Pages

Subscribe

Thursday 27 May 2010

တစ်ထောင်ကျပ်တန် ငွေအတုများ ဖမ်းဆီးရမိ

ငွေတစ်ထောင် ကျပ်တန် အစစ် ကျပ် တစ်သိန်း နှင့် အတု ငွေကျပ် ၁၀ သိန်းကို အလဲ အလှယ် လုပ်လာသူများ အဖမ်းခံ ရကြောင်း ဒေါပုံမြို့နယ် ရဲစခန်းမှ သိရသည်။ ယခုလ ၁၁ ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံ ရပ်ကွက်တွင် ငွေစက္ကူ အတုဟု ယူဆရသည် များကို ကိုင်ဆောင် သုံးစွဲ နေကြောင်း ကြားသိရသည့် အတွက် ယင်း၏ တာဝန် ရှိသူများက သွားရောက် စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။“ဗိုလ်ထွန်းစံ ရပ်ကွက် ဗိုလ်တေဇလမ်း၊ အိမ်နံပါတ် ၁၇ မှာနေတဲ့ မကြည်ကြည်မိုး နှင့် အဖ ဦးဘိုအောင် တို့က အဲဒီ ရပ်ကွက်က ဈေးဆိုင် တွေမှာ ငွေစက္ကူ အတုနဲ့ ဈေးဝယ် ကြတာက စပြီး သဲလွန်စ ဖြစ်တာပါပဲ” ဟု ယင်း၏ တာဝန်ရှိသူက ရှင်းပြသည်။ ၄င်းတို့က ငွေစက္ကူ အတုဖြင့် ငွေကျပ် ၂၀၀ ဖိုးစီ ၀ယ်ယူကာ ၈၀၀ ကျပ်ကို ပြန်လည် သိမ်းကြောင်း ယင်းက စစ်ဆေး တွေ့ရှိမှု အပေါ် အခြေခံ၍ ပြောသည်။ “စုစုပေါင်း အဲဒီအနီး ပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀၀ ကျပ်တန် ငါးရွက် အသုံးပြု ထားတာ တွေ့ရတယ်”ဟု ယင်းက ဆိုသည်။ အဆိုပါ နေအိမ်မှ ငွေစက္ကူ အတု များကို ည ၇ နာရီ ၁၅ မိနစ်ခန့်က Kangaroo အဖြူနက် လက်ကိုင်အိတ်မှ အရွက် ၇၀ ထပ်မံ တွေ့ရှိ ခဲ့ကြောင်း၊ ငွေစက္ကူ အတု များကို ရွှေပေါက်ကံ မြို့နယ်နေ ဒေါ်ယဉ်ယဉ်ရွှေ ဆိုသည့် အမျိုးသမီးကြီးက မြ၀တီ ဘက်သို့ ဘုရားဖူး သွားရင်း ဆိုင်ကယ်သမား တစ်ယောက် နှင့် ရင်းနှီးကာ ငွေကျပ် တစ်သိန်း နှင့် ကျပ် ၁၀ သိန်းကို အလဲ အလှယ် ပြုလုပ် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒေါ်ယဉ်ယဉ်ရွှေ နှင့် မကြည်ကြည်မိုး၊ မိခင် ဒေါ်စန်းမြင့်တို့ နှစ်ဦးက အဆက် အသွယ် ရှိပြီး ငွေစက္ကူ အတု တွေကို သုံးစွဲကြတာ၊ အခု ဖြစ်စဉ်မှာ အတုမှန်း သိလျက် သုံးစွဲ သူတွေ အားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၈၉(ခ)(ဂ)၊ (ပ) ၁၈၉/၂၀၁၀နှင့် အရေးယူထား ပါတယ်” ဟု တာဝန်ရှိသူက ပြောပြ ခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား ပါသည်။

အမေရိကန် SMITHS-ONIAN မဂ္ဂဇင်း ဓာတ်ပုံ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားမှ ပထမဆု ဆွတ်ခူး

SMITHSONIAN မဂ္ဂဇင်း U.S.A ၏ ၇ ကြိမ်မြောက် ပြုလုပ်သော ဓါတ်ပုံ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်း က ပထမဆုံး အကြမ် အဖြစ် Grand Prize ဆုကို US$ 2600 ဖြင့် ဆုရရှိ ခဲ့ကြောင်း သိရသည်။ ကျွန်တော်ဒီ စမစ်ဆိုနီယမ် မဂ္ဂဇင်းက လုပ်တဲ့ ဓာတ်ပုံ ပြိုင်ပွဲမှာ ပထမဆုံး ဝင်ပြိုင် တာပါ။ ပြိုင်ပွဲက လုပ်တာ ၇ ကြိမ် ရှိပါပြီ။ မြန်မာပြည်က ရတာ ဒါ ပထမဆုံးပဲ။ ဒီပြိုင်ပွဲကို ၂၀ဝ၃ လောက်ထဲက စလုပ် တာပါ။ နိုင်ငံတကာက ဓာတ်ပုံဆရာ တွေလည်း ဝင်ပြိုင်ကြတယ်။ ကျွန်တော်တို့ မြန်မာပြည်က ဓာတ်ပုံ ဆရာတွေက ဒီ ၇ ကြိမ်မြောက် မှ သိပြီး ဝင်ပြိုင် ကြတာပါ။ဒီပြိုင်ပွဲမှာ ဓာတ်ပုံဆရာ တစ်ယောက်ကို ကိုယ့် စိတ်ကြိုက် ဓာတ်ပုံ ၇ ပုံနဲ့ ဝင်ပြိုင် နိုင်ပါတယ် ဟု ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်း က ပြောခဲ့သည်။ အဆိုပါ ဓာတ်ပုံ ၇ ပုံကို မြောက်ဦး၊ ပုဂံ၊ ရှမ်းပြည်နယ်၊ အင်းလေး၊ မန္တလေးတိုင်း တို့တွင် လှည့်လည်ပြီး ရိုက်ကူး ထားကြောင်း၊ ယခု ရရှိသည့် ပုံမှာ ပုဂံမြို့ ရွှေသာလျောင်းဘုရား ခြေရင်းတွင် ကိုရင်လေး နှစ်ပါး ဆီမီးပူဇော် နေပုံဖြင့် ဓာတ်ပုံ ဆင်ရိုက်ပြီး Grand Prize ဆုကို ရရှိခဲ့သည်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ချင်တယ် ဆိုရင် အင်တာနက်ကနေ ကိုယ့်ပုံတွေကို ပို့ပြီး ဝင်ပြိုင် ရတာပါ။ နိုင်ငံတကာ ဓါတ်ပုံပေါင်း ၆၀ဝ၀ဝ လောက်ထဲက Final ၂ ပုံကို ရွေးပြီး နောက်ဆုံး ကျွန်တော့်ပုံက ရသွားတာပါ။ Grand Prize ဆုအဖြစ် စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ၃ ညအိပ် ၄ ရက်ခရီး အမေရိကားရှိ Gramd Camgo ကို သွားရောက် လည်ပတ် ဆုယူနိုင်ပြီး မသွားချင်ရင်လည်း ခရီးစရိတ်နဲ့ ညီမျှတဲ့ ဒေါ်လာကို ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်ကတော့ ပိုက်ဆံပဲ ယူဖြစ်မှာပါ ဟု ဓါတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ပြောသည်။ အဆိုပါ SMITHSONIAN (စမစ်ဆိုနီယမ်) မဂ္ဂဇင်း U.S.A ၏ ၈ ကြိမ်မြောက် ဓါတ်ပုံ ပြိုင်ပွဲကို ဇွန်လ လောက်တွင် ထပ်မံ ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ပြီး သူများ၊ ဆုရရှိပြီး သူများလည်း ထပ်မံ ဝင်ရောက် ယှဉ်ပြိုင် နိုင်သည်။

ကမ္ဘာ့ အရပ်အပုဆုံး လူသား ဖြစ်နိုင်ခြေ ရှိသည့် ကလေးငယ် တစ်ဦး မြန်မာနိုင်ငံ အလယ်ပိုင်း၌ တွေ့ရှိ

ကမ္ဘာ့ အရပ် အပုဆုံး လူသား ဖြစ်နိုင်ခြေ ရှိသူ တစ်ဦးအား မြန်မာနိုင်ငံ အလယ်ပိုင်း တွင် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ကိုယ်တိုင် သွားရောက် လေ့လာ ခဲ့သူ ဦးခင်ညွန့် (သတင်းထောက်ခင်) က ပြောသည်။ အဆိုပါ ကမ္ဘာ့ အရပ် အပုဆုံး ဖြစ်ဖွယ် ရှိသူမှာ ယခု အခါ အသက် ၁၀ နှစ် နှင့် ခြောက်လ ရှိပြီ ဖြစ်ပြီး၊ ညီအစ်ကို မောင်နှစ်မ ခြောက်ယောက် တွင် ဒုတိယမြောက် နှင့် တစ်ဦး တည်းသော သား ဖြစ်သည်။ "ကျွန်တော့ မိတ်ဆွေ ဖြစ်တဲ့ ကျောင်းဆရာ ကိုစိုးကြီးရဲ့ သတင်းပေး ချက်အရ သူ့ဇာတိ ရွာမှာ အရပ် နှစ်ပေ တောင် မပြည့်ချင်တဲ့ ကလေး တစ်ဦး ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် စိတ်ဝင်စား တာနဲ့ သွားရောက် လေ့လာတဲ့ အခါ ကလေးက အရပ် ၂၂ လက်မ လောက်ပဲ ရှိတယ်" ဟု ၎င်းက ပြောသည်။

ယင်း ကလေးငယ် ၏ နေရပ်ကိုမူ လတ်တလော အခြေ အနေတွင် ထုတ်ဖော် ပြောပြရန် သတင်းထောက် ခင်က ငြင်းဆို ထားပြီး လာမည့် မေလ ကုန်တွင် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်၍ ပြည်သူကို အသိပေး တင်ပြရန် စီစဉ် နေသည်။ ကလေးငယ်၏ အမည်ကို ဗလကြီးဟု ပေးထားပြီး ၎င်း၏ မိဘများမှာ တောင်ယာ လုပ်ကိုင်ကာ၊ ဗလကြီး သည် အခြားကလေးငယ် များနည်းတူ စကား ပြောနိုင်သော်လည်း ပီပီသသ ပြောနိုင်ခြင်း မရှိဟု သိရသည်။
"ဂင်းနစ် စံချိန်ဝင်အောင်လည်း ဆောင်ရွက် နေပါတယ်။ မှတ်တမ်း တင်ခံရပြီ ဆိုရင် တိုင်းပြည် အတွက်လည်း အကျိုး ရှိမှာပါ"လို့ သတင်းထောက် ခင်က ပြောသည်။ ဗလကြီးကို မွေးဖွား ချိန်က ထူးခြားချက် အနေဖြင့် အချင်းတိုင် နှစ်တိုင်ပါ ရှိခဲ့ပြီး မွေးဖွားချိန်တွင် လိမ္မော်သီးအရွယ် အလုံးတစ်လုံး အတွင်းမှခွဲ၍ ထုတ်ယူခဲ့ရခြင်းဖြစ်ပြီး တစ်မိုက်ခန့်အရွယ်သာ ရှိခဲ့ကြောင်း၊ နို့တိုက်ရန်ပင် အခက်အခဲရှိသဖြင့် ဂွမ်းစတွင် နို့ဆွတ်ပြီး တိုက်ကျွေးခဲ့ရကြောင်း၊ အသက်ငါးနှစ်အရွယ်အထိ တဖြည်းဖြည်း ကြီးထွားခဲ့သော်လည်း၊ ငါးနှစ်နောက်ပိုင်းတွင် ဆက်လက် ကြီးထွားခြင်းမရှိတော့ကြောင်း သိရသည်။

ကမ္ဘာ့ အရပ်အပုဆုံး လူသား ဖြစ်သည့် တရုတ်နိုင်ငံမှ ဟယ်ပင်းပင်းသည် အရပ်အမြင့် နှစ်ပေ နှင့် ၅ ဒသမ ၃၇ လက်မ (၇၄ ဒသမ ၆၁ စင်တီမီတာ) ရှိပြီး အသက် ၂၂ အရွယ်၊ ၂၀၁၀ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အီတလီ နိုင်ငံတွင် ဖျော်ဖြေပွဲ အတွက် ပြင်ဆင် နေစဉ် ကွယ်လွန် ခဲ့သည်။

မြန်မာနိုင်ငံမှ ဗလကြီးသည် နှစ်ပေပင် မပြည့်တတ်သည့် အနေ အထားတွင် ရှိသောကြောင့် ပင်းပင်း နေရာတွင် အစား ၀င်လာနိုင်သည့် ကမ္ဘာ့ အရပ် အပုဆုံး လူသား ဖြစ်လာ နိုင်ခြေ ရှိနေ သည်ဟု သိရသည်။ ဗလကြီးအား ရှာဖွေ တွေ့ရှိခဲ့သူ သတင်းထောက် ခင်(ဦးခင်ညွန့်) သည် အသက် ၅၇ နှစ်ရှိပြီ ဖြစ်ပြီး ယင်း၏ စာရေးသက် နှစ် ၃၀ ၀န်းကျင် အတွင်း ထူးခြား ဆန်းကြယ် စာပေများ၊ မှုခင်းများ၊ ဘာသာရေး စာပေများဖြင့် လူသိ များသော စာရေး ဆရာ တစ်ဦးလည်း ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

NLD တရားဝင် ရပ်တည်မှုကို စစ်အစိုးရဖျက်လို့ မပျက်နိုင်

A class photo of the 110th United States Senate
ဓာတ်ပုံ Wikimedia Commons - Senate Photo Studio

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံမတင်တော့ပေမဲ့ NLD ရဲ့တရားဝင်မှုကို မြန်မာပြည်သူတွေနဲ့ အတူ နိုင်ငံတကာက သန်းနဲ့ချီတဲ့ပြည်သူတွေ ဆက်လက်အသိအမှတ်ပြုနေတဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်တွေက မေလ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် အမေရိကန်ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်တွေ ပူးတွဲ ထုတ်ပြန်တဲ့ကြေညာချက်မှာ NLD ရဲ့ တရားဝင်မှုကို စစ်အစိုးရအနေနဲ့ ဘယ်လိုမှပယ်ဖျက်လို့ မရနိုင်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။

Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Dianne Feinstein၊ အရီဇိုးနားပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် John McCain နဲ့ Connecticut ပြည်နယ် တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် Joe Liberman တို့ အပါအ၀င် အထက်လွှတ်တော်အမတ် ၆ ယောက်စုပေါင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပြီး လွတ်လပ်မှုတွေနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ မြောက်အောင်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရန်ကုန်မြို့ မှာ ကျင်းပခဲ့ကြပါတယ်။ အမတ်နေရာ ၈၂ % ကို NLD က နိုင်ခဲ့ပေမဲ့၊ စစ်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြု အာဏာမလွှဲခဲ့ပါဘူး။

ခုလို အနှစ် ၂၀ မြောက်ရွေးကောက်ပွဲအောင်ပွဲ အထိမ်းအမှတ်ကို NLD ဒုဥက္ကဌဦးတင်အိမ်မှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ

နယူးဒေလီ (မဇ္ဈိမ)။ ။ အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားများ ဆက်လက်ရှိနေချိန်တွင် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်း တွန်းလှန်တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘောတူလိုက်ကြသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လျှို့ဝှက်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် စစ်ရေးသဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“အဓိကကတော့ တိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေး၊ စစ်ရေးတွေနဲ့ ဖြေရှင်းလာခဲ့ရင် အတူတကွ လက်တွဲဖြေရှင်းသွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးသို့ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA – N တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ခဲ့ကြသော တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်၏ ကွပ်ကွဲမှုအောက်သို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA ၊ KIO ၊ NMSP ၊ SSA-N ၊ ကရင်အဖွဲ့ငယ်တခုဖြစ်သော ဗိုလ်ချုပ်ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မိုင်းလားအဖွဲ့ NDAA တို့က ငြင်းဆန်ထားသည်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုကော်မတီဝင်တဦးက ‘’ တဖွဲ့ကို တိုက်လာခဲ့ရင် ဝိုင်းဝန်းကူညီဖို့နဲ့ အခါအခွင့်သင့်တဲ့အခါ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေ အကုန်လုံးက စုပေါင်းပြီး တပြိုင်နက်ထဲ စစ်မျက်နှာတွေဖွင့်ဖို့ စတဲ့အချက်တွေလည်း ပါတယ်။ ...ရွေးစရာလမ်းလည်း မရှိတော့ဘူး” ဟု ပြောသည်။

အဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလက ပထမအကြိမ် လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ယခုတကြိမ် တွေ့ဆုံမှုတွင် မဟာမိတ်အဖွဲ့တခုအဖြစ် ဖွဲ့စည်းခြင်းမဟုတ်ဘဲ အချင်းချင်း လက်တွဲ ရင်ဆိုင်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

မကြာမီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယခုထက် ပိုမိုစုံညီစွာ ပါဝင်မည့် ဆွေးနွေးပွဲပြုလုပ်ပြီး ညီညွတ်သော အင်အားစုတရပ်အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်လည်း သဘောတူခဲ့ကြသည်။

အပစ်ရပ်အဖွဲ့များနှင့် KNU ၊ KNPP ၊ CNF အပစ်ရပ်မဟုတ်သည့် အဖွဲ့များအကြား သဘောတူညီချက်ရခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ သဘောတူညီမှုမျိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက UWSA ၊ KIO ၊ ကိုးကန့်တပ်မတော် ခေါ် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့အကြား ထားရှိခဲ့ဖူးသည်။

သို့သော် စစ်အစိုးရက မူးယစ်ဆေးဝါးအကြောင်းပြကာ ဖုန်ကျားရှင် ဦးဆောင်သည့် MNDAA ကို ၂ဝဝ၉ ခုနှစ် သြဂုတ်လကုန်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ကျန်မဟာမိတ်အဖွဲ့များက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

မြန်မာပြည်တွင် အခြားသော လက်နက်ကိုင်အဖွဲ့များ စုစည်းထားသည့် အဖွဲ့တခုမှာ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - မဒတ NDF ဖြစ်ပြီး အဖွဲ့ပေါင်း ၁၃ ဖွဲ့ ပါဝင်သည်။

နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ KNU ၊ CNF ၊ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PKLO ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP စသည့် ၈ ဖွဲ့သာ ကျန်ရှိသည်။

ပြည်သူ့ရွေးကောက်ပွဲ ရွှေ့ပြောင်းလုပ်သားများ မဲပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်ပြိုင်မဲ အရွေးခံသော ”ပြည်သူ့ရွေးကောက်ပွဲ” ကို ရွှေ့ပြောင်းအလုပ်သမားများက မဲဆောက်မြို့တွင် မဲပေးကြပြီး စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲကို ရှုတ်ချလိုက်ကြသည်။

ရွှေ့ပြောင်းအလုပ်သမား ၂ဝဝ ကျော်က ထိုင်း-မြန်မာနယ်စပ်မြို့လေးတွင် ကြာသပတေးနေ့က ပြုလုပ်သော မဲရွေးပွဲတွင် နအဖ စစ်ခေါင်းဆောင်နှင့် အတိုက်အခံခေါင်းဆောင်တို့ကို ဆန္ဒမဲပြားပေါ်တွင် စိတ်ကြိုက်ရွေးချယ်ကာ မဲထည့်ရခြင်း ဖြစ်သည်။

နောက်ရက်များတွင်လည်း မဲထဲ့ပွဲများ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ရလာဒ် မဲပြားများကို ဇွန်လ ၁၉ ရက်နေ့တွင် ရေတွက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ် ရုံးသို့ ပေးပို့သွားမှာဖြစ်သည်ဟု ပွဲကျင်းပသူ အတိုက်အခံများစုပေါင်းအဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံ ဦးသွင်လင်းအောင်က ပြောသည်။

နေအိမ်အချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်သတ် အနိုင်ရခဲ့သောနေ့ နှစ် ၂ဝ မြောက်အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ”ပြည်သူ့ရွေးကောက်ပွဲ” ဟု အမည်ပေးထားကြသည်။

ဆန္ဒမဲ ပို့စ်ကဒ်ပြား တဖက်စီတွင် မေ ၂၇ ရက်၊ ၁၉၉ဝ ရွေးကောက်ပွဲ၌ မဲ ၈၂ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ရခဲ့သည့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ် ရွေးကောက်ပွဲကို ကျင်းပပေးမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ ပုံများပါသည်။

အန်အယ်ဒီကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး စစ်တပ်၏ ဦးဆောင်မှုကို အာမခံထားသော အခြေခံဥပဒေကိုသာ အတင်းအကြပ် ရေးဆွဲစေခဲ့သည်။ အန်အယ်ဒီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ပင်မအတိုက်အခံများက ပါဝင်ရန် ငြင်းပယ်ခံရသော အခြေခံဥပဒေ ရေးဆွဲမှုသည် ၁၄ နှစ် ကြာမြင့်ခဲ့ပြီး အငြင်းပွားဖွယ်ရာ အတည်ပြုမှုလည်း လိုက်ပါလာသည်။

အဆိုပါ အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလ အစောဆုံးထား၍ ကျင်းပရန် စစ်အစိုးရက စီစဉ်လျှက်ရှိသော်လည်း အန်အယ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုကြီးက ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ငြင်းဆန်ထားသည်။

ပြည်ပရောက် ဒီမိုကရေစီလိုလားသော အတိုက်အခံ အဖွဲ့အစည်းပေါင်း ၁၅ဝ က စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို တညီတညွတ်ထဲ ဆန့်ကျင်ထားကြသည်။

သို့သော်လည်း အချက် ၃ ချက်ပါ တောင်းဆိုချက်ကို လိုက်လျောလျှင် အနှစ် ၂ဝ ကာလတွင် ပထမဆုံး ပြန်ဖြစ်လာမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်ဟု အတိုက်အခံများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများအပေါ် အကြမ်းဖက် တိုက်ခိုက်မှု ရပ်တန့်နှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများ ပါဝင်သော တွေ့ဆုံဆွေးနွေးမှုလုပ်ရန် တောင်းဆိုထားသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲမှာ တဖက်သတ် ကျင်းပနေခြင်းဖြစ်ကြောင်း ပြသနိုင်ရန် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်အပြင် အိန္ဒိယ၊ ဂျပန်နိုင်ငံများအပါအဝ် နိုင်ငံ ၁၅ ခုတွင် အတိုက်အခံများက ”ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု” အဖြစ် တပြိုင်တည်းလိုလိုပြုလုပ်ရန် ကြိုးစားနေကြသည်။

ယခုလှုပ်ရှားမှုတွင် အဖွဲ့ ၁ဝ ဖွဲ့ပါဝင်ကာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကဲ့သို့သော တပ်ပေါင်းစုများ၊ တိုင်းရင်းသားလူငယ်အဖွဲ့များ၊ လွှတ်တော်အမတ်များနှင့် စင်ပြိုင် ညွှန့်ပေါင်းအစိုးရတို့ ဖြစ်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း မြန်မာ ၂ဝဝ ကျော်က မြန်မာစစ်အစိုးရက အတိုက်အခံတို့၏ လိုလားချက်ကို လျစ်လျူရှုကာ ရွေးကောက်ပွဲကျင်းပလျှင် ရှုတ်ချရန် အိန္ဒိယနှင့် အာဆီယံ အစိုးရများသို့ တောင်းဆိုလိုက်ကြသည်။

နယူးဒေလီရှိ မြန်မာပြည်သားများက ပေးအပ်သော ”ပြည်သူ့ရွေးကောက်ပွဲ” မဲဆန္ဒများကိုလည်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ရုံးသို့ ယနေ့ ပေးအပ်လိုက်ကြသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုကင်မ်က ပြောသည်။

“မဲတွေကို တနင်္ဂနွေနေ့ကတည်းက ရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ ကနေတဆင့် ကောက်တာ” ဟု ကိုကင်မ်က ပြောသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း လူ ၁ဝဝ ကျော်က ဆန္ဒပြခဲ့ကြပြီး အလားတူ တောင်းဆိုချက်များကို သံရုံးစာတိုက်ပုံးသို့ ထည့်ခဲ့ကြသည်။

ထိုင်ဝမ်၊ ဟောင်ကောင်၊ သြစတြေးလျ၊ ပြင်သစ်၊ ဆွီဒင်၊ အမေရိကန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ကနေဒါနှင့် ဘရာဇီးနိုင်ငံ အသီးသီးတွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။

မြစ်ကြီးနားရထားလမ်းတွင် ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိ

မြစ်ကြီးနား-မန္တလေး အကြား ပြေးဆွဲသော မီးရထားလမ်းကို ပျက်စီးစေရန်ပေါက်ကွဲစေသောပစ္စည်းများ သိမ်းဆီးရမိခဲ့ကြောင်း ဒီနေ့ထုတ် စစ်အစိုး၏ ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

052710-monyen-station

ကချင်ပြည်နယ် မိုးညှင်းရထားဘူတာရုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

မြစ်ကြီးနားဘူတာနှင့် နန်းကွေ့ဘူတာ အကြား ပေါက်ကွဲစေနိုင်သော အရာဝတ္တု အထုပ် ၄ ထုပ်ထဲတွင် အလေးချိန် ၄၀၀ ဂရမ်ရှိသော TNTအတုံး၃၀ ၊ အလေးချိန် ဂရမ် ၂၀၀ ရှိတဲ့ အတုံး၂၀ ၊ စနက်တံ ၆ခု ဆားကစ် ၃ခုနင့် ဓာတ်ခဲ ၁ဒသမ ၅ဗို့ ၁၂လုံးတို့ကိုတွေ့ရှိပြီး မနေ့က စစ်အစိုးရလုံခြုံရေးအဖွဲ့များမှ ဖယ်ရှားလိုက်ကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

စစ်အစိုးရ က လက်နက်ကိုင် သူပုန်များ၏ လက်ချက်ဟု စွပ်စွဲထားကြောင်းကို ဒီကနေ့ထုတ် မလေးရှား အစိုးရပိုင် ဘနားမား အွန်လိုင်းသတင်းတွင် ဖေါ်ပြထားသည်။
“မြန်မာစစ်အစိုးရက မဟုတ်တာ လုပ်တမျှ ကချင်တွေလို့ပြောချင်နေတာ “ ဟု မြစ်ကြီးနားအခြေစိုက် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယခင်လက လူအသေအပျောက်ရှိခဲ့သည့် ဧရာဝတီ မြစ်ဆုံဗုံးပေါက်ကွဲမှုနှင့် ပါတ်သက်၍ ကချင်ပြည်တွင် အစစ်အဆေးများ နေပြီး ကချင်လူငယ်များကို ဖမ်းဆီး နေချိန်တွင် ယခုကဲ့သို့ ရထားလမ်းတွင် ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိခြင်းဖြစ်သည်။

ကချင်လူငယ်များကို စစ်ဆေးနေသော အာဏာပိုင်များက လူငယ်များကို ဖမ်းဆီးရခြင်းသည် အထက်အမိန့်အရဖြစ်ပြီး ဖောက်ခွဲရေး တရားခံကို ဖော်ထုတ်နိုင်ဖွယ်မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

တချိန်တည်းမှပင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နင့် မြန်မာစစ်အစိုးရအကြား နယ်ခြားစောင့်အသွင်ပြောင်းရေးကိစ္စနှင့် ပါတ်သက်၍ တင်မာမှုများလည်း ရှိနေသည်။

စစ်ပြေးဒုက္ခသည်များအား ပလဲ့ဒွန်းဖိုက်တွင် နေရာချပေးမည်

“ဒီမှာ ကျောင်းအပ်နေပြီ၊ နောက်တစ်ရက် နှစ်ရက်ကြာရင် ကျောင်းဖွင့်တော့မယ်ဆိုတော့ ကျနော်တို့ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး” ဟု ခြေတုကို ဘေးတွင်ချလျက် သားနှစ်ယောက်နှင့်အတူ ထမင်းစားနေသော ဒုက္ခိတစစ်ပြေးဒုက္ခသည် နိုင်ဟောင်းမွန်က အားကိုးရာ ရှာသည့် မျက်လုံးအစုံဖြင့် ပြောသည်။

ယနေ့တွင် ခလောက်ခနီဒုက္ခသည်စခန်းရှိ စာသင်ကျောင်း၌ ကျောင်းစတင်အပ်နှံ လက်ခံနေပြီဖြစ်၍ ထိုကျောင်းတွင် ယာယီတည်းခိုနေကြသော စစ်ပြေးဒုက္ခသည်များက ကျောင်းသူကျောင်းသားများအတွက် နေရာဖယ်ရှားပေးရတော့မည် ဖြစ်သည်။
၎င်းတို့အတွက် စခန်းအနီးရှိ ပလဲ့ဒွန်းဖိုက်ကျေးရွာတွင် ယာယီတဲ ၃၀ ဆောက်လုပ်ပြီး နေရာချပေးမည်ဟု စခန်းအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပလဲ့ဒွန်းဖိုက်မှာဆိုရင် သူတို့အတွက် ဒီမှာထက် ပိုပြီးအဆင်ပြေမှာ၊ ဟိုမှာက မြေပြန့်လည်း ဖြစ်တယ်၊ လူလည်းနည်းတော့ သောက်သုံးရေအတွက်လည်း အဆင်ပြေမယ်၊ ဒီမှာက လူလည်း များပြီး မြေပြန့်လည်း မရှိတော့ နေရာချပေးဖို့ အဆင်မပြေဘူး” ဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား စစ်ဖြစ်နိုင်မည့် အရိပ်အယောင် မမြင်တွေ့ရခြင်းကြောင့် ထွက်ပြေးလာသော ရွာသား ၆၀၀ ကျော်အနက် ၅၀၀ ခန့် နေရပ်ပြန်သွားကြပြီ ဖြစ်သော်လည်း ဒုက္ခိတများ၊ နို့စို့အရွယ်ကလေးမိခင်များနှင့် ၎င်းတို့၏ ကလေးများ ကျန်ရှိနေသေးသည်။

“ကျနော်တို့က တခြားသူတွေလို ပြန်လို့မဖြစ်သေးဘူး၊ တကယ်လို့ စစ်ဖြစ်မယ်ဆိုရင် သူများတွေလို ထပြေးလို့ မရဘူးလေ၊ အနည်းဆုံးတော့ ဒီမှာ ၆ လလောက် နေရဦးမယ်” ဟု နိုင်ဟောင်းမွန်က ပြောသည်။

လက်ရှိတွင် ခလောက်ခနီဒုက္ခသည်စခန်း၌ စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၂၀၊ လူဦးရေ ၉၃ ဦးနှင့် ပလဲ့ဒွန်းဖိုက်ကျေးရွာ၌ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၇ ဦး ကျန်ရှိလျက် ရှိနေသည်။

မွန်ပြည်သစ်ပါတီက ဧပြီလ ၂၂ ရက်နေ့တွင် စစ်အစိုးရ ကမ်းလှမ်းထားသည့် ပြည်သူ့စစ်အသွင်ပြောင်းခြင်းကို တရားဝင်ငြင်းပယ်ပြီးနောက်ပိုင်း နှစ်ဖက်လုံးမှ စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့နေရခြင်းကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းမှ ရွာသားအများအပြား ထိုင်းမြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းနှင့် ပလဲ့ဒွန်းဖိုက်ကျေးရွာသို့ ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများ  ကန့်ကွက်မဲ စတင်ပေး

၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများ ကန့်ကွက်မဲ စတင်ပေး

နအဖစစ်အုပ်စုက လုပ်နေတဲ့ ရွေးကောက်ပွဲဟာ လူထုလိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူး။ မြန်မာပြည်မှာရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိဘူး။ အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်ပြီးတော့ ကျနော်တို့ လိုလားတဲ့ ရွေးကောက်ပွဲကို လိုချင်တယ်ဆိုတာကို

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် ကျင်းပ

၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အနှစ် ၂၀ မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားကို ပါတီရုံးချုပ်၏ ပြင်ပနေရာတွင် ပထမဆုံး အကြိမ် ကျင်းပသည်။

ယနေ့ ဒု ဥက္ကဋ္ဌ ဦးတင်ဦး အိမ်တွင် ကျင်းပသော NLD ၏ အနှစ် ၂၀ မြောက် ရွေးကောက်ပွဲ အောင်ပွဲ အခမ်းအနား (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ နှစ်စဉ်ကျင်းပနေကျ ရုံးချုပ်တွင် မကျင်းပဘဲ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယနေ့ နံနက်ခင်းက ကျင်းပခြင်း ဖြစ်သည်။
ဗဟို အဖွဲ့ချုပ်ရုံးတွင် နိုင်ငံခြားသား ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း မပြုရန်နှင့် နိုင်ငံရေး အစည်းအဝေးများ မလုပ်ရန် မေလလယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းမှ တဆင့် မှာကြားဖူးသည်။

“ဒီနေ့ ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားမှာ တက်ရောက်လာသူတွေကို အကျွေးအမွေးနဲ့ ဧည့်ခံတယ်။ နောက်ပြီး ဒီနေ့ ရန်ကုန်တိုင်းအတွင်းက အမျိုးသမီး အကျဉ်းသူ ၃၆ ဦးရဲ့ မိသားစုတွေအတွက် ထောက်ပံ့မှုတွေ ပေးတယ်"ဟု NLD ဗဟိုကော်မတီဝင် ဒေါက်တာမေ၀င်းမြင့်က ပြောသည်။

ဦးတင်ဦးနေအိမ်၌ ကျင်းပသော အခမ်းအနားတွင် ပါတီဝင် ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး အာဏာပိုင်များက စောင့်ကြည့် မှတ်တမ်းယူမှုများ ရှိကြောင်းသိရသည်။

NLD ဗဟိုလူငယ် ကိုရာဇာက “၁၉ နှစ်မြောက် ပွဲတုန်းကတော့ အဖွဲ့ချုပ်ရုံးမှာပဲ တခမ်းတနားနဲ့ သ၀ဏ်လွှာတွေဖတ်တယ်၊ ကြေညာချက်တွေ ထုတ်တယ်၊ တောင်းဆိုချက်တွေ တောင်းတယ်၊ အခုဆိုရင် နိုင်ငံရေးဆိုတဲ့ အခမ်းအနားမျိုး အသုံးအနှုန်းတောင် သုံးလို့ မရတော့ဘူး၊ အသွင်သဏ္ဌန်လေးကတော့ ယုတ်လျော့သွားတယ်ပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင်လည်း ကျင်းပကြကြောင်း သိရသည်။

“မနက် ၇ နာရီလောက်က မန္တလေးတောင်ခြေရင်းမှာ သစ်ပင်သွားစိုက်တယ်။ သရက်၊ ပိန္နဲ အဲလိုမျိုး အပင်ကြီးမျိုးတွေ စိုက်တယ်။ နောက် ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ ဗလာစာအုပ်နဲ့ ခဲတံသွားလှူကြတယ်"ဟု မန္တလေးတိုင်း စည်းရုံးရေး ကော်မတီဝင် ဦးမျိုးနိုင်က ပြောသည်။

မန္တလေးတိုင်း NLD ၏ လှုပ်ရှားမှုများကိုလည်း အာဏာပိုင်များက စောင့်ကြည့် သတင်းယူမှုများ ရှိကြောင်းသိရသည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့တွင်မူ မြို့နယ်စည်းရုံးရေး ကော်မတီဝင် ဦးသန်းအောင်၏ နေအိမ်တွင် အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားများအား စာရေးကိရိယာများ ပေးဝေကြောင်း သိရသည်။

ပြည်ပတွင်လည်း ၉၀ ရလဒ် အနှစ် ၂၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ရာ အိန္ဒိယရောက် အတိုက်အခံ အင်အားစုများက နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံတွင် စုဝေး ဆန္ဒပြကြသည်။

ထို့ပြင် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း၍ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန်နှင့် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးပါရန် အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းထံ လိပ်မူ၍ ယနေ့ ပေးပို့ တောင်းဆိုလိုက်သည်။

“အိန္ဒိယ အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ထောက်ခံပေးပြီးတော့ နအဖရဲ့ အတင်းသွားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချပေးဖို့ တောင်းဆိုချက်တွေ ပါတဲ့စာကို ပေးပို့တာဖြစ်ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တိုင်းရင်းသား ဒေသများတွင် စစ်ဆင်ရေးများ ရပ်တန့်ပေးခြင်း၊ ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်၍ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုခြင်း မရှိသရွေ့ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံကြောင်း လက်မှတ်ရေးထိုး ဆန္ဒပြုထားသည့် အိန္ဒိယရောက် မြန်မာနိုင်ငံသား ၃၆၃၁ ဦး တို့၏ လက်မှတ်များကိုပါ အိန္ဒိယ ၀န်ကြီးချုပ် ရုံးသို့ ပူးတွဲ ပေးပို့ထားသည်။

“အဲဒီတုန်းက လူထုဟာ တပါတီ အာဏာရှင်စနစ်ကို မလိုချင်တဲ့အတွက် NLD ကို မဲပေးခဲ့ကြတယ်။ အခု ၂၀၁၀ မှာလည်းပဲ စစ်အာဏာရှင်ကို မလိုချင်ကြဘူး။ ဒါပေမယ့် NLD လည်း မပါဘူး၊ အားကိုးရမယ့် နိုင်ငံရေး ပါတီခေါင်းဆောင်တွေ မပါဘူးဆိုရင် လူထုဟာ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပုတ်ချသလို လုပ်သင့်တယ်လို့ ကျနော် ယူဆချင်ပါတယ်” ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) မှ ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် န၀တ စစ်အစိုးရ ဦးစီးကျင်းပပေးသည့် ရွေးကောက်ပွဲ၌ NLD ပါတီသည် မဲဆန္ဒ ၈၈ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည်။

သို့ရာတွင် စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ရွေးကောက်ပွဲဥပဒေ ပြဌာန်းကာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်ပြီ ဖြစ်ကြောင်း အတိအလင်း ကြေညာခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲ ၀င်ခွင့်မရစေရန် ကန့်သတ်ချက်များပါရှိသည်။

NLD ပါတီမှ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များကို လက်ကိုင်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ အခြေစိုက် ဧရာဝတီ သတင်းထောက် ဇာနည်မာန် ပူးပေါင်းရေးသားသည်။

ယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် အီးယူနှင့် အာဆီယံ တိုက်တွန်း

စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာပြီး အများယုံကြည် လက်ခံနိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဥရောပ သမဂ္ဂ (အီးယူ) နှင့် အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) တို့က တိုက်တွန်း လိုက်သည်။

ယမန်နေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်၊ ဘရူနိုင်း နိုင်ငံခြားရေး ၀န်ကြီး မင်းသား မိုဟာမက် ဘိုကီးရား (အလယ်) နှင့် စပိန် နိုင်ငံခြားရေး ၀န်ကြီး Miguel Angel Moratinos (ယာ) တို့တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)

မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ နိုင်ငံများ၊ အီးယူ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ၏ တရက်တာ ဆွေးနွေးပွဲကို စပိန်နိုင်ငံ မက်ဒရစ် မြို့တွင် ပြုလုပ်ခဲ့ ပြီးနောက် ၎င်းပူးတွဲ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

အဆိုပါ ပူးတွဲ ကြေညာချက်တွင် “ထိန်းသိမ်းခံ နိုင်ငံရေး သမားများကို စောစီးစွာ လွှတ်ပေး ခြင်းသည် လာမည့် ရွေးကောက်ပွဲ၌ အားလုံး ပါဝင်နိုင်ရန် ဖန်တီး ပေးရာ ရောက်ပြီး ငြိမ်းချမ်းသော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ် လာစေရန် အထောက် အကူပြုနိုင် မည်ဟု ထင်မြင်ကြောင်း” ပါရှိသည်။
ယခုကဲ့သို့ အာဆီယံအဖွဲ့နှင့် အီးယူတို့က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းကို ကြိုဆိုကြောင်း မလေးရှားနိုင်ငံ အခြေစိုက် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့(AIPMC) အလုပ်အမှုဆောင် ညွန်ကြားရေးမှူးဟောင်း ရိုရှန် ဂျေဆင်က ဧရာဝတီသို့ ပြောသည်။

“ဒီထက်ပိုပြီးတော့ ပိုမိုလွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်အောင် တောင်းဆိုရဦးမယ်”ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမိသားစု အနေဖြင့် တင်းကျပ်စွာ ရေးဆွဲထားသည့် ရွေးကောက်ပွဲ ဥပဒေများကို စစ်အစိုးရ အနေဖြင့် ပြန်လည် သုံးသပ်လာစေရန် အမှန်တကယ် အရေးယူသင့်သည်ဟု မစ္စတာ ရိုရှန် ဂျေဆင်က ပြောသည်။

စပိန်နိုင်ငံရေးခြားရေး ၀န်ကြီးဌာန၊ အာရှ-ပစ္စဖိတ်ဆိုင်ရာ အကြီးအကဲ ဟိုဆေး ယူဂျင်းနိုး ဆလာရစ်(Jose Eugenio Salaric) ကလည်း “မြန်မာစစ်အစိုးရ အနေဖြင့် တရားမျှတ၍ ပွင့်လင်းမြင်သာပြီး အများလက်ခံနိုင်သည့် နိုင်ငံရေး လုပ်ငန်းစဉ်တခု ရေးဆွဲ မည်ဆိုလျှင် အနည်းဆုံး ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ပြည်ဆုံမှု ရှိရမည်”ဟု ပြောကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးပြီး အစိုးရကဖွဲ့စည်းထား သည့် ပါတီများ အပြင် အတိုက်အခံ ပါတီများ အားလုံးပါဝင်နိုင်ရမည်ဟုလည်း ဟိုဆေး ယူဂျင်းနိုး ဆလာရစ် က ဆိုသည်။

ရွေးကောက်ပွဲလေ့လာရေး ကိုယ်စားလှယ် အဖွဲ့ ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး၊ နောက်ဆုံးတွင် အပြီးသတ် သဘောတူညီမှု ရလိမ့်မည်ဟု မျော်လင့်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်(Catherine Ashton)က ပြောကြောင်း စပိန်နိုင်ငံမှ အရာရှိတဦးကလည်း ဆိုသည်။

စစ်အစိုးရကမူ“ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာ ရှိပါကြောင်း၊ နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည်မဟုတ်ပါကြောင်း” ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အမေရိကန် နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် ယခုလဆန်းပိုင်း နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက် ရှုတ်ချသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပြည်ပ အခြေစိုက် ဒီမိုကရေစီ အင်အားစုများမှ နိုင်ငံအလိုက် လှုပ်ရှားမှုများကို ယနေ့ ကျင်းပ သည်ဟု သိရှိရသည်။


ယင်းလုပ်ရှားမှုများကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ဆယ်စုမှ နိုင်ငံခြားရေးကော်မတီများကို စုဖွဲ့ထား သည့် နိုင်ငံခြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (FACT) မှ ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်သည်။
“တပ်ပေါင်းစု ဆယ်စုကနေပြီးတော့မှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုကို မတ်လ ၁၉ ရက်နေ့ က ဘန်ကောက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖွင့်လှစ်ခဲ့တယ်၊ ဒီနေ့ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ ဆိုတာကတော့ ဒီ လှုပ်ရှားမှုကြီးရဲ့ လုပ်ငန်းစဉ်တခုလို့ ပြောလို့ရပါတယ်”ဟု FACT တာဝန်ခံ ကိုသွင်လင်းအောင် က ဧရာဝတီသို့ ပြောသည်။

ယနေ့ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အခမ်းအနားသည် မြန်မာနိုင်ငံတွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲမဝင်ဟုဆိုကာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည့်အပေါ်တွင် ပြည်ပ အတိုက် အခံ များကလည်း ၎င်းတို့နှင့် တစ်သားတည်း ဖြစ်ကြောင်းကို ပြသသည့်အခမ်းအနားလည်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

NLD လွတ်မြောက်နယ်မြေ (မလေးရှား) ဥက္ကဌ ကိုကျော်ကျော်က“စစ်မှန်တဲ့ ရွေးကောက်ပွဲ နဲ့ စစ်အာဏာရှင် ရွေးကောက်ပွဲလို့ ရေးထားတဲ့ မဲပြားတွေကို ပို့စ်ကတ်အရွယ် လုပ်ပြီးမှ ဘယ် ရွေးကောက်ပွဲ အမျိုးအစားကို ကြိုက်လဲ ဆိုတာကို ပွဲလာတက်တဲ့သူတွေရဲ့ ဆန္ဒတွေကို ကောက်ခံတဲ့ လှုပ်ရှားမှု လုပ်ခဲ့တာပါ”ဟု သူက ဆို သည်။

ယင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ ပြည့်အခမ်းအနားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ တရုတ်တန်းခန်းမတွင် ကျင်းပခဲ့ပြီး ပွဲတက်ရောက်လာသူဦးရေ တရာခန့်ရှိသည်ဟုလည်း ကိုကျော်ကျော်က ပြောသည်။

NLD လွတ်မြောက်နယ်မြေ (ကိုရီးယား) တာဝန်ခံ ကိုနေထွန်းနိုင်က“ကျနော်တို့က ဆိုးလ်မြို့မှာရှိတဲ့ နအဖ သံရုံး ရှေ့ မှာ ၁၉၉၀ မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲ အကြောင်းတွေ၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အခု စစ်အစိုးရ ပြင်ဆင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းတွေကို သတင်းစာ ရှင်းလင်း ပွဲ တခုလုပ်ပြီးတော့ ပွဲတက်လာတဲ့သူတွေကို တင်ပြခဲ့ပါတယ်”ဟု ပြောသည်။

“ဒီနေ့ပွဲကို ကိုရီးယားမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေ၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံ အားပေးတဲ့ ကိုရီးယား အန်ဂျီအိုတွေ၊ ကိုရီးယားရောက်မြန်မာတွေ တက်ရောက်ခဲ့ပြီးတော့ တခြားနိုင်ငံတွေမှာ လိုပဲ စစ်အာဏာရှင် ရွေးကောက်ပွဲကို ကြိုက်လား၊ စစ်မှန်တဲ့ ရွေးကောက်ပွဲကို ကြိုက်လား ဆိုတဲ့ ဆန္ဒပြုမှုတွေ ကောက်ခံခဲ့ပါတယ်”ဟု ကိုနေထွန်းနိုင်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသားအခွင့်အရေး လုပ်ဆောင်နေသည့် တပ်ပေါင်းစု ၁၀ ဖွဲ့နှင့် လူပေါင်း နှစ်ရာ နီးပါးခန့် တက်ရောက်သည်ဟု စုံစမ်းသိရှိရသည်။

ယင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်း များအပေါ် အန္တရာယ်ပြုမှုများအား ရပ်တန့်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် များကို တောင်းဆိုကြသည်။

ထို့အပြင် စစ်အာဏာရှင် ရွေးကောက်ပွဲနှင့် စစ်မှန်သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်ရန် အစီအစဉ်အား ယနေ့ စတင် ဖွင့်လှစ်လိုက်သည်ဟုလည်း မဲဆောက်မြို့အခြေစိုက် ဧရာဝတီသတင်းထောက်ထံမှ သိရှိရသည်။

ယနေ့ စတင်သည့် စစ်အာဏာရှင် ရွေးကောက်ပွဲနှင့်၊ စစ်မှန်သော ရွေးကောက်ပွဲကို မဲပေးရွေးချယ်ခြင်း အစီ အစဉ် သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်ပြီး ရရှိ လာသော မဲပြားများရလဒ်ကို နိုင်ငံအလိုက် အစိုးရများထံသို့ ပေးပို့သွားမည်ဟုသိရှိရသည်။

အာဆီယံ ဒေသတွင်း နိုင်ငံများမှ ရရှိလာသော မဲပြားများနှင့် မဲပြားရလဒ်များကိုမူ အာဆီယံ အထွေထွေ အတွင်းရေးမှုးချုပ်ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း FACT တာဝန်ခံက ပြောသည်။

နအဖ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ယခုလှုပ်ရှားမှုတွင် မြန်မာ့ဒီမိုကရက်တစ် အင်အားစု၊ အမျိုးသားညွန့်ပေါင်း အစိုးရ၊ မြန်မာ ပါလီမန် အမတ်များအဖွဲ့၊ မြန်မာ အမျိုးသမီး သမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ စသည့်အဖွဲ့အစည်း ၁၀ ဖွဲ့က အဓိက တပ်ပေါင်းစုကြီးအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ယင်းလှုပ်ရှားမှုသည် ကမ္ဘာတလွှားရှိ အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်၏ ထောက်ခံမှုလည်း ရရှိထားကြောင်း သိရ သည်။

ဓနုတ် စေတီ ပြန်လည် ပြုပြင်၊ ဗိုလ်ချုပ်မှူးကြီးမိသားစု မလှူဒါန်းဟု ဆို

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု ဦးဆောင် ပြုပြင်မွမ်းမံခဲ့ ပြီးနောက် မကြာခင် ပြိုကျခဲ့သော ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဓနုတ် စေတီကြီး ပြန်လည် ပြုပြင်ရန် စတင် လုပ်ဆောင် နေကြောင်း သိရသည်။

ဓနုတ်စေတီကြီး ပြိုကျပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)

ဓနုတ် စေတီကြီး ပြုပြင်ရန် အတွက် ရွှေသံလွင် ကုမ္ပဏီက လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုက ဦးစီး လှူဒါန်းမှုများ ပြုလုပ်တော့မည် မဟုတ်ကြောင်း စေတီ ဂေါပက အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

ဒလ ဒေသခံ အာဏာပိုင် တဦးကလည်း “ဒီတခေါက် စေတီ ထီးတင်တာ၊ စိန်ဖူးတော် တင်တာတွေကို နိုင်ငံတော် အကြီးအကဲ မိသားစုဝင် တွေက လုပ်မှာ မဟုတ်ဘူး၊ ဒေသခံ အာဏာပိုင် လူကြီးတွေ၊ ရပ်ရွာက လူတွေကပဲ ဦးစီး လုပ်ကြဖို့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

“ဓနုတ်စေတီပြန်တည်ဖို့ မြေတိုင်းတာတွေ စလုပ်နေပြီ၊ အဓိက က မြေသား အပျော့အမာ စစ်ဆေးတာတွေ ရွှေသံလွင် ကုမ္ပဏီက လုပ်နေတယ်”ဟုလည်း ၎င်းကဆိုသည်။

ယင်း သမိုင်းဝင် ဓနုတ်စေတီကြီးကို ၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ဦးစီး၍ ထီးတော် တင်လှူပြီးနောက်၂၃ ရက် အကြာ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် ပြိုကျခဲ့ခြင်း ဖြစ်သည်။

ဓနုတ်စေတီကြီးပြိုကျခဲ့စဉ်က ထူးခြားသော လက္ခဏာများဖြစ်သည့် ရုတ်တရက် အမှောင်ကျခြင်း၊ မီးလုံးအနီကြီးများ ဖြတ်သန်း ခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီကြီး ၏အရိပ်သည် ထီးတော်မပါဘဲ ကောင်းကင်တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့ ကြောင်း ဒေသခံများက ပြောပြသည်။

ထို ဓနုတ်စေတီကြီးကို ရှေးဘုရင်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ဇနီး ဒေါ်ကြိုင်ကြိုင်က ယတြာချေ သည့်အနေဖြင့် ထီးတော်တင်လှူခြင်းဖြစ်ကြောင်းလည်း ဒလဒေသခံများအကြား ပြောဆိုမှုများရှိခဲ့သည်။

“ဒီစေတီကြီးကို ဘုရင်မကြီး ရှင်စောပုကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခဲ့ဖူးတယ်။ ဒေါ်ကြိုင်ကြိုင် ကလည်း ဘုရင်မတပါးအဖြစ် သူ့ကိုယ် သူ သတ်မှတ်ပြီး ယတြာသဘောနဲ့ ထီးတော်တင်ခဲ့တာကြောင့် ပြိုကျတာဆိုပြီး လူတွေကြားမှာ ပြောဆိုကြတယ်”ဟု ဒလဒေသခံ တဦးက ပြောသည်။

စေတီပြိကျမှုကြောင့် လူ ၂၀ ထက် မနည်း သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသော်လည်း စစ်အစိုးရက လူ ၂ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာ ရသည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်း တည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော် ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျ ပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ခဲ့သည်။

ဓနုတ်စေတီကြီးကို သာသနာ သက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်းဖြစ်ကြောင်း၊ စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဘုရားသမိုင်းတွင် ဖော်ပြထားသည်။

ဓနုတ်စေတီကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီ ဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထား ကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ် တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီး ကလည်း ကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် က လည်းကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ် တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင် ဘိုးတော်မင်းတရား က လည်းကောင်း အသီးသီးပြုပြင် တည်ထားခဲ့ကြကြောင်း မှတ်တမ်းများ အရ သိရသည်။
ဓာတ်ပုံ AFP Photo

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအတွက် မဲပေးနေသူတဦး။ မေ ၂၄၊ ၂၀၁၀။

အာဏာမလွှဲခြင်းကြောင့် တပ်မတော်သမိုင်း အကျည်းတန်

၉၀ ခုနှစ် ရွေးကောက်ပွဲ သမာသမတ် ကျခဲ့တယ်လို့ ရွေးချယ်ခံ ကိုယ်စားလှယ်တွေပြောပေမဲ့ ရွေးကောက်ပွဲရလဒ် ရှိသင့်မသင့်ဆိုတာ သဘောထား မတူကြ

သတင်းအပြည့်အစုံ | နားဆင်ရန်

မြန်မာ့ လူ့အခွင့်အရေးအခြေအနေ ဆိုးသထက်ဆိုး

၂၀၁၀ ခုနှစ်ဟာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအတွက် ထူးခြားတဲ့နှစ်ဖြစ်ပေမယ့် မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုဆိုးလာပါတယ်။

ASEAN  & EU Logos

နိုင်ငံတကာလက်ခံနိုင်မယ့် ရွေးကောက်ပွဲ ကျင်းပရေး EU နဲ့ ASEAN တိုက်တွန်း

မြန်မာပြည်မှာ အများက ယုံကြည်လက်ခံဖို့နဲ့ ပွင့်လင်းမှုတွေ ရှိအောင်လုပ်ဖို့ ဥရောပသမဂ္ဂ နဲ့ အာဆီယံတို့က စစ်အစိုးကို တိုက်တွန်းပြောဆိုလိုက်

Human  Rights Watch

လူထုဆန္ဒပြခဲ့တာ အနှစ် (၂၀) ကြာခဲ့ပြီ

မြန်မာစစ်အစိုးရအနေနဲ့ အာဏာကို ဆုပ်ကိုင်ထားတာ နည်းနည်းပါးပါးမှ လျှော့မယ့်ပုံ မပြသေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ပြောဆို။

Senator Jim Webb (D-VA)

Jim Webb ခရီးစဉ်အပေါ် အတိုက်အခံတွေ မျှော်လင့်ချက်မထား

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက် (Jim Webb) ဟာ ရှေ့လဆန်းမှာ မြန်မာ နိုင်ငံကို ဒုတိယအကြိမ်လာရောက်ဖို့ စီစဉ်ထားပါတယ်။

KDNG Letter for Hu Jintao

Open_letter Eng to China[1]

တရုတ်ဝန်ကြီးချုပ် မြန်မာ့နိုင်ငံရေးကိစ္စ ဇောင်းပေး ပြောကြားဖွယ်ရှိ

တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် တောင်ကိုးရီးယား ဂျပန် မွန်ဂိုလီးယား နှင့် မြန်မာ စသည့် နိုင်ငံများသို့ မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ ၇ ရက်တာ ခရီးလှည့်လည်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ဇွန် ၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးစဉ်တွင် ၀န်ကြီးချုပ်မစ္စတာဝမ်သည် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်

နအဖအကြီးအကဲများနှင့်တွေ့ဆုံစဉ် မစ္စတာဝမ်အနေဖြင့် ရွေးကောက်ပွဲနှင့် တိုင်းရင်းသားလက်နက်ကိုင်ကိစ္စများကို အဓိက ထား ဆွေးနွေးဖွယ်ရှိကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

“အချက် (၃) ချက် အဓိကထားဆွေးနွေးနိုင်တယ်၊ ပထမက ၂၀၁၀ရွေးကောက်ပွဲပြဿနာကို မုချပြောမှာပဲ၊ ကြားရသ လောက် ဆိုရင် ရွေးကောက်ပွဲကို ဒီထက်သင့်တင့်လျှောက်ပတ်တဲ့ အနေအထားမျိုးကို တရုတ်ဘက်က လိုလားတယ် ဒါမှ လည်း သူတို့ဘက်ကထောက်ခံလို့ရမယ်ပေါ့ဗျာ၊ အခု NLD မပါတဲ့အတွက် နအဖရဲ့ရွေးကောက်ပွဲကို တရုတ်က ထောက် ခံဖို့ခက် တယ်” ဟု သူက ဆိုသည်။

တရုတ်နယ်စပ်ဒေသများရှိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အာခံနေသည့် တိုင်းရင်းသား လက်နက်ကိုင်များ အရေးသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်နွယ် နေသောကြောင့် ဆွေးနွေးမည့်အထဲတွင် အဆိုပါကိစ္စလည်းပါဝင် ဖွယ်ရှိသည်ဟု သူကဆက်ပြောသည်။

“နယ်စပ်ပြဿနာနဲ့ပတ်သက်လို့ အေးအေးဆေးဆေးဖြေရှင်းဖို့ပေါ့၊ အရင်တုန်းကလည်းပြောခဲ့တယ် အခုလည်း ထပ်ပြော နိုင်တယ်။ ကျနော်တစ်ဦးတည်း အမြင်ပြောရရင် တရုတ်ပြည်ကတော့ တိုက်တာခိုက်တာကို မလိုလားဘူးထင်တယ်၊ တရုတ်ရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ပေါ်လစီက နှစ်မျိုးလို့ထင်တယ်”

“သူ့ရဲ့ အကျိုးစီးပွားရှိနေတော့ ပြည်တွင်း ပြဿနာတွေအပေါ်မှာ နအဖနဲ့သိပ်အတိုက်အခံမလုပ်ဘူး၊ နအဖ ဘက်က ရပ်တည်တာပေါ့၊ နယ်စပ်ကတော့ သူနဲ့တိုက်ရိုက်ပတ်သက်တော့ ဒါကိုမုချ သူဖြေရှင်းရမှာပဲ၊ တတိယအနေနဲ့တော့ စီးပွား ရေးကိစ္စတွေ ဂက်စ်နဲ့ ရေနံပိုက်လိုင်းကိစ္စတွေ ဆွေးနွေးနိုင်တယ်” ဟု သူက ဆိုသည်။

အာရှနှင့်ပစိဖိတ်ဒေသရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကဒ်ကင်းဘဲလ် (Mr. Kurt Campbell) ၏ မေ ၉ ရက် မြန်မာပြည်ခရီးစဉ်အပြီး တရုတ်ခေါင်းဆောင်များထံ မြန်မာ့နိုင်ငံရေးကိစ္စ သွားရောက်ဆွေးနွေးခဲ့ သေးသည်။

တရုတ်ဝန်ကြီးချုပ်သည် ဘရူနိုင်း မြန်မာ အင်ဒိုနီးရှား နိုင်ငံများသို့ ဧပြီလကုန်ပိုင်းက အလည်အပတ်သွားရန် စီစဉ်ထား သော်လည်း ဧပြီလ ၁၄ ရက်နေ့၌ တရုတ်နိုင်ငံအတွင်း ငလျှင်လှုတ်ခတ်ခဲ့သဖြင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။

၁၉၉၄ နှင့် ၂၀၀၁ တွင် တရုတ်ဝန်ကြီးချုပ်လီပင်းနှင့် သမ္မတကျန်ဇီမင်းတို့ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့အပြီး တတိယအကြိမ် တရုတ်ထိပ်တန်းခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ သွားခြင်းဖြစ်သည်။