Pages

Subscribe

Sunday 4 November 2007

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ

လေးစားအပ်ပါသော ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်များခင်ဗျာ …

ကျနော်တို့ဟာ မွေးဖွားလာစဉ်မှ ယနေ့အချိန်အထိ လွတ်လပ်မှုများ ဆုံးရှူံးနေသော၊ အခွင့်အလမ်းများ ပျောက်ဆုံးနေသော၊ မတရားသည့် အမိန့်အာဏာများကို လိုက်နာနေရသော၊ နိုင်ငံတကာမှ အရွယ်တူ လူငယ်အများစု ရရှိနေကြသည့် အခွင့်အရေးများကို ကြည့်၍ အားကျနေကြရသော အစရှိသည့် ‘သော’ များစွာဖြင့် ကြီးပြင်းလာရသော ပြည်ပရောက် သာမန်မြန်မာ လူငယ်များ ဖြစ်ပါတယ်ခင်ဗျာ။ လွန်ခဲ့သော လများမှ အလွန်ရဲရင့်ပြီး မြင့်မြတ်လှသော သံဃာတော်များ ဦးဆောင်ကာ ကိုယ်ကျိုးစွန့်သော ပြည်သူများ ပါဝင်သည့် လှုပ်ရှားမှုကြီးကို မျှော်လင့်ချက်များစွာဖြင့် ကြည့်ရ၍ စောင့်စားကာ မိမိတို့ လုပ်ဆောင်နိုင်သမျှ အားပေးကူညီခဲ့ကြပြီး လူယုတ်မာတစုမှ ရက်စက်စွာ အကြမ်းဖက်မှုများအား ၀မ်းနည်းကြေကွဲစွာ ကြည့်ရှု ငိုကြွေးနေခဲ့ကြရသူများလည်း ဖြစ်ပါတယ်ခင်ဗျာ။ ယနေ့အချိန်ဟာ စစ်အာဏာရှင်တစုနှင့် ပြည်သူလူထု လွတ်မြောက်ရေး လှုပ်ရှားသူများကြား အောင်ပွဲ အဆုံးအဖြတ်ပေးချိန်သို့ ရောက်ရှိနေပြီဟု ယူဆရပြီး ကျနော်တို့ လူငယ်များမှလည်း အလွန်တက်ကြွကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်အတွက် အဆင်သင့် ဖြစ်နေကြပါပြီခင်ဗျာ။ ထိုကဲ့သို့ ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်အတွက် ကျနော်တို့ တွေဝေနေရသော အချက်အချို့ကို မေးမြန်းခွင့်ပြုပါခင်ဗျာ။

၁၊ ယနေ့အချိန်တွင် ပြည်ပ၌ စစ်အဏာရှင်စနစ်အား ဆန့်ကျင်လျက်ရှိကြသော များပြားလှသည့် အဖွဲ့အစည်းများ၊ စစ်အာဏာရှင်စနစ်အား မလိုလားကြသော ရဟန်းရှင်လူ ပြည်သူများစွာ နေထိုင်နေကြပါတယ်။ ထိုအင်အားစုများအား လူတဦးတယောက်က သော်လည်းကောင်း အဖွဲ့အစည်းတစ်ခုမှ သော်လည်းကောင်း စုည်းပြီး မဟာမိတ်ဖွဲ့ကာ စစ်အာဏာရှင်စနစ်အား ဘုံရန်သူအဖြစ်တိုက်ခိုက်ရန် ဖြစ်နိုင်ပါသလားခင်ဗျာ။ ထိုကဲ့သို့ ဖွဲ့စည်းနိုင်ပါက ကျနော်တို့ အနေဖြင့်လည်း တိကျသောလမ်းစဉ်နှင့် တူညီသော လုပ်ဆောင်မှုများကို တပြိုင်တည်း ဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။

၂၊ မြန်မာပြည်တွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး လုပ်ဆောင်ချက်များ မအောင်မြင်
လျှင် သော်လည်းကောင်း၊ စစ်အစိုးရမှ အာဏာတည်မြဲရေးအတွက် အချိန်ဆွဲနေခဲ့လျှင် သော်လည်းကောင်း ကျနော်တို့ အနေဖြင့် မည်သို့ ဆောင်ရွက်ရပါမလဲခင်ဗျာ။ စစ်အစိုးရမှ အာဏာကို ပြည်သူလူထုအား စိတ်သဘောကြီးစွာ လွဲပေးသည့်တိုင်အောင် ကျနော်တို့နိုင်ငံတွင် များပြားလှသော ပြသနာများကို ဖြေရှင်းရန် ကျန်ရှိနေပါသေးသည်ဟု ကျနော်တို့ ယူဆကြပါတယ်။ ယနေ့အချိန်ကာလတွင် ထိုပြဿနာများကို ဖြေရှင်းနိုင်သည့် တဦးတည်းသောသူမှာ လူထုခေါင်းဆောင် အန်တီစုသာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် အန်တီစု ကျန်းမာရေးကောင်းမွန်စဉ် အချိန်နှင့် နိုင်ငံအတွက် အားကုန် လုပ်ဆောင်နိုင်ချိန်အတွင်း ကျနော်တို့နိုင်ငံကို ပြောင်းလဲရန် လိုအပ်ပါသည်ဟု ကျနော်တို့ ယူဆကြပါတယ်။

၃၊ မည်ကဲ့သို့ စီးပွားရေး ပိတ်ဆို့မှုမျိုးမှာ ပြည်သူလူထုအား မထိခိုက်ဘဲ စစ်အာဏာရှင်များနှင့် အပေါင်းအပါများကို တိုက်ရိုက် အကြီးအကျယ် ထိခိုက်နိုင်ပါသလဲ။ ပြည်တွင်းမှ ပြည်သူများအတွက် ထိရောက်သော ပညာရေး၊ ကျန်းမာရေး နှင့် အသိပညာ ဗဟုသုတများ တိုးတက်ရေးအတွက် ပြည်ပရောက် မြန်မာပြည်သူများကို စည်းရုံးပြီး အဖွဲ့အစည်းများဖွဲ့ကာ ထိရောက်သော အကူအညီများပေးရန် ဖြစ်နိုင်ပါသလားခင်ဗျာ။ စစ်အာဏာရှင်များ နှစ်ပေါင်းများစွာ အုပ်စိုးခွင့်ရနေရခြင်းမှာ ပြည်တွင်းမှ ပြည်သူအများစု အသိပညာ ဗဟုသုတ အလွန်နည်းပါးခြင်းကြောင့်
ဖြစ်ရသည်ဟု ကျနော်တို့ ယူဆကြပါတယ်။
ယခုအချိန်တွင် စစ်အာဏာရှင်စနစ်အား ကျနော်တို့ နောက်တကြိမ် ဆုံးရှုံးခဲ့လျှင် အားလုံးသိရှိပြီး ဖြစ်သည့်အတိုင်း လူမျိုး၊ ဘာသာ၊ သာသနာများ ဆုံးရှုံးကြရပါလိမ့်မယ်။ ထို့အပြင် ပြည်ပနိုင်ငံများတွင် ရောက်ရှိပြီး နောင်တချိန် တိုင်းပြည် ပြန်လည်ထူထောင်ရေးတွင် ကျရာနေရာတွင် ပါဝင်နိုင်ရန် ရည်ရွယ်ပြီး ပညာရေး၊ စီးပွားရေးနှင့် အတွေ့အကြုံ ဗဟုသုတများ ဆည်းပူးလျက်ရှိသော မျိုးဆက်သစ် လူငယ်များကိုလည်း ဆုံးရှူံးကြရ ပါလိမ့်မယ်ခင်ဗျာ။ ထို့ကြောင့် ကျနော်တို့ နိုင်ငံရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ယခုတစ်ကြိမ်တည်းနှင့် အောင်မြင်အောင် လုပ်ဆောင်ပေးကြပါဟု အလေးအနက် တောင်းဆိုအပ်ပါတယ် ခင်ဗျာ။
လေးစားစွာဖြင့် .......


CNL!