း လက်ခံဖို့လိုပါတယ်တဲ့။ ဟုတ်တာပေါ့။ ပြဿနာကို ပြဿနာရယ်လို့ လက်ခံမှသာ ဖြေရှင်းလိုစိတ်ရှိမှာပေါ့။ အမှတ်တမဲ့ နေတက်လို့ပဲ ဖြစ်ဖြစ်၊ ပြဿနာနဲ့ နေထိုင်နေရတာ အသားကျနေလို့ပဲဖြစ်ဖြစ်၊ ပြဿနာကို ပြဿနာလို့ လက်မခံချင်ဘူးဆိုရင်၊ သို့မဟုတ် ဖြစ်နေတဲ့ ပြဿနာကနေ ကိုယ့်အတွက် အကျိုးအမြတ် တစ်ခုခုရနေလို့ ပြဿနာကို ပြဿနာလို့ မမြင်ဘူးဆိုလျင် ဘယ်နည်းနဲ့မှ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားအားထုပ်မှာ မဟုတ်ပါဘူး။ ကြာလာတော့ ပြဿနာအတွင်းမှာ နေရတဲ့ ဘ၀ကိုတောင် ဒါဟာ လူသားတစ်ဦးအဖို့ မလွဲမသွေ လက်သင့်ခံရမည့်၊ လိုက်နာရမည့် ဘ၀အစိတ်အပိုင်း တစ်ခုလို့ပင် ထင်မြင်လာတက်ပါ တယ်။ လူတွေဖန်တီးမှုကြောင့် ဖြစ်လာရတဲ့ ပြဿနာကိုပင် လူဖန်တီးမှုကြောင့်လို့ မမြင်နိုင်တော့ဘဲ နိယာမတစ်ခုအသွင်၊ သဘာဝ ဖြစ်စဉ်တစ်ခုပမာ ထင်မြင်လာတတ်ပါ တယ်။ တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်မှု၊ ယုံကြည်လက်ခံမှုမှသည် တစ်သင်းတစ်ဖွဲ့၊ လူမျိုးတစ်မျိုးရဲ့ ထုံးတမ်းစဉ်လာ တစ်ခုအထိပါ ထင်မြင်လာတက်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမျိုးမှာ တွေ့ကြုံရတဲ့ အခက်အခဲမျိုးဟာ သာမန်လူသားတွေဖြေရှင်း လို့ ရနိုင်တဲ့အရာမျိုးမဟုတ်ဘူးလို့လည်း ထင်လာတတ်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲ ကနေ ရုန်းထွက်နိုင်စေဖို့ သာမန်သူတွေထက် စွမ်းလောက်မည်ထင်တဲ့ စွမ်းအားရှင် တစ်ဦးဦးရဲ့ ကူညီမှုမျိုးကို မျှော်ကိုးတက်ပါတယ်။ ကိုယ်လုပ်ရမည့် ကိုယ့်တာဝန်ကို တန်းခိုးရှင်တစ်ဦးဦး၊ စွမ်းအားရှင်တစ်ဦးဦးဆီကို လွဲပြောင်းပေးချင်လာတက်ကြပါတယ်။ ကိုယ့်ရဲ့ပြဿနာကို ကိုယ်တကယ်ဖြေရှင်းမှ ပြေငြိမ်းမည့် အရေးမှာ မဆိုင်သူတွေကို မှီခို အားကိုးလွန်းအားကြီးတော့ တကယ့်ပြဿနာက ဘယ်မှာလာလို့ ပြေလည်နိုင်ပါ့မလဲ။ နောက်ပြီး စွမ်းအားရှင် တကယ်ရှိ မရှိဆိုတာလည်း အတိအကျသိနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ။ ဒါကြောင့် ပြဿနာကို ပြဿနာရယ်လို့ အမှန်အတိုင်းမြင်တတ်မှုဟာ ပြဿနာဖြေရှင်းဖို့အတွက် ပထမအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပြဿနာကို ပြဿနာလို့ အမှန်အတိုင်းအမြင်နိုင်၊ ဂရုမပြုနိုင်မိဘူးဆိုရင် နံပါတ်တစ် အချက်ကို ဖောက်ဖျက်တာဖြစ်လို့ တကယ့်ပြဿနာဟာ ဘယ်တော့မှ ပြေလည်နိုင်မှာ မဟုတ်ပါဘူးတဲ့။

ပြဿနာကို ပြဿနာရယ်လို့ မြင်တာတောင်မှ ဖြစ်နေတဲ့ပြဿနာဟာ အရေးတစ်ကြီး ဖြေရှင်းရမည့်အရာလို့ မမြင်နိုင်ဘူးဆိုလျင်ရင်လည်း ဖြေရှင်းဖို့ နှောင့်နှေးနေတတ် ပါတယ်တဲ့။ ဒါကြောင့် ဖြစ်နေတဲ့ ပြဿနာက တကယ့်အရေးတစ်ကြီး ဖြေရှင်းရမည့် အရာလို့ လက်ခံခြင်းဆိုတဲ့ နံပါတ်နှစ် အချက်ကလည်း တကယ်အရေးကြီးတာပဲ။ သူသူ ကိုယ်ကိုယ်ပါပဲ။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာကိုပဲ ဖြစ်ဖြစ်၊ ပြုလုပ်ရဖို့ ကြုံရတဲ့အခါမျိုးမှာ ကိုယ်တွေ့ကြုံရတဲ့အရာဟာ တကယ့်ကိုယ်မှ အရေးတစ်ကြီး လုပ်ရမည့်အရာလို့ ထင်မြင်မိဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ပဲ ဒီအရာဟာ သိပ်ပြီး အရေးမကြီးလှဘူးလို့ ထင်လျင် ချက်ချင်းလက်ငင်း မလုပ်ပဲ နေ့ရွှေ့ ညဆိုင်း လုပ်တတ်ပါတယ်။ ချက်ချင်းလက်ငင်း လုပ်ဖြစ်သည်ထားဦး ကိုယ့်မှာရှိတဲ့ ခွန်အားကို အပြည့်အ၀မထည့်ပဲ ပေါ့ပေါ့လျော့လျော့လည်း လုပ်တက်ပါတယ်။ တစ်ဦးဆောင်သော် မရ၊ တစ်သောင်းဆောင်သော်ရ၏ လို့ဆိုပေမယ့် အဲဒီတစ်သောင်းလုံးက အမှန်တကယ် ဆောင်ပါမှ ကိုယ်လိုတဲ့အရာက တကယ်ရနိုင်မှာပါ။ သို့မဟုတ်လို့ အရေအတွက်မျှသာ တစ်သောင်းထဲ ပါဝင်နေမယ်ဆိုလျင်တော့လည်း တစ်သောင်းဆောင်လည်း ရနိုင်မှာ မဟုတ်သလို တစ်သန်းဆောင်လည်း ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းလူတိုင်း က ကိုယ့်မှာရှိတဲ့ ကိုယ်အားဥာဏ်အားတွေကို အစွမ်းကုန်ထုပ်ကြမှ လိုချင်တဲ့အရာက ရနိုင်မှာပါ။ မထိတထိလုပ်နေခြင်းဟာ ပြဿနာကိုပိုပြီး ရှည်ကြာစေတတ်တယ်ဆိုတာ ကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် ဖြစ်နေတဲ့ ပြဿနာဟာ အရေးတစ်ကြီး ဖြေရှင်းရမည့်အရာဟာ ခွန်အားအပြည့်နဲ့ ဖြေရှင်းရမည့်အရာလို့ လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။

နံပါတ်သုံးဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ လက်ခံခြင်းဆိုတဲ့ အချက်ကတော့ အရေးအကြီးဆုံးဖြစ်မယ်ထင်ပါတယ်။ လောကထဲမှာ ကောင်းကျိုး ရလာဒ်ကို မျှဝေသုံးစွဲလိုသူတွေ၊ သုံးစွဲနေသူတွေ များပေမယ့် ကောင်းကိုးရလာဒ် အားထုပ်လိုသူကတော့ မများလှပါဘူး။ ရှားတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ နိုင်ငံရေးဝေါဟာရနဲ့ ပြောရရင် free riders အချောင်စီးသူတွေများတယ်လို့ ထင်ရမှာပါ။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးမှာ အဲဒီလို အချောင်စီးလိုသူတွေ များနေရင် အဲဒီနိုင်ငံနဲ့ လူမျိုးမှာ ကြီးပွားတိုးတက်ဖို့ လမ်းစမမြင်ဘူးလို့ ဆိုပါတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်လုပ်ယူမှ ရမယ်ဆိုတဲ့သဘောတရားကို နားလည်ပေမယ့် တကယ် ကိုယ်တိုင် လုပ်သူကတော့ အတော်ကိုရှားပါတယ်။ တစ်ခါတစ်လေမှာဆိုရင် တကယ်လုပ်နေသူကို ပင်လျင် မိုက်မဲလို့လုပ်နေတာ၊ ကိုယ့်ကိုယ်ကို ဒုက္ခရှာနေတာလို့ပင် ထင်နေတတ်ကြ ပါတယ်။ နောက်ပြီး လုပ်နေသူတွေကိုပဲ အခွင့်အရေးတစ်ခုခုကို မျှော်ကိုးပြီး လုပ်နေသယောင်ယောင် မြင်တတ်ကြပါတယ်။ တကယ်တော့ ဆင်းရဲဒုက္ခခံကာ လုပ်ကိုင် ဆောင်ရွက်နေသူတွေကြောင့် ကောင်းကျိုးရလာဒ် ထွက်လာမည်ဆိုလျင် အဲဒီရလာဒ်ကို အားလုံးမျှဝေ ခံစားခွင့်ရကြမှာပါ။ လုပ်နေသူတွေက ဘာမှပိုပြီး ခံစားကြရမှာ မဟုတ်ပါဘူး။ တကယ်လုပ်နေသူတွေက အနည်းအကျဉ်း ပိုမိုခံစားကြရ သည်ထားဦး တကယ်လုပ်နေစဉ်မှာ သူတို့တွေ့ကြုံ ရင်ဆိုင် ခံစားနေရတဲ့ ဆင်းရဲဒုက္ခက အကျိုးရလာဒ်နှင့် မတန်လောက်အောင်ပင် အလွန်ကြီးမားကြောင်းကို စာနာနားလည် တက်ဖို့ လိုပါတယ်။ တကယ်ဆို အကျိုးရလာဒ်ဟာ လုပ်နေသူတွေအတွက် သက်သက် သာ ဖြစ်မယ်ဆိုလျင် အရင်းနဲ့အကျိုး တန်တယ်လို့တောင် မဆိုးနိုင်ပါဘူး။ သို့ပေမယ့် လုပ်ဆောင်နေကြသူတွေက ကိုယ်ကျိုးသက်သက်အတွက် လုပ်နေကြတာ မဟုတ်ပါ ဘူး။ လူတိုင်းလူတိုင်း အမေရိကန် သမ္မတ ဂျွန်အပ်ဖ် ကနေဒီပြောခဲ့ဖူးသလို တိုင်းပြည် က ကိုယ့်အတွက် ဘာလုပ်ပေးခဲ့သလို့ မမေးပါနဲ့၊ ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးခဲ့ပြီလဲလို့ မေးကြည့်ပါ - ဆိုသလို ကိုယ်က တိုင်းပြည်အတွက် ဘာများ လုပ်ပေးခဲ့ပြီလည်းလို့ မေးကြည့်သင့်ကြပါတယ်။ အခုကာလလို ကစဥ့်ကလျားနိုင်လွန်း လှတဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေဆိုးကနေ အကောင်းဘက်ကို ပြောင်းလဲ လာနိုင်စေဖို့ အထူးလိုအပ်နေချိန်မျိုးမှာ နိုင်ငံသားတိုင်း တစ်ခုခုတော့ လုပ်ကိုလုပ်ဖို့လိုတယ်။ ဘေးထိုင်၊ ဘုပြော၊ အတင်းထု၊ အတို့အထောင်လုပ်နေတဲ့ ဥာဉ်းဆိုးတွေကို စွန့်လွှတ်သင့်တယ်။ ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေက ခေါင်းဆောင်နေရာကိုယူပြီး ခေါင်းမဆောင်နိုင်သူတွေက နောက်လိုက်ကောင်းတစ်ယောက်အဖြစ် လိုက်ပါလုပ် ဆောင်ဖို့ လိုပါတယ်။ အချောင်စီး၊ အကွတ်ချောင်း၊ ယောင်တောင်တောင် ရှောင်တောင် တောင် မနေသင့်ပါဘူး။ ဒီလိုနေလျင် နံပါတ်သုံးအချက်ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ တတိယအချက်ကို ချိုးဖောက်သလိုဖြစ်လို့ ပြဿနာဟာ ဘယ်တော့မှ ပြေလည်နိုင်မှာ မဟုတ်ပါဘူး။

လောကမှာ ဆူဆူပူပူ ရှုတ်ရှုတ်ယှက်ယှက်ကိုမှ ကြိုက်တတ်သူလည်း အနည်းအကျဉ်း တော့ရှိမှာပါ။ သို့ပေမယ့် လူအများစုကတော့ အေးအေးချမ်း ပျော်ပျော်ရွှင်ရွှင် နေရမှုကို ပဲ သဘောကျတတ်ပါတယ်။ လူ့သဘာဝကိုက စိုးရိမ်ကြောင့်ကြ နေရမှုမျိုးကို အလိုမကျ တတ်ပါဘူး။ လူ့အသိုင်းအ၀န်းက ဖယ်ကျင်ခံရမှာမျိုး၊ ကိုယ့်စွမ်းရည်ကို အပိတ်အပင် အတားအဆီး ခံရမှာမျိုးကို မလိုလားတက်ပါဘူး။ ဒါကြောင့် စိုးရိမ်ကြောင့်ကြ ကင်းရလေအောင် အစွမ်းအစ ပြခွင့်သာအောင် နည်းအမျိုးအမျိုးနဲ့ ကြိုးစားတက်ကြပါ တယ်။ ကံဆိုးလှစွာ ဒီလိုအခွင့်အလမ်းမျိုးကို လူတိုင်းမရနိုင်ကြပါဘူး။ အထူးသဖြင့် လုံခြုံမှုကင့်မဲ့တဲ့ နေရာမျိုး၊ ကန့်သတ်မှု များစွာကြောင့် ကျဉ်းမြောင်း ကျပ်တည်းတဲ့ အခြေအနေကြားမှာ နေထိုင်ရသူတွေအဖို့ ဒီလိုအခွင့်အရေးမျိုးကို လုံးဝမရသလောက် နီးပါး ဖြစ်တတ်ပါတယ်။ ပြဿနာထဲကို ရောက်နေသူကိုယ်တိုင်က ကိုယ့်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အခါလည်း ရှိနိုင်ပါတယ်။ တစ်ခါခါမှာတော့လည်း ပြဿနာတွင်း က သူတွေအနေနဲ့ ကိုယ်တိုင်ဖြေရှင်းဖို့ ခက်ခဲတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ပြင်ပြရဲ့ အားပေးကူညီမှု အထူးလိုအပ်ပါတယ်။ ဒီနေရာမှာ နံပါတ်လေး အချက်ဖြစ်တဲ့ ဖြေရှင်းရမည့် ပြဿနာအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေနိုင်ခြင်းဆိုတာ အရေးကြီးကြောင်း တွေ့ရမှာပါ။ ကမ္ဘာကြီးမှာဖြစ်တဲ့ အခြေအနေ တွေက တစ်နေ့နှင့်တစ်နေ့ မတူပါဘူး။ နေ့စဉ်ပြောင်းလဲနေတာကို ကြားရမြင်ရမှာပါ။ ဒီနေ့ မိတ်ဆွေက နောက်နေ့မှာ ရန်သူ၊ ဒီနေ့ ရန်သူက နောက်နေ့မှာ မိတ်ဆွ ဖြစ်နိုင်တာကိုလည်း တွေ့ရမှာပါ။ မနေ့က တံခါးကို စေ့စေ့ပိတ်ထားရာကနေ ဒီနေ့တံခါးကို ပွင့်ပွင့်ဖွင့်လာကြတဲ့ နိုင်ငံများကိုလည်း တွေ့ရမှာပါ။ သေချာမှုတစ်ခုကတော့ ခုခေတ်ခုခါဟာ ကိုယ့်အိမ် ကိုယ့်ယာလေးကို အသေတံခါး ပိတ်ပြီး ဆိတ်ဆိတ်တိတ်တိတ်လေး ဘယ်လိုမှနေလို့မရနိုင်တော့ဘူး ဆိုတာကိုပါ၊ ဒါကို မျက်ကွယ်ပြုပြီး တံခါးကို စေ့စေ့ပိတ်ထားမယ်ဆိုလျင်တော့ အမှောင်ကမ္ဘာထဲမှာ အောက်ကျနောက်ကျပြီး အထီးကျန်နေရစ်မှာ မလွဲပါဘူး။

အလုပ်မဖြစ်တဲ့ နည်းလမ်းတွေကို မိုက်မဲစွာ အသေဆုပ်ကိုယ်မထားင့်ပါဘူး။ အခြေအနေအချိန်ခါနဲ့ သင့်လျော်မည့်နည်းလမ်းပေါင်းစုံကို စဉ်းစားပြီး အသင့်တော် လျော်ဆုံးဖြစ်မည့်နည်းကို သုံးဖို့လိုပါတယ်။ ပန်းမွေ့ရာကို လျှောက်လှမ်းဖို့ ယမ်းငွေ့တွေနဲ့ ရံရတတ်တာမျိုး ကမ္ဘာ့သမိုင်းမှတ်တမ်းများမှာ အထင်အရှားရှိခဲ့တာ မဟုတ်လား။ စကားနှီးနှောခြင်းဟာ အကောင်းဆုံးဖြေရှင်းနည်းဆိုပေမယ့် ဒီစေ့စပ် ဖြေရှင်းတဲ့အဆင့်ရောက်စေဖို့ ကိုယ့်မှာ အားတစ်ခုခုတော့ ရှိအောင်လုပ်ဖို့ လိုပါလိမ့်မယ်။ မသူတော်တွေက အချင်းချင်းဖေးမ အားကူးဖြည့်နေချိန်မှာ သူတော်တွေ ကလည်း ကိုယ့်အားကိုယ် ပြည့်ဝသထက် ပြည့်ဝလာအောင် အစွမ်းကုန် ဖြည့်တင်းကြဖို့ လိုပါတယ်။ ဓါးအားကိုးတဲ့ ဓါးပြဟာ သူကိုယ်တိုင်လည်း စကားထက် ဓါးကိုပဲ ပိုကြောက်တက်တဲ့ ဓလေ့ကိုလည်း မေ့မထားသင့်ပါဘူး။ အဆုံးစွန် အနေနဲ့တော့ စေ့စပ်ဆွေးနွေးခြင်းနဲ့ အလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းကို ရှာဖွေဖို့ အမှန်လိုပေလိမ့် မယ်။ အကောင်းဆုံးဖြစ်မည့်နည်းကို ရွေးချယ်ဖို့ လုံးဝ တွေဝေမနေသင့်၊ နောက်တွန့် မနေသင့်ပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ နံပါတ်လေးအချက်ကို ချိုးဖောက်သလိုဖြစ်လို့ ပြဿနာက ပိုမိုပြီးသာ ရှည်ကြာသွားပါလိမ့်မည်။

ယုံကြည့်မှုအရ တနည်းနည်းကိုသုံးဖို့ ဆုံးဖြတ်ပြီးဆိုလျင်တော့ ဒီနည်းလမ်းကို အကောင်အထည်ဖော်ဖို့ရန်အတွက် ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်ချတာ လက်တွေ့လုပ်ကိုင်ဖို့ ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်ခြင်း၊ ဖြေရှင်းရာမှာ ကိုယ်တိုင်ပါဝင်ခြင်းဆိုတဲ့ နံပါတ်ငါး နောက်ဆုံးအချက်ပါပဲ။ ပြဿနာကို ဖြေရှင်းရာမှာ ကိုယ်တတ်နုင်တဲ့ဘက်ကနေပြီး ကိုယ်တိုင်ပါဝင်ဖို့ အလွန်အရေးကြီးပါတယ်။ ဘယ်အရာကိုပဲ ဖြစ်ဖြစ် လိုချင်တဲ့အရာကိုရဖို့ ကိုယ့်ရဲ့အားကို အသုံးပြုဖို့ လိုပါတယ်။ ဘယ်အရာမှာမှ အလကားရတဲ့အရာရယ်လို့ မရှိနိုင်ပါဘူး။ က့ကြမ္မာရဲ့ မျက်နှာသာပေးမှု ကြောင့် အချို့အရာများကို တစ်ခါတစ်ခါ အလကား ရကောင်းရနိုင်ပါတယ်။ ဒီလို အချောင်ရတဲ့အရာကို မှီတည်ပြီး ရလာတဲ့ အရာများပေါ်မှာ တန်ဖိုးထားမှဟာ ကိုယ်တိုင်ပါဝင် အားထုပ်မှုကြောင့် ရရှိလာတဲ့အရာကို မှီတည်ပြီဖြစ်လာတဲ့ တန်ဖိုးကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ပါဝင်ကြိုးစားမှုကြောင့် ရရှိလာနိုင်မည့် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကို ကိုယ်ကိုယ်တိုင်လည်း ခံစားရင်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ရဲ့ ဘ၀ကိုလည်း မြှင့်တင်ပေးရင်းဖြင့် တာဝန်ကျေတဲ့ လူသားတစ်ဦးအဖြစ် ကိုယ့်ဘ၀ကို ပြည့်ပြည့်၀၀ ကျေနပ် ဂုဏ်ယူနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းသွားကြဖို့ နှစ်သစ်အခါ သမယမှာ မင်္ဂလာရှိစွာ တိုက်တွန်းစကားဆိုချင်ပါတယ်။

အရှင် ဥာဏိက (USA)
ဇန္န၀ါရီလ (၁) ရက်၊ နံနက်၊ ၂၀၀၈

Thursday, 13 December 2007

ငိုလေဦးတော့ ချစ်သောဗမာပြည်

သံဃာတော်များအနေနဲ့ မိမိတို့ခံယူတည်ဆောက်ထားတဲ့ ၀ိနည်းတရားတော် အရာမှာ ဒုက္ခဆင်းရဲ ကြုံတွေ့နေရတာကို တွေ့မြင်ရတိုင်း ကယ်မ စောင့်ရှောင့် ရမယ့် တာဝန်ရှိပါတယ်။ အများပြည်သူတွေ ဒုက္ခရောက်နေတာကို မြင်တွေ့ရရင် ဘုန်းကြီးတို့က ဥပေက္ခာပြု မနေနိုင်ပါဘူး။ မိမိတို့နိုင်ငံမှာ ခုလို သံဃာတော်တွေ က ပြည်သူတွေ့ရဲ့ဒုက္ခကို ဖေးမကူညီကြဖို့ ညီညာစုရုံးကြတဲ့အခါ ဘုန်းကြီးတို့ လည်း သံဃာ့အဖွဲ့အစည်းတစ်ခု ထူထောင်လိုက်ရပေတယ်။ ဗမာပြည်မှာ သံဃာ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ပြည်မျက်နှာ နိုင်ငံမျက်နှာဖုံးအဖြစ် ရည်တည်ခဲ့ကြပါတယ်။


ရဟန်းတစ်ပါးက နိုင်ငံရေး ရာထူးယူတာ၊ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်တာမျိုးဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀ိနည်းတော်များအရဆိုရင်တော့ မဖြစ်သင့်ပေဘူး။ ဒါပေမယ့် ဒီနေ့ဗမာပြည်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ မေတ္တာဝါဒနဲ့ အဟိသ၀ါဒ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ဒဿနအရ မျှော်လင့်ထား တဲ့ တုံ့ပြန်ဖီဆန်အာခံမှုမျိုးကို ဖြစ်ပေါ်စေပြီး မတရား ဖိနှိက်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို မလွှဲမရှောင်သာ အန်တုဖီဆန်တာမျိုးကို ပြုလုပ်ခဲ့ကြရပါပြီ။

ဘုန်းကြီးတို့ နှစ်ပါးလုံးဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများဖြစ်ကြပါတယ်။ တစ်ပါးက လက်တလော ဆန္ဒပြပွဲကြီးမှာ ဦးဆောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ဦးဆောင်သံဃာတော်ဖြစ်ပြီး နောက်တစ်ပါးကတော့ အမေရိကန်ပြည်ထောင်စု မှာ စာပေသင်ကြား ပို့ချပေးနေသူ ပညာရှင်ဖြစ်ပါတယ်။ ဒီနှစ်ပါးမှာ တစ်ပါးက ထွက်ပြေးပုန်းရှောင်နေရတယ်။ အကြောင်းကတော့ စစ်အစိုးရက ဗမာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ဗုဒ္ဓဘာသာနွယ်ဝင် ညီအကိုမောင်နှမ တွေကို ရက်ရက်စက်စက် လိုက်လံဖမ်းဆီး သတ်ဖြတ်နေလို့ ဖြစ်ပါတယ်။


ဗမာပြည်မှာ မြောက်များလှစွာသော သံဃာများနဲ့ သီလရှင်များဟာ စစ်သားများ ရဲ့ နှိပ်စက်စော်ကားတာတွေကို ခံခဲ့ကြရပါတယ်။ ထောင်နဲ့ချီပြီး အဖမ်းခံကြရပါ တယ်ီ။ ရက်ရက်စက်စက်နှိပ်စက် ညှဉ်းပမ်းတာတွေကိုလည်း ဆက်လက် ခံစားနေ ကြရပါတယ်။ သံဃာတစ်ထောင်ကျော် ပျောက်ဆုံးနေပြီး အများအပြားဟာ သေဆုံးကုန်ကြပြီလို့ ယူဆကြရပါတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်းက စတင်ပြီးတော့ သံဃာတော်များဟာ ဗမာပြည်သူတွေရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်ပါစေဖို့ ရည်ရွယ်ပြီး မေတ္တာပို့ရင်း စုပေါင်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဗမာပြည်ဟာ သယံဇာတ ပေါကြွယ်ဝလျက် ဗမာပြည်သူတွေမှာတော့ ဆင်းရဲမွဲ တေနေကြပါတယ်။ ဒီကြားထဲမှာ စစ်အစိုးရက ဓာတ်ဆီလောင်စာ ဈေးနှုန်းတွေ ကို ရုတ်တရက် နေ့ချင်းညချင်းဆိုသလို ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တဲ့ အခါ အများပြည်သူ လူတိုင်းမှာ ထိခိုက်နစ်နာကြရပြီး မျက်ကလဲဆန်ပြာနဲ့ ဗျားများကုန်ကြရရှာပါတယ်။

သံဃာတော်များ အနေနဲ့ကတော့ ပြည်သူတွေ ဒုက္ခဆင်းရဲ ကြုံတွေ့ကြရတာကို မြင်တွေ့ကြရတိုင်း ကယ်မစောင့်ရှောက်ကြရမယ်လို့ ခံယူထားတဲ့ အချက်ဟာ မိမိတို့ ကျင့်သုံးဆောက်တည်ထားတဲ့ ၀ိနည်းတရားတော်ရဲ့ အစိတ်အပိုင်းတခု အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ခုလိုပြည်သူတွေ ဒုက္ခရောက်နေကြရရှာတာကို သံဃာတော်တွေ တညီတညွတ်တည်း စည်းရုံးဆောင်ရွက်ကြတဲ့အခါ ပြည်ပမှာ လည်း သံဃာတော်များရဲ့ အဖွဲ့အစည်းတရပ်ကို စုဝေးဖွဲ့စည်းလိုက်ကြရပါ တယ်။
ပြည်ပမှာ စာသင်ကြားပို့ချခြင်း၊ စာသင်ယူခြင်း အလုပ်တို့ကို လုပ်နေကြတဲ့ သံဃာတော်တွေဟာ စည်းရုံးလှုပ်ရှားမှုကြီးမှာ ပါဝင်ပေါင်းစည်းကြပြီး လုထုဆန္ဒ ပြပွဲကြီးများ ပြုလုပ်ကြခြင်းဖြင့် ဗမာပြည်တွင်းက လူထုလှုပ်ရှားမှုတွေကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒီလို စုဝေးလှုပ်ရှားမှုတွေဟာ သံဃာတော်တွေ အနေနဲ့သာ မကပါဘူး။ သံဃာတော်များက နိုင်ငံပြောင်းလဲမှုတရပ်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြပြီဆိုရင်ပဲ ကျောင်းသားတွေ၊ လူငယ်တွေ၊ ပညာ ရှင်တွေနဲ့တကွ သာမန်ပြည်သူတွေပါ လမ်းမပေါ်ကို တက်ပြီး မိုးထဲလေထဲ မရှောင် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

သံဃာတော်များအနေနဲ့ ဗိုလ်ချုပ်အားလုံးကို မဟုတ်တောင်မှ ဗိုလ်ချုပ်တချို့ကိုတော့ ဖြင့် ဆွဲဆောင်နိုင်ခဲ့ကြပါတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံကို ထိန်းသိမ်းအုပ်ချုပ်နေကြတဲ့ ဗိုလ်ချုပ်တွေကိုယ်တိုင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေ ကြတဲ့အတွက် ဗမာပြည်အပေါ်မှာ ကျရောက်နေတဲ့ ဘေးဆိုးဒုက္ခတွေကို ဖယ်ရှားဖို့ရာ သံဃာတော်တွေရဲ့ အားထုတ်မှုကို သူတို့လည်း ပူးတွဲပါဝင်ချင်တဲ့ သဘောထားဆန္ဒတွေ ဖြစ်ပေါ်လာကြမှာပဲ ဖြစ်ပါတယ်။ သံဃာတော်များဟာ ပထမပိုင်းမှာ မိမိတို့ရဲ့ မလိုလားမနှစ်မြို့မှုကို စစ်ဗိုလ်တွေ လှူဒါန်းတဲ့ဆွမ်းများ လက်မခံခြင်းဖြင့် ပြသခဲ့ကြပါတယ်။ သပိတ်တွေကိုမှောက်ပြီး ကိုင်ဆောင် လမ်းလျှောက်လာခြင်းဖြင့် မိမိတို့ရဲ့ဆန္ဒကို အမူအရာနဲ့ပြပြီး သိရှိစေခဲ့တာပါ။

သံဃာတော်တွေဟာ သာမန်စစ်သားတွေကိုရော၊ အဲဒီစစ်သားတွေကို အမိန့်ပေး ပြီး ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းဖို့ ခိုင်းစေခဲ့ကြတဲ့ စစ်ခေါင်းဆောင် တွေကိုရော မေတ္တာမပျက်ကြပါဘူး။ ဒါပေမယ့် အချိန်ရှိခိုက် ပြောင်းလဲလိုက်ကြ ပါတော့လို့တော့ စစ်ဗိုလ်တွေကို တိုက်တွန်းလိုပါတယ်။ စစ်တပ်ထဲက လူတချို့နဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အုပ်စုအသင်းဝင်တွေထဲက တချို့ကဆိုရင် သံဃာတော်တွေ ကို အကြမ်းဖက်နှိမ်နင်းမှုကို စိတ်မပါခဲ့ကြဘူးဆိုတာ သံဃာတော်တွေက သိထားကြပါတယ်။ ကိုယ့်နိုင်ငံထဲက ကိုယ့်နိုင်ငံသားတွေကို အကြမ်းဖက် နှိပ်စက်ခဲ့ကြသူတွေကိုတော့ ကျွန်ုပ်တို့က ခုလိုတိုက်တွန်းပြောဆိုချင်ပါတယ်။

“သင်တို့ရဲ့ လုပ်ရပ်တွေကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ဒီအပြုအမူ ဒီလုပ်ရပ်တွေ ဟာ တရားတော်နဲ့ ညီရဲ့လား၊ ကိုယ်ပြည်သူတွေရဲ့ ကောင်းကျိုးဆောင်ရွက်နေ တာကောဟုတ်ရဲ့လား” ဆိုတာတွေကို ဆင်ခြင်ကြည့်ကြ စေလိုပါတယ်။ တချို့ စစ်သားတွေကဆိုရင် သံဃာတော်တွေကို ရိုက်နှက်ခိုင်းတာကိုရော၊ သံဃာတော်တွေ ချီတက်လာကြတာကို တားဆီးဖို့ကိုရော အထက်က အမိန့်ပေး စေခိုင်းတာကို ငြင်းဆန်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုငြင်းဆန်တဲ့ စစ်သားတွေဟာ သံဃာတော်တွေ ဘာလုပ်နေကြတယ်ဆိုတဲ့ အမှန်တရားကို သိရှိနားလည်ကြလို့ပါပဲ။

သံဃာတော်များအနေနဲ့ မျှော်လင့်ထားတာကတော့ စစ်ခေါင်းဆောင်တွေဟာ ထွက်ပေါက်ဖန်တီးတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးကို ရည်မှန်းချက်ထားပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ပါ အမြန်တွေ့ ဆုံးဆွေးနွေးကြဖို့ပါပဲ။ စစ်သားတွေဟာ ဘုန်းကြီးကျောင်းတွေကို ၀င်ရောက် တိုက်ခိုက်ပြီး သံဃာတော်တွေနဲ့ သီလရှင်တွေကို အင်အားသုံး ဖမ်းဆီးခဲ့ကြပါ တယ်။ ရပ်ကွက်တွေထဲမှာရော၊ ဘုရားကျောင်းကန် ၀န်းကျင်တွေနဲ့ လမ်းမတွေ ထဲမှာရော စစ်တပ်အစောင့်ချထားခဲ့ကြပါတယ်။
ဒဏ်ရာရထားတဲ့ ဆန္ဒပြသူတွေကိုလည်း အစုလိုက်အဝေးလိုက် အရှင်လတ် လတ် မြေမြှပ်သဂြိုဟ် ဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်။ ရန်ကုန်အနီးက ချောင်း မြောင်းတွေထဲမှာလည်း အလောင်းတွေပေါ်လာတယ်ဆိုတာကို အခိုင်အမာ အတည်ပြုပြောဆိုထားတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်။ စစ်အစိုးရဟာ ခုလို ဗမာ ပြည်သူတွေကို မတရားဖိနှိပ်သတ်ဖြတ်ပြီး ကမ္ဘာကို သတင်းလိမ်တွေ ဖြန့်ချိခဲ့ ပါတယ်။
ဗိုလ်ချုပ်ကျော်ဆန်းက စစ်အစိုးရရဲ့ ကိုယ်စားအနေနဲ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီကို မကြာခင်ကပဲ ခုလို ပြောပြလိုက်ပါ တယ်။ အခုလမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတွေဟာ “သံဃာအတု” တွေပါတဲ့။ ကျွန်ုပ်တို့ဟာ သံဃာအစစ်တွေပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းတို့မှာ ထောင်ချီများပြားတဲ့ သံဃာတွေဟာ ငြိမ်းချမ်းရေး လိုချင်လို့ ဆန္ဒပြကြတာပါ။ တချို့က ဗမာပြည်မှာ အုံကြွမှုကြီး ပြီးဆုံး သွားပြီလို့ ပြောကြပါတယ်။ ဒါက စစ်အစိုးရအနေနဲ့ ကမ္ဘာကို ဒီအတိုင်း သိစေချင် တာပါ၊ ဒါပေမယ့် ဘုန်းကြီးတို့ ယုံကြည်တာက ဒီအုံကြွမှုကြီးဟာ စစ်အုပ်ချုပ်ရေး အဆုံးရဲ့ အစပဲဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ဖြိုခွင်းလိုက်တာဟာ ဗမာပြည်သူတွေသာ မကပဲ သူတို့ရဲ့ နှလုံးသားဝိညာဉ်နဲ့ ယုံကြည်မှုတွေကိုပါ ဖြိုခွင်းမိခဲ့ပါပြီ။ သံဃာတော်တွေဟာ တရားတော် စောင့်ရှောက်ပြီး သူတို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ ဗုဒ္ဓသာသနာတော်ကြီး တခုလုံးကိုပါ တိုက်ခိုက်လာခဲ့ပါပြီ။ ဘုန်းကြီတို့ အနေနဲ့ဘုန်းကြီးတို့ကို နိုင်ငံတကာက ကူညီနေကြတာကို သိရှိပါတယ်။ ဒါပေမယ့် ကူညီမှုတွေဟာ ပိုပြီ ထိရောက်ဖို့လိုပါတယ်။ ဘုန်းကြီးတို့ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ငြင်းပယ်ခံခဲ့ကြရတဲ့ အခွင့်အရေးတွေကို ပြန်လည်ရရှိအောင် ကူညီအားပေးလာကြတဲ့ လူပုဂ္ဂိလ်တွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ပြည်သူတွေအနေနဲ့ ဒီလိုကူညီတာ တွေကို လက်တွေ့ကျကျနဲ့အကျိုးသက်ရောက်အောင် လုပ်ကြစေချင်ပါတယ်။ စစ်အစိုးရကတော့ သူတို့အားဏာတည်မြဲရေးအတွက် ဘာမဆို လုပ်တော့မှာပဲ။
ဒီအခါမှာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာသိအောင် ဖော်ထုတ်ဖွင့်ချ ကြရပါလိမ့်မယ်။ စစ်အစိုးရဟာ လမ်းတွေနဲ့ ဘုန်းတော်ကြီးကျောင်တွေကိုတော့ ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ သံဃာတော်တွေ ရဲ့နှလုံးသားထဲက သန္နိဋ္ဌာန်ကိုတော့ဖြင့် ဘယ်တော့မှ ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။
ဦဂမ္ဘီရ နှင့် ဦးနာယက
မောင်စွမ်းရည် မြန်မာပြန်သည်

( မှတ်ချက်။ ။ ဦးဂမ္ဘီရဟာ “ ဗမာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီ ”ရဲ့ ဦးဆောင် သံဃာတပါးဖြစ်ပြီး အရှင်နာယက ကတော့ ဗုဒ္ဓသာသနာပြုအဖွဲ့ကို တည်ထောင်သူနဲ့ ကိုလံဘီယာတက္ကသိုလ်ရဲ့ ဧည့်သည် ကထိကတစ်ဦး ဖြစ်ပါတယ်။)

Sunday, 2 December 2007

Pamphlet Campaign

သီရိလင်္ကာရောက်မြန်မာရဟန်းတော်များအဖွဲ့မှ နိုင်ငံကတာလေဆိပ်များ၌ ဝေငှမည့် (Pamphlet Campaign) လက်ကမ်းစာစောင်ပုံစံဖြစ်ပါသည်။ Pamphlet Campaign အစီအစဉ်ကို မနက်ဖန် (03/ 12/ 2007) နေ့မှ စတင်၍ သီရိလင်္ကာနိုင်ငံ ကိုလံဘိုလေဆိပ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်များ အတွင်း ခရီးသွားသံဃာတော်များက စတင်ဆောင်ရွက်သွားတော့မည်ဖြစ်သည်။

Monday, 26 November 2007

သွေးမြေကျ နှစ်လပြည့် သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ မှ ထုတ်ပြန်ကြေငြာချက်

သာသနာရေး အတွေးတစ်စ

26/11/2007

ကျနော်တို့ ဗမာပြည်သူတွေဟာ ခေတ်အဆက်ဆက်က သာနာကို ထောက်ပံ့လာခဲ့ကြတာ ယနေ့ချိန်ထိပဲဖြစ်ပါတယ်..။ အဲဒီအတွက် ဘယ်ပြည်သူကမှ မညီးညူကြသလို စော်လဲ မစော်ကားကြပါ..။ ဘာ့ကြောင့်လဲဆိုရင် ပြည်သူလူထုရဲ့ ရင်ထဲမှာ သံဃာ့ဂုဏ်တော်ကို တကယ် ယုံကြည်လို့ပေါ့..။ သံဃာတော်တွေဟာ “တကယ့် ကုသိုလ်မျိုးစေ့ စက်ပျိုးရာ လယ်ယာမြေကောင်း” ဖြစ်တယ်-ဆိုတာကို နှစ်နှစ်ကာကာ ယုံကြည်ကြတယ်လေ..၊ ဒါ့ကြောင့် ကိုရင်ကလေးကစလို့ ဆရာတော်ကြီးတွေအဆုံး (တနည်းပြောရရင် ဗုဒ္ဓကိုယ်တော်မြတ်အဆုံး) ဦးချ..၊ ပူဇော်ကြတာပေါ့..။ ထောက်ပံ့လှူဒါန်းကြတာပေါ့..။ ဒါ့အပြင် “အရှင်မဟာကဿပ-ကိုယ်တော်ကြီးမှစလို့ ယနေ့ ကိုရင်ငယ်လေးတွေအထိဟာ သာသနာကို လက်ဆင့်ကမ်းစောင့်ရှောက်တဲ့ သံဃာတွေ” ဆိုတာကိုလဲ ပြည်သူတွေ သိနားလည်ကြတယ်လေ..။
သိပ္ပံပညာထွန်းကားလာလို့ ပိဋကတ်တော်တွေကို စီဒီထဲ..၊ ကွန်ပျူတာထဲတွေမှာ ထည့်ထားနိုင်ပေမဲ့ တကယ်သာသနာပြန့်ပွားရေးအတွက် ပင်မဟာ ဒီလူသားဖြစ်ကြတဲ့ သံဃာတွေဖြစ်တယ်-ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး..။ ဒါပေမဲ့ နည်းပညာတွေဟာ လူသားတွေရဲ့ တီထွင်ကြံဆမှုကြောင့်ပါ..။ ကွန်ပျူတာထဲမှာ ပိဋကတ်တော်တွေ ထည့်ထားရင် အဲဒီကွန်ပျူတာက ထည့်ထားတဲ့အတိုင်း “၏၊ သည်မရွေ့” ညွှန်ပြနိုင်မည်မှန်သော်လဲ တစ်ဖက်သားနားလည်အောင် လူတစ်ဦးကဲ့သို့ ဘက်ပေါင်းစုံ၊ ရှုဒေါင့်ပေါင်းစုံကနေ ရှင်းပြနိုင်မည် မဟုတ်ပါ..။ ဒါ့ကြောင့် သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ ဆက်လက်အရေးပါဦးနေမှာပါပဲ..။
ဒီနေရာမှာ အုပ်ချုပ်သူ လူတန်းစားက သာသနာကို ဘယ်လိုသဘောထားပါသလဲ? အထူးသဖြင့် ဗမာပြည်မှာပေါ့..။ တကယ်တော့ သမိုင်းအဆက်ဆက် သာသနာ့အန္တရာယ် ကျရောက်ခဲ့သမျှဟာ အုပ်ချုပ်ခံ လူထုကြောင့်မဟုတ်ပဲ အုပ်ချုပ်သူတစ်စုကြောင့်သာ ဖြစ်ပါတယ်..။ အထူးသဖြင့် သူတို့ဟာ ဘာသာရေးကို ခုတုံးလုပ်မယ်..၊ သူတို့နဲ့ အဆင်ပြေရင်..၊ သူတို့ ခိုင်းသမျှလုပ်ရင် သဘောကျမယ်..၊ ထောက်ပံ့မယ်..။ ခေတ်အဆက်ဆက် သာသနာကို ခုတုံးလုပ်ခဲ့တာဟာ ပြည်သူတွေမဟုတ်ဘူး-ဆိုတာကတော့ ထင်ရှားပါတယ်..။ သို့သော် သာသနာကို ခုတုံးလုပ်ခဲ့သူ..၊ သာသနာကို စော်ကားခဲ့သူတွေဟာ ဟိုတုန်းကလဲ သမိုင်းမလှခဲ့သလို..၊ အခုလဲ အကျည်းတန်ဆဲပါ..။ နောင်လဲ ထိုနည်း၎င်းပဲ ဖြစ်နေဦးမှာပါ..။
အခု ဗမာပြည်အခြေအနေကို ကြည့်ရအောင်.. သံဃာတော်တွေအပေါ်မှာ ဖက်ဆစ်တွေရဲ့ သဘောထားနဲ့ပတ်သက်လို့..။ ဒီနေရာမှာ သတင်းစာထဲက ပုံတွေကို မဆိုလိုပါဘူး..။ တကယ်တမ်း သတင်းစာထဲက ပုံတွေဟာ စေတနာပါလို့ မဟုတ်ပါဘူး..။ ၀ါဒဖြန့်ချိရေးသက်သက်ဆိုတာ ပြည်သူတွေ နားလည်ပြီးသားပါ..။ သာသနာ့ဝန်ထမ်းတွေဟာလဲ ဗမာပြည်မှာတော့ အုပ်စိုးခံလူတန်းစားထဲမှာပဲ ပါပါတယ်..။ ဖက်ဆစ်တွေက သာသနာကို ဘယ်လိုသဘောထားတယ်ဆိုတာကို အဝေးကြီးဆွဲပြီး မပြလိုပါဘူး..။ ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲကို စံထိုးပြပါ့မယ်..။ ရွေးကောက်ပွဲ ဥပဒေအရ
(၁) အသက် ၁၈-နှစ် မပြည့်သူ (အမှား အမှန်ကိုယ်တိုင်မဆုံးဖြတ်နိုင်သူ)
(၂) စိတ်ရောဂါသည် (အရူး)
(၃) သာသနာ့ဝန်ထမ်းများ (သီလရှင်၊ သာမဏေ၊ ရဟန်းများ) ဟာ ဆန္ဒမဲ ပေးခွင် မရှိကြပါဘူး..။ ဒါဟာ အုပ်စိုးသူဖက်ဆစ်တွေရဲ့ သာသနာအပေါ် သဘောထားအမြင်ပဲ ဖြစ်ပါတယ်..။ အချို့ပုဂ္ဂိုလ်တွေကတော့ ပြောကောင်းပြောပါလိမ့်မယ် “ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာမှမဆိုင်တဲ့အတွက် မှန်တယ်” လို့..။ ဗမာပြည်ထဲမှာနေတဲ့ အုပ်ချုပ်ခံ ပြည်သူတစ်ဦးအနေနဲ့ သာသနာ့ဝန်ထမ်းဖြစ်လို့ မဲမပေးရ-ဆိုတာကတော့ အတော့ကို မိုက်မဲရာကြပါတယ်..။
အထူးသဖြင့် ပြည်သူဝပြောမှ သာသနာလဲ စည်ပင်မှာပါ..။ ပြည်သူတွေ ကျပ်တည်းရင် သာသနာလဲ စိုပြေသင့်လောက် စိုပြေမှာမဟုတ်ဘူး-ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲပါပဲ..။ ဒီအချက်ဟာ ထင်ရှားတဲ့အချက်ပါပဲ..။
အချို့ သာသနာ့ဝန်ထမ်းတွေသည်ပင်လျှင် ဖက်ဆစ်တွေက တကယ့်ကို ဘာသာရေးကို အားပေးတယ်..၊ ထောက်ပံ့တယ်-လို့ ယုံယုံကြည်ကြည်နဲ့ ပြောတဲ့အသံကို ကြားဖူးပါတယ်..။ အဲဒီ ကိုယ်တော်တွေ မသိတာက အုပ်ချုပ်သူ ဖက်ဆစ်တွေဟာ သာသနာ့ဝန်ထမ်းတွေကို အသက်မပြည့်သူ..၊ အရူးတို့နဲ့ တန်းတူထားတယ်-ဆိုတာ မသိကြရှာဘူး-လို့ပဲ စိတ်ထဲမှာ ကရုဏာသက်မိပါတယ်..။ စဉ်းစားကြည့်ပေါ့..၊ တကယ်လို့ တစ်ဦးတစ်ယောက်က “ကိုယ်တော် အရူးပဲ..” လို့ ပြောကြည့်ပါလား..။ အဲဒီ အပြောခံရတဲ့ကိုယ်တော်ဟာ ထပြီး မကန်တောင်.. ပါးစပ်နဲ့ ကောထဲ့လိုက်မှာ သေချာတယ်..။ လူကြီးဖြစ်ရင်တော့ အောင့်သက်သက်နဲ့ စိတ်ထဲကနေပြီး.. အင်း.. သေချာတယ်..။
ဒါပေမဲ့ ဘုန်းကြီး၊ သီလရှင်တွေ မဲမပေးရ-ဆိုတဲ့ ဥပဒေကို ထောက်ခံပြီး “ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူး” ဆိုကာ ကိုယ့်ကိုယ်ကို ၁၈-နှစ်အထက်ဖြစ်ပါလျှက် အရူးနဲ့ တန်းညှိတာကို သဘောကျနေကြဦးမယ်-ဆိုရင်ဖြင့် ဗမာပြည်ရဲ့ အနာဂတ်အရေး..၊ သာသနာရဲ့ အနာဂတ်အရေးဟာဖြင့် ရင်မအေးစရာပါလား-လို့ တစိမ့်စိမ့်အတွေးများက တရေးရေးစီလျှက်…

နီသွေး
(၂၀၀၇၊ နိုဝင်ဘာ-၂၆)