Pages

Subscribe

Thursday 8 July 2010

ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ဖို့ ဥပဒေမရှိ

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွှတ်တော်ခေါ်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီပါတီက ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဆီကို အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ဒါကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီစာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အာဏာတည်တဲ့နေ့ မတိုင်မီ ပြည်သူ့လွှတ်တော် အပါအ၀င် လွှတ်တော်အဆင့်ဆင့်ရဲ့ ပထမအကြိမ် အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် နအဖအနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွှတ်တော်ခေါ်ဖို့ ခက်မယ်လို့ ဆိုပါတယ်။

“အဓိက အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆို လွှတ်တော်ခေါ်လို့ မရဘူး။ မရတဲ့ အကြောင်းရင်းက ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာတည်မယ့်ရက်ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ယူတဲ့ အချိန်ကျမှ အာဏာတည်မှာ၊ ခေါ်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ပါတယ်၊ ကျနော်တို့စာမှာ ဖော်ပြထားတယ်။ ဒါတွေကို လုပ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံက အတည်ပြုပြီးမှ ဖြစ်မှာ။ Referendum လုပ်ပြီးတဲ့အချိန်မှာ အာဏာမတည်ဘဲ ပထမအကြိမ် ပြည်သူ့လွှတ်တော်ခေါ်မှ အာဏာတည်ရမယ် ဆိုတဲ့အတွက် ပြောင်းပြန်ဖြစ်သွားတယ်။

“ဘယ်လိုဖြစ်သွားလဲဆိုတော့ ပြည်သူ့လွှတ်တော် ခေါ်ယူရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်ရမယ့် ကိစ္စတွေက ဆောင်ရွက်လို့ မရဘူး ဖြစ်နေတယ်၊ ဘာလို့ဆိုတော့ အာဏာမတည်သေးလို့။ အမျိုးသား ညီလာခံက ချမှတ်လိုက်တဲ့မူမှာ အဲဒီအတိုင်း ပါတယ်၊ Referendum လုပ်ပြီးရင် အာဏာတည်စေရမယ်လို့ ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံကို ၂၀၀၈ မှာ အတည်ပြုထားရင် ၂၀၁၀ အထိ လက်ရှိ စစ်အစိုးရက ဖွဲ့စည်းပုံအောက်ကို ရောက်မှာ၊ အဲဒီ ဖွဲ့စည်းပုံအောက် ရောက်မှာစိုးလို့ သူက နောက်ကို ရွှေ့လိုက်တာ။”

၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်သူ့လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရက် ၉၀ အတွင်း ခေါ်ယူရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ခေါ်ယူတဲ့နေ့မှာပဲ ဖွဲ့စည်းပုံအာဏာ တည်တယ်လို့ ပါရှိပါတယ်။

NLD ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးအောင်သိန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ လွှတ်တော်အဆင့်ဆင့် ခေါ်ယူရေး အချိန်ကာလကို တိတိကျကျ မဖော်ပြထားဘူးလို့ ဆိုပါတယ်။

“အဲဒါကတော့ မှန်တယ်ဗျ၊ သူက လွှတ်တော်ပေါ်ပြီးတဲ့ နောက်မှာက နအဖက နေပြီးတော့ သူ အာဏာလွှဲပေးမယ်ပေါ့။ အာဏာလွှဲပေးမယ်ဆိုတာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ပြီးတဲ့ နောက်ပိုင်းမှာ အာဏာလွှဲပေးမယ်ဆိုတာ ဘယ်ကာလလဲဆိုတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကလည်း ဘယ်လို အချိန်အခါမျိုးကျမှ လုပ်မလဲဆိုတဲ့ ကိစ္စရပ်တွေတော့ ရှိတာပေါ့ဗျာ။ ဒါက တဘက်က မြှုပ်ထားတဲ့ အကွက်တကွက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

“ရက်ပေါင်း ၉၀ အတွင်း ခေါ်ပေးမယ်ဆိုတာ ရွေးကောက်ပွဲပြီး ပြည်သူ့လွှတ်တော် ခေါ်မယ်ဆိုတာ ရွေးကောက်ပွဲ ပြီးတာနဲ့ ပြည်သူ့လွှတ်တော် တန်းခေါ်လို့ မရနိုင်သေးဘူးခင်ဗျ။ ဒါတွေက သူတို့ ကိုယ်စားလှယ် စိစစ်တာတို့၊ ဘာတို့၊ ညာတို့ ရှိဦးမှာပေါ့။ အဲဒီကိစ္စတွေ ပြီးမှသာလျှင် သူတို့ဘက်က အဆုံးအဖြတ်ပေးမယ့် ဟာတခု ဖြစ်ပေါ်လိမ့်မယ် ထင်ပါတယ်။”

အခုလို တိတိကျကျ မဖော်ပြတဲ့အတွက် ၉၀ ခု ရွေးကောက်ပွဲရလဒ်လို ဖြစ်လာနိုင်တယ်လို့ ဦးဖြိုးမင်းသိမ်းက ဆက်ပြောပါတယ်။

“ဘာထိခိုက်နစ်နာမလဲဆိုရင် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် လွှတ်တော်ခေါ်ယူလို့ မရဘူးဆိုရင် ဒီရွေးကောက်ပွဲဝင်တာ ဘာအဓိပ္ပာယ်မှ မရှိနိုင်ဘူးလေ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဖော်ပြထားချက်အရ၊ ရွေးကောက်ပွဲ ဥပဒေရဲ့ ဖော်ပြထားချက်တွေ အရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ လွှတ်တော်ခေါ်ယူဖို့အတွက် ခိုင်မာတဲ့ ဥပဒေတရပ် မရှိဘူး။

“၉၀ ခုနှစ်တုန်းကလည်း အဲဒီလို ပြဿနာမျိုး ပေါ်ခဲ့ဖူးတယ်။ ၉၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူရေး အစီအစဉ်တွေ မပါလာတဲ့အတွက် အခု နှစ် ၂၀ လုံးလုံး လွှတ်တော်မခေါ်နိုင်ခဲ့ဘူး။ အခုတကြိမ်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ လွှတ်တော်ခေါ်လို့ မရဘူးဆိုရင် ဒီတကြိမ်မှာလည်း ရွေးကောက်ပွဲဝင်လို့ အဖြေမှန်တွေ မထွက်လာမှာကို ကျနော်တို့က စိုးရိမ်တယ်။”

ဒီအခြေအနေအပေါ် အခြား နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဆိုပါတယ်။

နေပြည်တော်ကြွက်မှာ ပလိပ်ရောဂါတွေ့

နေပြည်တော်မှာ ပုလိပ်ရောဂါကြောင့် သေဆုံးနေတဲ့ ကြွက်သေတွေကို တွေ့ရှိခဲ့တဲ့အတွက် အစိုးရက သက်ဆိုင်ရာ ဌာနတွေကို သတိထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြရေးသားပါတယ်။ ပုလိပ်ရောဂါနဲ့ အလှမ်းဝေးခဲ့ပြီ ဖြစ်တဲ့ မြန်မာပြည်သူတွ အနေနဲ့ ဒီကိစ္စကို သတိထားပြီး စောင့်ကြည်ဖို့ လိုတယ်လို့လည်း နေပြည်တော်ဝန်းကျင်က ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းတွေကလည်း ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ ရန်ကုန်-နေပြည်တော် ကားလမ်းမပေါ်က မှတ်တိုင်အမှတ် ၄၅ ၀န်းကျင်လောက်မှာ ကြွက်အုပ်ကြီးတွေ ဖြတ်သန်းသွားလာခဲ့တဲ့ သတင်းတွေ ထွက်လာခဲ့သလို ပဲခူးတိုင်း၊ ရန်ကုန်-နေပြည်တော် ၈ လမ်းသွား အမြန်လမ်းမပေါ်က ဒိုက်ဦးမြို့နယ်ပိုင် ဘာနီကျေးရွာ၊ ကျောက်တလုံးနဲ့ မရမ်းချောင်းကျေးရွာ အနီးမှာ ကြွက်တွေ အများအပြား ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ သတင်းတွေကို ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ ရေးသားကြပါတယ်။ အဲဒီနောက်ပိုင်း ကြွက်ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်တွေလည်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြလာကြပါတယ်။

တခါ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်က ၀န်ကြီးဌာန ရုံးတခုမှာ ပလိပ်ရောဂါ ကူးစက်နေတဲ့ ကြွက်သေ ၆ ကောင်လောက် တွေ့ရှိတဲ့အကြောင်း အမည်မဖော်လိုသူ ၀န်ထမ်းတယောက်ရဲ့ ပြောဆိုချက်ကို ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒါကြောင့် နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနက ပုလိပ်ရောဂါ ကာကွယ်ရေး သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့လည်း ရိုက်တာက ဆိုပါတယ်။ အခုလို ကြွက်အများအပြား တွေ့ရတာဟာ ကြွက်နဲ့ပတ်သက်တဲ့ ပလိပ်ရောဂါတွေကို ဒီအချိန်မှာ အထူး သတိထားသင့်တယ်လို့ နေပြည်တော်အနီး ပျဉ်းမနားမြို့က ကျန်းမာရေးဆိုင်ရာ ဆရာဝန်တဦးက ဆိုပါတယ်။

“မဖြစ်ဘူးလို့တော့ ပြောလို့မရဘူး။ ကြွက်နဲ့ပတ်သက်တဲ့ ပလိပ်ရောဂါတို့ ဘာတို့ ဖြစ်နိုင်တာပဲလေ။ ကြွက်နဲ့ပတ်သက်တာ များလာရင်တော့ ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တာပေါ့။ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ ဘယ်လောက် အတိုင်းအတာအထိ ဖြစ်လာမယ်ဆိုတာတော့ ကျနော် တခါမှ ဒီလို ကြွက်တွေ အလုံးအရင်းနဲ့ မကြုံဘူးတော့ သေချာတော့ မသိဘူး။”

အထူးသဖြင့် ဒီအချိန်မှာ ဒေသခံလူထုနဲ့ ကျန်းမာရေးဌာနတွေကြား အချိတ်အဆက်မိမိ ကြွက်ရောဂါ အန္တရာယ်ကို သတိထား စောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။

“ကြွက်တွေ သေတာတို့၊ ကျတာတို့ ရှိရင် စောစောစီးစီး နီးရာဌာနတွေကို အသိပေးရမှာပေါ့။ တကိုယ်ရေ သန့်ရှင်းတာတို့၊ ကြွက်က ကူးစက်နိုင်တဲ့ ပလိပ်ရောဂါတို့ ဘာတို့ ရှိနေတဲ့အခါကြတော့ ပြည်သူလူထု အနေနဲ့ကတော့ စောင့်ကြည့်နေရမှာပေါ့။ ကျန်းမာရေးဌာနကလည်း သူတို့ အမြဲတမ်း သတိပေးပါတယ်။ သတိပေးတဲ့အတိုင်း လိုက်နာဖို့ပါပဲ။

“အဓိကကတော့ ကိုယ့်အနီးအနားမှာ ကြွက်ကျတယ်၊ သေတယ်ဆိုရင် အနည်းနဲ့ အများတော့ တဦးနဲ့တဦး ကျန်းမာရေးဆိုင်ရာ ဌာနတွေကို အသိပေးမယ်၊ ကာကွယ်ဖို့တို့၊ ရောဂါမပြန့်ပွားအောင်တို့ ဒါတွေလုပ်ဖို့တော့ ရှိမှာပေါ့။ ပလိပ်ကလည်း မဖြစ်တာ ကြာပြီဆိုတော့ လူတွေကလည်း အဲဒါနဲ့ ပတ်သက်လို့တော့ နည်းနည်း အလှမ်းဝေးမှာပေါ့။ အဲဒါတွေကို ပြန်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့လူတွေက တဆင့်တဆင့် ပိုပြီးတော့ နားလည်လာအောင်လို့ ဖြန့်ဝေပေးဖို့ပါပဲ။”

ပျဉ်းမနားမြို့ခံ ဆရာဝန်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက ကြွက်တွေဟာ ပဲခူးတိုင်းအတွင်းကို အုပ်နဲ့ချီ ရွှေ့ပြောင်းပြီး ၀ါးတောတွေထဲ ၀င်သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ညဘက်အချိန် အုပ်စုနဲ့ လမ်းမတွေပေါ် ဖြတ်ပြေးကြတဲ့ ကြွက်တွေကို ကားတွေက ရှောင်တိမ်းမရ နင်းကြိတ်ခဲ့ရတဲ့အထိ များပြားသလို ဒေသခံတွေကတော့ စပါးနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးမယ့်အရေးလည်း တွေးပူနေကြပါတယ်။ အခုလို ကြွက်တွေ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းလာတာ ဒါ ပထမဦးဆုံးအကြိမ် တွေ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောသလို ကြွက်တွေက ၀မ်းဗိုက်ဖြူ ကြွက်အမျိုးအစားများ ဖြစ်တယ်လို့လည်း ပြည်တွင်းထုတ် သတင်းတွေမှာ ဖော်ပြ ရေးသားထားကြပါတယ်။

ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် (သတိပေးချက်)

ယနေ့  မြန်မာ စံတော်ချိန် နေ့ လည် ၁၂ နာရီ အချိန် ခန့် က Freedom News Group မှ Freedom
Weather Software ၏ တွက်ချက်မှု များ အရ ရန်ကုန်မြစ် ၊ သံလွင်မြစ်(ဘားအံ) ၊ချင်းတွင်းမြစ် (မုံရွာ)၊
ဧရာဝတီ မြစ် (မန္တလေး) တို့ တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်နိုင် သည် ဟု ဆိုသည်။

ထိုကဲ့ သို့ မြစ်ရေ ကြီး နိုင်မှု နှင့် ထူးကဲ ဒီရေ တက်နိုင်မှု များ ကြောင့် မြစ်ချောင်း နား အနီး တစ်ဝိုက်
တွင် နေသူများ သည် အထူး သတိရှိ ရန် လို ပြီး ရေစစ် ချိန် နှင့် ညဘက် အိပ်ချိန် များ တွင် အထူး
သတိရှိ ရန် လို သည် ဟု Freedom Weather Group မှ သတင်းထုတ်ပြန် ထားသည်။

ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု များ နှင့် မြစ်ရေတိုးမှုများ ကြောင့် စစ်တောင်းမြစ်ရေ
လည်းသည် ဝေါနှင့် စစ်တောင်း အနီးတွင် မြင့်တက်လာ နိုင်သည်။

မြစ်ရေ တက်မှုများ သည် ယနေ့ မှ စ၍ နောက်ဆယ်ရက် အတွင်းဖြစ်ပေါ် နိုင်သည်။

Freedom News Group မှ Freedom Weather Software သည် ဧပြီ နှင့် မေ လ အတွင်း
မြန်မာ နိုင်ငံ ဉ် ရာသီဥတု အလွန် ပူခြင်း ချိန် တွင် ရန်ကုန် မြို့ ဉ် မိုး စတင် ရွာမည့် ရက် ကို
နေ့ ရက် ၊ နေရာ နှင့် အချိန် အတိအကျ တွက် ချက် အဖြေ ထုတ်ပေး သည့် Software နှင့်
မြန်မာ နိုင်ငံ မှ သဘာဝ ဘေးဒဏ် စောင့်ကြည့် ရေး အုပ်စုများ ၏ သတင်းပေးကို့ ချက်ကို ခန့် မှန်းတွက်ချက်ကာ
အဖြေထုတ် ပေးထားခြင်း ဖြစ်သည်။

ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရေးမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်

အောင်မြင်(မုံရွာ)ဂျူလိုင် ၂ရက်နေ့ညပိုင်းတွင် မုံရွာမြို့ကျက်သရေဆောင် လယ်တီကျောင်းတိုက်နှင့်
စိတ္တသုခကျောင်းကို မိရှို့ရန်ကြံသူ (၅ )ဦးအား လယ်တီကျောင်းတိုက်မှ သံဃာတော်များမှ ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးမိစဉ်သံဃာတော်များက စစ်ဆေးမေးမြန်းရာ လူကြီးတွေရှို့ခိုင်းလို့ရှို့ရတာပါဟုပြောကြောင်းသိရသည်။
သက်ဆိုင်ရာအာဏာပိုင်တို့ က မီးရှို့ ရန်ကြံစည် သူများ ကို လာရောက်ခေါ်ဆောင်သွားပြီး မှုခင်းအရအရေးယူခြင်း
မရှိကြောင်းသိရသည်။

လယ်တီကျောင်းတိုက်သည် သံဃာထောင်ကျော် စာသင်ကြားနေသော စာသင်တိုက်ကြီးတဦးဖြစ်သည်။ လယ်တီဆရာတော်ကြီးရေးသားပြုစုတော်မူပြီး လယ်တီဒီပနီပေါင်းချုပ်ကို ပါဠိဘာသာနှင့်မြန်မာဘာသာ( ၂ )မျိုးဖြင့် ရေးထိုးထားသောလယ်တီကျောက်စာတိုက်မှာ ထင်ရှားကျော်ကြားလှသည်။
လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် တို့မီးရှို့ရန်ကြံစည်သူ ( ၅ )ဦးမှာ ဇွန်လ ( ၃ ) ရက်နေ့ကလောင်ကျွမ်းခဲ့သော မုံရွာမြို့၏ အထင်ကရချင်းတွင်းရတနာဈေးကိုမီးရှို့သူများဖြစ်ကြောင်း လယ်တီရပ်ကွက်နေ တက္ကသိုလ်ကျောင်းသားတဦးမှ Freedom News Group သို့ပြောပြသည်။လယ်တီကျောင်းတိုက် သို့ ဆက်သွယ်မေးမြန်းသော်လည်း အာဏာပိုင်တို့မှခြိမ်းခြောက်ထား
မှုတို့ကြောင့် တိုက်အုပ်ဆရာတော်မှ ဖြေဆိုရန်ငြင်းဆန်ခဲ့ကြောင်းသိရသည်။
သမိုင်းဝင် လယ်တီ ကျောင်းတိုက် ကို မီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် မန္တလေးမြို့ နယ်
အတွင်း နှင့် စစ်ကိုင်းရှိ သံဃာတော်များ မငြိမ်သက် ဖြစ်နေ သည် ဟု Freedom News Group မှ စုံစမ်း
သိရှိရသည်။
လယ်တီကျောင်းတိုက်နှင့် စိတ္တသုခကျောင်းတိုက် နှင့် အခြားကျောင်း တိုက်များ မှာ ၂၀၀၇ ခုနှစ်က
ကျော်ကြားလှသည့် ရွှေဝါရောင် သံဃာ့ တော်လှန်ရေး တွင် ပါဝင်ခဲ့သည်။
ယနေ့ မနက် ထပ်မံကြားသိရသည့် သတင်းများ အရ လယ်တီ ကျောင်းတိုက် အနီးတွင် လုံခြံရေး တပ်ဖွဲ့ 
နှင့် ရဲကားများ ချထား သည် ဟု သိရသည်။

လူထုစည်းရုံးရေး ခရီးစဉ်များ အာဏာပိုင်တို့ စောင့်ကြပ်

နိုင်ငံရေးပါတီများ၏ စည်းရုံးရေးခရီးစဉ်များ၊ ပြည်သူလူထုနှင့် တွေ့ဆုံပွဲများတွင် ဒေသဆိုင်ရာ အာဏာပိုင်များက နောက်မှ လိုက်လံစောင့်ကြပ် မှတ်တမ်းတင်မှုကြောင့် ပါတီများ စည်းရုံးရန် ခက်ခဲနေသည်။

စည်းရုံးရေး ခရီးစဉ်များတွင် စစ်အစိုးရအာဏာပိုင်များက လိုက်လံစောင့်ကြပ်နေခြင်းကြောင့် ရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးပါတီများမှ စည်းရုံးရေးမှူးများနှင့် ပြည်သူလူထု လွတ်လွတ်လပ်လပ် မဆွေးနွေးရဲဘဲ ဖြစ်နေသည်ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

“နောက်က တကောက်ကောက်လိုက်ပြီး မေးတာ ကျနော်တို့ကတော့ ဘာမှကိစ္စမရှိဘူး။ ဒါပေမယ့် အရပ်သားတွေကျတော့ စိုးရိမ်တာပေါ့၊ ကြောက်တာပေါ့နော်။ အဲဒါမျိုးတွေကို မလုပ်စေချင်ဘူးပေါ့နော် ” ဟု ၎င်းက ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ပါတီစည်းရုံးရေးမှူးများနောက် ထပ်ကြပ်မကွာ လိုက်ပါနေပြီး လူထုတွေ့ဆုံ စည်းရုံးပွဲများတွင်လည်း ဘေးမှထိုင်ကာ စောင့်ကြည့် သတင်းယူနေမှုကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများ လွတ်လွတ်လပ်လပ် ဟောပြောဆွေးနွေးခွင့် မရရှိဘဲ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကမူ နိုင်ငံရေးပါတီများ စည်းရုံးရေး ဥပဒေကြောင့် နှစ်ပေါင်း (၂၀) ကျော်အတွင်း မရရှိဖူးသည့် လူထုစည်းဝေးတွေ့ဆုံပွဲများ လုပ်ဆောင်လာနိုင်မည်ဟု အကောင်းဘက်က ရှုမြင်သုံးသပ်၍ ရသော်လည်း ရွေးကောက်ပွဲကော်မရှင်၏ စည်းကမ်းများမှာ တင်းကျပ်လွန်းလှသည်ဟု ပြောဆိုသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံရေးပါတီများကို လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့် ပေးသင့်ကြောင်း ဦးသုဝေက ပြောကြားသည်။

၎င်းက “ရွေးကောက်ပွဲမှာလည်း တရားမျှမျှတတ ဖြစ်စေချင်တာပေါ့။ လွတ်လည်း လွတ်လပ်ရမယ်၊ တရားလည်း မျှတရမယ်။ ဖြစ်ချင်တော့ အခုနေခါမှာ ကျနော်တို့ စည်းရုံးရေး ဘာညာ ဆင်းတဲ့အခါမှာ အာဏာပိုင်တွေက ခပ်ခွာခွာနေပေါ့ဗျာ။ ကျနော်တို့ သတင်းယူချင်လည်း နောက်ပြီးတော့မှ မေးပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးပါတီများကို စည်းရုံးလှုပ်ရှားခွင့် ပုံနှိပ်ထုတ်ဝေခွင့်အတွက် စည်းကမ်းများ တင်းကျပ်ထားသော်လည်း ကြံ့ဖွံ့ပါတီကမူ ပြည်သူလူထုက မထောက်ခံသည့်တိုင် အာဏာသုံးကာ ပါတီဝင်များ စုဆောင်းနေကြောင်း နိုင်ငံရေးသမားများက ထောက်ပြပြောဆိုသည်။

ခေတ်ပြိုင်သတင်းထောက် စိုးမိုး ရေးသားသည်။

မကွေးတိုင်း တွင် အရပ် (၇၇ ဒသမ ၄၇ စင်တီမီတာ) သာ ရှိသည့် ကိုရင်ကြီး တစ်ပါး တွေ့ရှိ

သာမန်ထက် ထူးကဲပြီး အရပ် ပုသော၊ ရှည်သော သူများကို ဂင်းနစ် စံချိန် တင်ရန် နိုင်ငံ အများ အပြား၌ ကြိုးစား နေကြ ချိန်တွင် မြန်မာနိုင်ငံ ၌လည်း သတင်းထောက် များက ရှာဖွေ ဖော်ထုတ်လျက် ရှိရာ အသက် ၁၆ နှစ် အရွယ်ရှိ သော်လည်း နှစ်ပေခွဲ ကျော် (၇၇ ဒသမ ၄၇ စင်တီမီတာ) အမြင့်သာ ရှိသည့် ရှင်ကုဏ္ဍလ (လူအမည် ကျော်ဆန်းဦး) အား မကွေးတိုင်း၊ ပေါက်မြို့တွင် ဇွန်လ ၂၆ ရက် နေ့က မြန်မာတိုင်း(မ်) မှ သွားရောက် တွ့ဆုံ ခဲ့ကြောင်း သတင်း ရရှိသည်။ အဖ ဦးကျော်မြင့်နိုင်၊ အမိ ဒေါ်ကြည်ဝင်း တို့က ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် မွေးဖွားပြီး မွေးချင်း ညီအစ်ကို သုံးယောက် အနက် အကြီးဆုံး ဖြစ်သည်။

ဒုတိယတန်း အထိ စာသင်ကြားခဲ့ ဖူးပြီး ပေါက်မြို့၊ ရန်အောင်မြင် ကျောင်းတိုက် တွင် ပြီးခဲ့သည့် နှစ်မှ စတင်၍ ကိုရင် ၀တ်ဖြင့်ပင် သီတင်း သုံးလျက် ရှိသည်။ မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်း က " အရပ်များ ရှည်လာ မလားလို့ ကိုရင် ၀တ်ပေး ကြည့်တာ မထူး ပါဘူး။ ဒီ အရပ်က ငါးနှစ် သားလောက် ကတည်းက မတက်ေ တာ့တာ" ဟု ပြောသည်။ ဂင်းနစ် စံချိန်တင် နိုင်ရန် လျှောက်ထား သူသည် အသက် ၁၈ နှစ် ပြည့်ပြီး ရန်လို အပ်ပြီး လက်ရှိ အနေ အထား အရ ကမ္ဘာ့ အရပ် အပုဆုံး လူသား အဖြစ် စံချိန် တင်နိုင်ရန် ကြိုးစား နေသည့် နီပေါ နိုင်ငံ မှ ခါဂန် ဒရာသပ္ပ မန်တရာသည် လာမည့် ၂၀၁၀ အောက်တိုဘာ လတွင် ၁၈ နှစ် ပြည့်မည် ဖြစ်ပြီး ၎င်း၏ အရပ်သည် ၆၃ စင်တီမီတာ ခန့် မြင့်သည်။

ရန်ကုန်တိုင်း အတွင်းရှိ လယ်သမားများ အတိုးနည်း ချေးငွေ လိုအပ်လျက်ရှိ

မိုးရာသီ ရောက်ရှိ လာပြီ ဖြစ်၍ ရန်ကုန်တိုင်း အတွင်းရှိ လယ်ယာ လုပ်ငန်းခွင် ဝင်လျက် ရှိကြသော လယ်သမား အချို့သည် အတိုးနှုန်း သက်သာ သော ချေးငွေများ လိုအပ်လျက် ရှိကြောင်း လှည်းကူး မြို့နယ်ရှိ လယ်သမား အသိုင်း အဝိုင်းက ဆိုသည်။ ယခု နှစ်တွင် လှည်းကူး မြို့နယ် အတွင်းရှိ လယ်ယာ လုပ်ကိုင် သူများဟာ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တစ်ရာလျှင် ငါးမတ် အတိုး နှုန်းဖြင့် ချေးငွေများ ထုတ်ချေး ခဲ့ကြောင်း၊ လယ်တစ် ဧကလျှင် နှစ်သောင်း နှုန်းဖြင့် လယ်သုံး ဧက နှင့် အထက် ပိုင်ဆိုင်သူ များက ထုတ်ချေး ပေးခြင်း ဖြစ်ကြောင်း သို့သော် လယ်လုပ်ငန်း လုပ်ကိုင်ရာ တွင် ကုန်ကျ စရိတ် ကြီးမား သဖြင့် အခြား မှ အတိုးနှုန်း ပိုမို များပြား စွာဖြင့် ငွေချေး နေရသည်။ အတိုးနှုန်း သက်သာသည့် ချေးငွေများ ပိုမို လိုအပ် ကြောင်း လှည်းကူးမြို့နယ် တံခွန်တိုင် ကျေးရွာရှိ လယ်သမား တစ်ဦးက ဆိုသည်။ အခြား လယ်သမား တစ်ဦးကလည်း ကျွန်တော်တို့ ရွာမှာ ဆင်းရဲ တဲ့ လယ် သမားတွေ ရှိတယ်။ တချို့ လယ်သုံးလေး ဧကနဲ့ လုပ်နေကြ ရတာ။ စပါး တစ်ဧက စိုက်ရင် အရင်း အနှီးက တစ်သိန်းကျော် လောက်ရှိ တယ်။ ချမ်းသာတဲ့ သူတွေ အတွက်က အကြောင်း မဟုတ် ပေမယ့် မရှိတဲ့ သူကျတော့ ချေးရ ငှားရတယ်။ အခုဆို ရွာထဲမှာ ကိုယ်နဲ့ နီးစပ်တဲ့ သူတွေ ဆီက ငွေ လှည့်ပြီး လယ်လုပ် နေကြရတဲ့ သူတွေ အများကြီးပဲ။ ဘဏ်က ချေးငွေလည်း ထုတ်ရတယ်။ အခြား သူတွေဆီ ကလည်း ချေးရတယ်။ အပြင်က ချေးရင်တော့ ငါးကျပ်တိုး ၊ တစ်ဆယ်တိုး ပေးရ တယ်ဟု ပြောကြားသည်။ အဆိုပါ လှည်းကူး မြို့နယ် တံခွန်တိုင် ကျေးရွာ နှင့် ဘားလားကြီး ကျေးရွာ တို့တွင် နေထိုင်သူ အများ စုသည် လယ်သမားများ ဖြစ်ပြီး အဆိုပါ ရွာများ၏ ဝန်းကျင်တွင် လယ်ဧက ၈၀ဝ ခန့် ရှိသည်ဟု လယ်သမား တစ်ဦးက ဆိုကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။

ဗမာ့သွေးပြောတဲ့ တမျိုးသားလုံး လွတ်မြောက်ရေး တိုက်ပွဲ

တမျိုးသားလုံး လွတ်မြောက်ရေး တိုက်ပွဲ





ဒီနေ့မြန်မာနိုင်ငံရဲ့ အခြေအနေကို လေ့လာကြည့်လျှင် လက်ရှိအစိုးရမှာ လွန်စွာ ဘေးကျပ်နံကျပ် အနေအထားမျိုးရောက်နေသည်ကို တွေ့ရှိနိုင်သည်။

ကျွန်ူပ်တို့တိုင်းသူပြည်သားများ ညီညွတ်ကြမည်ဆို လျှင် လူသားအားလုံးတောင့်တနေသော လွတ်လပ်၍ တရားမျှတသော
ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အလွယ်တကူ ရောက်ရှိနိုင် သလို ခေါင်းငုံ့ကာ သီးခံလိုက်မည်ဆိုလျှင်လည်း
မြန်မာနိုင်ငံပြည်သူလူထု သည် အကြီးမှားဆုံးသော ကျွန်အဖြစ်သွတ်သွင်းပွဲကြီးကို အလိုအလျှောက်လက်ခံလိုက်သည်နှင့်တူတူပင်ဖြစ်သည်။

ပြည်သူလူထု အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ ကို အမြန်ဆုံး ဆုံးဖြတ်ပေးသင့်တယ်။

ဘယ်သူတွေ ဘယ်လောက်ဘဲ ဦးဆောင်တာ ကောင်းပါစေ ပြည်သူလူထု မပါတဲ့တိုက်ပွဲဆိုရင် ရှုံးဖို့ကသေချာတယ်၊

ရှုံးရင် ဘာဖြစ်မလဲ ပြည်သူတွေ သိပြီးသားပါ ။ အထူးအထွေ မရှင်းပြချင်တော့ဘူး။

မိမိတို့ ကျရာအခန်း ဂဏ္ဍကနေ တာဝန်ယူပေးကြဖို့ဘဲ လိုအပ်တယ်။ အာဏာရှင်စနစ်ဆိုး အောက် က ဘယ်အချိန်လွတ်မြောက်မှာလဲလို့

မေးရင် ပြည်သူလူထုအပေါ်မှာဘဲ မူတည်တယ်လို့ ပြန်ဖြေရမှာဘဲ၊

ပြည်သူတွေ ဆန္ဒပြင်းပြစွာ နဲ့ အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြရင် ဘယ်အာဏာရှင်မှ ရေရှည်အာဏာကို ထိန်းသိမ်းထားလို့ မရဘူးဆိုတာ

ရာဇ၀င် သမိုင်းတွေကို ပြန်ကြည့်ရင် အထင်အရှား တွေ့ရှိရလိမ့်မယ်။

ကျွန်ူပ်တို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အာဏာရှင်စနစ်ဆိုး၏ ကောက်ကျစ်ယုတ်မာ သော လုပ်ရပ်များကြောင့်

ပြည်သူလူထု ကား ပညာညဏ်အလင်းပွင့်လင်းခွင့်မရရှိကြတော့ပေ။

တက္ကသိုလ်ကျောင်းတွေ တော်တော်များများမှာ ဆိုရင်လည်း ကျောင်းသားတွေ အသိညဏ် ဖွံ့ဖြိုးစေမယ့် သင်ခန်းစာတွေကို ဖြုတ်ပြီး သူတို့စိတ်တိုင်းကျ ချယ်လှယ်နိုင်အောင်

စစ်တပ်က လူတွေကို အုပ်ချုပ်ပိုင်းမှာ တာဝန်တွေ ပေးထားကြတယ်။

စာပေစီစစ်ရေးဆိုသည့် အဖွဲ့အစည်း၏ အဓိကတာဝန်မှာလည်း ပြည်သူ့အကျိုးပြု နိုင်ငံရေးစာပေများကို မှန်ဘီလူးဖြင့်ရှာဖွေ၍ တားဆီးကာ ပြည်သူလူထုအား

အကျိုးယုတ်စေမည့် ညစ်ညမ်းစာပေများကိုမူ တရားဝင် ရေးသားခွင့်ပြုနေသည်မှာလည်း အဓိကအချက်တရပ်ဖြစ်သည်။

ထို့ထက်ပိုဆိုးသည်ကား သမိုင်းသုသေသီဟု အမည်ခံကာ မြန်မာနိုင်ငံသမိုင်းအကြောင်းဖော်ထုတ်ရေးသားနေသော အချို့သောသူများသည်

ကျွန်ူပ်တို့တိုင်းပြည်၏ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ချန်လှပ်ထားကာ သခင်အားရ ကျွန်ပါးဝစွာ ပညာရှင်အမည်ခံလျှက်

ကလောင်ကိုင်ကာ လုပ်စားလျှက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။

ကျွန်တော်သေချာပေါက် တခုပြောရဲတယ် ဗိုလ်ချုပ်အကြောင်းမပါတဲ့ သမိုင်းစာအုပ်တွေကို ဖတ်ရတာ ဆားမပါတဲ့ ဟင်းကို စားနေ

ရသလို ပြည်သူလူထုအားလုံး ခံစားကြရမှာဘဲ။ အဲဒီလိုဘဲ ဗိုလ်ချုပ်အောင်ဆန်းမပါတဲက သမိုင်းစာအုပ် ဟာလည်း

ဘယ်တော့မှ ပြည့်စုံမှုမရှိနိုင်ဘူးဆိုတာ တော့ ယုံကြည်တယ်။

စစ်မှန်သော သမိုင်းကြောင်းများကို ရေးသားတင်ပြချင်သော စာပေပညာရှင်များ၏ စာမူများကို စစ်အစိုးရဦးစီးသော စာပေစီစစ်ရေးမှ ပယ်ရှားလျှက်ရှိနေသည်။



ယနေ့ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့်ဖျောက်ထားဖို့ ကြိုးစားနေကြသနည်း ဟု မေးရန်ရှိလာသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်အား ထူထောင်သွားသူဖြစ်သည်။ သူတပ်မတော်သာများအား ဆိုဆုံးမခဲ့သည်များကို ယနေ့တပ်မတော်သားများ

သိရှိလာပါက အမှန်ကို သိ မြင်လာမည်ကို လက်ရှိအစိုးရမှာ လွန်စွာ စိုးရိမ်လျှက်ရှိသည်။

ဗိုလ်ချုပ်၏ တိုင်းပြည်အပေါ်ထားရှိသော စေတနာများကို ပြည်သူလူထု သိမှာကို လည်း အစိုးရသည် လွန်စွာကြောက်ရွှံ့လျှက်ရှိသည်။

ကျွန်ူပ်တို့ဗိုလ်ချုပ်ဟောကြားခဲ့သော တမျိုးသားလုံ လွတ်မြောက်ရေး ဆိုသည့်စကားကိုလက်ရှိ အစိုးရာကားအကြောက်ဆုံးပင်ဖြစ်သည်။

ခေတ်တွေဘယ်လိုပင်ပြောင်းပြောင်း ဗိုလ်ချုပ်၏ ညဏ်အမြော်အမြင်ဖြင့် ဟောပြောသွားသော မိန့်ခွန်းများမှာ ထာဝရသစ်လွင်ဆဲပင်ဖြစ်သည်။



ကျွန်ူပ်တို့သည် ဘာကြောင့်အာဏာရှင်စနစ်ဆိုးအောက်တွင်နှစ်ပေါင်းများစွာ နေခဲ့ကြရပါသနည်း ။ အဖြေကားရှင်းရှင်းလေးပင်ဖြစ်သည်။

ကျွန်ူပ်တို့တိုင်းသူပြည်သားများသည် ကျေးဇူးရှင်ကို မေ့လျော့နေကြသောကြောင့်သာ လျှင်ဖြစ်သည်။

ကျွန်ူပ်တို့အား ချထားပေးခဲ့သော တာဝန်များကို မေ့လျော့ကာ မိမိတို့ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်ခဲ့ကြသောကြောင့်

အာဏာရှင်စနစ်ဆိုးကား တည်မြဲနေခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ် အမြဲပြောကြားခဲ့သော တမျိုးသားလုံးလွတ်မြောက်ရေးထက် မိမိလွတ်မြောက်ရေးနောက်ကို လိုက်နေသမျှတော့ တိုင်းပြည်ကား ပျက်စီးခြင်းမလှ ပျက်စီးနေအုံးမည်ပင်ဖြစ်သည်။





ဤနေရာတွင် ခေါင်းဆောင်ဆိုသော အခန်းဂဏ္ဍမှာ လွန်စွာ အရေးပါလျှက်ရှိသည်။ တမျိုးသားလုံးကို ခေါင်းဆောင်မည့်ပုဂ္ဂိုလ်သည်

တမျိုးသားလုံးလေးစားရမည့် ပုဂ္ဂိုလ်ဖြစ်သင့်သည်။

ထို့အပြင်တိုးတက်သော ညဏ်အမြင်ဖြင့် တိုင်းပြည်သာယာဝပြောစေမည့် နည်းလမ်းကောင်းများကို ကိုယ်တိုင်လက်တွေ့ကျကျ

အကောင်အထည်ဖော်ပေးနိုင်မည့်သူဖြစ်ရမည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အကျိုးကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ မြန်မာ တမျိုးသားလုံးသာမက ပြည်ပတိုင်းပြည်များကပါ

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်ခင်ခြင်းကြောင့်ပင်ဖြစ်သည်။

ကျွန်ူပ်တို့လက်ထက်တွင်တွင် လည်း တမျိုးသားလုံး အာဏာရှင်စနစ်မှ လွတ်မြောက်စေရေးအတွက် အထက်ပါ အရည်အချင်းများဖြင့်ပြည့်စုံသော လူထုခေါင်းဆောင်ကို အမြန်ဆုံးရွေးချယ်တင်မြှောက်သင့်လှပေသည်။



ယနေ့မြန်မာပြည်၏ နိုင်ငံရး လုပ်ငန်းများတွင်တွက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူများ နှင့် ပြည်သူလူထု အာလုံးလေးစားလျှက်ရှိသော

နိုင်ငံခေါင်းဆောင်ကား အထူးရွေးထုတ်စရာပင် မလိုလှချေ။
မြန်မာနိုင်ငံတွင်သာ မက ကမ္ဘာနိုင်ငံအသီးသီးက ပင် လေးစားကြည်ညိုနေကြသည့် အမျိုးသားခေါင်းဆောင်ကား
ကျွန်ူပ်တို့တိုင်းပြည်တွင် ရှိနေပြီးသားပင်ဖြစ်သည်။

ထိုသူကား ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဗိုလ်ချုပ်အောင်ဆန်း၏ သွေးမျိုးဆက် ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်သည်။

ဤအချက်သည်ကား ကျွန်ူပ်တို့တိုင်းပြည်ကံကောင်းစေမည့် အချက်လေးတချက်ပင်ဖြစ်သည်။

ကျွန်ူပ်တို့သည် ထိုအချက်လေးတချက်ကို လက်ကိုင်ထား၍ တမျိုးသားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို

ပြည်သူလူထု ခေါင်းဆောင်အဖြစ် တင်မြှောက်ကာ ကျွန်ူပ်တို့တိုင်းပြည် အာဏာရှင်စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်အောင် ကြိုစားကြရမည် ။

ထိုအချက်ကို အမိအရယူကာ ပြည်သူလူထုအင်အားဖြင့် ရုန်းကန်ကြလျှင် မကြာမှီ အချိန်အတောအတွင်း ကျွန်ူပ်တို့တိုင်းပြည်သည်

လွတ်လပ်၍ တရားမျှသော ဒီမိုကရေစီ နိုင်ငံသို့ အရောက်လှမ်းနိုင်မည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ သူတလူငါတမင်း အတ္တနှင့်မာနကို ရှေ့တန်းတင်နေကြလျှင်တော့ တိုင်းပြည်အနာဂတ်ကား ဆက်လက်၍ အမှောင်ဖုံးနေအုံးမည်ပင်ဖြစ်သည်။




ပထမဆုံး အနေနဲ့လုပ်သင့်တာက လက်ရှိအစိုးရကို ဆန့်ကျင်နိုင်မယ့် အင်အောင်းကောင်းတဲ့ အဖွဲ့အစည်းအဖြစ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို အမြန်ဆုံးအင်အား ဖြည့် ပြန်လည် လုပ်ရှားမှု ပြုသင့်တယ်။
ရည်ရွယ်ချက် ချင်းလည်းတူ ဦးတည်ချက်ခြင်းလည် တူနေကြပါလျှက်နဲ့ သူ့အုပ်စု ၊ ငါ့ပါတီ ခွဲခြားနေကြရင်တော့
ဒီတသက် အာဏာရှင်စနစ်အောက် က ဘယ်တော့မှ မလွတ်မြောက်ဘူးမှတ်ကြပါ။

တကယ်ခေါင်းဆောင်နိုင်မယ့်သူ ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွှန့် အနစ်နာခံနိုင်ခံတဲ့သူတွေ ကို ရွေးပြီး ဦးဆောင်ခိုင်းရမှာဘဲ။

ဗိုလ်ချုပ်ပြောခဲ့သလိုဘဲ လွတ်မြောက်ရေး လမ်းစဉ်ကို ဦးတည်နေတဲ့ အချိန်မှာ ပညာညဏ်သိပ်ကြီးမားတဲ့ သူတွေ

သိပ်မလိုအပ်သေးဘူး။ တကယ့်လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်နိုင်မယ့် လူတွေ များများရှိဖို့ဘဲ လိုအပ်တယ်။

ဒီစကားပြောလို့ ပညာညဏ်ကြီးမားတဲ့သူတွေကို စော်ကားတယ်လို့ မမှတ်ကြပါနဲ့ ။ သူတို့တွေရဲ့ ပညာမာနတွေကို

ခဏမေ့ထားပြီး တမျိုးသားလုံးလွတ်မြောက်ရေးကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြမယ်ဆိုရင်တော့ အင်မတန်အားရှိစရာ

ကောင်းတာပေါ့။

အဲဒီလိုမျိုးမဟုတ်ဘဲ နေရာတကာ ငါ့ညဏ်သာ အကောင်းဆုံးဆိုပြီး တကယ်လုပ်နေတဲ့သူတွေကို နှောက်ယှက်သလို

ဖြစ်နေရင်တော့ သိပ်မဟန်ချင်ဘူး။ အဲဒါတော့ကိုယ်ဟာကို ဆုံးဖြတ်တာ ပိုကောင်းတယ်လို့ ထင်မြင်မိတာဘဲ။


ပထမဆုံးအနေနဲ့ လူထုအင်းအားကို ပြနိုင်ဖို့ အရေးကြီးတယ်။ ဒါမှသာ လက်ရှိအစိုးရဆီက ပြည်သူလူထုအတွက်တောင်းဆိုရမယ့်
နေရာမှာ အမြန်ဆုံးအကျိုးသက်ရောက်နိုင်မှာ ဖြစ်တယ်။ သူတို့ကတော့ လွယ်လွယ်နဲ့အာဏာလွှဲပြောင်းပေးအပ်မှာ မဟုတ်ဘူးဆိုတာ
ကတော့သေချာတယ်။ ဒါပေမယ့်လည်း တောင်းဆိုခြင်းကို ပထမဆုံးပြုလုပ်ရမှာဘဲ။
အလကားနေရင်း ဆန္ဒပြနေတာလည်း သိပ်တော့မကောင်းလှဘူး ။ တကယ်နစ်နာတာ က ပြည်သူလူထုဘဲ ။
တောင်းဆိုမှု လုပ်လို့ မရတော့မှ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်။ အခုလောလောဆယ် လူထုခေါင်းဆောင် ကို မတရားချုပ်နှောင်ထားတာ
ကိုတော့ အမြန်ဆုံးလွှတ်ပေးအာင် တောင်းဆိုကြရမှာဘဲ။

ပြည်သူတွေ နိုင်ငံရေးစကား မပြောရဲ အောင် အာဏာရှင်တွေက လက်နက်ကိုင်ပြီး အကြမ်းဖက်ပြခဲ့တာတွေ ရှိခဲ့တာတော့ အမှန်ဘဲ။
ဒီမိုကရေစီ တိုက်ပွဲမှာ အသက်ပေးသွားခဲ့ကြတဲ့ပြည်သူလူထုတွေ လည်း မနည်းတော့ဘူး ။ ၀မ်းသာစရာ တစ်ခုတော့ ရှိတယ်။
လက်ရှိ အာဏာရှင်ယန္တရားထဲ က ရုန်းထွက်ချင်နေကြတဲ့ မျိုးချစ်တပ်မတော်သားတွေ အများကြီး ရှိနေသေးတယ်။
သူတို့ကလည်း ပြည်သူလူထုနဲ့ လက်တွဲပြီး ဒီမိုကရေစီ နိုင်ငံကြီးကို ချီတက်ချင်နေကြတယ် ။
အဓိက ပြည်သူလူထု သိထားရမှာ က ဒီအချိန်မှာ မြှောက်တိုင်းလည်း မမြှောက်ကြနဲ့၊ ခြောက်တိုင်းလည်း
မကြောက်ကြပါနဲ့။ နိုင်ငံတိုင်းမှာ ပြည်သူလူထု ဆိုတာ အင်အားအကြီးဆုံးဆိုတာကို စိတ်ထဲ စွဲနေအောင် မှတ်ထားကြပါ။



ပြည်သူအကျိုးပြု လုပ်ငန်းကြီးကို လုပ်မှာဖြစ်တဲ့ အတွက် အတ္တတွေကို ချိုးနှိမ်ထားဖို့တော့လိုတယ်လို့ ထင်မြင်ယူဆမိတယ်။

တကယ်တိုင်းပြည်ကို ချစ်ပါတယ်ဆိုတဲ့ သူတွေဟာ ပြည်သူအရေးဘဲ ဦးစားပေးလုပ်ဆောင်ကြမှာဘဲ လို့ ကျွန်တော်တော့

ထင်မြင်ယူဆမိပါတယ်။

ပြည်သူတွေကို ပထဆုံး စည်းရုံးတဲ့နေရာမှာ အာဏာရှင်စနစ်ရဲ့ ဆိုးဝါးယုတ်မာပုံတွေ ၊ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်လာရင်

ပြည်သူတွေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေ ဒါတွေကို ပထမဆုံး ပြည်သူတွေ သိအောင် အရင်လုပ်ပေးရမယ်။



ကျွန်တော်သေချာပေါက် ပြောရဲတယ် ၊ မြန်မာပြည်သူလူထုရဲ့ ၈၀ ရာခိုင်းနှုံး ဟာ နိုင်ငံရေးရဲ့ အဓိပ္ပယ်နဲ့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်တွေကို ကောင်းကောင်းမသိကြသေးဘူး။

ဒါတွေကို သူတို့သိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ပြည်သူတွေ အနေနဲ့လည်း သေချာနားလည် သဘောပေါက်စေချင်တယ် ။

နိုင်ငံရေးလုပ်နေတဲ့လူတွေ ဟာ လုပ်စရာမရှိလို့ နိုင်ငံရေးလုပ်နေကြတာ မဟုတ်ပါဘူး

ကိုယ့်တိုင်းပြည်ကြီး ပျက်စီးနေတာကို မကြည့်ရက်ကြလို့ထလုပ်နေတဲ့သူတွေ အများကြီးပါ။
ကိုယ်ကျိုးရှာ နိုင်ငံရေး သမားဆိုတာ လည်းရှိတာဘဲ။ ဒါပေမယ့် တကယ့် တမျိုးသားလုံး လွတ်မြောက်ရေးကို ကြိုးစားပမ်းစား
လုပ်နေကြတဲ့ သူတွေကို တတ်နိုင်တဲ့ဘက်က အကူအညီ ပေးကြဖို့က အရေးကြီးဆုံးဘဲ။



ကျွန်တော် အခုပြောတာကို သဘောမကျဘူးဆိုတဲ့ လူတွေ ၊ နိုင်ငံရေးကို ဗန်းပြပြီး ကိုယ်ကြိုးရှာချင်တဲ့ လူတွေက တော့ ကန့်ကွက်ကြအုံးမှာဘဲ။

နောက်အစိုးရ လက်ဝေခံ လူတန်းစား တွေကလည်း နိုင်ငံရေး ဆိုတာ ပြည်သူတွေ မလုပ်သင့်ဘူးလို့ ၀ါဒဖြန့်နေကြအုံးမှာဘဲ။

ဒါတွေကို ပြည်သူတွေ အနေနဲ့ နားမယောင်ဖို့ အဓိကလိုအပ်ပါတယ်။ အခုလုပ်နေတာတွေဟာ တမျိုးသားလုံးကောင်းစား ရေုးကို လုပ်နေတာပါ လို့ ကျွန်တော် သေချာပေါက် ရဲရဲကြီး ကို အာမခံရဲတယ်ဗျာ။


အချို့ကလည်း လာမေးကြတယ် ။ ဒီမိုကရေစီ ရရင် ချက်ချင်းဘာတွေ ပြောင်းလဲနိုင်မလဲတဲ့။
ချက်ခြင်းပြောင်းလဲနိုင်တာ တွေကတော့ အခုပြည်သူတွေ ခံစားနေရတဲ့ မတရားအနိုင်ကျင့်မှုတွေ ၊ မင်းမဲ့စရိုက်ဆန်တဲ့အုပ်ချုပ်ရေးစနစ်တွေ
ကတော့ ချက်ချင်းရပ်တန့်သွားမှာဘဲ။
ချက်ချင်းကြီးတော့ ပြည်သူတွေ စိတ်တိုင်းကျ ဘယ်သူမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်သေးဘူး။ သေချာတာ တခုကတော့
ဒီမိုကရေစီရရင် ပြည်သူ့တွေရဲ့ အဓိက လိုအပ်ချက်တွေကို ပထမဆုံး ဖြည့်ဆည်း လုပ်ဆောင်ပေးမယ်ဆိုတာတော့ သေချာပေါက် ဂတိပေးရဲတယ် ။ တမျိုးသားလုံးလွတ်မြောက်ရေးဆိုတာ အာဏာရှင်စနစ်အောက်က လွတ်မြောက်ယုံတင် မကဘူး ။ ယခုပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခခက်အခဲတွေ ပါ
လွတ်မြောက်အောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့

စည်စည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အမြန်ဆုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ဘဲလိုအပ်တယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးကို ပြည်သူလူထုတရပ်လုံး ပါဝင်ကူညီကြပါလို့ ဒီနေရာကနေ လေးလေးနက်နက် တိုက်တွန်းလိုက်ပ်ါတယ်။





တိုင်းပြည်ကို အရမ်းချစ်တဲ့



ဗမာ့သွေး

မြန်မာနှင့် ဆက်စပ်မည့် ရထားလမ်း ကုဋေ ထောင်ချီ အကုန်ကျခံ တည်ဆောက်မည်

မြန်မာနိုင်ငံ ဆက်စပ်နိုင်မည့် ရထားလမ်း တလမ်းကို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ကုဋေထောင်ချီ အကုန်အကျခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ထုတ်ဖေါ်ပြောကြားသည်။

အဆိုပါ ရထားလမ်းမှာ စစ်တကောင်းမြို့ တောင်ဘက်ပိုင်းတွင် တည်ရှိသော ဒူဟာဇာရီမှ ကော့ဘဇား ခရိုင် အတွင်းရှိ မြန်မာနယ်စပ် အနီး ခေါင်းတုံး-တောင်ပြိုထိ ဖေါက်လုပ်သွားမည် ဖြစ်သည်။

တောင်ပြိုမြို့မှာ မောင်တောမြို့ မြောက်ဘက် ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီးတွင် တည်ရှိပြီး ယခုအခါ မြို့နယ်ခွဲ အဖြစ် သတ်မှတ်ခံထားရသော မြန်မာနိုင်ငံ၏ မြို့ တစ်မြို့ ဖြစ်သည်။

ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်သော ဘင်္ဂလာဒေခ်ျ့ အမျိုးသား စီးပွားရေး ကောင်စီ အစည်းအဝေးတွင် အဆိုပါ ရထားလမ်း ဖေါက်လုပ်ရေး အတွက် ဘင်္ဂလာ တာကာငွေ ၁၈၅၂ ကုဋေ အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ငွေပမာဏကို အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အဆိုပါ ရထားလမ်းကို ယခုလတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်သည်။

အဆိုပါ ရထားလမ်းကို ဖေါက်လုပ်နိုင်ခြင်း ဖြင့် အာရှ ရထားလမ်းမကြီးနှင့် ဆက်စပ်နိုင်မည် ဖြစ်ပြီး အရှေ့အနောက် ကုန်သွယ်ရေး လုပ်ငန်းကို မြှင့်တင်နိုင်ရန် ဘင်္ဂလာဒေခ်ျ့မှ ရည်ရွယ်ထားကြောင်း အရာရှိ တဦးက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင်လည်း စစ်အစိုးရမှ စစ်တွေ-မင်းဘူး-အမ်းရထားလမ်းကို တည်ဆောက်နေပြီး ယခုအခါ အပိုင်းလိုက် ပြီးစီး နေပြီး ဖြစ်သည်။ သို့သော်လည်း အဆိုပါ ရခိုင်ပြည်နယ် အတွင်း ဖေါက်လုပ်နေသော ရထားလမ်းကို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဖေါက်လုပ် နေသော ရထားလမ်းနှင့် ဆက်စပ်မည် မဆက်စပ်မည် ဆိုသည်ကို နအဖ စစ်အာဏာပိုင်များက ယခု အချိန်ထိ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာများ အပါအ၀င် ချစ်ကြည်ရေး ကားလမ်းဖေါက်လုပ်ရေး၊ တရုတ်- မြန်မာ- ဘင်္ဂလာဒေခ်ျ့ လမ်းဖေါက်လုပ်ရေး အတွက် လွန်ခဲ့သော ဘီအန်ပီ အစိုးရ လက်ထက် ကတည်းက စပြီး မြန်မာ စစ်အစိုးရနှင့် သဘောတူ လက်မှတ်များ တသီတတန်းကြီး ရေးထိုးခဲ့သည်။

သို့သော်လည်း မြန်မာက ပူးပေါင်းဆောင်ရွက်ရန် တက်ကြွမူ မရှိသဖြင့် ယခုအချိန်ထိ အဆိုပါ လမ်းများကို ဖေါက်လုပ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

မောင်တော မြို့မှ နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးက သူအမြင်ကို ယခုကဲ့သို့ ပြောသည်။

“ ဘင်္ဂလာဒေခ်ျ့ အစိုးရက မြန်မာ စစ်အစိုးရကို ချော့မော့ ဆက်ဆံရင် သူတို့ အတွက် အကျိုး အမြတ်တွေ ရနိုင်တယ်လို့ ယူဆ ထားကြပုံ ရပါတယ်။ ဒါကြောင့်လည်း မြန်မာနဲ့ သင့်တင့်အောင် ပေါင်းပြီး ချစ်ကြည်ရေး ကားလမ်း ဖေါက်လုပ်ရေး ကိစ္စ အတွက် တက်လာတဲ့ ဘင်္ဂလာ အစိုးရတိုင်းက ပြောဆို ဆွေးနွေး နေတာတွေ ရှိပါတယ်။ မြန်မာဘက် ကလည်း သဘောတူပါတယ်။ လုပ်ပါ။ ကတိတွေ ပေးတယ်။ လက်မှတ်တွေ ရေးထိုးတယ်။ ဒါပေမယ့် ၁၀ နှစ်ကျော်ရှိလာပြီ ဖြစ်ပေမယ့် ခုချိန်ထိ ဘာမှ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်တာ မရှိသေးဘူး။ မြန်မာ နအစ စစ်အစိုးရက လမ်းကောင်းရင် ဘင်္ဂလီကုလားတွေ ပိုဝင်လာမယ် ဆိုပီး ဘူးသီးတောင်- မောင်တောကားလမ်းကိုတောင်မှ မလုပ်ဘဲ ဒီအတိုင်း ပစ်ထားတယ်ဆိုတော့ ဘင်္ဂလာနဲ့ ရထားလမ်း ကားလမ်းကို ဘယ်လို လုပ်ပြီး ဖေါက်လုပ် မှာလဲ။ နအဖ စစ်အစိုးရရဲ့ အတွင်း သဘောထားကို မသိတော့ ဘင်္ဂလာ အစိုးရက ကားလမ်း ဖေါက်မယ်၊ ရထားလမ်း ဖေါက်မယ် ဆိုပီး တဘက်သတ် တကဲကဲ ဖြစ်နေတာ ဖြစ်ပါတယ်။”

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် “ အရှေ့ကြည့် ပေါ်လစီ” အရ မြန်မာကို ဖြတ်ပြီး ကားလမ်း ရထားလမ်း ဖေါက်လုပ်ကာ တရုတ်နှင့် အာစီယံ နိုင်ငံများနှင့် ကုန်သွယ်ရေး တိုးမြှင့် လိုနေရာ ယခု ရထားလမ်းမှာလည်း အဆိုပါ ပေါ်လစီ၏ တစိတ်တပိုင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် ထွန်းထွန်း ရေးသားသည်။

ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်ရန် ဘူးသီးတောင် မောင်တော ကားလမ်းကို ယာယီ သွားလာ နိုင်အောင် ပြုလုပ်

မိုးကြီး မြေပြို တံတားပျက်၍ ကားအသွားအလာ လုပ်၍ မရဘဲ ဖြစ်နေသော ဘူးသီးတောင်-မောင်တော ကားလမ်းအား ဆင်ဖြူတော်ကို သယ်ယူရန်အတွက် ယခုအခါ ယာယီ သွားလာနိုင်အောင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

လုပ်ငန်းအခြေနေနှင့် ပတ်သတ်ပြီး အမည်မဖေါ်လိုသူ မောင်တောမြို့မှ အင်ဂျင်နီယာ တဦးက ယခုကဲ့သို့ ပြောသည်။

“ပျက်သွားတဲ့ ကားလမ်းကို ဇူလိုင် ၁၁ ရက်နေ့ကို နောက်ဆုံးထားပြီး ယာယီ သွားလာလို့ရ အောင် ပြုလုပ်ရမယ်ဆိုပီး အထက်က ညွန်ကြားချက် ထုတ်ထားပါတယ်။ အခု ကျွန်တော်တို့က လမ်း တလျှောက်မှာ ကျိုးပျက်သွားတဲ့ တံတားတွေကို သံတန်း ထိုးပြီး ပျဉ်ခင်းကာ ယာယီ သွားလာလို့ ရအောင် ပြုလုပ်နေပါတယ်။ အားလုံးကတော့ ပြီးလုနီးပါးရှိနေပြီ။ လိုဏ်ဂူ ငယ်နားက တံတား တခုဘဲ ကျန်ပါတော့တယ်။ ဒါလည်း များမကြာခင် ပီးစီးသွားပါလိမ့်မယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ အာဏာပိုင်များသည် မောင်တောမြို့နယ် ဖက်ဝပ်ချောင်းမှ ဖမ်းဆီးရမိသော ဆင်ဖြူအား နေပြည်တော်သို့ ယခုလ အတွင်း အရောက် ပို့ရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ညွန်ကြားထားသဖြင့် ယခုအခါ ဘူးသီးတောင်-မောင်တောကားလမ်းကို ဆင်ဖြူတော်ကို သယ်ဆောင်နိုင်ရန် အတွက် ယာယီ အပူတပြင်း ပြုလုပ် နေခြင်း ဖြစ်သည်။

မောင်တောမြို့ အာဏာပိုင် သတင်းရပ်ကွက်အရ များမကြာမီ ရက်ပိုင်းအတွင်း ဆင်ဖြူတော်ကို ယူဆောင်ရန် နေပြည်တော်မှ အထူးအဖွဲ့တဖွဲ့ မောင်တောမြို့ သို့ရောက် ရှိလာမည်ဖြစ်ပြီး ဇူလိုင် ၁၁ ရက်နေ့တွင်ပင် မောင်တော ဘူးသီးတောင်လမ်းကို ဖွင့် ပွဲပြုလုပ်ကာ ဆင်ဖြူတော်ကိုလည်း ယင်းနေ့တွင်ပင် ယူဆောင် သွားမည်ဖြစ်ကြောင်း သိသည်။

ဆင်ဖြူတော်ကို ယခုအခါ နစက ဌာနချုပ်တည်ရှိရာ ကျီးကန်းပြင်သို့ ပြောင်းရွေ့ သွားပြီ ဖြစ်ကြောင်းနှင့် ဆင်ဖြူတော် လုံခြုံရေး အတွက် အစောင့်အရှောက်များ ထူထပ်စွာ ချထားကြောင်း သိရသည်။

ဆင်ဖြူတော်ကို ဘူးသီးတောင်မှ စစ်တွေသို့ ရေလမ်းဖြင့် ယူဆောင်ရန် အတွက် ဘူးသီးတောင် သင်္ဘောဆိပ်ကမ်းတွင် ရေကျွဲ အမည်ရှိ ဆွဲသင်္ဘော တစီး ရောက်ရှိနေပြီး အဆိုပါ သင်္ဘောပေါ်တွင် ဆင်ဖြူတော် လိုက်ပါရန် အတွက် ရောင်စုံ စက္ကူများဖြင့် မဏ္ဍပ်များ ဆင်ယင် ပြုလုပ်နေကာ ရောင်စုံ အလံများ ကိုလည်း ချိတ်ဆွဲရန် စီစဉ်နေကြောင်း ဘူးသီးတောင်မြို့ခံများက ပြောသည်။

ယခုဖမ်းဆီးရမိထားသည့် ဆင်ဖြူမှာ အမဖြစ်ကာ အသက် ၃၈ နှစ်ရှိပြီး ဇွန်လ ၂၆ ရက်နေ့ က ဒေသခံများ၏ သတင်း ပေးချက်အရ မောင်တောမြို့နယ် မြောက်ပိုင်း ဖက်ဝပ်ချောင်း ကျေးရွာအနီး မယူတောင်တန်းမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ပြည်သူများ သွားလာနိုင်ရန် ကားလမ်းကို ပြုပြင် တည်ဆောက်ခြင်း မရှိဘဲ ဆင်ဖြူတော်ကို သယ်ယူရန်အတွက် အာဏာပိုင်များက ကားလမ်းကို အပူတပြင်း ပြုပြင်နေသဖြင့် ရခိုင်လူထုထက် ဆင်ဖြူတော် အပေါ် အလေးထားသော နအဖ စစ်အစိုးရ၏ လုပ်ရပ်အပေါ် ရခိုင်လူထုက နားမလည်အောင် ဖြစ်နေကြောင်း မောင်တောမြို့ခံများက ပြောသည်။

နိရဉ္စရာသတင်းထောက် မောင်အေး ရေးသားသည်။

ကြံ့ဖွံ့အသင်းနှင့် ပါတီ ပိုင်ဆိုင်မှု စာရင်းခွဲ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ခွဲခြားမှု ရှင်းရှင်း လင်းလင်း ရှိစေရန် မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ စာရင်းပြုစု ပေးနေကြောင်း သိရသည်။

အရပ်ဝတ်ဖြင့် တွေ့ရသော ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးတချို့။ ဦးသိန်းစိန် အပါအ၀င် ၂၇ ဦးက USDP ပါတီကို ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ဖော်ပြခဲ့သည် (ဓာတ်ပုံ - AP)

USDA အသင်းကို အခြေခံပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ထူထောင်ထားခြင်း ဖြစ်သည့်အတွက် ရောထွေးမှုများ မရှိစေရန် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း စာရင်းစစ်ချုပ်ရုံးနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

“အသင်းက ပိုင်တဲ့ ပစ္စည်းတွေမှန်သမျှကို စစ်ဆေးသွားမှာပါ။ သဘောကတော့ အသင်းနဲ့ ပါတီ ခွဲခြားထားတယ်ဆိုတာ ကို ပြချင်တာလည်းပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီ ဖွဲ့စည်း သတ်မှတ်သည့်အခါ အသင်း၏ ပိုင်ဆိုင်မှုများသည် နိုင်ငံတော်ပိုင်ဖြစ်သောကြောင့် ရွေးကောက်ပွဲဥပဒေနှင့် မညီညွတ်ဟု ဝေဖန်မခံရစေရန် ယခုကဲ့သို့ စာရင်းပြုစု ခွဲခြမ်းခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးတဦးက ဆိုသည်။

“ပါတီအနေနဲ့ ဖွဲ့စည်းလိုက်တဲ့အခါ ပါတီက အသုံးပြုမယ့် အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရုံးသုံးပစ္စည်းတွေကို တန်ဖိုး သတ်မှတ်ပြီး အသင်းဆီက ပါတီက ၀ယ်ယူရမှာ။ အမှန်တော့ အသင်းနဲ့ ပါတီကအတူတူပဲလေ၊ ပါတဲ့ လူတွေကလည်း အစိုးရလူတွေပဲ၊ အမြင်မှာတော့ ကွဲတယ်ဆိုတာ ပြချင်တာ”ဟု ၎င်းအရာရှိက ပြောသည်။

ယခု လကုန်မှ စတင်၍ USDP ပါတီ ပိုင်ဆိုင်သည့် အဆောက်အအုံများတွင် ပါတီဆိုင်းဘုတ်များ တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီသက်တမ်းသည် ၂ လ ကျော်ကျော်သာ ရှိသေးသည့် USDP ပါတီ သည် USDA အသင်းကို အမွေခံထားသည့် ပါတီ ဖြစ်သောကြောင့် အသင်းပိုင်ပစ္စည်းများအား ပါတီသို့ လွှဲပြောင်းရာတွင် ပါတီအနေနှင့် ကျသင့်သည့်တန်ဖိုးကို ပေးချေရမှာ ဖြစ်ပြီး စီးပွားလုပ်ငန်းရှင်ကြီးများထံမှ လှူဒါန်းသည့် ငွေများဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း USDP တာဝန်ရှိသူတဦးက ပြောဆိုသည်။

ပါတီရန်ပုံငွေအတွက် လှူဒါန်းမည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများမှာ အာဏာပိုင်နှင့် နီးစပ်သူများဖြစ်သည့် ဦးချစ်ခိုင် ဧဒင် ကုမ္ပဏီ၊ ဦးသာဌေး အော်ရီဂျင်နယ် ကုမ္ပဏီ၊ ဦးဇော်ဇော် မက်စ်မြန်မာ ကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ၊ ဦးတေဇ ထူး ကုမ္ပဏီ၊ ဦးတင့်ဆန်း အေစီအီး ကုမ္ပဏီ၊ ဦးစိုင်းတင့်အောင် နောင်တုံ ကုမ္ပဏီ၊ ဦးအောင်ထွေး ဂိုးလ်ဒင်း ဖလားဝါး ကုမ္ပဏီ၊ ဦးထွန်းမြင့်နိုင် အေးရှားဝေါလ် ကုမ္ပဏီ ၊ ဦးကျော်ဝင်း ရွှေသံလွင် ကုမ္ပဏီ၊ ဦးအောင်ဇော်နိုင် ရွှေတောင်ဟိုက်စတား ကုမ္ပဏီ၊ ဦးဌေးမြင့် ယုဇန ကုမ္ပဏီ၊ ဦးအောင်ကိုဝင်း ကမ္ဘောဇ ကုမ္ပဏီ၊ ဦးဝင်းအောင် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ၊ ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးဝင်းမြင့် ဥက္ကဌ (UMFCCI)၊ ဦးခင်ရွှေ ဇေကမ္ဘာ ကုမ္ပဏီ၊ ဦးစိုးမြင့် ငွေဆင် ကုမ္ပဏီ၊ ဦးလှမြင့်ဆွေ ဌာနမှူး(ဆက်ဆံ/ပြန်ကြား) စသည့် နိုင်ငံတော်မှ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ထားသူများ အပါအ၀င် ၂၅ ဦးခန့် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ USDP ပါတီပိုင်ပစ္စည်းများအတွက် ပါတီမှ အသင်းသို့ ငွေချေရာတွင် USDPသည် အစိုးရပါတီ ဟုတ် မဟုတ် ဆိုသည့် အချက်အား ထောက်ပြစရာရှိလာသကဲ့သို့ အသင်းနှင့် ပါတီအကြား ငွေကြေးကဏ္ဍ ကွဲပြားမှုလည်း မရှိကြောင်း ရွေးကောက်ပွဲ လေ့လာသူများက ပြောဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂ (က- ၅) အရ ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

USDA သည် အစိုးရကျောထောက်နောက်ခံပြုထားသောအသင်းဖြစ်သည်။ USDA အသင်းပိုင်ပစ္စည်း များသည် နိုင်ငံတော်ပိုင် ပစ္စည်းများပင်ဖြစ်ခြင်းကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို USDP ပါတီကသာ သုံးစွဲပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာအရာရှိကြီးက ပြောဆိုလိုက်သည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီးများ၊ အရာရှိကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ USDPပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့အချိန်အထိ ပါတီဝင်အား တင်ပြသည်ကို မတွေ့ရှိရသေးပေ။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

စာရွက်စာတမ်း အတုကိုင်ဆောင်မှုဖြင့် မြန်မာများ တရားစွဲခံရ

ဘန်ကောက် မြို့တွင် အလုပ်ရှာဖွေရန် အလာ မဲဆောက်မြို့ အထွက်၌ အဖမ်းခံရသော မြန်မာနိုင်ငံသား ၈ ဦးကို မဲဆောက် တရားရုံးတွင် စာရွက်စာတမ်း အတု ကိုင်ဆောင်မှုဖြင့် ယနေ့ စတင် ရုံးထုတ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်လ ၁၅ ရက်နေ့တွင် မဲဆောက်အထွက် မဲလမောင့်ဂိတ်၌ အဖမ်းခံရသူများမှာ မွန်ပြည်နယ် ပေါင်မြို့နယ်မှ အမျိုးသမီး ၆ ဦးနှင့် အခြားမြို့မှ ယောက်ျားလေး ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

အမျိုးသမီး ၅ ဦးသည် တရွာတည်းသားဖြစ်သည့် ပွဲစား စောလှသန်းက ဘန်ကောက်သို့ တရားဝင်ဗီဇာဖြင့် ပို့ပေးမည်ဟု ဆိုသဖြင့် လိုက်လာရင်း အဖမ်းခံရခြင်း ဖြစ်သည်ဟု အဖမ်းခံရသူ အမျိုးသမီး ၂ ဦး၏ ဦးလေးတော်စပ်သူ ဦးကိုကို က ပြောသည်။

“ဘန်ကောက်မှာ အလုပ်ရမယ်။ ဗီဇာနဲ့ တရားဝင်လည်း သွားရမယ် ဆိုတော့ တက်လာကြတာပေါ့။ သူတို့က မြန်မာ စကား လည်း ကောင်းကောင်းမတတ်ဘူး။ ကရင်တွေပါ။ စာလည်း ကောင်းကောင်း မတတ်ကြပါဘူး။ မဲဆောက်ကို ရောက်တော့ ဗီဇာ တယောက်တစောင်စီ ပေးပြီး မှန်လုံကားနဲ့ သွားခိုင်းတယ်တဲ့။ ဂိတ်မှာ အဖမ်းခံရတယ်”ဟု ဦးကိုကို က ပြောသည်။

ပွဲစားဖြစ်သူ စောလှသန်းက ယာယီပတ်စ်ပို့ ပြုလုပ်ရန် ဖြည့်ရသော ပုံစံစာရွက်ကို ဗီဇာစာရွက်ဟု ပြောကာ ဘန်ကောက် မြို့သို့ သွားသော ကားပေါ် တင်ပေးလိုက်ခြင်းသာ ဖြစ်သည်ဟု သိရသည်။

မြဝတီမြို့တွင် နေထိုင်သော ဦးကိုကိုက ယနေ့ ရုံးထုတ်သော တူမများနှင့် သွားတွေ့ရာ အရွယ်ရောက်ပြီးသူ ၃ ဦးသာ တွေ့ခဲ့ရပြီး ၁၈ နှစ် မပြည့်သေးသည့် မိန်းကလေး၂ ဦးကိုမူ တာ့ခ် ခရိုင်ရှိ ကလေး အကျဉ်းထောင်တွင် ထိန်းသိမ်းထား ကြောင်း ပြောသည်။

အလားတူပင် ရုံးထုတ်ရာတွင် အမျိုးသမီးများနှင့် အတူတူအဖမ်းခံရသည့် ယောက်ျားလေး ၂ ဦးကိုလည်း မတွေ့ခဲ့ရဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC)၊ ဥပဒေ အထောက်အကူပြု ဌာနမှ ကိုဇော်ထွန်းက ဆိုသည်။

“ဒီနေ့ ရုံးထုတ်တယ်ဆိုလို့ ကျနော် သွားကြည့်တယ်။ အမှုတော့ မစစ်သေးဘူး။ ရဲက ရမန် လာယူတာလို့ သိရတယ်။ ၂၀ ရက်နေ့ကို ထပ်ချိန်းတယ်။ စာရွက်စာတမ်း အတု ကိုင်ဆောင်မှုဆိုတော့ ၃ နှစ်နဲ့ အထက် ချလို့ရတဲ့ အမှုပါ”ဟု ကိုဇော်ထွန်းက ပြောသည်။

မြန်မာအလုပ်သမား ကွန်ရက်အဖွဲ့မှ ကိုစိုးကလည်း“မဲဆောက်မှာတော့ လူမှောင်ခိုတို့ ကယ်ရီတို့ကတော့ သိပ်မဆန်း လှပါဘူး။ ဒါပေမယ့် အခုတော့ လုပ်နည်းလုပ်ဟန် တွေ နည်းနည်းပြောင်းလာတာကို တွေ့ရတယ်။ ယာယီပတ်စ်ပို့ လုပ်ပြီးကတည်းကပေါ့။ ဥပမာ မူလစာရွက်ပေါ်က ပုံကိုခွာပြီး နောက်တယောက် ဓာတ်ပုံ အစားထိုးတာတို့ ဘာတို့ပေါ့”ဟု ရှင်းပြသည်။

ပွဲစား စောလှသန်းသည် အဆိုပါ ၈ ဦး အဖမ်းခံရပြီးနောက် ထိုင်းနိုင်ငံ အတွင်း၌ပင် တိမ်းရှောင်နေသည်ဟု သိရသည်။ တရွာတည်းသား ဖြစ်ပါလျက် မသိနားမလည်သူများ အပေါ် လိမ်လည်ခြင်းကို ဒေါသဖြစ်မိသည်ဟု ဦးကိုကိုက ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

ကိုအေးလွင် ပါတီကို အလှူခံမှုနှင့် တရားစွဲရန်ပြင်ဆင်

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (အရှေ့ပိုင်း ခရိုင်) အာဏာပိုင်များက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု ၎င်းပါတီ၏ တာဝန်ရှိသူ တဦးက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်ရှိ ဈေးတခုတွင် ယင်းပါတီအတွက် ရန်ပုံငွေများ အလှူခံခဲ့ရာ စည်ပင်သာယာ နည်းဥပဒေနှင့် တရားစွဲဆိုရန် ယမန်နေ့က ဆင့်ခေါ်ထားကြောင်း ပါတီ အဖွဲ့ခေါင်းဆောင် တဦးဖြစ်သည့် ကိုအေးလွင်က ဧရာဝတီ သို့ ပြောသည်။

“ကိုအောင်မင်းသူက ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီကို ဦးဆောင်တယ်၊ သူတို့သွားပြီးတော့ အလှူခံ တယ်၊ အဲဒီ အလှူခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စည်ပင်သာယာ နည်းဥပဒေ ၃၃ အရ စည်ပင်သာယာ ဈေးတွေထဲမှာ အလှူခံခွင့် မရှိဘူး ဆိုပြီးတော့ ဆင့်ခေါ်တယ်”ဟု ၎င်းက ဆိုသည်။

ယင်း ဆင့်ခေါ်သည့်စာကို ရပ်ကွက် အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ (ရယက)မှ တဆင့် ပေးပိုမည် ဖြစ်ကြောင်း သိရ သည်။ စည်ပင်သာယာ နည်း ဥပဒေ ပုဒ်မ ၃၃ ဆိုသည်မှာ ဈေးနယ်နိမိတ် အတွင်း အာဏာပိုင်များ၏ ခွင့်ပြုချက် မရဘဲ အလှူခံ ခြင်း၊ ဈေးကောက် ကောက်ခြင်း စသည်တို့ ဖြစ်ကြောင်း သိရသည်။

ဦးအေးလွင်က ဆင့်ခေါ်သည့် ကိစ္စနှင့် ပတ်သက်၍ ဥပဒေ နှင့် ညီမညီ ပြန်လည် စဉ်စားရမည်ဖြစ်ကြောင်း ပြောသည်။

“စည်ပင် နည်း ဥပဒေ ၃၃ ဆိုတာက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ကျော်သွားသလား၊ လွှမ်းမိုးသလား၊ အဲဒါကို လည်း ကျနော်လည်း ကြည့်ဦးမယ်၊ လွှမ်းမိုးတယ်ဆိုရင်တော့ ကျနော်တို့ သွားရမှာပေါ့၊ မလွှမ်းမိုးဘူး ဆိုရင်တော့ ကျနော်တို့ သွားစရာ မလိုဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပါတီများကို ထောက်ပံ့ပေးလိုသူများ အနေဖြင့် အများပြည်သူများက လှူဒါန်းနိုင်ကြောင်း၊ နိုင်ငံရေး ပါတီများကလည်း ယင်း အလှူငွေများကို ကောက်ခံခွင့်ရှိကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပေဒေ ပုဒ်မ ၁၅ အပိုဒ်ခွဲ (က) တွင် ဖော်ပြ ထားသည်။

နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသော ဥပေဒေ ပုဒ်မ ၁၅ အပိုဒ်ခွဲ (က) တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြည်တွင်းရှိ နိုင်ငံသား တဦးချင်းက ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ အစုအဖွဲ့က ဖြစ်စေ ၎င်းတို့ တရားဝင် ရရှိထားသော ငွေကြေး ပစ္စည်းများထဲမှ ပါတီသို့ ငွေကြေး သို့မဟုတ် ပစ္စည်း တို့ကို လှူဒါန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ၀င်များက စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များတွင် ရွေးကောက်ပွဲ ရန်ပုံငွေဟု ဆိုကာ ငွေများ ကောက်ခံခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ရရှိရေး ၀န်ဆောင်မှုများကို လွန်ခဲ့ သည့် တပတ်ခန့်က စတင်ပြု လုပ်ပေးနေကြောင်း သိရသည်။

USDA လုပ်ဆောင်မှုများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဧပြီလ ၂၉ ရက်မှစ၍ မှတ်ပုံတင်ခဲ့သည့် ပြည် ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွက် စည်းရုံးနေခြင်းဖြစ်ပြီး ရန်ပုံငွေများ ကောက်ခံခြင်းမှာလည်း ၄င်းတို့အတွက် ကောက်ခံခြင်းများ ဖြစ်နိုင်သည် ဟု ဒေသခံများက ပြောသည်။

USDA သည် အစိုးရကျောထောက်နောက်ခံပြုထားသော အသင်းဖြစ်သည်။ USDA အသင်းပိုင်ပစ္စည်း များသည် နိုင်ငံတော်ပိုင် ပစ္စည်းများပင်ဖြစ်ခြင်းကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို USDP ပါတီကသာ သုံးစွဲပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိအချို့က ဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီးများ၊ အရာရှိကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ USDPပါတီကို တည် ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း သည် လည်း USDA အသင်း၏ ခေါင်းဆောင် တဦးဖြစ်သည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

စစ်တွေကျောင်းသားများ ကားခပြဿနာ ဝန်ကြီး ဖြေရှင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် နည်းပညာတက္ကသိုလ် ကြိုပို့ကားခ ၂ ဆ မြင့်တက်သဖြင့် ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြမှုကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း ယမန်နေ့က လာရောက် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

ကြိုပို့ကားခဈေးနှုန်းမှာ ယခင်က ၁၅ဝ ကျပ် ဖြစ်သော်လည်း ယခုလ ၅ ရက်နေ့တွင် ၃ဝဝ ကျပ်သို့ ၂ ဆ တိုးမြင့်ခဲ့သဖြင့် ကျောင်းသား ၃ဝဝ ကျော်က လမ်းလျှောက်ဆန္ဒပြကြရာ ဝန်ကြီးက ၂ဝဝ ကျပ်နှုန်းဖြင့် ပြန်လည်သတ်မှတ်ပေးခဲ့သည်။

“သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းကိုယ်တိုင် စစ်တွေကို လာပြီးတော့ အာဏာပိုင်တွေ၊ ဒကစမှူး၊ တိုင်းမှူး၊ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေကို လာတွေ့ပြီးတော့ ကားခကိစ္စကို ညှိပေးသွားတယ်” ဟု စစ်တွေမြို့ လမ်းမတော်ရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ဝန်ကြီးက ပြောသေးတယ်။ မင်းတို့ မီးရထားနဲ့ သွားခိုင်းပါလားဆိုတော့ ဆရာ၊ ဆရာမတွေက ကလေးတွေအတွက် မီးရထားနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ မြန်မြန်လည်း မောင်းလို့မရဘူး၊ နှေးတယ်၊ အချိန်မမှန်ဘူးလို့ တင်ပြတော့မှ ကားခကို ၂ဝဝ နဲ့ ဆွဲပေးဖို့ မှာသွားတာ” ဟု သူက ဆက်ပြောသည်။

စစ်အစိုးရအဖွဲ့အတွင်း တင်းမာသော သဘောထားရှိသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရုံးတဦးလည်း ဖြစ်သည်။

စစ်တွေ နည်းပညာတက္ကသိုလ်သည် မြို့အနောက်မြောက်ဘက် ၁၂ မိုင်အကွာ ရေချမ်းပြင် ကျေးရွာအနီး တည်ရှိကာ ကားလမ်း၊ ရထားလမ်းတို့ဖြင့် သွားလာနိုင်သည်။

ယခုလ ၅ ရက်နေ့က ကားခဈေးနှုန်း ၂ ဆမြင့်တက်သွားခဲ့သဖြင့် ကျောင်းသား ၃ဝဝ ကျော်သည် ၁၂ မိုင် ဝေးသော မြို့ပြင်ရှိ ကျောင်းမှ မြို့တွင်းသို့ ခြေလျင်လျှောက်ခဲ့ပြီး မေယုလမ်းရှိ ပြည်နယ်ကောင်စီ ပယက ရုံးရှေ့၌ ကားခမြင့်တက်မှု ဖြေရှင်းပေးရန် အော်ဟစ်တောင်းဆို ဆန္ဒပြခဲ့ကြသည်။

“အဲဒီနေ့က ကျောင်းသားတွေရော၊ မိဘတချို့ရောပေါ့။ ပယက ရုံးရှေ့မှာ ဆန္ဒပြနေကြတာ။ ကျောင်းအုပ်ကြီး ရောက်လာပြီး ကျောင်းသားတွေ ဖြစ်ချင်တာကို အဆင်ပြေအောင် လုပ်ပေးပါ့မယ်လို့ ပြောတော့မှ ည ၁ဝ နာရီခွဲလောက်မှာ လူစုခွဲသွားကြတယ်” ဟု လမ်းမတော်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

နည်းပညာ တက္ကသိုလ်သို့ ကားလမ်းအပြင် စစ်တွေ-ရေချမ်းပြင် ရထားလမ်းဖြင့် သွားလာနိုင်သော်လည်း ရထားခရီးစဉ်မှာ အချိန်မမှန်ခြင်း၊ ရထားလမ်းပိုင်း ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပေါ်ခြင်းကြောင့် ကျောင်းသားများ ကျောင်းတက်ရန် ကြိုပို့ဖယ်ရီကားများကိုသာ အဓိက အားကိုးနေရသည်။

ယင်းရထားလမ်းပိုင်းသည် ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖောက်လုပ်သော ရထားလမ်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် မေလ ၁၉ ရက်နေ့က စတင်ပြေးဆွဲခဲ့ရာ စစ်တွေမှ ရေချမ်းပြင်ရွာအထိ ရထားခ ၁ဝဝ ကျပ် ဖြစ်သည်။

“ကလေးတွေက ဖယ်ရီကားတွေကိုပဲ အဓိက အားကိုးနေရတာ။ တချို့ဆို ကားဂိတ်ကို ရောက်အောင် ဆိုက်ကားစီး သွားရတယ်။ အဲဒီမှာ ၁ဝဝ၊ ၂ဝဝ လောက် ကုန်ကြတယ်။ ကားခက ၂ ဆ ဈေးတက်လိုက်တော့ သူတို့အတွက်က ပိုခက်ခဲသွားတာပေါ့။ ငွေက မိဘဆီက လာတာလေ။ မိဘတွေကလည်း အဆင်ပြေကြတာမှ မဟုတ်တာ” ဟု ကျောင်းတက်လမ်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ယခုအခါ ဒေသအာဏာပိုင်များက ဆန္ဒပြပွဲကို ဦးဆောင်သူ ကျောင်းသားခေါင်းဆောင်ကို စုံစမ်းနေသည့် သတင်းများ စစ်တွေတွင် ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့တွင် စစ်တွေ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပြူတာ တက္ကသိုလ် ဟူ၍ တက္ကသိုလ်ကျောင်း ၃ ကျောင်း ရှိပြီး စစ်တွေတက္ကသိုလ်သည် မြို့အနောက်ဘက် ၄ မိုင် အကွာတွင် တည်ရှိကာ ကွန်ပြူတာ တက္ကသိုလ်သည် မြို့အနောက်တောင်ဘက် အကျဉ်းထောင်အနီးတွင် တည်ရှိသည်။

အလားတူ ဆန္ဒပြမှုမျိုး ၂ဝဝ၆၊ ၂ဝဝ၈ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ဖြစ်ပွားခဲ့ဖူးပြီး စစ်တွေတက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

ကျောင်းသားသမဂ္ဂ တောင်းဆိုစာများ ရန်ကုန်တွင် ဖြန့်ဝေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းလမ်းဆုံအနီးတွင် ကျောင်းသားလူငယ်တစုက ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ပေါက်ရေး တောင်းဆိုထားပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ရန် လှုံ့ဆော်ထားသော လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာများကို ဗုဒ္ဓဟူးနေ့က ဖြန့်ဝေခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။

ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်၊ ပြည်မြန်မာကုန်တိုက်အနီး၊ အင်းစိန်လမ်းမနှင့် ပြည်လမ်းမပေါ်တို့တွင် ဇူလိုင်လ ၇ ရက်နေ့က အနည်းဆုံး လူငယ် ၇ ဦးက ဖြန့်ဝေသော လက်ကမ်းစာစောင်များတွင် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ‘အတုအယောင်’ ဟု ရေးသားထားသည်။

အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကို သည်းခံလေ့မရှိသော စစ်အစိုးရအောက်တွင် စာဖြန့်ဝေမှုက ဇူလိုင် ၇ ရက်၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများဆန္ဒပြမှုကို သေနတ်နှင့် ပစ်ခတ်ဖြိုခွင်းခံရသည့် ၄၈ နှစ်ပြည့် နှစ်ပတ်လည် အခါသမယနှင့်လည်း တိုက်ဆိုင်နေသည်။

”ကျနော် ဆင်ရေတွင်းဘက်ကို အသွားမှာ ကောင်လေးတွေက အဲဒီစာတွေကို ဆင်ရေတွင်း အနားမှာ ဝေတာတွေ့တော့ ကျနော်လည်း စပ်စုပြီးတော့၊ သူတို့ဝေတဲ့စာကို ဘာလဲဆိုပြီးတော့ ကြည့်တော့ အဲဒီထဲမှာ ရေးထားတာတွေက ကျောင်းသား သမဂ္ဂပေါ်ပေါက်ရေး၊ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုပြီး ရေးထားတာ” ဟု လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

”ကျနော်လည်း လန့်သွားပြီးတော့ အဲဒီစာကို ဒီအတိုင်းပဲ မသိမသာ ထားခဲ့လိုက်တယ်” ဟု သူက ထပ်ပြောသည်။

ပြည်မြန်မာကုန်တိုက်အနီးရှိ တိုက်တန်းအမှတ် ၁ တွင် နေထိုင်သူတဦး ပြောပြချက်အရ နံနက် ၁ဝ နာရီကျော်တွင်
တက္ကသိုလ်ကျောင်းသားများ ဖြစ်ဟန်တူသော လူငယ် ၇ ဦးက ဖြန့်ဝေသွားခြင်းဟု ဆိုသည်။

”အသက်အားဖြင့်တော့ ၂ဝ ကျော်၊ ၂၅ ကျော် အရွယ်တွေလို့ပဲ ထင်ရတယ်” ဟု သူက ပြောသည်။

ကမာရွတ်မြို့နယ် စံရိမ်ငြိမ်၊ မာလာနှင့် ဆင်ရေတွင်း ဘတ်စ်ကားမှတ်တိုင်များ အနီးတွင်လည်း စာရွက်များ ဝေငှခဲ့ကြောင်း အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ခိုထီး အမှတ်တံဆိပ်စက်ရုံမှ အရာထမ်းတဦးက ပြောသည်။

ကွယ်လွန်သွားပြီဖြစ်သော အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ဆန့်ကျင်သည့် တက္ကသိုလ် ကျောင်းသားများက ကျောင်းအဆောင်စည်းကမ်းသစ်များ ချမှတ်မှုအပေါ် ဆန္ဒပြရာက စစ်တပ်မှ ပစ်ခတ်ဖြိုခွင်းရာ ၁၆ ဦး သေဆုံးပြီး ၇ဝ ခန့် ဒဏ်ရာရခဲ့သည်ဟု ထိုစဉ်က အစိုးရက ထုတ်ပြန်ခဲ့သည်။

”ဘဘတို့ စုံစမ်းလေ့လာလို့ ရသလောက် သေတာကျေတာက အနည်းဆုံး ၁ဝဝ ကျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘတို့ ရထားတဲ့ သတင်း Source တွေက ရန်ကုန်ဆေးရုံကြီးကို ၈၆ ယောက် ရောက်တယ်။ မင်္ဂလာဒုံ စစ်ဆေးရုံကို ၆၈ ယောက် ရောက်တယ်ဆိုပြီး သတင်းရတယ်။ ဒါပေမဲ့ အဲဒီ မင်္ဂလာဒုံ စစ်ဆေးရုံကို ရောက်တဲ့ လူတွေက ဘာဖြစ်တယ်ဆိုတာ မသိဘူး။” ဟု ထိုကာလကက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၌ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ အသက် ၇၃ နှစ်အရွယ် ဦးလှရွှေက မဇ္ဈိမကို ပြောသည်။

ထို့အပြင် အစိုးရက ရန်ကုန် ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုပါ ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖြိုချလိုက်ပြီး လွတ်လပ်သော ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ကိုပါ ပိတ်ပင်လိုက်သည်။

မဇ္ဈိမသတင်းထောက် ညိမ်းသူ ရေးသားပြီး ဖနိဒါ ထပ်မံဖြည့်စွက် ရေးသားသည်။)