Pages

Subscribe

Monday 5 July 2010

ဓာတ်ငွေ့ရောင်းရငွေ နျူကလီးယား စီမံကိန်းမှာ အသုံးပြု

မြန်မာအစိုးရဟာ သဘာဝဓာတ်ငွေ့ကရတဲ့ အခွန်ဘဏ္ဍာငွေတွေကို လျှို့ဝှက် နျူကလီးယား စီမံကိန်းအတွက် အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ရေးရာ အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီဘဏ္ဍာငွေတွေကို သုံးစွဲတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် တိုင်းပြည်နစ်နာရတယ်လို့ ပြည်ပအခြေစိုက် Earth Rights International (ERI) အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ ၁၉၉၈ ကနေ ၂၀၀၉ ခုနှစ်အထိ တိုတယ် (Total)၊ ချက်ဗရွန် (Chevron) နဲ့ PTTEP ကုမ္ပဏီတွေဆီကနေ ဒေါ်လာသန်း ၅,၀၀၀ နီးပါး ရခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ERI ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ရဲတံခွန် သဘာဝဓာတ်ငွေ့တွေ ရောင်းလို့ရတဲ့ ဒီငွေအားလုံးနီးပါးကို နျူကလီးယား စီမံကိန်းနဲ့ စစ်အင်အား တိုးချဲ့ရာမှာ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ERI ရဲ့ မြန်မာနိုင်ငံ စီမံကိန်းဒါရိုက်တာ ကိုနိုင်ထူးက မြန်မာအစိုးရဟာ သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို နျူကလီးယား စီမံကိန်းအတွက် သုံးနေတယ်လို့ ဆိုပါတယ်။

“ဒီ နျူကလီးယား အစီအစဉ်တွေ လုပ်နိုင်ဖို့က အပြင်ကငွေရမှ လုပ်နိုင်မယ်ထင်တယ်။ အပြင်ကငွေကို ပြန်ကြည့်လိုက်ရင် ကျနော်တို့ရဲ့ တွက်ချက်ထားတဲ့ စာရင်းဇယားအရ နိုင်ငံရဲ့ဝင်ငွေ ထက်ဝက်နီးပါးက ဒီ ဂက်စ်ရောင်းရတဲ့ငွေလေ၊ ပြီးတော့ DVB တို့ ထုတ်ဖော်ထားတဲ့ သတင်းအချက်အလက် အရပေါ့နော်၊ ကျနော်တို့ လက်တွေ့ရနေတဲ့ အချက်အရ ဒီငွေတွေက ပြည်သူတွေအတွက် သွားတာမဟုတ်ဘဲ ဒီစီမံကိန်းအတွက် သွားနေတာ။ ဘာဖြစ်လို့လဲဆိုတော့ နာဂစ်လို အခြေအနေမျိုး၊ ချင်းပြည်နယ်မှာဖြစ်ခဲ့တဲ့ အစာငတ်မွတ် ခေါင်းပါးမှု အချိန်တွေမှာ အစိုးရက ပိုက်ဆံထောက်ပံ့တာ မရှိခဲ့ဘူး။ မရှိတဲ့အချိန်မှာ နျူကလီးယားလုပ်ဖို့၊ ဂူတွေဆောက်ဖို့ ပိုက်ဆံတွေ အများကြီး ထွက်လာတယ်။ ဒီပိုက်ဆံတွေ ဘယ်ကထွက်လာတယ်ဆိုတာ ပြန်လိုက်ကြည့်တဲ့အခါမှာ သူတို့ရဲ့ဝင်ငွေက ဒါပဲရှိတယ်လို့ ပြောလို့ရပါတယ်။”

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိုတယ်၊ ချက်ဗရွန်နဲ့ PTTEP တို့က အလေးအနက်ထား စဉ်းစားဖို့လည်း ERI က တိုက်တွန်းထားပါတယ်။

တိုတယ်နဲ့ ချက်ဗရွန်တို့ဟာ နိုင်ငံအများအပြားမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေမှာ အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲမှုအတွက် ပွင့်လင်းမြင်သာမှုကို ဦးစားပေး ဆောင်ရွက်လေ့ ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုလုပ်ဆောင်မှု မရှိပါဘူး။ ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းပြောဆိုရင်လည်း ဒီကုမ္ပဏီတွေက ငြင်းပယ်တယ်လို့ ကိုနိုင်ထူးက ပြောပါတယ်။

“ကျနော်တို့ အရင်တခေါက် ပြီးခဲ့တဲ့ စက်တင်ဘာလကထုတ်တဲ့ ရီပို့အပေါ်မှာ တိုတယ်လ်က ပြောခဲ့တယ်၊ သူတို့က ထုတ်ဖော်လို့မရဘူး၊ ထုတ်ဖော်ခဲ့မယ်ဆိုရင် နအဖက လက်ခံမှာ မဟုတ်ဘူး၊ တဆက်တည်းမှာလည်း ချက်ဗရွန်ပြောတာက လုံးဝ ထုတ်ဖော်လို့ မရဘူးတဲ့။ ဒါပေမဲ့ ကျနော်တို့ ပြီးခဲ့တဲ့ ယူနိုကယ်ကို တရားစွဲတုန်းက ရထားတဲ့ အထောက်အထား (ကန်ထရိုက်စာချုပ်) မှာကျတော့ ထုတ်ဖော်ပြောပြလို့ မရဘူးဆိုတာ မရှိဘူး၊ ထုတ်ဖော်လို့ ရတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ဒီကုမ္ပဏီဟာ သူတို့သွားလုပ်တဲ့နေရာမှာ Transparency ရှိဖို့ပေါ့နော်၊ မရှိဘူးဆိုရင် သူတို့ ဘာတွေလုပ်လဲဆိုတာ လူတွေက မသိဘူး၊ ဒုတိယတချက်ကလည်း ဒီ Transparency က ဗမာပြည်အတွက် ရေးကြီးနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရဟာ သဘာဝဓာတ်ငွေ့ကရတဲ့ ဒေါ်လာသန်း ၅,၀၀၀ နီးပါးကို စင်ကာပူက OCBC နဲ့ DBS ဘဏ်တွေမှာ အပ်နှံထားတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ERI က စွပ်စွဲခဲ့ပြီး OCBC နဲ့ DBS ဘဏ်တွေကတော့ ငြင်းဆိုခဲ့ပါတယ်။

အခွန်ဘဏ္ဍာ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်လို့ စောင့်ကြည့်လေ့လာနေတဲ့ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်က မြန်မာစစ်အစိုးရဟာ ပြင်သစ်ဘဏ်တခုမှာလည်း အလားတူ ငွေအပ်နှံထားတယ်လို့ ဒီကနေ့ ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“နောက်ပိုင်း ကျနော်တို့ ထပ်သိရတာကတော့ ပြင်သစ်ဘဏ်တခုဖြစ်တဲ့ BMP ဆိုတဲ့ ဘဏ်မှာလည်း နအဖစစ်အုပ်စုနဲ့ ပြင်သစ် တိုတယ်လ်ကုမ္ပဏီတို့ရဲ့ ငွေတွေကလည်း ထဲထဲဝင်ဝင် ဆက်စပ်လုပ်နေတာ တွေ့ရတယ်။ အဲဒီဘဏ်မှာ ၂၀၀၃ ပတ်ဝန်းကျင်လောက်ကနေ တနှစ်ချင်း ပေးတဲ့ငွေက ၄၅ သန်း၊ ၄၆ သန်းလောက် အနည်းဆုံး ကျနော်တို့ တွေ့ရတာပေါ့နော်။ ဒီနောက်ပိုင်း ၂၀၀၉- ၁၀ ဆိုရင် အဲဒီထက် အဆပိုပြီးတော့ အပ်နှံထားတယ်လို့ ခန့်မှန်းလို့ရတယ်။”

တိုတယ်လ်၊ ချက်ဗရွန်နဲ့ PTTEP ကုမ္ပဏီတွေဟာ ဒေါ်လာသန်း ၉,၀၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၀% ကျော်ကိုပဲ ပြည်တွင်း သဘာဝဓာတ်ငွေ့ သုံးစွဲဖို့အတွက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ရွှေသဘာဝဓာတ်ငွေ့သိုက်က ထွက်တဲ့ ဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံသို့ စတင်ရောင်းချမှာဖြစ်ပြီး တနှစ်ကို ဒေါ်လာသန်း ၁,၂၀၀ ကျော်နှုန်းနဲ့ အနှစ် ၂၀ ကျော် ရောင်းချမှာ ဖြစ်ပါတယ်။

ကြံ့ဖွံ့မှထွက် ကချင်ပါတီထောင်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဘက်ပြောင်းလာသော ကချင်တိုင်းရင်းသားများက ကချင်ပါတီ အသစ်တခု ဖွဲ့စည်း၍ ယခုလ ၂ ရက်နေ့က နေပြည်တော်၌ ပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်ပြီ ဖြစ်သည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်-စဒက (Unity and Democracy Party of Kachin State - UDPKS) ကို စစ်အစိုးရ၏ ပါတီဖြစ်သော ကြံ့ဖွံ့ပါတီမှ အမတ်လောင်းအဖြစ် ဝင်ပြိုင်ရန် လျာထားသူ ဒူဝါ ခက်ထိန်နန်က ဥက္ကဌ တာဝန်ယူမည်ဖြစ်ကြောင်း သူနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။

ခက်ထိန်နန်သည် မြစ်ကြီးနားမြို့ မြောက် ဘက် ၈ မိုင်အကွာရှိ နောင်နန်းကျေးရွာမှ ဆွမ်ပရာဘွမ် မြို့နယ်အတွင်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။

သို့သော် လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဦးစီးသော ကြံ့ဖွံ့ပါတီနှင့် UDPKS တို့၏ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ကချင်ပါတီများကို ထူးကဲစွာပင် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် မပြုသေးချိန်မှာ နောက်ထပ် ပါတီတခု ထပ်ထွက်လာခြင်းလည်းဖြစ်ရာ ယခုအခါ ကချင်လူမျိုးပါတီ ၄ ခုရှိသွားပြီ ဖြစ်သည်။

ကေအိုင်အို အဖွဲ့ဝင်ဟောင်းများ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုးတက်ရေးပါတီ တို့မှာမူ ယခုနှစ် ဧပြီလကတည်းက ပါတီထူထောင်ခွင့် လျှောက်ထားသော်လည်း ယနေ့အထိ ထူထောင်ခွင့် မပြုသေးပေ။

UDPKS ပါတီတွင် ခေါင်းဆောင်ပိုင်း၌ပါဝင်သူ ကြံ့ဖွံ့ဟောင်းများမှာ ဒု ဥက္ကဌ ဖောင်လာ ဂမ်ဖန်နှင့် အကြံပေးအရာရှိ မဒိန်ဇုံးတိန့်တို့ ဖြစ်သည်။ မဒိန်ဇုံးတိန့်သည် ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဖြစ်သည်။ ၎င်းနှင့်အတူ ရှေ့နေ ဒွဲဘူ၊ ရှေ့နေ လမြဂမ် တို့ ပါဝင်ကာ ယခင်လ လယ်ပိုင်းက ပါတီကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေ ဒွဲဘူသည် စစ်အစိုးရက ကျင်းပခဲ့သည့် “ညောင်နှစ်ပင် အမျိုးသား ညီလာခံ” သို့ ကချင်ပြည်နယ် မြို့မိမြို့ဖ အနေဖြင့် တက်ရောက်ခဲ့ဖူးသူ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

UDPKS ပါတီ၏ မူဝါဒများကို မေးမြန်းချက်ကိုမူ ပြောဆိုရန် အချိန်စောသေးကြောင်း ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသူ ဒု ဥက္ကဌ ဖောင်လာ ဂမ်ဖန်က ဖြေသည်။

“ပြောဖို့ နည်းနည်း အချိန်စောပါသေးတယ်ဗျာ။ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၈ မြို့နယ်လုံးမှာ ပေါ့နော်။ ကချင်ပြည်နယ် အတွက်ဆိုတော့ ပြည်နယ်သူ ပြည်နယ်သားတွေ အားလုံးအတွတ် ပါတီကြီး ဖြစ်လာမှာပါ” ဟု သူက မဇ္ဈိမကိုပြောသည်။

ပါတီ ဥက္ကဌ ဒူဝါ ခက်ထိန်နန် အား ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ သို့သော် သူသည်လည်း ကချင်ပြည်နယ်အတွင်း၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြ သည်။

ဒူဝါ ခက်ထိန်နန် သည် မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီဝင် တဦးဖြစ် ပြီး ရွှေနှင့် ကျောက်စိမ်းတူးဖော်ရေး “အောင်ရွှေကမ္ဘာကုမ္ပဏီ” ပိုင်ရှင်ဖြစ်သည့်ပြင် ရွှေတူးဖော်ရေး အခြားကုမ္ပဏီ Myu Gin Dai ကိုလည်း အစုစပ်ပိုင်ကြောင်း သူနှင့် နီးစပ်သူများထံမှ သိရသည်။

ကချင်ပြည်နယ်နေ့ အထိန်းအမှတ် ၅၆ ကြိမ် မှ ၅၉ ကြိမ်အထိ မနော်ပွဲ တာဝန်ခံအဖြစ် ၄ ကြိမ်နှင့် ယခင်နှစ် ၆၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ်တွင်လည်း မနောပွဲ တာဝန်ခံအဖြစ် ထပ်မံတာဝန်ယူခဲ့သူဖြစ်သောကြောင့် ကချင်လူထု၏ ယုံကြည်မှုကို ရခဲ့သည်ဟု သူနှင့် ရင်းနှီးသူ မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

“သူ ဦးဆောင်တဲ့ အချိန်မှာ စည်းရုံးမှုကို တော်တော့်ကို ရခဲ့တယ်။ အခုလိုမျိုး စစ်အစိုးရ အသုံးချတာ ကိုလည်း သိတယ်။ သူက တော်တော် အရေးပါတယ်။ လူတွေကို စုရုံးနိုင်ခဲ့တယ်” ဟု မြို့ခံက မဇ္ဈိမကို ပြောသည်။

ယခင်လကုန်ပိုင်းက ဆက်သွယ်/စာတိုက်နှင့် ကြေးနန်း ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်နှင့် အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းတို့က ကချင်ပါတီအသစ်တခု ထူထောင်ရန်အတွက် တိုက်တွန်း ပြော ဆိုခဲ့ပြီးနောက် UDPKS ပါတီ ဖြစ်ပေါ်လာသည်ဟု လေ့လာသူများက ပြောသည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ဖားကန့်တွင် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ဆိုင်ကယ် ကယ်ရီခ ဈေးတက်လာ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေလမ်းပိတ်ဆို့လာပြီး ပုံမှန်လမ်းများမှ သွားလာရန်အခက်အခဲဖြစ်ကာ ဇွန်လကုန်ပိုင်းမှစကာ ဆိုင်ကယ်ကယ်ရီခ ၂ ဆ တက်လာသည်။

07510-mali-hka-kaba

ရေကြီးမှုကြောင့် ဖါးကန့်-ဆိုင်းတောင်ကြား စစ်လှေများဖြင့်သာ ဆက်သွယ်နေရပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

ဖားကန့်ဆိုင်းတောင်သွားလမ်းများတွင် ဆိုင်ကယ်၊ ကားများ သွားလာ၍မရသောကြောင့် ရွာဟောင်းလမ်းများမှသွားလာနေရကာ ဆိုင်ကယ်ကယ်ရီခ ယခင် ကျပ် ၂၀၀၀ ရှိရာမှ ယခု ကျပ် ၄၀၀၀ ရှိနေပြီဖြစ်ကြောင်း ဖားကန့် တည်းခိုခန်းပိုင်ရှင် တစ်ဦးပြောသည်။

“ရေကြီးလာမယ်ဆိုတာ သိတယ်လေ၊ အဲဒါကြောင့်ရွာဟောင်းလမ်းဖောက်ထားကြတာ၊ ခုရွာဟောင်းလမ်းကနယ် ဆိုင်ကယ်နဲ့ သွားနေကြတာ၊ ဆိုင်ကယ် ကယ်ရီဈေးတော့ အရင်ထက် အများကြီးတက်တယ်” ဟု ၎င်းမှ ဆက်ပြောသည်။

နှစ်စဉ်နှစ်တိုင်း မိုးဥတုတွင် ရေကြီးမှု ဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်သည် ယခင်နှစ်ကလို မြေပြို၍ လူအသေအပျောက်ထိဖြစ်လာမည့် အခြေအနေရောက်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။

ဖားကန့်မော်တွင် နေ့စဉ်နဲ့အမျှ စက်ယန္တရားကြီးများနှင့် ကျောက်စိမ်းတူးဖော်မှုကြောင့် ထွက်ရှိလာသည့် မြေစာများသည် တောင်လိုပုံလာကာ ဥရုချောင်း၏ ရေစီးကြောင်းတွင် ၎င်းမြေစာများ သင့်ကာ ရေမစီးဆင်းနိုင်တော့ပဲ ရပ်ကွက်တော်တော်များများ ရေလွမ်းမိုးခြင်းခံနေရသည်။

ဤကဲ့သို့ ရေကြီးလာမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာကာ ကုန်ဈေးနှုန်းများ သိသာစွာ တက်လာပြီး လမ်းစရိတ်များလည်း တိုးမြင့်လာသည်။

တစ်ဖက်တွေလည်း ဧရာဝတီမြစ်ရေကြီးလာမှုကြောင့် မြစ်ကြီးနားဒေသခံပြည်သူများ ဆန်အိတ်များနှင့် ကော်ဘူးများ ကြိုတင်စုဆောင်းလျက်ရှိသည်။

“အခုတော့ ရေက စိုးရိမ်မှတ်တော့မရောက်သေးဘူး၊ ဒါမဲ့ တစ်နေ့တစ်နေ့ကြီးနေတယ်” ဟု ဒေသခံတစ်ဦးပြောသည်။

ဝိုင်းမော်မြို့တွင်လည်း အာဏာပိုင်များက သုံးဘီးဆိုင်ကယ်များဖြင့် ရေကြီးလာနိုင်သည်ဟု လိုက်လံသတိပေး ကြေငြာပေးနေသည်။
ဧရာဝတီမြစ်ရေသည် ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၈၊ ၂၀၀၄ စသည့်ဖြင့် ၇ နှစ်တစ်ကြိမ်ရေကြီးလေ့ရှိသည်။ ၂၀၀၄ခုနှစ် ဧရာဝတီရေကြီးမှုတွင် နေအိမ်များ၊ ခြံဝင်းလိုက်ပျောက်ဆုံးပျက်စီးကာ လူအများအပြားသေဆုံးမှုများဖြစ်ပေါ်ခဲ့ သည်။

ဒီနှစ် ၂၀၁၀ခုနှစ်တွေမှာလည်း ရေကြီးလာနိုင်သည်ဟု ဒေသခံများ စိုးရိမ်နေကြသည်။

ခမောက်ကိစ္စ ရွေးကောက်ပွဲ ကော်မရှင်ထံ NLD တိုင်ကြား

ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ခမောက်ပုံတံဆိပ်ကို ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုခွင့် ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တင်ပြထားတာကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် ကန့်ကွက်လိုက်ပါတယ်။ NLD နဲ့ ခမောက်ကို နှစ်ပေါင်းများစွာ တွဲပြီး သိလာကြတာဖြစ်လို့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်နိုင်တဲ့အတွက် ကန့်ကွက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် စာတင်လိုက်တာ ဖြစ်ပါတယ်။ NDF ပါတီကတော့ ခမောက်တံဆိပ်ဟာ ပြည်သူအများကို ကိုယ်စားပြုတဲ့အတွက် ခမောက်တံဆိပ်ကို အသုံးပြုတာလို့ ပြောပါတယ်။ အခုလို ခမောက်ပုံတံဆိပ်နဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ နောက်ဆုံး အခြေအနေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါ်မေ၀င်းမြင့်နဲ့ ဒေါ်ခင်ဌေးကြွယ်တို့ နှစ်ယောက်ဟာ NLD ပါတီရဲ့ကိုယ်စား ကန့်ကွက်စာကို ဒီနေ့ နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့မနက် သူတို့ဆီက ဖုန်းရတာကတော့ ဒီနေ့မနက်ပိုင်းမှာ ဦးစီးအရာရှိက ကန့်ကွက်ချက် တင်တာကို လက်ခံ ရယူထားပါတယ်။ ကျနော်တို့ အခု ကန့်ကွက်ချက် တင်တဲ့နေရာမှာ ဒီခမောက်က NLD ရဲ့ မူပိုင်လို့ ကျနော်တို့ မပြောပါဘူး။ ကျနော်တို့ ပြောတာက NLD နဲ့ ခမောက်ဟာ ခွဲခြားလို့ မရလောက်အောင်ကို ရှိခဲ့တယ်။ ဒီလို အထောက်အထားတွေကို ကျနော်တို့ တင်ပါတယ်။

“နောက် ဒီခမောက်နဲ့ NLD ရဲ့ခမောက်နဲ့ ဆင်တူယိုးမှားလုပ်တာဟာ ဥပဒေအရ အတုပြုလုပ်မှု ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်တာလို့ ကျနော်တို့ အဲဒီလို ဖော်ပြထားပါတယ်။ ကျနော်တို့ ပြောချင်တာကတော့ အဖွဲ့ချုပ်နဲ့ ဆင်တူရိုးမှား၊ အဖွဲ့ချုပ်ယောင်ယောင် သဘောမျိုးတွေတော့ မလုပ်သင့်ဘူးလို့လည်း ထင်ပါတယ်။ ဒီလို ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေမယ့် ဟာမျိုးကို ရှောင်ကျဉ်သင့်တယ်လို့လည်း ထင်ပါတယ်။”

အခု NLD ပါတီက ကန့်ကွက်သလိုမျိုး တခြား မြို့နယ် အဖွဲ့ဝင်တွေကလည်း သူတို့သဘောနဲ့ သူတို့ လက်မှတ်ရေးထိုး ကောက်ခံပြီး ကန့်ကွက်လွှာပို့ဖို့ စီစဉ်နေကြတာ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီနေ့ဆိုရင် မကွေးတိုင်း အတွင်းက စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ ကန့်ကွက်လွှာကို ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တာ ရှိတယ်လို့လည်း ပြောပါတယ်။

“မကွေးတိုင်းက ကိုနေမျိုးကျော်ကလည်း မကွေးတိုင်းထဲက လက်မှတ်တွေ ရယူပြီးတော့ ကန့်ကွက်စာကို သူကိုယ်တိုင် လာတင်ပါတယ်လို့ အဲဒီလို သိရပါတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို NLD ပါတီက ကန့်ကွက်ပေမဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကတော့ NLD ပါတီနဲ့ ထင်ယောင်ထင်မှား ဖြစ်စေတယ်၊ တုပမှုတွေ ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ်မှာ ငြင်းဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ အမှတ်တံဆိပ်တွေ ကြားမှာ ခမောက်ပုံတံဆိပ် မပါသေးသလို ခမောက်တံဆိပ်ဟာ တခြားတံဆိပ်တွေထက်စာရင် ထင်သာမြင်သာ ရှိတာမို့ အခုလို ရွေးချယ်တာ ဖြစ်တယ်လို့ NDF ပါတီရဲ့ တာဝန်ရှိသူ ဦးခင်မောင်ဆွေက ပြောပါတယ်။

“NLD ပိုင်တဲ့ ခမောက်ဆိုရင် အန်ကယ်တို့ကိုယ်တိုင် NLD အဟောင်းတွေပဲလေ။ အန်ကယ်တို့မှာရော သုံးခွင့် မရှိဘူးလား။ အန်ကယ်တို့ကတော့ ခမောက်ဆိုတာဟာ တခြား တင်ပြီးသား ပါတီတွေရဲ့ မှတ်ပုံတင် တံဆိပ်တွေနဲ့ လုံးဝ ကွဲပြားတဲ့အတွက်ကြောင့် ခမောက်ဟာ ထင်သာမြင်သာရှိတယ်၊ ရွေးကောက်ပွဲ ကာလကြရင် ပြည်သူတွေဟာ ခမောက်နဲ့ အခြားအခြားသော တံဆိပ်တွေနဲ့ ယှဉ်ရင် ခမောက်က တသီးတသန့် ဖြစ်နေတဲ့ အတွက်ကြောင့် ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိနိုင်အောင်၊ ပြီးတော့ မြန်မာနိုင်ငံ လူများစုကြီးကို ကိုယ်စားပြုတဲ့ ခမောက်မို့လို့ အန်ကယ်တို့ ခမောက်ကို ရွေးခြင်းဖြစ်ပါတယ်။ NLD ကို တုပခြင်း မဟုတ်သလို NLD ကို အရိပ်ခိုခြင်းလည်း မဟုတ်ပါဘူး။ NLD အရှိန်အ၀ါကို ဆွဲငင် သုံးစွဲခြင်းလည်း မဟုတ်ဘူးဆိုတာ NDF အဖွဲ့ဝင်တွေ အားလုံးက သဘောပေါက်ပါတယ်။”

NDF ပါတီ တာဝန်ရှိသူ ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေအရ ကန့်ကွက်လွှာကို ၇ ရက်အတွင်း တင်သွင်းရမှာမို့ ရန်ကုန်တိုင်း အပါအ၀င် ပဲခူးတိုင်း အနောက်ဘက်ခြမ်းက မြို့နယ် တော်တော်များများကလည်း အချိန်မီ ကန့်ကွက်စာ တင်သွင်းဖို့ စီစဉ်နေတယ်လို့ ဇီးကုန်းမြို့က NLD အဖွဲ့ဝင် ဒေါ်ခင်ဝိုင်းက ပြောပါတယ်။

“သာယာဝတီ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပြည်ဘက်ခြမ်းကလည်း ပါမှာပါ၊ ဒါ ပဲခူးတိုင်း အနောက်ခြမ်းကပေါ့၊ ၂ ခရိုင်က သာယာဝတီခရိုင်ကပေါ့။ မဲပေးထားတဲ့ ပြည်သူလူထုကလည်း ဒါကို လက်မခံကြဘူး။ ပြည်သူတွေကြားမှာ ပြောနေကြတာပေါ့။ ဒါကြောင့် အချိန်က မရလို့ အန်တီတို့က အမြန်ဆုံး ပို့ချင်တာပါ။”

ဒါ့အပြင် NLD ပါတီဝင် မဟုတ်ပေမဲ့ ခမောက်နဲ့စု အမှတ်တံဆိပ်က ခွဲမရအောင် အများရင်ထဲ စွဲပြီးသားမို့ ကြို့ပင်ကောက်မြို့က တောင်သူဦးကြီးတွေကလည်း ဒီကန့်ကွက်လွှာကို ပေးဖို့ စီစဉ်နေပါတယ်လို့ ကြို့ပင်ကောက်မြို့ခံ ဦးမိုးဆေးက ပြောပါတယ်။

“ဦးတို့ တောသူတောင်သား တောင်သူလယ်သမားတွေကြတော့ ဒီမိုကရေစီတို့ NLD တို့ကို သိပ်နားမလည်ဘူး။ ခမောက်ဆိုရင် သူက ပြီးရောလေ။ ခမောက်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူထဲမှာထားတဲ့ ရင်ထဲက အသည်းနှလုံးပဲလေ။ တောင်သူလယ်သမားနဲ့ ရပ်သူရွာသားတွေနဲ့ ရဟန်းသံဃာတွေနဲ့ ပေါင်းပြီးတော့ တင်ဖို့ စီစဉ်နေပါတယ်။”

ကြို့ပင်ကောက်မြို့ခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခု ပါတီအမှတ်တံဆိပ် ရွေးချယ် အသုံးပြုမှုနဲ့ ပတ်သက်ပြီး အငြင်းပွားတာကတော့ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ခွပ်ဒေါင်းကို သူတို့ရဲ့ ပါတီအလံမှာ အသုံးပြုဖို့ တောင်းခံတဲ့ အပေါ်မှာ ၀ိုင်းဝန်း ကန့်ကွက်ခဲ့တာမျိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲ ကော်မရှင်က ပြန်ပြောင်းဖို့ ပြောလာတဲ့အတွက် သက်ဆိုင်ရာ ပါတီက သူတို့ရဲ့အလံကို ပြောင်းလဲပေးခဲ့ရတာမျိုးလည်း ရှိပါတယ်။

KNU နဲ့ DKBA ငြိမ်းချမ်းရေး ဆွေးနွေး

လက်နက်ကိုင် ကရင်အဖွဲ့ ၂ ခုကြားမှာ အပစ်အခတ် ရပ်စဲကြဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်ဘက် အောက်ခြေတပ်တွေကြားမှာ ဆွေးနွေးမှုတွေ စတင်နေပါတယ်။ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ အောက်ခြေတပ်တွေ စတင်ဆွေးနွေးတာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့ရင် ကရင်အမျိုးသားတွေအတွက် အကျိုးများလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေကြပေမဲ့ လက်တွေ့မှာ သဘောတူညီမှု ရနိုင်ဖို့ ဘယ်လောက် ဖြစ်နိုင်ပါသလဲ။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးနဲ့ DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် အဖွဲ့တို့ဟာ ဇွန်လ နောက်ဆုံးပတ် ထိုင်းနယ်စပ် တနေရာမှာ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNU ခေါင်းဆောင်တဦးက ပြောပါတယ်။ အဲဒီဆွေးနွေးမှုဟာဆိုရင် KNU ဗဟိုဌာနချုပ်ရဲ့ လမ်းညွှန်ချက်အရ အောက်ခြေတပ်များကနေ ဆွေးနွေးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ ပဒို ဒေးဗစ်သာကပေါက အခုလို အတည်ပြု ပြောပြခဲ့ပါတယ်။

“ဒါ အောက်ခြေအဆင့်ပဲ၊ လျှို့ဝှက်ပြီး လုပ်နေတယ်လို့ထင်တယ်။ ဗဟိုက လမ်းညွှန်ပေးထားတယ်လေ။ အဲဒါ အကျိုးရှိမယ်၊ တကယ်တမ်း တိုးတက်မှုရှိမယ်ဆိုမှ ဗဟိုက ဝင်ကိုင်ပါမယ်။ ကျနော်တို့ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိပါတယ်။”

အလားတူ DKBA အဖွဲ့က တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်း မပြုခဲ့ပါဘူး။ KNU အဖွဲ့နဲ့ DKBA အဖွဲ့တို့ အနေနဲ့ အခုလို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာဟာ ကရင်တမျိုးသားလုံးအတွက် အကျိုးရှိနိုင်မယ်လို့ ကရင့်အရေး လှုပ်ရှားသူ ဆရာထူးဂလိက အခုလို ပြောပါတယ်။

“အပစ်အခတ် ရပ်စဲနိုင်မယ် ဆိုတော့ ကျနော့်အနေနဲ့ ဝမ်းသာစရာ တခုပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်သူတွေအတွက် ပြေလည်မှု ရှိတာပေါ့ခင်ဗျာ။ ကျနော်တို့ ပိုပြီးတော့ အင်အားကြီးတာပေါ့၊ တော်လှန်ရေးအတွက်။ ကျနော့်ရဲ့ အမြင်ပေါ့လေ။”

၂ဝ၁ဝ နှစ်ဆန်းပိုင်းတုန်းကလည်း မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်ပြီး KNU နဲ့ DKBA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲကို အပြီးမသတ်နိုင်ခဲ့ဘူးလို့ KNU တပ်မဟာ ၆ ဒေသမှ စစ်ဘက်အရာရှိတဦးက ပြောပါတယ်။

DKBA တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ် ဇန်နဝါရီလလောက်မှာ ဘာသာရေး ခွဲခြားမှုကို အကြောင်းပြပြီး KNU ကနေ ခွဲထွက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ KNU နဲ့ လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်လုံးမှာ ထိခိုက် ကျဆုံးတာတွေ များပြားခဲ့တယ်လို့လည်း KNU အရာရှိတဦးက ပြောပါတယ်။

အခုလို KNU နဲ့ DKBA တို့ အောက်ခြေအဆင့်ကနေပြီး တဖွဲ့နဲ့တဖွဲ့ နားလည်မှု ရှိလာတဲ့အပေါ်မှာ စစ်အစိုးရက ဘယ်လိုသဘောထားဦးမယ် ဆိုတာ မသိသေးဘူးလို့ အမည်မဖော်လိုသူ ကရင်အမျိုးသားအရေး လှုပ်ရှားသူတဦးက ဆိုပါတယ်။

အခုလို တဖွဲ့နဲ့တဖွဲ့ နားလည်မှု ရှိလာတာဟာ ကောင်းမွန်တဲ့ အသွင်လက္ခဏာ ဆောင်လာတယ်လို့ ဆိုပေမဲ့ စစ်အစိုးရကနေ ကြိုးကိုင်ထားတဲ့ DKBA က ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ စစ်အစိုးရရဲ့ ဆန္ဒတွေကို ငြင်းဆန် ပယ်ရှားဖို့တော့ အချိန်ယူရမှာဖြစ်ပြီး ညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကတော့ မရေရာမှုတွေနဲ့ ပြည့်နေဆဲပဲလို့ ကရင်အမျိုးသားအရေး လှုပ်ရှားသူများက သုံးသပ်ထားပါတယ်။

မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသား အသိအမှတ်ပြုကတ် တမျိုးမျိုး ရရှိစေရမည်ဟုပြော

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လာမည့် ရွှေးကောက်ပွဲတွင် မဲထည့်နိုင်ရန်အတွက် နိုင်ငံသား အသိအမှတ်ပြု ကတ် တမျိုးမျိုး ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေကြောင်း မောင်တော လ၀ကမှ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ လူဝင်မူကြီးကြပ်ရေး ဦးစီးဌာနမှ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံသား အသိအမှတ်ပြု ကတ်အမျိုးအစား ၅ ခုကို ထုတ်ပေးနေပြီး အဆိုကတ်များမှာ နိုင်ငံသား စိစစ်ရေးကတ်၊ အမျိုးသား မှတ်ပုံတင်ကတ်၊ ဧည့်နိုင်ငံသား ကတ်၊ ပြုနိုင်ငံသားကတ်နှင့် ယာယီသက်သေခံ ကတ်တို့ ဖြစ်ကြ သည်။

အဆိုပါ ကတ်များကို အောက်တိုဘာလ ၃၁ ရက်နေ့ထိ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

အမျိုးသား မှတ်ပုံတင်ကတ် (သို့မဟုတ်) ယာယီ သက်သေခံ လက်မှတ်များကိုလည်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အဖြစ် ပြောင်းလဲ ထုတ်ပေးခြင်းနှင့် သွေးနှော တိုင်းရင်းသားများ အတွက်လည်း အသိအမှတ် ပြုကတ် တမျိုးမျိုးကို ထုတ်ပေးနေကြောင်း သူက ပြောသည်။

Burmese Muslim ID cardထိုကဲ့သို့ ထုတ်ပေးခြင်းကို ကျေးရွာနှင့် ရပ်ကွက် အတွင်းရှိ ရယက အဖွဲ့ဝင်များ၏ ထောက်ခံချက်များနှင့် နိုင်ငံသား ကတ်မရှိ သူများကို စိစစ် ထုတ်ပေးနေကြောင်း သိရသည်။

သို့သော်လည်း ဘူးသီးတောင်နှင့် မောင်တော မြို့နယ်ရှိ မူဆလင်များကိုမူ ယခင်က အဖြူရောင် ယာယီသက်သေခံ လက်မှတ် ကတ်ပြားများကို ထုတ်ပေးထားသော်လည်း ယခုအချိန်ထိ တခြား အသစ် ကတ်ပြားများ ပြောင်းလဲ ထုတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ထုတ်ပေးသော အဖြူရောင် ကတ်ပြားတွင် လူမျိုးနှင့် ဘာသာကို ဖေါ်ပြရာတွင် လူမျိုးကို မူဆလင်၊ ဘာသာ အစ္စလာမ်ဟု ရေးထိုး ဖေါ်ပြပြီး ကျော့ဘက် အောက်ဆုံးတွင် “ ဤကတ်ပြားသည် မည်သည့်နိုင်ငံသားဟု သက်သေခံခြင်း အလျဉ်း မရှိစေရ” ဟု ပါရှိသည်။

မောင်တော ဈေးကြီးမှ ဈေးဆိုင်ပိုင်ရှင် တဦးက “ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ နေထိုင်နေတဲ့ အစ္စလာမ် ဘာသာဝင် ကျွန်တော်တို့ကို ခုထုတ်ပေးထားတဲ့ အဖြူရောင် ကတ်တွေထက် အဆင့်မြင့်တဲ့ ပန်းနုရောင် ကတ်တမျိုးကို ထုတ်ပေးမယ်ဆိုပီး ဒုဝန်ကြီး ဖုန်းဆွေ လာတုန်းက ပြောသွားပါတယ်။ ခုချိန်ထိတော့ ဘာမှ ထုတ်မပေးသေးပါဘူး။ ကျွန်တော်တို့လည်း အဲဒီ ကတ်အသစ်ကို မျှော်နေကြပါတယ်” ဟု ပြောသည်။

ယခုလာမည့် ရွှေးကောက်ပွဲတွင် ဘူးသီးတောင်နှင့် မောင်တောရှိ အစ္စလာမ်ဘာသာဝင်များလည်း မဲပေးခွင့်ရရှိကြမည် ဖြစ်ရာ သူတို့ကို စည်းရုံးသည့် အနေဖြင့် စစ်အစိုးရ အာဏာပိုင်များက ယခင် အဖြူရောင် ကတ်ထက် အဆင့်မြင့်သည့် တခြား ကတ်ပြား အသစ်တမျိုးကို ထုတ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ရွှေးကောက်ပွဲ သတင်းများကို ပုံနှိပ် ဖေါ်ပြမည့် ဂျာနယ်သစ် သုံးစောင် ဇူလိုင်တွင် ထွက်ရှိမည်

ဇူလိုင် တလတည်း အတွင်း ရွှေးကောက်ပွဲ သတင်းနှင့် နိုင်ငံတကာ သတင်းများကို ဖေါ်ပြမည့် ဂျာနယ် အသစ် သုံးစောင် ထွက်ရှိ လာမည်ဟု သတင်း ရရှိသည်။

အဆိုပါ ဂျာနယ် အသစ် သုံးစောင်မှာ Hot News၊ မော်ဒန်တိုင်းမ် ဂျာနယ်နှင့် ပြည်သူ့ ခေတ်ဂျာနယ်တို့ ဖြစ်ကြသည်။

ပြည်သူ့ခေတ်ဂျာနယ်ကို ဆရာဦးမောင်ဝံသမှ ဦးစီးမည် ဖြစ်ပြီး ဇူလိုင်လ ပထမပတ်တွင် ထုတ်ဝေမည် ဖြစ်သည်။ ပြည်တွင်း ပြည်ပ နိုင်ငံရေး သတင်းများအပြင် ရွှေးကောက်ပွဲနှင့် ဆက်စပ် သတင်းများ၊ နောက်ဆုံးရ သတင်းများကို ထည့်သွင်း ဖေါ်ပြသွားမည်ဟု သိရသည်။

Hot News ဂျာနယ်ကို ဇူလိုင် တတိယပတ်တွင် ထုတ်ဝေမည် ဖြစ်ရာ အဆိုပါ ဂျာနယ်တွင်လည်း နိုင်ငံရေး သတင်းများနှင့် ပြည်သူများ စိတ်ဝင်စားမည့် သတင်းများကို ထည့်သွင်းဖေါ်ပြသွားမည်ဟု သိရသည်။

Hot News ဂျာနယ် အယ်ဒ်ီတာ ချုပ်မှာ ဦးစောလင်းအောင် ဖြစ်ပြီး ယခုလနောက် အတွင်း ပြည်သူများ လက်ဝယ်သို့ ရောက်မည်ဟု ဆိုသည်။

ယခုထုတ်ဝေမည်း ဂျာနယ် သုံးစောင် အပါအ၀င် မြန်မာနိုင်ငံတွင် ထုတ်ဝေခွင့် ပြုထားသော ဂျာနယ်မျိုးစုံ ၁၅၆ မျိုးရှိပြီး ထိုအထဲမှ ဂျာနယ် နှစ်စောင်သာ အကြောင်း အမျိုးမျိုးကြောင့် ထုတ်ဝေခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် အင်္ဂလိပ်ခေတ်နှင့် ဦးနု ဖဆပလ ခေတ်ထိ သတင်းစာ ဂျာနယ်များ ထုတ်ဝေခဲ့သော်လည်း ယခုအချိန်ထိ ပုဂ္ဂလိကပိုင် ဂျာနယ်နှင့် သတင်းစာများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများ စာပေစိစစ်ရေးက ပယ်ချ

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများအား စာပေစိစစ်ရေးအဖွဲ့သို့ တင်ပြရာတွင် ဖြတ်တောက်မှုများနေသည့်အတွက် မီဒီယာများက စိတ်ပျက်နေကြကြောင်း သိရသည်။

ယခုဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသော ဇူလိုင် (၁၉) ရက်နေ့ကို ဂုဏ်ပြုသည့် ဗိုလ်ချုပ်အကြောင်း ဆောင်းပါးများကို သတင်းဂျာနယ်များက သတင်းစာဆရာကြီးများထံ တောင်းခံကာ အထူးဂဏ္ဍအနေဖြင့် ထည့်သည်ကို စာပေစိစစ်ရေးက လုံးဝဖြုတ်ပစ်သည်များ ရှိနေ၍ ပြည်တွင်းသတင်း မီဒီယာသမားများ စိတ်ပျက်ကြခြင်း ဖြစ်သည်။

နအဖစစ်အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် မည်သည့်အထိမ်းအမှတ်မျိုးမှ ပြုလုပ်လေ့မရှိသော်လည်း ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းကို သိနေကြသဖြင့် ဂျာနယ်များက ရာသီသတင်းများ၊ ဆောင်းပါးများ ဖော်ပြနေကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အယ်ဒီတာတဦးက ပြောသည်။

၎င်းက “အရင်နှစ်တွေကလည်း ကျနော်တို့ ဗိုလ်ချုပ်ဆောင်းပါးတွေကို ထည့်နေတာပဲ။ ပြည်သူတွေက ဗိုလ်ချုပ်ဆောင်းပါးနဲ့ ပုံတွေပါရင် ၀ယ်ကြတယ်ဗျ။ အခုတော့ ဖြုတ်လိုက်တယ်ဆိုတာ လုပ်ရကိုင်ရလည်း ခက်စေတယ်၊ ပြီးတော့ အစားထိုး သတင်းက မရှိဘူးဆိုရင် မလွယ်နိုင်ဘူး” ဟု ရှင်းပြသည်။

လစဉ်ထုတ် မဂ္ဂဇင်းတစောင်ဖြစ်သည့် စတိုင်သစ်မဂ္ဂဇင်းတွင် ဇူလိုင်လ အာဇာနည်နေ့ အထိမ်းအမှတ် အထူးထုတ်အတွက် ထည့်သွင်းဖော်ပြရန် စာပေစိစစ်ရေးရုံးတင် ဆောင်းပါး တ၀က်ခန့် ဖြုတ်ချခံခဲ့ရကြောင်းလည်း ယင်းမဂ္ဂဇင်းတွင် ပင်တိုင်ရေးနေသော ဆောင်းပါးရှင်တဦးက ပြောသည်။

“ကျနော်သိတာတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားတဲ့ ဆောင်းပါး။ ၁၉၄၇၊ ဇူလိုင်လ နေ့လယ် (၂) နာရီဆောင်းပါး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပထမအကြိမ် ရခိုင်အရေးဆောင်းပါး၊ အဲဒါမျိုးတွေ တော်တော်များများ ဖြုတ်ပစ်တယ်လို့ သိရတယ်။ ဆောင်းပါးရှင်တွေလည်း ကြာတော့ ဘယ်လိုဆောင်းပါးတွေ ရေးရမယ်ဆိုတာ မတွေးတတ်တော့ဘူး” ဟု ၎င်းက ဆိုသည်။

ဂျာနယ်များတွင် နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးများ၊ နိုင်ငံရေးသတင်းနှင့် နိုင်ငံရေးသမားများအကြောင်းကို ဖော်ပြခွင့်မရကြောင်း၊ စာပေစိစစ်ရေး၏ အတားအဆီးကြောင့် ဂျာနယ်အချို့တွင်ရှိသည့် နိုင်ငံရေးစာမျက်နှာကိုပင် ဖြုတ်ရမလိုဖြစ်နေကြောင်း ပြည်တွင်းမီဒီယာလောကမှ သိရှိရသည်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်များကို ဖတ်ရှုသူ စာဖတ်ပရိသတ်တဦးကမူ ဂျာနယ်များတွင် ဖော်ပြနေသည့် ယခုနှစ်ရွေးကောက်ပွဲ ၀င်မည့်ပါတီများနှင့် အင်တာဗျူးများမှာ ပါတီကြော်ငြာတခုကို ဖတ်ရသည်နှင့်တူကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “ပါတီတွေနှင့်ပတ်သက်ပြီးတော့ ပါတီတွေ ဘာလုပ်နေလဲ၊ ဘာလုပ်မှာလဲ ဆိုတာကိုပဲ ကျနော်တို့က ဖတ်ချင်တာလေ။ ဒါပေမယ့် အခုက ပါတီရုံးခန်း ဘယ်နေရာမှာ ဖွင့်တယ် ဆိုတာလောက်ကိုပဲ ရေးကြတာ။ ပါတီ မူဝါဒတွေကို ရေးပြတာမျိုး မတွေ့ရဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းဂျာနယ်တစောင်မှ သတင်းထောက်တဦး၏ ပြောပြချက်အရ ပါတီများနှင့်ပတ်သက်၍ အသေးစိတ်ပြောဆိုမှုများကို ဖော်ပြပါက စာပေစိစစ်ရေးမှ ပယ်ချကြောင်း သိရသည်။

“ကျနော်တို့လည်း ပါတီတွေကို မေးပြီးတော့ ရေးတာပဲ၊ ဂျာနယ်ထွက်လာတော့ မပါလာဘူး။ မေးတော့မှ စိစစ်ရေးဖြုတ်တာတဲ့” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

စာပေစိစစ်ရေးတွင် ညွှန်ကြားရေးမှူးတာဝန်ယူခဲ့သော စာရေးဆရာ ရဲရင့်တင့်ဆွေ ခေါ် ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီးနောက် ယင်းနေရာတွင် အသစ်ရောက်လာသော ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးညွန့်မောင်(ရေ) တာဝန်ယူပြီးနောက်ပိုင်းတွင် စာပေစိစစ်ရေးက ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။

စာပေစိစစ်ရေး၌ ယခင် တာဝန်ယူနေသော စာစစ်မှူးများ (၃) ဦးအဖွဲ့နှင့် (၄) ဦးပါသော အဖွဲ့တို့ကို စုစည်းကာ (၁၂) ဦးပါ အဖွဲ့တခု ပြောင်းလိုက်ပြီး ယင်း (၁၂) ဦးစလုံးက ဖတ်ပြီးမှ ဒုတိယဗိုလ်မှူးကြီး မျိုးညွန့်မောင် (ရေ) က ပြန်လည်ဖတ်ရှု စစ်ဆေးကြောင်း သိရသည်။

“အခုရောက်လာတဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးညွန့်မောင်(ရေ) က သတင်းနှင့်ပတ်သက်ပြီးတော့ ထိတွေ့မှုမရှိဘူးဆိုတာ ကျနော်တို့ သိတယ်။ အသစ်ကြောင့် ဖြုတ်တာတွေ များနေတာလား၊ အပေါ်ကပဲ ညွှန်ကြားချက် ထုတ်ထားတာလား၊ သူကပဲ မသိလို့ ဖြုတ်နေတာလား ဆိုတာကို ကျနော်တို့လည်း မပြောတတ်တော့ပါဘူးဗျာ” ဟု ပြည်တွင်းသတင်းဂျာနယ်တခုမှ အယ်ဒီတာချုပ်ဖြစ်သူက ပြောကြားသည်။

ခေတ်ပြိုင်သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

အင်းစိန်ထောင်အတွင်း ရဟန်းပျိုတပါး ကျန်းမာရေး ဆိုးရွားနေ

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသူ မွန်ရဟန်းပျို အရှင်ဥက္ကံသ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း ၎င်း၏ညီမဖြစ်သူက ပြောသည်။

“ဦးဇင်းက အစာအိမ်ရောဂါ အခံရှိတယ်။ အခု သွေးပေါင်ကျနေတယ်။ ရိုက်ခံရတဲ့ဒဏ်ရာကြောင့် ခါးနာနေတယ်။ ကြာကြာထိုင်လို့လည်း မရဘူးလို့ပြောတယ်။ အဖျားလည်း တက်နေတယ်။ ဦးဇင်းကို ဆေးကုဖို့ လိုနေပါတယ်” ဟု ညီမဖြစ်သူက ခေတ်ပြိုင်သို့ ပြောကြားသည်။

အဖမ်းခံရစဉ်က အိတ်ဆောင်ကွန်ပျူတာ၊ ဗီဒီယိုကင်မရာအပြင် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများကို လက်ဝယ်တွေ့ရှိခဲ့သဖြင့် စစ်ကျောရေးစခန်းများ၌ အာဏာပိုင်တို့၏ နှိပ်စက်ခြင်းခံခဲ့ရကြောင်း သိရသည်။

ယခုအခါ အရှင်ဥက္ကံသသည် အင်းစိန်ထောင် တိုက် (၂)၊ အခန်း (၁) တွင် ချုပ်နှောင်ခံနေရပြီး ပြင်ပ၌ ဆေးကုသမှုခံယူရန် လိုအပ်နေ၍ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

အရှင် ဥက္ကံသတွင် ရောဂါသည်ဖခင်နှင့် အသက် (၂၀) အရွယ် နှမတဦးသာ ရှိသောကြောင့် ၎င်းအား ထောင်ဝင်စာတွေ့နိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

အရှင် ဥက္ကံသအား အီလက်ထရောနစ်ဥပဒေ အပါအဝင် ဥပဒေ ပုဒ်မ (၃) မှုတို့ဖြင့် အာဏာပိုင်တို့က စွဲချက်တင်ပြီး ၎င်း၏ အမှုကို မိသားစုဝင်များက ကြားနားခွင့်မရှိကြောင်း သိရသည်။

ဒေါ်ခင်ဌေးကြွယ်က “မေလ (၁၄) ရက်နေ့ကတည်းက ဦးဇင်းရဲ့အမှုကို စစစ်တာ။ ဒီနေ့ပါဆိုရင် (၇) ကြိမ်ရှိပြီပေါ့။ ဦးဇင်းကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က)/၃၈ ရယ်၊ ပုံနှိပ်ဥပဒေ ပုဒ်မ ၁၇/၂ နဲ့ ဆူပူလှုံ့ဆော်မှု ၅၀၅ (ခ) တို့နဲ့ စွဲချက်တင်ထားတယ်” ဟု ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

သက်တော် (၂၈) နှစ်ရှိ အရှင်ဥက္ကံသ ခေါ် ဦးဇင်းဇော်လတ်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ် လမ်းမတနေရာ၌ ၂၀၁၀ ခုနှစ် ဇန်နဝါရီ (၇) ရက်၌ သက်ဆိုင်ရာ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် မုဒွန်းရွာဇာတိ အရှင် ဥက္ကံသသည် မုဒုံမြို့နယ် နိုင်လှုံရွာရှိ အောင်ဇေယျ ပရိယတ္တိ စာသင်တိုက်တွင် လက်ထောက် စာချဆရာတော်အဖြစ် သီတင်းသုံးနေပြီး ၂၀၁၀ နှစ်သစ်ကူးည၌ မော်လမြိုင် - ရေး ကားလမ်းမကြီးတလျှောက် ပေါ်ပေါက်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည်ဟု သံသယဖြင့် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးဇင်းအပေါ် စွဲချက်တင်မှုများနှင့်ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ရကြောင်း အရှင် ဥက္ကံသနှင့် ဆက်စပ်၍ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ မင်းမွန်ကျိုက်စွဲက ပြောဆိုသည်။

ခေတ်ပြိုင် ၀ီရ ရေးသားသည်။

ရွှေလီချိုင့်ဝှမ်း၌ ပြည်သူ့စစ်အသွင်ပြောင်း SSA တပ်ဖွဲ့ အခြေချဖွယ်ရှိ

နအဖ၏ ပြည်သူ့စစ်အသွင်ပြောင်းရေးကိုလက်ခံထားသော အပစ်ရပ်သျှမ်းပြည် တပ်မတော်(SSA) အချို့အား တရုတ် နယ်စပ်အနီး ထုန့်မောင်း (ခေါ်) ရွှေလီချိုင့်ဝှမ်း ဒေသတွင် တပ်ရင်းတစ်ရင်း စုဖွဲ့ထားရှိရန် နအဖစစ်တပ် အာဏာပိုင်များ ညွှန်ကြားထားသဖြင့် ပြည်သူ့စစ် (သို့) နယ်ခြားစောင့် တပ်ရင်းတစ်ရင်း စုဖွဲ့လှုပ်ရှားလာဖွယ်ရှိကြောင်း စုံစမ်းသိရသည်။

ဂျွန်လကုန်ပိုင်းက အဆိုပါကိစ္စအား အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် မှ ဥက္ကဋ္ဌ ဦးလွယ်မောင်းထံ တိုက်ရိုက်ညွှန်ကြား ထားပြီး ဦးလွယ်မောဝ်းကလည်း ရွှေလီချိုင့်ဝှမ်းဒေသတွင်လူစုရန် ပြင်ဆင်နေကြောင်း အပစ်ရပ်အက်စ်အက်စ်အေအသိုင်း အ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် အပစ်ရပ်အက်စ်အက်စ်အေသည် သျှမ်းပြည် (မြောက်ပိုင်း) သီပေါမြို့နယ် စိန်ကျော့စခန်း၌ အခြေပြုလှုပ်ရှား နေသော်လည်း ရွှေလီချိုင့်ဝှမ်းဒေသဟုခေါ်သော မူစယ်၊ နမ့်ခမ်းမြို့နယ်များတွင် ၄င်းတို့တပ်ဖွဲ့ဝင်ဟောင်းအချို့ ကျန်ရှိ နေဆဲဖြစ်သဖြင့် လက်ကျန်လူဟောင်းများ စုစည်း၍တပ်ရင်းတစ်ရင်းဖွင့်လှစ်မည့် အနေအထားဖြစ်သည်။

အဆိုပါဒေသ၌ ထိုင်းနယ်စပ် အခြေစိုက် တိုက်ခိုက်ဆဲ သျှမ်းပြည်တပ်မတော် (တပ်ရင်း ၇၀၁) ဖွဲ့များနှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

၂၀၀၉ ဧပြီလကုန်ပိုင်းမှစ၍ နအဖစစ်အာဏာပိုင်များက အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရန် ဖိအားပေးထားရာ ၂၀၁၀ ဧပြီလကုန်ပိုင်း၌ ဥက္ကဋ္ဌ ဦးလွယ်မောဝ်းဦးဆောင်သည့် အပစ်ရပ်အက်အက်အေ တပ်ဖွဲ့ တချို့ သည် ယင်းအဆိုကိုလက်ခံခဲ့ခြင်းဖြစ်သည်။

အပစ်ရပ် အက်စ်အက်စ်အေတွင် တပ်မဟာ ၃ ခုရှိသည့်အနက် ဗိုလ်ချုပ်ပန်ဖခေါင်းဆောင်သည့် တပ်မဟာ ၁ တပ်ဖွဲ့သည် ပြည်သူ့ စစ်အသွင်ပြောင်းရေးကို ဆက်လက်ငြင်းဆန်နေဆဲဖြစ်သည်။

အလားတူ မေ ၁၈ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဆိုကို ငြင်းဆန်နေသော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေအနီး သျှမ်းပြည်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ကို နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၀၉) နှင့် မော်ဖှဒေသပြည်သူ့စစ်အား နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၀၁၀) အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

တပြည်လုံး၌ ရုရှားရေဒါ ၇ ခု နအဖ တပ်ဆင်ပြီး

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့တောင်ဘက် လွယ်မွေရေဒါစခန်းအပါအ၀င် မြန်မာနိုင်ငံတွင်လက်ရှိ ရေဒါစခန်း ၇ ခုရှိပြီဖြစ်ကြောင်း မြန်မာ့အရေးစောင့်ကြည့်လေ့လာသည့် ထိုင်းနယ်စပ်လုံခြုံရေး အသိုင်းအ၀ိုင်း ကပြောပါသည်။

“ကျနော်တို့ကြားသိရသလောက် အဲဒီရေဒါ တွေက ၃၅၀ ကီလိုအကွာအထိထောက်လှမ်းနိုင်တယ်။ ရှင်းအောင်ပြောရ ရင်တော့ ကျိုင်းတုံလွယ်မွေကနေ ထိုင်းနိုင်ငံချင်းရိုင်းအထိ လေယာဉ်ဖြတ်သန်းမှုကို ချက်ချင်းအချက်ပေး နိုင်တယ်” - ဟု ပြော၏။

ရုရှားလုပ် 1L117 အမျိုးအစား (ရုရှားအသုံြးုပပြီး Second Hand) ) ရေဒါများအား သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း - လွယ်မွေ၊ ကန်းရိုးတန်းတိုင်း - ငွေဆောင်၊ မြိတ်၊ အလယ်ပိုင်းတိုင်း - နတ်ရေကန်တောင်၊ တံတားဦး၊ နေပြည် တော်စစ်တိုင်း တောင်ညို နှင့် မြောက်ပိုင်းတိုင်း ကချင်ပြည်နယ် မိုးညှင်းရှိ - ဓူဝံရေဒါစခန်းတို့ဖြစ်ကြသည်ဟု ဆို၏။

ရုရှားလုပ် 1L117M ရေဒါ (ဓါတ်ပုံ - www.lemz.ru)

“နေပြည်တော်စစ်တိုင်းက တောင်ညိုရေဒါစခန်း လုပ်ငန်းလည်ပတ်ဖို့ အဲဒီနားမှာ ရေအားလျှပ်စစ် ထုတ်စက်ရုံ တခု ဂျွန်လကဆောက်လုပ်ပြီးစီးသွားပြီပြောတယ်” - ဗမာပြည်ရောက်သျှမ်းပြည်သား စီးပွားရေးလုပ်ငန်းရှင် တဦးကပြောပါသည်။

လွန်ခဲ့သည့် ၂၀၀၉ ဖေဖေါ်ဝါရီလနှောင်းပိုင်းကတည်းက ရုရှား၏ရေဒါဟောင်းများ ရန်ကုန် -သီလ၀ါဆိပ်ကမ်း သို့ ရောက်ရှိခဲ့ကြောင်းလည်း ပြောပြပါသည်။

ကျိုင်းတုံမြို့အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ လွယ်မွေတောင်၌ တပ်ဆင်ထားသည့် ရေဒါ 1L117M အမျိုး အစားမှာ ၁၅၀ ကီလိုမီတာအတွင်း လေယာဉ်ပျံသန်းဝင်ရောက်လာပါက ရေဒါလှုပ်ခတ်နှုန်းပြင်းလာ မည်ဖြစ် ကြောင်း၊ရောက်ရှိသည့် ခရီးအကွာအဝေးနှင့်လာရာလမ်းကြောင်းကိုလည်းသိရှိနိုင်မည်ဖြစ်ကြောင်း၊ စည်းအ ပြင်ဘက်ရောက်သွားပါကရေဒါလှုပ် ခတ်နှုန်း တဖြည်းဖြည်းနှေးသွားမည်ဖြစ်ကြောင်း - အဆိုပါ မြန်မာအရေး စောင့်ကြည့်လေ့လာသည့်အဆိုပါအသိုင်းအ၀ိုင်း ကပြောပြပါသည်။

လက်ရှိရုရှားသုံးနေသောရေဒါအမျိုးအစားမှာ 1L117M အမျိုးအစားဖြစ်သည်ဟုလည်းသိရပါသည်။

သားစိုး၏ “ငွေမြင်ရင် လင်လုပ်မယ်” စီးရီးကို စိန်ပူစီ စတူဒီယိုတွင် စီစဉ်နေ

မြန်မာ့ရိုးရာ သံစဉ်များနှင့် အနောက်တိုင်း ဂီတသံစဉ်များကို ပေါင်းစပ် ဖန်တီးလေ့ရှိသည့် DJ သားစိုး၏ “ငွေမြင်ရင် လင်လုပ်မယ်” စီးရီးကို စိန်ပူစီ စတူဒီယိုတွင် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

သားစိုး

အဆိုပါ စီးရီးတွင် ကွယ်လွန်သူ စာရေးဆရာ မင်းသားကြီး အဆိုတော် သုမောင်၏ နာမည်ကြီး သီချင်း တပုဒ် ဖြစ်သော “အောင်ပါစေ” တေးသီချင်းကို ၎င်းအား ဂုဏ်ပြုသည့် အနေဖြင့် remix လုပ်၍ ထည့်သွင်း အသုံးပြုထားသည်။

“ဦးသုမောင်ကို ဂါဝရ သွားပြုရင်း ကျနော် စီးရီး လုပ်နေတဲ့ အကြောင်းကို ပြောပြတော့ သူက အားပေးတယ်။ ပြီးတော့ မင်းတို့လို လူငယ်တွေဟာ တိုင်းပြည်မှာ အများကြီး လိုအပ်တယ်၊ မင်းစီးရီးမှာ ငါဝင်ဆိုပေးမယ် လို့ ပြောပြီး သူ လာဆိုပေး သွားတာပါ” ဟု သားစိုးက ပြောပြသည်။

သားစိုး၏ သီချင်းများ ဆက်လုပ်ရန် စီစဉ်နေစဉ် ဦးသုမောင် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။

“ဦးသုမောင်ကို ကျနော် ငယ်ငယ်ကတည်းက လေးစားပြီး ကြိုက်ခဲ့တာပါ။ သူ့ဖခင် ဦးသာဓု ဆိုတာကလည်း မြန်မာ့ အနုပညာ လောကမှာ လေးစားလောက်တဲ့ အနုပညာရှင်ကြီးပါ။ ကျနော့် စီးရီးမှာတော့ သူ သီချင်းကို အပြီး ဆိုပေးသွားခဲ့တယ်။ ပြောရမယ် ဆိုရင်တော့ သူ သီချင်းဆိုခဲ့တာဟာ ကျနော့် စီးရီးက နောက်ဆုံးပါပဲ။ ကျနော့်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလည်း ဖြစ်ခဲ့တယ်။ အမှတ်တရလည်း ဖြစ်ခဲ့တယ်” ဟု သားစိုးက ဆိုသည်။

ယခု လက်ရှိအနေအထား၌ မြန်မာနိုင်င်ငံတွင် အကျင့်စာရိတ္တ ပျက်ပြားမှု များပြားနေပြီး ပြုပြင်ရန် မလွယ်ကူ သောကြောင့် ထို အခြေအနေ ဆိုးများကို သိရှိစေရန် “ငွေမြင်လျင် လင်လုပ်မည်” စီးရီးကို စီစဉ်ဖြစ်ကြောင်း၊ စီးရီးခေါင်းစဉ်ကို လည်း လက်ရှိ လူမှု ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အခြေအနေ ဆိုးများအား ကြည့်ရှု၍ပင် ပေးထားခြင်း ဖြစ်ကြောင်း သားစိုးက ပြောသည်။

“ကျနော့်အနေနဲ့ အမြဲတမ်းလိုလို ကိုယ့်စိတ်ကြိုက် အနုပညာကိုပဲ ဖန်တီးတတ်ပြီး ပရိသတ်ကိုအကောင်းဆုံး ပေးချင်တဲ့ ဆန္ဒရှိတယ်။ ပရိသတ်အကြိုက် လိုက်လုပ်တဲ့ အနုပညာရှင် မဟုတ်ပါဘူး။ ပရိသတ်အကြိုက်သာ လိုက်လုပ်မယ်ဆိုရင် ထူးမခြားနား Music တွေပဲ ထွက်လာမှာ” ဟု သူက ဆက်ပြောသည်။

သားစိုးက ၎င်း ဖန်တီးခဲ့သည့် ဂီတပုံစံကို ယခင်က ဝေဖန်မှုများရှိကြောင်း၊ သူဖန်တီးသည့် ဂီတအပေါ် ယုံကြည်မှုနှင့် စိုက်လိုက်မတ်တပ် လုပ်ခဲ့သောကြောင့် ဝေဖန်မှုများ ပျောက်ကွယ်သွားကြောင်း ပြောဆိုသည်။

“အခုလည်း ပရိသတ်ကို အသစ်အဆန်းတွေ ပေးချင်လို့ ဒီစီးရီးကို စီစဉ်တာပါ” ဟု ၎င်းက ပြောသည်။

ယင်း စီရီးကို ဘာဘူ၊ Lဆိုင်းဇီ၊ နဒီဝင့်နိုင်၊ ခါခါ၊ ရတနာ၊ ဖြူဖြူအောင် စသည့် အနုပညာရှင်များဖြင့် သားစိုး ပိုင်ဆိုင်သော စိန်ပူစီ စတူဒီယိုတွင် စီစဉ်နေကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် သျှင်ဒီစံ ရေးသားသည်။

ရန်ကုန် ယူနိုက်တက်ပိုင်ကား သုံးစွဲမှု ဘောလုံး အဖွဲ့ချုပ် ဝေဖန်ခံရ

စင်ကာပူ လူငယ် အသင်းနှင့် ခြေစမ်းပွဲများတွင် မြန်မာ အသင်း အကြိုအပို့ လုပ်ရာ၌ ရန်ကုန် ယူနိုက်တက် အသင်းပိုင် ကားကို သုံးစွဲခဲ့သဖြင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အားကစား ကလောင်ရှင်များက မေးခွန်းထုတ် ဝေဖန်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက် အသင်းပိုင် ကားတစီး (ဓာတ်ပုံ - ygnutd.com)


ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး စခန်းတွင် အသက် ၂၃ နှစ်အောက် မြန်မာအသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့သည် စင်ကာပူလူငယ် အသင်းနှင့် ဇူလိုင်လ ၂ ရက်နှင့် ၄ ရက်နေ့များတွင် ချစ်ကြည်ရေး ခြေစမ်းပွဲကစားခဲ့ကြပြီး ၂ ပွဲစလုံး၌ ဦးတေဇ၏ ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်း တံဆိပ်ပါ နံပါတ်တပ်ဆင်ထားခြင်း မရှိသော ဘတ်စ်ကားကို မြန်မာကစားသမားများ စီးနင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြန်ကြားရေး အရာရှိ ဦးစိုးမိုးက ယင်းကဲ့သို့ မေးခွန်းထုတ်စရာ ရှိလာမည်ကို ကြိုတင် မှန်းဆမိခဲ့ သော်လည်း မော်တော်ယာဉ် အခက်အခဲကြောင့် အသုံးပြုခဲ့ရကြောင်း စင်ကာပူအသင်းနှင့် ဒုတိယမြောက် ခြေစမ်းပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

ဦးစိုးမိုးက “နေရာတကာမှာ စည်းမျဉ်း စည်းဘောင်တွေ သိပ်ပြီးမပြောကြပါနဲ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မော်တော်ယာဉ် ၀ယ်ယူနိုင်ရန် ငွေကြေးအပြင် တခြား လိုအပ်ချက်များစွာ ရှိကြောင်း ဦးစိုးမိုးက ပြောသော်လည်း အသေးစိပ်ကိုမူ ပြောကြားခြင်းမရှိပေ။

ရန်ကုန် ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နာယက တဦးလည်းဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ် အတွက်အဆင်ပြေသဖြင့် ထိုကဲ့သို့ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးမိုးက ဖြေရှင်းခဲ့သည်။

“ရန်ကုန်အသင်းကို ကြော်ငြာသလို ဖြစ်နေတာ သိပါတယ်။ တခါတလေ လူကြီး တယောက် စီစဉ်တာ ငြင်းရခက်ပါတယ်” ဟု အားကစားဂျာနယ် အယ်ဒီတာ လုပ်ခဲ့ဖူးသူ ဦးစိုးမိုးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကဲ့သို့သော အသင်းကြီး အနေဖြင့် လက်ရွေးစင် အသင်းသားများအတွက် မော်တော်ယာဉ် ၀ယ်ယူရန် အခက်အခဲမရှိနိုင်ကြောင်း အပတ်စဉ်ထုတ် အားကစားဂျာနယ်မှ အယ်ဒီတာများက သုံးသပ်ကြသည်။

ပြီးခဲ့သော မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွင် မန္တလေး ဗထူး အားကစားကွင်းတွင် ကျင်းပခဲ့သော ရန်ကုန်နှင့် ရတနာပုံအသင်းတို့၏ ပြိုင်ပွဲအတွက် စာနယ်ဇင်းသမားများကို ဦးတေဇ က ကမကထပြု ခေါ်ယူစဉ်ကလည်း ထိုကဲ့သို အငြင်းပွားစရာ ဖြစ်ခဲ့ဖူးသည်။

ဦးတေဇက ရန်ကုန် ယူနိုက်တက် အသင်းပိုင်ရှင်အနေဖြင့် ခေါ်ယူခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက အနေဖြင့် ခေါ်ယူခြင်းသာဖြစ်ကြောင်း ထိုစဉ်က ဖြေရှင်းခဲ့သည်။

စစ်အစိုးရနှင့် နီးစပ်သောသူဌေးများ ပိုင်ဆိုင်သည့် ကလပ်အသင်းများ၏ စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်ပါက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အမြဲတစေ အကာအကွယ် ပေးလေ့ရှိကြောင်း သိရသည်။

ယမန်နှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် Max Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော် ၏ Delta United နှင့် ရတနာပုံ အသင်း ကစားပွဲတွင် မန္တလေး ပရိသတ်များက ဦးဇော်ဇော်သည် ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးနေကြောင်း ဝေဖန်မှုကြောင့် Delta United ကို Premier Coffee Company သို့ လွှဲပြောင်းပေးခဲ့ရသည်။

ဧရာဝတီသတင်းထောက် မျိုးမောင် ရေးသားသည်။

ဆင်ဖြူ ဖမ်းသူများ အထူးအခွင့်အရေးပေး ချီးမြှင့်မည်

ဆင်ဖြူဖမ်းဆီး ရရှိခဲ့မှုကို ဗိုလ်ချုပ်မှူးကြီး မိသားစုက အလွန် ၀မ်းမြောက် လျက်ရှိပြီး ဖမ်းဆီး ပေးခဲ့သော ၀န်ထမ်းများကို ဆုငွေပေးခြင်း၊ ရာထူး တိုးပေးခြင်း အပါအ၀င် အထူး အခွင့်အရေးများ ချီးမြှင့်ရန် ရှိကြောင်း သတင်းရရှိသည်။

ဖမ်းမိသော ဆင်ဖြူကို တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး လာရောက် ကြည့်ရှုခဲ့သည် (ဓာတ်ပုံ - imageshack.us)

ဒေသခံတို့က သတင်းပေးပို့ ပြီးနောက် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် သစ်တောရေးရာ ဝန်ကြီးဌာ၊ သစ်တော ဦးစီးဌာနနှင့် မြန်မာ့ သစ်လုပ်ငန်းမှ ဆင်ဖမ်း အဖွဲ့များက ပူးပေါင်း ဖမ်းဆီးခဲ့ရာ ၆ လ အကြာ ဇွန်လ ၂၆ ရက်နေ့တွင် အသက် ၃၈ နှစ်ခန့်ရှိ ဆင်ဖြူ အမ တကောင် ဖမ်းမိခဲ့သည်။

စစ်အစိုးရ ခေါင်းဆောင်များက အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး အပါအ၀င် ဆင်ဖမ်း အဖွဲ့တွင် ပါဝင်ခဲ့သော ၀န်ထမ်းများကို ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့ကြောင်း နေပြည်တော် ၀န်ထမ်း အသိုင်း အ၀န်းမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်များက ဆင်ဖြူတော် ပေါ်ထွန်းမှုသည် ဘုန်းတန်ခိုး အရှိန်အ၀ါကြောင့် ဖြစ်သည်ဟု ယုံကြည်ကြပြီး အစိုးရ ဆောင်ရွက်သမျှ အောင်မြင်မည့် နိမိတ်လက္ခဏာဟု ယူဆကြကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူ စစ်တပ်အရာရှိတဦးက ပြောသည်။

“ဆင်ဖြူတော် မိတယ်ဆိုတဲ့ သတင်းက နေပြည်တော်မှာတော့ အပေါက်ဆုံး သတင်းပဲ။ အထူးသဖြင့် အစကတည်းက လိုချင်လွန်းလို့ ဖမ်းဖို့ညွှန်ကြားထားတဲ့ တပ်ချုပ်ကြီးမိသားစု အပျော်ဆုံးလို့ သိရတယ်” ဟု အဆိုပါ စစ်တပ်အရာရှိက
ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးအပါအ၀င် စစ်ခေါင်းဆောင်များသည် ဆင်ဖြူတော် ရူးသွပ်သူများဖြစ်ပြီး ၄င်းတို့စီးနင်းသော
အထူးသီးသန့် လေယာဉ်များကို ဆင်ဖြူတော်ဟု ခေါ်ဝေါ်သုံး စွဲစေခြင်း၊ ငွေစက္ကူသစ် ထုတ်ဝေရာတွင် ဆင်ဖြူတော်တံဆိပ်ကို အသုံးပြုခြင်းစသည်ဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ဖမ်းဆီးရရှိသော အဆိုပါဆင်ဖြူကို ရန်ကုန်မြို့ မင်းဓမ္မကုန်းရှိ ဆင်ဖြူများနှင့် အတူတကွ ထားမည်မဟုတ်ဘဲ နေပြည်တော်တွင် ထားပြီး အခမ်းအနားဖြင့် ဘွဲ့နာမည်ပေးရန် အစီအစဉ်များရှိကြောင်း နေပြည်တော်ဝန်ထမ်းများက ဆိုသည်။

ပြည်သူများ အကြားတွင်လည်း ဆင်ဖြူဖမ်းဆီးရရှိမှုအပေါ် စိတ်ဝင်းစားနေကြပြီး ယခင် ဖမ်းမိသောဆင်ဖြူ ၃ ကောင်ကို “ခင်ညွန့် ဆင်ဖြူတော်”၊ ယခုဖမ်းမိသော ဆင်ဖြူ ၁ ကောင်ကို “သန်းရွှေ ဆင်ဖြူတော်” ဟု ခေါ်ဝေါ်သုံးစွဲကာ အမျိုးမျိုးဝေဖန် သုံးသပ်လျက်ရှိကြသည်။

“သန်းရွှေ ဆင်ဖြူတော်နဲ့ ခင်ညွှန့်ဆင်ဖြူတော် ဘယ်ဆင်က ပိုဖြူမလဲဆိုပြီး အရပ်ထဲမှာ စိတ်ဝင်တစား ပြောကြ ဆိုကြတာတွေ ကြားရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ယခင် ရှာဖွေတွေ့ရှိခဲ့သော ဆင်ဖြူ ၃ ကောင်မှာ အထီး ၁ ကောင်၊ အမ ၂ ကောင်ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် အုန်းခွံရောင် ဆင်အထီးကို ရာဇဂဟ သီရိပစ္စယ ဂဇရာဇာ ဘွဲ့အမည်ကို လည်းကောင်း၊ အသက် ၃၂ နှစ်အရွယ် ပန်းနုရောင် ဆင်မကို သီင်္ဂီမာလာဘွဲ့အမည်ကို လည်းကောင်း၊ အသက် ၁၅ နှစ်အရွယ် ပန်းနုရောင်ဆင်မကို ရတီမာလာဘွဲ့အမည်ကို လည်းကောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က အခမ်းအနားဖြင့် သတ်မှတ်ပေးခဲ့သည်။

ဆင်ဖြူများအားလုံးကို ရခိုင်ပြည်နယ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆင်ထီးကို ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရသေ့တောင် မြို့နယ်၊ စေတီပြင်ကျေးရွာအုပ်စု၊ အထက်နန်းရာ ကျေးရွာအနီးမှ လည်းကောင်း၊ ဆင်မ အကြီးကို ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မောင်းတောမြို့နယ်အတွင်းမှ လည်းကောင်း၊ ဆင်မ အငယ်ကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း ဖမ်းဆီးရရှိခဲ့သည်။

ရှေးမြန်မာ မင်းများလက်ထက်က ဆင်ဖြူ ၁၂ မျိုး သတ်မှတ်ထားရာ ရတနာသရဘူ၊ ရတနာပလ္လင်၊ ရတနာကကျည်း၊ ရတနာထောက်ရှည်၊ ရတနာပြဿဒ်၊ ရတနာပိန်း၊ ရတနာမုံ၊ ရတနာဆုပ်၊ ရတနာကြံဆင်၊ ရတနာယပ်နှင့် ရတနာကြန်စုံ ဟူ၍ ဖြစ်ကြောင်း မုံရွေးဇေတဝန်ဆရာတော်၏ ကုသပျို့ထဲတွင် ထည့်သွင်းစပ်ဆိုထားသည်။

တချို့ဆင်ဖြူတော်များသည် အရောင်အားဖြင့် အဖြူရောင်မဟုတ်သော်လည်း ဆင်ဖြူတော်များတွင် ပါရှိရမည့် အဆင်းသဏ္ဍန်များရှိလျှင်လည်း ဆင်ဖြူတော်အဖြစ် သတ်မှတ်ခေါ်ဝေါ်နိုင်သည်ဟု သစ်တောရေးရာ ၀န်ကြီးဌာန၊ ရတနာ ဆင်ဖြူတော် ထိန်းသိမ်းရေးအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ဧရာဝတီသတင်းထောက် အောင်သက်ပိုင်း ရေးသားသည်။

ရှမ်းပြည်နယ်တွင် ဆန်ဈေးတက်

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဆန်ဈေးနှုန်းများ မြင့်တက်လျက် ရှိကြောင်း ဒေသခံ ဆန်ကုန်သည် များထံမှ သိရှိရသည်။

ဈေးနှုန်း မြင့်တက် သွားသော ဆန်များမှာ ဆန့်သန့်များ ဖြစ်သော ဇီယာ၊ လုံးသွယ်မွှေးနှင့် ပေါ်ဆန်းမွှေး စသည်တို့ ဖြစ်ကြပြီး တအိတ်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း သိရှိရသည်။

“အခုပေါ်နေတဲ့ နွေဇီယာကတော့ တအိတ်ကို ကားခ ပါပြီးသား ၂၄၀၀၀ ကျပ် လောက်ရှိတယ်။ ပေါ်ဆန်းမွှေးဆိုရင် ၃၃၀၀၀ ရှိတယ်။ အရင်တုန်းကတော့ ၃၁၅၀၀ လောက်ပဲ ရှိတာ။ ဆန်မျိုးစုံ၊ တံဆိပ်မျိုး စုံအောင်တော့ လက်ထဲမှာ ထားရတာပေါ့။ အများအားဖြင့် ရောင်းရတာကတော့ ပေါ်ဆန်းမွှေးပါ” ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဆန်ကုန်သည် တဦးက ပြောသည်။

ဆန်ဈေးနှုန်းများမှာ ယခင်တပတ်မှ စ၍ မြင့်တက်သွားခြင်းဖြစ်ပြီး ဈေးနှုန်းမြင့်တက်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ဆန်ကုန်သည်တဦးက ဆိုသည်။

မန္တလေးမှ ဝယ်ယူပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြန်လည်ရောင်းချနေသော ဆန်ကုန်သည် တဦးကမူ “မန္တလေးမှာ စဝယ်တည်းက ၅၀၀-၆၀၀ ကျပ် လောက်တက်တယ်။ ကားခ ကလည်း ဈေးတက်တော့ ဒီဘက်ရောက်လာရင် တအိတ်ကို ၁၀၀၀-၁၅၀၀ ကျပ် လောက် တက်သွားရော” ဟု အဆိုပါ ကုန်သည်က ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း ဆန်အမျိုးအစားအပေါ် မူတည်၍ ဈေးနှုန်းမြင့်တက်ခြင်းများ ရှိကြောင်း ဒေသခံ ဆန်ကုန်သည်တဦးကပြောသည်။

“တအိတ်ချင်းကို ၁၀၀၀ ကနေ ၁၅၀၀ လောက်ဈေးတက်တယ်။ ဆန်ဈေးကွက်ကလည်း ဒီဘက်မှာ တော်တော်ကို အေးနေတယ်။ အများစုကတော့ မြေပြန့်ကလာတဲ့ ဆန်တွေကို သိပ်မစားတော့ဘူး။ ဒေသထွက် ရှမ်းဆန်ကိုပဲ စားကြတော့တယ်” ဟု ကျိုင်းတုံမြို့မှ ဆန်ကုန်သည်တဦးက ပြောသည်။

မန္တလေးရှိ ဆန်ပွဲရုံတခုက ရှမ်းပြည်နယ်တွင် လတ်တလော ဈေးနှုန်း မြင့်တက်နေသော ဆန်များမှာ လက်လီရောင်းသည့် စားသုံးဆန်များ ဖြစ်ကြောင်း ပြောသည်။

“နောက်တခု ဖြစ်နိုင်တာက လှောင်တဲ့သူတွေ များသွားလို့ အဲဒီလို ဈေးတွေ တက်ကုန်တာ။ ဒါပေမယ့် အရောင်းအဝယ် အေးနေရင်တော့ လှောင်တဲ့သူတွေ အတွက် ပြဿနာရှိနိုင်တယ်။ ၉ လပိုင်း ၁၀ လပိုင်းဆိုရင် ဆန်ဈေးတွေက ပြန်ကျမှာကိုး” ဟု အဆိုပါ ဆန်ပွဲရုံက ပြောသည်။

မန္တလေး ဆန်ဈေးကွက်မှ ဆန်များကို ရှမ်းပြည်နယ် မြောက်ပိုင်းသို့ အဓိကတင်ပို့နေပြီး မန္တလေးမှ လားရှိုးအထိ ဆန်တအိတ် သယ်ပို့ခ ၈၀၀ ကျပ်ခန့် ကျသင့်သည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ပလိပ်ရောဂါ လူသို့ စတင်ကူးစက်နေ

ကြွက်သန်းမှ တဆင့် ကူးစက် တက်သော ပလိပ်ရောဂါမှာ မြန်မာနိုင်ငံရှိ လူတချို့သို့ ကူးစက်ပျံ့ပွား နေပြီ ဖြစ်ကြောင်း နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ပလိပ်ရောဂါ ကူးစက်ခံရသော လူနာတချို့ကို ရန်ကုန်မြို့တော်တွင် ဇွန်လအတွင်း တွေ့ရှိရခြင်းဖြစ်ပြီး ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသည်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အချိန်မီဆေးကုသမှုများ ပေးခဲ့သည့် အတွက် လူအသက် ဆုံးရှုံးမှု မရှိခဲ့ကြောင်း နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးတဦးက ပြောသည်။

လမ်းမပေါ်တွင် သေနေသော ကြွက်တကောင် (ဓာတ်ပုံ - blog.nyilynnseck.com)

“ရန်ကုန်မှာ ပလိပ်ရောဂါဖြစ်တဲ့ လူနာတချို့ လွန်ခဲ့တဲ့ လအတွင်း တွေ့ရလို့ အရေးပေါ် ဆေးကုသမှုတွေ ပေးခဲ့ရတယ်။ ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် ရန်ကုန်မှာ ဒီရောဂါပြန်တွေ့တာ” ဟု ကျန်းမာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမြဦးနှင့် နီးစပ်သူ အရာရှိကြီးတဦးက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနသည် ပလိပ်ရောဂါကူးစက်ခြင်း သတင်းကြောင့် လူအများ ထိတ်လန့် တုန်လှုပ်မှု မဖြစ်ပေါ်စေရန်အတွက် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ ပိတ်ပင်ထားသည်ဟု သိရသည်။

ရန်ကုန်မြို့ခံ တဦးကမူ ပလိပ်ရောဂါဖြစ်ပွားသည့် သတင်းကို ပြည်သူများဆီသို့ ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဖုံးကွယ်ထားခြင်းမှာ မသင့်လျှော်ကြောင်း၊ စစ်အစိုးရအနေဖြင့် ပြည်သူလူထု တရပ်လုံးနှင့် တိုက်ရိုက်ပတ်သက်သည့် ကျန်းမာရေး ကိစ္စများတွင် ပွင့်လင်းသော သဘောထား ရှိရန်လိုအပ်ကြောင်း ပြောသည်။

“ပြည်သူ့ ကျန်းမာရေးကိစ္စမှာ မပွင့်လင်းရင်တော့ ပြည်သူ သန်းပေါင်းများစွာရဲ့ အသက်ကို စတေးတာပဲ” ဟု ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ ကျောင်းသား တဦးက ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာန အပါအ၀င် အစိုးရ၀န်ကြီးဌာနများ အနေဖြင့် ပလိပ်ရောဂါ မဖြစ်ပွားစေရန် ကြွက်နှိမ်နင်းခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်၍ စီမံချက်ဖြင့် အကောင်အထည်ဖော်လျက် ရှိသည်ဟု နေပြည်တော် ၀န်ထမ်းအချို့က ပြောသည်။

“ဌာနဆိုင်ရာ တွေမှာတော့ သိုသိုသိပ်သိပ် စီမံချက်နဲ့ ကြွက်နှိမ်နင်းရေးတွေ လုပ်ကြတယ်” ဟု နေပြည်တော် ကျန်းမာရေး အရာရှိက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြွက်နှိမ်နင်းရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး ကြွက်အကောင်ရေ သောင်းချီ၍ နေ့စဉ် သုတ်သင်ရှင်းလင်း ဖျက်ဆီးလျက် ရှိသည်ဟု မြို့တော်စည်ပင် အရာရှိတဦးက ဆိုသည်။

စစ်အစိုးရ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း ကြွက်အုပ်များ ထောင်သောင်းချီကာ ကားလမ်းမကြီးများကို ဖြတ်သန်း ရွှေ့ပြောင်းနေပြီး တချို့ကြွက်များမှာ ကားများဖြတ်ကြိတ်မိ သည့်အတွက် သေဆုံးခဲ့ကြောင်း၊ ကြွက်သေများကို ယူပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်သည့်အခါ ပလိပ်ရောဂါ ဖြစ်ပွားစေသည့် ဘက်တီးရီးယားပိုးများ သယ်ဆောင်ထားသည်ကို
တွေ့ရှိရကြောင်း၊ ယခုအခါ နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနသည် ပလိပ်ရောဂါ ကာကွယ်တားဆီးရေးနှင့် ဖြစ်ပွားလျင် ကုသမှုပေးရန် ပြင်ဆင်မှုများဖြင့် အလုပ်များနေသည်ဟု စုံစမ်းသိ ရှိရသည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ၀န်ထမ်းများကိုလည်း ပလိပ်ရောဂါ အသိပညာပေးမှုများ ပြုလုပ်လျက် ရှိသည်ဟု နေပြည်တော်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ကြွက်သန်းမှတဆင့် ကူးစက်တတ်သော ပလိပ်ရောဂါသည် ကပ်ရောဂါအသွင် ကျရောက် လာနိုင်သည့်အတွက် သတိထားကြရန် နှိုးဆော်ထားပြီး လူသို့ ကူးစက်ခဲ့သည်ဆိုသော သတင်း အချက်အလက်ကိုမူ ထည့်သွင်းဖော်ပြခြင်းမပြုပေ။

၁၉၀၀ ပြည့်နှစ်ကျော် ကိုလိုနီခေတ်ဦးပိုင်း ကာလများက ပလိပ်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် လူအများကို ကူးစက်သေဆုံးစေခဲ့သော်လည်း ယခုအခါတွင်မူ ပလိပ်ရောဂါသည် အချိန်မီ ကုသပျောက်ကင်းနိုင်ကြောင်း
ရန်ကုန် အထူးကု ဆရာဝန်တဦးက ရှင်းပြသည်။

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အရာရှိတဦးက ကြွက်သေများတွေ့ရှိလျှင် နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လာရောက်အပ်နှံပြီး ပလိပ်ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးနိုင်သည်ဟု ပြောသည်။

ပလိပ်ရောဂါသည် ကူးစက်ခံရချိန်တွင် ကိုယ်ပူရှိန် မြင့်တက်အဖျားကြီးပြီး နောက်ဆုံး လူကိုယ်ခန္ဓာကိုယ်အတွင်း သွေးယိုစီးကာ ကူးစက်မြန်သည့် ကပ်ရောဂါ ကြီးတစ်ခုဖြစ်သည်ဟု ရန်ကုန်ဆရာဝန်များက ရှင်းပြကြသည်။

ဧရာဝတီသတင်းထောက် အောင်သက်ပိုင်း ရေးသားသည်။

နေပြည်တော်တွင် မကွေး FC ဗိုင်းရပ်စ် ပျံ့နှံ့

နေပြည်တော်ရှိ အစိုးရဌာနများနှင့် ကုမ္ပဏီများ၏ ကွန်ပျူတာများတွင် “မကွေး FC” ခေါ် ဗိုင်းရပ်စ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပျံ့နှံ့ နေကြောင်း သိရသည်။

နေပြည်တော် အစိုးရ ဌာနများရှိ အင်တာနက်နှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာများသာမက Memory Stick များမှတဆင့် တခြား ကွန်ပျူတာများသို့လည်း မကွေး FC ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေကြောင်း နည်းပညာရှင်တဦးက ပြောသည်။

နေပြည်တော်အခြေစိုက် ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက “ကွန်ပျူတာလည်း ဖွင့်ရော Start Menu မှာ မကွေး FC ဆိုပြီး ပေါ်နေတယ်။ စက်ထဲက ရှိသမျှဖိုင်တွေ၊ သွင်းထားသမျှ ပရိုဂရမ်တွေ အကုန် Empty ဖြစ်ကုန်တယ်။ စက်ကို ဘယ်လိုမှ ပြန်လုပ်လို့မရတော့ ဆိုင်ပို့ပြီး Window အသစ် တင်ရတော့မယ်” ဟု ပြောသည်။

ယင်းဗိုင်းရပ်စ်ကို မည်သူက ရေးသားသည်ကို မသိရကြောင်း၊ ဗိုင်းရပ်စ်ဝင်သွားပါက ဖိုင်များ ပျက်စီးကုန်ပြီး Start Menu နေရာတွင် မကွေး FC ဆိုသည့် စာတမ်းကိုသာ တွေ့ရကြောင်း မြန်မာ နည်းပညာ ဝက်ဘ်ဆိုက်များတွင် ရေးသားဆွေးနွေးထားကြသည်။

မကွေး FC မှာ မြန်မာ နေရှင်နယ် လိဂ် ဘောလုံးပြိုင်ပွဲတွင် မကွေးတိုင်း ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသော ဘောလုံးအသင်း၏ အမည်ဖြစ်သည်။

ကွန်ပျူတာ နည်းပညာရှင်တဦးက “ဒီလို ဗိုင်းရပ်စ်ဝင်တာက အီးမေးလ်မှာ ကိုယ်မသိတဲ့ .zip ဖိုင်တို့၊ .rar ဖိုင်တို့၊ .exe ဖိုင်တို့ကို အရမ်းသွားဖွင့်လို့ ဖြစ်တာပါ။ အခု မကွေး FC က .exe ဖိုင်ပါ” ဟု ရှင်းပြသည်။

မကွေး FC ဗိုင်းရပ်စ်ကို ဖယ်ရှားရန် ပရိုဂရမ်တခုကို Myanmar Chat Online (http://www.myanmarchatonline.org/fil...rusRemoval.exe) တွင် ရယူနိုင်ကြောင်း သိရသည်။

မြန်မာ ကွန်ပျူတာ ပညာရှင် လူငယ်များ၊ ဟက်ကာများ ရေးသည့် ဗိုင်းရပ်စ်များ ၁၉၉၄ ခုနှစ်မှ စ၍ ပျံ့နှံ့ခဲ့ဖူးကြောင်း၊ ဝင်းနိုင် ဗိုင်းရပ်စ်၊ သရက်မြို့ ဗိုင်းရပ်စ်၊ “ချစ်လား” “မချစ်ဘူးလား” မေးရာတွင် မချစ်ဘူးဟု ကလစ်နှိပ်မိပါက စက်ပိတ်သွားတတ်သည့် I Love You ဗိုင်းရပ်စ်နှင့် လွိုင်ကော် ဗိုင်းရပ်စ်တို့ ဒုက္ခပေးခဲ့ဖူးကြောင်း မြန်မာ ကွန်ပျူတာ ပညာရှင်များ၏ အွန်လိုင်း ဆွေးနွေးချက်များအရ သိရသည်။

ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။

ကလေးစစ်သားများ၏ ဘဝဇာတ်လမ်းစုံ

ချင်းမိုင် (မဇ္ဈိမ)။ ။ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော သူဇင်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က နေ့စဉ်သွားနေကျ ခရီးစဉ်အတိုင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ သူ၏ ဆင်ခြေဖုံးရပ်ကွက်မှ ပန်းလှိုင်မြစ်ကို ဖြတ်ကာ ဆင်မလိုက် သင်္ဘောကျင်းသို့ သွားရောက်ခဲ့ပါသည်။ သူနှင့် သူ၏ မိသားစုသည် ဝက်ခေါက်ရောင်းခြင်းဖြင့် အသက်မွေးနေကြသူများဖြစ်ပြီး ဆင်မလိုက် သင်္ဘောကျင်းနားတွင် ဝက်ခေါက်ပို့ပေးရန် သွားခြင်း ဖြစ်သည်။

သို့သော် သူဇင်ဦးသည် ဆင်မလိုက် သင်္ဘောကျင်းသို့လည်း မရောက်၊ အိမ်သို့လည်း ပြန်မရောက်ခဲ့ပေ။ သူသည် အသက် ၁၇ နှစ် အရွယ်နှင့် မြန်မာစစ်အစိုးရ၏ စစ်တပ်တွင် စစ်မှုထမ်းရန် ခေါ်ဆောင်သွားခံခဲ့ရခြင်း ဖြစ်သည်။

သူဇင်ဦး ကဲ့သို့သော အဖြစ်အပျက်များသည် မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ် တခုကဲ့သို့ ရှိနေပြီး ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံသည် ကလေးစစ်သား အများအပြားရှိနေသည့် နိုင်ငံဖြစ်ကြောင်း မကြာခဏ ဝေဖန်ပြောဆိုခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုအဖွဲ့ HRW က မြန်မာနိုင်ငံ၌ ကလေးစစ်သားပေါင်း ၇ သောင်း (၇ဝ,ဝဝဝ) ခန့်ရှိသည်ဟု ခန့်မှန်းခဲ့သည်။ စစ်အစိုးရသည် အသက်မပြည့်သေးသည့် ကလေးငယ်များအား စစ်တပ်တွင် ခန့်ထားမှုကို ဟန်ပြသက်သက်သာ ထိန်းချုပ်နေသဖြင့် ကလေးစစ်သား အရေအတွက်သည် လျော့ကျသွားခြင်း မရှိခဲ့ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုအဖွဲ့က ဆိုသည်။ ထိုသို့ဖြင့် ကံဆိုးရှာသည့် သူဇင်ဦးသည် ဒီဇင်ဘာ နေ့တနေ့တွင် ကလေးစစ်သား တဦး ဖြစ်လာခဲ့ရသည်။

သူသည် ဆင်မလိုက်သို့အသွား ဘုရင့်နောင်လမ်းဆုံတွင် ဘတ်(စ်)ကား ပြောင်းစီးရန်အတွက် နောက်လာမည့် ကားကို စောင့်ဆိုင်းနေစဉ် လူစိမ်းတဦးက သူ့ကို လက်ယပ်ခေါ်သဖြင့် ထိုသူထံ သွားခဲ့သည်။ ထိုလူစိမ်းက သူဇင်ဦးအား တနေ့လျှင် ဝင်ငွေမည်မျှရကြောင်း မေးရာ သူဇင်ဦးက ဝက်ခေါက်ရောင်းခြင်းမှ တနေ့လျှင် ပျမ်းမျှ ၁၅ဝဝ ကျပ်ခန့် ရတတ်ကြောင်း ပြန်ဖြေခဲ့သည်။ ထိုအခါ ထိုလူစိမ်းက သူဇင်ဦးအား စက်ပြင်ဆရာအဖြစ် လုပ်ကိုင်လျှင် ဝင်ငွေပိုမိုရလာမည် ဖြစ်ကြောင်းနှင့် စက်ပြင်ဆရာ အလုပ်ရရေးအတွက် သူကူညီနိုင်သည်ဟု ပြောခဲ့သည်။

“ကျနော် သူပြောတာကို အရမ်း စိတ်ဝင်စားသွားပြီးတော့ သူ့နောက်ကို လိုက်သွားခဲ့တယ်။ ကျနော့်မိဘတွေကို ကောင်းကောင်း ကျေးဇူးဆပ်နိုင်တော့မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့” ဟု သူဇင်ဦးက နောက်ကြောင်းပြန် ပြောပြခဲ့သည်။

သို့သော် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် အုပ်ချုပ်နေကြသည်ဆိုသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) စစ်အစိုးရကမူ ၎င်းတို့သည် အသက် ၁၈ နှစ်အောက် ကလေးများအား စစ်တပ်ထဲ အဝင်မခံရန် မူဝါဒ ချမှတ်ထားကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သော်လည်း ကလေးစစ်သား အသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့ကမူ မြန်မာနိုင်ငံသည် အသက် ၁၂ နှစ်ခန့် ကလေးငယ်များကိုပင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေသည့် တခုတည်းသော အာရှနိုင်ငံဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ဇွန်လက ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးနိုင်ငံ စာရင်းတွင် ထည့်သွင်းထားသည်။ ထိုအစီရင်ခံစာထဲတွင် “မြန်မာစစ်အစိုးရ၏ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုနှင့် ကလေးစစ်သားများ ခန့်ထားမှုတို့သည် စိုးရိမ်စရာ အခြေအနေတွင် ရှိနေပြီး လူကုန်ကူးမှု ပြဿနာနှင့်လည်း ဆက်စပ်နေသည်” ဟု ဆိုသည်။ ထိုအစီရင်ခံစာသည် မြန်မာစစ်ခေါင်းဆောင်များမှ ပြဿနာပြေလည်အောင် အားထုတ်ဖြေရှင်းမှု မရှိခြင်းကိုလည်း အပြစ်တင် ဝေဖန်ထားသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံတကာမှ ဖိအားပေးမှုများကို မလွန်ဆန်နိုင်သဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း လိုက်နာကာ ကလေးစစ်သားများ ခန့်ထားနေမှုကို တိုက်ဖျက်ပါမည်ဟု သဘောတူညီခဲ့သည်။ အထူးသဖြင့် ၂ဝဝ၅ ခုနှစ် တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ မှ ကလေးစစ်သားများ အသုံးပြုမှုကို စောင့်ကြည့်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ဟန်ပြသဘောတူခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် ပူးပေါင်းလုပ်ဆောင်ကာ အစိုးရကိုယ်တိုင် ၂ဝဝ၇ ခုနှစ်တွင် ဖန်တီးပေးထားခဲ့သော တိုင်ကြားရေးစနစ်များဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ယောက်ျားလေးများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းသည့် သတင်းများ ထွက်ပေါ်နေခဲ့သည်။

“စစ်တပ် ထိပ်ပိုင်း အရာရှိတွေကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်ထဲမှာ လက်မခံဖို့ အမိန့်တော့ ထုတ်ထားတာပဲ။ ဒါပေမဲ့ စစ်တပ်က အောက်ခြေဝန်ထမ်းတွေမှာ သတ်မှတ်ပေးထားတဲ့ အရေအတွက်ရအောင် စစ်သားစုဆောင်းပေးရတဲ့ ပြဿနာက ရှိနေတယ်” ဟု ရန်ကုန်မှ ILO ဆက်ဆံရေးအရာရှိ စတိ(ဗ်)မာရှယ်က ဆိုသည်။

မာရှယ်က ဆက်ပြောရာတွင် တပ်ထဲမှ ထွက်ခွာသူသာ များနေပြီး တပ်ထဲဝင်ချင်သူ နည်းနေသဖြင့် တင်ရင်းမှူးများသည် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များမှ သတ်မှတ်ပေးထားသည့် အရေအတွက် ပြည့်မီရေးအတွက် အသည်းအသန် ကြိုးစားနေရသည်ဟု ဆိုသည်။

တပ်ရင်းမှူး တယောက်အနေဖြင့် စစ်တပ်ထဲသို့ ကလေးတယောက်ကို လက်ခံသွတ်သွင်းမိလျှင် ပြင်းပြင်းထန်ထန် သတိပေးခံရရုံနှင့် ငွေဒဏ်သာ ကျခံရမည်ဖြစ်သော်လည်း သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် စစ်သားမစုဆောင်းနိုင်လျှင်မူ ရာထူးချခြင်း ခံရနိုင်သည်ဟု ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတခုတွင် ဆိုသည်။

ထို့ကြောင့် အခကြေးငွေယူကာ စစ်သားရှာဖွေ စုဆောင်းပေးသည့် ပွဲစားများ ပေါ်ပေါက်လာပြီး ရဲတချို့လည်း ပါဝင်ပတ်သတ်မှု ရှိနေသည်။ ကလေးတယောက် ရှာဖွေစုဆောင်းပေးလျှင် ငွေကျပ် သုံးသောင်းခန့် ပွဲစားအား ပေးရသည်ဟု မာရှယ်က ခန့်မှန်းထားသည်။

ဆင်းရဲနွမ်းပါးသော ကလေးများအား ငွေကြေး၊ အစားအသောက် စသည်တို့ဖြင့် မက်လုံးပေးကာ သွေးဆောင်ဖြားယောင်းရန် လွယ်ကူသဖြင့် ပွဲစားများက ပစ်မှတ်ထားလာကြပြီး ထိုကလေးငယ်များ အဖော်မပါပဲ တယောက်တည်း သွားလာနေသည့် အခါမျိုးတွင် လှည့်ဖျားခံရလေ့ ရှိသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့ (HRW) က ဆိုသည်။ ကလေးစစ်သားများ၏ သုံးပုံတပုံသည် ထိုနည်းလမ်းများဖြင့် စစ်တပ်ထဲသို့ လှည့်ဖျားသွတ်သင်းခံထားရခြင်း ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ဆိုသည်။ အကယ်၍ ကလေးများက လှည့်ဖျားမှုကို ငြင်းဆန်လျှင်လည်း စစ်ထဲမဝင်လျှင် အမှုဆင်ကာ ဖမ်းဆီးမည်ဟု စစ်သားစုဆောင်းသူများက ခြိမ်းခြောက်လေ့ရှိသည်။

“စစ်သားစုဆောင်းတဲ့ ပွဲစားတွေက ကလေးတွေကို ဝင်ငွေကောင်းတဲ့ အလုပ်တွေ ရှိတယ်ဆိုပြီး ညာကြတယ်။ ကလေးတွေကလည်း သူတို့ လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် တနေရာရာမှာ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်ရမယ်ထင်ပြီး သွေးဆောင်တဲ့နောက် ပါသွားကြတယ်။ နောက်မှ တပ်ထဲရောက်သွားမှ သူတို့ အညာခံရမှန်း သိကြတယ်” ဟု မာရှယ်က ပြောသည်။

သူဇင်ဦးသည် အလုပ်ကောင်းကောင်းရမည်ဟု အာမခံသော ပွဲစား၏ စကားကို ယုံမိသည့်အတွက် ပွဲစားနှင့်အတူ လိုက်သွားခဲ့ပြီး ဒညင်းကုန်း စစ်သားစုဆောင်းရေးဌာနသို့ ရောက်မှ သူအလိမ်ခံလိုက်ရပြီဆိုတာကို သိခဲ့သည်။ အချိန်တိုအတွင်း၌ပင် သူ့ဘဝသည် ထင်မှတ်မထားသည့် ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး သူသည် ကိုယ်ပိုင်အမှတ် ၄၂၇၄၃၈ ဖြင့် စစ်သားတဦး ဖြစ်လာခဲ့သည်။ ထိုနေ့ညတွင် သူသည် ဘဝတူ အခြားကလေးများနှင့်အတူ သော့ခတ်ထားသည့် ကားရထားဖြင့် ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

“အဲဒီ့တွဲထဲမှာ ကျနော်နဲ့ ရွယ်တူ ကလေး ၁ဝဝ လောက် ပါတယ်။ ကျနော်တို့ထွက်ပြေးမှာ စိုးလို့ အပေါ့အပါး သွားခွင့်လည်း မပေးဘူး။ အဲဒါကြောင့် ကျနော်တို့ထဲက တယောက် ကြမ်းပြင်ပေါ်မှာ သေးထွက်ကျ သွားတယ်။ သူ့ကို ရိုက်နှက်ပြီး အပြစ်ပေးကြတယ်” ဟု သူဇင်ဦးက ပြောပြသည်။ ထိုညတွင် သူတို့ကို မြောက်ဘက်ရှိ ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ရေတာရှည် လေ့ကျင့်ရေး တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လေ့ကျင့်ရေးကာလ ၁၈ ပတ် အတွင်းတွင် အထက်အရာရှိများက သူဇင်ဦးအား အနိုင်ကျင့်ကာ ကြံများ ဖြတ်ခိုင်းခြင်း၊ သယ်ခိုင်းခြင်း စသည့် အလုပ်ကြမ်းများကို လုပ်ခိုင်းခဲ့သည်။ သူ့ သူငယ်ချင်းတဦးဆိုလျှင် နိုင်ငံတော်သီချင်း ဆိုရာတွင် အသံတိုးသဖြင့် ခေါင်းကို ဝါးလုံးနှင့်ရိုက်ကာ ဆုံးမခံခဲ့ရသည်ဟု ဆိုသည်။


ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့၏ အစီရင်ခံစာတွင် ကလေးစစ်သားများသည် တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက် ကြရပြီး၊ ပေါ်တာ၊ ကင်းထောက်၊ ကင်းစောင့်၊ ထောက်လှမ်းရေး လုပ်ငန်းများနှင့် ချက်ပြုတ်ခြင်းစသည့် အလုပ်များကိုပါ လုပ်ဆောင်ကြရလေ့ ရှိသည်ဟု ဆိုသည်။ စစ်တပ်မှ ထွက်ပြေးရန် ကြိုးစားသူများအားလည်း စစ်ပြေးအဖြစ် သတ်မှတ်ကာ ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်သည်ဟု ဆိုသည်။

လေ့ကျင့်ရေးကာလ ပြီးဆုံးခါနီးတွင် သူဇင်ဦးသည် မိဘများနှင့် တွေ့ဆုံခွင့် ရခဲ့ပြီး သူစစ်တပ်တွင် မပျော်ရွှင်ဘဲ အိမ်ကိုသာ ပြန်လာချင်နေသည်ဟု မိဘများအား ပြောဆိုခဲ့သည်။ ထို့ကြောင့် သူ၏ မိဘများသည် ILO နှင့် ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့ရာ ILO မှ သူဇင်ဦး၏ ကိစ္စကို စုံစမ်းဆောင်ရွက်ခဲ့ပြီး အသက်အရွယ်ကိုလည်း အတည်ပြုခဲ့သည်။ ILO ၏ ကူညီဆောင်ရွက်ပေးမှုကြောင့် သူဇင်ဦးသည် ဇွန်လ ၈ ရက်နေ့က စစ်တပ်မှ ထွက်ခွာခွင့် ရခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ ယခုနှစ် ဧပြီလအတွင်း ILO သို့ တိုင်ကြားခဲ့သည့် ကလေးစစ်သား ကိစ္စပေါင်း ၁၂၈ ခုရှိခဲ့သည်ဟု သိရပြီး ၂ဝဝ၇ ဧပြီလမှ ၂ဝဝ၈ ဧပြီလအတွင်း တိုင်ကြားခဲ့ကြသည့် အရေအတွက် ၅ဝခု နှင့် နှိုင်းယှဉ်ကြည့်လျှင် ၂ ဆခွဲခန့် မြင့်တက်လာခြင်း ဖြစ်သည်။

“ကလေးစစ်သားကိစ္စ တိုင်ကြားလာမှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင်တော့ လူတွေဟာ ဥပဒေတွေ၊ အခွင့်အရေးတွေကို နားလည်လာကြပြီး ဒီလိုကိစ္စတွေကို တိုင်ရမှန်း သိလာကြပြီလို့ ထင်ပါတယ်” ဟု မာရှယ်က ပြောခဲ့သည်။

စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများအား သတိပြုမိလာစေရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု မာရှယ်က ဆိုသည်။ စစ်အစိုးရသည် စစ်ဘက်ဆိုင်ရာ အရာရှိများအား လူ့အခွင့်အရေးနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပြီး ILO သည် အလုပ်သမား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဒေသတွင်း အာဏာပိုင်များအတွက် အလုပ်သမား အခွင့်အရေး သင်တန်းများ စီစဉ်ပို့ချပေးခဲ့သည်။

ဥပဒေကြောင်းအရ လူတဦး၏ ရပိုင်ခွင့်များနှင့် အကယ်၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရပါက မည်ကဲ့သို့ တိုင်ကြားရမည်ကို ရှင်းလင်းဖော်ပြထားသော လက်ကမ်းစာရွက် များကိုလည်း ယခုလမှ စတင်၍ အစိုးရခွင့်ပြုချက်ဖြင့် ဖြန့်ဝေနေကြသည်။

“အစိုးရနဲ့ ညှိနှိုင်းပြီး ပူးပေါင်းလုပ်ဆောင်နိုင်လို့ အခြေအနေတွေ တိုးတက်လာပါတယ်။ စစ်မှုထမ်းနေရတဲ့ ကလေးစစ်သားတွေ တပ်ထဲကနေ ထွက်ခွင့် ပိုရလာကြပါပြီ” ဟု မာရှယ်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အနေဖြင့် တိုင်ကြားချက် ၃ ခုမှအပ ကျန်သော ကလေးစစ်သား အမှုအားလုံးတွင် ကလေးများ တပ်ထဲမှ ထွက်ခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုအမှု ၃ ခုအနက် တခုတွင် ကလေးတဦးအား ရှာဖွေဆောင်ရွက်နေဆဲဖြစ်ပြီး ကျန်အမှု ၂ ခုတွင် ကာယကံရှင်များ ကိုယ်တိုင်က စစ်တပ်ထဲတွင် ဆက်လက်အမှုထမ်းလိုနေသည်ဟု မာရှယ်က ဆိုသည်။

“မိဘတွေကလည်း သေချာတိုင်ကြားမယ်။ ကျနော်တို့အနေနဲ့လည်း ကလေးတွေ အသက်ကို အတည်ပြုနိုင်မယ်ဆိုရင် ကလေးတွေ တပ်ထဲက ထွက်ခွင့်ရဖို့ ကိစ္စကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါတယ်။ ဆောင်ရွက်ချက်တွေ အောင်မြင်တဲ့နှုန်း အရမ်းကို မြင့်ပါတယ်။ ကျနော့်အမြင်ကို ပြောရရင် ကျနော်တို့ဘက်က အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်မယ်ဆိုရင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အားရကျေနပ်စရာ ကောင်းပါတယ်” ဟု မာရှယ်က ပြောသည်။

အခြားတဖက်တွင်မူ ကလေး၏ အသက်ကို အတည်ပြုရန်အတွက် အထောက်အထားများ ရှာဖွေရသည်မှာ အလွန်ခက်သည်ဟု ဆိုသည်။ ထိုကဲ့သို မွေးသက္ကရာဇ် အထောက်အထား ရှာဖွေရသည်မှာ ရက်သတ္တပတ် အနည်းငယ်မှ လပေါင်းများစွာတိုင်အောင် ကြာမြင့်သွားနိုင်သည်ဟုလည်း ဆိုသည်။ စစ်မှုထမ်းနေရသည့် ကလေး အသက် ၁၈ နှစ် မပြည့်သေးကြောင်း သက်သေပြရန်အတွက် ILO သည် တရားဝင် အထောက်အထား စာရွက်စာတမ်းများ လိုအပ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ တရားဝင် မွေးစာရင်းလက်မှတ် မရှိကြတာ များတယ်။ ပြီးတော့ ဆင်းရဲတဲ့ မိသားစုတွေမှာ ကလေးတွေကို ကျောင်းမထားကြတာ များတော့ အသက်အမှန်တွေကို တရားဝင် သက်သေပြဖို့ ခက်တယ်” ဟု မာရှယ်က အခက်အခဲများကို ပြောပြသည်။

မာရှယ်က သူ၏ ထင်မြင်ချက်ကို ဆက်လက်ပြောပြရာတွင် မြန်မာနိုင်ငံသား တော်တော်များများသည် ကလေးစစ်သားကိစ္စကို ဖြစ်ရိုးဖြစ်စဉ်အဖြစ် ယူဆထားကြပြီး တစုံတရာ ဆောင်ရွက်လိုစိတ် မရှိကြဟု ဆိုခဲ့သည်။ ကလေးများ စစ်ထဲသို့ သွတ်သွင်းခံနေရသည့် ကိစ္စကို မှားမှန်းသိသူများကလည်း အာဏာပိုင်များအား ထိုကိစ္စကို ထောက်ပြရန် မဝံ့မရဲ ဖြစ်နေကြသည်ဟု မာရှယ်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) (HREIB) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောကြားရာတွင် ကလေးစစ်သားကိစ္စများ တိုင်ကြားမိလျှင် အရေးယူခံရမည်ကို စိုးရိမ်နေကြသည့်အတွက် ILO သို့ တိုင်ကြားသည့် အမှုအရေအတွက်မှာ အမှန်တကယ် ဖြစ်ပွားနေသည့် အရေအတွက်ထက် များစွာ လျော့နည်းနေသည်ဟု ဆိုသည်။ သူက ကလေးစစ်သားကိစ္စများအား တိုင်ကြားခဲ့ကြသူ တချို့ အာဏာပိုင်များ၏ အဖမ်းခံခဲ့ရ၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများ ခံခဲ့ရသည့် အတိတ်က ဥပမာများကို ရည်ညွှန်းပြောဆိုခဲ့သည်။

“ILO က ဆောင်ရွက်ပေးတဲ့ ကလေးစစ်သားအမှုတွေ အားလုံးလိုလို အောင်မြင်သွားတယ် ဆိုပေမယ့် ILO ကို ရောက်မလာတဲ့ အမှုတွေ ရာပေါင်းများစွာ ရှိနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

သူက သူ၏ အမြင်ကို ဆက်လက်ပြောပြရာတွင် စစ်အစိုးရ၏ ကလေးစစ်သားကိစ္စ ဖြေရှင်းမှုများသည် လူကြားကောင်းအောင် ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။

“ကလေးစစ်သားတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သူတို့ မျက်နှာ မပျက်ချင်တော့ဘူးလေ။ တကယ်လို့ သူတို့ တကယ်ပပျောက်အောင် လုပ်ချင်ရင် သူတို့ အမိန့်ပေးတဲ့အတိုင်း လိုက်လုပ်မယ့် စစ်တပ်ပဲ။ သူတို့စစ်တပ်ကို သူတို့ လူကြားကောင်းရုံသက်သက် အပြစ်တင်နေရုံလေးနဲ့တော့ မလုံလောက်ပါဘူး။ သူတို့မှာ ကလေးစစ်သား ခန့်ထားတာတွေကို တားမြစ်နိုင်တဲ့ အာဏာတွေ၊ အဲလို ကလေးစစ်သား ခန့်ထားတဲ့ သူတွေကို အရေးယူနိုင်တဲ့ အာဏာတွေ ရှိနေတာပဲ” ဟု ဦးအောင်မျိုးမင်းက ဝေဖန်ပြောဆိုခဲ့သည်။

မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂ (ဎ) တွင် … ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး (သို့မဟုတ်) မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်။

အလားတူပင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂ (ဎ) တွင် အထက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ထို့အပြင် တိုင်း၊ ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂ (ဎ) တွင်လည်း အထက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအခန်း (၁၃) တွင် ပြဋ္ဌာန်းထားပါသည်။ ယင်းအခန်းပုဒ်မ - ၅၈ (ခ) တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

(ခ) ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဦးကိုသော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဦးဦးကိုသော်လည်းကောင်း ခြိမ်းခြောက်ခြင်း။

အလားတူပင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ ပုဒ်မ - ၅၈ (ခ) တွင် လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း - ၁၃ ပုဒ်မ - ၅၈ (ခ) တွင်လည်းကောင်း အထက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့၏ ပုဒ်မ ၂ (ဎ) ပါ ပြဋ္ဌာန်းချက်အရ “ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုသည်။” ဟု ပြဌာန်းထားချက်အရ မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးမှာ ဥပဒေပြဋ္ဌာန်းချက်အရ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့၏ ပုဒ်မ - ၅၈ (ခ) အရ တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။

သို့ဖြစ်ရာ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဖြစ်သော မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ခြိမ်းခြောက်ခြင်း ပြုသူသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပါသည်။

မဇ္ဈိမသတင်းထောက် ရန်ငြိမ်းအောင် (လူငယ်) ရေးသားသည်။