Pages

Subscribe

Friday 25 June 2010

ရထားစီး ခရီးသည် အများစု စည်းကမ်း လိုက်နာမှု အားနည်း

ရန်ကုန် မြို့တွင်း နေ့စဉ် ရထားဖြင့် ခရီးသွားလာ နေကြသော ခရီးသည် အများ စုမှာ ယနေ့ အချိန်ထိ စည်းကမ်း လိုက်နာမှု အပိုင်းတွင် အားနည်း နေသည်ကို တွေ့ရသည်။ မြန်မာ့ မီးရထားမှ ရန်ကုန် ဘူတာကြီး အပါအဝင် မြို့နယ် အလိုက် ဘူတာ များတွင် သတိပေး ဆိုင်းဘုတ်များ၊ ပညာပေး ဆိုင်းဘုတ် များကို မပြတ် စီစဉ် ဆောင်ရွက် ထားသော် လည်း ခရီးသည်များ အနေဖြင့် လေ့လာမှု အပိုင်းမှာ အားနည်း နေပြီး မလိုလား အပ်သော ဆုံးရှုံး နစ်နာမှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လျက် ရှိသည်။ ၂၀ဝ၉ ခုနှစ် ဇန်နဝါရီလ မှ အောက်တို ဘာလ အထိ စည်းကမ်း မလိုက် နာခြင်း၊ သတိ မမူခြင်း၊ ပေါ့လျော့ ခြင်း တို့ကြောင့် ဖြစ်ပွား ခဲ့သော ထိခိုက် ဒဏ်ရာ ရမှုနှင့် သေဆုံး မှုများမှာ ဘူတာ နှစ်ခုကြား ဒဏ်ရာရသူ ခုနစ်ဦး၊ ဘူတာတွင်း ဒဏ်ရာ ရသူ ရှစ်ဦး၊ ရထား မရပ်မီ အတက် အဆင်း ပြုလုပ် ခြင်းကြောင့် ဒဏ်ရာ ရသူ ၁၃ ဦး စုစုပေါင်း ဒဏ်ရာရသူ ၂၈ ဦးနှင့် ဘူတာ နှစ်ခုကြား သေဆုံးသူ သုံးဦး၊ ဘူတာတွင်း သေဆုံးသူ ခုနစ်ဦး၊ ရထား မရပ်မီ အတက် အဆင်း ပြုလုပ်ခြင်းကြောင့် သေဆုံးသူ နှစ်ဦး စုစုပေါင်း သေဆုံးသူ ၁၂ ဦးထိ ရှိခဲ့ကြောင်း ဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။

လှိုင်သာယာ စက်မှုဇုံမှ စက်ရုံ ဖွင့်ပွဲ ပရိတ် တရား နာရာတွင် ထူးထူး ဆန်းဆန်း ထိပ်လန့်မှု ဖြစ်ခဲ့

ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန် ခန့်က လှိုင်သာယာ မြို့နယ်၊ ရွှေသံလွင် စက်မှုဇုံ အတွင်းရှိ ဇာထိုး ပန်းထိုး စက်ရုံ တစ်ရုံ တွင် ပရိတ် တရား နာနေစဉ် ထူးထူး ဆန်းဆန်း ထိပ်လန့်မှုများ ဖြစ်ပွား ခဲ့သည့် အတွက် အလုပ် သမား များကို အိမ်ပြန်လွှတ် ခဲ့ရ ကြောင်း သိရှိရ သည်။ ယင်း နေ့က စက်ရုံ ဖွင့်လှစ်သည့် အထိမ်း အမှတ် အဖြစ် ပရိတ် တရားနာ နေစဉ် အလုပ် သမား အချို့မှာ အကြောင်းမဲ့ တုန်တုန် ရီရီ ဖြစ်ပြီး အသံ နက်ကြီးဖြင့် အော်ဟစ် ငိုကြွေး ကြကြောင်း၊ တချို့လည်း ပြောချင် တာတွေ ပြောကြောင်း၊ ငါတို့မှာ နေစရာ မရှိလို့ နေစရာ ပေးပါဟု ပြောတာ လည်း ကြားရ ကြောင်းဖြင့် Weekly Eleven ဂျာနယ် ၏ ၀ဘ်ဆိုက်တွင် ဖော်ပြ ထားသည်ကို တွေ့ရ ပါသည်။ စက်ရုံ မဆောက်မီက သရက်ပင်ကြီး တစ်ပင် ရှိခဲ့ပြီး စက်ရုံ ဆောက်ရာတွင် ယင်း အပင်ကို ခုတ်ခဲ့ရာ ယင်း အချက်ကြောင့် ဖြစ်မည် ထင်ကြောင်း အလုပ်သမား တစ်ဦးက ပြောသည်ဟု ဆိုပါသည်။ အလုပ်သမား တစ်ထောင်ကျော် ရှိသော ယင်း စက်ရုံတွင် အထိပ် တလန့် ဖြစ်သွား သော အလုပ်သမား အချို့ကို ဆေးခန်း ပို့ပေးခဲ့ရပြီး ကြောက်လန့် နေသူ အချို့ကို အိမ်ပြန် လွှတ်ခဲ့ ရသည်ဟု စက်ရုံ ကြီးကြပ်ရေးမှူးက ပြောပြကြောင်း သိရပါသည်။

အသွင်ပြောင်းလက်ခံသည့် အပစ်ရပ် SSA တပ်ဖွဲ့အချို့ တောင်ပိုင်းတပ်ဖွဲ့နှင့်ပူးပေါင်း

မြန်မာစစ်တပ်အလိုကျ ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံထားသော ဥက္ကဋ္ဌ ဦးလွယ်မောဝ်း ဦးဆောင်သည့် ယခင် သျှမ်း ပြည်တပ်မတော် SSA တပ်ဖွဲ့ဝင် အချို့ ၄င်းတပ်မှထွက်ပြေး နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) မိုင်းခေး ဋ္ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန် လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းမှူးထံ စာရင်းသွင်း ထား သည့် အထဲမှ တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ဂျွန်လအတွင်း ထပ်မံထွက်ပြေးခဲ့ကြောင်း အက်အက်အေအသိုင်းအ၀ိုင်းက သိရသည်။

အပစ်ရပ် SSA စစ်သည်များ

ယခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဥက္ကဋ္ဌဦးလွယ်မောဝ်း ဦးဆောင်သည့် SSA တပ်ဖွဲ့ဝင်အချို့ ပြည်သူ့စစ်အသွင်ပြောင်း ဖွဲ့စည်း ရန် လက်ခံလိုက်ပြီး နောက်ပိုင်း မေလပိုင်းတွင် ၄င်းတပ်မှ တပ်ဖွဲ့ဝင်အမြောက်အများ ထွက်ပြေးခဲ့သည်။

ထွက်ပြေးသွားသူများထဲမှ အင်အား ၄၀ ခန့်မှာ မြန်မာစစ်တပ်အား လက်နက်ကိုင် အံတုနေဆဲဖြစ်သော ထိုင်းနယ်စပ် အခြေဆိုက် စ၀်ယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်ထံ ပူးပေါင်းခဲ့သည်ဟု နီးစပ်သူများက ဆိုသည်။
လက်ရှိအခြေအနေတွင် အက်အက်အေ အနေဖြင့် ပြည်သူ့စစ်အသွင်ပြောင်းရေး လက်ခံထားသော်လည်း ပိုနေမြို့ ကျားနေမြို့ ရှိကြောင်း သျှမ်းတပ်မှူးအသိုင်းအ၀ိုင်းက ပြောသည်။

“ပြည်သူ့စစ်အသွင်ပြောင်းရေးကို လက်ခံထားပေမဲ့ အဖွဲ့ကတော့ ဒီအတိုင်းဆက်ရှိနေတုန်းပါပဲ လက်ရှိ ရှိနေတဲ့ တပ်မဟာ တွေလည်း အားလုံးပုံမှန်အတိုင်း အဆက်အသွယ်ရှိနေပါတယ်” ဟု ၄င်းအဖွဲ့မှ ပြည်သူ့စစ်အသွင်ပြောင်းရေးကို အာခံနေ သည့် တပ်မှူးတစ်ဦးက ဆိုသည်။

သျှမ်းပြည်တပ်မတော်တွင် တပ်မဟာ ၁ ၊ ၇ နှင့် ၃ ဟူသော လက်အောက်ခံ တပ်မဟာ ၃ ခုရှိသည့်အနက် တပ်မဟာ ၁ မှာ ပြည်သူ့စစ်အသွင်ပြောင်းရေးကို ဆက်လက်ငြင်းဆန် နေဆဲဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့အနေဖြင့် ပြည်သူ့စစ်အသွင်ပြောင်းပြီးနောက် ဋ္ဌာနေပြည်သူ့စစ်အဖွဲ့ ၃ ဖွဲ့အထိ ဖွဲ့စည်းရန်ရှိသော်လည်း မည်သည့် အချိန်တွင် စတင်ဖွဲ့စည်းမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
002 - အပစ်ရပ် SSA စစ်သည်များ

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ်စောင့်ကြည့်ရန် သျှမ်းပြည်စစ်တိုင်းချုပ်ညွှန်ကြား

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ်စောင့်ကြည့်ရန် သျှမ်းပြည်နှင့်ကယားပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နယ်ခြားမြို့ ဒေသခံတပ်ရင်း အရာရှိများအားညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“၂၂ ရက်နေ့တုန်းက ဗိုလ်ချုပ်မင်းအောင်လှိုင် လေယာဉ်နဲ့ ကျိုင်းတုံမှာလာအိပ်တယ်၊ နောက်နေ့မနက်တော့ မိုင်းယန်းဘက်ခရီးဆက်ပြီး ဒေသခံစစ်တပ်တွေကို ၂ နာရီကြာ သွားရောက်အားပေးတယ်လို့သိရတယ်”- ဟု တြိဂံစစ်တိုင်းရုံးနှင့် နီးစပ်သည့် ကျိုင်းတုံသားကပြောပါသည်။

ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

ဂျွန် ၂၃ ရက် သျှမ်းပြည် နှင့် ကယားပြည် စစ်တိုင်း ၃ တိုင်းချုပ် ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြးတို့ မိုင်းယန်းမြို့ရှိ နအဖ အရာရှိ/စစ်သည်များအား တွေ့ဆုံ အားပေးစကားပြောပြီး စခန်းတိုးချဲ့ ပြင်ဆင်မွမ်းမံမှုတို့ကိုစစ်ဆေးကာ၊ ၀ နှင့် မိုင်းလားတပ်ဖွဲ့၏ လှုပ်ရှားသွား လာ မှုအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်/သတင်းထောက်လှမ်းရန် ညွှန်ကြားခဲ့သေးသည်ဟု ဆို၏။

“နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲကာလအထိ လုံခြုံရေးအဓိကထားရမယ်၊ စစ်အင်အား အသင့်ပြင်ဆင်ထားရမယ် ဆိုတာတွေ ပြောသွားတယ်” - ဟု မိုင်းယန်းအခြေစိုက် နအဖစစ်တပ်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း က ပြောပါသည်။

မိုင်းယန်းမြို့တွင်းရှိတပ်ရင်းများအား ဒု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ ဂျွန် ၂၃ ရက်နေ့ မနက်ပိုင်း၌လှည့် လည်စစ်ဆေးပြီး ကျိုင်းတုံသို့ နေ့ချင်းပြန်သွားသည်ဟုလည်း မိုင်းယန်းမြို့ခံများက ပြောပါသည်။

မိုင်းယန်းမြို့၌ နအဖ စစ်တပ် ခလရ ၂၇၉ နှင့် ခလရ ၂၈၁ တပ်ရင်း နှစ်ရင်းအပြင် လက်နက်ကြီး ၈၁ မမ ၂ လက် ရှိသည်ဟုလည်း စစ်တပ်အသိုင်းအ၀ိုင်း ကပြောပါသည်။

မိုင်းယန်းမြို့သည် ကျိုင်းတုံအရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ (၆၃ မိုင်) အကွာတွင်ရှိသည်။ မိုင်းယန်းမြို့ တွင်းမှလွဲ၍ မြို့ပြင်တခုလုံး ၀ ပြည်သွေးစည်းရေးတပ်မတောUWSA နှင့် NDAA မိုင်းလား တပ်ဖွဲ့တို့က အသီးသီးထိန်းချုပ်ထား၏။ အနောက်မြောက်ဘက်တွင် ၀ တပ်မဟာ ၄၆၈ အခြေစိုက်သည့် မိုင်းပေါက်မြို့၊ အရှေ့တောင်ဘက်တွင် မိုင်းလားတပ်ဖွဲ့ NDAA ၏ တပ်မဟာ ၈၉၆ ဌာနချုပ် ဆီလူးဒေသတို့ တည်ရှိသည်။
လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ကျောင်းပြိုပျက်သွားခဲ့သဖြင့် စာမသင်ရ ဖြစ်နေသော ကလေးငယ်များ အတွက် UNICEF ခေါ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့မှ စစ်တွေမြို့ သဲချောင်းတွင် ယာယီ စာသင်ကျောင်းဆောင် တခုကို ဆောက်လုပ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းစာသင်ကျောင်းကို လွန်ခဲ့သော ဗုဒ္ဓဟူးနေ့မှစ၍ စတင် ဖွင့်လှစ် ပေးခဲ့သော်လည်း နဂိုကတည်းက ဆင်းရဲပြီး လေဆင်နှာမောင်းကြောင့် မိဘများ ဘ၀အခြေအနေများ ပိုမိုဆိုးရွားသွားသည့် အတွက် ကျေးရွာရှိ ကလေးအများစုမှာ အတန်းထဲသို့ ပြန်လာနိုင်ခြင်း မရှိသေးကြောင့် ကျောင်းဆရာမ တစ်ဦးက နိရဉ္စရာကို ယခုကဲ့သို့ ပြောပြသည်။

“ကျွန်မရဲ့ကျောင်းသားကျောင်းသူတွေ အများစုကတော့ ကျောင်းမတက် နိုင်ကြသေးပါဘူး။ လေဆင်နှာမောင်း ကြောင့် သူတို့ နေထိုင်တဲ့ အိမ်တွေ အကုန်လုံး ပျက်စီး ဆုံးရှုံး သွားခဲ့ရပါတယ်။ ကလေးတွေရဲ့ ကျောင်းသုံး စာအုပ်တွေနဲ့ ဘောလ်ပန်၊ ခဲတံ စတဲ့ စာရေး ကိရိယာတွေလဲ အကုန်လုံး လေထဲ ပါသွားတယ်။ နဂိုကတည်းက မိသားစုတွေက ဆင်းရဲတဲ့ သူတွေဆိုတော့ လေဘေးသင့်ပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အခြေအနေက ပိုမို ဆိုးရွား သွားခဲ့ကြတယ်လေ။ မိဘတွေကလည်း အိုးအိမ် ပြန်လည် တည်ဆောက်နိုင်ရေးအတွက် လုံးပန်းနေကြရတာကြောင့် ကလေးတွေကို တဘက်တလမ်း အကူအဖြစ် အသုံးချနေကြရတော့ ကလေးတွေမှာ ကျောင်းပြန်တက်နိုင်ဖို့ အခွင့်အလမ်း နည်းပါး သွားကြရတာပေါ့။”

၎င်းပြင် ဆရာမက ကျောင်းသား ကျောင်းသူများ အတွက် အမှန်တကယ်လိုအပ်သော စာအုပ် စာတန်းများကို မိဘများမှ ၀ယ်ပေးနိုင်ရန် အခြေအနေ မရှိသဖြင့် အများစုမှာ ကျောင်းတက်နိုင်ရန် အခြေအနေ မရှိတော့ကြောင်း ယခုကဲ့သို့ ဆက်ပြောသည်။

“ သက်ဆိုင်ရာက ကူညီတယ်ဆိုတာကတော့ မဖြစ်စလောက်ကလေးပါ။ ဗလာ စာအုပ်တွေနဲ့ ခဲတံ သုံးလေးချောင်း ဒါတွေပါဘဲ။ တကယ် လိုအပ်တာက ကျောင်းသုံး စာအုပ်တွေ ဖြစ်ပါတယ်။ ပထမ တကြိမ်ကတော့ မိဘတွေက သားသမီးတွေ ပညာတတ်စေချင်လို့ မရှိမဲ့ ရှိမဲ့ကြားထဲက ကျောင်းသုံး စာအုပ်ဖိုး အကုန်ကျခံပြီး ၀ယ်ပေးထားပြီး ပါပြီ။ နောက်တကြိမ် သူတို့ အနေနဲ့ ဘယ်လိုနည်းနဲ့မှ ၀ယ်ပေးနိုင်မယ့် အနေထားအထား မရှိတော့ဘူး။ ဒီတော့ သားသမီးတွေကိုလည်း ကျောင်းကို မလွတ်တော့ဘဲ အိမ်မှာဘဲ အလုပ်ခိုင်းထားလိုက်ကြတယ်လေ။”

သဲချောင်းကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့ ညဥ့် ၁၁ နာရီတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကျေးရွာ မူလတန်းကျောင်းနှင့် အိမ်ခြေ ၃၀ ကျော် လုံးဝ ပျက်စီးသွားခဲ့ပြီး လူတဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့သည်။

UNICEF မှ ကလေးများ အတွက် ယာယီ စာသင်ကျောင်း ဆောက်လုပ် ဖွင့်လှစ်ပေးခဲ့ ခြင်းမှာ ၄င်းကျေးရွာသားများ အတွက် လေဘေးဒဏ် ခံခဲ့ရပြီးနောက် ရက်သတ္တတပတ် အကြာတွင် ပထမဆုံး ရရှိခဲ့သော အကူညီ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

အဆိုပါကျေးရွာရှိ လေဘေးသင့် မိသားစုများမှာ ယခုအချိန်ထိ အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရပြီး အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် အဆိုပါ လေဆင်နှာမောင်း အပြင် ယခုလ ၁၃ ရက်မှ ၁၅ ရက်နေ့ထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှုနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့သောကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များတွင် စာသင်ကျောင်းပေါင်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံ ပညာရေး ၀န်ထမ်းတဦးက ပြောသည်။


နိရဉ္စရာသတင်းထောက် တာကလူး ရေးသားသည်။

မောင်တောမြို့ နေပြည်တော် လမ်းဆုံ ပြည့်တံဆာတန်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနှင်း

မောင်တောမြို့တွင် ပြည်သူများက နေပြည်တော် လမ်းဆုံဟု အမည် ပေးထားသော ပြည့်တံဆာတန်းကို ယမန်နေ့ နံနက်က ရဲတပ်ဖွဲ့ တစ်ဖွဲ့မှ ၀င်ရောက် စီးနှင်းပြီး လူအများ အပြားကို ဖမ်းဆီး သွားကြောင်း သတင်း ရရှိသည်။

မျက်မြင် တဦးက “ နံနက်ပိုင်းမှာ ၀င်ရောက် စီးနှင်းတာ ဖြစ်ပြီး ဆိုင်ပိုင်ရှင် ၁၃ ဦးနဲ့ တခြား ၁၀ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးပြီး နံနက် ၉ နာရီမှာ ရဲစခန်း ခေါ်သွားပါတယ်။ စက်လှေ တစီးပေါ် တင်ပြီး မကျည်းချောင်း ရဲစခန်းကို ခေါ်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ နေရာတွင် တည်ဆောက်ထားသော မကောင်းမူ လုပ်ငန်းများ လုပ်ဆောင်နေသည့် ဆိုင်ခန်း ၁၃ ခန်းကိုလည်း ဖြိုဖျက် ပစ်ခဲ့သည်။

တခြား အစိုးရ ၀န်ထမ်း တဦးကလည်း “ ဒီ လုပ်ငန်းတွေကို လုပ်တဲ့သူတွေက နတလ စံပြကျေးရွာသားတွေ ဖြစ်ကြတယ်။ လဘက်ရည်ဆိုင်၊ ထမင်းဆိုင် နာမည်တပ်ပြီး နောက်ကွယ်မှာ ပြည့်တံဆာ လုပ်ငန်းတွေကို လုပ်ကြတာပါ။ ပြည်ပ မီဒီယာတွေက ဒီသတင်းကို တင်ပြလာတော့ နောက်ဆုံးတော့ အာဏာပိုင်တွေက အရေးယူ လာရတဲ့ အဆင့်ကို ရောက်ရှိလာရတာ ဖြစ်ပါတယ်။ မြို့နေလူထုနဲ့ ဒေသ အတွင်းက အစိုးရ အရာရှိတွေလည်း ခုလို မောင်တောမှာ ပြည့်တံဆာ လုပ်ငန်း တွင်ကျယ်လာတဲ့ အပေါ် မကျေနပ် မူတွေ ရှိနေကြပါတယ်” ဟု ပြောသည်။

အဆိုပါ မကောင်းမူ လုပ်ငန်းတွင် အဓိက ပါဝင်နေသူများမှာ ရွှေရင်အေးနှင့် ခရေမြိုင် စံပြကျေးရွာသားများ ဖြစ်ပြီး အဆိုပါ နေပြည်တော် လမ်းဆုံရှိ ဆိုင်များမှ တဆင့် ဖေါက်သည်များကို ခေါ်ယူကာ စံပြကျေးရွာများ အတွင်း အဆိုပါ လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ဒေသခံများ၏ အပြောအရ အဆိုပါ လမ်းဆုံမှာ ညောင်ချောင်း ကျေးရွာ အနီးတွင် တည်ရှိပြီး မကောင်းမူ လုပ်ငန်းများ လုပ်ရာမှ ပြည်သူများက နေပြည်တော် လမ်းဆုံဟု အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ နေရာတွင် ရှင်းလင်းသွားပြီ ဖြစ်ပြီး ဆိုင်တဆိုင်မှ မရှိတော့ကြောင်း သိရသည်။

“ ဖမ်းခံရသူ အများစုက အစိုးရ စီမံကိန်းနဲ့ ဗမာပြည်က မောင်တောနယ် စံပြကျေးရွာတွေကို ပြောင်းရွှေ့လာတဲ့သူတွေ ဖြစ်တဲ့ အတွက် အရေးယူ အပြစ်ပေး ထောင်ချ တာတွေတော့ လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ နောက်နောင် မလုပ်ဖို့ ဆိုဆုံးမပြီး ပြန်လွတ်မယ့် သဘော ရှိပါတယ်။” ဟု အဆိုပါ မျက်မြင် ပုဂ္ဂိုလ်က ဆက်ပြောသည်။

ယခုလ ၃ ရက်နေ့ကလည်း ပြည့်တံဆာ လုပ်ငန်းများတွင် ပါဝင် ပတ်သက်သဖြင့် မောင်တောမြို့နယ် ကိုင်းကြီး နတလ ကျေးရွာ ရယက ဥက္ကဌဟောင်း ဦးသန်းမိုး အား ထောင် ၂ နှစ်နှင့် တခြား အမျိုးသမီးငယ် ၈ ဦးကို ထောင် တနှစ်စီ အသီးသီး မောင်တော ခရိုင်တရားရုံး ချမှတ်ခဲ့သည်။

ချင်းမိုင်ညဈေး အလုပ်ပြုတ်သူများ

ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ညဈေးတန်းမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၆ဝ ကျော် တလအတွင်း အလုပ်ပြုတ်သွားခဲ့ကြောင်း ဆိုင်ရှင်များနှင့် အလုပ်သမားများထံမှ သိရသည်။

ကမ္ဘာလှည့်ခရီးသည်များကို အဓိကထားရောင်းသည့် ထိုဈေးတွင် ယခင်လ တတိယပတ်မှ စတင်ကာ တလအတွင်း ဆိုင်ပေါင်း ၃ဝဝ ကျော်မှ ၄ဝ ကျော် ရောင်းအားသိသိသာသာ ကျဆင်းသွားခြင်းကြောင့် ပိတ်သွားခဲ့ရပြီး အလုပ်သမား ၆ဝ ကျော် အလုပ်လက်မဲ့ဖြစ်သွားသည်။

ဆိုင်အားလုံး၏ ၃ ပုံ ၂ ပုံခန့်တွင် ရှမ်း၊ ကချင်၊ ဗမာ၊ လားဟူ၊ အခါ၊ မြိုနှင့် အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား အလုပ် သမားများ အလုပ်လုပ်နေကြသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီအဖွဲ့များက မတ်လမှ စတင်ကာ ၂ လကျော် ကြာ အဘီဆစ် အစိုးရအားဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက် နိုင်ငံခြားသားများ အလာနည်းသွားသဖြင့် အရှုံးပေါ်၍ ပိတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ငွေထည်များ ရောင်းချသည့် အသက် ၅၃ နှစ်အရွယ် ဆိုင်ရှင် ထိုင်းအမျိုးသမီးတဦးက ပြောသည်။

“ ဖလန် (ဥရောပသား နိုင်ငံခြားသားများ) တွေ အခု မလာတော့ဘူးလေ။ ကျမတို့က ဖလန်တွေကို အဓိကထားရောင်းပြီး စီးပွားရှာတာ။ အခု နေ့တိုင်းလိုလို ဈေးဦးပေါက်ဖို့တောင် မလွယ်တော့ဘူး။ အဲဒါနဲ့ ဖွင့်ထားတဲ့ ၃ ဆိုင်ထဲက ၂ ဆိုင်ကို ပိတ်လိုက် တာ” ဟု သူက မဇ္ဈိမကို ပြောသည်။

နိုက်ဘဇားဟုခေါ်တွင်တေသာ ညဈေးတွင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအကြိုက် ငွေထည်များ၊ ထိုင်းရိုးရာ အဝတ်အထည်နှင့် အခြားအဝတ်အထည်များ၊ ပန်းပုရုပ်များ၊ ပန်းချီကားများ၊ မျက်မှန်များ၊ ကျောက်စိမ်းနှင့် ဖိနပ်မျိုးစုံရောင်းသည့် ဆိုင်များရှိပြီး ညနေ ၃ နာရီခွဲမှ ည ၁၂ နာရီထိ ဖွင့်လှစ်ရောင်းချကြသည်။
ယေဘူယျအားဖြင့် ညဈေး အလုပ်သမားတဦး၏ လစာမှာ ဘတ် ၄ ထောင်အထက်တွင်ရှိသည်။

ကလေးကစားစရာဆိုင် ပိတ်လိုက်သဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အသက် ၁၇ နှစ်အရွယ် ရှမ်းတိုင်းရင်းသား စိုင်းဆူတောင်က အလုပ်ပြန်ရှာရခက်သဖြင့် နိုက်ဘဇား အနီးရှိ Gay Bar တခုတွင် အလုပ်လုပ်တော့မည်ဟု ဆိုသည်။

“အလုပ်ပြုတ်တော့ ကျနော်သူငယ်ချင်းအိမ်မှာပဲ လိုက်ပြီးကပ်နေလိုက်တယ်။ အလုပ်ကြာကြာမရှိရင် မကောင်း ဘူးလေ။ ဘယ်သူက လာကျွေးမှာလဲ။ သူတို့ဆိုင်ကလည်း ဒီလကုန်ရင်ပိတ်တော့မှာဆိုတော့ တခြားသူငယ်ချင်း တယောက်နဲ့ Gay Bar မှာပဲ လိုက်လုပ်မယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

အလားတူ ကမ္ဘာလှည့်ခရီးသည်များ ဈေးဝယ်လေ့ရှိသည့် ချင်းမိုင်မြို့၏ နာမည်ကြီး တနင်္ဂနွေဈေး ခေါ် Sunday Market မှ ဆိုင်များသည်လည်း ရောင်းအားကျဆင်းနေကြောင်း ယင်းဈေးတွင် ဈေးရောင်းသူ ရှမ်းတိုင်းရင်းသူ နန်းအိမွှေးက ပြောသည်။

“သူဌေးကပြောတယ် နောက်လမှာ ရောင်းအားပြန်မကောင်းတော့ရင် ဆိုင်ပိတ်မယ်ပြောတယ်။ ဈေးရောင်းမကောင်း တော့ လစာယူရမှာ ဆိုင်ရှင်ကိုတောင် သနားလာပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

ချင်းမိုင်တခုတည်းတွင်မကဘဲ မဟာချိုင်၊ မဲဆောက်၊ ဘန်ကောက်၊ ဆူရပ်ဌာနီကဲ့သို့သော ခရိုင်နှင့် မြို့နယ်များတွင်လည်း အလားတူ အလုပ်ပြုတ် မှုများရှိနေကြောင်း အဝေးရောက်ညွှန်ပေါင်းအစိုးရ NCGUB ၏ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။ သို့သော်လည်း မည်မျှများပြားသည်ကို မှန်းဆနိုင်ခြင်းမရှိပေ။

ထိုင်းနိုင်ငံအတွင်း မတ်လမှသည် မေလ ၁၉ ရက်နေ့အထိ ရှပ်နီများ၏ ဆန္ဒပြမှုများ ဖြစ်ပွားစဉ် ဗုံးကွဲမှု၊ မီးရှို့မှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနှင့် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူ ၈၉ သေဆုံးပြီး ၁၉ဝဝ ဒဏ်ရာရကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

မြန်မာနိင်ငံသားမျးသည် အလုပ်လက်မဲ့ဖြစ်သွားကြသော်လည်း မြန်မာနိုင်ငံတွင် အလုပ်အကိုင်ပိုမိုရှားပါးပြီး ဝင်ငွေအရလည်း နည်း၍ ပြန်လေ့မရှိကြဟု ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှုကော်မတီ TACDB မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဝေက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂ သန်းကျော်ရှိသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ခန့်မှန်းထားကြပြီး ၉ သိန်းသည် တရားဝင်နေထိုင်ခွင့်ရှိသူများဖြစ်သည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်းကြသည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

ငလှိုင်တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု နောက်လစမည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တရုတ်ကုမ္ပဏီနှင့် ဖက်ဆက်လုပ်ကိုင်သော ငလှိုင်တွင်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လာမည့်လလယ်တွင် စတင်အကောင်အထည်ဖော်မှာဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအရာရှိတဦးက ပြောသည်။

မကွေးတိုင်း စလင်းမြို့နယ်ရှိ ငလှိုင်တွင်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံတွင် အသစ်ဝင်ရောက်မြုပ်နှံလာသော တရုတ်ကုမ္ပဏီသစ် North Petro-Chem Coporation Linited (NPCC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ ဇွန် ၁၆ ရက်နေ့က စာချုပ်ချုပ်ခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ ယခုလဆန်းက နှစ်ရက်တာ မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် စာချုပ်ချုပ်ဆိုမှု ဖြစ်ထွန်းခဲ့သည်။
map
အမည်မဖော်လိုသူ MOGE အရာရှိ၏ အဆိုအရ အကျယ်အဝန်းအားဖြင့် ၁၀၀ စတုရန်းမိုင်ခန့်ရှိသည့် ငလှိုင်တွင်းဒေသတွင် ဇူလိုင်လလယ်အတွင်း ရှာဖွေတူးဖော်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ တွေ့ရှိမှုအပေါ် မူတည်၍ စာချုပ်သက်တမ်းအား တိုးသွားမည်ဟု သိရသည်။

စာချုပ်ပါအကြောင်းအရာကို ပြောပြရန် ငြင်းဆိုသော်လည်း ယေဘူယျအားဖြင့် ရှာဖွေရေးကာလကို ၃ နှစ်မှ ၅ နှစ်အထိ ခွင့်ပြုချုပ်ဆိုလေ့ရှိပြီး နှစ်ပေါင်း ၃၀ အထိ တူးဖော်ခွင့်ပေးလေ့ ရှိသည်ဟု ဆိုသည်။

ယခင်က ရေနံကျင်းပေါင်း ၁၅ဝဝ ခန့် ရှိခဲ့သည့် ငလှိုင်တွင်းဒေသ၌ ဒေသခံများက ကိုယ်ထူကိုယ်ထ တွင်းများဖြင့်သာ တူးဖော်ခဲ့ပြီး ရေနံတွင်းတတွင်းလျင် တရက် ပေပါ ၁ဝဝ မှ ၁၅ဝ ထိ ရရှိခဲ့ကြောင်း ယင်းဒေသ၌ ရေနံတူးဖော်မှု ၂ဝဝ၆ ခုနှစ်အထိ ၆ နှစ်ကြာ လုပ်ကိုင်ဖူးသော ချောက်မြို့နယ်မှ ဒေသခံတဦးက ပြောသည်။

သို့သော် လက်ရှိတွင်မူ ပြည်၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်းမြို့နယ်များရှိ ကျေးရွာများမှ လူ ၅ဝ ဦးခန့်သာ တူးဖော်နေသည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘောဝ ဓါတ်ငွေ့ ထုတ်လုပ်မှု လုပ်ကွက်ပေါင်း ၄၇ ကွက်ရှိရာမှ တရုတ် ကုမ္ပဏီများက ၂၃ ကွက် လုပ်ကိုင်နေပြီး အများဆုံးဖြစ်ပြီး မလေးရှားက ဒုတိယလိုက်ကြောင်း ရွှေဂက်စ်လုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က ပြောသည်။

တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ရခိုင်ပြည်နယ် ကျောက် ဖြူမြို့မှ တရုတ်နိုင်ငံရွှေလီသို့ ဆက်သွယ်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုကို တည်ဆောက်နေရာ ၂ဝ၁၃ ခုနှစ်တွင် ပြီးစီးမှာဖြစ်သည်။

ယင်းပိုက်လိုင်းများဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများ မှ ရေနံနှင့် ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်သို့ တင်သွင်းမည်ဖြစ်သည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲခံထားရသော သင်္ကြန်တွင်းကာလ ဗုံးပေါက်ကွဲမှုမြင်ကွင်းကို ရိုက်ကူးခဲ့သူ ဓာတ်ပုံသတင်းထောက် ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

ရဲစစ်ကြောရေးစခန်းတွင် ဓာတ်ပုံသတင်းထောက်က ဝန်ခံခဲ့သည်ဆိုသော ထိုင်းနိုင်ငံတွင် ပြုလုပ်သော သတင်းထောက် သင်တန်းတခုကို တက်ရောက်ခြင်းနှင့် ပတ်သက်၍ တရားသူကြီးက ဖတ်ကြားသွားသည်။ ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအေးသိန်းက ရဲထံ အစစ်ခံချက်များမှာ တရားမဝင်ဟု ပြန်လည်ချေပခဲ့သည်ဟု သိရသည်။

ကိုစည်သူဇေယျ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းပေးသူက မဇ္ဈိမသို့ ပြောကြားရာတွင် စစ်ကြောရေးပြုလုပ်စဉ် ရဲက ညှဉ်းပန်းမှုလုပ်ခဲ့သည်ဟု ဆိုသည်။

”ခြေဖျားထောက်ပြီး မတ်တပ်ရပ်ခိုင်းတာ၊ ဒူးထောက်ခိုင်းတာတို့ လုပ်ခိုင်းတယ်။ အဲဒီလို ၃ ရက်လောက် လုပ်ခိုင်းပြီး ၄ နပ်လောက် ထမင်းမကျွေးဘဲ ထားတဲ့အခါ သူက ဖြောင့်ချက်ပေးခဲ့ရတာ။ ဒီဖြောင့်ချက်အရ လဝက က နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားလိုအဖြစ် တရားစွဲခဲ့တာ’’ ဟု သတင်းပေးသူက ပြောသည်။

ကိုစည်သူဇေယျကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) တို့ဖြင့် ရဲက တရားလိုပြုလုပ် တရားစွဲထားသည်။

ထိုင်းနိုင်ငံတွင် မီဒီယာသင်တန်းသို့ သွားတက်ခဲ့ကြောင်းနှင့် ပြည်ပရောက် အတိုက်အခံ ညွန့်ပေါင်းအစိုးရ NCGUB နှင့် ဆက်သွယ်ခဲ့သလို၊ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) တာဝန်ရှိသူတဦးထံမှ ဗီဒီယိုကင်မရာ ရယူခဲ့သေးကြောင်း စစ်ကြောရေးစခန်းတွင် ဖြောင့်ချက်ပေးခဲ့သည်ဟု လက်ထောက်တရားသူကြီးတဦးက တရားရုံးတွင် ဖတ်ကြားပြခဲ့သည်ဟု တရားခွင်အနားသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

လူ ၁ဝ ဦးသေဆုံးခဲ့သော ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးအနီး ရေပက်မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနောက် ဓာတ်ပုံရိုက်နေစဉ် ကိုစည်သူဇေယျကို ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း နောက်တရက်တွင် ဆက်လက်ဖမ်းဆီးပြီး ညွန့်ပေါင်းအစိုးရနှင့် ဆက်သွယ်မှုဖြင့် တရားစွဲထားရာ နောက်တပတ် အင်္ဂါနေ့တွင် ရုံးထုတ်မည်ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ထိုအမှုနှင့် ဆက်စပ်၍ အခြားဖြစ်ထွန်းမှုတခုမှာ စွမ်းအားမြှင့် စစ်သည်တော် ကျောင်းသားအဖွဲ့ လက်ချက်ဟု စစ်အစိုးရက စွပ်စွဲထားသော ဗုံးကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်က “လုံးဝပတ်သက်မှုမရှိ” ဟု ဇွန်လ ၂၃ ရက်နေ့က သွားရောက်တွေ့ဆုံစဉ်က ပြောကြားကြောင်း သူ၏ ရှေ့နေ ဦးကျော်ဟိုးက ပြန်ပြောပြသည်။

ကိုဖြိုးဝေအောင်၏ အမှုကို လာမည့် တနင်္လာနေ့တွင် ရုံးထုတ်မည်ဟု တရားရုံးက ကြေညာထားသော်လည်း မည်သည့်တရားရုံးတွင် အမှုဆိုင်ရမည်ကို မသတ်မှတ်ထားသေးပေ။

ကိုဖြိုးဝေအောင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် သူကန်ထရိုက်ရယူထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရှိနေခဲ့သည်ဟု မိသားစုဝင်များက မီဒီယာများကို ပြောထားသည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

တရုတ် လက်နက် ကုမ္ပဏီ မုံရွာတွင် ကြေးနီ တူးမည်

တရုတ် အကြီးစား လက်နက် ကုမ္ပဏီ တခုဖြစ်သည့် Norinco ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အကြီးမား ဆုံးသော မုံရွာကြေးနီ မိုင်းတွင်း၌ ကြေးနီ တူးဖော်ရန် မြန်မာ အစိုးရနှင့် စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အမေရိကန် အစိုးရက ပိတ်ပင် ထားခဲ့သော Norinco ကုမ္ပဏီ၏ ဥက္ကဌသည် မြန်မာ အစိုးရ အတွက် လက်နက်များ ၀ယ်ယူ ပေးရာတွင် အဓိက တာဝန်ရှိသူ တဦးဖြစ်သည့် ကာကွယ်ရေး စက်ရုံ၏ ဒုတိယ အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ် သိန်းဌေးနှင့် တွေ့ဆုံကာ စာချုပ် အများ အပြားလည်း ချုပ်ဆိုခဲ့သည်။

Norinco ဟု လူသိများသည့် China North Industries Corporation (CNIC) က မုံရွာကြေးနီသတ္တုတွင်း ပူးပေါင်း စီမံကိန်း စာချုပ်အား မြန်မာ ထိပ်တန်း အာဏာ ပိုင်များနှင့် ယခုလ ပထမပတ် အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့သည့် တရုတ်ဝန်ကြီး ချုပ် ၀မ်ကျားပေါင်၏ ခရီးစဉ်၌ ချုပ်ဆိုခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၌ ကြေးနီအများအပြား ထုတ်လုပ်နိုင်ကြောင်းတွေ့ရှိထားပြီး တရုတ်နိုင်ငံ၏ ကြေးနီလိုအပ်ချက်ကို အကြီးအကျယ် ဖြည့်ဆည်းပေးနိုင်မည်ဟု လည်းကောင်း ၊ ထို့အပြင် ယခုစာချုပ်သည် မြန်မာနိုင်ငံအပေါ် တရုတ်သြဇာ ပိုမိုဖြန့် ကျက်နိုင်ရေးအတွက် အထောက်ကူပြုမည်ဟု Norinco ကုမ္ပဏီက ဇွန်လ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်ကို အင်တာနက် စာမျက်နှာတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်သည်။

Norinco ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Zhan Guoqing နှင့် မြန်မာ စစ်ဗိုလ်ချုပ် ၀င်းသန်းတို့က တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် မြန်မာဝန်ကြီးချုပ် သိန်းစိန်တို့၏ ရှေ့မှောက်တွင် ကြေးနီသတ္ထုတွင်း စာချုပ်အား ချုပ်ဆိုခဲ့သည်ဟုလည်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ထိုစာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကိုမူ တရုတ်ကုမ္ပဏီက ကြေညာခြင်း မရှိပေ။ Norinco ကုမ္ပဏီ သည် စစ်ရေးဆိုင်ရာ ပစ်မှတ်များကို အတိအကျပစ်ခတ်နိုင်သည့် စနစ်များ ၊ တာဝေးပစ် လက်နက်များ ၊ လေယာဉ်ပစ်နှင့် ဒုံးခွင်း စနစ်များကို ထုတ်လုပ်သည့်အပြင် ၀န်ဆောင်မှုလည်း ပေးကြောင်း သိရသည်။

Norinco ကုမ္ပဏီသည် အီရန်နိုင်ငံသို့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာများ ပေးအပ်နေသည်ဟု အမေရိကန်အစိုးရက စွပ်စွဲခြင်း ခံခဲ့ရသည်။ ၂၀၀၃ မေလမှစ၍ အမေရိကန်အစိုးရ၏ ကန့်သတ်မှုများကို အကြိမ်ကြိမ်ခံခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန် အစိုးရ က ကန့်သတ်ပိတ်ပင်မှုများအား ပြန်လည် ရုပ်သိမ်းခဲ့သည်။

ယင်း Norinco ကုမ္ပဏီမှာ တရုတ်အစိုးရ၏ နိုင်ငံတော်ကောင်စီကို တိုက်ရိုက်သြဇာခံသည့် ကာကွယ်ရေးဆိုင်ရာ စက်မှု လုပ်ငန်းကြီး ၁၀ ခုအနက်မှ ၁ ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် နျူကလီးယားအန္တရာယ် လှုံ့ဆော်သတိပေးသည့် (Nuclear Threat Initiative group) အဖွဲ့ က ဆိုသည်။

၂၀၀၆ ခုနှစ်ခန့်က စတင်၍ Norinco ကုမ္ပဏီပိုင်သည့် Wanbao Mining ကုမ္ပဏီနှင့် တခြားသော တရုတ်ကုမ္ပဏီများ ပူးပေါင်း၍ ချင်းပြည်နယ် မွေတောင်၌ နီကယ်နှင့် ယူရေနီယမ် များကို ရှာဖွေ တူးဖော်မှုများ ပြုလုပ်နေကြောင်း သိရသည်။

မုံရွာကြေးနီသတ္ထုတွင်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီသတ္ထုတွင်း တခုဖြစ်ပြီး ယခင်က အဆိုပါသတ္ထုတွင်းကို မြန်မာ အစိုးရပိုင် အမှတ်(၁) သတ္ထုတွင်းဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ(Ivanhoe Mines)တို့ ပူးပေါင်းဖွဲ့စည်း ထားသော မြန်မာအိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီလီမိတက်(Myanmar Ivanhoe Copper Company Limited - MICCL) က လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

MICCL အား ၂၀၀၉ ခုနှစ်၌ အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနက တားမြစ်ထားသည့် ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းခဲ့သည်။

အိုင်ဗင်ဟိုး (Ivanhoe Mines)ကုမ္ပဏီ အဆိုအရ ၄င်းသည် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုများကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရပြီး မုံရွာသတ္ထုတွင်း၌ ၄င်းရရှိခဲ့သော အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအား သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း တခုကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ထိုအဖွဲ့အစည်းသည် မည့်သည့်အဖွဲ့အစည်းဖြစ်ကြောင်း ယခုအချိန်အထိ အိုင်ဗင်ဟိုး(Ivanhoe Mines)ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

မုံရွာဒေသခံများ အဆိုအရ အိုင်ဗင်ဟိုး(Ivanhoe Mines)ကုမ္ပဏီ ထွက်ခွာသွားသည့် အချိန်မှစ၍ တရုတ်ပြည်မှ အင်ဂျင်နီယာနှင့် အလုပ်သမားများ ထိုသတ္ထုတွင်းသို့ရောက်ရှိလာကြောင်း သိရသည်။

မြို့ငယ်တမြို့စာကျယ်ဝန်းသည့် မုံရွာကြေးနီသတ္ထုတွင်းတ၀ှိုက်ကို လုံခြုံရေးတင်းကျပ်ထားပြီး ထွက်ရှိသည့် ကြေးနီများအား ရန်ကုန်သို့ တိုက်ရိုက်တင်ပို့ကြောင်း ဒေသခံများက ဆိုသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် ခရီးစဉ်အတွင်း Norinco ကုမ္ပဏီဥက္ကဌသည် မြန်မာအစိုးရလက်နက်များ ၀ယ်ယူပေးရာတွင် အဓိကကျသည်ဟု ယူဆရသည့် ကာကွယ်ရေးစက်ရုံ၏ ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်သိန်းဌေးနှင့် "ကျယ်ပြန့် နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှု"များလည်း ဆွေးနွေးခဲ့ကြောင်း ၊ ထို့အပြင် ဆိပ်ကမ်းများ ၊ မီးရထားလမ်းများ ဖောက်လုပ်ရေးနှင့် ရေအား လျှပ်စစ်စက်ရုံများ အပါအ၀င် "အထူးပစ္စည်းကိရိယာ"နှင့် ပတ်သက်သော သဘောတူညီချက် စာချုပ်များလည်း လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်သိန်းဌေးသည် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂၀၀၈ ခုနှစ် မြောက်ကိုရီးယားလျှို့ဝှက်ခရီးစဉ်၌ ပါဝင်ခဲ့သူတဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များက မြန်မာစစ်တပ်အတွက် ဒုံးလက်နက်များ ၀ယ်ယူရန် အဓိက အကြံပြုခဲ့သူ များအနက် တဦးဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်အစိုးရနှင့် စာချုပ် ချုပ်ဆိုရာတွင် လက်နက်ရောင်းဝယ်ရေး ကိစ္စ ပါဝင်ခြင်း ရှိမရှိ Norinco ကုမ္ပဏီသို့ ယမန်နေ့က မေးမြန်းရာ တာဝန်ရှိသူ တဦးက ယင်းကိစ္စသည် အထူးလျှို့ဝှက်ချက်ဖြစ်၍ ပြောခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာစစ်အစိုးရသည် နျူကလီးယားနှင့် ဒုံးလက်နက်များ ကြိုးပမ်းတည်ဆောက်နေကြောင်း နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ယခုလဆန်းပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရသည် ကချင်ပြည်နယ်အတွင်း ရေဒါနှင့် ဒုံးကျည်စခန်းတခုကို မကြာမီက အပြီးသတ်တည်ဆောက်ခဲ့ကြောင်းလည်း DVB က ယမန်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

မြန်မာစစ်အစိုးရကမူ နျူကလီးယားနှင့် ဒုံးလက်နက်များ ရယူရန်ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) သို့ လွန်ခဲ့သည့်အပတ်က ပေးပို့ခဲ့သည့် စာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား အဓိက လက်နက်တင်ပို့ရောင်းချနေသည့် နိုင်ငံတခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ၄င်း၏ ရင်းနှီးမြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁. ၈ ဘီလီယံ ရှိသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ

ရှမ်းပြည် မြောက်ပိုင်း ကိုးကန့် ဒေသ ဘက်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့နည်းသွား သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အခြားဒေသ များနှင့် အရှေ့ပိုင်း၊ တောင်ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးချဲ့လာကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးထားသော ဘိန်းခင်းတချို့ကို စစ်အစိုးရ စစ်တပ်က ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - AP)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) ၌ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)က World Drug Report 2010 အစီရင်ခံစာနှင့် ပတ်သက်၍ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် UNODC အရှေ့အာရှနှင့် ပစိဖိတ် ဒေသ တာဝန်ခံ မစ္စတာ ဂယ်ရီ လူးဝစ်က ထည့်သွင်း ပြောကြား သွားခြင်း ဖြစ်သည်။

ဂယ်ရီ လူးဝစ်က “အရင်က ကိုးကန့်ဒေသဟာ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်တဲ့ နေရာဖြစ်ခဲ့ပေမယ့် အခုတော့ တော်တော် လျော့ကျသွားပါပြီ။ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေက အကြီးအကျယ် ထုတ်လုပ် လာနေတာကို တွေ့ရတယ်။ ၂၀၀၉ ခုနှစ် တနှစ်တည်းမှာတင် ရှမ်းပြည်နယ်မှာ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၂၃ သန်း ဖမ်းဆီးရမိတာကို ထောက်ရင် သိနိုင်ပါတယ်”ဟု သတင်းထောက်များသို့ ပြောသည်။

စစ်အစိုးရက ဘိန်းခင်း ဖျက်ဆီးမှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း မူးယစ်ဆေးဝါး ထွက်ရှိမှု လျော့ကျသည်ဟု မဆိုနိုင်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းတွင် တောင်ကြီးဝန်းကျင်၊ အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့် မြောက်ပိုင်းတွင် လားရှိုးတို့၌ အကြီးအကျယ် ထုပ်လုပ်လျက်ရှိကြောင်း မြေပုံကားချပ်များဖြင့် ရှင်းလင်းပြသွားသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၀၅ ခုနှစ်က ဘိန်းစိုက်ခင်း ဧရိယာ ၁၈,၈၁၀ ဟက်ကာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ဧရိယာ ၄၀,၀၀၀ ဟက်ကာအထိ တိုးချဲ့ စိုက်ပျိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်ရာ၌ အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်ဟု သိရသည်။

၂၀၀၉ ခုနှစ်တွင် အာဖဂန်နစ္စတန်က မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး မက်ထရစ်တန်ချိန် ၆၉၀၀ (စုစုပေါင်း ထုတ်လုပ်မှု၏ ၈၉ ရာခိုင်နှုန်း) ရှိသည်။ မြန်မာက ဒုတိယ အများဆုံးအဖြစ် မက်ထရစ်တန်ချိန် ၃၃၀ ထုတ်လုပ်ခဲ့ပြီး တတိယ အများဆုံး မက္ကဆီကိုနှင့် ကိုလံဘီယာက မက်ထရစ်တန် ၃၂၅ တန် ထုတ်လုပ်ခဲ့သည်။

အာဖဂန်နစ္စတန်မှ ထုတ်လုပ်သော မူးယစ်ဆေးဝါးများကို အီရန် ရုရှားနှင့် အနောက်ဥရောပ နိုင်ငံများသို့ အဓိက တင်သွင်း သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးမှုများရှိသော်လည်း အမှန်တကယ် ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော မက်သာအဖက်တမင်း ဆေးပြားများသည်လည်း နယ်စပ်ဒေသများမှ တဆင့် မူးယစ်ဆေးဝါး ဖောက်သည်များရှိရာ ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိသွားသည်။

ဂယ်ရီ လူးဝစ်က ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပပျောက်ရန် ကူညီ ဆောင်ရွက်လိုသော်လည်း မလွယ်ကူကြောင်း ပြောသည်။

“စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ၊ ပွင့်လင်းမှုမရှိတဲ့ အစိုးရတွေအောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ အလုပ်လုပ်ရတာ ခက်ခဲလွန်းပါတယ်။ သူတို့ အကျိုးစီးပွားအတွက်ကိုသာ ကြည့်တတ်တဲ့သူတွေမို့လို့ ကျနော်တို့က ဘယ်လိုပင် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား ပေ မယ့်လည်း သူတို့က လိုလိုလားလားမလုပ်တော့ အကောင်အထည် ဖော်ရတာ ခက်ခဲပါတယ်”ဟု ဂယ်ရီ လူးဝစ်က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းတွင် ထုတ်ပြန်သော ပလောင် အမျိုးသမီး အစည်းအရုံးက “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ အစီရင်ခံစာတွင်လည်း ရှမ်းပြည်နယ်၌ ဘိန်းစိုက်ပျိုးရာ နေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ၅ ဆခန့် တိုးများလာကြောင်း ဖော်ပြထားသည်။

ဦးပိုင်က ဟိုတယ် လုပ်ငန်းသုံးကားများ ဈေးနှုန်း မသတ်မှတ်ဘဲ ကြိုရောင်း

စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်က မြန်မာနိုင်ငံ တ၀န်းရှိ ဟိုတယ် လုပ်ငန်းရှင်များကို ဈေးနှုန်း သတ်မှတ်ခြင်း မရှိသော ဟိုတယ် လုပ်ငန်းသုံး မော်တော်ယဉ်များကို ကြိုတင်ရောင်းချ ခဲ့ကြောင်း ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

15 SEATER မော်တော်ယာဉ်

မြန်မာနိုင်ငံရှိ ဟိုတယ်ဇုန် ၁၀ ဇုန်မှ ဟိုတယ် စုစုပေါင်း ၆၀၀ ခန့်အတွက်၂၀၁၀ မိုဒယ် TOYOTA, PREVIA အမျိုးအစား ဘယ် မောင်း ဒီဇယ် 7 SEATER နှင့် 15 SEATER မော်တော်ယာဉ် အစီး ၂၀၀ ကို မဲခွဲ ရောင်းချ ခဲ့ကြောင်း ဇွန် ၂၄ ရက်က ရန်ကုန်မြို့ အေးရှား ပလာဇာ ဟိုတယ်တွင် ကျင်းပခဲ့သော လုပ်ငန်းသုံး မော်တော်ယာဉ် ၀ယ်ယူခွင့် အစည်းအဝေးကို တက်ရောက် ခဲ့သည့် ရန်ကုန်မြို့မှ ဟိုတယ် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

မော်တော်ယဉ်များမှာ နောက်ဆုံးပေါ်အမျိုးအစားများ ဖြစ်ပြီး ပြင်ပပေါက်ဈေးအောက် လျော့နိုင်သည်ဟူသော မှန်းဆချက်ဖြင့် ဟိုတယ် လုပ်ငန်းရှင်များက စိတ်ဝင်စားကြသော်လည်း မသေချာသော ဈေးနှုန်းကြောင့် ရန်ကုန် ဟိုတယ်ဇုန်မှ လုပ်ငန်းရှင် ထက် ၀က်နီးပါးမှာ မဲဆွဲခြင်းမရှိကြောင်း ၎င်းကပြောသည်။

“ရန်ကုန်ဟိုတယ်ဇုန်မှာ ဟိုတယ် ၁၅၀ လောက်ရှိတယ်။ အဲဒီနေ့က မဲဆွဲတဲ့သူက ၈၀ ကျော်ပဲရှိတယ်။ ရတဲ့အစီးရေက ၃၆ စီးလေ။ ဘာပဲဖြစ်ဖြစ် အပြင်ထက်စာရင်သိန်း ၁၀၀ လောက်သက်သာလည်း မနည်းဘူးဆိုပြီးမဲဆွဲကြတာပါ”ဟု အစည်းအဝေးတက်ရောက် ခဲ့သော လုပ်ငန်းရှင်တဦးက ပြောပြသည်။

7 SEATER ၀ယ်ယူခွင့်မဲပေါက်သော လုပ်ငန်းရှင်သည် ကြိုတင်ငွေ ကျပ် သိန်း ၅၀ နှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် အသင်း(ဗဟို) ကို ရန်ပုံငွေ ကျပ် သိန်း ၃၀၊ 15 SEATER ၀ယ်ယူခွင့် မဲပေါက်သော လုပ်ငန်းရှင်သည် ကြိုတင်ငွေ ကျပ် သိန်း ၅၀ နှင့် အသင်း ရန်ပုံငွေ ကျပ်သိ န်း ၂၀ တို့ကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယဉ် ပေါက်ဈေး တန်ဖိုးနှင့် ဦးပိုင်ဝန်ဆောင်ခကို မော်တော်ယဉ်ရရှိချိန်တွင် ပေးသွင်းရမည်ဖြစ်သည်။ ၎င်းတို့အတွက် စိတ်ပူနေရသည်မှာ ဦးပိုင်ကိုပေးသွင်းရမည့် ၀န်ဆောင်ခအမည်ခံ ပါမစ်ကြေးဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ကားကတော့ သုံးလနေရင် ၀င်မယ်ပြောတာပဲ။ ဈေး(၀န်ဆောင်ခ)ကတော့ ဘာမဆိုဖြစ်နိုင်တယ်။ လောလောဆယ်တော့ ကျပ် သိန်း ၇၀၊ ၈၀ တော့ သူတို့ကိုပေးထားလိုက်ဦးပေါ့။ အသင်းလူတွေကလည်း ဈေးကို Unknown မသိရဘူး တဲ့။ နည်းနည်းပါးပါး တော့ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ ဒီကိစ္စနည်းနည်းတော့ စွန့်စားရတာ များတယ်ဗျ”ဟု ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်မှ ဟိုတယ် လုပ်ငန်းရှင်တဦးက ရှုင်းပြသည်။

ဦးပိုင်မှ တာဝန်ရှိသူတချို့ မော်တော်ယဉ်များကို ဈေးနှုန်းသတ်မှတ်ရန်အတွက် ရန်ကုန်မြို့ရှိ ကားပွဲစားတမ်းတွင် ဈေးနှုန်းများ စုံစမ်း နေပြီဖြစ်ကြောင်း ကားပွဲစားတဦးက ပြောသည်။

ရန်ကုန် ဟိုတယ်ဇုန်ရှိ လုပ်ငန်းရှင်များကို မဲဆွဲဝယ်ယူခွင့်ပေးလိုက်သော ကားအစီးရေမှာ ၃၆ စီးဟု ဧရာဝတီကစုံစမ်း သိရှိရ သော် လည်း ယမန်နေ့က ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) ၏ သတင်းစာရှင်းလင်းပွဲတွင်မူ ရန်ကုန်ဇုန်အတွက် မော်တော်ယာဉ်မှာ ၅၁ စီးဟု အသင်း ဒု ဥက္ကဌ ဦးသိန်းရွှေက ပြောဆိုခဲ့ကြောင်း သတင်းထောက်တဦးက ပြောသည်။

မြန်မာနိုင်ငံတ၀န်းရှိ ဟိုတယ်ဇုန်များတွင် မန္တလေးဟိုတယ်ဇုန်က အစီးရေ ၄၀ ခန့် ခွဲတမ်းရရှိပြီး ချောင်းသာ ဟိုတယ်ဇုန်က ၆ စီး ရရှိကြောင်း၊ သက်ဆိုင်ရာဇုန် အလိုက် ဟိုတယ်အရေအတွက်၏ ၃ ပုံ ၁ ပုံကိုချထားပေးခြင်းဖြစ်ကြောင်း ဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ဟိုတယ်များတွင် လုပ်ငန်းသုံးအတွက် နိုင်ငံခြား ဧည့်သည်များကို ၀န်ဆောင်မှုပေးရန် အဆင့်အတန်းရှိသော မော်တော်ယဉ်များစွာကို လွတ်လပ်စွာ တင်သွင်းခွင့် ပေးသင့်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ အခွန်အခ ကြီးမြင့်မှု၊ လာဘ်စားမှု၊ တင်းကျပ်သည့်စနစ် ထားရှိမှုများကြောင့် ကားဈေးနှုန်းမှာ နိုင်ငံ တကာ ပေါက်ဈေးထက် အဆပေါင်းများစွာမြင့်မားလျက်ရှိပြီး စစ်အစိုးရနှင့်နီးစပ်သော မော်တော်ယဉ်တင်သွင့်ခွင့်ရရှိသူတချို့ ပိုင် ဆိုင်သောယာဉ်မှ လွဲ၍ ပြည်တွင်းသုံးမော်တော်ယဉ်အများစုမှာ မော်ဒယ်နိမ့် ယဉ်များသာဖြစ်သည်ဟု မော်တော်ယာဉ် သုံးစွဲသူ များက ပြောသည်။

နိုင်ငံရေး အကျဉ်းသား တချို့ကို ရွေးကောက်ပွဲ သဘောထား မေးမြန်း

မြန်မာနိုင်ငံ ရဲအထူး သတင်းတပ်ဖွဲ့မှ နိုင်ငံရေး အကျဉ်းသား တချို့၏ ရွေးကောက်ပွဲ အပေါ် သဘောထား အမြင်များနှင့် ပြန်လည် လွတ်မြောက်ပါက နိုင်ငံရေး ဆက်လက် လုပ်ကိုင်မည်လားဟု မေးမြန်းမှုများ ယခုလအတွင်း ပြုလုပ်နေသည်ဟု သိရသည်။

“အပြင်ရောက်ရင် နိုင်ငံရေး ဆက်လုပ်မှာလားလို့ မေးတယ်တဲ့၊ ကျနော်တို့ အခုလိုမေးတယ်ဆိုတာကလည်း လွှတ်ဖို့ အရေး လေးတွေလည်း ပါလာလို့ပါလို့ ကိုရွှေမောင်းကို လာပြောတယ်တဲ့၊ နိုင်ငံရေး ဆက်လုပ်မှာလားဆိုတာက မပြီးဆုံး သေးတဲ့ နိုင်ငံရေး ဆိုရင်တော့ ကျနော်တို့မှာ တာဝန်ရှိနေသေးတယ်ဆိုရင် လုပ်သင့်ရင်တော့ လုပ်ရမှာပေါ့လို့ သူက ပြောလိုက်တယ်တဲ့”ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင် ကိုရွှေမောင်း ၏ ဇနီး မသန်းသန်းဝင်း က ပြောသည်။

ထို့အတူ ရွေးကောက်ပွဲအပေါ် သဘောထားများကိုလည်း မေးမြန်းသွားကြောင်း အင်္ဂါနေ့က ထောင်ဝင်စာ သွားတွေ့သည့် ၎င်းက ဆိုသည်။

ကိုရွှေမောင်းသည် ၂၀၀၂ ခုနှစ်အတွင်းက ရွှေခမောက် တလုံးပြုလုပ်၍ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ပို့ဆောင်ရန် စီစဉ်ခဲ့သောကြောင့် ခိုးရာပါ ပစ္စည်းလက်ခံမှုဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရဖူးသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ထပ်မံ ဖမ်းဆီးခံရပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူ သွေးထိုးလှုံ့ဆော်မှု စသည်တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသည်။ ထို့နောက် အယူခံဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၆ နှစ် ထိ လျော့ကျခဲ့ပြီး လက်ရှိတွင် ဧရာဝတီတိုင်း ဖျာပုံထောင်၌ အကျဉ်းကျခံနေရသည်။

ဖမ်းဆီးခံရစဉ် နှိပ်စက်ညှဉ်းပန်းမှုဒဏ်များ၊ ထောင်တွင်း အစားအသောက် ချို့တဲ့မှုများကြောင့် ကိုရွှေမောင်းသည် ရင် ဘတ်နှင့် နောက်ကျောအောင့်ဝေဒနာများ ခံစားနေရကြောင်းနှင့် ဆေးကုသခွင့်ရရန် လိုအပ်နေကြောင်းလည်း ဇနီးဖြစ်သူ က ပြောပြသည်။

ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် ထောင်ဒဏ် ၉ နှစ် ကျခံနေရသော အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး ကိုလည်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားများကို မေးမြန်းကြောင်း ထောင်ဝင်စာတွေ့ခဲ့သည့် မိသားစုဝင် များက ဆိုသည်။ ကိုဇော်သက်ထွေးသည် နာဂစ်မုန်တိုင်းဒဏ်သင့်သူများကို ကူညီခဲ့သောကြောင့် ဖမ်းဆီးအရေးယူခံခဲ့ ရ ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကို ဘယ်လိုမြင်လည်းဆိုတာတွေ၊ အပြင်ထွက်ရင် ဘာတွေဆက်လုပ်မှာလဲဆိုတာတွေ မေးတယ် ပြော တယ်။ ရဲက မေးတာတဲ့။ တခြားသူတွေကို မေးလားမမေးလားတော့ သူမပြောဘူး”ဟု ကိုဇော်သက်ထွေး၏ မိသားစုဝင် တဦး က ပြောသည်။

တောင်ကြီးထောင်တွင် ကိုဇော်သက်ထွေးအပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အရှင်ဂမ္ဘီရ၏ အစ် ကိုဖြစ်သူ ကိုအောင်ကျော်ကျော်၊ ၂၀၀၇ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို စသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးထောင်တွင် ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသော အရှင်ဂမ္ဘီရကို အလားတူ မေးခွန်းများ လာရောက်မေးမြန်း ခဲ့သေးသည်။

အရှင်ဂမ္ဘီရသည် ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှုတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၀၇ နိုဝင်ဘာလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။ အမှုပေါင်း ၁၇ မှုနှင့် ထောင်ဒဏ် ၆၈ နှစ် ကျခံခဲ့ရသည်။

၂၀၀၈ ဇွန်လအတွင်းက အယူခံဝင်ခဲ့ရာ ထောင်ဒဏ် ၅ နှစ် လျှော့ချပေးခဲ့၍ ထောင်ဒဏ် ၆၃ နှစ်ဖြင့် ကလေးထောင်တွင် အကျဉ်းကျခံနေရခြင်းဖြစ်သည်။

ကလေးအကျဉ်းထောင်တွင် အရှင် ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးစိုင်းညွန့်လွင်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုအောင်နိုင်၊ တောင်ကုတ် NLD စည်းရုံးရေးမှူး ကိုမင်းအောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါး အကျဉ်းကျခံ နေရကြောင်း သိရသည်။