၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ၀ နိုင်ငံရေးပါတီ ၂ ခု အနက် ‘၀’ ဒီမိုကရက်တစ်ပါတီ WDP သည် ၀ လူထုအတွက်ရပ်တည်မည့် ပါတီမဟုတ်ကြောင်း ၀ အသိုင်းအ၀ိုင်းမှ သြဇာရှိသူတဦးက ပြောကြားလိုက် ပါသည်။
“ကျနော်တို့ ၀ အမျိုးသားတွေရဲ့နာမည်ကို ပါတီနာမည်သုံးထားတဲ့ ပါတီ ၃ ခု ရှိတယ်။ ၀ ပြည်သွေးစည်းရေး ပါတီကတော့ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘူး၊ ကျန် ၂ ပါတီထဲက တစ်ပါတီကတော့ ကြံ့ခိုင်ရေးအသင်းကနေ ဆင်း သက်လာလို့ ၀ လူထုအတွက်ရပ်တည်တဲ့ပါတီမဟုတ်ဘူး”- ဟု အမည်မဖေါ်လိုသည့် အထင်ကရ ၀ လူထု ခေါင်းဆောင်တဦးက ပြောပါသည်။
၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ ၀ နိုင်ငံရေးပါတီ ၃ ခုရှိသော်လည်း ဦးပေါက်ယူချမ်း ဦးဆောင်သည့် ၀ပြည် သွေးစည်းရေးပါတီ UWSP က ရွေးကောက်ဝင်မည်မဟုတ်သဖြင့်၊ မေလ အတွင်း နအဖ ရွေးကောက်ပွဲကော်မ ရှင်ထံ ပါတီမှတ်ပုံတင်ခွင့်ရထားသည့် ၀ နိုင်ငံရေးပါတီ နှစ်ခုရှိသည်ဟု ၀ လူထုသတင်းရပ်ကွက်ကပြော၏။
၎င်းင်းတို့မှာ ၀ အမျိုးသားညီညွတ်ရေးပါတီ Wa National Unity Party (WNUP) ) နှင့် ၀ဒီမိုကရက်တစ်ပါတီ Wa Democratic Party (WDP) တို့ဖြစ်ကြ၏။
“ Wa Democratic Party (WDP) က လူတွေဟာ မဆလ ခေတ်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ Burma Socialist Program Party (BSPP) ကလူတွေဖြစ်တယ်။ သူတို့ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ၁၉၉၀ ရွေးကောက်ပွဲမှာပါဝင်တယ်။ နောက်ပိုင်း ၁၉၉၃ မှာ ဖွဲ့စည်းတဲ့ ကြံ့ခိုင်ရေးအသင်းတွေမှာ လဲပါဝင်တယ်။ အဲဒါကြောင့် WDP က နအဖ စစ်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ပါတီလို့ အခိုင်အမာ ပြောရဲတယ်”- ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် National Unity Party (NUP) တစညပါတီမှ တတိုင်းပြည်လုံး ၀င်ရောက်ယှဉ်ပြိုင်ရာ အမတ် ၁၀ နေရာရရှိသည့်အနက် သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မဲဆန္ဒနယ်အမတ် ခွန်ထွန်းလူ (လက်ရှိ အသက် ၆၀ ကျော်) က အနိုင်ရရှိသည်။ ယခု ၀ ဒီမိုကရက်တစ်ပါတီ (WDP) ကိုလည်း အဆိုပါပုဂ္ဂိုလ်နှင့် မဆလ ပါတီဝင် ဟောင်းများဖြစ်သည့် ဦးဆိုင်ပေါင်းနပ် နှင့် ဦးစိန္တာတို့ ဦးဆောင်သည်ဟု အဆိုပါ ၀ ခေါင်းဆောင်ကဆက်ပြော သည်။
ဝ အမျိုးသားညီညွတ်ရေးပါတီ (WNUP) ကိုမူ ဦးတာ့စောလု က ၀ အမျိုးသားတိုးတက်ရေးပါတီ (WNUP) အဖြစ် ဦးဆောင်တည်ထောင်ခဲ့သည်။ ဦးတာ့စောလုမှာ ၁၉၉၂ က န၀တအစိုးရနှင့် မူးယစ်ဆေးဝါး ပတ်သက်ဆက်နွယ် နေမှုကို ကမ္ဘာသိအောင် သတင်းဖြန့်မှုကြောင့် အဖမ်းခံရပြီး နှိပ်စက်မှုဒဏ်အမျိုးမျိုးခံရကာ သျှမ်းပြည်မြောက် ပိုင်းလားရှိုး အကျဉ်းထောင်၌ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့်ယခု Wa National Unity Party (WNUP) ကို ဦးဖိလစ်ဆမ် Philip Hsam နှင့် ဦးယီ့ပလစ်တို့က ဦးဆောင်လျှက်ရှိသည်ဟုဆိုပါသည်။
ဝ အမျိုးသားများသည် ၂၀၀၈ နားဂစ်ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး ၆ မြို့နယ်အပြင် သံလွင်အရှေ့ခြမ်း ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်၊ သံလွင်အနောက်ခြမ်း တန့်ယန်းမြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြသည်။
(Wa Democratic Party (WDP) ၏ အမြင်သဘောထား/တုန့်ပြန်ဝေဖန်ချက်များနှင့် သျှမ်းပြည်အတွင်းရှိအခြား တိုင်းရင်းသားပါတီများ၏ လှုပ်ရှားမှုဆိုင်ရာအချက်အလက်များကိုလည်း သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက် သွယ်၍ ဆက်လက်ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။)
Thursday, 17 June 2010
ဒေါ်စုကို ဖမ်းဆီးထား၍ စစ်အစိုးရကို ကုလလုပ်ငန်းအဖွဲ့ ရှုတ်ချ
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် တရားမဝင်ကြောင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ရှုတ်ချလိုက်သည်။
လာမည့် ၁၉ ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့မတိုင်မီတွင် ရုရှားအပါအဝင် ငါးနိုင်ငံပါဝင်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ လက်အောက်ခံအဖွဲ့ဖြစ်သော ဆွစ်ဇာလန်အခြေစိုက် ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ခွင့်ကို ဆက်လက် ငြင်းပယ်နေတာဖြစ်ပြီး ဒါဟာ ကုသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပုဒ် ၉၊ ၁ဝ၊ ၁၉ နဲ့ ၂ဝ တို့ကို ချိုးဖောက်နေတာပါ” ဟု ကုလလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်က ပြောသည်။
လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခု ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကုလညီလာခံကြီးမှ အတည်ပြုခဲ့ပြီး အစိုးရများအနေဖြင့် ဥပဒေနှင့် မညီဘဲ မည်သူ့ကိုမျှ ဖမ်းဆီးခြင်း မပြုရန်၊ လွတ်လပ်သည့် တရားရုံးများဖြင့်သာ တရားစီရင်ရမည်ဖြစ်ပြီး လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် စုဝေးဖွဲ့စည်းခွင့်တို့ကို အာမခံရန် ပါရှိသည်။
လုပ်ငန်းအဖွဲ့က ” ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကို သူမကို မပြောဘူး၊ ထိရောက်တဲ့ ဖြေရှင်းခွင့်မပေးဘူး၊ မှတ်တမ်းတွေလည်း မပေးအပ်သလို သူမအခွင့်အရေးကိုလည်း အသိမပေးဘူး။ ပြင်ပကမ္ဘာနဲ့ ဆက်ဆံခွင့်မပြုသလို သူမရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံနေရတာလည်း ဖြစ်တယ်” ဟု ဖော်ပြထားသည်။
၂ဝ၁ဝ ခုနှစ်အတွင်း ကုလလက်အောက်ခံ အဖွဲ့အစည်းတခု၏ မြန်မာစစ်အစိုးရအပေါ် အပြင်းထန်ဆုံးသော ရှုတ်ချပြောဆိုမှုလည်း ဖြစ်ကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပေါ် ဖိအားတခု ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောသည်။
စက်တင်ဘာလ ၂ဝ၁ဝ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိ ကုလလုပ်ငန်းအဖွဲ့တွင် ရုရှား၊ ဆီနီဂေါ၊ ပါကစ္စတန်၊ ချီလီနှင့် နော်ဝေနိုင်ငံမှ ဥပဒေ ကျွမ်းကျင်သူများ ပါဝင်သည်။
နေအိမ်အတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ခိုးဝင်ခြင်းကို ဧည့်ခံမှုဖြင့် မြန်မာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် ၁၈ လ နေအိမ်တွင် ချုပ်နှောင်ထားရန် အပြစ်ပေးခံထားရသည်။
မြန်မာစစ်အစိုးရသည် ပျက်ပြယ်သွားပြီးဖြစ်သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားကာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးခဲ့ခြင်းအတွက် တရားမဝင်ကြောင်းနှင့် အမြန်ဆုံးလွှတ်ပေးရန် ကုလလုပ်ငန်းအဖွဲ့က ပြောသည်။
မွေးနေ့ရှင်မပါသော မွေးနေ့အတွက် သူမကို ထောက်ခံသူများက ပြည်တွင်းပြည်ပတွင် အထိမ်းအမှတ် သစ်ပင်စိုက် လှုပ်ရှားမှုများ၊ “ပြည်သူ့ ရွေးကောက်ပွဲ” အမည်ရှိ “ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု” များ ပြုလုပ်နေကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက တိုင်းနှင့် ပြည်နယ် ၁၃ခု၌ တမြို့နယ်လျှင် သစ်ပင် ၆၆ ပင်ကျ စုစုပေါင်း ၁ သောင်းကျော်ကို စိုက်ပျိုးပြီးဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက ပြောသည်။
အလားတူပင် တပ်ပေါင်းစုများ အပါအဝင် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအဖွဲ့ ၁ဝ ဖွဲ့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတခု ယနေ့ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရန် ထပ်မံ တောင်းဆိုလိုက်ကြသည်။
၁ဝ ဖွဲ့ပေါင်းအုပ်စုက “ပြည်သူ့ရွေးကောက်ပွဲ” များ ၁၄ နိုင်ငံတွင် မဲကောက်ခံမှုများကို ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မတိုင်မီ အဆုံးသတ်လိုက်ကြသည်။
”ပြည်သူ့ရွေးကောက်ပွဲ” ဆိုသည်မှာ ဆန္ဒမဲ ပို့စ်ကဒ်ပြားတွင် ဖော်ပြထားသော ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အနက် နှစ်သက်ရာကို မဲထဲ့ခိုင်းခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရွေးချယ်ထားကြသော ဆန္ဒမဲပြားပေါင်း ၃၉ဝဝဝ ကျော်ကို သီတင်းပတ် နှစ်ပတ်ကျော်အတွင်း ကောက်ခံရရှိထားပြီး ဖြစ်ကြောင်း ၁ဝ ဖွဲ့ပေါင်းအုပ်စု နိုင်ငံခြားရေး တာဝန်ခံ ဦးသွင်လင်းအောင်က ပြောသည်။

Posted by
ngffbm
at
07:31
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
မဇ္ဈိမသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဘန်ကောက်တွင် ကျင်းပ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် မွေးနေ့ပွဲ ဆိုင်ရာ အခမ်းအနားကို ပြည်ပ အခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ယနေ့ ကျင်းပကြောင်း သိရှိရသည်။
အခမ်းအနားကို ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ် (Foreign Correspondents Club of Thailand-FCCT) တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး တပ်ပေါင်း စု ၁၀ စုမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ထိုင်း လွှတ်တော် အမတ်ဖြစ်သူ မစ္စတာ ခရိုင်ဆတ်၊ ထိုင်းနိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ် မစ္စတာ ရွန် ဟော့ဖ်မန်၊ အမေရိကန်နှင့် ချက် ရီပတ်ဘလစ် သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ ခွန်မားကိုဘန်း၊ ဦးဝင်းလှိုင်နှင့် အခမ်းအနားသို့ တက်ရောက် လာသူ ထိုင်းလွှတ်တော် အမတ် မစ္စတာ ခရိုင်ဆတ်တို့မှ အမှာ စကားများ ပြောကြား ခဲ့သည်။
အမေရိကန်၊ ကနေဒါ နှင့် ချက် ရီပတ်ဘလစ် သံအမတ်တို့မှ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ သဝဏ်လွှာများကို ပေးပို့ခဲ့ကြကြောင်း တပ်ပေါင်းစု ၁၀ စုမှ နိုင်ငံခြားရေးကော်မတီများကို စုဖွဲ့ထားသည့် နိုင်ငံခြားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (FACT) မှ တာဝန်ခံ ကိုသွင်လင်းအောင်က ဧရာဝတီသို့ ပြောသည်။
“သူတို့တွေရဲ့ သဝဏ်လွှာတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေ ဆိုပြီး ပါပါတယ်”ဟု ကိုသွင်လင်းအောင်က ပြောပြသည်။
မစ္စတာ ခရိုင်ဆတ်က အမှာစကားပြောကြားရာတွင်“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့မယ် ဆိုရင် ထိုင်းနိုင်ငံကို အလည်လာစေချင်ပါတယ်၊ လာခဲ့ရင်လည်း ပထမဦးဆုံးလက်ဆွဲနှုတ်ဆက်သူအဖြစ် ကျနော်ဖြစ်ချင်ပါတယ်”ဟုပြောသည်။
မစ္စတာ ခရိုင်ဆတ်ကပင် ဆက်လက်၍“လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဓာတ်ငွေ့များနှင့် အခြား သယံ ဇာတများကို ဝယ်ယူနေခြင်းသည် စစ်အစိုးရကို ထောက်ပံ့နေသကဲ့သို့ ဖြစ်နေသော်လည်း နောင်တချိန်တွင် စစ်အစိုးရ ကို ဖိအားပေးသည့် နိုင်ငံတနိုင်ငံ ဖြစ်လာစေလိုကြောင်း”ပြောဆိုသည်။
ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ် မစ္စတာ ရွန် ဟော့ဖ်မန်ကလည်း“မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ဒေါ်အောင်ဆန်း စုကြည် ကို ဆက်လက် ထောက်ခံသွားမည်”ဟု အခမ်းအနားတွင် ပြောကြားသည်။
ဘန်ကောက်မြို့ FCCT တွင် ကျင်းပခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနား အပြင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အနေဖြင့် ကမ္ဘာအနှံ့ရှိ နိုင်ငံ ပေါင်း ၂၄ နိုင်ငံတို့မှ စစ်အာဏာရှင် ရွေးကောက်ပွဲနှင့် စစ်မှန် သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်သည့် အစီအစဉ် ပိတ်ပွဲနှင့် ရရှိထားသော မဲအရေအတွက်ကို ကြေညာခြင်း စသည့် လှုပ်ရှားမှုများလည်း ယနေ့ အခမ်းအနားတွင် ပါဝင်သည်။

07:30
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဧရာဝတီသတင်း
အစိုးရနှင့် ကြံ့ဖွံ့ ပါတီ ကင်းရှင်းရန် တရားဝင် တောင်းဆို
စစ်အစိုးရနှင့် ဝန်ကြီးများ ဦးဆောင်နေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အကြား ကင်းရှင်းမှု ရှိသင့်ပြီ ဖြစ်ကြောင်း နိုင်ငံရေး ပါတီတခုက တရားဝင် ကြေညာချက် ထုတ်ပြန်၍ တောင်းဆို လိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က အချက် ၆ ချက်ပါ ကြေညာချက်ကို ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်း တောင်းဆိုထားခြင်း ဖြစ်ပြီး မှတ်ပုံတင်ပြီး ပါတီတရပ်အနေဖြင့် ပထမဆုံးအကြိမ် တရားဝင် တောင်းဆိုခြင်း ဖြစ်ကြောင်း UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ဆိုသည်။
“တိုင်းမှူးတွေက ၀န်ကြီးတွေ ခရီးစဉ်မှာ လိုက်နေရတာ။ တိုင်းမှူးဆိုတာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရဲ့ တိုင်းမှူးတွေလေ။ ဒါ အရှင်းဆုံးပြောရရင် စစ်တပ်နဲ့လိုက်ပါပြီး စည်းရုံးရေးလုပ်နေတဲ့ သဘော။ ဒီလိုရောထွေးနေ တဲ့ အခြေအနေအတွက် ခွဲခွဲခြားခြားဖြစ်ဖို့ ကြေညာချက်ထုတ်လိုက်တာ”ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
တောင်းဆိုထားသည့် တခြားအချက်များမှာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် နိုင်ငံရေးအကျဉ်းသားများကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တရပ် ထုတ်ပေးရန်၊ သတင်းမီဒီယာကို လွတ်လပ်ခွင့်ပြုရန်၊ ရွေးကောက်ပွဲ စတင်ကျင်းပမည့် ရက်ကို အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန်၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းမှာ များပြားလွန်းသဖြင့် ထိုက်သင့်သော ထောက်ပံ့ကြေး ပေးရေး ဥပဒေတရပ် ပြဌာန်းပေးရန် စသည်တို့ပါဝင်သည်။
USDP နှင့် ပတ်သက်၍ တောင်းဆိုရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ စစ်အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)နှင့် USDP တို့ အကြား စနစ်တကျ စည်းခြားပေးရန် ဟူ၍ ဖြစ်သည်။
“ကြံ့ဖွံ့ အသင်းမှာ နယက က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သလို ကြံ့ဖွံ့ အသင်းမှာ ရှိခဲ့တာကလည်း နိုင်ငံဝန်ထမ်းတွေ။ ဒီတော့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရဆို ၀န်ထမ်းတွေကို ခေါ်ယူသုံးစွဲလို့ မရဘူးဆိုတဲ့အချက်တွေ ရှိတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း“သံအမတ်တွေနဲ့ ပါတီတွေ တွေ့တဲ့ ပွဲတခုမှာ သူတို့ (ကြံ့ဖွံ့ပါတီ) က ကြံ့ဖွံ့ အသင်းကနေ ဆင်းသက် လာတာ။ ကြံ့ဖွံ့ အသင်းရှိသလို ကြံ့ဖွံ့ ပါတီကလည်း ရှိနေမယ်။ လုပ်ငန်းအရတော့ အသင်းနဲ့ ပါတီက မရောပါဘူးဆိုပြီး ပြောခဲ့တယ်” ဟု ပြောကြားသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက“ကြံ့ဖွံ့ အနေနဲ့ ပါတီထောင်တာကို ကြိုဆိုတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ အညီတော့ ထောင်ပေါ့။ ကြံ့ဖွံ့အသင်းအနေနဲ့က ပြဌာန်းထားတဲ့ ဥပဒေတွေအောက်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့ စည်းမျဉ်း စည်းကမ်းရဲ့ အောက်မှာနေပါ။ ခုအချိန်မှာ ဘယ်ဟာက အသင်းပါ၊ ဘယ်ဟာက ပါတီပါလို့ ပြောလို့ မရသေးဘူး ဖြစ်နေ တယ်”ဟု ဆိုသည်။
လက်ရှိ စစ်အစိုးရ လက်အောက်တွင် ပါတီများ စတင် ဖွဲ့စည်းစဉ်ကတည်းက အခက်အခဲ၊ အကျပ်အတည်းများကို ထည့်သွင်း စဉ်းစားထားပြီးဖြစ်ကြောင်း ဦးနေမျိုးဝေက ဆက်လက်ပြောကြားသည်။
ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၄ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။

07:28
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဧရာဝတီသတင်း
ထက်ထက်မိုးဦး ဘာကြောင့် ရုံးချိန်းမလာတာလဲ
ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံး၌ စစ်ဆေး လျက်ရှိရာ တရားလို၊ တရားခံ နှစ်ဘက် ထွက်ဆိုချက်များ ရယူရန် ယနေ့ ရုံးချိန်းသို့ ထက်ထက်မိုးဦး လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
“ဒီနေ့ ကျမတို့ ဘက်က ရှေ့နေနဲ့ အတူ တရားရုံးကို သွားကြပါတယ်။ ထက်ထက်မိုးဦး ဘက်ကတော့ မလာပါဘူး။ တရားရုံး ကတော့ သမ္မန်စာ ဆက်ထုတ် သွားမယ်လို့ ပြောပါတယ်။ ပထမ တကြိမ် သမ္မန်စာ ပို့ခဲ့ပေမယ့် အဲဒီအိမ်မှာ ထက်ထက်မိုးဦး မနေဘူးလို့ ကြားရတယ်” ဟု 7day News ဂျာနယ် အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။
လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။
အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။
ရန်ကုန်မြို့မှ တရားရုံးချုပ်ရှေ့နေတဦးက “ဒေါ်ထက်ထက်မိုးဦးကို တရားရုံးက ပထမအကြိမ် သမ္မန်စာ ဆင့်ခေါ်တယ်လို့ ကြားတယ်။ ဒါပေမယ့် သူက တရားလိုဘက်က တရားရုံး ဦးတိုက်လျှောက်လွှာမှာ တင်ထားတဲ့ အဲဒီအိမ်မှာ မရှိတော့ သမ္မန်စာ အတည်မဖြစ်သေးဘူး။ အဲဒီတော့ တရားလိုဘက်က သူ ဘယ်မှာ နေ နေလဲ ဆိုတာကို ပြန်စုံစမ်းပြီး ပြန်တင်ပေးရမယ်။ အဲဒီလို တင်ပေးလို့ သမ္မန်စာက သူ့လက်ထဲကို ရောက်သွားပြီး သူ တရားရုံးကို မလာဘူးဆိုရင်တော့ သူ့ကို တရားရုံးက အရေးယူလို့ ရသွားမှာပါ။ အခုအချိန်ကတော့ သမ္မန်စာ လိုက်ချနေရတဲ့ အဆင့်ပဲရှိပါသေးတယ်” ဟု ရှင်းလင်း ပြောဆိုသည်။
ယနေ့ တရားရုံးသို့ မတက်ရောက်ခြင်းနှင့်စပ်လျဉ်း၍ ဧရာဝတီက ထက်ထက်မိုးဦးသို့ ဆက်သွယ်ရာတွင် အမျိုးသားတဦးက ၎င်းတို့ မန္တလေးသို့ ရောက်ရှိနေသည်ဟုသာ ထက်ထက်မိုးဦး၏ လက်ကိုင်ဖုန်းဖြင့် ပြန်လည် ဖြေဆိုခဲ့သည်။
အဆိုပါအမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလိုသဖြင့် ထက်ထက်မိုးဦးကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသဖြင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက် ထုတ်ပြန်ပြီး နောက်ရက်တွင် သတင်းထောက် မအေးသူစံကိုလည်း စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ လိုက်နာ ဆောင်ရွက်ပြီး စာပေနှင့် အနုပညာ နယ်ပယ် အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပျက်ပြား စေသည့် ပြောဆို ပြုမူမှုများ ရှောင်ရှားရမည် ဟူ၍ စာနယ်ဇင်းအဖွဲ့က ခေါ်ယူအသိပေးခဲ့သည်။
“ဖြစ်စကတော့ သတင်းထောက်တွေလည်း စိတ်ဝင်စားကြတယ်။ တရားရုံးချိန်းတွေကိုလည်း သွားကြတာတွေ့တယ်။ အခုတော့ သတင်းထောက်တွေ ပြောသံဆိုသံ မကြားရတော့ဘူး။ ဘောလုံးဘက်ကို လှည့်နေကြတယ်။ စာပေစိစစ်ရေးကလည်း ဒီသတင်းကို ဇွန် ၃ ရက် ရုံးချိန်းကစပြီး သတင်းဖော်ပြခွင့် မပြုတော့ဘူးလို့ ပြောထားတယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

07:26
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဧရာဝတီသတင်း
အီရန်နှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံ
အီရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး မိုဟာမက် အလီဖာသိုလာဟီနှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ ဇွန်လ ၁၆ ရက်နေ့ နေ့လယ်က နေပြည်တော်တွင် တွေ့ဆုံကြကြောင်း သိရသည်။

နျူကလီးယားနှင့် ပတ်သက်၍ အငြင်းပွားစရာ ဖြစ်နေသည့် အီရန်မှ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် အသေးစိတ် ဆွေးနွေးချက်များကိုမူ ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားခြင်း မရှိပေ။
“အခုအချိန်မှာ အမေရိကန်က မြန်မာကို တားမြစ် ကန့်သတ်တာတွေ လုပ်တော့ လက်ရှိမြန်မာ အစိုးရက အမေရိကန်ကို ရန်သူလို သဘောထားတယ်။ အမေရိကန်ကို အာဃာတ ရှိနေတော့ မြောက်ကိုရီးယားနဲ့ မဟာမိတ် ပြန်လုပ်နေ တယ်လို့ပဲ မြင်ပါတယ်။ အီရန်တို့၊ ကျူးဘားတို့လို အမေရိကန်နဲ့ မတည့်တဲ့နိုင်ငံတွေနဲ့ လည်း ပိုရင်းနှီးဖို့ ဆောင် ရွက် နေတယ်။ ဒီလိုပဲ မြင်တယ်” ဟု ဝါရင့်နိုင်ငံရေး သမားဟောင်း သခင်ချန်ထွန်းက ဧရာဝတီနှင့် အင်တာဗျူးတခုတွင် သုံးသပ် ပြောကြားသည်။
နိုင်ငံတကာ၏ နျူကလီးယား ဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ သဘောထားတင်းမာသူ အီရန်သမ္မတ အာမက် ဒီနေဂျက် က အီရန် အစိုးရသည် နျူကလီးယားအစီအစဉ်ကို လုံးဝ ငြိမ်းချမ်းသော ရည်ရွယ်ချက်နှင့် ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု အစဉ်တစိုက် ပြောဆိုနေခဲ့သည်။
မြန်မာ စစ်အစိုးရကလည်း နျူကလီးယားဆိုင်ရာ ရည်မှန်းချက်နှင့် ပတ်သက်၍ ယခင်လ အတွင်းက ပေါ်ထွက်လာသော အထောက်အထားများကို ငြင်းဆိုရာတွင် “နိုင်ငံတိုင်းသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် အခွင့်အရေးရှိသည့် အချက်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် ထောက်ခံပါသည်” ဟု စစ်အစိုးရ ထိန်းချုပ်ထားသော သတင်းစာမှ တဆင့် ဇွန်လ ၁၂ ရက်နေ့က ဖော်ပြခဲ့သည်။
ပြည်ပသို့ တိမ်းရှောင် လာသော ဗိုလ်မှူးစိုင်းသိန်းဝင်းက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ယခင်လက မီဒီယာများမှ တဆင့် ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။
မေလအစောပိုင်းတွင်လည်း “အီရန်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ချင်တဲ့ ဆန္ဒဟာ ကမ္ဘာအတွက် အန္တရာယ် သိပ်ကို ကြီးမားမယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆို ဝေဖန်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် သမ္မတဘုရှ်က မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ကြွင်းကျန်တည်ရှိနေသည့် "အာဏာရှင်များ၏ ခံက တုတ် နိုင်ငံတခု" အဖြစ် ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ် နိုင်ငံများနှင့် အတူ တတန်းတည်း ထား၍ ဝေဖန်ခဲ့သေးသည်။
နိုင်ငံအာဏာကိုရယူထားသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ အသက် ကြီးလှပြီဖြစ်၍ အရေးကြီးသည့် နိုင်ငံရေး ကိစ္စများကို စီမံခန့်ခွဲ နိုင်စွမ်း နည်းနေပြီ ဟု ၂၀၀၉ ဒီဇင်ဘာလတွင်းက ထုတ်ဝေသည့် အီရန် အစိုးရ အာဘော်ဖြစ်သည့် တီဟီရန်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။
စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူ စမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သေးသည်။
အီရန်နိုင်ငံ၏ စွမ်းအင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံသို့ ၂၀၀၆ ခုနှစ်တွင် လာရောက်ခဲ့ဖူးသည်။
အီရန် ဒု နိုင်ငံခြားရေး ၀န်ကြီးနှင့် ဦးဉာဏ်ဝင်းတို့ နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

07:23
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဧရာဝတီသတင်း
အဲပုဂံ လေယာဉ်မယ်များနှင့် အမျိုးသမီး သရုပ်ဆောင်များ ချစ်ကြည်ရေး ဘောလုံးကန်မည်
စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အဲပုဂံမှ လေယာဉ်မယ်များနှင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် ဘောလုံး အသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဲပုဂံ လေယာဉ်မယ်များနှင့် ဘောလုံးကစားရန်အတွက် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် ဘောလုံးအသင်းသည် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ လေ့ကျင့်ရေး ဆင်းနေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
“အထက်လူကြီးတွေက အဲပုဂံနဲ့ ဘောလုံးကန်ဖို့ ဆိုပြီး အမျိုးသမီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေ စု ထား ၊ နောက် ဘောလုံး သင်တန်းပါ ပေးဖို့လုပ် ဆိုတာနဲ့ အခု သင်တန်းတောင် စပေးနေပါပြီ”ဟု ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူက ဆို သည်။
အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် ဘောလုံးအသင်းအား သင်တန်းပေးခြင်းများ စတင်ပြုလုပ်နေသော်လည်း မည့်သည့်ရက် ၊ မည်သည့်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ကို မသိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ပါဝင်ကစားမည့် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များမှာ ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ N နိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွှန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်း တို့ ဖြစ်ကြောင်းသိရသည်။

“ရုပ်ရှင်အစည်းအရုံးက တယောက်ချင်းဆီကို စာပို့ပြီးခေါ်တာ၊ အခု ထရိန်နင်သာဆင်းနေရတယ်၊ ဘယ်တော့ကန်ရမလဲ မသိ၊ ဟိုဘက်အသင်းက ရှိမရှိတောင် မသိရဘူး၊ အစည်းအရုံးက တာဝန်ရှိသူတွေကို အသေးစိတ်မေးတော့ ဘာမှ မပြောနိုင်ဘူး” ဟု ရုပ်ရှင်သရုပ်ဆောင် တဦးက ပြောသည်။
အဆိုတော် တဦးကလည်း“မသွားမနေရ သဘောမျိုးခေါ်တာဆိုတော့ ငြင်းလို့မရဘူး၊ တဘက်မှာ အနုပညာအလုပ်တွေ က လည်း လုပ်နေတော့ မသွားချင်တာများတယ်၊ ပြိုင်ပွဲ ဘယ်တော့စမယ် ဆိုတာတွေတော့ ဘာမှမသိရသေးဘူး”ဟု ဆိုသည်။
အားကစားဝန်ကြီးဌာနမှ နည်းပြတဦးအပြင် ရုပ်ရှင်အစည်းအရုံးမှ ဦးအောင်ခိုင်၊ ဦးထူးသာ၊ ဦးသန်းဝင်း တို့ပါ တပတ်လျှင် ဗုဒ္ဓဟူး၊ စနေ၂ ရက် ညနေ ၄ နာရီတိုင်း ကူညီ လေ့ကျင့်ရေးဆင်းနေကြောင်း သိရသည်။
အဲပုဂံ လေယာဉ်မယ်တဦးကမူ“ရုပ်ရှင်မင်းသမီးတွေနဲ့ ဘောလုံးကန်ဖို့ရှိတယ်ဆိုပြီး ရုံးချုပ်ကနေ လေယာဉ်မယ်တွေ အကုန် လုံး ကို ဇွန် လဆန်းလောက်က ပြောထားတယ်၊ အခုချိန်အထိတော့ ဘာလေ့ကျင့်ရေးမှ လုပ်တာမရှိသေးဘူး၊ လေယာဉ်မယ် တွေ ဆိုတာကလည်း အကုန်လုံး လှလှပပလေးနေချင်တာ ကွင်းထဲမှာ ဟိုပြေးဒီပြေးလုပ်ဖို့ ဘယ်သူမှ စိတ်မ၀င်စားဘူး”ဟု ပြောသည်။
အဲပုဂံ ပိုင်ရှင် ဦးတေဇ က ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းကို ၂၀၀၉ ခုနှစ်က စတင် တည်ထောင်ခဲ့သော်လည်း အမျိုးသမီး ဘောလုံးအသင်း မရှိသေးကြောင်း သိရသည်။
အမျိုးသမီးရုပ်ရှင် သရုပ်ဆောင် ဘောလုံးအသင်း (ဓာတ်ပုံ - MYANMAR HERALD TRIBUNE)

ဘောလုံး လေ့ကျင့်ရေး ဆင်းနေသည့် အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်အသင်း (ဓာတ်ပုံ - MYANMAR HERALD TRIBUNE)
“ရုပ်ရှင်အစည်းအရုံးက တယောက်ချင်းဆီကို စာပို့ပြီးခေါ်တာ၊ အခု ထရိန်နင်သာဆင်းနေရတယ်၊ ဘယ်တော့ကန်ရမလဲ မသိ၊ ဟိုဘက်အသင်းက ရှိမရှိတောင် မသိရဘူး၊ အစည်းအရုံးက တာဝန်ရှိသူတွေကို အသေးစိတ်မေးတော့ ဘာမှ မပြောနိုင်ဘူး” ဟု ရုပ်ရှင်သရုပ်ဆောင် တဦးက ပြောသည်။
အဆိုတော် တဦးကလည်း“မသွားမနေရ သဘောမျိုးခေါ်တာဆိုတော့ ငြင်းလို့မရဘူး၊ တဘက်မှာ အနုပညာအလုပ်တွေ က လည်း လုပ်နေတော့ မသွားချင်တာများတယ်၊ ပြိုင်ပွဲ ဘယ်တော့စမယ် ဆိုတာတွေတော့ ဘာမှမသိရသေးဘူး”ဟု ဆိုသည်။
အားကစားဝန်ကြီးဌာနမှ နည်းပြတဦးအပြင် ရုပ်ရှင်အစည်းအရုံးမှ ဦးအောင်ခိုင်၊ ဦးထူးသာ၊ ဦးသန်းဝင်း တို့ပါ တပတ်လျှင် ဗုဒ္ဓဟူး၊ စနေ၂ ရက် ညနေ ၄ နာရီတိုင်း ကူညီ လေ့ကျင့်ရေးဆင်းနေကြောင်း သိရသည်။
အဲပုဂံ လေယာဉ်မယ်တဦးကမူ“ရုပ်ရှင်မင်းသမီးတွေနဲ့ ဘောလုံးကန်ဖို့ရှိတယ်ဆိုပြီး ရုံးချုပ်ကနေ လေယာဉ်မယ်တွေ အကုန် လုံး ကို ဇွန် လဆန်းလောက်က ပြောထားတယ်၊ အခုချိန်အထိတော့ ဘာလေ့ကျင့်ရေးမှ လုပ်တာမရှိသေးဘူး၊ လေယာဉ်မယ် တွေ ဆိုတာကလည်း အကုန်လုံး လှလှပပလေးနေချင်တာ ကွင်းထဲမှာ ဟိုပြေးဒီပြေးလုပ်ဖို့ ဘယ်သူမှ စိတ်မ၀င်စားဘူး”ဟု ပြောသည်။
အဲပုဂံ ပိုင်ရှင် ဦးတေဇ က ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းကို ၂၀၀၉ ခုနှစ်က စတင် တည်ထောင်ခဲ့သော်လည်း အမျိုးသမီး ဘောလုံးအသင်း မရှိသေးကြောင်း သိရသည်။
Posted by
ngffbm
at
07:20
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဧရာဝတီသတင်း
Subscribe to:
Posts (Atom)