Pages

Subscribe
Showing posts with label ဧရာဝတီသတင်း. Show all posts
Showing posts with label ဧရာဝတီသတင်း. Show all posts

Friday, 16 July 2010

ဗိုလ်ချုပ်မှူးကြီး၏ ရွေးကောက်ပွဲအလွန် အာဏာတည်ရေး အစီအစဉ် သုံးရပ်ရှိဟုဆို

နအဖ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရွေးကောက်ပွဲ အလွန် ကာလတွင်လည်း ၎င်း၏အာဏာ ဆက်လက် တည်မြဲရေး အတွက် အစီအစဉ်များကို ရေးဆွဲထားကြောင်း စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ် က ထုတ်ဖော် ပြောဆိုလိုက်သည်။

၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့၏ အလေးပြုမှု ခံယူနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုနေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Getty Images)

ယင်း အစီအစဉ် များနှင့် ပတ်သက်၍ နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းမှ ဦးအောင်လင်းထွဋ်ကို ပြောဆိုထားခြင်း ဖြစ်သည် ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ်များမှာ Plan A, Plan B, Plan C ဟုခေါ်သည့် အစီအစဉ် သုံးခုရှိကြောင်း ပထမ အစီအစဉ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ် ထောက်ခံသည့် အုပ်စုဘက်မှ ပြတ်ပြတ် သားသား အနိုင်ရခဲ့လျှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင် တိန့်ရှောင်ဖိန်၊ အီရန်မှ အရာတိုလာခိုမေနီ တို့ကဲ့သို့ ခေါင်းဆောင်ပိုင်း နေရာတွင် ဆက်လက် နေနိုင်မည် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးသိန်းစိန်ခေါင်းဆောင်ကာ အခြား စစ်ဘက်အရာရှိဟောင်း များပါဝင်နေပြီး စစ်အစိုးရကိုထောက်ခံသည့်ပါတီအနေဖြင့် ရပ်တည်လျက်ရှိသည်။

နအဖ အစိုးရကိုထောက်ခံသည့် အခြားပါတီတခုမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်ပြီး ယင်း ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လည်း အာဏာရှင်အစိုးရကို ထောက်ခံသည့်ပါတီတခုဖြစ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တစည နှင့် စစ်တပ်ကိုထောက်ခံသည့်ပါတီများ ရှုံးနိမ့် ခဲ့သည့်အဖြစ်မျိုး နောက်ထပ် မဖြစ် စေရန် ဗိုလ်ချုပ်မှူးကြီးက ယခုကဲ့သို့ အစီအစဉ်များ ရေးဆွဲထားခြင်း ဖြစ်သည် ဟုလည်း သိရသည်။

သို့သော် လက်ရှိအခြေအနေတွင် USDP ၏ နိုင်ငံတော်ပိုင်ပစ္စည်းများအား ပါတီလှုပ်ရှားမှုများအတွက် အသုံးပြုနေခြင်း အပေါ်ကို တစည ပါတီမှ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ဒုတိယအစီအစဉ် Plan B သည် လာမည့်ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသူများသည် ပြတ်ပြတ်သားသား အနိုင် မရခဲ့ လျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လက်ရှိ နအဖ ကောင်စီ (သို့) အလားတူ စစ်ကောင်စီတခုသည် အစိုးရ၏ နောက် ကွယ်တွင် ရှိနေမည်ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်၏ ဆောင်းပါးတွင်ပါရှိသည်။

စစ်အစိုးရတို့ ကိုယ်တိုင် ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်မည့် စစ်သားများနှင့် အခြားသော ထောက်ခံသူများကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အာဏာပြန်လည် ကြီးထွားလာ နိုင်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည့်အပေါ်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက နအဖ၏ ရွေးကောက်ပွဲသည် မှန်ကန်သည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ဟု ဝေဖန်နေမှုများ လည်း ဖြစ်ပေါ်နေသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က“အားလုံးသိတဲ့အတိုင်းပဲ NLD ဆိုတာက တကယ့် ဒီမိုကရေစီ လမ်းစဉ်ကို ကိုင်စွဲထားတဲ့ပါတီ၊ ဒီလိုအဖွဲ့က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ အစိုးရရဲ့ ရွေးကောက်ပွဲ ဆိုတာက ဘယ်နည်းနဲ့မှ ဒီမိုကရေစီ နည်းလမ်းကျနိုင်မှာမဟုတ်ဘူးလေ၊ အဲဒါကို နိုင်ငံတကာက ဝေဖန်တယ် ဆိုတာကတော့ နည်းလမ်းကျပါတယ်”ဟု ပြောသည်။

နောက်ဆုံးအစီအစဉ်သည် စစ်တပ်ကို ထောက်ခံသူများ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်မှ အာဏာပြန်သိမ်းမည် စသည့် အစီအစဉ်သုံးခုကို ဗိုလ်ချုပ်မှူးကြီးက ရေးဆွဲထားကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မည်သို့မျှ အာဏာကို လက်လွှတ်လိမ့်မည် မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်း အဝိုင်းကဆိုသည်ဟု ဦးအောင်လင်းထွဋ်ကပြောသည်။

လက်ရှိခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ဝသွေးစည်းညီညွတ်ရေးတပ်မတော်၊ မွန်ပြည် သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးတပ်မတော် စသည့်အဖွဲ့တို့မှ နယ်ခြားစောင့်တပ် ကူးပြောင်းရေးကို လက်မခံသေး သည့် ကိစ္စသည်လည်း ဗိုလ်ချုပ်မှူးကြီးအတွက် အခက်အခဲတရပ်ဖြစ်နေသည်။

ထိုကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံတို့၏ အုပ်ချုပ်မှု အစီရင်ခံစာများကို သက်ဆိုင်ရာ သံရုံးများမှတဆင့် တောင်းခံမှုများလည်း ရှိကြောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် အခြားသောပြင်ဆင်မှုများလည်း ရှိသေး ကြောင်းသိရသည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့သဖြင့် ထုတ်ပြန်ခြင်း မပြုခဲ့ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ ရုံးမှလာသော သတင်းများအရ ရွေးကောက်ပွဲမတိုင်မီ ၆ လ ခန့်အလိုမှသာ ရွေးကောက်ပွဲဥပဒေများထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်လိုက်ခြင်းသည် နိုင်ငံရေး ပါတီများကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်စေရန် အချိန်ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်လင်းထွဋ် ရေးသားထားသည့် “၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့” အမည်ရသည့် ဆောင်းပါးတွင် ပါရှိသည်။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၃ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီအနက် ၃၈ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။

ဦးအောင်လင်းထွဋ်၏ ဆောင်းပါး အပြည့်အစုံကိုဖတ်ရှုလိုပါက ဤနေရာတွင် ရယူပါ။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ချစ်သူရည်းစား ဟန်ဆောင် လူကုန်ကူးမှုများ ဖြစ်ပေါ်

မြန်မာနိုင်ငံ အတွင်းရှိ ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူ ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးမှုများ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (အထူးအဖွဲ့) အဖွဲ့ရုံး တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ကာရာအိုကေဆိုင် တခုတွင် အလုပ်လုပ်နေသည့် မိန်းကလေးများ (ဓာတ်ပုံ - allmyanmar.com)

“ဒီလိုပုံစံနဲ့ လူကုန်ကူး တာက အခုမှ မဟုတ်ပါဘူး၊ တကယ်တော့ အဲဒီ နေရာတွေက မိန်းကလေး တွေက ဒီလိုလုပ်ဖို့ ပိုလွယ်တယ်လေ” ဟု ၎င်းက ဆိုသည်။

အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ စသော နေရာများရှိ မိန်းကလေး များကို ချစ်သူရည်းစား အဖြစ် ဟန်ဆောင်၍ လိမ်လည် လှည့်ဖျားကာ ပြည်ပနိုင်ငံ များသို့ ရောင်းစားသော လူကုန်ကူးမှု ပုံစံသစ်သည် ဖျော်ဖြေ ရေးလုပ်ငန်း များတွင် လုပ်ကိုင် နေသော မိန်းကလေး ငယ်များကို အဓိက ပစ်မှတ်တစ်ခု အနေနှင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင် နေသော ပုဂ္ဂလိက အဖွဲ့အစည်း တခုမှ စီမံကိန်း မန်နေဂျာ တဦးကလည်း ပြောသည်။

“ဒီလိုနေရာတွေမှာ လူကုန်ကူးခံရတဲ့မိန်းကလေးတွေက သနားဖို့ပိုကောင်းတယ်၊ ကိုယ့်ကို တကယ်ချစ်တာပဲ ဆိုတဲ့အတွေးနဲ့ ငွေကြေးရောလူရော ပေးဆပ်ကြတယ်၊ ပြီးတော့အယုံသွင်းပြီး ရောင်းစားခံရတယ်လေ”ဟု ၎င်းက ပြောဆိုသည်။

ယင်းဖျော်ဖြေရေးလုပ်ငန်းများရှိ မိန်းကလေးငယ်အများအပြားသည် လိင်ဖျော်ဖြေရေး အလုပ်ဖြင့် ငွေရှာဖွေပြီး ၎င်းတို့၏ ချစ်သူ ရည်းစား အတွက် ထိုငွေကြေးများကို အကုန်အကျခံမှုများလည်းရှိကြောင်း ရန်ကုန်မြို့မင်္ဂလာဈေးရှိ JJ Clubတွင် ၃ နှစ်ကျော် လုပ် ကိုင်နေသော အမျိုးသား စားပွဲထိုးတဦးက ပြောသည်။

“Clubမှာ လာပျော်ပါးတဲ့ကောင်လေးတွေနဲ့ ဒီက ကောင်မလေးတွေက ရောင်းသူဝယ်သူ ဆက်ဆံရေးမဟုတ်ဘဲ သမီးရည်းစား ပုံစံ မျိုး ကြိုက်ကုန်တာတွေရှိတယ်”ဟုလည်း ၎င်းကဆိုသည်။

ထိုသို့ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးများကို သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးရောင်းစားမှုများ အပြင် ငွေကြေး အထောက်အပံ့ယူသော ယောက်ျားများလည်း ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ရုံး(တာချီလိတ်)မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့အနေနဲ့ မြန်မာမိန်းကလေးတွေ နည်းလမ်းပေါင်းစုံနဲ့ လူကုန်ကူးမှုမခံရအောင် ဆောင်ရွက်နေကြတာပဲ၊ တဖက် နိုင်ငံ တွေမှာရောက်နေတဲ့ လူကုန်ကူးခံရတဲ့ လူတွေအားလုံးကို ပြန်မခေါ်နိုင်သေးပေမယ့် တ၀က်ကျော်ကျော်ကိုတော့ ကိုယ့် နိုင်ငံ ပြန်ရောက်အောင် လုပ်ပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးငယ်များသည် လိင်ဖျော်ဖြေရေးအလုပ်ဖြင့် စားဝတ်နေရေးပြေလည်ရန် အဓိက ဖြေရှင်းကြသော်လည်း ရေရှည်လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိသဖြင့် ၎င်းတို့ဘ၀အတွက် အိမ်ထောင်ဖက်ဖြစ်လာနိုင်ရန် ယောက်ျား တဦးတယောက် အပေါ် သံယောဇဉ်ဖြစ်ကြကြောင်း ရန်ကုန်မြို့ရှိ နိုက်ကလပ်တခုကို အမှီပြုပြီး ၆ နှစ်ကြာ လိင်ဖျော်ဖြေရေး လုပ် ကိုင်နေသော အမျိုးသမီးတဦးက ပြောသည်။

“သာမန်မိန်းကလေးတွေလို ဘ၀ကြင်ဖော်လိုချင်လို့ ရည်းစားထားကြတာပေါ့၊ ယောက်ျားတွေ အများကြီးထဲမှာ ကိုယ် ယုံကြည်ပြီး ချစ်ခဲ့တဲ့လူတယောက်ကိုတော့ ဘယ်မိန်းမမဆို ယုံလွယ်ကြတာပဲလေ၊ ကျမတို့လို မိန်းကလေးတွေ အတွက် ဒီလို လိမ်ညာမှုမျိုး တွေ ပိုခံရတယ်လေ၊ လူ့အသိုင်းအ၀ိုင်းနဲ့ မအပ်ဆက်တော့ မေတ္တာငတ်လာတယ်၊ ဒီလိုမိန်းကလေးတွေကို ယုံအောင်ပြော လွယ် တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်၂၀၀၀ပြည့်နှစ်မှ ၂၀၀၄ခုနှစ်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသမီးငယ် ၈၅ ဦး သည် တရုတ် နိုင်ငံ ယူနန် ပြည်နယ်နှင့် တရုတ်ပြည်အရှေ့ပိုင်း ဒေသများတွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်၊ လိင်ဖျော်ဖြေရေး လုပ်ငန်း များတွင် ခိုင်းစေရန် ရောင်းစားခံခဲ့ရကြောင်း၊ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း လူ ၆၄ ဦးပါဝင်သော လူကုန်ကူးသည့်အဖွဲ့အားစစ်ဆေးရာ မြန်မာ အမျိုးသမီး ငယ် ၄၉ ဦးကို တရုတ်နိုင်ငံတွင် အလုပ်ရရှိမည်ဟု သွေးဆောင်ဖြားယောင်းပြီး တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် အဓမ္မရောင်းစားခံခဲ့ရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ ထုတ်ပြန်သော စာရင်းများမှ သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့သူ မြန်မာအမျိုးသမီးငယ်တဦးကို တရုတ်အမျိုးသားနင့် လက်ထပ်ရန် မြန်မာကျပ်ငွေ ၉၆၀၀၀၀ ဖြင့် သွေးဆောင်စည်းရုံးပြီး ကြိုတင်ငွေ ကျပ် နှစ်သိန်းဖြင့် နယ်စပ်သို့ ခေါ်ဆောင်လာသော လူပွဲစားနှစ်ဦး ကို မူဆယ် တရားရုံးမှ နှစ်ရှည်ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ စက်တင်ဘာလ အတွင်း တရုတ်နယ်စပ်တွင် အဖွဲ့ဝင် ၃၀ ပါဝင်သော လူကုန်ကူးသည့် အဖွဲ့တစ်ဖွဲ့ကို နှစ်နိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ရာ ယူနန်ပြည်နယ်တွင် ပြန်လည်ရောင်းစားမည့် လိမ်လည် လက်ထပ် ယူထားသော မြန်မာအမျိုးသမီးငယ် ၁၈၀ ကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က ထုတ်ပြန် ထားသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင် ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေးထိုးထားသည်။

ဧရာဝတီသတင်းထောက် မိုးယံ ရေးသားသည်။

ပြည်ပ ဆန်တင်ပို့နိုင်မှု ထက်ဝက်ကျဆင်း

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏမှာ ယခုနှစ်ဝက်တွင် ယမန်နှစ်ထက် ထက်ဝက်ကျော် ထိုးကျသွားကြောင်း အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၏ စာရင်းဇယားများအရ သိရသည်။

၂၀၀၉ ပထမနှစ်ဝက်တွင် ပြည်ပတင်ပို့သော ဆန် မက်ထရစ်တန်ချိန် ၇ သိန်း ၅ သောင်း ကျော်ရှိခဲ့သော်လည်း ယခုနှစ် ပထမ နှစ်ဝက် တင်ပို့နိုင်မှုမှာ ၂ သိန်း ၇ သောင်းကျော်သာရှိကြောင်း စစ်အစိုးရ၏ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဆွစ်ဇာလန်ပိုင် ဒေသရုံးခွဲဖြစ်သော ကုန်စည်စီးဆင်းမှု တိုင်းတာရေးအဖွဲ့ SGS တို့က ထုတ်ပြန်သော အချက်အလက်များကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

“ပြည်တွင်း ထုတ်ဆန်တွေ အရည်အသွေး တက်မလာတာရယ်၊ လွတ်လွတ်လပ်လပ် တင်ပို့ခွင့် မရတာရယ်၊ တင်ပို့တဲ့ လိုင်စင် ထုတ်ပေးတဲ့ နေရာမှာ အကန့်အသတ်များပြီး ဘက်လိုက်တာရယ်တွေကြောင့် ဆန်တင်ပို့မှု လျော့ကျတာပါ”ဟု ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ပွဲရုံတခုမှ ဆန်ကုန်သည်ကြီးတဦးက ပြောသည်။

ဆန်တင်ပို့မှု ထိုးကျသွားသည့် ကိစ္စတွင် ကမ္ဘာ့ဆန်ဝယ်လိုအား ကျဆင်းနေခြင်းသည်လည်း အချက်တချက် ဖြစ်သည်ဟု အဆိုပါ ဆန်ကုန်သည်ကြီးက ပြောသည်။

စစ်အစိုးရသည် ယခုနှစ်ဦး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း ပြည်ပ ဆန်တင်ပို့မှုကို ပိတ်ထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်ဖွင့်ပေးခဲ့သည်။

UMFCCI မှ တာဝန်ရှိသူတဦးကမူ “ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ဘာမှ ချုပ်ချယ်ကန့်သတ်တာမျိုး လုပ်မထားပါဘူး။ တင်ပို့နိုင်တဲ့ ဆန်ပမာဏ ရှိတဲ့လူတိုင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်တွေကို ဥပဒေနဲ့ အညီ လုပ်ခွင့်ပေးပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

UMFCCI အနေဖြင့် ဆန်ကုန်သည်များကို အထူးပြု ကုမ္ပဏီများဖွဲ့၍ စနစ်တကျ လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ပြည်ပမှ ဆန် ဝယ်လိုအား ကျဆင်းနေမှုကို ပြန်လည် ဦးမော့လာစေရန် တာဝန်ရှိသူများအနေဖြင့် ပြည်ပဈေးကွက်များ ရှာဖွေရေး ဆောင် ရွက်နေကြောင်း၊ မကြာမီ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်ရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အာဏာပိုင်များက လစဉ် တင်ပို့ခွင့်ပြုသည့် ဆန်ပမာဏအနက် ၆၀ ရာခိုင်နှုန်းကို ဆန်ကုန်သည်များက တင်ပို့ခွင့်ရပြီး ကျန် ၄၀ ရာခိုင်နှုန်းကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းနှင့် စစ်အစိုးရ မိသားစုဝင်များ ပိုင်ဆိုင် သော ကုမ္ပဏီများက တင်ပို့ရကြောင်း သိရသည်။

ဆန်ပို့ကုန်ပမာဏ ကျဆင်းသော်လည်း တောင်သူများထံတွင် ဆန်မရှိတော့ကြောင်း၊ ယခုနှစ်တွင် မိုးနောက်ကျ၍ သက်ကြီး စပါး မစိုက်ဘဲ သက်လတ်နှင့် သက်ငယ် စပါးတို့ကိုသာ စိုက်ရ၍ စပါးအထွက် လျော့ကျနိုင်ကြောင်း ဆန်ကုန်သည် တဦးက ဆိုသည်။

မိုးလေဝသ ပညာရှင်များက ယခုနှစ် မိုးနှောင်း ကောင်းနိုင်သည်ဟု ခန့်မှန်းထားပြီး ထိုသို့ မိုးနှောင်း ကောင်းပါက ရိတ်သိမ်းချိန် မတိုင်မီ မိုးကောင်း၍ စပါးအထွက် လျော့နိုင်ကြောင်းလည်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ပညာရှင်များ အသင်းက ပြောသည်။

ကုလမသဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ ပူးပေါင်း ကောက်ယူထားသော မြေပြင် အခြေအနေ စာရင်းကောက်ယူ လေ့လာချက်များအရ ရိတ်သိမ်းချိန်တွင် ရာသီဥတုကြောင့် စပါး ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာအရ UNDP နှင့် WFP စီမံကိန်းဝင် ဒေသ ၁၁ ခုအနက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ တောင်ကြီး၊ လား ရှိုးနှင့် ချင်းပြည်နယ်တို့တွင် ဆုံးရှုံးနိုင်ခြေ ပိုများသည်ဟု ဆိုသည်။

မြန်မာနိုင်ငံကို အာရှစပါးကျီအဖြစ် ပြန်လည်ရောက်ရှိရေးဟု ဆိုကာ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ပုဂ္ဂလိက ဆန်စပါး စီးပွားရေး လုပ်ကိုင်သော ကုမ္ပဏီများ စုပေါင်းပြီး “မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းကြီး” (Myanmar Rice Industry Association) ကို ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က ထူထောင်ခဲ့ကြသေးသည်။

စိုက်ပျိုးနည်းစနစ်အထောက်အကူ၊ စိုက်ပျိုးရေးစရိတ် လိုအပ်မှုနှင့် ဓာတ်မြေသြဇာ ထောက်ပံ့မှု မပေးနိုင်ဘဲ မြန်မာကို အာရှ စပါးကျီ ဖြစ်ရေး ဆောက်ရွက်နေသည်ဟု အာဏာပိုင်များက မကြာခဏပြောနေကြောင်း စိုက်ပျိုးရေးလေ့လာသူ တဦးက ပြောသည်။

ယခုခေတ် ဆန်တင်ပို့မှုမှာ တနှစ်လျှင် တန်ချိန် သိန်းဂဏန်းသာရှိပြီး ထိုင်း၊ ဗီယက်နမ်တို့နှင့် ယှဉ်လျှင် အဆများစွာ ကွာဟ နေသည့်အပြင် အရည်အသွေးညံ့၍ လူကြိုက်နည်းပါးပြီး ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အာဖရိက နိုင်ငံအချို့ကသာ ဝယ်ယူ လေ့ရှိသည်ဟု ဆန်ကုန်သည်ကြီးတဦးက ဆိုသည်။

ယမန်နှစ်က မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် မက်ထရစ်တန်ချိန် ၁.၀၉ သန်းတင်ပို့ခဲ့ပြီး ထိုင်းက မက်ထရစ်တန် ၈.၅၇ သန်းနှင့် ဗီယက်နမ်က ၆ သန်း အသီးသီး တင်ပို့ခဲ့ကြသည်။

၁၉၃၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်ဈေးကွက်သို့ ဆန် မက်ထရစ်တန်ချိန် ၃.၄ သန်းအထိ တင်ပို့ခဲ့ဖူးသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဆန်များ အရည်အသွေး မပြည့်မီဟုဆိုကာ အာဖရိကနိုင်ငံတခုက ဆန်သင်္ဘောကို မြန်မာနိုင်ငံသို့ ပြန်ပို့ဖူးသည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာ ရေးသားသည်။

Thursday, 15 July 2010

ဗိုလ်ချုပ်မှူးကြီး၏ မြေး ယာဉ်မတော် တဆဖြစ် ဟုဆို

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် လွန်ခဲ့သည့် တပတ်က ၎င်း၏ နေအိမ် အနီးတွင် ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖိုးလပြည့်သည် သူငယ်ချင်းများနှင့် နိုက်ကလပ်က အပြန် ၎င်း၏ နေအိမ်ခြံရှေ့ မရောက်ခင် လမ်း အကွေ့ တနေရာ၌ ကားမတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း တစုံတရာ ထိခိုက်ခြင်း မရှိကြောင်း စစ်အစိုးရ ဗိုလ်ချုပ် သားသမီး များနှင့် နီး စပ်သူ တဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ - မိုးမခ)

ကား မတော်တဆ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ် သားသမီးများနှင့် နီးစပ်သူက အတည်ပြု သော်လည်း အသေးစိတ် အချက် အလက်များ ကိုမူ မသိရှိရ သေးကြောင်း ဆိုသည်။

တချို့ သတင်း ရပ်ကွက် များကမူ ဖိုးလပြည့်သည် ၎င်း၏ သူငယ်ချင်းများနှင့် ကားပြိုင် မောင်းရင်း ကားမှောက် ခဲ့ကြောင်း၊ ဒဏ်ရာ အနည်းငယ် ရသောကြောင့် ကျောင်းမတက် နိုင်သည်မှာ ၁၀ ရက်ခန့် ရှိပြီ ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင် အသိုင်းအ၀န်းမှ သားသမီးများနှင့် ငွေကြေးတတ်နိုင်သော အသိုင်းအ၀န်းမှ သားသမီးအများစုမှာ ကား အကောင်းစားများကို စိတ်ဝင်စားကြပြီး အပြိုင် အဆိုင်စီးကြသော အလေ့အထရှိသည်ဟု သိရသည်။

ဖိုးလပြည့်သည် ပြိုင်ကားများကို အလှဆင်ရာတွင် ၀ါသနာပါသူ တဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

ယခု လက်ရှိတွင် ဖိုးလပြည့်သည် ဥက္ကာဦးသာ (ဒီဂျေ) နှင့် သီချင်း တိုက်နေကြောင်းလည်း ဂီတအသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု တနှစ်တိုးရန် အတည်ပြု

စစ်အစိုးရအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို တနှစ်သက်တမ်း ထပ်မံ တိုးမြှင့်ရန် အမေရိကန် အောက်လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ နိုင်ငံအတွင်း နိုင်ငံရေး ပြောင်းလဲမှုများ တိုးတက်လာမှု မရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပိုမိုဆိုးရွားလာသဖြင့် ယခုကဲ့သို့ စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်းကို ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အောက်လွှတ်တော် အမတ်များက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေ ခရော်လေ

ယမန်နေ့က ပြုလုပ်ခဲ့သော အောက်လွှတ်တော် အမတ်များ၏ မဲခွဲဆုံးဖြတ်မှုကို အမေရိကန်သမ္မတ အိုဘားမားထံသို့ လက်မှတ်ထိုးရန် ပေးပို့မည်ဖြစ်သည်။ မစ္စတာ အိုဘားမား လက်မှတ်ထိုးပြီးမှသာ မြန်မာနိုင်ငံအပေါ် ထပ်မံတိုးမြှင့်မည့် စီးပွားရေး ပိတ်ဆို့အရေးယူမှု တရားဝင်ဖြစ်လာမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ ဖြစ်သူ မစ္စတာ ပီ ဂျေ ခရော်လေ က “မြန်မာနိုင်ငံက အခြေအနေတွေဟာ အခုဆိုရင် ဆိုးသည်ထက် ဆိုးနေပါပြီ။ ဒါကြောင့် အခုအချိန်ဟာ မြန်မာနိုင်ငံအပေါ် ဖိအားတွေကို တိုးဖို့ အချိန်ကျရောက်လာပါပြီ” ဟု သတင်းထောက်များကို ပြောသည်။

ယခုကဲ့သို့ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်း တိုးမြှင့်လိုက်ခြင်းကို အမေရိကန်အခြေစိုက် US Campaign for Burma က ထောက်ခံ ကြိုဆိုလိုက်ကြောင်းလည်း သိရသည်။

US Campaign for Burma အဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ ကိုအောင်ဒင်က “အမေရိကန် အောက်လွှတ်တော်ဟာ သူတို့ရဲ့ စစ်အစိုးရအပေါ်ထားရှိတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးသရွေ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်သရွေ့တော့ အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် မစ္စတာ ဂျိုးဇက် ခရော်လေကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူမှာ စစ်အစိုးရဖြစ်ပြီး ၎င်းအနေဖြင့် စစ်အစိုးရကို တာဝန်ယူမှုများ လုပ်လာနိုင်ရန်အတွက် အားစိုက်ကြိုးစားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုသွားသည်။

အမေရိကန်လွှတ်တော်က ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂၀၀၃)” ကို ပြဋ္ဌာန်းကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို စတင်လုပ်ဆောင်ခဲ့သည်။

ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများမဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်းခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်းအဝန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်း၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်းစသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ တင်ပို့ခွင့်ကို ပိတ်ပင်သည့် ဥပဒေတရပ်ကိုလည်း အမေရိကန်က ပြဋ္ဌာန်းခဲ့သေးသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

မုံရွာရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲက ရိုက်နှက် စစ်ဆေးရာမှ ဖောက်ထွင်းမှု သံသယဖြင့် ဖမ်းဆီးခံထား ရသူတဦး ယနေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း သတင်းရရှိသည်။

“မနက် (၁၀) နာရီ လောက်မှာ သူ့မိန်းမက သူ့ယောက်ျားကို သေအောင် ရိုက်တဲ့ရဲတွေကို မကျေနပ်ဘူး ၊ အထက်ကို တိုင်မယ် ၊ ဘုရားကယ်ပါ ၊ တရားကယ်ပါနဲ့ ရပ်ကွက်ထဲမှာ အော်ဟစ်နေတော့မှ သေသွားပြီဆိုတာ သိကြရတာ"ဟု မုံရွာ ဒေါနခြံ ရပ်ကွက် သားတဦးက ပြောသည်။

မုံရွာ ဒေါနခြံရပ်ကွက်အတွင်းရှိ ဒေါ်စန်းရီ၏ နေအိမ်ကို ယခုလ ၁၁ ရက်နေ့လယ်ပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရရာ ငွေကျပ် သိန်း ၅၀ ဖိုးခန့် ပါသွားခဲ့ကြောင်း သိရသည်။

ဖောက်ထွင်းခံရသည့် နေ့မှာပင် တရပ်ကွက်တည်းနေ ကိုရှမ်းကြီး ဆိုသူကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရိုက်နှက်ခံဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့်စပ်လျဉ်း၍ မုံရွာအမှတ် (၁) ရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

မြန်မာနိုင်ငံအတွင်း ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ကိုယ်အင်္ဂါချို့တဲ့ရသူများ ၊ အသက်ဆုံးရှုံးရသူများရှိနေသော်လည်း အာဏာပိုင်များက တရားဝင်ထုတ်ပြန်လေ့မရှိပေ။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ဈာပန စည်ကား

ရန်ကုန်မြို့ ရေဝေး သုသာန်၌ ယနေ့ နေ့လယ်က ပြုလုပ်သော နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၏ ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ၏ ဈာပန အခမ်းအနားကို နိုင်ငံရေး၊ စာပေနှင့် အနုပညာ နယ်ပယ်စုံမှ စည်ကားစွာ လိုက်လံပို့ဆောင် ကြကြောင်း သတင်းရရှိသည်။

ဆရာကြီး နန်းညွန့်ဆွေ၏ ဈာပန အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
“နိုင်ငံရေးနဲ့ စာပေ အနုပညာ နယ်ပယ်က များတယ်။ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေလည်း လာတယ်။ ဆရာကြီးကို ချစ်ခင်တဲ့ နယ်ပယ်စုံက လူတွေ လာတာ ထောင်ကျော်မယ်”ဟု ဈာပန လိုက်ပါ ပို့ဆောင်ခဲ့သူ စာနယ်ဇင်းသမား တဦးက ပြောသည်။

ယမန်နေ့ ညနေက ဆရာကြီးကွယ်လွန်ပြီး ယနေ့ နေ့လယ်တွင် သင်္ဂြိုဟ်သောကြောင့် ဆရာကြီး နန်းညွန့်ဆွေ၏ ကိုယ်ရေး အကျဉ်း လက်ကမ်းစာစောင်ပင် ရိုက်နှိပ်ချိန် မရလိုက်ကြောင်း၊ ဆရာကြီးကို ချစ်ခင်လေးစားကြသူ အားလုံးကို အကြောင်း ကြားချိန် မရလိုက်ကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောဆိုသည်။

“မနေ့က ညနေ ၅ နာရီလောက်က ဆုံးသွားတယ်။ ဆုံးတဲ့ အချိန်ဘေးမှာ သားလတ် ကိုတေဇ ရှိနေတယ်။ အိပ်ရင်းနဲ့ပဲ ဆုံးသွားတာ။ မကွယ်လွန်ခင်က ကိုသူရ(ဇာဂနာ)ဆီတော့ စာတစောင်ရေးထားခဲ့တယ်။ ကျမလည်း ဖတ်တော့ဖတ်မကြည့် ရသေးဘူး”ဟု ဇာဂနာ၏ ခယ်မ မငြိမ်းက ပြောသည်။

အသက် ၈၇ နှစ်အရွယ်ရှိ ဆရာကြီး နန်းညွန့်ဆွေသည် မကွယ်လွန်မီက အနည်းငယ် ဖျားနေကြောင်း၊ နေ့လယ်တွင် အိုဗာတင်းနှင့် မုန့်အနည်းငယ်စားပြီး အိပ်သွားရာမှ ညနေ ၅ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် လူရွှင်တော် ဇာဂနာ (ကိုသူရ) ၏ ဖခင် ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ ကို ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲကျေးရွာစုရှိ ရပ်သာရွာတွင် ၁၉၂၃ ၌ ဖွားမြင်သည်။ ဆင်မြီးဆွဲ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း၊ ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ရန်ကုန်သို့ရောက်ရှိ၍ ဂျပန် ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးအဖြစ် ဝင်ရောက် အမှုထမ်းသည်။ ၁၉၄၄ တွင် ဂရိတ်တားအာရှ သတင်းစာ ကဗျာပြိုင်ပွဲတွင် ဆုရရှိသည်။

ဖက်ဆစ်တော်လှန်ရေး ကာလတွင် ဆင်မြီးဆွဲသို့ ပြန်၍ အာရှ လူငယ် အစည်းအရုံးတွင် ပါဝင်ခဲ့သည်။ ၁၉၄၇ တွင် မြန်မာ့ အလင်းသတင်းစာ၌ “ပြည်မောင်ညွန့်” ဟူသော ကလောင်အမည်ဖြင့် ကဗျာရေးသားပြီး စာပေလောကသို့ စတင်ဝင်ရောက် သည်။

၁၉၄၈ မှ ၁၉၅၃ ခုနှစ်အထိ ပြန်ကြားရေးဌာန၊ ရုပ်ရှင်နှင့် ပြဇာတ် ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိစသည့် တာဝန်များ ယူခဲ့သည်။ ထို့နောက် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဗိမာန်တွင် သုတေသနမှူး အဖြစ်လည်း ဆောင်ရွက်သည်။

၁၉၅၀ ပြည့်နှစ်တွင် “နန်းညွန့်ဆွေ” ကလောင်အမည်ကို ဟံသာဝတီ သတင်းစာတွင် စတင် အသုံးပြုသည်။ မြန်မာနိုင်ငံ စာရေး ဆရာအသင်း တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်နှင့် ဒုဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်း အလုပ်အမှုဆောင်လည်း ဖြစ်သည်။

ကဗျာစာအုပ်၊ ကဗျာဖွဲ့နည်း စာအုပ်များကိုလည်း ပြုစုသည်။ ရွှေတိုင်ညွန့်၊ သဟာယ ဆရာတင်၊ မိုးဒေဝါ ဒေါ်လှရွှေ၊ အလင်္ကာကျော်စွာ ဦးဟန်ပ စသည့် အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိများကိုလည်း ပြုစုခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း၊ ဦးကုလား မဟာရာဇဝင်၊ ဟံသာဝတီ ဆုံးမစာ ပေါင်းချုပ်၊ မုဒုလက္ခဏပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒိသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ်ခဲ့သည်။

နိုင်ငံရေး သီချင်းများ စာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်းတမ်း၊ မြန်မာ့ ယဉ်ကျေးမှု စာတမ်းများလည်း ရေးသား ဖတ်ကြားခဲ့သည်။

ဂီတအနုပညာနှင့် ပတ်သက်၍ မဟာဂီတ သီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) နှင့် မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်း တို့ကိုလည်း ရေးသားပြုစုသည်။

ခေတ်ဟောင်း စာပေ ဂီတ ယဉ်ကျေးမှု ဆောင်းပါးများကို ရေးသားခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် စာပေ ဟောပြောသဖြင့် စစ်အစိုးရက စာပေရေးသားခွင့် ပိတ်ထားခဲ့သည်။ သို့သော် “သုခမိန်” အမည်ဖြင့် ကွယ်လွန်ခါနီးအထိ စာပေရေးသားခဲ့သည်ဟု သိရသည်။

ဆရာကြီး နန်းညွန့်ဆွေနှင့် ဆရာမကြီး ဒေါ်ကြည်ဦးတို့တွင် သား ၃ ဦး ရှိပြီး ကိုဝဏ္ဏ (ကွယ်လွန်)၊ ကိုတေဇနှင့် ကိုသူရ (ဇာဂနာ) တို့ ဖြစ်သည်။ ကိုဇာဂနာ တဦးသာ အိမ်ထောင်ကျပြီး သားသမီး ၂ ဦး ထွန်းကားသည်။

ဆရာကြီး နန်းညွန့်ဆွေ၏ ဇနီးဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦးသည် ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဒေါ်ကြည်ဦးသည် ကိုလိုနီခေတ်မှ ယနေ့ ဒီမိုကရေစီ ခေတ်အထိ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဆရာကြီး နန်းညွန့်ဆွေ (ဓာတ်ပုံ - ကျော်သူ/နာရေး ကူညီမှုအသင်း)

“ဇာဂနာက သူ့အမေရဲ့ ပါရမီမျိုး ရခဲ့တယ်”ဟု ဆရာကြီး နန်းညွန့်ဆွေက ဒေါ်ကြည်ဦး ကွယ်လွန်စဉ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

ကိုဇာဂနာသည် ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရက ၎င်းအား အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခဲ့သည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက် အကူအညီပေးနေသော ကိုဇာဂနာအား အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင် တရားရုံးတွင် အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် စုစုပေါင်း အနည်းဆုံး ပုဒ်မ ၅ ခု ဖြင့် တရားစွဲဆိုခြင်း ခံရကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အီလက်ထရွန်နစ် အမှု တခုကို ထောင်ဒဏ် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ်လျှော့ပေါ့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံရန်ရှိနေသေးသည်။

ကိုဇာဂနာကို အကျဉ်းချထားသော မြစ်ကြီးနားထောင်မှာ ဝေးလံသဖြင့် ဆရာကြီး နန်းညွန့်ဆွေသည် မကွယ်လွန်မီ အချိန် အထိ သွားရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။ ဖခင်ကွယ်လွန်သွားကြောင်း ကိုဇာဂနာကို အာဏာပိုင်များမှ တဆင့် အကြောင်းကြားသည်ဟု မငြိမ်းက ပြောသည်။

ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။

လေဆင်နှာမောင်းဒဏ် ခံရသည့်အိမ်များ ပြန်ဆောက်ရန် ခက်ခဲ

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းတပင် ကျေးရွာနှင့် သမင်ခြံ ကျေးရွာတို့တွင် တိုက်ခတ်ခဲ့သော လေဆင် နှာမောင်းကြောင့် ပျက်စီး ပြိုကျသွားသော အိမ်ရာများ ပြန်လည် တည်ဆောက်ရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၈ ရက်နေ့ ညနေ ၆ နာရီခွဲက တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းဒဏ် ခံခဲ့ရသည့် သမင်ခြံကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့မှာ ကော့မှူးမြို့နယ်မှ ၁၆ မိုင်အကွာတွင် တည်ရှိသည်။

“တအိမ်ကို သွပ် ၅ ချပ်ဆီပေးတယ်ဆိုလို့ သွပ်သွားယူတော့ ၃ ချပ်ပဲရတယ်။ စာကြည့်တိုက်အတွက်ဆိုပြီး တအိမ်ထောင် ကနေ နှစ်ချပ်ဆီ ပြန်ယူတယ်လေ။ အိမ်တလုံး ပြန်ဆောက်နိုင်တဲ့ လူက နည်းတယ်။ ပိုက်ဆံလိုက်ရှာပြီး အိမ်ပြန်ဆောက် နေရလို့ ရွာသားတွေ အခက်အခဲဖြစ်နေတာ” ဟု ထန်းတပင်ကျေးရွာရှိ အသက် ၃၀ အရွယ် ကိုဖိုးမောင်က ပြောသည်။

သမင်ခြံကျေးရွာတွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် ဒေါ်ကြည်မေကလည်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၎င်း၏အိမ် ပြိုကျပျက်စီး ခဲ့ရပြီး အိမ်ပြန်လည် တည်ဆောက်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

“ကလေးတွေနဲ့ အဘွားနဲ့ပဲ နေတာလေ။ အိမ်ကပြိုကျသွားတာ အခုထိ ပြန်မဆောက်နိုင်သေးဘူး။ ကိုယ့် ဘာသာလည်း မဆောက်နိုင်ဘူး။ ပိုက်ဆံလဲ မရှိဘူး၊ ဒီလိုပဲ ဖြစ်သလိုနေနေတာ” ဟု ၎င်းကပြောသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သမင်ခြံကျေးရွာရှိ အိမ်အလုံး ၃၀ ခန့်နှင့် ထန်းတပင်ကျေးရွာ လယ်ကွက်ထဲရှိ အိမ် ၅ လုံးခန့် ပြိုကျပျက်စီးခဲ့ပြီး ယိုင်နဲ့သွားသော အိမ်ခြေ ၄၀ နီးပါးရှိကြောင်း သိရသည်။

ယင်းလေဆင်နှာမောင်းသည် တောင်နှင့် မြောက်ပိုင်းသို့ ထိုးဝင်တိုက်ခိုက်ခဲ့မှုကြောင့် သမင်ခြံကျေးရွာအတွင်းရှိ နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး ထန်းတစ်ပင်ကျေးရွာ အ၀င်အ၀ရှိ လယ်သမားများ၏ အိမ်များသာ ပြိုကျ၍ ရွာထဲရှိနေအိမ်များ ပျက်စီး ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း ကိုဖိုးမောင်က ဆိုသည်။

“တဲထဲမှာ ရှိတဲ့ မြေသြဇာတွေရော၊ မျိုးစေ့တွေရော အကုန်လေထဲ ပါသွားတာ။ အိမ်ကတော့ လောလောဆယ်နေဖို့ အကြမ်းဆောက်ထားတယ်။ ဓနိတွေ၊ ပျဉ်တွေ အကုန်ပြန်ဝယ်ရမှာ” ဟု ထန်းတပင်ကျေးရွာရှိ လယ်ကွက်ထဲတွင် နေထိုင်သော လယ်သမားတဦးက ပြောသည်။

လွန်ခဲ့သော ၈ နှစ်တာကာလအတွင်းက သမင်ခြံကျေးရွာအနီးရှိ ညောင်ပင်သာရွာကို လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့ဖူးရာ ရွာလုံးကျွတ်နီးပါး ပါသွားကြောင်း ဒေသခံတဦးကဆိုသည်။

“မြို့နဲ့ နည်းနည်းဝေးတော့ အလှူရှင်တွေလည်း မလာကြဘူးလေ။ သွပ်တော့ပေးတယ်၊ ဒါပေမယ့် တချပ် အတွက်ကို ကျပ် ၅၀၀ ကောက်သွားတယ်” ဟု ၎င်းက ပြောသည်။

လေဆင်နှာမောင်းဒဏ် ခံခဲ့ရသော သမင်ခြံကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့မှာ လယ်ယာလုပ်ငန်းနှင့် ကျပန်း လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးသော ရွာများ ဖြစ်သည်။

ဧရာဝတီသတင်းထောက် ဟိန်းဇော် ရေးသားသည်။

ကြွက်မှ ကူးစက်သည့် အသားဝါရောဂါ ပျဉ်းမနားတွင် တွေ့ရှိ

ပျဉ်းမနား မြို့နယ် ပန်းခင်း ကောသစ် ရပ်ကွက်နှင့် လူနေရပ်ကွက် တချို့၌် ကြွက်မှတဆင့် ကူးစက် တတ်သော အသားဝါ ရောဂါတမျိုး ဖြစ်ပွားသူများ ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိ ရသည်။

အဆိုပါ အသားဝါရောဂါကြောင့် ဆေးရုံတက်ကုသခံနေရသူ ၅ ဦးထက် မနည်းရှိနေကြောင်း ပန်းခင်းကောသစ်ရပ်ကွက်တွင် နေထိုင်သူ တဦးကပြောသည်။

“ဖျားတဲ့လူတွေ တော်တော်များတယ်၊ ပလိပ်ရောဂါမဟုတ်ဘူးလို့ ပြောတယ်။ ကြွက်ကြောင့်ဖြစ်တဲ့ အသားဝါ ရောဂါလို့ပဲ အကြမ်းဖျင်း ပြောတယ်” ဟု ပျဉ်းမနားဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတဦးက ဆိုသည်။

ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါရောဂါကို ဆေးပညာအရ Leptospirosis ဟု ခေါ်ဝေါ်ကြောင်း၊ ကြွက်၊ ၀က်၊
ခွေး၊ နွား စသည်တို့၏ ကျင်ငယ်ရည်နှင့် ပွန်းရှဒဏ်ရာရှိသော လူတို့၏ အရေပြားထိမိရာမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက် တတ်ခြင်း ဖြစ်ကြောင်း၊ တုပ်ကွေးရောဂါနှင့် Leptospirosis မှာ လက္ခဏာချင်း ဆင်တူကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဆရာဝန်တဦးက ပြောသည်။

“ဒီရောဂါက ကူးစက်ခံရပြီး တပတ် နှစ်ပတ်အတွင်းမှာ စဖျားကြတာ။ စပြီး အဖျားပိုးဝင်တယ်၊ ခေါင်းကိုက်တယ်၊ ကိုယ်လက် မအီမသာ ဖြစ်တယ်၊ ကိုယ်လက်ကိုက်တယ်၊ သူက တုပ်ကွေးနဲ့ဆင်တယ်၊ ထူးခြားတာကတော့ မျက်လုံးနဲ့ အသားဝါတယ်” ဟု
သူက ဆိုသည်။

အဆိုပါရောဂါ၏ တခြားသော လက္ခဏာများအဖြစ် ချောင်းဆိုးသွေးပါခြင်း၊ မျက်လုံးအိမ်နာခြင်း၊ ခြေသလုံး ကြွက်သား
နာခြင်းများ ခံစားရပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့် ရောဂါဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

နေပြည်တော်နှင့် ပျဉ်းမနားမြို့ပေါ်ရှိ လူနေရပ်ကွက်များတွင် မိမိပတ်ဝန်းကျင်၌ ကြွက်ခိုအောင်း ပေါက်ပွားမှု မရှိစေရေး အတွက် အမှိုက်နှင့် စားကြွင်းစားကျန်များအား စနစ်တကျ စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ကြွက်များ ရုတ်တရက် သေဆုံးသည်ကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဋ္ဌာနများသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက မှာကြား ထားသည်ဟု သိရသည်။

“ဆေးရုံက ဆရာဝန်တွေကလည်း ဘာကြောင့်ဖြစ်တယ်၊ တုပ်ကွေးလား၊ အသားဝါရောဂါလား ဆိုတာကို သေချာ မပြောဘူး။ လူနာတွေက ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဖြစ်မှန်း မသိကြဘူး။ သေသွားတဲ့သူတွေ ရှိတယ်လို့တော့ ဆေးရုံဝန်ထမ်း တွေက ပြောတယ်” ဟု ပျဉ်းမနားဒေသခံတဦးက ဆိုသည်။

ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါ ရောဂါဖြစ်ပွားသူများနှင့် တုပ်ကွေးရောဂါ ဖြစ်ပွားသူများအား ပျဉ်းမနား ဆေးရုံတွင်သာ ဆေးကုသမှု ပေးလျက်ရှိပြီး လူနာများနှင့် လူနာရှင်များအား မည်သည့် ရောဂါဖြစ်နေကြောင်းကို
ရှင်းလင်း ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

ယခုနှစ် ဇွန်လအတွင်း ပျဉ်းမနားနှင့် နေပြည်တော်ရှိ ကျေးရွာများသို့ ကြွက်များ ထောင်နှင့်ချီ၍ အုပ်စုလိုက်ပြောင်းရွှေ့ခြင်း၊ တောနေကြွက် ၅ ကောင်မှ အကောင် ၂၀ အထိ သေဆုံးခြင်းများရှိခဲ့ကြောင်း၊ ထို့အပြင် ဇွန်လအတွင်းက ပဲခူးတိုင်းရှိ ဖြူးမြို့ ကျောက်တံခါးနှင့် ကျေးရွာတချို့တွင် ကြွက်များ အုပ်စုလိုက်ပြောင်းရွှေ့ခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အထိ လူသို့ ပလိပ်ရောဂါ ကူးစက်ခြင်း မတွေ့ရသေးကြောင်း သိရသည်။

ကြွက်နှင့် ကြွက်လှေးများအား ရန်ကုန် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲဌာနတွင် ဓာတ်ခွဲစမ်းသပ်ခဲ့ရာ ယနေ့အထိ
ပလိပ်ရောဂါပိုး မတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက ဇူလှိုင်လ ၁၂ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ကြွက်များသည် မိုင်နှင့်ချီကာ ရွှေ့ပြောင်းသွားလာနေခြင်းကြောင့် တကောင်နှင့်တကောင် အစာလုရာမှ ကိုက်ဖြတ်ကြခြင်း၊ ရေလျှံခြင်း၊ အဆိပ်မိခြင်းနှင့် ကြွက်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းများကြောင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ၎င်း သတင်းစာတွင် ရေးသားထားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဋ္ဌာန၏ ကြွက်ကာကွယ်နှိမ်နင်းရေး နှိုးဆော်ချက်များကိုလည်း အစိုးရပိုင် သတင်းစာများတွင် ရက်ဆက် ဖော်ပြထားကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပလိပ်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ၅ ကြိမ်ကျရောက်ခဲ့ဖူးရာ ၁၉၃၅ ခုနှစ်တွင် သာယာဝတီ၌ လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင် သထုံ၌လည်းကောင်း၊ ၁၉၄၆ ခုနှစ်တွင် ညောင်လေးပင်နှင့် ရန်ကုန်တို့၌ လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌လည်း ကောင်း ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါ Leptospirosis ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍မူ မှတ်တမ်းတင်ထားသည်ကို မတွေ့ရှိရပေ။

ဧရာဝတီသတင်းထောက် ခိုင်သွယ် ရေးသားသည်။

ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲ ကြည့်ရမည်

ဒီဇိုင်နာတို့၏ ဒီဇိုင်း အစီအစဉ်ကို မြ၀တီရုပ်မြင် သံကြားမှ သြဂုတ် ၄ ရက်နေ့တွင် စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ည ၉ နာရီခွဲ တွင် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲမှ ဒိုင်လူကြီးများ

အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ အလှအပ ၀တ်စုံများကို ဖန်တီးကြသော ဒီဇိုင်နာများ၏ စွမ်းရည်များကို ဖော်ပြနိုင်ရန် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် ၀ါသနာရှင်အဆင့် ဒီဇိုင်နာ ၆ ဦး၏ လက်ရာ များကို မော်ဒယ်လ် ၆ ဦးတို့အား ၀တ်ဆင်စေပြီး ပြိုင်ပွဲဝင်ရမည် ဖြစ်သည်။
ပြိုင်ပွဲကို ပထမ၊ ဒုတိယ၊ တတိယ အဆင့်သတ်မှတ်ပြီး ဆုများကို ထိုက်ထိုက် တန်တန်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ်ဒိုင်များအဖြစ် ဒေါ်သီတာဝင်း၊ ကိုပြည်စိုးအောင်၊ လတ်လတ်၊ သက်နှင်းအေး စသည့် နာမည်ကြီး ဒီဇိုင်နာများက တာဝန်ယူကြမည်ဖြစ်ကြောင်း၊ ရိုက်ကူးရေးကို ဒါရိုက်တာ ဖုန်းမြင့်အောင်(Majestic Myanmar Media ) ကတာဝန်ယူထားကြောင်း သိရသည်။

ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲတွင် မော်ဒယ်လ်တဦး လျှောက်ပြနေစဉ်



ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။

Wednesday, 14 July 2010

စစ်အစိုးရကို NLD ထပ်မံ တရားစွဲမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နအဖ စစ်အစိုးရ အပေါ် တရားစွဲဆိုမှုကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပါတီ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ကျနော်တို့ မနေ့ နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီလောက် တွေ့ခွင့်ရတယ် ၊ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်အတွက် တရားရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လုပ်သွားဖို့ ၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက်လည်း ဆွေးနွေးကြ တယ်"ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်မြို့မှ NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)

ယမန်နေ့ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ခြံဝင်း အတွင်း တွေ့ခွင့်ရစဉ် အဆိုပါ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက် ချခဲ့သည်။

ထို့နောက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်း အပေါ်NLDပါတီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဧပြီ ၂၉ ရက်တွင် တရားစွဲဆိုရာ ရန်ကုန်တိုင်းတရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချ ထားခဲ့သည်။

“သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၄ အရ နအဖကို ဆက်လက်တရားစွဲဖို့ လုပ်သွားမှာပါ။ ကျနော်တို့ နအဖကိုလည်း ဇွန်လ ၂၁ ရက်နေ့က နို့တစ်စာ ပေးထားပါတယ် ၊ နို့တစ်ပေးပြီး ရက်ပေါင်း ၆၀ ပြည့်ရင် သူတို့ဘက်က တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန် သည်ဖြစ်စေ တရားစွဲဆိုခွင့်ရှိပါတယ်။ ဒါ ဥပဒေအရ ၊ လိုအပ်ချက်အရ နို့တစ်ပေးတာပါ"ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

နအဖထံ ပေးပို့ခဲ့သည့် နို့တစ်စာတွင် NLD အနေဖြင့် ယခုကဲ့သို့ တရားစွဲဆိုမှုသည် အမျိုးသားရင်ကြားစေ့ရေးကို ပိတ်ဆို့လိုက်ခြင်း မဟုတ်ကြောင်း ၊ NLD သည် အမျိုးသားရင်ကြားစေ့ရေးအတွက် အမြဲအဆင့်သင့်ရှိနေကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၉ ရက် တရက်တည်းတွင်ပင် နအဖကို တရားစွဲသည့် အခြားအမှုတခုမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ၄င်းတို့ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ခွင့်ရှိကြောင်း အက်ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခြင်းဖြစ်ပြီး ယင်းအမှုကိုလည်း တရားရုံးဝန်ထမ်းများက လက်ခံရန် ငြင်းဆန်ထားသည်။

အဆိုပါအမှုနှင့်စပ်လျဉ်း၍လည်း ဦးဉာဏ်ဝင်းက"အဲဒီအမှုအတွက်လည်း ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဥပဒေ အကြောင်းအရ ပိုပြီးနည်းစနစ်ကျအောင် လုပ်နေပါတယ် ၊ ဥပဒေ အတိုင်းဆိုရင်တော့ ဒီအမှုတွေကို ကြားနာရမှာပါ"ဟု ပြော သည်။

ယမန်နေ့ က တွေ့ဆုံမှုတွင် ပါတီတရားဝင်ရပ်တည်ခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှုကိစ္စရပ်များအပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှုအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ရေကူး ၀င်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက်တွင် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

ထို့နောက် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ခဲ့ရာ ဒေါ်အောင်ဆန်း စုကြည် ၏ ရှေ့နေများက ပြစ်ဒဏ်ပြင်ဆင်ချက် တင်သွင်းခဲ့သော်လည်း ဗဟိုတရားရုံးချုပ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပယ်ချ ခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အတွက် အထူးအယူခံ အမှုကို မေ ၁၀ ရက်တွင် ဗဟိုတရားရုံးချုပ်သို့ ထပ်မံတင်သွင်းခဲ့သော်လည်း ယခုအထိ ရုံးချိန်းမရသေးကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် ရန်ကုန်တိုင်း တရားရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

ပန်းဖြူက “တရားစွဲတယ်ဆိုတာက သူနဲ့ ပန်းဖြူ လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက် ထပ် ဖို့ ပျက်ကွက်ပြီး လမ်းခွဲသွားပြီးနောက် သူက တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရားစွဲဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ

ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းအမှုကို ပယ်ချခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည် မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို တင်ထားပြီး ကြာသပတေးနေ့တွင် အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုင်းတရားရုံး က ပလပ်ခဲ့ပါက ဗဟိုတရားရုံးသို့ ဆက်လက် တက်ရောက်မည် ဖြစ်ကြောင်း ပန်းဖြူက ဆက်လက် ပြောဆိုသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအချိန်က ၂ ဦးစလုံးသည် လက်ရှိအခြေအနေကဲ့သို့ အောင်မြင်မှုကို မရရှိသေးသည့်အတွက် လက်ထပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၉ ခု နှစ် တွင် တာဝန်ယူခဲ့ဖူးသည်။ သို့သော် မြန်မာ နေရှင်နယ် လိဂ် မစမီ ၂၀၀၉ တွင်ပင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

“ဒီအမှုကို ပြီးဆုံးအောင်လုပ်မှလည်း ကျခဲ့ရတဲ့ သိက္ခာတွေက အနည်းငယ် ပြန်တက်လာမှာပါ။ ဒီလိုမျိုး ဒီအတိုင်း ရပ်လိုက်ရင် သူတို့ပြောသလို ထင်သလိုကြီးက ဟုတ်တယ်ဆိုတာကြီး ဖြစ်သွားမှာ။ အဲဒီတော့ ပြီးဆုံးအောင် ဆက်လုပ်မှာပါ”ဟုလည်း ပန်းဖြူက ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ အင်တာနက် အီးမေးလ်များမှတဆင့် ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူ၊ ဦးဇော်ဝင်းရှိန် တို့နှင့် ပတ်သက် သော သတင်းများ ပျံ့နှံ့လျက် ရှိသည်။

အီးမေးလ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ တချို့သော အချက်အလက်များ မှန်ကန်မှုရှိသော်လည်း တချို့သော အချက်အလက်များမှာ မှားယွင်းနေကြောင်း ပန်းဖြူက ဆိုသည်။

“လျော်ကြေးပေးလည်း ယူမှာ မဟုတ်ပါဘူး။ သူ့ဘက်ကလည်း အဲဒါမျိုးတွေနဲ့ ညှိတာ ဘာညာလည်း မလုပ်ပါဘူး”ဟု ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်ကို ဤကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

“တရား စစွဲတုန်းကလည်း မဖြစ်မနေမို့သာ စွဲလိုက်ရတာ။ အခုကျတော့ အဲသလိုမျိုး သတင်းတွေ အရမ်းပြန့်သွားတာ စိတ်ထဲ မှာ မကောင်းဘူးဖြစ်ရတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ်မသိတော့ဘူး”ဟုလည်း ပန်းဖြူ က ပြောသည်။

၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် ပန်းဖြူသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့ သည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

ဘက်ပြောင်း DKBA တပ်ဖွဲ့ဝင် မိသားစုများ နှိပ်စက်ခံရ

ကရင်အမျိုးသား အစည်းအရုံး (KNU) ထံသို့ ပူးပေါင်းသွားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ တပ်ဖွဲ့ဝင်များ လက်နက် ပြန်အပ်နှံရန် ဖိအားပေးသည့် အနေဖြင့် ကျန်ရစ်သော မိသားစုဝင်များကို DKBA က နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ကြောင်း သတင်းရရှိသည်။

စစ်ရေးပြပွဲတခုတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

လက်နက်များ ပြန်လည် မအပ်နှံပါက ထွက်ပြေး သွားသော တပ်ဖွဲ့ဝင် များ၏ မိသားစုများကို ပြင်းပြင်း ထန်ထန် အရေးယူ မည်ဟု DKBA က ခြိမ်းခြောက် နေကြောင်း ကရင် လူငယ် အစည်းအရုံး (KYO) မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ ဘက်ကို ထွက်ပြေး လာကြတဲ့ ဒုဗိုလ် မျိုးမျိုးနဲ့ သူ့တပ်ဖွဲ့ဝင် တွေရဲ့ မိသားစုတွေ နှိပ်စက်ခံ နေရတယ်။ ၂ နှစ် ၃ နှစ်အရွယ် ကလေး ငယ်က စပြီး ဇနီး မယားတွေ မိအို ဘအိုတွေ အားလုံးကို လက်ထိပ် ခတ်ပြီး စစ်ဆေး မေးမြန်း ရိုက်နှက် တာတွေ လုပ်နေတယ်။ လက်နက် တွေကို ပြန်မအပ်ရင် ဒီထက်ပိုပြီး ပြင်းပြင်း ထန်ထန် အရေး ယူတာကို ခံရမယ်လို့ ကြိမ်းမောင်း နေတယ်” ဟု KYO မှ ကိုစောမိုရှေးက ဧရာဝတီသို့ ပြောသည်။

ဘက်ပြောင်းလာသူ တပ်ကြပ်ကြီး အောင်သိန်းက “ကျနော်တို့ KNU ဘက်ကို ရောက်သွားတယ်လို့ သိတာနဲ့ တပြိုင် နက် ကျနော့်မိန်းမနဲ့ ကလေး ၂ ယောက်ကို အချုပ်ခန်းထဲတည့်ပြီး ခြိမ်းခြောက်တာတွေ နှိပ်စက်တာတွေ လုပ်နေ တယ်”ဟု ဆိုသည်။

တပ်ကြပ်ကြီး အောင်သိန်း၏ ကလေးများမှာ အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ် ရှိကြသည်ဟု သိရသည်။ ဖမ်းဆီးနှိပ်စက် ခံနေရသူများမှာ အနည်းဆုံး ၁၅ ဦးနှင့် အထက်ရှိမည်ဟု ၎င်းက ပြောသည်။

၎င်းတို့၏ မိသားစုဝင်များမှ ကလေးများကိုပါ လက်ထိပ်ခတ်ကာ စစ်ဆေးမေးမြန်းနေသည်ဟု DKBA နှင့် နီးစပ်သူများ ကလည်း ပြောသည်။

ဘက်ပြောင်းလာကြသော DKBA တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စခန်းတခုတွင် တာဝန် ထမ်းဆောင်နေကြသော (၉၉၉) တပ်မှ ဖြစ်သည်။

ဒုဗိုလ် မျိုးမျိုး၊ တပ်ကြပ်ကြီး အောင်သိန်း၊ တပ်ကြပ် စောဝင်းနေ၊ တပ်သား မိုးခူး၊ တပ်သား စိုးလယ်ဖိုး၊ တပ်သား အောင်စိန် နှင့် တပ်သား စိုးထိုက် တို့သည် ဇူလိုင်လ ၁၂ ရက်နေ့က KNU/ KLA တပ်မဟာ (၇) သို့ လာရောက် လက်နက်ချ ပူးပေါင်းခဲ့ကြသည်။

၎င်းတို့ နှင့်အတူ AK 47 သေနတ် ၃ လက်၊ M.16 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ 9 mm ပစ္စတို ၁ လက်နှင့် ကျည်ဆန်များ ပါလာခဲ့သည်။ M-79 လောင်ချာ တလက်မှာမူ လမ်းခရီးတွင် ရေထဲသို့ ပြုတ်ကျ ကျန်ရစ်ခဲ့ သည်ဟု သိရသည်။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက “မလုပ်သင့်ဘူးလို့ ပြောချင်တယ်။ ပြီးတော့ သူတို့တွေက ကရင်အချင်းချင်း မတိုက်တာ့ပါဘူး၊ မသတ်ဖြတ်တော့ပါဘူးဆိုပြီး ငြိမ်းချမ်းရေးစကားတွေလည်း ပြောတယ်။ သူတို့ ဆီ မှာ မနေချင်တော့လို့  ဘက်ပြောင်းလာတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို နှိပ်စက် ညှဉ်းပန်းတာကတော့ အင်မတန် ဆိုးရွားတဲ့ လုပ်ရပ်လို့ ကျနော် ပြောချင်တယ်” ဟု ဆိုသည်။

ယခင်ကလည်း DKBA မှ ဘက်ပြောင်းသွားသူများတွင် လက်နက်ခဲယမ်းများ ပါလာပါက ကျန်ရစ်သည့် မိဘ၊ မိသားစု ဝင် များထံ၌ ကျပ်ငွေ သိန်း ၂၀၊ ၃၀ စသည့်ဖြင့် DKBA က အလျော်တောင်းခြင်းမျိုး ရှိခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ခြင်း သည် နအဖ နည်းကို အတုခိုးခြင်းဖြစ်ကြောင်း၊ နအဖ စစ်တပ်မှ တပ်ပြေးများ ပြန်မိလျှင် ထောင်ချခြင်း၊ လက်နက် ပါသွားပါက လိုက်လံ သတ်ဖြတ်ခြင်းအထိ ရှိကြောင်း ဗိုလ်မှူး စောလှငွေက ဆက်လက်ပြောသည်။

DKBA တပ်ဖွဲ့ဝင်များအတွင်း နယ်ခြားစောင့်တပ်ကိစ္စ သဘောကွဲလွဲမှုများ၊ အထက်အရာရှိများက ပြေလည်နေကြ သော်လည်း လက်အောက်ငယ်သားများက ရိက္ခာပင် မလုံလောက်သဖြင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် KNU ဘက်သို့  မကြာခဏ ထွက်ပြေးနေခြင်း ဖြစ်သည်ဟု သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

New Zero ပန်းချီပြခန်း၏ တတိယအကြိမ် ပန်းချီသင်တန်းဆင်းပွဲကျင်းပ

New Zero ပန်းချီပြခန်းမှ တတိယအကြိမ်မြောက် ပန်းချီ သင်တန်းဆင်းပွဲကို ယခုလ ၅ ရက်နေ့က ကျင်းပခဲ့ပြီး အပတ်စဉ် ၄ သင်တန်းကို အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

new_zero

တတိယအကြိမ် New Zero သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏ ပန်းချီကားများကို မြင်ရစဉ်

၂၀၀၈ ခုနှစ်မှစတင်၍ အဆိုပါ ပန်းချီပြခန်းမှ ပန်းချီဆရာများ ဦးစီးကာ ၁၅ နှစ်အထက် ပန်းချီဝါသနာရှင် များအတွက် အခမဲ့ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

ယခုအပတ်စဉ် ၃ သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၉ ဦး၏ လက်ရာ ပန်းချီကား ၈၀ ကျော်ကို ဇူလိုင် ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချထားသည်။

New Zero ပန်းချီသင်တန်း အပတ်စဉ် ၁ တွင် သင်တန်းသား ၁၈ဦး၊ ၂ တွင် ၂၂ ဦး သင်တန်း ဆင်းခဲ့ပြီး သင်တန်းသား အဟောင်းများအတွက် မွမ်းမံ သင်တန်းများလည်း ဖွင့်ထားကြောင်း၊ Installation၊ Performance အပါအဝင် ပြပွဲများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးကြောင်းနှင့် သင်တန်းတွင် လိုအပ်သည့် ဆေးနှင့် ကင်းဗတ်စများ အခမဲ့ ပေးကြောင်း New Zero ၏ ပန်းချီဆရာတဦး ဖြစ်သူ ပန်းချီအေးကိုက ပြောသည်။

“ဒီမှာ အဓိကသင်တာက ရေဆေးရယ်၊ Acrylic ရယ်ပေါ့။ အပတ်စဉ် တခုမှာ သင်တန်းသား ၅၀ အထိ သတ်မှတ်ထားပါတယ်” ဟု သူက ဆိုသည်။

ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။

ရန်ကုန်တွင် ရာဇဝတ်မှုများ တိုးပွား

ရန်ကုန်မြို့တွင် တပတ်လျှင် ရာဇ၀တ်မှုပေါင်း ၄၀၀ ကျော် ဖြစ်ပွားလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။

ရာဇ၀တ်မှု များသည် အမှန် ဖြစ်ပွားသည့် နှုန်းအတိုင်း အထက်သို့ တိတိကျကျ စာရင်း မတက်ရောက်ခြင်းများလည်း ရှိနေသေးကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းများဌာနမှ အရာရှိတဦးက ပြောသည်။

“အထက်က စီမံချက်တွေချပြီး သေသေချာချာ စိစစ်ခိုင်းတာတွေ၊ အမှုဖြစ်ပွားမှုနှုန်းတွေကို မြို့နယ်အလိုက် တင်ပြခိုင်းတာတွေကို အခု ၃၊ ၄ လ အတွင်း လုပ်လာတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ကွမ်းခြံကုန်းတွင် ဓားပြတိုက်၊ လူသတ်မှုများ ဖြစ်ပွားပြီးနောက် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ရန်ကုန်မြို့တွင်း ရာဇ၀တ်မှုများကို ယခုကဲ့သို့ စိစစ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တပတ်အတွင်း ကောက်ယူထားသော စာရင်းများကို ထုတ်ပြန်ချက်အရ မှောင်ရိပ်ခိုမှုနှင့် မူးယစ်ရမ်းကားမှု ၂၀၀ ကျော်၊ ခိုးမှု၊ မသင်္ကာမှု ၄၀ ကျော်၊ လက်နက်မှု ၂၀ ကျော်၊ ယစ်မျိုးနှင့် မူးယစ်ဆေးဝါးမှု ၁၀ မှု၊ ပြည့်တန်ဆာမှု ၅၀၊ လောင်းကစားမှု ၂၀ ကျော်တို့ ပါဝင်ကြောင်းသိရသည်။

“တလအတွင်း အမှုဘယ်လောက် ဖော်ထုတ်ရမယ်ဆိုတဲ့ စီမံချက်တွေကို မြို့နယ်တွေအလိုက် တင်ခိုင်းတာရှိတယ်။ ဒီလို လုပ်တာ ဘာပြဿနာတက်လဲဆိုတော့ အမှုပြည့်အောင်ဆိုပြီး အကုန်ဆွဲထည့်ကုန်တာရှိတယ်။ ဥပမာ မသင်္ကာမှုလိုမျိုးပေါ့။ အဲဒီလို အမှုတွေက များလာတယ်” ဟု ပန်းဆိုးတန်းမြို့နယ်ရှိ ဒုရဲအုပ်တဦးကပြောသည်။

“ကွမ်းခြံကုန်း ဓားပြတိုက်၊ လူသတ်မှု ဖြစ်ပြီးတဲ့နောက်မှာ ရာဇ၀တ်မှု အသေးတွေကစပြီး ဖော်ထုတ်ဖို့၊ သူတို့ ဖြစ်စေချင်တာက မြို့နယ်အလိုက် တက်လာတဲ့ အမှုစာရင်းတွေ စုစည်းတင်ပြပြီး အခု နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ကနေ ထိထိရောက်ရောက် ကိုင်တွယ်နေတယ်ဆိုတာကို ပြချင်တာလည်းပါတယ်” ဟု အဆိုပါ ဒုရဲအုပ်က ဆက်လက်ပြောသည်။

မြို့နယ်အတွင်းရှိ လောင်းကစားနှင့် ပြည့်တန်ဆာလုပ်ငန်းများက ရဲဌာနအသီးသီးကို လိုင်းကြေးပေး၍ လုပ်ကိုင်နေသော်လည်း အထက်မှ စီမံချက်ချမှတ်သည့် အခါမျိုးတွင်မူ ဖမ်းဆီးမှုများ ပြုလုပ်ရကြောင်းလည်း ၎င်းက ရှင်းပြသည်။

“တချို့ အမှုတွေက ရဲစခန်းမှာတင် ပျောက်သွားတာရှိတယ်။ သက်ဆိုင်ရာရဲအရာရှိနဲ့ ပေါင်းပြီး တရားခံနဲ့ တရားလို ကျေအေးလိုက်တဲ့ အမှုမျိုးတွေရှိတယ်။ အဓိကကတော့ မြန်မာပြည်မှာ အထက်ကို အဆင့်ဆင့်တက်လေ အချိန်ကုန်၊ ငွေကုန်လေဆိုတော့ ဒီနည်းနဲ့ ဖြေရှင်းကြတာများတယ်။ ဒီတော့ မှုခင်းစာရင်းထဲ မသွင်းဘဲ အောက်ခြေမှာတင် ပျောက်နေတဲ့ အမှုသေးတွေ ထောင်နဲ့ ချီရှိနေတယ်” ဟု ဥပဒေအရာရှိတဦးက ပြောသည်။

ယခုကဲ့သို့ မှုခင်းများဖြစ်ပွားနှုန်း မြင့်တက်လာခြင်းကို တရားဝင် သတင်းထုတ်ပြန်ခြင်းသည် ရဲဌာနချုပ်အနေနှင့် မှုခင်းဖော်ထုတ်မှုများ တိုးတက်လုပ်ဆောင်နေကြောင်း ပြသမှု ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ် ၉ ရပ်ဖြင့် မှုခင်းလျော့နည်းစေရန် လုပ်ဆောင်နေကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဇွန်လ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

Tuesday, 13 July 2010

ထိုင်း-မြန်မာ ကုန်စည် စီးဆင်းမှု ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တဆင့် တင်ပို့နေသော ထိုင်း ကုန်ပစ္စည်းများကို မြန်မာ အာဏာပိုင်များက ဖြတ်သန်းခွင့် ပိတ်ထားကြောင်း သတင်းရ ရှိသည်။

မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (ဓာတ်ပုံ - Dæxus)

မဲဆောက် ခရိုင်ရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက် အခြမ်းက ကမ်းထိန်း တမံများ ဆောက်လုပ် နေခြင်းကို မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုကို ပိတ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ထိုင်းဘက် အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ် မှုကြောင့် ရေကြောင်း ပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စား နိုင်သည့် အတွက် မြန်မာ အာဏာပိုင်များက ကန့်ကွက်ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြထား သည်။

“မြန်မာ အရာရှိတွေက တံတားကို ခြေလျှင်ပဲ ပေးဖြတ်တယ်။ ကုန်ပစ္စည်းတွေ သယ်ပို့ခွင့် မပြုဘူး။ ဘာကြောင့်လဲတော့ မသိဘူး”ဟု ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် တာဝန်ကျနေသော အကောက်ခွန်ရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့တဲ့ ကြာသပတေးနေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဗိုလ်မှူးချုပ် ဇော်မင်း ရောက်ရှိပြီးနောက် တံတားကို စတင် ပိတ်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ် ပြဿနာတက်သည့် အချိန်တိုင်း ဤနယ်စပ်တံတားကို ပိတ်ပစ်ခြင်းသည် မြန်မာနှင့် ထိုင်း ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ကုန်သွယ်ရေး လိုငွေပြနေသောကြောင့်ဟု ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မြန်မာသတင်းထောက်တဦးက ပြောသည်။

ထိုင်း-မြန်မာနယ် နယ်စပ်ဂိတ်များ အနက် မဲဆောက်မြို့သည် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး ထိုင်းနှင့် မြန်မာ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့ကြသည်။

မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်းအထိ တင်ပို့ကြသည်။

သို့သော် မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်း တန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်း တန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

အာဏာပိုင်က ဖိအားပေးဟု တရားစွဲခံရသူ မြန်မာ-အမေရိကန် ထွက်ဆို

လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတို့ဖြင့် အမေရိကန် နိုင်ငံတွင် အမှုရင်ဆိုင် နေရသည့် မြန်မာ နိုင်ငံသား ဖြစ်သူ အီဆာမက်က ၎င်းကို အာဏာပိုင်များက အတင်းအကျပ် ခိုင်းသဖြင့် အမှုကျူးလွန်သည်ဟု ထွက်ဆိုခဲ့ရကြောင်း ပြောဆိုလိုက်သည်။

ဆာနားမူး (ဓာတ်ပုံ - mylifeofcrime.wordpress.com)

အမေရိကန်နိုင်ငံသို့ ၂၀၀၇ ခုနှစ် သြဂုတ်လ၌ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အစီအစဉ်ဖြင့် ရောက်ရှိ နေသော အသက် ၇ နှစ်ရှိ ကရင် တိုင်းရင်းသူ ဆာနားမူးကို ပြန်ပေးဆွဲ၊ သတ်ဖြတ်မှုဖြင့် အီဆာမက်အား တရားစွဲဆို ထားခြင်း ဖြစ်သည်။

“ကျနော့်ကို အာဏာပိုင်တွေက ဒီလိုပြောခိုင်း လို့သာ ပြောလိုက် ရတာပါ၊ တကယ်တမ်း ကျနော် မသတ်ရပါဘူး”ဟု အီဆာမက်က ပြီးခဲ့သည့် သောကြာနေ့ တရားခွင် အတွင်းတွင် လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

ယခုလ ၉ ရက်နေ့တွင် တရားခံဖြစ်သူအား အမေရိကန်နိုင်ငံ ဆော့လိတ်ခ်ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားသူကြီးအဖြစ် မစ္စ ဂျူးဒစ် အက်သတွန် က ဆောင်ရွက်ခဲ့သည်။

တရားစွဲဆိုသည့် ရှေ့နေဖြစ်သူ မစ္စတာ ပဲရစ်ရှ် က“အမေရိကန် နိုင်ငံဟာ ရာဇဝတ်သားတွေကို ပြင်းပြင်းထန်ထန် ဆက်ဆံ တတ်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံလို မဟုတ်ဘူး ဆိုတာကိုတော့ အီဆာမက်နဲ့ သူ့ရဲ့မိသားစုတွေသိဖို့လိုပါလိမ့် မယ်”ဟု ပြောဆိုလိုက်ကြောင်း the Salt Lake Tribune သတင်းစာတွင် ဖော်ပြထားသည်။

သူကပင် ဆက်လက်၍“အီဆာမက် ဟာ သူ့ရဲ့ မိသားစုတွေနဲ့ အဆက်သွယ်ရဖို့ လိုအပ် ပါတယ်၊ ဒါမှ သူ့ရဲ့ အမူအကျင့် တွေ၊ နောက်ခံသမိုင်းကြောင်းတွေ ဘယ်လိုရှိသလဲဆိုတာကို နားလည်လို့ ရမှာပါ”ဟု ဆိုသည်။

အီဆာမက်ကို တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ - abc4)

တရားခံ ရှေ့နေဖြစ်သူ မိုက်ကယ်လ် ပီတာဆင်ကမူ ၎င်းတို့သည် အမှုကို အယူခံခွင့်မှ တဆင့် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုထား သည်ဟုလည်း the Salt Lake Tribune သတင်းစာက ရေးသား ထားသည်။

“အီဆာမက်ရဲ့ အယူခံခွင့်ကို တရားရုံးက လက်ခံ၊ မခံဆိုတာ ကတော့ သူနဲ့ သူ့ရဲ့ မိသားစုတွေနဲ့ ပြည်လည် ဆက်သွယ် မိတဲ့ အပေါ်မှာ မူတည်နေ ပါတယ်၊ အခုချိန် အထိတော့ တရားခံဘက်က ရှေ့နေ အဖွဲ့ဟာ အရီဇိုးနား ပြည်နယ်မှာ နေတဲ့ အီဆာမက်ရဲ့ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်နေပါတယ်”ဟု ရှေ့နေဖြစ်သူ မိုက်ကယ်လ် ပီတာဆင်က ပြီးခဲ့သည့် သောကြာ နေ့တွင် ပြောကြား ထားသည်။

ပြီးခဲ့သည့် သောကြာနေ့ တရားခွင်တွင် အယူခံမှု အကြောင်းကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။ ယခုနှစ် အောက်တို ဘာလ ၁ ရက်နေ့၌ အယူခံခွင့်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း The Salt Lake Tribune သတင်းစာတွင် ပါရှိသည်။

တရားခံဖြစ်သူ အီဆာမက် နှင့် ဆာနားမူးတို့သည် ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုတည်းတွင် နေထိုင်ခဲ့ဖူးသည်။

ဆာနားမူးသည် ၂၀၀၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် ၎င်းနေထိုင်ရာ တိုက်ခန်းအပြင်၌ ကစားနေရာမှ ပျောက် ဆုံးသွား၍ မိဘများက အာဏာပိုင်များထံ ဆက်သွယ်တိုင်ကြားခဲ့သည်။ နောက်တနေ့တွင် လူပေါင်း ၁၁၀၀ ခန့်၊ ဥပဒေ ဝန်ထမ်း ၇၅ ဦး ပြည်နယ်စုံစမ်းစစ်ဆေးရေး အရာရှိများက ဆာနားမူးကို ဝိုင်းဝန်း ရှာဖွေခဲ့ကြသည်။

ထိုနေ့ညမှာပင် ဆာနားမူး၏ အလောင်းကို နေထိုင်ရာ တိုက်ခန်းနှင့် ကိုက် ၅၀ ခန့်သာဝေးသည့် အီဆာမက်၏ ရေချိုး ခန်းအတွင်းတွင် တွေ့ရှိခဲ့သည်။ သေဆုံးချိန်၌ ၏ ဦးခေါင်း၊ လည်ပင်းနှင့် ကိုယ်ခန္ဓာအထက်ပိုင်းတို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ပြီး အသက်ရှူကြပ်၍ သေဆုံးခဲ့ရသည်ဟု အမေရိကန် ထောက်လှမ်းရေး (FBI) အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြ ထားကြောင်း သိရှိရသည်။ ဆာနားမူး၏ လက်အတွင်းတွင်လည်း သူမကိုရန်ပြုသူ၏ ဆံပင်တချို့ပါ တွေ့ရှိရကြောင်း ဆေးမှတ်တမ်းများက ဖော်ပြသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ရန်ကုန် တယက အဆောက်အအုံရှိ ရုံးအဖွဲ့ ပြောင်းရွှေ့ရမည်

ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးစိုက်ရာ အဆောက် အအုံရှိ တယက၊ တိုင်းရဲတပ်ဖွဲ့၊ တိုင်းတရားရုံး စသည့် အစိုးရ အဖွဲ့များအား ယခုလ အတွင်း ရန်ကုန် ပြည်လမ်းရှိ ပြည်သူ့ လွှတ်တော် အဆောက် အအုံသို့ ပြောင်းရွှေ့၍ ရုံးစိုက် ရတော့မည် ဖြစ်ကြောင်း တယက ရုံး ၀န်ထမ်းတဦးက ပြောသည်။

ထိုသို့ပြောင်းရွှေ့ရခြင်းမှာ သက်ဆိုင်ရာ အထက်အရာရှိများ၏ လမ်းညွှန်ချက်အရဖြစ်ပြီး ပြောင်းရွှေ့ရမည့် အကြောင်းရင်းကို တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်း၊ ပြောင်းရမည့် ရက်ကိုလည်း မသိရသေးကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

အဆိုပါ တယက အဆောက်အအုံသည် ရန်ကုန်ရှိ ရှေးဟောင်းအဆောက်အအုံ ၁၀၀ ကျော်တွင် အပါအ၀င် ဖြစ်ပြီး အဖွဲ့အစည်းများအား ပြောင်းရွှေ့ပြီးပါက လက်ရှိ အဆောက်အအုံကို ရောင်းချရန် အစီအစဉ်ရှိကြောင်း ကြားသိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှစ၍ အစိုးရပိုင် အဆောက်အအုံများ တိုက်တာအဆောက်အအုံ အများအပြားကို ပုဂ္ဂလိကသို့ လေလံ စနစ်ဖြင့် ရောင်းချလျက်ရှိရာ ပြည်သူ့လွှတ်တော်နှင့် မျက်နှာချင်းဆိုင်ရှိ ပြည်သူ့ရင်ပြင် အပန်းဖြေဥယျာဉ်ကို ဖော်ဖော်ဝါရီလက Natural World ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကိုလည်း ပုဂ္ဂလိကသို့ ရောင်းချပြီး ဖြစ်သည်။

လက်ရှိ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့သစ်သို့ အစိုးရအဖွဲ့ အများစု ပြောင်းရွှေ့ခဲ့ပြီးဖြစ်ရာ ရန်ကုန်ရှိ ရုံးဟောင်း အဆောက် အအုံများကို ဆက်လက် ရောင်းချသွားမည်ဟု သိရသည်။

ရောင်းချရန်ရှိသည့် အဆောက်အအုံ အားလုံးသည် နှစ် ၈၀ နှင့်အထက်ရှိပြီး ရှေးဟောင်း အဆောက် အအုံအဖြစ် သတ်မှတ်
ခံထားရသည့် အဆောက်အအုံများ ဖြစ်သည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာ ရေးသားသည်။

ထက်ထက်မိုးဦး တရားရင်ဆိုင်ပြီ

သတင်းထောက် အေးသူစံကို နာကျင်စေမှု၊ ခြိမ်းခြောက်မှု တို့ဖြင့် တရားစွဲခံ ထားရသော ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးသည် ယနေ့ ရန်ကင်း တရားရုံးသို့ လာရောက် တရားရင်ဆိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်း ရုံးချိန်း ပေးထားတာကို ထက်ထက်မိုးဦး မလာဘဲ သူ့ရှေ့နေ ဦးစိန်မြင့်ပဲ ရောက်လာပြီး နေ့လယ် ၂ နာရီမှာ ထက်ထက်မိုးဦး အရောက် လာပါစေမယ့် အကြောင်း တရားရုံးကို တင်တယ်။ နေ့လယ် ပိုင်းတော့ ရန်ကင်း တရားရုံးကို ထက်ထက်မိုးဦး ရောက်လာ ပါတယ်"ဟု အဆိုပါ တရားခွင်သို့ သွားရောက် ခဲ့သည့် ပြည်တွင်း စာနယ်ဇင်း သမား တဦးက ပြောသည်။

ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို ရန်ကင်း တရားရုံးက အမှုစွဲတင်ခဲ့ အပြီး တတိယမြောက် ရုံးချိန်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ရှေ့နေပါဝါတင်သွားကာ အာမခံရယူသွားခဲ့ကြောင်း သိရသည်။

တခြားသော ပြည်တွင်းသတင်းထောက်တဦးက“ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ တရားရုံးက အာမခံပေးလိုက်တယ်။ အာမခံငွေ ကျပ် ၁၀ သိန်း နဲ့ အာမခံပေးလိုက်တယ်လို့ သိရတယ်"ဟု ပြောသည်။

ယနေ့တရားရင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။

အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

အဆိုပါအမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလိုသဖြင့် ထက်ထက်မိုးဦးကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသောကြောင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

လာမည့် ဇူလိုင် ၂၇ ရက်တွင် တရားလိုထွက်ဆိုချက်များကို ရန်ကင်းတရားရုံးက စတင်ကြားနာတော့မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

မြန်မာသူပုန် ၃၄ ဦး တရားစီရင်မှု ပြီးသော်လည်း မလွတ်မြောက်

အိန္ဒိယ အစိုးရက ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းပြီး တရားစွဲဆို ထားသော မြန်မာ သူပုန်များကို ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ကျခံစေရန် ကာလကတ္တား တရားရုံးမှ ယမန်နေ့က အပြီးသတ် ဆုံးဖြတ်ခဲ့ သော်လည်း ကွင်းလုံးကျွတ် လွတ်မြောက်ရန် မရေရာသေးကြောင်း သတင်းရရှိသည်။

အဖမ်းဆီးခံထားရသည့် ရခိုင်နှင့် ကရင် တော်လှန်ရေးသမားများ (ဓာတ်ပုံ - နိရဉ္ဖရာ)

ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ထိန်းသိမ်း ထားသော ရခိုင်နှင့် ကရင် တိုင်းရင်းသား ၃၄ ဦးတို့ကို လက်နက် ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများ ကိုင်ဆောင်မှု အက်ဥပဒေ၊ တရားမ၀င် နိုင်ငံခြားသား အက်ဥပဒေ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်နှင့် ၃ လ အပြင် ငွေဒဏ် ရူပီး ၆၀၀၀ စီ အသီးသီး ချမှတ်ခဲ့သည်။

“တရားရုံးက ဒီအမှု ပြီးသွားပြီ ဆိုပြီးပဲ ပြောလိုက်တယ်။ သူတို့ဟာ ထောင်ထဲမှာ ၁၀ နှစ်ကျော် နေခဲ့ပြီးပြီ။ ထောင်ထဲ ဆက်နေဖို့ မလိုအပ် တော့ဘူး။ ဒါကို တရားရုံးက တခုခု လုပ်ပေးရမှာ ဖြစ်ပေမယ့် သူတို့ကို အကြောင်း ပြချက်မရှိဘဲ ထောင်ထဲမှာပဲ နေစေချင် နေတယ်။ ကျနော် တို့လည်း ဘာမှ လုပ်ပေးလို့ မရဘူး ဖြစ်နေတယ်” ဟု ရှေ့နေ တဦးဖြစ်သူ Akshay Sharma ကပြောသည်။

အကျဉ်းထောင်တွင် နှစ်ရှည်လများ နေခဲ့ရပြီးဖြစ်သောကြောင့် အဆိုပါ ချုပ်ရက်များကို ခံစားခွင့်ပေးသည့်အနေဖြင့် ထောင် ဒဏ်များ လျှော့ပေါ့ပေးခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ကွင်းလုံးကျွတ် လွှတ်ပေးလိုခြင်းမရှိ ဖြစ်နေသည်ဟု မြန်မာသူပုန်များ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသူ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာ တင့်ဆွေကလည်း ဆိုသည်။

“အလုပ်နဲ့ ထောင်ဒဏ်ကတော့ သူတို့ ချုပ်ရက်တွေ လျှော့ပေးလိုက်လို့ ကျခံဖို့ မလိုတော့ဘူး။ ဒဏ်ငွေကတော့ ဆောင်ရမယ်။ မဆောင်ရင် ထောင်ဒဏ် ၈ လ လို့ ထပ်ပြောတယ်။ ဒဏ်ငွေ ဆောင်မယ်ဆိုရင်တောင် သူတို့ကို မလွှတ်ပေးချင်ဘူး ဖြစ်နေတယ်။ တရားမ၀င် နိုင်ငံခြားသား ပုဒ်မ တပ်ပြီး ထောင်ထဲကို ပြန်ထည့်ဖို့လုပ်နေကြတာ” ဟု ဒေါက်တာ တင့်ဆွေက ပြောပြသည်။

ဒဏ်ငွေဆောင်လိုက်ပါက လွတ်မြောက်ရမည် ဖြစ်သော်လည်း ထိုသူတို့သည် အိန္ဒိယမြေပေါ်တွင် တရားဝင် နေထိုင်ခွင့်မရှိသည့်အတွက် တရားမ၀င် နိုင်ငံခြားသား အမှုဖြင့် အိန္ဒိယ အစိုးရက ထပ်မံ အရေးယူနိုင်ကြောင်း သိရသည်။

ဒေါက်တာ တင့်ဆွေက ဆက်လက်၍ “သူတို့ကို UNHCR က ဒုက္ခသည်အဖြစ် အသိမှတ်ပြုဖို့ စဉ်းစားဆဲအဆင့် လက်မှတ်ကို တင်ပြထားပေမယ့် ဒါက တရားဝင်နေထိုင်ခွင့် မဟုတ်ဘူးဆိုပြီး ပယ်ချထားတယ်။ အဲဒီတော့ သူတို့တွေ လုံးဝ လွတ်သွားဖို့ အတွက်က ကျနော်တို့ ဆက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို တက်ပြီး ကြိုးစားကြရဦးမယ်” ဟု ပြောသည်။

အမှုအပေါ် ညှာတာ ထောက်ထားပြီး ထောင်ဒဏ်များ ချမှတ်ရာတွင် သတ်မှတ်ထားသည့် နှစ်များထက် လျှော့ပေါ့ ချမှတ်ပေးခဲ့သော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်မှာ ရှင်းလင်းမှု မရှိကြောင်း ရှေ့နေများက ဆိုသည်။

အမှုပြီးဆုံးသွားပြီဟု ဆိုသော်လည်း မြန်မာသူပုန်များ၏ လွတ်မြောက်ရေးမှာ မရေမရာဖြစ်နေပြီး ကာလကြာရှည် ထိန်းသိမ်းခံထားရသူများအပေါ် ချမှတ်သည့် ဒဏ်ငွေပမာဏမှာလည်း များပြားနေသဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်များသည် တရားမျှတမှု မရှိကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ကြသည်။

လတ်တလောတွင် ၃၄ ဦးအနက် ကိုစိုးနိုင်ဆိုသူသည် အစာအိမ်ရောဂါ ခံစားနေရသည်မှ လွဲ၍ ကျန်သူများမှာ ကျန်းမာရေး ကောင်းမွန်နေကြပြီး ကာလကတ္တားရှိ ပရက်စီဒင်စီ အကျဉ်းထောင်တွင်ပင် နေကြရမည်ဖြစ်သည်ဟု သိရသည်။

“သူတို့ကတော့ ထောင်ပဲ အကျခံလိုက်မယ် ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သူတို့ လုံးဝ လွတ်မြောက်ဖို့ လုပ်ရမယ်။ သူတို ခံခဲ့ရတာတွေက များလွန်းနေပြီ” ဟု ဒေါက်တာ တင့်ဆွေက ပြောသည်။

အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ ရခိုင်နှင့် ကရင်တိုင်းရင်းသားများ ပါဝင်သည့် လူစုကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယရေတပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပို့ဘလဲယားမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း သူတို့အဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ သေဒဏ်ပေးကွပ်မျက်ခံရပြီး ကျန်သူများကိုမူ ကလကတ္တားအကျဉ်းထောင်သို့ ပို့ဆောင်၍ အိန္ဒိယဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရားစွဲဆိုခဲ့သည်။

မြန်မာ သူပုန်များဟု အစွပ်စွဲ ခံခဲ့ရသူများသည် အိန္ဒိယထောက်လှမ်းရေးအဖွဲ့မှ ဒုဗိုလ်မှူးကြီး ဗီ အက်စ် ဂရာဝယ်လ် (Lt. Col. V.S. Grewal) နှင့် လျှို့ဝှက်သဘောတူညီထားသည့် “ပင်လယ်မျှော့ စစ်ဆင်ရေး”အတွက် လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် မြန်မာစစ်အစိုးရတို့ ပူးပေါင်းအကွက်ချ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အိန္ဒိယ အစိုးရမှ စွပ်စွဲသည့်အတိုင်း အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို လက်နက်များ ထောက်ပံ့မည့် လက်နက်ကိုင် သူပုန်များ မဟုတ်ကြောင်း အဖမ်းခံရသူများက အစဉ်တစိုက် ထွက်ဆိုခဲ့ကြသည်။

အမှု စစ်ဆေးစဉ် ကာလတလျှောက်လုံး တရားလိုဘက်မှ အထောက်အထားများ၊ သက်သေများ တင်ပြရန် ပျက်ကွက်မှုများစွာရှိခဲ့ပြီး တင်ပြခဲ့သည့် အထောက်အထားများမှာလည်း ခိုင်လုံမှု တစုံတရာမရှိကြောင်း မြန်မာသူပုန်များ၏ ရှေ့နေများက ဝေဖန်ပြစ်တင်ခဲ့သည်။

အဆိုပါ ၃၄ ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှေ့နေများက လျှောက်လဲခဲ့ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရေးအတွက် စဉ်းစားနေဆဲအဆင့် လက်မှတ်များကို တင်ပြခဲ့ကြသည်။

မြန်မာသူပုန်များကို နိုင်ငံရေး ခိုလှုံခွင့်ပေးရန် ချက်သမ္မတနိုင်ငံက ပြောဆိုမှုများ ရှိခဲ့ပြီး မြန်မာသူပုန်များအရေး လှုပ်ရှားနေသော Solidarity Committee ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခြင်းများ ရှိခဲ့သည်။

ဖမ်းဆီးထားသူများ လွတ်မြောက်ရေးအတွက် အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားသူများက ကြိုးပမ်းခဲ့ကြပြီး ဒေါက်တာ တင့်ဆွေ၊ Euro Burma ရုံးမှ ဒါရိုက်တာ ဦးဟန်ညောင်ဝေနှင့် အိန္ဒိယနိုင်ငံ အနောက် ဘင်ဂေါပြည်နယ်ရှိ အားကစားရေးရာ ၀န်ကြီးဌာနမှ အရာရှိတဦးတို့ကလည်း တရားရုံးတွင် အဖမ်းခံရသူ ၃၄ ဦးသည် မြန်မာပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် တော်လှန်ရေး သမားများသာ ဖြစ်သည်ဆိုသည့် အထောက်အထားများကို ယမန်နှစ် နိုဝင်ဘာလအတွင်းက တင်ပြ ထွက်ဆိုခဲ့ကြသေးသည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးခဲ့သော်လည်း အရှေ့မျှော် မူဝါဒကို စတင်ကျင့်သုံးခဲ့သည့် ၁၉၉၀ နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့ပြီး စစ်သုံးပစ္စည်းများ၊ နည်းပညာ အကူအညီများပေးခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းများ ပြုခဲ့သည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။