Pages

Subscribe

Monday 5 July 2010

ဆင်ဖြူ ဖမ်းသူများ အထူးအခွင့်အရေးပေး ချီးမြှင့်မည်

ဆင်ဖြူဖမ်းဆီး ရရှိခဲ့မှုကို ဗိုလ်ချုပ်မှူးကြီး မိသားစုက အလွန် ၀မ်းမြောက် လျက်ရှိပြီး ဖမ်းဆီး ပေးခဲ့သော ၀န်ထမ်းများကို ဆုငွေပေးခြင်း၊ ရာထူး တိုးပေးခြင်း အပါအ၀င် အထူး အခွင့်အရေးများ ချီးမြှင့်ရန် ရှိကြောင်း သတင်းရရှိသည်။

ဖမ်းမိသော ဆင်ဖြူကို တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး လာရောက် ကြည့်ရှုခဲ့သည် (ဓာတ်ပုံ - imageshack.us)

ဒေသခံတို့က သတင်းပေးပို့ ပြီးနောက် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် သစ်တောရေးရာ ဝန်ကြီးဌာ၊ သစ်တော ဦးစီးဌာနနှင့် မြန်မာ့ သစ်လုပ်ငန်းမှ ဆင်ဖမ်း အဖွဲ့များက ပူးပေါင်း ဖမ်းဆီးခဲ့ရာ ၆ လ အကြာ ဇွန်လ ၂၆ ရက်နေ့တွင် အသက် ၃၈ နှစ်ခန့်ရှိ ဆင်ဖြူ အမ တကောင် ဖမ်းမိခဲ့သည်။

စစ်အစိုးရ ခေါင်းဆောင်များက အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး အပါအ၀င် ဆင်ဖမ်း အဖွဲ့တွင် ပါဝင်ခဲ့သော ၀န်ထမ်းများကို ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့ကြောင်း နေပြည်တော် ၀န်ထမ်း အသိုင်း အ၀န်းမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်များက ဆင်ဖြူတော် ပေါ်ထွန်းမှုသည် ဘုန်းတန်ခိုး အရှိန်အ၀ါကြောင့် ဖြစ်သည်ဟု ယုံကြည်ကြပြီး အစိုးရ ဆောင်ရွက်သမျှ အောင်မြင်မည့် နိမိတ်လက္ခဏာဟု ယူဆကြကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူ စစ်တပ်အရာရှိတဦးက ပြောသည်။

“ဆင်ဖြူတော် မိတယ်ဆိုတဲ့ သတင်းက နေပြည်တော်မှာတော့ အပေါက်ဆုံး သတင်းပဲ။ အထူးသဖြင့် အစကတည်းက လိုချင်လွန်းလို့ ဖမ်းဖို့ညွှန်ကြားထားတဲ့ တပ်ချုပ်ကြီးမိသားစု အပျော်ဆုံးလို့ သိရတယ်” ဟု အဆိုပါ စစ်တပ်အရာရှိက
ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးအပါအ၀င် စစ်ခေါင်းဆောင်များသည် ဆင်ဖြူတော် ရူးသွပ်သူများဖြစ်ပြီး ၄င်းတို့စီးနင်းသော
အထူးသီးသန့် လေယာဉ်များကို ဆင်ဖြူတော်ဟု ခေါ်ဝေါ်သုံး စွဲစေခြင်း၊ ငွေစက္ကူသစ် ထုတ်ဝေရာတွင် ဆင်ဖြူတော်တံဆိပ်ကို အသုံးပြုခြင်းစသည်ဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ဖမ်းဆီးရရှိသော အဆိုပါဆင်ဖြူကို ရန်ကုန်မြို့ မင်းဓမ္မကုန်းရှိ ဆင်ဖြူများနှင့် အတူတကွ ထားမည်မဟုတ်ဘဲ နေပြည်တော်တွင် ထားပြီး အခမ်းအနားဖြင့် ဘွဲ့နာမည်ပေးရန် အစီအစဉ်များရှိကြောင်း နေပြည်တော်ဝန်ထမ်းများက ဆိုသည်။

ပြည်သူများ အကြားတွင်လည်း ဆင်ဖြူဖမ်းဆီးရရှိမှုအပေါ် စိတ်ဝင်းစားနေကြပြီး ယခင် ဖမ်းမိသောဆင်ဖြူ ၃ ကောင်ကို “ခင်ညွန့် ဆင်ဖြူတော်”၊ ယခုဖမ်းမိသော ဆင်ဖြူ ၁ ကောင်ကို “သန်းရွှေ ဆင်ဖြူတော်” ဟု ခေါ်ဝေါ်သုံးစွဲကာ အမျိုးမျိုးဝေဖန် သုံးသပ်လျက်ရှိကြသည်။

“သန်းရွှေ ဆင်ဖြူတော်နဲ့ ခင်ညွှန့်ဆင်ဖြူတော် ဘယ်ဆင်က ပိုဖြူမလဲဆိုပြီး အရပ်ထဲမှာ စိတ်ဝင်တစား ပြောကြ ဆိုကြတာတွေ ကြားရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ယခင် ရှာဖွေတွေ့ရှိခဲ့သော ဆင်ဖြူ ၃ ကောင်မှာ အထီး ၁ ကောင်၊ အမ ၂ ကောင်ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် အုန်းခွံရောင် ဆင်အထီးကို ရာဇဂဟ သီရိပစ္စယ ဂဇရာဇာ ဘွဲ့အမည်ကို လည်းကောင်း၊ အသက် ၃၂ နှစ်အရွယ် ပန်းနုရောင် ဆင်မကို သီင်္ဂီမာလာဘွဲ့အမည်ကို လည်းကောင်း၊ အသက် ၁၅ နှစ်အရွယ် ပန်းနုရောင်ဆင်မကို ရတီမာလာဘွဲ့အမည်ကို လည်းကောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က အခမ်းအနားဖြင့် သတ်မှတ်ပေးခဲ့သည်။

ဆင်ဖြူများအားလုံးကို ရခိုင်ပြည်နယ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆင်ထီးကို ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရသေ့တောင် မြို့နယ်၊ စေတီပြင်ကျေးရွာအုပ်စု၊ အထက်နန်းရာ ကျေးရွာအနီးမှ လည်းကောင်း၊ ဆင်မ အကြီးကို ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မောင်းတောမြို့နယ်အတွင်းမှ လည်းကောင်း၊ ဆင်မ အငယ်ကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း ဖမ်းဆီးရရှိခဲ့သည်။

ရှေးမြန်မာ မင်းများလက်ထက်က ဆင်ဖြူ ၁၂ မျိုး သတ်မှတ်ထားရာ ရတနာသရဘူ၊ ရတနာပလ္လင်၊ ရတနာကကျည်း၊ ရတနာထောက်ရှည်၊ ရတနာပြဿဒ်၊ ရတနာပိန်း၊ ရတနာမုံ၊ ရတနာဆုပ်၊ ရတနာကြံဆင်၊ ရတနာယပ်နှင့် ရတနာကြန်စုံ ဟူ၍ ဖြစ်ကြောင်း မုံရွေးဇေတဝန်ဆရာတော်၏ ကုသပျို့ထဲတွင် ထည့်သွင်းစပ်ဆိုထားသည်။

တချို့ဆင်ဖြူတော်များသည် အရောင်အားဖြင့် အဖြူရောင်မဟုတ်သော်လည်း ဆင်ဖြူတော်များတွင် ပါရှိရမည့် အဆင်းသဏ္ဍန်များရှိလျှင်လည်း ဆင်ဖြူတော်အဖြစ် သတ်မှတ်ခေါ်ဝေါ်နိုင်သည်ဟု သစ်တောရေးရာ ၀န်ကြီးဌာန၊ ရတနာ ဆင်ဖြူတော် ထိန်းသိမ်းရေးအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ဧရာဝတီသတင်းထောက် အောင်သက်ပိုင်း ရေးသားသည်။

No comments:

Post a Comment