Pages

Subscribe

Saturday, 17 July 2010

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ ထိုင်းနိုင်ငံက ဖိအားပေးရန် အမေရိကန်တိုက်တွန်း

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်အကြီးတန်း သံတမန်တဦးက ထိုင်းအစိုးရအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် တွန်းအားပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တတိယရာထူး အကြီးဆုံးဖြစ်တဲ့ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး William Burns ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတုန်း ထိုင်းနိုင်ငံက အနီးကပ်အိမ်နီးချင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ဖိအားပေးပါရန် တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် ထိုင်းအစိုးရရဲ့အရေးပေါ် အခြေအနေ ကြေညာချက်ကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေဦးကာလက အကြမ်းဖက် ဆန္ဒပြပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ၂ ဘက် မပြေမလည် ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ပြုခြင်းဟာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါတယ်လို့ Mr. Burns က သောကြာ နေ့က ပြောဆိုလိုက်ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာချက်ဟာ ဒီမိုကရေစီ စံနစ်အတွက် ကသိကအောက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ အရေးပေါ် အခြေအနေ အမိန့်အရ တရားစွဲဆိုဖို့မလိုဘဲ မသင်္ကာတဲ့လူတွေကို ဖမ်းဆီးနိုင်ခွင့်ရှိပြီး သတင်းတွေကိုလည်း ဆင်ဆာ လုပ်ခွင့် ရှိပါတယ်။ ဘန်ကောက်မြို့နဲ့ နယ်ခရိုင် ၁၈ ခုမှာ အရေးပေါ် အခြေအနေ ၃ လ ထပ်တိုး လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။

ဒေါ်စုရဲ့ ဆုံးဖြတ်ချက်အတိုင်း ဦးဝင်းထိန် ရပ်တည်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ဟာ ကသာထောင်က လွတ်မြောက် လာပြီးတဲ့နောက် နိုင်ငံရေးလုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ပြောပါတယ်။ ဦးဝင်းထိန်ဟာ အကျဉ်းကျခံရစဉ် အစာအိမ်၊ သွေးတိုး၊ နှလုံးနဲ့ အရိုးကျီးပေါင်း တက်တဲ့ ရောဂါတွေကိုလဲ ခံစားခဲ့ရပြီး သူဟာ ချမှတ်ထောင်ဒဏ်ထက် ၂ လကျော်ကြာ ပိုနေထိုင်ခဲ့ရပြီးမှ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးဝင်းထိန်ဟာ မနေ့ကပဲ ကသာထောင်ကနေ လွတ်မြောက်လာခဲ့ပြီး ဒီကနေ့ ရန်ကုန်က သူ့ မိသားစုဆီကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ပြောပါတယ်။

“နိုင်ငံရေးအရဗျာ ဒေါ်စုက မှတ်ပုံမတင်ဘူးဆိုတော့ ကျနော်တို့လဲ မှတ်ပုံမတင်တဲ့အတိုင်း နေရမှာပဲ။ ဒီမှာ ကျနော်က အသက် ၇၀ ရှိတော့မယ်။ ဟိုတုန်းက အင်္ဂလိပ် လက်ထက်မှာကော၊ နိုင်ငံရေး အစိုးရလက်ထက်မှာကော နိုင်ငံရေးလုပ်ချင်တဲ့ကောင် ကိုယ်ဟာကိုယ် ဆိုင်းဘုတ် ထ ထောင်၊ ဘာမှ မှတ်ပုံတင်စရာမလိုဘူး။ ထောက်ခံတဲ့လူရှိရင် အဲဒီပါတီက ကြီးပွားမယ်၊ ထောက်ခံတဲ့လူမရှိရင် အဲဒီပါတီက တုံးသွားမယ်။ ကျနော်က အဲလို သဘောထားတာ။ ကျနော်ကတော့ ဒေါ်စု ဆုံးဖြတ်တဲ့ အတိုင်းပဲ ရပ်တည်ရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီး မတ်လ ၂၉ ရက်နေ့မှာကျင်းပတဲ့ ပါတီ ဗဟိုဦးစီး အဖွဲ့အစည်းအဝေးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတာကြောင့် ပါတီကို မှတ်ပုံမတင်ဖို့ အများသဘောတူ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီသစ် တည်ထောင်ကြသူတွေအပေါ် သူ့ရဲ့သဘောထားကိုတော့ ဦးဝင်းထိန်က အခုလို ပြောပါတယ်။

“နိုင်ငံရေးက လူတိုင်းလုပ်ကိုင်ခွင့် ရှိတာလေ။ သူတို့ဟာသူတို့ ယုံကြည်လို့ လုပ်ကြတာတော့ ကျနော်က ဘာမှ ဝေဖန်စရာ မလိုပါဘူး။ လုပ်ကြပေါ့။ ဒါက ကျနော့် မူဝါဒနဲ့ မကိုက်တဲ့အတွက်တော့ ကျနော်က ဘာမှ လုပ်မှာ မဟုတ်ဘူး။”

အင်းစိန်၊ မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေးနဲ့ ကသာ အပါအ၀င် ထောင် ၅ ထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ဦးဝင်းထိန်ဟာ ထောင်အတွင်းမှာ ရောဂါ အတော်များများ ခံစားခဲ့ရသူလဲ ဖြစ်ပါတယ်။ သူရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကိုတော့ သူက အခုလို ပြောပါတယ်။

“ကျနော်က အခုဒီမှာ ကျန်းမာရေးအရ ဆေးသောက်မလို့ လုပ်နေတာ ၇ မျိုးရှိတယ်။ ရောဂါကတော့ နှလုံးသွေးကြော ကျဉ်းတာရယ်၊ အစာအိမ်အချဉ်ပေါက် တာရယ်၊ နောက် လည်ပင်း အရိုးကျီးပေါင်း တက်တာရယ်၊ နောက်ပြီးတော့ ကျောရိုးက ဘေးက မာဆယ်လ်တွေ တောင့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ငှက်ဖျားဖြစ်တာ ငှက်ဖျား အကြီးအကျယ်ဖြစ်တာ ကသာမှာဗျ။ သွေးတိုးက လာခါနီး နောက်ဆုံး ၂ ရက် ၃ ရက်မှာ အရမ်းဖောက်တာ။”

လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကသာထောင်ကို ထောင်ဆရာဝန် ရောက်လာတာကြောင့် နှစ်ပတ်တခါလောက် ကျန်းမာရေး စစ်ဆေး ကြည့်ရှုတာတွေ ရှိပြီး အရင်ကတော့ ဆရာဝန်မရှိလို့ တလကို အကျဉ်းသား တယောက်နှစ်ယောက်လောက် ဆုံးပါးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝင်းထိန်ဟာ ၁၉၉၆ ခုနှစ်က ပြည်ပ သတင်းဌာနတွေကို သတင်းမှားပေးတယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ကသာက တည်းခိုခန်းမှ တညအိပ်ပြီး ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလိုဖမ်းဆီးပြီးတဲ့နောက်မှာ ဘာအကြောင်းပြချက်မှမပေးဘဲ နောက်ထပ် ၂ နှစ်ထပ်မံ အကျဉ်းချထားခဲ့တာပါ။ ဒါကြောင့် မနေ့က ပြန်လည် လွတ်မြောက်လာချိန်မှာ ဦးဝင်းထိန်ဟာ ထောင်အတွင်းမှာ ၁၄ နှစ်နဲ့ ၂ လ နေခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုအကြောင်းပြချက်မပေးဘဲ ပြန်လည် ဖမ်းဆီးပြီး အပြစ်ဒဏ်ရက်ထက် ၂ လကျော်လွန် ဖမ်းဆီးတဲ့ အပေါ်မှာတော့ မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ဝေဖန်ပါတယ်။

“အဲဒီဟာကိုယ်ကစ နအဖက ဥပဒေမဲ့လုပ်ဆောင်နေတာကို ပိုထင်ရှားစေတယ်။ အနိမ့်ဆုံး ဗိုလ်ကြီးဝင်းထိန်ကို ဘာကြောင့် ပြန်ဆွဲတယ်ဆိုတဲ့ဟာကို အနိမ့်ဆုံးအသိပေးရမယ်၊ အကြောင်းကြားရမယ်။ အဲလို အသိပေး အကြောင်းမကြားဘဲနဲ့ လူတယောက်ကို လွတ်ပေးလိုက်တယ်။ ပြန်ထည့်ထားတာကို မတရားသဖြင့် လုပ်တယ်၊ ဥပဒေမဲ့ လုပ်တယ် ဆိုတာကို ပိုပြီးထင်ရှားစေပါတယ်။”

ဒီလိုမျိုး ရက်ကျော် ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ လွှတ်အပြီးမှာ ပြန်ဖမ်းတာတွေဟာ အရင် ကလဲ ဖြစ်ပျက်ခဲ့ဖူးတယ်၊ ဒီလို ဖမ်းဆီးတာတွေဟာ နိုင်ငံအနာဂတ်အတွက် မကောင်းနိုင်ဘူးလို့ ကိုဘိုကြည်က သုံးသပ်ပါတယ်။

“ဟိုးအရင်ကတည်းကလဲ တချို့တွေက ရက်ကျော်ပြီး ပိုနေခဲ့ရတာမျိုးတွေ ရှိတယ်။ ကိုစောဝေဆိုရင် သူအဖမ်းခံရတဲ့အချိန်က စပြီးတော့ ရုံးတင်တဲ့အချိန်ထိ တရားရုံးက လျော့ရက် ခံစားစေလို့ ဆိုပေမဲ့ လျော့ရက်မရဘဲနဲ့ ထောင်ထဲမှာ ပိုနေလိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒီရှေ့မှာလဲ အလားတူဖြစ်ပျက်ခဲ့တာတွေ ရှိတယ်။ တချို့တွေဆို ပိုဆိုးတာက လွှတ်ပေးတယ်ဆိုပြီး ထောင်ဗူးဝမှာ လက်မှတ်ထိုး လိုက်ရတယ်။ လက်မှတ်ထိုးပြီးတဲ့အခါ ကျမှ ၁၀(က) နဲ့ ပြန်ဖမ်းတယ်ဆိုပြီးတော့ နောက် ၅ နှစ်ခွဲလောက် နေရတာမျိုးတွေ ရှိတယ်။ ဥပမာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဌေးကြွယ်တို့ ဒီလူတွေဆို အဲလိုမျိုးနဲ့ နေခဲ့ရတာတွေ ရှိတယ်။ အဲဒီဟာက မြန်မာပြည်မှာ ဥပဒေစိုးမိုးမှု လုံးဝ မရှိဘူးဆိုတာကို ကောက်ချက်ချလို့ ရတယ်။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေကို ဖြစ်နိုင်သမျှ မလွှတ်ဘဲနဲ့ထားချင်တယ် ဆိုတာမျိုးကို လက်တွေ့ ပြနေတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။”

ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ ၁၉၆၃ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်း ဆင်းခဲ့ပြီ ၁၉၇၆ ခုနှစ်မှာ ဗိုလ်ကြီး အုံးကျော်မြင့် ဦးဆောင်တဲ့ နိုင်ငံတော်လုပ်ကြံမှုမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲခံရတာကြောင့် တပ်မတော်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အပြောင်းအလဲ ပွင့်လင်းမှုရှိသင့်

မြန်မာနိုင်ငံမှာ စစ်အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက ရွေးကောက်ပွဲဝင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အဖြစ်နဲ့သာ ရပ်တည်ဖို့ ပြင်ဆင်နေချိန်မှာ ဒီလုပ်ငန်းစဉ်တွေကို ပြည်သူတွေကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ မြန်မာနိုင်ငံက ရှေ့နေကြီး ဦးအောင်သိန်းက ပြောလိုက်ပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေ ပါဝင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေသေးတယ် ဆိုတာကိုတော့ ရှေ့ နေကြီး ဦးအောင်သိန်းနဲ့ ဆက်သွယ်မေးထားတဲ့ မစုမြတ်မွန်က အပြည့်စုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး ၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို နိုင်ငံရေးပါတီသက်သက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ပြင်ဆင်တဲ့အခါမှာ ပြည်သူတွေကို အသိပေး လုပ်သင့်တယ်လို့ ဗဟိုတရားရုံးရှေ့ နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“အသင်းကို ဖျက်မယ်ဆိုရင် အသင်းဖျက်သိမ်းရေး ဥပဒေဆိုင်ရာ အသင်းတခုလုံးကို ဖျက်သိမ်းတယ်။ ဖျက်သိမ်းပြီး စာရင်းရှင်းလင်းတာတို့ ဘာတို့ လုပ်ရတာတွေ ရှိတယ်ဗျ။ အသင်းက ရစရာရှိတဲ့ ကြွေးမြီတွေ ရှိတယ်။ ပေးစရာတွေလဲ ရှိရင်ရှိတတ်တာကိုး။ နောက် ကုမ္ပဏီ ဖျက်သိမ်းမယ်ဆိုလဲ ကုမ္ပဏီ ဖျက်သိမ်းရေးကို တင်ရတာပဲဗျ။ တင်ပြီး တချို့ဟာတွေကျတော့ သတင်းစာထဲမှာကို ထည့်ပြီး ကြေညာရတာတွေ ရှိပါတယ်။ အသင်း မဖျက်သိမ်းဘဲနဲ့ ပါတီကို ကူးပြောင်းတာလား။ အသင်းကို ဖျက်သိမ်းပြီးတော့ ပါတီအဖြစ် နံမည်အသစ်တင်ပြီး ကူးပြောင်းတာလား ဆိုတာ။ အဲဒါက ရွေးကောက်ပွဲဥပဒေမှာ မှတ်ပုံတင်ကတည်းကိုက ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိဘူးဗျ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းဖို့ ကိစ္စတွေကို စပြီးဆွေးနွေးနေတယ် ဆိုတာကို ရန်ကုန်မှာရှိတဲ့ အသင်းဌာနချုပ်က အမည်မဖေါ်လိုသူ အဖွဲ့ဝင်တယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို လူသိရှင်ကြား ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး၊ အသင်းပိုင်ပစ္စည်းတွေနဲ့ အသင်းဝင်တွေကို ဘယ်လိုခွဲမှာလဲ ဆိုတာကိုလဲ ရှင်းရှင်း မသိရသေးတာနဲ့ ပတ်သက်လို့ ရှေ့နေဦးအောင်သိန်း ပြောတာက -

“အသင်းရည်ရွယ်ချက်နဲ့ နိုင်ငံရေးပါတီ ရည်ရွယ်ချက်က မတူဘူးဗျ။ အသင်းအဖြစ်နဲ့ ပေါ်ပေါက်လာတာက ကျောင်းသားတွေ ပါတယ်။ ဆရာ ဆရာမတွေ ပါတယ်။ ၀န်ထမ်းတွေ ပါတယ်ပေါ့ဗျာ။ လူမှုရေးအသင်းလို့ လက်ခံတာကိုး။ အခုကျတော့ လူမှုရေးအသင်းက နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်တယ်ဆိုတော့ ဥပဒေကတော့ ပြောင်းနိုင်တယ် မပြောင်းနိုင်ဘူး ဆိုတာ သတ်မှတ်ထားတာ မရှိဘူး။ သို့သော်လဲ အသင်းလုပ်ပြီးတော့မှ နိုင်ငံရေးပါတီအဖြစ် ပြောင်းလိုက်တာကတော့ ဒါ လက်တလုံးခြား လှည့်လိုက်တဲ့သဘော သက်ရောက်တယ်ဗျ။ အရှည်သဖြင့် နိုင်ငံရေးကို မျှော်ကိုးပြီး လုပ်မယ်ဆိုရင်တော့ ဒီလိုတော့ မဖြစ်ကောင်းဘူးလို့ ကျနော် အဲဒီလို မြင်ပါတယ်။”

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နာယက အဖြစ်တည်ထောင်ထားတဲ့ ကြံခိုင်ဖွံဖြိုးရေးအသင်းဟာ စတင်တည်ထောင်ကတည်းက နိုင်ငံရေး အာဏာယူနိုင်ဖို့ ရည်ရွယ် တည်ထောင်တာလို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ အသင်းရဲ့  ဥက္ကဌအပါအဝင် ထိပ်ပိုင်း အသင်းတာဝန်ရှိသူတွေကလဲ စစ်ရာထူးတွေကနေ အရပ်ဖက်ကိုပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားခဲ့တာပါ၊ အခုလို အစိုးရရဲ့ ကျောထောက်နောက်ခံ အပြည့်ရနေတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးအသင်းကနေ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြောင်းမယ်ဆိုရင်လဲ တခြားနိုင်ငံရေးပါတီတွေ အတွက် နစ်နာစေတယ်လို့ ရှေ့နေကြီးက သုံသပ်ပါတယ်၊

“အခုဟာက အစိုးရက ကမကထ လုပ်ထားတဲ့အသင်း ဖြစ်တဲ့အတွက် အစိုးရ အသင်းကနေ အစိုးရပါတီ ပြန်လုပ်တယ်ဆိုတဲ့သဘောမျိုး သက်ရောက်တာပေါ့။ အဲဒီတော့ ပါတီလိုင်းဘက်ကနေ ကြည့်ရင် သူဟာ နိုင်ငံရေးပါတီတခုခုရဲ့ ဖြစ်တည်မှုအတွက်ကို အသင်းအနေနဲ့ စည်းရုံးသိမ်းသွင်းထားတဲ့ လူအင်အားတွေက နဂိုကတည်းကိုက သူ့မှာ အင်အားအပြည့်ရှိတဲ့သဘော သက်ရောက်နေတာပေါ့။ ဆိုတော့ အခြား အခြားသော နိုင်ငံရေးပါတီတွေက အခုမှ ထူထောင်မယ့် နိုင်ငံရေးပါတီတွေဟာ အခုမှ အစပျိုး ခြေလှမ်း လှမ်းဖို့ ပြင်တုန်း ရှိသေးတယ်။ သူက အသားကျပြီးတဲ့ အင်အားနဲ့ အသားကျပြီးတဲ့ အင်အားစုအားလုံးကို ပါတီအဖြစ် ပြောင်းလဲပြီးတော့ သူ့မှာ အလိုအလျောက် သက်တောင့်သက်သာနဲ့ သူများနဲ့ နှာတဖျား မဟုတ်ဘူးခင်ဗျ။ နှာ ၁၀ ဖျား လောက် သာပြီးတော့ သူ့မှာ အခွင့်အလမ်းတွေ ရှိသွားတာပေါ့။ အများကြီး တာသွားတာပေါ့ဗျာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကနေ ပါတီပြောင်းတာနဲ့ ပါတီသစ်ကနေ အခုမှ ထောင်ရတဲ့ပါတီအတွက် အင်မတန် နစ်နာတာပေါ့ဗျာ။”

ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတော်တော်များမှာ မဲဆွယ်စည်းရုံးဖို့ နေနေသာသာ လူအင်အားအခက်အခဲ ငွေအားအခက်အခဲတွေကြောင့် စည်းရုံးလှုပ်ရှားဖို့ မလွယ်ဘူးလို့ ပြောနေကြတာဖြစ်ပါတယ်၊ စစ်အစိုးရပေးတဲ့ အခွင့်ထူးတွေနဲ့  ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ရရှိထားတဲ့ ရန်ပုံငွေတွေ၊ ပိုင်ဆိုင်မှုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို လွှဲပြောင်းပေးမယ်ဆိုရင် မတရားဘူးလို့လဲ နိုင်ငံရေးပါတီတွေက ပြောနေကြပါတယ်။

လူကုန်ကူးခံရ သူများဘက်မှ အခမဲ့လိုက်ပါ ဆောင်ရွက်မည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ တည်ထောင်မည်

မြန်မာ နိုင်ငံ အပါ အဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ပြဿနာ တစ်ရပ် ဖြစ်နေသည့် လူကုန်ကူး သူများကို တရား ဥပဒေ အရ ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ရေး အတွက် လူကုန်ကူး ခံရသူများ ဘက်မှ အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးမည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ကို တည်ထောင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်း အစိုးရ မဟုတ်သော လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး အဖွဲ့ အသိုင်း အဝိုင်း အတွင်းမှ စုံစမ်း သိရှိ ရသည်။လူကုန်ကူး ခံရသူ များသည် ၎င်းတို့ ရင်ဆိုင် နေရသော ဒုက္ခ အခက်အခဲ များမှ ပြန်လည် လွတ်မြောက်ပြီး နောက်၎င်း တို့ကို လူကုန်ကူး ရောင်းစားသူ များကို ဖော်ထုတ် ဖမ်းဆီးရန် အားနည်း တတ်ကြကြောင်း၊ ရင်ဆိုင်ခဲ့ ရသော အခြေ အနေဆိုးများကြောင့် ပုံမှန်စိတ် အခြေ အနေ ပြန်လည် ရောက်ရှိအောင် ကြိုးစား နေရသည့် လူကုန်ကူး ခံရသူ များသည် လူကုန်ကူး သူများကို ဖော်ထုတ် ဖမ်းဆီး တိုင်ကြား နိုင်ရန် အခက် အခဲ များစွာ ကြုံတွေ့ ရပြီး အထူး သဖြင့် ဥပဒေကြောင်း အရ တရားစွဲ တိုင်ကြား နိုင်ရန် အခက် အခဲများစွာ ရှိသဖြင့် လူကုန်ကူး ခံရသူများ ဘက်မှ လိုက်ပါ ဆောင်ရွက်နိုင်မည့် ဥပဒေ ရေးရာ အတိုင်ပင်ခံ အဖွဲ့ကို ဖွဲ့စည်း နိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ လူကုန်ကူး ခံရပြီး ပြန်လွတ် လာတဲ့ သူတွေဘက် ဥပဒေကြောင်း အရ လိုက်ပါ ဆောင်ပေး နိုင်တဲ့ အဖွဲ့ တကယ်ကို လိုအပ်နေပါတယ်။

အချို့ လူကုန်ကူး ခံရသူတွေက ပြဿနာ မတက်ချင်လို့၊ အချို့လူကုန်ကူး ခံရသူတွေက မတိုင်ရဲလို့ မတိုင်ကြ တာတွေ ရှိတယ်။ အမျိုးမျိုးပဲ။ အရေးကြီးတာက လူ့အဖွဲ့ အစည်း ထဲမှာ လူကုန်ကူးတဲ့ သူတွေကို ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးနိုင်ဖို့ အရမ်း အရေးကြီးတယ်” ဟု လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး နှင့် အသိပညာပေးရေး အဖွဲ့ တည်ထောင်ထားသူ တစ်ဦးက ဆိုသည်။ နိုင်ငံခြား သဘောင်္လိုင်း တစ်ခုတွင် အလုပ် ရရှိမည်ဟုဆိုကာ ငါးဖမ်း သဘောင်္ များတွင် လိမ်လည် ခိုင်းစေ ခံရပြီး လုပ်ခလစာ မရရှိဘဲ ရောင်းစား လူကုန်ကူး ခံရမှုမှ လွတ်မြောက်ပြီး မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာ သူအသက် ၃၀ ကျော်အရွယ် မြန်မာအမျိုးသား တစ်ဦး၏ မိဘ အုပ်ထိန်းသူတစ်ဦးက “သူက စိတ်က ပုံမှန်မဟုတ်ဘူး။ ကြောက်နေသလို ဖြစ်နေတယ်။ သဘောင်္လိုင်းမှာ အလုပ်ရမယ် ဆိုပြီး ငွေလိမ် ရောင်းစားသွားတဲ့ သူက ရန်ကုန်ကပဲ။ သူ့ရဲ့ ကျန်းမာရေး အခြေ အနေကြောင့် အဲဒီလူကုန်ကူး ရောင်းစားတဲ့ သူကိုတိုင်ဖို့ ဖိဖိစီးစီး မလုပ်နိုင်ဘူး”ဟု ပြောကြားသည်။

လူကုန်ကူး ခံရသူများ ဘက်မှ လိုက်ပါေ ဆာင်ရွက်မည့် ဥပဒေ အတိုင်ပင်ခံ အဖွဲ့တွင် တရားသူကြီးဟောင်းများ၊ ရှေ့နေများ နှင့် အစိုးရ ဝန်ကြီး ဌာနများတွင် တာဝန်ထမ်းဆောင်ဆဲ အရာရှိ အချို့ ပါဝင်မည်ဟု အဖွဲ့တည်ထောင်ရန် ပြင်ဆင် နေသူများ ထံမှ သိရှိရသည်။ “ဒီလို အဖွဲ့မျိုးက တကယ်ကို လိုအပ်ပါတယ်။ ဘာပဲပြောပြော စိတ်ပိုင်း ဆိုင်ရာ ၊ ငွေကြေးပိုင်း ဆိုင်ရာ အပါအဝင် အခြေအနေ အရပ်ရပ်မှာ အားနည်း ချက်တွေ ရှိလို့ လူကုန်ကူး ခံရတဲ့ သားကောင်တွေ ဖြစ်ခဲ့ ရတယ်။ ဒီလို လူမျိုးတွေ ဘက်က ကာကွယ် ပေးမယ့် ဥပဒေ အဖွဲ့ အစည်း မျိုးကို လုံးဝ ကြိုဆို ပါတယ်” ဟု ရန်ကုန် သတင်းထောက် တစ်ဦးက သုံးသပ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ် အဖွဲဝင် နိုင်ငံ အဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ပါဝင်ထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထား သည်။

ဘဏ် အသစ်များ နေပြည်တော်၌ ဩဂုတ်လဆန်း တွင် စတင် ဖွင့်ရမည်

ထူး ထရေးဒင်း ကုမ္ပဏီ၊ မက်စ် မြန်မာ ကုမ္ပဏီ၊ ဧဒင် အုပ်စု ကုမ္ပဏီ နှင့် IGE ကုမ္ပဏီ တို့အား ဘဏ်လုပ်ငန်း လုပ်ကိုင် ခွင့်ကို သက်ဆိုင် ရာမှ ဇူလိုင် ၂ ရက်တွင် ခွင့်ပြုခဲ့ ပြီးနောက်၊ ဘဏ်လေး ခုလုံး၏ ရုံးချုပ် များကို နေပြည်တော်၌ ဩဂုတ် လဆန်း ပိုင်းတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇူလိုင် ၂ ရက်နေ့က လုပ်ကိုင်ခွင့် တရားဝင် ချပေးလာ ပါတယ်။ဘဏ် အသစ် လုပ်ကိုင် ခွင်နဲ့ ပတ်သက်လို့ အရင် ချမှတ်ထားတဲ့ ဥပဒေ အချို့ကို အမိန့် ကြေညာစာ အမှတ် နဲ့ ပြင်ဆင်ပြီး လက်ရှိ အခြေ အနေနဲ့ ကိုက်ညီအောင် ပြဋ္ဌာန်းပေး ပါတယ်။ ဥပမာ - အရင်က ဘဏ် လုပ်ငန်း တစ်ခု စတင် လုပ်ရင် ရှိရမယ် ရင်းနှီး မြှုပ်နှံငွေကို အခုခေတ်နဲ့ အညီ ငွေကျပ် ၁၀ ဘီလီယံ ရင်းနှီး မြှုပ်နှံ ရမယ် ဆိုတာမျိုး ပါဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြ ပြောဆိုသည်။

ဗဟိုဘဏ်က ချမှတ် ပေးထားသည့် အတိုင်း လက်ရှိ ဘဏ်များ အားလုံး လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည့် ရင်းနှီးငွေ၏ ၁၀ ဆကိုသာ ဘဏ်အပ်ငွေ အဖြစ် လက်ခံ ရရှိပြီး၊ ဘဏ်အပ် ငွေ၏ ၇၀ ရာခိုင်နှုန်း ကိုသာ ချေးငွေ အဖြစ် ပြန်လည် ချေးခွင့် ပြုထားကြောင်း ၄င်းက ထည့်သွင်း ပြောဆိုသည်။ ဘဏ်များ အားလုံး စစဖွင့်ချင်း နေပြည်တော်မှာ ဖွင့်ရမှာပါ။ အခြား ပြည်နယ်နဲ့ တိုင်းများ မှာတော့ လုပ်ကိုင်ခွင့် ပြုသလောက် ဆက်ဖွင့် သွားမှာပါ။ ကိုယ့် ကုမ္ပဏီကို ဖွင့်ခွင့် ပေးနိုင်မယ့် နေရာများမှာ ဘဏ်ဖွင့်ဖို့ ကိုက်ညီတဲ့ အဆောက် အဦ များကို ရှာဖွေ ထားပါတယ်လို့ အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ် အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်း လိုင်စင် ၂၀ ကို ချထားပေးပြီး ဖြစ်ကြောင်း၊ ယခုနှစ် ၂၀၁၀ မှသာ ဘဏ်သစ် လေးခုကို ထပ်မံ လုပ်ကိုင်ခွင့် ပေးခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဖြည့်စွက် ပြောဆိုသည်။

Friday, 16 July 2010

ဗိုလ်ချုပ်မှူးကြီး၏ ရွေးကောက်ပွဲအလွန် အာဏာတည်ရေး အစီအစဉ် သုံးရပ်ရှိဟုဆို

နအဖ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရွေးကောက်ပွဲ အလွန် ကာလတွင်လည်း ၎င်း၏အာဏာ ဆက်လက် တည်မြဲရေး အတွက် အစီအစဉ်များကို ရေးဆွဲထားကြောင်း စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ် က ထုတ်ဖော် ပြောဆိုလိုက်သည်။

၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့၏ အလေးပြုမှု ခံယူနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုနေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Getty Images)

ယင်း အစီအစဉ် များနှင့် ပတ်သက်၍ နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းမှ ဦးအောင်လင်းထွဋ်ကို ပြောဆိုထားခြင်း ဖြစ်သည် ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ်များမှာ Plan A, Plan B, Plan C ဟုခေါ်သည့် အစီအစဉ် သုံးခုရှိကြောင်း ပထမ အစီအစဉ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ် ထောက်ခံသည့် အုပ်စုဘက်မှ ပြတ်ပြတ် သားသား အနိုင်ရခဲ့လျှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင် တိန့်ရှောင်ဖိန်၊ အီရန်မှ အရာတိုလာခိုမေနီ တို့ကဲ့သို့ ခေါင်းဆောင်ပိုင်း နေရာတွင် ဆက်လက် နေနိုင်မည် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးသိန်းစိန်ခေါင်းဆောင်ကာ အခြား စစ်ဘက်အရာရှိဟောင်း များပါဝင်နေပြီး စစ်အစိုးရကိုထောက်ခံသည့်ပါတီအနေဖြင့် ရပ်တည်လျက်ရှိသည်။

နအဖ အစိုးရကိုထောက်ခံသည့် အခြားပါတီတခုမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်ပြီး ယင်း ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လည်း အာဏာရှင်အစိုးရကို ထောက်ခံသည့်ပါတီတခုဖြစ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တစည နှင့် စစ်တပ်ကိုထောက်ခံသည့်ပါတီများ ရှုံးနိမ့် ခဲ့သည့်အဖြစ်မျိုး နောက်ထပ် မဖြစ် စေရန် ဗိုလ်ချုပ်မှူးကြီးက ယခုကဲ့သို့ အစီအစဉ်များ ရေးဆွဲထားခြင်း ဖြစ်သည် ဟုလည်း သိရသည်။

သို့သော် လက်ရှိအခြေအနေတွင် USDP ၏ နိုင်ငံတော်ပိုင်ပစ္စည်းများအား ပါတီလှုပ်ရှားမှုများအတွက် အသုံးပြုနေခြင်း အပေါ်ကို တစည ပါတီမှ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ဒုတိယအစီအစဉ် Plan B သည် လာမည့်ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသူများသည် ပြတ်ပြတ်သားသား အနိုင် မရခဲ့ လျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လက်ရှိ နအဖ ကောင်စီ (သို့) အလားတူ စစ်ကောင်စီတခုသည် အစိုးရ၏ နောက် ကွယ်တွင် ရှိနေမည်ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်၏ ဆောင်းပါးတွင်ပါရှိသည်။

စစ်အစိုးရတို့ ကိုယ်တိုင် ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်မည့် စစ်သားများနှင့် အခြားသော ထောက်ခံသူများကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အာဏာပြန်လည် ကြီးထွားလာ နိုင်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည့်အပေါ်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက နအဖ၏ ရွေးကောက်ပွဲသည် မှန်ကန်သည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ဟု ဝေဖန်နေမှုများ လည်း ဖြစ်ပေါ်နေသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က“အားလုံးသိတဲ့အတိုင်းပဲ NLD ဆိုတာက တကယ့် ဒီမိုကရေစီ လမ်းစဉ်ကို ကိုင်စွဲထားတဲ့ပါတီ၊ ဒီလိုအဖွဲ့က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ အစိုးရရဲ့ ရွေးကောက်ပွဲ ဆိုတာက ဘယ်နည်းနဲ့မှ ဒီမိုကရေစီ နည်းလမ်းကျနိုင်မှာမဟုတ်ဘူးလေ၊ အဲဒါကို နိုင်ငံတကာက ဝေဖန်တယ် ဆိုတာကတော့ နည်းလမ်းကျပါတယ်”ဟု ပြောသည်။

နောက်ဆုံးအစီအစဉ်သည် စစ်တပ်ကို ထောက်ခံသူများ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်မှ အာဏာပြန်သိမ်းမည် စသည့် အစီအစဉ်သုံးခုကို ဗိုလ်ချုပ်မှူးကြီးက ရေးဆွဲထားကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မည်သို့မျှ အာဏာကို လက်လွှတ်လိမ့်မည် မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်း အဝိုင်းကဆိုသည်ဟု ဦးအောင်လင်းထွဋ်ကပြောသည်။

လက်ရှိခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ဝသွေးစည်းညီညွတ်ရေးတပ်မတော်၊ မွန်ပြည် သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးတပ်မတော် စသည့်အဖွဲ့တို့မှ နယ်ခြားစောင့်တပ် ကူးပြောင်းရေးကို လက်မခံသေး သည့် ကိစ္စသည်လည်း ဗိုလ်ချုပ်မှူးကြီးအတွက် အခက်အခဲတရပ်ဖြစ်နေသည်။

ထိုကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံတို့၏ အုပ်ချုပ်မှု အစီရင်ခံစာများကို သက်ဆိုင်ရာ သံရုံးများမှတဆင့် တောင်းခံမှုများလည်း ရှိကြောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် အခြားသောပြင်ဆင်မှုများလည်း ရှိသေး ကြောင်းသိရသည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့သဖြင့် ထုတ်ပြန်ခြင်း မပြုခဲ့ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ ရုံးမှလာသော သတင်းများအရ ရွေးကောက်ပွဲမတိုင်မီ ၆ လ ခန့်အလိုမှသာ ရွေးကောက်ပွဲဥပဒေများထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်လိုက်ခြင်းသည် နိုင်ငံရေး ပါတီများကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်စေရန် အချိန်ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်လင်းထွဋ် ရေးသားထားသည့် “၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့” အမည်ရသည့် ဆောင်းပါးတွင် ပါရှိသည်။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၃ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီအနက် ၃၈ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။

ဦးအောင်လင်းထွဋ်၏ ဆောင်းပါး အပြည့်အစုံကိုဖတ်ရှုလိုပါက ဤနေရာတွင် ရယူပါ။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ချစ်သူရည်းစား ဟန်ဆောင် လူကုန်ကူးမှုများ ဖြစ်ပေါ်

မြန်မာနိုင်ငံ အတွင်းရှိ ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူ ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးမှုများ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (အထူးအဖွဲ့) အဖွဲ့ရုံး တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ကာရာအိုကေဆိုင် တခုတွင် အလုပ်လုပ်နေသည့် မိန်းကလေးများ (ဓာတ်ပုံ - allmyanmar.com)

“ဒီလိုပုံစံနဲ့ လူကုန်ကူး တာက အခုမှ မဟုတ်ပါဘူး၊ တကယ်တော့ အဲဒီ နေရာတွေက မိန်းကလေး တွေက ဒီလိုလုပ်ဖို့ ပိုလွယ်တယ်လေ” ဟု ၎င်းက ဆိုသည်။

အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ စသော နေရာများရှိ မိန်းကလေး များကို ချစ်သူရည်းစား အဖြစ် ဟန်ဆောင်၍ လိမ်လည် လှည့်ဖျားကာ ပြည်ပနိုင်ငံ များသို့ ရောင်းစားသော လူကုန်ကူးမှု ပုံစံသစ်သည် ဖျော်ဖြေ ရေးလုပ်ငန်း များတွင် လုပ်ကိုင် နေသော မိန်းကလေး ငယ်များကို အဓိက ပစ်မှတ်တစ်ခု အနေနှင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင် နေသော ပုဂ္ဂလိက အဖွဲ့အစည်း တခုမှ စီမံကိန်း မန်နေဂျာ တဦးကလည်း ပြောသည်။

“ဒီလိုနေရာတွေမှာ လူကုန်ကူးခံရတဲ့မိန်းကလေးတွေက သနားဖို့ပိုကောင်းတယ်၊ ကိုယ့်ကို တကယ်ချစ်တာပဲ ဆိုတဲ့အတွေးနဲ့ ငွေကြေးရောလူရော ပေးဆပ်ကြတယ်၊ ပြီးတော့အယုံသွင်းပြီး ရောင်းစားခံရတယ်လေ”ဟု ၎င်းက ပြောဆိုသည်။

ယင်းဖျော်ဖြေရေးလုပ်ငန်းများရှိ မိန်းကလေးငယ်အများအပြားသည် လိင်ဖျော်ဖြေရေး အလုပ်ဖြင့် ငွေရှာဖွေပြီး ၎င်းတို့၏ ချစ်သူ ရည်းစား အတွက် ထိုငွေကြေးများကို အကုန်အကျခံမှုများလည်းရှိကြောင်း ရန်ကုန်မြို့မင်္ဂလာဈေးရှိ JJ Clubတွင် ၃ နှစ်ကျော် လုပ် ကိုင်နေသော အမျိုးသား စားပွဲထိုးတဦးက ပြောသည်။

“Clubမှာ လာပျော်ပါးတဲ့ကောင်လေးတွေနဲ့ ဒီက ကောင်မလေးတွေက ရောင်းသူဝယ်သူ ဆက်ဆံရေးမဟုတ်ဘဲ သမီးရည်းစား ပုံစံ မျိုး ကြိုက်ကုန်တာတွေရှိတယ်”ဟုလည်း ၎င်းကဆိုသည်။

ထိုသို့ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးများကို သမီးရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးရောင်းစားမှုများ အပြင် ငွေကြေး အထောက်အပံ့ယူသော ယောက်ျားများလည်း ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ရုံး(တာချီလိတ်)မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့အနေနဲ့ မြန်မာမိန်းကလေးတွေ နည်းလမ်းပေါင်းစုံနဲ့ လူကုန်ကူးမှုမခံရအောင် ဆောင်ရွက်နေကြတာပဲ၊ တဖက် နိုင်ငံ တွေမှာရောက်နေတဲ့ လူကုန်ကူးခံရတဲ့ လူတွေအားလုံးကို ပြန်မခေါ်နိုင်သေးပေမယ့် တ၀က်ကျော်ကျော်ကိုတော့ ကိုယ့် နိုင်ငံ ပြန်ရောက်အောင် လုပ်ပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖျော်ဖြေရေးလုပ်ငန်းများမှ မိန်းကလေးငယ်များသည် လိင်ဖျော်ဖြေရေးအလုပ်ဖြင့် စားဝတ်နေရေးပြေလည်ရန် အဓိက ဖြေရှင်းကြသော်လည်း ရေရှည်လုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိသဖြင့် ၎င်းတို့ဘ၀အတွက် အိမ်ထောင်ဖက်ဖြစ်လာနိုင်ရန် ယောက်ျား တဦးတယောက် အပေါ် သံယောဇဉ်ဖြစ်ကြကြောင်း ရန်ကုန်မြို့ရှိ နိုက်ကလပ်တခုကို အမှီပြုပြီး ၆ နှစ်ကြာ လိင်ဖျော်ဖြေရေး လုပ် ကိုင်နေသော အမျိုးသမီးတဦးက ပြောသည်။

“သာမန်မိန်းကလေးတွေလို ဘ၀ကြင်ဖော်လိုချင်လို့ ရည်းစားထားကြတာပေါ့၊ ယောက်ျားတွေ အများကြီးထဲမှာ ကိုယ် ယုံကြည်ပြီး ချစ်ခဲ့တဲ့လူတယောက်ကိုတော့ ဘယ်မိန်းမမဆို ယုံလွယ်ကြတာပဲလေ၊ ကျမတို့လို မိန်းကလေးတွေ အတွက် ဒီလို လိမ်ညာမှုမျိုး တွေ ပိုခံရတယ်လေ၊ လူ့အသိုင်းအ၀ိုင်းနဲ့ မအပ်ဆက်တော့ မေတ္တာငတ်လာတယ်၊ ဒီလိုမိန်းကလေးတွေကို ယုံအောင်ပြော လွယ် တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်၂၀၀၀ပြည့်နှစ်မှ ၂၀၀၄ခုနှစ်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသမီးငယ် ၈၅ ဦး သည် တရုတ် နိုင်ငံ ယူနန် ပြည်နယ်နှင့် တရုတ်ပြည်အရှေ့ပိုင်း ဒေသများတွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်၊ လိင်ဖျော်ဖြေရေး လုပ်ငန်း များတွင် ခိုင်းစေရန် ရောင်းစားခံခဲ့ရကြောင်း၊ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း လူ ၆၄ ဦးပါဝင်သော လူကုန်ကူးသည့်အဖွဲ့အားစစ်ဆေးရာ မြန်မာ အမျိုးသမီး ငယ် ၄၉ ဦးကို တရုတ်နိုင်ငံတွင် အလုပ်ရရှိမည်ဟု သွေးဆောင်ဖြားယောင်းပြီး တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် အဓမ္မရောင်းစားခံခဲ့ရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ ထုတ်ပြန်သော စာရင်းများမှ သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့သူ မြန်မာအမျိုးသမီးငယ်တဦးကို တရုတ်အမျိုးသားနင့် လက်ထပ်ရန် မြန်မာကျပ်ငွေ ၉၆၀၀၀၀ ဖြင့် သွေးဆောင်စည်းရုံးပြီး ကြိုတင်ငွေ ကျပ် နှစ်သိန်းဖြင့် နယ်စပ်သို့ ခေါ်ဆောင်လာသော လူပွဲစားနှစ်ဦး ကို မူဆယ် တရားရုံးမှ နှစ်ရှည်ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ စက်တင်ဘာလ အတွင်း တရုတ်နယ်စပ်တွင် အဖွဲ့ဝင် ၃၀ ပါဝင်သော လူကုန်ကူးသည့် အဖွဲ့တစ်ဖွဲ့ကို နှစ်နိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ရာ ယူနန်ပြည်နယ်တွင် ပြန်လည်ရောင်းစားမည့် လိမ်လည် လက်ထပ် ယူထားသော မြန်မာအမျိုးသမီးငယ် ၁၈၀ ကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က ထုတ်ပြန် ထားသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင် ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေးထိုးထားသည်။

ဧရာဝတီသတင်းထောက် မိုးယံ ရေးသားသည်။