Pages

Subscribe

Wednesday 23 June 2010

ရန်ကုန်မြို့တွင် ကြံ့ဖွံ့ပါတီဝင်စုဆောင်းရေး စတင်ပြီ

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၄၊ ၂၀၁၀

မကြာသေးမီက ပါတီအဖြစ် မှတ်ပုံတင်ခဲ့သည့် ကြံ့ဖွံ့ (ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ) ပါတီ၏ ပါတီဝင်သစ် စုဆောင်းသည့် လှုပ်ရှားမှုများ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရန်ကုန်မြို့၏ မြို့နယ်အချို့တွင် စတင်နေပြီဟု မြို့ခံများက ပြောဆိုသည်။လွန်ခဲ့သည့် သီတင်းပတ်က မြောက်ဥက္ကလာနှင့် မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်များတွင် မြို့နယ် ကြံ့ဖွံ့ စည်းရုံးရေးမှူးများက ရ၀တ၊ ဆယ်အိမ်မှူးများ လိုက်ပါပြီး တအိမ်တက်ဆင်း ပါတီဝင်ရန် လိုက်လံ စည်းရုံးလျက်ရှိသည်ဟု အဆိုပါ မြို့နယ်များတွင် နေထိုင်သူများက ပြောဆိုသည်။

မြောက်ဥက္ကလာ မြို့နယ်တွင်နေထိုင်သူ ကျောင်းဆရာ တဦးက
“ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော်တို့ လမ်းထဲကို ကြံ့ဖွံ့စည်းရုံးရေးမှူးတွေ လာပြီး ပါတီဝင်ဖို့ပြောတယ်။ ကျွန်တော်က ခင်ဗျားတို့ အိမ်ရှေ့က လမ်းကို နိုင်လွန်ကတ္တရာလမ်းဖြစ်အောင် ခင်းပေးမယ်လို့ အာမခံရင် ကျွန်တော်ဝင်မယ်လို့ စိမ်ခေါ်တော့ ၊ ဟာ အဲဒါတော့ အာမ မခံနိုင်ဘူးဗျာဆိုပြီး နောက်ဆုတ်သွားတယ်။ ကျွန်တော်က နကိုကတည်းက မ၀င်ချင်တာ၊ မဖြစ်နိုင်တဲ့ဟာနဲ့ စိမ်ခေါ်ကြည့်လိုက်တာ” ဟု ပြောသည်။
အလားတူပင် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ တဦးကလည်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သူတို့အိမ်သို့ ဆယ်အိမ်မှူး အပါအ၀င် မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများ ရောက်လာပြီး အိမ်ရှိ အရွယ်ရောက်သူများအား ကြံ့ဖွံ့ပါတီဝင်ရန် စည်းရုံးပြောဆိုခဲ့သည်ဟု ဆိုသည်။ အသက်အရွယ်ကြီးသူ အငြိမ်းစား ၀န်ထမ်းဖြစ်သူ အဖိုးအဖွားနှစ်ဦးစလုံးကို ကြံ့ဖွံ့ပါတီသို့ ၀င်ရန် ပြောဆိုပြီး ဓါတ်ပုံရိုက်ယူကာ ကိုယ်ရေး အချက်အလက်များ ကောက်ယူသွားခဲ့သည်ဟု ပြောဆိုသည်။
ကာယကံရှင်နှစ်ဦးက အသက်အရွယ်ကြီးရင့်သည်ကို အကြောင်းပြပြီး မ၀င်လိုဟု ငြင်းပယ်သော်လည်း ရာအိမ်မှူးနှင့် နယ်မြေမှူး တို့၏ မျက်နှာကို ကြည့်ပြီး ၀င်ရောက်လိုက်ရသည်ဟု ဆိုသည်။
မြို့နယ်စည်းရုံးရေးမှူးက ဆယ်အိမ်မှူးလုပ်သူကို လက်ညှိုးထိုးပြီး
“ဆယ်အိမ်မှူးတောင် ပါနေတာ ခင်ဗျားတို့က ဘာကိုစိုးရိမ်စရာ လိုလို့လဲ။ ဘာလုပ်ပေးရမယ်လို့ မဟုတ်ပါဘူး။ ၀င်ထားရုံပါပဲ”
ဟု မလိမ့်တပတ်ပြောဆိုပြီး စည်းရုံးသဖြင့် အဖွဲ့ဝင်ဖြစ်သွားခဲ့ရသည်ဟုလည်း သိရှိရသည်။
အဆိုပါ စည်းရုံးသည့် အဖွဲ့က ပါလာသည့် ဒစ်ဂျစ်တယ် ကင်မရာဖြင့် အဖွဲ့ဝင်သူများအား ဓါတ်ပုံရိုက်ယူကာ ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင် လိပ်စာ အစရှိသည့် အချက်များကို ကောက်ယူပြီး လိပ်စာကဒ်အရွယ်ရှိ အစိမ်းရောင်ပြေး ရိုက်နှိပ်ထားသည့် ကဒ်ပြားတွင် လက်မှတ်ထိုးပေး လိုက်ရသည်ဟု ပြောပြသည်။
ယခုကဲ့သို့ စည်းရုံးခြင်းကို တအိမ်တက်ဆင်း လုပ်ဆောင်ခဲ့သည်ဟု လည်းရပ်ကွက်နေသူများက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အနှိပ်ခန်းကဲ့သို့သော အစိုးရဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းလုပ်ကိုင်နေသူများအား ကြံ့ဖွံ့ပါတီက အမာခံစာရင်းထဲ တည့်သွင်းထားခြင်း ခံရသည်ဟု အမည်မဖေါ်လိုသည့် အနှိပ်ခန်း မန်နေဂျာလုပ်ကိုင်သူ တဦးပြောဆိုသည်။
ကြံ့ဖွံ့အသင်းတွင် စည်းရုံးရေး တာဝန်ယူထားသူ ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ယခုလို အမာခံ ၅၀၀ ရှာဖွေဖွဲ့စည်းစေခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။ အမာခံဟု စာရင်းထည့်သွင်းခံထားရသူများ အနေဖြင့် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ရဲတပ်ဖွဲ့နှင့် ပြေလည်အောင် ပေါင်းသင်းနေရသည့် အတွက် ယခုကဲ့သို့ ကြံ့ဖွံ့ပါတီအမာခံ အဖြစ်ထည့်သွင်းခံရ ခြင်းကို ငြင်းဆိုဖို့ မတတ်နိင်ခဲ့ဟုလည်း အဆိုပါ မန်နေဂျာက ပြောသည်။
ရန်ကုန်မြို့နေ လူထု အများစုမှာ ကြံ့ဖွံ့အဖွဲ့မှ စွမ်းအားရှင် ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းပြီး ၂၀၀၇ ခုနှစ်ရွှေဝါရောင် တော်လှန်ရေးတွင် ရဟန်းသံဃာများအား ရိုက်နှက် သေကျေစေခဲ့သည့် အဖြစ်ကို မျက်မြင်တွေ့ဖူးခဲ့သဖြင့် ကြံ့ဖွံ့အဖွဲ့ သို့မဟုတ် ပါတီကို မ၀င်လိုကြဟုလည်း ဒဂုံမြို့သစ်တွင် နေထိုင်သူ တဦးကပြောဆိုသည်။
ကြံ့ဖွံ့အသင်း၏ ပါတီဝင်သစ် စုဆောင်းရေး အစီအစဉ်၌ ကြံ့ဖွံ့အဖွဲ့၏ မြို့နယ်အဆင့် တာဝန်ရှိသူ တဦးလျင် ပါတီဝင်သစ် လူ၅၀- ၁၀၀ စည်းရုံးပေးရမည်ဆိုသည့် ညျွန်ကြားချက်များလည်း ရှိနေသည်ဟု ရပ်ကွက်အတွင်း စည်းရုံးရေး ဆင်းသည့် ရ၀တအဖွဲ့ဝင် တချို့၏ ပြောဆိုချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်ဝန် ဖြစ်သူ ဦးအောင်သိန်းလင်း (ယခင်ဗိုလ်မှူးချုပ်)သည် ကြံ့ဖွံ့အဖွဲ့တွင်လည်း ရန်ကုန်တိုင်းစည်းရုံးရေး တာဝန်ရှိသူ တဦးဖြစ်သဖြင့် စည်ပင်သာယာ အဖွဲ့အနေဖြင့် ရန်ကုန်မြို့နေလူထုအတွက် လုပ်ဆောင်ပေးရမည့် လမ်းခင်းခြင်း၊ ရေဖြန့်ဝေခြင်း၊ စက်ရေတွင်းတူးခြင်းများကို ကြံ့ဖွံ့အသင်းမှ လူထုအတွက် လုပ်ဆောင်ပေးနေသယောင် ဆိုင်းဘုတ်များ အလံများတင်လွှင့်ပြီး လုပ်ဆောင်နေသည်မှာ နှစ်နှင့်ချီရှိနေသည်ကိုတွေ့ရှိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သူများနှင့် စီးပွားရေး လုပ်ကိုင်သူများထံမှ ကောက်ယူထားသည့် အခွန်အကောက်ငွေများဖြင့် လမ်းခင်းခြင်း၊ စက်ရေတွင်းတူးခြင်းကို ကြံ့ဖွံ့အသင်း သို့မဟုတ် ပါတီ စည်းရုံးရေး အတွက် လုပ်ဆောင်ခြင်းမှာ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် မ၀င်ကို အချို့သော နိုင်ငံရေး ဝေဖန်သူများက မေးခွန်းထုတ် ပြောဆိုသည်။

စည်းရုံးရေး တင်းကျပ်မှုကြောင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်

ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပါတီဝင် စုဆောင်းခြင်း၊ စည်းရုံးဟောပြောခြင်းတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေဟာ တင်းကျပ်လွန်းတယ်လို့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။ ဒါပေမဲ့ ပါတီတွေအနေနဲ့ လူထုနဲ့ ထိတွေ့ဖို့ တရားဝင် အခွင့်အရေး ရတာမို့ တင်းကျပ်တဲ့ အခြေအနေအောက်မှာ ဆက်လုပ်သွားရမှာပဲလို့ ပြောတာတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပါတီဝင်အင်အား စုဆောင်းရာမှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ရဲ့ ခွင့်ပြုချက်ယူဖို့ လိုတာနဲ့ စည်းရုံးဟောပြောစဉ်မှာလည်း လုံခြုံရေးအရ ပိတ်ပင်ဖို့ လိုအပ်ရင် ခွင့်ပြုမိန့်ကို ရုပ်သိမ်းနိုင်ခွင့် အပါအ၀င် လိုက်နာရမယ့် စည်းကမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဒီညွှန်ကြားချက်အတိုင်း လိုက်နာရမယ်လို့လည်း ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က ဆိုပါတယ်။

စည်းရုံးရေးကာလမှာ လွတ်လပ်ခွင့်ရှိမှ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ချင်းအမျိုးသား တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနိုကမ်းထမ်က ပြောပါတယ်။

“တကယ့်မဲပုံးမှာ မဲသွားထည့်တဲ့ အချိန်ထက် စည်းရုံးရေးကာလက ပိုအရေးကြီးပါတယ်။ ဒီလို ကန့်သတ်ချက်များတော့ စိတ်မကောင်း ဖြစ်မိတယ်လေ။ စည်းရုံးရေးကာလမှာ လွတ်လွတ်လပ်လပ် ဟောပြောနိုင်ကြမယ်၊ စည်းရုံးနိုင်ကြမယ် ဆိုရင်တော့ တကယ့် ရွေးကောက်ပွဲမှာ လွတ်လပ်မှုရှိတယ်၊ တရားမျှတမှု ရှိတယ်လို့ ပြောလို့ရမှာပေါ့။ အခုညွှန်ကြားမှုအတိုင်း ဆိုရင်တော့ ကန့်သတ်ချက်တွေ တော်တော်များတဲ့ အခါကျတော့ လွတ်လပ်မှုရှိတယ်လို့ ပြောရခက်လိမ့်မယ်။”

ဒီညွှန်ကြားချက်ကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြသွားမယ်လို့လည်း ချင်းအမျိုးသား တိုးတက်ရေးပါတီက ဆိုပါတယ်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းကတော့ တင်းကျပ်တဲ့ စည်းကမ်းတွေ ဖြစ်ပေမဲ့ လူထုနဲ့ထိတွေ့ဖို့ အခွင့်အလမ်းတခုလို့ ပြောပါတယ်။

“တင်းကျပ်တဲ့ ဥပဒေတွေတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က လူထုနဲ့ တိုက်ရိုက် စည်းရုံးဟောပြောခွင့် ရမယ်ဆိုတဲ့ အခြေအနေပေါ်မှာ လက်ခံသဘောတူပါတယ်။ ဘာကြောင့်လဲဆို တင်းကျပ်တယ်ပေါ့ဗျာ၊ ဘယ်သူဟောမှာလဲ၊ ဘယ်အချိန်ဟောမှာလဲ၊ ဘယ်အချိန်လုပ်မယ်၊ ဘယ်အချိန်ပြီးမယ်၊ ဘယ်အချိန်ကျရင် ဘယ်လိုလုပ်၊ ကျနော်တို့ အသံချဲ့စက် သုံးမယ်ဆို အသံချဲ့စက် လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေ၊ ဒီအချက်အလက်တွေ အများကြီးပါပါတယ်။ သို့သော် ကျနော်တို့က ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရရေးဟာ အခု နှစ် ၂၀ သက်တမ်းအတွင်း တရားဝင် ထိတွေ့မှု ရနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။”

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ စည်းရုံးဟောပြောတဲ့ နေရာကို အလံကိုင်ပြီး လာတာတွေ၊ စီတန်း လမ်းလျှောက်တာတွေ မလုပ်ရဘူးလို့လည်း ပါရှိပါတယ်။ ပြီးခဲ့တဲ့လက ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ရုံးဖွင့်ပွဲမှာ အလံတွေ ကားပေါ်တင်ပြီး သွားခဲ့တာကြောင့် ခရိုင်ကော်မရှင်က တားမြစ်ခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။

“အေးပေါ့ဗျာ၊ ကော်မရှင်ကတော့ အဲဒါမျိုးပြောတယ်။ ကျနော်တို့ကလည်း ပြောတယ်၊ ဒါ ဥပဒေနဲ့ မညီဘူးလို့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပါတီ တခုဟာ ကိုယ့်ရဲ့အလံ သင်္ကေတကို လူထုသိအောင် လုပ်ရမှာပဲလို့၊ အဲဒါကို တားခဲ့လို့ရှိရင် ပါတီက လုပ်လို့ရမှာ မဟုတ်ဘူးလို့၊ နိုင်ငံရေးဆိုတာ လူထုသိအောင် လုပ်ရတာလို့ သူတို့ကို ပြောပြခဲ့တယ်ဗျာ။”

အခုလို စည်းကမ်းသတ်မှတ်ချက်တွေကြောင့် စည်းရုံးရေး လုပ်ငန်းတွေ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကလည်း ပြောပါတယ်။

“ဒါကတော့ ရွေးကောက်ပွဲဆိုတော့ လုပ်ပိုင်ခွင့်တွေ တချို့ ရတာပေါ့။ လူထုနဲ့ တွေ့ပိုင်ခွင့်တွေ၊ အစည်းအဝေး လုပ်ပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တော့ရှိတယ်၊ ကန့်သတ်ချက်ပါတယ်၊ ဒါပါပဲ။ ကိုယ်လုပ်ချင်ရာ မလုပ်နိုင်ဘဲ ဒါက ကန့်သတ်ချုပ်ချယ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျနော်တို့လုပ်တဲ့ ဟာတွေမှာ ဘာတွေ သတိထားပါ၊ ညာတွေ သတိထားပါ ဆိုတော့ လုပ်ရကိုင်ရ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့တွေ လုပ်နေတာ ဘောင်ထဲကပဲ၊ ကျနော်တို့ကတော့ ဒီလိုပဲ အခက်အခဲတွေနဲ့ ကြုံရမယ်လို့ မျှော်လင့်ထားပြီးသား။”

ဒါကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အပေါ် နိုင်ငံရေးပါတီ တချို့ရဲ့ အမြင်သဘောထားတွေ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ပါတီထူထောင်ခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။ ပါတီထူထောင်ခွင့်ရပြီး ၂ လနီးပါး အကြာမှာ ပါတီတွေ လိုက်နာရမယ့် ညွှန်ကြားချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ပါတီစည်းရုံးရေး လုပ်ရာမှာ အင်တာနက် စာမျက်နှာ ဖွင့်တာ၊ ပုံနှိပ်ထုတ်ဝေတာနဲ့ ဟောပြောတာတွေကို ချမှတ်ထားတဲ့ စည်းကမ်းဥပဒေ ဘောင်ထဲက လုပ်ပိုင်ခွင့် ရှိပေမဲ့ အခုချိန်ထိ တီဗွီနဲ့ ရေဒီယိုတွေကို အသုံးပြုပြီး မဲဆွယ်စည်းရုံးခွင့်တော့ မရသေးဘူး။

နျူကလီးယား အစီအစဉ် မြန်မာစတင်၊ IAEA အရာရှိဟောင်း အတည်ပြု

မြန်မာနိုင်ငံဟာ နျူကလီးယား ဖွံ့ဖြိုးရေး အစီအစဉ်တွေ စတင် လုပ်ဆောင်နေပြီ ဆိုတာ သေချာတဲ့အကြောင်း မြန်မာပြည်တွင်းက ထွက်လာတဲ့ အထောက်အထားတွေကို ကိုးကားပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ အဖွဲ့ကြီးရဲ့ အကြီးအကဲဟောင်း ရောဘတ် ကယ်လီ (Robert Kelley) က ထပ်မံ အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်တဲ့ အဆင့် ရည်မှန်းချက်တွေကို ရောက်ဖို့တော့ အလှမ်းဝေးတဲ့ အဆင့်မှာ ရှိနေသေးတယ်လို့ သုံးသပ် ပြောဆိုပါတယ်။ ၀ါရှင်တန်မြို့မှာ ကျင်းပတဲ့ မြန်မာနဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲအကြောင်း ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီးယား အစီအစဉ် စလုပ်နေတယ် ဆိုပေမဲ့ မနက်ဖြန် သန်ဘက်ခါ ဗုံးတွေထုတ်တော့မယ် ဆိုတဲ့ အဆင့်တော့ မဟုတ်ပါဘူး၊ တော်တော်လေး အရည်အသွေး နိမ့်တဲ့အဆင့်နဲ့ အစပျိုး လုပ်နေတာ ဖြစ်ပါတယ်လို့ IAEA နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက ပြောဆိုပါတယ်။

မနေ့က ၀ါရှင်တန်မြို့တော် National Endowment for Democracy (NED) အဖွဲ့ကြီးမှာ ကျင်းပတဲ့ မြန်မာနဲ့ နျူကလီးယား ရည်မှန်းချက်တွေအကြောင်း ဆွေးနွေးပွဲမှာ သူက အခုလို ရှင်းပြခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ အယ်လ်ဂျာဇီးယား ရုပ်သံတို့ တွဲဖက် ထုတ်လုပ်ခဲ့တဲ့ မြန်မာစစ်တပ် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ထွက်ဆိုချက်တွေနဲ့ မန္တလေးမြောက်ဘက် သပိတ်ကျင်း နျူကလီးယား တပ်ရင်းက အထောက်အထား ဓာတ်ပုံတွေကို ကိုးကားပြီး IAEA အကြီးအကဲဟောင်း ရောဘတ် ကယ်လီက ပြောဆိုသွားတာပါ။ ဒီဓာတ်ပုံပါ စက်ပစ္စည်းတွေကို ကြည့်ရင် မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား ရည်မှန်းချက်တွေ စတင် ခြေလှမ်း လှမ်းနေပြီဆိုတာ သူ့အနေနဲ့ အခိုင်အမာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

IAEA အကြီးအကဲဟောင်း မစ္စတာ ရောဘတ် ကယ်လီ။
AP
IAEA အကြီးအကဲဟောင်း မစ္စတာ ရောဘတ် ကယ်လီ။ ဇွန် ၄၊ ၂၀၁၀။

“ကျနော့် အမြင်၊ ရှင်းရှင်းလင်းလင်း ခိုင်ခိုင်မာမာ ပြောနိုင်တာက ဒါဟာ နျူကလီးယား အစီအစဉ် ပုံစံတခု ဆိုတာပါ။ ဘာလို့လဲဆိုတော့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ကောင်းကောင်း နားလည်တဲ့ ပညာတတ် စစ်တပ်အရာရှိတယောက် ကိုယ်တိုင် ပြောဆိုထားတဲ့ အချက်တွေ၊ အထောက်အထားတွေ ရှိနေပါပြီ။ စက်ပိုင်းဆိုင်ရာ နည်းပညာရှင် အင်ဂျင်နီယာ တယောက်ပါ။ မြန်မာစစ်အစိုးရဘက်က ဒီကိစ္စကို အထူးလျှို့ဝှက်ထားတဲ့ အတွက်လည်း ဒါဟာ နျူကလီးယားဆိုင်ရာ စီမံချက်တခုလို့ ကျနော်က မြင်ပါတယ်။ တကယ်ဆိုရင် သူတို့ လျှို့ဝှက်ထားစရာ အကြောင်းမရှိပါဘူး။”

မြန်မာစစ်အစိုးရဘက်က မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ် စတင်နေတယ်ဆိုတဲ့ ထုတ်လွှင့်ချက်တွေဟာ လုပ်ကြံ ၀ါဒဖြန့်တဲ့ အစီအစဉ်တွေသာဖြစ်ပြီး ယူရေနီယံ သန့်စင်တာ၊ ထုတ်လုပ်တာ မရှိတဲ့အကြောင်း IAEA ကို ပြန်လည် ငြင်းဆိုထားပါတယ်။ လက်နက်တွေ ထုတ်လုပ်နေတယ်လို့ ယူဆရတဲ့ အဆောက်အဦးတွေကို ၂၀၀၅ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး စက်ပစ္စည်းတွေကို ၂၀၀၆ ခုနှစ်ကမှ စတင်ခဲ့တာပါ။ ဒါကြောင့် ဒီအစီအစဉ်ဟာ သိပ် ရှေ့ကို မရောက်သေးပါဘူးလို့ ရောဘတ် ကယ်လီက ပြောပါတယ်။

စစ်အစိုးရ နျူကလီးယား တပ်ရင်းတွေမှာ ဂျာမဏီနိုင်ငံက ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်တဲ့ အသေးစိတ် တိတိကျကျ ထုတ်လုပ်နိုင်တဲ့ အရည်အသွေးမြင့် စက်ကြီးတွေ ထားရှိပြီး ဒီစက်ကြီးတွေကို စင်ကာပူနိုင်ငံက ပွဲစားတွေကတဆင့် မြန်မာစစ်အစိုးရက ရယူခဲ့တယ်လို့ ရောဘတ် ကယ်လီက ပြန်ပြောပြပါတယ်။ ဒီစက်တွေကို နည်းပညာဆိုင်ရာ သင်တန်းကျောင်းတွေမှာ သုံးဖို့ဆိုပြီး မြန်မာစစ်အစိုးရက အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ လူတွေနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ထားပြီး သင်တန်းတက်ရောက်သူတွေထဲမှာ အမျိုးသမီးတွေ မပါတာ၊ ဂျာမန်ပညာရှင်တွေ ကိုယ်တိုင်က စက်တွေကို ဘယ်လိုနေရာတွေမှာ သုံးသလဲဆိုပြီး လာရောက် စစ်ဆေးတဲ့အချိန် စစ်တပ်အရာရှိတွေကို အရပ်အ၀တ်အစားတွေပဲ ၀တ်ခိုင်းခဲ့တာတွေကို ရောဘတ် ကယ်လီက ထောက်ပြပါတယ်။ ဥရောပ နည်းပညာရှင်တွေ လာရောက်စစ်ဆေးတဲ့အချိန် နံရံတွေမှာ ကပ်ထားတဲ့ စက်ပစ္စည်း ထုတ်လုပ်တဲ့ စာရင်းတွေကိုလည်း မြန်မာစစ်အစိုးရက ပြောင်းလဲထားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

IAEA အနေနဲ့ မြန်မာနိုင်ငံ အတွင်းကို ၀င်ရောက် စစ်ဆေးနိုင်တဲ့ သဘောတူညီချက်မျိုးတွေ ရဖို့လိုတယ်လို့လည်း ရောဘတ် ကယ်လီက ထောက်ပြပါတယ်။

“IAEA ဟာ မြန်မာနိုင်ငံနဲ့ အရေးကြီးတဲ့ သဘောတူညီချက် ၂ ခု ရှိပါတယ်။ ၁၉၉၂ မှာ နျူကလီးယားဆိုင်ရာ ဘေးကင်း လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ပါ။ တခြား ဘယ်နိုင်ငံမဆို IAEA သဘောတူ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်မျိုးပါ။ မြန်မာနိုင်ငံဘက်က စစ်ဆေးစရာ ရှိပါတယ်ဆိုပြီး ကြေညာတာမျိုး မရှိတဲ့အတွက် IAEA ဘက်က စစ်ဆေးခဲ့တာမျိုး မရှိပါဘူး။

“၁၉၉၅ မှာလည်း မြန်မာနိုင်ငံ အနေနဲ့ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ စက်ရုံ၊ ပစ္စည်း မရှိတဲ့အတွက် IAEA အနေနဲ့ လာရောက်စစ်ဆေးစရာ မလိုတဲ့အကြောင်း မြန်မာဘက်က အကြောင်းကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ မြန်မာပြည်အတွင်းမှာ နျူကလီးယားနဲ့ ပတ်သက်လို့ ဘေးကင်းလုံခြုံမှု ရှိမရှိ IAEA ဘက်က စစ်ဆေးခဲ့တာ မရှိပါဘူး။”

နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခင် IAEA ဘက်က မြန်မာနိုင်ငံကို ပေးနေတဲ့ နည်းပညာဆိုင်ရာ အကူအညီတွေကို ဖြတ်တောက်ထားသင့်တယ်လို့ ရောဘတ် ကယ်လီက ပြောပါတယ်။ မြန်မာနိုင်ငံက လျှို့ဝှက် နျူကလီးယား အစီအစဉ် စတင်နေချိန်မှာ တနှစ်ကို ဒေါ်လာ ၇၀၀,၀၀၀၊ ၈၀၀,၀၀၀ လောက် နည်းပညာဆိုင်ရာ အကူအညီတွေ ဆက်ပေးနေတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာ ဂျာမဏီနိုင်ငံက တင်ပို့ထားတဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့ စက်ကြီးတွေကို ဂျာမန်ကုမ္ပဏီတွေ ကိုယ်တိုင် ၂၀၀၇ ခုနှစ်က နောက်ဆုံး စစ်ဆေးခဲ့တာ ဖြစ်တဲ့အတွက် နောက်ထပ် သွားရောက်ပြီး စစ်ဆေးဖို့၊ ဒီစက်ကြီးတွေကို စစ်အစိုးရက ဘယ်နေရာတွေမှာ သုံးနေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဂျာမန်ကုမ္ပဏီတွေကို ဖိအားပေးဖို့ လိုတယ်လို့ ပြောပါတယ်။ နောက် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေက တဆင့်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိနိုင်အောင် စစ်အစိုးရကို ဖိအားပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

မြန်မာ့တပ်မတော်မှာ စစ်ထောက်လှမ်းရေး အရာရှိတဦးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကတော့ ဒီ နျူကလီးယား ရည်မှန်းချက်တွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ဆုံးဖြတ်တာလို့ သူက မြင်ပါတယ်။

“ဒီ နျူကလီးယား ရည်မှန်းချက်ဆိုတာ မြောက်ကိုရီးယားနဲ့ ဆက်စပ်ပြီးတော့ ဖြစ်လာတာ။ အမေရိကန် အပါအ၀င် တခြားနိုင်ငံတွေက မြောက်ကိုရီးယားကို အစာရေစာ ထောက်ပံ့တာတို့ ဘာတို့ ချော့နေရတယ်ဗျာ။ အဲဒါ သွားပြီး မထိရဲဘူး။ အဲဒါက ပါဝါ၊ နျူကလီးယားလက်နက် ရှိလို့ဆိုတဲ့ အမြင်မျိုး ရှိပါတယ်။”

ဓာတ်ပုံပါ အထောက်အထားတွေအရ မြန်မာစစ်အစိုးရဟာ နိုင်ငံတကာနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး နျူကလီးယား ထုတ်လုပ်ဖို့ ခြေလှမ်းတွေ လှမ်းနေတဲ့အကြောင်း IAEA အရာရှိဟောင်း တဦးဖြစ်တဲ့ ရောဘတ် ကယ်လီက ပြောပါတယ်။ ဒီအခြေအနေကို တိတိကျကျ ဖော်ထုတ်ဖို့နဲ့ ဟန့်တားဖို့ လိုတဲ့အကြောင်း သူက ပြောဆိုသွားပါတယ်။

ဗန်းမောက် ရွှေကုမ္ပဏီ ဧရိယာ လုပ်ကွက်များ သတ်မှတ် စည်းကမ်း များနှင့် ညီ၊ မညီ စစ်ဆေး

ဗန်းမောက် မြို့နယ် ရွှေလုပ်ငန်း စစ်ဆေးရေး နှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အဖွဲ့က မြို့နယ် အတွင်းရှိ ရွှေလုပ်ကွက် များအား သတ်မှတ် စည်းကမ်းချက် များနှင့် အညီ လုပ်ကိုင် ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ သတ်မှတ် စည်းကမ်း ချက်များ အနေဖြင့် လက်လုပ် လက်စား လုပ်ကွက် ဖြစ်ပါက အင်ဂျင် မြင်းကောင်ရေ ၁၅ ကောင် ထက် ပို မသုံးရန် သတ်မှတ် ထားပြီး စွန့်ပစ် သဲစာ များကို မြစ်ချောင်းများ အတွင်း မစွန့်ပစ်ရန် ဖြစ်သည်။ ဖွံ့ဖြိုးရေး လမ်းများ၊ ကျေးရွာ ချင်းဆက် လမ်းများကို ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ လယ်ယာ စိုက်ပျိုး မြေများ ပေါ်တွင် ရွှေလုပ်ငန်း လုပ်ကိုင်မှု ရှိ၊ မရှိနှင့် လယ်ယာ မြေများအား ရွှေတွင်း မှ စွန့်ပစ်သော သဲစာ မြေများ မထိခိုက် စေရန် စစ်ဆေးခြင်း၊ လုပ်ကွက် ဧရိယာ အငြင်းပွားမှုကို စစ်ဆေး ဖြေရှင်းခြင်း၊ ရွှေလုပ်ငန်း လုပ်ကွက် ဧရိယာများတွင် လုပ်သားများ မူးယစ် ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရွှေကုမ္ပဏီ များ၏ ဧရိယာ လုပ်ကွက်များ အတွင်း လောင်းကစားဝိုင်း များ ရှိ၊ မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း သတင်း ရရှိပါသည်။

မြန်မာသင်္ဘော ကပ္ပတိန် နှင့် အဖွဲ့ လှိုင်းကြား လေကြား သက်စွန့် ဆံဖျားဖြင့် လူလေးဦး အသက်ကယ်

အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း မုန်တိုင်း မိကာ မျောနေသော ရွက်သင်္ဘောပေါ်မှ အင်္ဂလန် နိုင်ငံသား လေးဦးကို မြန်မာ သင်္ဘော ကပ္ပတိန် ခေါင်းဆောင်သော သင်္ဘောသား အဖွဲ့က အသက်ရှင်လျက် ကယ်တင်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း(MOSA) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုဇွန် ၉ ရက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း၌ ဗြိတိသျှ နိုင်ငံသား လေးဦး ပါဝင်သော အပျော်စီးရွက် သင်္ဘောသည် စပိန် အနောက်မြောက်ဘက် မိုင် ၃၀၀ အကွာ ၌ မုန်တိုင်း ဒဏ်ကြောင့် တက်မကျိုးပြီး သမုဒ္ဒရာအတွင်း လှိုင်းများကြား၌ မျောနေစဉ် မြန်မာသင်္ဘောကပ္ပတိန် ဦးဇော်အောင် ခေါင်းဆောင်သည့် ဓာတုဗေဒပစ္စည်းတင် သင်္ဘော MTM Princess သည် သမုဒ္ဒရာအတွင်း မျောကာ ဒုက္ခတွေ့ နေသော ယင်း အပျော်စီး သင်္ဘောအားေ တွ့ရှိ၍ အခက် အခဲများ ကြားမှ အင်္ဂလန် နိုင်ငံသား လေးဦး ကို အသက်မသေဘဲ ကယ်တင်နိုင် ခဲ့သည်။

''အင်္ဂလန်နိုင်ငံသား လေးဦးက အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးပါ။ အသက် ကတော့ (၅၈) နှစ်နဲ့ (၇၀) ကျော် ၀န်း ကျင်တွေ ဖြစ်ပါတယ်။ အဲဒီလို မြန်မာသင်္ဘော ကပ္ပတိန်က အင်္ဂလန် နိုင်ငံသား လေးဦးကို သက်စွန့် ဆံဖျား ကယ်တင်ခဲ့တဲ့ အကြောင်း ကို ဗြိတိသျှ နိုင်ငံက ထုတ်တဲ့ Fair Play မဂ္ဂဇင်းမှာ တခမ်း တနား ဖော်ပြ ခဲ့တယ်လို့ သိရတယ်။ ဒီလို အင်္ဂလန် နိုင်ငံသားလေး ဦးကို သက်စွန့် ဆံဖျား ကယ်တင်ခဲ့တဲ့ မြန်မာ သင်္ဘော ကပ္ပတိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို အလွန် ချီးကျူးဖို့ ကောင်းတယ်။ အခမ်းအနား နဲ့ သူတို့ကို ဂုဏ်ပြုသင့်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလို သမုဒ္ဒရာ အကျယ်ကြီးမှာ သင်္ဘော တစ်စင်းက လှိုင်းလေ ကြားထဲမှာ ပျက်စီး နေတဲ့ သင်္ဘော တစ်စင်းထဲက လူတွေ ကို အသက် မသေဘဲ ကယ်တင်နိုင် ခဲ့တာ နည်းတဲ့ အရည်အချင်း မဟုတ်ဘူး။ သူတို့ရဲ့ သတ္တိနဲ့ စိတ်ဓာတ်ကို သင်္ဘောသားတိုင်း အတုယူသင့်တယ်''ဟု MOSA မှ တာဝန် ရှိသူက ပြောသည်။

ယခု ဖြစ်ရပ် ကဲ့သို့ပင် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်ကလည်း သမုဒ္ဒရာ အတွင်း လှိုင်း လေများကြား၌ ပြည်သူများ၏ အသက် ကို ကယ်တင် ခဲ့သော မြန်မာ သင်္ဘောကပ္ပတိန် တစ်ဦး ရှိခဲ့ဖူးကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

တပ်အသွင်ပြောင်းရေးကိစ္စ နအဖနှင့် ထပ်မတွေ့တော့ဟု မွန်ပြည်သစ် ပြော

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရ ခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန် မလိုအပ်တော့ကြောင်း မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။

“BGF (နယ်ခြားစောင့်တပ်) ပြောင်းဖို့ ပါတီက လက်မခံဘူးလို့ နအဖဆီကို အကြောင်းကြားထားပြီးသားပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖခေါင်းဆောင်တွေနဲ့ ထပ်တွေ့စရာ မလိုတော့ဘူးလို့ ကျနော်တို့ပါတီရဲ့ နောက်ဆုံးအစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။


ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပပြီးစီးသွားသော ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး နအဖစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ဆက်ဆံရေးအတွက် ဗဟိုကော်မတီဝင်တဦးအား ပြည်တွင်းဆက်ဆံရေးတာဝန်ခံအဖြစ် မော်လမြိုင်မြို့၌ ထားရှိကြောင်း ၎င်းက ပြောသည်။

“နအဖနဲ့ ဆက်ဆံဖို့ ပါတီရဲ့ ဗဟိုကော်မတီဝင်တဦးကို တာဝန်ပေးထားပါတယ်။ ပြောစရာရှိရင်ပဲဖြစ်ဖြစ်၊ မေးစရာရှိရင်ပဲဖြစ်ဖြစ် နအဖအနေနဲ့ အဲဒီလူနဲ့ ဆက်သွယ်လို့ ရပါတယ်” ဟု အဆိုပါ ဗဟိုအလုပ်မှုဆောင်တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း မပြုလျှင် ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို စဉ်းစားပေးမည်မဟုတ်ကြောင်း မွန်ပြည်သစ် ခေါင်းဆောင်တို့က ပြီးခဲ့သည့် ဧပြီလ (၇) ရက်၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နောက်ဆုံးတွေ့ဆုံစဉ်တွင် အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

“တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာတွေအတွက် အဖြေရှာသွားဖို့ နအဖကိုရော၊ နောင်တက်လာမည့် အစိုးရကိုပါ မွန်ပြည်သစ်က ဆက်လက် တောင်းဆိုသွားမှာပါ။ မွန်အမျိုးသားတွေအတွက် အာမခံချက် တစုံတရာ မရှိဘဲနဲ့ လက်နက်စွန့်ခိုင်းတာ၊ တပ်အသွင်ပြောင်းတာတို့၊ တပ်နဲ့ ပါတီကို ခွဲခြားတာတို့ ပါတီက လက်ခံမှာ မဟုတ်ဘူး။ ဒါက မွန်ပြည်သစ်ရဲ့ ရှေ့ရပ်တည်ချက်တွေပါ” ဟု အဆိုပါ ဗဟိုအလုပ်မှုဆောင်က ဆက်လက်ပြောသည်။

ထိုသို့ တပ်အသွင်ပြောင်းရေး လက်မခံကြောင်း မွန်ပြည်သစ်မှ ပြောဆိုခဲ့ပြီးသည့်နောက် နှစ်ဦးနှစ်ဖက် အခြေအနေ တင်းမာလာနေသော အနေအထားများကြောင့် ဧပြီလကုန်ပိုင်း၌ မွန်ပြည်သစ်ပါတီက ပြည်တွင်းရှိ ပါတီရုံးများနှင့် ပါတီဝင်များကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေများသို့ ပြောင်းရွှေ့မှုများ ရှိခဲ့ပြီး မွန်ပြည်သစ် ဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားနှင့် နယ်စပ်ဒေသရှိ ရွာသား (၁,၀၀၀) ကျော်တို့သည် ဘေးလွတ်ရာ နယ်စပ်သို့ ခေတ္တ တိမ်းရှောင်ခဲ့ကြသည်။

ယခုအချိန်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တို့က ပါတီထိန်းချုပ်ရာ ဒေသများမှလွဲ၍ အခြားနယ်မြေများသို့ သွားလာလှုပ်ရှားခြင်း မပြုကြတော့ကြောင်း သိရသည်။

မွန်ပြည်သစ် ခေါင်းဆောင်တို့နှင့် နီးစပ်သူတဦးက “ပြည်တွင်းကို ပါတီခေါင်းဆောင်တွေ မသွားလာတော့တာ အချက် (၂) ချက် ရှိတယ်။ အခြေအနေ တင်းမာတဲ့နောက်ပိုင်းမှာ နှစ်ဦးနှစ်ဖက် အယုံအကြည် ပိုပြီးမဲ့လာကြတယ်။ အချိန်မရွေး အဖမ်းအဆီး ခံရနိုင်တယ်။ နောက်တချက်က ပါတီက ကန့်သတ်လိုက်တာလည်း ဖြစ်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် နအဖစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

စည်းရုံးရေးမှုးတဦးလျှင် ပါတီဝင် (၃၀) ပေးရန် ကြံ့ဖွံ့ တောင်းခံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မြို့နယ် ကျေးရွာအလိုက် စည်းရုံးရေးမှူးများကို တဦးလျှင် ပါတီဝင် (၃၀) ဦး စည်းရုံးပေးရန် တောင်းခံထားကြောင်း သိရသည်။

စစ်အစိုးရကိုယ်စားပြု နိုင်ငံရေးပါတီအဖြစ် လူမှုရေးအသင်းအဖွဲ့မှ အသွင်ပြောင်းလိုက်ပြီးသည့်နောက် ကြံ့ဖွံ့ အသင်းဝင်များကို ပါတီဝင်များအဖြစ် ပြောင်းလဲရန် အပူတပြင်း ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

“သူတို့အသင်းက အခု ပါတီပြောင်းလိုက်တဲ့အချိန်မှာ တကယ်တမ်းပါတီဝင်လို့ ပြောလို့ရတာ (၅,၀၀၀) တောင် မပြည့်တဲ့အခြေအနေမှာ သူတို့ ခံစားနေရတယ်” ဟု ပဲခူးတိုင်း ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူက ဆိုသည်။

ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးများအတွက် လူထုကိုစည်းရုံးရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ကြံ့ဖွံ့ခေါင်းဆောင်များက ပါတီရန်ပုံငွေ ကျပ် သိန်းထောင်ချီ ထုတ်ပေးထားကြောင်းလည်း သိရသည်။

“ဦးရဲမြင့်ထွန်းဆိုတဲ့ သူတို့ တိုင်းတာဝန်ခံ စည်းရုံးရေးမှူးတဦးဆို ဗိုလ်ချုပ် အောင်မင်းဆီကနေ သိန်းထောင်ချီပြီးတော့ ထုတ်ထားတယ်။ လွန်ခဲ့တဲ့ (၆) လလောက်ကတည်းက ထုတ်ထားတယ်။ သူတို့က ဒီလို ငွေထုတ်ပြီး ဒေသထဲမှာ ငွေတိုးပေးတဲ့ အလုပ်ကို ပြန်လုပ်တယ်” ဟု အဆိုပါ ကြံ့ဖွံ့နှင့်နီးစပ်သူက ဆက်ပြောသည်။

လက်ရှိတွင် ပြည်နယ်နှင့်တိုင်းအလိုက် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာများတွင် ပါတီဝင်များ လိုက်လံစုဆောင်းနေပြီး ပါတီဝင်တဦးလျှင် ငွေကျပ် (၁,၃၀၀) ကျပ် ပေးဆောင်ခိုင်းနေကြောင်း သိရသည်။

“နီးစပ်သူတွေကို တအိမ်တက် တအိမ်ဆင်း စည်းရုံးတယ်။ စည်းရုံးပြန်တော့လည်း မရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရတယ်။ အခုက ကိုယ်မကြိုက်တဲ့ပါတီ ဖြစ်နေတာကို ငွေ (၁,၃၀၀) ပေးရမယ်ဆိုတော့ ဘယ်သူမှ မ၀င်ဘူး” ဟု ပဲခူးမြို့ ဒေသခံတဦးက ဆိုသည်။

သို့သော် ကျေးလက်တောရွာများတွင်မူ တအိမ်ထောင် တယောက်နှုန်း ဓာတ်ပုံရိုက် ငွေတောင်းခံပြီး အတင်းအကျပ် ပါတီဝင် စုဆောင်းမှုများ ရှိလာကြောင်း သိရသည်။

လူမှုရေးအသင်းအဖွဲ့အဖြစ် ရပ်တည်စဉ်က နိုင်ငံဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများကို အသင်း မ၀င်မနေရ ၀င်ခိုင်းခဲ့ပြီးနောက် ယခု နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲချိန်တွင် အစစ်အမှန်ပါတီဝင်များ လိုက်လံ စုဆောင်းရာ၌ အခက်တွေ့နေကြခြင်းဖြစ်သည်။

စစ်အစိုးရက ကြံ့ဖွံ့အသင်းကို ပါတီအဖြစ် အသွင်ပြောင်းပြီးနောက် တိုင်းနှင့်ပြည်နယ်၊ ကျေးရွာများရှိ အရေအတွက် သောင်းနှင့်ချီရှိသော ကြံ့ခိုင်ရေးအသင်းဆိုင်းဘုတ်များကို ပြီးခဲ့သည့်လမှစပြီး ဖြုတ်ချနေကာ ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်အဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသည်။
ခေတ်ပြိုင်သတင်းထောက် စိုးမိုး ရေးသားသည်။

နိုင်ငံရေးပါတီများ ကြွေးကျော် ချီတက်ခြင်း မလုပ်ရ

ချင်းမိုင်(မဇ္ဈိမ)။ ။ နိုင်ငံရေးပါတီများ အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်းနှင့် ကြွေးကျော်ချီတက်ခြင်း မပြုရန်နှင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြအောင် ဟောပြောခြင်းမပြုရန် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ချက် ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အချက် ၁၄ ချက်ပါ ဇွန် ၂၁ ရက်နေ့စွဲတပ် ညွှန်ကြားချက်တွင် ယခုအချက်များမှာ တစိတ်တဒေသသာ ဖြစ်သည်။

နိုင်ငံအဝှမ်း ဝင်ပြိုင်မည့် ပါတီများမှာ မှတ်ပုံတင်ကျပြီးသည့်နေ့မှ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင် အနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ဒေသဆိုင်ရာ ပါတီမှာ အနည်းဆုံး ပါတီဝင် ၅၀၀ ရရှိရန်လိုအပ်သည်။

ပါတီရုံးပြင်ပတွင် စုဝေး ဟောပြောလိုလျှင် ခန့်မှန်းခြေ တက်ရောက်နိုင်သည့် အင်အားကိုတင်ပြ၍ ကော်မရှင်ထံမှ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်၍ ခွင့်ပြုချက်ရယူရန်လည်း ညွန်ကြားချက်တွင် ပါရှိသည်။

ပါတီများအနေဖြင့် အစိုးရရုံးများ၊ အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံနှင့် အလုပ်ဌာနများ၊ ဈေးများ၊ အားကစားကွင်းများ၊ သာသနာရေးနှင့်ဆိုင်သော နေရာများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ဆေးရုံ တို့ကို အနှောက်အယှက် မဖြစ်စေရဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ညွန်ကြားချက်တွင် နိုင်ငံရေးပါတီများ ဟောပြော ရေးသားရာတွင် ” နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သိုမဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေခြင်း” မပြုရန် တားမြစ်ထားသည်။

အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် ဟောပြောခြင်းနှင့် တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေရန် ရေးသားမှုနှင့် ဟောပြောမှု မလုပ်ရန်လည်း ပါရှိသည်။

ကော်မရှင်၏ ကန့်သတ်မှုများကို ချိုးဖောက်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ယူဆလျှင် ပါတီကို ဖျက်သိမ်းနိုင်ကြောင်း မတ်လအတွင်းက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများက ပြဌာန်းထားသည်။

ယနေ့အထိ ပါတီမှတ်ပုံတင်လျှောက်ထားသော ပါတီပေါင်း ၄၂ ခု ရှိနေပြီး ၃၃ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကော်မရှင်၏ ညွှန်ကြားချက်သည် ထိုးနှက်ချက်တခုဖြစ်ပြီး နိုင်ငံရေး ပါတီဝင်များ စုဆောင်းရခက်စေသည်ဟု ဝေဖန်သူများတွင် စစ်အစိုးရနှင့် ရင်းနှီးသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်လည်း ပါဝင်သည်။

“ကလေးဆန်တယ်လို့ ထင်တယ်။ သာရေးနာရေး အသင်းတွေ၊ ဘောလုံးအသင်းတွေတောင် အလံတွေ ဝှေ့ရမ်းပြီး လုပ်နေတာပဲ။ နိုင်ငံရေးပါတီက တရားဝင်ပါတီဗျာ၊ တရားဝင် ခွင့်ပြုလိုက်ပြီဆိုရင် ပါတီရဲ့ အလံက လွတ်လွတ်လပ်လပ် သုံးခွင့် ရှိရမှာပေါ့”ဟု ဦးအေးလွင်က ပြောသည်။

ညွှန်ကြားချက်က ၂ဝ၁ဝ ခုနှစ်အတွင်း မည်သည့်နေ့ရက်တွင် ပြုလုပ်မည်ဟု မကြေညာသေးသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်လိုသော နိုင်ငံရေးပါတီများကို အားယုတ်သွားစေသည်ဟု သူက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက ” အလှူခံတောင် အလံလွှင့်ပြီး သွားလို့ရတယ်” ဟု ဆိုကာ ကော်မရှင်၏ ညွှန်ကြားချက်ကို နားမလည်နိုင်ကြောင်း ပြောသည်။

ကော်မရှင်၏ ညွန်ကြားချက်တွင် အဆောက်အအုံ၊ ခန်းမထဲတွင် စုဝေး ဟောပြောခြင်းလုပ်လျှင် အဆောက်အအုံ၊ ခန်းမ အပြင်ဘက်တွင် လူစုလူဝေးမရှိစေရဟုလည်း ထည့်သွင်းပါရှိသည်။

လွန်ခဲ့သည့် နှစ် ၂ဝ က နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲ အကြိုကာလများတွင် နိုင်ငံရေးပါတီများကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ဝေပုံကျ စည်းရုံးဟောပြောခွင့် ပေးခဲ့သော်လည်း ယခုတကြိမ်တွင်တော့ ခွင့်ပြုခြင်း မရှိသေးပေ။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်ရန်လိုအပ်သည်ဟု တောင်းဆိုထားပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။

ရွေးကောက်ပွဲ ဥပဒေက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၁၀၀ ကျော်ရှိသော နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် တားမြစ်ထားသည်။
မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ကမ္ဘာ့အဆိုးဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး တတိယချိတ်

ယခုနှစ် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တတိယသာ ချိတ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာပေါ်ရှိ ဆိုးရွား သော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင် ၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအီးလ်၊ ဒုတိယတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးကို သတ်မှတ်ထားခြင်း ဖြစ်သည်။

(ဓာတ်ပုံ - Foreign Policy)

ရဲစွမ်း သတ္တိ ရှိကြောင်း ဆုတံဆိပ်ပေါင်း များကို ကိုယ်တိုင် ချီးမြှင့်ပြီး ရင်ဘတ်တွင် တပ်ဆင်ထား သော်လည်း ဗိုလ်ချုပ် မှူးကြီးသည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ လုပ်ပေးရန် သတ္တိမရှိသူ ဟုလည်း ဖော်ပြ ထားသည်။

အာဏာရှင်တိုင်း ဆိုးသွမ်းကြ သော်လည်း ယခုထုတ်ပြန် လိုက်သည့် နိုင်ငံ ခေါင်းဆောင် များသည် အဆိုးတကာ့ အဆိုးဆုံး ဖြစ်ကြသည်ဟု Foreign Policy မဂ္ဂဇင်းက မီးမောင်း ထိုးပြ ထားသည်။

၁၈ နှစ်ကြာမျှ အာဏာကို ရယူထားသော ဗိုလ်ချုပ်မှူးကြီး တတိယနေရာ ချိတ်ခြင်းမှာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာလှုပ် ရှားသူများကို ရက်ရက်စက်စက် နှိမ်နင်းပြီး ဖမ်းဆီးထောင်ချခြင်း၊ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တသိန်းလေးသောင်းခန့် သေဆုံးခဲ့ပြီး ၂.၅ သန်းခန့် အတိဒုက္ခ ရောက်ချိန်တွင် နိုင်ငံတကာမှ လူသားချင်း စာနာသော အထောက်အပံ့များကို ငြင်းပယ်ခဲ့ခြင်း၊ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာတွင် မှောင်ခိုငွေကြေးဈေးကွက်နှင့် အစိုးရတရားဝင် ငွေလဲနှုန်း ကွာဟချက် အပေါ်တွင် အကျိုးအမြတ်များ ရယူနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ်မှာမူ နျူကလီးယားထုတ်လုပ်မှုကိုသာ ကြိုးပမ်းနေပြီး ပြည်သူလူထုကို ဆင်းရဲငတ်မွတ်အောင် ပြုလုပ်ထားသူဖြစ်သည်။ ထို့ပြင် နိုင်ငံသား ၂ သိန်းခန့်ကိုလည်း အကျဉ်းစခန်းများသို့ ပို့ထားသည်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက နိုင်ငံ၏ လွတ်မြောက်ရေး သူရဲကောင်း ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်သည့် သက်ဦးဆံပိုင်တဦးဖြစ်သည်။ အတိုက်အခံများကိုလည်း ဖမ်းဆီး၊ နှိပ်စက် ညှဉ်းပန်းခဲ့သည်။ တချိန်တည်းတွင် တိုင်းပြည်၏ စီးပွားရေးကို ချွတ်ခြုံကျစေပြီး ငွေကြေးဖောင်းပွမှုကို ရာနှုန်း ထောင်ဂဏန်းအထိ ဖြစ်စေသူလည်း ဖြစ်သည်။ ပြည်သူလူထု ငတ်မွတ်နေချိန်တွင် ကမ်းလွန်ဒေသမှရရှိသော အကျိုးအမြတ်များနှင့် ခမ်းနားကြီးကျယ်စွာ နေထိုင်နေသူလည်းဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြထားသည်။

Foreign Policy မဂ္ဂဇင်းမှ ထုတ်ပြန်သော ယခုနှစ်အတွက် အဆိုးတကာ့ အဆိုးရွားဆုံး အာဏာရှင်စာရင်းတွင် ယူဂန်ဒါ၊ ရ၀မ်ဒါ၊ ကျူးဘား၊ တရုတ်၊ အီရန်၊ ဗင်နီဇွဲလား၊ ဆူဒန်၊ အီသီရိုးပီးယား၊ အီဂျစ် စသည်တို့လည်း ပါဝင်သည်။

ဧရာဝတီသတင်းထောက် နရီလင်းလက်မှ ရေးသားသည်။

မြ၀တီမြို့ရှိ ရွှေဆိုင် အနုကြမ်းစီးခံရ

ကရင်ပြည်နယ် မြဝတီမြို့၌ ရွှေဆိုင် တဆိုင်ကို သေနတ် သမားများက အနုကြမ်းစီး သွားကြောင်း သတင်းရရှိသည်။

မြ၀တီမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ “ကိုထွန်းအောင်၊ မရွှေသန်း” ရွှေဆိုင်ကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် အမည်မသိ သေနတ်သမား ၃ ဦး က ရွှေ ၅၀ ကျပ်သားခန့် (ကာလပေါက်ဈေး ကျပ်ငွေ သိန်း ၃၀၀ ဖိုးခန့်) ကို ဓားပြတိုက် သွားကြောင်း သိရသည်။
“ဆိုင်သိမ်းခါနီး ယောက်ျားတယောက်နဲ့ မိန်းမတယောက် ၀င်သွားတာတွေ့ လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးတော့ မိန်းကလေးက ဆိုင်ပြင်ဘက်ကို ထွက်လာတယ်။ ဆိုင်ကယ်ပေါ် တက်လိုက်ပြီး ခြောက်လုံးပြူးသေနတ်ကို မိုးပေါ် ၂ ချက် ထောင်ပစ်လိုက်တယ်” ဟု ရွှေဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင် ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

အနုကြမ်းစီးသူများမှာ ၃ ဦးဖြစ်ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး ဖြစ်ကြောင်း၊ အနုကြမ်းစီးသူများသည် အနက်ရောင်ဝတ်စုံများ ၀တ်ဆင်ထားကြပြီး မျက်နှာကို အ၀တ်ဖြင့် ဖုံးကွယ် စည်းနှောင်ထားကြောင်း သိရသည်။

“ရွှေဆိုင်ပိုင်ရှင် ကိုထွန်းအောင် မနေ့က စခန်းမှာ အမှုလာဖွင့်တယ်။ သူပြောပြတဲ့ ဖြစ်စဉ်အရ အနုကြမ်းစီး ဓားပြတိုက်မှု ဥပဒေ ၃၉၈ အရ တိုင်ချက်ဖွင့်ထားတယ်”ဟု မြဝတီမြို့မှ ရဲဝန်ထမ်းတဦးက ဆိုသည်။

အမျိုးသမီးနှင့် အမျိုးသားတဦးက ဆိုင်ခန်းထဲသို့ အရင် ၀င်လာပြီး အမျိုးသမီးက ဆိုင်ရှင်အမျိုးသမီးကို ပစ္စတိုဖြင့် ထောက်ထားကြောင်း၊ ထို့နောက် အတူပါလာသည့် အမျိုးသားက ဆိုင်ရှင် ကိုထွန်းအောင်ကို သေနတ်ဖြင့် ဆက်လက် ချိန်ရွယ်ခဲ့ကြောင်း၊ ကိုထွန်းအောင် ချိန်ရွယ်ခံထားရစဉ် အမျိုးသမီးက ရွှေထည်ပစ္စည်းထည့်ရာမှန်ပုံး ၂ ပုံးကို ပစ္စတိုဒင်ဖြင့် ရိုက်ခွဲကာ ရွှေများကို ယူဆောင်သွားကြောင်း အဆိုပါ ရဲဝန်ထမ်းက ဆက်လက်ပြောပြသည်။

အခင်းဖြစ်ပွားမှုကို ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆိုက်ကားသမားများနှင့် ဆိုင်ကယ် ကယ်ရီသမားများက ကူညီရန် ၀ိုင်းအုံရောက်ရှိလာကြစဉ် အမျိုးသမီးက သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“အုံလာတဲ့လူတွေကို လန့်သွားအောင် ပစ္စတိုထုတ်ပြီး ၂ ချက်ဆင့် ပစ်ဖောက်လိုက်တယ်။ လာတဲ့လူတွေလည်း ရှေ့ဆက် မတက်ရဲတော့ဘူး။ ပြီးတော့ နောက်တယောက် ပြေးထွက်လာပြီး ဆိုင်ကယ်ကို ရုပ်ရှင်ထဲကလိုဘဲ ဒလကြမ်း မောင်းထွက်သွားတယ်” ဟု ဆိုက်ကားသမားတဦးက ဆိုသည်။

အနုကြမ်း စီးခံရပြီးနောက် မြ၀တီမြို့ အ၀င်အထွက်ဂိတ်များကို ပိုက်စိပ်တိုက် ရှာဖွေလျှက်ရှိသည်ဟု သိရသည်။

မြ၀တီမြို့သည် စစ်တပ်၊ ရဲ၊ လ၀က၊ အကောက်ခွန်၊ ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့ဝင်များ၊ ဒုစရိုက်သမားများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း၊ မကြာခဏ လက်နက်ဖြင့် ခြိမ်းခြောက်မှုများလည်း ပေါ်ပေါက်လျှက်ရှိကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် ဘစောတင်မှ ရေးသားသည်။

Lဆိုင်းဇီ၏ စင်တင်ပွဲ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ

ရန်ကုန် အမျိုးသား ကဇာတ်ရုံကြီးတွင် L ဆိုင်းဇီ၏ အကောင်းဆုံး တေးများကို စုစည်းပြီး “မိုးရာသီထဲ” အမည်ရှိ စင်တင် ဖျော်ဖြေပွဲ အစီအစဉ် တင်ဆက်ခဲ့ရာ နာမည်ကြီး အဆိုတော်များစွာ ပါဝင်သီဆို ခဲ့ကြောင်း သိရသည်။

L ဆိုင်းဇီနှင့် ဇမ်နူး | ခေမီကို အကအဖွဲ့ဝင် တဦး ကပြ ဖျော်ဖြေနေစဉ်


ဇွန် ၁၉ ရက်နေ့ ညနေက ကျင်းပသည့် ယင်းဖြေဖျော်ပွဲတွင် Lဆိုင်းဇီနှင့်အတူ ဇော်ပိုင်၊ Lလွန်းဝါ၊ Rဇာနည်၊ အဲလက်စ်၊ နောနော်၊ အနဂ္ဂ၊ ဟဲလေး၊ ရဲလေး၊ မျိုးမျိုး၊ဇင်မင်းခန့်၊ သားကြီး၊ Jenny၊ သံသာဝင်း၊ ချစ်သုဝေ၊ ငယ်ငယ်၊ ဇမ်နူး၊ Nကိုင်ရာ စသည့် တေးသံရင်များ သီဆို ဖျော်ဖြေခဲ့ကြပြီး K မီကို၏ အကအဖွဲ့လည်း ပူးပေါင်း တင်ဆက်ခဲ့သည်။

တေးဂီတကို The Threes အဖွဲ့က တီးခတ်ကြသည်။

ပွဲစဉ် တခုလုံးတွင် စီစဉ်တင်ဆက်သူ အဖြစ် တင်မိုးလွင်က ဆောင်ရွက်ခဲ့သည်။ L ဆိုင်းဇီ က သူ၏ အကောင်းဆုံး တေးသီချင်း များကို ပရိသတ်အကြိုက် သီဆိုပေးကာ သူနှင့်အတူ ပါဝင်ဖျော်ဖြေသော တေးသံရှင်များကလည်း ဂုဏ်ပြုလက်ဆောင် တေးသီချင်းများနှင့် တင်ဆက်ခဲ့သည်။

L ဆိုင်းဇီ၏ စင်တင်ပွဲကို ရုပ်ရှင်၊ ဂီတနယ်ပယ်မှ နာမည်ကြီး အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် သူ၏ ပရိသတ်များ စည်ကားစွာ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီသတင်းထောက် သျှင်ဒီစံမှ ရေးသားသည်။

ပါတီဝင်များ မဲမထည့်ရန် NLD ခေါင်းဆောင်များ လှုံ့ဆော်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များကို လာမည့် ရွေးကောက်ပွဲတွင် မဲမထည့်ကြရန် ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

ဦးဝင်းတင်က ယခုလ ၁၉ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ် ခရီးစဉ်တွင် NLD ပါတီဝင်များကို သွားရောက်တွေ့ဆုံခဲ့ချိန်၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၉ ရက်နေ့ သမိုင်းဝင် ဆွေးနွေးပွဲတွင် တွေ့ရသော NLD ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ)

NLD ပါတီဝင်များ အနေနှင့် မဲမထည့်ကြရန် ပြောကြားခဲ့ သော်လည်း မဲထည့်ရန် လိုအပ်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) တို့ကို မဲမထည့်ကြရန် ပြောကြားခဲ့ကြောင်းလည်း ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင် အပါအ၀င် ဖျာပုံနီလုံဦး နှင့် ဦးဟံသာမြင့်တို့ကလည်း လှိုင်းဘွဲ့မြို့နယ်သို့ သွားရောက်ခဲ့ပြီး တောင်ကလေး ဆရာတော် ကို သွားရောက် ဖူးမြော်ခဲ့ကြောင်း သိရသည်။

တောင်ကလေး ဆရာတော်ကို သွားရောက် ဖူးမြော်ရာတွင် ၎င်းတို့က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် စစ်အစိုးရ ကို တိုက်တွန်းပေးရန် မတ္တာရပ်ခံခဲ့ကြောင်းလည်း သိရသည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ကျင်းပမည်ဟု ကြေညာထားသည်။ သို့သော် NLD ပါတီက ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ထားသည်။

NLDသည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ လွန်ခဲ့သည့် မေလ ၆ ရက်နေ့တွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။

NLDက စစ်အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် တရားမျှတခြင်း မရှိသဖြင့် တရားစွဲဆိုရန် တရားရုံးသို့ သွားရောက် ခဲ့သော်လည်း တရားရုံးက ယင်းကိစ္စ စီရင်ပိုင်ခွင့် အာဏာ ၎င်းတို့တွင် မရှိကြောင်း ပြောဆိုပြီး အမှုကို လက်ခံခြင်း မရှိ ခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က စတင်၍ NLDဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးအုန်းကြိုင်နှင့် ဦးကြည်ဝင်းတို့ကလည်း မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ ပုသိမ်ကြီး စသည့် ၂၂ မြို့နယ်ရှိ NLD ပါတီဝင်များကို သွားရောက်တွေ့ဆုံခဲ့ပြီး မကွေးတိုင်း သို့လည်း သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိခဲ့စဉ် တိုင်းနှင့်ပြည်နယ်ရှိ NLD ပါတီဝင်များကို သွားရောက်တွေ့ဆုံရန် မှာကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“NLD ဟာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိလို့ နိုင်ငံရေး ပါတီအဖြစ်နဲ့ မရပ်တည်တော့ဘူး ဆိုသော်လည်းပဲ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် အင်အားထုကြီး အဖြစ်နဲ့ ဆက်လက် ရှိနေကြပါ၊ ယုံယုံကြည်ကြည် ရပ်တည်နေကြပါလို့ မှာကြားခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြို့နယ် အဖွဲ့ဝင်များ အနေနှင့် ရည်ရွယ်ချက် ရှိသော လူမှုရေး လုပ်ငန်းများ ဖြစ်သော အကျဉ်းသားမိသားစုများကို ငွေ ကြေး ထောက်ပံ့ပေးရေး၊ HIV/AIDS လူနာများအား ထောက်ပံ့ပေးခြင်း၊ နာဂစ်ဒေသတွင် ပြည်သူများ လိုအပ်သော သောက်သုံး ရေ ရရှိရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

ယခု ခရီးစဉ် နှင့် ပတ်သက်ပြီး အစိုးရ အာဏာပိုင်များ၏ နှောင့်ယှက် တားဆီး ပိတ်ပင်ခြင်းများ မရှိကြောင်းလည်း ဦးအုန်းကြိုင်က ပြောသည်။

NLDသည် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်ကတည်းကစပြီး နာဂစ် ဒေသများတွင် ရေတွင်းများ တူးဖော် ပေးခြင်း တို့ကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ယမန်နေ့ အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျ သဖြင့် လျှောက်ထားသည့် ပါတီ ၃၆ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ဧရာဝတီသတင်းထောက် သန်းထိုက်ဦးမှ ရေးသားသည်။

သံဃာတော်များ ပြည်ပထွက်ခွင့် ပိုမို တင်းကျပ်လာ

သံဃာတော်များ ပြည်ပ ထွက်ခွာခွင့်ကို နအဖ စစ်အစိုးရက ပိုမိုတင်းကျပ် နေကြောင်း ပြည်တွင်း သံဃာတော်များက ဧရာဝတီသို့ မိန့်ဆိုသည်။

“ဦးပဉ္ဇင်းတို့ ထိုင်းကိုကြွဖို့ ပတ်စ်ပို့ သွားလုပ်တော့ ပိုက်ဆံတွေဘာတွေ အားလုံးသွင်းပြီး နောက်ဆုံးအဆင့်ကျမှ သာသနာရေးရဲ့ ထောက်ခံချက်လိုပါတယ်တဲ့ ၊ ဒါနဲ့ ဦးပဉ္ဇင်းတို့လည်း ကမ္ဘာအေးက သာသနာရေးရုံးကို သွားရတယ် ၊ ဟိုရောက်တော့လည်း တဘက်နိုင်ငံရဲ့ခေါ်စာပေးပါ ၊ သံရုံးတံဆိပ်တုံးတွေ ပြပါနဲ့ ရစ်တော့တာပဲ ၊ အခုတော့ ပိုက်ဆံတွေ အကုန်ခံပြီးမှ ဘယ်လိုမှ ထွက်မရဘူးဖြစ်နေတယ်"ဟု ထိုင်းနိုင်ငံတွင် ပညာသင်ကြားလိုသည့် ရန်ကုန်မှ သံဃာတော်တပါးက မိန့်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျဝန်ထမ်းတဦးက ပတ်စ်ပို့ရုံးအနေဖြင့် သာသနာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ပါရှိပါက ထုတ်ပေးနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဘန်ကောက်ရှိ တက္ကသိုလ်တခုတွင် ပညာသင်ကြားနေသည့် သံဃာတော်တပါးက "ပြီးခဲ့တဲ့တပတ်ကျော်လောက်ကစပြီး သံဃာတွေ ပြည်ပထွက်ဖို့ ပိုခက်လာတယ် ၊ အခုက ပတ်စ်ပို့ရဖို့ သာသနာရေးက ထွက်မယ့်နိုင်ငံရဲ့ ပင့်ဖိတ်စာကို ပြခိုင်းတယ် ၊ ဒီဘက်သံရုံးက ထွက်လာမယ့် သံဃာရဲ့ ပတ်စ်ပို့ မိတ္တူကိုတောင်းတယ် ၊ ဆိုတော့ ပတ်စ်ပို့အသစ်လုပ်ရမယ့် သံဃာတွေအဖို့ ဘယ်အဆင့်ကို ဘယ်လိုဖြတ်သန်းရမှန်းကို မသိတော့တာမျိုးဖြစ်နေကြတယ်"ဟု ရှင်းလင်းပြောဆိုသည်။

သံဃာတော်များ ပြည်ပသို့ထွက်ခွာပါက သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ ၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာ့မဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြနေကြရသည့်အပြင် ယမန်နှစ် အောက်တိုဘာအတွင်းမှစ၍ ထေရုပ္ပတ္တိကိုပါ တောင်းယူနေကြောင်း သိရသည်။

“တကယ်ဆိုလုပ်ငန်းစဉ်အဆင့်ဆင့်ကို အတိအလင်း ကြေညာကပ်ထားလေ ၊ အရှင်ဘုရားတို့ ပတ်စ်ပို့လုပ်မယ်ဆိုရင် သာသနာရေးကို အရင်ကြွပါ ပြောပေါ့ ၊ အခုတော့ နေရာပေါင်းများစွာ သွားလာငွေသွင်းပြီးမှ ဟိုဟာလိုတယ် ၊ ဒီဟာလိုတယ်နဲ့ ဦးပဉ္ဇင်းတို့လို သံဃာငယ်တွေကို ဘယ်မှ ထွက်မရအောင် လုပ်ထားတာဗျ"ဟု မကြာသေးမီက ပြည်ပထွက်ခွာခွင့် ပြုလုပ်ခဲ့သည့် သံဃာတော် တပါးက ပြောဆိုသည်။

နအဖစစ်အစိုးရက ၂၀၀၇ စက်တင်ဘာ အရေးအခင်းပြီးချိန်မှစ၍ သံဃာတော်များအပေါ် တင်းကျပ်စွာ ကိုင်တွယ်နေရာ သံဃာတော်အများအပြားသည် ထိုင်း ၊ သီရိလင်္ကာ ၊ အိန္ဒိယနိုင်ငံများသို့ ထွက်ခွာ၍ ပညာသင်ယူနေကြသည်။

“အရင်ကတော့ တခြားနိုင်ငံတွေက သံဃာတွေက မြန်မာကိုလာပြီး ဗုဒ္ဓစာပေတွေကို သင်ကြားကြရတယ် ၊ အခု ဦးပဉ္ဇင်းတို့က အပြင်ထွက်ပြီး သင်နေကြရပြီ ၊ အထဲမှာက စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရှိတဲ့အပြင် သံဃာ့တက္ကသိုလ်တွေကလည်း တက္ကသိုလ် အဆင့်အတန်းမရှိဘူး ၊ စာချဆရာတော် အကျော်အမော်တွေရှိပေမယ့် တက္ကသိုလ်အဆင့်မီပစ္စည်း ကိရိယာတွေ မရှိဘူး ၊ ဘယ်မလဲ ကွန်ပျူတာ ၊ ဘယ်မလဲ လျှပ်စစ်မီး "ဟု ဘန်ကောက်တက္ကသိုလ်တခုတွင် တက်ရောက်နေသည့် သံဃာတော်တပါးက မိန့်သည်။

နအဖစစ်အစိုးရက သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်နေသကဲ့သို့ ပြည်ပမှ ပြန်လာသော သံဃာ တော်များကိုလည်း စောင့်ကြည့်မှုများရှိနေသည်ဟု ရန်ကုန်မြို့ခံ သံဃာတပါးက မိန့်သည်။

အဆိုပါသံဃာတော်က “သူတို့က သံဃာတော်ရဲ့ ထေရုပ္ပတ္တိကိုပါတောင်းထားပြီး ပြည်ပထွက်ခွာခွင့်ပြုထားတော့ ပြန်လာရင်လည်း လိုက်ရတာလွယ်သွားတာပေါ့။ အဲဒါကြောင့် သံဃာတွေ မထွက်ခွာခင်ကတည်းက သာသနာရေးက အချက်အလက်တွေ အစုံ ရအောင် တောင်းထားတဲ့သဘောထင်ရဲ့”ဟု မိန့်သည်။

၂၀၀၉ ခုနှစ် ဇွန်လအတွင်းကလည်း သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို ယာယီပိတ်ထားခဲ့ဖူးသည်။

စစ်အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ပြည်တွင်း သံဃာတော်များ၏ လှုပ်ရှားမှုများကို ပိုမို ကန့်သတ် ချုပ်ချယ် နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်း အသစ်များထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

စစ်အစိုးရအား ဆန့်ကျင်သူများဟု သတ်မှတ်ခြင်းခံရသော သံဃာတော်များကို ချုပ်ကိုင်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်တွင် သံဃာ မှတ်ပုံတင် အသစ်များလည်း ထုတ်ပေး၍ ကိုင်ဆောင်စေခဲ့သည်။ ထိုသို့ ထုတ်ပေးခဲ့သဖြင့် လှုပ်ရှားမှုများကို ပိုမိုလွယ်ကူ စွာဖြင့် အာဏာပိုင်များက ခြေရာခံနိုင်ကြောင်း သံဃာတော်များက ဆိုသည်။

၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှားမှုတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သော အရှင်ဂမ္ဘီရကို စစ်အာဏာပိုင်များက ၂၀၀၇ နိုဝင်ဘာ လဆန်းတွင် ဖမ်းဆီးခဲ့ပြီး အမှုပေါင်း ၁၇ မှုနှင့် ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခဲ့သည်။

၂၀၀၈ ဇွန်လအတွင်းက အယူခံဝင်ခဲ့ရာ စစ်အစိုးရက အရှင်ဂမ္ဘီရအား ထောင်ဒဏ် ၅ နှစ် လျှော့ပေးခဲ့ပြီး ထောင်ဒဏ် ၆၃ နှစ်ဖြင့် စစ်ကိုင်းတိုင်း ကလေးထောင်တွင် အကျဉ်းချထားသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော သံဃာတော် အပါး ၂၅၀ ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူ ရေးသားသည်။

ကုန်သွယ်မှု ငွေကြေးဆိုင်ရာ မူဝါဒ ပြောင်းလဲ

ပြည်တွင်းတွင် တရားဝင် ရရှိထားသော နိုင်ငံခြားငွေဖြင့် ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းခွင့် (Import Right) နှင့် ငွေစာရင်း လွှဲပြောင်းမှု (Account Transferring) များကို လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးလိုက် သောကြောင့် ပို့ကုန်လုပ်ငန်းတွင် ရိုက်ခတ် မှုများ ရှိကြောင်း သိရသည်။

“ပို့ကုန်ရငွေ မှုဝါဒဖြေလျှော့လိုက်တာ အခွင့်အရေးတွေ အများကြီးရှိလာနိုင်တယ်။ ဒါပေမယ့် ပို့ကုန်ရငွေ ဈေးကွက်မှာ ဈေးတွေကျလာတယ်။ အထိုင် မကျသေးခင်အထိ ပို့ကုန်လုပ်ငန်းရှင်တွေ ထိခိုက်နိုင်တယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ဆိုသည်။

ပြည်တွင်းစီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းမှ ရသည့် နိုင်ငံခြားဝင်ငွေများကို ပို့ကုန်ရငွေအဖြစ် သတ်မှတ်ပေးပြီး
နိုင်ငံခြားငွေဖြင့် လစာရရှိသူများလည်း နိုင်ငံခြားငွေစာရင်းဖွင့်၍ တခြားနိုင်ငံခြားငွေစာရင်းသို့ လွတ်လပ်စွာ လွှဲပြောင်းနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာနက မေလကုန်တွင် ထုတ်ပြန်ခဲ့သည်။

တရားဝင်ရရှိသော နိုင်ငံခြားငွေနှင့် အစားထိုး နိုင်ငံခြားငွေ (အက်ဖ်အီးစီ) တွင် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ပြီး ၉၀ ရာခိုင်နှုန်း မှာ ပို့ကုန်ရငွေ (Export Earning) ဖြစ်၍ ယခုကဲ့သို့ ဘဏ်စာရင်းလွတ်လပ်စွာ လွှဲပြောင်းခွင့် ပြုခြင်းကြောင့် ငွေကြေး ဈေးကွက် ၌ ရှိခဲ့သော စာရင်းလွှဲပြောင်းပြီးငွေ (D-Transfer) မလိုတော့သဖြင့် လုပ်ငန်းရှင်အချို့အတွက် အဆင်ပြေနိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

နိုင်ငံခြားငွေ သုံးစွဲမှုတွင် အမေရိကန် ဒေါ်လာ၊ ပို့ကုန်ရငွေ၊ အက်ဖ်အီးစီနှင့် D-Transfer ဟူ၍ ၄ မျိုးရှိသည်။

“ကျွန်တော်တို့ Export ပို့နေတဲ့ ပစ္စည်းတွေ ဈေးတဖြည်းဖြည်း ထိုးကျလာတယ်။ ပဲဈေးတွေလည်း တအိအိကျလာတယ်၊ တမျိုးကောင်းလာတယ် ဆိုရပေမယ့် ပို့ကုန်သမားတွေတော့ လတ်တလောမှာ ထိခိုက်နေတယ်” ဟု ဗိုလ်တထောင် မြို့နယ်ရှိ ပို့ကုန်သွင်းကုန် ကုမ္ပဏီတခုမှ မန်နေဂျာက ဆိုသည်။

အကောက်ခွန် ၀န်ကြီးဌာနနှင့် ဆက်သွယ်၍ ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသူတဦးက “Export Earning ကို အရင်က ခက်ခက်ခဲခဲနဲ့ လိုက်ဝယ်ရတယ်။ Account လွှဲဖို့ကလည်း တယောက်ပဲရတော့ တော်တော်ခက်ခဲတယ်ဗျာ။ အခုလိုလုပ်တာ ကောင်းပါတယ်။ လက်ရှိမှာ ပို့ကုန်ပစ္စည်းတွေ ဈေးကျလာတော့ ကျနော်တို့ လုပ်ငန်းတွေ အရင်လောက် မပို့နိုင်ဖြစ်နေတယ်” ဟု ပြောသည်။

Export Earning ဈေးနှုန်းမြင့်နေချိန်တွင် ဆန်၊ ပဲနှင့် ရေလုပ်ငန်း ထွက်ကုန် တင်ပို့သူများ အမြတ်အစွန်းများများရပြီး Earning ဈေးနှုန်းကျဆင်းလာမှုကြောင့် အဆိုပါလုပ်ငန်းဈေးနှုန်းများ ကျလာကြောင်း ၀ါရင့်ကုန်သည်တဦးက ဆိုသည်။

နိုင်ငံခြားငွေ မှုဝါဒအပြောင်းအလဲကြောင့် သွင်းကုန်လုပ်ငန်းများ ပိုမိုအဆင်ပြေလာခြင်းနှင့် မြန်မာ ငွေကြေးတန်ဖိုး မြင့်တက်လာခြင်းများ ရှိသော်လည်း ပို့ကုန်လုပ်ငန်းရှင်များ အကျိုးအမြတ်နည်းလာနိုင်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင် ဦးဝင့်ကျော်က ပြည်တွင်းထုတ် ဂျာနယ်တစောင်တွင် ပြောထားသည်။

စီးပွားရေးသမားတဦးက မူဝါဒ အပြောင်းအလဲ ကြေညာရခြင်းမှာ နိုင်ငံအတွင်း၌ ပုံစံအမျိုးမျိုးဖြင့် လည်ပတ်နေသော နိုင်ငံခြားငွေများသည် အစိုးရဘဏ်ထဲသို့ ရောက်မလာဘဲ မှောင်ခို ဈေးကွက်တွင်သာ ရှိနေသောကြောင့် ဖြစ်သည်ဟု ပြောသည်။

အခြားလုပ်ငန်းရှင် တဦးကမူ စစ်အစိုးရထုတ်ပြန်သော ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ပြည်သူလူထုထက် အာဏာရှိသူများ၊ ယင်းတို့နှင့် ဆက်နွှယ်သော စီးပွားရေးသမားများအတွက်သာ အကျိုးများလေ့ရှိသဖြင့် စောင့်ကြည့်ရန် လိုမည်ဟု ဆိုသည်။

ငွေစာရင်း လွတ်လပ်စွာ လွှဲပြောင်းနိုင်ကြောင်း ကြေညာချက် ထွက်ပေါ်ပြီးနောက် Exporting Earning လွှဲပြောင်းမှုနှုန်း ဈေးကျသွားကြောင်းသိရသည်။

ပြည်တွင်းကုမ္ပဏီတခုက စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးသို့ စာရင်းပြောင်းရငွေ ဒေါ်လာ ၂၁ သန်းကျော်ကို ဇွန်လအစောပိုင်းတွင် ကုန်ပစ္စည်း တင်သွင်းခွင့်ရှိငွေ အဖြစ် ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် ဈေးနှုန်း ၁၀၇၀ မှ ၁၀၁၀ အထိ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း စီးပွာရေး သတင်းရပ်ကွက်မှ သိရှိရသည်။

လုပ်ထုံးလုပ်နည်းကို နားလည်သော အဆိုပါ ထိပ်သီး စီးပွားရေးသမားက မူဝါဒ ဖြေလျှော့ခြင်းကို အကာအကွယ်ယူ၍ ကစားခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား သုံးငွေကို တရားဝင် စီမံခန့်ခွဲသော ဘဏ် ၂ ခု ရှိပြီး မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ကြသည်။

မိုးယံနှင့်အတူ ဧရာဝတီ သတင်းထောက် ခက်ထန် ပူးပေါင်းရေးသားသည်။