Pages

Subscribe

Friday 28 December 2007

သံဃာ့ ဦးသျှောင် ဥက္ကဌ ပီနံဆရာတော်ကြီးက မြန်မာ့အရေးလှုပ်ရှားသူများ သွေးစည်း ညီညွတ်ရန် မိန့်ကြား

သံဃာ့ ဦးသျှောင် ဥက္ကဌ ပီနံဆရာတော်ကြီးက

မြန်မာ့အရေးလှုပ်ရှားသူများ သွေးစည်း ညီညွတ်ရန် မိန့်ကြား
ဧရာဝတီ | ဒီဇင်ဘာ ၂၇၊ ၂၀၀၇

သံဃာ့ ဦးသျှောင်အဖွဲ့ ဥက္ကဌ ပီနံဆရာတော်ကြီး ဦးပညာဝံသက မြန်မာပြည်လွတ်မြောက်ရေးနှင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စည်းလုံးညွတ်ညွတ်စွာ ပေါင်းစည်းလုပ်ဆောင်ကြရန် မြန်မာ့အရေးလှုပ်ရှားသူများကို ယနေ့ ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံ ပီနံမြို့ရှိ အဆိုပါ ဆရာတော်ကြီး၏ ကျောင်းတိုက်၌ ယနေ့နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ စသည့်အဖွဲ့အစည်း ၂၀ ခန့်မှ လူ ၁၀၀ ကျော်ခန့်တက်ရောက်သည့် တွေ့ဆုံစည်းဝေးပွဲတွင် ယခုကဲ့သို့ မိန့်ကြားလိုက်ခြင်း ဖြစ်သည်ဟု ယင်းအစည်း အဝေးတက်ရောက်သည့် သံဃာ့ ဦးသျှောင်အဖွဲ့ဝင် သံဃာတော်တပါးဖြစ်သော ဦးအဂ္ဂ၀ံသက ပြောသည်။

“ရည်ရွယ်ချက်ကတော့ တကွဲတပြားဖြစ်နေတဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက မြန်မာ့အရေးအတွက်ကြိုးပမ်းနေကြတာကို ဆရာတော်ကြီးက ကဏ္ဍသစ်အနေနဲ့ စည်းလုံး ညီညွတ်စွာပူးပေါင်းလုပ်ဆောင်ဖို့ သြ၀ါဒပေးတာပါ”ဟု ဦးအဂ္ဂ၀ံသက ဧရာဝတီသို့ ပြောသည်။

ဦးအဂ္ဂ၀ံသသည် သီရိလင်္ကာနိုင်ငံ ရဟန်းပျိုများ သမဂ္ဂမှ ဒု ဥက္ကဌ ဖြစ်သည်။

NLD, ABSDF, လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည့်အဖွဲ့အစည်းများနှင့် မလေးရှားရှိ ရခိုင်၊ မွန်စသည့် တိုင်းရင်းသား အဖွဲ့များက ခေါင်းဆောင်များက ပီနံဆရာတော်ကြီး၏ သြ၀ါဒ ချမှတ်ချက်များအတိုင်း ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ ကြသည်ဟုလည်း မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်နိုင်သူက ပြောသည်။

“မြန်မာ့အရေးအတွက် ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ တိုင်ပင်ဆွေးနွေးပြီးလုပ်ဆောင်ဖို့ သဘောတူကြတယ်၊ အဖွဲ့အားလုံး ပေါင်း ၁၈ ဖွဲ့ ၁၉ ဖွဲ့ လောက်ရှိမယ်၊ အဓိကက တော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး၊ စစ်အစိုးရ ပြုတ်ကျရေးပဲ”ဟု
ဦးအဂ္ဂ၀ံသ ကပြောဆိုသည်။

ယမန်နေ့ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက သာသနာတော်အား ညှဉ်းပန်း နှိပ်စက်ခံနေရ ခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ပြည်တွင်း ပြည်ပရှိ ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံ၏ ဘာသာ ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဆိုင်သော ကိစ္စများကို ဆောင်ရွက် ရန် စသည့် အချက်လေးချက်
ပါဝင်ပြီး ဦးဆောင်သံဃာ့ကိုယ်စားလှယ်တော် ၁၀ ပါး နှင့် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးအား ပြန်လည် တိုးမြှင့် ဖွဲ့စည်းလိုက် သည့် ကြေညာချက်ကို ထုတ်ပြန်သည်။

ပြည်ပရှိ သံဃာ့ဦးသျှောင်အဖွဲ့မှ ဦးအဂ္ဂ၀ံသက“ဒီနေ့ ပီနံဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို လာပြီးတော့ ခံယူကြတယ် ဆိုတာ သာသနာတော် ညှဉ်းပန်း နှိပ်စက်ခံနေရခြင်းမှ ကာကွယ်စောင့်ရှောက်ရန် ဆိုတာ အဓိကပါပါတယ်၊ စစ်အစိုးရ ဖြုတ်ချရေးလည်း တခါတည်း ပါသွားတာပေါ့၊ အဓိက က သွေးစည်း ညီညွတ်မှု ပါပဲ”ဟု မိန့်ကြားသည်။

စည်ပင်ဝန်ထမ်းတချို့ အသက်မပြည့်သော ကလေးများကို ဖမ်းဆီး၍ စစ်တပ်သို့ပို့နေ

စည်ပင်ဝန်ထမ်းတချို့ အသက်မပြည့်သော ကလေးများကို ဖမ်းဆီး၍ စစ်တပ်သို့ပို့နေ
လွင်ကျော် | ဒီဇင်ဘာ ၂၈၊ ၂၀၀၇

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်နယ်နိမိတ်အတွင်း တောင်းရမ်းစားသောက်နေသော ကလေး ငယ်များအပါအ၀င် အခြေအနေမဲ့ကလေးငယ်များကို ဖမ်းဆီးထိန်းသိမ်းနေပြီး အုပ်ထိန်းသူများ လာရောက် ရွေးယူခြင်း မရှိသော ကလေးငယ်များအား တပ်သားသစ် အလိုရှိနေသော စစ်တပ်များသို့ ပို့ဆောင်နေကြောင်း သိရသည်။

စည်ပင်ဝန်ထမ်းတချို့က စစ်အစိုးရ စစ်တပ်မှ တပ်ကြပ်ကြီးများနှင့်ပူးပေါင်း၍ အသက် မပြည့်သေးသော ကလေးများအား ဖမ်းဆီးကာ တပ်သားသစ်များအဖြစ် စစ်တပ်သို့ ရောင်းစားမှုများပြုလုပ်နေသည်ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

“စည်ပင်က တောင်းစားနေတဲ့ကလေးတွေ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ အပါအ၀င် အခြေအနေမဲ့ ကလေးတွေကို ဖမ်းပြီးတော့ ဟံသာဝတီ အ၀ိုင်းမှတ်တိုင် အနီးက ယာယီလေလွင့်ကလေးထိန်းသိမ်းရေးစခန်းကို ပို့တယ်၊ အဲဒီစခန်းမှာ ကလေးရာဂဏန်းလောက်ဆံ့ပါတယ်၊ မဆံ့ရင်တွံတေးမြို့မှာရှိတဲ့ဌက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်း(ကလေးထောင်) ကို ပို့ပါတယ်၊ အဲဒီမှာ အုပ်ထိန်းသူ လာမရွေးတဲ့ အသက် ၁၃ နှစ် က ၁၇ နှစ် အရွယ် ယောက်ျားလေးတွေကို တပ်သားသစ် လိုနေတဲ့ စစ်တပ်ကို ရောင်းတာပါ”ဟု ၎င်း က ပြောပြသည်။

စစ်တပ်မှ တပ်ကြပ်ကြီးများလက်သို့ အပ်လိုက်သော တပ်သားသစ်တဦးလျှင် စည်ပင်ဝန်ထမ်းက ကျပ်သုံးသောင်း ရကြောင်း၊ ယင်းတပ်သားသစ် ကလေးများကို တပ်ကြပ်ကြီးများက စစ်တပ်သို့ တာဝန်ယူခေါ်ဆောင်သွားကြောင်း စမ်းချောင်း မြို့နယ် စည်ပင် ၀န်ထမ်းက ရှင်းပြသည်။

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးတွင် ပန်းရောင်းနေသော မိခင်တဦးက အသက် ၁၇ နှစ်ရှိ ၎င်း၏သားမှာ စစ်တပ်ထဲသို့ လိမ်ညာ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ပြောသည်။

“အခုနှစ် ဇူလိုင်လလောက်မှာ ကျမသား ပျောက်သွားပါတယ်။ သားပျောက်သွားတာကို သက်ဆိုင်ရာမှာတိုင်ပါတယ်။ ကျမ ကိုယ်တိုင်လည်းလက်လှမ်းမီသလောက် ရှာပါတယ်။ စားဝတ်နေရေးက တဘက်ဆိုတော့ တလလောက် ရှာပြီးတဲ့အချိန်မှာ ကျမလက်လျှော့လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ကျမသားဆီက အဆက်အသွယ်ပြန်ရတယ်။ သူ့ကို စည်ပင်ကလူတဦးက ဖမ်းသွားတာတဲ့၊ လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ထမင်းပုံမှန် စားရမယ်၊ အ၀တ်အစားတွေပေးမယ် ဆိုပြီး ခေါ်သွားတာတဲ့၊ နောက်မှ စစ်တပ်ဖြစ်နေတာသိရတယ်လို့ စာရေးပါတယ်”ဟု သူမက ရှင်းပြသည်။

ရေးသားထားသည့် လိပ်စာအရ မှော်ဘီမြို့နယ် ခြေမြန် တပ်ရင်း ၃၉၁ တွင် ၎င်း၏သား ရှိနေကြောင်း သိရသည်ဟု သူမက ဆက်လက်ရှင်းပြသည်။

ရန်ကုန် လှိုင်မြို့နယ်မှ မိခင်တဦးကလည်း“သားက ကိုးတန်းကျောင်းသားပါ။ မေလတုန်းက သားရယ် သူ့သူငယ်ချင်း နှစ်ယောက်ရယ် မြို့ထဲမှာ လျှောက်လည်မယ်ဆိုပြီး ထွက်သွားတာ ပြန်ရောက်မလာဘူး။ ပျောက်သွားတယ်။ ကျမတို့လည်း ချက်ချင်းစုံစမ်း မှုတွေလုပ် တိုင်သင့်တဲ့နေရာ တိုင်ပြီး လိုက်စုံစမ်းတာ ထောက်ကြန့် ခြေမြန် တပ်ရင်း ၁၀၆ မှာရောက်နေ မှန်းသိရတယ်။ ကျမရယ် သားသူငယ်ချင်း မိဘတွေရယ် ထောက်ကြန့်ကိုလိုက်သွားပြီး ကလေးတယောက်ကို ကျပ်နှစ်သိန်း နဲ့ရွေးလိုက်ရတယ်”ဟု ပြောပြသည်။

ယင်းသို့ ကလေးစစ်သား စုဆောင်းမှု သတင်းများကို သိရှိနေရသော်လည်း ပြည်တွင်း စာနယ်ဇင်းများတွင် ရေးသားဖော်ပြ ခွင့်မရ၍ လူအများ မသိရှိကြောင်း ပြည်တွင်း ဂျာနယ် သတင်းထောက်တဦးက ပြောသည်။

“သွားရင်လာရင်းသတင်းလိုက်ရင်းနဲ့ ကလေးပျောက်ပြီးတပ်ထဲရောက်သွားတဲ့ သတင်းတွေ၊ တပ်ထဲ ရောက် သွားတဲ့ကလေး တွေကို ငွေသိန်းချီပေးပြီး ပြန်ရွေးရတယ်ဆိုတဲ့သတင်းတွေ မကြာခဏ ဆိုသလို ကြုံတွေ့ ရပါတယ်၊ ဒါပေမယ့် ပြည်တွင်း မှာ အဲဒီလိုသတင်းမျိုးကို ရေးဖို့အခွင့်အရေးမရှိပါဘူး”ဟု ၎င်းပြောဆိုသည်။

မြန်မာစစ်တပ် ခြေလျင် တပ်ရင်း ၇၂၇ တပ်ရင်းတွင် ကလေး စစ်သား ၇၀၀၀၀ ခန့် ရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ သိရသည်။

ထွက်ပြေးလာသော ကလေးစစ်သားတဦးရဲ့ ရင်ဖွင့်ချက်၊ ဘ၀တူတွေ အများကြီးရှိနေဆဲ

ဦးသိန်းထိုက်ဦး audio clip
Listen to ဦးသိန်းထိုက်ဦး audio clip

မြန်မာကလေးစစ်သားများ
မြန်မာ စစ်အစိုးရတပ်ထဲမှာ ကလေးစစ်သားတွေ အများအပြား စစ်မှုထမ်းနေတဲ့အကြောင်း၊ အသက်၁၄နှစ်အရွယ်မှာ တပ်သားအဖြစ် စုဆောင်း ခံရပြီးတော့ မကြာသေးခင်ကမှ ဘင်္ဂလားဒေရှ့်နယ်စပ်ကို ထွက်ပြေး လွတ်မြောက်လာတဲ့ စစ်မှုထမ်း တယောက်က ပြောပါတယ်။ လူအခွင့်အရေး ချိုးဖောက်မှုနဲ့ အထက်အရာရှိတွေရဲ့ ညှင်းပမ်း နှိပ်စက်မှုအောက်မှာ အောက်ခြေ စစ်သားတွေ အများအပြား တပ်ထဲမှာ အမှုထမ်းရတာကို မပျော်ရွှင်တော့ဘူးလို့ သူကဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးသိန်းထိုက်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်ခြားကို ထွက်ပြေးလွတ်မြောက်လာတဲ့ ရခိုင်ပြည်နယ် ဗူးသီးတောင်မြို့နယ် ခမရ ၅၆၄မှာ အမှုထမ်းခဲ့တဲ့ စစ်သားရဲ့ နာမယ်က ကိုဇေယျာအောင်ပါ။ သူက အခုအချိန်မှာ အသက် ၁၈နှစ်ရှိပါပြီ။ သူက တပ်ထဲမှာ လေးနှစ်လောက် အမှုထမ်းအပြီးမှာ အခုလို ဘင်္ဂလားဒေရှ့် နယ်ခြား နတ်မြစ်ကို ဖြတ်ပြီးတော့ ဘာကြောင့် ထွက်ပြေးလာရတာလဲလို့ မေးကြည့်တော့ ကိုဇေယျာအောင်က

“လူတိုင်း လိုက်မမီအောင် ခိုင်းတယ်။ ခိုင်းပြီးရင် ထိုးကြိတ်တယ်။ ပြီးတော့ ဘုန်းကြီးကိစ္စတွေကို ကိုယ့် မျက်စိရှေ့က ကြည့်လို့မရဘူး။ သူတို့ပြောလို့ရှိရင်လည်း ကိုယ်ပဲ အထိုးအကြိတ်ခံနေရတယ်။ ပြီးရင် အပြစ်မရှိ အပြစ်ရှာ အချုပ်တွေထည့်၊ ထောင်တွေပို့ အဲဒါတွေ လုပ်နေတယ်။”

ကိုဇေယျာအောင်က လွန်ခဲ့တဲ့ လေးနှစ်လောက်က စစ်တွေ သင်္ကြန်မှာ တခြားလူငယ်တွေနဲ့အတူ ပျော်ပါးနေတုန်း တပ်ကနေ လာဖမ်းပြီးတော့ သူတို့ကို တပ်သားစုဆောင်းရေးကို အပို့ ခံခဲ့ရတာပါတဲ့။ စစ်တပ်ထဲကို ရောက်ခဲ့ရတဲ့အကြောင်းတွေကို အခုလို ပြန်ပြောပြပါတယ်။

“ကိုယ်ဝင်တုန်းကတော့ စစ်တွေမှာ သင်္ကြန်ကျတော့ အဲဒီမှာ ခေါ်သွားတာပဲ။ ဒီလို ခေါ်သွားလို့ ပါသွားတာ။ ပါတာတော့ လေး ငါး ခြောက်ယောက်ပါသွားတာ။ ကိုယ်နဲ့ အသက် လယ်ဗယ်လောက် တွေပဲရှိတယ်။ အဲဒီမှာ ဗမာလေးတွေလည်းပါတယ်။ ပြီးရင် ရခိုင်တွေလည်းပါတယ်။ ခေါ်သွား ပြီးတော့ စုဆောင်းရေးမှာ တရက်၊ နှစ်ရက်လောက်ထားတယ်။ ထားပြီးတော့ တခါတည်း သင်တန်း ကျောင်းကို ပို့တယ်။”

သင်္ကြန်မှာ ပျော်နေတဲ့ သူနဲ့ ဆယ့်သုံးလေးနှစ် အရွယ် တခြား လူငယ် လေး ငါး ခြောက်ယောက်ကို စစ်တပ်က ဖမ်းပြီး စစ်သားစုဆောင်းရေးမှာ တရက်နှစ်ရက်ထား နောက်တော့မှ သင်တန်း ကျောင်းကို ပို့လိုက်တာလို့ ကိုဇေယျာအောင်က ပြောပါတယ်။ ဒီလိုစစ်တပ် သင်တန်းကျောင်းကို ပို့လိုက်တဲ့အချိန်မှာ မိသားစုကို စစ်တပ်ထဲမှာ ရောက်နေတယ်ဆိုတာကို အကြောင်းကြားခွင့် ရခဲ့ပါ ရဲ့လားလို့ မေးကြည့်တော့

“မလုပ်ပေးဘူး။ ဘယ်ကိုမှ အဆက်အသွယ် မလုပ်ပေးဘူး။ သူတို့က စုဆောင်းရေးကနေပြီးတော့ သင်တန်းကျောင်းမှာ နှစ်လလောက်ရောက်တဲ့ အထိကို အဆက်အသွယ်မရတာ။ မိဘတွေက ဗူးသီးတောင်မှာ။ အခုတော့ မရှိတော့ဘူး။ အခု အမေ၊ အဖေကလည်း ဆုံးသွားပြီ။ ဆုံးသွား တာတောင် အသိမကြားဘူး။ အသိလည်း မပေးဘူး။”

ဒီလိုတပ်ထဲမှာ အမှုထမ်းခဲ့တဲ့ ကာလတွေအတွင်း ဘယ်လိုအလုပ်အကိုင်တွေ လုပ်ကိုင်ခဲ့ရသလဲ။ အထက်အရာရှိတွေရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိပါသလဲလို့ မေးကြည့်တော့

“အလုပ်တွေကတော့ အများကြီးပဲ။ အဲဒီမှာ အထက်အရာရှိက သူတို့ ပစ္စည်းတွေက အစ ထမ်းရတာ။ ကျွန်တော်တို့တွေက ဆယ့်နှစ်ရာသီ အလုပ်က မပျက်ဘူး။ စစ်တိုက်ရတယ်။ ကရင်ပြည်နယ် ဆင်းရတယ်။ ရှမ်းပြည်ဆင်းရတယ်။ မွန်ပြည်တက်ရတယ်။ ရိုက်တာ ဘာညာတော့ရှိတာပေါ့။ ထိုးတာတို့၊ ရိုက်တာတို့။ မသွားနိုင်ရင် ထိုးကြိတ်တာတို့ ရှိတာပေါ့။ အချို့ကတော့ အပြစ်မရှိဘဲနဲ့ ကုလားတို့၊ ရခိုင်တို့ဆီကနေ ပိုက်ဆံတွေကောက်။ ကျွန်တော်တို့က၀င် ပြောတော့ ကျွန်တော်တို့က အထိုးအကြိတ်ခံ။ ပြီးတော့ ကျွန်တော်တို့က အချုပ်ထဲကို ရောက်တယ်။”

မြန်မာစစ်တပ်ထဲမှာ အမှုထမ်းနေတဲ့ စစ်သားတွေက တခြားဝန်ထမ်းတွေနဲ့ နှိုင်းစာရင် လခရော၊ အခွင့်အရေးတွေ ပိုရတဲ့အတွက် စစ်သားတွေအနေနဲ့က ပိုပြီးတော့ အဆင်မပြေဘူးလားလို့ မေးကြည့်တော့ ကိုဇေယျာအောင်က တပ်ထဲမှာ အောက်ခြေရဲဘော်တွေအကြား ပေးတာတွေနဲ့ မလောက်လို့ ထွက်ပြေးချင်တဲ့ သူတွေ အများအပြားရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်နဲ့ လာတဲ့ နောက်တယောက်ရယ်၊ ကျွန်တော်တို့ထက်အရင် ပြေးသွားတဲ့ နောက် တယောက်၊ သူကတော့ ဘယ်ကို ပြေးသွားလဲတော့ မသိဘူး။ အခုလက်ရှိကတော့ ကျွန်တော်တို့ နှစ်ယောက်ပြေးလာတယ်။ ကျန်တဲ့ ရဲဘော်တွေက ပြေးမယ့် သူတွေချည်းပဲ။ မိန်းမရှိတဲ့ သူတောင် ပြေးမယ့် သူတွေ ချည်းပဲ။ နတ်မြစ်ကို လက်ပစ်ကူးပြီးပြေးလာတယ်။”

မြန်မာစစ်အစိုးရကတော့ မြန်မာနိုင်ငံ စစ်တပ်အတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားလုံးဝမရှိတဲ့ အကြောင်း မကြာခဏ ငြင်းဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာစစ်တပ်ဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲ တပ်သားသစ်အဖြစ် အများအပြား ထောင်နဲ့ချီ စုဆောင်းထားတဲ့အကြောင်း မကြာခဏပြောဆိုလေ့ရှိပါတယ်။ အခု ခမရ ၅၆၄ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုဇေယျာအောင်ကတော စစ်တပ်ထဲမှာ အမှုထမ်းအကြား ကလေးစစ်သားတွေ ရှိ မရှိ ဆိုတာနဲ့ ပတ်သက်လို့

“ဆယ့်သုံး ဆယ့်လေးလောက်ထိတောင် ရှိတယ်။ တပ်ထဲမှာ သင်တန်းဆင်းလာတဲ့ ကောင်လေး တွေရယ်၊ အရင်ရယ်၊ လက်ရှိရယ် ဆိုလို့ရှိရင် အယောက် လေးဆယ်ကျော်လောက်တော့ ရှိတယ်။ တပ်ထဲမှာ တစ်ရာနဲ့ ငါးယောက်လောက်ရှိတယ်။ ဒီမှာနေရင် တော်တော်လေးကို အန္တရယ် ရှိနေတယ်။”

သီးလေးသီးအငြိမ့်အဖွဲ့ ပြည်ပ (၃) နိုင်ငံ၌ လှည့်လည်ဖျော်ဖြေမည်

တန်ဆောင်တိုင်ပျက်လုံးများဖြင့် လူထုအကြား နာမည်ကြီးနေသည့် သီးလေးသီးအငြိမ့်အဖွဲ့သည် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌ လှည့်လည်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သီးလေးသီး အငြိမ့်အဖွဲ့က ပြောသည်။

ဒီဇင်ဘာ (၃၀) ရက်၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဇန်န၀ါရီ (၆) ရက်၌ ပီနန်မြို့၊ (၁၂) ရက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် (၁၉) ရက်၌ စင်ကာပူမြို့တို့တွင်ကပြရန် စီစဉ်ထားကြောင်း စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာက ပြောသည်။

၎င်းက “ဘယ်အထိမ်းအမှတ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ကျနော်တို့ ဆေးရောင်စုံအဖွဲ့က ပြည်ပ ထွက်ပြီးတော့ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာပြည်သူတွေကို ဖျော်ဖြေတဲ့ပွဲပဲပေါ့။ကျနော်တို့ ရှေ့မှာသီချင်းလေးတွေဆိုမယ် သံချပ်ထိုးမယ် ပြီးရင်အငြိမ့်ကမယ်” ဟု ပြောသည်။

စင်ကာပူပွဲအပြီးတွင် ပြည်ဝင်ခွင့်ဗီဇာအဆင်ပြေပါက ဇန်န၀ါရီ (၂၅ နှင့် ၂၆) တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌့ သွားရောက် ဖျော်ဖြေရန်ဆန္ဒရှိပြီး အမေရိကန်နိုင်ငံရှိ မြန်မာပရိသတ်များကလည်း လာရောက်ဖျော်ဖြေရန် ကမ်းလှမ်းထားသည်ဟု ဂေါ်ဇီလာက ပြောသည်။

ဒီဇင်ဘာ (၃၀) ရက် မလေးရှားတွင် ဖျော်ဖြေမည့်အငြိမ့်ပွဲကို ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာ ကုန်တိုက်၌ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်မည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး မလေးရှားငွေ (၂၅) ရင်းဂစ် သတ်မှတ်ထားကြောင်း ပွဲစီစဉ်သူတို့ကပြောသည်။

ဇန်န၀ါရီ (၁၉) ရက် စင်ကာပူအငြိမ့်ပွဲကို လဗန်းဒါးဘူတာရုံအနီးရှိ Foo Chow အဆောက်အဦ၌ ကပြမည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး စင်ကာပူ ဒေါ်လာ (၂၀) ခန့် ကောက်ခံရန်ယာထားကြောင်း သိရသည်။

သီးလေးသီးအငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ) တို့ ပါဝင်ကပြဖျော်ဖြေမည်ဖြစ်သည်။

စက်တင်ဘာအရေးအခင်းအပြီး ကပြခဲ့သည့် သီးလေးသီးအငြိမ့်၏ တန်ဆောင်တိုင်ပျက်လုံးများ အနက် “ရန်သူမျိုးငါးပါးဆိုတာက ရေ၊ မီး၊ မင်း၊ သူခိုး၊ မချစ်မနှစ်သက်သူ ငါးပါးနော်။ ခု ပြောင်းသွားပြီ မင်းရယ်၊ သူခိုးရယ်၊ မချစ်မနှစ်သက်သူရယ်က တယောက်တည်းဖြစ်သွားလို့” ဆိုသည့်ပျက်လုံးနှင့် “မသိုးသင်္ကန်းများ မကပ်လိုက်ရဘဲ သိမ်းထားလိုက်ရသည့်အတွက် သိုးကုန်ပြီ” ဆိုသည့် ပျက်လုံးတို့မှာ ရေပန်းစားသည်။

ချုံဖော်တွင် ရခိုင်လူမျိုး (၂) ဦး သတ်ဖြတ်ခံရ

လွန်ခဲ့သည့် တနင်္လာနေ့၊ ညပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော်မြို့နယ်၊ လန်ဇန်းကျေးရွာရှိ ဆီအုံးစိုက်ပျိုးရေးခြံတွင် လုပ်ကိုင်နေကြသော ရခိုင်လူမျိုး (၃) ဦးကို ထိုင်းလူငယ်များက သတ်ဖြတ်သွားရာ (၂) ဦးမှာ ပွဲချင်းသေဆုံးသွားပြီး ကျန်တဦးမှာ ဒဏ်ရာပြင်းထန်စွာဖြင့် ချုံဖော်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသည်။

သေဆုံးသူများမှာ ကျောက်တော်မြို့နယ်၊ နေပူခံကျေးရွာမှ ဖြူဖြူ၊ တင်းမသစ်ကျေးရွာမှ မောင်လုံးတို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူ ဦးသန်းလှိုင်မှာလည်း တင်းမသစ်ကျေးရွာမှဖြစ်ကြောင်း သိရသည်။

သေဆုံးဒဏ်ရာရသူများနှင့် တနယ်တည်းသားဖြစ်သည့် ကိုမောင်ဇော်က “ဘာမှလည်း ရန်ငြိုး မရှိပါဘူး၊ ကျနော်တို့သိသလောက်ကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ထိုင်းလူငယ်တွေက ဓားပြ တိုက်တာဖြစ်နိုင်ပါတယ်။ အခုသူတို့ကိုသတ်ပြီးတော့ ဖုန်းသုံးလုံးနဲ့ ငွေ (၁၀၀) ယူသွားတယ်လို့ ဖမ်းဆီးခံထားရသူတွေက ရဲစခန်းမှာ စစ်ဆေးခံထားတယ်လို့ ကျနော်တို့ကြားရပါတယ်” ဟု ပြောသည်။

သတ်ဖြတ်သွားသူ လူငယ် (၆) ဦးထဲမှ (၄) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမှာလည်း ဒဏ်ရာရ ထားသူကို ၎င်းတို့က သေပြီဟုထင်ထား၍ဖြစ်ကြောင်း ကိုမောင်ဇော်က ပြောသည်။

၎င်းက “သူတို့က သူဌေးအိမ်နားမှာ အလုပ်ဆင်းရတာလေ။ မနက်ပိုင်း အလုပ်ဆင်းချိန်ကျတော့ ရောက်မလာလို့ သူဌေးက အလုပ်သမားခေါင်းဆောင်ကို လွှတ်ပြီးခေါ်ခိုင်းတယ်လေ။ အဲဒီခါကျမှ သေနေတာတွေ့တယ်။ မသေသေးတဲ့သူက မျက်စိဖွင့်ကြည့်တော့ တက်လာတဲ့သူက ကိုယ့်ရဲ့ အလုပ်သမားခေါင်းဖြစ်နေလို့ သူက ပြောပြတာလေ။ အဲဒီလူကလည်း သူဌေးကိုသွားတိုင်တဲ့အခါမှ ပုလိပ်တွေရောက်လာတာ” ဟု ပြောသည်။

ချုံဖော်တွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ မကြာခဏဆိုသလို သတ်ဖြတ်ခံရမှုများ ရှိကြောင်း ယင်းဒေသတွင်နေထိုင်သည့် ရခိုင့်တံခွန်ဂျာနယ်သတင်းထောက် ကိုရွှေမောင်းက ပြောသည်။

၎င်းက “လတိုင်းလိုလိုပါပဲ အသတ်ခံနေရတာ။ ပင်လယ်ပြင်မှာသတ်လိုသတ်၊ တော်ကြာနေ ဘာအကြောင်းပြချက်မှမရှိဘဲ အသတ်ခံရနဲ့ လပဲခြားမယ်၊ နှစ်ခြားတယ်ဆိုတာမရှိဘူး။ တခြား ဟာထားဦး သူဌေးတွေက အလုပ်တွေခိုင်း၊ စာရင်းမရှင်းချင်တော့ဘူး။ ပြီးခဲ့တဲ့လကဆို ကျနော်တို့ဒေသက ကောင်လေးတယောက်ကို စာရင်းရှင်းရမှာစိုးလို့ ပစ္စည်းခိုးတယ်ဆိုပြီး ပုလိပ်ခေါ်တာ၊ ပုလိပ်ကရိုက်တာမှ ကျနော်ညှိပြီးထုတ်ထားလိုက်ရတယ်” ဟု ပြောသည်။

တောင်ငူခရိုင်တွင် နအဖ တပ်အင်အားတိုးချဲ့၍ ဒေသခံများပိုမိုဒုက္ခရောက်

karen
ဗိုလ်မှူးချုပ် မဲအေစိန်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၂) တောင်ငူ ခရိုင်အတွင်း လွန်ခဲ့သည့် လလယ်မှ စတင်ကာ နအဖ စစ်တပ်မှ တပ်အင်အားများ ထပ်မံတိုးချဲ့ကာ ဒေသတွင်း ရှိရွာသားများအား တပ်စခန်းဆောက်လုပ်ရေးနှင့် ရိက္ခာ ပို့ဆောင်ရေးအတွက် အဓမ္မလုပ်အားစေခိုင်းမှုများ
ယခင်ထက် ပိုလုပ်လာသဖြင့် ဒေသခံများ ဒုက္ခရောက် နေကြောင်း တပ်မဟာ (၂) မှူး ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။

၎င်းက “ကျနော်တို့ဒေသကို မြေလှန်စနစ်နဲ့ အပြတ်ရှင်းဖို့ လုပ်နေတယ်။ ရွာသားတွေကို တောင်ယာ လယ်နဲ့ စိုက်ပျိုး ရေးတွေ လုပ်ခွင့်မပေးဘူး။ ရွာတွေကို ပိတ်ဆို့ထားတယ်။ စားနပ်ရိက္ခာတွေလည်း ရောင်းဝယ်
ခွင့်မပြုဘူး။ သူတို့တပ်အတွက် အဓမ္မလုပ်အားပေးစေခိုင်းမှုတွေ လုပ်ရပြီး ရွာသားတွေကို လူသားမိုင်းရှင်းကိရိယာအဖြစ်သုံးတယ်။ ဆတ်သားအဖြစ် သုံးတယ်။ တပ်စခန်း ဆောက်လုပ် ရေးတွေကို ကိုယ့်ရိက္ခာကိုယ်စားပြီး သွားလုပ်ပေးရတယ်။ ကိုယ့်ရဲ့ ခြံအလုပ်တွေနဲ့ သီးနှံတွေကို လုပ်ကိုင်ရောင်းဝယ်ခွင့်မပြုဘူး။ အခု တောင်ငူခရိုင် ထန်းတပင်နယ်မှာ အိုးအိမ် ပစ်ပြေးနေရတဲ့
IDP ရွာသား (၁၀,၀၀၀) လောက်ရှိတယ်” ဟု ပြောသည်

ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှစပြီး နအဖတပ်များမှ စကခ (၄) ၊ (၁၀)၊ (၂၁) တို့၏လက်အောက်ခံ တပ်ရင်းစုစုပေါင်း (၂၁) ခုထပ်မံအင်အားတိုးချဲ့လာကြောင်း ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။

ယခုလ (၂၇) ရက်က စကခ (၁၀) မှူးက ဘောဂလိကြီးကျေးရွာအုပ်စုရှိ ရွာ (၁၂) ရွာအား တအိမ် တယောက်နှုန်းဖြင့် ဆတ်လူးချောင်း တပ်စခန်းဆောက်လုပ်ရေးအတွက် မိမိရိက္ခာနှင့် မိမိလုပ်အား ပေးစေခိုင်းခဲ့သည်ဟု သိရသည်။

“ရွာသားတွေဟာ ဆန်ဝယ်စားမယ်ဆိုရင် နအဖစစ်တပ်မှာ ခွင့်ပြုချက်တောင်းရတယ်။ ကိုယ့်
သဘောနဲ့ကိုယ် သွားဝယ်စားမယ်ဆိုရင် ပစ်သတ်တဲ့အထိ အရေးယူတာတွေရှိတယ်။ ဒီလ (၁၀) ရက်နေ့ကလည်း စကခ (၄) လက်အောက်ခံ ခမရ (၇၁၀) (၇၀၃) (၇၀၇) တပ်တွေဟာ ထန်း တပင်မြို့နယ် သေ့အီးခီးရွာကိုဝင်စီးပြီး စပါးကျီနဲ့ တွေ့သမျှပစ္စည်းတွေကို သိမ်းယူသွားတာ ကာလတန်ဖိုး (၁၉၅) သိန်းခန့်ရှိတယ်” ဗိုလ်မှူးချုပ် မဲအေစိန်က ပြောပြသည်။

နအဖသည် KNU အုပ်ချုပ်ရေးဒေသတွင် နေထိုင်သူများကိုသာမက ၎င်းတို့ အုပ်ချုပ်ရေးဒေသ အောက်တွင် နေထိုင်သူများအားလည်း အဓမ္မလုပ်အားပေးစေခိုင်းမှုများ ပြုလုပ်နေကြောင်း၊
ယခုလ (၂၂) တွင် တပ်စခန်း အသစ်များတည်ဆောက်ရန်အတွက် ဘောဂလိတွင်ရှိသည့် အရပ်သား ကား (၆) စီးအား ကားတစီးလျှင် အုတ်ခဲ အချပ်ရေ (၁၀,၀၀၀)၊ ထုံးနှင့် ဘိလပ်မြေ
အိတ် (၃၀) အပါအ၀င် သဲနှင့်ကျောက်များကို စကခ (၁၀) မှူးက အခမဲ့ပို့ဆောင်ခိုင်းခဲ့သည်ဟု
၎င်းက ပြောသည်။

တောင်ငူခရိုင်သည် ပျဉ်းမနားနှင့် ဆက်စပ်နေပြီး ကြပ်ပြေးနေပြည်တော်တည်ဆောက်ရေးနှင့် နီးကပ်နေသောကြောင့်လည်းကောင်း၊ မန္တလေး-ရန်ကုန် ရထားလမ်း ကားလမ်းပိုင်း ဗဟိုဖြစ် သည့်အတွက် မိမိတို့အား အပြုတ်တိုက်မည်ဖြစ်ကြောင်း၊ တောင်ငူဒေသတခုလုံးအား တပ်နယ် တပ်မြို့အဖြစ်တည်ဆောက်ရန် အစီအစဉ်ရှိသည်ဟုသိရကြောင်း၊ နအဖ၏ ထိုးစစ်အား ပြောက် ကျားနည်းဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မဲအေစိန်က ပြောသည်။