Pages

Subscribe

Monday 21 June 2010

(၂၁.၆.၂၀၁၀) ရက်နေ့ လာအို ၀န်ကြီးချုပ် နေပြည်တော် ခရီစဉ် ရုပ်သံများ

လာအိုဝန်ကြီးချုပ် Bouasone Bouphavanh နှင့် ဦးသိန်းစိန် တွေဆုံသည့် မှတ်တမ်း ( အပိုင်း - ၁ )







လာအိုဝန်ကြီးချုပ် Bouasone Bouphavanh နှင့် ဦးသိန်းစိန် တွေဆုံသည့် မှတ်တမ်း ( အပိုင်း - ၂ )







လာအိုဝန်ကြီးချုပ် Bouasone Bouphavanh နှင့် ဗိုလ်ချုပ်သန်းရွှေ တွေဆုံသည့် မှတ်တမ်း







လာအိုဝန်ကြီးချုပ် Bouasone Bouphavanh နေပြည်တော် လည်ပတ်သည့် မှတ်တမ်း









အထက်လွှတ်တော်အမတ် လက်ထောက် NLD နဲ့ တွေ့ဆုံမည်

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျွန် ကယ်ရီ (John Kerry) ရဲ့ လက်ထောက်ဖြစ်သူ မြန်မာနိုင်ငံမှာ လက်ရှိ ရောက်နေတဲ့ ရော်ဘင် လာနာဟာ မနက်ဖြန်မှာ ဦးတင်ဦး အပါအ၀င် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အငြင်းပွားစရာ နိုင်ငံရေး အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စုံစမ်းတာ ဖြစ်နိုင်တယ်လို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ မနက်ဖြန် မစ်စ် လာနာနဲ့ တွေ့ဆုံတဲ့အခါ ဘာတွေပြောဖို့ ပြင်ဆင်ထားသလဲ ဆိုတာကိုတော့ မခင်ဖြူထွေးက ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီရဲ့ လက်ထောက် မစ်စ် ရော်ဘင်လာနာ အခု မြန်မာပြည်မှာ ရောက်နေတယ်လို့ သိရပါတယ်။ အန်ကယ်တို့ NLD နဲ့ တွေ့မယ်ဆိုတာ ဟုတ်ပါသလား အန်ကယ် ဦးဉာဏ်ဝင်း။

“ဟုတ်ပါတယ်။ ကျနော်တို့ကို ဖိတ်ထားပါတယ်။ မနက်ဖြန် နေ့ခင်း တွေ့ပါမယ်။ တနာရီပါ။”

အခုလို တွေ့မယ်ဆိုတာကို သူတို့ဘက်က ဘယ်တုန်းက အကြောင်းကြားတာပါလဲ။

“နှစ်ရက် သုံးရက်လောက် ရှိပါပြီခင်ဗျ။”

သူ့အနေနဲ့ ဘယ်လို အကြောင်းအရာတွေကို အဓိက ဆွေးနွေးမယ်လို့ ထင်ပါသလဲ။

“လောလောဆယ် မြန်မာပြည်က နိုင်ငံရေး ဖြစ်ပေါ်မှုတွေပေါ့။ ရွေးကောက်ပွဲကိစ္စတို့ ဘာတို့ ဒါတွေ ပါလိမ့်မယ်လို့တော့ ထင်ပါတယ်။”

အန်ကယ်တို့ NLD ဘက်ကရော အဓိက ဘာတွေ ဆွေးနွေးသွားဖို့ ရှိပါသလဲ။

“အဓိကတော့ NLD ဘာကြောင့် ပြန်လည် မှတ်ပုံမတင်ဘူးဆိုတဲ့ အချက်ရယ်၊ မတင်ပေမဲ့ NLD ရဲ့ ရပ်တည်ချက်ရယ်၊ လာမယ့် ရွေးကောက်ပွဲရဲ့ အခြေအနေတွေရယ်၊ ဒါတွေကို အန်ကယ်တို့ ကြိုးစားပြီး ပြောပြမှာပါ။”

အခုတွေ့မယ့် ရော်ဘင် လာနာဆိုတာက အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီရဲ့ လက်ထောက်တဦးဆိုတော့ အခုလိုမျိုး အဆင့်မြင့် အရာရှိတဦးရဲ့ လက်ထောက်က အခုချိန်မှာ NLD နဲ့ လာတွေ့တာ ဘာကြောင့်လို့ ထင်ပါသလဲ။

“လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက အငြင်းပွားစရာတွေပေါ့၊ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ Process တခု၊ Space ရှိတယ်တို့ ဘာတို့ ဒီလိုယူဆတာရှိတယ်။ ဒါနဲ့ ဆန့်ကျင်ဘက် ဘာ Space မှမရှိဘူး၊ ရွေးကောက်ပွဲက ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် ဘာအကျိုးမှ မရှိဘူး၊ ဒီလိုယူဆတာလည်း ရှိတယ်။ ဒါတွေအတွက် လာရောက်လေ့လာ ကိုယ်တိုင် စုံစမ်းတယ်လို့ အန်ကယ်တို့ ဒီလို ယူဆပါတယ်။”

သူ အခုလို လာတွေ့တဲ့ မြန်မာပြည် ခရီးစဉ်ကနေ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ မူဝါဒတွေ အပေါ်မှာရော တစုံတရာ သွားပြီးတော့ သက်ရောက်မှု ဖြစ်မယ်လို့ ထင်ပါသလား။

“အန်ကယ် အဲဒါတော့ မပြောနိုင်ဘူး။ သူတို့က ဆီနိတ်တာ၊ ဟိုဘက်က အစိုးရဆိုတော့ ဒါကတော့ အန်ကယ်တို့ မပြောနိုင်သေးဘူး။”

မနက်ဖြန်မှာ အန်ကယ်တို့ NLD က ဘယ်သူတွေ သွားတွေ့ဖြစ်မှာပါလဲ။

“ကျနော်တို့ ရန်ကုန်မှာ အခုလက်ရှိ ရှိနေတဲ့ CEC အားလုံး သွားမှာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လို့ ကန့်သတ်ထားတာတွေကြောင့် အတိုက်အခံ အင်အားစုတွေနဲ့ နိုင်ငံတကာကပါ မြန်မာစစ်အစိုးရကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။ အခုလည်း မြန်မာနိုင်ငံက အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုရဲ့ အဆင့်မြင့် အရာရှိတယောက်က ကိုယ်တိုင်ကိုယ်ကျ လာရောက်စုံစမ်းတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ILO ပညာပေးစာစောင်များ ပဲခူးတွင် ဖြန့်ဝေ

အဓမ္မလုပ်အားပေးမှုဆိုင်ရာ အသိပညာ ပေးထားတဲ့ ILO အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ရဲ့ လက်ကမ်းစာစောင်တွေကို အဓမ္မလုပ်အားပေးမှု၊ ကလေးစစ်သား စုဆောင်းမှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ ပဲခူးတိုင်းက မြို့နယ်တွေမှာ စတင် ဖြန့်ဝေနေပါပြီ။ မြန်မာစစ်အစိုးရနဲ့ ILO အဖွဲ့အကြား သဘောတူညီမှုနဲ့ အခုလိုမျိုး ပြည်သူတွေဆီကို ဖြန့်ဝေမယ့် စာစောင်တွေကို NLD လူငယ်တွေက လိုက်ပြီး ဖြန့်ဝေပေးနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးတိုင်းအတွင်းမှာ ကလေးစစ်သား စုဆောင်းမှု၊ အတင်းအဓမ္မ လယ်ယာသိမ်းခံရမှုတွေ၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှုတွေ များတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူထုတွေကို ပညာပေးတဲ့ အနေနဲ့ ILO က လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးနေတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းက လူငယ်ခေါင်းဆောင်တဦးက အခုလို ပြောပါတယ်။

“ကလေးစစ်သား ပပျောက်ရေးမှာ ကျနော်တို့က ကူညီဆောင်ရွက်နေတော့၊ ILO နဲ့ ကျနော်တို့ အဆက်အသွယ် ရှိနေတဲ့ အခါကြတော့ ကျနော်တို့ကို ILO ရုံးက အတင်းအဓမ္မ လုပ်အားပေး ပပျောက်စေဖို့အတွက် သူတို့မှာ Pamphlet တွေ ဝေငှဖို့အတွက် နိုင်ငံတော်အစိုးရနဲ့ သဘောတူညီပြီး ဖြန့်ချိခွင့်ရတဲ့ စာရွက်တွေ ရှိတယ်။ ပြည်သူလူထုတွေ ထဲထဲဝင်ဝင် သိရှိနားလည်လာပြီး ကျေးရွာတွေမှာရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေက အစ သိရှိလာအောင်၊ သိရှိလာပြီး သူတို့မှာ အခက်အခဲတွေ ရှိလာရင်၊ အာဏာပိုင်တွေက ဥပဒေ ချိုးဖောက်လာရင် တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်တယ် ဆိုတဲ့အကြောင်း ဒီစာရွက်မှာ ပါရှိတယ်လေ။

“အဲဒါတွေကို သူတို့က ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီးတော့ အစိုးရနဲ့ သဘောတူညီ ထားတာတွေကိုလည်း သိရှိနားလည်လာမယ်၊ အာဏာပိုင်တွေကလည်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းလို့မရဘူး၊ အသက်မပြည့်သေးတဲ့ ကလေးတွေကိုလည်း စစ်တပ်ထဲ အတင်းအဓမ္မ သွတ်သွင်းလို့ မရဘူး ဆိုတာကို ပြည်သူလူထုက သေသေချာချာ သိလာတဲ့ အခါကြတော့ သူတို့ဟာ ဥပဒေနဲ့ ပတ်သက်ပြီး နားလည်မှုတွေ ရလာမယ်။”

ပညာပေးတာကတော့ လူသူအရောက်အပေါက် နည်းတဲ့ ကျေးရွာတွေထိ ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုတကြိမ်ကတော့ အတော်များများ ဖြန့်ဝေမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပဲခူးတိုင်း အရှေ့ခြမ်းမှာရှိတဲ့ တောင်ငူခရိုင်တွင်းမှာရှိတဲ့ မြို့နယ်တွေ၊ အဲဒီမြို့နယ်တွေ အတွင်းမှာရှိတဲ့ ကျေးရွာတွေ၊ ဒီဘက် ညောင်လေးပင်ခရိုင်အတွင်းမှာ ရှိတဲ့ ရွှေကျင်တို့၊ ပြွန်တန်ဆာတို့ အင်မတန်မှ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ခဲ့တဲ့၊ မီဒီယာတွေမှာ ခဏခဏ ပါလေ့ရှိတဲ့ ကလေးစစ်သားအဖြစ် ဖမ်းဆီး သွတ်သွင်းခံရတဲ့ နေရာတွေ အများစုဖြစ်ခဲ့တဲ့ နေရာတွေကို ကျနော်တို့ လူငယ်တွေ သွားပြီးတော့ ILO ကပေးတဲ့ စာရွက်တွေ သွားကမ်းပါတယ်။

“အခု ပဲခူးတိုင်း အရှေ့ခြမ်းမှာရှိတဲ့ သနပ်ပင်မြို့နယ်၊ က၀မြို့နယ်တွေမှာလည်း ဒီနေ့ ကျနော်တို့ဆီက အကူအညီပေးရေး အဖွဲ့တွေ သွားပြီး ကမ်းပါတယ်။ ကျေးရွာတွေ တော်တော်များများကို ရောက်ကုန်ကြပါပြီ။ မြို့နယ်ပေါင်း ၄၀ လောက်ရှိပါပြီ။”

ပဲခူးတိုင်းအတွင်းမှာ ကလေးစစ်သား စုဆောင်းမှုတွေ အများအပြား ဖြစ်နေတာကြောင့် အခုလို စာစောင်တွေရတဲ့ ပြည်သူတွေကတော့ သူတို့အတွက် အသိပညာရကြောင်း၊ ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို တိုင်ကြားရမယ်ဆိုတာ ပိုပြီး သိရှိလာရတယ်လို့ ဆိုပါတယ်။

“အတော်လေးကို ကျနော်တို့ ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံနဲ့ ကာကွယ်နိုင်တဲ့ အချက်တွေ တွေ့ရတယ်။ ၀မ်းသာတယ်ဗျာ။ အခုလို NLD က လာကမ်းပေးတဲ့ အတွက်လည်း ကျနော်တို့ ပြည်သူလူထု ကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်မယ်လို့ ထင်တယ်လေ။ စာရွက်လေးတွေ ပေးသွားတော့ ကျနော်တို့ မိဘတွေအနေနဲ့ သားသမီးတွေ ဖြစ်လာရင် ကိုယ်တိုင် ရဲရဲတင်းတင်း တိုင်ကြားရဲတယ်၊ တိုင်ကြားနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သိရတော့ ကျနော်တို့တင်မက အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်ရှိရင် အားလုံးကလည်း ဆောင်ရွက်နိုင်မယ်လို့ ထင်တယ်ဗျာ။ ၀မ်းသာတယ်ဗျာ၊ အဲဒီလို ကမ်းတယ်ဆိုတာ။

“နောက်ထပ် ဒီ့ထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရင် ပိုကောင်းမယ်လို့ မျှော်လင့်တယ်လေ။ ဒီလိုဆောင်ရွက်တာလည်း နည်းနည်းပါးပါးပဲ ရှိမှာပါ။ အကုန်လုံး တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရင်တော့ အတိုင်းထက် အလွန်ပဲလို့ ကျနော်တို့ မျှော်လင့်တယ်။”

NLD လူငယ်တွေ အနေနဲ့ အစိုးရ၀န်ထမ်းတွေကိုပါ ဖြန့်ဝေခဲ့ပြီး ကလေးစစ်သား စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီးကို ILO ကို တိုင်ကြားနိုင်ရေး အသိပညာပေးမှုတွေကို လူထုတွေကြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အတွက် အာဏာပိုင်တွေဘက်ကတော့ အနှောင့်အယှက် ပေးမှုတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဇွန်လတွင်းမှာ လုပ်ခဲ့တဲ့ ILO ရဲ့ ၉၉ ကြိမ်မြောက် အစည်းအဝေးမှာတော့ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ရှိနေသေးကြောင်း၊ အတင်းအကျပ် လုပ်အားပေး ခိုင်းစေမှုတွေလည်း ရှိနေသေးကြောင်း မြန်မာပြည်ဆိုင်ရာ ILO ကိုယ်စားလှယ်က တင်ပြဆွေးနွေးသွားခဲ့ပါတယ်။

ကျွန်ူပ်တို့၏ ဦးတည်ချက် နှင့် သဘောထား အမြင်

ယနေ့လက်ရှိအစိုးရ၏ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ။ တိုင်းပြည်တိုးတက် ကောင်းစာရေးထက် ကိုယ်ကျိုးရှာလူတစ်စု ကောင်းစားရေး ကို ဦးတည်နေသည်ကို အားလုံးသိပြီးဖြစ်သည်။
ကျွန်ူပ်တို့တိုင်းပြည်၏ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်သော တတိုင်းပြည်လုံးကောင်းစားရေးကို ဦးတည်သည့် ဒီမိုကရေစီ ၀ါဒနှင့်လည်း လားလားမှမဆိုင်။ အာဏာတည်မြဲတည်မြဲရေးကို အသွင်ပြောင်းသည့် အနေဖြင့် ရွေးကောက်ပွဲလုပ်ကာ အနေဖြင့်
တတိုင်းပြည်လုံးအား ဒုက္ခပေး ရန်ဖြစ်သည်ကို လူထုသိအားလုံး သိ၇ှိနားလည်ကြပြီးဖြစ်သည်။

ယနေ့မြန်မာနိုင်ငံ အခြေအနေကို ကြည့်လျှင် မည်သည့်အဖွဲ့ကို အာဏာလွှဲပြောင်းကာ မည်သို့အုပ်ချုပ်မည် ကို အထူးပင် တွေးစရာမလိုလှပါ။ ပညာရှင်များကို ထောင်ထဲထည့်ကာ လူမိုက်များကို အပြင်ထုတ်၍ ဖက်စစ်ကဲ့သို့ အုပ်ချုပ်ရေးကို အကောင်အ ထည်ဖော်နေမှာ လည်း အားလုံးမျက်မြင် ပင်ဖြစ်သည်။
တာဝန်ကို အကြောင်းပြကာ နေရာတိုင်းတွင် ပြည်သူများအား ဒုက္ခပေးနေသည်မှာ မမြင်ချင်အဆုံးပင်ဖြစ်သည်။ ထိုသို့သော အစိုးရကို လိုလားစွာ လက်ခံလိုက်လျှင် မြန်မာလူမျိုးလည်းပျက်မည်။ သာသနာလည်းကွယ်တော့မည်။ ပြည်သူလူထု ကြီးမှားသော ဒုက္ခများကို ရင်ဆိုင်ရမည် မှာ တွေးကြည့်ယုံဖြင့်သိသာလှပေသည်။ တိုင်းပြည်၏ ပိုင်ဆိုင်မှုများ အားလုံးကို လည်း ကိုယ်ကျိုးရှာလူ တစုကောင်းစားရေးအတွက် တရားဝင်လွှဲပြောင်းပြီး ဖြစ်သည်။ ကျွန်ူပ်တို့တွင် ရွေးချယ်စရာ လမ်းမရှိ ။ အားလုံးတာဝန်သိတတ်စွာဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးရန် ပြည်သူများအနေနှင့် မိမိဆန္ဒအစစ်အမှန်များကို ဖော်ထုတ်ကြပါစို့လို့ လေးစားစွာဖြင့် တိုင်တွန်းနိုးဆော် အပ်ပါသည် ရဟုန်းရှင်လူ ပြည်သူလူထုနှင့် ကျောင်းသားကျောင်းသူအပေါင်းဒို့ခင်ဗျာ။

ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသာ ရွေးကော်ပွဲ ကို ဆန့်ကျင်ရန် ပြည်သူလူထုမှ စောင့်မျှော်လိုလားလျှက်ရှိသည်။
ထိုသို့ ဆန့်ကျင် ဆန္ဒပြပွဲ့ တွင် မည်သို့သော တောင်းဆိုချက်များကို တောင်းဆိုကြမည် ကိုလည်း အများပြည်သူများမှ သိချင်မှု ပြင်းပြနေကြပါသည်။
ကျွန်ူပ်တို့၏ အားလုံး ၏ ရည်ရွယ်ချက်မှာ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီ နိုင်ငံအဖြစ် သို့ရောက်ရှိစေလိုခြင်းပင် ဖြစ်သည်။
ရည်ရွယ်ချက် တစ်မျိုး တည်းဖြစ်စေကာ မူ အသင်းအဖွဲ့ များစွာ ပါဝင်လုပ်၇ှားမည် ဖြစ်သောကြောင့် ဦးတည်ချက်ကွဲလွဲသွားမည် ကို
စိုးရိမ်သောကြောင့် လက်၇ှိအစိုးရထံမှ မည်သို့သော တောင်းဆိုက်ချက်များကို တောင်းဆိုလိုသည်ကို သိချင်ပါသည်။
ကျွန်ူပ်တို့ တောင်းဆိုချက်များကို မလိုက်လျောနိုင်ပါက တနိုင်ငံလုံး သပိတ်မှောက် ဆန္ဒ ပြခြင်းသည်သာ
အကောင်းဆုံးနည်းလမ်းဖြစ်နိုင်သည် ဟု ကျွန်ူပ်ထင်မြင်မိသည်။
ထိုသို့သပိတ်မှောက်ရာ တွင် ညီညာသော ကြွေးကြော်သံများ ဖြင့်ချီတက်ပါက ပြည်သူလူထု စိတ်အားပိုမို တက်ကြွကာ
အာဏာရှင်တို့စိတ်ဓါတ်ပိုမို ချောက်ခြားစေမည်ဟု ကျွန်ူပ်ယူဆမိသောကြောင့် မိမိတို့ကိုယ်စွမ်းညဏ်စွမ်း၇ှိသလောက် ပါဝင်ကူညီ ရေးသားကြရန်ကိုလည်း လေးစားစွာတိုက်တွန်းနိုးဆော်အပ်ပါသည် ခင်ဗျာ။
ထိုကြောင့် မိမိတို့ အဖွဲ့အစည်းမှ တောင်းဆိုလိုသော အဓိကအချက်များကို ကျွန်ူပ်ထံသို့ပေးပို့ပေးပါရန် လေးစားစွာဖြင့်
ဖိတ်ကြားလိုက်ပါသည်။

ခင်မင်လေးစားလျှက်

ဗမာသွေး


ဗမာသွေးမှ အီးမေးလ်မှပေးပို့ပါသည်။

မြန်မာ့ရွှေဈေး စံချိန်တင် ထပ်မံမြင့်တက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့်လက ရောက်ရှိခဲ့သည့် စံချိန်တင် ဈေးနှုန်းကို ထပ်မံမြင့်တက်ကာ တကျပ်သားလျှင် ၆ သိန်း ၅ သောင်း ၈ ထောင်ကျပ် ဈေးနှုန်းဖြင့် ယနေ့ ဈေးပိတ်သွားခဲ့သည်။

ပြီးခဲ့သည့်လ မေလအလယ်ပိုင်းက စံချိန်တင်ရောက်ရှိခဲ့သည့် ၆ သိန်း ၄ သောင်း ၁ ထောင်ကျပ် ဈေးနှုန်းထက် ကျပ် ၁ သောင်း ၇ ထောင် ထပ်မံမြင့်တက်လာခြင်းလည်း ဖြစ်သည်။

“အဓိကကတော့ ကမ္ဘာ့ရွှေဈေးတက်လို့ပါ။ နိုင်ငံတကာ ဈေးနှုန်းတက်တော့ ပြည်တွင်းဈေးနှုန်းလည်း လိုက်တက်ရတာပေါ့” ဟု ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့်လလယ်ပိုင်းက ကျပ် ၆ သိန်း ၄ သောင်း ၅ ထောင်အထိ မြင့်တက်ခဲ့ပြီးနောက် လကုန်ပိုင်းတွင် ကျပ် ၆ သိန်း ၃ သောင်း ၈ ထောင်သို့ ပြန်လည်ကျဆင်းခဲ့သေးသည်။

သို့သော် ယခုလ ပထမပတ်တွင် ကျပ် ၆ သိန်း ၄ သောင်း ၂ ထောင်သို့ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် ဒုတိယပတ်တွင် ၆ သိန်း ၄ သောင်း ၅ ထောင်၊ တတိယပတ်တွင် ၆ သိန်း ၄ သောင်း ၇ ထောင့် ၅ ရာသို့ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ယနေ့တွင် ၆ သိန်း ၅ သောင်း ၈ ထောင်သို့ ရောက်ရှိခဲ့သည်။ ယနေ့ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၂ ပေါက်ဈေး ရှိသည်။

ပြီးခဲ့သည့် မေလ အလယ်ပိုင်းက ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေတအောင်စလျှင် ကန်ဒေါ်လာ ၁၂၃၈ ပေါက်ဈေးရှိသဖြင့် ရက်ပေါင်း ၃၇ ရက်အတွင်း တအောင်စလျှင် ကန်ဒေါ်လာ ၂၄ ဒေါ်လာ မြင့်တက်လာခဲ့သည်။

ရွှေဈေးမြင့်တက်သော်လည်း ဈေးကွက်အတွင်း အရောင်းထိုင်းနေကြောင်းနှင့် နယ်ဝယ်လက်များ ကျဆင်းသွားကြောင်း လသာမြို့နယ် ၂၂ လမ်းမှ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

“နယ်ဝယ်လက်က အရင်ကထက် ပိုနည်းသွားတယ်။ ဈေးတက်တာလည်း ကြာပြီဆိုတော့ သိပ်ရောင်းချင်နေတာမျိုးလည်း မရှိကြပါဘူး။ လက်ထဲမှာပဲ ထားကြတယ်။ လာဝယ်ရင်လည်း ရောင်းလိုက်တယ်” ဟု သူက ပြောသည်။

ရွှေဈေးမြင့်တက်မှုနှင့်အတူ ကျဆင်းခဲ့သော အမေရိကန် ဒေါ်လာငွေလဲနှုန်းသည် ပြီးခဲ့သည့် မေလအလယ်ပိုင်းမှ ယခုလ တတိယပတ်အထိ တဒေါ်လာလျှင် မြန်မာငွေ ၉၉၀ ကျပ်နှုန်း ဝန်းကျင်တွင် ရပ်တန့်နေခဲ့ရာမှ ယနေ့တွင် ၉၈၂ ကျပ်သို့ ကျဆင်းသွားသည်။

ယနေ့ လဲလှယ်နှုန်းမှာမူ ကန်တဒေါ်လာလျှင် ၉၈၂ ကျပ် ရှိပြီး FEC တဒေါ်လာလျှင် ၉၅၀ ကျပ် (ရောင်းချဈေးနှုန်း) ဖြစ်သည်။ ဝယ်ယူဈေးနှုန်းမှာ တဒေါ်လာ ၉၇၅ ကျပ်ဖြစ်ပြီး FEC မှာ ၉၄၅ ကျပ် ဖြစ်သည်။

မြန်မာနိုင်ငံ ရွှေဈေးကွက်သည် ရန်ကုန်မြို့ ၂၉ လမ်းတွင်အဓိက တည်ရှိပြီး တနေ့တာ ရောင်းဝယ်ဖောက်ကားကြမည့် အခေါက်ရွှေဈေးနှုန်းကို ပန်းဘဲတန်းမြိုနယ် ရွှေဘုံသာလမ်းရှိ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ပေးခြင်း ဖြစ်သည်။

ရွှေလုပ်ငန်းရှင်များ အသင်းကို ၂ဝဝ၂ ခုနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်များသည် အသင်းရုံးသို့ သွားရန် မလိုသော်လည်း အသင်းက သတ်မှတ်ပေးသည့် ဈေးနှုန်းအတိုင်းသာ ရောင်းချရသည်။

မြန်မာနိုင်ငံရှိ ရွှေဈေးနှုန်းကို ရွှေလုပ်ငန်းရှင်များအသင်း အထက်မြန်မာပြည် (မန္တလေး) နှင့် အောက်မြန်မာပြည် (ရန်ကုန်) တို့က ထိန်းချုပ်ထားသည်ဟု ရွှေလုပ်ငန်း အသိုင်းအဝိုင်းက ဆိုသည်။

၆၅ နှစ်ပြည့် ဒေါ်စုမွေးနေ့ ဘင်္ဂလာဒေ့ခ်ျတွင် ကျင်းပ


RWU celebrate Su Birthdayဇွန်လ ၁၉ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနား တရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် ကျင်းပခဲ့ကြသည်။

မွေးနေ့ပွဲ အခမ်းအနားကို နံနက် ၁၁ နာရီတွင် ဒက္ကားမြို့တွင်ရှိသော National Press Club ရှိ ခန်းမတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ဖိတ်ကြားထားသော ဘင်္ဂလာဒေသခံ ဧည့်သည်တော်များ၊ ဘင်္ဂလာဒေ့ခ်ျရောက် ရခိုင်အတိုက် ခံအင်အားစုများ၊ ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ဘင်္ဂလာပြည်သူများ စုစုပေါင်း ၈၀ ခန့်တက်ရောက်ခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သော ကြေညာချက်များကို တက်ရောက်လာသူများ အကြားတွင် ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ကြေညာချက်ထဲတွင် “နအဖ စစ်အစိုးရသည် ယခုအချိန်တွင် နိုင်ငံတကာနှင့် ပြည်သူလူထုမှ မှန်ကန်သည့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လမ်းကြောင်းကို ဦးတည်၍ တရားနည်းလမ်းကျစွာ တောင်းဆို နေသည်ကို လုံးဝမျက်ကွယ်ပြုကာ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံရေး စင်မြင့်မှ ဖယ်ကျဉ်သည့် တင်းကျပ်သည့် ရွေးကောက်ပွဲဥပဒေများကို အစီအစဉ်ရှိရှိ ရေးဆွဲချက်မှတ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကြားတွင် သွေးကွဲစေမည့် အခြေအနေများကို ဖန်တီးခြင်းတို့သည်လည်း သိမ်မွေ့သောနည်း ဟန်ဖြင့် နိုင်ငံရေး လုပ်ကြံမှုကြီးကို လုပ်ဆောင်သည်ဟု မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ ရှုမြင်မိသည်။” ဟု ဖေါ်ပြထားသည်။

RWU celebrate Su Birthday၎င်းအပြင် “နအဖ စစ်အစိုးရအား မွန်မြတ်သော နှလုံးရည်တိုက်ပွဲကို ဆက်လက် ဆင်နွဲလျှက်ရှိနေသည့် “လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” မှ “မြန်မာနိုင်ငံလွတ်မြောက်ရေး” သို့ ဟူသည့် နိုင်ငံရေး ကြွေးကြော်သံကို ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် အမြန်ဆုံး ပြုတ်ကျရေးအတွက် လက်တွဲညီညီဖြင့် တိုက်ပွဲ ဝင်ကြပါရန် မိမိတို့ အဖွဲ့ချုပ်မှ ပြည်သူလူထုတရပ်လုံးအား တိုက်တွန်းအပ်ပါသည်။” ဟုလည်း ပါရှိသည်။

အခမ်းအနားတွင် ရခိုင်အမျိုးသမီးများအစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်း အပါအဝင် ဖိတ်ကြား ထားသော ဘင်္ဂလာဒေသခံ ဧည့်သည်တော်များက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အသီးသီး မိန့်ခွန်း စကား ပြောကြားခဲ့ ကြသည်။

တဆက်တည်းတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်စူး၍ ခိုများလွှတ်ခြင်းနှင့် ရေလှူဒါန်းခြင်းများ ကိုလည်း ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ရခိုင်အမျိုးသမီးများအစည်းအရုံး အဖွဲ့ဝင်များက “ဒေါ်အောင်ဆန်းစုကြည် - (ချက်ချင်းလွတ်)၂ ၊ နိုင်ငံရေးအကျဉ်းသားများ - (ချက်ချင်းလွတ်)၂ ၊ တိုင်းရင်းသားများအပေါ် ဖိနှိပ်မှု - (ချက်ချင်းရပ်)၂ ၊ တွေ့ဆုံး ဆွေးနွေးပွဲ - (အမြန်ခေါ်)၂” စသည့် ကြွေကြော်သံများဖြင့် တောင်းဆိုးခဲ့ကြပြီး နေ့လည် ၁နာရီ ၁၅မိနစ်ခန့်တွင် အဆုံးသတ်ခဲ့ကြသည်။

ယူအန် အေဂျင်စီမှ မြန်မာနိုင်ငံကို ဒုက္ခသည်ပင်မ နိုင်ငံတစ်ခု အဖြစ်သတ်မှတ်

တာကလူး (နိရဉ္စရာ)
UNHCR ခေါ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖွဲ့မှ မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး ထုတ်ပေးသည့် ပင်မနိုင်ငံ တစ်ခု အဖြစ် စာရင်းသွင်း သတ်မှတ်လိုက်သည်။

UHNCR က ၄င်း၏ နောက်ဆုံးထုတ် အစီရင်ခံစာ “2009 Global Trends” ၌ ဒုက္ခသည် အများဆုံးထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံကို ဒုက္ခသည် အရေအတွက် (၄၀၆၇၀၀)နှင့်အတူ နံပါတ် (၅) နေရာ၌ ထည့်သွင်း ဖေါ်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် ဒုက္ခသည် (၂၈၈၇၁၀၀) ဦးနှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ (၁၇၈၅၂၀၀)ဦးနှင့် အီရတ်၊ (၆၇၈၃၀၀)ဦး နှင့် ဆိုမာလီ၊ (၄၅၅၉၀၀)ဦးနှင့် ကွန်ဂို၊ (၄၀၆၇၀၀)ဦးနှင့် မြန်မာ၊ (၃၈၉၈၀၀)ဦးနှင့် ကိုလံဘီယာ၊ (၃၆၈၂၀၀)ဦးနှင့် ဆူဒန်၊ (၃၃၉၃၀၀)ဦးနှင့် ဗီယက်နမ်၊ (၂၀၉၂၀၀)နှင့် အီရီထရီယာ နှင့် (၁၉၅၆၀၀) ဦးနှင့် ဆားဗီးယား နိုင်ငံတို့ကို ဒုက္ခသည်ဦးရေနှင့် အတူ ယှဉ်တွဲပြီး အစီလိုက်သင့် ဖေါ်ပြထားသည်။

“မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလာကြသည့် အသိအမှတ် ပြုခြင်း မခံရသေးသော ရိုဟင်ဂျာ ခေါ် မူဆလင် ဒုက္ခသည် ၂ သိန်းကျော်ကို ထည့်သွင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ဒုက္ခသည် အများဆုံး ထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံ စာရင်းတွင် ပါဝင်လာရခြင်း ဖြစ်သည်” ဟု ၄င်း အစီရင်ခံစာတွင် ရေးသားဖေါ်ပြသည်။

၎င်းအပြင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ စာရင်းတွင် မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်ကြောင်းလည်း အစီရင်ခံ၌ ဖေါ်ပြထားပြီး၊ အဆိုပါ နိုင်ငံတကာ၌ ခိုလှုံခွင့် လျှောက်ထားသူများ၏ သုံးပုံတပုံခန့်ကို မလေးရှားနိုင်ငံ၌ လက်ခံရရှိခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ဒေသတွင်း သတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာနိုင်ငံ၌ စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် သန်းနှင့်ချီသော နိုင်ငံသားများမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံလျက်ရှိနေကြပြီး၊ အများစုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများတွင် ဒုက္ခသည်များ အဖြစ်ခိုလှုံလျက်ရှိကြောင်း သိရှိရသည်။

မြန်မာရုပ်သံနှင့် သတင်းစာများတွင် ရေဘေး အလှူ သတင်းဖေါ်ပြရန် အတွက် ဆန်ဆိုင်များမှ ဆန်အိတ်များ ဌားရမ်း


မြန်မာ့ရုပ်သံများနှင့် စစ်အစိုးရပိုင် သတင်းစာများမှ တဆင့် နိုင်ငံတော် အစိုးရမှ ဘူးသီးတောင်နှင့် မောင်တောတွင် ရေဘေး အကူအညီ ပေးနေကြောင်း ဖေါ်ပြရန်အတွက် ခရိုင်တာဝန်ရှိသူများက ဆန်ဆိုင်များမှ ဆန်အိတ်များကို ဌားရမ်းခဲ့သည်ဟု ဆန်ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

သူက “ မနေ့က ၀န်ကြီး ၃ ဦးပါတဲ့ ဆွေသုံးဆွေ အဖွဲ့ မောင်တောကို ရောက်လာပါတယ်။ သူတို့ ရောက်လာတဲ့ အခါ မောင်တော ခရိုင်က နေပြီး ရေဘေး ဒုက္ခသည်တွေ အတွက် အကူအညီတွေ ဘယ်လို စီစဉ် ပြင်ဆင်ထားတယ်ဆိုတာကို ၀န်ကြီးတွေကို ပြသဖို့လိုတဲ့အတွက် ခုလို မောင်တော ဆန်ဆိုင်တွေဆီက ဆန်အိတ်တွေကို ဌားရမ်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မနေ့က မောင်တောသို့ ရောက်ရှိလာသော ဆွေသုံးဆွေ အဖွဲ့မှာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဦးမောင်မောင်ဆွေ၊ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဆွေနဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေတို့ ဖြစ်ကြသည်။

“ဆန်အိတ်ကတော့ သူတို့ အိတ် သုံးဆယ်ခန့် ရသွားပါတယ်။ ဆန်ဆိုင်အများစုကတော့ ခုလို ခယကကနေပြီး ဆန်အိတ်တွေ ဌားရမ်းနေတာကို သိတဲ့အတွက် ဆိုင်ကို ပိတ်ပြီး ရှောင်ထွက် သွားကြပါတယ်။ ခုလို အာဏာပိုင်တွေကို ဌားရမ်းလိုက်တဲ့ ဆန်အိတ်တွေကို ပြန်ရဖို့ မလွယ်တဲ့ အတွက် ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

၎င်းပြင် မောင်တော ခယကနှင့် မယက တာဝန်ရှိသူများကလည်း မောင်တောဈေးကြီးမှ တခြား အသုံးအဆောင် ပစ္စည်းများကိုလည်း ဌားရမ်းသွားခဲ့သည်ဟု တခြား ဈေးဆိုင်ပိုင်ရှင် တဦးက ပြောသည်။

“၀န်ကြီးတွေ ပြန်သွားတဲ့ အခါ ငွေ မဟုတ်ရင် ပစ္စည်းတွေ ပြန်ပေးမယ်ဆိုတဲ့ ကတိနဲ့ မောင်တော တာဝန်ရှိသူတွေက မောင်တော ဈေးကြီး အတွင်းမှာရှိတဲ့ ဈေးဆိုင်တွေက မိုးကာစတွေ၊ ခြင်ထောင် တွေ၊ လုံချည်တွေ၊ ထဘီတွေ၊ စောင်တွေ ပီးရင် အိုးခွက်ပုဂံတွေကို ဌားရမ်းသွားပါတယ်။ ခုလို ဌားရမ်းနေတာကို သိတဲ့အတွက် ဈေးဆိုင်ပိုင်ရှင်တွေက ဆိုင်ကို ပိတ်ပြီး ရှောင်တိမ်းသွားကြပါတယ်။ အရိပ်အခြေအနေ မသိတဲ့ ဈေးဆိုင်ပိုင်ရှင်တွေက သူတို့ဌားရမ်းတဲ့ ပစ္စည်းတွေကို ပေးလိုက် ကြရပါတယ်။”

အဆိုပါ ဌားရမ်းလိုက်သော ပစ္စည်းများတွင် နိုင်ငံတော် အလှူ၊ ပြည်နယ် ပယက အလှူ စဖြင့် စာတန်းများထိုးကာ ၀န်ကြီးများက ကျေးရွာ ရယက တာဝန်ရှိသူများကို ပစ္စည်းများ လွဲပြောင်းကာ ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်ဟု သိရသည်။

“ဈေဆိုင်တွေက ဌားရမ်းတဲ့ ပစ္စည်းတွေကို ၀န်ကြီးတွေနဲ့ ပြည်နယ် အဆင့် တာဝန်ရှိသူတွေက ရေဘေး ဒုက္ခသည်တွေ တချို့နဲ့ ကျေးရွာရယက အဖွဲ့ဝင်တွေကို လွဲပေးတယ်။ ခုလို လွဲပေးတဲ့ အခါ ဓါတ်ပုံတွေ ရိုက်ကြတယ်။ အဲဒီ ဓါတ်ပုံတွေကို ဗွီဒီယို ဖိုင်တွေကို နိုင်ငံတော် အစိုးရက ရေဘေး ဒုက္ခသည်တွေကို ကူညီ နေပါတယ် ဆိုပီး မြန်မာ့ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေက ဖေါ်ပြကြမှာ ဖြစ်ပါတယ်။ ၀န်ကြီးတွေ ပြန်သွားတဲ့ အခါ ရေဘေး အကူအညီတွေထဲက တချို့ကို ခယကနဲ့ မယက တာဝန်ရှိသူတွေက ကျေးရွာရယက ဥက္ကဌဆီက ပြန်ယူပြီးတော့ ယူထားတဲ့ ဈေးဆိုင်တွေကို ပြန်ပေးကြမှာ ဖြစ်ပါတယ်။ ဒါက သူတို့ လုပ်နေကျ အလုပ် ဖြစ်ပါတယ်” ဟု ဈေးဆိုင်ပိုင်ရှင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အထက်မှ ၀န်ကြီး အဆင့် ရှိသူများ ဆေးရုံနှင့် ကျောင်းများကို လာစစ်တိုင်း ဒေသခံ အာဏာပိုင်များမှ ယခုကဲ့သို့ ပြုလုပ်လေ့ရှိကြောင်းကို ဘူးသီးတောင်မှ ဆေးဆိုင်ပိုင်ရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ ၀န်ကြီးတွေ ဆေးရုံကို လာစစ်ဆေးမယ်ဆိုရင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက အပြင်ဆေးဆိုင်တွေက ဆေးတွေကို ယူပြီး ဆေးရုံမှာ စုပုံထားပါတယ်။ ၀န်ကြီး မြင်တဲ့အခါ ဆေးရုံမှာ ဆေးတွေ အလုံအလောက်ရှိတဲ့ သဘောပေါ့။ ၀န်ကြီး စစ်ဆေးပြီး ပြန်သွားတဲ့ အခါ ဆေးတွေကို ဆေးဆိုင်တွေကို ပြန်လည် ပို့ပေးပါတယ်။ ဆေးဆိုင်တွေက ဆေးတွေကို မဌားရမ်းလို့ မရပါ။ မဌားရင် သူတို့ ဆေးဆိုင်ကို ဖွင့်ခွင့် မပေးပါဘူး။ ဒါကြောင်း ဆေးဆိုင်တိုင်းလိုလိုက အထက်က လူကြီးတွေ ရောက်တိုင်း ဆေးတွေကို ဌားရမ်းရပါတယ်”ဟု ပြောသည်။

ထိုကဲ့သို့ ၀န်ကြီးများ ကျောင်းများကို စစ်ဆေးရန် လာသည့် အခါလည်း မြို့ပေါ် ဌာနဆိုင်ရာများမှ ကွန်ပျူတာများကို ဌားရမ်းပြီး ကျောင်းခမ်းမတွင် ထည့်ထားက ကျောင်းသားများကို ကွန်ပျူတာ ရှေ့တွင် ထိုင်ခိုင်းပြီး ဓါတ်ပုံများ ရိုက်ကာ သတင်းစာများနှင့် ရုပ်သံများတွင် ဖေါ်ပြကြကြောင်း သိရသည်။

ယခုကဲ့သို့ ပြုလုပ်သည့် အစီအစဉ်မှာ ဗိုလ်ချုပ် ခင်ညွန့် ထောက်လှမ်းရေး ညွန်ချုပ် ဖြစ်ကတည်းက သူ၏ တပည့်တပန်းများ စတင်လုပ်ခဲရာမှ ယခုထိ တည်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

အရာရှိထပ်မံထွက်ပြေး တပ်မှူးများအားအပစ်ပေးမည်ဟု လေတပ်ချုပ်ပြော

နအဖ တပ်မတော်အင်္ဂျင်နီယာ အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်း နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံပြီးသည့်နောက် လေတပ်အရာရှိ အနည်းဆုံးနှစ်ဦး ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ သိရသလောက် ဗိုလ်မှူးစိုင်းသိန်းဝင်း သတင်းဖြစ်ပြီးနောက်ပိုင်း ဗမာ့တပ်မတော်အရာရှိနှစ်ယောက်ထပ်ပြီး ထွက်ပြေးကြတယ်။ ဗိုလ်ကြီးအဆင့်ဘဲ” - ဟု အမည်မဖေါ်လိုသည့် ထိုင်းလုံခြုံရေးအသိုင်းအ၀ိုင်းကပြော ပါသည်။

မေ ၂၁ က လေတပ် အမှတ် ၃၀၃၆ (လစခ ၄ လက်အောက်ခံ) တပ် မှ ဗိုလ်ကြီးအောင်ကိုကို နှင့် မေ ၃ ရက်နေ့ က အမှတ် (၄) လစခ လေ ကြောင်းရန်ကာကွယ်ရေးတပ်ဌာနချုပ် မှ ဗိုလ်ကြီးအေးမင်းမောင်တို့ တပ်မှ ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုလ ၁၆ ရက် ရက်စွဲဖြင့် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင်ကတပ်ပြေး နှင့်ဆိုင်သည့် အမိန့်တခုထုတ်ပြန်ခဲ့သည်ဟုဆို၏။

“ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင် က ဆိုင်ရာလေတပ် တပ်မှူးတွေကို ‘မည်သည့်တပ်မှမဆို အရာရှိများထပ်မံထွက် ပြေးပြီး အခြား ဆန့်ကျင်ဘက်အုပ်စုများနှင့်ပူးပေါင်းခဲ့လျှင် တပ်မှူးတပ်ကဲတွေကိုကြီးလေးသည့်ပစ်ဒဏ်ပေးမည်’ လို့ ပြောတယ်။ တပ်မှ ထုတ်ပစ်မယ်၊ ရာထူးမှ အနားပေးလိုက်မယ်စသဖြင့်ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေးအရာရှိတဦးကပြော ပါသည်။

ယခုကဲ့သို့ တပ်တွင်းအရာရှိများထွက်ပြေးနိုင်ခြင်းမှာ ခွင့်ပြန်ချိန်၌ တပ်မှူးတပ်ကဲများက ကောင်းစွာ မစိစစ်ခြင်းကြောင့် ဖြစ်ရသည်ဟုလည်း သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

မြိုင်လက်နက်လျှို့ဝှက်ထုတ်လုပ်ရေးစက်ရုံ ဒုတိယ အကြီးအကဲ ဗိုလ်မှူးစိုင်းသိန်းဝင်း ပြည်ပသို့ ထွက်ပြေးခိုလှုံပြီး နိုင်ငံခြားအခြေစိုက်မီဒီယာများထံ နအဖ၏ နျူကလီးယားလက်နက် စီမံကိန်းသတင်းဖြန့်ခဲ့၏။ သို့သော်နောက် ပိုင်းမှ ထပ်မံထွက်ပြေးသည့် နအဖ အရာရှိနှစ်ဦးမှာမူ မည်သည့်နိုင်ငံ/ အဖွဲ့အစည်း/ ဒေသသို့ တိမ်းရှောင် ရောက် ရှိနေသည်ကို ယခုတိုင် မသိရှိရသေးပေ။

ကြံ့ဖွံ့ပါတီ အဓမ္မ လူသစ် စုဆောင်း

ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဟန်းတဲ ကျေးရွာသား ၂၀ ကျော်ကို ၄င်းပါတီဝင်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗန်းမော်ဒေသအတွင်း ကြံ့ဖွံ့ပါတီဝင် စုဆောင်းနေရာတွင် မြို့နယ်နှင့်ကျေးရွာ အာဏာပိုင်များ ပူးပေါင်း၍ ပါတီဝင်လက်ခံ လျှောက်လွာတွင် ဖိအားပေးလက်မှတ်ထိုးစေခဲ့ကာ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ဟန်းတဲရွာသားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ဗန်းမော်မြို့နယ် မယကအဖွဲ့တွေရွာထဲ ရောက်လာပြီးတော့ ဟန်းတဲရွာအုပ်စု ဥက္ကဋ္ဌ ဦးသန်းထွန်း အတင်းအဓမ္မပေါ့နော် သူတို့ကြံ့ဖွံ့ပါတီထဲ ၀င်ခိုင်းတယ် ဖေါင်ဖြည့်ခိုင်းတာပေါ့ လူ ၂၀ ကျော် ၃၀ လောက်ကို ပါတီဝင်ဖေါင်ဖြည့်ခိုင်းသွားတယ်” ဟု သူက ဆိုသည်။

ယခုကြံ့ဖွံ့ပါတီဝင် အဖြစ်စုဆောင်းခံရသည့် သူများအနေဖြင့် လျှောက်လွာဖေါင်ဖြည့်လိုက်ရသော်လည်း အခြေအနေကို ဘာမျှမသိရှိရကြောင်း ကိုယ်တိုင်ဖေါင်ဖြည့်ခဲ့သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘာမှ မသိရပါဘူး သူတို့ဖေါင်ဖြည့်ခိုင်းလို့ဖြည့်လိုက်တာပဲရှိတယ် မ၀င်ချင်ဘူးလို့လည်း မပြောရဲကြတော့ ဒီအတိုင်းပဲ လက်ခံလိုက်တယ် ” ဟု သူကဆိုသည်။

ထို့အပြင် အဆိုပါရွာနီးချုပ်စပ် ကျေးရွာများဖြစ်သော သစ်စက်ရပ်ကွက်နှင့် ရွာမကြီး ဘက်တွင်လည်း ကြံ့ဖွံ့ပါတီက ထိုကဲ့ သို့ ပါတီဝင် စုဆောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဟန်းတဲပြီးတော့ အုပ်စုထဲမှာပါတဲ့ သစ်စက်ရပ်ကွက်ဘက်လည်း ပါတီဝင်ကောက်မယ်လို့ ပြောတယ်လေ မနက်ဖြန်ကျ ရင်လည်း ရွာမကြီးဘက်သွားမယ်လို့ ပြောတယ် ” ဟု စောစောက ဒေသခံက ပြောသည်။

နအဖကကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ဆိုင်းပြင်းနေသည့် နိုင်ငံရေးပါတီများအား စည်းရုံးရေးလုပ်ငန်းများ တရားဝင် ခွင့် မပြုသေးခင် ကြံ့ဖွံ့ပါတီအနေဖြင့် ပါတီဝင်အဓမ္မစုဆောင်းမှုများကို သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း၌လည်း လွန်ခဲ့သည့်လပိုင်းက ပြုလုပ်ခဲ့သေးသည်။

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပါတီဝင်စုဆောင်းမှုများကို အာဏာပိုင်များကိုယ်တိုင် ကူညီပံ့ပိုးနေသော်လည်း ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကချင်ပါတီ ၃ ခုမှာ ယနေ့ထက်တိုင် ပါတီမှတ်ပုံတင်ခွင့် မရရှိသေးပဲ ဖြစ်နေသည်။

ရခိုင်ရေဘေးအတွက် အကူအညီများ လိုအပ်နေဆဲ

ရခိုင်ပြည်နယ်အတွင်း ကျရောက်ခဲ့သည့် ရေဘေးအတွက် အကူအညီ လိုအပ်နေသေးကြောင်း စစ်တွေမြို့ရှိ လူမှုရေးဆောင်ရွက်နေသော လူငယ်များက ပြောသည်။

ပြီးခဲ့သည့် ဇွန် (၁၃) ရက်နေ့ကစ၍ သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့် ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့တွင် ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့ နယ်တို့တွင် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စစ်အစိုးရထုတ်သတင်းစာများက မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် မြေပြိုကာ လူ (၄၆) ဦး သေဆုံးခဲ့ကြောင်း ဇွန် (၁၇) ရက်တွင် တရားဝင်ကြေညာခဲ့သည်။

ရေလွှမ်းကာ အသေအပျောက် အများဆုံးဖြစ်သော ဘူးသီးတောင်မြို့နယ် ဒေသခံများ ပြောပြချက်အရ ယင်းမြို့နယ်တွင် သေဆုံးသူ ဦးရေ (၁၀၀) ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း သိရသည်။

ဘူးသီးတောင်တွင် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျမှုတို့ကြောင့် (၅) ရပ်ကွက်ရှိ ဟန်မလာကျေးရွာ၊ ကျောက်ရွက်ပြင်တိုးချဲ့ကျေးရွာ၊ ကကျဘက်ပြင်ကျေးရွာ အုပ်စုတို့မှ သေဆုံးသူများပြားခဲ့ကြောင်း၊ သတင်းစာတွင်မူ ယင်းဒေသတို့၌ အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး (၁၈) ဦး စုစုပေါင်း (၃၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မောင်တောတွင် အကူအညီကို UN က လာရောက်ပေးနေကြောင်း၊ ရေဘေးသင့်သူများကို ကျောင်းများတွင် နေရာချထားပေး ကြောင်း သိရသည်။

စစ်အစိုးရ ၀န်ထမ်းတဦးဖြစ်သူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး တာဝန်ရှိသူတဦးက “ယူအန်ကတော့ နိုင်ငံတကာအဖွဲ့အစည်းတခုဆိုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သူတို့က နိုင်နင်းတယ်လေ။ အမှန်မှာက အစိုးရအနေနဲ့ အဲဒီလို အတွေ့အကြုံရှိတဲ့အဖွဲ့တွေရဲ့အကူအညီကို ယူပြီးတော့ ပူးပေါင်းသင့်တာပေါ့။ ဧရာဝတီက နာဂစ်လိုတော့ မကြီးကျယ်ပေမယ့် ရခိုင်မှာတော့ အခုအဖြစ်အပျက်က ပြည်နယ်အနေနဲ့ အကြီးဆုံးပဲလေ” ဟု ပြောသည်။

မောင်တောမြို့နယ်အတွင်း အမြင့်ပေ (၄) ပေအထိ ဒီရေမြင့်တက်ခဲ့သောကြောင့် ယင်းဒေသရှိ မိသားစုများ ဘေးလွတ်ရာကျောင်းများသို့ ပြေးရှောင်ခဲ့ရကြောင်း သိရသည်။

“မောင်တောမြို့နယ်အတွင်းမှာ ဆိုရင်တော့ ရွာတော်တော်များများ ရေမြုပ်တယ်၊ မြေပြိုတယ်၊ တောင်ပြိုတယ်၊ လူတွေသေတာ အယောက် (၄၀) လောက်ရှိတယ်” ဟု မောင်တောမြို့ခံများက ပြောသည်။

မိုးရွာသည့်အပြင် လေပြင်းများပါ တိုက်ခတ်ခဲ့သည့်အတွက် ပို၍ ဆိုးရွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“လတ်တလောကတော့ နေစရာတွေ လိုနေသေးတယ်၊ အရေးကြီးတယ်။ အခုကတော့ စားစရာတွေကို လှူသူတွေက ပေးဝေနေတာပေါ့၊ စေတနာရှင်တွေကရော၊ အစိုးရမဟုတ်တဲ့ NGO တွေကရော လာလှူတာတွေ ရှိတယ်။ ဒါပေမယ့် နေစရာအိမ်တွေကို အရင်လိုအပ်နေတယ်” ဟု မောင်တောမြို့နယ်သားတဦးက ပြောသည်။

ရေဘေး၊ လေဘေးကြောင့် အိုးအိမ်မဲ့နှင့် အိုးအိမ်ပျက်စီးသွားသော မိသားစုပေါင်း (၁,၀၀၀) ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း စစ်တွေရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ တာဝန်ရှိသူက ပြောသည်။

ယူအန်လက်အောက်ခံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဇွန် (၁၆) ရက်၌ ရေဘေးဒဏ်ခံခဲ့ရသူ မောင်တောမြို့ပေါ်မှ မိသားစုများကို အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း (၂) ခုသို့ သွားရောက်ကာ ဆန်၊ ဆီ၊ စောင်၊ ခြင်ထောင်နှင့် အိုးခွက်ပန်းကန်များ ပေးလှူခဲ့ကြောင်း မောတောမြို့ခံတဦးက ပြောသည်။

“အစိုးရကလာလှူတယ်ဆိုပြီးတော့ ကျမတို့တော့မသိဘူး။ အခုက နိုင်ငံခြားကလို့ ပြောတာပဲ” ဟု ရေဘေးဒုက္ခသည်တဦးက ပြောသည်။

ဘူးသီးတောင်မြို့တွင် တည်ရှိသော အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းရှိ အဆောက်အဦ အများအပြားလည်း ရေကြောင့် မြေပြိုကာ ပျက်စီးသွားကြောင်း၊ ကျောင်းတိုက်အတွင်းရှိ စေတီရင်ပြင်တော်တွင် ခင်းထားသော ကြွေပြားများ၊ ဆွမ်းချက်ဆောင်၊ ယောဂီဆွမ်းစားဆောင်၊ မီးစက်ရုံ စသည်တို့ ပျက်စီးသွားကြောင်း သိရသည်။

မိုးသည်းထန်သည့်အတွက် မြေပြိုကာ ဘူးသီးတောင်- မောင်တော ကားလမ်း လုံးဝနီးပါး ပျက်စီးသွားပြီး အစိုးရက အချိန်တိုအတွင်း မပြင်ဆင်နိုင်သေးကြောင်း သိရသည်။

စစ်တွေမှ ကုန်သည်တဦးက “အဲဒီလမ်းက အရင်ကလည်း မကောင်းဘူး၊ အစိုးရက ရခိုင်ဒေသဖွံ့ဖြိုးအောင်လုပ်ရင် လမ်းတွေကို အရင်ကောင်းအောင် လုပ်သင့်တယ်။ ကျနော်တို့ ဒေသမှာ လမ်းပန်းဆက်သွယ်ရေး လုံးဝမမကောင်းဘူး။ အားလုံးသိပါတယ်၊ ဘာမှ ဖွံ့ဖြိုးအောင်လုပ်ပေးတာ မရှိဘူး” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ ကြံ့ဖွံ့ဆိုင်းဘုတ်များဖြုတ်ချ

မန္တလေးတိုင်းအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား သောကြာနေ့က ဖြုတ်ချလိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ (၃၁) မြို့နယ်တွင် ယခင်တင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား ပါတီဆိုင်းဘုတ်အသွင်ပြောင်းရန်အတွက် သောကြာနေ့က တပြိုင်တည်း ဖြုတ်ချလိုက်သည်ဟု ဒေသခံတဦးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ယခုလ (၉) ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုခဲ့သည့်နောက်ပိုင်း မန္တလေးဒေသနှင့် မြန်မာပြည်မြောက်ပိုင်းကို အဓိကထားစည်းရုံးမည့် စက်မှု (၁) ဝန်ကြီးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်သောင်း ရောက်ရှိခိုက် ယခုကဲ့သို့ ဖြုတ်ချလိုက်ခြင်းဖြစ်သည်။

ဒေသခံတဦးက “မန္တလေးတိုင်းရုံးဆိုင်ဘုတ်ပေါ့နော်၊ (၇၃) လမ်းထိပ်၊ (၂၇) နဲ့ (၂၈) လမ်းကြားမှာရှိတဲ့ တိုင်းရုံးဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တာ။ စနေနေ့ကတော့ မန္တလေးတိုင်း မြို့နယ်ပေါင်းစုံ အစည်းအဝေးခေါ်တယ်။ ဒီအပတ်အတွင်းတော့ ပါတီဆိုင်းဘုတ်အနေနဲ့ ပြန်တင်မယ်လို့တော့ပြောတယ်” ဟု ဆိုသည်။

အဆိုပါအစည်းအဝေးအား တိုင်းအတွင်းရေးမှူး ဦးလှသောင်းလည်း တက်ရောက်သည်ဟု သိရသည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း၊ စာတိုက်နှင့်ကြေးနန်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့သည် ကြာသပတေးနေ့ နေ့လယ်ပိုင်းကလည်း စည်းရုံးရေးသဘောဖြင့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ကြသေးသည်။

တချိန်တည်းလိုပင် နိုင်ငံရေးပါတီတခုဖြစ်သော ပြည်ထောင်စုဒီမိုကရက်တစ်ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အစိုးရတို့ ကင်းကင်းရှင်းရှင်း ရှိရန်လိုကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း မိုးကုတ်မှတဆင့် မန္တလေးသို့ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယခုအခါတွင် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်ပြုထားရာ ပါတီပေါင်း (၃၃) ပါတီသည် မှတ်ပုံတင်ခွင့်ကျခဲ့ပြီးဖြစ်သော်လည်း တိုင်းရင်းသားပါတီ (၃) ခုဖြစ်သော ကချင်ပါတီများမှာ ယခုအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်မကျသေးပေ။ အဆိုပါ ပါတီများမှာ ကချင်ပြည် နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကချင် (UDP) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ဖြစ်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်၍ ပါတီ တည်ထောင်ခွင့် လျှောက်ထားသော ပါတီပေါင်း (၄၂) ပါတီရှိပြီး၊ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၃၅) ပါတီအနက် (၃၃) ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ကျန်ပါတီများအား စိစစ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ရွှေ့ပြောင်းအလုပ်သမားများ ဘ၀တိုးတက်ရေး အထောက်အကူပြု သင်တန်းကျောင်းဖွင့်

ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားကျောင်းသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ဦးစီးသည့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (MDF) က ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံ၊ ပဒုံဌာနီခရိုင်၊ လန်စစ်ရှိ တလဆူချဈေးအနီးတွင် ယမန်နေ့က ကျောင်းတကျောင်း ဖွင့်လှစ်လိုက်သည်။

အဆိုပါကျောင်းတွင် အင်္ဂလိပ်စာ၊ ထိုင်းစာနှင့် ကွန်ပျူတာ သင်တန်းများ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ထိုင်းတက္ကသိုလ်များဖြစ်သော ချုလာလောင်ကွန်း၊ တမ္မာဆတ်၊ မဟီဒေါ၊ ကဆတ်ဆ၊ ABAC၊ ဘန်ကောက်၊ ရမ်ကန်ဟမ်၊ ရန်စစ်၊ စိန့်ဂျွန်တက္ကသိုလ်တို့မှ မြန်မာကျောင်းသားကျောင်းသူများ ဦးဆောင်ဖွဲ့စည်းထားသော မြန်မာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (MDF) က ကျောင်းကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ထိုသင်တန်းကျောင်း၌ စနေ၊ တနင်္ဂနွေ (၂) ရက်တွင် ပညာရေးအတွက် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့အတွင်း ကျန်းမာရေး ပညာပေးအစီအစဉ်နှင့် ကျန်းမာရေးအတိုင်ပင်ခံ ဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျောင်းသားကျောင်းသူများ၏ သွားလာမှုလုံခြုံရေးအတွက် သင်တန်းသားလက်မှတ်များ ထုတ်ပေးထားကာ သက်ဆိုင်ရာ ရဲစခန်းအား အသိပေးထားသည်ဟု သိရသည်။

ကျောင်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ MDF ၏ ဒါရိုက်တာ မသူဇာက “ကျမတို့အဖွဲ့အစည်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တာပါ။ ပထမပိုင်းနှစ်တွေမှာတော့ ကျန်းမာရေး အကူအညီပေးမှုတွေကို ရန်စစ်တို့ စမုတ်ပရာကန် ပါ့က်နမ်းတို့မှာ လုပ်ခဲ့ပါတယ်။ အခုကတော့ ပညာရေးအစီအစဉ်ရဲ့ ပထမခြေလှမ်းပါ။ (၃) လသင်တန်းအတွက် ကျောင်းသားတယောက်ကို ဘတ် (၃၀၀) ကျောင်းဝင်ကြေး ထည့်ဝင်ခိုင်းပါတယ်။ ကွန်ပျူတာအတွက်ကျတော့ ဘတ် (၅၀၀) ပါ။ ကျောင်းစဖွင့်တယ် ဆိုပေမယ့် နောက်ထပ် (၂) ပတ် ကျောင်းလက်ခံပါဦးမယ်” ဟု ဆိုသည်။

ယခုစဖွင့်သည့် ပထမအပတ်တွင် ကျောင်းသား ကျောင်းသူပေါင်း (၅၀) ကျော် လာရောက် စာရင်းသွင်း သင်ကြား နေပြီဖြစ်သည်။ ဆရာဆရာမများအဖြစ် တက္ကသိုလ်များတွင် ပညာသင်ကြားနေသော၊ ဘွဲ့ရပြီးသော သူများက တာဝန်ယူ သင်ကြားပေးမည်ဖြစ်ပြီး ထိုင်းဘာသာရပ်အတွက် ထိုင်းဘာသာစကား တတ်ကျွမ်းသော ထိုင်းကရင်၊ ထိုင်းရှမ်းများက သင်ကြားပေးမည်ဖြစ်သည်။

“ပညာမတတ်သေးတဲ့သူတွေကို၊ ပညာတတ်ပြီးသားသူတွေက ဖြန့်ဖြူးပေးနိုင်အောင်၊ တတ်ပြီးသားသူတွေအတွက်လည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရအောင်ပါ” ဟု MDF ကျောင်းဖွင့်ရသည့် ရည်ရွယ်ချက်ကို မသူဇာက ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အနီးတဝိုက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) သိန်းကျော်ရှိသည်ဟု ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရပြီး ယခုကဲ့သို့ တနိုင်တပိုင်စာသင်ကျောင်းများ ဖွင့်လှစ်လာခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝတိုးတက်မှုအတွက် တစုံတရာ အထောက်အကူပြုကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောကြားသည်။

ဓာတ်ဆီကို ပြန်လည်ကန့်သတ် ရောင်းချ

ဓာတ်ဆီ၊ ဒီဇယ် လွတ်လပ်စွာ ရောင်းချပေးနေသည့် ပုဂ္ဂလိက ဆီဆိုင်များက ပြီးခဲ့သည့် ဇွန် (၁ဝ) ရက်မှစ၍ ဓာတ်ဆီကို ခွဲတမ်းဖြင့် တနေ့တကြိမ်သာ ရောင်းချပေးနေကြောင်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ခံများထံမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့ ပုဂ္ဂလိက ဆီဆိုင် တာဝန်ရှိသူတဦးက “ဒီဇယ်ကို ကျနော်တို့ (၁) ဂါလန် (၂,၉ဝဝ) နဲ့ ရောင်းတယ်။ ကားထဲဆန့်သလောက် ထည့်ပေးတယ်။ ဘယ်နှကြိမ် လာထည့်ထည့် ရတယ်။ ဓာတ်ဆီကိုတော့ (၁ဝ) ဂါလန်ကျော်ရင် ကားနံပါတ် မှတ်ထားလိုက်တယ်။ အဲဒီနေ့အတွက် တကြိမ်ပဲ ရောင်းပေးတယ်။ နောက်တခေါက် လာထည့်ရင် မထည့်ပေးတော့ဘူး။ အကြောင်းကတော့ ကျနော်တို့က ဓာတ်ဆီကို အစိုးရဆီကနေ (၁) ဂါလန် ကျပ် (၂,၃၅ဝ) နဲ့ ဝယ်ရပြီး အစိုးရ သတ်မှတ်ထားတဲ့ (၁) ဂါလန် ကျပ် (၂,၅ဝဝ) နဲ့ ပြန်ရောင်းရတယ်။ အစိုးရဆီက ဓာတ်ဆီကို အကန့်အသတ်နဲ့ပဲ ရတာမို့ ဖြစ်တယ်” ဟု ရှင်းပြသည်။

စစ်အစိုးရသည် မြန်မာတနိုင်ငံလုံးရှိ လောင်စာဆီ ရောင်းချသည့် ဆိုင်များအနက် ဌာနဆိုင်ရာကားများအတွက် ရောင်းချပေးသည့် ဆိုင်အချို့နှင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးသည့် ဆိုင်အချို့ကလွဲပြီး ဆိုင်ပေါင်း (၂၄၆) ဆိုင်ကို ၎င်းတို့နှင့် နီးစပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများထံ လွှဲပြောင်းရောင်းချပေးခဲ့သည်။

အဆိုပါဆိုင်များတွင် ဒီဇယ်ကို ပေါက်ဈေးအတိုင်း လွတ်လွတ်လပ်လပ် ရောင်းချနေကြပြီး ဓာတ်ဆီကိုမူ အစိုးရထံမှ ရယူကာ သတ်မှတ်ဈေးဖြင့် ရောင်းချနေကြကြောင်း၊ အစိုးရအနေဖြင့်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဓာတ်ဆီ တင်သွင်းခွင့် ပြုထားပြီး အဆိုပါဓာတ်ဆီ ပြည်တွင်းဈေးကွက်တွင်း ရောက်မလာမီ (၂) လ ဝန်းကျင်ကာလတွင် (၁) ဂါလန် ကျပ် (၂,၃၅ဝ) ဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက “အခု ဆီဆိုင်တွေ ပုဂ္ဂလိကကို လွှဲလိုက်တော့မှ ဓာတ်ဆီဝယ်ဖို့ တန်းစီရတာ အချိန်အများကြီး ပိုကြာလာတယ်။ ဓာတ်ဆီဟာ ပုဂ္ဂလိကဆိုင်တွေက ရောင်းပေးတာ (၁) ဂါလန် ကျပ် (၂,၅ဝဝ)၊ အပြင်ပေါက်ဈေး ကျပ် (၂,၇ဝဝ၊ ၂,၈ဝဝ) ဆိုတော့ ဆီဆိုင်မှာ ဓာတ်ဆီ တန်းစီ လာထုတ်ပြီး အပြင်မှာ ပြန်ရောင်းစားသူက များနေတယ်။ ဒါကြောင့် ဆီဝယ်ဖို့ အချိန်အများကြီး ကုန်တယ်။ တချို့ဆိုင်တွေဆို တရက်ကို ကားတစီး (၄) ဂါလန်ပဲ ထုတ်ပေးမယ်ဆိုတဲ့ ဆိုင်းဘုတ် ထောင်ထားတာတောင် တွေ့နေရတယ်” ဟု ပြောသည်။

အစိုးရ ဓာတ်ဆီဆိုင်များတွင် ယခင်က လိုင်စင်ရှိ ဆိုင်ကယ်အများစုကိုပင် ခွဲတမ်းဖြင့် ဓာတ်ဆီ ရောင်းချပေးခြင်း မရှိခဲ့ကြောင်း၊ ယခု ပုဂ္ဂလိက ဆီဆိုင်တို့က ဆီစာအုပ်မလိုဘဲ ရောင်းချပေးသည့်အတွက် ဆိုင်ကယ် အများအပြား လာရောက် ဝယ်ယူနေကြခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လက်ရှိ ဆိုင်ကယ်အစီးရေ (၂) သန်းနီးပါး ရှိနေပြီး ပုဂ္ဂလိက ဆီဆိုင်များ ဖွင့်လာပြီးမှာသာ ဆိုင်ကယ်များကို ယင်းသို့ ဓာတ်ဆီရောင်းချပေးသည့်အတွက် ဆိုင်ကယ်အရေအတွက်၏ ဝယ်လိုအားမှာ တရက်ကို ဂါလန် (၁) သန်းခန့် ရှိနိုင်ကြောင်း ဓာတ်ဆီဆိုင်အရောင်းစာရေးတဦးက ခန့်မှန်းသည်။

အကယ်၍ စစ်အစိုးရက ပုဂ္ဂလိက ဆီဆိုင်များကို ဓာတ်ဆီမရောင်းတော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်ပါက ဓာတ်ဆီဈေးနှုန်းများ မြင့်တက်ပြီး အခြား သယ်ယူပို့ဆောင်စရိတ်များပါ မြင့်တက်လာနိုင်သည်ဟု ၎င်းက ပြောသည်။

အစိုးရသည် နှစ်စဉ် နိုင်ငံခြားငွေ အမြောက်အမြား အရှုံးခံပြီး လောင်စာဆီ ဖြန့်ဖြူးရေးကို လုပ်နေရခြင်းကြောင့် အိမ်စီးကား တင်သွင်းခွင့်များ ပိတ်ပင်ထားရခြင်း ဖြစ်သည်ဟု အကြောင်းပြလေ့ရှိသော်လည်း ယခု ပုဂ္ဂလိကကို လောင်စာဆီ တင်သွင်းရောင်းဝယ်ခွင့် ပေးလိုက်သည့်အတွက် အရှုံးခံ ဖြန့်ဖြူးရန် မလိုအပ်တော့သကဲ့သို့ ကားတင်သွင်းခွင့် ပိတ်ပင်ထားခြင်းကိုလည်း ရုပ်သိမ်းရန်လိုကြောင်း ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပြောဆိုသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အမေရိကန် အစီရင်ခံစာ ရဲချုပ် မကျေနပ်

မြန်မာ နိုင်ငံသည် နိုင်ငံ တကာတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး အဆိုးဆုံး အဆင့် ၃ တွင် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန၏ ၁၀ နှစ်မြောက် အစီရင် ခံစာတွင် ထုတ်ပြန် လိုက်သည့် အတွက် ဗိုလ်မှူးချုပ် ရဲချုပ်ခင်ရီက မကျေမနပ် ဖြစ်နေကြောင်း နေပြည်တော် စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူများထံမှ သိရသည်။

ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ (ဓာတ်ပုံ - Getty Images)

“လူကုန်ကူးမှု တားဆီး ကာကွယ်တဲ့ သင်တန်းတွေ ဖွင့်တာ၊ ရဲတပ်ဖွဲ့ အောက်မှာ ရှိတဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနက လူကုန် ကူးမှု တားဆီး ကာကွယ်ရေး ဌာနတွေနဲ့ ပေါင်းပြီး လှုပ်ရှား တာတွေ လုပ်နေရဲ့ သားနဲ့ စစ်အစိုးရက အရေးယူ ကိုင်တွယ် တာတွေ လျော့ရဲ နေတယ် ဆိုတော့ ရဲချုပ်က အရမ်းကို ဒေါသထွက် နေတယ်” ဟု နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲ အရာရှိ တဦးက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မကျေနပ်သဖြင့် ရဲချုပ်ခင်ရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း နေပြည်တော် သတင်း ရပ်ကွက်တွင် ပြောဆိုနေ ကြသည်။

ယင်းကဲ့သို့ ပြောဆိုချက်များရှိသော်လည်း အာဏာပိုင်များက အမေရိကန်နိုင်ငံခြားရေးဌာနသို့ စာပို့၍ တုန့်ပြန်ခြင်း မရှိသေးသကဲ့သို့ စစ်အစိုးရပိုင် သတင်းစာများတွင် ယခုအချိန်အထိ တရားဝင် ဖြေရှင်းခြင်း မရှိသေးပေ။

ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သော လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်ကို လိုက်နာခြင်း မရှိသည့် ၁၃ နိုင်ငံ၌ အီရန်၊ မြောက်ကိုရီးယား၊ မြန်မာနှင့် ကျူးဘားနိုင်ငံများပါဝင်ပြီး အမေရိကန် ပြည်ထောင်စု၏ ဒဏ်ခတ် အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် ၎င်းတို့ ရင်ဆိုင်နေရသော နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများကြောင့် အိမ်နီးချင်းနိုင်ငံများတွင် တရားဝင် နည်းလမ်းများ၊ တရားမ၀င် နည်းလမ်းများဖြင့် အလုပ်ရှာဖွေလုပ်ကိုင်ရင်း တချို့မှာ လူကုန်ကူးသူ များ၏ သားကောင်ဖြစ်ကာ ပြည့်တန်ဆာ ဖြစ်သွားရသည့် အမှုများကို အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာစစ်အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။

“နယ်စပ်ဒေသတွေမှာက ဖမ်းတယ်၊ လွတ်လာတော့ ပြန်လုပ်တယ်။ ဒီလို ဖမ်းပြီး လူကုန်ကူးမှုကို လျော့ကျအောင် လုပ်တာက နည်းလမ်းမှန် မဟုတ်သေးဘူးလို့ မြင်မိတယ်။ ကိုယ့်နိုင်ငံတွင်းမှာပဲ စားဝတ်နေရေးအတွက် လောက်ငတဲ့ စီးပွားရေး အခြေအနေတွေကို ဖန်တီးပေးနိုင်မယ်ဆိုရင် ဒီလိုပြဿနာတွေ လျော့နိုင်သွားနိုင်မယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာနမှ အရာရှိတဦးက ပြောသည်။

မလေးရှားနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့သည် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ တိုးတက်မှုရှိလာကြောင်း၊ အစီရင် ခံစာအရ အဆင့် ၂ မှ အမြင့်ဆုံး အဆင့် ၁ သို့ တိုးမြှင့်ပေး ခံခဲ့ရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံ လူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အား အမေရိကန်နိုင်ငံ၏ စောင့်ကြည့်ခြင်း ခံရသော နိုင်ငံများအဖြစ် ထည့်သွင်းထားကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ၎င်းနိုင်ငံကို လူမှောင်ခိုကူးသည့် စောင့်ကြည့်နိုင်ငံ စာရင်းတွင် ထည့်သွင်းခံရခြင်းကြောင့် စိတ်ပျက် မိကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Thani Thongphakdi က “လူမှောင်ခို ကူးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ တိုးမြှင့်ဆောင်ရွက်နေတာတွေ၊ ကြိုးပမ်းဆောင်ရွက်နေတာတွေကို အမေရိကန်နိုင်ငံအနေနဲ့ ထည့်သွင်း စဉ်းစားတာတွေမရှိဘူး။ အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံကို ဘယ်အဆင့်မှာပဲ သတ်မှတ် သတ်မှတ် ထိုင်းနိုင်ငံ အနေနဲ့ ဒီကိစ္စတွေကို ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားဖို့ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

စင်ကာပူအစိုးရကလည်း ၎င်း နိုင်ငံကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားခြင်း အပေါ် အလားတူ မေးခွန်းထုတ်ခဲ့သည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသို့ ထည့်သွင်းထားခြင်းအား စိတ်ရှုပ်ထွေးမိကြောင်း၊ နောက်ရက်များတွင် အစီရင်ခံစာနှင့် ပတ်သက်၍ သင့်လျော်သော နည်းလမ်းများဖြင့် အသေးစိတ် တုန့်ပြန်သွားရန်ရှိကြောင်း၊ ယင်း အစီရင်ခံစာသည် လေ့လာသုံးသပ်ချက် တခုဆိုသည်ထက် အမေရိကန်နိုင်ငံ၏ လုပ်ရိုးလုပ်စဉ် နိုင်ငံရေး လုပ်ဆောင်ချက် တရပ်အဖြစ် မြင်မိကြောင်း ပြောခဲ့သည်။

ပါတီ လှုပ်ရှားမှုများကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး

မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေး ပါတီများသည် ပါတီအလံများကို သက်ဆိုင်ရာ ပါတီရုံးများတွင်သာ လွှင့်ထူကြရန် ဆိုသည့် အချက် အပါအဝင် တခြားအချက်များကို ရွေးကောက်ပွဲ ကော်မရှင်က ပါတီများအား သတိပေး လိုက်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီများသို့ ဇွန်လ ၁၈ ရက်နေ့က ပေးပို့သော အကြောင်းကြားစာတွင် ပါတီဝင် အင်အားကို သတ်မှတ်ထားသည့် ရက်အတွင်း ကော်မရှင်သို့ ပေးပို့ရန်၊ ရွေးကောက်ပွဲ ဥပဒေများကို လိုက်နာရန်၊ ဌာနချုပ် ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ပါတီရုံးများတွင်သာ ပါတီဆိုင်းဘုတ်တင်ရန် စသည်တို့လည်း ပါဝင်ကြောင်းသိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက “ကျနော်တို့ ပါတီတွေကို သတိပေးတယ်လို့ပဲ ယူဆတယ်။ ဘာကြောင့်ဆိုတာ ဘာမှ မပြောထားတော့ ကော်မရှင်နဲ့တွေ့ရင် အကုန်မေးရမှာပေါ့။ အရင်တုန်းက နိုင်ငံရေး ပါတီတွေ အစည်းအဝေး လုပ်မယ်၊ မြို့နယ်တွေ ဆင်းမယ်ဆိုရင် အလံတွေထောင်ပြီး သွားကြတာ။ အဲဒါတွေကို ကန့်သတ်ချင်လို့လားတော့ မသိဘူးပေါ့” ဟု ဆိုသည်။

လေ့လာသူများကမူ ဤသို့ သတိပေး အကြောင်းကြားစာ ပို့ခြင်းသည် ဇွန်လအစောပိုင်းက ဦးအေးလွင်၏ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီက ပါတီအလံများကို ဆိုင်ကယ်နှင့် ကားများတွင် လွှင့်ထူ၍ သွားလာလှုပ်ရှားမှုများ ရန်ကုန်၊ မန္တလေးတို့တွင် ပြုလုပ်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ပါတီများ၏ ဆောင်ရွက်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အပိုဒ် ၁၅ ပါ ပြဋ္ဌာန်းချက်များကို ငြိစွန်းကြောင်း ကော်မရှင်က တွေ့ရှိလျှင် မှတ်ပုံတင် ခွင့်ပြုခြင်းကို ပယ်ဖျက်မည်ဟု ယင်းစာတွင် ထည့်သွင်း ရေးသားထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အခန်း ၃၊ အပိုဒ် ၁၅ အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း၊ နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ရယူသုံးစွဲကြောင်း တွေ့ရှိရခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ခြင်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု သတ်မှတ်ထားသောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းအဖြစ်ကြေညာခံရသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း စသည့်တို့ကို ပြုလုပ်ပါက မှတ်ပုံတင်ခွင့်ပြုခြင်းကို ပယ်ဖျက်နိုင်ကြောင်း ဖော်ပြထားသည်။

ယခုအချိန်အထိ ရန်ကုန်မြို့ရှိ လမ်းများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) အလံများကို စိုက်ထူထားသေးကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောသည်။

“တကယ်လက်တွေ့က ကြံ့ဖွံ့ပါတီအလံနဲ့ အသင်းအလံက အတူတူပဲဆိုတော့ ဒီအလံတွေကလည်း အဲဒီလို ထောင်ခွင့် မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ရုံးမှာပဲ ထောင်ရမှာကိုး။ ဟိုမှာ ဒီမှာ ထောင်ခွင့်မရှိတော့ဘူး။ ဒါကို သူတို့ ဘယ်လို လိုက်နာမလဲဆိုတာကို အချိန် နည်းနည်း စောင့်ကြည့်မယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

မေလ ၂၅ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် သတ်မှတ် ပါတီဝင်အင်အား စာရင်းကို သတ်မှတ်ချိန် အတွင်း တင်ပြရန်နှင့် မတင်ပြနိုင်ပါက မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းမည် ဖြစ်ကြောင်း သတိပေးကြေညာချက်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သေးသည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၅ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။

ကလေးစစ်သား စုဆောင်းမှုများ ဆက်လက် ရှိနေဆဲ

ယခုနှစ်ဝက်တာ ကာလအတွင်း ကလေးစစ်သား စုဆောင်းခံရခြင်း အတွက် လမ်းပြကြယ် အဖွဲ့သို့ အကူအညီပေးရန် တိုင်တန်းမှုပေါင်း ၂၄ မှုအထိ လက်ခံရရှိ ထားပြီး ရန်ကုန်ရှိ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) နှင့်အတူ ပူးပေါင်း ဖြေရှင်းနေကြောင်း သိရသည်။

မြန်မာပြည်မှ ကလေးစစ်သား ၂ ဦး (ဓာတ်ပုံ - Uzo)

ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “မြန်မာပြည်မှာ ကလေးစစ်သား စုဆောင်း ခံရမှု ဇာတ်လမ်းတွေ ကလည်း ထပ်နေပြီ။ အခုထိ မပပျောက် သေးဘူး။ ကလေး တွေကို စစ်တပ်ထဲ လူကုန်ကူး ရောင်းစားလို့ ရတဲ့ အခြေအနေ ဖြစ်နေတော့ မိဘတွေကို တိုက်တွန်း ချင်တာက အရွယ် မရောက်သေးတဲ့ သားယောက်ျား လေးတွေကိုလည်း ဓားထမ်း ပြီးတော့သာ စောင့်ရှောက် ကြပါ" ဟု ပြောသည်။
လမ်းပြကြယ်အဖွဲ့သို့ ယခုနှစ်အတွင်း တိုင်ကြားလာသော ကလေးစစ်သား စုဆောင်းခံရမှုများအနက် မောင်ပြည့်ဖြိုးအောင်သည် ၂၃ ယောက်မြောက်ဖြစ်ကြောင်း သိရသည်။ မောင်ပြည့်ဖြိုးအောင်သည် စစ်သားအဖြစ် စုဆောင်းခံရချိန်တွင် အသက် ၁၅ နှစ်သာရှိသေးပြီး မှော်ဘီ အ.ထ.က (၂)၊ အဋ္ဌမတန်းတွင် ပညာသင်ကြားနေသည်။

“ကျမသားလေးကို မနှစ်က ဒီဇင်ဘာ ၁၇ ရက်နေ့က ကျောင်းအဆင်းမှာ အမှတ် (၆) စစ်မြေပြင် ဆေးတပ်ရင်းက တပ်ကြပ်ကြီး မင်းလွင်ဆိုတဲ့လူက ခေါ်သွားတယ်လို့ နောက်နေ့မှ သိရတယ်။ သူကတဆင့် မင်္ဂလာဒုံ စစ်သားစုဆောင်းရေးက တပ်ကြပ်ကြီး ဦးထူးဆီကို ပို့လိုက်တယ်လို့ ကျမတို့ကို နောက်မှ သားက ပြန်ပြောပါတယ်" ဟု ဇွန်လ ၁၈ ရက်နေ့က လမ်းပြကြယ်အဖွဲ့သို့ သွားရောက်တိုင်ကြားသူ မောင်ပြည့်ဖြိုးအောင်၏ မိခင် ဒေါ်သန်းသန်းဝင်းက ဧရာဝတီသို့ ပြောသည်။

မင်္ဂလာဒုံ စစ်သား စုဆောင်းရေးမှတဆင့် မကွေး အမှတ် (၃) စစ်သား စုဆောင်းရေးသို့ လွှဲပြောင်းခံရကာ ရမည်းသင်း အခြေခံ စစ်သင်တန်းကျောင်းသို့ စစ်ပညာသင်ရန် ရောက်သွားခဲ့ရကြောင်း၊ ယခုအခါ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အမှတ် (၉၁၄) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

မောင်ပြည့်ဖြိုးအောင်၏ ဖခင် ဦးနိုင်လင်းကလည်း “ကျနော်တို့က ဒီလပိုင်းကျမှ ကလေးနဲ့ အဆက်အသွယ်ရတယ်။ သူ မပျော်ဘူး၊ ကျောင်းပဲ ပြန်တက်ချင်တယ်လို့ ဖုန်းထဲကနေ ပြောတယ်။ ကျနော်တို့ကတော့ လမ်းပြကြယ်က တဆင့် ILO ကို တင်ပြသွားမှာပါ"ဟု ပြောသည်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ၂၄ ယောက်မြောက် စစ်သား စုဆောင်းခံရသူ၏ ဖခင်က လမ်းပြကြယ်အဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

“ကျနော်က ရန်ကုန် သီရိမင်္ဂလာဈေးမှာ ကုန်ထမ်းနားပြီး ည ၉ နာရီခွဲလောက် လက်ဖက်ရည်ဆိုင်မှာ တီဗီကြည့်နေတုန်း ကျနော့်သား မောင်သက်ပိုင်ကို ရဲ ၂ ယောက်က မင်းကို ထောင်ချမယ်ဆိုပြီး ဆွဲခေါ်သွားတယ်တဲ့။ နောက်မှ ကျနော်က ပြန်သိရတယ်။ အခုသူ့ကို ဓညင်းကုန်း စစ်သားစုဆောင်းရေးကနေ သင်တန်းကျောင်းကို ပို့လိုက်ပြီလို့ သိရတယ်"ဟု ဖခင်ဖြစ်သူ ဦးလှမြင့်က ပြောသည်။

မောင်သက်ပိုင်သည် စစ်သားစုဆောင်းခံရချိန်တွင် အသက် ၁၉ နှစ် ကျော်ပြီဖြစ်သော်လည်း အုပ်ထိန်းသူ၏ ခွင့်ပြုချက်မပါဘဲ စစ်တပ်တွင်း သွတ်သွင်းခံခဲ့ရသောကြောင့် ILO သို့ တိုင်ကြားပေးသွားမည်ဟု ဦးအေးမြင့်က ပြောသည်။

“မြန်မာအစိုးရနဲ့ ILO နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားတာက အဓမ္မခိုင်းစေမှုနဲ့ ကလေးစစ်သားဆိုတော့ ဒီကိစ္စဟာ အဓမ္မခိုင်းစေမှုနဲ့ အကျုံးဝင်တယ်။ နောက်ပြီး ၁၉၅၆ တပ်မတော် အက်ဥပဒေအရ ဆိုရင်လည်း စစ်တပ်ထဲဝင်တဲ့သူဟာ အသက် ၁၈ နှစ် ပြည့်ပြီးပေမယ့်လည်း အုပ်ထိန်းသူ သဘောတူညီချက်ကို ယူရတယ်။ ဒီအချက်ကိုလည်း ဖောက်ဖျက်နေတယ်။ ဒါကြောင့် ILO ကို တိုင်လို့ရတယ်" ဟု ဦးအေးမြင့်က ရှင်းပြသည်။

လမ်းပြကြယ်အဖွဲ့သည် ၂၀၀၉ ခုနှစ် အတွင်းက ကလေးစစ်သား စုဆောင်းခံရမှု ၁၀၀ ကျော်ကို ကူညီဖြေရှင်းပေးခဲ့ရပြီး ယခုနှစ်အတွင်း တိုင်ကြားမှု ၂၄ မှု ရှိသည့်အနက် ၁၈ ဦးခန့်ကို တပ်တွင်းမှ ပြန်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်း အသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သား ပပျောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်ထိ ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။

စစ်တပ်က စုဆောင်းထားသော ကလေးစစ်သားအမှုများမှာ တပ်မတော်မှ ဖွဲ့စည်းထားသည့် ကလေးစစ်သား ပပျောက်ရေး ကော်မတီ၏ ဖော်ထုတ်ချက်များအရ ပေါ်ပေါက်လာသည်မရှိဘဲ မိဘဆွေမျိုးများ၏ တိုင်ကြားချက်များအရသာ ပေါ်ပေါက်လာလေ့ရှိသည်။

ရွှေ့ပြောင်း အလုပ်သမား ဖမ်းပွဲ ဘန်ကောက်တွင် စပြီ

ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီး နှိမ်နင်းရန် ညွှန်ကြားချက် ထွက်ပေါ် ပြီးနောက် ဘန်ကောက်မြို့တွင် ဇွန်လ ၁၆ ရက်မှ ၁၉ ရက်နေ့ အတွင်း၌ လူဦးရေ ၈၃၀ ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဘန်ကောက်တွင် ဖမ်းဆီးထားသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ ရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ - Manager Online)

ဖမ်းဆီး ခံရသူ လူဦးရေ ၈၃၀ တွင် မြန်မာ နိုင်ငံသား ၃၄၆ ဦး ပါဝင်ပြီး တခြား နိုင်ငံသားများမှာ လာအိုနှင့် ကမ္ဘောဒီးယား တို့ဖြစ်ပြီး လတ်တလောတွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးတွင် ထိန်းသိမ်း ထားကာ မူရင်း နိုင်ငံသို့ ပြန်ပို့ဖွယ် ရှိကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော Manager Online အင်တာနက် သတင်းတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန၏ ဗဟို စီမံခန့်ခွဲရေး ကော်မတီကို ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ဦးဆောင်၍ အလုပ်သမား ရေးရာဌာနမှ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူးက ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ဌာနက တရားမ၀င် အလုပ်သမားများကို လက်ခံထားသော အလုပ်ရှင်ကိုပါ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းတွင် နှစ်ပေါင်းများစွာ လာရောက် အလုပ်လုပ်နေသူများအတွက် အခွင့်အလမ်း ရှိစေရန် သီးခြား အစီအစဉ် တရပ်ကို ထိုင်း အစိုးရ အနေဖြင့် ဖန်တီးပေးသင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။

နျူကလီးယားအရေး IAEA သို့ စစ်အစိုးရ ဖြေရှင်းချက်ပို့

စစ်အစိုးရကို စွပ်စွဲထားသည့် နျူကလီးယား အစီအစဉ်များ အပေါ် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက ငြင်းဆို လိုက်ကြောင်း သိရှိရသည်။

IAEA ၏ Division of Operations A မှ Department of Safeguards ၏ ညွှန်ကြားရေးမှူး မစ္စတာ မာကို မာဇိုက ဇွန်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် နျူကလီးယား အစီအမံများ ရှိမရှိ စာပေးပို့၍ မေးမြန်းခဲ့ရာ ဦးတင်ဝင်းက ယူရေနီယံ ပြောင်းလဲထုတ်လုပ်မှု၊ အဆင့်မြင့် သန့်စင်မှု၊ ဓာတ်ပေါင်းဖို တည်ဆောက်မှု၊ အသုံးပြုလည်ပတ်မှု စသည့် နျူကလီးယား ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ်ထားခြင်း မရှိဟု ပြန်ကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ် (NPT) အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး စာချုပ်ကို ၁၉၉၅ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ နျူကလီးယား ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက IAEA ကို အသိပေးမည်ဟု ဦးတင်ဝင်းက ပြန်ကြားကြောင်း ယခုလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဒုံးပျံအင်ဂျင် အထူးပြုဘာသာရပ်ဖြင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ထုတ်ဖော်ချက် အထောက်အထားများကို အခြေခံကာ စစ်အစိုးရ၏ နျူကလီးယားဆိုင်ရာ သံသယဖြစ်ဖွယ် အချက်အလက်များအား အယ်လ်ဂျာဇီးယား သတင်းဌာန နှင့် ဒီမို ကရက်တစ် မြန်မာ့အသံ (DVB) တို့က ထုတ်လွှင့်ပြသခဲ့သည်။

ပြည်ပ အခြေစိုက် သတင်းဌာနများက ဖော်ပြခဲ့သည်မှာ အခြေအမြစ် မရှိသည့် မခိုင်လုံသော သတင်း အချက်အလက်များသာ ဖြစ်ကြောင်း ဦးတင်ဝင်း၏ ရေးသားပေးပို့ချက်တွင် ပါရှိသည်။

ယင်းစီမံကိန်းများကို မြောက်ကိုရီးယား အစိုးရ၏ အကူအညီဖြင့် အကောင်အထည် ဖော်နေသည်ဟုလည်း လေ့လာသူများ က သုံးသပ်ကြသည်။

စစ်အစိုးရကမူ မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ သံတမန် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒကြောင့် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ရေးသားထားသည်။

နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံမှ ကုန်တင်သင်္ဘောများသည် အများက ထင်နေကြသည့် အတိုင်း လက်နက်များ တင်ဆောင်လာခြင်း မဟုတ်ဘဲ ပုံမှန် ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ယခုလ ၁၂ ရက်နေ့က ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ

နယူးဒေလီ (မဇ္ဈိမ)။ ။ ကရင်စစ်သားတဦး ရိုက်ကူးထားသော စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် KNLA တို့ ဖြစ်ပွားသော တိုက်ပွဲအကြောင်း ရုပ်သံမှတ်တမ်းတခုသည် You Tube ပေါ်တွင် လူကြည့်များသော သတင်းမှတ်တမ်း ရုပ်သံတခု ဖြစ်လာသည်။

ယင်းဗီဒီယိုဖိုင်သည် ပြီးခဲ့သည့်နှစ်ထဲတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၌ ခြေလျင်တပ်ရင်း ခလရ ၆ဝ နှင့် KNLA တပ်မဟာ ၃ တို့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသော တိုက်ပွဲမှတ်တမ်းဖြစ်သည်။ You Tube သို့ ဇွန်လ ၁၂ ရက်နေ့က တင်ထားရာ ယနေ့အထိဆိုလျှင် ကြည့်ရှု့သူပေါင်း ၇၂ဝဝ ကျော် ရှိသွားပြီဖြစ်သည်။

ဂျပန်နိုင်ငံတွင် နေထိုင်သည့် Maungwto က ယင်းဗီဒီယို ရုပ်သံဖိုင်အား ဂျပန်ရှိ ကရင်ရေးရာ တာဝန်ခံ ဦးစောမျိုးခိုင်ရှင်းထံမှ ရရှိကာ You Tube ပေါ်သို့ တင်ပေးခဲ့ခြင်း ဖြစ်သည်။

“KNLA နဲ့ ပတ်သက်တဲ့ တိုက်ပွဲကို You Tube ပေါ်တင်တာက ဒါဟာ ပထမဆုံးပါ။ အရင်ကတော့ နအဖနဲ့ SSA (ရှမ်းပြည်တပ်မတော်) တို့ တိုက်ပွဲဖြစ်တာကို ၂ဝဝ၉ မတ်လတုန်းက တင်ဖူးတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲတွင် စစ်အစိုးရတပ်မှ ၇ ဦး ကျဆုံးပြီး KNLA မှ တဦးကျဆုံးပြီး ရဲဘော် ၂ ဦး ပြင်းစွာ ဒဏ်ရာရရှိခဲ့သည်ဟု ကိုစောမျိုးခိုင်ရှင်းက ပြောသည်။

You Tube ကို မြန်မာနိုင်ငံတွင် ပိတ်ပင်ထားပြီး အင်တာနက်မြန်နှုန်း နှေးကွေးသော်လည်း လူတချို့က ပရောက်ဆီ ဆာဗာများမှတဆင့် ဒေါင်းလုပ်လုပ်ပြီး ကြည့်ရှုခဲ့သည်ဟု ရန်ကုန်မှ အင်တာနက်ကျွမ်းကျင်စွာ သုံးစွဲတတ်သူ လူငယ်တဦးက ပြောသည်။

“သူငယ်ချင်းတယောက် မေးလ်ကနေ ပို့လိုက်လို့ ကြည့်ဖြစ်တယ်။ ပြည်တွင်းမှာ အခုလို ဖြစ်နေတာ မြင်တော့ စိတ်ထိခိုက်မိတယ်” ဟု သူက ပြောသည်။

မြန်မာပြည်တွင်းမှ အိုင်တီပညာရှင်များက အင်တာနက်မှ ဗီဒီယိုကလစ်များကို ယခုလိုကြည့်ရှုနိုင်ခြင်းမှာ မီဒီယာသစ်ကြောင့်ဖြစ်ပြီး တိုင်းပြည်တွက် တိုးတက်ဖြစ်ထွန်းမှုဟု ပြောဆိုလိုက်သည်။

စစ်အစိုးရက သတင်းမီဒီယာ အင်တာနက်များအား ထိန်းချုပ်ပိတ်ဆို့မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် မီဒီယာသစ်ဟု ဆိုနိုင်သော လူမှုကွန်ယက် ဝဘ်ဆိုဒ်များဖြစ်သည့် Blog ၊ Facebook နှင့် အီးမေးလ် အုပ်စုများမှတဆင့် သတင်းအချက်အလက်များ ရရှိကြသည်။

“ပြည်ထဲမှာ တော်ရုံလူမသိနိုင်တဲ့ ဖြစ်ပျက်နေတဲ့ ဟာတွေ၊ ဓာတ်ပုံတွေ၊ သတင်းအချက်အလက်တွေက blog ၊ email ၊ facebook တို့လို အင်တာနက်တွေကတဆင့် ဖျတ်ခနဲ ဖျတ်ခနဲ ရောက်လာတယ်” ဟု ပြည်တွင်းမှ အိုင်တီပညာရှင် လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်အခြေစိုက် ဘလော့ဂါ ဒေါက်တာလွဏ်းဆွေက Web 2.0 နှင့် အခြားသော မီဒီယာသစ်များသည် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် အရေးပါသော နေရာတွင် ရှိနေသည်ဟု ပြောသည်။

“မီဒီယာသစ်တွေရဲ့ အခန်းကဏ္ဍကတော့ ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အရေးပါတဲ့ ကဏ္ဍတရပ်အနေနဲ့ ရှိနေပါတယ်” ဟု သူက ပြောသည်။ ”ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ကိုယ့်မြန်မာပြည်နဲ့ပတ်သက်တဲ့ သတင်းမှန်သမျှက အမြန်ဆုံး တက်လာတာကတော့ ဒီ ဘလော့ဂ်တွေမှာပဲ” ဟု သူက ဆိုသည်။

ဝဘ်ဆိုဒ်များသည် ဆင်ဆာဖြတ်တောက်ခံရခြင်းမရှိသော သတင်းအချက်အလက်များ ရရှိရာ အရင်းအမြစ်တခုဖြစ်လာပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု နောက်ပိုင်းတွင် မြန်မာများအကြား တွင်ကျယ်စွာ အသုံးပြုလာခဲ့သည်။

စစ်အစိုးရက အင်တာနက်မှတဆင့် သတင်းအချက်အလက် စီးဆင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသော်လည်း ပရောက်ဆီဆာဗာများကိုသုံး၍ ဆင်ဆာနှင့် သတင်းအမှောင်ကျမှုကို မြန်မာပြည်သားတို့ ကျော်လွှားနေကြသည်။

“ပြည်တွင်းပြည်ပ သတင်းတွေတက်ရင် ပထမဆုံးက ဘလော့ဂ်တွေကပေါ့။ အစိုးရကလည်း ထိန်းချုပ်ရခက်လာတယ်။ တချို့တွေကျတော့ သူ့ရဲ့ သတင်းရဲ့ အရည်အသွေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ လျော့နည်းကောင်း လျော့နည်းမယ်ပေါ့” ဟု ဒေါက်တာ လွဏ်းဆွေက ပြောသည်။

မွန်ပညာရှင် ဒေါက်တာ နိုင်ပန်းလှ ကွယ်လွန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်စာပေ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းနှင့် သုတေသန ပညာရှင် ဒေါက်တာနိုင်ပန်းလှသည် ယခုလ ၁၈ ရက်နေ့က လေဖြတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။

အသက် ၈၇ နှစ် ရှိမွန်လူမျိုး ဆရာကြီးသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ နှင်းဆီကုန်း အထူးကုဆေးခန်း၌ ဆေးကုသမှုခံနေစဉ် ကွယ်ကွယ်လွန်ခဲ့ပြီး ကျန်ရစ်သည့် ရုပ်အလောင်းအား ရေဝေးသုဿန်၌ ယမန်နေ့က သင်္ဂြိုလ်လိုက်ပြီ ဖြစ်သည်။

“ပထမ ဆေးရုံတလ တက်တယ်။ နောက်တော့ အိမ်ပြန်ဆင်းလာပြီးတော့တခါ ဆေးရုံပြန်တက်ပြီးတော့ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၂ဝ မှာ ကွယ်လွန်သွားပါတယ်” သားဖြစ်သူ ကိုမင်းအေးချမ်းက မဇ္ဈိမကိုပြောသည်။
Dr.-Naing-Pan-Hla

ဒေါက်တာ နိုင်ပန်းလှ


ဒေါက်တာနိုင်ပန်းလှကို ၁၉၂၃ ခု မတ်လ ၂ဝ ရက်နေ့တွင် မွန်ပြည်နယ် ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်းရွာ၌ ရွာသူကြီး ဦးကြွနှင့် ဒေါ်ချိုတို့မှ ဖွားမြင်သည်။ မွေးချင်း ၇ ဦးအနက် စတုတ္ထမြောက် သား ဖြစ်သည်။
ငယ်စဉ်က ရွာဦးဘုန်းကြီးကျောင်းတွင် မွန်၊ မြန်မာနှင့် အင်္ဂလိပ်စာများကို သင်ကြားခဲ့သည်။

၁၉၃၉-၄ဝ တွင် မော်လမြိုင် ကရင် ကေဘီအမ် အထက်တန်းကျောင်းတွင် သတ္တမတန်း အောင်သည်။

မော်လမြိုင် အစိုးရအထက်တန်းကျောင်းတွင် အဋ္ဌမတန်းပညာ ဆည်းပူးစဉ် ဒုတိယကမ္ဘာစစ် မြန်မာသို့ ကူးစက်လာ၍ ဇာတိရွာတွင် ပြန်နေသည်။

စစ်အပြီး ၁၉၄၆ ခုတွင် ရန်ကုန်သို့ အပြီးပြောင်းနေသည်။ ရန်ကုန် မြို့မအထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်းတွင် ၃ လ ကြာ ပညာသင်ကြားခဲ့သည်။ ရာမည မွန်အသင်းချုပ်တွင် အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၁၉၅၃ ခုတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၌ မွန်ယဉ်ကျေးမှု အထက်တန်းအရာရှိအဖြစ် တာဝန် ထမ်းဆောင်သည်။

၁၉၅၈ ခုတွင် အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်နှင့် ၁၉၆၇ ခုတွင် တရုတ်နိုင်ငံများသို့ နိုင်ငံတကာ လေ့လာရေး ခရီးစဉ်များ ထွက်ခွင့်ရခဲ့သည်။ ၁၉၈၆ ခု ဇွန်လတွင် အငြိမ်းစားယူသည်။

ဆရာကြီးသည် မြန်မာနိုင်ငံရှိ စာနယ်ဇင်းများတွင်လည်း မွန်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ သုတေသန ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။

ဆရာကြီး၏ ထင်ရှားသည့် လက်ရာဖြစ်သည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို မြန်မာနိုင်ငံ သုတေသနအသင်းက မွန်ဘာသာဖြင့် ၁၉၅၈ ခုတွင် ထုတ်ခဲ့သည်။ နောက်ထပ် ဆယ်နှစ်ကျော်ကြာမှ ဗမာစာ ဖြင့် ထုတ်ဝေနိုင်ခဲ့သည်။

ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း အမှာစာကို ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ မြန်မာစာပါမောက္ခ ဒေါ်သန်းဆွေ၊ စာရေးဆရာမကြီး ခင်နှင်းယုတို့က ရေးပေးသည်။

အမှာစာအတွင်း၌ ဒေါက်တာသန်းထွန်းက “ကျမ်းရင်းကလည်းကောင်းတယ်၊ ဘာသာပြန်ပုံလည်း ကောင်းတယ်၊ ဒါကြောင့် ကျွန်တော်တို့အတွက် အားကိုးစရာ ရာဇာဓိရာဇ် အရေးတော်ပုံ ကျမ်းတစောင် ပေါ်ထွက်လာပြီလို့ ဆိုနိုင်ပါတယ်” ဟု ရေးသား၍ ချီးမွမ်းကြိုဆိုခဲ့သည်။

၁၉၈၈-၈၉ ခုမှစ၍ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်နှင့် တိုကျိုအပြည်ပြည်ဆိုင်ရာ ခရစ်ယာန် တက္ကသိုလ် များတွင် ဧည့်ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။

၁၉၉၁ ခုတွင် အမေရိကန်နိုင်ငံ လော့အိန်ဂျလိမြို့ရှိ အနောက်ပစိဖိတ် တက္ကသိုလ်သို့ ပါရဂူဘွဲ့ကျမ်းပြု ကျောင်းသားအဖြစ် ဝင်ခွင့်ရပြီး ယဉ်ကျေးမှု မနုဿဗေဒ အဓိက B.SC နှင့် Ph.D ဘွဲ့များရခဲ့သည်။

၁၉၉၂ ခုတွင် မွန်ဓမ္မသတ် ၁၁ မျိုးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ LL.D ဘွဲ့ ချီးမြှင့်ခံရသည်။ ၁၊ ၄၊ ၁၉၉၄ မှစ၍ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း Meio တက္ကသိုလ်တွင် အမြဲတန်း ပါမောက္ခအဖြစ် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် သင်ပြရန် တာဝန်ယူခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်စဉ် မွန်ကျောက်စာနှင့် မွန်စာပေများကိုလည်း သင်ကြားပို့ချခဲ့သည်။
သူကွယ်လွန်ချိန်တွင် သမီး ၁ ဦးနှင့် သား ၆ ဦးတို့ ကျန်ရစ်ခဲ့သည်။