Pages

Subscribe

Monday, 24 May 2010

ရာသီဥတု ဆိုးရွားမူကြောင့် ရန်ကုန်- စစ်တွေလေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း

မောင်အေး(နိရဉ္စရာ)
----------------------
sittwe-airport
ရာသီ ဥတု ဆိုးရွားမူကြောင့် ရန်ကုန်နှင့် စစ်တွေ အကြား ပျံသန်းနေသော လေကြောင်းလိုင်းများကို စနေနေ့ကစပြီး ယာယီ ရပ်ဆိုင်းထားလိုက်ရသည်ဟု သတင်း ရရှိသည်။




ခရီးသွားလာရေး လုပ်ငန်း တခုမှ တာဝန်ရှိသူ တဦးက “မနေ့က Air Mandalay လိုင်းက လေယဉ်တစီး မိုးအရမ်းရွာပီး ရာသီဥတု အထူး ဆိုးရွားနေတဲ့ အတွက် စစ်တွေ လေယဉ်ကွင်းကို မဆင်းနိုင်ဘဲ ရန်ကုန်ကို ပြန်သွားရတယ်။ အဲဒီ နောက်ပိုင်း ရန်ကုန်နဲ့ စစ်တွေ အကြား ပျံသန်းနေတဲ့ တခြား လေကြောင်း လိုင်းတွေကိုလည်း ယာယီ ပိတ်ထား လိုက်ပါတယ်” ဟု ပြောသည်။

စစ်တွေတွင် မေလ ၁၈ ရက်နေ့က စပြီး မိုးအဆက်မပြတ် ရွာသွန်းနေပြီး ဆိုင်ကလုန် Liala ကြောင့် လေပြင်းများလည်း ရံဖန်ရံခါ တိုက်ခတ်နေသည်ဟုသိရသည်။

လေကြောင်းလိုင်း ရပ်ဆိုင်းလိုက်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရသူ စစ်တွေမြို့ခံတဦးက စစ်တွေသို့ သွာမည့် ခရီးသည်များကို လေကြောင်းလိုင်းမှ လာမည့် အင်္ဂါနေ့ကို ပြန်လည် ချိန်းထားပြီး ရာသီ ဥတု ပြန်လည် ကောင်းမွန်လျှင် ခရီးစဉ်များအား ပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း လေကြောင်းလိုင်းကို ကိုးကားပြီး သူကပြောသည်။

စစ်တွေမြို့နှင့် ရန်ကုန်အကြား Air Mandalay မှ တရက် တကြိမ်နုန်းဖြင့် ပျံသန်း ပြေးဆွဲနေပြီး မြန်မာ့လေ ကြောင်း လိုင်းမှာ တပတ်လျှင် ငါးကြိမ် ပျံသန်း ပြေးဆွဲလျှက်ရှိသည်ဟု သိရသည်။

၂၀၀၉ ခုနှစ် ဇွန်လ အတွင်းကလည်း မြန်မာလေကြောင်းလိုင်းမှ လေယျာဉ် တစီး စစ်တွေ လေယျာဉ်ကွင်းတွင် လမ်းချော်ပြီး ပျက်စီးသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် လေယျာဉ်မှူး တဦးနှင့် ခရီးသည်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ထက်ထက်မိုးဦး သတင်းကြောင့် ဂျာနယ် ၂ စောင် အပိတ်ခံရ

ခွင့်မပြုသည့် သတင်းကို ဖော်ပြသည့် အတွက် ဂျာနယ် ၂ စောင်အား ယာယီပိတ် လိုက်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် စာကပ်ထား သည်ဟု သတင်း ရရှိသည်။

The Voice ဂျာနယ်နှင့် First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ၁၉၆၂ ခုနှစ် အက်ဥပဒေအရ ပိတ်ပင်ခြင်း ဖြစ်သည်ဟု ရေးသားထားပြီး မည်သည့်သတင်းနှင့် ပတ်သက်၍ ပိတ်ပင်သည်ဟု ရေးသားထားခြင်းမရှိကြောင်း စာပေစိစစ်ရေးသို့ ရောက်ရှိ ခဲ့သည့် သတင်းသမား တဦးကပြောသည်။

ယာယီအပိတ်ခံရသည့် First Music ဂျာနယ် အချပ်ပိုတွင် သရုပ်ဆောင် ထက်ထက်မိုးဦး သတင်း ဖော်ပြထားသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)


သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ အယ်ဒီတာ တဦးကမူ သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ် သတင်းထောက်တို့ ပဋိပက္ခဖြစ်သည့် သတင်းကို ဖော်ပြသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ပြောသည်။

“အဲဒီသတင်းကို စိစစ်ရေးက မဖော်ပြနဲ့လို့ ပြောနေတဲ့ကြားက ဖော်ပြလိုက်လို့ ယာယီပိတ်လိုက်တာပါ။ တပတ်တည်းလည်း ဖြစ်နိုင်တယ်။ ဘယ်လောက် ကြာကြာပိတ်မှာလဲ ဆိုတာကတော့ မပြောတတ်ဘူး” ဟုအဆိုပါ အယ်ဒီတာက ပြောသည်။

အဆိုပါ သတင်းကို သရုပ်ဆောင် ထက်ထက်မိုးဦးက ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ပြထားခြင်းဖြစ်ကြောင်း ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားထားပြီး ဖြစ်သည်။

“ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ The Voice ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ” ဟု ထက်ထက်မိုးဦးက ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ စာပေစိစစ်ရေး၏ လုပ်ရပ်အပေါ် အံ့သြမိသည်ဟု ထိုင်းနိုင်ငံ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

“မင်းသမီးတယောက်က အခုလို ဖိအားပေးရုံနဲ့ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးလို ဌာနကြီးက နားထောင်ပြီး အရေးယူပေးတယ် ဆိုတာကတော့ တော်တော် စဉ်းစားရကျပ်တယ်” ဟု သူက ဆိုသည်။

ထက်ထက်မိုးဦး အနေနှင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်၍ ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ထားခဲ့ သော်လည်း ယခင်အကြိမ်များက ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဖော်ပြခွင့်ပေးခဲ့ရာ စိတ်မကောင်းဖြစ်ရသည်ဟု ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောထားသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံတို့ ပဋိပက္ခ ဖြစ်သည့်ကိစ္စရပ်ကို အင်တာနက် စာမျက်နှာများပေါ်တွင် အပြန်အလှန် ဆွေးနွေးငြင်းခုန်မှုများ ရှိနေသည်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသ တို့ကဲ့သို့သော ဝါရင့် သတင်းစာ ပညာရှင်များကိုယ်တိုင် Weekly Eleven ဂျာနယ်သို့ ပေးသည့် အင်တာဗျူး အပေါ်မူတည်၍ အဆိုပါ ငြင်းခုန်မှု များ ဖြစ်လာရသည်ဟု သိရသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “မင်းသား မင်းသမီးကို နှမ်းအကြောင်း၊ ပဲ အကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်း မေးပြီး ရေးရင်လည်း ပရိသတ်က စိတ်ဝင်စားမှာ မဟုတ်ဘူး ….။ မင်းသမီးက မဖြေချင်ဘူးဆိုရင် ငြင်းပိုင်ခွင့်ရှိတယ်။ ကြိုက်သလို ဖြေလို့ရတယ်။ ဖြေပြီးမှ ဒါတော့ မရေးပါနဲ့ ဆိုပြီး ကိုယ်ရေးကိုယ်တာမို့ Off The Record လုပ်လို့ရတယ်” ဟု Weekly Eleven ဂျာနယ်တွင် ပြောထားသည်။

ဆက်လက်၍ ၎င်းက သတင်းထောက် အေးသူစံအနေနှင့် လွန်သည်ဟု မဆိုနိုင်ကြောင်း၊ သတင်းထောက် ဆိုသည်မှာ မစပ်စုရသည့် ကိစ္စဟူ၍ မရှိကြောင်း၊ သတင်းထောက်တွင် စပ်စုရန်အခွင့်အရေး ရှိကြောင်းပြောထားသည်။

“မမေးရတဲ့ မေးခွန်းဆိုတာ မရှိဘူး၊ မရေးသင့်တဲ့ အကြောင်းအရာ ဆိုတာပဲ ရှိတယ်။ ဒါကတော့ ရေးတဲ့နေရာမှာ သတင်းထောက်က သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ်” ဟု လူထုစိန်ဝင်းက ဆိုထားသည်။

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသကလည်း ထက်ထက်မိုးဦးအနေနှင့် မီဒီယာသမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည် မီယာသမားသာမက မီဒီယာကိုယ်စားပြု စာဖတ်ပရိသတ်များကိုပင် မခန့်လေးစား ပြုရာရောက်သည်ဟု Weekly Eleven ဂျာနယ်ကို ပြောသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ ပြဿနာကို မည်သူမှန်သည်၊ မည်သူမှားသည်ဟူ၍ အင်တာနက် စာမျက်နှာ တခုပေါ်တွင် စစ်တမ်းကောက်ယူထားသည် ကိုလည်း တွေ့ရသည်။

လူထုစိန်ဝင်းနှင့် မောင်ဝံသတို့၏ ပြောကြားချက်များမှာ Weekly Eleven ဝက်ဘ်ဆိုက်မှတဆင့် ပျံ့နှံ့နေခြင်း ဖြစ်ပြီး အဆိုပါ ပြောကြားချက်များကို စာပေစိစစ်ရေးက ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြခွင့် မပြုကြောင်း သိရသည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။

နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံဆွေးနွေးရန် UWSA ကို စစ်အစိုးရ ကမ်းလှမ်း

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေးမှု ပြုလုပ်ရန် ၀ပြည် သွေးစည်း ညီညွတ်ရေး (UWSA) အဖွဲ့အား ပြီးခဲ့သည့် ကြာသပတေး နေ့က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

UWSA တပ်ဖွဲ့ဝင်များ

UWSA အဖွဲ့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရ၏ ရည်ရွယ်ချက်ကို လွဲမှားစွာ နားလည် နေကြောင်း၊ UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ကိုယ်တိုင် ဦးဆောင်၍ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့သို့ လာရောက် ဆွေးနွေးရန် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် က ကမ်းလှမ်း ခဲ့သည်ဟု နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အချိန် ၊ နေရာ၊ လာတွေ့မည့် လူအရေအတွက်ကို ဥက္ကဋ္ဌ ဦးပေါက်ယူချန်းကိုယ်တိုင် ဆုံးဖြတ်ပါ ဆိုပြီး တိုင်းမှူးက ဒုတိယဗိုလ်ချုပ် ကြီး ရဲမြင့်ကိုယ်စား ကမ်းလှမ်းတာ”ဟု ၎င်းကဆိုသည်။

ယခုလဆန်းပိုင်း ၉ ရက်နေ့ကလည်း စစ်ဖက်ရေးရာ လုံခြုံရေးဌာနမှ ဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းကြည်တို့ ပန်ဆန်းသို့ ရောက်လာပြီး UWSA ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

UWSA အဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဖြင့် တိုးတက်ဖွံဖြိုးရေးလမ်းကြောင်းကို ချီတက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအတွင်းမှ မည်သည့် အခါမှ ခွဲထွက်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို မူအရ ထောက်ခံကြောင်း၊ နယ်စပ် ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အကျိုးစီးပွား အတွက် ပေးဆပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ UWSAအဖွဲ့ရပ်တည်ချက်ကို ဦးပေါက်ယူချန်း က စာတစောင်ရေးသား၍ စစ်အစိုးရထံသို့ မေလ ၁၀ရက်နေ့တွင် ပေးပို့ခဲ့သည်ဟု သိရသည်။

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ခေါင်းဆောင်များနှင့်လည်း မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ပြီးခဲ့သည့် ရက်ပိုင်း က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ကြောင်း KIA အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

စစ်အစိုးရ အနေဖြင့် ယနေ့နေပြည်တော်တွင် ပြုလုပ်နေသည့် အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေး(လေးလပတ် အစည်းအဝေး)တွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး နှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ဒေသဆိုင်ရာ တိုင်းမှူး များအနေဖြင့် အပစ်ရပ်အဖွဲ့များကို ကမ်းလှမ်းခြင်း ဖြစ်နိုင်ကြောင်း တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော် ဇောကသုံးသပ်သည်။

ပြီးခဲသည့် ကြာသပတေးနေ့က ရှမ်းပြည် အရှေ့ပိုင်း မက်မန်းမြို့တွင် ဒေသအတွင်းရှိ ပြည်သူ့စစ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းသည့် အခမ်းအနား ကျင်းပခဲ့သည်။

ကော့သောင်းတွင် သံဃာအတုဟု ယူဆရသူများ ဖမ်းမိ

တနင်္သာရီတိုင်း ကော့သောင်း မြို့တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာ အယောင်ဆောင်၍ ရောက်ရှိ လာသော မြန်မာ နိုင်ငံသား ၂၄ ဦး ခန့်ကို လွန်ခဲ့သည့် တပတ် အတွင်း၌ အဏာပိုင်များက ဖမ်းဆီး ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အလုပ် အကိုင် ရှာဖွေရန် လာကြသူများ ဖြစ်ပြီး ကော့သောင်း လေဆိပ်နှင့် သင်္ဘောဆိပ် တို့တွင် အာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ကော့သောင်းမြို့တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောဆိုသည်။

“ကော့သောင်းက နေပြီးတော့ ထိုင်းနိုင်ငံကို အလုပ် သွားလုပ်ဖို့ကို လာဖို့သွားဖို့ ခက်ခဲတော့ ဘုန်းကြီး ၀တ်နဲ့ဆို လွယ်မှာပဲ ဆိုပြီးတော့ ဘုန်းကြီး ၀တ်ပြီးတော့ လာကြတာ”ဟု ၎င်းက ပြောသည်။

ဘုန်းကြီး ၀တ်များဖြင့် လာကြသူများကို ကော့သောင်းမြို့ရှိ ဆရာတော် တချို့နှင့် အမေးအဖြေ လုပ်ခဲ့ရာမှ သံဃာ အတုများ ဖြစ်သည်ကို ဒေသခံ အာဏာပိုင်များက သိရှိသဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်း ဖမ်းဆီးထား သူများကို ကော့သောင်းမြို့ရှိ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးများတွင် နေရာခွဲ၍ ထိန်းသိမ်း ထားကြောင်း ဒေသခံများက ပြောသည်။

ကော့သောင်းမြို့တွင် ခရီးသည် တဦး အနေဖြင့် ဆွေမျိုး၊ အသိမိတ်ဆွေ မရှိပါက သွားလာနေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။

ယင်းသို့ ရောက်ရှိ လာသော ခရီးသည် များကိုလည်း အာဏာပိုင်များက နယ်မြေခံများ၏ အာမခံချက်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို သိမ်းထားကာ မိမိနေထိုင်ရာ အရပ်သို့ ပြန်မှသာလျှင် နိုင်ငံသား ကတ်များကို ပြန်ပေးကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ မွန်ပြည်နယ်နှင့် တခြားမြို့များမှ မြန်မာနိုင်ငံ သားများသည် အလုပ်အကိုင် ရှာဖွေရန် အတွက် ကော့သောင်းမြို့မှ တဆင့် နယ်စပ် ဖြတ်ကျော်၍ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်လျှက် ရှိကြောင်း သိရသည်။

တချိန်တည်းမှာပင် ထိုင်းနိုင်ငံတောင်ပိုင်း ချအမ်း မြို့နယ်တွင် ယမန်နေ့က မြန်မာ ရွှေ့ပြောင်း အလုပ် သမားများကို တင်ဆောင် လာသော ကားတစီး မတော်တဆ တိမ်းမှောက် သွားသောကြောင့် အလုပ်သမား ၉ ဦး သေဆုံး သွားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

သေဆုံး သူများသည် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် မင်္ဂလာဈေးကြီး မီးလောင်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးကြီးအတွင်း ယနေ့နံနက် ၈ နာရီခန့်မှစ၍ မီးလောင်မှု ဖြစ်ပွားနေရာ နေ့လည် ၂ နာရီအထိ မီးငြိမ်းခြင်း မရှိသေးကြောင်း ဈေးအတွင်း ကုန်ဖြန့်ဖြူးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။
“မင်္ဂလာဈေးပေါ့ ဒီနေ့မနက် ၈ နာရီလောက်ကတည်းက မီးစလောင်နေတာ အခုထက်ထိတော့မီးက မငြိမ်းသေးဘူး မီးညွန့်တော့ကျိုးပြီပေါ့နော် ဒီလိုမီးမျိုးက တစ်ရက်လောက်တော့ငြိမ်းယူရမယ် တစ်ဈေးလုံးပဲ ဈေးကဘယ်လိုမှ မလွတ်ဘူး” ဟု သူကပြောသည်။

ဈေးအတွင်း လျှပ်စစ်ဝါယာကြိုး ရှော့ခ်ကြောင့် မီးစတင်လောင်ခြင်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည် “ ၀ါယာကြိုး ရှော့ခ်ဖြစ်တာပေါ့ ၀ါယာတွေကသိတဲ့အတိုင်းပဲ ဈေးဆောက်တဲ့ ကန်ထရိုက်တွေက အညံ့တွေသုံးတာ ဆိုတော့ ” ဟု သူ က ဆိုသည်။

မင်္ဂလာဈေးသည် ထိုင်း ၊ တရုတ် နှင့် ပြည်ပမှတင်သွင်းသည့် လူသုံး အိမ်သုံးကုန်ပစ္စည်းများအား မြန်မာပြည်တစ်ဝှန်း အဓိကဖြန့်ဖြူးရောင်းချသည့် ဈေးကြီးဖြစ်ကြောင်း သိရသည်။

ဈေးဆိုင်ခန်းတစ်ခန်းလျှင် ကျပ်ငွေ သိန်းထောင်ချီတန်ပြီး လတ်တလောတွင် ဆုံးရူံးမှုတန်ဖိုး မခန့်မှန်းနိုင်သေးကြောင်း သိရသည်။

“တန်ဖိုးက အဲဒီနေရာကမှန်း လို့မလွယ်သေးဘူး လောလောဆယ်ကတော့ ဘယ်သူမှ မခန့်မှန်းနိုင်သေးဘူး ဆိုင်ခန်းတစ် ခန်းတစ်ခန်းကို သိန်းထောင်ချီတန်တဲ့ ဆိုင်ခန်းတွေပဲ” ဟု ဆိုသည်။

နယ်ခြားစောင့်တပ် ဆွေးနွေးရေး ၀ တပ် ငြင်းပြန်

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က နအဖစစ်တပ်၏ နယ်ခြားစောင့်တပ်အရေး ဆွေးနွေးလိုကြောင်း ဖိတ်ကြား ချက်ကို ငြင်းဆန်လိုက်သည်။

မေလတတိယပတ်အတွင်းက ၀တပ်အား နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံရှင်းလင်းပြလိုသည်ဟုဆိုကာ လားရိုးမြို့သို့ သွားရောက်ဆွေးနွေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) စစ်ဘက်ရေးရာလုံခြုံရေးဋ္ဌာန (စရဖ) မှတဆင့် နှုတ်ဖြင့် ဖိတ်ကြားခဲ့မှု အပေါ် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ဝ တပ် အနေဖြင့် နယ်ခြားစောင့်ကိစ္စ ပြောသင့်သည်များကို တင်ပြပြီး ဖြစ်သဖြင့် ထပ်ဆွေးနွေးရန် မလိုတော့ကြောင်း ရက်ပိုင်း အတွင်း တုန့်ပြန်ခဲ့ကြောင်း ၀တပ် သတင်းရပ်ကွက်များက ဆိုသည်။

UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်(အလယ်)၊ UWSP ဥက္ကဌ ပေါက်ယူချမ်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး




မေလဆန်းပိုင်းက ၀ ဋ္ဌာနချုပ် ပန်ဆန်းမြို့၌ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ၀တပ်မှ စရဖချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ထံ အချက် ၄ ချက်ပါသော စာတစ်စောင်ပေးပို့မည့်ကိစ္စနှင့် စပ်လျဉ်း၍ ဖိတ်ကြားခြင်းဖြစ်ကြောင်း ၀ နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“မေလ ၉ ရက်နေ့က စရဖ ဒုဋ္ဌာနကြီးမှူး သန်းထွဋ်သိန်း ဦးစီးပြီးတော့ ပန်ဆန်းမှာ ဆွေးနွေးတယ် ၀ ဘက်က ထူးထူးခြား ခြား မပြောဘူး၊ ပန်ဆန်းက အပြန်မှာ ၀ ဥက္ကဋ္ဌ ပေါက်ယူချမ်းက ရဲမြင့်နဲ့တိုင်းမှူး အတွက်ဆိုပြီး အချက် ၄ ချက်ပါတဲ့ စာတစ်စောင် ထည့်ပေးလိုက်တယ် ”

“ဒီစာအရ နအဖက ၀အနေနဲ့ နယ်ခြားစောင့်တပ်ကိစ္စ နားလည်မှုလွဲနေတယ်၊ ပြည့်စုံမှုမရှိတာကို ရှင်းပြဖို့လိုတဲ့အတွက် ပေါက် ယူချန်းဦးဆောင်ပြီး လားရှိုးကို ကြိုက်တဲ့သူခေါ်လာပါလို့ ထပ်ဖိတ်တယ်” ဟု နီးစပ်သူက ဆိုသည်။
ဝတပ်မှ နအဖထံ ပေးပို့သော စာပါအချက်များမှာ
၁ ။ ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း (မိမိဘာသာ) ဆက်လက် ချီတက်သွားမည်။
၂ ။ ပြည်ထောင်စုထဲမှ ခွဲထွက်ခြင်းနှင့် ၀ပြည်နယ်လွတ်လပ်ရေး တောင်းဆိုခြင်းပြုလုပ်မည် မဟုတ်။
၃ ။ ၂၀၁၀ ရွေးကောက်ပွဲကို မူအားဖြင့် ထောက်ခံသည်။
၎ ။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းဆောင်ရွက် သွားမည်ဟူသောအချက်များပါဝင်ကြောင်းသိရသည်။

နအဖ၏ ဖိတ်ကြားချက်အပေါ် ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း အခြေအနေများကို ၀ ခေါင်းဆောင်ပိုင်းက ၀ နယ်အတွင်းခရိုင်/ မြို့နယ်/တိုက်နယ်များအလိုက် ရှင်းလင်းချပြမှုများ ရှိကြောင်းသိရသည်။

၂၀၀၉ ဧပြီ ၂၈ ရက်နေ့မှစ၍ နအဖစရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကိုယ်တိုင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့် တပ် အသွင်ပြောင်းဖွဲ့စည်းရေး အဆိုပြုထားရာ ယင်းအဆိုကို ပန်ဆန်းအခြေစိုက် ၀ တပ်ဖွဲ့က ယနေ့တိုင်ငြင်းဆန်နေဆဲ ဖြစ်သည်။

အပစ်ရပ်မှ တောပြန်ခိုသည့် ဗိုလ်ချုပ်စိုင်းယီ မြောက်ပိုင်း SSA အားသတိပေး

လွယ်တိုင်းလျဲန်း၌ ပြုလုပ်ကျင်းပခဲ့သော ၅၂ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် အပစ်ရပ်မှတောပြန်ခိုခဲ့သည့် ဗိုလ်ချုပ်စိုင်းယီက မြောက်ပိုင်း SSA အား တိုင်းပြည်နှင့် လူမျိုးအတွက် ရဲရင့်ပြတ်သားစွာ ကိုယ်ကျိုးစွန့်ရန် သတိပေးပြောကြားခဲ့ပါသည်။

“အပစ်ရပ် သျှမ်းပြည်တပ်မတော်မှ အရာရှိခေါင်းဆောင်တွေအားလုံး ဒီနေ့ကစ ရန်သူ့အပေါ် ပြတ်သားသင့်လှပြီ။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွတ်ရဲရမယ်။ ပိုပြီးတွေးတော စဉ်းစားဆုံးဖြတ်သင့်တယ်” ဟု စ၀်စိုင်းယီက ပြောကြားခဲ့ပါသည်။

မိန့်ခွန်းပြောနေသည့် ဗိုလ်ချုပ်စိုင်းယီ ၂၁.၅.၂၀၁၀ photo taifreedom.com

“ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ခုတ်မောင်းသွားနေတဲ့ ရထားနဲ့တူတယ်။ လမ်းခရီးတလျှောက် ဘူတာတွေမှာ ရပ်နားရင် ဆင်းတဲ့သူရှိသလို၊ တက်တဲ့သူလည်းရှိတယ်။ ဒါပေမယ့်ရထားကတော့ နောက်ဆုံးဘူတာရောက်တဲ့အထိမရပ်မနား ဆက်သွားနေအုံးမှာပဲ”

SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ်ကလည်း အပစ်ရပ် သျှမ်းပြည်တပ်မတော်အား SSA ရဲ့ သမိုင်းကြောင်းကို ရေစုန်မျှောပစ်မယ်ဆိုလျှင် သဲထဲရေသွန်တာထက် လွန်စွာဆိုးရွားသွားနိုင်ကြောင်း၊ သေသေချာချာပြန်စဉ်းစားဆုံးဖြတ်မည် ဆိုလျှင် အချိန်နောက်မကျသေးကြောင်း သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“နအဖ အလိုအတိုင်း သဘောတူလက်ခံမှုမရှိရင် အခက်အခဲအကြပ်အတည်းကြုံတွေ့မှာကတော့ သေချာတာပေါ့။ ဒါပေမဲ့တိုင်းပြည်နဲ့လူမျိုးအတွက် ထိုးစစ်ဆင်တိုက်ပွဲဝင်ရမှာက ရှောင်လွဲလို့မရတဲ့ကိစ္စဘဲ။ မိမိတို့ကြွေးကြော်ရေးသားခဲ့ဖူးတဲ့ ရည်မှန်းချက်တွေကို ပြန်ပြီးတွေးတောအမှတ်ရစေချင်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိရဲ့ကိုယ်ကျိုးကို စွန့်လွတ်ရဲရမယ်”

စ၀်ယွတ်စစ်က နအဖ ဦးဆောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သူကမှ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ ပါတီမထောင် မှတ်ပုံတင်စရာမလို လုံး၀၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိလျှင် အကောင်းဆုံးနည်းလမ်းဖြစ်သည် ဟု ပြောကြားသွားခဲ့သည်။

စ၀်စိုင်းယီသည် SSNA ခေါင်းဆောင် စ၀်ကန်းယွတ်ကွယ်လွန်သွားပြီးနောက် တပ်မဟာအချို့ လက်နက်ချသွားခဲ့ရ သော်လည်း စ၀်စိုင်းယီနှင့် စ၀်အောင်မြတို့က ကျန်တပ်မဟာများကိုဦးဆောင်ပြီး ၂၀၀၅ တွင် လက်နက်ကိုင်တိုက်ခိုက်ဆဲ တောင်ပိုင်း SSA ခေါင်းဆောင်စ၀်ယွတ်စစ်နှင့် လာရောက် ပူးပေါင်းခဲ့သည်။