Pages

Subscribe

Wednesday 5 May 2010


more


more


more


more


more


more


more

“တပ်မတော်အစိုးရ”ဟု ရေးသား ဖော်ပြခွင့်မပြု

E-mail Print
မီဒီယာများတွင် လက်ရှိ အစိုးရကို "တပ်မတော် အစိုးရ" ဟု ခေါ်ဝေါ် သုံးစွဲခြင်း မပြုကြရန် ကာကွယ်ရေးဦးချုပ် (ကြည်း) ၏ ညွှန်ကြားချက် မကြာသေးမီက ထွက်ပေါ်လာကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ကာကွယ်ဝန်ကြီးဌာန၏ မီဒီယာများ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား ဌာနများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော်မှ အဆင့်မြင့် အရာရှိ တဦးက ဆိုသည်။

Myanmar's-Prime-Minister-Thein-Sein
“၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့ကို အဓိက ထားပြီး ဒီအမိန့် ထုတ်ပေးတာ။ စစ်ဘက်က လူတွေ တော်တော် များများ ပါတီဖွဲ့ပြီး အရွေးခံဖို့ စစ်ရာထူးတွေကနေ အနားယူထားပြီး စစ်အစိုးရလို့ ဆက်သုံးနေရင် မကိုက်ညီတော့ဘူးလေ။ ပြည်ထောင်စု မြန်မာ နိုင်ငံတော် အစိုးရလို့ပဲ သုံးရမယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ထို အရာရှိက ပြောသည်။

မကြာသေးမီက ဦးသိန်းစိန် အပါအ၀င် ၀န်ကြီး အများအပြား မြန်မာ့တပ်မတော်၏ စစ်ဘက်တာဝန်များမှ အနားယူအပြီးတွင် ထိုညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

ပြန်ကြားရေးဌာနမှ အရာရှိကြီးတဦးကလည်း “သတင်းတွေ၊ ဆောင်းပါးတွေမှာ ဒီစကားလုံး မသုံးဖို့ ညွှန်ကြားချက် ရထားတယ်” ဟု ပြောသည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာစစ်အစိုးရ၏ မီဒီယာများတွင် တပ်မတော်အစိုးရ ဟူသော စကားရပ်ကို မကြာခဏ သုံးစွဲခဲ့သည်။

ဧပြီ ၂၆ ရက်နေ့ နောက်ပိုင်း အစိုးရအဖွဲ့တွင် တပ်မတော်သားများ ပါဝင်ခြင်း မရှိတော့သဖြင့် စစ်အစိုးရသည် အရပ်သား အစိုးရအသွင် ဖြစ်သွားသည်ဟု အငြိမ်းစား စစ်အရာရှိကြီးတဦးက ထောက်ပြသည်။

“ဒီစကားလုံးကို သုံးရင် သူတို့ ထုတ်ပြန်ချက်တွေနဲ့ မညီတော့ မသုံးခိုင်းတော့တာ ဖြစ်နိုင်တယ် ” ဟု သူက ဆိုသည်။

လက်ရှိ အစိုးရကို ၀န်ကြီးဌာန ၃၈ ခု ဖြင့် ဖွဲ့စည်းထားသည်။ အစိုးရအဖွဲ့တွင် ၀န်ကြီး ၃၉ ဦး၊ ဒုတိယ ၀န်ကြီး ၃၉ ဦး ပါဝင်ကြောင်း သိရသည်။

စစ်ဘက် မှ အနားယူခဲ့သည့် ၀န်ကြီးနှင့် ဒုတိယ၀န်ကြီး စုစုပေါင်း ၄၀ ကျော် ရှိကြောင်း သိရသည်။ ထိုပုဂ္ဂိုလ် အများစုသည် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု အကဲခတ်များက ယူဆနေကြသည်။

စစ်ဘက် တာဝန်မှ အနားယူလိုက်သူများစာရင်း

ဝန်ကြီးများ

ဗိုလ်ချုပ်ဌေးဦး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း - စက်မှု (၂)
ဗိုလ်ချုပ် သိန်းဆွေ - ပို့ဆောင်ရေး

ဗိုလ်မှူးချုပ် လွန်းသီ - စွမ်းအင်
ဗိုလ်ချုပ် အောင်မင်း - ရထားပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်နိုင်သိန်း - စီးပွား/ကူးသန်း

ဗိုလ်ချုပ် စိုးနိုင် - ဟိုတယ်/ခရီး
ဗိုလ်ချုပ် လှထွန်း - ဘဏ္ဍာ/အခွန်
ဗိုလ်မှူးချုပ် သိန်းဇော် - ဆက်သွယ်ရေး

ဗိုလ်မှူးချုပ် သူရမြင့်မောင် - သာသနာရေး
ဗိုလ်ချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှု
ဗိုလ်ချုပ် တင်ထွတ် - သမ၀ါယမ

ဗိုလ်မှူးကြီး သိန်းညွန့် - နယ်စပ်စည်ပင်
ဗိုလ်မှူးကြီး ဇော်မင်း - လျှပ်စစ် (၁)
ဗိုလ်ချုပ် ခင်မောင်မြင့်- ဆောက်လုပ်ရေး၊ လျှပ်စစ် (၂)

ဗိုလ်မှူးချုပ် သူရအေးမြင့် - အားကစား
ဗိုလ်မှူးချုပ် ကျော်ဆန်း - ပြန်ကြားရေး
ဗိုလ်မှူးချုပ် သိန်းအောင် - သစ်တော

ဗိုလ်ချုပ် မောင်ဦး - ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးချုပ် အုန်းမြင့် - သတ္တုတွင်း
ဗိုလ်ချုပ် မောင်မောင်ဆွေ - လူမှုဝန်ထမ်း

ဗိုလ်မှူးချုပ် မောင်မောင်သိန်း - မွေး/ရေ
ဗိုလ်ချုပ် လွန်းမောင် - စာရင်းစစ်ချုပ်
ဗိုလ်မှူးချုပ် အောင်သိန်းလင်း - ရန်ကုန်မြို့တော်ဝန်

ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် - မန္တလေး မြို့တော်ဝန်

ဒု-၀န်ကြီးများ

ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော် - စက်မှု(၂)
ဗိုလ်ချုပ် ကျော်စွာခိုင် - စက်မှု (၂)
ဗိုလ်မှူးကြီး သူရိန်ဇော် - အမျိုးသားစီမံကိန်း

ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင် - ပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်ထွန်းအောင် - အလုပ်သမား
ဗိုလ်မှူးချုပ် အောင်မျိုးမင်း - ပညာရေး

ဗိုလ်မှူးချုပ် သန်းဌေး - စွမ်းအင်
ဗိုလ်မှူးချုပ် အောင်ထွန်း - စီးပွား/ကူးသန်း
ဗိုလ်မှူးချုပ် အေးမြင့်ကြူ - ဟိုတယ်/ခရီး

ဗိုလ်မှူကြီး လှသိန်းဆွေ - ဘဏ္ဍာ/အခွန်
ဗိုလ်ချုပ် သိန်းထွန်း - ဆက်သွယ်ရေး
ဗိုလ်မှူးချုပ် သူရအောင်ကို - သာသနာရေး

ဗိုလ်မှူးချုပ် မြင့်သိန်း - ဆောက်လုပ်ရေး
ဗိုလ်မှူးချုပ် ၀င်းစိန် - လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးကြီး တင်ငွေ - နယ်စပ်စည်ပင်

ဗိုလ်မှူးချုပ် ၀င်းမြင့် - လျှပ်စစ် (၂ )
ဗိုလ်မှူးချုပ် ဘုန်းဆွေ - ပြည်ထဲရေး
ဗိုလ်မှူးချုပ် ကျော်မြင့် - လူမှုဝန်ထမ်း

ဗိုလ်မှူးကြီး မောင်ပါ - ရန်ကုန် ဒုတိယ မြို့တော်ဝန်

ကြံ့ဖွံ့ကို ဝေဖန်မှုများ ပိတ်ပင်ခံရ

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)က နိုင်ငံရေး ပါတီ အဖြစ် အသွင်ပြောင်းခြင်းသည် ဥပဒေနှင့် မညီကြောင်း ဝေဖန် ရေးသားမှုများကို မြန်မာနိုင်ငံရှိ သတင်း မီဒီယာများတွင် ဖော်ပြခွင့်မရကြောင်း သိရသည်။

“ကြံ့ဖွံ့က ပါတီ ဖွဲ့တာက ဥပဒေအရ လုံးဝ တရား မ၀င်ဘူး ဆိုတဲ့ အရေးအသားတွေကို စာပေ စိစစ်ရေးက လုံးဝ ပိတ်ပင်ထားတယ်” ဟု ရန်ကုန်မြို့မှ သတင်း အယ်ဒီတာ တဦးက ဆိုသည်။

usda_members

ကြံ့ဖွံ့ဖွင့်ထားသော အင်္ဂလိပ်စာ သင်တန်းတခုတွင် အသင်းဝင်များ သင်ယူ နေကြစဉ် (ဓာတ်ပုံ - ခေတ်လူငယ်)

ပါတီတခုနှင့် ပတ်သက်ပြီး ဝေဖန် ဖော်ပြခွင့် မရှိခြင်းသည် ရွေးကောက်ပွဲ ကာလတွင် သတင်းနှင့် စာပေ လွတ်လပ်ခွင့် မရနိုင်သည့် အချက်ကို ပြသနေကြောင်း ပြည်တွင်း မီဒီယာသမား အများစုက ဆိုကြသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုကြောင်း ယမန်နေ့က မြန်မာ့ ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားသည်။ ကော်မရှင်သို့ လျှောက်ထားပြီး ၅ ရက်အကြာတွင် ပါတီ တည်ထောင်ခွင့် ပြုကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံပိုင် ငွေ၊ အဆောက်အအုံများဖြင့် အစိုးရက ဦးစီး တည်ထောင်ခဲ့သော ကြံ့ဖွံ့အသင်းကို ပါတီအဖြစ် ပြောင်းလဲ အသုံးပြုခြင်းမှာ လက်ခံနိုင်ဖွယ်မရှိဟု ရန်ကုန်နိုင်ငံရေးသမားများက ဆိုသည်။

“နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း တို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့ အစည်း ဖြစ်ကြောင်း တွေ့ရှိလျှင် ပါတီကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်လို့ ဖော်ပြထားတယ်” ဟု နိုင်ငံရေးသမားတဦးက နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃ကို ကိုးကားပြီး ရှင်းပြသည်။

၁၉၉၃ တွင် ဗိုလ်ချုပ်ကြီးတို့ ဖွဲ့စည်းခဲ့သည့် ကြံ့ဖွံ့အသင်းသည် အဖွဲ့ဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ အသင်းဝင် အရေအတွက်သည် မြန်မာပြည် လူဦးရေ၏ ထက်ဝက် နီးပါး ဖြစ်နေခြင်းမှာ ကျောင်းသား၊ နိုင်ငံ့ဝန်ထမ်း၊ အရပ်သားများကို အတင်း အကျပ် စုဆောင်းထားခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

အသွင်ပြောင်း ဖွဲ့စည်းသည့် ကြံ့ဖွံ့ ပါတီသည် ငွေကြေး အင်အား ပြည့်စုံဖွယ်ရှိပြီး အစိုးရက ကျောထောက်နောက်ခံ ပြုထားမည် ဟု ယူဆရသောကြောင့် တခြားပါတီများ အခက်တွေ့ကြမည်ဟု ပြည်တွင်း နိုင်ငံရေးသမားများက ဆို သည်။

“ပြည်သူတွေ မဲပေးသည် ဖြစ်စေ၊ မဲ မပေးသည် ဖြစ်စေ ကြံ့ခိုင်ရေး ပါတီက အနိုင် ရအောင် လုပ်မှာ ဖြစ်တဲ့အတွက် ပါတီသစ်တွေ အနေနဲ့ ဒီပါတီကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး” ဟု နိုင်ငံရေး ပါတီသစ် တခုမှ ခေါင်းဆောင်တဦးက ရှင်းပြသည်။

နိုင်ငံရေးပါတီ အဖြစ် အသွင် မပြောင်းမီ ကြံ့ဖွံ့ အသင်းသည် နိုင်ငံတ၀န်းလုံးတွင် လမ်းခင်းခြင်း၊ အခမဲ့ ဆေးရုံ ဆေးခန်းများ တည်ဆောက်ခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများကို ပြည်သူ့ ဘဏ္ဍာ သုံးပြီး ဆောင်ရွက်ခဲ့သည်။ ထိုလုပ်ရပ်များမှာ ရွေးကောက်ပွဲအတွက် ကြိုတင် မဲဆွယ်မှုများ ဖြစ်သည်ဟု အကဲခတ်များက ဝေဖန်နေကြသည်။

ထိုဝေဖန်ချက်များကို ကြံ့ဖွံ့အသင်းက တုံ့ပြန်ခြင်း မရှိပေ။ ပါတီဖွဲ့စည်းခြင်းကိုလည်း တရားဝင် ကြေညာခြင်း မရှိပေ။

တရုတ်ပိုင် သတ္တုတွင်း မြေပြို ၁၃ ဦးသေ

တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါဒေသရှိ သတ္တုတွင်း တတွင်း၌ ပြီးခဲ့သည့် တနင်္လာနေ့ညနေက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုး အလုပ်သမား ၁၃ ဦး သေဆုံးပြီး၂ ဦးပျောက်ဆုံးနေကြောင်း ယနေ့ထုတ် People Daily သတင်းတွင် ရေးသား ထား သည်။

ရွေးကောက်ပွဲကာလ သတင်းလွတ်လပ်ခွင့် မရှိနိုင်ဟု RSF ထုတ်ပြန်

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဆိုးရွားစွာ ဖိနှိပ်သူများ ထဲတွင် စစ်အစိုးရ ခေါင်းဆောင်သည် အပါအဝင် ဖြစ်နေဆဲဟု သတင်း

နရဲစွမ် ရုပ်ရှင် ဘတ်ဂျက်ခွဲဝေမှု အငြင်းပွား

ဘုရင့်နောင်က ခေါ်ယူမွေးစား ဖူးသည့် ထိုင်းဘုရင် နရဲစွမ် (မြန်မာ အခေါ် ဗြနရာဇ်) အကြောင်း ရုပ်ရှင်အတွက် ဘတ်ဂျက် ချပေးမှုနှင့် ပတ်သက်၍ ထိုင်းရုပ်ရှင် ထုတ်လုပ်သူများနှင့် ထိုင်းအစိုးရတို့

နာဂစ် မြို့သစ် စီမံကိန်းအတွက် အဓမ္မ ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် နာဂစ် ဒဏ်သင့် လပွတ္တာမြို့ သုံးမိုင်မြို့သစ် စီမံကိန်း တိုးချဲ့ရန် အနီးရှိ ကျောက်ချောင်း ကျေးရွာကို အာဏာပိုင်များက ပြောင်းရွှေ့ခိုင်း နေသည့်အတွက်

ကျောက်တံခါး၌ ဗုံး ၃ လုံးကွဲ၊ တဦး ဒဏ်ရာရ

ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ စက်မှုလယ်ယာ ထွန်စက် စခန်းတွင် ပြီးခဲ့သည့် သောကြာနေ့ညနှင့် စနေနေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မြို့နယ် ရဲအထူး သတင်းတပ်ဖွဲ့ (SB)

ကြံ့ဖွံ့ပါတီသာ အနိုင်ရမည်ဟု အများက ယူဆ

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရလိမ့် မည်ဟု ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဧရာဝတီက ပြုလုပ်သည့် စစ်တမ်းငယ်

NLD မဖျက်သိမ်းဖို့ တားဝရမ်း လျှောက်လွှာ ပယ်ချခံရ

စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေအရ သူတို့သတ်မှတ်ထားတဲ့ ပါတီများ မှတ်ပုံတင်တဲ့ သတ်မှတ်ရက် ကျော်လွန်ရင် NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘော ဖြစ်နေတာမို့ ဒါကို တရားရုံးချုပ် အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက လျှောက်တင်ထားခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဘယ်လိုအကြောင်းပြချက်တွေနဲ့ ပယ်ချလိုက်တာလဲ ဆိုတာကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကနေ NLD ပါတီ မပျက်ြပယ်ဘူးဆိုတာ တားမြစ်ပေးပါဆိုပြီး တရားရုံးချုပ်မှာ လျှောက်လွှာ တင်ထားခဲ့တာနဲ့ နောက်တခါ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့အနေနဲ့ ဥပဒေအရ ရပ်တည်ပိုင်ခွင့်ကို ထိခိုက်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၁ (ခ) ဟာ အကျုံးမ၀င်ကြောင်း ကြေညာပေးဖို့ ပူးတွဲပြီး လျှောက်လွှာတင်ခဲ့ကြတာပါ။

အဲဒီလျှောက်လွှာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ညနေပိုင်းမှာ တရားရုံးချုပ်က အကြောင်းပြန်ခဲ့တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ဒီနှစ်မှုစလုံးနဲ့ ပတ်သက်ပြီးတော့ ၃ နာရီခွဲ၊ ၄ နာရီလောက်က ကျနော်တို့ကို တရားရုံးချုပ် ဒါရိုက်တာတဦးက ခေါ်တွေ့ပါတယ်။ ခေါ်တွေ့ပြီး ဒီလျှောက်လွှာတွေကို လက်မခံနိုင်ဘူး ဆိုပြီးတော့ မှတ်ချက်ရေးပြီး ပြန်ပေးပါတယ်။ မှတ်ချက်ရေးတာကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူး၊ General ပေါ့၊ အထွေထွေသဘော ပြောတယ်။ အဲတော့ ကျနော်တို့က မေးတယ်၊ ဘယ်ဟာတွေလဲ ဆိုတော့ သူက ဥပဒေတွေမှာ ဒီဟာတွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ နောက်တခု ရွေးကောက်ပွဲ ရလဒ်တွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ ဒါကြောင့် လက်မခံတာပါလို့ ကျနော်တို့ကို ဖြေပါတယ်။”

တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးကသာ လုပ်ပိုင်ခွင့် ရှိတာမို့ အခုလို တရားရုံးချုပ် ဒါရိုက်တာတယောက် အနေနဲ့ အဆုံးအဖြတ် ပေးပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလျှောက်ထားချက် ၂ ခုစလုံးအတွက် ဥပဒေလမ်းကြောင်းအရ လုပ်စရာရှိတာကို ဆက်လုပ်မယ့်အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့က Complain တခုတော့ တင်ပါမယ်။ အခုနေတော့ မပြောနိုင်သေးဘူး။ ဒီလို လက်မခံ၊ ပယ်တာကိုက နည်းလမ်းမကျဘူး ဆိုတာတော့ ကျနော်တို့ အကြမ်းဖျင်း ပြောလို့ရတယ်။ အကျဉ်းချုပ်ပြောရင် အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးက ဆုံးဖြတ်ရတာ။ Staff က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ အခြေခံကတော့ အဲဒါပဲ။ တရားသူကြီးမှာသာ ဒီအာဏာရှိတယ်လို့ ကျနော်တို့က ဒီလိုပဲ မှတ်ယူတယ်။”

ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတာ၊ နောက် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ဥပဒေတွေကို တမင် ရေးသားထုတ်ပြန်ခဲ့တာ၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ကန့်သတ်ချုပ်ချယ် ထားတာနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြုပြင်ရမယ့် အချက်တွေကို ပြင်ဆင် ပြုပြင်ပေးဆိုတဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရဘက်က လိုက်လျောခြင်း မရှိတဲ့အတွက် ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ NLD ပါတီက မှတ်ပုံမတင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချထားခဲ့ပြီး ဖြစ်ပါတယ်။

ဒေါ်စုမွေးနေ့ ပညာသင် ထောက်ပံ့ကြေး ပေးအပ်

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ဖျက်သိမ်းခံရမယ့် အခြေအနေမှာ ကြုံနေရတဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒီနေ့ နောက်ဆုံးအဖြစ် ပါတီရုံးချုပ်မှာ အခမ်းအနားတခု စုဝေး ကျင်းပခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ ၁၉ ရက်နေ့ ကျရောက်မယ့် မွေးနေ့ပွဲကို ကြိုတင် ကျင်းပရင်း စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။ အခမ်းအနား အတွင်းမှာတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှုတွေလည်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကိုတော့ NLD ပါတီဝင်တွေ သာမက အမေရိကန်သံရုံး အပါအ၀င် ရန်ကုန်အခြေစိုက် သံတမန်တချို့လည်း တက်ရောက်ခဲ့ပါတယ်။

စစ်အစိုးရက ဒီနှစ် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ နိုင်ငံရေး ပါတီတွေကို မှတ်ပုံတင်ရမယ့် ရက်ကို မနက်ဖြန် နောက်ဆုံးထား သတ်မှတ်ထားတာ ဖြစ်ပါတယ်။ NLD ပါတီကတော့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူးဆိုပြီး မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်တာမျိုး မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန် ပြည်ထောင်စုက အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) ကတော့ အားလုံး ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ့် မြန်မာစစ်အစိုးရကို အရေးယူ ဒဏ်ခတ်မှုတွေ ဆက်လက် ချမှတ်သွားဖို့ အထက်လွှတ်တော်မှာ ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ၀ံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

P.J. Crowley, US Assistant  Secretary of State for Public Affairs (file)
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ။
စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်ဝတ်လဲတယ်၊ ရွေးကောက်ပွဲမှာ အရပ်သားတွေအဖြစ် ပါဝင်ဖို့ ပြင်ဆင်တယ် ဆိုတာမျိုးက ယျေဘုယျအားဖြင့်တော့ တိုးတက်မှုလို့ သုံးသပ်နိုင်ပါတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း ၀ံပုလွေက သိုးရေခြုံတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ တံခါးဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ သူက ဥပမာပေးပြီး အဓိက ပြောဆိုသွားတာပါ။

ဘယ်သူက ဘာဝတ်ထားတယ် ဆိုတာမျိုး၊ လူတွေရဲ့ ၀တ်စားဆင်ယင်မှုကို အခြေခံပြီး တိုးတက်မှုတခုလို့ သတ်မှတ်ချက်မျိုးထက် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ် ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေတာက ပွင့်လင်းတဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးဖို့ပါ။ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ အတွက်တင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ချင်တဲ့ လူအားလုံး အတွက်ပါ။ ဒီလို နိုင်ငံရေး အခွင့်အရေးတွေ ပေးနိုင်အောင် စစ်အစိုးရ ခေါင်းဆောင်တွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို သူတို့ လုပ်ဆောင်ဖို့ ၀န်လေးနေပါတယ်။”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်အောင် ကျင်းပဖို့ အမေရိကန် အစိုးရက တောင်းဆိုနေပေမဲ့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမယ့် လက်တွေ့ကျ ထိတွေ့ဆက်ဆံရေး မူကိုတော့ လောလောဆယ် ပြန်ပြီး သုံးသပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ စစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နိမ့်ကျနေတာကို တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဖွင့်ပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရပါလိမ့်မယ်။ အခု အရပ်သားအဖြစ် အသွင်ပြောင်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို နိုင်ငံရေး အခွင့်အရေးတွေ တံခါးဖွင့်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒါကို တိုးတက်မှုလို့ ပြောနိုင်ပါတယ်။”

ဒီအတောအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အာရှဒေသကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်နဲ့ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ပြောဆိုနေပါတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ် ခရီးစဉ်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ် ထပ်မံ သွားရောက်မယ်ဆိုရင် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမသွား အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ခရီးစဉ် အခု ရေးဆွဲနေဆဲဖြစ်ပြီး အတိအကျ သွားမယ့် နေရာတွေကိုတော့ နောက်မှ အသိပေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေရဲ့ အမေးကို ပီ.ဂျေ ခရော်လီက ပြောဆိုသွားပါတယ်။

မွန် ၁ဝ၃ ဦးကို ထိုင်းရဲက ပြန်လွှတ်ပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
တရက်ကြာဖမ်းဆီးပြီးနောက် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁ဝ၃ ဦးအား ထိုင်းလုံခြုံရေးများက ယမန်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ...

ကမ်းဘဲလ်နှင့် တွေ့ခွင့်ရရန် အတိုက်အခံများလိုလား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် Kurt Campbell နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် အတိုက်အခံများက ...

ပါတီငယ်များ ရွေးကောက်ပွဲ မဝင်သင့်ဟု CRPP ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် လွှတ်တော်ထဲတွင် စစ်တပ်ကသာ လွှမ်းမိုးထားအောင် လုပ်ဆောင်နေမှုကြောင့် ပါတီငယ်များအနေဖြင့် ရွေးကောက်ပွဲမဝင်သင့်ဟု CRPP ...

မြန်မာသင်္ဘောသား ၂၁ ဦး လွတ်မြောက်မည်ဟု မျှော်လင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ဆိုမာလီဓါးပြများ ပြန်ပေးဆွဲထားသော သင်္ဘောပေါ်ပါ မြန်မာ ၂၁ ဦး မကြာမီ လွတ်မြောက်လာဖွယ် ရှိသည်ဟု သင်္ဘောကုမ္ပဏီက ...

တောင်ပေါ်သား လူနည်းစုများကို ပေါ်တာ အဖြစ် နအဖ စစ်တပ်မှ ခိုင်းစေနေ

မောင်အေး (နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသားများကို ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများမှ အခကြေးငွေ တစုံတရာ မပေးဘဲ အထမ်းသမား ပေါ်တာများ အဖြစ် အသုံးပြု နေကြောင်း ဒိုင်းနက် အမျိုးသား တဦးက ပြောသည်။

“စစ်တပ်တွေက ရွာတွေကို အဖွဲ့လိုက် အထမ်းသမားတွေ အတင်း တောင်းပီး ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေ အနေနဲ့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇားဈေးက ရိက္ခာတွေကို ဒိုးတန်း တောင်ကို ဖြတ်ပြီး ၀ါးနက်ရုံစခန်းနဲ့ နဟုံးနဟန်း ရှေ့တန်း စခန်းတွေကို ပို့ပေးရပါတယ်။ ခရီးက အသွားအပြန်က ၂ ရက် ကြာပါတယ်။ တခါတခါ ပိုက်ဆံ တကျပ်မှ မရပါ။ တခါတခါ တလေကျတော့လည်း စစ်ဗိုလ်တွေက တယောက်ကို ၁၀၀ ကျပ် အဲသလိုမျိုးပေးတာ ရှိပါတယ်။ တနေ့လုပ်အားခ ကျပ် ၁၀၀၀ ရှိတဲ့ နေရာမှာ ကျပ် ၁၀၀ ရလို့ကတော့ ဘာမှ ထူးတာ မဟုတ်ပါဘူး။”
ဝါးနက်ရုံ စခန်းနှင့် နဟုံးနဟန်း ရှေ့တန်း စခန်းများ နအဖ စစ်တပ်၏ အမာခံ ခြေကုတ် ရှေ့တန်း စခန်းများ ဖြစ်ပြီး ဘူးသီတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေသော စခန်းများ ဖြစ်ကြသည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် အဓိက နေထိုင်သော ရခိုင်မျိုးနွယ်စုများမှာ ဒိုင်းနက်နှင့် မြို လူမျိုးများ ဖြစ်ကြပြီး သူတို့ကို စစ်တပ် အတွက် ရိက္ခာများ သယ်ယူရာတွင် အမြဲ ခိုင်းစေနေကြောင်း သူက ပြောသည်။

“အခုက မိုးရာသီ လာတော့မယ်ဆိုတော့ စစ်တပ်က ရိက္ခာတွေကို အလုံအရင်းနဲ့ ရှေ့တန်းစခန်း တွေကို တင်ပို့နေပါတယ်။ မိုးရာသီဆိုရင် စိုင်းတင် ချောင်းက ရေစီးသန်တဲ့ အတွက် အဲဒီ ချောင်းကို ဖြတ်ပီး ရှေ့တန်း စခန်းတွေကို ရိက္ခာတွေ တင်ပို့လို့ မရဘူး။ ဒါကြောင့် စစ်တပ်က ကျေးရွာတွေ အလိုက် လူတွေကို ဆင့်ခေါ်ပီး ရိက္ခာတွေကို အခု ရှေ့တန်း စခန်းတွေကို ပို့ပေးနေတာ ဖြစ်ပါတယ်။”

ယခု စစ်တပ်မှ ရိက္ခာသယ်ရန် ပေါ်တာ အထမ်းသမားများ ခေါ်ယူ ခံနေကြရသော ကျေးရွာများမှာ ပန်းကုံးမ၊ ချောင်းရှည်၊ ပေါက်ကျပ်ဝ၊ စအုန်းခါး၊ ဘိုလီဖြူ၊ ပဲသတူ၊ ဂုတ်ပ်ီနှင့် သရဂူကျေးရွာများ ဖြစ်ကြသည်ဟု သူက ပြောသည်။

“ယခု လက်ရှိ ၀ါးနက်ရုံစခန်းမှာ စခန်းထိုင်နေတာကတော့ ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်း ဖြစ်ပါတယ်။ များမကြာမီ ရက်ပိုင်းအတွင်း ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ တပ်ရင်းနဲ့ အလဲအလှယ် ပြုလုပ်မယ်လို့ သိရပါတယ်။ တပ်ရင်း အလဲအလှယ် လုပ်ရင်လည်း ကျွန်တော်တို့ ဒေသခံတွေကို ပိုက်ဆံ တပြားမှ မပေးဘဲ အထုတ်အပိုးတွေကို သယ်ခိုင်းပါတယ်။ လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း သယ်ခိုင်းပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲသို့ ကျေးရွာသားများကို စစ်တပ်မှ ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးပြုနေသဖြင့် ဒိုင်းနက်နှင့် မြိုလူမျိုး အများစုမှာ မိုးရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း တောင်ယာ လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

နအဖတပ် အင်အားဖြန့်သော်လည်း ဒီကေဘီအေ အင်အားစုစည်း

မေလ ၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

+

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒီကေဘီအေ တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်းများသည် တပ်အင်အား စုစည်းမှုများ လုပ်ဆောင်သလို နအဖ စကခ(၈)လက်အောက်ခံ တပ်ရင်းများကလည်း တပ်အင်အား ဖြန့်ကျက်ထားလျှက်ရှိ သည်ဟု စုံစမ်းသိရှိရသည်။

“ကျနော်တို့ကို သတိဝီရိယ အမြဲတမ်းရှိဖို့ အထက်က ညွှန်ကြားထားပါတယ်။ လူကြီး(ဗိုလ်လားပွယ်)ကတော့ သူ့လူတွေကို ပြန် စုစည်းမှုတွေလုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖဘက်က တပ်ဖြန့် ထားတယ်လေ။ နအဖဘက်က ပစ်ခတ်မှုတွေ လုပ်လာရင်တော့ ကျနော်တို့ အသင့်အနေအထားမှာ ရှိဖို့လိုတယ်”ဟု ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတဦးက ပြော သည်။


ဗိုလ်မှူးချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်တွင် ကလိုထူး ဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်း ရှိသည်။

ထိုဒေသတွင် လှုပ်ရှားသည့် ကေအဲန်အယ်လ်အေ တပ်မှူးတဦးက “ဒီကေဘီအေတပ်ဖွဲ့ဝင်တချို့က နယ်ခြားစောင့်တပ်ကိစ္စ ကို လက်မခံတဲ့အတွက် တပ်အင်အားတွေစုထားသလို နအဖဘက်က တပ်ဖြန့်ထားတာဟာ အမှန်တကယ်တော့ တပ်အင် အား ပြတာပါ။ စစ်ဖြစ်ဖို့တော့ မဟုတ်လောက်ပါဘူး”ဟု ဆိုသည်။

၁၅နှစ်မြောက် အခမ်းအနားတွင် စစ်ရေးပြနေသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ

စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များကို ရှေ့တိုးနောက်ဆုတ် ပုံစံမျိုးဖြင့် ကစားခြင်းသာဖြစ်ပြီး အမှန်တကယ် စစ် ဖြစ်ပါက တပ်မှူးတပ်သားမြောက်များစွာ ထွက်ပြေးကြလိမ့်မည်ဟု ၎င်းကေအဲန်အယ်လ်အေတပ်မှူးက သုံးသပ်ပြောဆိုသည်။

ကော့ကရိတ်မြို့နယ်ရှိ ပူးရေးရွာတွင် ယခင်ရှိထားသည့် ဒီကေဘီအေတပ်ဖွဲ့များက နယ်စပ်ရှိ မုလအိတောင်ဘက်ကို ရွှေ့ ပြောင်းသွားကာ ၎င်းတို့နေရာတွင် နအဖတပ်များ ၀င်ရောက်နေရာယူထားကြသည်ဟု ရွာသားတဦးက ပြောသည်။

ကြိတ်ရွာသားတဦးကလည်း “ပြောသံကြားတာကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့တုန်းက နယ်စပ်(ထိုင်းနယ်စပ်)မှာရှိတဲ့ ဗိုလ် နှုတ်ခမ်းမွှေး တပ်ဖွဲ့ဝင်တွေကို မြိုင်ကြီးငူဘက် ပြန်သွားရမယ်လို့မှာတယ်။ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့က ပြန်မဆင်းသွားတဲ့အပြင် သူတို့တပ်တွေကို နယ်စပ်ဘက်ကို ပြန်စုကြတယ်”ဟု ပြောသည်။

အဆိုပါမြို့နယ် ဝေါ်လေဂွင်ဘက်တွင်လည်း နအဖက အင်အား ၉၀နီးပါး တိုးချဲ့လာသလို ကေအဲန်ယူ တပ်မဟာ (၅)၌လည်း နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်တချို့လည်း စစ်ရေး ပြင်ဆင်မှုများ ရှိသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ကရင်ပြည်နယ်တခုလုံးတွင် နအဖစစ်တပ်မှ တပ်မ (၂၂)၊ (၄၄)နှင့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)ခုမှ တပ်ရင်းပေါင်း တစ် ရာကျော် နေရာယူ လှုပ်ရှားလျှက်ရှိကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ၎င်းတို့ရရှိသည့် စစ်ရေးအစီခံစာအရ ရေးသား ဖော်ပြထားသည်။

မြစ်ကြီးနား ကားဂိတ်တွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက် ကားကြီးကွင်းဝင်းတွင် မေလ ၅ ရက်နေ့၊ ဒီကနေ့ နေ့လည် ၁၁ခန့်၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

050510-myitkyina

မြစ်ကြီးနားမြို့၊ ဓါတ်ပုံ - ကချင်သတင်းဌာန

ပေါက်ကွဲသည့်နေရာမှာ တစ်ခုတည်းရှိသော ကားဂိတ်ဖြစ်သည့် ငြိမ်းချမ်းသာယာ အားကာစား ကွင်းအနီး ကားကြီးကွင်းဝင်းတွင် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှာ သိရသည်။

ယင်းပေါက်ကွဲမူမှာ တစ်စုံတရာ ထိခိုက်ဒဏ်ရာခြင်းနှင့် ပျက်စီးဆုံးရူံးမှုများ မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက တရားခံအား ရှာဖွေစစ်ဆေးလျက် ရှိနေသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်လကဖြစ်ပွားခဲ့သည့် လူအသေအပျောက်ရှိသော မြစ်ဆုံဗုံးပေါက်ကွဲမှု နှင့် ယခုပေါက်ကွဲမှုမှာ နှစ်ကြိမ်ဖြစ်ပြီး မြန်မာအာဏာပိုင်များက ဖောက်ခွဲသူအားမတွေ့ရှိသေး သောကြောင့် မသင်္ကာသူဟု ယူဆသော ဒေသခံကချင်လူထုများအား ဖမ်းဆီးစစ်ဆေးလျက်ရှိ သည်။

မြစ်ကြီးနားဒေသခံတစ်ဦး ကို မြစ်ဆုံဗုံးဖေါက်ခွဲ မသင်္ကာမှုဖြင့် ဖမ်းဆီး

မြန်မာပြည်မြောက်ပိုင်း ဧရာဝတီ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမူကြောင့် မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးအား မသင်္ကာမှုဖြင့် သက်ဆိုင်ရာအာဏာပိုင်များ မေလ ၁ရက်နေ့က ဖမ်းဆီခေါ်ဆောင်သွား ကြောင်းသိရသည်။

050410-no.1-police-station

အမှတ် ၁ ရဲစခန်း၊ မြစ်ကြီးနားမြို့။ ဓါတ်ပုံ - ကချင်သတင်းဌာန

ည ၁၀ နာရီခန့် တွင် မြစ်ကြီးနားမြို့ အမှတ်(၁)ရဲစခန်းမှ ရဲများ စီတာပူရပ်ကွက်တွင်နေထိုင်သော မရစ်တူးရိန် အား မသင်္ကာမှုဖြင့် သူ့နေအိမ်မှ ဖမ်းဆီးခဲ့ကြောင်း မိသားစုများမှသိရှိရသည်။

မရစ်တူးရိန်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)နဲ့ဆက်စပ်နေသည်ဟုသိရသည်။

မြစ်ဆုံရေကာတာဗုံးပေါက်ကွဲမူသည် ကေအိုင်အေ ပြုလုပ်ခြင်းမဟုတ်ဟု အဖွဲ့အရာရှိများ ငြင်းဆိုထားပါသည်။

ယင်းသို့ငြင်းဆိုထားသော်လည်း မြစ်ကြီးနား နဲ့ ဗန်းမော်ရှိ ကေအိုင်အေ အဖွဲ့ဝင်များ နဲ့ ၎င်းတို့နဲ့ဆက်စပ်တဲ့ နေအိမ်များဟာ အာဏာပိုင်များ၏ အမြဲတမ်းစောင့်ကြည့်ခြင်း နဲ့ ညချိန် အလစ်ဧည့်စာရင်းစစ်ဆေးခြင်းများ ခံနေရတယ်လို့ ဒေခံများကပြောပါသည်။

မြစ်ဆုံဗုံးပေါက်ကွဲမှု တရားခံ ဖမ်းမိရေး နအဖမှ ဆုငွေထုတ်

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်း၌ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်၍ တိကျတဲ့ သတင်းပေးသူအား ဆုငွေများ ချီးမြှင့်သွားရန် မြန်မာစစ်အစိုးရက ထုတ်ပြန်ကြော်ဌာသည်။

050310-advertiesment

မြစ်ကြီးနား တနေရာတွင် မြင်တွေ့ရတဲ့ အနီရောင် မပခ ပိုစတာ။ ဓါတ်ပုံ - ကချင်သတင်းဌာန

ဆုငွေများသည် ငွေကျပ် သိန်း (၅၀)၊ ပမ္မတီးမြေ (၁) ကွက် နှင့် CDMA ဖုန်း (၁) လုံးချီးမြှင့်သွားမည် ဟု အနီရောင် စစ်အစိုးရ ကြော်ဌာပိုစတာတွင် ဖော်ပြထားသည်။

မြစ်ကြီးနားမြို့အခြေစိုက် မြှောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း အမိန့်အရ ပြည်နယ်အေးချမ်းသာယာရေးကောင်စီ (ပ.ရ.က) မှ ကမ္ဘာ့အလုပ်သမားနေ့ မေလ (၁)ရက်နေ့တွင် ဗုံးဖောက်ခွဲသူ ဖမ်းဆီးရေး ကြော်ဌာပိုစတာထုတ်ပြန်ခဲ့သည်။ယင်းကြော်ဌာ ပိုစတာများကို သက်ဆိုင်ရာ အာဏာပိုင်များက မြစ်ကြီးနားမြို့တစ်ဝှက်ရှိ ရပ်ကွက်အုပ်ချုပ်ရေး ရုံးတိုင်းတွင် ကပ်ထားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောပြပါသည်။

သူက “အခုအချိန်တော့ မြစ်ဆုံနှင့်ပတ်သက်ပြီး အရမ်းစစ်ဆေးမေးမြန်းနေတယ်၊ ဒီသတင်းကို စုံစမ်းစစ်ဆေးမှုမပြုလုပ်နိုင်ရင် တိုင်းမှူးစိုးဝင်း ရာထူးအာဏာမှ ကျသွားနိုင်တယ်။”

ယခုလို တရားခံဖမ်းဆီးရန် စစ်ဆေးမေးမြန်းရာတွင် မသင်္ကာသူများကို အိမ်တိုင်ရာအရောက် ဖမ်းဆီးချုပ်နှောင်ခြင်းများပြုလုပ်နေသည်။ မြစ်ဆုံအနီး ရွာများသာမက မြစ်ကြီးနားမြို့တွင် ပါမကျန်မသင်္ကာသူအားလုံးကို ဖမ်းဆီးနေသည်။

ယမန်နေ့တွင်လည်း မြန်မာစံတော်ချိန် ၁၂နာရီ ခန့်တွင် မြစ်ကြီးနားမြို့ ဆက်သွယ်ရေးရုံး (ဆတရ)မှ ဝန်ထမ်း နှစ်ဦးအား နအဖ စစ်သား အယောက် ၂၀ က ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်၍ မသင်္ကာသူဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။

သင်္ကြန် ဗုံးပေါက်ကွဲပြီးနောက် မြန်မာနိုင်ငံအတွင်း၌ မကြာခဏ ဆိုသလို ထပ်ဆင့်ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။ ဗုံးပေါက်ကွဲသည့် မြို့ရွာများတွင် ဒေသခံလူထုအား စစ်ဆေးမေးမြန်းခြင်း တင်းကျပ်စွာ ပြုလုပ်နေသော်လည်း လက်သည် တရားခံအားမဖမ်းမိသေး။ မသင်္ကာဟု ထင်မှတ်ရသူများသာ ဖမ်းဆီးချုပ်နှောင်ခံနေရသည်။

ယင်း ဗုံးဖောက်ကွဲမှုနှင့် ပတ်သက်၍ နအဖ စစ်အစိုးရမှ မသင်္ကာသူများအား နေ့တိုင်းလိုလိုဖမ်းဆီးမှုများပြုလုပ်နေသည်။

ဟံသာဝတီနေပြည်တော်ပြန်လည်အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

မင်းချမ်း၊ ကောင်းဝါ
မေ ၅၊၂၀၁၀။

ယနေ့တွင်ကျရောက်သော ၂၅၃ နှစ်မြောက် ဟံသာဝတီနေပြည်တော် ပြန်လည်အောက်မေ့ဖွယ် အခမ်းအနားနှင့်ဆုတောင်းမေတ္တာပို့သခြင်းအစီအစဉ်ကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့(ဝင်းကမြို့) နယ်စပ်တစ်နေရာ၌ ယနေ့နံနက်(၈)နာရီတွင် ကျင်းပခဲ့ပါသည်။

ဟံသာဝတီမွန်နေပြည်တော်ကျဆုံးသည့်စစ်ပွဲတွင် အသက်ပေးခဲ့ရသူများအား အောက်မေ့ဆုတောင်းနေပုံ

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံရှိ စံခလပူရီမြို့နေ မွန်တိုင်းရင်းသား(၂၀၀)ခန့် တက်ရောက်သည်ကို တွေ့ရှိခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့လည်းတက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

အခမ်းအနားတက်ရောက်လာသူ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနိုင်ဟံသာ မွန်ဘာသာဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားရာတွင် “မွန်တို့ကြမ္မာ မွန်တို့မဖန်တီးနိုင်သရွေ့ ကိုယ်ရေမြေကိုယ့်တိုင်းပြည်မှာ မနေရဘဲ အဲဒီကနေအမြဲတမ်းဘဲ အဖိနှိပ်မှုဒဏ်တွေက လွတ်မြောက်ဖို့ထွက်ပြေးနေရမှာဘဲ” ဟု ဟလော့ဟနီရောက် မွန်ဒုက္ခသည်များ၏ အဖြစ်ကိုကိုယ်းကားပြီး ထိုသို့ပြောကြားခဲ့ပါသည်။

စစ်အစိုးရစစ်တပ်များ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသကို ဝင်ရောက်လာမည်ကိုစိုးရိမ်သဖြင့် ဒေသခံခြောက်ရာနီးပါးခန့် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထိုင်းနယ်စပ်ရှိဟလော့ဟနီမွန်ဒုက္ခသည်စခန်းသို့ ပြောင်းရွေ့ဝင်ရောက်လာကြခြင်းဖြစ်သည်။
တက်ရောက်လာကြသော လူထုပရိသာဒ်များ
ဟံသာဝတီမွန်နေပြည်တော်ကြီး ဗမာပဒေသရာဇ်တို့သိမ်းပိုက်ခဲ့သည့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၃ နှစ်တွင်လည်း စစ်ဘေးပြောင်းရှောင်လာကြသည့် ထောင်သောင်းမကသော မွန်လူမျိုးများ ထိုင်းနိုင်ငံသို့ ယခုလမ်းကြောင်းအတိုင်း ဝင်ရောက်ခဲ့သည့် သာဓကများ ရှိခဲ့သည်။

ဟံသာဝတီမွန်နေပြည်တော်သည် ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လဆုတ် (၈) ရက်နေ့တွင် ဗမာပဒေသရာဇ်လက်အောက်သို့ အပြီးတိုင်ကျရောက်ခဲ့သည်ဟု သမိုင်းအထောက်အထားများတွင် ဖေါ်ပြကြသည်။

အလားတူ ဟံသာဝတီနေပြည်တော်ပြန်လည်အောက်မေ့ဖွယ်အခမ်းအနားများကို ပြည်တွင်းပြည်ပနေရာအသီးသီးတွင်လည်း နှစ်စဉ်ကျင်းပခဲ့ကြသည်။

ရွေးကောက်ပွဲအတွက် တပြည်လုံးမြို့နယ်တိုင်း ကြံ့ဖွံ့ပါတီဝင် စာရင်းကောက်ရန်ညွှန်ကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ ပါတီဝင်များ၊ မြို့နယ် EC များ စာရင်းပြုစုပြီး ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ ရာထားသတ်မှတ်ကြရန် ခယက၊ မယကတို့မှတဆင့်ညွှန်ကြား ထားကြောင်း စုံစမ်းသိရှိရသည်။

နအဖ ၀န်ချုပ် သိန်းစိန်

ဧပြီလနှောင်းပိုင်းစ၍ မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ မြို့နယ်တစ်မြို့နယ်လျှင် ကြံ့ဖွံ့ ပါတီဝင်(၂၅၀)ယောက်၊ ပါတီဝင်များထဲမှ မြို့နယ်စည်းရုံးရေးကော်မတီ EC (၅)ယောက်၊ ထို(၅)ယောက်ထဲမှ ရွေးကောက်ပွဲဝင်ကိုယ်စား လှယ်လောင်း(၁)ယောက်စီ ရွေးချယ်စာရင်းပြုစု တင်ပြကြရန် နေပြည်တော်မှ ပုံစံဖောင်များပို့ပြီး ညွန်ကြားထားကြောင်း မိုင်းတုံဒေသခံ တစ်ဦးကဆိုသည်။
လွန်ခဲ့သည့်အပတ်နအဖ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့်အဖွဲ့ဦးဆောင်သည့် နိုင်ငံရေးပါတီအသွင်ပြောင်း ကြံ့ဖွံ့ပါတီသည် ကုန်သည်ကြီးများအသင်း အစည်းအဝေးခေါ်ဆွေးနွေးစဉ် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက(နိုင်ငံတော်ပိုင် ငွေများ သုံးစွဲခွင့်မရှိသောကြောင့်) ပါတီရန်ပုံငွေရရန် အလှူငွေကောက်ခံရေးတောင်းဆိုခြင်းဖြစ်သည်ဟု သိရှိရသည်။

မြို့နယ်အသီးသီးရှိ ကုန်သည်များ၏ အမည်စာရင်းကိုလည်းပြုစုပေးပို့ရမည်ဟု ညွှန်ကြားထား ကြောင်းလည်း စုံစမ်းသိရှိရသည်။

“တချို့ကလဲ ဘာအကြောင်းမှ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက် ကမ်းလှမ်းချက်ကို ချက်ချင်းလက်မခံကြဘူး။ ဒီရွေးကောက်ပွဲက NLD နဲ့ SNLD ပါဝင်မယှဉ်ပြိုင်ဘူးဆိုရင် အဓိပ္ပါယ်မရှိဘူး။ အပြေးပြိုင်ပွဲမှာ သူတစ်ယောက်တည်းပြေးပြီး အနိုင်ရတာနဲ့တူနေတယ်”ဟု စည်းရုံးခံရသူ ကုန်သည်တစ်ဦးက ပြောပါသည်။

“စစ်အာဏာရှင်တွေ အာဏာတာရှည်ဆုပ်ကိုင်ထားချင်တော့ဗိုလ်နေ၀င်းလုပ်ဟန်အတိုင်းဗိုလ်ကနေဦးပြောင်းတဲ့နည်း အတိုင်း လုပ်ရတာပဲ” ဟု ဗကပရဲဘော်ဖိုးသံချောင်း၏ ကိုယ်ပိုင်အမြင် ဆောင်းပါးကလည်း ဖော်ပြထားသည်။

နအဖ၀န်ကြီးချုပ်သိန်းစိန်က စစ်ဝတ်စုံချွတ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဧပြီ ၂၉ ရက်နေ့တွင် ပါတီမှတ် ပုံတင်ခဲ့သည်။

မြစ်ကြီးနားတွင် လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲ လူထိခိုက်မှု မရှိ

E-mail Print
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာရပ်ကွက်ရှိ ခရီးသည်တင် အဝေးပြေးကားကြီးဝန်း ဂိတ်အရှေ့ဘက်တွင် မေလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
အဆိုပါ ခရီးသည်တင် ကားကြီးဝန်းအရှေ့ဘက် လမ်းဘေးထောင်ထားသော ဗုံး ၂ လုံးကို ကားတစ်စီးက တက်နင်းမိ၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သူက ဆိုသည်။“မြစ်ကြီးနားခရီးသည်တင် ကားကြီးဝန်းဂိတ်ဝရှေ့မှာပေါ့ နေ့လည် ၁၁ နာရီလောက်က ဗုံး ၂လုံးကွဲတယ် နင်းမိုင်းပေါ့ ကား တွေနင်းတယ် ကားလည်းအထိအခိုက်မရှိဘူး လူတွေလည်းအထိအခိုက်မရှိဘူး အထိအခိုက်မရှိဘူးဆိုတော့ သိပ်ပြင်းပုံ တော့ မရဘူး ” ဟု သူက ဆိုသည်။

ယခုဗုံးကွဲပြီး နောက်ပိုင်း မြစ်ကြီးနားတွင် လုံခြုံရေးတင်းကြပ်ထားပြီး လတ်တလော ဗုံးလက်သည် တရားခံဖမ်းဆီးရမိမှု မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် လွန်ခဲ့သည့်လ ၁၇ ရက်နေ့က မြစ်ဆုံဒေသ ရေကာတာစီမံကိန်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲခဲ့ရာ ယခုပေါက်ကွဲမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှန်းတွင် ဧပြီလမှစ၍ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃ ဦးခန့်သေဆုံး၍ ၂၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးများ ဖေါက်ခွဲသည့် လက်သည်တရားခံများ ဖေါ်ထုတ်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နအဖစစ်အစိုးရ က ယနေ့ အထိ ထုတ်ပြန်ကြေငြာခြင်းမရှိပဲ မြစ်ဆုံဗုံးကွဲမှုတွင် အနီးနားရှိ ဒေသခံအရပ်သားများကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် ပြည်ပအခြေဆိုက် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအား ဗုံးဖေါက်ခွဲသည့် တရားခံအဖြစ် အထောက် အထားမပြပဲ ပြောဆိုစွပ်စွဲလေ့ရှိသည်။