Pages

Subscribe
Showing posts with label ခေတ်ပြိုင်. Show all posts
Showing posts with label ခေတ်ပြိုင်. Show all posts

Friday, 16 July 2010

အာဇာနည်နေ့မတိုင်မီ လုံခြုံရေးများ စတင်ချထား

ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၃) နှစ်မြောက် အာဇာနည်နေ့အတွက် ရန်ကုန်မြို့တွင် လုံခြုံရေးများ ယနေ့မှစတင် ချထားပြီးဖြစ်သည်။

ရွှေတိဂုံဘုရားဝန်းကျင်နှင့် ရွှေတိဂုံဘုရားလမ်းတလျှောက်တွင် ရဲအယောက် (၅၀) ကျော်ခန့်ကို နေရာဖြန့်ကာ လုံခြုံရေး ချထားခြင်းဖြစ်သည်။

“အရင်နှစ်ကတော့ အာဇာနည်နေ့မှာမှ လုံခြုံရေးချတာလေ။ အခုကတော့ ကြိုပြီးတော့ လုံခြုံရေးချတာဖြစ်တယ်” ဟု တယကမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုအခါ ရွှေတိဂုံစေတီတော် အရှေ့မုခ်အနီးရှိ အာဇာနည်ကုန်းကို ပေါင်းရှင်းလင်းခြင်း၊ မြက်များခုတ်ထွင်ခြင်းကို ရန်ကုန်စည်ပင်က တာဝန်ယူပြုလုပ်နေပြီး ယခုနှစ် အာဇာနည်နေ့တွင် ရန်ကုန်မြို့တော်ဝန်က အရပ်ဝတ်ဖြင့် တက်ရောက်မည်ဖြစ်ကြောင်း စည်ပင်သာယာသတင်းရပ်ကွက်မှ သိရသည်။

“သူက ဗိုလ်မှူးချုပ်အောင်သိန်းလင်း မဟုတ်တော့တဲ့အတွက် ဦးအောင်သိန်းလင်းအနေနဲ့ အာဇာနည်နေ့ကို တက်မှာလေ” ဟု စည်ပင်မှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုနှစ်အာဇာနည်နေ့တွင် နိုင်ငံရေးပါတီများကိုလည်း တက်ရောက်ဂါရ၀ပြုခွင့် ပေးထားသည့်အတွက် လုံခြုံရေးကို ယခင်နှစ်များထက် တင်းကျပ်မည်ဖြစ်ကြောင်း တယကမှ တာဝန်ရှိသူက ဆိုသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ စသည့်ပါတီပေါင်း (၂၀) ခန့်သည် ယခုနှစ် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခွင့်ရမည်ဟု ရန်ကုန်စည်ပင်သာယာမှ ပြုလုပ်ခဲ့သော အာဇာနည်နေ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူ စည်ပင်မှ အဆိုပါတာဝန်ရှိသူက ပြောသည်။

၎င်းက “ပါတီတခုကို (၇) ဦးတက်ရောက်ရမယ်လို့ ဆုံးဖြတ်ထားပြီး လွမ်းသူ့ပန်းခြင်းနဲ့ ပန်းခွေများကိုလည်း ချခွင့်ပြုထားပါတယ်” ဟု ပြောသည်။

ယခင်နှစ်များ၌ အာဇာနည်နေ့ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှ စ၍ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း( ယခု ဦးအောင်သိန်းလင်း) သာ တက်ရောက်ပြီး အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဝင်တဦးက “ကျနော်တို့ပါတီအနေနဲ့ အခုလို အာဇာနည်နေ့ကို တက်ခွင့်ရမှာဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျနော်တို့လိုပဲ အားလုံးကလည်း ဒီအခမ်းအနားကို တက်ခွင့်ရတဲ့အတွက် ဂုဏ်ယူကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် နေ့ နံနက် (၁၀) နာရီခွဲခန့်အချိန်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံးတွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့အား ဂဠုန်ဦးစော၏ နောက်လိုက်များက ၀င်ရောက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်မှာ ယခုနှစ် ဇူလိုင် (၁၉) ရက်တွင် (၆၃) နှစ်တိုင်ပြီဖြစ်သည်။

ဗိုလ်ချုပ်တို့ကျဆုံးသည့်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း အာဇာနည်ကြီးများအား အမှတ်တရ ဂါရ၀ပြုသည့်အခမ်းအနားကို ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားခြင်းခံနေရပြီး အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်နိုင်ခွင့် ရှိမရှိ မသိရှိရပေ။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

ကျောက်စိမ်းတွင်းဒေသ ရေကြီး

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း ဒေသတွင် ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ မိုးများ အဆက်မပြတ်ရွာသွန်းကာ ချောင်းရေလျှံတက်ခြင်းကြောင့် နေအိမ်အချို့နစ်မြုပ်သကဲ့သို့ လမ်းများလည်း ပျက်စီးနေသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ယူမာ၊ ဆိုင်းတောင် (ဆိပ်မူ)၊ ဖားပြင်ကျေးရွာများမှ နေအိမ်အချို့ ရေနစ်မြုပ်နေပြီး ဆိုင်းတောင်-ဖားကန့် ကားလမ်း ရေဖုံးလွှမ်းနေသဖြင့် ကားသွားလာမှု ရပ်ဆိုင်းနေကြောင်း ဖားကန့်ဒေသခံတဦးက ပြောသည်။

၎င်းက “ဥရုချောင်းရဲ့ လက်တက် ဝေခါချောင်းရေကြီးနေတာ။ ဥရုချောင်းထဲကို ဆိုင်းတောင်ကျေးရွာနားမှာ စီးဝင်တယ်။ အဲဒီအဝင်မှာ ရွှံ့နွံတွေ ပိတ်ဆို့နေတော့ ရေ ထွက်စရာမရှိဘဲ ဆိုင်းတောင်ရွာထဲ ရောက်လာလို့ နေအိမ်တွေ မြုပ်နေတာ (၁ဝ) ရက်ကျော်လောက်ရှိပြီ။ ဖားပြင်၊ မံမုန်ကျေးရွာက မြေနိမ့်ပိုင်းက အိမ်တွေ ရေမြုပ်နေတယ်။ ဖားကန့်ကြိုးတံတားနားက ယူမာနဲ့ ဆိုင်းတောင်ရွာအကြား ကားလမ်းပေါ် ရေတွေ ဖုံးနေတယ်။ ရွှံ့ရည်တွေဖြစ်နေလို့ ကားသွားလို့ မရဘူး။ တောင်ပေါ်လမ်းကပဲ ကားအငယ်လေးတွေ သွားနိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မိုးရာသီ၌ ကျောက်စိမ်းတွင်းလုပ်ငန်းများ ရပ်နားထားချိန်ဖြစ်ပြီး သာမန်လက်လုပ်လက်စား၊ ရေမဆေးသမားများ (စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာဖွှေနေကြသူများ) ဝင်ငွေမရှိဖြစ်နေချိန်တွင် ရေကြီးနေသည့်အတွက် ကုန်ဈေးနှုန်းတက်မှုနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါ ဖားကန့်ဒေသခံက ပြောသည်။

၎င်းက “လုပ်ငန်းတွေ သိမ်းထားတော့ အလုပ်အကိုင်ရှားတယ်။ အခုက နမ္မတီး၊ မိုးကောင်းဘက်ကနေ ဖားကန့်လာတဲ့လမ်း၊ ဟိုပင်ဘက်ကနေတက်တဲ့ လမ်းတွေက ပျက်နေတယ်၊ သယ်ယူစရိတ်တွေက တက်ဆိုတော့ အစစအရာရာ ဈေးတက်နေတယ်။ ရေတွေကြီးနေတော့ သွားရေး၊ လာရေးခက်။ အခုက တနေရာနဲ့တနေရာသွားရင် စက်လှေနဲ့ သွားနေရတာ၊ ဆိုင်ကယ်နဲ့ သွားလို့ မကောင်းတော့ဘူး။ ဒီတော့ လုပ်စား ကိုင်စားဖို့ ခက်၊ ကုန်ဈေးနှုန်းတွေကတက် ဖြစ်နေကြတယ်” ဟု ပြောသည်။

ယမန်နှစ် ဇူလိုင်လ ပထမပတ်အတွင်းကလည်း ဖားကန့်ဒေသအတွင်း ရေကြီးရေလျှံမှုများဖြစ်ကာ လူအများအပြား သေကျေပျောက်ဆုံးမှုရှိခဲ့သည်။

ယခုကဲ့သို့ ဖားကန့်ဒေသအတွင်း ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ရခြင်းသည် ကျောက်စိမ်းများ အဆမတန် ရှာဖွှေထုတ်လုပ်ခြင်းကြောင့်ဖြစ်သည်ဟု ကချင်အန်ဂျီအိုအဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ရေကြီးတာ၊ မြေပြိုတာတွေက ဒီဘက် နအဖခေတ်ကျမှဖြစ်လာတာ။ ကျောက်တွေကို စက်ယန္တရားကြီးတွေနဲ့ အပြိုင်အဆိုင်ထုတ်တယ်၊ အဲဒီအတွက် သစ်ပင်တွေ ခုတ်ရတယ်။ ကျောက်ကျင်းက ထွက်တဲ့ မြေစာတွေကို ဖြစ်သလို စုပုံထားတယ်။ မိုးရွာတဲ့ခါကျတော့ အဲဒီမြေစာတွေက အရည်ပျော်ပြီး ချောင်းတွေကို ပိတ်ဆို့တယ်။ နောက်ပြီး ကျောက်ကျင်းဟောင်းတွေထဲမှာ ရေတွေက လှောင်ထားသလိုဖြစ်နေတယ်။ အဲဒီကနေ မြေသားမမှန်တော့ ပြိုကျပြီး ဒလဟော စီးကျကုန်တာ။ မနှစ်ကဖြစ်ခဲ့တာ အဲလိုကြောင့်ဖြစ်တာ” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

တရားမ၀င်ဆိုင်ကယ်များကို နိုင်ငံပိုင်သိမ်းမည်

မြန်မာနိုင်ငံတွင် တရားမ၀င် ဆိုင်ကယ်များကို တရားဝင် လိုင်စင်ပြုလုပ်ပေးသည့် သက်တမ်း ကုန်ဆုံးပြီဖြစ်၍ လိုင်စင်မ၀င်သည့် ဆိုင်ကယ်များကို ယခုလမှစတင်ကာ လိုက်လံဖမ်းဆီးပြီး နိုင်ငံပိုင်သိမ်းမည်ဟု သိရသည်။

ကရင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) မှ ၀န်ထမ်းတဦးက “ဒီလထဲမှာ လိုင်စင်မ၀င်တဲ့ ဆိုင်ကယ်တွေကို နိုင်ငံပိုင်သိမ်းမယ်ဆိုတဲ့ စီမံချက်ရှိတယ်။ ကျနော်တို့ ဘားအံမှာဆိုရင် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ငြိမ်းချမ်းရေးအဖွဲ့ကလူတွေ စီးတဲ့ ဆိုင်ကယ်တွေ ထောင်ဂဏန်းအထက်မှာရှိတယ်။ အားလုံးဝစ်သောက်ကြီးပဲ” ဟု ပြောသည်။

ယင်းသို့ တရားမ၀င် ဆိုင်ကယ်များကို နိုင်ငံပိုင်သိမ်းမည့် သတင်းများ ထွက်ပေါ်နေသော်လည်း ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ် အများအပြားကို ပုံမှန် အသုံးပြုလျက်ရှိသည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

၎င်းက “မနှစ် ဒီဇင်ဘာကစပြီး ပြီးခဲ့တဲ့လကုန်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို မှတ်ပုံတင်ပေးတာ ပြီးသွားပြီ။ ဒီလကစပြီး လိုင်စင်မ၀င်တဲ့ဆိုင်ကယ်တွေကို နိုင်ငံပိုင်သိမ်းမယ်လို့ ကညန ကနေတဆင့် သိရတယ်။ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်နဲ့ မြ၀တီမြို့တွေမှာတော့ ထိုင်းဘက်က တင်သွင်းတဲ့ ဆိုင်ကယ်တွေကို ပုံမှန်အသုံးပြုပြီး ရောင်းဝယ်နေကြတာပဲ၊ ဘာပြဿနာမှ မရှိသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း၌ လိုင်စင် မ၀င်ရသေးသော ထိုင်းဘက်မှတင်သွင်းသည့် ဆိုင်ကယ် အစီးရေ (၁) သောင်းခန့်ရှိပြီး နယ်စပ် မြ၀တီမြို့အပါအ၀င် ကရင်ပြည်နယ်အတွင်း ပုံမှန်ရောင်းဝယ် အသုံးပြုနိုင်ခြင်းမှာ ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူ၍ ညှိနှိုင်းလုပ်ဆောင်မှုများကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ စစ်ဆေးရေး ဂိတ်များနှင့်ပတ်သက်၍လည်း ၎င်းက “အဓိက လိုင်းကြေးပဲ။ လမ်းမှာရှိတဲ့ဂိတ်တွေကို ညှိပြီး မြ၀တီကနေ ညဘက်ဆို ဆိုင်ကယ်တွေ ဆင်းတယ်။ အခုလို စီမံချက်ရှိတဲ့အချိန်တောင် ဆိုင်ကယ်တွေ တညကို အစီး (၃၀) လောက် ပုံမှန်ဆင်းတယ်။ အရင်ကဆိုရင် တညကို အစီးရေ ရာနဲ့ချီ ဆင်းတယ်” ဟု ပြောသည်။

“တချို့ကုန်သည်ကြီးတွေကျတော့ နောက်ဆုံးပေါ် မော်ဒယ် ဟွန်ဒါဆိုင်ကယ် ဒွင်းနဲ့ဝေ့ အမျိုးအစားတွေကို ဆယ်ဘီး ကားကြီးတွေနဲ့တင်ပြီး မြ၀တီကနေ ရန်ကုန်ကို တိုက်ရိုက်သယ်ကြတယ်။ ဒီလမ်းကြောမှာ အဓိကဂိတ်ကြီးတခုဖြစ်တဲ့ ဘားအံ-သံလွင် တံတားဂိတ်မှာ တရားမ၀င် ထိုင်းကုန်တွေကို ဖမ်းတယ်ဆိုပေမယ့် ဆယ်ဘီးကားတွေထဲမှာ တရားမ၀င် ဆိုင်ကယ်တွေ အပြည့်တင်ပြီး သွားတဲ့ကားတွေကျတော့ အကုန်ဖြတ်လို့ရတယ်” ဟု အဆိုပါ မြန်မာကုန်သည်က ပြောသည်။

မြ၀တီမြို့တွင် ထိုင်းဘက်မှ တရားမ၀င် တင်သွင်းသည့် မော်တော်ဆိုင်ကယ်များကို တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း နှစ်ဖက်အာဏာပိုင်များနှင့် နားလည်မှုယူကာ ညဘက်အချိန်တွင် မြ၀တီဘက် တင်သွင်းကြရသည်ဟု နှစ်ဖက်ကုန်သည်များက ပြောသည်။

မြ၀တီရှိ ဒီကေဘီအေ ပစ္စည်းဂိုဒေါင်မှ အလုပ်သမားတဦးက “ထိုင်းဘက်က ဆိုင်ကယ်တွေ ညဘက်ပဲ ကူးတော့တယ်။ အရင်လို နေ့ဘက်မကူးတော့ဘူး။ ကျနော်တို့ဂိုဒေါင်ဆိုရင် ကုန်သည်တွေ လာအပ်ထားတဲ့ ဆိုင်ကယ်တွေ အစီး (၁၀၀) ကျော် ရှိတယ်။ မြ၀တီမှာ ဒီကေဘီအေဂိုဒေါင်တွေ အများကြီးရှိတယ်။ ကုန်သည်အများစုကတော့ ဒီရက်တွေမှာ ဆိုင်ကယ်တွေကို ကားကြီးတွေနဲ့ထည့်ပြီး အောက်ကို သယ်ကြတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များမှာ တောရွာများအထိပျံ့နှံ့နေပြီး ဒီကေဘီအေ နယ်မြေထဲတွင်လည်း အမြောက်အမြားရှိသည့်အတွက် အလွယ်တကူ သွားရောက်သိမ်းယူရန် ပြဿနာရှိနိုင်ကြောင်း၊ ထို့ကြောင့် ယခုလ၀က်ကျိုးနေကာ စီမံချက် မစတင်နိုင်သေးကြောင်း ကရင်ပြည်နယ် ကညနမှ ၀န်ထမ်းဖြစ်သူက ပြောသည်။

ပြီးခဲ့သည့် (၇) လတာအတွင်း တနိုင်ငံလုံး၌ တရားမ၀င် ဆိုင်ကယ်များအား လိုင်စင်ချပေးရာတွင် ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ဆိုင်ကယ်များ မှတ်ပုံတင်မှုမှာ ကညနမှ ခန့်မှန်းထားသည့် အရေအတွက်ထက် ခေါက်ချိုးနီးပါး လျှော့နည်းနေသည်ဟု ၎င်းက ပြောသည်။

ယမန်နှစ် ဒီဇင်ဘာလ (၁) ရက်မှစ၍ ယခုနှစ် ဇွန်လကုန်အထိ ကညနထံ လာရောက်မှတ်ပုံတင်သည့် ဆိုင်ကယ်အစီးရေမှာ (၂) သိန်းခွဲခန့်ရှိကြောင်း၊ ယင်းအရေအတွက်မှာ တနိုင်ငံလုံးရှိ တရားမ၀င်ဆိုင်ကယ်များ၏ ထက်ဝက်ခန့်သာရှိကြောင်း အဆိုပါ ကညနမှ ၀န်ထမ်းဖြစ်သူက ပြောသည်။

နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခံရသည့် ဆိုင်ကယ်များကို ပိုင်ရှင်ဖြစ်သူက ပြန်လည်ရယူလိုပါက သက်ဆိုင်ရာသို့ လျှောက်ထားရမည်ဖြစ်ပြီး ဆိုင်ကယ်တန်ဖိုးနှင့် ကျသင့်သည့်လိုင်စင်ကြေး ပေးဆောင်ကာ ရယူနိုင်သည်ဟု ကညနမှ ကြေညာချက်ထုတ်ပြန်ထားသည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

ကော့သောင်းရှိ ဈေးဆိုင်များကို ရှောင်တခင် ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ရှိ ဈေးဆိုင်တို့တွင် အကောက်ခွန်မဲ့ပစ္စည်းများ ရောင်းချမှု ရှိမရှိ စစ်အစိုးရ အာဏာပိုင်များက ယနေ့နံနက်တွင် ရှောင်တခင် ၀င်ရောက် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမြို့တွင် အထင်ကရ ဈေးဆိုင်ကြီး (၂) ဆိုင်ဖြစ်သော ကံ့ကော်နှင့် ဆမ်းမ်လိုက် ကုန်စုံဆိုင်တို့အပါအ၀င် အခြားကုန်စုံဆိုင်အချို့ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး ထိုင်းနိုင်ငံဘက်မှ တရားမ၀င် အခွန်မဆောင်ဘဲ တင်သွင်းရောင်းချနေသည့် လူသုံးကုန်ပစ္စည်းများကို မြန်မာစစ်အစိုးရ ရဲတပ်ဖွဲ့၊ အကောက်ခွန် စသည့် စုပေါင်းအဖွဲ့မှ သိမ်းဆည်းခဲ့သည်။

“ဖမ်းတဲ့လူကတော့ အဖွဲ့စုံပဲ။ ကာစတန်တွေရော၊ ရဲတွေရော၊ အဲ့ဒါနဲ့ လူတွေက တမြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ပြီး ရှိသမျှဆိုင်တွေ အားလုံးနီးနီး ပိတ်သွားပြီးတော့ ဈေးထဲမှာတော့ ဆိုင်တော်တော်များများ ပိတ်သွားကြတယ်” ဟု ကော့သောင်းမြို့ခံ စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

ယင်းသို့ ရှောင်တခင် ၀င်ရောက်ဖမ်းဆီမှုကြောင့် အခြားဈေးဆိုင်များလည်း ပိတ်လိုက်ကြပြီး ကော့သောင်းမြို့တွင် အရောင်းအ၀ယ် ရပ်တန့်သွားကြောင်း သိရသည်။

မြန်မာစစ်အစိုးရက ယခုလ ဒုတိယပတ်အတွင်း ထိုင်း-မြန်မာနယ်စပ် စံခလဘူရီ-ဘုရားသုံးဆူဂိတ်နှင့် မြ၀တီမြို့တွင်လည်း ထိုင်းဘက်ခြမ်းမှ အကောက်ခွန်မဲ့ ပစ္စည်းတင်သွင်းသည့် နယ်စပ်ဂိတ်များကို ပိတ်ပစ်ခဲ့သည်။ ထို့နောက် မြန်မာဘက်ခြမ်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်းမြို့တွင် ယခုကဲ့သို့ အကောက်ခွန်မဲ့ ထိုင်းကုန်စည်များအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့က အခွန်ဆောင်ရမယ်ဆိုလည်း ဆောင်မယ်။ ဒါပေမယ့်လို့ အခွန်ဆောင်ရမယ်ဆို လုံးဝ တိတိကျကျ အားလုံးကုန်သည်တွေ အခွန်ဆောင်မှ ဖြစ်လိမ့်မယ်လို့ အထက်လူကြီးတွေကို ပြောနေတာ ကြာလှပါပြီဗျာ။ လွန်ခဲ့တဲ့ နှစ်တွေ မနည်းတော့ပါဘူး။ အခုကျတော့ ကျနော်တို့က တရားဝင်ကုန်ပစ္စည်းအဖြစ် အခွန်ဆောင်ပြီး သွင်းတော့ ပြန်ရောင်းရင် ဈေးကြီး၊ မှောင်ခိုက ကျနော်တို့ရောင်းတဲ့ ဈေးထက် တ၀က်လောက် လျှော့ရောင်း” ဟု ရန်ကုန်အခြေစိုက် ကုန်သည် စက်မှုအသင်းဝင် အမှုဆောင်တဦးက ပြောသည်။

ယခုကဲ့သို့ တရားမ၀င်ပစ္စည်းများ လိုက်လံသိမ်းဆည်းခြင်း၊ နယ်စပ်ဂိတ်များ ရုတ်တရက် ပိတ်လိုက်ခြင်း စသည့် စစ်အစိုးရ လုပ်ရပ်များက လုပ်ငန်းရှင်များကို စိတ်ပျက်စေပြီး ပြည်တွင်း ကုန်စည်စီးဆင်းမှုတွင် ကုန်ဈေးနှုန်း မတည်ငြိမ်မှု ဖြစ်စေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ယခုကဲ့သို့ နယ်စပ်ဂိတ်များကို ပိတ်ပင်ခြင်း၊ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသည်နှင့် တပြိုင်တည်းတွင် မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကိုလည်း (၂) နှစ်စာ အမြတ်ခွန် စည်းကျပ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိက လူသုံးကုန်ပစ္စည်းဖြန့်ဖြူးသည့် မင်္ဂလာဈေးကြီး မီးလောင်ပြီးနောက် ထိုင်းဘက်မှ ကုန်ပစ္စည်းများ ပိုမိုတင်သွင်းနေရသည့် ယခုအချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးပိတ်ပင်ခြင်းကြောင့် ဈေးကွက်အတွင်း ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း မြ၀တီမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ခေတ်ပြိုင်သတင်းထောက် စိုးမိုး ရေးသားသည်။

Thursday, 15 July 2010

ရန်ကုန်တိုင်းတွင် ကြံ့ဖွံ့ပါတီရုံးများ ဖွင့်တော့မည်

ရန်ကုန်မြို့တွင် ယမန်နေ့က စတင်ကာ ကြံ့ဖွံ့အသင်းရုံးများအားလုံးကို ဆိုင်းဘုတ်ဖြုတ်နေပြီဖြစ်ကြောင်း ကြံဖွံ့ စည်းရုံးရေးမှူးတဦးက ပြောသည်။

သြဂုတ်လဆန်းပိုင်း၌ ရန်ကုန်တိုင်းတခုလုံးတွင် ကြံ့ဖွံ့ပါတီရုံးများကို ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရုံးခန်းကို ဖွင့်ပွဲလုပ်မယ် မလုပ်ဘူးတော့ ပြောမရသေးဘူး။ ကျနော်တို့ကတော့ စည်းရုံးရေးတွေ ဆင်းနေတာ နေ့တိုင်းပဲ၊ ဒါပေမယ့် လောလောဆယ် ပါတီအမည်ကို မသုံးဘဲလုပ်နေတာပါ” ဟု ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလတွင် ပြုလုပ်မည်ဟု အစောပိုင်းကပင် သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ထိ နအဖ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွေက ယခုနှစ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မည်ဟု အကြိမ်ကြိမ်ပြောဆိုမှုများကို နိုင်ငံပိုင်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

“ရွေးကောက်ပွဲကတော့ လုပ်ပါလိမ့်မယ်၊ ကျနော်တို့ သိရသလောက်တော့ အောက်တိုဘာမှာ မဟုတ်သေးဘူး၊ ဒီဇင်ဘာတောင် ဖြစ်သွားနိုင်တယ်လို့ကြားပါတယ်” ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ အရာရှိသူတဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ် ကျင်းပမည့်ရွေးကောက်ပွဲအတွက် ပါဝင်ကြမည့် ပါတီများကို စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် ဧပြီ (၂၈) ရက်မှ စတင်မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

Wednesday, 14 July 2010

စစ်အစိုးရအား တရားစွဲခြင်းသည် တွေ့ဆုံဆွေးနွေးမှုကို လမ်းပိတ်ခြင်းမဟုတ်ဟု ဒေါ်စုပြောကြား

မြန်မာစစ်အစိုးရအား တရားစွဲဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှ သွေဖည်သွားစေရန် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးအတွက် အန်အယ်လ်ဒီက လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“နအဖကို တရားစွဲနိုင်ဖို့ တရားရုံးဆီ နောက်တကြိမ် အခုလို စာတင်ဖို့ ပြင်ဆင်နေတာဟာ နအဖနဲ့ အန်အယ်လ်ဒီအကြား ရင်ကြားစေ့ရေးအတွက် ဒိုင်ယာလော့ ပိတ်ပင်လိုက်တာ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တခါးဖွင့်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ ဖြစ်ပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ၎င်း၏ရှေ့နေ ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ဝတ္တရားအတိုင်း ကျေပွန်စွာ ထမ်းဆောင်ခြင်းမရှိသည့် မြန်မာစစ်အစိုးရကို တရားစွဲဆိုနိုင်ရန် နောက်ထပ် ပြင်ဆင်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မှတ်ပုံတင်ပြီးသား ပါတီတခုအနေဖြင့် ဆက်လက်ရပ်တည်ခွင့်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဥပဒေအရ ဆက်လက်ရပ်တည်ခွင့်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တရားရုံးချုပ်သို့ ပြီးခဲ့သည့် ဧပြီ (၂၉) ရက်တွင် တရားစွဲဆို လျှောက်တင်ခဲ့သည်။ ယင်းသို့ တရားစွဲဆိုမှု (၂) မှုစလုံးကို လုပ်ထုံးလုပ်နည်းများနှင့် မှန်ကန်မှုမရှိသည့်အတွက် လက်မခံကြောင်း တရားရုံးချုပ်က မေ (၅) ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပယ်ချခဲ့မှုကို တရားဥပဒေနှင့်မညီသည့်အတွက် ဆက်လက် တရားစွဲဆိုသွားရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “သွားတွေ့ရင် အမှုကိစ္စကလွဲပြီး ဘာမှ မပြောရဘူးလို့ နအဖက ကန့်သတ်လာတဲ့အပေါ် ကန့်ကွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က နို့တစ်စာကြမ်း ရေးခိုင်းထားတယ်။ အဲဒီစာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတည်ပြုချက် ရပြီးရင် အမြန်ဆုံး တင်သွားမှာပါ။ ပြီးတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက နအဖကို တရားစွဲထားတဲ့ကိစ္စကို တရားရုံးက ပယ်ချတာဟာ တရားဥပဒေအရ လုပ်ခွင့်မရှိတဲ့အကြောင်း နောက်တကြိမ် တရားစွဲနိုင်ဖို့ နည်းစနစ်ကျကျ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အခြားအကြောင်းအရာများ မဆွေးနွေးရန် ပိုမိုတင်းကျပ်သော ကန့်သတ်မှုများကို ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်တွင် စစ်အစိုးရ အာဏာပိုင်တို့က စတင်သတိပေးလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအကြား တွေ့ခွင့်ရရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။

“ပထမအကြိမ် တရားစွဲဆိုတုန်းက တရားရုံးက ငြင်းခွင့်မရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အကြောင်းပြန်တာ မရှိသေးတော့ အခုတခါ နေပြည်တော်ဆီ စာရေးပြီး ဒီအမှုတွေကို ကြားနားပေးဖို့ တင်ပြတာ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေးအတွက်လည်း ၎င်း၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က လွန်ခဲ့သော ဇူလိုင် (၁၃) ရက် နေ့လယ်ပိုင်း၌ (၂) နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အန်အယ်လ်ဒီသည် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်း ပြောကြားမှုအပေါ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များက တရားဥပဒေအရ တရားဆိုစွဲနိုင်ရန် ပြင်ဆင်နေကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

စာရေးဆရာကြီးနန်းညွန့်ဆွေ ကွယ်လွန်

စာရေးဆရာကြီးနန်းညွန့်ဆွေ (၈၇) နှစ်သည် ယနေ့ ညနေ (၅) နာရီတွင် ရန်ကင်းရှိ တိုက် (၂၁၆) အခန်း (၆) နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး မနက်ဖြန် (၁၁) နာရီတွင် အသုဘချမည်ဖြစ်ကြောင်း သိရသည်။

အိမ်နီးနားချင်းဖြစ်သည့် ဖုန်းဖြေကြားသူ မသုန်သုန်က “မနေ့ကဆို လမ်းတွေ ဘာတွေ လျှောက်သေးတယ်။ မနေ့ညက နည်းနည်းဖျားနေတော့ မနက်မှာ စကားသိပ်မပြောနိုင်ဘူး။ နောက်သူ့ဆရာဝန်ကိုပြတော့ ဆရာကြည့်သွားပြီ ညနေပိုင်းမှာ အိပ်နေတာ။ တခါနိုးလာပြီး ထမင်းမစားချင်ဘူး အိပ်ပဲအိပ်ချင်တယ်ပြောပြီး နောက် ညနေ (၅) နာရီကျတော့ ဆုံးသွားတာ” ဟု ပြောသည်။

ဆရာကြီးဆုံးပါးချိန်တွင် အနား၌ သားဖြစ်သူ ဦးတေဇရှိနေကြောင်း၊ ယခုဖုန်းဆက်ချိန်တွင် ဦးတေက မနက်ဖြန် နာရေးကိစ္စအတွက် စီစဉ်ဆောင်ရွက်ရန် လုပ်ဆောင်နေသည့်အတွက် နေအိမ်တွင်မရှိကြောင်း မသုန်သုန်က ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ ဇနီးမှာ သခင်မ ဒေါ်လှကြည် (စာရေးဆရာမ ကြည်ဦး -ကွယ်လွန်) ဖြစ်ပြီး သားမောင်ဝဏ္ဏ၊ မောင်တေဇနှင့် မောင်သူရ (လူရွှင်တော် ဇာဂနာ) တို့ သုံးယောက်ရှိသည်။

မြစ်ကြီးနားထောင်တွင် ထိန်းသိမ်းခံနေရသည့် သားဖြစ်သူ ကိုဇာဂနာအား ဖခင်ဖြစ်သူ ဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်ကြောင်း အကြောင်းကြားရန် ဖုန်းအဆက်အသွယ်လုပ်နေကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။

၎င်းက “အခုထိတော့ ကျမ မြစ်ကြီးနားထောင်ကို အဆက်သွယ်လုပ်နေတာတော့ လုံးဝဖုန်းလိုင်းမကောင်းသေးဘူး။ မရသေးဘူး။ ကျမ မြစ်ကြီးနား သတင်းတပ်ဖွဲ့ကိုတော့ အကြောင်းကြားပြီးပါပြီ” ဟု ပြောသည်။

ဆရာကြီးနန်းညွန့်ဆွေ၏ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရပ်သာရွာ၌ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ဆင်မြီးဆွဲမြို့ မူလတန်းကျောင်း၊ သဲကုန်းမြို့ အလယ်တန်းကျောင်း ပုတီးကုန်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်သို့ ဆင်းလာပြီး ဂျပန်ကျောင်းတက်ရင်း တရားရေးဝန်ကြီးဌာနတွင် စာရေးလုပ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေး ဖြစ်သောအခါ ဆင်မြီးဆွဲသို့ပြန်၍ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

၁၉၄၈-၅၃ ခုနှစ်များအတွင်း ပထမပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇာတ်ဌာနခွဲတို့တွင် ပြဇာတ်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် မေတ္တာ တေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလား ရာဇဝင်၊ ဆုံးမစာ ပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်များကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့သည်။

ဂီတဝါသနာရှင်တဦးဖြစ်၍ ခေတ်ဟောင်း၊ ခေတ်သစ်ဂီတ ဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ စာအုပ်များကိုလည်း ရေးသား ပြုစုခဲ့သည်။ နိုင်ငံရေး သီချင်းများစာတမ်း၊ ကုန်းဘောင်ခေတ် စာဆိုများ စာတမ်း၊ လက်ဝဲနော်ရထာနှင့် လက်ဝဲသုန္ဒရ ရှင်တမ်း၊ မြန်မာ့ယဉ်ကျေးမှု စာတမ်းများကို ရေးသားဖတ်ကြားခဲ့သည်။

မဟာဂီတသီချင်းအဖွင့် (ပထမပိုင်းနှင့် ဒုတိယပိုင်း) ကို ရေးသားခဲ့သည်။ မဟာဂီတ သမဉ္ဇရီ အဖွင့်ကျမ်းကို ရေးခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း အမှုဆောင်နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ကြံ့ဖွံ့ပါတီသို့ အတင်းအဓမ္မ၀င်ခိုင်း

အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းကို ကြံ့ဖွံ့ပါတီ ၀င်ခိုင်းနေပြီး ပါတီဝင်ရန် တဦးလျှင် ၀င်ကြေး (၁,၀၀၀) ကျပ်ပါ ပေးသွင်းရကြောင်း ရန်ကုန်မြို့ သတင်းရပ်ကွက်များမှ သိရသည်။

“ကျနော်တို့ တောင်ဥက္ကလာပ မြို့နယ်မှာတော့ တယောက်ကို (၁) ထောင်စီပေးရတယ်။ ပါတီဝင်ကြေးပေါ့။ ကျနော်က မ၀င်ချင်ဘူး၊ ဒါပေမယ့် ကျနော့်အဒေါ် ယောက်ျားက ကြံ့ခိုင်ရေးက မြို့နယ်စည်းရုံးရေးမှူးဆိုတော့ အဖေကလည်း ၀င်ခိုင်းတာနဲ့ ၀င်ရတာ။ ကျနော်စိတ်မ၀င်စားဘူး” ဟု ဒဂုံတက္ကသိုလ်မှ ပထမနှစ်ကျောင်းသားတဦးက ပြောသည်။

ထိုသို့ ပါတီဝင်ကြေးငွေ ပေးသွင်းရသော်လည်း ပါတီဝင်ကတ်ကို နောက်လတွင်မှ ထုတ်ပေးမည်ဟု ပြောဆိုကြောင်း ၎င်းက ပြောသည်။

လူမှုရေးအသင်းအဖြစ် သိထားကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ယခု ပါတီအသွင်ပြောင်းလိုက်သည့်အတွက် ပြည်သူများက ကြံ့ဖွံ့ကို ယခုအခါ အသင်းလား၊ ပါတီလားဟူ၍ မကွဲပြားကြဘဲ အယုံအကြည်မရှိကြကြောင်း၊ သို့သော် ကြံ့ဖွံ့သည် လက်ရှိအစိုးရ၏ အဖွဲ့ခွဲတခုဖြစ်သည်ကိုမူ အားလုံးက လက်ခံ ထားကြကြောင်း သိရသည်။

ရန်ကုန်မြို့ခံ ကုန်သည်တဦးက “ကျနော်တို့ကတော့ ကြံ့ဖွံ့ဘာလုပ်လုပ် နအဖပဲလေ။ အဲဒါက ကျနော်မှမဟုတ်ဘူး၊ လူတိုင်းသိတာပဲ။ ကြံ့ဖွံ့က ရွေးကောက်ပွဲမှာ ပါတီအနေနဲ့သာ ပါမယ်ပြောတာ၊ အခုထိလည်း ပါတီပါလို့ တရားဝင် မကြေညာဘူး။ နှစ်ပေါက်တပေါက် ရိုက်နေတာ” ဟု ပြောသည်။

ယခုတည်ထောင်လိုက်သည့် ကြံ့ဖွံ့ပါတီက ယခင်အသင်းသားများကိုပါ ပါတီဝင်အဖြစ် စည်းရုံးကာ အသင်းဝင်ကတ်အပြင် ပါတီဝင်ကတ်ပြောင်းပေးရန်လည်း စီစဉ်နေကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးအသင်းဝင်တဦးက ပြောသည်။

“ဒီလကုန်ရင်တော့ ပါတီကတ်တွေပေးတော့မယ်တဲ့၊ အခုတော့ ကျနော်တို့က အသင်းဝင်ကတ်ပဲ ရှိသေးတယ်။ ပါတီဝင်ကတ် ပြောင်းရမှာတဲ့ ပါတီဝင်ဖြစ်သွားလို့” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင်ရှိသော မြို့နယ် (၄၅) မြို့နယ်လုံးတွင် ကြံ့ခိုင်ရေးက တပတ်လျှင် တကြိမ်စီ စည်းရုံးရေးဆင်းပြီး ပါတီဝင်များ ဖြစ်လာရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးမှ အလုပ်အမှုဆောင်တဦးက ပြောသည်။

၎င်းက “စည်းရုံးရေးကတော့ အပတ်တိုင်းရှိတယ်။ မြို့နယ်တွေမှာကျတော့ ရပ်ကွက်လူကြီးတွေကိုပဲ ပါတီဝင်တွေ ရဖို့ကို မြို့တော်ဝန်ကပြောတယ်၊ ဖိအားပေးတယ် ဆိုပါတော့။ အဲဒီတော့ မြို့နယ်က ရယက၊ မယက စတာတွေလည်း အမုန်းခံပြီး စည်းရုံးကြတာပေါ့။ တကယ်တော့ စေတနာနဲ့ အသင်းဝင်တာ ပါတီဝင်တာတွေကတော့ ကြံ့ခိုင်ရေးဘ၀မှာ မရှိပါဘူး” ဟု ပြောသည်။

ကြံ့ခိုင်ရေးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ရှိ ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များကို ဖြုတ်ချခဲ့သည်။ မကြာမီတွင် ပါတီ ရုံးခန်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

ရွေးကောက်ပွဲကြောင့် တက္ကသိုလ်တွင် တက်သုတ်ရိုက် စာသင်နေရ

ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည် ဖြစ်သောကြောင့် တက္ကသိုလ် စာမေးပွဲများ စောစစ်နိုင်ရန် သင်ခန်းစာများကို တက်သုတ်ရိုက် သင်ကြားနေရကြောင်း ဒဂုံတက္ကသိုလ်မှ သမိုင်းဘာသာရပ် နည်းပြဆရာမတဦးက ပြောသည်။

၎င်းက “ကျမတို့ အထက်ညွှန်ကြားချက်အရ သင်ခန်းစာတွေကို သြဂုတ်လဆန်းပိုင်း အပြီးသင်ရမယ်လို့ ဆိုတယ်။ ပုံမှန်အားဖြင့် စက်တင်ဘာလဆန်းအထိ သင်ပြီး စက်တင်ဘာလလယ်ဆို စာမေးပွဲတွေ စစ်တယ်။ ဘယ်တော့ စာမေးပွဲစစ်မယ်ဆိုတာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ မရှိသေးပေမယ့် အကယ်၍ စာမေးပွဲ စောစစ်ခဲ့ရင် အဆင်သင့်ဖြစ်နေဖို့ သင်ခန်းစာတွေ အမြန်ပြီးစီးအောင် သင်နေရတယ်၊ ကလေးတွေကတော့ စာ သိပ်မလိုက်နိုင်ကြဘူးပေါ့” ဟု ပြောသည်။

အဆိုပါ တက္ကသိုလ်တွင် ရူပဗေဒဘာသာ အဓိကဖြင့် ဒုတိယနှစ် တက်နေသူ ကျောင်းသားတဦးကလည်း သင်ခန်းစာများကို အမြန်သင်နေကြောင်း၊ ဆရာများကိုယ်တိုင်က အတိအကျ မဟုတ်သော်လည်း ရွေးကောက်ပွဲကြောင့် စာမေးပွဲ စောစစ်နိုင်သည်ဟု သတင်းထွက်နေကြောင်း ပြောသည်။

မြန်မာနိုင်ငံတက္ကသိုလ် ပညာရေးစနစ်တွင် ဂျီတီစီဟုခေါ်သည့် နည်းပညာကောလိပ် တက္ကသိုလ်တို့သည် ပုံမှန်အားဖြင့် စက်တင်ဘာလဆန်းခန့်၌ အတန်းဆုံး စာမေးပွဲဖြေကြရသည်။

ဝိဇ္ဇာသိပ္ပံ ဘာသာတွဲ တက္ကသိုလ်တက်နေသည့် ကျောင်းသူကျောင်းသားများမှာ ပုံမှန်အားဖြင့် စက်တင်ဘာလလယ်နှင့် တတိယပတ်ခန့်တွင် အတန်းဆုံး စာမေးပွဲ ဖြေကြရပြီး အောက်တိုဘာ ပထမပတ်တွင် သိပ္ပံဘာသာတွဲနှင့် အဝေးသင် တက်ရောက်နေသည့် ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုကြရသည်။

နိုဝင်ဘာ နောက်ဆုံးပတ်တွင် ဝိဇ္ဇာဘာသာတွဲ အထူးပြု အဝေးသင်တက္ကသိုလ် ကျောင်းသားများ စာမေးပွဲ ဖြေကြရပြီး သမိုင်းအပါအဝင် အချို့ဘာသာရပ် ဖြေဆိုသူများမှာ ဒီဇင်ဘာ၌ စာမေးပွဲ ဖြေကြရသည်။

ပြီးခဲ့သည့် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားစဉ်က နေ့ကျောင်းများကို စာမေးပွဲ စောစစ်ခဲ့ပြီး အဝေးသင်တက္ကသိုလ်များကိုမူ နောက်ကျမှ စစ်ဆေးခဲ့ကာ အချို့ အဝေးသင်တက္ကသိုလ် စာမေးပွဲများကို ၂ဝဝ၈ ဇန်နဝါရီလကျမှ စစ်ဆေးနိုင်ခဲ့သည်။

တက္ကသိုလ်တို့တွင် သင်ခန်းစာပြီးဆုံးစေရန် စာတွန်းသင်နေသည့်အတွက် ရန်ကုန်မြို့မှ အငြိမ်းစား သမိုင်းနည်းပြ ဆရာတဦးက “မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဟာ သင်ရိုးက မြင့်နေပြီး ဆရာတွေရဲ့ သင်ကြားမှုနဲ့ ကျောင်းသားတွေရဲ့ တတ်မြောက်မှုက အလွန်နိမ့်နေတယ်။ နိုင်ငံတကာအဆင့်အတန်းနဲ့ နှိုင်းယှဉ်လို့ မရဘူး။ ဒီကြားထဲ ခုလို အာဏာပိုင်တွေက အကြောင်းတခုခု ပေါ်လာတိုင်း စာတွေ တွန်းသင်၊ ကျောင်းတွေ စောပိတ် လုပ်တာမျိုးကြောင့် ပညာသင်ကြားရေးကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေတယ်” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပါတီများကို ဧပြီ (၂၈) ရက်နေ့က စတင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အစောဆုံး မှတ်ပုံတင်ထားသည့်ပါတီ ဆိုလျှင် (၃) လနီးပါး ရောက်ပြီဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ယနေ့တိုင် မကြေညာသေးပေ။

ရွေးကောက်ပွဲကော်မရှင်က ယင်းသို့ တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာစစ်အစိုးရသည် လာမည့်အောက်တိုဘာ (၁၀) ရက်တွင် ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြီးခဲ့သည့်ဇွန်လအတွင်း ၀ါရှင်တန်ဒီစီရှိ အထက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အာရှအဖွဲ့ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် မျိုးဝင်းဇော် ရေးသားသည်။

ဧည့်နိုင်ငံသားနှင့် နိုင်ငံသား (ပြု) ကတ်များ တရုတ်လူမျိုးများကို ထုတ်ပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ တရုတ်လူမျိုးများအား ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲထည့်နိုင်ခွင့်ရရှိရန် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရကတ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်သည့်အနေဖြင့် ပြုလုပ်ပေးနေသည်။

ကြံ့ဖွံ့ဗဟိုခေါင်းဆောင်တဦးလည်းဖြစ်သူ ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေ၏ ဆွေးမျိုးတော်စပ်သူ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ နေအိမ်တခုတွင် တရုတ်လူမျိုးများအား ယမန်နေ့မှစ၍ ပြုလုပ်ပေးနေကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။

၎င်းက “FRC (Foreigner Registration Certificate) ကိုင်ထားတဲ့ မြန်မာပြည်ပေါက် တရုတ်တွေကို လုပ်ပေးတာ။ အခုက ဒုတိယအကြိမ်လုပ်တာပေါ့။ လာမယ့်သောကြာနေ့အထိ လုပ်မယ်လို့ ပြောတယ်။ ပထမ တကြိမ်တုန်းက ဖောင်ဖြည့်ပြီးတဲ့ သူတွေက ဧည့်နိုင်ငံသားကတ်တို့၊ နိုင်ငံသား (ပြု) ကတ်တွေရပြီ။ တရုတ်တွေက အများကြီးရှိတာ။ အသက် (၁၈) နှစ်ပြည့်ပြီး မဲထည့်နိုင်တဲ့ တရုတ်တွေ ရာချီ၊ ထောင်ချီရှိတယ်။ အဲဒီ မဲတွေ ကြံ့ဖွံ့ ရနိုင်တာပေါ့” ဟု ပြောသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ အဆိုပါနေအိမ်တွင် တရုတ်လူမျိုးများအား ဧည့်နိုင်ငံသားကတ်နှင့် နိုင်ငံသားပြုခွင့်ရကတ်များ ထုတ်ပေးရန်အတွက် ကိုယ်ရေးအချက်အလက်အပါအဝင် မိသားစု၊ ဆွေမျိုးသားချင်းတို့၏ အချက်အလက်ဖောင်များ ကောက်ယူခဲ့ပြီးဖြစ်သည်။ ထိုအချိန်က ဖောင်များ ကုန်သွားသဖြင့် မလုပ်လိုက်ရဘဲ ကျန်နေသည့်သူများအား ယခု ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း မိုးကောင်းမြို့ခံတဦးက ပြောသည်။

မြန်မာပြည်ပေါက် တရုတ်များသည် FRC လက်မှတ်များ ကိုင်ဆောင်ခွင့်ရပြီး နိုင်ငံတော်သို့ နှစ်စဉ် အခွန်ဆောင်နေရသည်။ ၎င်းတို့သည် မဆလခေတ် မဲဆန္ဒပေးပွဲများနှင့် ၁၉၉ဝ ရွေးကောက်ပွဲတို့တွင် မဲပေးပိုင်ခွင့်မရှိခဲ့ဘဲ ယခု ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် အခွင့်အရေး ရရှိလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ တရုတ်အမျိုးသားတဦးက ပြောသည်။

နအဖ၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်များရှိလျှင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

ပြည်တွင်းတွင် ဗိုင်းရပ်စ်ဖျက် စီဒီချပ်များ အရောင်းသွက်

ကွန်ပျူတာတွင်းရှိ အချက်အလက်များ ပျက်စီးဆုံးရှုံးသည်အထိ တိုက်ခိုက်နေသည့် ဗိုင်းရပ်စ်အသစ်များ ယခုရက်ပိုင်းတွင် ဆက်တိုက် ပေါ်ထွက်လာသောကြောင့် အင်တာနက် သုံးစွဲနိုင်မှု ကန့်သတ်ထားသည့် ပြည်တွင်း၌ အဆိုပါဗိုင်းရပ်စ် ဖျက်ပေးသည့် Anti-Virus Software စီဒီများ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။

“အခုတလော ဗိုင်းရပ်စ်တွေ သောင်းကျန်းနေတော့ ဒီဗိုင်းရပ်စ်တွေကို ဖျက်ဖို့ Software တွေ အတော်ရောင်းကောင်းတယ်။ အင်တာနက်ဆိုင်တိုင်းမှာ ဒီ Software တွေကို ကျပ် (၅၀၀)၊ (၆၀၀) အဲဒီလို ရောင်းတာ။ ဒီလဆန်းပိုင်းကစပြီး ကျနော်တို့ဆိုင်မှာ စီဒီအချပ်ပေါင်း (၂၀၀) ကျော် ရောင်းခဲ့ရတယ်။ တခါမှ ဒီလို မဖြစ်ခဲ့ဖူးဘူး” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် ဝန်ထမ်းတဦးက ပြောသည်။

ဇူလိုင် (၁) ရက်မှ စ၍ ကွန်ပျူတာ Data များကို ပျက်စီးစေသည့် Worn အမျိုးအစား ဗိုင်းရပ်စ်များသည် ပြည်တွင်း၌ လျင်မြန်စွာ ပျံ့နှံ့နေသဖြင့် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးစေကာ အင်တာနက်ဆိုင်အချို့လည်း ဆုံးရှုံးမှုအနည်းငယ် ရှိနေကြောင်း သိရသည်။

ကွန်ပျူတာ ဝန်ဆောင်မှုပေးနေသူ ရန်ကုန်မြို့မှ ကိုသိန်းဝင်းဇော်က “ကျနော်တို့ပြည်တွင်းမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တခုခုဖြစ်ရင် အင်တာနက်ကို အားကိုးလို့မရတော့ စီဒီအခွေတွေက အရေးပါနေတာပေါ့။ အခု ပျံ့နေတဲ့ ဗိုင်းရပ်စ်တွေက အီးမေးလ်၊ ချက်တင်၊ ဖိုရမ်တွေကနေ ဝင်လာတာ။ နောက်ပြီး USB Drive ကနေလည်း ဝင်တယ်။ အင်တာနက်ပေါ်ကနေ Zip ဖိုင်၊ Rar ဖိုင်တွေနဲ့ နာမည်ကြီး မင်းသမီးတွေရဲ့ ဗွီဒီယိုဖိုင်တွေ ဆိုပြီး လူငယ်တွေကို ပစ်မှတ်ထားပြီး ဖြန့်နေတာဖြစ်တယ်” ဟု ရှင်းပြသည်။

မြန်မာ့ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် မကွေးအက်ဖ်စီ ဘောလုံးအသင်း၏ အမည်ကို အသုံးပြု၍ ရေးဆွဲထားသော မကွေးအက်ဖ်စီ ဗိုင်းရပ်စ်သည် ပြည်တွင်း ဟက်ကာများက ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားသော ဗိုင်းရပ်စ် ဖြစ်သည်ဟု ယူဆရပြီး အဆိုပါ ဗိုင်းရပ်စ်သည် ကွန်ပျူတာတခုလုံးကို ထိန်းချုပ်ထားနိုင်ကြောင်း ကိုသိန်းဝင်းဇော်က ပြောသည်။

၎င်းက “မကွေးအက်ဖ်စီ ဗိုင်းရပ်စ်ထိတဲ့ ကွန်ပျူတာဟာ လေးသွားတယ်။ သူဝင်မှန်း သိသာတာက Start Menu မှာ မကွေးအက်ဖ်စီ ဘောလုံးအသင်းရဲ့ Logo တံဆိပ်က နေရာယူလိုက်တယ်။ သူက exe ဖိုင် ဖြစ်နေတော့ vbs script တွေ အလုပ်မလုပ်တော့ဘူး။ ပိုဆိုးတာက Folder ထဲက ဖိုင်တွေကို သူ ဖျောက်လိုက်ပြီး exe ဖိုင်အနေနဲ့ အစားဝင်လာတယ်။ Program တွေ Run လို့မရဘူး။ သူ့ကို ဖျက်ပြီးသွားရင်လည်း ကွန်ပျူတာကို ပုံမှန်ပြန်ရဖို့ အများကြီး လုပ်ရသေးတယ်။ တော်တော်ဆိုးပါတယ်” ဟု ရှင်းပြသည်။

အင်တာနက် အခက်အခဲကြောင့် ယခင်ကတည်းက ရောင်းအားကောင်းနေသည့် Anti ဗိုင်းရပ်စ်ပရိုဂရမ်များအတွက် Update လုပ်ပေးသည့် စီဒီအချပ်များလည်း ယခုအခါ ရောင်းအားတက်လာကြောင်း မော်လမြိုင်ရှိ ကွန်ပျူတာ Software ရောင်းချသူတဦးက ပြောသည်။

၎င်းက “ဒီမော်လမြိုင်ဘက်မှာလည်း မကွေးအက်ဖ်စီ ဗိုင်းရပ်စ် ထိတာ များတယ်။ ဆိုင်ကိုပဲ လာပို့ကြတယ်။ ဗိုင်းရပ်စ် စီဒီတွေအပြင် Anti ဗိုင်းရပ်စ် Update စီဒီတွေ ရောင်းအား အရမ်းကောင်းလာတယ်။ အရင်က အဲဒီ စီဒီတစ်ချပ်ကို ကျပ် (၅၀၀)၊ အခု (၇၀၀) နဲ့ ရောင်းတယ်” ဟု ပြောသည်။

မကွေးအက်ဖ်စီ ဗိုင်းရပ်စ်ကို ဖယ်ရှားရန် MGY Virus Removal Tools စာသားဖြင့် အွန်လိုင်းမှတဆင့် ရှာဖွေရန် လွယ်ကူသော်လည်း လူသုံးများသည့် Facebook, Ning စသည့် ဆိုရှယ်ဝက်ဘ်ဆိုက် အသုံးပြုသူများအနေဖြင့် အချင်းချင်း မျှဝေသည့် ဖိုင်များအား Download ပြုလုပ်ရာတွင် သတိပြုရန် လိုအပ်ကြောင်းလည်း ကိုသိန်းဝင်းဇော်က ဆိုသည်။

ယင်းဗိုင်းရပ်စ်များ ပျံ့နှံ့ခဲ့မှုကြောင့် ပြည်တွင်း၌ ကွန်ပျူတာရှိ သတင်းအချက်အလက်များ ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာပို့စ် သတင်းဂျာနယ်က ဇူလိုင် (၁၃) ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ယခု ထွက်ပေါ်လာသည့် ဗိုင်းရပ်စ်များသည် ယခင်က ပေါ်ခဲ့ဖူးသည့် လွိုင်ကော်၊ သရက် ဗိုင်းရပ်စ်များနှင့် ဖျက်ပုံ ဆင်တူကြောင်း ပြည်တွင်းအိုင်တီလောကသားတို့က ခန့်မှန်းကြသည်။

မကွေးဗိုင်းရပ်စ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်ကို http://www.myanmaritmen.com/antivirus/mgy-virus (သို့မဟုတ်) http://slip-meepyatite.blogspot.com/2010/07/most-popular-virus-in-myanmar-family.html တို့တွင် လေ့လာနိုင်သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

Tuesday, 13 July 2010

ဘီပိုးကာကွယ်ဆေးအတွက် ဆေးခန်းကိုသာ အားထားနေရ

မြန်မာနိုင်ငံတွင် ကူးစက်မှုအများဆုံး ရောဂါတခုဖြစ်သည့် ဘီပိုး ခေါ် အသည်းရောင်အသားဝါ (ဘီ) ရောဂါဖြစ်ပွားသူများသည် ကာကွယ်ဆေးအတွက် ကုန်ကျစရိတ် မြင့်မားသော ပြင်ပဆေးခန်းများကိုသာ အားထားနေကြရသည်ဟု သိရသည်။

ကျန်းမာရေးဌာနက ကျေးလက်ဒေသများတွင် အခကြေးငွေ သက်သာစွာ ကာကွယ်ဆေးထိုးပေးသော်လည်း ပြည်တွင်းထုတ်ဆေးထက် အာနိသင်ကောင်းသည့် နိုင်ငံခြားမှသွင်းသည့် ဘီပိုး ကာကွယ်ဆေးများကို ဝေဒနာရှင်များက ပြင်ပဆေးခန်းများတွင် သွားရောက်ဆေးထိုးကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ အသည်းအထူးကု ဆရာဝန်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နိုင်ငံခြားက သွင်းလာတဲ့ ဘီပိုး ကာကွယ်ဆေးတွေက ပြည်တွင်းထုတ်ဆေးထက် အာနိသင်ကောင်းကြတော့ လူတွေက ပြင်ပဆေးခန်းတွေမှာပဲ ထိုးကြတာများတယ်။ ဒါပေမယ့် ပြင်ပဆေးခန်းတွေမှာ တခါထိုးရင် ကျပ် (၆,၀၀၀ - ၇,၀၀၀) အထိကုန်တော့ လူတိုင်း မထိုးနိုင်ပြန်ဘူး” ဟု ပြောသည်။

ဘီပိုး ကာကွယ်ဆေးမထိုးခင် သွေးစစ်ဆေးရန် လိုအပ်ပြီး သွေးစစ်ခမှာ ငွေကျပ် သောင်းဂဏန်းခန့်ရှိသည်အတွက် အဆိုပါ ရောဂါကာကွယ်ဆေးထိုးရန် စရိတ်ကြီးကြောင်း၊ မိသားစုအလိုက် ကာကွယ်ဆေးထိုးရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘီပိုးရောဂါ တိုက်ဖျက်ရေး မအောင်မြင်သေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်တွင်း၌ ဘီပိုးကာကွယ်ဆေးများကို တနှစ်လျှင် အလုံးရေ (၃) သိန်းသာ ထုတ်လုပ်နိုင်သဖြင့် ပြင်ပဆေးခန်းများအနေဖြင့် ပြည်ပမှ တင်သွင်းသော ဘီပိုး ကာကွယ်ဆေးများကိုသာ အားကိုးနေကြရကြောင်း၊ ပြည်တွင်းထုတ် ဘီပိုး ကာကွယ်ဆေး တံဆိပ် (၂) မျိုးအနက် Hepatitis ‘B’ Vaccine မှာ အစိုးရဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက်သာဖြစ်ပြီး Livovax ‘B’ တံဆိပ်ဖြင့် ထုတ်လုပ်သော အခြားကာကွယ်ဆေးတမျိုးကို ပြင်ပဈေးကွက်သို့ ဖြန့်ဖြူးကြောင်း အဆိုပါ အထူးကုဆရာဝန်က ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း (၆၀) အနက် (၆) သန်းမှာ အသည်းရောင် အသားဝါ (ဘီ) ရောဂါ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဘီပိုးကာကွယ်ဆေးကို ပထမ တကြိမ်ထိုးပြီး နောက်တလတွင် ဒုတိယအကြိမ်၊ နောက် (၅) လတွင် တတိယအကြိမ် ခွဲကာ (၃) ကြိမ် ထိုးရသည်။

အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးထိုး ဆေးခန်းကို မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်) တွင် ပြီးခဲ့သည့် ဇွန် (၂၅) ရက်မှစတင် ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ ဆေးဝါး ပြတ်လပ်နေကြောင်း ဆေးထိုးရန် သွားရောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “အဲဒီဆေးခန်း ရောက်သွားတော့ ဆေးပြတ်နေတယ်လို့ ပြောတယ်။ အဲဒီဆေးခန်းမှာက သွေးစစ်တာ (၁,၅၀၀) ကျပ်၊ ကာကွယ်ဆေး တခါအတွက် (၂,၂၀၀) ကျပ်ပဲ ကုန်မယ်ဆိုလို့ သွားတာ။ ဆေးခန်းက မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ဖွင့်တယ်။ ဟိုရောက်တော့ ထိုးဖို့ ဆေးမရှိဘူးတဲ့” ဟု ပြောသည်။

ထိုဆေးခန်းတွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမှတ် (၇) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံရှိ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းမှ ထုတ်လုပ်သော ပြည်တွင်း ဘီပိုးကာကွယ်ဆေးများကို ထိုးပေးခြင်းဖြစ်သည်။

ဗဟိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) အဆိုအရ ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ အသိပညာလေ့လာမှု အားနည်းနေခြင်း၊ ဆေးဝါးအာနိသင် ထိရောက်မှုမရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၌ ဘီပိုးရောဂါ ကူးစက်ပြန့်ပွားမှုမှာ မြင့်မားနေဆဲ ဖြစ်ပြီး အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုးကြောင့် အသည်းကင်ဆာရောဂါ အဖြစ်များကြောင်း သိရသည်။

အသည်းရောင်အသားဝါ (ဘီ) ပိုးရောဂါသည် Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် လူလူချင်း ကူးစက်သည့် အပြင်းစား ရောဂါတမျိုးဖြစ်ပြီး အသည်းကင်ဆာ၊ အသည်းခြောက်ရောဂါ၊ အသည်းအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေနိုင်ကာ မိခင်မှ ကလေးသို့၊ သွေး၊ ဆေးထိုးအပ်၊ ခန္ဓာကိုယ်တွင်းမှထွက်သော အရည်များ၊ လိင်ဆက်ဆံခြင်းတို့မှတဆင့် ရောဂါကူးစက်နိုင်ပြီး HIV ရောဂါပိုးထက် အဆ (၁၀၀) ပို၍ ကူးစက်လွယ်သော ရောဂါဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

လေဆင်နှာမောင်းဒဏ်ခံရသူများ အိုးအိမ်မဲ့ဖြစ်

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် လေဆင်နှာမောင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား ကယ်ဆယ်ရေးစခန်း သီးသန့်ဖွင့်မပေးသည့်အတွက် လတ်တလော၌ နေစရာအခက်အခဲဖြစ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဇူလိုင် (၈) ၇က် ညနေ (၆) နာရီခွဲကျော်က တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် ဒေသခံ လူ (၂၀၀) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရာတွင် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ဖွင့်မပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “ကယ်ဆယ်ရေးစခန်းဆိုတာကတော့ လိုတယ်။ လူပေါင်းရာနှင့်ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်တာကို ကယ်ဆယ်ရေးစခန်း မဖွင့်ဘဲထားတာက လှူချင်သူတွေအနေနဲ့လည်း ဘယ်မှာသွားလှူရမယ်ဆိုတာ မသိကြသလို ဒီအတိုင်းထားတော့ ဘာမှ ဖြစ်မသွားသလို ပုံစံမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

လေဆင်နှာမောင်းသည် အဆိုပါမြို့နယ်မှ သမင်ခြံ၊ တာတိုက်နှင့် ထန်းတပင်ကျေးရွာတို့ကို (၅) မိနစ်ခန့် ၀င်ရောက်သွားခြင်းဖြစ်သည်။

“တိုက်တဲ့အချိန်က (၅) မိနစ်လောက်ပဲကြာတယ် အားလုံးကုန်ရော။ ၀ါးနဲ့ ဆောက်ထားတဲ့အိမ်တွေဆိုရင် အားလုံးကုန်။ ဘာမှမကျန်လိုက်ဘူး” ဟု ကော့မှူးမြို့နယ် ဒေသခံတဦးက ပြောသည်။

လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်အမိုးလန်သွားခဲ့သည့် အိမ်များနှင့် လုံးဝပျက်စီးသွားသည့် အိမ်များမှ မိသားစုများသည် အခြားဆွေမျိုး၊ မိတ်ဆွေတို့အိမ်တွင် ခိုကပ်နေထိုင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ တာဝန်ရှိသူတဦးက ၎င်းတို့အနေဖြင့် လေဆင်နှာမောင်းတိုက်သွားသော ဒေသသို့ သွားရောက်ကာ တာပေါ်လင်များ၊ တကိုယ်ရေသုံးပစ္စည်းများ၊ ဓာတ်ဆားထုတ်များ၊ ရေသန့်ဆေးပြားများ၊ စောင်များ စသည်တို့ကို ဝေငှပေးခဲ့ကြောင်း ပြောကြားသည်။

ကယ်ဆယ်ရေးစခန်း မဖွင့်သည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ဒေသခံတို့အနေဖြင့် ရေရှည်တွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။

“ကျမတို့အိမ်က မကောင်းပါဘူး။ အားလုံးလည်း သိကြပါတယ်၊ ဓနိမိုးအိမ်တွေပါ။ ဒါပေမယ့် အိုးခွက်ပန်းကန်ကအစ နေရာအတည်တကျဖြစ်နေတာ အခုလို အိုးမဲ့အိမ်မဲ့ဖြစ်သွားတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့” ဟု လေဆင်နှာမောင်းကြောင့် အိမ်ပြိုကာ မြေပြင်သာကျန်ခဲ့သည့် လယ်စာရင်းငှားလုပ်နေသူ အမျိုးသမီးတဦးက ပြောသည်။

ယင်းဒေသတွင် လေဆင်နှာမောင်းတိုက်သည့်နေ့က ရန်ကုန်တွင်လည်း မိုးကြိုးများပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ အချိန် (၂) နာရီခန့် ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့မှာ၂၀၀၆ ခုနှစ် နောက်ပိုင်း ပြောင်းလဲလာသော ရာသီဥတုဖြစ်သည့် မုတ်သုန်မမှန်ခြင်း၊ မုတ်သုန်မကြာခဏ အားပျော့ခြင်းကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဌာနဆိုင်ရာ လုပ်ငန်းအစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိရေး ထိုင်းဝန်ကြီးထံ စာတင်

ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်မှုများကို လျော်ကြေး ပေးအပ်ရန်အတွက် ထိုင်းအလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့ (၁၄) ဖွဲ့က ဦးဆောင်ကာ ထိုင်းအလုပ်သမားဝန်ကြီးထံသို့ ယမန်နေ့က တောင်းဆိုလွှာတစောင် တင်သွင်းလိုက်သည်။

ယင်းတောင်းဆိုလွှာတွင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ အလွန်နိမ့်ကျ ယိုယွင်းနေကြောင်း၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု ဖြစ်ပွားသည့်အခါတွင် အလုပ်သမားလျော်ကြေး ငြင်းပယ်ခံနေရကြောင်းတို့ကို ဖော်ပြထားသည်။

၁၉၉၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီးဖြစ်သော အလုပ်သမားလျော်ကြေး ဥပဒေ၏ ရည်ရွယ်ချက်သည် မည်သည့်နိုင်ငံသား အလုပ်သမားပင်ဖြစ်စေ လုပ်သားအားလုံးကို ကာကွယ်ပေးရန်နှင့် လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများအတွက် လျော်ကြေးပေးအပ်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါအခွင့်အရေးကို ရွှေ့ပြောင်းအလုပ်သမား အများအပြား ယခုတိုင် ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်းလည်း တောင်းဆိုလွှာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်ထိခိုက်လျော်ကြေးရန်ပုံငွေ ရရှိရေးအတွက် ခွဲခြားထားသော စည်းမျည်းစည်းကမ်းများကို ပယ်ဖျက်ပေးရန်နှင့် လုပ်ငန်းခွင်ထိခိုက်လျော်ကြေး ရန်ပုံငွေရရှိရေးအတွက် အခွင့်အရေးများ အသေအချာရရှိစေရန် အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂများ၊ အန်ဂျီအိုများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင်ပါဝင်သော နည်းဗျူဟာများရေးဆွဲရန် တောင်းဆိုကြောင်း သိရှိရသည်။

ထိုတောင်းဆိုလွှာ တင်သွင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ အန်ဒီဟောလ်က “အလုပ်သမားဝန်ကြီးဌာနရဲ့ ဥပဒေနည်းလမ်းမကျဘဲ ခွဲခြားမှုရှိတဲ့ မူဝါဒကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေဟာ လုပ်ငန်းခွင်မတော်တဆ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း အကာအကွယ်မဲ့နေရပြီး လုပ်သားလျော်ကြေးငွေ လက်ခံရရှိဖို့ကိုလည်း လက်ရှိအခြေအနေမှာ ဆက်လက်ငြင်းပယ်ခံနေရပါတယ်” ဟု ပြောဆိုသည်။

နိုင်ငံတကာဥပဒေများအောက်တွင် နည်းလမ်းမကျသည့် ခွဲခြားမှုများကို ထိုင်းအစိုးရအနေဖြင့် ရပ်ဆိုင်းပစ်ရန် အလုပ်သမားသမဂ္ဂများက အိုင်အယ်လ်အိုကို တောင်းဆိုသကဲ့သို့ အန်ဂျီအိုများကလည်း ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုပြီးသည့်နောက်တွင် အလုပ်သမားဝန်ကြီးဌာနက မတော်တဆထိခိုက်မှုဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီတခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါကိစ္စကို အလုပ်သမားရေးအဖွဲ့များက သဘောမတူသည့်အတွက် ယမန်နေ့က တောင်းဆိုလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အန်ဒီဟောလ်က ပြောကြားသည်။

၎င်းက “ရွှေ့ပြောင်း အလုပ်သမားပဲဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို အားကိုးအားထားပြုလောက်တဲ့ လုပ်ငန်းခွင် ထိခိုက်မှုကြောင့်ဖြစ်တဲ့ လျော်ကြေးငွေကို နဂိုမူလ လုပ်သားလျော်ကြေးရန်ပုံငွေကနေပဲ လက်ခံရရှိရမှာ ဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးအဖွဲ့တွေဟာ ဒီကိစ္စကို သဘောမတူပါဘူး။ ဒီအတွက် ထိုင်းအလုပ်သမားသမဂ္ဂတွေက အဖွဲ့အစည်းအသီးသီးကို ဦးဆောင်ပြီး မနေ့က တောင်းဆိုလွှာတင်သွင်းခဲ့တာပါ” ဟု ဆိုသည်။

workmen Compensation Fund ဟုခေါ်သည့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ပေးအပ်သော လျော်ကြေးငွေကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသား အလုပ်သမားများကို ပေးအပ်သည့်အတိုင်း လူမှုဖူလုံရေးရန်ပုံငွေမှ ပေးအပ်မည်ဆိုပါက ရွှေ့ပြောင်းအလုပ် သမားများသည် ခန္ဓာကိုယ်ချွတ်ယွင်းလျှင်လည်းကောင်း၊ အသက်ဆုံးရှုံးခဲ့ရလျှင်လည်းကောင်း မည်သို့မည်ပုံ ဆုံးရှုံးရသည့်အပေါ် မူတည်၍ ကျန်ရစ်သူ ဆွေမျိုးသားချင်းများမှ ရရှိမည်ဖြစ်သည်။

ယခင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦး လုပ်ငန်းခွင်အတွင်း လက် (၄) ချောင်း ပြတ်သွား၍ ဘတ်ငွေ (၂) သိန်း (၃) သောင်းကို အဆိုပါ လျော်ကြေးငွေမှ ရရှိဖူးကြောင်း အလုပ်သမားရေးအဖွဲ့အစည်းတခု၏ မှတ်တမ်းအရသိရှိရသည်။ ထိုရန်ပုံငွေအတွက် လုပ်ငန်းရှင်မှ လုပ်သားဝင်ငွေ၏ (၅) ရာခိုင်နှုန်းနှင့် အလုပ်သမားမှ (၃.၅) ရာခိုင်နှုန်း လစဉ်ထည့်ဝင် ရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း တစုံတရာ ထိခိုက် သေဆုံးမှုဖြစ်သောအခါ လုပ်ငန်းရှင်အများစုက လျော်ကြေးပေးရန် ငြင်းဆန်ခံရလေ့ရှိပြီး အချို့မှာ အနည်းငယ်သော လျော်ကြေးကိုသာ ရရှိလေ့ရှိကြသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမားအများစုသည် အလုပ်ဆက်လက်လုပ်ဆောင်ရန် ခန္ဓာကိုယ်ပိုင်းက မစွမ်းဆောင်နိုင်တော့သဖြင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားကြရလေ့ရှိသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီသာ မဲဆွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကချင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးမှုများ ပြိုင်ဘက်မရှိ လုပ်နေပြီး ဒေသခံအာဏာပိုင်များ ကိုယ်တိုင် ကူညီပံ့ပိုးနေသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှာ မဲဆွယ်စည်းရုံးရေး ဆင်းမှုမျိုး မတွေ့ရသေးဘဲ ကြံ့ဖွံ့ပါတီကသာ ကျေးရွာများအထိ စည်းရုံးရေးဆင်းနေသည်ဟု မိုးကောင်းဒေသခံတဦးက ပြောသည်။

၎င်းက “ရှမ်းပါတီတော့ ပါတီရုံးတွေဖွင့်တာ (၂) ပတ်လောက်ရှိပြီ။ ရွာတွေမှာ ဟောပြောတာမရှိသေးဘူး။ တစည ကျတော့လည်း မဆလပါတီ၊ ကောင်စီထွက် လူအိုတွေဆိုတော့ သူတို့လည်း ကြံ့ဖွံ့လို မလုပ်နိုင်ဘူး။ ကြံ့ဖွံ့ကျတော့ ရွာတွေအထိ သွားနေတယ်။ သူတို့ပါတီကိုသာ မဲထည့်ကြဖို့ လိုက်ပြောနေတာ။ ထူးခြားတာက အခုလက်ရှိ မယက၊ ရယက ဥက္ကဋ္ဌတွေ၊ အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် အကူအညီပေးနေတာ။ လူတွေစုပေးတာတို့၊ နယ်ဆင်းဖို့အတွက် ယာဉ်တွေ စီစဉ်ပေးတာတို့လို ကူညီပေးတာ တွေရှိတယ်၊ အဲလို မမျှမတ တဖက်သပ် လုပ်နေတာ” ဟု ပြောသည်။

ယာဉ်မောင်းလိုင်စင် လျှောက်ရာတွင် ကြံ့ဖွံ့ပါတီသို့ ဝင်ခိုင်းခြင်းများ ရှိသကဲ့သို့ ကြံ့ဖွံ့အသင်းဝင်များကိုလည်း ပါတီဝင်အဖြစ် ပြန်လည် စာရင်းကောက်ခံနေသည်ဟု အဆိုပါဒေသခံက ပြောသည်။

ပါတီထူထောင်ခွင့် မရသေးသည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့မှာ ရွေးကောက်ပွဲကော်မရှင်၏ ပါတီထူထောင်ခွင့် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသော်လည်း ပါတီ မှတ်ပုံတင်ခွင့် မျှော်လင့်ချက် တဖြည်းဖြည်း ပျောက်စပြုနေပြီး ကချင်တိုင်းရင်းသားများအတွက် အမှန်တကယ် ကိုယ်စားပြုနိုင်မည့် ပါတီမရှိဘဲ ဖြစ်နေသည်ဟု မြစ်ကြီးနားဒေသခံ ကချင်တဦးက ပြောသည်။

၎င်းက “ဒီလ (၃) ရက်နေ့က ဒေါက်တာတူးဂျာ ပါတီရုံးမှာ ပြောတာက ပါတီထူထောင်ခွင့် ကျလာဖို့ကို မျှော်လင့်နေတုန်းပဲလို့ ပြောထားတယ်။ ပြောတာ ပြောနေတယ် ပါတီထူထောင်ခွင့် မပေးနိုင်တော့ဘူးဆိုပြီး ခန့်မှန်းနေကြတယ်။ ကေအိုင်အိုက နယ်ခြားစောင့်တပ် လက်မခံလို့ဆိုပြီး ဝေဖန်နေကြတာ။ အမှန်က နယ်ခြားစောင့်နဲ့ မပတ်သက်တဲ့ လယောက်ဇယ်လွန်းတို့ရဲ့ ညီညွတ်သောဒီမိုကရေစီပါတီလည်း အခုထိ မရသေးဘူး။ ကချင်တိုင်းရင်းသားကိုယ်စားပြု ပါတီတွေ မဲရမှာစိုးလို့ တမင်မပေးဘဲ ချန်ထားတာဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်ခေါင်းဆောင်များ၊ စစ်တိုင်းမှူးများ၊ ဝန်ကြီးများ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် မကြာသေးမီက အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်။ ပါတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်က ရယူထားသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်စုမှူးတဦး ရိုက်သတ်ခံရ

မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးယူထားသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA–PC) မှ တပ်စုမှူးတဦးသည် အမည်မသိ လူသတ်သမားများ၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နှင့် နယ်စပ်ချင်းကပ်လျက်ရှိသော မြန်မာဘက်အခြမ်း ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၂) ရှိ ဥဒေါင်းကန်ဘေးတွင် “ဆွိုင်း” အမည်ဖြင့် စားသောက်ဆိုင် ဖွင့်လှစ်ထားရှိသော ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်စုမှူးအဆင့်ရှိ စောသန်းအောင် အသက် (၃၇) နှစ်၏ အလောင်းကို ယနေ့နံနက်က ကန်၏အခြားဘက်အခြမ်းတွင် ဒေသခံများက တွေ့ရှိခြင်းဖြစ်သည်။

တွေ့ရှိရသော အလောင်းမှာ လက်ကိုနောက်ပြန်ကြိုးတုပ်ထားပြီး ပါးစပ်ကို ဝါယာကြိုးဖြင့် စည်းနှောင်ထားကာ လည်ပင်းတွင်လည်း ကြိုးကွင်းစွပ်၍ ခြေထောက်ခြေချင်းဝတ်တွင် တွဲ၍ ထားကြောင်း၊ စိမ်ပြေနပြေ ရိုက်သတ်ခံရသည်ဟု ယူဆရပြီး တကိုယ်လုံးရှိ အရိုးအဆစ်များမှာ ပျော့ခွေနေကြောင်း မြန်မာအစိုးရဝန်ထမ်းတဦးက ပြောကြားသည်။

၎င်းက “သူ့မိန်းမပြောတာက ည (၉) နာရီလောက် ဖုန်းလာလို့ ထထွက်သွားတာ၊ မနက်မှ အသတ်ခံရမှန်းသိတယ်လို့ ပြောတယ်” ဟု ဆိုသည်။

ဘုရားသုံးဆူဒေသသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ဖြစ်ပွားလေ့ရှိသည်။ ထို့အပြင် အပစ်ရပ်အဖွဲ့များဖြစ်သော DKBA, KPF, NMSP KNU/KNLA-PC အဖွဲ့များလည်း တည်ရှိကြပြီး ပြီးခဲ့သည့် မေလ (၉) ရက်နေ့ညကလည်း ဗုံးဖောက်ခွဲရန်လာသူ (၂) ဦးသည် ၎င်းတို့လက်ထဲတွင်ပင် ချိန်ကိုက်ဗုံးပေါက်ကွဲ၍ ဒဏ်ရာဖြင့် အဖမ်းဆီးခံခဲ့ရသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

Monday, 12 July 2010

အန်ဒီအက်ဖ်အား မှတ်ပုံတင်ခွင့်ပြုခြင်းကို အန်အယ်လ်ဒီ ရှုတ်ချ

ခမောက်ပုံကို ပါတီတံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သည့်ကြားမှ ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကို နိုင်ငံရေး မှတ်ပုံတင်ခွင့်ပြုလိုက်သည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က လက်မခံနိုင်ကြောင်း ရှုတ်ချလိုက်သည်။

အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲကော်မရှင်က အန်အယ်လ်ဒီရဲ့ ကန့်ကွက်လွှာကို အသိအမှတ်မပြုတာဘဲလို့မြင်တယ်။ ဒါဟာ ဥပဒေကြောင်းအရ လက်ခံနိုင်စရာ မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ကန့်ကွက်တာကို မျက်ကွယ်ပြုသလို ပြုနေတာကြောင့် ကျနော်တို့ အန်အယ်လ်ဒီက ရှုတ်ချပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခမောက်ပုံ တံဆိပ်အမှတ်အသားကို အခြားပါတီတရပ်ရပ်အား ယင်းကဲ့သို့ အသုံးပြုခွင့် ပေးလိုက်သည့်အတွက် ပြည်သူတို့အား ထင်ယောင်ထင်မှားဖြစ်စေကြောင်း အန်အယ်လ်ဒီက ထောက်ပြသည်။

ဦးဉာဏ်ဝင်းက “ကန့်ကွက်နိုင်တဲ့အချိန်တောင် မပြည့်သေးဘဲ ပါတီဖွဲ့ခွင့် ပေးလိုက်တယ်ဆိုတာကို အန်ကယ်လ်တို့ နားမလည်နိုင်ဘူး။ ဒီကိစ္စကို အန်အယ်လ်ဒီ ခေါင်းဆောင်လူကြီးတွေ ဆက်ဆွေးနွေးပြီး ရှေ့ဆက်ဘာလုပ်သွားမလဲဆိုတာ မကြာခင် ဆုံးဖြတ်သွားမှာပါ” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၎င်းတို့ပါတီ၏ အလံနှင့်တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်၌ ကြေညာခဲ့ပြီးနောက် အဆိုပါ ခမောက်ပုံကို အန်ဒီအက်ဖ်က ဆင်တူယိုးမှား တုပပြီး ပုံမှားရိုက်သည်ဟူ၍ ရွေးကောက်ပွဲ ကော်မရှင်ထံ အန်အယ်လ်ဒီက ပြီးခဲ့သည့် ဇူလိုင် (၅) ရက်တွင် ကန့်ကွက်စာ တင်သွင်းခဲ့သည်။

သို့သော် ကန့်ကွက်နိုင်သည့်အချိန် (၇) ရက် မပြည့်ခင် ပြီးခဲ့သည့် ဇူလိုင် (၉) ရက်နေ့၌ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်အမှတ် (၃၈) ဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအား နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အန်ဒီအက်ဖ်မှ ပါတီခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ သန်းငြိမ်းက “နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဆိုတော့ ဒီခမောက်ပုံ တံဆိပ်ကို သုံးခွင့်ပေးလိုက်ပြီဆိုတဲ့သဘောလို့ ကျနော်တော့ နားလည်တယ်။ ရှေ့ဆက်လုပ်ငန်းစဉ်တွေအနေနဲ့ ပါတီကို အတည်တကျ ပြန်လည်ဖွဲ့စည်းသွားဖို့ ဒီအပတ်ထဲမှာ အစည်းအဝေးခေါ်ဖို့ ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပါတီမှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီသည် လာမည့် ရွေးကောက်ပွဲ၌ မြို့နယ်ပေါင်း (၅၀) ကျော်တွင် ဝင်ရောက်အရွေးခံသွားမည်ဖြစ်ကြောင်း ဒေါက်တာ သန်းငြိမ်းက ပြောသည်။

အန်ဒီအက်ဖ်ပါတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နုတ်ထွက်ခဲ့သည့် ဗဟိုအလုပ်မှုဆောင်ဟောင်း ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာ ဝင်းနိုင် အပါအဝင် ခေါင်းဆောင် (၁၉) ဦးတို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြီးခဲ့သည့် မေလ (၆) ရက်နေ့က စတင်တည်ထောင်ခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

ထိုင်းကုန်စည်တင်သွင်းမှုကို မြန်မာ ပိတ်ပင်ပြန်

ကမ်းထိန်းကွန်ကရစ်နံရံ တည်ဆောက်မှု လုံးဝရပ်ဆိုင်းမှု မပြုမချင်း ထိုင်းကုန်စည်များ မြန်မာဘက်တင်သွင်းမှုကို ပိတ်ပင်သွားမည်ဟု မြ၀တီခရိုင် အာဏာပိုင်များနှင့် နီးစပ်သည့် မြန်မာအစိုးရ ၀န်ထမ်းတဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီကုန်သွယ်ရေး လမ်းကြောမှတဆင့် ထိုင်းကုန်ပစ္စည်းများ တင်ပို့မှုကို မြန်မာဘက်မှ ယမန်နေ့မှစတင်ကာ တင်သွင်းခွင့်ပိတ်ပင်လိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရ ၀န်ထမ်းတဦးက “ချစ်ကြည်ရေးတံတားအနီးမြောက်ဘက် ထိုင်းဘက်ခြမ်း ထာ့အာရွာအနားမှာ သောင်ရင်းမြစ်ရေတိုက်စားမှုကို ကာကွယ်တဲ့အနေနဲ့ ထိုင်းဘက်က ကမ်းထိန်းနံရံဆောက်တာကို ဆက်မလုပ်ဖို့ မြန်မာဘက်က နယ်ခြားကော်မတီမှတဆင့် တရားဝင်အသိပေးထားတာကို ထိုင်းဘက်က ဆက်လုပ်နေလို့ ဘယ်လိုမှ ညှိလို့မရတဲ့အဆုံး ဒီလိုလုပ်တာလို့ လူကြီးတွေက ပြောတယ်” ဟု ဆိုသည်။

အဆိုပါ ကမ်းထိန်းနံရံ ဆောက်လုပ်ခြင်းဖြင့် နယ်ခြားသောင်ရင်းမြစ် ရေစူးထိုးရာတွင် မြန်မာဘက်ခြမ်း၌သာ ရေထိုးပြီး ကမ်းပြိုမှုများ၏ အကျိုးဆက်ကို ခံရမည်ဖြစ်သောကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟုလည်း မြန်မာဘက်က ပြောသည်။

ထိုင်းကုန်စည်များကို ချစ်ကြည်ရေးတံတားမှ တင်သွင်းခွင့်ပိတ်သည့်အပြင် တံတား၏ ဘေးဝဲယာတွင်ရှိသည့် တရားမ၀င်လှေဆိပ် (၁၇) ခုမှ ကုန်စည်တင်သွင်းနေမှုကိုလည်း မြန်မာဘက်မှ ဟန့်တားထားသည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို လူကြီးတွေက နိုင်ငံတော်နဲ့ ပူးပေါင်းလက်တွဲဖို့ပြောတယ်။ ကုန်သည်တွေအနေနဲ့ ကိုယ်ကျိုးစီးပွားတခုကိုပဲ မကြည့်ကြဖို့ပြောတယ်။ ထိုင်းကုန်တွေပိတ်တော့ ကုန်သည်တွေရော သုံးစွဲသူတွေရော အများကြီး ထိခိုက်နစ်နာမှုတွေရှိတယ်” ဟု ပြောသည်။

ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ခံရသဖြင့် အချိန်နှင့်တပြေးညီ လုပ်နေရသည့် လုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် နစ်နာဆုံးရှုံးမှုများမှာ နှစ်နိုင်ငံစလုံးတွင်ရှိပြီှး ယခုပြဿနာကို ထိုင်းဘက်မှ အမြန်ဆုံးဖြေရှင်းပေးသင့်သည်ဟု ထိုင်းကုန်သည်များက ပြောသည်။

မဲဆောက်မှ ထိုင်းဆောက်လုပ်ရေးပစ္စည်း လုပ်ငန်းပိုင်ရှင်တဦးက “အခုကုန်တွေမသွားတာ နှစ်ရက်ပဲ ရှိသေးတယ်။ ပစ္စည်းတွေက တောင်ပုံရာပုံဖြစ်နေပြီ။ ဘန်ကောက်ကလာတဲ့ ကုန်ကားကြီးတွေလည်း ပစ္စည်းတွေ ချလို့မရဘူး။ ချစ်ကြည်ရေး တံတားထိပ်နဲ့ ကမ်းနားတလျှောက်က ဂိုဒေါင်တွေမှာလည်း ကုန်တွေအပြည့်ပဲ။ ရက်ရှည်ဆိုရင်တော့ ဆုံးရှုံးမှုတွေ များမယ်” ဟု ပြောသည်။

ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ကို ပိတ်ပင်ထားသော်လည်း ချစ်ကြည်ရေးတံတားမှတဆင့် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် သွားလာဝင်ထွက်ခွင့်ကိုမူ နှစ်ဖက်အာဏာပိုင်များက ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံသည် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူ သုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း (၄) ထောင်ခန့် တရားဝင်တင်ပို့လျက်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါကမ်းထိန်းနံရံ တည်ဆောက်သည့်ပြဿနာကြောင့် မြန်မာဘက်က ထိုင်းဘက်သို့ ဖိအားပေးသည့်အနေဖြင့် ယမန်နေ့မှစတင်ကာ ထိုင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပိတ်ပင်သည့်နည်းကို အသုံးပြုသော်လည်း ပြေလည်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

Friday, 9 July 2010

ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ လျော့နည်းလာ

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှတဆင့် ၂၀၁၀ ခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ ဦးရေသည် ယမန်နှစ်ထက် များစွာလျော့နည်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းကူညီရေးအဖွဲ့ (တီဘီဘီစီ) က ပြောကြားသည်။

၂၀၁၀ ခုနှစ် (၆) လတာ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတဆင့် တတိယနိုင်ငံသို့ အခြေချခွင့်ရခဲ့သူ (၄,၆၇၀) ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင်မူ ဦးရေ (၁၆,၆၈၅) ဦးအထိရှိခဲ့ကြောင်း တီဘီဘီစီ၏ စာရင်းတွင်ဖော်ပြသည်။

ယင်းသို့ ထွက်ခွာခွင့်ရရှိသူ နည်းပါးလာရသည့် အဓိကအကြောင်းမှာ အခြေချခွင့်ပေးသောနိုင်ငံများက ဒုက္ခသည်များအား ရွေးချယ်ရာတွင် အချက်အလက်များ ပိုမိုတင်းကျပ်လာခြင်းကြောင့်ဖြစ်သည်ဟု တီဘီဘီစီ အကြီးအကဲဖြစ်သူ Jack Dunford က ပြောသည်။

၎င်းက “ဥပမာ ဒုက္ခသည်အများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေဖြစ်တယ်။ အဲဒီအတွက် အခြေချခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အလေးပေးမှုထဲမှာ အဲဒီလူတွေ မပါတော့ဘူး။ ပြီးတော့ ရွေးချယ်ရာမှာ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံ ဗဟုသုတ ရှိမှု၊ မရှိမှု အပေါ်မှာလည်း နောက်ပိုင်းမှာ မူတည်လာတယ်။ အခြားအချက်တွေက ကျန်းမာရေးဆိုင်ရာတွေကြောင့်ပါ။ ဒါကြောင့် ဒီ (၆) လအတွင်းမှာ ထွက်ခွာခွင့်ရသူ နည်းသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေချခွင့်ရရှိသူ အများစုအနက် အမေရိကန်နိုင်ငံက အများဆုံး လက်ခံခဲ့ပြီး သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ယူကေနိုင်ငံတို့က အနည်းငယ်စီ လက်ခံခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုတွင် တီဘီဘီစီ၏ အထောက်အပံ့ ရရှိထားသူ ဒုက္ခသည်ဦးရေ (၁၄၀,၀၉၄) ဦးရှိကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

တီဘီဘီစီသည် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ အန်ဂျီအိုအဖွဲ့ (၁၂) ဖွဲ့ဖြင့် စုစည်းထားသော ညွန့်ပေါင်းအဖွဲ့အစည်းတရပ်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်များအတွက် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် ခိုလှုံခွင့်အတွက် အကာအကွယ် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

တတိယနိုင်ငံသို့ အခြေချရာတွင် စခန်းအကြီးအကဲအချို့နှင့် ပွဲစားအချို့ကြောင့် မသမာမှုများ ရှိနေဆဲဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းမှ ကိုရင်မောင်က ဆိုသည်။

၎င်းက “ထွက်ခွင့်ရတဲ့ အချို့သူတွေရဲ့နေရာမှာ ပွဲစားတွေက လူအစားထိုးပြီး သွားခိုင်းတာတွေ အခုရှိနေဆဲပဲ။ ဒီကိစ္စက စခန်းထဲက အကြီးအကဲတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အဲဒီအတွက် ရန်ကုန်မြို့အပါအဝင် ပိုက်ဆံရှိတဲ့သူတွေက ထွက်ချိန်ရောက်မှ စခန်းကို ခဏရောက်လာပြီး သွားခွင့်ရတာတွေ ရှိတယ်။ ကျနော်က မိသားစုရှိတော့ မိသားစုအားလုံး သွားနိုင်တဲ့နိုင်ငံရမှ ဖြစ်မယ်လေ။ ဒီလိုဆိုပြန်တော့လည်း ကိုယ်သွားချင်တဲ့နိုင်ငံတွေက လက်မခံပြန်ဘူး” ဟု ပြောသည်။

ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းနယ်စပ်သို့ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာဖွယ်ရှိပြီး ယခုနှစ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း Jack Dunford က ဆိုသည်။

ငွေလဲလှယ်နှုန်း ကျဆင်းလာခြင်း၊ ဆန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဒုက္ခသည်များ ထပ်မံတိုးပွားလာခြင်းတို့ကြောင့် ဒုက္ခသည်များအား ထောက်ပံ့ပေးထားသည့် ခွဲတမ်းများကိုလည်း နှစ်စဉ် လျှော့ချနေရပြီး ယခုနှစ်တွင် ထပ်မံ လျှော့ချရဖွယ် ရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှစ၍ တတိယနိုင်များသို့ အခြေချခွင့် ရရှိပြီးသူပေါင်း (၆) သောင်းခန့်ရှိပြီဖြစ်ကြောင်း တီဘီဘီစီက ဖော်ပြသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

လမ်းဘေးဈေးသည်များ ဈေးရောင်းခွင့် ကန့်သတ်

ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များကို နံနက် (၆) နာရီမှ (ည) ၆ နာရီအတွင်း လုံးဝရောင်းချခွင့်မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမိန့်ထုတ်ပြန်လိုက်သည်။

ယခုလ (၇) ရက်နေ့မှ စတင်ကာ ဈေးရောင်းချခွင့်ကို သက်ဆိုင်ရာမြို့နယ်များက ပိတ်ပင်သွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီဝင်တဦးက ပြောသည်။

၎င်းက “လမ်းဘေးဈေးသည်တွေကြောင့် လမ်းတွေပေါ်မှာ အမှိုက်တွေ ပွတယ်၊ ညစ်ပတ်တယ်၊ ယာဉ်ကြောကျပ်တယ်၊ ယာဉ်တိုက်မှုတွေ ဖြစ်စေတယ်။ အဲဒါတွေကြောင့် အခုလို အမိန့်ထုတ်ပြန်ရတာ ဖြစ်တယ်။ လူတွေက အာဏာနဲ့ အမိန့်ထုတ်ပြန်မှ ကြောက်ကြတယ်၊ အေးအေးဆေးဆေး ပြောတာကို လက်မခံကြဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင်း (၆) မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်တို့တွင် လမ်းဘေးဈေးသည်များကို မြို့တော်စည်ပင်မှ လော်စပီကာများဖြင့် ဈေးရောင်းချခြင်းမပြုရန် ယမန်နေ့၌ လိုက်လံအော်ဟစ် သတိပေးနေသည်။

(၃၉) လမ်းထိပ်တွင် ထမင်းဆိုင်ဖွင့်သူတဦးက “ဒီအနားမှာက ပွဲစားတွေပေါတော့ စားသူတွေပေါတယ်။ ဈေးကလည်း တော်တဲ့ ဈေးလေးနဲ့ပဲ ရောင်းတာဆိုတော့ စားသူများတယ်။ အခုတော့ ဒီဆိုင်လေးကို ဘယ်နေရာ ရွှေ့လို့ ရွှေ့ရမှန်း မသိတော့ဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင်းသာမက ကမာရွတ်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ စသည့် မြို့နယ်တို့၌လည်း လမ်းဘေးဈေးသည်များ ရောင်းချခွင့်ကို လုံးဝပိတ်ပင်လိုက်သည်။

ပတ်ဝန်းကျင်ကို ညစ်ညမ်းထိခိုက်စေသဖြင့် လမ်းဘေးဈေးသည်များအား ဈေးရောင်းခြင်း ပိတ်ပင်သည်ကို လက်ခံသော်လည်း ၎င်းတို့အား အခြားနေရာစီစဉ်မပေးနိုင်ဘဲ ပြုလုပ်သည်မှာ မတရားလုပ်ရာကျကြောင်း စည်ပင်သာယာ အင်ဂျင်နီယာဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ဈေးရောင်းမယ့်နေရာတွေကို ဈေးတန်းတွေ လုပ်ပေးထားပေါ့။ အခု ဒီစီမံချက်က အောင်မြင်မှာ မဟုတ်ဘူး။ လမ်းဘေး ဈေးသည်နဲ့ ရန်ကုန်က ကင်းလို့မရဘူးလေ။ ကျနော်တို့လည်း မြို့ထဲမှာ လမ်းဘေးဈေးသည်တွေကိုပဲ အားကိုးနေရတာ” ဟု ပြောသည်။

ယခင်က ရန်ကုန်တွင် လမ်းဘေးဈေးသည် ရှင်းလင်းရေးစီမံချက်ကို စည်ပင်မှခန့်ထားသော လုံခြုံရေးအဖွဲ့က နံနက်ပိုင်းတွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ကြောင်း၊ ယခုမူ လုံးဝဈေးမရောင်းရဟု စပီကာဖြင့် လိုက်လံအသိပေးနေကြောင်း အနော်ရထာလမ်းမပေါ်တွင် ဈေးရောင်းသူတဦးက ပြောသည်။

၎င်းက “ကျမက ဒီမှာ စတီးပစ္စည်းတွေ ရောင်းလာတာကြာပြီ။ သူတို့ကတော့ ညနေ (၃) နာရီမှာမှ ရောင်းရမယ်လို့ ပြောထားပေမယ့် ကျမတို့ဈေးသည်တွေက မနက်ကဘဲ ထွက်ကြတယ်၊ ရောင်းကြတယ်၊ စည်ပင်ကရဲတွေ လာဖမ်းတယ်၊ ပြေးကြတယ်၊ ဒီလိုနဲ့ပဲ နေလာကြတာ။ အခုတော့ ညဈေးပဲ ရောင်းရမယ့်အနေအထားပေါ့။ အဲဒီအချိန်မှာ မြို့ထဲကို အလုပ်လာသူတွေက ပြန်ချိန်လေ၊ ရေရှည်ဆိုရင်တော့ မလွယ်နိုင်ဘူး၊ ကျမတို့ ဒီအမိန့်ကို လက်မခံနိုင်ဘူး” ဟု ပြောသည်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီသည် ပြည်သူများ၏ လူမှုရေးအခက်အခဲများကို ဖြေရှင်းပေးရသော အဖွဲ့အစည်းအဖြစ် မည်သည့်ဝန်ကြီးဌာနအောက်တွင်မှ မရှိဘဲ သီးသန့်ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်သော ဌာနတခုဖြစ်သည်။

စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဋ္ဌမှာ ကြံ့ဖွံ့ ပါတီ၏ ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။