Pages

Subscribe
Showing posts with label မဇ္ဈိမသတင်း. Show all posts
Showing posts with label မဇ္ဈိမသတင်း. Show all posts

Friday, 16 July 2010

ကြံ့ဖွံ့အသင်း ဖျက်သိမ်းပြီ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယကအဖြစ် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှာပင် ပူးပေါင်းသွားမည်ဟု သိရသည်။

၁၇ နှစ်ကြာ လူမှုရေးအသင်း အမည်ဖြင့် ဖွဲ့စည်းထားသော ကြံ့ဖွံ့အသင်းကို တရားဝင် ဖျက်သိမ်းပြီး မကြာသေးခင်က စစ်တပ်မှ အရပ်ဝတ်တဖြစ်လဲ ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီသို့ ကူးပြောင်းပေါင်းစည်းမည်ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူတဦး အပြောအရ သိရခြင်း ဖြစ်သည်။

“ကျနော်တို့က ပြည်ခိုင်ဖြိုးပါတီ တခုတည်းအနေနဲ့ပဲ သွားမှာပါ။ အသင်းအနေနဲ့တော့ ရှိတော့မှာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ အသင်းဆိုင်းဘုတ်တွေလည်း ဖြုတ်နေပြီလေ။ ပါတီမှာ လိုက်ချင်တဲ့ လူတွေလည်း ပါတီထဲ ဝင်ကြပေါ့။ မဝင်ချင်တဲ့ လူတွေလည်း မဝင်ကြဘူးပေါ့ဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များကို ယခုလ အစောပိုင်းကျမှ ဖြုတ်ချခွင့် ပြုခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းကတည်းကပင် ရန်ကုန်တိုင်း အပါအဝင် အခြား မြို့နယ်အချို့တွင် ဖြုတ်ချခဲ့ပြီးဖြစ်ကာ ပါတီဆိုင်းဘုတ်များပင် တင်ခဲ့ကြသည်။

ကြံ့ဖွံ့အသင်းပိုင် ပစ္စည်းများကိုလည်း ယခုလ အစောပိုင်းကပင် ကြံ့ဖွံ့ပါတီသို့ လွှဲပြောင်းမှုများ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု ကြံ့ဖွံ့အသင်း၏ ပြောခွင့်ရပုဂ္ဂိုလ် သူရဦးမြင့်ဦးက “ ဒီလ ၆ ရက်နေ့က ကျနော်တို့ ဖျက်သိမ်းခွင့် ကျပြီဖြစ်ပါတယ်။ အသင်းဆိုတာ မရှိတော့ပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ ဆက်လက်ရပ်တည်မှာ ဖြစ်ပါတယ်။ ဖျက်သိမ်းမှု ပြင်ဆင်နေဆဲကာလ ဖြစ်ပါတယ်။ အားလုံးလည်း ကျနော်တို့ သူ့အပိုင်းနဲ့သူ ဖျက်သိမ်းနေပြီ ဖြစ်ပါတယ်။ အသင်းပိုင်ပစ္စည်း အားလုံးကို ကျနော်တို့ ပါတီကို လွှဲပြောင်းပေးဖို့ အသင်းအဆင့်ဆင့်က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း ယနေ့နံနက် ဘီဘီစီ (မြန်မာပိုင်းဌာန) က ထုတ်လွှင့်ခဲ့သည်။

ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် လူမှုရေးအသင်း အမည်ခံကာ စတင်ထူထောင်ခဲ့ပြီး အစိုးရဝန်ထမ်းနှင့် ကျောင်းသားများကို အသင်းဝင်အဖြစ် ပစ်မှတ်ထားစည်းရုံးခဲ့ကာ စုစုပေါင်း အသင်းဝင် ၂၄ သန်းကျော်ရှိပြီဟု စစ်အစိုးရက ထုတ်ဖော်ကြေညာခဲ့သည်။

ကြံ့ဖွံ့အသင်းကို ရုတ်တရက် ဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက “အရင်တုန်းက အစိုးရကိုယ်တိုင်ကပဲ အမျိုးသားရေး ရည်မှန်းချက်အတွက် နိုင်ငံတခုလုံးမှာ လိုအပ်တယ်ဆိုပြီးတော့ ဖွဲ့ထားခဲ့တာ။ ဖွဲ့တုန်းက အစိုးရကိုယ်တိုင်က ကျပ်သန်းပေါင်း ၂ဝဝဝ ကျော်နဲ့ မတည်ထားသလို ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေရဲ့ လုပ်အားတွေ၊ သူတို့ထည့်ဝင်တဲ့ ကိစ္စတွေ ပေါင်းစုံ အများကြီး လုပ်ထားတယ်။ ညီလာခံတွေလည်း အကြိမ်ကြိမ် လုပ်ထားတယ်ဗျာ။ အဲဒီအနေအထားမှာ အခုလို ဗြုန်းဒိုင်းဆိုသလို ဖျက်လိုက်တဲ့အခါ ဒါလူတဦးတယောက်ရဲ့ဆန္ဒနဲ့ ဖျက်လိုက်တာဆိုတာ ရှင်းနေတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ ကြံ့ဖွံ့ပါတီဝင် အင်အားကိုမူ စည်းရုံးဆဲကာလနှင့် အသက်မပြည့်သည့် အဖွဲ့ဝင်များကို စိစစ်သည့် ကာလဖြစ်သဖြင့် ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးကြောင်းနှင့် မြို့နယ်တိုင်းရှိ အသင်းဝင်များထံသို့လည်း ပါတီဝင်ကဒ်ပြားများ ပို့ဆောင်ထားကြောင်း သိရသည်။

“ပါတီထဲကို ဝင်ချင်တဲ့လူတွေ အားလုံး ဝင်ခွင့်ပေးထားပြီးသားပဲ။ သူတို့ဘာသာသူတို့ ပါတီကို ကန့်လန့်လုပ်နေပြီး ကိုယ့်သမိုင်း ကိုယ်ရေးချင်တဲ့လူတွေ ရေးပေါ့။ မဝင်မနေရလို့ ပြဋ္ဌာန်းထားတာမှ မဟုတ်တာ။ သူတို့သဘောပဲ။ သူတို့ ဒီလို လုပ်လို့လည်း ရွေးကောက်ပွဲအတွက် ဘယ်လိုသက်ရောက်မှုမျိုးမှ ရှိမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကြံ့ဖွံ့အသင်းဝင်တဦးကမူ ’’ကျနော်တို့ကတော့ ပါတီထဲ မဝင်ရသေးဘူး။ ကျနော်တို့မှာလည်း အထက်လူကြီးတွေ ရှိသေးတယ်။ သူတို့ ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်လိုလာမလဲဆိုတာ မသိသေးဘူး။ အသင်းမှာတုန်းက လုပ်ပိုင်ခွင့် အနေအထားတွေကလည်း ပါတီမှာ ဘယ်လိုရှိမယ်ဆိုတာ မသိရသေးဘူး။ ညှိနေတုန်းပဲ” ဟု မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့အသင်းတွင် ဝန်ထမ်းနှင့် ကျောင်းသား အများဆုံး ပါဝင်နေသဖြင့် ဖျက်သိမ်းခြင်းဖြင့် ၎င်းတို့ကို ထုတ်ပယ်လိုက်သည့် အနေအထားမျိုး ဖြစ်သောကြောင့် ရွေးကောက်ပွဲကာလတွင် ယခင်က ကြံ့ဖွံ့ပါတီကို လိုလားသည့် မဲများသည် ဆန့်ကျင်ဘက်သို့ ရောက်သွားနိုင်ကြောင်း ဦးအောင်သူငြိမ်းက ပြောသည်။

“အခုအချိန်ထိ USDP ကို ပြန်ကြည့်မယ်ဆိုရင် ဘယ်သူတွေ ဦးဆောင်မယ်ဆိုတာ ဖွဲ့စည်းပုံလည်း တိတိကျကျ ထွက်တာလည်း မဟုတ်သေးဘူးလေ။ USDP မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံတွေက ခေါင်းဆောင်တွေ ပါခွင့်ရှိမှာလား။ အမျိုးသမီးတွေကရော ခေါင်းဆောင်ပိုင်းတွေမှာ ပါမလားပေါ့။ အခု ကျနော်တို့ ရတဲ့ သတင်းတွေအရတော့ စစ်တပ်က ဗိုလ်ချုပ်ဟောင်းတွေပဲ USDP မှာ ဦးဆောင်မယ့် အနေအထားတွေ ဖြစ်နေတယ်” သူက ပြောသည်။

စစ်ဗိုလ်ချုပ်များ၏ ကွပ်ကဲမှုအောက်တွင် လှုပ်ရှားနေသည့် လူမှုရေးအသင်းအမည်ခံ ကြံ့ဖွံ့အသင်းသည် ၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ဒီပဲယင်းအရပ်၌ အသေအပျောက်များသည့် လုပ်ကြံမှုကြီးတွင် အဓိက ပါဝင်ခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

မြန်မာငါးဖမ်းလုပ်သား ၇ ဦးကို အိန္ဒိယ တရားရုံးက တရားစွဲ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ Orrisa ပြည်နယ် Kujang မြို့ရှိ ပထမတန်း ရာဇဝတ် တရားသူကြီးရုံးက မြန်မာငါးဖမ်းလုပ်သား ၇ ဦးကို နိုင်ငံခြားသားမှုဖြင့် ယခုလ ၁၂ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။

Orrisa ပြည်နယ် Paradip ဆိပ်ကမ်းမှ ၅ မိုင်ခန့်အကွာရှိ အိန္ဒိယပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် မြန်မာ ၇ ဦးသည် ယခုလ ၃ ရက်နေ့တွင် ယင်းပြည်နယ် Sandhakuda ဒေသ Paradip ဆိပ်ကမ်းပေါ်တွင် သွားလာနေစဉ် ကမ်းခြေစောင့်ရဲက ဖမ်းဆီးကာ တရားစွဲဆိုခြင်း ဖြစ်သည်။ Orrisa သည် အိန္ဒိယမြို့တော် ဒေလီ၏ အရှေ့တောင်ဘက် ၁၆၁၃ ကီလိုမီတာခန့်တွင် တည်ရှိသည်။

’’တရားဝင် စာရွက်စာတမ်းမပါဘဲ ရောက်လာလို့ ဖမ်းတာပါ။ နိုင်ငံခြားသားမှုနဲ့ တရားစွဲလိုက်တယ်’’ ဟု ရေကြောင်းဆိုင်ရာ Paradip ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ မစ္စတာ Tezraj Patel က မဇ္ဈိမကို ပြောသည်။

မြန်မာငါးဖမ်းလုပ်သား ၇ ဦးသည် အခြားသော မြန်မာနိုင်ငံသား ၈ ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦးနှင့် အိန္ဒိယနိုင်ငံသား ၉ ဦးနှင့်အတူ အိန္ဒိယပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် Madala – IV အမည်ရ စက်လှေ၌ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခဲ့သူများ ဖြစ်သည်။

စက်လှေ ကပ္ပတိန်က စားနပ်ရိက္ခာ ပုံမှန်မပေးဘဲ နှိပ်စက်သဖြင့် စကားများပြီးနောက် အိန္ဒိယငါးဖမ်းလုပ်သား ၉ ဦးနှင့်အတူ ဆိပ်ကမ်းပေါ်သို့ အခြားစက်လှေ အကူအညီဖြင့် လာရောက်ခဲ့ရာ ယခုလ ၃ ရက်နေ့တွင် ကမ်းခြေစောင့်ရဲက ဖမ်းဆီး၍ ရေကြောင်းဆိုင်ရာ ရဲလက်သို့ လွှဲပြောင်းခံရသည်။ အိန္ဒိယနိုင်ငံသားများမှာ သက်သေအထောက်အထား စာရွက်စာတမ်း ပါရှိလာသဖြင့် ရဲက ပြန်လွှတ်ပေးခဲ့သည်။

ငါးဖမ်းစက်လှေကို Orrisa ပြည်နယ် Visakhapatnam မြို့ရှိ မစ္စတာ Sunil Kumar ဆိုသူက ပိုင်ဆိုင်သဖြင့် ၎င်းနှင့် စက်လှေကပ္ပတိန်ဖြစ်သူကို ရဲက အမှုအခင်းနှင့်ပတ်သက်၍ စစ်ဆေးရန် ခေါ်ယူသည့်အခါ လာရောက်ခြင်း မရှိသဖြင့် မြန်မာများအတွက် တာဝန်ဖြေရှင်းပေးမည့်သူ မရှိကြောင်း သိရသည်။

မြန်မာများကို ရေကြောင်းဆိုင်ရာ Patadip ရဲစခန်းတွင် ၈ ရက်ကြာ ထိန်းသိမ်းပြီးနောက် တရားစွဲမှု စတင်လိုက်ကာ၊ ၎င်းတို့ကို Kujang အကျဉ်းထောင်တွင် လက်ရှိ ထိန်းသိမ်းထားကြောင်း မစ္စတာ Tezraj Patel က ရှင်းပြသည်။

နိုင်ငံခြားသားမှုဖြင့် ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ လနှင့် ၁၅ ရက်မှ အများဆုံး ၅ နှစ်အထိ ကျခံရနိုင်သည်။

ယခုအမှုအခင်းနှင့်ပတ်သက်၍ ဒေလီရှိ မြန်မာသံရုံးသို့ အကြောင်းကြားပေးရန် တရားရုံးနှင့် ရဲက အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ယခုလ ၁၂ ရက်နေ့တွင် စာပို့ခဲ့သည်။ သို့သော် ဝန်ကြီးဌာနကမူ ထိုအကြောင်းကြားစာ ရောက်ရှိလာခြင်း မရှိသေးကြောင်း မဇ္ဈိမကို ပြောဆိုသည်။

နယူးဒေလီရှိ မြန်မာသံရုံးသို့ မေးမြန်းကြည့်ရန်အတွက် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

(ခိုင်ကျော်မြ သတင်းအချက်အလက် ပေးပို့သည်။)

အန်အယ်ဒီအဖွဲ့ဝင် သန်းမြင့်အောင်ကို ထောင်ဒဏ် ၁ဝ နှစ် ထပ်တိုး

နယူးဒေလီ(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ပြစ်ဒဏ် ၅ နှစ် ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) အဖွဲ့ဝင် ကိုသန်းမြင့်အောင်ကို အီလက်ထရောနစ် ပုဒ်မဖြင့် ယမန်နေ့က ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်လိုက်သည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီးနောက် ယမန်နေ့တွင် ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဒေါ်နုနုခင်က ထပ်တိုးအမှု ပုဒ်မ ၃၃ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံ၍ ချမှတ်ခြင်း ဖြစ်သည်။

“ထောင်ဒဏ်ချအပြီး အင်းစိန်ထောင်ကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးကောင်းတော့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့၊ ရွှင်ရွှင်လန်းလန်းနဲ့၊ တက်တက်ကြွကြွပဲ။ သူများတွေ ၆၅ နှစ်နဲ့စာရင် သူ အများကြီးတော်သေးတယ်၊ ဘာမှ ဝမ်းနည်းစရာ အကြောင်းမရှိဘူးလို့ပဲ ပြောတယ်” ဟု တရားရုံး တက်ရောက်ခဲ့သည့် မိသားစုဝင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သူသည် မလေးရှားတွင် ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် နှောင်းပိုင်းအထိ အလုပ်လုပ်ကိုင်ခဲ့ပြီး နာဂစ်မုန်တိုင်းသင့် ပြည်သူများကို ကူညီရန်အတွက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာကာ ပြီးခဲ့သည့်နှစ် မတ်လ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ် တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခု၌ ရဲက ဖမ်းဆီးခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အလုပ်လုပ်ပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာသူအဖြစ် ရဲက တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ၂ နှစ်၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်အဖြစ် တပေါင်းတည်းကျခံရန် သင်္ကန်းကျွန်းမြို့နယ် တရားရုံး တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်းက ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထပ်မံအမှုတင်ခဲ့ပြီး ယမန်နေ့တွင် နောက်ထပ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် စီရင်လိုက်ကာ ယခင် ပြစ်ဒဏ် ၅ နှစ်နှင့် တပေါင်းတည်း ကျခံရမည် ဖြစ်သည်။

ထိုဥပေဒသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှ ပေးပို့ဖြန့်ချိမှုဖြစ်ကာ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်ကျယ်စွာ အသုံးပြုသော ဥပဒေ ဖြစ်သည်။

ကိုသန်းမြင့်အောင် အမှုအတွက် လိုက်ပါဆောင်ပေးသည့် ရှေ့နေ ဒေါ်စိုးစိုးမာက ယခင် ၂ မှုအတွက် အယူခံဝင်ထားသလို၊ ယခုအမှုအတွက်ပါ အယူခံဝင်သွားမည်ဟု သိရသည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ထောင်ကျနေသည့် ဖခင်အတွက် သမီးဖြစ်သူ စိုးရိမ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ နှလုံးရောဂါ အခြေအနေ ဆိုးရွားနေသဖြင့် ဗြိတိန်တွင် ပညာသင်နေသည့် သမီးဖြစ်သူက စိုးရိမ်ကြောင်း ပြောသည်။

“ကျန်းမာရေး မကောင်းသေးဘူး။ ဆေးကုသမှုနဲ့ ဆေးရုံကို ခေါ်သွားတာမျိုး မရှိဘူး။ တလတခါတော့ ရိုးရိုးဆရာဝန်ကို ခေါ်ပြီး သွေးပေါင်ချိန် တိုင်းတာတို့ လုပ်တယ်။ စိတ်ကူးပေါက်တဲ့ အချိန်မှာ လုပ်ပေးတယ်။ မြို့နဲ့ ထောင်နဲ့ မိုင် ၂ဝ လောက် ဝေးတော့ ကားခတွေဘာတွေ၊ ကုန်မှာစိုးလို့လား မသိဘူး။ လုပ်မပေးဘူး။ အဲဒီအတွက် အဖေ့ရဲ့ ကျန်းမာရေး အခြေအနေအရ အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်” ဟု ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန်က ပြောသည်။

မဝေနှင်းပွင့်သုန်သည် ဗြိတိန်နိုင်ငံ၌ လူမှုသိပ္ပံဘာသာရပ်ကို ပထမနှစ်တွင် သင်ကြားနေပြီး ဘားမားကင်ပိန်း (ဗြိတိန်) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့တို့နှင့်အတူ မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လုပ်ကိုင်နေသူ ဖြစ်သည်။

ကိုမြအေးအပြင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၇ ဦးသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသဖြင့် ဖမ်းဆီးခံရကာ၊ ထိုနှစ် သြဂုတ်လထဲတွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။

မြန်မာပြည် အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၁၈၄ ဦး ရှိကြောင်းနှင့် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၁၄၃ ဦးရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) ပြောဆိုထားသည်။

နိုင်ငံတဝှမ်း အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်းဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ပဲဈေးကွက် အရောင်းအဝယ်ရပ်

ရန်ကုန် (မဇ္ဈိမ)။ ။ အထူး စုံစမ်းစစ်ဆေးရေးမှ ပဲကုန်သည်ကြီး ငါးဦးကို စစ်ကြောမှုများ ပြုလုပ်ခဲ့ပြီးနောက် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်မှာ သီတင်းပတ် သုံးပတ်ခန့် ကြာမြင့်သွားပြီ ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ စုံစမ်း သိရှိရသည်။

မေလဒုတိယပတ်မှ ဇွန်လ တတိယပတ်အကုန်အထိ တစ်လခွဲတာ ကာလအတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မတ်ပဲ ကွန်တိန်နာလုံးရေ ၁၆ဝဝ ကျော် (တန်ချိန် ၃ သောင်း ၂ ထောင်ကျော်) ပျှမ်းမျှအားဖြင့် ဒိုင်ဖွင့်ရက်တစ်ရက် ကွန်တိန်နာလုံးရေ ၄ဝ ခန့် ပျှမ်းမျှ အရောင်းအဝယ်ဖြစ်နေခဲ့ရာ ပဲကုန်သည်များကို စစ်ကြောမှု မပြုလုပ်မီ တစ်ရက်အလို ဇွန်လ (၂ဝ)ရက်နေ့ အထိဖြစ်သည်။

"ဇွန်လ (၂၁)ရက်နေ့မှာ ပဲကုန်သည် ငါးယောက်ကို စသုံးလုံးက ခေါ်စစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က လေရောင်းလေဝယ် လုပ်တယ်ဆိုပြီး ပြဿနာဖြစ်တဲ့ လက်ကြီး ငါးယောက်၊ လက်သေး ၃ ယောက်မှာ အသေးထဲက တစ်ယောက် အခုပြန်ပါတယ်။ ပွဲရုံ ပိုင်ရှင်တွေလည်းပါတယ်။ အဲ့ဒီလူတွေကို အခုထက်ထိ မတွေ့ရသေးဘူး။"ဟု ပဲကုန်သည် တစ်ဦးက ဆိုသည်။

စစ်ကြောမှုပြုလုပ်ပြီး နောက်ရက် ဇွန်လ (၂၂) ရက်နေ့မှ စ၍ ကုန်စည်ဒိုင်ဖွင့်ရက် ၈ ရက်တိတိ ပဲအရောင်းအဝယ် ရပ်ဆိုင်းခဲ့ပြီး ဇူလိုင်လ (၁) ရက်နေ့တွင်မှ ကွန်တိန်နာ (၁ဝ) လုံး ပြန်လည် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ဇူလိုင် (၁) ရက်မှ (၈) ရက် အထိ ဒိုင်ဖွင့်ရက် ၅ ရက်တွင် ပဲကွန်တိန်နာလုံးရေ (၈၈) လုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ် ပြန်လည် ရပ်ဆိုင်းသွားသည်မှာ ဇူလိုင်လ (၁၅) ရက်နေ့အထိ ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ နေ့စဉ် တရားဝင် ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ပဲအရောင်းအဝယ် မဖြစ်သည်မှာ ရက်သတ္တပတ် သုံးပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပဲဈေးနှုန်းများမှာမူ ကျဆင်းခြင်း မရှိကြောင်း ကုန်သည်များက ဆိုသည်။

"အားလုံးက ကြောက်ပြီး မရောင်းရဲ မဝယ်ရဲကြတာပဲ ရှိတယ်။ ပဲဈေးက မကျဘူး။ မွန်ဘိုင်း ပဲဈေးလည်း ကောင်းနေတုန်းပဲ။ အခု ဒီအို (DO-Delivery Order) တွေကို လက်လွှဲရောင်းတာကိုလည်း ပိတ်လိုက်ပြီ။ အခြေအနေကို အားလုံး စောင့်ကြည့်နေကြတယ်။" ဟု ဘုရင့်နောင် ပဲပွဲရုံတစ်ခုက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ပဲတင်ပို့မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံထွက် ပဲများကို အဓိက ဝယ်ယူသော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်၍ နှစ်စဉ်တင်ပို့မှု၏ (၈ဝ) ရာခိုင်နှုန်း ဝန်းကျင်မှာ အိန္ဒိယသို့ တင်ပို့ခြင်း ဖြစ်သည်။ အများဆုံး တင်ပို့သည်မှာ မတ်ပဲဖြစ်ပြီး၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့မှာလည်း ဈေးကွက်ဝင် ပဲများ ဖြစ်သည်။

၂ဝ၁ဝ ခုနှစ်သည် မြန်မာ့ပဲဈေး မကြုံစဖူး စံချိန်တင်မြင့်မားသည့်နှစ် တစ်နှစ်ဖြစ်သည်။ ဧပြီလဆန်းမှစ၍ တရိပ်ရိပ် တက်လာသော ပဲဈေးနှုန်းများသည် မေလတတိယပတ်အကုန်တွင် အမြင့်ဆုံးဈေးများသို့ အသီးသီး ရောက်ရှိခဲ့သည်။ ၂ဝ၁ဝ မေလ ပဲဈေးနှုန်းများကို ၂ဝဝ၉ မေလ ပဲဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက မတ်ပဲ (၉ဝ) ရာခိုင်နှုန်းဝန်းကျင်၊ ပဲတီစိမ်း (၁၅ဝ)ရာခိုင်နှုန်းကျော်၊ ပဲစဉ်းငုံ (၄ဝ) ရာခိုင်နှုန်းနီးပါး စသဖြင့် အသီးသီးမြင့်မားလာခဲ့ခြင်းဖြစ်သည်။

"မေလကုန်ပိုင်းမှာ နည်းနည်းပြန်ကျပေမယ့် အဝယ်တောက်လျှောက်ကောင်းနေတော့ ဈေးကမကျဘူး။ အခုလည်း အရောင်းအဝယ် ရပ်နေတာတောင် ဈေးကမကျပဲ တင်းခံနေတယ်။"ဟု ဘုရင့်နောင် ရေတမာလမ်းရှိ ပဲပွဲရုံတစ်ခုက ဆိုသည်။

ပြည်ပသို့အများဆုံးတင်ပို့သည့် မတ်ပဲဈေးနှုန်းများမှာ ဇူလိုင်လ (၁၄)ရက်နေ့တွင် မတ်ပဲရိုးရိုး RAW တစ်တန် ကျပ် ၉ သိန်းခွဲ၊ မတ်ပဲသန့်စင်ပြီး RC တစ်တန် ကျပ် ၉ သိန်း ၉ သောင်း၊ အရည်အသွေးကောင်းသန့်စင်ပြီးမတ်ပဲ SQRC တစ်တန် ကျပ် ၁ဝ သိန်း ၈ သောင်း စသဖြင့် ဈေးနှုန်းရှိနေပြီး၊ ပြီးခဲ့သည့် ဇွန်လဈေးနှုန်းများနှင့် ကွာခြားခြင်းမရှိကြောင်း သိရသည်။

ပို့ကုန်ရငွေပမာဏ မြင့်မားလာသော ပဲဈေးကွက်မှာ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်များအတွက်သာမက ပြည်တွင်း စီးပွားရေးသမားများ၏ စွန့်စားဈေးကစားရောင်းဝယ်ရာ ဈေးကွက်ကြီး တစ်ခုဖြစ်နေသည်မှာ ဆယ်စုနှစ် တစ်စုနီးပါး ကြာမြင့်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် နှစ်ဆန်းပိုင်းက ပဲဈေးကျချိန်တွင် ကြိုပွိုင့်စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရာမှ စာချုပ်ဖျက်ခေါင်းရှောင်ခြင်းကြောင့် ပဲဈေးအလွန်အမင်း ထိုးကျခဲ့ပြီး ဈေးကစားသူ ကုန်သည်အချို့ကို အစိုးရက ဖမ်းဆီးကာ ဒီအို (DO-Delivery Order) ဖြင့်သာ ပဲအရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြားထားခဲ့သည်။

"ဒီအို ဆိုတာ ကုန်ရှိတယ်လို့ အစစ်ဆေးခံပြီးသား လက်မှတ်သဘောပဲ။ လေရောင်းလေဝယ် ကြိုပွိုင့်တွေ ပျောက်အောင် ပြီးခဲ့တဲ့နှစ်က ဒီအို မရှိပဲ အရောင်းအဝယ်မလုပ်ရဘူးလို့ အမိန့်ထုတ်တယ်။ အခု အဲ့ဒီ ဒီအိုကို တဆင့်ပြန်ရောင်းတာရယ်။ ခွဲပြီး ပြန်ရောင်းတာမျိုးတွေ ရှိတယ်။ အခု ဒါတွေကိုပါ လိုက်ပိတ်လိုက်တဲ့သဘောပါ။" ဟု ဝါရင့် ပဲကုန်သည်တစ်ဦးက ရှင်းပြသည်။

ဇူလိုင်လ (၁၂)ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်၌ ဒီအို (DO-Delivery Order) ကိုင်ဆောင်သူမှ အခြားသူတစ်ဦးထံသို့သာ ရောင်းချခွင့်ပြုကြောင်း၊ ထပ်ဆင့်လွှဲပြောင်းရောင်းဝယ်ခြင်း ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

"ဒီအမိန့်မထုတ်ခင်ကတည်းက အရောင်းအဝယ်ရပ်သလောက် ဖြစ်သွားပါပြီ။ လဆန်းပိုင်း နည်းနည်း အရောင်းအဝယ်ပြန်ဖြစ်ပြီး ပြန်ရပ်နေတာ အမိန့်ထုတ်လိုက်တော့ အရောင်းအဝယ်ကို မရှိတော့တာ။ ဒီနှစ် ပဲအိတ်စပို့ဈေးကွက် ဘာဆက်ဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်သေးဘူး။ အားလုံးထိုင်ကြည့်နေကြရတာပဲ။"ဟု အဆိုပါ ပဲကုန်သည်က သုံးသပ်သည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်နိုင်ငံခြားငွေရှာဖွေပေးနိုင်မှုကဏ္ဍတွင် ပဲအမျိုးမျိုးတင်ပို့မှုမှရသော ငွေသည် သဘာဝဓာတ်ငွေ့၏နောက် ဒုတိယနေရာတွင် ရှိနေပြီး ပြီးခဲ့သည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ် တွင် ပဲအမျိုးမျိုးတင်ပို့မှုမှ ဒေါ်လာ သန်း (၉၈ဝ) ရရှိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။

မဇ္ဈိမသတင်းထောက် မျိုးသိဏ်း ရေးသားသည်။

Thursday, 15 July 2010

ဒေါ်စုကို အာဇာနည်နေ့ အခမ်းအနား မဖိတ်ဘဲ ပါတီများကိုသာ ဖိတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်ဘဲ ရန်ကုန်ရှိ နိုင်ငံရေးပါတီများကိုမူ တပါတီလျှင် ၇ ဦး နှုန်း စစ်အစိုးရက ဖိတ်ကြားထားသည်။

ရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းရှိ မှတ်ပုံတင်ခွင့် ကျပြီးသော နိုင်ငံရေးပါတီများကို ယမန်နေ့ နေ့လည်ပိုင်းက အစည်းအဝေးခေါ်ယူကာ တပါတီလျှင် ၇ ဦးကျ ဖိတ်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအုန်းကြိုင်တို့က သူမကိုမူ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိကြောင်း မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့ အခမ်းအနားတက်ဖို့ ဖိတ်တယ်လို့ ကျနော်တို့ မကြားမိဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် တကြိမ်၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ၆ ကြိမ်နှင့် ၂၀၀၂ ခုနှစ်တွင် တကြိမ်ဖြင့် စုစုပေါင်း ၈ ကြိမ်သာ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ကာ ဂါရ၀ပြုခဲ့ဖူးသည်။ နေအိမ်အကျယ်ချုပ် ချထားမှုကြောင့် ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ထိုအခွင့်အရေး မရတော့သည်မှာ ၅၆ နှစ်မြောက်မှ ယခုနှစ် ၆၃ နှစ်မြောက်အထိ စုစုပေါင်း ၈ ကြိမ်ရှိသွားပြီ ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ညွန်ကြားစာမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ပြစ်ဒဏ်တ၀က် လျှော့ချပေးတယ်လို့ ပါပါတယ်။ အခုလည်း သူ့ဖခင် ကျဆုံးတဲ့နေ့မှာ သမီးတယောက်အနေနဲ့ ဖခင်ကို ဂါရ၀ပြုခွင့် ပေးသင့်ပါတယ်။ ပြစ်ဒဏ်ကျခံနေလို့ ကိုယ့်အဖေကို ဂါရ၀ ပြုခွင့် မရဘူးဆိုတာက တရားမျှတမှု မရှိပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။

“ရန်ကုန်မှာရှိသမျှ ပါတီတွေအကုန်လုံးကို တိုင်းကော်မရှင်က ရုံးကိုခေါ်ပြီးတော့ အစည်းအဝေး လုပ်ပါတယ်။ ပါတီတခုကို ၇ ယောက် အခမ်းအနား တက်လို့ရတယ် ပြောပါတယ်။ ကျနော်တို့ပါတီက အခမ်းအနား တက်မှာပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်သည့် ပါတီပေါင်း ၂၀ ထက်မနည်း ရှိနေပြီး ယင်းပါတီများသည် အခမ်းအနား တက်ရောက်မည့် လူစာရင်းကို မှတ်ပုံတင်များဖြင့် ယခုလ ၁၆ ရက်နေ့ နောက်ဆုံးထား၍ တိုင်းကော်မရှင်သို့ တင်ပြရမည်။

ထို့ပြင် ကော်မရှင်က ပါတီများအနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေ ချခွင့်ပြုသော်လည်း ပန်းခြင်း၊ ပန်းခွေများကို အာဇာနည်နေ့မရောက်မီ တရက်အလိုတွင် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် စစ်ဆေးခံရန် ပေးပို့ရမည်ဖြစ်ပြီး စစ်ဆေးပြီးမှသာ ခွင့်ပြုပေးသွားမည်ဖြစ်သည်။

ပါတီများတွင် ကိုယ်ပိုင်ဝတ်စုံများ သတ်မှတ်ပြီးဖြစ်ပါက အခမ်းအနားတွင် ၀တ်ဆင်ရန် ကော်မရှင်က ခွင့်ပြုထားသည်။

ရန်ကုန်တိုင်းရှိ နိုင်ငံရေးပါတီအများစုမှာ ယခုလ ၁၉ ရက်နေ့တွင် အာဇာနည်ဗိမာန်၌ ပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ကြမည်ဟု သိရသည်။

ယခင်က အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် ကောင်စီဝင် စစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်၍ ဂါရ၀ပြုလေ့ ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသာ တက်ရောက်ခဲ့သည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ရုံးချုပ်တည်ရှိသည် ချင်းအမျိုးသားပါတီကမူ ချင်းပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်သွားမည်ဖြစ်သဖြင့် အခမ်းအနား မတက်ရောက်နိုင်ကြောင်း သိရသည်။

“ချင်းပြည်နယ် စည်းရုံးရေးခရီးစဉ်က မနက်ဖြန် စပါမယ်။ ဒါကြောင့် ကျနော်တို့ပါတီက အခမ်းအနား တက်ဖြစ်မှာ မဟုတ်ပါဘူး” ဟု ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက် ၁၉၉၀ ခုနှစ်တွင် နိုင်ငံရေးပါတီများကို အာဇာနည်နေ့အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်နောက်ပိုင်း နှစ်ပေါင်း ၂၀ အကြာတွင် နအဖ စစ်အစိုးရက ပါတီများကို ပြန်လည်ဖိတ်ကြားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကမူ ယခုနှစ် အာဇာနည်နေ့ အခမ်းအနားကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇာတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးစသည့် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးတို့သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ တပည့်များက လုပ်ကြံသဖြင့် ကျဆုံးခဲ့ရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

မြန်မာတဦး မူးယစ်ဆေးရောင်းမှုဖြင့် အဖမ်းခံရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူဟု စွပ်စွဲကာ မြန်မာနိုင်ငံသား တဦးကို မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့နှင့် ရဲက ပြီးခဲ့သည့် ရက်အပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယခုလ ၉ ရက်နေ့ ညပိုင်းတွင် အိုက်ဇောမြို့ Bawngkawn ရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူအဖြစ် စွပ်စွဲခံရကာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းရွာသား မောင်နုမ်းလျံထန်း Nunglianthang ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူ့ကိုတော့ ညပိုင်း လမ်းလျှောက်နေတုန်းမှာ ဖမ်းတယ်။ ဖမ်းမိတော့ သူ့ခန္ဓာကိုယ်မှာ ဘာမှမရှိဘူး။ ဆေးဝယ်မယ့်သူကို သူက ရှာနေတုန်းပါ။ ကျနော်တို့ထဲက ဝယ်မယ့်သူအဖြစ် အယောင်ဆောင်ပြီး ဖမ်းလိုက်တာပါ။ ကျနော်တို့မှာ စုံထောက်တွေ အများကြီးရှိတယ်” ဟု အိုက်ဇောမြို့ရှိ မူးယစ်ဆေးဝါး နှိမ်နင်းရေး Excise & Narcotic ဌာန (မီဇိုရမ်)မှ အရာရှိဖြစ်သူ Peter Zohmingthanga က မဇ္ဈိမကို ပြောသည်။

၎င်းကို ဖမ်းဆီးပြီးနောက် မြေကြီးထဲမြုပ်ထားသော ဘိန်းဖြူမှုန့်ထုတ်များ ကာလပေါက်ဈေး ရူပီး ၄ သိန်း ၈ သောင်းကျော် (ကျပ် ၉၆ သိန်းကျော်) တန်ဖိုးရှိ အလေးချိန် ၁၃၈ ဂရမ်ကို ရဲနှင့် မူးယစ်နှိမ်နင်းရေး အဖွဲ့ဝင်များက Edenthar ရပ်ကွက်ရှိ Chaltlang တောင်ကြား ချိုင့်ဝှမ်းတနေရာတွင် သတင်းအရ ရှာဖွေဖော်ထုတ်ခဲ့ကြသည်။

“မူးယစ်ဆေးဝါးကို ညနေ ၂ နာရီလောက်မှာ တွေ့တာ။ ရှာတဲ့သူက ၁၀ ယောက်လောက် ရှိတယ်။ မြေကြီးထဲမှာ ဖွတ်ထားတာ။ ပလပ်စတစ်နဲ့ သေသေချာချာ ထုပ်ထားတာ။ သတင်းအတိအကျ မရရင်တော့ ရှာလို့တွေ့မှာ မဟုတ်ဘူး” ဟု ရှာဖွေရေးတွင် ပါဝင်သူ မီဇိုးလူငယ်အသင်း YMA မှ အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

မောင်နုမ်းလျံထန်းကို အိုက်ဇောမြို့ ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်းနှင့် Mualpui ရပ်ကွက်ရှိ Forensic Science Laboratory တွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးကို စစ်ဆေးနေကြောင်း သိရသည်။

“သူ့ရဲ့ဆေးကို စစ်ဆေးရေး လုပ်နေတုန်းပါ။ မူးယစ်ဆေးကို ဖမ်းမိရင် အတုလား၊ အစစ်လား စစ်ဆေးရတယ်။ အဖြေထွက်လာမှ အမှုကို ကိုင်တွယ်လို့ရတယ်။ အခုလောလောဆယ် စစ်ဆေးရေးကများတော့ ကြာနိုင်တယ်။ သူလည်း စစ်ဆေးချက် မထွက်မချင်း အမှုမကိုင်သေးဘဲ ထောင်မှာပဲ နေရမှာပါ။ အဖြေကတော့ အစစ်ဖြစ်မှာ သေချာပါတယ်။ တာဝန်အရသာ စစ်ဆေးရတာ။ အများဆုံး ၁၀ နှစ်တော့ ထောင်ကျနိုင်တယ်။ ငွေသားတသိန်းနဲ့ ထောင်ဒဏ် ၂ - ၃ - ၄ နှစ်လည်း ဖြစ်နိုင်တယ်” ဟု Peter Zohmingthanga က မဇ္ဈိမကို ပြောသည်။

အသက် ၃၁ နှစ်အရွယ် မောင်နုမ်းလျံထန်းသည် ကလေးမြို့နယ် ချင်းစုကျေးရွာနေ အဘ ဦးဆွေးလျံထန်း Suilianthang ၏ သားသမီး ၇ ဦးအနက် အကြီးဆုံးဖြစ်ပြီး၊ အိမ်ထောင်ကျပြီးနောက် မိသားစု ၅ ဦးနှင့် လက်ပံချောင်း ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်။

“သူက တောင်သူပါ။ ဘာစိတ်ကူးပေါက်လို့ ခရီးသွားလဲတော့ မသိဘူး။ အိုက်ဇောနဲ့ မြန်မာပြည် ကူးချီသန်းချီလုပ်ပြီး စီးပွားရေး စလုပ်တာ ၆ လလောက် ရှိပြီ။ နောက်ဆုံးအခေါက်က ၂ လလောက် ရှိပြီ။ ဖုန်းလည်း တခါမှ မဆက်ဘူး။ ရွှေအရောင်းအဝယ် လုပ်တယ်လို့ပဲ သိတယ်” ဟု နုမ်းလျံထန်း၏ အဒေါ်ဖြစ်သူ ဒေါ်စောဇမော်က မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း အိုက်ဇောတွင် မြန်မာနိုင်ငံသားများနှင့် မူးယစ်ဆေးဝါး ပတ်သက်သည့် အမှုများမှာ အမှုပေါင်း ၆ဝ ခန့် ရှိရာ၊ ထိုအထဲတွင် ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြောင်း Peter Zohmingthanga က ပြောဆိုသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

ဒေါ်စု၏ ကိုယ်ရေးအရာရှိ လွတ်မြောက်လာ

ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်သည် ၁၄ နှစ်ကျော် အကျဉ်းကျခံရပြီးနောက် စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသည်။

သူသည် နိုင်ငံခြား သတင်းဌာနများကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့သည်ဟု စွပ်စွဲခံရကာ ၁၉၉၆ ခုနှစ် မေလအတွင်း ဖမ်းဆီးခံရပြီးနောက် စစ်အစိုးရက ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရသူ ဖြစ်သည်။

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းသား ၉ဝဝ၂ ဦးကို စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးအပြီး ကသာမြို့ တည်းခိုခန်းတခုတွင် နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB သို့ အင်တာဗျူး ပေးသည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံ ခဲ့ရပြီးနောက် ၂ နှစ်ခန့်အကြာတွင် ပြန်လွတ်လာခြင်း ဖြစ်သည်။
win_htein

ဦးဝင်းထိန်


“လွတ်ပါပြီ၊ လွတ်ရက်စေ့ပြီး ကျော်တောင်ကျော်နေပြီလေ” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP - B) မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းထိန်၏ ဇနီးဖြစ်သူက အခြေအနေ အသေးစိတ် မသိရသေးသဖြင့် လွတ်မြောက်သည့် အကြောင်းရင်းကို ပြောဆိုရန် ငြင်းဆိုသည်။

၆၉ နှစ်အရွယ် ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၁၉၈၉ ခုနှစ်ထဲတွင်လည်း ကာလတို ချုပ်နှောင်ခံရပြီး စစ်ကြောရေး၌ ထောက်လှမ်းရေးများ၏ ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရသေးသည်။

သူသည် ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ရာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ၅ နှစ်ခန့် စစ်မှုထမ်းခဲ့သည်။ တပ်တွင်းမှ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတရပ်တွင် ပတ်သက်သည်ဟုဆိုကာ စစ်တပ်မှ ထွက်ခဲ့ရခြင်း ဖြစ်သည်။

၂ဝဝ၈ ခု စက်တင်ဘာလတွင် အကျဉ်းသား ၉ ထောင်ကျော် လွှတ်ပေးခဲ့ရာတွင် သူနှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းနိုင်နှင့် ဦးအောင်စိုးမြင့်တို့လည်း လွတ်မြောက်လာခဲ့သည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

Wednesday, 14 July 2010

ဒေါ်စုနှင့် ရှေ့နေများတွေ့ဆုံမှု ကန့်သတ်ချက်တိုး

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေအိမ်အချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီဝင် ရှေ့နေများ တွေ့ဆုံခွင့်ရရေး ကြန့်ကြာသွားမှာဖြစ်သော ကန့်သတ်မှုတခုကို စစ်အစိုးရက ထပ်မံ တိုးမြှင့်လိုက်ရာတွင် ရဲ၏ ခွင့်ပြုချက်သာမက ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက်လည်း လိုသည်ဟု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ဗဟန်းမြို့နယ် တာဝန်ခံ အက်စ်ဘီ ခေါ် သတင်းရဲတပ်ဖွဲ့ထံ တွေ့ဆုံခွင့် လျှောက်လွာတင်၍ ခွင့်ပြုချက်တောင်းခံရန်သာ လိုအပ်သော်လည်း ဇူလိုင် ၁ဝ ရက်နေ့မှစပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံရန် သဘောတူကြောင်း ရေးသားထားသောစာကို တင်ပြရန် လိုသည်ဟု ရဲက ညွှန်ကြားလိုက်သည်။

ညွန်ကြားချက် အသစ်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးနှင့် တွေ့ဆုံခွင့်ရရန် ယခင်က ၂-၃ ရက်ကြာ စောင့်ဆိုင်းရခြင်းမှ ရက်သတ္တပတ် တပတ်ခန့် ဖြစ်သွားနိုင်သည်ဟု ပါတီ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွင် လက်ရှိ အမှုကိစ္စ သုံးခုရှိနေရာ သူမကို အပြစ်ဒဏ်ချထားခြင်း အပေါ် ပြန်သုံးသပ်ရန် တရားရုံးသို့ အထူးအယူခံတင်ခြင်းနှင့် စစ်အစိုးရကို တရားစွဲဆိုခြင်း နှစ်ခုတို့ ဖြစ်သည်။

“ဒေါ်စု သဘောတူ လက်မှတ်ထိုးမဲ့စာကို ကျနော် ရိုက်ပါတယ်။ ဒီလို တွေ့ဆုံမှု တောင်းထားတာကို သဘောတူပါတယ်လို့ပဲ ရေးတာ။ အဲဒါကို ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ပို့ပြီးတော့ ဒေါ်စု သဘောတူပါတယ်ဆိုတဲ့ လက်မှတ်ထိုးပေးလိုက်တဲ့စာကို ကျနော်က လက်မှတ်ထိုးပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံရာတွင် အမှုကိစ္စမှအပ အခြား အကြောင်းအရာများကို ပြောဆိုခြင်း မပြုရန် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က သတင်းရဲတပ်ဖွဲ့က နှုတ်ဖြင့် ညွန်ကြားထားသည်ဟု ရှေ့နေများက ပြောသည်။

ရဲ၏ ကန့်သတ်မှုကို မကျေနပ်၍ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ရန် ပြင်ဆင်လျှက်ရှိသည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းတို့ ယမန်နေ့က ၂ နာရီခန့် တွေ့ဆုံစဉ် သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အတွက် အထူးအယူခံ လျှောက်လဲရန် ဆွေးနွေးခဲ့သည်။

အင်လျားကန်အတွင်း ရေကူး၍ နေအိမ်သို့ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၁၈ လကို နေအိမ်တွင် နေရမှာဖြစ်ပြီး ကျန် ၁၈ လကို ဆိုင်းငံ့အဖြစ် ချမှတ်ထားသည်။

ရန်ကုန်ရှိ တရားသူကြီး ၃ ဦးထိုင် ဗဟိုတရားရုံးချုပ်တွင် အထူးအယူခံခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်လဲထားပြီး ခွင့်ပြုချက်ရလျှင် နေပြည်တော်ရှိ တရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားရမှာ ဖြစ်သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် မဆောင်ရွက်သဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အစိုးရတဖွဲ့လုံးကို ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီက တရားစွဲဆိုနိုင်ရေး ပြင်ဆင်လျှက်ရှိသည်။

နိုင်ငံဝန်ထမ်းသည် ဥပဒေ ပြဌာန်းချက်အရ လုပ်ရမည့်တာဝန်များကို မလုပ်ဆောင်၍ တရားရုံးတော်က ဆောင်ရွက်ရန် အမိန့်ချမှတ်နိုင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ နစ်နာသူ ဘက်က လျှောက်ထားသော သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နှင့် ၅၄ တို့အရ တရားစွဲဆိုရန် ကြိုးစားခြင်းဖြစ်သည်ဟု သိရသည်။

ဧပြီလက တရားစွဲခဲ့သော်လည်း တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သဖြင့် နောက်တကြိမ် တရားထပ်စွဲရန် ပြင်ဆင်ခြင်း ဖြစ်သည်။

စစ်အစိုးရကို တရားစွဲဆိုမှု နောက်တခုမှာ အန်အယ်ဒီပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များသည် တရားဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်ရှိကြောင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများက အလိုအလျောက်ပျက်ပြယ်အောင် ပြုလိုက်ခြင်းအတွက် မကျေနပ်သော အန်အယ်ဒီအမတ် ၂၆ ဦးက ပုဒ်မ ၄၂ နှင့်စွဲဆိုခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ရွှေဈေး ပြန်လည်ကျဆင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ သမိုင်းတလျှောက် စံချိန်တင် မြင့်တက်ခဲ့သော မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းခြင်းနှင့် နယ်ရွှေများ ရန်ကုန်ဈေးကွက်အတွင်း ဝင်ရောက်မှုကြောင့် လွန်ခဲ့သည့် ၁ဝ ရက်အတွင်း ကျပ် ၁ သောင်း ၄ ထောင်ခန့် ကျဆင်းခဲ့သည်။

ယခုလ ပထမပတ်အတွင်းက စံချိန်တင်အဖြစ် ရွှေ ၁ ကျပ်သားလျှင် အမြင့်ဆုံးဈေးနှုန်း ၆ သိန်း ၆ သောင်း ၂ ထောင်သို့ ရောက်ရှိခဲ့ပြီးနောက် ၁ဝ ရက်အတွင်း ၆ သိန်း ၄ သောင်း ၈ ထောင်ဈေးနှုန်းသို့ ကျဆင်းသွားခြင်း ဖြစ်သည်။

“ကမ္ဘာ့ရွှေဈေး ပြန်ကျလာတယ်၊ နောက်ပြီး နယ်ရွှေတွေ ပြန်ဝင်လာတယ်။ မော်လမြိုင်နဲ့ မန္တလေးက ရွှေတွေပါ။ မော်လမြိုင်က ဝင်တာ ပိုများတယ်။ ဒါကြောင့် ဈေးကျတာပါ” ဟု မြန်မာနိုင်ငံ၏ ရွှေဈေးကွက် တည်ရှိရာ ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းမှ ရွှေကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စလျှင် ကန်ဒေါ်လာ ၁၂၁၃ ပေါက်ဈေးရှိသည်။

မော်လမြိုင်မြို့တွင် ရွှေတကျပ်သားလျှင် ၆ သိန်း ၄ သောင်း ၅ ထောင်ကျပ် ပေါက်ဈေးရှိပြီး မန္တလေးမြို့တွင် ၆ သိန်း ၄ သောင်း ၇ ထောင်ကျပ် ပေါက်ဈေး ရှိသည်။

နယ်မြို့များ၏ ရွှေဈေးနှုန်းသည် ရန်ကုန်ဈေးးထက် မြင့်မားလေ့ရှိခဲ့ရာမှ ယခုအခါ နယ်ဈေးနှုန်းသည် ရန်ကုန်ဈေးးထက် နိမ့်ကျနေသဖြင့် မော်လမြိုင်နှင့် မန္တလေးမြို့မှ ရွှေများက ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။

ရန်ကုန်ဈေးနှုန်းနှင့် နယ်ဈေးနှုန်း ကွာခြားရသည့် အကြောင်းရင်းနှင့် ရွှေဈေးနှုန်း ဆက်လက် ကျဆင်းနိုင်ဖွယ် ရှိမရှိ မခန့်မှန်းနိုင်ကြောင်း ၂၉ လမ်းမှ ရွှေကုန်သည်က ပြောသည်။်

ဝင်ရောက်လာသည့် နယ်ရွှေများကို ရန်ကုန်ရှိ ရွှေကုန်သည်များက ပြန်လည် ဝယ်ယူနေသည့်အတွက် ယခုအပတ်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း ရွှေဘုံသာလမ်းမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

“ဒီရက်ပိုင်းတော့ အလုပ်ဖြစ်တယ်။ အဝယ်ရော၊ အရောင်းရောပေါ့။ ၁ဝ သား အတုံးလိုက်တွေ အရောင်းအဝယ်ဖြစ်တာ များတယ်။ အဓိကက ရန်ကုန်ဈေးကွက်ကလူတွေပါ။ နယ်ဝယ်လက်တော့ နည်းပါတယ်” ဟု သူက ပြောသည်။

ရန်ကုန်ဈေးကွက်တွင် ရွှေအရောင်းသွက်နေသော်လည်း မော်လမြိုင်နှင့် မန္တလေးမြို့များတွင် အရောင်းထိုင်းနေကြောင်း အဆိုပါမြို့များရှိ ရွှေဆိုင်များက ပြောသည်။

“မိုးရာသီလည်း ဖြစ်တာရယ်၊ နောက် ရွှေဈေးကလည်း မြောက်နေတော့ ရောင်းမကောင်းဘူး” ဟု မော်လမြိုင်မြို့ မြိုင်ရတနာ လေးထပ်ဈေးမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရွှေဈေးကျချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လေ့ရှိသည့်အတိုင်း ငွေလဲနှုန်းသည် ယခင်လက ၉၈၂ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၉၉၁ ကျပ်သို့ အနည်းငယ် မြင့်တက်လာခဲ့သည်။

ယနေ့ လဲလှယ်နှုန်းမှာ ကန်တဒေါ်လာလျှင် ရောင်းချဈေးနှုန်း ၉၉၁ ကျပ်ဖြစ်ပြီး ဝယ်ယူဈေးနှုန်းမှာ ၉၈၅ ကျပ် ဖြစ်သည်။

FEC ဈေးနှုန်းမှာ ယခင်လက ၉၅ဝ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၉၃၅ ကျပ်သို့ ကျဆင်းခဲ့သည်။ ယနေ့ FEC လဲလှယ်နှုန်းမှာ ရောင်းချဈေးနှုန်း ၉၃၅ ကျပ်နှင့် ဝယ်ယူဈေးနှုန်း ၉၃ဝ ကျပ် ဖြစ်သည်။

မြန်မာနိုင်ငံ ရွှေဈေးကွက်သည် ရန်ကုန်မြို့ ၂၉ လမ်းတွင်အဓိက တည်ရှိပြီး တနေ့တာ ရောင်းဝယ် ဖောက်ကားကြမည့် အခေါက်ရွှေဈေးနှုန်းကို ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ သတ်မှတ်ပေးခြင်း ဖြစ်သည်။

ရွှေလုပ်ငန်းရှင်များ အသင်းကို ၂ဝဝ၂ ခုနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်များသည် အသင်းရုံးသို့ သွားရန် မလိုသော်လည်း အသင်းက သတ်မှတ်ပေးသည့် ဈေးနှုန်းအတိုင်းသာ ရောင်းချရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

သင်္ဘောမီးလောင် ဒဏ်ရာရသူကို စင်္ကာပူဆေးရုံပြောင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောမီးလောင်၍ ဒဏ်ရရသဖြင့် မလေးရှား ဆေးရုံတွင် ကုသမှုခံယူနေရသော မြန်မာနိုင်ငံသား သင်္ဘောသားတဦးမှာ စင်္ကာပူဆေးရုံသို့ ယမန်နေ့က အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံယူရသည်။

ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံ ပါဟမ်း Pahang ပြည်နယ်ရှိ ကွန်တန် Kuantan ဆိပ်ကမ်းသို့ ခုတ်မောင်းလာသည့် ပနားမားမှတ်ပုံတင် တန်ချိန် ၈ ထောင်ရှိ Eastern Honesty သင်္ဘောတွင် မီးလောင်မှု ဖြစ်ပွားသဖြင့် ကိုထွန်းထွန်းဝင်း (အသက် ၃၉ နှစ်) နှင့် ကိုဝဏ္ဏထွန်း ( အသက် ၃ဝ နှစ် )တို့ ဒဏ်ရာပြင်းထန်စွာရပြီး ကိုဝေဖြိုးစံ (အသက် ၂၂ နှစ် )မှာ ပျောက်ဆုံးလျှက်ရှိသည်။

မလေးရှားရှိ Tengku Ampuan Afzan ဆေးရုံတွင် တရက်ခန့်အကြာ ဆေးကုသခံယူနေစဉ် ကိုထွန်းထွန်းဝင်းမှာ အခြေအနေ ဆိုးရွားလာသဖြင့် စင်္ကာပူ ပြည်သူ့ဆေးရုံကြီးသို့ အင်္ဂါနေ့ညနေက ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

“မလေးဆေးရုံက မီးဒဏ်နဲ့ ပတ်သက်ရင် လိုအပ်နေတယ်။ အခြေအနေက ဆိုးရွားနေလို့ပါ။ နောက်တယောက်ကိုလည်း အခြေအနေ စောင့်ကြည့်နေတယ်။ ဆိုးလာရင်တော့ သူလည်း ဒီဘက်ကို ပြောင်းဖို့ အစီအစဉ်ရှိတယ်” ဟု မီးလောင်ခံခဲ့ရသည့် သင်္ဘောကို ပိုင်ဆိုင်သည့် စင်္ကာပူနိုင်ငံရှိ Unix Line Pte Ltd မှ ညွှန်ကြားရေးမှူး ကပ္ပတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရသူ ၂ ဦးမှာ လက်၊ ခြေထောက်နှင့် ကိုယ်လုံး တဝက်ခန့် မီးဒဏ်ရာရခဲ့ကြောင်း ကွန်တန်မြို့ရှိ Tengku Ampuan Afzan ဆေးရုံတာဝန်ကျ သူနာပြု ဆရာမ Aadah Yaakob က မဇ္ဈိမကို ပြောသည်။

ပျောက်ဆုံးနေသူအတွက်လည်း မလေးရှားရေတပ်က လိုက်လံရှာဖွေဆဲ ဖြစ်သည်။

“ဒီနေ့ထိ ရှာဖွေပေမယ့် မတွေ့သေးဘူး။ ဒီနေ့ကို ရှာဖွေရေး ရပ်နားနိုင်တယ်။ ရပ်နားရင်လည်း ပျောက်နေတဲ့ သင်္ဘောသားအတွက် ဘာတွေလုပ်ပေးမလဲဆိုတာ မလေးရှားအရာရှိတွေနဲ့ ဆွေးနွေးမယ်။ သူ့အတွက် လိုအပ်တာကို စီစဉ်ပေးမယ်။ ကျနော်တို့က လိုအပ်တာကို အကုန်တာဝန်ယူမယ်။ ပျောက်ဆုံးသူရဲ့ မိသားစုကို ဖြေသိမ့်တဲ့အနေနဲ့ ငွေကြေးထောက်ပံရေး လုပ်မယ်” ဟု ကပ္ဗတိန် Amit Jain က မဇ္ဈိမကို ပြောသည်။

Eastern Honesty သင်္ဘောတွင် မြန်မာသင်္ဘောသား ၂၂ ဦးလုပ်ကိုင်လျှက်ရှိပြီး မလေးရှား၊ စင်္ကာပူ၊ အင်းဒိုနီးရှား၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပြေးဆွဲနေသည့် သင်္ဘောဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

လေဘေးဒုက္ခသည်စခန်း တယက တားမြစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၌ လေဆင်နှာမောင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သော လေဘေး ဒုက္ခသည်များက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးရန် အာဏာပိုင်များကို တင်ပြသော်လည်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) လက်မခံဘဲ ပယ်ချလိုက်သည်။

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲတွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် သမင်ခြံ အပါအဝင် သရက်တော၊ တာတိုက်၊ ထန်းတပင်ရွာတို့တွင် အိမ်ခြေ ၆ဝ ကျော် ပျက်စီးခဲ့ရကာ လူ ၂၃ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လေဘေးသင့်သူအချို့မှာ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများ နေအိမ်တွင် နေကြရကာ မြို့နယ်အာဏာပိုင်များကလည်း ကယ်ဆယ်ရေးစခန်း ဖွင့်သင့်သည်ဟု ယူဆကြသည်။

‘’ကျနော်တို့က ကယ်ဆယ်ရေး လုပ်ချင်တာပေါ့။ အခုက ကယ်ဆယ်ရေး မလုပ်နဲ့ဆိုတော့ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေကို လာလှူကြပါလို့ ဘယ်လိုပြောရမလ ။ အမှန်ကိုပြောရရင်တော့ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ပြင်မှာနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ သူတွေအတွက် ကယ်ဆယ်ရေးစခန်း ဖွင့်ပြီး အလှူခံသင့်တယ်’’ ဟု ကော့မှူးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က မိသားတစုလျှင် စောင်၊ သောက်ရေသန့်၊ ဆေးနှင့် အသုံးအဆောင် ပစ္စည်းအချို့ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ရပ်ရွာရှိ ရပ်မိရပ်ဖများမှတဆင့် ဘုန်းတော်ကြီးကျောင်းသို့ ဆင့်ခေါ်ကာ ဝေမျှမှုသာ လေဘေးဒုက္ခသည်များ ရရှိသော အကူညီ ဖြစ်သည်။

လေဆင်နှာမောင်းကြောင့် နေအိမ်ပြိုကျသွားခဲ့သော အိမ်ပိုင်ရှင်တဦးက ’’ကိုယ့်အားကိုယ်ကိုးပြီးတော့ပဲ ပြင်ရမှာပဲ’’ ဟု ပြောသည်။

ကော့မှူးမြို့နယ် သမင်ခြံကျေးရွာမှာ အပျက်စီးဆုံးဖြစ်ကာ နေအိမ် ၄ဝ ကျော် ပျက်စီးခဲ့ရာ ယင်းတို့အနက် လုံးဝပြိုကျသွားသော အိမ်များ၊ ယိုင်နဲ့သွားသော အိမ်များ၊ အမိုးလန်သွားသော အိမ်များ ဖြစ်သွားသည်။

ကြွက်များက စိုက်ခင်းများကို ဖျက်ဆီး

နယူးဒေလီ (မဇ္ဈိမ) ။ ။ စိုက်ခင်းများကို ကြွက်များ ဖျက်ဆီး စားသောက်ခြင်းကြောင့် ယခုလဆန်းပိုင်းတွင် ဧရာဝတီတိုင်း မြန်အောင်နှင့် ကြံခင်းမြို့နယ်များတွင် စိုက်ခင်းဧက ၄၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုလဆန်းက ရခိုင်ရိုးမဘက်မှ ဆင်းလာသည့် ကြွက်အုပ်များ သောင်းကျန်းမှုကြောင့် ငှက်ပျောခင်းများ၊ စပါးပျိုးခင်းများ၊ မြေပဲခင်းများနှင့် ပြောင်းဖူးစိုက်ခင်းများ ပျက်စီးသွားခြင်း ဖြစ်သည်။

“တောင်ပေါ်က ဆင်းလာတဲ့ ကြွက်အုပ်တွေ ကိုက်သွားတာ။ ကြွက်နှိမ်နှင်းရေးအဖွဲ့တွေ ဖွဲ့ပြီး လုပ်လိုက်တာ တပတ်အတွင်းမှာ ပျောက်သွားပါပြီ” ဟု ကြံခင်းမြို့နယ် စိုက်ပျိုးရေးရုံးမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ကြံခင်းမြို့နယ်တွင် စိုက်ပျိုးဧက ၄ သိန်း ၆ သောင်းကျော် ရှိသည့်အနက် တောအုပ်နှင့် နီးကပ်သည့် စိုက်ပျိုးဧက ၄၀ ခန့် ပျက်စီးခဲ့သော်လည်း ယခုအခါ အစားထိုးသီးနှံများ ပြန်လည် စိုက်ပျိုးလျက် ရှိသည်။

ကြွက်နှိမ်နှင်းရေးနှင့် ပတ်သက်၍ ကြံခင်းမြို့နယ်ရုံးကို မယက ရုံးကို ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ ရုံးဝန်ထမ်းက ယခုလဆန်းပိုင်းတွင် ကြွက်များ သောင်းကျန်းခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ်ကို ပြောဆိုရန် ငြင်းဆိုသည်။

ကြံခင်းဒေသခံ အမျိုးသမီးတဦးက “မြို့ပေါ်မှာတော့ မရှိပါဘူး။ တောဘက်တွေမှာပဲ ဖြစ်တာပါ” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဧရာဝတီတိုင်း ပြင်စလူမြို့နယ်တွင်လည်း ကြွက်များက လယ်ဧက ၁၀၀၀ ခန့်ကို ကိုက်ဖြတ်စားသောက်မှု ဖြစ်ပေါ်ခဲ့သေးသည်။

ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ်အချို့တွင်လည်း ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် ကြွက်ဝမ်းဖြူများ အုပ်စုလိုက် သောင်းကျန်းသဖြင့် စိုက်ခင်းများ ပျက်စီးရာ ဒေသခံများက တုတ်၊ လေးခွများ အသုံးပြု၍ သတ်ဖြတ် နှိမ်နှင်းခဲ့ကြောင်း ယခုလ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

မဇ္ဈိမသတင်းထောက် ခိုင်စု ရေးသားသည်။

Tuesday, 13 July 2010

သကြားဈေး စံချိန်တင် မြင့်တက်

နယူးဒေလီ (မဇ္ဈိမ)။ ။ သကြားထုတ်လုပ်ရန် ကြံရှားပါးမှုကြောင့် မြန်မာပြည်တွင်း သကြားဈေးနှုန်းသည် စံချိန်တင် ဈေးနှုန်းအဖြစ် တပိဿာလျှင် ၁၅၀၀ ကျပ်သို့ ရောက်ကာ သုံးလကျော်အတွင်း နှစ်ဆကျော် တက်သွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ဧပြီလ အစောပိုင်းတွင် တပိဿာ ၇ဝဝ ကျပ်နှုန်း ရှိခဲ့ရာမ ပြီးခဲ့သည့်အပတ်မှ စတင်ကာ ၁၅ဝဝ ကျပ်သို့ ရောက်ရှိသွားရာ သကြားဈေးကွက် သမိုင်းတလျှောက် အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရှိ သကြားကုန်သည်များက ပြောသည်။

“ဒီနှစ်က ကြံအဝင်နည်းတဲ့အတွက် ဒီလောက်ထိ ဈေးမြင့်သွားတာပါ။ ကျနော်တို့ သကြားလုပ်ငန်း လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ ဒီဈေးနှုန်းက အမြင့်ဆုံးပါပဲ” ဟု အောင်မြေသာစံမြို့နယ်မှ လုပ်သက် ၂၆ နှစ်ရှိသည့် သကြားပွဲရုံ ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဈေးနှုန်းမြင့်တက်ရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်များတွင် သကြားဈေးနှုန်း ကျဆင်းသဖြင့် ကြံစိုက်တောင်သူများ အရှုံးပေါ်ခဲ့ကြပြီး စိုက်ပျိုးမှု နည်းပါးခဲ့ရာမှ ကြံအထွက်နှုန်းပါ လျော့ကျခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၂ဝဝ၉ ခုနှစ်ထက် အထွက်နှုန်း ၅ဝ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း မန္တလေးတိုင်း ကြံကုန်သည်များအသင်းမှ အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောသည်။

“၂ဝဝ၈၊ ၂ဝဝ၉ တုန်းကဆိုရင် ကြံစိုက်တောင်သူတဦးဟာ မျိုးစေ့ဖိုး၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းခ မပါသေးဘူး။ မန္တလေးက ပွဲရုံကို သကြားတပိဿာ ရောက်ရင် အိတ်ထဲက ငွေ ၂ဝ စိုက်ရတယ်။ အဲဒီတော့ မီးခြစ်တလုံးနဲ့ မီးရှို့ပစ်တာကမှ သူတို့အတွက် ပိုအဆင်ပြေဦးမယ်” ဟု သူက ပြောသည်။

သူက ဆက်ပြီး “ကြံတဧက ခုတ်ခ ၅ သိန်းထဲမှာ တောင်သူက ၂ သိန်းခွဲ စိုက်ပေးမယ်။ ကြံဝယ်မယ့်လူက ၂ သိန်းခွဲစိုက်။ ကြံဖိုးကို မပေးနဲ့။ အလကား ယူသွားပါဆိုပြီး ပေးပစ်တာမျိုးတောင် ရှိတယ်။ အဲဒီကတည်းက တောင်သူတွေက ကြံစိုက်ဖို့ တော်တော်ကို စိတ်နာသွားကြတာ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်း၊ မန္တလေး၊ တောင်ကြီး၊ ဗန်းမော်၊ ကသာ၊ ထီးချိုင့် စသည့် မြန်မာပြည် အထက်ပိုင်းဒေသများတွင် အဓိက စိုက်ပျိုးကြသည်။

ယခုကဲ့သို့ သကြားဈေးနှုန်း မြင့်တက်နေသော်လည်း အရောင်းအဝယ် မကောင်းကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များမှ သကြားကုန်သည်များက ပြောသည်။

“လောလောဆယ်တော့ ဘာမှရောင်းမကောင်းဘူး။ သကြားဈေး ၁၄ဝဝ ကျော် သွားကတည်းက လာမေးတဲ့ လူပဲရှိပြီး ဝယ်တဲ့လူ မရှိဘူး” ဟု ပုသိမ်ကြီးမြို့နယ်ရှိ ဈေးချိုပလာဇာမှ သကြားပွဲရုံ ပိုင်ရှင်တဦးက ပြောသည်။

ပြည်တွင်းတွင် သကြားဈေးနှုန်း မြင့်တက်နေသဖြင့် ထိုင်းနိုင်ငံမှ ကြံနှစ်ပင်တံဆိပ် သကြား အမျိုးအစားများ မန္တလေးသို့ စတင်ဝင်ရောက်လာနေပြီး ဈေးနှုန်းမှာ မြန်မာ့သကြားနှင့် ဈေးနှုန်းတူ တပိဿာ ၁၅ဝဝ ကျပ်နှုန်းပင်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သကြားဈေးနှုန်းအပြင် ကြံပင်မှ အရည်ညှစ်ယူကာ အခဲပြုလုပ်ထားသည့် ပွက်ရည် (သကာရည်) ဈေးနှုန်းမှာ ယခုလ ပထမပတ်တွင် တပိဿာ ၇ဝဝ ကျပ် ရှိခဲ့ရာမှ ပြီးခဲ့သည့်အပတ်တွင် ၈၃ဝ ကျပ်သို့ မြင့်တက်လာခဲ့ပြီး ယနေ့တွင် ၉၅ဝ ကျပ် ပေါက်ဈေးရှိပြီး ထန်းလျက်မှာ တပိဿာ ၉၃ဝ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

ဒေါက်တာတူးဂျာကြောင့် KSPP ကို ပါတီထောင်ခွင့်မပြုဟု ဦးအောင်သောင်းပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ဆက်စပ်လျှက်ရှိသဖြင့် သူဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို ပါတီထောင်ခွင့် ပြုမည်မဟုတ်ကြောင်း အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ကချင်ခေါင်းဆောင်များကို ယမန်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် ကချင်အတိုင်ပင်ခံ အဖွဲ့နှင့် မြစ်ကြီးနားတွင် တွေ့ဆုံပြောကြားရာတွင် ဒေါက်တာတူးဂျာသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) မှ ပြဌာန်းထားချက်များနှင့် ငြိစွန်းနေသဖြင့် ပါတီထောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု ပြောကြားသွားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကချင် ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

ဦးအောင်သောင်းက စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ရယူထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို သောင်းကျန်းသူ အဖွဲ့ဟု ပြောဆိုလိုက်ခြင်းမှာ ထင်ရှားနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) ၌ “နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်ကျန်းသူ အဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေ တရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲအစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင်” မဟုတ်သူများသာ ပါတီထောင်ခွင့် ရှိသည်ဟု ပါရှိသည်။

“ဒေါက်တာတူးဂျာက KIO ဗဟိုကော်မတီဝင် ဒုဥက္ကဌကို နှစ်ပေါင်း ၃၀ ကျော် လုပ်ခဲ့တဲ့လူက ထွက်တယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ ဥပဒေနဲ့ ငြိစွန်းနေတယ်။ တကယ်လို့ သူ့ကို ပေးလိုက်ရင် ကျန်တဲ့လူတွေလည်း အကုန်တောင်းဆိုလာရင် ပေးရမယ်” ဟု ဦးအောင်သောင်းက ပြောကြားသွားခဲ့သည်ဟု အမည်မဖော်လိုသူ ကချင်ခေါင်းဆောင်က ပြန်ပြောသည်။

သို့သော်လည်း ဒေါက်တာ တူးဂျာအနေဖြင့် KSPP လက်ရှိ ဥက္ကဌနေရာအစား နာယကအဖြစ် ပြောင်းလဲ တာဝန်ယူလျှင်မူ ပါတီထောင်ခွင့် ပြုမည်ဟုလည်း ပြောကြောင်းသိရသည်။

သဘောထား တင်းမာသူဟု ကျော်ကြားသော ဦးအောင်သောင်းသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်စိတ်ချသော သူတဦးအဖြစ်လည်း ထင်ရှားသည်။

ဝန်ကြီးနှစ်ဦးသည် ကချင်အတိုင်ပင်ခံအဖွဲ့ ဥက္ကဌ မြစ်ကြီးနား ဆရာအတတ်သင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခေါန်လွမ်း၊ အတွင်းရေးမှူး ဘာသာရေး ခေါင်းဆောင် ဦးဆင်ဝါးတို့ အပါအဝင် ဗဟိုကော်မတီဝင် စုစုပေါင်း ၇ ဦးနှင့် မြစ်ကြီးနားမြို့ရှိ ကြံ့ဖွံ့ရုံးတွင် ယမန်နေ့ ၁ဝ နာရီ မှစ၍ နာရီဝက်ခန့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကချင်အတိုင်ပင်ခံအဖွဲ့ကို ၂ဝဝ၂ ခုနှစ် အောက်တိုဘလတွင် စတင်တည်ထောင်ခဲ့ပြီး ကချင်လူမျိုးများအကြား ပြဿနာများကို ညှိနှိုင်းဆွေးနွေးရေးအတွက် ရည်ရွယ်သည်။ အင်အားအများဆုံး ကချင်အဖွဲ့ဖြစ်သည့် KIO အဖွဲ့ဝင်များ၊ ကချင်စီးပွားရေး လုပ်ငန်းရှင်များနှင့် ကချင်ခရစ်ယာန်ဂိုဏ်း ပေါင်းစုံတို့မှပါဝင်ပြီး ယခုအချိန်တွင် အဖွဲ့ဝင် ၃ဝ ဦးခန့် ရှိသည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။

သွားဆရာဝန် ဒေါက်တာတူးဂျာ အပါအဝင် KIO ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦးတို့သည် ယခင်နှစ် စက်တင်ဘာလ ၂ ရက်နေ့က KIO မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် လအနည်း ငယ်အကြာတွင် ယခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရန် KSPP ကို ဒေါက်တာတူးဂျာက ဥက္ကဌအဖြစ် တာဝန်ယူ တည်ထောင်ခဲ့သည်။

ဧပြီ ၅ ရက်နေ့ကတည်းက KSPP ကို နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုရန် ရွေးကောက်ပွဲကော် မရှင်၌ လျှောက်ထားခဲ့သော်လည်း ကော်မရှင်က ယခုအချိန်အထိ ခွင့်ပြု၊ မပြုကို ထုတ်ပြန်ခြင်း မရှိသေးပါ။

ဒေါက်တာတူးဂျာကို မဇ္ဈိမက ဆက်သွယ်သော်လည်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားနေသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

KIO အရာရှိတဦးကမူ ဝန်ကြီး၏ပြောကြားချက်အပေါ် စစ်အစိုးရအနေဖြင့် “ပြောချင်သလို ပြောနေတာပဲ” ဟု တုံ့ပြန်လိုက်သည်။

စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့်အတူ ကချင်အတိုင်ပင်ခံအဖွဲ့နှင့် မတွေ့ဆုံမီ KIO ကိုယ်စားလှယ်များနှင့် လက်နက်ကိုင်တပ်များ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်ဟု KIO သတင်းရပ်ကွက်တခုက ပြောသည်။

အဆိုပါ သတင်းရပ်ကွက်က ဆွေးနွေးမှု အသေးစိတ်ကိုပြောပြရန် ငြင်းဆိုပြီး စစ်အစိုးရဘက်က ယခုနှစ် ရွေးကောက်ပွဲအမှီပြောင်းရန် ပြောဆိုသည်ကို KIO ဘက်က “ကိုယ့်နည်း ကိုယ့်ဟန်” ဖြင့် အသွင်ပြောင်းရန် ဆောင်ရွက်နေကြောင်းသာ ပြန်တုန့်ပြန်ခဲ့သည်ဟု သိရသည်။

KIO က အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင်လူထုထံမှ သဘောများကို ကောက်ယူနေဆဲဖြစ်ပြီး ယခုနှစ် သြဂုတ်လအတွင်း တရားဝင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်ဟု KIO အဆင့်မြင့်အရာရှိ တဦးက ပြောသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ဒေါက်တာ တူးဂျာ ကိုယ်တိုင်ပင် ၁၄ နှစ်ကြာ အခြေခံဥပဒေ မူကြမ်းရေးဆွဲရာတွင် ကချင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်ခဲ့သည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

သွေးလွန်တုတ်ကွေး အန္တရာယ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတဝှမ်း အသံတိတ် ကူးစက်နေသော သွေးလွန်တုတ်ကွေးရောဂါက ပြည်သူအများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျှက်ရှိသည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များနေသည်။ မဇ္ဈိမသတင်းဌာနမှ ကျော်ခက သက်ဆိုင်ရာ ဒေသများသို့ ဆက်သွယ်မေးမြန်းပြီး အခြေအနေများကို တင်ပြပေးသွားမှာဖြစ်သည်။

ဧရာဝတီတိုင်း

ဧရာဝတီတိုင်းအတွင်း၌ ယခုနှစ်ဆန်းမှ နှစ်ဝက်ထိ သွေးလွန်တုတ်ကွေး ကူးစက်သူဦးရေ ၁၂၂၁ ဦးရှိခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်ဆေးရုံကြီး နှင့် လူမှုဖူလုံရေး ဆေးခန်းတို့မှ စုံစမ်းသိရသည်။

အသက် ၂ဝ အောက် ကလေးများကို အများဆုံး ကူးစက်ခဲ့ပြီး ယခင်လ အစောပိုင်းမှစ၍ ကူးစက်သူဦးရေ သိသိသာသာ တိုးပွားလာကြောင်း ဆရာဝန်များက ပြောသည်။

ပုသိမ်မြို့အပါအဝင် ယင်းမြို့နယ်အတွင်းမှ ကျေးရွာများ၌လည်း ရောဂါပျံ့ပွားနေပြီး ပုသိမ်ဆေးရုံကြီး တခုတည်းတွင် ကုသခံခဲ့သူ ဇန်နဝါရီလပိုင်းမှ ယခုလ ၃ ရက်နေ့အထိ စုစုပေါင်း ၅၆၁ ဦးရှိပြီး ယင်းမှ အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေး ၉ ဦး သေဆုံးခဲ့ရကြောင်း ဧရာဝတီတိုင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်း၌ မြို့နယ် ၂၇ မြို့နယ်တွင် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေပြီး ပုသိမ်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဖျာပုံမြို့နယ်များ အောက်ရှိ ကျေးရွာများမှာ အများဆုံး ဖြစ်နေသည်ဟု သိရသည်။ ပုသိမ်မြို့နယ်အတွင်းမှ ရွာများတွင် အဆိုးဆုံးဟုလည်း ဆိုသည်။

“သေချာ စစ်တမ်းပြုကြည့်တဲ့ အခါကြတော့ မြို့ပေါ်နေ ရပ်ကွက်တွေက အဖြစ်နည်းတာကို တွေ့ရတယ်။ အခု ဒီမှာ ရောဂါဖြစ်တဲ့ လူစာရင်းအများဆုံး တက်တာနဲ့ အဆိုးဆုံးဖြစ်နေတာက ပုသိမ်မြို့နယ်ထဲက ရွာတွေမှာ ဖြစ်နေတာ” ဟု တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မော်လမြိုင်ကျွန်းမြို့ပေါ်မှ ရောဂါဖြစ်ပွားသည့် ရပ်ကွက်များ၌ ခြင်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်နေသော်လည်း ရောဂါမဖြစ်သေးသည့် ရပ်ကွက်များတွင်မူ ကြိုတင်ကာကွယ်ရေး အစီအစဉ်များ မလုပ်ပေးနိုင်သေးကြောင်း ယင်းမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မော်လမြိုင်ကျွန်းမြို့ လူမှုဖူလုံရေး ဆေးခန်းမှ ဆရာဝန်တဦးက “အများဆုံး ဖြစ်ကြတာက ကိုယ်အပူတွေ ကြီးတယ်။ အရိုးအဆစ်တွေ ကိုက်တယ်။ ရောင်တယ်။ တချို့ဆေးတိုက်ရုံနဲ့ ၃ ရက်လောက်ဆို ပျောက်တယ်။ လိုအပ်ရင် ဆေးထိုးပေးတယ်။ အခမဲ့ပါ” ဟု မဇ္ဈိမကို ပြောသည်။

နှစ်စဉ် သွေးလွန်တုတ်ကွေး အဖြစ်များသည့် ရာသီဖြစ်သဖြင့် ကျန်းမာရေးဌာနများက ပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ပြုလုပ်ပေးရန်၊ ခြင်များကို နိုင်နိုင်နင်းနင်း ဆေးဖျန်းရန် လိုအပ်နေပြီး ပြည်သူများ အနေဖြင့်လည်း ရေတွင်း၊ ရေကန်ပျက်၊ ချောင်းစပ်၊ မြောင်းစပ်များရှိ ပိုးလောက်လန်းများကို ရှင်းလင်းရန်၊ အိမ်နှင့် ခြံဝန်းအတွင်း ခြင်များ မခိုအောင်းနိုင်စေရန် သန့်ရှင်းရေး ပြုလုပ်သင့်ကြောင်း သူက အကြံပေး ပြောကြားသည်။

မွန်ပြည်နယ်

မွန်ပြည်နယ်အတွင်း မြို့နယ်ရုံးစိုက်သည့် မြို့များအပါအဝင် မြို့နယ် ၁ဝ ခုတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၃ ရက်နေ့အထိ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ၁၂၃၆ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။

မော်လမြိုင်မြို့နယ်အတွင်း ကျေးရွာများမှ ၂၂၂ ဦးဖြင့် အများဆုံးဖြစ်ပွားပြီး သေဆုံးသူ မရှိပေ။ သံဖြူဇရပ်အတွင်း ၂၁၁ ဦး ဖြစ်ပွားရာမှ ၁ ဦးသေ။ မုဒုံ ၁၇၉ ဦး။ ပေါင် ၁၄၅ ဦး။ ချောင်းစုံ ၁၂၄ ဦးမှ ၁ ဦးသေ။ သထုံ ၉၉ ဦးမှ ၄ ဦးသေ။ ဘီးလင်း ၉၃ ဦးမှ ၃ ဦးသေ။ ကျိုက်မရော ၉၁ ဦးဖြစ်ပွား။ ရေး ၆၆ ဦးမှ ၁ ဦးသေ။ ကျိုက်ထို ၆ ဦးမှ ၁ ဦးသေ တို့ အသီးသီးဖြစ်သည်။

သေဆုံးသူများထဲတွင် ကလေးအများဆုံးဖြစ်ပြီး ၄ နှစ်မှ ၁၂ နှစ်ကြား ဖြစ်ကြကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြသည်။

သေဆုံးသူ အများဆုံးဖြစ်ခဲ့သည့် သထုံမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ ဝန်ထမ်းတဦးက “ကျနော်တို့ဆီမှာတော့ ဧပြီလလောက်မှ ဒီရောဂါ လာကုကြတာကို တွေ့ရတယ်။ ဒီမြို့ပေါ်ကတော့ နည်းတယ်။ နယ်ဘက်က တက်ပြီး လာကုကြတာ များပါတယ်။ သေတဲ့ကလေးတွေကလည်း နယ်တွေကပဲ” ဟု မဇ္ဈိမကို ပြောသည်။

“ပထမတော့ ရိုးရိုးဖျားကြတာပဲ။ ၃ ရက်လောက်နေမှ သွေးလွန်တုတ်ကွေး လက္ခဏာတွေ ပြလာပြီးတော့ အဆစ်အမြစ်တွေ ကိုက်လာတာတွေ ဖြစ်တာပေါ့နော်။ ဒီလနဲ့ နောက်လမှ ပိုများလာဖို့ရှိတယ်” ဟု ယင်းဆေးရုံ ကူးစက်ရောဂါဌာနမှ ဆရာဝန်တဦးက ပြောသည်။

ကျေးရွာများအပါအဝင် သထုံမြို့ နန်းခဲ၊ အောက်ကျင်း၊ လိပ်အင်း၊ သိမ်ကုန်း၊ ဘင်လှိုင် ရပ်ကွက်များ၌ ခြင်ဆေးဖျန်းခြင်း၊ မြက်တောများကို ရှင်းလင်းခြင်းနှင့် ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးနေသည်ဟု သထုံမြို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဆိုသော်လည်း မြို့ခံများကမူ ထိထိရောက်ရောက် လုပ်ပေးခြင်း မရှိဟု ပြောနေကြသည်။

“ခြုံပုတ်တွေ မြက်တွေ လာရှင်းဖို့ဆိုတာ ဝေလာဝေး။ ပညာပေး ဟောပြောတာတို့ ဘာတို့တောင် လေကုန်ခံပြီး ပြောတာမဟုတ်ဘူး။ ဟိုတနေ့ကတော့ စက်တလုံးနဲ့ ခြင်ဆေးလာဖျန်းတယ်။ အဲဒါလဲ အပြသဘောလောက်ပဲ။ ခနလေးပဲ။ ခြင်တွေကို စိတ်တိုအောင် လာဆွပေးသလိုပဲ။ နောက် လာမဖျန်းတော့ဘူး။ အဲဒါတောင် သူတို့ ဓါတ်ပုံရိုက်ပြီး သတင်းစာထဲ ထည့်ဖို့နေမှာ” ဟု နန်းခဲရပ်နေသူတဦးက မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ် တောင်စွန်းမြို့ တိုက်နယ်ဆေးရုံတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်သူများရှိသည်ဟု သထုံ ပြည်သူ့ဆေးရုံကြီးမှတဆင့် သိရသော်လည်း မဇ္ဈိမက ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပါ။

ပဲခူးတိုင်း

ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် မတ်လမှစ၍ ယခုလအထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၁၈၈ ဦးရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ပဲခူးမြို့နယ်တွင် အများဆုံးဖြစ်ပွားပြီး စုစုပေါင်း ၆၇ ဦး ဖြစ်သော်လည်း သေဆုံးသူမရှိပေ။ ညောင်လေးပင် ၄၅ ဦးမှ ၁ ဦးသေ။ ဒိုက်ဦး ၂၇ ဦးမှ ၁ ဦးသေ။ သနပ်ပင် ၁ဝ ဦး။ ဝေါ ၁ဝ ဦး။ ရွှေကျင် ၇ ဦး။ တောင်ငူ ၇ ဦး။ ကျောက်တံခါး ၄ ဦး။ ထန်းတပင် ၄ ဦး။ ကဝ ၄ ဦးနှင့် ကျောက်ကြီးမြို့နယ်တွင် ၃ ဦး အသီးသီး ဖြစ်သည်။

ယင်းကူးစက်ရောဂါသည် ပဲခူးတိုင်းအတွင်း၌ မတ်လမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လပိုင်းတွင်သာ သိသိသာသာ တိုးပွားလာခဲ့သည်ဟု ဆိုသည်။

တိုင်းကျန်းမာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက တိုင်းအတွင်းမှ မြို့နယ်များ အပါအဝင် ကျေးရွာများကို ခြင်ဆးဖြန်းခြင်း၊ ပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးနေပြီဟု တိုင်းကျန်းမာရေး ဦးစီးဌာနမှ ပြောသော်လည်း ဒေသခံ ပြည်သူအချို့ကမူ မဟုတ်မှန်ကြောင်း ပြောသည်။

တောင်ငူမြို့ မင်းညိုရပ်ကွက်နေ အထက်တန်းပြ ကျောင်းဆရာမတဦးက “ကျမတို့ ဒီရပ်ကွက်မှာ နေလာတာ ၁ဝ နှစ် ကျော်တောင်ရှိပြီ။ တုတ်ကွေး ရာသီပဲဖြစ်ဖြစ်၊ ငှက်ဖျား ရာသီပဲဖြစ်ဖြစ် ကျန်းမာရေး အဖွဲ့တွေ ဘာတွေကလာပြီး ပညာပေး ဟောပြောတာတို့၊ ဆေးဖျန်းတာတို့ တကြိမ်မှ လာလုပ်ပေးတာမျိုး မရှိသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်း ကျန်းမာရေးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနများ၏ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်မှု အားနည်းနေသဖြင့် ရောဂါပိုမိုဆိုးသွားခဲ့ကြောင်း ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တဦးကလည်း ပြောသည်။

ယခုမိုးတွင်းကာလသို့ ရောက်နေပြီ ဖြစ်သည့်အတွက် စိုစွတ်သည့် နေရာများတွင် ခြင်များ ပေါက်ဖွားတတ်သောကြောင့် ခြင်ခိုအောင်းနိုင်တဲ့နေရာများဖြစ်သည့် ရေအိုး၊ ရေကန်များကို လုံခြုံစွာ ဖုံးအုပ်ထားရန် လိုအပ်ပြီး အိမ်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းသပ်ရပ်စေရန် အထူးလိုအပ်ကြောင်း ပဲခူးတိုင်းအဆင့် ဆရာဝန်တဦးက ပြောသည်။

“ဒီရောဂါတွေဟာ ဒီရာသီတွေမှာ ဖြစ်တတ်တယ်ဆိုတာ ဒီရောဂါဖြစ်တတ်တဲ့ နေရာဒေသတွေမှာရှိတဲ့ အစိုးရ ကျန်းမာရေးဌာနတွေက သိပါတယ်။ ဒါတွေကို ဒီထက်ပိုမဆိုးလာအောင် သူတို့အနေနဲ့ နိုင်နိုင်နင်းနင်း လုပ်ပေးမယ်ဆိုရင် တုတ်ကွေးဖြစ်မှုနှုန်း လျော့ကျသွားမှာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ ဒီထက် အနည်းဆုံး ၂ ဆ တက်လာမယ့် လက္ခဏာရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

ဂက်စ်အရောင်းဆိုင် မီးလောင်၊ တဦး ဒဏ်ရာရ

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း သုဝဏ္ဏမြို့သစ်ရှိ အစိုးရ ဂက်စ်အရောင်းဆိုင်တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားရာ ဆိုင်ဝန်ထမ်းတဦး ပြင်းထန်စွာ မီးလောင်ဒဏ်ရာ ရရှိသွားကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာန အဆိုအရ သိရသည်။

သုဝဏ္ဏမြို့နယ် ၂၉ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် အစိုးရ ဂက်စ် အရောင်းဆိုင် အမှတ် ဝ၂၈ ၌ နံနက် ၁၁ နာရီခန့်တွင် ဝရိန်ဆော်နေသည့်မီးမှ ဂက်စ်ပိုက်သို့ မီးကူးစက်ရာ အသက် ၃ဝ နှစ်အရွယ် ဆိုင်ဝန်ထမ်း ကိုဖိုးဇော်၏ ရင်ဘတ်တွင် မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်။

’’မီးပွားစင်တဲ့အခါ အရင်ဆုံး မီးဟတ်ခံရတာကတော့ ပိုက်လိုင်းကို ဝရိန်ဆော်နေတဲ့ MOGE ဝန်ထမ်း ဒုတိယ စက်မှုလုပ်သား ဖိုးဇော်က အနီးဆုံးဖြစ်တဲ့အတွက် အဲဒီလူကို မီးဟတ်တာ။ ဗိုက်ကနေ ရင်ဘတ်ထိ မီးထိပြီးတော့ အရေပြားတွေ လန်သွားတယ်။ ဒဏ်ရာက ပြင်းထန်တယ်။ အခု ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်’’ ဟု သုဝဏ္ဏမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ဂက်စ်ပိုက်လိုင်းအသစ် တည်ဆောက်နေစဉ် ဝရိန်ဆော်နေသည့် မီးပွားများ လွင့်စင်ရာမှ ယာဉ်များကို ဂက်စ်ဖြည့်သည့် ပိုက်လိုင်းအဟောင်း၏ ဘား အနည်းငယ် ပွင့်နေရာသို့ မီးပွားကူးစက်ကာ မီးလောင်ခဲ့ကြောင်းနှင့် မိနစ် ၃ဝ ခန့်အကြာ အခင်းဖြစ်ပွားမှုတွင် မီးသတ်ကား ၁၉ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

ယင်းဆိုင်ကို တာဝန်ယူနေသော MOGE မှ ၂၉ နှစ်အရွယ် ဦးနေလင်းထွန်းကိုမူ ပေါ့ဆမှု၊ ထိခိုက်ဒဏ်ရာ ရရှိစေသော အမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပြောသည်။

မီးလောင်မှုကြောင့် ဂက်စ်ဖြည့်သော ပိုက်များ ထားရှိသည့် သွပ်မိုး၊ တိုင်ထောင် ကွန်ကရစ်ခင်း အဆောက်အအုံတလုံး လောင်ကျွမ်းသွားကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ မီးသတ်ရဲဘော်က ’’မီး စပြီးတော့ လောင်တယ်ဆိုတာနဲ့ ဂက်စ်မိန်းဘားကြီးကို သွားပိတ်နိုင်ခဲ့လို့ မီးလောင်မှု အခြေအနေက မဆိုးတာ။ မဟုတ်ရင်တော့ မလွယ်နိုင်ဘူး’’ ဟု ပြောသည်။

Monday, 12 July 2010

မယ်လစခန်းတွင် လူ ၅၀၀ ခန့် သွေးလွန်တုပ်ကွေးဖြစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မြောက်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၅ဝဝ ခန့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း စခန်းတွင်းရှိ ဆေးရုံမှ တာဝန်ရှိသူများ အပြောအရ သိရသည်။

ကရင်စစ်ပြေးဒုက္ခသည်များ အများစု နေထိုင်သော တပ်ခ်ခရိုင်တွင်းရှိ မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့မြောက်ဘက် ၅၇ ကီလိုမီတာခန့်တွင် တည်ရှိသည်။

“အရင်နှစ်တုန်းက တလတလကို ၁၅ ယောက်ကနေ ၂ဝ လောက်ကပဲ သွေးလွန်တုပ်ကွေး ခံစားတယ်။ စနစ်တကျ ကာကွယ်ရေးမလုပ်တော့ အမြစ်မပြတ်ဘူး။ ဒီနှစ်ဆန်းမှာတော့ ပိုဆိုးလာတယ်။ အခုဆို အယောက် ၅ဝဝ လောက် ရောဂါဝေဒနာ ခံစားနေရတယ်” ဟု မယ်လဒုက္ခသည်စခန်း ဆေးရုံတာဝန်ခံ ဆရာစောနေစဲန်က မဇ္ဈိမကို ပြောသည်။
mst-ml
မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် ကလေး ၂ ဦးနှင့် လူကြီး ၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ယခုထက်တိုင်လည်း အဆိုပါ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှု လျော့နည်းနေသေးသည်။

“အင်အားနည်းတယ်။ ဆရာ၊ ဆရာမက အစပေါ့။ ငွေအင်အားမရှိတော့ ဆေးဝါးဆိုင်ရာ ခက်ခဲတယ်။ စခန်းတခုလုံးကို ခြင်တွေ နှိမ်နှင်းဖို့ ဆေးမသုံးနိုင်ဘူး။ ဟိုအိမ်ဒီအိမ်လောက်ပဲ ဆေးဖျန်းတော့ ဘယ်ပျောက်နိုင်မလဲ။ ကြာလာတော့ ပိုဆိုးလာတယ်။ အခုဆို မိုးရာသီရောက်လာတော့ ခြင်ဖြစ်ပွားမှု တအားမြန်တယ်။ ဒါကို မကာကွယ်နိုင်ရင် ဒီထက် ပိုဆိုးလာမယ်။ အိမ်တိုင်း ဆေးဖျန်းဖို့လိုမယ်။ ပေါင်းပင်ခြုံပင်တွေကို ရှင်းဖို့လိုတယ်။ ရေဆိုးရေညစ်တွေကို ရှင်းရမယ်။ ရေကန်၊ အိမ်သာနဲ့ အိုးခွက်ပန်းကန်တွေကိုလည်း သန့်ရှင်းရမယ်။ ဝေဒနာရှင်တွေကို စနစ်တကျ ရက်တပတ်လောက် ဆေးဝါးကုသရင်တော့ သက်သာမယ်” ဟု ဆရာစောနေစဲန်က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် မေလနှောင်းပိုင်းမှ စတင်ကာ စခန်းအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ရာ ယခုအခါ လူပေါင်း ၃ဝ၂ ဦး ကုသမှုခံယူနေရသည်။

မယ်လစခန်း ကျန်းမာရေးဌာနတွင် ကူညီနေသူတဦးက “ကာလဝမ်းရောဂါက ပြန်ဖြစ်လာတယ်။ ရောဂါက ပိုဆိုးလာတော့ အခုဆို လူတအားများလာတယ်။ ကျနော်တို့မှာ ဆေးကုသမှု မနိုင်ဘူး ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရေပေးဝေစနစ်မှာမူ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တကြိမ်စီဖြစ်သောကြောင့် မလောက်ငှသဖြင့် ကိုယ်ပိုင်တွင်းရေများ သောက်သုံးနေရသည်။

ကာလဝမ်းရောဂါ ဖြစ်ပွားရခြင်းသည် ယင်လုံအိမ်သာ သုံးစွဲနိုင်မှု မရှိခြင်း၊ မသန့်ရှင်းသော ရေကို သောက်သုံးနေရခြင်းနှင့် မလတ်ဆတ်သော အသီးအရွက်များ စားသုံးခြင်းကြောင့်ဟု သိရသည်။

“တနှစ်တနှစ် လူဦးရေ တအားများလာတယ်။ စခန်းမှာ ရေမလုံမလောက် ဖြစ်နေတယ်။ ကိုယ်တိုင် တွင်းတူးတယ်။ တွင်းရေကို ပြန်သောက်တယ်။ ဒုက္ခသည်စခန်းဆိုတော့ ဖြစ်သလိုနေရတယ်။ အစားအသောက်ကို သတိမထားဘူး။ ဟင်းကျန်ထမင်းကျန်ကို စားသုံးတယ်။ မသန့်ရှင်းတဲ့ အစားအစာတွေ စားတယ်။ ကြာလာတော့ ဝမ်းရောဂါတွေ ဖြစ်လာတော့တယ်” ဟု ဆေးခန်းတွင် ကူညီနေသူက ဆိုသည်။

သွေးလွန်တုပ်ကွေးနှင့် ဝမ်းရောဂါ ဝေဒနာရှင်များသည် အသက် ၁ နှစ်အရွယ်မှ ၆ဝ နှစ်အတွင်း ဖြစ်ပွားမှု များပြားကြောင်း ဆေးခန်းတာဝန်ကျ ပုဂ္ဂိုလ်များက ဆိုသည်။

မယ်လဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံသား ၅ သောင်းခန့် နေထိုင်ရာ စခန်းကို ဇုန် A – B - C ဟူ၍ ခွဲထားခဲ့ပြီး အဆိုပါ ဇုန်များထဲတွင် ရပ်ကွက် ၅ ခုစီ ပြန်ခွဲသည်။ စခန်းရှိ နေအိမ်အများစုသည် သက်ကယ်မိုး ကပ်ကာအိမ်များ ဖြစ်ကြသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်း ၇ ခုအနက် မယ်လစခန်းသည် အကြီးဆုံးနှင့် လူဦးရေ အများဆုံး ဖြစ်သည်။ အခြား စခန်းများမှာ ထမ်းဟင်၊ ဘန့်တုံယမ်း၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လအူး၊ မယ်ရာမို စသည်တို့ ဖြစ်သည်။

မယ်လတွင် ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထွက်ပြေးလာသည့် ကရင်အများစု နေထိုင်ကြသည်။

မယ်လ ဒုက္ခသည်စခန်း အနောက်ဘက်တွင် မြန်မာနိုင်ငံနှင့် နယ်စပ်မျဉ်းဖြစ်သည့် သောင်ရင်းမြစ် တည်ရှိသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

ရန်ကုန်ဈေးများတွင် အလှူခံပိတ်ပင်

ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံရေးပါတီများက ရန်ပုံငွေအတွက် ဈေးများတွင် အလှူခံရန် ကြိုးစားခဲ့ပြီးနောက် ဈေးများတွင် မည်သည့်အလှူခံမှ ဝင်ရောက်အလှူခံခွင့် မပြုတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တားမြစ်လိုက်သည်။

ဈေးများတွင် စည်ပင်သာယာက လွန်ခဲ့သော ရက်သတ္တပတ်အတွင်းမှစ၍ လိုက်လံကြေညာမှုများ ပြုလုပ်ခဲ့သလို ဆိုင်းဘုတ်များ ချိတ်ဆွဲကာ တားမြစ်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတဦးအဆိုအရ ယခုလဆန်းက ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဈေးတခုတွင် အလှူခံရာ ထိုသို့အလှူခံခြင်းမှာ ရန်ကုန် စည်ပင်သာယာ နည်းဥပဒေချိုးဖောက်ခြင်း ဖြစ်သည့်အတွက် တပြေးညီ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

”ရန်ကုန် စည်ပင်သာယာရေးကော်မတီမှာ နည်းဥပဒေ ၃၃ ဆိုတာ ရှိတယ်။ အဲဒီ နည်းဥပဒေအရ ဈေးထဲမှာ အလှူခံမယ်ဆိုရင် သက်ဆိုင်ရာ ဈေးတာဝန်ရှိသူတွေထံမှာ ခွင့်တောင်းပြီးမှ ပြုလုပ်ရတာ ဖြစ်တယ်” ဟု သူက ပြောသည်။

သို့သော် အလှူခံတားမြစ်သော စည်ပင်၏ ဥပဒေကို ဈေးသည်များက မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့သူ ဈေးသည်များက မသိရှိကြောင်း တညီတညွတ် ပြောနေကြသည်။

”အခုလိုမျိုး ဈေးထဲမှာ အလှူခံတာကို ခွင့်ပြုချက်မယူဘဲ ပြုလုပ်ရင် ဥပဒေနဲ့မညီဘူးဆိုတာကို သိကိုမသိတာ” ဟု ရန်ကုန်မြို့ အထင်ကရဈေးတခုဖြစ်သော ဗိုလ်ချုပ်ဈေးတွင် လွန်ခဲ့သည့် နှစ် ၃ဝ ကျော်ကပင် ပန်းချီကားများ ရောင်းချနေသူတဦးက ပြောသည်။

ဈေးများအတွင်း အလှူခံခြင်းနှင့် တောင်းရမ်းစားသောက်ခြင်း များပြားလှသောနိုင်ငံတွင် ယခုပိတ်ပင်မှုက သာသနာရေးပုဂ္ဂိုလ်များကို ထိခိုက်မှာဖြစ်သည်။

”ကျနော်တို့ဈေးမှာ အလှုခံတာ အများဆုံးက သီလရှင်တွေ များတယ်။ အဖိတ်ဥပုသ်နေ့တွေမှာဆိုရင် အပတ်စဉ်လာကြတယ်။ အခု လို အလှူမခံရဆိုတော့ သီလရှင်တွေအတွက်တော့ အခက်အခဲ တွေ့ နိုင်တာပေါ့” ဟု ထီးတန်းဈေးတွင် အဝတ်အထည် ရောင်းသူတဦးက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ ထီးတန်းဈေးတွင် အလှူခံမဝင်ရ တားမြစ်သော စာကို လွန်ခဲ့သည့် ၅ ရက်ကပင် လာရောက်ကပ်သွားခဲ့သည်ဟု ဈေးသူဈေးသားများက ပြောသည်။

အင်းစိန်မြို့နယ် ရွှေညောင်ပင် သီလရှင်စာသင်တိုက်မှ သီလရှင်ကြီးတပါးက စာသင်သား ၃ဝ ခန့်မှာ အပတ်စဉ် အဖိတ်နေ့တိုင်း ဆွမ်းဆန်စိမ်း အလှူခံထွက်စေရာတွင် ကြည့်မြင်တိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များ ပါဝင်သည်ဟု ပြောသည်။ ဈေးများအတွင်း ဝင်ရောက်အလှူခံခြင်းမှာ ထုံးစံပင်ဖြစ်သည်ဟု ဆိုသည်။

”ကျမတို့ကတော့ ဘုန်းကြီးတွေ သီလရှင်တွေကို လှူနေကျသူတွေဆိုတော့ အဲဒီလို ပိတ်ပင်တာကိုတော့ ဘာသာရေးအရ မလုပ်သင့်ဘူးလို့တော့ မြင်ပါတယ်” ဟု ထီးတန်းဈေးတွင် ကုန်ခြောက်ရောင်းနေသူတဦးက ပြောသည်။

မြောက်ဥက္ကလာ ရတနာသိင်္ဂီဈေးအတွင်း ယခုလ ၁ ရက်နေ့တွင် ပါတီရံပုံငွေ ကောက်ခံခဲ့သဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဗဟိုဦးစီးအဖွဲ့ဝင် ဦးခင်မောင်ဝင်း အပါအဝင် ၅ ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFMP ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မင်းသူ အပါအဝင် ၅ ဦးကို စည်ပင်သာယာက တရားစွဲရန် ပြင်ဆင်လျက်ရှိသည်။

ထို့နောက် ဈေးများအတွင်း အလှူခံတားမြစ်ခြင်းလည်း တပါတည်း လိုက်ပါလာတော့သည်။

”အရင်ကတော့ အဲဒီလိုသတင်းတွေ ရန်ကုန်မှာ မရှိပါဘူး။ ဒါတော့ ပထမဆုံးကြားရတဲ့ သတင်းပါ၊ ရန်ကုန်မှာက တောင်းရမ်းစားသောက်သူတွေ ပေါသလို အလှူခံတဲ့ သံဃာတွေ၊ သီလရှင်တွေလည်း များပါတယ်” ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

စစ်အစိုးရနှင့် သင့်မြတ်သောသူဟု လူသိများသော ဦးအေးလွင်နှင့် သူ၏ညီ ဦးရဲထွန်းထုထောင်ထားသော ပါတီနှစ်ခုအပေါ် စည်ပင်က တရားစွဲရန် ပြင်ဆင်နေခြင်းက အခြားသော ပါတီများ အလှူခံလုပ်လာမှာကို စစ်အစိုးရက တားမြစ်လိုသော သဘောဟု ရန်ကုန်ရှိ အတိုက်အခံလိုလားသော တရားရုံးချုပ်ရှေ့နေတဦးက ပြောသည်။

”ဒီကိစ္စက တခြားပါတီတွေကို ငွေကြေး အခက်အခဲ တွေ့အောင် လုပ်တာ ဖြစ်နိုင်တယ်။ နိုင်ငံရေးပါတီတွေကို လှူချင်သူတွေအနေနဲ့ လှူနိုင်တယ်၊ အဲဒီ အလှူငွေတွေကို ကောက်ခံခွင့်လည်း ပါတီတွေမှာ ရှိတယ်ဆိုတာ ဥပဒေမှာ ပါပြီးသားလေ” ဟု သူက ပြောသည်။

နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပေဒေ ပုဒ်မ ၁၅ အပိုဒ်ခွဲ(က)တွင် နိုင်ငံရေး ပါတီများအား
အများပြည်သူများက လှူဒါန်းသည်ကို ပါတီများက ကောက်ခံခွင့်ရှိကြောင်း ဖော်ပြထားသည်။

ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းတွင် စည်ပင်ပိုင်ဈေးပေါင်း ၁၆ဝ ကျော်ရှိပြီး လက်ရှိစည်ပင်၏ ဥက္ကဋ္ဌမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်မှ တောင်ဥက္ကလာပမြို့နယ်တွင် ဝင်ပြိုင်မည်ဟု သတင်းပြေးနေသော ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း ဖြစ်သည်။

Friday, 9 July 2010

နေပြည်တော်တပ်များ ပလိပ်ရောဂါကူးစက်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ တပ်များအတွင်း ပလိပ်ရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း စစ်ဆေးရုံသတင်းရပ်ကွက်အရ သိရသည်။

ရောဂါဖြစ်ပွားနေသော တပ်မတော်သားများကို ကုတင် ၁၀၀၀ ဆန့် အမှတ် (၂) တပ်မတော် ဆေးရုံကြီးတွင် ဆေးကုသ ခံယူနေလျက် ရှိသည်။ ထို့အပြင် ပျဉ်းမနားမြို့ ဒေသခံများအတွင်း ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေသည်။

“တပ်ထဲက အသက် ၁၂ နှစ်အောက် သွေးလွန်တုတ်ကွေးဖြစ်တဲ့ ကလေးတွေကိုတော့ ကလေးဆေးရုံတွေကို ပို့တယ်။ ပလိပ်ရောဂါရော၊ သွေးလွန်တုတ်ကွေးရောဖြစ်တဲ့ အသက် ၁၂ နှစ်အထက် လူကြီးကိုတော့ ဒီမှာပဲ တင်တယ်။ သူတို့က ဒီနေပြည်တော်တပ်တွေကပဲ စစ်သားတွေပါ။” ဟု အမည်မဖော်လိုသူ နေပြည်တော် စစ်ဆေးရုံ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် ရောဂါဖြစ်ပွားသူ ပမာဏနှင့် ပတ်သက်၍ အသေးစိတ် ဖြေဆိုရန် သူက ငြင်းဆန်လိုက်သည်။

၂ဝဝ၉ ခုနှစ် အစိုးရ ထုတ်ပြန်ချက်အရ နေပြည်တော်သည် လူဦးရေ ၉၂၅၀၀၀ ရှိပြီး ရန်ကုန်၊ မန္တလေးပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။

နေပြည်တော်-ရန်ကုန် ကားလမ်းပေါ်တွင် ထောင်သောင်းချီသော ကြွက်အုပ်များ နေရာပြောင်းရွှေ့မှု ဖြစ်ပေါ်ပြီးနောက် ပလိပ်ရောဂါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့နှင့် ၇ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင် ထူးခြားစွာ ပလိပ်ရောဂါ သတိပေးချက် ပါရှိသည်။

“ကြွက်များ ရုတ်တရက် သေဆုံးပါက ပလိပ်ရောဂါကြောင့် ဖြစ်နိုင်ကြောင်း” ပလိပ်ရောဂါ သံသယရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် ကျန်းမာရေး ဝန်ကြီးဌာန၏ နှိုးဆော်စာကို သတင်းစာတွင် ဖော်ပြထားသည်။

“ကြွက်ကောင်းလား၊ ကြွက်နာကျနေတဲ့ ကြွက်လားဆိုတာ လူထုကသိဖို့ကို ကျန်းမာရေးဌာနတွေက အသိပညာပေးတွေ လုပ်ဖို့လိုပါတယ်။ ကိုယ့်အိမ်မှာ သေနေတဲ့ကြွက်ကို မသင်္ကာလို့ရှိရင် ချက်ချင်း ဓါတ်ဆီလောင်းပြီး မီးရှို့ပစ်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ကျန်းမာရေးဌာနတွေကို အကြောင်းကြားတာမျိုး လုပ်သင့်ပါတယ်” ဟု ပျဉ်းမနားမြို့ပေါ်ရှိ လူမှုဖူလုံရေးအဖွဲ့မှ ဒေါက်တာဒေါ်ခင်အေးမြင်က ပြောသည်။

ထို့ပြင် ပျဉ်းမနားမြို့ပေါ်မှ ယောက်သွားအင်း၊ ကံဦး၊ ရန်အောင် (၂) နှင့် ရွှေချီ ရပ်ကွက်တို့တွင် ဝမ်းလျှောရောဂါနှင့် သွေးလွန်တုတ်ကွေး ကူးဆက်ရောဂါ ဖြစ်နေလျက်ရှိကြောင်း အဆိုပါ ရက်ကွက်များတွင် နေထိုင်သူများက ပြော သည်။

ယခုလအစပိုင်းက သွေးလွန်တုတ်ကွေးရောဂါကို အသက် ၅-၆ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများသာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ သက်ကြီးရွယ်အိုများတွင်ပါ ကူးစက်နေသည်ဟုဆိုသည်။

“သွေးလွန်တုတ်ကွေးကတော့ တချို့ကြတော့ ဆေးခန်းသွားပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်တယ်။ တချို့ကြတော့ ဆေးရုံကို တဆင့်ပြောင်းတက်ကြတယ်။ ဝမ်းလျှောနေတဲ့ လူတွေလဲ မနည်းဘူး” ဟု ယောက်သွားအင်း ရက်ကွက် နေထိုင်သည့် ပွဲရုံပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

စိုစွတ်သည့် ရာသီကို ရောက်လာသည်နှင့် ရေမြောင်း၊ ရေအိုင်များ၊ အမှိုက်ပုံများတွင် ပိုးလောက်လန်းများ ပေါက်ဖွားပြီး ခြင်၊ ယင်ကောင်များ ပေါက်ပွားလာကာ ယင်နားသည့်အစားအစာများစားမိလျင် ဝမ်းလျှော၊ ဝမ်းပျက်ခြင်းများဖြစ်ပြီး ခြင် အန္တရာယ်ကို နိုင်နင်းအောင် ကာကွယ်နိုင်ခြင်း မရှိခြင်းကြောင့် သွေးလွန်တုတ်ကွေးများ ဖြစ်ကြရကြောင်း ဒေါက်တာ ဒေါ်ခင်မြင့်အေးက ပြောသည်။

သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံတွင် ထူးခြားဖြစ်စဉ်တော့ မဟုတ်လှပါ။ ယခုနှစ် ဇန်နဝါရီမှ မေလပိုင်းအထိ ရန်ကုန်တိုင်းအတွင်း လူဦးရေ ၉ဝဝ ကျော် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။