Pages

Subscribe

Thursday 1 July 2010

ငွေသိန်းထောင်ချီသည့် လိမ်လည်မှုတွင် ရဲနှင့် တရားရုံးတို့ ငွေများသည့်ဘက်လိုက်

၂၀၀၉ ခုနှစ် အတွင်း လေလံဖြင့် ၀ယ်ခွင့်ရခဲ့သည့် ရုပ်ရှင်ရုံ နောက်ဘက်မှ ဆိုင်ခန်းများ ရှင်းလင်းရေးနှင့် ပတ်သက်ပြီး ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ရာ အဆိုပါလိမ်လည်သူတို့အား တိုင်ကြားသဖြင့် ရဲကဖမ်းဆီးသော်လည်း လိမ်လည်သွားသည့် ငွေသိန်းထောင်ကျော် အနက် တပြားတချပ်မှ သိမ်းဆည်းနိုင်ခြင်း မရှိဘဲ အဆိုပါ ဖမ်းဆီးထားခြင်း ခံရသည့် တရားခံများက ငွေဖြင့် ရဲစခန်းနှင့် တရားရုံးတို့အား လွှမ်းမိုးလျက်ရှိသည်ဟု အမည်မဖေါ်လိုသည့် အမှုကိစ္စနှင့် နီးစပ်သူ တဦးက ပြောသည်။
ယခု လိမ်လည်မှု ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ရှင်ရုံမှာ စမ်းချောင်းမြို့နယ် မြေနီကုန်းမှတ်တိုင် အနီးရှိ “ရတနာပုံ ရုပ်ရှင်ရုံ” ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ဆန်း နအဖ အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်အရ ကျပ်သိန်း ၉၂၀၀ ရာဖြင့် လေလံဖြင့် ရောင်းချပေးခဲ့သည့် ရုပ်ရှင်ရုံဖြစ်သည်။

အဆိုပါ ရုပ်ရှင်ရုံအား လေလံဖြင့် ၀ယ်ယူခွင့်ရရှိပြီးနောက် ရုပ်ရှင်ရုံနောက်ဘက်ရှိ ဆိုင်ခန်းများအား ရှင်းလင်းဖယ်ရှားရန် အတွက် ဦးထွန်းရီ ဆိုသူနှင့် အဖွဲ့က ရန်ကုန်တိုင်း စစ်ဌါနချုပ်၏ အထူးစစ်ဆင်ရေးအဖွဲ့ လက်မှတ်အတု စာအတုများဖြင့် ရှင်းလင်းပေးမည်ဟု ဆိုကာ ရုပ်ရှင်ရုံပိုင်ရှင် ဒေါ်ခင်နန်းဝေထံမှ ငွေကျပ်သိန်း ၁၅၀၀ တောင်းယူခဲ့သည်။ ငွေ ကျပ် သိန်း ၁၃၀၀ ပေးပြီး မကြာမီ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ရန်ကုန်တိုင်း စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့နှင့် ကမာရွတ်ရဲ စခန်းတို့မှ လက်ရဖမ်းဆီးခဲ့ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင်ရုံးတွင် တရားစွဲဆိုခဲ့သည်။
သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များက လိမ်လည်မှုနှင့် ပတ်သက်သည့် ပေးပြီးသား ကျပ်ငွေ သိန်း ၁၃၀၀ အနက် တပြားတချပ်မှ ရှာဖွေ သိမ်းဆည်းနိုင်ခြင်း မရှိခဲ့သည့် အဖြစ်က ထူးဆန်းနေသည်ဟု အမှုကိစ္စနှင့် နီးစပ်သူက ပြောဆိုသည်။
“အခုခေတ်မှာ လိမ်တဲ့သူက ငွေလုံလုံလောက်လောက် ရထားရင် အဲဒီလိုစွဲဆိုခံရတဲ့ အမှုကို ငွေနဲ့လိုက်ပြီး လွတ်အောင် လုပ်လို့ရတဲ့ အနေအထားမြင်နေရတယ်။ အခု လိမ်တဲ့သူက ရဲကိုရော တရားရုံးကိုပါ ငွေသိန်းရာဂဏန်းနဲ့ချီ ပေးထားပြီလို့ ယူဆရတယ်။ အခုအာမခံတောင် လျှောက်ထားသေးတယ်။ လိမ်လည်မှု ပုဒ်မ ၄၂၀ ကို အာမခံပေးလိုက်လို့ကတော့ ဒီလိမ်တဲ့သူတွေက ထွက်ပြေးတော့မှာပေါ့”
ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
နိုင်ငံရေးနှင့် မပတ်သက်သည့် လိမ်လည်မှု၊ လောင်းကစားမှုများအား ရဲဖမ်းဆီးရာတွင် အမှန်တကယ် ဖမ်းမိသည့် ငွေပမာဏထက် အဆများစွာလျော့ပြီး အမှုတွင် တင်ပြလေ့ရှိကြသည်ကို ယခင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအရ သိရှိရသည်။
“ကျွန်မတို့ အသိတွေပါတဲ့ ဂျင်ဝိုင်း အဖမ်းခံရတုန်းက တကယ် သိမ်းဆည်းရတဲ့ ငွေက သိန်း ထောင်နဲ့ချီတယ်။ တစ်ထောင်တောင်မကဘူး၊ ၂ထောင် ကျော် ၃ထောင်နီးပါး ဖမ်းမိတာ။ ဒါပေမယ့် ရဲက အမှုမှာတင်တော့ သိန်း ၂ ရာ ၃ ရာ ပဲတင်တာ။ အဖမ်းခံရတဲ့ သူတွေလည်း အမှန်တကယ် ငွေပမာဏက ဒီလောက်မဟုတ်ဘူးလို့ ငြင်းရင် ရဲက ငြှိုးတော့မယ်။ ပြောလည်းငွေက အားလုံးပြန်ရတာမဟုတ်တော့ ရေငုံနှုတ်ပိတ်နေလိုက်ရတာ။ ကစားဝိုင်းမှာ ပါတဲ့သူတွေက အဖမ်းခံရတော့မယ် မလွတ်တော့ဘူးဆိုရင် ပါလာတဲ့ကားရဲ့သော့ကို ရဲတယောက်ယောက်ဆီ ကပ်ပေးပြီး သွားပေးရမယ့် ဖုန်းနံပါတ်ကို ပြောလိုက်။ အဲဒီရဲက ကားသွားပေးပြီး ၁၀ သိန်း ၊ သိန်း ၂၀တောင်းယူတာ”
ဟု လုပ်ငန်းရှင်တဦးက သူ့အတွေ့အကြုံကိုပြောပြသည်။
ယခုအဖြစ်အပျက်တွင်လည်း လိမ်လည်သူဟု စွပ်စွဲခံရသူ ဦးထွန်းရီက ရဲနှင့် တရားရုံးအား ငွေဖြင့် ပေးပြီး အာမခံရယူရန် ကြိုးစားနေသည့် အခြေအနေဟု အမှုနှင့် နီးစပ်သူကပြောသည်။ ယခု လိမ်လည်မှု အား အနောက်ပိုင်း ခရိုင်တရားရုံးတွင် စွဲဆိုတားပြီး တရားသူကြီး ဒေါ်စိုးဥာဏ်က တာဝန်ယူ ကြားနာလျက်ရှိသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်သည် နိုင်ငံရေး နှင့် သက်ဆိုင်သည့် အမှုများမှလွဲလျင် “ငွေများ တရားနိုင်သည့်” အခြေအနေဖြစ်နေသည်မှာ ဆယ်စုနှစ်များနှင့်ချီနေပြီ ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အခြေအနေသိသာစွာ ဆိုးရွားလာသည်ဟု ဥပဒေ ပညာဖြင့် အသက်မွေးလျက်ရှိသည့် ရှေ့နေများက ပြောဆိုကြသည်။
ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် တိုင်းပြည်၏ အခြေအနေများ ပိုမို ရှုပ်ထွေးခြင်း၊ ၎င်းတို့အကာအကွယ်ယူထားသည့် အာဏာပိုင်တို့၏ အပြောင်းအလဲများ ပိုမို ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ ရသမျှ စုဆောင်းထားလိုသည့် သဘောဟုလည်း ရှေ့နေများက ပြောဆိုသည်။

မိုးမခသတင်းထောက် ၀င်းမြတ်(ရန်ကုန်) ရေးသားသည်။

ဖားကန့် ရေကြီး

မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ် ဖားကန့်မြို့မှာ မိုးမပြတ် ရွာနေတာကြောင့် ရပ်ကွက် အတော်များများဟာ ရေလွှမ်းမိုးနေပြီး အနီးအနား ဒေသတွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ ဆက်လက်ပြီး မိုးကြီး ရေလျှံမယ်ဆိုရင် အရင်နှစ်တွေလို မြေစာပုံတွေ ပြိုမှာ၊ ပိမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ ဖားကန့်ဒေသမှာ စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်တာကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ နေ့စဉ်ရက်ဆက် မိုးကြီးပြီဆိုရင် ရေလွှမ်းမိုးတာ၊ မြေပြိုတာတွေဟာ နှစ်တိုင်းလို ဖြစ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာလည်း မိုးဆက်တိုက်ရွာတာကြောင့် ဖားကန့်မြို့က ရပ်ကွက် အတော်များများဟာ ရေလွှမ်းမိုးခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မိုးကလည်း ကျနော်တို့ဆီက မပြတ်တာကို ၁၀ ရက်ကျော်လောက် ရှိနေပြီဆိုတော့ တက်လိုက်ကျလိုက်၊ တက်လိုက်ကျလိုက်နဲ့ ၁၀ ရက်ကျော်လောက် ရှိနေပြီလေ။ မိုးက များတာနဲ့ ချောင်းက ကောနေတာနဲ့ ရေက မဆင်းနိုင်ဘူး ဖြစ်နေတာလေ။ အခုထိကိုပဲ တက်နေတယ် ရေက။ ကျနော့်အိမ်အောက် ရေပြန်ရောက်နေပြီ။ ဖားကန့်၊ လုံးခင်း၊ ဆိတ်မူ ဒါ့အပြင်ကို မြို့ပေါ်ရပ်ကွက်တွေကတော့ အကုန်မြုပ်ပဲလေ။”

စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိတဲ့ မြေစာတွေကို ဖားကန့်မြို့အနီးမှာ စွန့်ပစ်ထားတာကြောင့် ဒီထက် မိုးများလာရင် မြေပြိုမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“နွေပိုင်းတုန်းက ပစ်ထားတဲ့ မြေစာတွေက ကျနော်တို့ ဖားကန့်မြို့နဲ့ ပတ်ပတ်လည် အများကြီးလေ။ မြေစာတွေကလည်း နည်းတာတွေ မဟုတ်ဘူး၊ ကားတွေနဲ့ ပစ်ထားတာလေ။ နောက် မိုးက များဦးမှာ၊ ဒီ့ထက်များပြီ ဆိုတဲ့အခါကျ အဲဒါတွေ လျှောကျတာတွေတို့၊ ကမ်းပါးမှာ နေတဲ့ဟာတွေက ဘာဖြစ်တာ ညာဖြစ်တာတွေက လာဦးမှာ။ လူထုကတော့ အခြေအနေအရပဲ ကြည့်နေရတာပေါ့။ ရေလေး နည်းနည်းတက်လာပြီတဲ့၊ မိုးများပြီတဲ့ဆို လွတ်ရာကျွတ်ရာ သွားနေ ရှောင်နေ အဲလို လုပ်ရတာပေါ့။”

အခုလို ဖားကန့်ဒေသမှာ ရေကြီးနေတာကြောင့် ဆိုင်းတောင်နဲ့ လုံးခင်းဘက် သွားတဲ့ ကားလမ်းတွေလည်း ရေလွှမ်းတာတွေ ရှိနေပြီး တချို့နေရာတွေမှာ စက်လှေနဲ့ သွားလာနေရပါတယ်။

ဒီအခြေအနေတွေကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲကိုတော့ ဒေသခံ အမျိုးသမီး တယောက်က အခုလို ပြောပါတယ်။

“ကျောင်းသူ ကျောင်းသားတွေအတွက်၊ ပြောမယ်ဆို မှော်ကနေ လာတဲ့သူတွေ အတွက်က အခက်အခဲ ရှိပါတယ်။ ရေတအားကြီးတဲ့ အချိန်တော့ ထွက်လို့ မရဘူးပေါ့။ ကုန်ဈေးနှုန်းတွေကတော့ အခုတလော ဈေးတက်နေပါတယ်။ ဆီဈေးတွေနဲ့ ကုန်ခြောက်ဈေးတွေကတော့ ကားလမ်းတွေ အသွားအလာ နည်းနည်းခက်တော့ တက်ပါတယ်။”

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုဆားဂျီးကတော့ ဖားကန့်ဒေသမှာ ကျောက်စိမ်းကို စက်ယန္တရားတွေနဲ့ အကြီးအကျယ် တူးဖော်တာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး အခုလို ရေကြီးတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဖားကန့်ဒေသမှာ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း လုပ်တဲ့ဟာက အရင်တုန်းက တပိုင်တနိုင်လုပ်တဲ့ အချိန်မှာ သိပ်ကိစ္စမရှိဘူး။ အခု စက်ယန္တရားကြီးနဲ့ လုပ်လိုက်တဲ့ အချိန်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုက အင်မတန်မှ များပြားနေတယ်။ တောင်တွေက မြေပြန့်ဖြစ်သွားတာ၊ မြေပြန့်နေရာမှာက ဒီချိုင့်ခွက်ပေါ့၊ တောင်ချိုင့်နေရာမှာက မြေစာပုံတွေနဲ့ ပြန်ပြည့်သွားတယ်။ သွားလာတဲ့ ရေလမ်းကြောင်းတွေလည်း ပိတ်သွားတယ်။ သဘာဝဆိုတာ ဘာမှ မရှိတော့ဘူးလေ။ အဲဒါကြောင့် တောင်ပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ ရေကြီးခြင်း ဒါမျိုးက အမြဲတမ်း ဖြစ်နေတာပဲ ဖားကန့်ဒေသမှာ။”

ဒေသခံတွေကလည်း မိုးများများရွာရင် ကျောက်တွင်းကထွက်တဲ့ မြေစာတွေက ရေနဲ့အတူ ဥရုချောင်းအတွင်း မျောကျလာတာမို့ ချောင်းကောပြီး ရေမစီးဆင်းနိုင်တာကြောင့် ရေကြီး ရေလျှံတာ၊ ကမ်းပါးပြိုတာတွေ ဖြစ်တာလို့ ပြောကြပါတယ်။

ဖားကန့်ဒေသမှာ ရေကြီးပြီး မြေပြိုတာကြောင့် ၂၀၀၈ ခုနှစ်မှာ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ရပြီး အရင်နှစ်ကတော့ ၂၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒေသခံတွေကတော့ ၂၄ ယောက်ထက် မကနိုင်ဘူးလို့လည်း အဲဒီအချိန်က သုံးသပ်ပါတယ်။ ဒီလို အသေအပျောက် များခဲ့တဲ့ အရင်နှစ် ဇူလိုင်လ ၅ ရက်နေ့က ဖားကန့်မြို့ရဲ့ မိုးရေချိန်ဟာ ၁၄.၆၄ လက်မအထိ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ဖားကန့်မှာ ရေကြီးတာကတော့ မနှစ်ကလောက် မဆိုးဝါးသလို အပျက်အစီး၊ အထိအခိုက်လည်း မရှိပါဘူး။

လိုင်စင်မဲ့ကားများ စတင်ဖမ်း ဆီးမည့် သတင်းကြောင့် ကား တချို့ တောထဲ သွားရောက် ၀ှက်ထား

လိုင်စင်မဲ့ကားများကို စတင်ဖမ်းဆီးမည့်သတင်းကြောင့် ကရင်ပြည်နယ်မှ နယ်စပ်မြို့များတွင် လိုင်စင်မဲ့ ကားတချို့သည် လိုက်လံဝှက်ထားမှုများ လုပ်ဆောင်နေကြသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရ သည်။

မြန်မာနိုင်ငံတွင် လိုင်စင်မဲ့ကားများကို ဇွန်လ ဆန်းပိုင်းမှစ၍ စတင်ဖမ်းဆီးခဲ့သလို ကရင်ပြည်နယ် ဘား အံမြို့တွင်လည်း ဇွန်လ လယ်ပိုင်းမှစကာ ဖမ်းဆီးမှုများ စတင်လုပ်ဆောင်သည့်အတွက်ကြောင့် ယခုရက် ပိုင်းအတွင်း နယ်စပ်မြို့များဖြစ်သည့် မြ၀တီနှင့် ဘုရားသုံးဆူမြို့၌ လိုင်စင်မဲ့ကားများကို လက်ဝယ်ထားရှိ သူများက လိုက်လံဝှက်ထားကြခြင်းဖြစ်သည် သိရသည်။

ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်သော ဘုရားသုံးဆူမြို့ဘက်တွင် လိုင်းစင်မဲ့ကားတချို့က ကေအဲန်ယူ ထိန်း ချုပ်ရာနယ်မြေများသို့ သွားရောက်ဝှက်ထားသလို နီးစပ်ရာအသိများထံကိုလည်း သွားဝှက်ထားသည်ဟု မြို့ခံတဦးက ယခုလိုပြောသည်။

“ဒီတရက်နှစ်ရက်တောအတွင်းမှာ လိုင်စင်မရှိတဲ့ ကားတွေကို ဖမ်းမယ်လို့ ကြိုတင်အသိပေးထားတဲ့အ တွက် ကားပိုင်ရှင်တချို့က သူတို့ကားတွေကို လိုက်ဝှက်ထားတာ ဒီနေ့အပါအ၀င်ဆို နှစ်ရက်သုံးရက် ရှိပြီ။ တချို့က ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ မဲ့ကသာဘက်မှာတို့။ တောရွာက အသိတွေဆီကို သွား ၀ှက်ထားတာတို့ လုပ်တာရှိတယ်”ဟု ပြောသည်။

ထိုကဲ့သို့ လိုက်လံဖမ်းဆီးရာမှာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ကားနှင့် သာသနာအကျိုးပြုကားများ ကို နားလည်မှုသဘောဖြင့် ဖမ်းဆီးမည် မဟုတ်ကြောင်း ဘုရားသုံးဆူမြို့ရှိ သံဃာတော်တစ်ပါးက ကေ အိုင်စီကို မိန့်ကြားသည်။

ဘုရားသုံးဆူမြို့သည် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေချရာ မြို့တမြို့ဖြစ်သောကြောင့် အစိုးရအ နေဖြင့် အတင်းအကြပ်လုပ် ဆောင်လိမ့်မည်မဟုတ်ကြောင်း ကားပိုင်ရှင်တဦးက ပြောသည်။

“ကြာအင်းဆိပ်ကြီးနဲ့ မုဒုံတို့ဘက်မှာ လိုင်စင်မရှိတဲ့ကားတွေ ပိုင်ဆိုင်ထားတဲ့လူတွေကို အာဏာပိုင်တွေ က စားရင်းတင်ခိုင်းတာရှိပေမယ့် ကျနော်တို့မြို့မှာ အတင်းအကြပ်လုပ်လို့မရဘူး။ ဖမ်းဆီးသိမ်းဆည်းမှု တွေ အတင်းလုပ်လာလို့ရှိရင် ပြဿနာတွေ တက်ကုန်မှာပေါ့” ဟု ပြောသည်။

ဘားအံမြို့ခံတစ်ဦးက“ မော်တော်ပီကယ်(မော်တော်ယျာဉ်ထိန်းသိမ်းရေးအဖွဲ့)က ဒီကေဘီအေဆိုင်ကယ် တို့ ကားတွေတို့ဆို လိုင်စင်လုံးဝမစစ်ရဲဘူး။ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်လောက်က ဒီကေဘီအေ စီးလာ တဲ့ ဆိုင်ကယ်တစ်စီးကို မော်တော်ပီကယ်က ၀င်စစ်တော့ သေနတ်နဲ့ ခြိမ်းခြောက် အပစ်ခံရတယ်လို့ ကြားတယ်။ အဲဒီနောက်ပိုင်းမှာ ဒီကေဘီအေဆို လုံးဝမစစ်တော့ဘူး”ဟု ပြောသည်။

လိုင်စင်မဲ့ကားအပြင် ယခုဇူလိုင်လ ၁ရက်နေ့မှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များကိုလည်း ဥပဒေနှင့်အညီ ဖမ်းဆီးမည်ဟု စစ်အစိုးရက ပြီးခဲ့သည့် ဇွန်လ(၁၁)ရက်နေ့က ၄င်းတို့ပိုင် သတင်းဌာနများတွင် ထုတ်ပြန် ခဲ့သည့်နောက် ယခုချိန်တွင် မြို့အတွင်း စစ်ဆေးဖမ်းဆီးမှုများ စတင်လုပ်ဆောင်နေပြီဟု ဘားအံမြို့ခံများ က ပြောသည်။

ကေအိုင်စီသတင်းထောက် စောသိန်းမြင့် ရေးသားသည်။

သရုပ်ဆောင် မင်းအုပ်စိုး ၏ အမျိုးသမီး အယ်ဒီတာ ခေါ်စာ ကြောင့် စာနယ်ဇင်းသမား များ ဒေါသ အိုးပေါက်ကွဲ

မင်းအုပ်စိုး ဦးစီးထုတ်ဝေသည့် သရပါ မဂ္ဂဇင်း ဓာတ်ပုံ- News Eleven အင်တာနက် စာမျက်နှာ

ရုပ်ရှင် သရုပ်ဆောင် မင်းအုပ်စိုး ဖြစ်သူ ၏ သရပါ ရသ စာပေ မဂ္ဂဇင်း မှ အမျိုး သမီး အလုပ်ခေါ် စာ ကြော်ငြာ
ကြောင့် စာနယ်ဇင်း သမား အများစု ဒေါသထွက် နေ ကြကြောင်း သတင်း ရရှိသည်။ သရုပ်ဆောင် မင်းအုပ်စိုး
၏ သရပါ ရသ စာပေ မဂ္ဂဇင်း ၏ အလုပ် ကြော်ငြာ တွင် ပါရှိ သည့် ကြော်ငြာ ရေးသား ချက်များ မှာ

သရပါရသစာပေ မဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာခေါ်ယူခြင်း အလုပ်ခေါ်ကြော်ငြာက လက်ရှိအလုပ်
လုပ်ကိုင်နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများအားလုံး၏ စာရိတ္တနှင့်ကျင့်ဝတ်
သိက္ခာကို ကျဆင်းထိပါးစေသည့် သဘော သက်ရောက်ခဲ့ကြောင်း စာပေလောကအတွင်းရှိ
အယ်ဒီတာများ အပါအ၀င် ဂျာနယ်လစ်များကပါ သုံးသပ်ပြောဆိုခဲ့ကြပါသည် ဟု News – Eleven
အင်တာ နက် စာမျက် နှာ တွင် ဖော်ပြထားသည်။



သရပါ မဂဇင်း ၏ အမျိုးသမီး အယ်ဒီတာ ခေါ်စာ တွင်လျှောက်ထားလိုသူများ အနေဖြင့် ” (၁)ရုပ်ရည်ပြေပြစ်ရမည်၊ (၂)မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမည် (၃)အိမ် ထောင်မရှိသူဖြစ်ရမည် (၄)မည်သည့် ဂျာနယ်၊မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ၊ (၅) ၁၀တန်း အောင်ရန်မလို၊ (၆) အသက် ၂၀ နှစ်မှ ၂၈ နှစ်အတွင်း ဖြစ်ရမည်” စသည့် အချက်များသာပါဝင်ခဲ့ပြီး လျှောက်ထားလိုသူများ အနေဖြင့် သရ၀ဏ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရမည်ဟု ဖော်ပြပါရှိထားခဲ့သည်။

ထိုကြော်ငြာသည် ဇွန် လ ၂၈ ရက်နေ့ ထုတ် အချစ်ဂျာနယ် တွင် ပါရှိ ခဲ့ခြင်း ဖြစ်သည်။ရန်ကုန် အခြေစိုက်
ဂီတ၊ရုပ်ရှင် သတင်းဆောင်းပါရှင် တစ်ဦးက ‘အလုပ် ခေါ်စာ က စာပေ နယ်ကို စော်ကား နေ သလို တင်မက
ဘူး အား လုံး ရဲ့ ကိုယ်ကျင့် တရား ပါ စော်ကား နေသလို ပဲ ဟု ပြော သည်။

မြန်မာ စာ နယ်ဇင်း နယ်ပယ်တွင် စာပေချစ်စိတ် ကြောင့် မဟုတ်ပဲ ၀င်ရောက် လာသူများ မှာ စာရေးဆရာ
များ ၊စာနယ်ဇင်း သမား များ ကို အထင်သေးစိတ် ရှိသည်။ ၀န်ကြီးဟောင်း တစ်ဦး ၏ သား လုပ်ကိုင်သည့်
ဂျာနယ်တိုက် တစ်ခုမှာ မူ သတင်းထောက်များ၊အယ်ဒီတာ များ ကို အရေးမပေး ပဲ ကြော်ငြာ ဌာန (မားကတ်တင်း)
နှင့် သူကုမ္ပဏီ မှ တစ်ခြား ၀န်ထမ်း များ ကို သာ အရေး ပေး သောကြောင့် အစုလိုက် အပြုံ လိုက် နှုတ်ထွက်မှုများရှိ
ခဲ့ဖူးသည်။

ထင်ရှားသော ပန်းချီ ဆရာ တစ်ဦး ဦးစီး ထုတ်ဝေသည့် မဂ္ဂဇင်း တစ်စောင် တွင်မူ စာပင် ကောင်းကောင်း မရေးတတ်သည့်
ကြော်ငြာရှာ အမျိုးသမီး တစ်ဦး အား အယ်ဒီတာ အဖြစ်ခန့် ထားကာ ၀ါရင့် အယ်ဒီတာ အား အလုပ်ဖြုတ်ခဲ့ သော
သာဓက ရှိခဲ့ဖူးသည်။ထို မဂ္ဇင်း အား ထုတ်ဝေသူ က အယ်ဒီတာ ဆိုသည် မှာ ဆိုက်ကား သမား ပင် လုပ်၍ ရသည်
ဆိုသည့် အပြောမှာ လည်း နာမည် ကျော်စကား တစ်ခွန်း ဖြစ်ခဲ့ရသည်။

၂၀၀၀ ပြည့် နှစ်နောက် ပိုင်း ဂျာနယ် စာစောင် မဂ္ဇင်းများ ထုတ်ဝေခွင့် ရလာ ချိန် တွင် စာပေနယ်ထဲသို့ 
အကြောင်း အမျိုး ဖြင့် ၀င်ရောက် ခဲ့သူများ ကြောင့် စာပေ နယ်ပယ် တွင်ရပ်တည် နေသူ အချို့ ပင်
နာမည် ပျက်ခဲ့ရသည် ဟု သိရသည်။

ငွေကြေးတတ် နိုင်သူများ က စာရေး ဆရာများ နှင့် သတင်းထောက်များ၏ ငွေကြေးချို့ တဲ့မှု ကို အခွင့် ကောင်း
ယူက မောက်မာ ရိုင်းပျစွာ နှိမ်ချဆက်ဆံတတ်သည်။

သရုပ်ဆောင် မင်းအုပ်စိုး သည် မှော်ဘီ တွင် ရုပ်ရှင် ဗီဒီယို ရိုက် ကူးသူများ အတွက် စတူဒီယို ခေါ် ရိုက်ကူးရေး
ခြံ တစ်ခု ဆောက် လုပ်ထား သူဖြစ်ပြီး စီးပွားရေး သမား အချို့ နှင့် နီးစပ်ကာ ငွေမည်းမှ ငွေဖြူ အဖြစ် ခ၀ါချသူ
တစ်ဦး အဖြစ် လည်း ရုပ်ရှင် နယ်ပယ် တွင် နာမည်ကျော်ကြား သူ တစ်ဦး ဖြစ်သည်။

ထောက်လှမ်းရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် ဗိုလ်မှုးကြီး တစ်ဦး ကို စ၇ဖ က ဖမ်းဆီး

ယခင် ထောက်လှမ်းရေး အရာရှိ အဖြစ် စစ်ကြောရေး လုပ်ငန်းတွေ မှ ဦးစီး လုပ်ဆောင်ရတဲ့
ဗိုလ်မှုးကြီး ရန်နောင်စိုး ကို ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က စရဖ အဖွဲ့ ဝင် တွေ က စစ်မေး
စရာ ရှိ လို့ ဆိုပြီး ခေါ်ဆောင် သွား တာ အခုထိ ပြန်လည် မရောက်ရှိ သေးကြောင်း သူ့ ရဲ့ မိသား
အသိုင်း အ၀ိုင်း နဲ့  နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

သူ့ ရဲ့ မိသားစု ၀င်တွေ ကတော့ သူပြန်မလာတဲ့ အတွက် စိတ်ပူနေရကြောင်း နဲ့ ဘယ်ကိုမှ
ဆက်သွယ်စုံစမ်း လို့ မရ ပဲ ခုနှစ်မိုင် ခွဲ အိမ်နား မှာ လည်း အစောင့် တွေ ချထားတယ် လို့ 
သူ့ မိသား စု ၀င် တစ်ဦး နဲ့ နီးစပ် သူ တစ်ဦးက ပြောသည်။

ဗိုလ်မှုးကြီး ရန်နောင်စိုး ဟာ ဗိုလ်ကြီး နဲ့  ဗိုလ်မှုး အဖြစ် တာဝန် ထမ်းဆောင် နေရစဉ် စစ်ထောက်လှမ်း
ရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရပြီး ၁၉၉၄ ခုနှစ် မှ ၂၀၀၀ ခုနှစ် အတွင်း နိုင်ငံရေး ပုဒ်မ၊
တရားမ၀င် ငွေကြေး ကိစ္စ တွေ ကို ဖမ်း ဆီး စစ်ကြောမေးမြန်းမှု တွေ မှာ ဦးဆောင် ခဲ့ရသူ တစ်ယောက်
ဖြစ်ပါတယ်။

စစ်ထောက်လှမ်းရေး မှာ တာဝန် ထမ်းဆောင် နေစဉ် ၂၀၀၁ ခုနှစ် တွင် တောင်ဥက္ကလာ ဂေါက်ကွင်း
အတွင်းရှိ ဘီယာ ဆိုင်တွင် အထက်အရာရှိ ထောက်လှမ်း ရေး တစ်ဦး နှင့် ပြဿနာ ဖြစ်ရာ မှာ စစ်တပ်
ဘက်မှ သူ့ ဆရာ ရင်း ဗိုလ်ချုပ် တစ်ဦးက စစ်တပ်ဘက်သို့ ပြန်လည် ပြောင်းပေး ခဲ့ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် ဒုတိယ ဗိုလ်မှုးကြီး ရာထူး အဖြစ်ရောက် ရှိပြီး နောက် စစ်ထောက်လှမ်း ရေး အုပ်စု
အား ရာထူး မှ ဖယ်ရှား ချိန် တွင် ခေတ္တ စစ်ဆေး မေး မြန်း ခံရသည်။

ဗိုလ်မှုးကြီး ရန်နောင်စိုး သည် နာမည် ကျော် မင်းသမီး ညီအမ များ၏ အကိုဝမ်းကွဲ ဖြစ်ပြီး သူ၏
ဆွေ မျိုး များ မှ အချို့ မှာ မြန်မာ စာနယ်ဇင်း နယ်ပယ်တွင် ၀ါသနာ အရ စာပေရေးသားမှု များ ကို
ပြုလုပ်သည်။

လက်ရှိ အဖမ်းခံရချိန်တွင် ဗိုလ်မှုးကြီး ရန်နောင်စိုး မှာ ရန်ကုန် တိုင်း စစ်ဌာနချုပ်၏
စစ်ဒေသ ကော်မတီ တွင် တာဝန် ထမ်းဆောင် နေသည် ဟု သိရသည်။

ရန်ကုန်ရှိ နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြား နုတ်ထွက်

ရန်ကုန်မြို့တွင် HIV/AIDS ရောဂါသည်များကို ကူညီ စောင့်ရှောက်ပေးနေသော နိုင်ငံခြား NGO တခုမှ ၀န်ထမ်း အများအပြားသည် သက်ဆိုင်ရာ နိုင်ငံခြားသူ တာဝန်ရှိသူ တဦး၏ မောက်မာစွာ ဆက်ဆံမူကြောင့် တာဝန်မှ နုတ်ထွက် ခဲ့ကြရသည်ဟု အမည်မဖေါ်လိုသူ ၀န်ထမ်း တဦးက ပြောသည်။

“စုစုပေါင်းနုတ်ထွက်တာက မန်နေဂျာ အပါအ၀င်ပေါ့နော်။ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦး အားလုံး ၁၄ ဦး ဖြစ်ပါ တယ်။ အဓိက နုတ်ထွက်ရတဲ့ အကြောင်းအရင်း ကတော့ အသစ်ရောက်ရှိလာတဲ့ နိုင်ငံခြားသူ တဦးရဲ့ မောက်မာစွာ ဆက်ဆံမူတွေကြောင့် ဖြစ်ပါတယ်” ဟု သူက ပြောသည်။

အဆိုပါ NGO မှာ ခုခံမူ ကျဆင်းရေး တိုက်ဖျက်ရေး အဖွဲ့ ( မဟာမိတ်) အမည်ဖြင့် ရန်ကုန်မြို့ လှည်းတန်း စံရိပ်ငြိမ် (၆) လမ်းတွင် ဖွင့်လှစ်ထားသော အဖွဲ့ဖြစ်ပြီး HIV/AIDS ရောဂါသည်များကို ကူညီ စောင့်ရှောက် ကုသ ပေးနေသည်မှာ ၁၅ နှစ်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဌာနအား ကြီးကြပ် ကွပ်ကွဲရန် အရာရှိ နိုင်ငံခြားသူ တဦး ၂၀၁၀-ခု ဇန်န၀ါရီလမှ ရန်ကုန်မြို့ သို့ တာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည့် အချိန်မှစပြီး ယခုကဲ့သို့ မပြေလည်မူနှင့် စတင်ခဲ့ရကြောင်း သူက ပြောသည်။

“အဲဒီ အမျိုးသမီးက မြန်မာပြည်ကို သိပ်အထင်သေးတယ်။ မြန်မာပြည်မှာ ဘာမှ လုပ်လို့ရတာ မရှိဘူး။ ဒါတွေကိုဘဲ ပြောနေတယ်။ ဒါကလည်း ၀န်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ အစိုးရနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ၀န်ထမ်းတွေကိုဘဲ ခဏခဏ အပြစ်ပြောလာတော့ နောက်တော့လည်း သည်းမခံနိုင်တာနဲ့ အလုပ်က ထွက်လိုက်ကြရတာ ဖြစ်ပါတယ်။”

အဆိုပါ ရုံးတွင် ၀န်ထမ်း ၃၀ ရှိပြီး တ၀က်နီးပါး နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ NGO အဖွဲ့သည် အစိုးရနှင့် တိုက်ရိုက်ဆက်နွယ်ကာ မြန်မာနိုင်ငံအတွင်းရှိ HIV, AIDS ရောဂါသည်မျှားအတွက် အထူး တာဝန် ယူဆောင်ရွက်နေသော အဖွဲ့ တစ်ခုဖြစ်ပြီး နိုင်ငံခြားသူ ရောက်လာပြီး ကတည်းက လူနာများအား ထိရောက်အောင် ဆောင် ရွက် ကုသပေးမူများ လျော့နည်းလာသည့် အပြင် ဟန်ပြ သဘော လုပ်ဆောင်ချက် လာသည်ကို တွေ့ရသဖြင့် လူနာများ ၏ အနာဂတ်ကို စိုးရိမ်ရကြောင်း သူက ပြောသည်။

အဆိုပါ ၀န်ထမ်းများ နုတ်ထွက်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီးဌာနသို့ တိုင်တန်းထားသော်လည်း ယခုအချိန်ထိ ထိရောက်စွာ ၀င်ရောက် ဖြေရှင်းပေးမူ မရှိကြောင်း သိရသည်။

အခုအခါ အဆိုပါ NGO မှ လစ်လပ်သွားသော ၀န်ထမ်များနေရာတွင် လူသစ်များ ခေါ်ယူနေကြောင်း သတင်း ရရှိသည်။

နိရဉ္စရာသတင်းထောက် မိညို ရေးသားသည်။

လယ်ထွန်ချိန်တွင် ကျွဲ၊ နွားများ ခွာနာ လျှာနာဖြစ်၍ ရခိုင် လယ်သမားများ လယ်ထွန်ရန် အခက်တွေ့

ရခိုင်ပြည်နယ်တွင် မိုးဦးကာလ လယ်ထွန်ချိန်၌ ကျွဲ၊ နွားများ ခွာနာ- လျှာနာ ရောဂါဖြစ်ပွား နေသဖြင့် လယ်ယာ ထွန်ယှက်ရာတွင် ရခိုင် တောင်သူ လယ်သမားများ အခက်ကြုံတွေ့ နေကြရသည်ဟု သိရသည်။

“ကျွဲ၊ နွားတွေ ခွာနာ၊ လျှာနာ ဖြစ်နေတော အစာလည်း မစားနိုင်တော့ဘူး၊ ခြေထောက်တွေလည်း ထောက်လို့ မရတော့ဘူး၊ အခုလို လယ်ထွန်ချိန်မှာ ကျွဲ၊ နွားတွေ ရောဂါဖြစ်တော့ လယ်သမားတွေ အတွက် အထူး အခက်တွေ့ နေကြပါတယ်။ ရောဂါကတော့ ကျွဲတွေမှာ အဖြစ်နည်းပြီး၊ နွားတွေက အဖြစ်များ ပါတယ်။ ရောဂါ ဖြစ်ရင် ကျွဲနွားတွေဟာ တအားပိန်ချုံ့သွားပြီး ချက်ချင်း အလုပ်ပြန်ခိုင်းလို့ မရပါဘူး ” ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတဦးက ပြောသည်။

ကျွဲ၊ နွားများ ခွာနာ၊ လျှာနာ အဖြစ်များသော မြို့နယ်များမှာ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပြီး စစ်တွေနှင့် အခြားမြို့နယ်များတွင်လည်း ဖြစ်ပွားမှု တချို့ ရှိနေ ကြောင်း သိရသည်။

တချို့လယ်သမားများသည် သူတို့၏ ကျွဲ၊ နွားများကို ကာကွယ် ဆေးများ ထိုးထား သော်လည်း ရောဂါဖြစ်ပွားသော ကျွဲ၊ နွားများမှ အခြားကျွဲ၊ နွားများသို့ ကူးစက်ပြန့်ပွားနေသဖြင့် အဆိုပါ ရောဂါမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေကြောင်း သိရသည်။

တချို့နွားတွေမှာ ရောဂါ ပြင်းထန်ပြီး အစာမစားနိုင်သောကြောင့် သေဆုံးမှုများ ရှိကြောင်း သိရသည်။

“တချို့လယ်သမားတွေက သူတို့ ကျွဲ၊ နွားတွေကို ကာကွယ်ဆေးများထိုးပေးထားပါတယ်။ ဒါပေမယ့်လည်း နွားတွေမှာ ခွာနာ လျှာနာ ဖြစ်နေကြတာပါဘဲ။ တကောင်ကနေ တကောင်ကို ကူးစက်တယ် ထင်ပါတယ်။ တချို့နွားတွေဆိုရင် အစာမစားနိုင်လို့ သေဆုံးသွားတာတွေ ရှိပါတယ်။ ဒီလိုဖြစ်လာရင် နွားတွေက တအားပိန်သွားပြီး သေဆုံးသွားတတ်ပါတယ်” ဟု အဆိုပါ လယ်သမားမှ ဆက်လက်ပြောကြားသည်။

သို့သော်လည်း သက်ဆိုင်ရာ တိမွေးကု ဌာနများမှ အဆိုပါ ရောဂါကို နိုင်နိုင်နှင်းနှင်း ကုသ ကာကွယ်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်းသိရသည်။ ထိုသို့ ကုသ မကာကွယ်နိုင်ခြင်းမှာ ဆေးဝါး အလုံအလောက် မရှိ၍ ဖြစ်ကြောင်း သိရသည်။

ယခုလို လယ်ထွန်ချိန်တွင် ကျွဲ၊ နွားများ ရောဂါဖြစ်ပွားနေသောကြောင့် လယ်မြေများကို ကောင်းမွန်စွာ မထွန်ယှက် နိုင်သဖြင့် စပါး အထွက်နှုန်း ကျဆင်းပြီး စီးပွားရေး အဆင်မပြေမှာကို လယ်သမားများ အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

နိရဉ္စရာသတင်းထောက် စံလင်း ရေးသားသည်။

ဂွက်လတ်ကြီး ဘီယာဆိုင်ကြောင့် ရန်ကုန် လူထု အခက်ကြုံ


ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဘီယာဆိုင် တခုမှ ညလုံးပေါက် ဆူညံနေမူကြောင့် အနီးအနားရှိ ပြည်သူများ အနေဖြင့် အနှောင့်အယှက် ဖြစ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ ဆိုင်အမည်မှာ “ဂွက်လတ်ကြီး” ဟု အမည်ပေးထားသော ဆိုင်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် တောင်ပိုင်း တံတားဖြူ မှတ်တိုင် ပင်လုံဆေးရုံအနီး ၂၈ ရပ်ကွက်မှာ တည်ရှိသည်ဟု သိရသည်။


ရပ်ကွက်နေပြည်သူ တဦးက “ ဒီဆိုင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ဖိုးလပြည့် ပိုင်တယ်လို့ သိရပါတယ်။ ည ၆ နာရီကနေ နံနက် ၄နာရီ အထိ တညလုံးလိုလို ဘီယာဆိုင်ကို ဖွင့်လှစ် ထားပြီး အဆို အကတွေနဲ့ တီးမူတ် သီဆို ဖျော်ဖြေ ပျော်ပါး နေကြတာကြောင့် အနီးနား တ၀ိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံများ အတွက် အထူး အနှောင့်အယှက် ဖြစ်နေကြရပါတယ်” ဟု ပြောသည်။

အဆိုပါ ဘီယာဆိုင်ကို တချို့ပြည်သူများ က စင်တင် တေးဂီတ ညပွဲဟု ခေါ်နေကြပြီး ၄င်းဘီယာ ဆိုင်သို့ အဆို တော်များဖြစ်ကြသည့် ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ အေးသင်ချို၊ ကော်နီနှင့် တခြား အဆို တော်များလည်း လာရောက် ဖြေဖျော်ကြသည်ဟု သူက ဆက်ပြောသည်။

“အဆိုတော်တွေကို ငှားရမ်းပြီး စီးပွားရေးအရ တွက်ခြေ ကိုက်အောင် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ သုံးညမှ တညစီ အဆိုတော်တွေက လာရောက် ဖြေဖျော်တဲ့ အတွက် အဲဒီ ဘီယာဆိုင်ကို လာရောက် ပျော်ပါးကြတဲ့ သူတွေက အထူးများပြားပါတယ်။ နောက်ကွယ်မှာတော့ ဆိုင်ပိုင်ရှင်တွေက မကောင်းမူ တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။”

အဆိုတော်များ မရောက်သော တခြားညမျာတွင် ဘီယာ ဆိုင်၌ အလုပ်ခန့်ထားသူ အမျိုးသမီးများက စင်တင် ဖြေဖျော်ရေး အစီအစဉ်များကို တာဝန်ယူဆောင်ရွက်ကြပြီး အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၀ အရွယ်ထိ ဖြစ်ကြောင်းနှင့် အရေအတွက်အားဖြင့် ၃၀ ခန့်ရှိသည်ဟု သိရသည်။

၎င်း ဘီယာဆိုင် အနီးတွင်လည်း မြနန်းသစ် တည်းခိုခန်း တခု ရှိပြီး အဆိုပါ ဘီယာဆိုင်နှင့် အလုပ် ဆက်စပ်ထားကာ မကောင်းမူ လုပ်ငန်းများကို လုပ်ကိုင်ကြသည်ဟု သူက ပြောသည်။

“အဲဒီ တည်းခိုးခန်းက ၅မိနစ်လောက်ဘဲ ကားနဲ့သွားရပါတယ်။ ဖေါက်သည်တွေကို ကားတွေက အကြိုအပို့ လုပ်ပေးပါတယ်။ ခုလို မြန်မာ့ ယဉ်ကျေးမူနဲ့ မကိုက်ညီဘဲ ဖြစ်နေတဲ့ ဘီယာဆိုင် အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးပိုင်တဲ့ ဆိုင်ဆိုပြီးတော့ ဘယ်သူ တယောက်မှလဲ မပြော ရဲကြဘူး။ ဒါကြောင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာ ဖြစ်ပါတယ်” သူကပြောသည်။

အဆိုပါဘီယာဆိုင်တွင် အစားအသောက်မပါပဲ ထိုင်ခ သီးသန့် တယောက်ကို ကျပ်ငါးထောင်စီ ပေးသွင်း ရသည်ဟုလည်း သိရသည်။

နိရဉ္စရာသတင်းထောက် ထွန်းထွန်း ရေးသားသည်။

မြန်မာ့ သစ်တောဌာနမှ ဆင်ဖြူတကောင်ကို မောင်တောနယ်တွင် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ရှားပါး ဆင်ဖြူ တကောင်ကို မြန်မာ့ သစ်တောဌာနမှ လွန်ခဲ့သော တနင်္ဂနွေနေ့က ဖမ်းဆီး ရမိကြောင်း သတင်း ရရှိသည်။

အဆိုပါ ဆင်ဖြူကို မောင်တောမြို့နယ် ဖက်ဝပ်ချောင်း ကျေးရွာအနီး မေယုတောင်တန်းတွင် သစ်တောဌာန လက်အောက်ခံ ဆင်ဖမ်း အဖွဲ့မှ ကျေးရွာသားများ၏ အကူအညီဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မျက်မြင် ကျေးရွာသား တဦးက “ ဆင်က သိပ်မကြီးသေးဘူး။ အဖြူရောင်ပါ။ ဒါပေမယ့် သိပ်ပြီး ဖြူနေတာတော့ မဟုတ်ဘူး။ အဖြူရောင် ဖျော့ဖျော့ရှိပါတယ်။ အခု ဆင်ကို ငါးခူရ နစက စခန်းကို ယူသွားပါပြီ။ အဲဒီက တဆင့် ခုနှစ်ရက် အကြာမှာ နေပြည်တော်ကို ယူသွားမယ်လို့ သိရပါတယ်” ဟု ပြောသည်။ အဆိုပါ ဆင်ကို ငါးခူရတွင် ခုနှစ်ရက်ကြာ လေ့ကျင့် ထိန်းသိမ်းပြီး ၎င်းနောက်ပိုင်း မောင်တောကို ယူဆောင်မည် ဖြစ်ကာ မောင်တောက တဆင့် နေပြည်တော်ကို ယူဆောင်မည် ဖြစ်သည်။

၂၀၀၁ နှင့် ၂၀၀၂ ခုနှစ် အတွင်းကလည်း ရသေ့တောင်မြို့နယ် မေယူတောင်တန်းမှ ဆင်ဖြူ နှစ်ကောင်ကို ဖမ်းဆီးရမိပြီး ယခုအခါ ရန်ကုန်တွင် ထားရှိကြောင်း သိရသည်။

ဆင်ဖြူပိုင်လျှင် တိုင်းပြည်ကို အုပ်ချုပ်သူ မင်း၊ အစိုးရကို ဘုန်းတန်ခိုး ထက်စေသည်ဟူ သော အယူအဆမှာ မြန်မာ ဘုရင်လက်ထက်များကတည်းက ရှိခဲ့သော အယူအဆ ဖြစ်ပြီး ယခုလက်ရှိ နအဖ စစ်အစိုးရမှလည်း အဆိုပါ အယူအဆကို လက်ခံ ယုံကြည်ထားသဖြင့် ရခိုင်တောတောင်များတွင် ဆင်ဖြူများကို နအဖ စစ်အာဏာပိုင်များက လိုက်လံ ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ဆင်ဖြူဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကျေးရွာသားများကိုလည်း ယခုအခါ နအဖ စစ်အစိုးရ အာဏာပိုင်များမှ ဆုငွေများ ပေးကမ်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် ခိုင်ခိုင်ဇံ ရေးသားသည်။

နအဖအရာရှိများခြစားမှုကြောင့်နမ့်ခမ်းတွင်မူးယစ်ဆေးဝါးပေါများ

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် မူးယစ်ရဲအပါအ၀င် နအဖအရာရှိများလာဘ်စားမှုကြာင့် မူးယစ်ဆေးဝါးလက်လီ လက်ကားရောင်းဝယ်သူများအား အရေးယူခြင်းမရှိဘဲ မူးယစ်ဆေးဝါးများလှိုင်လှိုင်ဖြန့်ဖြူးလျက်ရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“လာဘ်ထိုးနိုင်လို့ပေါ့။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှန်းသိပေမဲ့ မူးယစ်ရဲအပါအ၀င် ဆိုင်ရာနအဖအာဏာပိုင်တွေ ကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ အရေးမယူနိုင်တာ” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

နမ့်ခမ်းမြို့တွင် ဘိန်းဖြူပေါများပြီးအလွယ်တကူဝယ်ယူနိုင်သောကြောင့် ဆယ်ကျော်သက် ကျောင်းသူ/သားများပါမူးယစ် ဆေးဝါးသုံးစွဲလာကြောင်းကို ဤကဲ့သို့ဆက်လက်ပြောပြပါသည်။

“ကျောင်းနေအရွယ် အသက် ၁၄ နှစ်အထက် ကျောင်းသားတွေလဲ ပညာရေးဘက်စိတ်မ၀င်စားဘူး။ မူးယစ်ဆေးသုံးစွဲလာ တတ်ကြလို့ သူတို့ပညာရေးအရမ်းထိခိုက်တယ်။ တချို့မိန်းကလေးတွေရောဘဲ အဲဒီကိစ္စလုပ်လာတယ်”

နမ့်ခမ်းမြို့နယ် ဟိုနမ့်(ရေပေးဝေရေးအရပ်)ဘက်တွင် ဘိန်းဖြူကို အလွယ်တကူဝယ်ယူနိုင်ကြောင်း၊ သုံးစွဲသူများက ရာမထက်ဘိန်းဖြူကို ပိုမိုနှစ်သက်အသုံးများကြောင်း သိရှိရသည်။

ထို့နည်းတူ နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်သစ် ဇေယျသုခဘုန်းကြီးကျောင်းအနီး ဖွင့်လှစ်ထားသော နန်းသူဇာအနှိပ်ခန်း တွင်လည်း ရာမ၊ ဘိန်းဖြူ၊ ခါခူးစသည့် မူးယစ်ဆေးဝါးများလွယ်ကူစွာ ၀ယ်ယူနိုင်သည်ဟုဆို၏။

အနှိပ်ခန်းပိုင်ရှင် စိုင်းစံဖိုး အသက်(၅၅)နှစ်သည် နမ့်ခမ်း၊ မူစယ်မှလားရှိုးအထိ နအဖအငယ်တန်းအရာရှိအစအထက်တန်း အရာရှိအထိ သိကျွမ်းဝင်ဆန့်သူဖြစ်ကြောင်း၊ ဒေသခံအာဏာပိုင်များ မကြာခဏလာနှိပ်လေ့ရှိပြီး တချို့မူးယစ်ရဲများပင်လျှင် မူးယစ်ဆေးလာသုံးစွဲကြောင်း၊ ထို့ကြောင့် စိုင်းစံဖိုးပိုင်အနှိပ်ခန်းက တစ်ကြိမ်တစ်ခါမျှ အရေးယူခြင်းမခံရကြောင်းဒေသခံ များပြောကြားချက်အရ သိရှိရသည်။

သျှမ်းသံတော်ဆင့်သတင်းထောက် မွေခေါဝ် ရေးသားသည်။

PNO အာဏာသုံးမဲဆွယ်စည်းရုံး ကျေးလက်ပအိုဝ်းလူထုမကျေနပ်

မေလနှောင်းပိုင်းက တရားဝင်နိုင်ငံရေးပါတီဖြစ်လာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ ဂျွန်လလယ်ပိုင်း ကစ၍ မဲဆွယ်စည်းရုံးရေးဆင်းစဉ် အမိန့်အာဏာသုံးသဖြင့် ဒေသခံလူထု မကျေမနပ်ဖြစ်နေကြကြောင်း ကြား သိရပါသည်။

“ဂျွန်လလယ်ပိုင်းကစပြီးတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပအိုဝ်းတွေအနေများတဲ့ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင် နဲ့ ပင်လောင်းဘက် စတင်စည်းရုံးရေးဆင်းနေပြီ၊ PNO ဥက္ကဌ ခွန်စံလွင်ကိုယ်တိုင်ဦးစီးပြီးတော့ပေါ့” - ဟု တာချီလိတ်ရောက် ပအိုဝ်းလူငယ်တဦး ပြောပါသည်။

PNO ပါတီ နာယက ဦးအောင်ခမ်းထီ (ဓါတ်ပုံ -http://taunggyitime.blogspot.com)

ဂျွန် ၂၉ ရက်စွဲဖြင့် ပအိုဝ်းလူငယ်အကြားဖြန့်ဝေသည့် အင်တာနက်စာစောင်တွင် - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီဝင်များ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်းခေါင်(၀်) ဘက် မဲဆွယ်စည်းရုံးစဉ် စည်းရုံးရေးမှူး ဗိုလ်မှူးဇော်ဝမ်းနှင့် ဦးအောင်ခင်တို့မှာ ပအိုဝ်းဘာသာစကားမပြောသည့်အပြင် ထောက်ခံမဲထည့်ပေးရန်သာ အတင်းဖိပြောသဖြင့်ဒေသခံ လူထုမှ ပြန်လည်ပြောဆို ဆွေးနွေးခွင့်လည်း မရှိကြောင်း - ဆို၏။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပအိုဝ်းလူငယ် ခွန်ဟောဝ်မျတ်က - “ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ် နှစ်နယ်အတွင်းစည်းရုံးရေး ခရီးစဉ်မှာ ရွာသားတွေနဲ့ ကတောက်ကဆဖြစ်ခဲ့တယ်လို့ ကျနော်ကြားရတယ်။ ပင်လောင်းမှာ ဗမာ လိုဘဲစည်းရုံးဟော ပြောတော့ ရွာသားတွေက နားမလည်ကြဘူး၊ ပအိုဝ်းပါတီဖြစ်ပြီး ပအိုဝ်းလိုမပြောရကောင်း လားဆိုပြီးတော့ပေါ့။”

“နောက်တခုက ဆီဆိုင်မြို့နယ် ဆိုင်းခေါင်(၀်) မှာ စည်းရုံးရေးမှူး ဗိုလ်မှူးဇော်ဝမ်းက ‘အခုငါတို့လာတာ ဆွေးနွေး ဖို့မဟုတ်ဘူး၊ မဲဘယ်လိုထည့်ရ မလဲ၊ ဘယ်သူ့ကိုမဲပေးရမလဲဆိုတာကို ပြောပြဖို့ချပြဖို့ဘဲ၊ မေးခွန်းပြန်ထုတ် စရာ မလိုဘူး’လို့တောင်ပြောတယ်၊ အဲဒီကိစ္စတွေကြောင့် ရွာသားတွေမကျေနပ်ကြတာ။ လူထုချစ်ခင်လေးစားတဲ့ PNO အငြိမ်းစား ဗိုလ်မှူးချစ်လယ်ဆို ချက်ခြင်းထပြန်သွားတယ်” - ဟု ပြော၏။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီဝင်များ အာဏာအားကိုး၍လုပ်ခြင်း သာဖြစ်ကြောင်း၊ နအဖ အာဏာ ပိုင်များနှင့် ပေါင်းပြီး တအိမ်တယောက် လာနားထောင်ရမည်ဟု အမိန့်ဖြင့်ဆင့်ခေါ်ကြောင်း၊ လက်ရှိလူထု အခြေအနေမှာလည်း နိုင်ငံရေးထက် ၀မ်းဝရေးအတွက်သာ အဓိကဖြစ်ကြောင်း ခွန်ဟောဝ်မျတ်ကသုံးသပ်ပြ ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှာ နအဖ ကျောထောက်နောက်ခံပြုထားသည့်ပါတီ မဟုတ်သော်ငြား လည်း လူထု အကျိုးပြုသည့် ပအိုဝ်းပြည်သူ့ကိုယ်စာြးုပပါတီတော့မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြ၏။

သို့သော် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၏ နာယက ဦးအောင်ခမ်းထီသည် သျှမ်းပြည်တောင်ပိုင်း ပြည် ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်းတဦးလည်းဖြစ်သည်။

NDF ခမောက် တံဆိပ် NLD အဖွဲ့ဝင်များ မကျေနပ်

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အနေဖြင့် ခမောက် သင်္ကေတကို အသုံးပြုရန် ရွေးချယ်ထား ခြင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များက မကျေမနပ် ဖြစ်နေကြသည်။

အဆိုပါ NDF ပါတီက အသုံးပြုမည့် အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ယမန်နေ့က ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်မှ အစိုးရပိုင် သတင်းစာများတွင် အသိပေး ကြေညာခဲ့ပြီးနောက် NLD ပါတီဝင်များက ယခုကဲ့သို့ မကျေနပ်မှု များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကNLD ကို တုပခြင်း မပြုသလို ဂုဏ်ဆောင်ခြင်းလည်း မပြုလုပ်ရကြောင်း၊ သီးခြား အမှတ် တံဆိပ်ဖြစ်ကြောင်း၊ ခမောက်ပေါ်တွင် လည်း ကြယ် ၂ လုံးပါပြီး ၁၉၉၀ ခုနှစ်တွင် အသုံးပြုခဲ့သော ခမောက်တံဆိပ်တွင် ကြယ်မပါကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

ခမောက်သည် မြန်မာ့ ရိုးရာ စရိုက်လက္ခဏာကို ထင်ဟပ်သောကြောင့် ပါတီ အမှတ်တံဆိပ်အဖြစ် ရွေးချယ် ခြင်း ဖြစ်ကြောင်း၊ ကြယ်တပွင့်က လွတ်မြောက်ရေးကို ရည်ညွှန်းပြီး ထပ်ထားသည့် ကြယ်က ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးကို ကိုယ်စားပြူကြောင်း လည်း ၎င်း ဦးခင်မောင်ဆွေက ရှင်းပြသည်။

ခမောက်တံဆိပ် အသုံးပြုမှုနှင့် ပတ်သက်၍ တိုင်းနှင့်ပြည်နယ်ရှိ NLD ပါတီဝင်များကလည်း မည်သို့ ပြုလုပ် ရမည်ကို ဗဟို အဖွဲ့ချုပ် ရုံးသို့ ဖုန်းဆက် မေးမြန်းခြင်းများ ရှိကြောင်း NLDဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

“ဥပဒေ ပိုင်းဆိုင်ရာ ကိစ္စတွေ ဆိုတော့ ဦးဉာဏ်ဝင်းတို့နဲ့ ပြောပါဦးမယ်လို့ ပြောထားရတယ်၊ တချို့နယ် တွေကတော့ ကျနော်တို့ ကိုယ်တိုင် စာရေးပြီးတော့ လုပ်တော့မယ်လို ပြောကြတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း အပါအ၀င် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း ရှိ NLD ပါတီဝင်များကလည်း မကျေ မနပ်ဖြစ်နေကြကြောင်း ဆက်သွယ် ပြောကြားသည်ဟု သိရသည်။

ဦးအုန်းကြိုင်က“နယ်က လူတွေ အကုန်လုံးကလည်း မကျေနပ်ကြောင်းတော့ ပြောကြတယ်၊ ဘယ်လို လုပ်ကြမလဲ ဆိုတာ က တော့ ကိုယ်နည်းနဲ့ ကိုယ်လုပ်ကြမလား၊ ဒါမှ မဟုတ် အဖွဲ့ အစည်းနဲ့ လုပ်မှာလား၊ အဲဒါ ကိုတော့ ဒီနေ့ ဆွေးနွေးကြမယ်”ဟု ဆို သည်။

ထို့အပြင် မကွေးတိုင်း NLD အဖွဲ့ချုပ်ကလည်း ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ယခု ရက်ပိုင်း အတွင်း ရေနံချောင်း မြို့နယ် တမြို့နယ်လုံး အတိုင်း အတာဖြင့် ကန့်ကွက်စာ ပေးပို့သွားမည်ဟု ရေနံချောင်း NLD အမျိုးသမီး စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင် စောဌေးက ပြောသည်။

“အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ကနေပြီးတော့ NLD ရဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီရဲ့ သင်္ကေတဖြစ်တဲ့ ခမောက်ကို ထင်ရောင်ထင်မှား ဖြစ်အောင်တုပါတယ် ဆိုပြီး ကန့်ကွက် စာပေးပို့မယ်”ဟု ၎င်းက ပြောဆိုသည်။

ဒေါ်ခင်စောဌေးက ဆက်လက်၍ “ ဒီ NDF အဖွဲ့ဟာ NLD လို ဒေါင်းယောင်ဆောင်နေတဲ့ ကျီးပါ၊ NLD လို အယောင်ဆောင် နေတာ တကယ်တော့ ကျီးဟာ ကျီးပဲ ဒေါင်းမဟုတ်ဘူး၊ NDF ဟာ NDF ပဲ၊ NLD မဟုတ်ဘူး”ဟု ဆိုသည်။

ယင်း NDF ပါတီကို NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်း ညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသည်။ သို့သော် NLD ပါတီက ပြန်လည် မှတ်ပုံ တင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ထားသည်။

NLDသည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ လွန်ခဲ့သည့် မေလ ၆ ရက်နေ့တွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

မြောက်ကိုရီးယား ရုပ်ရှင်ပွဲတော်တွင် မြန်မာ ပထမဆုံးအကြိမ် သွားပြမည်

မြောက်ကိုရီးယား နိုင်ငံတွင် ကျင်းပမည့် ပြုံယမ်း ရုပ်ရှင်ပွဲတော်သို့ မြန်မာရုပ်ရှင် ၅ ကားကို ပထမဆုံး အကြိမ်အဖြစ် သွားရောက် ပြသမည် ဖြစ်ကြောင်း မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် နီးစပ်သူ များထံမှသိရသည်။

၂၀၀၈ ခုနှစ်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ကျင်းပစဉ်

နိုင်ငံတကာ ရုပ်ရှင်ပွဲများသို့ မြန်မာရုပ်ရှင်ကားများ သွားရောက်ပြသခြင်း ရှိခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံတွင် သွားရောက် ပြသခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

“မြောက်ကိုရီးယားမှာ သွားပြမယ် ဆိုတာက နှစ်နိုင်ငံဆက်ဆံရေးအရ ဖြစ်နိုင်မယ်ထင်တယ်” ဟု ဒါရိုက်တာ ဦးကြည်စိုးထွန်းက ပြောသည်။
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် ကျင်းပမည့် ကမ္ဘာ့ ရုပ်ရှင်ပွဲတော်ကို လာမည့် စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရုပ်ရှင် ကားများထဲမှ ဆဋ္ဌဂံ၊ လျှို့ဝှက်သောနှင်း၊ မျှော်လင့်ခြင်းများစွာ၊ ကြိုးတန်းနှင့် အတိတ်ကအရိပ် ဇာတ်ကား များအား သွားရောက် ပြသရန် ရွေးချယ်ထား ကြောင်းသိရသည်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတကာတွင် သွားရောက်ပြသ ခဲ့ခြင်းများရှိခဲ့သော်လည်း ပရိသတ်ကြိုက်နှစ်သက်မှု မရှိသည့် ဇာတ်လမ်းများကြောင့် အောင်မြင်မှု မရှိသေးကြောင်း ဒါရိုက်တာ ဦးကြည်စိုးထွန်းက ပြောသည်။

“မြန်မာ့ရုပ်ရှင် အဆင့်အတန်း နိုင်ငံတကာမီလာပြီလို့ မမြင်မိသေးဘူး။ နိုင်ငံခြားကနေ ၀ယ်ချင်တဲ့ အနေအထားရောက်မှ အဆင့်မီတယ်လို့ ပြောရမယ်။ ပြတာတော့ သွားပြနေတာပဲ။ ဒီခေတ်မှာတော့ အခုထိ ၀ယ်ဖို့ ကမ်းလှမ်းလာတာ မရှိသေးဘူး” ဟု သူက ဆိုသည်။

သွားရောက်ပြသမည့် ဇာတ်ကားများ ရွေးချယ်ရာတွင် အင်္ဂလိပ်စာတန်းပါ ဇာတ်ကားများကို ဦးစားပေးရွေးချယ်ကြောင်း သိရသည်။

ဇာတ်လမ်း၊ စက်ပစ္စည်း အရည်အသွေးမီရန် လိုအပ်သကဲ့သို့ အနုပညာ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက သုံးသပ်သည်။

“အနုပညာအရည်အသွေး ကောင်းတယ်ဆိုတာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ လွတ်လပ်ခွင့် ဖန်တီးခွင့်တွေရှိမှ၊ ရမှ ဖြစ်မှာ။ အဲဒီလိုမရသေးသရွေ့ နိုင်ငံတကာကို လှမ်းနိုင်မှာ မဟုတ်သလို အဆင့်အတန်းလည်း မီမှာမဟုတ်သေးဘူး။ မီရင်လည်း ခဏပဲ။ အဆင့်အတန်းမီတဲ့ ဖန်တီးခွင့် လွတ်လပ်ခွင့်ရမှဖြစ်မှာ” ဟု သူက ပြောသည်။

မြောက်ကိုရီးယား နိုင်ငံတွင် ၂ နှစ်တကြိမ် ရုပ်ရှင်ပွဲတော် ကျင်းပခဲ့ပြီး ယခု ပွဲတော်မှာ ၁၂ ကြိမ်မြောက်ဖြစ်သည်။ နှစ်စဉ် ဇာတ်ကား ၁၀၀ ကျော် ပြသလေ့ ရှိပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံ ပါဝင်ပြသလေ့ရှိကြောင်း သိရသည်။

၁၉၈၃ ခုနှစ်က မြန်မာပြည်သို့လာရောက်ခဲ့သော တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ် ရန်ကုန်မြို့ အာဇာနည်ကုန်းသို့ လည်ပတ်စဉ် မြောက်ကိုရီးယားနိုင်ငံမှ ဗုံးဖောက်ခွဲလုပ်ကြံမှု ပြုလုပ်ခဲ့ပြီးနောက်တွင်မူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားသည် တရားဝင် သံတမန် ပုံမှန် ဆက်ဆံရေးကို ၂၀၀၇ ခုနှစ်မှ ပြန်လည် စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ သံအမတ်ကြီးအဆင့် ထားရှိကာ ရန်ကုန်တွင် မြောက်ကိုရီးယားသံရုံးကို တရားဝင် ပြန်လည် ဖွင့်လှစ်ခွင့် ပေးခဲ့သည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

ရှမ်းပြည်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်း

ရှမ်းပြည် မြောက်ပိုင်း မူဆယ်-လားရှိုး လမ်းမှတဆင့် တရုတ်နိုင်ငံမှ တင်သွင်း လာသော ထောင်နှင့်ချီသည့် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များကို နေပြည်တော်မှ ရဲများက သွားရောက် ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။

ယင်းဆိုင်ကယ်များကို သွားရောက်ဖမ်းဆီးခဲ့သည်မှာ မေလတွင် တကြိမ်၊ ဇွန်လဆန်းပိုင်းတွင် တကြိမ်နှင့် ဇွန်လကုန်ပိုင်း တွင် တကြိမ်၊ စုစုပေါင်းသုံးကြိမ် ဖမ်းဆီးခဲ့ရာ ဆိုင်ကယ်အစီးရေ ၂၀၀၀ ထက် မနည်းရှိကြောင်း ဆိုင်ကယ် ၀ယ် ရောင်း ပြုလုပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

“လာဖမ်းတဲ့ ရဲတွေ ကတော့ နေပြည်တော်က ရဲတွေ၊ စီမံချက်နဲ့ လာဖမ်း တာလို့ ပြောတယ်၊ ဖမ်းသွား တာတွေက အနည်းဆုံး မရှိဘူးဆိုရင် ၂၀၀၀ ကျော်ပြီ” ဟု တရုတ် ဆိုင်ကယ်များ အရောင်း အဝယ် လုပ်နေသူ တဦးက ပြောဆိုသည်။

ဖမ်းဆီး သွားသည့် ဆိုင်ကယ်များကို နေပြည်တော်သို့ ပို့ဆောင်ကြောင်း၊ နေပြည်တော်ရှိ ဝန်ထမ်းများ အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဆိုင်ကယ် ကယ်ရီ သမားများက ဆိုသည်။

“အခုလာဖမ်းတဲ့ နေပြည်တော်က ရဲတွေက အရမ်းကြမ်းတယ်၊ ကွင်းလမ်း အထိ ဆင်းဖမ်းတယ်၊ ဘယ်လို ညှိညှိ အဆင် မပြေဘူး၊ ဆိုင်ကယ်ပေါ်မှာ ပစ္စည်းတွေ တင်လာရင်လည်း ပစ္စည်းတွေပါသိမ်းတယ်”ဟု မူဆယ်မြို့မှ ဆိုင်ကယ် ကယ်ရီ သမား တဦးက ပြောသည်။

ဆိုင်ကယ် ကယ်ရီ (မောင်းနှင်သယ်ဆောင်သူ) များသည် လိုင်စင်မဲ့ ဆိုင်ကယ်များကို ပြည်တွင်းသို့ တင်သွင်းကြခြင်း ဖြစ်ပြီး တင်သွင်းရာ လမ်းတလျှောက်ရှိ စစ်ဆေးရေး ဂိတ်များကို ငွေပေး၍ တင်သွင်းကြရခြင်းဖြစ်သည်။

ယခင်က နေပြည်တော်မှ ရဲများ လာရောက်ဖမ်းဆီးခြင်း မရှိကြောင်း၊ ဒေသခံ ရဲများ ကလည်း ၎င်းတို့ တောင်းခံသည့် ငွေ ပေးလျှင် အဆင်ပြေကြောင်း ဆိုင်ကယ် ကယ်ရီ များက ဆိုသည်။

လားရှိုးမြို့ရှိ အမှတ် (၁) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက“ဒီကိစ္စက ကျနော်တို့နဲ့ မဆိုင်ပါဘူး၊ ကျနော်တို့အနေနဲ့ နေပြည်တော်ကရဲတွေတောင်းတဲ့ အကူအညီလေးတွေ ပေးရုံပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များကို ယခုနှစ် ဧပြီလမှ ဇွန်လကုန်အထိ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံး (ကညန ရုံး) များတွင် ဆိုင်ကယ်အမျိုးအစားအလိုက် မှတ်ပုံတင်ကြေးများကောက်ခံ၍ မှတ်ပုံတင်ခွင့် လုပ်ပေးခဲ့သည်။

တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ၏ ဈေးနှုန်းများမှာ အမျိုးစားအလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး အကြမ်းဖျင်း ကျပ် သုံးသိန်းမှ ငါးသိန်း ခန့် ရှိကြောင်း သိရှိရသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကောက်ခံသော မှတ်ပုံတင်ကြေးမှာ ဆိုင်ကယ်တန်ဖိုး၏ ထက်ဝက်ခန့် ကျသင့် ကြောင်း ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ၏ မှတ်ပုံတင်ကြေးသည် တရုတ်ဆိုင်ကယ်များ၏ မှတ်ပုံတင်ကြေးထက် ပို၍ များ ကြောင်း၊ လားရှိုးမြို့တွင် မှတ်ပုံတင်သော ဆိုင်ကယ်အရေအတွက်မှာ အစီးရေ သောင်းဂဏန်း ခန့်ရှိကြောင်း လားရှိုးမြို့ ကညန ရုံး မှ သိရှိရသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ဆိုင်ကယ်များ၏ မှတ်ပုံတင်ကြေးသည် ဆိုင်ကယ်တန်ဖိုးထက်ပင် ကျော်လွန်နေသဖြင့် ဒေသခံများ အခက်အခဲကြုံနေရကြောင်း ဒေသခံများက ဆိုသည်။

ယမန်နေ့က ဆိုင်ကယ်မှတ်ပုံတင် ပြုလုပ်ပေးသည့် နောက်ဆုံးနေ့ဖြစ်သဖြင့် မကွေးတိုင်း ရေနံချောင်းမြို့ရှိ ကညန ရုံးသို့ ဆိုင်ကယ်အစီးရေ ၁၅၀၀ ခန့် လာရောက် မှတ်ပုံတင်ခဲ့ပြီး တစီးလျှင် ကျပ် နှစ်သိန်းခွဲ မှ သုံးသိန်း အထိ မှတ်ပုံတင်ကြေး ပေးဆောင်ရကြောင်းလည်း သိရှိရသည်။

ဆိုင်ကယ် မှတ်ပုံတင်လုပ်ပေးသည့် သတ်မှတ်ရက်ကျော်လွန်ပါက ဆိုင်ကယ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်း သက်ဆိုင်ရာရုံးများတွင် တရားဝင် ကြေညာထားသည်။

မူဆယ်- လားရှိုး လမ်းမကြီးသည် တရုတ်ဆိုင်ကယ်များ တင်သွင်းရာ အဓိက လမ်းဖြစ်ကြောင်း၊ ဆိုင်ကယ်များကို ကား များဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ လူ များကသာ မောင်းနှင်၍ တင်သွင်းကြကြောင်း၊ လားရှိုးမှတဆင့် မြန်မာပြည်အလယ် ပိုင်း မန္တလေး၊ မုံရွာ၊ ကျောက်ဆည်၊ တမူး၊ ကလေး ဘက်အထိ တရုတ်ဆိုင်ကယ်များကို ပို့ဆောင်ကြကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

မြန်မာ့ရွှေဈေး ကျဆင်းရန် အာဏာပိုင်များ ဖိအားပေး

နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံး စံချိန်တင်သွားသော ပြည်တွင်းရွှေဈေး ကျဆင်းစေရေး အတွက် စစ်အစိုးရက ရွှေကုန်သည် များကို ဖိအားပေးလျက် ရှိကြောင်း သတင်းရရှိသည်။

စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် နိုင်ငံတ၀န်းလုံးမှ ရွှေကုန်သည်များနှင့် သက်ဆိုင်ရာ အာဏာပိုင်တချို့တို့ ယနေ့မနက်ပိုင်းက ရန်ကုန်တွင် ရွှေဈေး ထိန်းသိမ်းရေးဆိုင်ရာ အရေးပေါ် ဆွေးနွေးပွဲတရပ် ကျင်းပကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် အသင်း၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး ရွှေအသင်းများမှ ရွှေကုန်သည်များ၊ ကုန်သည် စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း ကုန်သည် စက်မှု အသင်းချုပ်မှ ကုန်သည်တဦးက အတည်ပြု ပြောဆိုသည်။

“တနိုင်ငံလုံးက ရွှေကုန်သည် လက်ကြီးသမားတွေ အစည်းအဝေးလာတက်ရတယ်” ဟု သူက ပြောသည်။

အရေးပေါ် အစည်းအဝေးတွင် ရွှေကြိုရောင်း၊ ကြိုဝယ် ခြင်းများ မပြုလုပ်ရန်၊ ရွှေဈေး ထပ်မံမြင့်တက် လာလျှင် ဈေးသက်သာ စွာဖြင့် ရွှေထုတ်ရောင်းမည့် အစီအစဉ်များပြုလုပ်ရန် အပါအ၀င် ရွှေဈေးကျစေရေးအတွက် ပြုလုပ်ရမည့် အသေးစိတ် အစီအမံများကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ရွှေဈေး အခြေအနေကို အခြေခံ တွက်ချက် ရောင်းဝယ်နေသော မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် ပိုမိုများပြားနေသည်ဟု ဆိုကာ အာဏာပိုင်များက ရွှေဈေးကို နှိမ့်၍ရောင်းချရန် အတင်းအကျပ် ဖိအားပေး လာခြင်းကြောင့် ရွှေကုန်သည်များ အခက်တွေ့နေရကြောင်း သိရသည်။

အမှန်တကယ် ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ရွှေဈေးမှာ အပြည်ပြည်ဆိုင်ရာ ရွှေဈေးထက် များစွာ မြင့်မားခြင်းမရှိဘဲ
အာဏာပိုင်များ၏ ရွှေဈေးတွက်ချက်မှု မှားယွင်းသောကြောင့် ဈေးမြင့်တက်သည်ဟု ထင်မြင်ယူဆရခြင်း ဖြစ်ကြောင်း
မန္တလေး ရွှေကုန်သည် တဦးကပြောသည်။

မြန်မာ့ရွှေဈေးကို တွက်ချက်ရာတွင် တရုတ် - မြန်မာနယ်စပ်တွင် ဖြစ်ပေါ်လျက်ရှိသော အမေရိကန်ဒေါ်လာ ပေါက်ဈေးကိုသာ အခြေခံ တွက်ချက်ခြင်းဖြစ်ပြီး ရန်ကုန်ဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ် လာပေါက်ဈေးကို မူတည် တွက်ချက်ခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဒုတိယ ဥကဋ္ဌ ဦးကျော်မြင့်နှင့်နီးစပ်သူ မန္တလေး ရွှေတူးဖော်ရေးနှင့် သန့်စင်ရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်ဈေးကွက်တွင် အမေရိကန် တဒေါ်လာ ၉၈၄ ကျပ် ဖြစ်သော်လည်း တရုတ် - မြန်မာနယ်စပ်တွင် အမေရိကန်တဒေါ်လာ ၁၀၀၂ ကျပ်ခန့် ပေါက်ဈေးရှိနေကြောင်း၊ နယ်စပ် ကုန်သည်များနှင့် ရွှေကုန်သည်များက
အမှန်တကယ် စီးပွား ကုန်သွယ်ရေးဖြစ်နေသည့် တရုတ် - မြန်မာ နယ်စပ်ငွေဈေးကိုသာ အတည်ယူ တွက်ချက် ရောင်းချကြောင်း၊ သို့သော် အာဏာပိုင်များက ရွှေဈေးကို တွက်ရာတွင် ရန်ကုန်ငွေပေါက်ဈေးနှင့် တွက်ခြင်းကြောင့် ကွဲလွဲမှုများ ရှိကြောင်း ၎င်းက ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အရာရှိတဦးက ရွှေဈေးကွက်တွင် ဈေးနှုန်းအခြေအနေ မထိန်းနိုင် ဖြစ်ပြီး အရောင်းအ၀ယ် ရပ်ဆိုင်းသွားရသည့် အခြေအနေ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

မြန်မာ့ရွှေဈေးသည် ယခုလက်ရှိ အကယ်ဒမီရွှေ တကျပ်သားလျင် ကျပ် ၆၆၀၀၀၀ ကျော်အထိ ဈေးတက်နေပြီး ၇ သိန်းအထိ ဈေးတက်မည် ဆိုသော ကုန်သည်များ၏ ခန့်မှန်းပြောဆို မှုများ ရှိနေသည်။

ရွှေဈေး အတက်ဆုံးကာလ ဖြစ်သော်လည်း ဈေးကွက် ရပ်ဆိုင်းခြင်းမရှိဘဲ ရောင်းသူ၊ ၀ယ်သူများ ရှိနေခြင်းကြောင့် ဆက်လက် လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။
ပဲမျိုးစုံ ရောင်းဝယ်ရေး ပြည်တွင်း ဈေးကွက်တွင် ဈေးကစားမှုကြောင့် ဈေးနှုန်းများ ကမောက်ကမ ဖြစ်ပြီး ပဲကုန်သည်များကို ဖမ်းဆီး စစ်ဆေးမှုများ ရှိလာသဖြင့် ပဲဈေးကွက် ပျက်လုနီးပါး ဖြစ်သွားကြောင်း သိရသည်။

ပဲမျိုးစုံ ရောင်းဝယ်ရေးဈေးကွက်တွင် “လေပတ်ကား”ဟု ခေါ်သည့် ကြိုရောင်း ကြိုဝယ်မှုများ ပြန်လည်ဖြစ်ပေါ်ပြီး ပဲဈေးနှုန်း များ တရှိန်ထိုး ကျဆင်းခြင်း၊ ထိုးတက်ခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ဇွန်လ လဆန်းပိုင်းမှစတင်ပြီး ကြိုတင်ရောင်းဝယ် သည့် ပဲကုန်သည်ကြီးများကို စစ်အစိုးရက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန် ပဲဈေးကွက် ရပ်ဆိုင်းသွားသည်ဟု ရန်ကုန်မြို့ ဘုရင့်နောင် ပွဲရုံတန်းမှ ပဲကုန်သည်ကြီးတဦးက ပြောသည်။

မေလအကုန်တွင် မတ်ပဲ တတန်လျှင် ကျပ် ၁၀ သိန်းကျော်မှ ၁၂ သိန်း ၄ သောင်းအတွင်း အတက် အကျရှိခဲ့သည်။ ပဲတီစိမ်း တတန်လျှင် ၁၇ သိန်းကျော် ပေါက်ဈေးရှိပြီး ဈေးအတက်အကျ သိန်းဂဏန်း ရှိခဲ့ကြောင်း ပြည်တွင်း သတင်း ဂျာနယ်များတွင် ဖော်ပြထားသည်။

ပဲရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင်တဦးက “ရန်ကုန် ပဲဈေးကွက် လုံးဝ အရောင်းအ၀ယ်မရှိဘဲ ရပ်သွားပြီ။ ဈေးတွေ တက်လိုက်၊ ကျလိုက်နဲ့ မတည်မငြိမ် ဖြစ်ပြီးတဲ့နောက် ကုန်သည်တွေကို ဖမ်းစစ်လို့ ဈေးကွက်ရပ်သွားတာ” ဟု ပြောသည်။

အာဏာပိုင်များက ဝင်ရောက် ထိန်းသိမ်းခြင်းမှာ ဈေးကစားသည့် ကုန်သည်များကို တခြား ပဲကုန်သည်များက တိုင်ကြားသောကြောင့်ဖြစ်ကြောင်း၊ ပဲဈေးကွက် မရပ်ဆိုင်းမီက ပြည်ပသို့ တင်ပို့သည့် ပဲမျိုးစုံ တတန် ပေါက်ဈေးနှုန်းမှာ တရက်တည်းတွင်ပင် ကျပ်ငွေ သိန်းဂဏန်းနှင့်ချီ၍ အတက်အကျများ ဖြစ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိတဦးက “အရင်ကလို လေပတ်ကား အရောင်းအ၀ယ်ကြောင့် ကျပ်ငွေ ဘီလီယံနဲ့ချီပြီး နစ်နာဆုံးရှုံးမှုတွေ ဖြစ်မှာစိုးလို့ ဈေးကွက်ကို အချိန်မီထိန်းတာ”ဟု ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ပဲဈေးကွက်ပျက်ပြီး ငွေမချေနိုင်မှုကြောင့် ပဲကုန်သည် အသိုင်းအဝိုင်းတွင် ကျပ် သန်း ထောင်ပေါင်းများစွာ အရှုပ်အထွေး ဖြစ်ခဲ့ကြသည်။ ထိုငွေကြေး အရှုပ်အထွေး ပြဿနာများကြောင့် ပဲဈေးကွက်တွင် အကြွေးစနစ်ဖြင့် အရောင်းအ၀ယ် မလုပ်တော့ဘဲ လက်ငင်းငွေချေစနစ်ဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် ငွေစက္ကူ ၅၀၀၀ ကျပ်တန် ထုတ်ဝေခဲ့ပြီး နောက်ပိုင်း နိုင်ငံခြားသို့ တင်ပို့နေသည့် ပဲမျိုးစုံဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားခဲ့ဖူးသည်။

ပဲဈေးကွက် ရပ်ဆိုင်းသွား၍ ကုန်သည်များအတွင်း ဂယက်ရိုက်ပြီးနောက် ရန်ကုန်စီးပွားရေး ဈေးကွက်တွင် ပို့ကုန်ရငွေ (Export Earning)၊ ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေးများ ဆက်တိုက်ကျဆင်းလျက်ရှိပြီး ရွှေဈေးကွက်တွင်သာ ရင်းနှီးမြုပ်နှံမှု များနေကြောင်း သိရသည်။

ပုံမှန်အားဖြင့် အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ တဒေါ်လာလျှင် ၁၀၀၀ နှင့် ၁၁၀၀ ကျပ်အကြားတွင် အတက်အကျ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုရက်များတွင် အက်ဖ်အီးစီ တဒေါ်လာဈေးနှုန်းသည် ၉၃၀ ကျပ်အထိ အနိမ့်ဆုံး ကျဆင်းသွားပြီး အမေရိကန် တဒေါ်လာလျှင်လည်း ၉၇၀ ကျပ်အထိ ဈေးကျဆင်းသွားသည်။

ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းနိုင်သော ပို့ကုန်ရငွေ ဈေးနှုန်းမှာ တဒေါ်လာလျှင် ၁၁၀၀ ကျပ် ၀န်းကျင်မှ ၁၀၁၅ ကျပ်အထိ ဈေးနှုန်းကျဆင်းသွားသည်။
“Export Earning ဈေးနှုန်းကတော့ ရောင်းချင်တဲ့သူပဲ များတယ်။ ၀ယ်သူ မရှိဘူး။ အဓိက ကတော့ ပဲဈေးကွက်မှာ ဖြစ်နေတဲ့ ဂယက်ကြောင့်ပဲ” ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောသည်။

စစ်အစိုးရက အက်ဖ်အီးစီ ငွေစာရင်းကို ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာကဲ့သို့ပင် ကုန်ပစ္စည်းများ တင်သွင်းခွင့်ပေးပြီး မူဝါဒကို ဖြေလျှော့ပေးခဲ့သော်လည်း လွဲမှားသည့် စီးပွားရေးဆိုင်ရာ ပေါ်လစီများနှင့် ကိုင်တွယ်မှုများကြောင့် ပြည်တွင်းစီးပွားရေးမှာ ကောင်းမွန် တိုးတက်လာခြင်းမရှိဘဲ ကျဆင်းမြဲ ကျဆင်းလျက်ရှိသည်ဟု စီးပွားရေးအသိုင်း အ၀ိုင်းက ဆိုသည်။

အရောင်းအဝယ်ဈေးကွက် ကမောက်ကမ ဖြစ်ခြင်းကြောင့် ကားဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်တို့တွင်လည်း ရင်းနှီးမြုပ်နှံသူ နည်းနေပြီး အလွယ်တကူ ရောင်းဝယ် ငွေဖော်နိုင်သော ရွှေဈေးကွက်တွင်မူ အရောင်းအ၀ယ်ကောင်းနေကာ ဈေးနှုန်းများ ထိုးတက်လျက်ရှိသည်ဟု သိရှိရသည်။

“ရွှေဈေးက အကယ်ဒမီရွှေ တကျပ်သားကို ၆၆၁၅၀၀ ထိတက်သွားတယ်။ ကျဖို့ မမြင်သေးဘူး။ ကျရင်တောင် အနည်းဆုံး အကယ်ဒမီ ရွှေတကျပ်သား ၆၅၀၀၀၀ ကျော်မှာပဲ ရှိနေမယ်” ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန်မှာ အာဏာရှင်ဆန်သော စီးပွားရေးဆိုင်ရာ မူဝါဒများ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး
လက်လှမ်းသင့်ရာ လုပ်ပိုင်ခွင့်ပေးသည့် စီးပွားရေး ဈေးကွက်မှ စစ်မှန်သော ဈေးကွက်စီးပွားရေး ကူးပြောင်းရန်ပင်ဖြစ်ကြောင်း အပတ်စဉ်ထုတ် ဂျာနယ်များတွင် စီးပွားရေးမူဝါဒဆိုင်ရာ ဆောင်းပါးရေးသားနေသည့် ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက သုံးသပ်ပြောကြားသည်။

ကလေးမြို့တွင် ရွေးကောက်ပွဲ ရန်ပုံငွေကောက်

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ရွေးကောက်ပွဲ ရန်ပုံငွေဟု ဆိုကာ ငွေများ ကောက်ခံခြင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ၀င်များက နိုင်ငံသား စိစစ်ရေးကတ် ရရှိရေး ၀န်ဆောင်မှုများ စတင်ပြုလုပ် နေကြောင်း သတင်းရရှိသည်။

ကလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာ ရယကနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများက ယခုနှစ်အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရန်ပုံငွေဟုဆိုကာ တအိမ်တက်ဆင်း ငွေများ လိုက်လံကောက်ခံနေသည်ဟု ဒေသခံများကဆိုသည်။

“၂ ရက်လောက်ရှိပြီ၊ လာမယ့် ရွေးကောက်ပွဲအတွက် ရန်ပုံငွေ အလှူခံတာလို့ပဲ ပြောတယ်၊ စေတနာရှိသလောက်လို့ပြောပြီး ကျပ် ၃၀၀ မျိုး ၅၀၀ မျိုးလိုက်ကောက်တာ၊ ကြံ့ဖွံ့ပါတီအတွက်လို့ မပြောပေမယ့် ဒီလူတွေက အရင်က ကြံ့ဖွံ့အသင်းဝင်တွေလေ၊ ကျနော် တို့ကတော့ မထည့်ရင်လည်း စကားရှည်နေမှာမို့ ပြီးပြီးရောဆိုပြီးပဲ ထည့်လိုက်တယ်”ဟု ကလေးမြို့ခံတဦးက ပြောသည်။

ထို့အတူ ကလေးမြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၁၅ ခုတို့တွင် USDA အသင်းဝင်များက နိုင်ငံသား စိစစ်ရေးကတ် ရရှိရေး ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုဇယားတွင် စာရင်းမသွင်းရသေးသူများကို စာရင်းရေးသွင်းပေးခြင်းများ ပြုလုပ်နေသည် ဟုလည်း ၎င်းကဆိုသည်။

တခြားသောဒေသခံ တဦးကလည်း“သူတို့က တချို့က အဖြူအစိမ်းဝတ်တယ်၊ တချို့က ရင်ထိုးတံဆိပ်တွေ တပ်ထားတယ်။ သူတို့ ကို ၀န်ဆောင်ခ ကျပ် ၄၅၀၀ ပေးရ တယ်။ သူတို့က ပြည်သူတွေအကျိုးကို လုပ်နေတာပါ ဆိုတာတွေပြောတယ်။ အခုက မှတ်ပုံ တင် ရဖို့က ခက်ခဲနေတော့ ဒီလိုလုပ် တော့ ကောင်းတာပဲဆိုပြီး လူတွေကတော့ လုပ်ကြတာပေါ့”ဟု ပြောသည်။

နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းမှာ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးမှပြုလုပ်ပေးခြင်းမဟုတ်ဘဲ USDAက အိမ်ထောင်စုဇယားများကို ယူဆောင်သွားခြင်းများကြောင့် တချို့သော ဒေသခံများက စိုးရိမ် ပူပန်မှုများဖြစ်နေကြကြောင်း ပြောဆိုကြသည်။

“သူတို့က အမှန်တကယ်လုပ်ပေးတာလားဆိုတာ မသိဘူးလေ။ အိမ်ထောင်စုဇယားကြီးကို ယူသွားတော့ ပျောက်မှာစိုးတာရော၊ မဟုတ်တာလျှောက်လုပ်မှာစိုးတာရောကြောင့် ကျမတို့ကတော့ သွားမလုပ်ဘူး”ဟု ဒေသခံတဦးက ပြောသည်။

၎င်းကဆက်လက်၍“သူတို့က ပါတီဝင်ဖို့ စည်းရုံးတာ၊ သူတို့ပါတီကို မဲပေးဖို့ မပြောရုံတမယ်ပဲရှိတာ။ သူတို့က ပြည်သူအတွက် ဘယ်လို ကောင်းအောင် လုပ်ပေးတယ်၊ ဘာတွေလုပ်နေတယ်၊ အခုလည်း ဒါတွေလုပ်တာ အားလုံးကောင်းဖို့လုပ်တာ ဆိုတာမျိုး တွေ အများကြီးပြောတယ်”ဟု ဆိုသည်။

ကလေးမြို့နှင့် ပတ်ဝန်းကျင်တွင် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသော တခြားသော ပါတီများ၏ စည်းရုံးရေးခရီးစဉ်များ မကြုံတွေ့ရသေးကြောင်း ဒေသခံများကပြောဆိုကြသည်။

USDA လုပ်ဆောင်မှုများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဧပြီလ ၂၉ ရက်မှစ၍ မှတ်ပုံတင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွက် စည်းရုံးနေခြင်းဖြစ်ပြီး ရန်ပုံငွေများ ကောက်ခံခြင်းမှာလည်း ၄င်းတို့အတွက် ကောက်ခံခြင်းများ ဖြစ်နိုင်သည် ဟုလည်း ဒေသခံများက ဆိုသည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။

ဖိလစ်ပိုင် သမ္မတသစ်ကို မြန်မာ့အရေး အရှိန်မြှင့်လုပ်ကိုင်ရန် တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပိုမိုထိရောက်ပြင်းထန်သော မူဝါဒများ ချမှတ်ကျင့်သုံးရန် ဖိလစ်ပိုင်နိုင်ငံ အကွီနိုအစိုးရအဖွဲ့သစ်အား မြန်မာ့လွတ်မြောက်ရေး ဖိလစ်ပိုင်ညွန့်ပေါင်းအဖွဲ့ FBCP က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။

မြို့တော်မနီလာရှိ Rizal Park တွင် ဘီနစ်နို အကွီနို (၃) က တရားသူကြီးချုပ် ကွန်ချီတာကာပီယိုမော်ရဲလ်၏ ရှေ့မှောက်၌ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့အပြီး ထိုတောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာ့လွတ်မြောက်ရေး ဖိလစ်ပိုင်ညွန့်ပေါင်းအဖွဲ့ FBCP သည် ဖိလစ်ပိုင်လူမျိုး တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

“အကွီနို အစိုးရရဲ့ မူဝါဒတွေထဲမှာ လူ့အခွင့်အရေး ကိစ္စတွေကို တွန်းအားပေးဖို့ ချမှတ်ထားတဲ့အတွက် လူ့အခွင့်အရေးကို ဦးစားပေးတဲ့ မူဝါဒတွေဟာ ပိုအားကောင်းလာမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံအသွင်ကို အောင်မြင်စွာ ကူးပြောင်းရေးနဲ့ အရှေ့တောင်အာရှဒေသမှာ ဒီမိုကရေစီ ထွန်းကားရေးတွေကို ဖိလစ်ပိုင်က အထောက်အကူပြု ဦးဆောင်ပေးနိုင်ဖို့ ပိုပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ လိုပါလိမ့်မယ်” ဟု FBCP ပြောရေးဆိုခွင့်ရှိသူ Egoy Bnas က မဇ္ဈိမကို ပြောသည်။

အကွီနိုသည် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အာဏာအလွဲသုံးစား ပြုလုပ်မှုများ၊ အကျင့်ပျက် လာဘ်စားမှုများဖြင့် စွပ်စွဲခံနေရသည့် သမ္မတဟောင်း မစ်(စ်)ဂလော်ရီယာအာရိုယိုကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးချုပ်သည် ဒုတိယ သမ္မတ ဂျက်ဂျိုမာဘင်နေ၏ ကျမ်းသစ္စာကျိန်ဆိုမှုကိုလည်း သက်သေခံခဲ့ပြီး သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။

Egoy Bans က “သမ္မတသစ်ဟာ ဖိလစ်ပိုင်မှာသာ မကဘဲ အရှေ့တောင်အာရှ ဒေသတခွင်မှာပါ ဒီမိုကရေစီ ထွန်းကားရေးအတွက် လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်” ဟု ဆိုသည်။

သူက ဆက်ပြီး ’’သမ္မတသစ် အကွီနိုဟာ သူ့အရင် သမ္မတထက် ပိုမိုထိရောက်ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်နိုင်လိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီရေးကို အပြည့်အဝ ထောက်ခံခဲ့တဲ့ သူ့အမေ ကိုရာဇန် အကွီနိုရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောဆိုသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစိုးရချင်း လူ့အခွင့်အရေးကော်မရှင် AICHR က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများနှင့် ပြဿနာများအား စစ်ဆေးဆောင်ရွက်ရန်နှင့် ပိုမိုထိရောက်သည့် လူ့အခွင့်အရေး အကာအကွယ်ပေးရေး နည်းလမ်းများကို ချမှတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း FBCP က ဆိုသည်။

ဖိလစ်ပိုင် အစိုးရသည် မြန်မာစစ်အစိုးရ၏ ယခုနှစ်အတွင်း ကျင်းပမည့် တဖက်သတ်ဆန်သည့် ရွေးကောက်ပွဲကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထောင်ဂဏန်းရှိ နိုင်ငံရေး အကျဉ်းသားများ ရွေးကောက်ပွဲတွင် ပါဝင်လာခြင်း မရှိစေရန် တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေများအား ယခုနှစ် မတ်လက ချမှတ်ပြဋ္ဌာန်းခဲ့သဖြင့် အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

“ဖိလစ်ပိုင်အစိုးရနဲ့ တခြား အာဆီယံနိုင်ငံတွေက စစ်အစိုးရရဲ့ တဖက်သတ်ဆန်တဲ့ ရွေးကောက်ပွဲကို ရှုတ်ချပေးဖို့နဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို စစ်အစိုးရက ပြောင်းလဲပေးအောင် တွန်းအားပေးကြတာကို အလိုရှိပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူနည်းစု တိုင်းရင်းသားတွေကို နှိပ်စက်နေတာတွေကို ရပ်တန့်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြီး ပြောင်းလဲပေးဖို့ အလေးအနက် တောင်းဆိုပါတယ်” ဟု Bans က ပြောခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Alberto Romulo ကလည်း ဇန်နဝါရီလ အစောပိုင်းက ဗီယက်နမ်နိုင်ငံ Da Nang တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာစစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေဖို့ တောင်းဆိုလိုက်သည်။ စစ်အစိုးရက ထိုကဲ့သို့ ပြုလုပ်ပေးခြင်း မရှိခဲ့လျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းပြမြေပုံသည် အတုအယောင်မျှသာ ဖြစ်လိမ့်မည်ဟုလည်း ဝေဖန်ပြောဆိုခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး Romulo ချမှတ်ထားသော မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် အထောက်အကူပေးရေး လမ်းစဉ်ကို အကွီနိုအစိုးရက ဆက်လက်စွဲကိုင် ဆောင်ရွက်မည့် အရိပ်အယောင်များ ပြခဲ့သဖြင့် အကွီနို အစိုးရသည် မြန်မာ့ဒီမိုကရေစီရေးကို ထိရောက်သော မူဝါဒများဖြင့် ဆက်လက်ကူညီမည်ဟု ထင်မြင်ကြောင်း Bans က ဆိုသည်။

အကယ်၍ ဖိလစ်ပိုင် သမ္မတသစ်၏ အဖွင့်မိန့်ခွန်းထဲကအတိုင်း အာဆီယံဒေသအတွင်း ကောင်းမွန်သော အစိုးရများ အုပ်ချုပ်သည့် ခေတ်တခေတ် ထူထောင်နိုင်ပြီး အကျင့်ပျက်ခြစားမှုများ ကင်းရှင်းကာ အစိုးရများအနေဖြင့် လူထုနှင့်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် မြန်မာနိုင်ငံသားများသည်လည်း အကွီနို၏ မူဝါဒ အကျိုးကျေးဇူးကို ခံစားကြရလိမ့်မည်ဖြစ်သည်။

မဇ္ဈိမသတင်းထောက် ကျော်မြ ရေးသားသည်။

စည်ပင်အလုပ်ကို ကြံ့ဖွံ့အမည်ဖြင့် လုပ်ကိုင်မည်ဟု မြို့တော်ဝန် ပြော

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့တော်ဝန်က ၎င်းပြုလုပ်နေသော လုပ်ငန်းအားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အမည်ဖြင့် လုပ်ကိုင်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်လ နောက်ဆုံးအပတ်အတွင်း ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် လမ်းများ ရေးစီးရေလာ ကောင်းမွန်ရေးအတွက် သွားရောက်စစ်ဆေးသည့် နေ့က မြို့တော် စည်ပင်အရာထမ်းများနှင့် ကြံ့ခိုင်ဖွံ့ရေး ပါတီဝင်များ ရှေ့မှောက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

’’စမ်းချောင်းမှာ လမ်းတွေ လာကြည့်တယ်။ အဲဒီနေ့က သူပြောသွားတာက သူ့အနေနဲ့ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) လုပ်ငန်းတွေပဲ ဦးစားပေးလုပ်သွားမယ်၊ အခုလုပ်နေတာတွေ အားလုံးဟာ ပြည်ခိုင်ဖြိုး နာမည်နဲ့ပဲ လုပ်နေတာ၊ ပါတီကလည်း ဖွဲ့ပြီးပြီဆိုတော့ ပါတီအမည်နဲ့ပဲ လုပ်သွားတော့မှာ၊ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးအမည်ပဲ သုံးမယ်လို့ ထပ်တလဲလဲ ပြောတယ်’’ ဟု စမ်းချောင်းမြို့နယ် ကြံ့ဖွံ့အသင်းဝင်တဦးက ပြောသည်။

မြို့တော်စည်ပင်သည် ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှ စတင်ကာ လမ်းများ ပြုပြင်လုပ်ငန်းများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းအမည်ကို ရောထွေးသုံးစွဲခဲ့ရာမှ နောက်ပိုင်းတွင် လူသိရှင်ကြား အသုံးပြုလာသည်။

ယခုနှစ် နွေရာသီတွင် ရေအခက်အခဲ တွေ့ကြုံနေသည့် ရန်ကုန်တိုင်းရှိ မြို့နယ်များသို့ ရေဘောက်ဆာကား ၁ဝ စီးခန့်ဖြင့် ရေပေးဝေရာ မြို့တော်ဝန်က ကားများတွင် ‘ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက အခမဲ့ ရေပေးသည်’ ဟူသော စာတန်းများ ချိတ်ဆွဲစေခဲ့သည်။ ထို့ပြင် ယခုနှစ် ရန်ကုန်တိုင်းရှိ လယ်သမားများကို ကြံ့ဖွံ့ပါတီ အမည်သုံးကာ ချေးငွေများ ပေးအပ်ခဲ့သည်။

’’လယ်သမားတွေကို ကျပ်သိန်းပေါင်း ၁ သိန်းလောက် ထုတ်ချေးမှာပါ။ အရင်နှစ်ကတော့ အသင်းအနေနဲ့ပဲ ချေးပေးတယ်။ ဒီနှစ်ကတော့ ရွေးကောက်ပွဲလည်း ရှိနေတယ်။ အသင်းကလည်း ပါတီအနေနဲ့ တရားဝင် လုပ်ခွင့်ရတယ်ဆိုတော့ အဲဒီနာမည်နဲ့ပဲ ချေးပေးတာ ဖြစ်တယ်’’ ဟု ရန်ကုန် စည်ပင်ကော်မတီမှ အကြီးတန်း အရာထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က မင်္ဂလာဈေးကြီး မီးလောင်ခဲ့ရာ မီးသင့်ဆိုင်ခန်း ပိုင်ရှင်များကို မြို့တော်စည်ပင် ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်းက စည်ပင်ဘဏ်မှ ငွေထုတ်ချေးပေးမည်ဟု ထိုလ နောက်ဆုံးအပတ်တွင် ကြေညာခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင်မူ ဈေးသာယာရေး ကော်မတီမှတဆင့် ဆိုင်ရှင်များကို ဖိတ်ခေါ်ကာ ကြံ့ဖွံ့ပါတီက ချေးငွေထုတ်ပေးမည်ဟု ပြောဆိုခဲ့ပြန်သည်။

မြို့တော်စည်ပင်ရှိ လမ်းနှင့် တံတားဌာနမှ အင်ဂျင်နီယာတဦးကလည်း ’’ကျနော်တို့က ရှက်မိတယ်။ တသက်လုံး လုပ်လာတာ စည်ပင်သာယာ အဖွဲ့မှာလေ။ အခုတော့ ပြည်သူတွေက စည်ပင်ဟာ ကြံ့ဖွံ့လို့တောင် ပြောကုန်ကြပြီ’’ ဟု ပြောသည်။

လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစတင်၍ ပါတီလျှောက်လွှာတင်ခဲ့ပြီးနောက် ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုချက် ချပေးခဲ့ပြီးဖြစ်သည်။

ဦးအောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်အဖြစ် ၂ဝဝ၃ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး၊ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ယခုအခါ တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းဖြစ်ကြောင်း ရန်ကုန်စည်ပင် အသိုင်းအဝိုင်းက ဆိုသည်။

ရန်ကုန် စည်ပင်သာယာရေးကော်မတီသည် ပြည်သူများထံမှ နှစ်စဉ်ရရှိသော အခွန်ငွေမှာ ငွေကျပ်ဘီလီယံ ၅ဝ ခန့်ရှိကြောင်း ရန်ကုန်စည်ပင် စာရင်းများအရ သိရသည်။

ယခင် ကြံ့ဖွံ့အသင်းနှင့် ယခု ကြံ့ဖွံ့ပါတီအတွက် မြို့တော်ဝန်သည် ယင်းအခွန်ငွေများဖြင့်သာ သုံးစွဲနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်ဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က-၅) တွင် ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းဖြင့် ရယူသုံးစွဲခွင့် မပြုကြောင်းနှင့် သုံးစွဲပါက ယင်းပါတီမှာ ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ’’နိုင်ငံပိုင်ငွေနဲ့ ပါတီတွေ သုံးစွဲခွင့် မရှိဘူးဆိုတာ ရွေးကောက်ပွဲ ဥပဒေမှာ ပါပြီးသား။ အဲဒီတော့ တကယ်လို့သာ ပါတီတခုခုက အဲဒီလို သုံးစွဲနေတယ်ဆိုတာကို တိုင်ကြားရင် ရတယ်။ အဲဒီအခါ ကော်မရှင်က စစ်ဆေးရမှာ ဖြစ်တယ်။ ရောထွေးပြီးတော့ မလုပ်သင့်ဘူးလို့ မြင်တယ်’’ ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမသတင်းထောက် ညိမ်းသူ ရေးသားသည်။

ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်လေကြောင်း ခရီးစဉ်သစ်တခုကို ဗီယက်နမ်လေကြောင်း Vietnam Airline က တိုးချဲ့ပျံသန်းသွားမည်ဟု ရန်ကုန်အခြေစိုက် ဗီယက်နမ်လေကြောင်း (မြန်မာ) ရုံးခွဲထံမှ စုံစမ်းသိရှိရသည်။

ထိုင်ခုံအလုံးရေ ၁၅ဝ ဝင်ဆံ့သည့် A 320 Airbus အမျိုးအစား လေယာဉ် ၄ စီးဖြင့် ယခုနှစ် အောက်တိုဘာမှ စတင်၍ တပတ်လျှင် ၄ ကြိမ် ပြေးဆွဲမည်ဟု မြန်မာရုံးခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။ နေ့ရက်နှင့် ဈေးနှုန်းများကိုမူ မသတ်မှတ်ရသေးပါ။

“အခုက ဗီယက်နမ်နဲ့ မြန်မာနဲ့ စီးပွားရေး လမ်းကြောင်းအရ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပြီဆိုတော့ ဟိုကလုပ်ငန်းရှင်တွေ အလွယ်တကူ လာနိုင်မယ်။ ဒီကနေပြီးတော့ အာရှနဲ့ ဥရောပဘက်ကို ဗီယက်နမ်ကနေတဆင့် သွားနိုင်အောင်လို့ အဲလိုင်း air line ထပ်တိုးလိုက်တာလို့ သိရပါတယ်” ဟု မြန်မာရုံးခွဲ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

Vietnam Airline က ယခုနှစ် မတ်လ ၂ ရက်နေ့၌ မြန်မာနိုင်ငံနှင့် လေကြောင်းလိုင်း စတင်ဖွင့်လှစ်ခဲ့ပြီး ဟနွိုင်း-ရန်ကုန် ခရီးစဉ်ကို ထိုင်ခုံ ၇၈ လုံးဆံ့ Fokker 70 အမျိုးအစား လေယာဉ် ၄ စီးဖြင့် တိုက်ရိုက်ပျံသန်းခဲ့သည်။ တပတ်လျှင် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေ ၄ ကြိမ် ပြေးဆွဲလျက်ရှိပြီး ဈေးနှုန်းမှာ အသွားအပြန် အမေရိကန် ဒေါ်လာ ၃၃၄ ဖြစ်ပြီး အသွားတကြောင်းထဲဆိုလျှင် ၂၆၅ ဒေါ်လာ ဖြစ်သည်။

ခရီးစဉ် နှစ်ခုလုံးသည် ဗီယက်နမ်နိုင်ငံမှ စတင်မည်ဖြစ်ပြီး ဟိုချီမင်း-ရန်ကုန် ခရီးစဉ် စတင်သည်နှင့် တပြိုင်တည်း ဟနွိုင်း-ရန်ကုန် ခရီးစဉ်ကိုလည်း လေယာဉ်တစီး ထပ်တိုးမည်ဟု မြန်မာရုံးခွဲက ပြောသည်။

ထို့ကြောင့် ဗီယက်နမ်နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်း ၂ လိုင်းပေါင်းလျှင် လေယာဉ် ၉ စီး ဖြစ်သွားပြီး၊ တပတ်အတွင်း အသွား ၉ ကြောင်း၊ အပြန် ၉ ကြောင်း စုစုပေါင်း ၁၈ ကြောင်း ပြေးဆွဲတော့မည်ဖြစ်သည်။

ဟိုချီမင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ဟနွိုင်းမြို့မှ တဆင့်ခံ လေယာဉ်ပြောင်းစီးရန် မလိုတော့သဖြင့် အချိန်နှင့် ငွေကြေး သက်သာသွားမည်ဟု ရုံးခွဲတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ် လက်မှတ်များကို ရန်ကုန်-ဟနွိုင်း လေကြောင်းလိုင်း လက်မှတ်များ ရောင်းချပေးနေသော Sun Far ၊ Nice Fare ၊ Columbus နှင့် Sawpoinphan လက်မှတ် အရောင်းဌာနများ၌ပင် ဝယ်ယူနိုင်မည်ဖြစ်သည်။

ယခုနှစ်အတွင်း ဗီယက်နမ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ သိသာစွာ လုပ်ဆောင်လာပြီး ဗီယက်နမ် လုပ်ငန်းရှင်များသည်လည်း လေကြောင်းလိုင်းဖြင့် လာရောက်လေ့ရှိကြောင်း ကုန်သည်/စက်မှုအသင်းချုပ် အမှုဆောင်အရာရှိ ဦးထွန်းရွှေက ပြောသည်။

ယခု လေကြောင်း ခရီးစဉ်အသစ်သည် ဧပြီလဆန်းပိုင်းက ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၏ ၃ ရက်ကြာ “အလုပ်သဘော” ခရီးစဉ်အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်ဝန်ကြီးချုပ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါအဝင် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှု အပါအဝင် စိုက်ပျိုးရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ကဏ္ဍများ အပါအဝင် စုစုပေါင်း ကဏ္ဍ ၁၂ ခုကို နေပြည်တော်၌ စာချုပ်ချုပ်ဆိုခဲ့ကြသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဘဏ် BIDV ကိုယ်စားလှယ်ရုံးကိုလည်း ရန်ကုန်မြို့၌ ဗီယက်နမ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သေးသည်။

နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ တိုးတက်လျက်ရှိပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ဝ၈ သန်းအထိ ရှိခဲ့ပြီး ၂ဝဝ၇ ခုနှစ်ကထက် ၁ဝ ရာခိုင်နှုန်း ပိုလာခဲ့သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဖြစ်နေသည့်တိုင် ပြီးခဲ့သည့်နှစ်က ကုန်သွယ်မှုပမာဏ သန်း ၁ဝဝ ခန့်အထိပင် ရှိခဲ့ကြောင်း လေ့လာသိရသည်။ ယခုနှစ်အတွက်မူ သန်း ၂ဝဝ အထိ တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

မြန်မာနိုင်ငံနှင့် လေကြောင်းခရီးစဉ် အဓိကပြေးဆွဲနေသည့် နိုင်ငံများမှာ မလေးရှား၊ စင်္ကာပူ၊ ထိုင်းတို့ ဖြစ်ကြပြီး လေကြောင်းကုမ္ပဏီ စုစုပေါင်း ၂၄ ခုရှိကြောင်း Sun Far လေယာဉ်လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

ပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ သတင်းများကို စိစစ်ရေးက ပိုကန့်သတ်

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် နောက်ဆက်တွဲ သတင်းများ ဖော်ပြနေသည့် ပြည်တွင်းဂျာနယ်များအပေါ် စာပေစိစစ်ရေးက ပိုမိုကန့်သတ်မှုများ လုပ်လာကြောင်း သိရသည်။

အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ရေရှားတုန်းက ရေရှားတယ်လို့ သတင်းရေးရင် စိစစ်ရေးက မချပေးတော့ဘူး။ ရေရှားတဲ့ဒေသကို သူတို့လူကြီးတွေ ဘယ်လိုသွားရောက်ကူညီနေသလဲ သတင်းစာထဲမှာ ပါလာတော့မှ အဲဒီသတင်းကို ရေးလို့ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အလားတူ သတင်းများဖြစ်သည့် သစ်တောပြုန်းတီးခြင်း၊ မြစ်ရေခန်းခြောက်ခြင်း၊ ရေညစ်ညမ်းမှု ဖြစ်ပွားခြင်း၊ ရေကြီးခြင်း စသည့်သတင်းများသာမက ယင်းအဖြစ်အပျက်များ၏ နောက်ဆက်တွဲ သတင်းများကိုလည်း ဂျာနယ်များတွင် ဖော်ပြခွင့် ကန့်သတ်လိုက်ကြောင်း အဆိုပါအယ်ဒီတာက ပြောသည်။

၎င်းက “ပြည်တွင်းက အပတ်စဉ်ထုတ်ဂျာနယ်တိုင်းက ပြည်သူတွေ စိတ်ဝင်စားတဲ့ အဲဒီလို သတင်းမျိုးတွေကို လိုက်ရေးတာ ဖြစ်ပေမယ့် ဒါကို ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတယ်လို့ အကြောင်းပြပြီး ကန့်သတ်နေတာတော့ သဘာဝမကျဘူးလေ။ ဒါတောင်မကဘဲ နိုင်ငံရေးသတင်းတွေကိုလည်း စာမျက်နှာ (၂) မျက်နှာပဲ ထည့်ဖို့ ကန့်သတ်လိုက်တယ်။ ဒီလိုသတင်းတွေဟာ ပြည်သူတွေအတွက် အကျိုးဖြစ်စေတဲ့ သတင်းတွေပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ မိုးရွာ၍ ရေကြီးကာ မြေပြိုခြင်းကြောင့် အိုးအိမ်မဲ့သူများ၏ အခြေအနေဖော်ပြသည့် သတင်းနှင့် ဓာတ်ပုံများကို ကန့်သတ်မှုများရှိခဲ့ကြောင်း၊ အင်းလေကန်ရေ ခန်းခြောက်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများကိုလည်း သတင်းဖော်ပြရာတွင် ကန့်သတ်မှုများရှိခဲ့ကြောင်း ပြည်တွင်းသတင်းထောက်များထံမှ စုံစမ်းသိရသည်။

ပြည်တွင်းဂျာနယ် သတင်းထောက်တဦးက “သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေတာက ပြည်သူတွေကို အသိပေးဖို့ အရမ်းလိုအပ်နေတဲ့ကိစ္စပါ။ ဥပမာ သစ်တောပြုန်းတီးမှု ကမ္ဘာ့အဆိုးဝါးဆုံး (၃) နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက တတိယနေရာ ဖြစ်တယ်။ ဒါကို အဲလိုမရေးဘဲ မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု ဧရိယာပမာဏ ဘယ်လောက်ရှိသေးသလဲဆိုပြီး ဂျာနယ်တွေမှာ ရေးထားတာ တွေ့လိုက်တယ်။ အဲဒီလိုရေးမှ ခွင့်ပြုမယ်ဆိုတော့ ပြည်သူတွေ နားလည်အောင် သတင်းထောက်တွေက သွယ်ဝိုက်ပြီး ကြိုးစားနေရတာပေါ့” ဟု ပြောကြားသည်။

၎င်းက “အလားတူပဲ ရခိုင်ပြည်နယ်က တံတားဘယ်နှစင်းကို ပြုပြင်နေတယ်။ ဘယ်နှရာခိုင်နှုန်း ပြီးနေပြီဆိုတာ ရေးမှ ခွင့်ပြုတယ်။ အဲ့လိုမဟုတ်ဘဲ ပြန်လည်ထူထောင်ရေးအတွက် ဘယ်နှနှစ် အချိန်ကြာဦးမယ်ဆိုတာတွေ ရေးလို့မရဘူး။ အင်းလေးကန်ခန်းတဲ့ကိစ္စမှာ သူတို့လူကြီးတွေဘက်က ဘက်စုံပြုပြင်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းမျိုးမှ ရေးလို့ရတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနတွင် ဗိုလ်မှူး တင့်ဆွေက ညွှန်ကြားရေးမှူးအဖြစ် ဆောက်ရွက်နေပြီး ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်က တွဲဖက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

ရန်ကုန် လေဆိပ်အခွန် (၆) ဆ ထပ်တိုး

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်အခွန်အဖြစ် ဖြတ်သန်းခ (၅၀၀) ကျပ် ကောက်ခံနေသည်ကို ဇူလိုင် (၁) ရက် ယနေ့မှစ၍ (၃,၀၀၀) ကျပ် တိုးမြှင့်ကောက်ခံသွားတော့မည်ဟု လေကြောင်းပို့ဆောင်ရေးကုမ္ပဏီတို့ထံမှ သိရသည်။

ယခု ထပ်မံတိုးမြှင့်ကောက်ခံသည့် လေဆိပ်အခွန်သည် မြန်မာနိုင်ငံသား ခရီးသွားများနှင့်သာ သက်ဆိုင်ပြီး နိုင်ငံခြားသား ခရီးသည်များထံမှ ကောက်ခံသည့် လေဆိပ်အခွန်မှာမူ ပုံမှန်အတိုင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်) မှ ဝန်ထမ်းတဦးက ပြောကြားသည်။

၎င်းက “နိုင်ငံခြားသား ခရီးသည်တွေကို အရင်က ကောက်နေတဲ့ ဒေါ်လာ (၁၀) အတိုင်း မပြောင်းလဲပါဘူး။ မြန်မာပြည်သားတွေရဲ့ လေဆိပ်အခွန်က အခု ထပ်တိုးတဲ့ နှုန်း (၃,၀၀၀) ကျပ်ဆိုတာက (၃) ဒေါ်လာပဲ ကျပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယင်းသို့ လေဆိပ်အခွန် ထပ်မံတိုးမြှင့်ရခြင်းမှာ ဆိုက်ရောက်/ထွက်ခွာဌာနများတွင် ဒီဂျီတယ် စစ်ဆေးစက်အသစ်များ တပ်ဆင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေကြောင်းကုမ္ပဏီတို့က ပြောသည်။

လေဆိပ်အခွန် တိုးမြှင့်လိုက်သည့်အတွက် လေကြောင်းလိုင်းများ အပြိုင်အဆိုင် ဖြစ်လာနိုင်ပြီး အိမ်နီးချင်းနိုင်ငံများသို့ ဘုရားဖူးခရီးစဉ် သွားရောက်သူ မြန်မာနိုင်ငံသားများအား ပိုမိုဆွဲဆောင်နိုင်ရန် လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီများက ဝန်ဆောင်မှုများ ထပ်မံလုပ်ဆောင်ရန် လိုအပ်လာကြောင်း အမ်အေအိုင်လေကြောင်းမှ အဆိုပါဝန်ထမ်းက ပြောသည်။

“ထိုင်းအဲလိုင်း ကုမ္ပဏီတွေကဆိုရင် ဘုရားဖူး ခရီးစဉ်တွေရဲ့ သတ်မှတ်ဈေးနှုန်းထဲမှာ လေယာဉ်လက်မှတ်ဖိုး၊ ဟိုတယ်တည်းခိုခ၊ အစားအသောက်၊ အကြိုအပို့တို့သာမကဘဲ ဒီ airport tax (လေဆိပ်အခွန်) ကိုလည်း သူတို့က ဝန်ဆောင်မှု ပေးထားတယ်။ တချို့အဲလိုင်းတွေက ဗီဇာဝန်ဆောင်မှု၊ ဧည့်လမ်းညွှန်စာအုပ်၊ ဖျော်ဖြေရေး၊ စီမံရေးရာ ဝန်ဆောင်ခတို့၊ လေကြောင်းအာမခံတို့ ပါပေမယ့် airport tax ကို ခရီးသည်တွေက ပေးရတယ်။ ဒါကြောင့် အဲဒီဝန်ဆောင်ခတွေနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသား ခရီးသွား (၂.၅) သိန်းကျော် လာရောက်လည်ပတ်မှုရှိခဲ့ကြောင်း သိရသည်။

အမ်အေအိုင်နှင့် အခြားနိုင်ငံခြား လေကြောင်းပို့ဆောင်ရေးကုမ္ပဏီ (၁၃) ခုတို့က ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဗီကျင်း၊ ကူမင်၊ ကွမ်ဇို (Guangzhou)၊ ကာလကတ္တား၊ ချင်းမိုင်၊ ထိုင်ဝမ်၊ ဒိုဟာ (Doha) နှင့် ဟနွိုင်းမြို့သို့ ပျံသန်းနေကြသည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

မလေးတွင် မြန်မာပြန်ပေးဆွဲဂိုဏ်းအား ဖမ်းဆီးမိ

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးအား ခြံအလုပ်သမား မြန်မာတဦးနှင့် အပေါင်းအဖော်တို့က ဖမ်းဆီးပြန်ပေးဆွဲခဲ့သဖြင့် မလေးရှားရင်းဂစ် (၂၈,၀၀၀) ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း ယနေ့ထုတ် The Star သတင်းစာတွင် ဖော်ပြပါရှိသည်။

အဆိုပါ ပြန်ပေးဆွဲခံရသူ အသက် (၂၀) ဝန်းကျင်ရှိ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်သူ မြန်မာအမျိုးသမီးငယ်သည် ဇွန် (၈) ရက်နေ့တွင် ကွာလာလမ်ပူမြို့ ဆင်ခြေဖုံး ကီပေါင်အရပ်ရှိ ၎င်းအလုပ်လုပ်ရာ စားသောက်ဆိုင်သို့ သွားရောက်စဉ် ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်သည်။

စားသောက်ဆိုင်အကူ အလုပ်သမအဖြစ် အလုပ်လုပ်ကိုင်နေသော အဆိုပါအမျိုးသမီးသည် ပြန်လည်မလွတ်မြောက်ခင် ပြန်ပေးသမားများ၏ အဓမ္မကျင့်မှု ခံခဲ့ရကြောင်းလည်း အဆိုပါသတင်း၌ ဖော်ပြထားသည်။

ကွာလာလမ်ပူ မြို့တော်ဗဟိုစုံစမ်းစစ်ဆေးရေးဌာန လက်ထောက်အရာရှိဖြစ်သူ ကူချင်းဝါက ပြန်ပေးဆွဲသူများသည် ကနဦးတွင် ရင်းဂစ် (၁) သိန်း တောင်းဆိုကြောင်း၊ နောက်ပိုင်းတွင် ညှိနှိုင်းမှုများအရ ရင်းဂစ် (၂၈,၀၀၀) ဖြင့် ဈေးတည့်သွားကြောင်း ပြောဆိုသည်။

ဇွန် (၉) ရက်နေ့တွင် ပြန်ရွေးငွေ ပေးချေပြီးသည့်နောက် မသင်္ကာဖွယ် လူ (၅) ဦးနေရာကို တွေ့ရှိရသည့်အတွက် မလေးရှား ရဲများက ပိတ်ဆို့ဖမ်းဆီးရာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား (၃) ဦး၊ အမျိုးသမီး (၁) ဦး အပါအ၀င် လူ (၅) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ အရာရှိဖြစ်သူက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

ပြန်ပေးဆွဲခံရသူ အမျိုးသမီး၏ သူငယ်ချင်းထံမှ ဇွန် (၉) ရက် ည (၉) နာရီခွဲတွင် မန္တလေးစားသောက်ဆိုင်၌ ပြန်ပေးငွေ လက်ခံယူခဲ့သည့် အသက် (၃၀) အရွယ် ခြံအလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား အေးမင်းဝင်းအား ငွေလက်ခံမှုဖြင့် ယမန်နေ့တွင် ရာဇဝတ်တရားရုံး၌ အမှုစတင်ကြားနာနေပြီဖြစ်သည်။

ပြန်ပေးဆွဲမှုတွင်ပါဝင်သည့် အခြားသူများ၏ ဖြောင့်ချက်အရ အဓိက ဦးဆောင်သူ အေးမင်းဝင်းအား တရားရုံးတင်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြန်ပေးငွေကို ရဲမှပြန်လည်ရယူနိုင်ခဲ့သည်။

ရာဇဝတ်မှုတရားရုံး၏ တရားသူကြီး ဆီတီရှာခရိ မိုဟာရူဒင်က အေးမင်းဝင်းနှင့် အပေါင်းအပါ မလေးနိုင်ငံသား (၂) ဦးအား မလေးရှားရင်းဂစ်ငွေ (၁၀,၀၀၀) ဖြင့် အာမခံပေးလိုက်ပြီး အမှုကို လာမည့် ဇူလိုင် (၂၃) ရက်တွင် ထပ်မံချိန်းဆိုလိုက်ကြောင်း အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြပါရှိသည်။

ပြစ်မှုထင်ရှားပါက တရားခံသည် (၁၀) နှစ်ထက်မကျော်သော ထောင်ဒဏ်ကိုသော်လည်းကောင်း၊ ကြိမ်ဒဏ်ကို သော်လည်းကောင်း ကျခံရမည်ဖြစ်သည်။

မလေးရှားရှိ အမည်မဖော်လိုသော မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက “သူတို့ရဲ့ခေါင်းဆောင်က စိုးလေးလို့ခေါ်တယ်။ ဒီကောင်တွေအကုန်လုံးက ဆေးသမားတွေ၊ ထောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာ။ သူတို့စားကျက်က မြန်မာဆိုင်တွေနားမှာ အမြဲပဲ၊ တော်တော်ဆိုးတယ်။ သူတို့အထဲမှာလဲ ရဲလက်ထောက်ချတဲ့ကောင်တွေ ပါတယ်။ ကျနော်ထင်တယ် ကျန်တဲ့ မြန်မာ (၃) ယောက်လည်း ပြန်လွတ်လိမ့်မယ်” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

မြန်မာအပေါ် ပိတ်ဆို့မှုသက်တမ်း တိုးရေး လွှတ်တော်အမတ်များ အတည်ပြု

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ ဥပဒေကို နောက်ထပ် တနှစ်သက်တမ်းတိုးရန်အတွက် အမေရိကန်အထက်လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီက ဇွန် (၃၀) ရက်၊ ယမန်နေ့၌ အတည်ပြုလိုက်သည်။

၂၀၀၃ ခုနှစ် ဇူလိုင် (၂၈) ရက်၊ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် အဆိုပါဥပဒေကို နှစ်စဉ် သက်တမ်းတိုးလာခဲ့ပြီး ယခုနှစ်အတွက် ထပ်မံ သက်တမ်းတိုးရန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ထောက်ခံမဲ (၂၂) မဲ၊ ကန့်ကွက်မဲ (၁) မဲနှင့် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ဆက်လက်၍ လာမည့်သြဂုတ်လတွင် အထက်လွှတ်တော်တရပ်လုံးက မဲခွဲဆုံးဖြတ်ရန် ရှိသည်ဟု သိရသည်။

အဆိုပါ ဥပဒေသည် မြန်မာစစ်အစိုးရအား စီးပွားရေးအရ ပိတ်ပင်ဒဏ်ခတ်သည့်ဥပဒေဖြစ်ပြီး မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်သွင်းခွင့်ပိတ်ပင်ခြင်း၊ နအဖစစ်ခေါင်းဆောင်များ၏ ငွေနှင့်ပိုင်ဆိုင်မှုများကို အမေရိကန်တွင် ပိတ်ပင်တားဆီးထားခြင်း၊ နအဖစစ်အစိုးရအဖွဲ့ဝင်များအား အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်တားမြစ်ခြင်း အစရှိသည်တို့ကို ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် မက်စ် ဘောကပ်စ် (Max Baucus) က “အခုလို ပိတ်ပင်တားမြစ်မှုတွေဟာ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် ဆိုးဝါးတဲ့အပြုအမူတွေ ရပ်တန့်စေဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လိုက်နာလာစေဖို့် လိုအပ်တဲ့ ဖိအားတွေဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် မြန်မာစစ်အစိုးရအနေဖြင့် မြန်မာပြည်သူလူထုအပေါ် မတရားဆက်လက် ဖိနှိပ်ညှဉ်းပန်းမှုများ လုပ်နေသမျှကာလပတ်လုံး အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကုန်သွယ်ဘက်နိုင်ငံများနှင့်အတူ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မက်စ် ဘောကပ်စ်က ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေး လေးစားလိုက်နာသည့် တိုးတက်သော ဖြစ်ထွန်းမှုများ မရှိသေးပါက အမေရိကန်သမ္မတအနေဖြင့် ဥပဒေကို ဆက်လက် သက်တမ်းတိုးပိုင်ခွင့်ရှိသည်ဟု သိရသည်။

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ ဥပဒေ ဖြစ်ပေါ်ရေးအတွက် အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်သည့် မစ်ခ်ျမက်ကော်နယ်လ်၊ ဒိုင်ယန်း ဖိုင်းစတိုင်းနှင့် ဂျွန်မက်ကိန်းတို့အပါအ၀င် အထက်လွှတ်တော်အမတ်များက ဥပဒေမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများအား မြန်မာစစ်အစိုးရ ထောက်ခံသူများက ရိုက်နှက်သတ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့သည့် ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းအရေးအခင်းကြီး ဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့ခြင်းဖြစ်သည်။