Pages

Subscribe

Wednesday 30 June 2010

မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် စက်မှုဇုံအနီးတွင် ယမန်နေ့ည ၁၁ နာရီက ထိုင်းကုမ္ပဏီပိုင် ကားတ စီးပေါ်၌ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။

“စီးပွားရေးစက်မှုဇုံအလွန် ပေ ၅၀ အကွာပေါ့၊ အဲ့ဒီမှာ တည်တဲ့ အေကေကုမ္ပဏီက ကားကိုမိုင်းတပ်ပြီး ခွဲသွားတာ။ ကားကတော့မြေတူးစက်လေ။ တလုံးပဲ ထောင်မိုင်း လိုဖြစ်တယ်။ မနေ့ည ၁၁ နာရီ လောက်ပေါ့၊ အဲဒီကားကြီး တစင်းလုံးကတော့ ပျက်ဆီးသွားတာပေါ့။” ဟု မြဝတီမြို့ တဦးက ပြောသည်။

ယင်း အေကေကုမ္ပဏီမှာ ထိုင်းနိုင်ငံမှဖြစ်ပြီး ယခုလက်ရှိမြဝတီမြို့တွင် လမ်းသစ် ဖောက်လုပ်လျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

“အဲ့ဒီနေရာမှာက ၃၆၅ - ၃၅၆ ကင်းနှစ်ကင်းရှိတယ်။ အဲ့ဒီ ကင်းနှစ်ကင်းရဲ့အောက်မှာ ဒီကုမ္ပဏီက နေပြီး လမ်းသစ်ဖောက်လုပ်ရေး လုပ်နေတယ်လေ။ အေကေ ကုမ္ပဏီက ၃၆၅-၃၅၆ တပ်ရင်းနှစ်ခု ကြားမှာရှိတာလေ။ အဲဒီတပ်ရင်းနှစ်ခုအောက်မှာ လမ်းသစ်ဖောက် လုပ်ရေးလုပ်နေတယ်။”

မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခနဖြစ်ပွားခဲ့ဖူးသော်လည်း ယခုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သီးခြား အ တည်ပြုနိုင်ခြင်းမရှိသေးပေ။

ရဲစခန်းနှင့် နီးစပ်သူတဦးက ယခင်ပေါက်ကွဲမှုများမှာလည်း တရားခံဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခုလိုပြော သည်။

“အခုကျနော် ရဲတွေဘာတွေကို ဂဃနဏမေးကြည့်တယ်လေ။ သိပ်မသိဘူးဗျ။ သူတို့အဲဒီ ဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါဆိုတာလည်း အတိအကျပြောလို့မရသေးဘူး။ မြဝတီမှာ ဖြစ်ပျက်နေ တာက တစ်ကြိမ်မဟုတ်ဘူးလေ၊ သုံး လေးငါးကြိမ်ရှိနေပြီလေ။ အခုချိန်ထိလည်း ဖော်ထုတ်လို့ မရ သေးဘူးလေ။”

ယခုလ ၂၂ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မြဝတီမြို့ရှိ ရွှေဆိုင်ဓါးပြတိုက်မှုအတွက် စစ်ဆေးရန် နေပြည်တော်မှ အ ထူးရဲတပ်ဖွဲ့များ ရောက်ရှိနေသော်လည်း ယခုပေါက်ကွဲမှုနှင့် ပတ်သက်မှုမရှိနိုင် ကြောင်းကို ဒေသခံတဦးမှ သုံးသပ်ပြောဆိုသည်။
“အကုန်လုံးက ငြိမ်ကုတ်နေတယ်။ ငြိမ်ကုတ်နေတယ်ဆိုတာ ဒု-ရဲမှူးကြီးမောင်မောင်ခင်နဲ့ အဖွဲ့ရယ်၊ နောက်ပြီး နေပြည်တော်က အထူးအဖွဲ့တွေရယ် ရောက်နေတယ်။ သူတို့ရောက် နေတာနဲ့တော့ မ ပက်သတ်နိုင်ဘူး။ သူတို့ရောက်နေတာက ရွှေဆိုင်ဓါးပြတိုက်မှုနဲ့ နောက် လိုင်စင်မဲ့ကားတွေကိစ္စ။ လာ စုံစမ်းတာ။”

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့တွင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံနှင့် စစ်အစိုးရတပ်တို့ လှုပ်ရှားနေပြီး ယခုနှစ်အတွင်း ပေါက်ကွဲမှု လေးကြိမ်ထက် မနည်းဖြစ်ပွားခဲ့သည်။

သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် အားမီ ရေးသားသည်။

ကူးသန်းရောင်းဝယ်ခွင့် ကျဆင်းသဖြင့် နယ်စပ်မြို့ ခြောက်ကပ်

နယ်စပ်မြို့ဖြစ်သည့် မြ၀တီတွင် အောက်ဘက်ရှိ မြို့ကြီးများနှင့် ကုန်ကူးသန်းရောင်းဝယ်ရေး ကျဆင်း မှုကြောင့် ယခင်နှင့် မတူဘဲ မြို့ကြီးခြောက်ကပ်နေသည်ဟု ကုန်သည်ကြီးများက ပြောသည်။

ယခုလဆန်းမှ စတင်ပြီ ထိုင်းနိုင်ငံမှ တင်သွင်းသည့် တရားမ၀င်ကုန်ပစ္စည်းများကို တင်းကျပ်စွာ ဖမ်းဆီးစစ်ဆေး မှုကြောင့် ကုန်သည်နှင့် ကားသမားများ ကုန်ကူးသန်းရောင်းဝယ်နေမှုများ ယနေ့ထိ ရပ်တန့်ခဲ့သည်ဟု ကုန် သည်ကြီးတဦးက ပြောသည်။

“ကားတန်းအတက်လည်းမရှိဘူး၊ အဆင်းလည်းမရှိဘူး၊ပုံမှန်ကြီးဖြစ်နေတယ်။အရင်တုန်းကဆို အဆင်း နေ့ဆို အဆင်းနေ့ သိတယ်။ မြို့ထဲမှာဆို မနက်ခင်း မိုးလင်းဆို ၀ုန်းဝုန်းဆို ဈေးရှေ့မှာ။ အဲမှာ အ တက်နေ့ဆိုလို့ရှိရင် ညနေဆိုလို့ရှိရင် တတန်းကြီး ဈေးရှေ့မှာဆို အများကြီးပေါ့ဗျာ။ အဲဒါတခုမှ မရှိ ဘူး။ မှန်တန်းလောက်ပဲ ရှိတယ်ဆိုတော့ ဘယ်လိုပြောရမှာလဲ၊ သမာရိုးကျ မြို့တမြို့ နယ်စပ်မြို့ မ ဟုတ်ဘဲနဲ့ ရိုးရိုးမြို့တမြို့ရဲ့ နေမှုထိုင်မှု စနစ်နဲ့ သွားတူနေတာပေါ့ဗျာ။”

ညဘက်ပိုင်းတွင်လည်း လူသွားလူလာနည်းပါးကြသဖြင့် ဈေးဆိုင်များလည်း အရောင်းပါးကာ ကုန်သည်များ ညီး ညူနေကြသည်ဟု မြို့ခံတဦးက ပြောသည်။

“ညပိုင်းဆိုရင် ကားအတက်အဆင်းမရှိတဲ့အတွက် ဈေးဆိုင်တွေ၊ ၀ပ်ရှော့တွေ အဲဒါတွေ အကုန်လုံးက ပြုတ်လုပြုတ်ခင်တွေချည်းပဲ။အကုန်လုံး။ကျနော့်မိတ်ဆွေတယောက်ဆိုလို့ရှိရင်လည်း ၀ပ်ရှော့ ထောင် ထားတာ တော်တော်ကြီးကျယ်ပါတယ်။ သူလည်း အခု အောက်ပြန်ဆင်းရမယ့် သဘောသက် ရောက် နေတယ်။ တလလောက်ရှိပြီလေ။ ၀စ်သောက်(လိုင်စင်မဲ့)ကားတွေ မလာတော့ ဒီ့ပြင်ကားတွေ လည်း မပြင်ရတော့ သူလည်း အောက်ဆင်းမယ်တဲ့။ ဈေးဆိုင်လည်း ထို့အတူပေါ့ဗျာ၊ ၀ယ်မယ့် သူလည်း မရှိ၊ အောက်ကတက်တဲ့ ကုန်ကလည်းမရှိ၊ ၀ယ်လက်ကြီးသည်တွေက စိတ်ညစ်နေတာပေါ့။ ဘာခေါ် မှာ လဲ၊ ရောင်းစရာ မရှိဘူးပေါ့ဗျာ။ ရောင်းစရာမရှိတဲ့အခါကျတော့ လူတွေကပါးတာပေါ့ဗျာ။ ပါးလိုက် တော့ မကိုက်ဘူးဗျ။ အဲလိုသဘောတော့ သက်ရောက်တာပေါ့။”

ယခု ဖမ်းဆီးစစ်ဆေးသည့်အဖွဲ့များသည် နေပြည်တော်မှရောက်လာသည့် အဖွဲ့ကတိုက်ရိုက်ကွပ်ကဲပြီး ကော့က ရိတ်မြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ-၁၉)က တပ်မှူး ကိုယ်တိုင် လက်နက်ပစ္စည်းနှင့် ပတ် သက်၍ အထူး ကြပ်မတ် စစ်ဆေးနေသည်ဟု ကုန်သည်များက ပြောသည်။

ယခုလို အထူးစစ်ဆေးရေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်နှင့် နီးစပ်သူတဦးက ယခုလို သုံးသပ် သည်။

“ဖြစ်ပုံက ဒီလိုဗျ။ သူ(အာဏာပိုင်)လက်နက်မိလိုက်တာပဲ။ လက်နက်မိလိုက်တာ အဲလိုပဲ အစကတည်း က နာမည်ခံချင်တာ။ အဲလိုလည်းပြောတာရယ်။ နောက်တချက်က ငြိမ်းချမ်းရေးအဖွဲ့ကို နည်းနည်း (ပရက်ရှာ) ပေးတာရယ်။ ဒါအဖွဲ့တွေ အကုန်လုံး မင်းတို့ကောင်တွေ လက်နက်ချင်ရင်ချ ငါတို့နဲ့ ပေါင်းရင်ပေါင်း မပေါင်းရင် အငတ်ပဲဆိုပြီး ထားလိုက်ပုံရတယ်။ အဲဒီနှစ်ချက်အပေါ် မူတည်ပြီးတော့မှ လုပ်တဲ့ သဘောမျိုးရှိတာပဲ။”

စကခ ၁၉ တပ်မှူးကိုယ်တိုင် ဦးဆောင်ပြီး ကန့်သတ်ကုန်များကို ကြပ်မတ်လိုက်သည့်အတွက် ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင် သိုလှောင်ထားသည့် ပစ္စည်းများမှာ ၀ယ်မည့်သူ မရှိသဖြင့် ကုန်သွယ်ရေးကိုပါ ထိခိုက် နေခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ခွန်အောင်မြတ် ရေးသားသည်။

တရားဝင် အလုပ်သမားလက်မှတ်ကိုင်ထားသည့် မြန်မာမိသားစု ၂၀ ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ ရနောင်းမြို့နယ်အတွင်း တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသည့် မြန်မာ မိသားစု ၂၀ ကျော်အား ဒေသခံအာဏာပိုင်က ဖမ်းဆီး ခဲ့သည်။

ရနောင်းမြို့နယ်အတွင်းရှိ ငေါင်း(၀်)ကျေးရွာ၌ ငါး၊ ပုဇွန်လုပ်ငန်းလုပ်ကိုင်သည့် ရွှေ့ပြောင်း အလုပ်သမား မိသား စုများအား ရနောင်းမြို့ ဖန်ပလားရဲစခန်းမှ ယမန်နေ့ညနေ လေးနာရီ ခန့်က ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အလုပ် သမား ကိုသူရက ယခုလိုပြောသည်။

“ပုဇွန်ကန်မှာက မိသားစု ၆ စု လောက်ရှိတယ်။ ငါးပိလုပ်တဲ့ နေရာမှာက တော်တော် များတယ်။ အိမ် ထောင်စု ၁၁ စု လောက်ကိုရှိတယ်။ ငါးမွေးကန်က လေးအိမ်ပဲရှိတယ်။ အဲဒီမှာနေတဲ့သူတွေ အကုန် လုံးကို ဖမ်းသွားတာလေ။”

ယင်းအလုပ်သမားများသည် တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားပြီး ယာယီနိုင်ငံကူးလက်မှတ် ပြု လုပ်ရန် လျှောက်ထားပြီးသူများဖြစ်သည်။

ယခုအဖမ်းခံရခြင်းနှင့်ပတ်သက်၍ ကိုသူရက ယခုလို ဆက်ပြောသည်။

“လက်မှတ်ရှိတယ်၊ အရင်သူဌေးနဲ့ ဘတ်လုပ်ထားတာ။ အဲဒီသူဌေးမှာ မနေပဲနဲ့ နောက်သူဌေးမှာနေ တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူ(ထိုင်းရဲ)က ဖမ်းတာ။ ကျနော့်သူငယ်ချင်း ကတော့ နှစ်ထောင်နဲ့ထုတ်လာရ တယ်။ သူနဲ့ အတူတူထွက်လာတဲ့ သူကတော့ နှစ်ထောင့်ငါးရာတဲ့။”

အလုပ်ရှင်နှင့် အလုပ်သမားလိုက်နာရမည့် စည်းကမ်းနှင့် မညီညွတ်၍ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယခုလို အဖမ်း ခံရပါက အလုပ်သမားလက်မှတ်ပါ သိမ်းဆည်းပိုင်ခွင့်ရှိသည်ဟု အလုပ်သမားအရေးကို ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ဥပဒေရေးရာ တာဝန်ခံ ကိုမြင့်ဦးက ယခုလိုပြောသည်။

“အလုပ်အမျိုး အစားကို ၀ပ်ပါမစ် (အလုပ်သမားလက်မှတ်)မှာ ခွဲထားတယ်လေ။ အဲဒီ အလုပ်အမျိုး အစားမှာပဲလုပ်ရမယ်။ အကယ်၍ အလုပ်ပြောင်းမယ်ဆိုရင် ပထမအလုပ်ရှင် ရဲ့ သဘောတူညီချက်နဲ့ ဒုတိယအလုပ်ရှင်ဆီကို ပြောင်းရမယ်။ ဥပဒေအတိုင်းဆိုရင် ဒီအလုပ်သမားလက်မှတ်က အကြုံးမ၀င် တော့ဘူး၊ ပြန်သိမ်းလိုက်ပြီသူတို့။ အဲတာဆိုရင် သူက(အလုပ်သမား) တရားမ၀င် အလုပ်လုပ်တာ ပေါ့နော်။”

ယခင် အလုပ်ရှင်ဟောင်းထံ အလုပ်လုပ်စဉ်က လုပ်အားခနည်းပြီး အခက်အခဲဖြစ်သည့် အတွက် ပြောင်းရွှေ့လုပ် ကိုင်ခြင်းဖြစ်သည်ဟု အဖမ်းခံရသည့် အလုပ်သမား ပိုင်ပိုင်က ယခုလိုပြောသည်။

“မစားလောက်တော့ ပိုက်ဆံများများရတဲ့ နေရာကို ၀င်လုပ်တယ်။ လစာလေးနည်းနည်း လေးနဲ့ ဘတ်(အလုပ်သမားလက်မှတ်)ကလည်း အဲဒီသူဌေးနဲ့လုပ်ထားတယ်။ ကိုယ့်မှာ လည်းဝင်ငွေက နည်းနေတဲ့ ခါကျတော့ သူက ဘတ်ကြေးကဖြတ်၊ ဘာကဖြတ်ဆိုတော့ ကျနော်တို့ ဘယ်လိုလုပ်ရပ်တည်လို့ရ မှာလဲ။ ကိုယ့်ဝမ်းစာအတွက် မလုံလောက်တဲ့ အခါ ကျတော့ သူဌေးဆိုတာတော့ ပြောင်းရမှာပဲ။”

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားခန့်မှန်းခြေ ၂ သန်းကျော် ရှိသည့်အနက် ထိုင်းအစိုးရက ပြုလုပ် ပေးသည့် တရားဝင်အလုပ်သမားလက်မှတ်ကိုင်ဆောင်ထားသူ ၁ သန်းကျော်ရှိကာ သက်တမ်းတိုးပြီးသည့် အလုပ်သမား ၉ သိန်းကျော် သာရှိသည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက တရားဝင်စာရင်း ထုတ်ပြန်ထား သည်။

ထိုင်းအစိုးရမှ သက်တမ်းမတိုးပဲ ကျန်ရှိသည့် တရားမ၀င်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမား ၃ သိန်းကျော် အား ဖမ်းဆီး၍ နေရပ်ရင်း ပြန်ပို့ရေးစီမံချက်ကို ထိုင်းဝန်ကြီးချုပ်က ယခုလဆန်းပိုင်းတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားသား အလုပ် သမား ထောင်နှင့်ချီ၍ ဖမ်းဆီးခံခဲ့ရသည်။

သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ဇော်ကြီး ရေးသားသည်။

အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်ကားသူကို ရုံးတင်တရားစွဲ

အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား အကြိမ်ကြိမ်စော်ကား မတရားကျင့်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအား တရားရုံးတင်ရန် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ပြီဖြစ်သည်။

မိဘများမရှိခိုက် မိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူ ရာဘာခြံအလုပ်သမား စိုးမောင်မောင်အား Rask Thai ဖောင်ဒေးရှင်းနှင့် ကလေးသူငယ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ဘန်ဖတ်ဒတ်) တို့မှ ပူးပေါင်း၍ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရပ်ဌာနီခရိုင်၊ ထချန်းမြို့နယ်၊ ဆပ်ဝီယ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ထချန်းမြို့နယ်ရှိ နန်းတလေ ရော်ဘာခြံအတွင်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော ကိုမိုးလှိုင်နှင့် မသိန်းကြည်တို့၏ အသက် (၁၁) နှစ်အရွယ် သမီးငယ် မမိုးဝါအား မိဘများ ရော်ဘာသွားခြစ်သော ညများတွင် အဆိုပါခြံမှ မန်နေဂျာအမျိုးသမီး၏ ယောက်ျားဖြစ်သူ စိုးမောင်မောင်က မကြာခဏလာရောက် ခြိမ်းခြောက် အနိုင်ကျင့်စော်ကားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

မမိုးဝါ၏မိခင်ဖြစ်သူ မသိန်းကြည်က “ကျမတို့က ညဘက်ဆို (၁၁) နာရီလောက်စပြီး ရော်ဘာခြစ်ရတယ်လေ။ အဲဒါ သမီးနဲ့သားငယ် (၂) ယောက်ကို အိမ်မှာ သေသေချာချာမှာထားခဲ့တယ်။ ဘယ်သူလာလာ တံခါးမဖွင့်ပေးရဘူးလို့။ သူက မန်နေဂျာမရဲ့ ယောက်ျားဆိုတော့ သမီးကကြောက်တော့ ဖွင့်ပေးတာနေမယ်။ သမီးပြောတာက သူ (၄) ခါ၊ (၅) ခါ အဲဒီလို လာတယ်လို့ပြောတယ်။ လက်ထဲမှာ သေနတ်နဲ့ ဘယ်သူမှ မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြောက်ထားတော့ ကလေးက မပြောရဲဘူး။ အခုက စကားများရန်ဖြစ်မှ သမီးက ငိုပြီးပြောလို့ သိရတာ” ဟု ဝမ်းနည်းစွာ ပြောပြသည်။

စိုးမောင်မောင်သည် အသက် (၂၅) နှစ်ခန့်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ ရာဘာခြံမန်နေဂျာမှာ အသက် (၄၅) နှစ်ခန့်ရှိကာ ထိုအမျိုးသမီးတွင် ယခင်အိမ်ထောင်နှင့် သားသမီး (၃) ဦးရှိသည်။

မတရားပြုကျင့်မှု ပေါ်ပေါက်ရသည်မှာ အဆိုပါမန်နေဂျာ အမျိုးသမီး၏သားဖြစ်သူနှင့် ပတ်သက်၍ မမိုးဝါ၏ မိဘများနှင့် စကားများရန်ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ မန်နေဂျာအမျိုးသမီး၏ အသက် (၂၀) ခန့်ရှိသူ သားဖြစ်သူက မိဘတို့ထမင်းစားချိန် အချိန်မမီ၍ မစားရသော အခါများတွင် တခါတရံ၌ မမိုးဝါထံ လာရောက်၍ ထမင်းတောင်းစားလေ့ရှိပြီး ပြီးခဲ့သည့်လ မနက်လင်းပိုင်းတွင် မမိုးဝါ၏ မိဘများ ရော်ဘာခြစ်ရာမှပြန်အလာ အိမ်တွင် စားပြီးသား ထမင်းပန်းကန်တွေ့၍ သမီးဖြစ်သူအားမေးမြန်းကာ မန်နေဂျာမိသားစုထံ မိဘများမရှိခိုက် ယင်းသို့ အိမ်ကိုလာရောက် တောင်းစားသည်ကို မကြိုက်ကြောင်း သားဖြစ်သူကို ဆုံးမပေးရန်ပြောကြားရာမှ အခြေအတင် စကားများကြပြီး ယခုကဲ့သို့ စိုးမောင်မောင်က မမိုးဝါအား မတရားကျင့်သည့် ကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။

ပထမပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် လမ်းလွှဲရန် စိုးမောင်မောင် မိသားစုက ကြိုးပမ်းသော်လည်း၊ အဖွဲ့အစည်းများမှ တရားဝင် ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များ ဆောင်ရွက်ပေးနိုင်မှုအရ အခိုင်အမာ သက်သေပြနိုင်ပြီဖြစ်သည့်အတွက် တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိုသို့သော ကလေးသူငယ်များကို စော်ကားမှုများအား မိဘများက တရားရင်မဆိုင်လျှင်ပင် အခြားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက တရားစွဲဆိုပိုင်ခွင့်ရှိသည်။

မမိုးဝါသည် မိဘများ ရော်ဘာသွားခြစ်ခိုက် မောင်ငယ် (၂) ဦးကို စောင့်ရှောက်ရင်း အိမ်တွင် ကျန်ရှိနေသည်ကို စိုးမောင်မောင်က လူသူကင်းရှင်းသော ည (၁၁) နာရီခွဲခန့်တွင် လာရောက်လေ့ရှိကာ မမိုးဝါအား စော်ကားနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသည်မှာ တလခန့်ကြာမြင့်ခဲ့ပြီး လိုအပ်သော ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များလည်း ဝီဖဝတီဆူရပ်ဌာနီ ဆေးရုံကြီးမှ အခိုင်အမာရရှိထားပြီး ဖြစ်သည်ဟု Raks Thai ဖောင်ဒေးရှင်းမှ တရားစွဲဆိုနိုင်ရန် လိုက်ပါဆောင်ရွက်ပေးနေသူ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ရဲစခန်းကလည်း လိုအပ်တာအကုန်လုံး သေချာစစ်ဆေးပါတယ်။ ကျနော်တို့အတွက်လည်း ပညာရတယ်။ နောက်ဆို ဘယ်လို စနစ်တကျ လုပ်ရမယ်ဆိုတာပေါ့။ လာမယ့် (၆) ရက်နေ့မှာ ထချန်းတရားရုံးမှာ အမှုစတင်ရင်ဆိုင်ရမှာပါ” ဟု ပြောသည်။

ယခုအခါတွင် မသိန်းကြည်တို့ မိသားစုအား ထိုရော်ဘာခြံမှ ထွက်သွားခိုင်း၍ မောင်နှမဝမ်းကွဲတော်သူတဦး၏ခြံတွင် ဆက်လက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းသည် ရော်ဘာခြံများ၊ သီးပင်၊ စားပင် စိုက်ပျိုးပင်များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရော်ဘာခြစ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြသူများ ရှိသည်။ ညပိုင်း ပတ်ဝန်းကျင် အေးမြလာချိန်တွင် ရော်ဘာအစေးခြစ် ထွက်ကြရပြီး မနက်ခင်းပိုင်းတွင် အနားယူ အိပ်စက်ကြရသည်။

ပုံမှန်အားဖြင့် (၁၅) ရက်တခါခန့် ခြစ်ပြီးသား အခြောက်လှန်းထားသော ရော်ဘာချပ်များကို ရောင်းချလေ့ရှိကာ ထိုသို့ရောင်းချသော ရက်များကို စနည်းနာ၍ မသမာသူများ၏ ဓားပြတိုက်မှုများလည်း အမြဲလိုလို ဖြစ်ပေါ်နေတတ်၍ ရော်ဘာခြံပိုင်ရှင်များက မိမိတို့၏တပည့်တပန်းများကို သေနတ်များပေးကာ ကိုင်ဆောင်စေလေ့ရှိသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

မြန်မာနိုင်ငံတွင် မဲပေးနိုင်သူ သန်း (၃၀) ကျော်ရှိဟု ထုတ်ပြန်

နိုင်ငံတဝန်းလုံးရှိ ကောက်ယူရရှိထားသော သန်းခေါင်စာရင်းအရ မြန်မာ့လူဦးရေမှာ (၅၉,၁၂၉,၉၀၀) ဦးရှိကာ မဲပေးနိုင်သူ အသက် (၁၈) နှစ်ပြည့်ပြီးသည့် လူဦးရေ စုစုပေါင်း သန်း (၃၀) ကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယင်းကိန်းဂဏန်းများသည် ပြီးခဲ့သည့် ဧပြီလက နောက်ဆုံး ကောက်ယူရရှိထားသော အိမ်ထောင်စုဝင် လူဦးရေစာရင်းဖြစ်ပြီး ထိုစာရင်းကို လာမည့်ရွေးကောက်ပွဲအတွက် အသုံးပြုဖွယ်ရှိကြောင်း ရန်ကုန်မြို့ရှိ မြို့နယ်ပြည်သူ့အင်အားဦးစီးဌာနမှ အရာထမ်းတဦးက ပြောသည်။

၎င်းက “ဒီစာရင်းတွေက လာမယ့် ရွေးကောက်ပွဲအတွက် အသုံးဝင်လိမ့်မယ်ထင်တယ်။ မဲပေးနိုင်တဲ့သူ သန်း (၃၀) ကျော် ဆိုတာက အိမ်ထောင်စုစာရင်းက ပြထားတဲ့ ကိန်းဂဏန်းအတိုင်း ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

စာရင်းကောက်ယူရာတွင် သက်ဆိုင်ရာ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများက တာဝန်ယူကောက်ယူခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) တို့က စစ်ဆေးကာ မြို့နယ်ပြည်သူ့အင်အား ဦးစီးဌာနက အတည်ပြုပြီး ထွက်ရှိလာသော လူဦးရေစာရင်းဖြစ်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

ရန်ကုန်မြို့အပါအဝင် နယ်မြို့များတွင်လည်း အလားတူမဲပေးနိုင်သူ လူဦးရေ အစစ်အမှန် ရရှိနိုင်ရန် စာရင်းကောက်ယူလျက်ရှိကြောင်း ရန်ကုန်မြို့မှ လဝက အရာရှိတဦးက ပြောကြားသည်။

၎င်းက “အစစ်အမှန် မဲပေးနိုင်သူ တနိုင်ငံလုံးရဲ့ စာရင်းကို အခု ကောက်ယူနေဆဲပါ။ ဒီရန်ကုန်မြို့ပေါ်မှာ လူဦးရေ (၆.၆) သန်း ရှိတယ်။ အဲဒီအထဲက မဲပေးနိုင်သူ စာရင်းအမှန်ရဖို့က ဌာနဆိုင်ရာအသီးသီးကနေပြီး စာရင်းထပ်ကောက်မှ ရနိုင်မယ်လေ။ အခု အဲဒါတွေ ကောက်နေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေစာရင်းအတွက် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အောက်တိုဘာလမှစ၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်အမှတ်အသစ်များ ထပ်မံကောက်ယူတပ်ဆင်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခဲ့သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၃၉) သန်းကျော်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ တိုးတက်မှုနှုန်းသည် နှစ်စဉ် (၂) ရာခိုင်နှုန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

သာသနာရေးရုံး ၀န်ထမ်းများ အလုပ်ကြမ်း လုပ်နေကြရ

ပုဂံမြို့၌ မကြာမီ တည်ဆောက်ပြီးစီးတော့မည့် “ဗုဒ္ဓဓမ္မ စင်တာ” လုပ်ငန်းခွင်သို့ သာသနာရေးဝန်ကြီးဌာန အမှုထမ်းအချို့အား စေလွှတ်ကာ ရုံးလုပ်ငန်းများနှင့် လျော်ညီမှုမရှိသော အလုပ်ကြမ်းများ ခိုင်းစေနေသည်ဟု သာသနာရေးဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ သာသနာရေးဦးစီးဌာန ၀န်ထမ်းများသည် ဗုဒ္ဓဓမ္မ စင်တာ လုပ်ငန်းခွင်သို့ သွားရောက် တာဝန်ထမ်းဆောင်ရန် ရုံးမိန့်ညွှန်ကြားမည်ကို စိုးရိမ်နေကြသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “အုတ်သယ်၊ မြေကြီးသယ်၊ အပင်စိုက်၊ ဆေးသုတ် အောက်ခြေသိမ်းအလုပ်ကြမ်း အကုန်လုပ်ခိုင်းတယ်။ ပုဂံမြို့ရဲ့ အပူဒဏ်က ပြင်း၊ ၀န်ထမ်းတွေလည်းဖြစ်တော့ အရမ်းပင်ပန်းကြတယ်။ ဘဲဥ တခြမ်းနဲ့ ထမင်းစားခဲ့ရတဲ့ရက်တွေက မနည်းဘူး။ အဲလို အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ကြာလာတော့ ကျန်းမာရေး ထိခိုက်လာတယ်” ဟု ပြောသည်။

ထို့အပြင် ရုံးဝန်ထမ်းတို့သည် တည်ဆောက်ရေးလုပ်ငန်းခွင်၌ အကျဉ်းဦးစီးဌာနမှ အကျဉ်းသားများနှင့်တွဲ၍ အလုပ်ကြမ်းများ လုပ်ကိုင်နေရသည့်အပေါ်တွင်လည်း ၀န်ထမ်းများက စိတ်ပျက်နေကြသည်ဟု သိရသည်။

အဆိုပါ အခြေအနေများကြောင့် ပုဂံစင်တာ တည်ဆောက်ရေး တာဝန်ကျ သာသနာရေးဦးစီးဌာန အမှုထမ်းများသည် ကျန်းမာရေး၊ လူမှုရေး အကြောင်းပြချက်များဖြင့် ရန်ကုန်ရုံးသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးစားနေကြသည်ဟု သိရသည်။

ဗုဒ္ဓဓမ္မ စင်တာသည် နိုင်ငံတော်၏ စိုက်ထုတ်ကုန်ကျမှု၊ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ပုဂံမြို့၊ ပုဂံယဉ်ကျေးမှုနယ်မြေ၊ အာနန္ဒာဘုရားအနီးတွင် တည်ရှိကာ တည်ဆောက်ချိန် (၁) နှစ်ခွဲခန့် ကြာမြင့်နေပြီဖြစ်သည်။

လုပ်ငန်းခွင်အား လက်ရှိ ဦးဆောင် တာဝန်ယူထားသူမှာ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (စီမံ) ဦးမောင်နီ (ဒု -ဗိုလ်မှူးကြီး-ငြိမ်း) ဖြစ်သည်ဟု သိရသည်။

ဗုဒ္ဓဓမ္မ စင်တာအား လာမည့် ဇူလိုင် (၂၆) ရက်နေ့တွင် ဖွင့်လှစ်မည်ဟု သတ်မှတ်လျာထားသော်လည်း မည်သို့ အသုံးပြုမည်ကိုမူ ၀န်ထမ်းအများစု မသိရှိကြပေ။

အဆိုပါစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဦးစွာ တာဝန်ယူခဲ့သူမှာ သာသနာရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူး ဦးမင်းရွှေလွင် (ဗိုလ်မှူး-ငြိမ်း) ဖြစ်ပြီး ၎င်းအား ပြီးခဲ့သည့် (၄) လခန့်က နယ်ပြောင်းလိုက်ကြောင်း သာသနာရေးဝန်ထမ်းတို့ထံမှ သိရသည်။

ခေတ်ပြိုင်သတင်းထောက် အောင်ထက် ရေးသားသည်။

UNIAP က လူကုန်ကူးမှုဆိုင်ရာသင်တန်းများ ပို့ချပေးရန်စီစဉ်

ဆရာ အတတ်သင် ကောလိပ် နှင့် လူ ကုန်ကူးမှု ဖြစ်ပွားမှု များသော ဒေသများ မှ ဆရာ၊ ဆရာမများအား လူကုန်ကူးမှု ဆိုင်ရာ အသိ ပညာပေး သင်တန်းများ ပြုလုပ် ပေးရန် အစီအစဉ် ရှိကြောင်း မဲခေါင်မြစ်ဝှမ်း ဒေသအတွင်း လူကုန် ကူးခြင်းကို တိုက်ဖျက်သည့် ကုလ သမဂ္ဂ အစီအစဉ် (UNIAP) ၏ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချော က ပြောသည်။ "ဆရာ၊ဆရာမ တွေကနေ တစ်ဆင့် ကျောင်းသူ ကျောင်းသား တွေကို လူကုန် ကူးမှု အကြောင်း ဖြန့်ဝေ ပေးနိုင်ဖို့ ရည်ရွယ် ပါတယ်။ ၂၀၀၈ ခုနှစ် က UNIAP နဲ့ လူကုန်းကူးမှု ကာကွယ် တားဆီးရေး ရဲတပ်ဖွဲ့ ပူးပေါင်းပြီး မန္တလေးတိုင်းမှာ ရှိတဲ့ လူကုန်ကူးမှု ဖြစ်ပွားမှု များရာ နေရာ တွေက ဆရာ၊ ဆရာမ တွေကို လူကုန်ကူးမှု ဆိုင်ရာ ဟောပြောပွဲ တွေ လုပ်ခဲ့ ပါတယ်။ ဆက်လက် လုပ်ဆောင် ဖို့လည်း စီစဉ် နေပါတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းက ကျောင်းပညာရပ် ဆိုင်ရာ သင်ရိုး ညွှန်းတမ်း များတွင် လူကုန်ကူးမှု ဆိုင်ရာ အသိ ပညာပေး သင်ရိုး ညွှန်းတမ်းများ ထည့်သွင်း လာခြင်းသည် လူကုန်ကူးသူ များ၏ အယုံ သွင်းမှုမှ လူငယ်များအား ကာကွယ် ပေးနိုင်ကြောင်း ဒေါ်ဥမ္မာအိအိချော က ပြောသည်။ "အဓိက သင်ရိုးညွှန်းတမ်း အနေနဲ့ မဟုတ်ဘဲ တစ်နာရီစာ သင်ကြား ပေးတဲ့ အပို သင်ခန်းစာပါ။ သူစိမ်း တွေကို အလွယ် တကူ မယုံကြည် တတ်ဖို့၊ တစ်ပါး သူက အယုံသွင်း လာတဲ့ အခါမှာ အလွယ် တကူ မယုံဘဲ ကိုယ်ပိုင် ဉာဏ်နဲ့ ဆုံးဖြတ် တတ်ဖို့ သင်ကြားပေးတဲ့ ရိုးရှင်း တဲ့ သင်ခန်းစာပါ။ ဒီလို သင်ခန်းစာ အဖြစ် ကျောင်းသား တွေကို ထည့်သွင်း သင်ကြား ပေးတာ လူကုန်ကူးမှု ကာကွယ်ရေး အတွက် ထိရောက်တဲ့ လုပ်ဆောင် ချက်ပါ" ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ဒေါ်ဥမ္မာအိအိချော က UNIAP နှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းကာ တိုင်း အဆင့် လူကုန်ကူးမှု ဆိုင်ရာ ဟောပြော ပွဲကို ပုသိမ်တွင် ပြီးခဲ့သည့် နှစ်က ပြုလုပ် ခဲ့သည်။ "ဒီလို ဟောပြောမှုတွေ လုပ်နေပေမယ့် ကျွန်မတို့ အဖွဲ့တွေ မရောက်ရှိ သေးတဲ့ ဝေးလံ ခေါင်သီတဲ့ အရပ်က ရွာတွေ အများကြီး ရှိနေပါ တယ်။ တခြား အရပ် ဒေသကို ပြောင်းရွှေ့ ချင်ပြီး လူကုန်ကူးမှု အန္တရာယ်နဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါး သူတွေ ဟာ လူကုန်ကူးသူ တရားခံ တွေရဲ့ ပစ်မှတ်တွေ ဖြစ်လျက် ရှိနေပါတယ်"ဟု ၎င်းက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။

ပုဂ္ဂလိက စက်သုံး ဆီဆိုင်များ အာမခံ ထားရှိနိုင်

စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း လက်အောက်ရှိ နိုင်ငံပိုင် စက်သုံးဆီ ဆိုင်များအား ဇွန် ၁၀ ရက်မှ စတင်ကာ ပုဂ္ဂလိက လုပ်ငန်း ရှင်များ သို့ လွှဲပြောင်း လုပ်ကိုင် ခွင့်ပြု ခဲ့သော ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များသည် မီး အာမခံ နှင့် တခြား တွဲဖက် အန္တရာယ်များ အတွက် အာမခံ ထားရှိ နိုင်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်း အထွေထွေ မန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။ အာမခံ ထားတယ် ဆိုတာ မဖြစ်ဘူး။ ဖြစ်ခဲ့သည် ရှိသော်ဆိုတဲ့ စကားလိုပါပဲ။ ဒါ့အပြင် ဓာတ်ဆီ ဆိုင်တွေ အာမခံ ထားမယ် ဆိုရင် အာမခံ ထားမယ့် ပစ္စည်း တွေကို အာမခံ လုပ်ငန်းက တာဝန် ရှိသူတွေ သွားရောက် စစ်ဆေးမယ်။ ဒီ စစ်ဆေး မှုကြောင့် ဆုံးရှုံး ပျက်စီး နိုင်မယ့် အရာတွေကို စီမံ ခန့်ခွဲဖို့ အထောက် အကူ ဖြစ်စေတယ်။ အာမခံ ထားတယ် ဆိုတာ ဆုံးရှုံး ပျက်စီးမှု ဖြစ်လာ ခဲ့ရင် ဘယ်လို ပြန် တည်ထောင် မလဲ ဆိုတာကို တစ်ဖက်က ကြိုတင် ဆောင်ရွက် ထားတာ ဖြစ်တယ်ဟု ၄င်းက ပြောကြားသည်။ ယင်းစက်သုံး ဆီဆိုင် အာမခံတွင် ဆိုင်ကို အာမခံ ထားခြင်း၊ ဆိုင် နှင့် ဆိုင်တွင်းရှိ ပစ္စည်းများ အာမခံထားခြင်း၊ ဆိုင်တွင် ရောင်းချမည့် လောင်စာဆီ များကို အာမခံထားခြင်း၊ စသည့် အာမခံ အမျိုးမျိုး ရှိရာ မိမိ ကြိုက်နှစ်သက် သည့် အာမခံကို ထားရှိ နိုင်သည်။ ဒါ့အပြင် ဆိုင်ရှိ ဝန်ထမ်းများ အတွက် အသက် အာမခံ ထားရှိနိုင်ပြီး စက်သုံးဆီဆိုင် အတွက် အာမခံ ပရီမီယံ ကြေးမှာ ဆိုင်တွင်းရှိ လောင်ကျွမ်းစေသော ပစ္စည်း ပမာဏပေါ် မူတည်၍ ထားရှိရသည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြကြောင်း သတင်း ရရှိပါသည်။

ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည့်ကလေးကို ကျပ်သိန်းချီကောက်

သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံ လ၀က ရုံးတွင် အသက် ၁၈ နှစ်ပြည့် ကြံ့ဖွံ့အသင်းဝင်များ မှတ်ပုံတင် အခမဲ့ လုပ်ပေးသော်လည်း ၁၀ နှစ်ပြည့်ကလေးများအတွက် ကျပ်သိန်းချီကောက်ခံနေကြောင်း စုံစမ်းသိရှိရ သည်။

ကလေးတယောက်အတွက်မှတ်ပုံတင်လုပ်ခ ကျပ်ငွေ ၅ သိန်းပေးဆောင်ရန် လ၀က ခရိုင်မှူး ဦးအောင် မျိုးလွင် ကိုယ်တိုင် ကလေးမိဘများအားခေါ်ယူတွေ့ဆုံပြောကြားကြောင်း၊ ၁၈ နှစ် ပြည့်ပြီး ငွေကြေးမပြည့် စုံသူများ ကြံ့ခိုင်ရေးအသင်း ၀င်လျှင် မှတ်ပုံတင် အခမဲ့လုပ်ပေးမည်ဟုလည်း ကျိုင်းတုံ လ၀ကမြို့နယ်မှူး စိုင်းဆိုင်တွီ က စည်းရုံးပြောဆိုခဲ့ကြောင်း ကျိုင်းတုံမြို့သား စိုင်းဆမ်တစ် ဤကဲ့သို့ပြောပြ၏။

မြန်မာ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကဒ်



“မှတ်ပုံတင် လုပ်ခတစ်ယောက် ၅ သိန်းထည့်ရမယ်။ ထည့်တဲ့သူ မှတ်ပုံတင် လုပ်ပေးမယ်။ မထည့်ရင် မလုပ်ပေးဘူး။ မကျေနပ်ရင် ဘယ်ဌါနကို တိုင်ချင်တိုင်။ ဒါပေမယ့် အသက် ၁၈ နှစ်ပြည့်သူတွေ ကြံ့ဖွံ့ အသင်းဝင်ရင် မှတ်ပုံတင် အလကား ရမယ် - လို့ လ၀ကရုံးကပြောတယ်”

ကျိုင်းတုံမြို့နယ်တွင် အသက် ၁၀ နှစ်အထက် ကလေးများအား ဧပြီလမှစ၍ မှတ်ပုံတင်ပြုလုပ်ပေးမည် ဖြစ် ကြောင်း နံရံတွင်စာကပ်ထားသည်ဟုဆို၏။

ငွေကြေးတတ်နိုင်သူ လူနည်းစုကသာ ပြုလုပ်ကြသော်လည်း ငွေကြေးမတတ်နိုင်သူအများအပြားက “ သူတို့ ၁၈ နှစ်ပြည့်မှဘဲလုပ်ပေးမယ်။ အခုလဲ ဘယ်မှ သွားစရာမှမလိုတာ။ အဲ့ဒီအချိန်ကျမှ ကြံ့ဖွတ်အသင်းဝင်ပြီး မှတ်ပုံတင် အလကားလုပ်ပေါ့” - ဟု ဆိုကြကာ လ၀ကရုံးမှ အသီးသီး ပြန်လှည့်ထွက်ကြကြောင်း အမည် မဖေါ်လိုသည့် ကလေးမိခင်တဦးက ပြောသည်။

မှတ်ပုံတင်လုပ်ခအတွက် ငွေကြေးကောက်ခံသူများမှာ ဦးအောင်မျိုးလွင်(လ၀ကခရိုင်ဦးစီးမှူး)၊ စိုင်းဆိုင်တွီ (လ၀ကမြို့နယ်မှူး)နှင့် ဦးကျော်ကျော်လှိုင် (လ၀ကစာရေး) တို့ဖြစ်ကြသည်။

ပါတီဝင်ဦးရေပြည့်မှီရေး သျှမ်းပြည်တောင်ပိုင်း/အရှေ့ပိုင်း ကျားဖြူပါတီမြို့နယ် EC များဖွဲ့စည်း

ပါတီဝင်ဦးရေတထောင်ပြည့်မှီရေးအတွက် သျှမ်းပြည်တောင်ပိုင်း/အရှေ့ပိုင်း မြို့နယ်အသီးသီးသို့ သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ ဆက်တိုက်စည်းရုံးရေးဆင်းနေကြောင်း စုံစမ်းသိရှိရပါသည်။

“သျှမ်းပြည်မြောက်ပိုင်းက ပြီးသလောက်ဖြစ်နေပြီ၊ ပါတီဝင်ကော၊ မြို့နယ်အဆင့် ကျားဖြူပါတီရုံးခွဲကောဘဲ၊ အခု လုပ်ရမှာက သျှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း”- ဟု လားရှိုးသားတဦးက ပြောပါသည်။

ဂျွန် ၂၄ - ၂၈ ရက်နေ့အထိ သျှမ်းပြည်တောင်ပိုင်း မြို့တော်တောင်ကြီးသာမက ပင်လုံ၊ နမ့်ဇန်၊ ကွန်ဟိန်း၊ မိုးနဲ နှင့် မိုင်းပန် အပြင် သံလွင်အရှေ့ခြမ်းတွင် မိုင်းပြင်း ၊ ကျိုင်းတုံ တို့၌ စည်းရုံးရေးဆင်းကာ ပါတီဝင်များဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ တခြားမြို့နယ်တို့တွင်လည်း ပါတီဝင်ပြည့်မှီရေးအတွက် ဆက်လက်စည်းရုံးရေးဆင်းမည်ဖြစ် ကြောင်း ကြားသိရပါသည်။

“ဒီဂျူလိုင် ပထမပတ်ကစပြီး သျှမ်းပြည်တောင်ပိုင်း လဲချား(လိုင်းခ)၊ မိုင်းကိုင်၊ ကျေးသီး(ဂေးဆီး)၊ မိုင်းရှူးဘက် သွားမယ်။ သျှမ်းပြည်အရှေ့ပိုင်းမှာတော့ မိုင်းပြင်းနဲ့ ကျိုင်းတုံမှာ ရုံးဖွင့်ပြီးပြီ။ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဆတ်နဲ့ မိုင်းတုံဘက်ကိုလဲသွားမယ်” - ဟု ပင်လုံမြို့ခံ ကျားဖြူပါတီဝင်တဦးက ပြောပါသည်။

မူစယ်မြို့ ကျားဖြူပါတီ အလံနှင့်ဆိုင်းဘုတ်တင်သည့် အခမ်းအနား (ဓါတ်ပုံ - SHAN)

မြို့နယ်တိုင်း ပါတီရုံးခွဲများ ဖွင့်လှစ်နိုင်ရန် အနည်းဆုံး တမြို့နယ်လျှင် ပါတီ EC ၁၀ ဦးထက်မနည်း ထားရှိသွား မည်ဖြစ် ကြောင်း၊ မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးလျှင်ပြီးချင်း မဲဆွယ်စည်းရုံးရေးဆင်းရမည် ဖြစ်ကြောင်း သျှမ်းသံဆော်ဆင့်သို့ အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပါသည်။

“အခုက အရမ်းထူးဆန်းတယ်၊ နအဖ အာဏာပိုင်တွေက အဟန့်အတားမလုပ်တဲ့အပြင် အကူအညီတောင် ပေးသေးတယ်။ တချို့မြို့နယ်မှာဆို ကြိပို့ပေးတဲ့အပြင် ဓါတ်ဆီဖိုး၊ ဧည့်ခံကျွေးမွေးရေးတွေပါလုပ်ပေးတယ်။ ဒါပေမယ့် ဒီလိုဝန်ဆောင်ပေး နေတာဟာ တိုင်းရင်းသားပါတီတွေ ဘာလုပ်နေလဲ ဘယ်သူတွေပါသလဲ ဆိုတာ အနီးကပ်စောင့်ကြည့်လေ့လာ သတင်း ရယူဖို့ဘဲ - လို့ထင်တယ်”
- ဟု သျှမ်းပြည်တောင်ပိုင်း စည်းရုံးရေး ခရီးစဉ် လိုက်ပါသူတဦးက ပြောပြပါသည်။

ပါတီဝင်အင်အားပြည့်မှီရေးအတွက် SNDP ဗဟိုရုံးချုပ်မှ တိုက်ရိုက်ငွေကြေးထောက်ပံ့ပေးပြီး အုပ်စု ၃-၄ ခု ခွဲကာ စည်းရုံးရေးဆင်းနေကြကြောင်း၊ သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းအပြင် ကရင်နီပြည် လွယ်ကော်ဘက် သို့လည်း ဆင်းနေကြောင်း ဆက်၍ပြောပြပါသည်။

ကျားဖြူပါတီအနေဖြင့် တခြားအင်အားကြီးပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဂရုမမူကြောင်း၊ ပြည်သူ့ အသည်း နှလုံးကို ရအောင်စည်းရုံးမည်ဖြစ်ကြောင်း ကြားသိရ၏။ သို့သော်လက်ရှိအခြေအနေအရ လူထုသည် ၀မ်းရေးမှတပါး တခြားအရေးကိစ္စများ စိတ်စားခြင်းမရှိကြဟု သျှမ်းပြည်တောင်ပိုင်းမှ ဒေသခံတစ်ဦးကလည်း ပြော၏။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် သျှမ်းပြည်လူထု ကိုယ်စားပြုပါတီ (နအဖ စစ်အုပ်စု ရွေးကောက်ပွဲ ဥပဒေအရ ပါတီဖျက်သိမ်းခံရပြီးဖြစ်သော) SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့လည်း နအဖ စစ်အုပ်စု အကျဉ်းထောင်၌ နှစ်ရှည်ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်။

မူစယ်တွင် လိုင်စင်မဲ့ကားများ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖမ်းမည်

မြန်မာနိုင်ငံတစ်ဝှန်း မြို့ကြီးများ၌ ဇွန်လဆန်းပိုင်းမှ စ၍ လိုင်စင်မဲ့ကားများ ဖမ်းဆီးနေပြီး သျှမ်းပြည် (မြောက်ပိုင်း) မူ စယ်မြို့တွင် လာမည့် ဂျူလိုင်လ ၁ ရက်နေ့၌ စတင်ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များက ကြေငြာထားကြောင်း သိရ သည်။
ယခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မူစယ်မြို့အပါအ၀င် သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ မြို့ကြီးအချို့တွင် လိုင်စင်မဲ့ ကား ဖမ်းဆီးမှုရှိခဲ့သော်လည်း အဆိုပါဖမ်းဆီးမှု ရပ်ဆိုင်းခဲ့ပြီး ယခုတနိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ကညန၀န်ထမ်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နေပြည်တော် ရန်ကုန် မန္တလေးအပါအ၀င် မြို့ကြီးတွေမှာ ဖမ်းနေတာ တစ်လလောက်ရှိပြီ စီမံချက်နဲ့ဖမ်းတာပါ မူစယ် မှာတော့ ဂျူလိုင်လ ၁ ရက်နေ့ကနေစဖမ်းမယ် ကြေငြာထားပါတယ် ဒီလကုန်ရင် လိုင်စင်ထုတ်ပေးတာလည်း ရပ်တော့မယ်” ဟု သူက ပြောသည်။

ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုင်စင်မဲ့ကားများ ဖမ်းဆီးရခြင်းမှာ ပြည်တွင်းရှိ စက်မှုဇုန်များအား ၈ ယောက် စီး အထက် ကားထုတ်လုပ်ခွင့် ပြုလိုက်သောကြောင့် ဖြစ်ကြောင်း သူက ဆိုသည်။

“၈ ယောက်စီးအထက် Mini bus , Townace နဲ့ ကုန်ကားအမျိုးအစားတွေကို စက်မှုဇုန်ထုတ်လုပ်ခွင့် ပြုထားတယ် အရင် က ထုတ်ခွင့်ပြုထားပေမဲ့ အခုကတော့ အင်ဂျင်တင်သွင်းခွင့်ကိုပါ ခွင့်ပြုလိုက်ပြီ ” ဟု ဆိုသည်။

စက်မှုဇုန်ထုတ်လုပ်ခွင့်ပြုလိုက်ခြင်းကြောင့် လိုင်စင်မဲ့ကားဖမ်ခြင်းမှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်ဖွယ်ရှိပြီး စီးပွားရေး / နိုင်ငံရေး ကိစ္စများနှင့် ဆက်စပ်နိုင်ကြောင်း ကုန်သည်အသိုင်းအ၀ိုင်းက ယူဆသည်။

“စက်မှုဇုန်ထုတ်ကားတွေအတွက် လိုအပ်တဲ့အပိုပစ္စည်းတွေ အရင်ကတည်းက ရန်ကုန်မှာ ရှိပြီးသားပဲ၊ ကားတင်သွင်းခွင့် က သူတို့လက်ထဲမှာရှိတော့ စီးပွားရေးအရ အမြတ်အစွန်းပိုထွက်အောင်လုပ်တာလည်း ဖြစ်နိုင်တယ် ” ဟု ဒေသခံ ကုန် သယ်တစ်ဦးက ဆိုသည်။

မြစ်ကြီးနားဒေသခံတစ်ဦးကလည်း “မြစ်ကြီးနားမှာတော့ လိုင်စင်မဲ့ကားတွေကို စာရင်းကောက်ထားတယ်၊ ရွေးကောက်ပွဲနဲ့ ဆက်စပ်မလား မဆိုနိုင်ဘူး လိုင်စင်မဲ့ကားရှိတဲ့သူတွေ သူတို့ကိုမဲထည့်ရမယ် ဆိုပြီး အကြပ်ကိုင်နိုင်တယ် ” ဟု ဆိုသည်။

ယခုနှစ်ဆန်းပိုင်း ပုဂ္ဂလိကလုပ်ငန်းရှင်များအား ပြည်ပမှဇိမ်ခံကားတင်သွင်းခွင့် ပြုမည်ဆိုသော သတင်းများ ကျယ်ပြန့် စွာ ထွက်လာသော်လည်း ယခုလကုန်ပိုင်း၌ဟိုတည်နှင့်ခရီးသွားလာရေးအား အကန့်အသတ်ဖြင့် ကားတင်သွင်းခွင့်ပြု လိုက်ကြောင်း သိရသည်။

မိုးစပါးစိုက်ရာသီ ကုန်အရောင်းအဝယ်များ ထိုင်းမှိုင်း

မိုးစပါးစိုက်ရာသီ ယခုကာလ တွင် လယ်သမားများလက်ထဲ ငွေရှားပါးနေချိန် ဖြစ်သဖြင့် ပြည်တွင်းဈေးကွက်ရှိ ကုန်စည် အရောင်းဆိုင်ကြီးများ၌ အရောင်းအဝယ်များ ထိုင်းမှိုင်းကျဆင်းနေကြောင်း သိရသည်။

နေပြည်တော် ရန်ကုန် မန္တလေးနှင့် မူစယ် စသည့် မြို့များရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၏ ရောင်းအား မှာ လွန်ခဲသည့် ၃ လထက် ၅ ဆခန့် ကျဆင်းလာကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။


“ကုန်အရောင်းအဝယ် ကလဲ အခုတစ်လော ပါးသွားတယ်၊ လွန်ခဲ့တဲ့ ၃လလောက်က ထက်စာရင် သိသိသာ သာပါး သွားတယ်၊ ကုန်ပစ္စည်း အရောင်းဆိုင် တိုင်းလိုလိုပဲ၊ ရန်ကုန် မန္တလေးဘက်လည်း ဒီအတိုင်းဖြစ်နေတယ်” ဟု နေပြည်တော်၌ လူသုံးကုန်မျိုးစုံ လက်ကားဆိုင်ဖွင့်ထားသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကုန်ပစ္စည်းများ အရောင်းအဝယ်ပါးနေခြင်းနှင့် ပတ်သက်၍ ဆက်ပြောရာတွင် “ မိုးတွင်းဆိုတော စိုက်ပျိုးရေးရာသီမှာ လယ်သမားတွေလက်ထဲ ငွေမရှိလို့ အရောင်းအဝယ်တွေ ကျလာလို့ပါ၊ တခြားကြောင့်တော့ မဟုတ်နိုင်ဘူး ” ဟု သူက ဆိုသည်။

ထိုသို့ ကုန်စည်များ အရောင်းအဝယ် ကျဆင်းနေချိန်တွင် မှောင်ခိုလမ်းကြောင်းများအတိုင်း တရုတ်နိုင်ငံဘက်မှတင်သွင်း သည့် ကုန်ပစ္စည်းများမှာလည်း အဖမ်းအဆီး ထူပြောနေကြောင်း သိရသည်။

မူစယ်ဒေသခံ ကုန်သည်တစ်ဦးက “ မူစယ်မှာ တချို့လက်လီဆိုင်လေးတွေ ဆိုရင် တစ်ခါတစ်လေ ဈေး ဦး တောင်မပေါက် တာ ရှိတယ်၊ တစ်ရက် ၁၅ သိန်းလောက် ရောင်းနေရတဲ့ ဆိုင်ကြီးတွေဆိုရင် အခု ရောင်းကြေး တစ်ရက် ၄ သိန်းလောက် ပဲရှိတယ်၊ ဒီကြားထဲ တရုတ်ပစ္စည်းတွေက ဗန်းမော်၊ လားရှိုး၊ ၁ဝ၅ မိုင် အဝင်အထွက် နေရာတိုင်းမှာ ဖမ်းနေတယ်” ဟု ဆိုသည်။

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လယ်ယာကဏ္ဍပေါ်တွင် များစွာမူတည်နေသည်။ တစ်နိုင်ငံလုံးတွင် ၂ဝဝဂ - ၂ဝဝ၉ လယ်ယာစိုက်ဧက ၃ ဒသမ ၁ သန်းကျော်ရှိပြီး လယ်ယာကဏ္ဍ ပို့ကုန်ဝင်ငွေသည် ပြည်ပပို့ ကုန်ဝင်ငွေ စုစုပေါင်း၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့အပြင်လယ်ယာကဏ္ဍနှင့် ဆက်စပ်သည့် လုပ်ငန်းများသည် တစ်နိုင်ငံလုံးရှိလုပ်ငန်းများ၏ ၇ဝ ရာခိုင်နှုန်း ကျော်ရှိပြီး လုပ်သားအင်အား ၆ဝ ရာခိုင်နူန်းကျော်အား အလုပ်အကိုင်အခွင့် အလမ်းများပေးထားကြောင်း ၂ဝဝ၉ ခုနှစ်ထုတ် Weekly eleven ဂျာနယ်တွင် ဖေါ်ပြထားသည်။

သို့သော် လက်ရှိကာလတွင် နအဖစစ်အာဏာပိုင်များသည် လယ်သမားများအတွက် လိုအပ်သည့် စာရိတ်များ ဖူလုံ လောက်ငှစွာ ပံ့ပိုးပေးနိုင်ခြင်း မရှိသောကြောင့် ပြင်ပတွင် အတိုးနှုန်းကြီးစွာ ငွေချေးယူနေရပြီး ဆင်းရဲ တွင်းနက်နေရ ကြောင်း လေ့လာသူများက ဆိုသည်။

စစ်အစိုးရ၏ နတလ ၀န်ထမ်းများ ၀ နယ်အတွင်း တာဝန်ထမ်းဆောင်ရန် ၀ အာဏာပိုင်ခွင့်မပြုသေး

မတ်လလယ်အတွင်း ၀ နယ်မှ ထွက်ခွါခိုင်းသော နတလ ၀န်ထမ်းများအား ယခင်အတိုင်းပြန်လည် တာဝန်ထမ်းဆောင် နိုင်ရန် နအဖ က ၀ အာဏာပိုင်ထံ 3-4 ကြိမ် တောင်းဆိုထားသော်လည်း ၀ ဘက်ကသဘောတူလက်ခံခြင်းမရှိသေး ကြောင်း စုံစမ်းသိရှိရပါသည်။

“နတလ ၀န်ထမ်းတွေကိုပြန်ခေါ်သွားတုန်းကလဲ ကျနော်တို့ကို ပြောဆိုဆွေးနွေးခြင်းမရှိခဲ့ဘူး။ အခုပြန်လာချင်တယ် ဆိုတော့ ကျနော်တို့ဘက်က လက်မခံနိုင်သေးဘူး။ အထူးသဖြင့် သူတို့ရဲ့လုံခြုံရေးအတွက်အာမမခံရဲဘူး။ တစုံတခု ဖြစ်ရင် ကျနော်တို့ကိုအပြစ်ပုံချမှာစိုးလို့- လို့ဘဲ အကြောင်းပြန်လိုက်တယ် ” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးက ပြောပါသည်။

ဝ ပြည်သွေးစည်းရေးတပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်း၊ ၀ိန်းကောင်၊ မိုင်းပေါက်၊ မိုင်းဖျန်၊ မိုင်းမိုင် နှင့် နမ့်တစ် မြို့နယ်အတွင်း သွားရောက်တာဝန်ထမ်းဆောင်ခဲ့ဖူးသော နတလ (နယ်စပ်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဝန် ကြီးဌာန) ၀န်ထမ်းများမှာ ကျန်းမာရေး၊ ပညာရေး၊ သစ်တောနှင့် တိမွေး/ကု ဌာနမှ ၀န်ထမ်းများဖြစ်ကြသည်ဟုဆို၏။

ထို့အတူဂျွန်လပထမပတ်က ၀ နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်း ၈ ဦးကိုလည်း မည်သူ့ညွန်ကြားချက်ဖြင့် ရောက်ရှိနေသည်ကို စစ်ဆေးနေကြောင်း ဒေသခံတဦးက ဤကဲ့သို့ ပြောပြပါသည်။

“သူတို့တွေကို ၀ ကျောင်းအုပ် ဦးအိုက်ကား က တန့်ယန်း နအဖ စစ်ဗျူဟာ ပေါင်းပြီးခေါ်တာလား။ တကယ်လို့ ၀ အာဏာပိုင်တွေဆီက ခွင့်ပြုချက်မရဘဲ သူတို့တွေကို ခေါ်လာရင်တော့ ပြဿနာတက်နိုင်တယ်။ အခုစစ်ဆေးနေ တုန်း၊ ၀ အာဏာပိုင်ထဲက ဘယ်သူခွင့်ပြုတာလဲဆိုတာ ”

ဝ ပြည်သွေးစည်းရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နယ်သို့ နအဖဘက်မှ ကျောင်းအုပ်မရောက်သေးသော် လည်း ၀ ကျောင်းအုပ်/ဆရာ ဦးအိုက်ကားက ဦးစီး၍ နအဖ အထက်တန်းကျောင်း (ပန်ဆန်း အထက) ဖွင့်လှစ်နေ ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းသံတော်ဆင့်သတင်းထောက် မွေခေါဝ် ရေးသားသည်။

ဗကသခေါင်းဆောင် ဒီငြိမ်းလင်း မျက်စိဝေဒနာ ကုသမှုခံယူ

နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရသည့် ၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ဒီငြိမ်းလင်းသည် စစ်ကိုင်းတိုင်း မုံရွာထောင်တွင် မျက်စိဝေဒနာ ကုသနေကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၂ဝဝ၇ မျိုးဆက် ဗကသ ခေါင်းဆောင် ကိုဒီငြိမ်းလင်းသည် ယခုလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မုံရွာထောင်သို့ ရောက်ရှိလာကာ ပြင်ပ မျက်စိအထူးကုဆေးခန်း၌ ယမန်နေ့မှ စတင်ကာ ကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“မနေ့တုန်းက သူ့အတွက် လိုအပ်တဲ့ ဆေးတွေနဲ့ မျက်မှန်ကို လုပ်ပေးလိုက်တယ်’’ ဟု အဒေါ်ဖြစ်သူ ဒေါ်နီလာမင်းက မဇ္ဈိမကို ပြောသည်။

မျက်စိဝေဒနာကုသရန်အတွက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ညွှန်ကြားသဖြင့် မုံရွာထောင်သို့ ခေါ်ဆောင်လာခြင်းဖြစ်ပြီး၊ ကုသမှုခံယူပြီးပါက မည်သည့်ထောင်တွင် ဆက်လက်ထားရှိမည်ကိုမူ မသိရသေးပါ။

ယနေ့နံနက် ၁ဝ နာရီခန့်မှ ၁ဝ နာရီ ၄၅ မိနစ်ခန့်အထိ ထောင်ဝင်စာတွေ့ခွင့် ရရှိခဲ့ရာ ထောင်အာဏာပိုင်များနှင့် အထူးရဲသတင်း တပ်ဖွဲ့ဝင်များက ဂရုတစိုက်ထားရှိကြောင်း ကိုဒီငြိမ်းလင်းက အဒေါ်ဖြစ်သူကို ပြောဆိုခဲ့သည်။

ကိုဒီငြိမ်းလင်းသည် ခန္တီးထောင်ထဲတွင် ကျောက်ကပ်ရောဂါ စွဲကပ်ခဲ့ရာ ပြင်ပဆေးခန်းတွင် ဆေးဝါးကုသခွင့် ရရှိခဲ့သော်လည်း ဓာတ်မှန်ရိုက်၍ စစ်ဆေးမှုများ ခံယူရန် လိုအပ်နေကြောင်းနှင့် မုံရွာမြို့၌ပင် ဆက်လက်ကုသခွင့် ရရှိရန် ထောင်အာဏာပိုင်များထံ တောင်းဆိုထားကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာတော်များ ဆုတောင်းမေတ္တာပို့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် သူ့ကို နိုင်ငံတော် လုံခြုံရေး ထိခိုက်စေမှု ၅ဝ၅ (ခ)၊ မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ အပါအဝင် ပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်ထားသည်။

သူ၏ ဖခင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဇော်ဇော်မင်းသည်လည်း ပြီးခဲ့သည်လ ၁၂ ရက်နေ့က အစာအိမ်ဝေဒနာနှင့် အသည်းရောဂါအတွက် ပဲခူးတိုင်း ထောင်ငူထောင်ဆေးရုံတွင် ကုသမှုခံယူခဲ့ရာမှ ယခုအခါ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း ဦးဇော်ဇော်မင်း၏ ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးဝင်းက မဇ္ဈိမကို ပြောသည်။

အလားတူ ခန္တီးထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်သည် မျက်စိဝေဒနာ ခံစားနေရသဖြင့် ဆေးဝါးကုသမှု အလျင်အမြန် လိုအပ်နေကြောင်း မကြာသေးခင်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များ အဆိုအရ သိရသည်။

ခန္တီးထောင်တွင် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ဗိုလ်ချုပ်ဆေထင်၊ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးနှင့် နိုင်ငံရေးအကျဉ်းသူ မထားထားသက်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြား ရှိနေသည်။

လက်ရှိ ၂၂ နှစ်အရွယ် ကိုဒီငြိမ်းလင်းသည် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဗကသ ခေါင်းဆောင်မှုပိုင်းကို ပြန်ဖွဲ့ရာ၌ ပါဝင်ဦးဆောင်ခဲ့သည်။ သူသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ဘူမိဗေဒ နောက်ဆုံးနှစ် တက်ရောက်ခဲ့ပြီး၊ အာဏာပိုင်များ၏ အဖမ်းအဆီးကို တိမ်းရှောင်နေရင်း ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ ပါရမီတိုက်ခန်းတခုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဗကသ သည် စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသော်လည်း၊ စစ်အစိုးရများလက်ထက် တရားဝင် ဖွဲ့စည်းခွင့် မရသောကြောင့် မြေအောက်လှုပ်ရှားမှုဖြင့် ရပ်တည်လှုပ်ရှားနေသော ကျောင်းသားအဖွဲ့အစည်း ဖြစ်သည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

အိန္ဒိယက မီးအားမြှင့်စက် ၁၆ လုံး လှူဒါန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ နာဂစ်သင့်ဒေသများတွင် အသုံးပြုရန် အိန္ဒိယအစိုးရက မီးအားမြှင့်စက် Transformer ၁၆ လုံး ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးအဆိုအရ သိရသည်။

အမေရိကန် ဒေါ်လာ ၁ ဒဿမ ၉ သန်းတန်ဖိုးရှိ မီးအားမြှင့်စက် ၁၆ လုံး ကူညီသွားမည်ဟု အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရထံ ယခုလအစောပိုင်းက ကတိပြုခဲ့ပြီးနောက် ကျန်ရှိနေသည့် ၂ လုံးအား ဒုတိယအသုတ်အဖြစ် ယနေ့တွင် ထပ်မံပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယခုလ ၈ ရက်နေ့တွင် ပထမအသုတ်အဖြစ် စက် ၁၄ လုံး ပေးပို့ခဲ့သည်။

“ကျနော်တို့ရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဟာ ၂ဝဝ၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရတယ်။ အဲဒီတုန်းကလည်း ကျနော်တို့ အစောဆုံး ကူညီခဲ့တယ်။ အခုလည်း ကတိပြုထားတဲ့အတိုင်း မီးအားမြှင့်စက်တွေ လှူဒါန်းတာပါ” ဟု အိန္ဒိယသံရုံး တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အိန္ဒိယနိုင်ငံ၏ အကြီးစား လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ BHEL ထုတ် မီးအားမြှင့်စက်များအား ရေကြောင်းခရီးဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ စက်တလုံး၏ ခံနိုင်ဝန်စွမ်းအားမှာ ၃၁၅ ကီလိုဗို့မှ ၃ဝ မီဂါဗို့အထိ ဖြစ်သည်။

အဆိုပါ စက်များအား ရန်ကုန်တိုင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် တပ်ဆင်အသုံးပြုသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ ဥက္ကဋ္ဌက ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစောင်ကို ပြောကြားခဲ့သည်။

၂ဝဝ၈ ခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဓာတ်တိုင်၊ ဓာတ်ကြိုး စသည့် လျှပ်စစ်ဓာတ်အားပေးရေး ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ရန်ကုန်တမြို့ထဲတွင်ပင် ကျပ်သန်း ၄ဝဝဝ ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယသည် နာဂစ်မုန်တိုင်း တိုက်ခတ်ခံရအပြီး မြန်မာနိုင်ငံကို အိန္ဒိယလေတပ်မှ စစ်လေယာဉ် ၂ စီးနှင့် စစ်သင်္ဘော ၂ စီးတို့ဖြင့် ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းတန်ချိန် ၁ဝဝ ကျော်ရှိသည့် အကူအညီများ ပထမဆုံးပေးအပ်သည့် နိုင်ငံဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ပြီး ၅ ရက်အကြာတွင် ဆေးဝါးများ၊ စောင်များ၊ ရွက်ဖျင်တဲများ၊ စားနပ်ရိက္ခာ အကူအညီများ ၃၂ တန် ထပ်မံပေးအပ်ခဲ့ပြီး ၂ဝဝ၈ မေလ ၁၆ ရက်နေ့တွင် ဆေးဝါးပစ္စည်း ၆ တန်ကို ဆရာဝန် ၅ဝ ဦး ပါဝင်သော အဖွဲ့နှင့်အတူ ဧရာဝတီတိုင်းသို့ စေလွှတ်ကူညီခဲ့သေးသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သည့် ဒေသအသီးသီးအတွက် အဆောက်အဦနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးအတွက် ၂ဝဝ၉-၂ဝ၁၁ အတွင်း နာဂစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၉၁ သန်း လိုနေသော်လည်း ယခုထိ သန်း ၁၈ဝ သာ ရရှိသေးကြောင်း သိရသည်။

၂ဝဝ၈ ခုနှစ် မေ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်း တောင်ပိုင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးပြီး လူဦးရေ ၂.၄ သန်း အိုးအိမ်မဲ့ဖြစ်ကာ ဘဝအခြေအနေ ပျက်ပြားခဲ့ရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်၊ ၆ ဦး သေဆုံး

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ဦးရေ ၉ဝဝ ကျော်အနက် ၆ ဦး သေဆုံးသွားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဝှာသတင်းဌာနနှင့် ရန်ကုန်ရှိ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူတဦး အဆိုအရ သိရသည်။

လူဦးရေ ၉၁ဝ အနက် ၆ ဦးသေဆုံးကာ ယင်းကိန်းဂဏန်းသည် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွက်ဖြစ်ပြီး ယခုလ ပထမပတ်အတွင်း၌ပင် ရောဂါကူးစက်သူ ၈ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ ရရှိသည့် အချက်အလက်များကို ကိုးကား၍ ယနေ့ထုတ် ဆင်ဝှာသတင်းတွင် ဖော်ပြထားသည်။ သို့သော်လည်း အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိပါ။

ရန်ကုန်အခြေစိုက် အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူတဦးကလည်း “ဒီနှစ်ပေါ့နော်၊ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါဖြစ်တဲ့ လူ ၉ဝဝ ကျော်ရှိတဲ့အထဲက ၆ ယောက် သေသွားတယ်ဆိုတဲ့ ဆေးရုံ Data (အချက်အလက်) တွေကတော့ ကိုယ်တို့အသိုင်းအဝိုင်းက သိရတာပေါ့လေ” ဟု မဇ္ဈိမကို ပြောသည်။

ယခုရောဂါကူးစက်ပျံ့ပွားနေသည့် မြို့နယ်များကို အတိအကျ မပြောနိုင်သော်လည်း ရန်တိုင်းအတွင်း၌ သွေးလွန်တုပ်ကွေး အများဆုံး ဖြစ်တတ်သည့် မြို့နယ်များမှာ ဒေါပုံ၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒလ၊ တွံတေး၊ သံလျင်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ ဖော့ကန်နှင့် အင်းစိန်မြို့နယ်များ ဖြစ်သည်ဟု သူက ဆိုသည်။

အလုံမြို့နယ်ရှိ ရန်ကုန်ကလေးဆေးရုံ၌ သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားနေသည့် ကလေးများကို ကုသပေးနေကြောင်း သိရသည်။

ယင်းဆေးရုံ တာဝန်ကျဝန်ထမ်းတဦးက “အခု ဒီမှာ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးတွေကို ကုပေးနေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေအနေနဲ့ ဘယ်လောက် ရှိတယ်ဆိုတာ ပြောခွင့်မရှိပါဘူး။ ဆေးရုံအုပ်ဆီမှာ ကိုယ်တိုင်လာမေးပါ။ ဖုန်းနံပါတ်တွေကို လည်းပေးခွင့် မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါကို ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေးတိုင်းများနှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များပြီး ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ဖြစ်လေ့ရှိသည်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ ကလေးဆေးရုံ၌လည်း သွေးလွန်တုပ်ကွေးဖြစ်နေသူ ကလေးများကို ကုသနေသည်။

“အဲဒါဖြစ်ပြီး လာကုနေတဲ့ လူတွေကတော့ ရှိတယ်။ ဒါပေမဲ့ ဆရာဝန်တွေကို မေးမှ ရမှာရှင့်။ ကျမတို့မှာ ဖြေခွင့် မရှိပါဘူး” ဟု ယင်းဆေးရုံ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

ယင်းဆေးရုံအုပ် အမျိုးသမီးကို ဆက်လက်မေးမြန်းသော်လည်း လူနာ လူဦးရေစာရင်းကို ထုတ်ဖော်ခွင့်မရှိကြောင်းသာ ဖြေဆိုခဲ့သည်။

သွေးလွန်တုပ်ကွေး ကူးစက်ရောဂါကို ကလေးငယ်များဖြစ်လေ့ရှိပြီး အသက် ၄-၅ နှစ်မှ ၁၅ နှစ်အရွယ် အများဆုံးဖြစ်၍ မြောင်းပုပ်များ၊ အမှိုက်ပုံများ၊ ရေအိုင်များတွင် ပေါက်ဖွားသည့် ခြင်ကိုက်ခံရခြင်းကြောင့်ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။

“ခြင်တွေကနေတဆင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေတဲ့ ပိုးတွေ ပါလာတာပေါ့။ ဒီခြင်တွေ အကိုက်ခံရခြင်းကနေ တယောက်ပြီး တယောက် ကူးစက်သွားတာပေါ့။ ဒီရောဂါက ပထမတော့ ရိုးရိုးတုပ်ကွေးလိုလိုပဲ နောက် ၃ ရက်နဲ့ ၅ ရက်လောက်မှာ သွေးလန့်တဲ့ လက္ခဏာတွေ ပေါ်လာတာပေါ့” ဟု သူက ပြောသည်။

ရန်ကုန်တိုင်းရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အလုံကလေးဆေးရုံ၊ သင်္ဃန်းကျွန်း ကလေးဆေးရုံ၊ မြောက်ဥက္ကလာပ ကလေးဆေးရုံတို့တွင် ကုသပေးလေ့ရှိသည်။

ယင်းရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အဓိကအားဖြင့် ခြင်ကိုက်မခံကြရန်နှင့် အိမ်တွင်း အိမ်ပြင် ပတ်ဝန်းကျင်အား သန့်သန့်ရှင်းရှင်းထားရန် ဆရာဝန်များက အကြံပေးသည်။

ထို့ပြင် ဗွက်အိုင်များ၊ ရေတွင်းရေကန်ပျက်များ၊ တူးမြောင်းများ၊ အမှိုက်ပုံများတွင် ခြင်အဖြစ်သို့ ပြောင်းလဲလာမည့် ပိုးလောက်လန်းများကို ပိုးသတ်ဆေးဖြင့် ထိရောက်စွာ ပက်ဖျန်း၍ နှိမ်နင်းမှသာ အဆိုပါရောဂါတိုးပွားမှု ရပ်တံ့နိုင်မည်ဟု သိရသည်။

ယခုအခါ ရန်ကုန်တိုင်းရှိ သက်ဆိုင်ရာမြို့နယ်အလိုက် ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေး အသိပညာပေးလုပ်ငန်းများ စတင်လုပ်ကိုင်နေကြပြီဖြစ်သော်လည်း ရောဂါဖြစ်လျှင် ဆေးသုံးစွဲရန်နှင့် မဖြစ်အောင် နေထိုင်ရမည့်ပုံများကိုသာ ညွှန်ကြားနေကြပြီး ရပ်ကွက်အတွင်းရှိ မြောင်းပုပ်များ၊ ရေအိုင်များ၊ အမှိုက်ပုံများကို ပိုးသတ်ဆေးဖျန်းမည့် အစီအစဉ် မပါဝင်ကြောင်း သိရသည်။

၂ဝဝ၉ ခုနှစ်အတွင်း ယင်းရောဂါကူးစက်ပြန့်ပွားခံရသူ အရေအတွက်မှာ ၃၁၂၉ ဦးရှိပြီး ၃၇ ဦးသေဆုံးကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

NLD နဲ့ NDF ခမောက်ကိစ္စ အငြင်းပွား

အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။

အငြင်းပွားစရာဖြစ်နေသည့် NDF ပါတီ အမှတ်တံဆိပ်။


၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ ပါတီအမှတ်တံဆိပ်ဟာ NLD ပါတီ အသုံးပြုခဲ့တဲ့ ခမောက်သင်္ကေတပဲ ဖြစ်နေတဲ့အတွက် NLD ပါတီဘက်က မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ NDF ပါတီကတော့ ခမောက်ကို ရွေးချယ်ရတာဟာ NLD ပါတီကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။



ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးချယ်ထားတဲ့ အလံနဲ့ ပါတီရဲ့ တံဆိပ်တွေကို ဖော်ပြထားပါတယ်။ အလံမှာပါတဲ့ ကြယ် ၂ လုံးပုံက ပြဿနာမရှိပေမဲ့ ပါတီရဲ့ အမှတ်တံဆိပ်က အရင် NLD ပါတီ သုံးစွဲခဲ့တဲ့ ခမောက်တံဆိပ် ဖြစ်နေပြီး အဲဒီခမောက် အပေါ်မှာ ကြယ် ၂ လုံး ပါနေတာပဲ ကွာပါတယ်။ အဲဒါကြောင့် NLD အဖွဲ့ဝင်တွေက မကျေမနပ် ဖြစ်နေကြတဲ့အကြောင်း NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“NLD ပါတီဝင်တွေ၊ ရုံးမှာရောက်နေတဲ့ လူတွေကတော့ မကျေနပ်ကြဘူးပေါ့၊ ကျနော် အပါအ၀င်ပေါ့။ လူကြီးတွေက ဘာလုပ်မယ် ဆိုတာတော့ ကျနော်လည်း မပြောတတ်သေးဘူးဗျ။ တခုခုတော့ ဆုံးဖြတ်ပေးမယ် ထင်တာပဲ။ လူကြီးတွေ သိတော့ သိနေပြီ။ တရားဝင် ဘာလုပ်မယ်ဆိုတာ မပြောသေးဘူး။ ကျနော်ကတော့ ဘယ်လက်ခံပါ့မလဲ။ ဒါက ပြည်သူလူထုရဲ့ အောင်ပွဲ အထိမ်းအမှတ်ဗျ။

“ဒီကိစ္စက သေသွားတဲ့ ခေါင်းဆောင်ကြီးများ၊ ဦးကျော်မင်းတို့ ကိုယ်တိုင် သေသေချာချာ သူတို့စိတ်ဓာတ်နဲ့ အံကျမယ့်ဟာကို ရွေးခဲ့တာ။ တကယ့်ကို ကြိုးစားပမ်းစား၊ စဉ်းစားချင့်ချိန်ပြီး ရွေးချယ်ထားတဲ့ဟာ။ အောင်ပွဲအထိမ်းအမှတ် လက်ခံထားတာကြီး။ ဒါကို အခုကျမှ ဒီလို ကောက်ပြီးလုပ်လိုက်တာ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲဗျာ။ ထင်ယောင်ထင်မှားတွေ လျှောက်ဖြစ်ကုန်မှာပေါ့ဗျာ။ လက်တလုံးခြား မလုပ်သင့်ဘူးပေါ့ဗျ၊ နိုင်ငံရေးလုပ်တာပဲ ပွင့်ပွင့်လင်းလင်း၊ ရဲရဲတင်းတင်း၊ ရိုးရိုးသားသား လုပ်သင့်တာပေါ့ဗျ။ တိုင်းပြည်ခေါင်းဆောင်ဖို့ စိတ်ကူးပြီး နိုင်ငံရေး လုပ်တာပဲ။”

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ ဒါဟာ NLD ကို တုပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံ ပြည်သူအများစုက ကျေးလက်နေ ပြည်သူတွေ ဖြစ်တာကိုး။ လူများစုကို သက်ရောက်စေတဲ့ ခမောက်ကို သုံးခြင်းဖြစ်ပါတယ်။ အပေါ်က ကြယ်နှစ်ထပ်ကတော့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါ NLD တံဆိပ် မဟုတ်ပါဘူး။ NLD တုန်းက ရှိခဲ့တဲ့ ခမောက်က NLD ရဲ့ တံဆိပ် မဟုတ်ပါဘူး။ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲမှာ အသုံးချဖို့ သင်္ကေတကိုသာ ကော်မရှင်က ပေးတဲ့ဟာကို သူတို့ ရွေးလိုက်တာ ဖြစ်ပါတယ်။ ရွေးတုန်းကလည်း ကျနော်ကိုယ်တိုင် ရွေးလိုက်တာပါ၊ ဒီ ခမောက်ကိစ္စကို၊ NLD တုန်းက။

“အခု ကျနော်တို့သုံးတာက ရွေးကောက်ပွဲ သင်္ကေတ မဟုတ်ပါဘူး။ ကျနော်တို့ပါတီရဲ့ တံဆိပ်ပါ။ NLD ပါတီရှိတုန်းက NLD ပါတီရဲ့ တံဆိပ်က ခွပ်ဒေါင်းပဲဖြစ်ပါတယ်။ အလံအတိုင်း တံဆိပ်ကို သုံးတာ ဖြစ်ပါတယ်။ အဲတော့ NLD ကို တုပခြင်း မဟုတ်ပါဘူး။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း လုပ်ခဲ့ပါတယ်။ သူက ခမောက်ဟာ NLD ပါတီရဲ့ မူပိုင်မဟုတ်ဘူးလို့ ယူဆပါတယ်။

“ခမောက်ဟာ NLD မူပိုင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ သူတို့ ဖြေရှင်းရမှာပါ။ NLD ရဲ့မူပိုင် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းကို သူတို့ အရင် ရှင်းပြီးမှသာလျှင် ကန့်ကွက်ချင်လည်း ကန့်ကွက်ပေါ့ဗျာ။ ကန့်ကွက်တဲ့အခါမှာလည်း ခမောက် သူတို့နဲ့ မဟုတ်ဘဲနဲ့ အောက်မှာ စာတမ်းနှစ်တန်း ပါပြီးတော့ အပေါ်မှာ နှစ်ထပ်ကြယ် ပါတဲ့အတွက် NLD ကို တုခြင်း မဟုတ်ဘဲနဲ့ ခမောက်ဟာ ပြည်သူတယောက်မှာ သုံးခွင့်ရှိတဲ့အတိုင်း ကျနော်တို့ NDF က ယူသုံးခြင်းဖြစ်တယ် ဆိုရင်တော့ လုံလောက်မယ်လို့ ကျနော် ယူဆပါတယ်။

“ကန့်ကွက်မယ်ဆိုရင်လည်း သူတို့ သွားပြီး ကန့်ကွက်ခွင့် ရှိပါတယ်။ သို့သော်လည်း ကော်မရှင်အနေနဲ့ ဆုံးဖြတ်တဲ့အခါမှာ ကော်မရှင်က ချပေးခဲ့ဖူးတဲ့ ခမောက်နဲ့လည်း မတူပါဘူး။ NLD သုံးခဲ့တဲ့ ခမောက်က ထိပ်မှာ ပန်းဖွားပါပြီး ခမောက် အကွက်အကွက်တွေ ပါပါတယ်။ ကျနော်တို့က ခမောက်မှာ အကွက်တွေ မဟုတ်ဘဲနဲ့ သီးခြားခမောက် ဖြစ်ပါတယ်။ ခမောက်ခြင်းလည်း မတူပါဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာထဲမှာ ဒီကနေ့ ဖော်ပြထားတာကတော့ NDF ပါတီရဲ့ အလံနဲ့ တံဆိပ်ကို ဒီကနေ့ကစပြီး ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ကန့်ကွက်နိုင်တယ်လို့ ဆိုပါတယ်။ ၇ ရက်အတွင်း ကန့်ကွက်မှုမရှိရင် ဒီအမှတ်တံဆိပ်တွေကိုပဲ အတည်ပြုမှာဖြစ်ပြီး မကြာခင် ရက်ပိုင်းမှာပဲ ပါတီကို တရားဝင် ဖွဲ့စည်းခွင့် ပြုနိုင်တယ်လို့လည်း ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းသဘောကို ရှင်းပြပါတယ်။ သူတို့ရဲ့ NDF ပါတီဟာ အရင် NLD ပါတီဝင်ဟောင်းတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးမှာ NLD နဲ့ အယူအဆ မတူကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲနီးချိန် မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့် ပိုတင်းကျပ်

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်ခင် စာပေစိစစ်ရေးက တင်းကျပ်စွာ တားမြစ် ပိတ်ပင်မှုတွေကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်း သတင်းမီဒီယာတွေဟာ အရှိကို အရှိအတိုင်း မဖော်ပြနိုင်တဲ့အပြင် အခက်အခဲ အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေကြရပါတယ်။ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကတော့ ဒီလိုထိန်းချုပ်မှုတွေကြောင့် ရွေးကောက်ပွဲဝင်မယ့် သူတွေရဲ့ သဘောသဘာဝကို လူထုက မသိရှိနိုင်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်နေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လ စာပေစိစစ်ရေး တာဝန်ခံ အပြောင်းအလဲ ရှိခဲ့တဲ့နောက်ပိုင်း ပြည်တွင်း သတင်းဂျာနယ်တွေအတွက် လုပ်ရကိုင်ရ ပိုပြီး ခက်ခဲလာတယ်လို့ ပြည်တွင်း စာပေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေကို အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ်ထားသလို မဂ္ဂဇင်း၊ ဂျာနယ်နဲ့ ပုဂ္ဂလိကစာစောင် မှန်သမျှကို ထုတ်ဝေခွင့် ရဖို့အတွက် စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်ကို ယူရပါတယ်။

အခုတပတ် ထုတ်ဝေခွင့်ရခဲ့တဲ့ ဂျာနယ်တွေထဲက တချို့မှာ နိုင်ငံရေးသတင်းနဲ့ နိုင်ငံရေးသမား အကြောင်းတွေကို ဖော်ပြခွင့် မရခဲ့သလို မြန်မာစစ်အစိုးရကို ထောက်ပြ ဝေဖန် ရေးသားခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ စာပေတွေ ဖော်ပြခွင့်ကိုပါ ထပ်မံ ပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတမှု ရှိအောင် ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားတာမို့ ဒီရွေးကောက်ပွဲ မတိုင်ခင် မီဒီယာတွေအတွက် လွတ်လပ်ခွင့်တွေ ပိုပြီး ရလာတော့မယ်လို့ အများက မျှော်လင့်ထားပေမဲ့ အခုအခါမှာ ပိုပြီး တင်းကျပ်လာတာ တွေ့ရတယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အရင်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေး လျှော့ပေးထားတာတွေ ရှိတယ်။ ပြီးတော့ စာစောင်တချို့ တိုးပြီး ထုတ်ဝေခွင့်တွေ ချပေးတာမျိုးတွေ ရှိတယ်။ အဲဒီအခါ တချို့တွေကတော့ မျှော်လင့်တာပေါ့၊ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဆိုတဲ့ သဘောက စာပေလွတ်လပ်ခွင့်၊ သတင်းစာ လွတ်လပ်ခွင့် ရှိမှ ရမှာကိုး။ ဒါကို အစိုးရက မြင်ပြီးတော့ သတင်းစာ လွတ်လပ်ခွင့်များ ပိုပေးလာမလားလို့ မျှော်လင့်ချက်ထားတဲ့ လူတွေ ရှိပါတယ်။

“ဒါပေမဲ့ နောက်ပိုင်းကျတော့ အင်တာနက်နဲ့ ပတ်သက်ရင်လည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြည်တွင်း စာစောင်တွေကိုလည်း တော်တော်လေး တင်းကျပ်လာတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနတွေနဲ့ အင်တာဗျူးလုပ်ရင် အင်တာဗျူးလုပ်တဲ့ လူတွေကို သတိပေးတာမျိုးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒါမျိုးတွေလည်း ရှိလာတယ်။

“ဆိုတော့ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ အခြေအနေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတဲ့ သဘောမှာ ရှိတယ်။ အထူးသဖြင့် ဂျာနယ်တွေအနေနဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒါက ခြုံပြီး ပြောတာပေါ့၊ နိုင်ငံတကာ အကြောင်းအရာတွေ၊ ဒါတွေကို သူတို့ ခွင့်ပြုတယ်။ ပါတီတွေ ပေါ်လာပြီး နောက်ပိုင်း အင်တာဗျူးတဲ့ ကိစ္စတွေကို သူတို့ ခွင့်ပြုလာတာတွေ ရှိတယ်။ တချို့ဆိုရင် မျက်နှာဖုံးသတင်း အနေနဲ့တောင်မှ ထုတ်ခွင့်ရတဲ့အထိ ဖြစ်လာတာမျိုးတွေ ရှိတယ်။

“ဒါပေမဲ့ စာပေစိစစ်ရေး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားပြီးနောက်ပိုင်း သိသိသာသာ လျော့သွားတယ်။ စောစောက မျက်နှာဖုံးသတင်း အနေနဲ့ ဖော်ပြလို့ရတဲ့ ဟာတွေကို ဖော်ပြလို့ မရတဲ့အပြင် စာပေစိစစ်ရေးက သိသိသာသာ ဖြတ်တောက်တာတွေ များလာတဲ့ အတွက်ကြောင့် တချို့ဂျာနယ်တွေဆိုရင် အစိုးရက ပိတ်ပါလို့ အမိန့်ချတာ မဟုတ်ဘဲနဲ့ ဖြတ်တောက်ခံရတာတွေ များလွန်းအားကြီးလို့ သူတို့ဘာသာ သူတို့ စာစောင်မထွက်နိုင်ဘဲ အဲဒီအပတ်ကို ဆုံးရှုံးခံလိုက်ရတာမျိုးတွေ ရှိလာတယ်။

“ဆိုတော့ ဒါတွေအားလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ နီးလာလေ စာပေစိစစ်ရေးက ပိုပြီး တင်းကျပ်လာလေ၊ သတင်းလွတ်လပ်ခွင့်က ပိုပြီး နည်းလာလေ ဆိုတာမျိုးကို ကျနော်တို့ တွေ့ပါတယ်။”

ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရွေးကောက်ခံမယ့် ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်း ရာဇ၀င်နဲ့ အကောင်းအဆိုး ဝေဖန်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းတွေကို မီဒီယာတွေက လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတာမို့ လူထုက သူတို့ရွေးကောက်မယ့် ပါတီနဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ပိုပြီး သိနိုင်တဲ့ အခွင့်အလမ်းတွေ ရကြပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုအခွင့်အရေးမျိုး ဆုံးရှုံးနေတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်နေတဲ့ အနေအထားကို ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေ ဘယ်သူဘယ်ဝါ ဆိုတာကိုလည်းပဲ လူထုအနေနဲ့ ကောင်းကောင်းမွန်မွန် သိခွင့်မရဘူး။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးတွေကို အစိုးရက ပိတ်တယ်။ တချို့ ဘယ်ပုဂ္ဂိုလ်တွေနဲ့မှ အင်တာဗျူးလို့ရမယ်၊ ဘယ်ပုဂ္ဂိုလ်တွေကို အင်တာဗျူးလို့ မရဘူး ဆိုတာမျိုးကအစ စာပေစိစစ်ရေးက လိုက်ပြီး တင်းကျပ်တာမျိုးတွေ ရှိတယ်။

“ပြီးတော့ အင်တာဗျူးရင် ဒီအင်တာဗျူးရဲ့ အတိုင်းအတာ၊ အကန့်အသတ် ဘယ်လောက်အထိပဲ ထည့်ရမယ် ဆိုတာမျိုးတွေကို သူတို့ တင်းကျပ်တာမျိုးတွေ ရှိတယ်။ ဆိုတော့ ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေရဲ့ သဘောသဘာဝကိုလည်း လူထုက မသိနိုင်ဘူး၊ သူတို့ရဲ့ ပါတီ နောက်ကြောင်းရာဇ၀င်ကိုလည်း လူထုက မသိနိုင်ဘူး။ တဘက်ကလည်း လူထုအနေနဲ့ ဒီနိုင်ငံရေးသမားတွေ တချိန်ချိန်မှာ လွှတ်တော်ထဲရောက်ရင် သူတို့အတွက် ဘာပြောစေချင်သလဲ ဆိုတာကိုလည်း မီဒီယာတွေက ဖော်ပြခွင့် မရှိဘူးဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်၊ အခုအချိန်မှာ။

“ဆိုတော့ မီဒီယာဟာ သူတို့လုပ်ရမယ့် လုပ်ငန်းဆောင်တာကို လုပ်ခွင့်မရဘဲ အဆင်မသင့်ရင် ထောင်ကျတယ်၊ စာစောင်တွေ အပိတ်ခံရတယ်၊ စီးပွားရေးအရ ဆုံးရှုံးတယ်၊ လူမှုရေးအရ နစ်နာတယ်။ ၁၉၇၄ အခြေခံဥပဒေ ရေးမယ်ဆိုတုန်းက အဲဒီအခြေခံဥပဒေ အကြောင်းကို လူထုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အကြောင်းထက် ပိုပြီးတော့ သိတယ်။

“ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတို့၊ ကြေးမုံတို့ ဒါတွေက အခြေခံဥပဒေ အကြောင်းကို ဂဃနဏ ရေးကြတယ်။ ဒီအခြေခံဥပဒေဟာ တပါတီ အခြေခံဥပဒေကို ခိုင်မာအောင်လုပ်တဲ့ သဘောမျိုး ဆိုတာကို လူတိုင်းက သိပေမဲ့ အနည်းဆုံးအားဖြင့်တော့ ဒီအခြေခံဥပဒေထဲမှာ ဘာတွေပါလဲ ဆိုတာကို လူထုက သေသေချာချာ သိတယ်။ ဒီနေ့ခေတ် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လူထုက ကောင်းကောင်းမွန်မွန် မသိဘူး။ မီဒီယာ ထိုးဖောက်နိုင်အား များပေမဲ့ အစိုးရက မီဒီယာကို တင်းကျပ်မှုကတော့ သိသိသာသာ ဒီနေ့ခေတ်မှာ ပိုများလာတယ်လို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်။”

မြန်မာသတင်းသမဂ္ဂ တာဝန်ခံ ဦးမောင်မောင်မြင့် ပြောသွားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်မှု မရှိဆုံး နိုင်ငံ ၁၇၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၀ အဖြစ်နဲ့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာတဲ့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သတ်မှတ်ထားပါတယ်။

အကျဉ်းထောင် များတွင် တရားပတ်များ ပုံမှန်ကျင်းပ

မြန်မာ နိုင်ငံရှိ အကျဉ်း ထောင်ကြီး သုံးခု တွင် ၀ိပဿနာ တရား စခန်း များကို လစဉ် ပုံမှန် ဖွင့်လှစ် ပေးလျက် ရှိကြောင်း ထောင်တွင်း တရား စခန်း များကို ဦးစီး ဖွင့်လှစ်ပေး နေသည့် ဓမ္မဇောတိ အပြည်ပြည် ဆိုင်ရာ ၀ိပဿနာ ရိပ်သာ မှ သိရသည်။ ရန်ကုန် အင်းစိန် အကျဉ်းထောင်၊ မန္တလေး အကျဉ်းထောင် နှင့် သာယာဝတီ အကျဉ်းထောင် တို့တွင် ၁၀ ရက် တရား စခန်း များကို ၂၀၀၉ ခုနှစ်ဆန်း မှ စတင် ခါ တစ်လလျှင် တစ်ကြိမ် ပုံမှန် ကျင်းပ ပေးနေခြင်း ဖြစ်ကြောင်း နှင့် တစ်ကြိမ်လျှင် အကျဉ်းသားဦးရေ အနည်းဆုံး ၅၀ ဦးအထိ ၀င်ရောက် တရား အားထုတ်လျက် ရှိကြောင်း သိရသည်။ အင်းစိန် အကျဉ်း ထောင်တွင် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ တွင် ၁၀ ရက်တရား စခန်း စတင် ကျင်းပခဲ့ ရာမှ ယခုကဲ့သို့ တိုးချဲ့ ဖွင့်လှစ် လာခြင်း ဖြစ်ပြီး အခြား အကျဉ်း စခန်းများ တွင်လည်း တိုးချဲ့ဖွင့် လှစ်ပေး သွားနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ဓမ္မဇောတိ ရိပ်သာမှ တရားပြ ဆရာကြီး ဦးဂိုအင်ကာ က ၂၀၀၈ ခုနှစ်၊ စက်တင်ဘာ လတွင် အင်းစိန် ဗဟိုထောင် အတွင်းရှိ တရား စခန်းကို အမြဲတမ်း ဓမ္မရိပ်သာ အဖြစ် အသိ အမှတ် ပြုပေးပြီး 'ဓမ္မဟိတသုခ ဂေဟာ' ဟု ရိပ်သာ အမည်ပေး ခဲ့ကာ မြန်မာ အကျဉ်းထောင် သမိုင်းတွင် မှတ်တိုင် တစ်ခု ဖြစ်ခဲ့ပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ သီရိ လင်္ကာ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံ တို့တွင် မြန်မာ နိုင်ငံသည် အကျဉ်းထောင် အတွင်း အမြဲတမ်း ရိပ်သာ ရှိသော ပထမဦးဆုံး နိုင်ငံ ဖြစ်လာ ခဲ့သည်။

ဓမ္မဟိတ သုခ ဂေဟာ တွင် ယနေ့ အထိ အကျဉ်းသား ယောဂီပေါင်း ၁,၀၉၁ ဦး ရှိခဲ့ပြီ ဖြစ်သည်။၂၀၀၉ ခုနှစ် မြန်မာနိုင်ငံ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် အင်းစိန် ဗဟို အကျဉ်းထောင်မှ လွတ်မြောက် သွားသူများ ထဲတွင် တရား အား ထုတ်ပြီးသူ အကျဉ်းသား ၅၇ ဦး၊ အကျဉ်းသူ ၂၇ ဦး ရှိသည်။

၂၀၀၉ ခုနှစ်၊ မေလမှ အောက်တိုဘာလ အထိ အင်းစိန် အကျဉ်းထောင် ရှိ အကျဉ်းသား များ၏ ၀ိပဿနာ အားထုတ်ခြင်း အတွေ့ အကြုံ များကို သုတေသန ပြုခဲ့ရာ စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုများ အဖြစ် ဒေါသ နည်းလာခြင်း၊ စိုးရိမ် ကြောင့်ကြမှု နည်းလာခြင်း၊ စိတ်ငြိမ် လာခြင်း၊ ဖိစီးမှုများ လျော့နည်း လာခြင်း၊ စိတ်နေ သဘောထား ပျော့ပျောင်း လာခြင်း စသည်တို့ကို တွေ့ရှိရပြီး ရုပ်ပိုင်း ဆိုင်ရာပြောင်း လဲမှု အဖြစ် အကျဉ်းသား တို့၏ ရုပ်ပိုင်း ဆိုင်ရာများ ကြည်လင်လာခြင်း၊ ခိုက်ရန် ဖြစ်ပွားမှု နည်းပါး လာခြင်း၊ လူမှု ဆက်ဆံရေး ပြေပြစ် လာခြင်း စသည့် အကျိုး တရားကို တွေ့မြင် လာရကြောင်း ဓမ္မဇောတိ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာရိပ်သာမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

ထောင်တွင်း တရား စခန်းများ ၏ ကနဦး အစမှာ အိန္ဒိယ နိုင်ငံက ဖြစ်ပြီး ဆရာကြီး ဦးဂိုအင်ကာ က ၁၉၇၅ ခုနှစ်တွင် Jaipur ဆိုသည့် အကျဉ်း ထောင်၌ စတင် ခဲ့ကြောင်း နှင့် ၎င်းနောက်တွင် အကြောင်း အမျိုးမျိုးကြောင့် ထောင်တွင်း တရား စခန်းများ ဆက်လက် မဖွင့်နိုင်ခဲ့ သော်လည်း ၁၉၉၃ ခုနှစ်တွင် နယူး ဒေလီရှိ အကြီးဆုံး Tihar အကျဉ်း ထောင်တွင် ပြန်လည် စတင် နိုင်ခဲ့ကြောင်း နှင့် အဆိုပါ တရား ပတ်တွင် အကျဉ်း သား ၁,၀၀၀ ပါဝင် တက်ရောက် ခဲ့ပြီး လက်ရှိ အချိန်အထိ အိန္ဒိယ နိုင်ငံရှိ အကျဉ်းထောင် များတွင် တရား စခန်းများ ပုံမှန် ကျင်းပလျက် ရှိသည်ဟု သိရသည်။

လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှု စသည့် အလွန် ဆိုးသွမ်းသည့် တိုက်ပိတ် ခံထားရသော လူဆိုးကြီး များသည် တရားအား ထုတ်ပြီး နောက် ပိုင်း မယုံနိုင်ေ လာက်အောင် လူကောင်း၊ သူကောင်းများ ပြန် ဖြစ်လာကြသည်ကို ဘက်ပေါင်းစုံ သုတေသန ပြုလုပ်ချက် များမှ ဖော်ပြ နေကြောင်း အိန္ဒိယ မှ ထောင် တရားပတ် များ၏ မှတ်တမ်း များတွင်လည်း ဖော်ပြထား သည်ကို တွေ့ရှိ ရကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။

ရွှေရောင်လက် များက ကျောင်း အပ်နှံရန် အခက် အခဲ ဖြစ်နေသော ကလေး များအား ကျောင်း အပ်နှံပေး

ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်း အပ်နှံ နိုင်ရေး ဟူသော စေတနာဖြင့် ( ၂ဝ၁ဝ - ပညာသင်နှစ် ) အတွက် ကျောင်း အပ်နှံရေး အခက် အခဲ ဖြစ်နေသော မိဘမဲ့ ကလေးများ၊ မိတစ်ဆိုး၊ ဖတစ်ဆိုး ကလေး များနှင့် မိဘ နှစ်ပါး စလုံး ပြည့်စုံ သော်လည်း ချို့တဲ့ နွမ်းပါးသော ကလေး သူငယ်များကို '' ရွှေရောင် လက်များ သာရေးကူညီမှု ပရဟိတ အဖွဲ့'' က (၁၄၊၆၊၂ဝ၁ဝ) နေ့က သက်ဆိုင်ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ သို့ အပ်နှံ ပေးခဲ့သည်။ ထို ရွှေရောင်လက်များ သာရေး ကူညီမှု ပရဟိတ အဖွဲ့တွင် စာပေ ပညာရှင် များနှင့် အနုပညာရှင်များ ပါဝင်ပြီး ကျောင်း အပ်နှံရေး အခက် အခဲ ရှိနေသည့် ကျောင်းနေ အရွယ် ကလေးများကို ကျောင်းသုံး ဗလာစာအုပ်၊ပုံနှိပ် စာအုပ်၊ ခဲတံ စသော ကျောင်းသုံး ပစ္စည်းများသာ မက ကလေးများ အတွက် လိုအပ်သော ကျောင်းဝတ်စုံ၊ ကျောပိုးအိတ်၊ လွယ်အိတ် နှင့် ဖိနပ် စသော အသုံး အဆောင်ပစ္စည်းများ ပါ ထောက်ပံ့ ကြောင်း နှင့် လာမည့် နှစ်များ တွင်လည်း ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းနေ နိုင်ရန် မိမိတို့ အဖွဲ့မှ တက်အား သရွေ့ ကြိုးစား သွားမည် ဖြစ်ကြောင်း စာရေးဆရာ ဗအုပ်ခိုင်က ပြောကြား သွားသည်။ ရွှေရောက် လက်များ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးလည်းဖြစ် အလှူရှင် တစ်ဦးလည်း ဖြစ်သော ကလေး အထူးကု ဆရာဝန် ဒေါက်တာ အလင်္ကာ (ကဗျာဆရာမ မိကောက်) နှင့် မိခင်ဖြစ်သူ တို့က ကလေးများ ကျောင်းအပ်နိုင်ရန် အတွက် အလှူငွေကျပ် (ငါးသိန်း) ကို ပေးအပ် လှူဒါန်း သွားသည်။ စေတနာရှင်၊ အလှူရှင်များ အနေဖြင့် ငွေကြေး ဖြစ်စေ၊ ကျောင်းသုံး ပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ (အသစ်/အဟောင်း) ၊ ကျောပိုးအိတ်၊ စာသင်ခုံ စသော ကျောင်းသုံး ပစ္စည်းများ လှူဒါန်းလို ပါက စာရေး ဆရာဗအုပ်ခိုင် ဖုန်း (၆၄၄ဝ၉ဝ၊ ၇၃ဝ၃၆၆၅၄) သို့ဖြစ်စေ၊ ဒေါက်တာ အလင်္ကာ ဖုန်း (ဝ၉၅ဝ၅ဝ၆ဝ၂) သို့ ဖြစ်စေ၊ ရုပ်ရှင် နှင့် ဗွီဒီိယို ဟာသသ ရုပ်ဆောင် ဖိုးဖြူ၊ ဖုန်း (ဝ၉၅၁၈၃၉၁၇) သို့ဖြစ်စေ လှူဒါန်း နိုင်ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြ ထားသည်။

နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်

နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။

ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများအပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။

ချွေးပြန်နေသော ဗိုလ်ချုပ်မှူးကြီးကို သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ စွယ်တော်ပူဇော်ထားရာ ကျောင်းတော်သို့ ရောက်စဉ်က တွေ့ရပုံ (ဓာတ်ပုံ - Reuters)

“မြန်မာ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် များသည် “ကျွမ်းကျင် သေသပ်မှု မရှိ”၊ “အကြမ်းထည် ဆန်လွန်းသည်” ဟု ရောဘတ် ကယ်လီက ကောက်ချက် ချထားသည်။
“နျူကလီးယား ထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် စစ်ဌာနချုပ် များတွင် လက်တွေ့ သုတေသန ဆောင်ရွက်မှု ရှိပုံမရ။ အနည်းဆုံး အားဖြင့် နျူကလီးယား ဆိုင်ရာ အစိတ် အပိုင်းများ၊ စမ်းသပ်မှု များကိုပင် လုပ်နိုင်ပုံ မရသေး”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

စနစ်တကျ အသေးစိတ် သုံးသပ်ထားသော အစီရင်ခံစာကို ဖတ်ရှုပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် နီးစပ်လာပြီဟု အစဉ်တစိုက် သတင်းပို့နေခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဦးသောင်း စသည့် ထိပ်တန်းအစိုးရအရာရှိများ၏ လိမ်ညာ ထား ချက်များကို သိမြင်လာသဖြင့် ဗိုလ်ချုပ်မှူးကြီးက ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် စစ်အသိုင်းအဝိုင်းက ဆိုသည်။

စစ်ဗိုလ်ချုပ်များ အနေဖြင့် နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံဖြစ်ရေး အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြောင်း၊ စစ်အစိုးရသည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပြီး နိုင်ငံတကာ သဘောတူညီချက်များ ကို ချိုးဖောက်နေကြောင်း ရောဘတ် ကယ်လီက အစီရင်ခံစာထဲတွင် သုံးသပ်ထားသည်။

“အထောက်အထားများကို ကြည့်ခြင်းအားဖြင့် နျူကလီးယားတပ်ဖွဲ့က ရေးဆွဲထားသည့် ပုံစံမူကြမ်းများမှာ ကျွမ်းကျင်မှု မရှိ ခြင်းကို ပြနေသည်။ အချက်အလက်များ စိစစ်မှုအရ မြန်မာစစ်အစိုးရ၏ နျူကလီးယား အစီအစဉ်မှာ ခေတ်နောက်ကျလွန်း လှပေသည်”ဟု ရောဘတ် ကယ်လီက ဆိုထားရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက အာဏာရှင် ဦးနေဝင်းကို အောက်ခြေ အရာရှိများက လိမ်ညာ ဖုံးဖိထားသည့် အစီရင်ခံစာများ၊ အာဏာရှင် အကြိုက်ဖြစ်မည့် သတင်းလွဲများသာ တင်ပြခဲ့ကြသဖြင့် နောက်ဆုံးတွင် မည်သည့်စီမံကိန်းမျှ အကောင်အထည် မပေါ်ခဲ့ခြင်းကို ဗိုလ်ချုပ်မှူးကြီး စေ့စေ့တွေးရင်း အံတကြိတ်ကြိတ် ဖြစ်နေမည်မှာ မလွဲဟု ဝေဖန်သုံးသပ်သူများက ဆိုကြသည်။

မီးသင့် မင်္ဂလာဈေး ဆိုင်ရှင်များကို ကြံ့ဖွံ့ပါတီ ငွေချေးမည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က မီးဒဏ်ကြောင့် ပျက်စီးသွားသော ရန်ကုန်မြို့ရှိ မင်္ဂလာဈေး ဆိုင်ခန်းရှင်များ ပြန်လည် လည်ပတ် နိုင်ရေးအတွက် ငွေထုတ်ချေးရန် စီစဉ်ကြောင်း ဧရာဝတီမှ လက်ခံရရှိသော အထောက်အထား စာရွက်စာတမ်းအရ သိရသည်။

USDP ပါတီသည် စာမျက်နှာ ၂ မျက်နှာပါသော ငွေချေး “လျှောက်လွှာ” ပုံစံများကို မင်္ဂလာဈေးမီးလောင်မှုကြောင့် ဆုံးရှုံး ပျက်စီးသွားသော ဆိုင်ခန်းပိုင်ရှင်များထံ ဖြန့်ဝေလျက်ရှိပြီး အဆိုပါ လျှောက်လွှာတွင် “မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ”ဟု လိပ်မူထားသည်။

“လျှောက်လွှာကို ဈေးယာယီ အုပ်ချုပ်ရေးရုံးခန်းမှာ သွားယူလို့ရတယ်။ ချေးငွေ ပမာဏ ဘယ်လောက်ထုတ် ချေးမလဲဆိုတာ မသိရဘူး။ သူတို့ သတ်မှတ်ပေးထားတဲ့ ပုံစံမှာ ဖြည့်ရတာ။ ချေးငွေကို မြို့တော် စည်ပင်ဘဏ်က ထုတ်ချေးမယ်လို့ သိရတယ်”ဟု မင်္ဂလာဈေး ဆေးပစ္စည်းဆိုင်ပိုင်ရှင် တဦးကပြောသည်။

ချေးယူမည့်ငွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဘဏ်မှ ဘဏ်လုပ်ငန်းနှင့်အညီ ငွေထုတ်ချေး ပေးမည်ဟု ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်တွင်လည်း ဖော်ပြထားသည်။

“အခုလို ပါတီဆိုတာကြီးတပ်ပြီး လျှောက်လွှာ တင်ခိုင်းတယ်ဆိုတော့ သူတို့ အနေနဲ့ ပါတီအတွက် စည်းရုံးရေးဆင်းတဲ့ နည်းတခုလို့ မြင်မိတယ်”ဟု အဆိုပါ ဆေးဆိုင်ပိုင်ရှင်က ဆိုသည်။

လျှောက်လွှာ၏ နောက်ဆက်တွဲ စာမျက်နှာတွင် ငွေချေးငှားယူသူ၏ ၀န်ခံကတိပြုချက်နှင့် လိုက်နာရမည့် စည်းကမ်းချက် ၁၁ ချက် ပါဝင်ရာ နောက်ဆုံး အချက်မှာ“မီးလောင်သွားသော ဆိုင်ခန်းများအား စာနာ ထောက်ထားသောအားဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချေးငွေ ထုတ်ချေးခြင်းဖြစ်ပါသည်”ဟု ဖော်ပြထားသည်။

မြို့တော်စည်ပင်ဘဏ်မှ ထုတ်ချေးမည့် ငွေအပေါ် USDP အမည်ခံခြင်းလော သို့မဟုတ် မြို့တော်ဘဏ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရန်ပုံငွေများထဲမှ ထုတ်ချေးခြင်းလောဆိုသည်ကို ကွဲကွဲပြားပြားမသိရပေ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဧပြီလ ၂၉ ရက်မှစ၍ မှတ်ပုံတင်ခဲ့သော USDP ပါတီ၏ သက်တမ်းသည် ၂ လ ကျော်ကျော်သာ ရှိသေးသည်။ သို့သော် ငွေအလုံးအရင်းဖြင့် စီးပွားရေးသမားများကို ငွေချေးနိုင်ရန် ပါတီရန်ပုံငွေကို မည်ကဲ့သို့ ရှာဖွေခဲ့ကြောင်းလည်း မသိရှိရသေးပေ။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးနေမျိုးဝေက ပါတီစည်ရုံးရေးလုပ်ရာတွင် ပြည်သူလူထုအား လာဘ်ပေး လာဘ်ယူ မဆန်ရန် လိုအပ်သည့်အပြင် USDP အနေဖြင့် ရန်ပုံငွေကို မည်သို့ ရယူထားသည် ဆိုသည့် အချက်များကို ထည့်သွင်း စဉ်းစားရန် လိုကြောင်း ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဖြိုးမင်းသိန်း က “ဒီလို အစိုးရပိုင်းနဲ့ ပါတီရဲ့ လုပ်ငန်းတွေနဲ့ ရောထွေးယှက်တင်နေ တယ် လို့ မြင်တယ်။ အဲဒီဟာတွေက ရှင်းရှင်းလင်းလင်း ရှိထားသင့်တယ်။ အဲလိုရှင်းရှင်း ရှိထားမှ USDP ရဲ့ လွှတ်တော် ကိုယ်စားလှယ်က ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင် သူ့အနေအထားက ခိုင်မာမယ်” ဟု ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂ (က- ၅) အရ ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

ယင်း ဥပဒေ၊ အခန်း ၄၊ ပုဒ်မ ၁၅ တွင်လည်း နိုင်ငံရေးပါတီ တခုသည် ပါတီရန်ပုံငွေကို ပါတီဝင်ကြေးနှင့် လစဉ်ကြေး ကောက်ခံခြင်း၊ စီးပွားရေးလုပ်ငန်းများမှ လှူဒါန်းသည့် ငွေကြေးနှင့် ပါတီပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိသော ငွေနှင့် အမြတ်အစွန်းစသည့် နည်းလမ်း ၃ သွယ်ဖြင့် ရှာဖွေခွင့်ပြုထားသည်။

ပါတီပိုင် ရန်ပုံငွေကို အစိုးရပိုင် မြို့တော် စည်ပင်ဘဏ်မှတဆင့် ထုတ်ချေးသည်ဆိုလျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တွေ့ရသည်။

ဧရာဝတီသတင်းထောက် နရီလင်းလက် ရေးသားသည်။

ဆိပ်ကမ်း ပတ်လမ်းသစ် စီမံကိန်း စတင်

ရန်ကုန်မြို့တွင် ဆိပ်ကမ်း ပတ်လမ်းသစ် ဖောက်လုပ်ခြင်း စီမံကိန်းအား မကြသေးခင် ရက်ပိုင်းက စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လမ်းသစ်ကို ဗိုလ်တထောင် မြို့နယ် သန်လျက်စွန်းမှ ကြည့်မြင်တိုင်မြို့နယ် ဟုမ်းလမ်း မှတ်တိုင် အနီးအထိ ဖောက်လုပ် မည်ဖြစ်ပြီး ယင်းစီမံကိန်းကို အေးရှားဝေါလ် ကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်မည် ဖြစ်သည်ဟု ဆိုသည်။

ဆိပ်ကမ်းပတ်လမ်းသစ် စီမံကိန်း နယ်မြေ တခုဖြစ်သော ဗိုလ်တထောင် ဘုရားရှေ့တွင် ရောင်းချနေသည့် ဈေးဆိုင်များ (ဓာတ်ပုံ - ဧရာဝတီ)

ဗိုလ်တထောင် ဆိပ်ကမ်းမှ အလုံဆိပ်ကမ်း ဒေသ တချို့အထိ ဆိပ်ကမ်း ၀န်ဆောင်မှု များကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို အစိုးရက လုပ်ကိုင်ခွင့် ပေးပြီးနောက် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်း ဖြစ်ပေါ်လာ စေရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရုံးမှ အရာရှိ တဦးက ပြောဆိုသည်။
ထိုကမ်းနားလမ်းသစ်အား အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တစ်ထောင် မြို့နယ်များကို ဖြတ်၍ ဖောက် လုပ်မည်ဖြစ်ပြီး ၅ မိုင်ကျော် ရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

လမ်းသစ်ဖောက်လုပ်ရန် တိုင်းတာမှုများ စတင်ပြုလုပ်နေပြီး လမ်းဧရိယာနှင့် မလွတ်ကင်းသော သစ်ပင်ကြီးများကို စက် ယန္တရား ကြီးများဖြင့် ခုတ်ထွင်ရှင်းလင်းနေပြီဖြစ်သည်။

ယင်းသို့ လမ်းသစ်ဖောက်လုပ်ရာ စီမံကိန်းနယ်မြေအတွင်း ရောင်းချနေသော ဈေးသည်များ အနေဖြင့် တခြားနေရာသို့ မိမိအစီ အစဉ်ဖြင့် ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် အခက်အခဲရှိကြောင်း ဈေးသည်များက ပြောဆိုကြသည်။

“ကျနော်တို့ ဒီနားမှာဈေးရောင်းတာကြာပြီ၊ အခုလမ်းသစ်ဖောက်မယ်ဆိုတော့ သစ်ပင်တွေစခုတ်နေပြီ၊ ကျနော်တို့ကိုလည်း လမ်းစခင်းရင်ပြောင်းပေးဖို့ မှာထားတယ်”ဟု ဗိုလ်တထောင်ဘုရား အနီးမှဈေးသည် တဦးက ပြောဆိုသည်။

အလုံသဘောင်္ကျင်းအနီးတွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူတဦး ကလည်း“ကျနော်တို့လို လမ်းဘေးဆိုင်တွေကို ရန်ကုန် ဆိပ်ကမ်းတလျှောက်သာယာရေးအတွက်လုပ်ငန်းတွေ စနေပြီ ဖယ်ရှားပေးဖို့ စည်ပင်က အကြောင်းကြားလာပါတယ်”ဟု ပြော သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ၀န်ထမ်းတဦးကလည်း ဖောက်လုပ်မည့် လမ်းသစ်နယ်နိမိတ်အတွင်း ရောင်းချနေသော လမ်းဘေးဈေးသည်များမှာ ထောင်ဂဏန်းမျှ ရှိနိုင်သည်ဟု ဆိုသည်။

ယင်းစီမံကိန်းအတွက် လမ်းဘေးဈေးသည်များကို ရောင်းချခွင့်တားမြစ်သည့်အတွက် လမ်းဘေးဈေးသည်များ စားဝတ်နေရေး ပြေ လည်စေရန် နေရာတခုသတ်မှတ်ပေးမည်ဆိုပါကအဆင်ပြေနိုင်ကြောင်း ရန်ကုန်အခြေစိုက်သတင်းအယ်ဒီတာ တဦးကပြောသည်။

ယခု ကမ်းနားလမ်းသစ်ဖောက်လုပ်မည့် နယ်နိမိတ်အတွင်း ဖျက်သိမ်းရမည့် ဌာနဆိုင်ရာလူနေအိမ် အဆောက်အအုံပေါင်း ၈၀၀ ကျော် ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ၅၀ ကျော်၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ၃၀ ကျော်၊ စွမ်းအင်ဝန်ကြီးဌာနမှ ၂၅ လုံး ခန့်၊ နယ် စပ်စည်ပင်မှ ၃ လုံး ခန့်၊ ရေတပ် တပ်ထိန်းရုံး ၄ ရုံးခန့် ၊ သစ်တောဌာန ၆၅၀ ကျော် နှင့် လျှပ်စစ်စွမ်းအား ဌာန အမှတ် ၂ မှ ၂၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရအနေဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် လက်အောက်ရှိ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ပန်းဆိုး တန်း နန်းသီတာ ဆိပ်ကမ်းနှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်းများ၏ ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် ဆိပ်ကမ်း ၀န်ဆောင်မှုများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ အစိုးရက တရားဝင် လွှဲပြောင်းခဲ့သည်။

ဧရာဝတီသတင်းထောက် ဟိန်းဇော် ရေးသားသည်။

သြစတြေးလျ ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်ရမည်

သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် မဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ဗိုလ်မှူးချုပ် ဇင်ယော်၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။

ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့က အနောက်နိုင်ငံများမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်း တွင်လည်း ဗိုလ်မှူးချုပ် ဇင်ယော်နှင့် ဒေါ်ခင်သီရိ တို့ ပါဝင်နေခဲ့ပြန်သည်။

University of Western Sydney တွင် စာရင်းကိုင် ပညာဖြင့် မဟာတန်း တက်ရောက်နေသူ အသက် ၂၅ နှစ် အရွယ်ရှိ မဇင်မွန်အေး ၏ ရှေ့နေဖြစ်သူ တိုနီ ဆေးလ်ဗား က“သူ့မှာ အပြစ်မရှိဘူး ဆိုပေမယ့် အပြစ်ပေးခံရတော့မှာဖြစ်တဲ့ အတွက် ဝမ်းနည်း မိပါတယ်”ဟု The Australian သတင်းစာသို့ ပြောကြားထားသည်။

မဇင်မွန်အေးသည် သြစတြေးလျ နိုင်ငံသို့ ၂၀၀၈ ခုနှစ်က ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းကို နေထိုင်ခွင့်ပေးခဲ့သော သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဖင် စမစ် ကို ပြည်ထောင်စု တရားရုံးက မေးခွန်းထုတ်ခဲ့သေးသည်။

ပြည်ထောင်စု တရားရုံး၏ တရားခွင်အတွင်း၌ မဇင်မွန်အေးက“သူမ၏ ဖခင်သည် မြန်မာ စစ်အစိုးရအုပ်စုအတွင်းတွင် ပါဝင်နေသဖြင့် သူမက မိဘဖြစ်သူများနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ကြောင်း”တရားရုံးသို့ ထွက်ဆိုခဲ့သည်ဟု ယနေ့ထုတ် The Australian သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍“သူမသည် မိဘများကို ငွေကြေးအရပင် ပတ်သက်မှု မရှိကြောင်း၊ ကိုယ်ပိုင်အလုပ်လည်း ရှိ ကြောင်း” တရားရုံးတွင် ထွက်ဆိုထားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မဇင်မွန်အေး က အယူခံဝင်ခဲ့သော်လည်း အယူခံ ပယ်ချခံခဲ့ရကြောင်း သိရသည်။

မဇင်မွန်အေး က“စစ်ဗိုလ်ချုပ် သားသမီးများ ဖြစ်နေသော်လည်း စစ်အာဏာရှင် စနစ်ကို မထောက်ခံသည့်အတွက် သြစတြေးလျ နိုင်ငံ အနေဖြင့် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု မပြုသင့်ကြောင်း”လျှောက်လဲချက် ပေးခဲ့ကြောင်းလည်း The Australian သတင်းစာကဖော်ပြသည်။

ထို မဇင်မွန်အေး တဦးတည်းသာ မဟုတ်ဘဲ ပြည်ပတွင် ပညာသင်ကြားနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီး များစွာ ကျန်ရှိနေသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောဆိုသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ဝေါမြို့နယ်အာဏာပိုင်များ အမတော်ကြေးငွေ ဖြတ်တောက်ယူ

ပဲခူးတိုင်း ဝေါမြို့နယ်ရှိ အစိုးရ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်တွင် စိုက်ပျိုးစရိတ် ချေးငွေ (အမတော်ကြေး) များ ထုတ်ပေးနေရာ သက်ဆိုင်ရာ အာဏာပိုင်များက ယင်းချေးငွေမှ ဖြတ်တောက် နုတ်ယူမှုများ ပြုလုပ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

ယမန်နေ့က ချေးငွေ သွားရောက်ထုတ်ယူခဲ့သည့် ညောင်ကိုင်းကျေးရွာ လယ်သမား တဦးက“မနေ့က ရုံးကို ချေးငွေသွားထုတ်တာ ကုန်ကျစရိတ်အတွက်ဆိုပြီး ၂၅၀၀ ကျပ် ဖြတ်တယ် ၊ နောက် လယ်ထဲထည့်ရတဲ့ ကျောက်မှုန့်အတွက် ငွေ ၃၀၀၀ ကျပ်နဲ့ ပုလဲ ဓာတ်မြေသြဇာ တအိတ်အတွက် ၁၈၀၀၀ ကျပ် ဆိုပြီး ဖြတ်တယ် ၊ ဒါနဲ့ ကျနော်က ဒီကျောက်မှုန့်နဲ့ မြေသြဇာက ဘယ်တော့ရမှာလဲ မေးတော့ မသိဘူးတဲ့ ၊ လောလောဆယ် ငွေသွင်းထားရမယ်ပဲ ပြောတယ်"ဟု ဧရာဝတီသို့ ပြောသည်။

မဆလ အစိုးရ လက်ထက်က လယ်သမားများအတွက် အမတော်ကြေးငွေများကို စိုက်ပျိုးရေးဘဏ် တာဝန် ရှိသူများက ကျေးရွာများသို့ ဆင်း၍ ချေးငွေ ထုတ်ပေးရာ တောင်သူလယ်သမားများက ဧည့်ခံစရိတ်များ ပေးအပ်ကြရကြောင်း ၊ နအဖ စစ်အစိုးရလက်ထက်တွင် ၀ိုင်းကြီးချုပ်စနစ်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ချေးသော်လည်း သက်ဆိုင် ရာ ရယက ဥက္ကဌများက မြို့နယ်ဘဏ်ခွဲများနှင့်ပူးပေါင်း၍ ငွေကြေးဖြတ်တောက်မှုများ နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

ဝိုင်းကြီးချုပ်စနစ်ဆိုသည်မှာ ချေးငွေထုတ်ယူကြမည့် လယ်သမား ၅ ဦး စုစည်းစေကာ ငွေထုတ်ချေးခြင်းဖြစ်ပြီး တဦးမပေးဆပ်ပါက ကျန် ၄ ဦးက ပေးဆပ်ရသည့် စနစ်ဖြစ်သည်။

ဝေါဒေသခံလယ်သမားတဦးကလည်း"လယ် တဧက အတွက် ငွေ ကျပ်၂၀၀၀၀ ထုတ်ချေးတယ် ၊ ဧက ဘယ်လောက်များများ ၁၀ ဧက အတွက်ပဲ ချေးတယ် ၊ အတိုးနှုန်းက ၂ ကျပ်တိုးနှုန်းနဲ့ လာမယ့် ဖေဖော်ဝါရီလမှာ ပြန်ဆပ်ကြရမယ် ၊ ၁၀ ဧက နဲ့ အထက် ရှိတဲ့ လူတွေက ချေးငွေ ၂ သိန်း ဆိုပေမယ့် ဟိုဟာ ဒီဟာ အဖြတ်ခံရနဲ့ တကယ်ရကြတာက တသိန်းခွဲကျော်ကျော်ပဲ"ဟု ပြော သည်။

နာဂစ်ဖြစ်ပွားပြီးနောက် စစ်အစိုးရ၏ ညွှန်ကြားချက်အရ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ၏ ကုမ္ပဏီ ၂၅ ခု ကျော်က ဧရာဝတီ တိုင်း နှင့် ပဲခူးတိုင်းအတွင်းရှိ လယ်သမားများကို ယမန်နှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ပဲခူး တိုင်းဝေါမြို့နယ်အတွင်း၌ စိုက်စရိတ်ထုတ်ချေးသည့် ပုဂ္ဂလိက ကုမ္ပဏီ မရှိကြောင်း သိရသည်။

ညောင်ကိုင်းကျေးရွာတွင် မေလ ၂၇ ရက်နေ့က မြို့နယ်မြေစာရင်းရုံးနှင့် ကျေးရွာ ရယက ပူးပေါင်း၍ သီးစားခအခွန်ပြေစာ အတွက် ဟု ဆိုကာ တဧကလျှင် ငွေကျပ် ၃၀၀၀ နှုန်း ကောက်ခံသွားသေးကြောင်း ဒေသခံလယ်သမားများက ပြောသည်။

“အရင်နှစ်တွေက တခါမှ သီးစားခပြေစာပေးရတာမျိုး မရှိခဲ့ပါဘူး ၊ ဒီနှစ်မှ ရယက ဥက္ကဌ ကိုအေးလွင်အိမ်မှာ လယ်သမားတွေကို ဆင့်ခေါ်ပြီး သီးစားခပြေစာအတွက် တဧကကို ငွေ ၃၀၀၀ ကောက်တယ် ၊ တချို့တွေက မပေးသေးဘူး ၊ တချို့တွေက ပေးလိုက် ရတယ်"ဟု ညောင်ကိုင်း လယ်သမားတဦးက ပြောသည်။

ညောင်ကိုင်းကျေးရွာတွင် ကျေးရွာ ရယက စာရင်းအရ လယ်သမား ၃၈၈ ဦး ရှိပြီး လယ်မြေဧက ၃၀၀၀ ကျော်ရှိကြောင်း သိရ သည်။

စိုက်ပျိုးစရိတ်ချေးငွေများ ဖြတ်တောက်နေမှုနှင့် စပ်လျဉ်း၍ ဝေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးမြင့်စိုးသို့ နံနက်တကြိမ် ၊ ညနေတကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မယက ရုံးသို့ အစည်းဝေးသွားနေပါသည်ဟူ၍သာ အမျိုးသမီး ၀န်ထမ်းတဦးက ပြန်လည် ဖြေဆိုသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် ဇွန်လ အတွင်းကလည်း ပဲခူးတိုင်းအတွင်းရှိ လယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို ဒေသအာဏာပိုင်များက မုန်တိုင်း ကယ်ဆယ်ရေးအတွက်ဟု အကြောင်းပြ၍ နှုန်းထားသတ်မှတ်ပြီး အတင်းအကျပ် ဖြတ်တောက်ယူမှုများ ပြုလုပ်ခဲ့သေးသည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

ကမ္ဘာ့ဖလားကြောင့် ထီလက်မှတ် ရောင်းအားကျ

နယူဒေလီ (မဇ္ဈိမ) ။ ။ ကမ္ဘာ့ဖလားပွဲကာလ ထီလက်မှတ်များ ရောင်းအားကျလာရာမှ ရန်ကုန်ရှိ ထီဆိုင်အများစုသည် ပြီးခဲ့သည့်တပတ်မှ စတင်ကာ အစိုးရထံမှ ဝယ်ရင်းဈေးနှုန်းအတိုင်း ရောင်းချနေရသည်။

ရန်ကုန်မြို့ခံများအကြား ကမ္ဘာ့ဖလားဘောလုံးပွဲကို စိတ်ဝင်စားခြင်းနှင့် မိုးရာသီဖြစ်သောကြောင့် ထီရောင်းအား ကျဆင်းခဲ့ရာမှ အရှုံးပေါ်မည်ကို စိုးရိမ်သောကြောင့် မူလဝယ်ရင်းဈေးနှုန်းဖြင့် ရောင်းချရကြောင်း ထီဆိုင်များအဆိုအရ သိရခြင်း ဖြစ်သည်။

“အစိုးရဆီက ယူတဲ့ဈေးရင်းအတိုင်း ချရောင်းနေတယ်။ အရောင်းပါးလို့လေ။ ကမ္ဘာ့ဖလားကလည်းရှိ၊ မိုးကလည်း အေးတဲ့အတွက် ထင်ပါတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ ပင်ရင်းထီအရောင်းဆိုင်တခုမှ အရောင်းမန်နေဂျာက မဇ္ဈိမကို ပြောသည်။

တာမွေမြို့နယ်မှ ထီပင်ရင်းဆိုင်ပိုင်ရှင်တဦးကလည်း “ရောင်းအားကျတော့ အထူးမင်္ဂလာစုံတွဲ၊ ၁ဝ စောင်တွဲ ဈေးနှုန်းတွေကို အရင်ထက် ၄ဝဝ ၊ ၅ဝဝ လောက် ဈေးလျှော့ရောင်းတယ်။ အဲဒါတောင် ဒီလက ထီလက်ကျန်တွေ ပိုများနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တခုတည်းသော အစိုးရ ထီလက်မှတ်အရောင်းဌာနမှာ ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းတွင် တည်ရှိပြီး ၁၁ စောင်တွဲ ထီတအုပ်လျှင် ၂ဝဝဝ ကျပ် ဈေးနှုန်းဖြင့် ထီဆိုင်များကို လက္ကားရောင်းချပေးနေသည်။

ထီရုံးမှ ဝယ်ယူခဲ့သော လက်မှတ်များကို ထီဆိုင်များက နံပါတ်၊ အက္ခရာစီစဉ်၍ အထူးမင်္ဂလာစုံတွဲ၊ ၁ဝ စောင်တွဲ၊ ၅ စောင်တွဲ၊ ၂ စောင်တွဲနှင့် တစောင်ချင်းစီ အသီးသီးရောင်းချသည်။

ဆိုင်များက ပုံမှန်ရောင်းချသည့် ဈေးနှုန်းမှာ ထီ ၁ စောင်လျှင် ၂၅ဝ ကျပ်၊ ၁ဝ စောင်တွဲ ၂၅ဝဝ ကျပ်နှင့် ၂၃ စောင်ပါ အထူးမင်္ဂလာစုံတွဲတို့ကို ၅ဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချရာမှ အရောင်းပါးသဖြင့် ၁ စောင်ချင်း ၂ဝဝ ကျပ်၊ ၁ဝ စောင်တွဲ ၂ဝဝဝ ကျပ်နှင့် မင်္ဂလာစုံတွဲတကဒ် ၄၅ဝဝ ကျပ်သို့ ဈေးလျှော့ရောင်းချခြင်း ဖြစ်သည်။

စစ်အစိုးရသည် ထီလက်မှတ်ရောင်းချရာမှ လစဉ်ရရှိသော ငွေ၏ ၆ဝ ရာခိုင်နှုန်းကို ထီဆုကြေးအဖြစ် အသုံးပြုပြီး ၄ဝ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူသည်။

က၊ ခ စသည့် အောင်ဘာလေထီ အက္ခရာတလုံးတွင် ထီစာအုပ် ၈ သောင်း ၂ ထောင်နီးပါး ပါရှိပြီး လစဉ်ရိုက်ထုတ်သည့် ထီစောင်ရေမှာ သိန်း ၂၇ဝ ခန့်ရှိကြောင်း ထီရောင်းသက်တမ်း နှစ် ၅ဝ ကျော်ရှိ ထီကျွမ်းကျင်သူတဦးက ဆိုသည်။

ထီပေါက်သည့် ဆုငွေများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲတွင် ထုတ်ယူရပြီး ထီပေါက်သူများကိုယ်စား ထီဆိုင်များက ထုတ်ပေးလေ့ရှိသည်။

လတလ၏ ပထမဆုံးရက်တွင် ဖွင့်လေ့ရှိသော အောင်ဘာလေဆုများကို တနှစ်အတွင်း လက်မှတ်ပြသ၍ ထုတ်ယူခြင်း မရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသည်။

“အခုလို ရောင်းအားကျ၊ အရင်းဈေးနဲ့ ရောင်းတဲ့အခါ ဝန်ထမ်းလခ၊ ဆိုင်အသုံးစရိတ်တွေ မကာမိဘူး။ အခြေအနေ မကောင်းပေမယ့်လည်း တခြားလုပ်စရာမရှိတော့ ပေလုပ်နေရတာပဲ” ဟု ပန်းဘဲတန်းမြို့နယ်ရှိ ထီပင်ရင်း ဆိုင်ရှင်တဦးက ပြောသည်။

စစ်အစိုးရသည် ၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ ထီလက်မှတ်ဈေးနှုန်းများကို ၅ ကြိမ်တိုင်တိုင် တိုးမြှင့်သတ်မှတ်ခဲ့သည်။

၁၉၈၈ ခုနှစ် မတိုင်မီ ထီတစောင် ၂ ကျပ်နှုန်းဖြစ်ပြီး အမြင့်ဆုံးဆုမှာ ကျပ် ၁ သိန်း ဖြစ်သည်။ ယင်းဈေးနှုန်းကို ၁၉၈၈ ခု ဒီဇင်ဘာလ ၂ဝ ရက်နေ့မှစတင်ကာ တစောင် ၅ ကျပ်နှင့် အမြင့်ဆုံးဆုငွေကို ကျပ် ၅ သိန်းသို့ တိုးမြှင့်ခဲ့သည်။

၁၉၉၁ ခုနှစ် ဧပြီလတွင် ထီတစောင် ၁ဝ ကျပ်နှင့် အမြင့်ဆုံးဆုငွေကို ကျပ် ၁ဝ သိန်း၊ ၁၉၉၈ ဒီဇင်ဘာလတွင် ၁ဝ ကျပ်မှ ၅ဝ ကျပ်သို့ တိုးမြှင့်ကာ ဆုငွေကို အမြင့်ဆုံး ကျပ်သိန်း ၃ဝဝ၊ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလတွင် ထီတစောင်လျှင် ၁ဝဝ ကျပ်နှင့် ကျပ် သိန်း ၅ဝဝ သို့ ပြောင်းလဲခဲ့သည်။

ထီလက်မှတ်ဈေးနှုန်း နောက်ဆုံးပြောင်းလဲမှုမှာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင်ဖြစ်ပြီး ကျပ် ၁၀၀ မှ ကျပ် ၂၀၀ သို့ တိုးမြင့်ခဲ့ပြီး ဆုငွေအမြင့်ဆုံး ကျပ်သိန်း ၁ ထောင်သို့ တိုးမြင့် သတ်မှတ်ခဲ့သည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

ကျောင်းသားခေါင်းဆောင်များ နေအိမ်သို့ NLD သွားရောက်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် ပါတီခေါင်းဆောင် ၂ ဦးနှင့် လူငယ်အဖွဲ့ဝင်များက အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များထံ ယမန်နေ့က သွားရောက်ကာ အားပေးစကားများ ပြောကြားခဲ့သည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် ပါတီလူငယ် ၉ ဦးက ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမာကီတို့၏ နေအိမ်များသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“အင်မတန်မှ အနစ်နာခံကြတဲ့ ကလေးတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ စိတ်ဓာတ်ရေးရာအရ၊ သူတို့ရဲ့ ကျန်းမာရေးအရ၊ သူတို့ အကျဉ်းကျခံရတဲ့ အချိန်မှာ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာရှိတော့၊ လူသားတယောက်အနေနဲ့ ထိုက်သင့်အားလျော်စွာ ခံစားစံစားခွင့် ရနိုင်တဲ့ ဟာတွေနဲ့ ပတ်သက်လို့ အကျိုးရှိရာရှိကြောင်း စေတနာ၊ စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးချင်တဲ့ ဆန္ဒအရ သွားရောက်တွေ့ဆုံခဲ့တယ်” ဟု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့ရှိ ကိုမင်းကိုနိုင်နှင့် ကိုမာကီတို့၏ နေအိမ်များနှင့် တောင်ဥက္ကလာပရှိ ကိုကိုကြီး၏ နေအိမ်များဆီသို့ NLD ခေါင်းဆောင်များ သွားရောက်ခဲ့ရာ မိသားစုဝင်များက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက “အိမ်အထိလာပြီး အားပေးစကားပြောတဲ့အတွက် ဝမ်းသာတာပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်။ အကို အထဲရောက်နေတယ်ဆိုတော့ အကျိုးအကြောင်း လာမေးတဲ့ သဘောပါ။ နေကောင်းလား၊ မကောင်းလား။ နေရာကလည်း ဝေးတော့ ရောက်လား၊ မရောက်လား ဆိုတာတွေကို မေးတာပါ’’ ဟု မဇ္ဈိမကို ပြောသည်။

ဦးတင်ဦးသည် ၂ဝဝ၃ မေလ ဒီပဲယင်းတိုက်ခိုက်မှု ပြီးကတည်းက ဖမ်းဆီးခံနေရစဉ်၊ ကျောင်းသား ခေါင်းဆောင်များမှာ ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းတွင် အကျဉ်းထောင်များမှ လွတ်မြောက်လာခဲ့သည်။ ၎င်းတို့လွတ်မြောက်နေစဉ် ဦးဝင်းတင်မှာလည်း အကျဉ်းထောင်မှ မလွတ်မြောက်သေးပါ။

ထို့အပြင် ကျောင်းသားခေါင်းဆောင်များသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း အဖမ်းခံရပြန်ပြီးမှသာ ဦးဝင်းတင်သည် ၂ဝဝ၈ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ဦးတင်ဦးမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်းကောင်း လွတ်မြောက်လာခဲ့သည်။

’’သူတို့တွေက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စသဖြင့် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို လှုပ်ရှားခဲ့၊ ရှိခဲ့ဖူးတော့ သူတို့ကျေးဇူးတွေ ရှိကြတာကိုးဗျ။ ကျနော်တို့ကလည်း အကျဉ်းကျနေတော့ တယောက်နဲ့တယောက် မဆုံဖြစ်ဘူးပေါ့ဗျာ။ အဲဒီအပေါ် အကြောင်းပြုပြီးတော့ ဦးဝင်းတင်နဲ့ ညှိနှိုင်းပြီး သွားလိုက်ကြတာ” ဟု ဦးတင်ဦးက ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ ကိုအံဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီ၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦး ထပ်မံဖမ်းဆီးခံရကာ ထိုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။

မဆလ စစ်အစိုးရ ပြုတ်ကျမသွားခင် ၁၉၈၈ နှစ်လည်ပိုင်းအထိ မြေအောက်လှုပ်ရှားမှုများဖြင့်သာ ရပ်တည်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကွန်ဂရက် ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ၁၉၈၈ သြဂုတ်လ ၂၈ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ဦးဆောင်ကာ ဗကသ ပြန်လည်ဖွဲ့စည်းရေး ကျောင်းသားထု အစည်းအဝေးကြီးကို သတ္တမ ကွန်ဂရက်အဖြစ် ကျင်းပခဲ့ကြသည်။

သို့သော် ကျောင်းသားခေါင်းဆောင် အများအပြားမှာမူ ထိုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါး အကျဉ်းချခံခဲ့ရသေးသည်။

၎င်းတို့ ပြန်လည်လွတ်မြောက်လာသည့် ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အမည်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ထောက်လှမ်းရေး အကြီးအကဲ ဟောင်း အပါအ၀င် ရာထူးမှ ဖယ်ရှား ခံရခြင်းခံခဲ့ရသည့်  စစ်ဗိုလ်ချုပ် ဟောင်းများ ကို နေပြည်တော် တွင် ခေါ်ယူ တွေ့ ဆုံ

၁၉၉၇ ခုနှစ် မှ စ၍ ၂၀၀၅ ခုနှစ် အတွင်း ရာထူးမှ ဖယ် ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ အား
ကာကွယ်ရေး ၀န်ကြီးဌာန ၏ အမိန့် ဖြင့် ဇွန်လ ၂၈ ရက်နေ့ က နေပြည်တော် သို့ ဆင့် ခေါ် ၍ မြန်မာ စစ်
ခေါင်းဆောင် နှစ်ဦး က တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၂၀၀၄ ခုနှစ်က အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရသည့်
စစ်ထောက်လှမ်းရေး အကြီး အကဲ နှင့် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လည်း ယခု တွေ့ ဆုံမှု တွင်
ပါဝင်သည် ဟု အမည်မဖော်လို သည့် နေပြည်တော်ရှိ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Group
သို့ ပြောသည်။

ယခု တွေ့ ဆုံမှု တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ နှင့် ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ ၏
အမိန့် ဖြင့် ဆင့် ခေါ် တွေ့ ဆုံသည် ဟု ဆိုသော် လည်း Freedom News Group မှ အတည် ပြု နိုင်ခြင်း မရှိချေ။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအ၀င် ဗိုလ်မှုးချုပ် အေဘယ်(လ)၊ ဗိုလ်ချုပ် ထွန်းကြည် နှင့် ဗိုလ်ချုပ် ကျော်ဘ
တို့ အပါအ၀င် ငါးဦး ထက်မနည်း ကို ခေါ် ယူ တွေ့ ဆုံခဲ့ခြင်း ဖြစ်ပြီး ထိုတွေ့ ဆုံမှု သတင်း အား ကာယကံ
ရှင် များ မှ လွဲ၍ မည်သူမှ မသိရ အောင် သိုသိပ် စွာ လုပ် ဆောင် ခဲ့သည် ဟု ဆိုသည်။

မြန်မာ စစ်တပ် မှ အရာရှိ ဟောင်း တစ်ဦးက ‘လွန်ခဲ့တဲ့ နှစ်လ လောက် ကတည်း ကလည်း ဗိုလ်သန်းရွှေက
ဗိုလ်ခင်ညွှန့် ကို နေပြည်တော် ကို ပြောင်း နေ ဖို့ ပြောထား တာ ကြားတယ်။ အခု တွေ့ တာကတော့ ၂၀၁၀
ရွေးကောက်ပွဲ အတွက် ဖြစ်ရင်လည်း ဖြစ်နိုင်တယ် ၊ရွေးကောက်ပွဲ အတွက် ဆိုတာ မှာ အကြံဥာဏ် တောင်းတာ
မျိုး မဟုတ်ပဲ သတိပေးတာ မျိုး ။ဒါမှ မဟုတ် ဗိုလ်ခင်ညွှန့် ပါတယ် ဆို တော့ လက်ရှိ ညူကလီးယား စတဲ့ လျို့ ဝှက်
သတင်း တွေ ပေါက်ကြား နေမယ့်  ထောက် လှမ်း ရေး နဲ့  လုံခြုံရေး ဟာကွက်
တွေ ကို ဖာ ထေး ဖို့ုဖြစ် နိုင်တယ် ဟု သုံးသပ် သည်။

ပြီးခဲ့သည့် လ က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ ညွှန်ကြားချက် ဖြင့် ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း
အား ၂၀၁၀ ရွေးကောက်ပွဲ နှင့် နယ်စပ် ဒေသ တိုင်းရင်းသား လက်နက် ကိုင်များ အရေး အား သဘောထား
အမြင် အစီရင် ခံစာ တင် ခိုင်ရန် ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ယခု ရွေးကောက် ပွဲတွင် တတိယ အုပ်
စု သည် အန္တရာယ် ကောင်များ ဖြစ်ကြောင်း(ရွေးကောက်ပွဲ တွင် အတိမ်းအစောင်း ဖြစ်ပါက ချက်ခြင်း အရောင် ပြောင်းမည့်  သူများ ဖြစ်ကြောင်း နှင့်) နယ်စပ် တိုင်ရင်းသား လက်နက် ကိုင် အရေး မှာ ရွေးကောက်ပွဲ မပြီး မချင်းမဆုံးဖြတ်သင့် ဟု ထိုစာ ကို ဖတ်ရှု ခဲ့ရသူ တစ်ဦး က Freedom News Group သို့ ပြောသည်။

တနင်္လာ နေ့ က ရာထူးမှ ဖယ်ရှားခံရသူ များ နှင့် တွေ ဆုံမှု တွင် ၎င်း တို့ မိသားစုများ ပါရှိပြီး ၊ဗိုလ်ချုပ်ကြီး ခင်
ညွှန့်  နှင့် အတူ ဒေါက်တာ ဒေါ်ခင်ဝင်း ရွှေ လည်း ပါရှိလာ သည် ဟု သိရသည်။ မြန်မာ စစ်ခေါင်းဆောင်များ
သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သည့်
အတွက် လွန်ခဲ့သည့် သုံးလခန့် မှ စ၍ နေအိမ်အကျယ်ချုပ် ဖြင့် ထားရှိခြင်း အမိန့် ထုတ်ပြန် ထားသော် လည်း
၎င်း ၏ သွားလာ မှု အချို့ အား မသိကျိုးကျွံ့ ပြုထားသည်။

နေပြည်တော် မှ လာသည့် သတင်းတစ်ရပ် တွင်မှု ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ဖယ်ရှားစဉ်က ထောင်ဒဏ်ကျ
ခံခဲ့ရသည့်သူ ၏ သား နှစ်ဦး ကို ပြန်လွှတ်ပေးမည် ဟု သတင်းရရှိသည်။ မြန်မာ စစ်ခေါင်းဆောင်သည်
သမ္မတ ဟောင်း ဦးနေ၀င်း ၏ သားမက် နှင့် မြေးများ ကို လည်း ပြန်လွှတ်ပေးရန် အသင့်ရှိနေသည် ဟု ဆိုသည်။

မြန်မာ စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နှစ်တစ်ဝက် ကျိုးသည်အထိ မည်သည့်နေ့ 
ရက် တွင် ကျင်းပမည် ဟု သတင်း ထုတ်ပြန် ခြင်း မပြုလုပ်ခြင်း ကြောင့် ရွေးကောက်ပွဲ ၀င်မည့် သူ များ စိတ်အနှောင့်
အယှက် ဖြစ်နေရသည် ဟု သိရသည်။