Pages

Subscribe

Tuesday 13 July 2010

ကြက်ဆူပင်များပြန်နှုတ်ခိုင်းပြီး လက်ဖက်ပင်အစားထိုးစိုက်ခိုင်း

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် စစ်အာဏာပိုင်များက ကြက်ဆူချုံများရှင်းလင်းခိုင်း၍ လက်ဖက်ပင်များ အစားထိုးစိုက်ပျိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။

“အခုအစိုးရ၀န်ထမ်းတွေကိုတော့ ကြက်ဆူပင်ရှင်းပြီး လက်ဖက်ပြန်စိုက်ခိုင်းတယ်။ လူထုကိုတော့ မခိုင်း သေးဘူး။” ဟု ပင်လုံမြို့ခံတစ်ဦးက ပြောပါသည်။

ကြက်ဆူပင် (ဓါတ်ပုံ - zanmoon)

ကြက်ဆူပင်စိုက်ပျိုးရေးစီမံကိန်းအကောင်အထည် ဖေါ်စဉ်ကလည်း လုပ်အားပေးမသွားနိုင်သည့်အိမ်များ တအိမ်ကျပ် 5000 ကောက်ယူထားသကဲ့သို့ ယခုလည်း ထိုသို့ထပ်မံကောက်ယူမည်ကို မြို့ခံများ စိုးရိမ်နေ ကြကြောင်း အမည်မဖေါ်လိုသည့် ပင်လုံမြို့ခံနောက်တဦးက ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“ကြက်ဆူပင်စိုက်ခိုင်းတုန်းကလို မသွားနိုင်တဲ့အိမ် ငါးထောင်ထပ်ကောက်မှာကို အရမ်းစိုးရိမ်တယ်၊ မိသားစု ဖူလုံဖို့ အတွက် မနည်းရုံးကန်ရတာကိုး။ ဟိုကြေးဒီကြေး ထပ်ပေးရရင် အရမ်း ဒုက္ခရောက်တယ်”

အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ သစ်တော၊ အရံမီးသတ်၊ ပညာရေးနှင့် ကျန်းမာရေးဌာန ၀န်ထမ်းများ ကြက်ဆူပင်နှုတ် လဖက်ပြန်စိုက်နေရခြင်းဖြစ်၏။

“အရင်တုန်းက မြေ လွတ်မြေရိုင်းတွေကို ခုတ်ထွန်ရှင်းလင်းပြီး ကြက်ဆူစိုက်ခိုင်းသလို အခုလဲ အဲဒီကြက် ဆူတွေကို ပြန်နှုတ်ခိုင်းပြီး လက်ဖက်အစားထိုးပြန်စိုက်ခိုင်းတယ်၊ အခုတမျိုးတော်ကြာတမျိုး ရူးနေကြပြီလား လို့ မေးလိုက်ချင်တယ်” - ဟု အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးကပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင်လည်း မစိုက်မနေရ ဒဏ်ပေးစနစ်ဖြင့် စိုက်ပျိုးခိုင်းသောကြက် ဆူခင်းများလည်း ယခုအခါ မေ့လျော့ပစ်ပယ်ထားပြီး ရွာသားများကို စစ်တပ်တည်ဆောက်မှု၌သာ လုပ်အား ပေးဆက်တိုက် စေခိုင်းနေကြောင်း ဒေသခံများပြောပြချက်အရသိရှိရသည်။

လက်ဖက်ပင် (askpari.files.wordpress.com)

မိုင်းပန်သူ ကုန်သည်တစ်ဦးကမူ “ကြက်ဆူပင်ကို အလုပ်ပြစ်အကိုင်ပြစ် စိုက်ခိုင်းတယ်။ ဘာမှအသုံး မကျ ဘူး။ သန်းရွှေနဲ့အတူတူဘဲ။ ပြောတော့စံပြကြက်ဆူစိုက်ခင်းတဲ့၊ ကြက်ဆူလဲအလကား သန်းရွှေစစ်အစိုးရလဲ အလကားဘဲ” - ဟု မကျေမနပ် ပြော၏။

ကယားပြည်တွင်လည်း အစိုးရ၀န်ထမ်းနှင့် ပြည်သူလူထုအား ကြက်ဆူပင်ကို အမြစ်ပါမကျန်နှုတ်ခိုင်း ကြောင်း ကန္တရ၀တီတိုင်းစာစောင်တွင် ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်နှောင်းပိုင်းမှစ၍ တပြည်လုံးအတိုင်းအတာဖြင့် ကြက်ဆူဆီများ ပိုင်အိုဒီဇယ်အဖြစ် အသုံးပြုရန် ပြည်သူလူထုအား ကြက်ဆူပင်စိုက်ပျိုးခိုင်းခဲ့သည်။ သို့သော် ယခုချိန်အထိ ကြက်ဆူဒီဇယ် အဖြစ်ထုတ်လုပ် အသုံးပြုနိုင်ခြင်းမရှိပေ။

ကြက်ဆူစိုက်ပျိုးမှုစီမံကိန်းမှာ ဗေဒင်/ယတြာယုံကြည်သော မြန်မာစစ်အုပ်စုအဖို့ အာဏာသက်ဆိုးရှည်ရေး အတွက် လုပ်နေခြင်းသာဖြစ်သည်ဟု အများကဝေဖန်ပြောဆိုကြသည်။

သျှမ်းသံတော်ဆင့်သတင်းထောက် မွေခေါဝ် ရေးသားသည်။

ကစထမှူး စစ်ဆေးပြီးနောက် နမ့်ခမ်းဆေးရုံအုပ် ပြောင်းရွေ့မိန့်ကျ

နအဖကာကွယ်ရေးဝန်ကြီးဋ္ဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဇူလိုင်လ ၈ ရက်နေ့ သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ ခရီးစဉ်အတွင်း နမ့်ခမ်းဆေးရုံသို့ ၀င်ရောက် စစ်ဆေးခဲ့ရာ ရက်ပိုင်းအတွင်း ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်ဝင်းကြည် ပြောင်းရွေ့ရန် အမိန့်ကျလာကြောင်း သိရသည်။

အဆိုပါ နမ့်ခမ်းဆေးရုံတွင် ဧပြီလပိုင်းက မွေးလူနာရော ကလေးပါ သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံအခြေအနေ ယို ယွင်းလာရာ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၎င်း၏ ခရီးစဉ်အတွင်း နမ့်ခမ်းဆေးရုံ အခြေအနေမှန်ကို သိရှိရန် စုံစမ်း မေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း ဆေးရုံနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆေးရုံ၏ ယိုယွင်းနေသည့် အခြေအနေဆိုသည်မှာ ဆေးရုံသို့ လူနာများ ဆေးကုသမှုခံယူရန် မလာရောက်ကြပဲ ပြင်ပဆေး ခန်းများတွင်သာ လူနာများပြည့်နှက်နေပြီး ဆေးရုံတွင် လူနာကုတင်များ လျှော့နည်းလျှက်ရှိရာ ၎င်းက ဘာကြောင့် ယခုလို ဖြစ်နေရသည်ကို မေးမြန်းခဲ့ကြောင်း သိရသည်။

“ပြင်ပဆေးခန်းတွေမှာ လူနာတွေပြည့်နေပြီးတော့ ဆေးရုံကို လူနာဘာကြောင့်မလာတာလဲပေါ့ နောက်တစ်ခုက ကုတင် တွေပျောက်နေတဲ့ကိစ္စ ဘယ်ရောက်သွားလဲပေါ့ အဲဒါတွေက မွေးလူနာသေဆုံးသွားတဲ့ကိစ္စကြောင့်လား ဆိုပြီး မေးတယ် မနေ့ (ဇူလိုင် ၁၁ ရက်နေ့) ကတော့ ဆေးရုံအုပ်ပြောင်းရွေ့မိန့်ကျလာပြီဆိုတာ သိရတယ် ” လို့ သူက ဆိုသည်။

ကစထမှူး၏ ခရီးစဉ်တွင် အရပ်ဘက် အာဏာပိုင်များအနေဖြင့် အဆိုပါဆေးရုံကိစ္စနှင့်မပတ်သက်သည့် သီးခြားကိစ္စတချို့ တင်ပြမှုရှိခဲ့ကြောင်း သူက ဆက်ပြောရာတွင် “ တခြားကိစ္စတွေအနေနဲ့ နမ့်ခမ်း - မုံးဝီးကားလမ်း ကတ္တရာခင်းဖို့နဲ့ အထက်တန်းကျောင်း ဆောက်ဖို့ကိစ္စတွေ တင်ပြတာတော့ရှိတယ် ” လို့ဆိုသည်။

ယခုပြောင်းရွေ့ခံရမည့် ဆေးရုံအုပ်ကြီးသည် ဧပြီလ ၈ ရက်နေ့က နမ့်ခမ်းဆေးရုံသို့ ပြောင်းရွေ့ ရောက်ရှိလာကြောင်း သိရသည်။

မှတ်ချက် ။ ။ အချက်အလက်များအား စိုင်းဝင်း ပေးပို့သည်။

သကြားဈေး စံချိန်တင် မြင့်တက်

နယူးဒေလီ (မဇ္ဈိမ)။ ။ သကြားထုတ်လုပ်ရန် ကြံရှားပါးမှုကြောင့် မြန်မာပြည်တွင်း သကြားဈေးနှုန်းသည် စံချိန်တင် ဈေးနှုန်းအဖြစ် တပိဿာလျှင် ၁၅၀၀ ကျပ်သို့ ရောက်ကာ သုံးလကျော်အတွင်း နှစ်ဆကျော် တက်သွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ဧပြီလ အစောပိုင်းတွင် တပိဿာ ၇ဝဝ ကျပ်နှုန်း ရှိခဲ့ရာမ ပြီးခဲ့သည့်အပတ်မှ စတင်ကာ ၁၅ဝဝ ကျပ်သို့ ရောက်ရှိသွားရာ သကြားဈေးကွက် သမိုင်းတလျှောက် အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရှိ သကြားကုန်သည်များက ပြောသည်။

“ဒီနှစ်က ကြံအဝင်နည်းတဲ့အတွက် ဒီလောက်ထိ ဈေးမြင့်သွားတာပါ။ ကျနော်တို့ သကြားလုပ်ငန်း လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ ဒီဈေးနှုန်းက အမြင့်ဆုံးပါပဲ” ဟု အောင်မြေသာစံမြို့နယ်မှ လုပ်သက် ၂၆ နှစ်ရှိသည့် သကြားပွဲရုံ ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဈေးနှုန်းမြင့်တက်ရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်များတွင် သကြားဈေးနှုန်း ကျဆင်းသဖြင့် ကြံစိုက်တောင်သူများ အရှုံးပေါ်ခဲ့ကြပြီး စိုက်ပျိုးမှု နည်းပါးခဲ့ရာမှ ကြံအထွက်နှုန်းပါ လျော့ကျခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၂ဝဝ၉ ခုနှစ်ထက် အထွက်နှုန်း ၅ဝ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း မန္တလေးတိုင်း ကြံကုန်သည်များအသင်းမှ အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောသည်။

“၂ဝဝ၈၊ ၂ဝဝ၉ တုန်းကဆိုရင် ကြံစိုက်တောင်သူတဦးဟာ မျိုးစေ့ဖိုး၊ စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းခ မပါသေးဘူး။ မန္တလေးက ပွဲရုံကို သကြားတပိဿာ ရောက်ရင် အိတ်ထဲက ငွေ ၂ဝ စိုက်ရတယ်။ အဲဒီတော့ မီးခြစ်တလုံးနဲ့ မီးရှို့ပစ်တာကမှ သူတို့အတွက် ပိုအဆင်ပြေဦးမယ်” ဟု သူက ပြောသည်။

သူက ဆက်ပြီး “ကြံတဧက ခုတ်ခ ၅ သိန်းထဲမှာ တောင်သူက ၂ သိန်းခွဲ စိုက်ပေးမယ်။ ကြံဝယ်မယ့်လူက ၂ သိန်းခွဲစိုက်။ ကြံဖိုးကို မပေးနဲ့။ အလကား ယူသွားပါဆိုပြီး ပေးပစ်တာမျိုးတောင် ရှိတယ်။ အဲဒီကတည်းက တောင်သူတွေက ကြံစိုက်ဖို့ တော်တော်ကို စိတ်နာသွားကြတာ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်း၊ မန္တလေး၊ တောင်ကြီး၊ ဗန်းမော်၊ ကသာ၊ ထီးချိုင့် စသည့် မြန်မာပြည် အထက်ပိုင်းဒေသများတွင် အဓိက စိုက်ပျိုးကြသည်။

ယခုကဲ့သို့ သကြားဈေးနှုန်း မြင့်တက်နေသော်လည်း အရောင်းအဝယ် မကောင်းကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များမှ သကြားကုန်သည်များက ပြောသည်။

“လောလောဆယ်တော့ ဘာမှရောင်းမကောင်းဘူး။ သကြားဈေး ၁၄ဝဝ ကျော် သွားကတည်းက လာမေးတဲ့ လူပဲရှိပြီး ဝယ်တဲ့လူ မရှိဘူး” ဟု ပုသိမ်ကြီးမြို့နယ်ရှိ ဈေးချိုပလာဇာမှ သကြားပွဲရုံ ပိုင်ရှင်တဦးက ပြောသည်။

ပြည်တွင်းတွင် သကြားဈေးနှုန်း မြင့်တက်နေသဖြင့် ထိုင်းနိုင်ငံမှ ကြံနှစ်ပင်တံဆိပ် သကြား အမျိုးအစားများ မန္တလေးသို့ စတင်ဝင်ရောက်လာနေပြီး ဈေးနှုန်းမှာ မြန်မာ့သကြားနှင့် ဈေးနှုန်းတူ တပိဿာ ၁၅ဝဝ ကျပ်နှုန်းပင်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သကြားဈေးနှုန်းအပြင် ကြံပင်မှ အရည်ညှစ်ယူကာ အခဲပြုလုပ်ထားသည့် ပွက်ရည် (သကာရည်) ဈေးနှုန်းမှာ ယခုလ ပထမပတ်တွင် တပိဿာ ၇ဝဝ ကျပ် ရှိခဲ့ရာမှ ပြီးခဲ့သည့်အပတ်တွင် ၈၃ဝ ကျပ်သို့ မြင့်တက်လာခဲ့ပြီး ယနေ့တွင် ၉၅ဝ ကျပ် ပေါက်ဈေးရှိပြီး ထန်းလျက်မှာ တပိဿာ ၉၃ဝ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

ဒေါက်တာတူးဂျာကြောင့် KSPP ကို ပါတီထောင်ခွင့်မပြုဟု ဦးအောင်သောင်းပြော

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ဆက်စပ်လျှက်ရှိသဖြင့် သူဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို ပါတီထောင်ခွင့် ပြုမည်မဟုတ်ကြောင်း အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ကချင်ခေါင်းဆောင်များကို ယမန်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် ကချင်အတိုင်ပင်ခံ အဖွဲ့နှင့် မြစ်ကြီးနားတွင် တွေ့ဆုံပြောကြားရာတွင် ဒေါက်တာတူးဂျာသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) မှ ပြဌာန်းထားချက်များနှင့် ငြိစွန်းနေသဖြင့် ပါတီထောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု ပြောကြားသွားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကချင် ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

ဦးအောင်သောင်းက စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ရယူထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို သောင်းကျန်းသူ အဖွဲ့ဟု ပြောဆိုလိုက်ခြင်းမှာ ထင်ရှားနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) ၌ “နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်ကျန်းသူ အဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေ တရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲအစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင်” မဟုတ်သူများသာ ပါတီထောင်ခွင့် ရှိသည်ဟု ပါရှိသည်။

“ဒေါက်တာတူးဂျာက KIO ဗဟိုကော်မတီဝင် ဒုဥက္ကဌကို နှစ်ပေါင်း ၃၀ ကျော် လုပ်ခဲ့တဲ့လူက ထွက်တယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ ဥပဒေနဲ့ ငြိစွန်းနေတယ်။ တကယ်လို့ သူ့ကို ပေးလိုက်ရင် ကျန်တဲ့လူတွေလည်း အကုန်တောင်းဆိုလာရင် ပေးရမယ်” ဟု ဦးအောင်သောင်းက ပြောကြားသွားခဲ့သည်ဟု အမည်မဖော်လိုသူ ကချင်ခေါင်းဆောင်က ပြန်ပြောသည်။

သို့သော်လည်း ဒေါက်တာ တူးဂျာအနေဖြင့် KSPP လက်ရှိ ဥက္ကဌနေရာအစား နာယကအဖြစ် ပြောင်းလဲ တာဝန်ယူလျှင်မူ ပါတီထောင်ခွင့် ပြုမည်ဟုလည်း ပြောကြောင်းသိရသည်။

သဘောထား တင်းမာသူဟု ကျော်ကြားသော ဦးအောင်သောင်းသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်စိတ်ချသော သူတဦးအဖြစ်လည်း ထင်ရှားသည်။

ဝန်ကြီးနှစ်ဦးသည် ကချင်အတိုင်ပင်ခံအဖွဲ့ ဥက္ကဌ မြစ်ကြီးနား ဆရာအတတ်သင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခေါန်လွမ်း၊ အတွင်းရေးမှူး ဘာသာရေး ခေါင်းဆောင် ဦးဆင်ဝါးတို့ အပါအဝင် ဗဟိုကော်မတီဝင် စုစုပေါင်း ၇ ဦးနှင့် မြစ်ကြီးနားမြို့ရှိ ကြံ့ဖွံ့ရုံးတွင် ယမန်နေ့ ၁ဝ နာရီ မှစ၍ နာရီဝက်ခန့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကချင်အတိုင်ပင်ခံအဖွဲ့ကို ၂ဝဝ၂ ခုနှစ် အောက်တိုဘလတွင် စတင်တည်ထောင်ခဲ့ပြီး ကချင်လူမျိုးများအကြား ပြဿနာများကို ညှိနှိုင်းဆွေးနွေးရေးအတွက် ရည်ရွယ်သည်။ အင်အားအများဆုံး ကချင်အဖွဲ့ဖြစ်သည့် KIO အဖွဲ့ဝင်များ၊ ကချင်စီးပွားရေး လုပ်ငန်းရှင်များနှင့် ကချင်ခရစ်ယာန်ဂိုဏ်း ပေါင်းစုံတို့မှပါဝင်ပြီး ယခုအချိန်တွင် အဖွဲ့ဝင် ၃ဝ ဦးခန့် ရှိသည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။

သွားဆရာဝန် ဒေါက်တာတူးဂျာ အပါအဝင် KIO ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦးတို့သည် ယခင်နှစ် စက်တင်ဘာလ ၂ ရက်နေ့က KIO မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် လအနည်း ငယ်အကြာတွင် ယခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရန် KSPP ကို ဒေါက်တာတူးဂျာက ဥက္ကဌအဖြစ် တာဝန်ယူ တည်ထောင်ခဲ့သည်။

ဧပြီ ၅ ရက်နေ့ကတည်းက KSPP ကို နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုရန် ရွေးကောက်ပွဲကော် မရှင်၌ လျှောက်ထားခဲ့သော်လည်း ကော်မရှင်က ယခုအချိန်အထိ ခွင့်ပြု၊ မပြုကို ထုတ်ပြန်ခြင်း မရှိသေးပါ။

ဒေါက်တာတူးဂျာကို မဇ္ဈိမက ဆက်သွယ်သော်လည်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားနေသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

KIO အရာရှိတဦးကမူ ဝန်ကြီး၏ပြောကြားချက်အပေါ် စစ်အစိုးရအနေဖြင့် “ပြောချင်သလို ပြောနေတာပဲ” ဟု တုံ့ပြန်လိုက်သည်။

စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့်အတူ ကချင်အတိုင်ပင်ခံအဖွဲ့နှင့် မတွေ့ဆုံမီ KIO ကိုယ်စားလှယ်များနှင့် လက်နက်ကိုင်တပ်များ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်ဟု KIO သတင်းရပ်ကွက်တခုက ပြောသည်။

အဆိုပါ သတင်းရပ်ကွက်က ဆွေးနွေးမှု အသေးစိတ်ကိုပြောပြရန် ငြင်းဆိုပြီး စစ်အစိုးရဘက်က ယခုနှစ် ရွေးကောက်ပွဲအမှီပြောင်းရန် ပြောဆိုသည်ကို KIO ဘက်က “ကိုယ့်နည်း ကိုယ့်ဟန်” ဖြင့် အသွင်ပြောင်းရန် ဆောင်ရွက်နေကြောင်းသာ ပြန်တုန့်ပြန်ခဲ့သည်ဟု သိရသည်။

KIO က အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင်လူထုထံမှ သဘောများကို ကောက်ယူနေဆဲဖြစ်ပြီး ယခုနှစ် သြဂုတ်လအတွင်း တရားဝင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်ဟု KIO အဆင့်မြင့်အရာရှိ တဦးက ပြောသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ဒေါက်တာ တူးဂျာ ကိုယ်တိုင်ပင် ၁၄ နှစ်ကြာ အခြေခံဥပဒေ မူကြမ်းရေးဆွဲရာတွင် ကချင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်ခဲ့သည်။

မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

သွေးလွန်တုတ်ကွေး အန္တရာယ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတဝှမ်း အသံတိတ် ကူးစက်နေသော သွေးလွန်တုတ်ကွေးရောဂါက ပြည်သူအများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျှက်ရှိသည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များနေသည်။ မဇ္ဈိမသတင်းဌာနမှ ကျော်ခက သက်ဆိုင်ရာ ဒေသများသို့ ဆက်သွယ်မေးမြန်းပြီး အခြေအနေများကို တင်ပြပေးသွားမှာဖြစ်သည်။

ဧရာဝတီတိုင်း

ဧရာဝတီတိုင်းအတွင်း၌ ယခုနှစ်ဆန်းမှ နှစ်ဝက်ထိ သွေးလွန်တုတ်ကွေး ကူးစက်သူဦးရေ ၁၂၂၁ ဦးရှိခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်ဆေးရုံကြီး နှင့် လူမှုဖူလုံရေး ဆေးခန်းတို့မှ စုံစမ်းသိရသည်။

အသက် ၂ဝ အောက် ကလေးများကို အများဆုံး ကူးစက်ခဲ့ပြီး ယခင်လ အစောပိုင်းမှစ၍ ကူးစက်သူဦးရေ သိသိသာသာ တိုးပွားလာကြောင်း ဆရာဝန်များက ပြောသည်။

ပုသိမ်မြို့အပါအဝင် ယင်းမြို့နယ်အတွင်းမှ ကျေးရွာများ၌လည်း ရောဂါပျံ့ပွားနေပြီး ပုသိမ်ဆေးရုံကြီး တခုတည်းတွင် ကုသခံခဲ့သူ ဇန်နဝါရီလပိုင်းမှ ယခုလ ၃ ရက်နေ့အထိ စုစုပေါင်း ၅၆၁ ဦးရှိပြီး ယင်းမှ အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေး ၉ ဦး သေဆုံးခဲ့ရကြောင်း ဧရာဝတီတိုင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်း၌ မြို့နယ် ၂၇ မြို့နယ်တွင် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေပြီး ပုသိမ်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဖျာပုံမြို့နယ်များ အောက်ရှိ ကျေးရွာများမှာ အများဆုံး ဖြစ်နေသည်ဟု သိရသည်။ ပုသိမ်မြို့နယ်အတွင်းမှ ရွာများတွင် အဆိုးဆုံးဟုလည်း ဆိုသည်။

“သေချာ စစ်တမ်းပြုကြည့်တဲ့ အခါကြတော့ မြို့ပေါ်နေ ရပ်ကွက်တွေက အဖြစ်နည်းတာကို တွေ့ရတယ်။ အခု ဒီမှာ ရောဂါဖြစ်တဲ့ လူစာရင်းအများဆုံး တက်တာနဲ့ အဆိုးဆုံးဖြစ်နေတာက ပုသိမ်မြို့နယ်ထဲက ရွာတွေမှာ ဖြစ်နေတာ” ဟု တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မော်လမြိုင်ကျွန်းမြို့ပေါ်မှ ရောဂါဖြစ်ပွားသည့် ရပ်ကွက်များ၌ ခြင်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်နေသော်လည်း ရောဂါမဖြစ်သေးသည့် ရပ်ကွက်များတွင်မူ ကြိုတင်ကာကွယ်ရေး အစီအစဉ်များ မလုပ်ပေးနိုင်သေးကြောင်း ယင်းမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မော်လမြိုင်ကျွန်းမြို့ လူမှုဖူလုံရေး ဆေးခန်းမှ ဆရာဝန်တဦးက “အများဆုံး ဖြစ်ကြတာက ကိုယ်အပူတွေ ကြီးတယ်။ အရိုးအဆစ်တွေ ကိုက်တယ်။ ရောင်တယ်။ တချို့ဆေးတိုက်ရုံနဲ့ ၃ ရက်လောက်ဆို ပျောက်တယ်။ လိုအပ်ရင် ဆေးထိုးပေးတယ်။ အခမဲ့ပါ” ဟု မဇ္ဈိမကို ပြောသည်။

နှစ်စဉ် သွေးလွန်တုတ်ကွေး အဖြစ်များသည့် ရာသီဖြစ်သဖြင့် ကျန်းမာရေးဌာနများက ပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ပြုလုပ်ပေးရန်၊ ခြင်များကို နိုင်နိုင်နင်းနင်း ဆေးဖျန်းရန် လိုအပ်နေပြီး ပြည်သူများ အနေဖြင့်လည်း ရေတွင်း၊ ရေကန်ပျက်၊ ချောင်းစပ်၊ မြောင်းစပ်များရှိ ပိုးလောက်လန်းများကို ရှင်းလင်းရန်၊ အိမ်နှင့် ခြံဝန်းအတွင်း ခြင်များ မခိုအောင်းနိုင်စေရန် သန့်ရှင်းရေး ပြုလုပ်သင့်ကြောင်း သူက အကြံပေး ပြောကြားသည်။

မွန်ပြည်နယ်

မွန်ပြည်နယ်အတွင်း မြို့နယ်ရုံးစိုက်သည့် မြို့များအပါအဝင် မြို့နယ် ၁ဝ ခုတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၃ ရက်နေ့အထိ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ၁၂၃၆ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။

မော်လမြိုင်မြို့နယ်အတွင်း ကျေးရွာများမှ ၂၂၂ ဦးဖြင့် အများဆုံးဖြစ်ပွားပြီး သေဆုံးသူ မရှိပေ။ သံဖြူဇရပ်အတွင်း ၂၁၁ ဦး ဖြစ်ပွားရာမှ ၁ ဦးသေ။ မုဒုံ ၁၇၉ ဦး။ ပေါင် ၁၄၅ ဦး။ ချောင်းစုံ ၁၂၄ ဦးမှ ၁ ဦးသေ။ သထုံ ၉၉ ဦးမှ ၄ ဦးသေ။ ဘီးလင်း ၉၃ ဦးမှ ၃ ဦးသေ။ ကျိုက်မရော ၉၁ ဦးဖြစ်ပွား။ ရေး ၆၆ ဦးမှ ၁ ဦးသေ။ ကျိုက်ထို ၆ ဦးမှ ၁ ဦးသေ တို့ အသီးသီးဖြစ်သည်။

သေဆုံးသူများထဲတွင် ကလေးအများဆုံးဖြစ်ပြီး ၄ နှစ်မှ ၁၂ နှစ်ကြား ဖြစ်ကြကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြသည်။

သေဆုံးသူ အများဆုံးဖြစ်ခဲ့သည့် သထုံမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ ဝန်ထမ်းတဦးက “ကျနော်တို့ဆီမှာတော့ ဧပြီလလောက်မှ ဒီရောဂါ လာကုကြတာကို တွေ့ရတယ်။ ဒီမြို့ပေါ်ကတော့ နည်းတယ်။ နယ်ဘက်က တက်ပြီး လာကုကြတာ များပါတယ်။ သေတဲ့ကလေးတွေကလည်း နယ်တွေကပဲ” ဟု မဇ္ဈိမကို ပြောသည်။

“ပထမတော့ ရိုးရိုးဖျားကြတာပဲ။ ၃ ရက်လောက်နေမှ သွေးလွန်တုတ်ကွေး လက္ခဏာတွေ ပြလာပြီးတော့ အဆစ်အမြစ်တွေ ကိုက်လာတာတွေ ဖြစ်တာပေါ့နော်။ ဒီလနဲ့ နောက်လမှ ပိုများလာဖို့ရှိတယ်” ဟု ယင်းဆေးရုံ ကူးစက်ရောဂါဌာနမှ ဆရာဝန်တဦးက ပြောသည်။

ကျေးရွာများအပါအဝင် သထုံမြို့ နန်းခဲ၊ အောက်ကျင်း၊ လိပ်အင်း၊ သိမ်ကုန်း၊ ဘင်လှိုင် ရပ်ကွက်များ၌ ခြင်ဆေးဖျန်းခြင်း၊ မြက်တောများကို ရှင်းလင်းခြင်းနှင့် ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးနေသည်ဟု သထုံမြို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဆိုသော်လည်း မြို့ခံများကမူ ထိထိရောက်ရောက် လုပ်ပေးခြင်း မရှိဟု ပြောနေကြသည်။

“ခြုံပုတ်တွေ မြက်တွေ လာရှင်းဖို့ဆိုတာ ဝေလာဝေး။ ပညာပေး ဟောပြောတာတို့ ဘာတို့တောင် လေကုန်ခံပြီး ပြောတာမဟုတ်ဘူး။ ဟိုတနေ့ကတော့ စက်တလုံးနဲ့ ခြင်ဆေးလာဖျန်းတယ်။ အဲဒါလဲ အပြသဘောလောက်ပဲ။ ခနလေးပဲ။ ခြင်တွေကို စိတ်တိုအောင် လာဆွပေးသလိုပဲ။ နောက် လာမဖျန်းတော့ဘူး။ အဲဒါတောင် သူတို့ ဓါတ်ပုံရိုက်ပြီး သတင်းစာထဲ ထည့်ဖို့နေမှာ” ဟု နန်းခဲရပ်နေသူတဦးက မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ် တောင်စွန်းမြို့ တိုက်နယ်ဆေးရုံတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုတ်ကွေး ကူးစက်ရောဂါ ဖြစ်သူများရှိသည်ဟု သထုံ ပြည်သူ့ဆေးရုံကြီးမှတဆင့် သိရသော်လည်း မဇ္ဈိမက ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပါ။

ပဲခူးတိုင်း

ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် မတ်လမှစ၍ ယခုလအထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၁၈၈ ဦးရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ပဲခူးမြို့နယ်တွင် အများဆုံးဖြစ်ပွားပြီး စုစုပေါင်း ၆၇ ဦး ဖြစ်သော်လည်း သေဆုံးသူမရှိပေ။ ညောင်လေးပင် ၄၅ ဦးမှ ၁ ဦးသေ။ ဒိုက်ဦး ၂၇ ဦးမှ ၁ ဦးသေ။ သနပ်ပင် ၁ဝ ဦး။ ဝေါ ၁ဝ ဦး။ ရွှေကျင် ၇ ဦး။ တောင်ငူ ၇ ဦး။ ကျောက်တံခါး ၄ ဦး။ ထန်းတပင် ၄ ဦး။ ကဝ ၄ ဦးနှင့် ကျောက်ကြီးမြို့နယ်တွင် ၃ ဦး အသီးသီး ဖြစ်သည်။

ယင်းကူးစက်ရောဂါသည် ပဲခူးတိုင်းအတွင်း၌ မတ်လမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လပိုင်းတွင်သာ သိသိသာသာ တိုးပွားလာခဲ့သည်ဟု ဆိုသည်။

တိုင်းကျန်းမာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက တိုင်းအတွင်းမှ မြို့နယ်များ အပါအဝင် ကျေးရွာများကို ခြင်ဆးဖြန်းခြင်း၊ ပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးနေပြီဟု တိုင်းကျန်းမာရေး ဦးစီးဌာနမှ ပြောသော်လည်း ဒေသခံ ပြည်သူအချို့ကမူ မဟုတ်မှန်ကြောင်း ပြောသည်။

တောင်ငူမြို့ မင်းညိုရပ်ကွက်နေ အထက်တန်းပြ ကျောင်းဆရာမတဦးက “ကျမတို့ ဒီရပ်ကွက်မှာ နေလာတာ ၁ဝ နှစ် ကျော်တောင်ရှိပြီ။ တုတ်ကွေး ရာသီပဲဖြစ်ဖြစ်၊ ငှက်ဖျား ရာသီပဲဖြစ်ဖြစ် ကျန်းမာရေး အဖွဲ့တွေ ဘာတွေကလာပြီး ပညာပေး ဟောပြောတာတို့၊ ဆေးဖျန်းတာတို့ တကြိမ်မှ လာလုပ်ပေးတာမျိုး မရှိသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်း ကျန်းမာရေးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနများ၏ သွေးလွန်တုတ်ကွေး ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်မှု အားနည်းနေသဖြင့် ရောဂါပိုမိုဆိုးသွားခဲ့ကြောင်း ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တဦးကလည်း ပြောသည်။

ယခုမိုးတွင်းကာလသို့ ရောက်နေပြီ ဖြစ်သည့်အတွက် စိုစွတ်သည့် နေရာများတွင် ခြင်များ ပေါက်ဖွားတတ်သောကြောင့် ခြင်ခိုအောင်းနိုင်တဲ့နေရာများဖြစ်သည့် ရေအိုး၊ ရေကန်များကို လုံခြုံစွာ ဖုံးအုပ်ထားရန် လိုအပ်ပြီး အိမ်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းသပ်ရပ်စေရန် အထူးလိုအပ်ကြောင်း ပဲခူးတိုင်းအဆင့် ဆရာဝန်တဦးက ပြောသည်။

“ဒီရောဂါတွေဟာ ဒီရာသီတွေမှာ ဖြစ်တတ်တယ်ဆိုတာ ဒီရောဂါဖြစ်တတ်တဲ့ နေရာဒေသတွေမှာရှိတဲ့ အစိုးရ ကျန်းမာရေးဌာနတွေက သိပါတယ်။ ဒါတွေကို ဒီထက်ပိုမဆိုးလာအောင် သူတို့အနေနဲ့ နိုင်နိုင်နင်းနင်း လုပ်ပေးမယ်ဆိုရင် တုတ်ကွေးဖြစ်မှုနှုန်း လျော့ကျသွားမှာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ ဒီထက် အနည်းဆုံး ၂ ဆ တက်လာမယ့် လက္ခဏာရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလုပ်အမှုဆောင်သစ်ဖွဲ့ပြီး

မွန်နိုင်ငံရေးပါတီသစ်တစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ဇူလိုင်လ(၁၁)ရက်နေ့ မော်လမြိုင်မြို့မြိုင်သာယာရပ်ကွက်အတွင်းရှိ ပါတီဌာနချုပ်ရုံးသစ်တွင် အစည်းအဝေးကျင်းပခဲ့ပြီး ဗဟိုအလုပ် အမှုဆောင်သစ်များကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ပါတီ၏ဥက္ကဌဖြစ်သူနိုင်ငွေသိမ်းခေါ် နိုင်ဂျနူမွန်မှပြောပါသည်။

ပါတီဥက္ကဌအဖြစ်နိုင်ငွေသိမ်းကိုရွေးချယ်ခဲ့ပြီး ယခင်ဒုတိယခေါင်းဆောင်ဖြစ်သည့် ဒေါက်တာမင်းလှအောင်ကို ဒုဥက္ကဌ(၁)အဖြစ်၎င်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မီတီဥက္ကဌဟောင်း နိုင်သိုက်ကိုဒုဥက္ကဌ(၂)အဖြစ်၎င်း၊ အငြိမ်း စားပြည်နယ်ကျန်းမာရေးမှူးဒေါက်တာမင်းနွယ်စိုးကို အထွေထွေအတွင်းရေးမှူးအဖြစ်၎င်း၊ နိုင်စံတင်ကို တွဲဘက် အတွင်းရေးမှူး(၁)အဖြစ်၎င်း၊ မွန်ပြည်သစ်ပါတီမှအနားယူထားသော ဗဟိုကော်မီတီဝင်ဟောင်းနိုင်ခင်အောင်ကို တွဲဘက်အတွင်းရေးမှူး(၂)အဖြစ်၎င်းရွေးချယ်တင်မြှောက်ခဲ့သည်ဟုဆိုပါသည်။

ကျန်ရှိနေသောပါတီအလုပ်အမှု ဆောင်များကို နောင်အစည်းအဝေးတွင် တာဝန်ဆက်လက်ပေးသွားမည်ဖြစ်ပြီး လောလောဆယ်ဆယ် အခြေအနေအရ ဇူလိုင်(၁၅)ရက်နေ့အမီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပါတီအလုပ်မှုဆောင် စာရင်းပေးပို့ထားလိုက်ပြီးဟု ပါတီဥက္ကဌဖြစ်သူ နိုင်ငွေသိန်းမှ ပြောပါသည်။

မွန်ပြည်နယ်ဘက်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးခရီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနှင့် တစညပါတီတို့သာ ပြောင်ပြောင်တင်းတင်းစည်းရုံးခွင့်ရနေသည်ဟု ဝါရင့်နိုင်ငံရေးသမားဟောင်း တစ်ဥိးကပြောပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေနှင့် မဲဆွယ်စည်းရုံးရေးခရီးဆင်းသည့် နေရာ၌ ရွေးကောက်ပွဲကော်မရှင်၏ ကန့်သတ်ချက် များပြားနေသည့်အပေါ် ပါတီရဲ့ဥက္ကဌဖြစ်သူ နိုင်ငွေသိမ်းကအခုလို ပြောပါသည်။

“အခက်အခဲတော့ရှိတာပေါ့။ စည်းရုံးရေးဆင်း ပြည်သူတွေနဲ့တွေ့မယ်ဆိုရင်ကျွန်တော်တို့ကတော့ ကြိုတင်ပြီး တော့(၇)ရက်ခွင့်တောင်းရတယ်။ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲကိုစာတင်ရတယ်။ မြို့နယ်ကော်မရှင်ကလဲဘဲ (၄၈)နာရီကြိုတင်ပြီးတော့ သူတို့ကအကြောင်းကြားပေးတယ်။
အဲတာနဲ့ ကျွန်တော်တို့ကစည်းရုံးရေးဆင်းနေရတဲ့ အနေအထားမှာရှိပါတယ်။ သင့်တော်တဲ့အိမ်တွေမှာဘဲလုပ်နေရတယ်။ သတ်မှတ်ချက်နဲ့အညီဖြစ်ဖို့ အရေးကြီး တာပေါ့။ အမိန့်မလိုက်နာနိုင်ဘူးဆိုရင် ပါတီ ဖျက်ထုတ်ခံရမှာကိုး။”

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပါတီအသစ်ဖြစ်နေခြင်းကြောင့် တခြားနိုင်ငံရေးပါတီများ နည်းတူ ရန်ပုံငွေအခက်အခဲများနှင့်ရင်ဆိုင်နေရသလို ပါတီဝင်များစုစည်းထည့်ဝင်ငွေနှင့် လှုပ်ရှားနေရသည်ဟု နိုင်ငွေသိန်းမှပြောပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို (၂ဝ၁ဝ)ခုနှစ်ဧပြီ(၇)ရက်နေ့တွင် ကော်မီတီဝင် (၁၅)ဦးနှင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလ(၂၄)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့် အမှတ်(၅၁)နဲ့ ခွင့်ပြုချက်ကျထားသော မွန်နိုင်ငံရေးပါတီဖြစ်သည်။

ကောင်းဝါသတင်းထောက် ဆူးပန်း ရေးသားသည်။

ဘုရားသုံးဆူမြို့ ဆွိုင်းစားသောက်ဆိုင်ပိုင်ရှင်အသတ်ခံရ

မင်းချမ်း(ဇူလိုင်-၁၃)။ ။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ ဆွိုင်းစားသောက်ဆိုင်ပိုင်ရှင် စောသန်းအောင် ရက်စက်စွာအသတ်ခံထားသည့် ရုပ်အလောင်းအား မြို့လယ်ဥဒေါင်းကန်နံဘေးတွင် ယနေ့နံနက်ပိုင်း၌ တွေ့ရှိခဲ့ရသည်။

“ညဆယ်နာရီလောက်မှာ ဖုန်းနဲ့စကားပြောပြီး ဆိုင်ကနေပြီးအပြင်ထွက်သွားတာ ဒီမနက်ကျတော့မှ အခုလို အသတ်ခံရတာကို သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောပါသည်။

အဆိုပါသေဆုံးသူ၏ ဒူးခေါင်း၊ ခြေထောက်နှင့် ပါးစပ်၊ လည်ပင်းတို့တွင်ကြိုးများဖြင့် ချည်နှောင်ထားပြီး တုတ်ဖြင့်အသေရိုက်သတ်ခဲ့ဟန် ဖြစ်ပုံရကြောင်း ဘုရားသုံးဆူမြို့မှ အမည်မဖေါ်လိုသောရဲတစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

ယခုအသတ်ခံခဲ့ရသော အသက်(၃၈) နှစ်ခန့်ရှိ စောသန်းအောင်မှာ ဗိုလ်ချုပ်ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KNU/KNlA-PC မှ တပ်စုမှူးတစ်ဦး သိရသည်။

ထို့အပြင် စောသန်းအောင်မှာ ဘုရားသုံးဆူမြို့ပေါ်၌ နာမည်ကြီးသော ဆွိုင်းစားတော်ဆက်၏ ပိုင်ရှင်လည်းဖြစ်သည်။
ဆွိုင်းစားတော်ဆက်မှာ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာစသည့်လုပ်ငန်းများဖြင့်နာမည်ကြီးနေကြောင်း မြို့ခံများပြောကြားချက်အရ သိရသည်။

ဘုရားသုံးဆူမြို့ရှိ ရဲတစ်ဦး၏ ပြောဆိုချက်တွင် “ပြီးခဲ့တဲ့ ၉ ရက်နေ့က ထိုင်းတွေဖမ်းမိသွားတဲ့ ရာဘဆေးပြားကိစ္စနဲ့ဆက်နွယ်မှုတွေ ရှိနိုင်တယ်” ဟု သုံးသပ်ပြသည်။

လွန်ခဲ့သောဇူလိုင်လ ၉ ရက်နေ့တွင် စံခလပူရီမြို့အထွက် တံတားဖြူစုပေါင်းစစ်ဆေးရေးဂိတ်တွင် ဘုရားသုံးဆူမြို့နေ ထိုင်းမှတ်ပုံတင်အတုကိုင်ဆောင်ထားသူ နိုင်မစ်ဆိုသူအား ရာဘစိတ်ကြွဆေးပြား တစ်သောင်းကျော်သယ်ဆောင်လာစဉ် ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးရမိသည်ဟု လွတ်လပ်သောမွန်သတင်းဌာနမှ ရေးသားဖေါ်ပြခဲ့သည်။

ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံသို့တင်သွင်းသော ရာဘမူးယစ်ဆေးပြားများကို ထိုင်းအာဏာပိုင်တို့ မကြာခဏဖမ်းဆီးရမိခဲ့သော်လည်း အဆိုပါဒေသ၌ မြန်မာအာဏာပိုင်များဖမ်းဆီးမိသည့်သတင်း မကြားသိရသေးပေ။

မြန်မာပြည်မှ မူးယစ်ဆးဝါးများ နယ်စပ်အရောက်သယ်ဆောင်နိုင်မည့်သူများမှာ မြန်မာစစ်အစိုးရနှင့်နီးစပ်သော လက်နက်ကိုင်အဖွဲ့အစည်းများသာဖြစ်နိုင်ကြောင်း မူးယစ်ဆေးစောင့်ကြည့်လေ့လာသူများ ယူဆနေသည်။

ကောင်းဝါသတင်းထောက် မင်းချမ်း ရေးသားသည်။

ဂက်စ်အရောင်းဆိုင် မီးလောင်၊ တဦး ဒဏ်ရာရ

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း သုဝဏ္ဏမြို့သစ်ရှိ အစိုးရ ဂက်စ်အရောင်းဆိုင်တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားရာ ဆိုင်ဝန်ထမ်းတဦး ပြင်းထန်စွာ မီးလောင်ဒဏ်ရာ ရရှိသွားကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာန အဆိုအရ သိရသည်။

သုဝဏ္ဏမြို့နယ် ၂၉ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် အစိုးရ ဂက်စ် အရောင်းဆိုင် အမှတ် ဝ၂၈ ၌ နံနက် ၁၁ နာရီခန့်တွင် ဝရိန်ဆော်နေသည့်မီးမှ ဂက်စ်ပိုက်သို့ မီးကူးစက်ရာ အသက် ၃ဝ နှစ်အရွယ် ဆိုင်ဝန်ထမ်း ကိုဖိုးဇော်၏ ရင်ဘတ်တွင် မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်။

’’မီးပွားစင်တဲ့အခါ အရင်ဆုံး မီးဟတ်ခံရတာကတော့ ပိုက်လိုင်းကို ဝရိန်ဆော်နေတဲ့ MOGE ဝန်ထမ်း ဒုတိယ စက်မှုလုပ်သား ဖိုးဇော်က အနီးဆုံးဖြစ်တဲ့အတွက် အဲဒီလူကို မီးဟတ်တာ။ ဗိုက်ကနေ ရင်ဘတ်ထိ မီးထိပြီးတော့ အရေပြားတွေ လန်သွားတယ်။ ဒဏ်ရာက ပြင်းထန်တယ်။ အခု ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်’’ ဟု သုဝဏ္ဏမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ဂက်စ်ပိုက်လိုင်းအသစ် တည်ဆောက်နေစဉ် ဝရိန်ဆော်နေသည့် မီးပွားများ လွင့်စင်ရာမှ ယာဉ်များကို ဂက်စ်ဖြည့်သည့် ပိုက်လိုင်းအဟောင်း၏ ဘား အနည်းငယ် ပွင့်နေရာသို့ မီးပွားကူးစက်ကာ မီးလောင်ခဲ့ကြောင်းနှင့် မိနစ် ၃ဝ ခန့်အကြာ အခင်းဖြစ်ပွားမှုတွင် မီးသတ်ကား ၁၉ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

ယင်းဆိုင်ကို တာဝန်ယူနေသော MOGE မှ ၂၉ နှစ်အရွယ် ဦးနေလင်းထွန်းကိုမူ ပေါ့ဆမှု၊ ထိခိုက်ဒဏ်ရာ ရရှိစေသော အမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပြောသည်။

မီးလောင်မှုကြောင့် ဂက်စ်ဖြည့်သော ပိုက်များ ထားရှိသည့် သွပ်မိုး၊ တိုင်ထောင် ကွန်ကရစ်ခင်း အဆောက်အအုံတလုံး လောင်ကျွမ်းသွားကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ မီးသတ်ရဲဘော်က ’’မီး စပြီးတော့ လောင်တယ်ဆိုတာနဲ့ ဂက်စ်မိန်းဘားကြီးကို သွားပိတ်နိုင်ခဲ့လို့ မီးလောင်မှု အခြေအနေက မဆိုးတာ။ မဟုတ်ရင်တော့ မလွယ်နိုင်ဘူး’’ ဟု ပြောသည်။

လိုင်စင်မရှိ ဆိုင်ကယ်များအပြင် လိုင်စင်ရှိပြီးသားများပါ စစ်ဆေးခံရ

တရားမ၀င် လိုင်စင်မဲ့ ဆိုင်ကယ်များကို လွန်ခဲ့သည့်အပတ် ဇူလိုင်လ ၁ရက်နေ့က စတင်ဖမ်းဆီးမည်ဟု တစ်နိုင်ငံလုံး ကြေ ညာထားခဲ့ပြီးနောက် လိုင်စင်ရှိပြီးသား မော်တော်ဆိုင်ကယ်များကိုလည်း ဖမ်းဆီးကာ ဒဏ်ငွေဆောင်ခိုင်းခြင်းများရှိသည်ဟု ကော့ကရိတ်မြို့တွင်း ဆိုင်ကယ်တက္ကစီသမားများက ပြောဆိုနေကြသည်။
ယခုနှစ် ဇန်န၀ါရီလမှစ၍ ဇွန်လဆန်းပိုင်းအထိ လိုင်စင်မရှိသည့် ဆိုင်ကယ်များအပြင် လိုင်စင်ရှိပြီးသား ဆိုင်ကယ်များကို လည်း စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေဆောင်ခိုင်းခြင်းဖြစ်ကြောင်း ဆိုင်ကယ် တက္ကစီသမားတစ်ဦးက ပြောသည်။

“ကျနော်တို့ဆိုင်ကယ်တွေ အပြင်ထွက်ရင် မှန်၊ ဒူးကာ၊ အချက်ပြမီးတွေ လိုက်ကြည့်တာတောင်မက လေထိုးတာ တင်းသ လား၊ ပျော့သလားအထိ စစ်ဆေးတယ်။ အဲလိုစစ်ဆေးလို့ တစ်ခုခု ချွတ်ယွင်းတာတွေ့ရင် ကျပ်ငွေ ၂,၀၀၀ကနေ ၇,၀၀၀ အထိ ဒဏ်ရိုက်တယ်လေ။”ဟု ကော့ကရိတ်မြို့ခံ ဆိုင်ကယ်တက္ကစီမောင်းသမားတစ်ဦးက ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့အစည်းများက ဖမ်းဆီးခြင်း၊ အဆမတန် ဒဏ်ငွေရိုက်ခြင်း ခံရသည့် ဆိုင်ကယ် အများအပြား ရှိရာ လိုင်စင်မရှိသည့် ဆိုင်ကယ်များကို ၀ှက်ထားရကြောင်း ဒေသများ၏ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့မှ အစိုးရ၀န်ထမ်းတစ်ဦး၏ အဆိုအရ “ဒီတစ်ခေါက် ဆိုင်ကယ်လိုင်စင်ဖမ်းတာ အဖွဲ့ပေါင်းစုံပဲ။ နတလ၊ စည်ပင်၊ ဆည်မြောင်း စတဲ့အဖွဲ့တွေပါတယ်။ ဆိုင်ကယ်လိုင်စင်ကြေး များသွားတာကလည်း ဒေါ်လာဈေးနဲ့ကိုက်အောင် တွက်ထားတဲ့အတွက် ဈေးမြင့်သွားတာဖြစ်နိုင်တယ်။”ဟု သုံးသပ်ပြောဆိုခဲ့သည်။
ဆိုင်ကယ်လိုင်စင်လုပ်ရာတွင် လိုင်စင်ရှိပြီးသား ဆိုင်ကယ်များနှင့် လိုင်စင်မရှိသေးသည့် ဆိုင်ကယ်များကို မော်ဒယ်လ်အ လိုက် ကုန်ကျမှုခြင်း မတူညီကြောင်းကို ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးသည့် မြ၀တီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“၂၀၀၉ခုနှစ်တုန်းက ၂၀၀၇-၀၈ မော်ဒယ်လ်ဆိုရင် ၃သိန်းကျော် အခု သက်တမ်းပြန်တိုးတာက မော်ဒယ်အားလုံး ၄သောင်း ကျော်သက်သက်ပဲ။ လိုင်စင်မရှိတဲ့ ၂၀၀၈-၀၉ မော်ဒယ်လ်တွေက ကျပ် ၆သိန်းကနေ ၇သိန်းအထိ ပေးရတယ်”ဟု သူက ပြောသည်။

သို့သော် ယမန်နှစ်က ပြုလုပ်ပေးသည့် ဆိုင်ကယ်လိုင်စင်များမှာ ကရင်ပြည်နယ်အတွင်းသာ သွားလာခွင့်ရှိပြီး ယခုနှစ် လုပ်ပေးသည့် လိုင်စင်မှာမူ မြန်မာတစ်နိုင်ငံလုံးသို့ သွားလာနိုင်သော်လည်း ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက်မူ တစ်နိုင်ငံလုံးအထိ သွားလာရန် မလိုအပ်ကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုသည်။
ယခုလို ဆိုင်ကယ်လိုင်စင်လုပ်ရာတွင် ငွေကြေးတတ်နိုင်သူများအတွက် အဆင်ပြေမှုရှိသော်လည်း ငွေကြေးမတတ်နိုင်သူ များအတွက်မူ အခက်အခဲဖြစ်နေသဖြင့် ဤလဆန်းပိုင်းအတွင်း ကော့ကရိတ်မြို့တွင်းဖြစ်စေ၊ ကျေးရွာများသို့ဖြစ်စေ ဆိုင် ကယ်သွားလာမှုမှာ အလွန်နည်းပါးသွားသည်ဟု သိရသည်။

ကေအိုင်စီသတင်းထောက် စောကျော်အဲ ရေးသားသည်။

ထိုင်းရှပ်နီဝတ်များအား မိုင်းလားတပ်ဖွဲ့ စစ်သင်တန်းလျှို့ဝှက်ပေးသည့် သတင်းထွက်

ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နာဝပ် ထောက်ခံသူ ရှပ်နီဝတ်ဆန္ဒပြသမားများအား မိုင်းလားတပ်ဖွဲ့ ကစစ်သင်တန်း လျှို့ဝှက်ပေးနေသည်ဆိုသည့်သတင်းကြောင့် ထိုင်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့များအကြား ဂယက်ရိုက်စေခဲ့သည်ဟုစုံစမ်းသိရှိရ ပါသည်။

အမည်မဖေါ်လိုသည့် နယ်စပ်ထိုင်းလုံခြုံရေးအရာရှိတဦးက - “၀န်ကြီးချုပ်အဘီဆစ် ဖြုတ်ချရေး ဆန္ဒပြတဲ့ ရှပ်နီဝတ်တွေကို သျှမ်းပြည်အရှေ့ပိုင်း ဦးစိုင်းလင်းခေါင်းဆောင်တဲ့ မိုင်းလားတပ်ဖွဲ့က လျှို့ဝှက်စစ်သင် တန်းပေးနေတယ်ဆိုတဲ့သတင်း ဘယ်ကရလာလဲမသိဘူး။ အထက်ပိုင်းက ရုတ်တရက်ကြီး ကျနော်တို့ကို လာမေးတော့ ခေါင်းနဲနဲခဲသွားတာပေါ့” - ဟု ပြော၏။

ထိုသတင်းနှင့်ပတ်သက်၍ မိုင်းလားတပ်ဖွဲ့ထံ သျှမ်းသံတော်ဆင့်ဆက်သွယ်မေးမြန်းခဲ့ရာ မိုင်းလားတပ်ဖွဲ့ အရာရှိတစ်ဦးက ဤကဲ့သို့ပြောသည်။

“နအဖနဲ့ရှင်းနေရတဲ့နိုင်ငံရေးပြသနာတင် ကျနော်တို့အတွက်လက်တောင်မလည်ဘူး။ ပြဿနာမီးထွန်းမရှာ အားပါဘူး။ ရှင်းရှင်းပြောရရင်ထိုင်းဆန္ဒပြသမား/ ရှပ်နီတွေနဲ့ကျနော်တို့တပ်ဖွဲ့ ဘာမှမပါတ်သက်ရပါဘူး”

ထိုင်းနယ်စပ်လုံခြုံရေးအရာရှိတဦးကလည်း နယ်စပ်တလွှားအလုပ်လုပ်ရသည့် အတွေ့အကြုံများအရ ယခု ပြောဆိုမှုအပေါ် လုံးဝမဖြစ်နိုင်ကြောင်း၊ လက်တွေ့ စုံစမ်းထောက်လှမ်းချက်အရလဲ ရှပ်နီနှင့်မိုင်းလားတပ်ဖွဲ့ တို့ ပါတ်သက်ခြင်းမရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောပြပါသည်။

နယ်စပ်ဖြတ်သန်းသွားလာရောင်းဝယ်နေသူတစ်ဦးကလည်း - “စစ်ရေးလေ့ကျင့်ဖို့ အနည်းဆုံး အချိန်တစ်လလောက်ယူ ရတယ်။ မယ်ဆိုင် - တာချီလိတ်ဂိတ်က နယ်စပ်ဖြတ်သန်းခွင့် (၇) ရက်ဘဲရတာ။ တာ့ပင်း - နမ့်လွေနယ်စပ်ဂိတ်မှာလဲ နအဖဘက်က စစ်ဆေးရေးအရမ်းတင်းကြပ်တယ်။ ဒီတော့စစ်ရေးလေ့ကျင့်ပေး တယ်ဆိုတာမဖြစ်နိုင်ဘူး” - ဟု ပြောပါသည်။

ပြည်ပရောက် မြန်မာများ အွန်လိုင်းမှ တစ်ဆင့် မြန်မာထီ ထိုးနိုင်ပြီ

ရွှေမြန်မာ ပင်ရင်း ထီဆိုင် အုပ်စုမှ လွှင့်တင် ထားသော ရွှေမြန်မာ ထီဝက်ဘ်ဆိုက် (www. shwemyanmarlottery .com) မှ တစ်ဆင့် ပြည်ပရောက် မြန်မာများ အနေဖြင့် ထီထိုး နိုင်ပြီ ဖြစ်ကြောင်း မြန်မာ ထီဆိုင် ပိုင်ရှင် (ရတနာမိုး) မှ ဦးလှအောင်က ပြောသည်။ ယင်းကဲ့သို့ ထီ ထိုးရာတွင် မိမိ၏ မြန်မာပြည် နေရပ် လိပ်စာကို အွန်လိုင်းမှ တစ်ဆင့် အသိပေးကာ မိမိ၏ မိသားစု အသိုင်း အဝိုင်း ထံသို့ အသိပေး ရမည် ဖြစ်ပြီး ထိုးထားသော ထီလက်မှတ်ကို အဆိုပါ အိမ်လိပ် စာသို့ အရောက် ပို့ပေးမည် ဖြစ်ကြောင်း သိရသည်။ “ကိုယ်ရောက် နေတဲ့ နိုင်ငံ ကနေ ဝက်ဘ်ဆိုက် ဖွင့်ပြီးရင် ကိုယ်ကြိုက်တဲ့ ထီလက်မှတ်ကို ရွေးလိုက်ရင် ရပြီ။ အဲဒါကို ကျွန်တော်တို့က အိမ်တိုင် ရာရောက် ပို့ပေးသွားမယ်။ ဒါအဓိက ကတော့ ကိုယ့် မြန်မာတွေ အမိမြေ နဲ့ ခွဲနေကြတဲ့ အခါ မြန်မာထီ ကိုလည်း ကံစမ်းနိုင် အောင်ပါ ” ဟု ၄င်းက ရှင်းပြသည်။ ထိုကဲ့သို့ ထီထိုး ရာတွင် ထီလက်မှတ် တန်ဖိုးမှာ အပြောင်း အလဲ မရှိဘဲ နဂို အတိုင်း ထီတစ်ကတ် ၂၃ စောင်ကို တစ်စောင်လျှင် ကျပ် ၂၀၀ နှုန်းဖြင့်၊ ဝန်ဆောင်ခ တစ်ဆောင်လျှင် ကျပ် ၂၀ နှုန်းယူပြီး စုစုပေါင်း ကျပ် ၅၀၆၀ ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုအခါ အွန်လိုင်း မှ တစ်ဆင့် ထိုးနိုင်သော နေရာ များမှာ ရန်ကုန် နှင့် နေပြည်တော် မြို့များ တွင်သာ ဖြစ်ပြီး နောက်ပိုင်းတွင် မြို့များ တိုးချဲ့ရန် အစီ အစဉ် ရှိကြောင်း ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား သည်။

ဆင်ဆာမဲ့ မြန်မာ သီချင်း ခွေများ အစား နိုင်ငံခြား ဇာတ်လမ်းတွဲ ခွေများကို အဓိက ထား ရောင်းချ

မြန်မာနိုင်ငံ ဗီဒီယို ဆင်ဆာ အဖွဲ့မှ ဆင်ဆာမဲ့ မြန်မာ သီချင်းခွေ များနှင့် ဇာတ်လမ်းခွေ များကို တင်းကျပ်စွာ လိုက်လံ စစ်ဆေး ဖမ်းဆီးလျက် ရှိသောကြောင့် နိုင်ငံခြား ဇာတ်လမ်းတွဲ အခွေ များကို အဓိကထား ရောင်းချ လာကြကြောင်း လေ့လာ တွေ့ရှိ ရသည်။ ဗိုလ်ချုပ် အောင်ဆန်း လမ်း နှင့် (၃၅) လမ်း ထောင့်ရှိ နိုင်ငံခြား ဇာတ်လမ်းတွဲ များကို ရောင်းချ နေသော ဆိုင်တွင် နိုင်ငံခြား ဇာတ်လမ်းခွေ များကို ဝယ်ယူသူ တစ်ဦးက '' ရပ်ကွက် ထဲက ဗီဒီယိုခွေ အငှားဆိုင်မှာ ကျတော့ နိုင်ငံခြားကားတွေ ငှားလို့ မရဘူးလေ။ကိုယ်ကြည့် ချင်တဲ့ အင်္ဂလိပ် ခွေတွေကို မြို့ထဲမှာပဲ လာဝယ်ပြီး အပိုင် သိမ်းထား လိုက်တော့ တယ်ဗျာ။ မြန်မာကား ကြည့်ချင် ရင်တော့ အဆင်ပြေ ပါတယ်။ ရပ်ကွက်ထဲက လမ်းထိပ်မှာ သွားငှား လိုက်ရုံပဲ။ မြန်မာ ဗီဒီယို ခိုးကူးခွေ တွေကို တင်းတင်း ကျပ်ကျပ် စစ်ဆေး ဖမ်းဆီးတာ ကတော့ ကောင်းပါတယ်'' ဟု ပြောပြသည်။ နိုင်ငံခြား ဇာတ်လမ်းတွဲ ခွေများကို ရောင်းချ ရာတွင် တစ်ခွေလျှင် (၅ဝဝ) ကျပ်ဖြင့် အတင့်ရဲစွာ ရောင်းချလျက် ရှိကြောင်း စုံစမ်း သိရသည်။ လမ်းပေါ်၌ ခရီးသွား ပြည်သူ မြန်မာ အမျိုးသမီးများ အနေ နှင့် မတွေ့သင့်၊ အမြင်မသင့်ကြောင်း နိုင်ငံခြား ဇာတ်လမ်းတွဲ အခွေများအား ရောင်းချ နေသူများသည် ဆင်ခြင် သင့်ကြောင်း ခရီးသွား ပြည်သူ တစ်ဦးက သုံးသပ် ပြောဆို ခဲ့ကြောင်း လျှပ်တပြက်ဂျာနယ်တွင် ဖော်ပြထားသည်။

နေပြည်တော် မှ ပင်လောင်းသို့ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ထား

နေပြည်တော် မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း မြို့သို့ မော်တော် ကားလမ်း နှင့် ရထားလမ်း ကို တစ်ပြိုင်တည်း ဖောက်လုပ် ခဲ့ရာ ယခုအခါ မော်တော် ကားလမ်းမှာ ပင်လောင်း မြို့နယ် ကိုးကွေ့ အထိ လုံးဝ ဖောက်လုပ် ပြီးစီး သွားပြီး ခရီးသည် ယာဉ် များ၊ ဘတ်စ် ကားကြီးများ ပြေးဆွဲနိုင် ရန် မကြာမီ ဖွင့်လှစ် ပေးတော့ မည်ဟု သိရသည်။ ယင်း မော်တော် ကားလမ်းသည် မူလ နေပြည်တော် ပျဉ်းမနား - ပင်လောင်း လမ်းကို ဆက်စပ် ဖောက်လုပ် ပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန် - မန္တလေး လမ်းမကြီး မိုင်တိုင် အမှတ် (၂၇၁/၄) မှ အရှေ့ဘက်ရှိ ရှမ်းကုန် မြေမြင့်သို့ ဖြာထွက် ဖောက်လုပ်ခဲ့သည့် လမ်းခွဲသည် နေပြည်တော် တပ်ကုန်းမြို့ ကင်းသာ လမ်းခွဲမှ စတင်ပြီး ပင်လောင်း မြို့နယ် ကိုးကွေ့ အထိ (၂၀/၃) မိုင် ရှိသည်၊ ပင်လောင်းမြို့ အထိ ၆၉ မိုင် ရှိမည် ဖြစ်သည်။ လမ်းတစ်လျှောက် တံတားငယ် များ၊ ရေပြွန် များဖြင့် ဖောက်လုပ်ခဲ့ပြီး အကြီးဆုံး တံတားမှာ လိန်းလီကြိုး တံတားကြီး ဖြစ်သည်။

ယင်း ကားလမ်းကြီး သည် ပင်လောင်းမြို့မှ နှစ်မိုင် အကွာ ပင်လောင်း-လွိုင်ကော် ကားလမ်း ပေါ်ရှိ ရင်းမီး ကျေးရွာသို့ ရောက်ရှိပြီး အရှေ့ဘက် လွိုင်ကော်မြို့ အထိ သွားနိုင် သည်။ တစ်ချိန် တည်းမှာပင် နေပြည်တော် - ဆင်သေ (တပ်ကုန်း) - ပင်လောင်း သို့ ရထားလမ်း ကိုလည်း ဖောက်လုပ်လျက် ရှိရာ ယင်း ရထားလမ်းသည် အောင်ပန်း - လွိုင်ကော် ရထားလမ်း ပေါ်ရှိ သစ်ပင်ကြီးရွာ ရထားရပ် စခန်းနှင့် ဆက်စပ်ပြီး သစ်ပင်ကြီး ရထားရပ် စခန်းအား နေပြည်တော်-ပင်လောင်း ရထား လမ်းပေါ်ရှိ ဘူတာ အဖြစ် တိုးမြှင့် ဆောင်ရွက် သွားမည်ဟု သိရသည်။ ယင်း သစ်ပင်ကြီး ဘူတာမှာ ရွှေညောင် - တောင်ကြီး သို့ လည်းကောင်း၊ လွိုင်ကော်သို့ လည်းကောင်း ရထားဖြင့် ဆက် လက် သွားရောက် နိုင်မည်ဟု သိရသည်။

ဘီပိုးကာကွယ်ဆေးအတွက် ဆေးခန်းကိုသာ အားထားနေရ

မြန်မာနိုင်ငံတွင် ကူးစက်မှုအများဆုံး ရောဂါတခုဖြစ်သည့် ဘီပိုး ခေါ် အသည်းရောင်အသားဝါ (ဘီ) ရောဂါဖြစ်ပွားသူများသည် ကာကွယ်ဆေးအတွက် ကုန်ကျစရိတ် မြင့်မားသော ပြင်ပဆေးခန်းများကိုသာ အားထားနေကြရသည်ဟု သိရသည်။

ကျန်းမာရေးဌာနက ကျေးလက်ဒေသများတွင် အခကြေးငွေ သက်သာစွာ ကာကွယ်ဆေးထိုးပေးသော်လည်း ပြည်တွင်းထုတ်ဆေးထက် အာနိသင်ကောင်းသည့် နိုင်ငံခြားမှသွင်းသည့် ဘီပိုး ကာကွယ်ဆေးများကို ဝေဒနာရှင်များက ပြင်ပဆေးခန်းများတွင် သွားရောက်ဆေးထိုးကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ အသည်းအထူးကု ဆရာဝန်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နိုင်ငံခြားက သွင်းလာတဲ့ ဘီပိုး ကာကွယ်ဆေးတွေက ပြည်တွင်းထုတ်ဆေးထက် အာနိသင်ကောင်းကြတော့ လူတွေက ပြင်ပဆေးခန်းတွေမှာပဲ ထိုးကြတာများတယ်။ ဒါပေမယ့် ပြင်ပဆေးခန်းတွေမှာ တခါထိုးရင် ကျပ် (၆,၀၀၀ - ၇,၀၀၀) အထိကုန်တော့ လူတိုင်း မထိုးနိုင်ပြန်ဘူး” ဟု ပြောသည်။

ဘီပိုး ကာကွယ်ဆေးမထိုးခင် သွေးစစ်ဆေးရန် လိုအပ်ပြီး သွေးစစ်ခမှာ ငွေကျပ် သောင်းဂဏန်းခန့်ရှိသည်အတွက် အဆိုပါ ရောဂါကာကွယ်ဆေးထိုးရန် စရိတ်ကြီးကြောင်း၊ မိသားစုအလိုက် ကာကွယ်ဆေးထိုးရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘီပိုးရောဂါ တိုက်ဖျက်ရေး မအောင်မြင်သေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်တွင်း၌ ဘီပိုးကာကွယ်ဆေးများကို တနှစ်လျှင် အလုံးရေ (၃) သိန်းသာ ထုတ်လုပ်နိုင်သဖြင့် ပြင်ပဆေးခန်းများအနေဖြင့် ပြည်ပမှ တင်သွင်းသော ဘီပိုး ကာကွယ်ဆေးများကိုသာ အားကိုးနေကြရကြောင်း၊ ပြည်တွင်းထုတ် ဘီပိုး ကာကွယ်ဆေး တံဆိပ် (၂) မျိုးအနက် Hepatitis ‘B’ Vaccine မှာ အစိုးရဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက်သာဖြစ်ပြီး Livovax ‘B’ တံဆိပ်ဖြင့် ထုတ်လုပ်သော အခြားကာကွယ်ဆေးတမျိုးကို ပြင်ပဈေးကွက်သို့ ဖြန့်ဖြူးကြောင်း အဆိုပါ အထူးကုဆရာဝန်က ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း (၆၀) အနက် (၆) သန်းမှာ အသည်းရောင် အသားဝါ (ဘီ) ရောဂါ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဘီပိုးကာကွယ်ဆေးကို ပထမ တကြိမ်ထိုးပြီး နောက်တလတွင် ဒုတိယအကြိမ်၊ နောက် (၅) လတွင် တတိယအကြိမ် ခွဲကာ (၃) ကြိမ် ထိုးရသည်။

အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေးထိုး ဆေးခန်းကို မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်) တွင် ပြီးခဲ့သည့် ဇွန် (၂၅) ရက်မှစတင် ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ ဆေးဝါး ပြတ်လပ်နေကြောင်း ဆေးထိုးရန် သွားရောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “အဲဒီဆေးခန်း ရောက်သွားတော့ ဆေးပြတ်နေတယ်လို့ ပြောတယ်။ အဲဒီဆေးခန်းမှာက သွေးစစ်တာ (၁,၅၀၀) ကျပ်၊ ကာကွယ်ဆေး တခါအတွက် (၂,၂၀၀) ကျပ်ပဲ ကုန်မယ်ဆိုလို့ သွားတာ။ ဆေးခန်းက မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ဖွင့်တယ်။ ဟိုရောက်တော့ ထိုးဖို့ ဆေးမရှိဘူးတဲ့” ဟု ပြောသည်။

ထိုဆေးခန်းတွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အမှတ် (၇) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံရှိ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းမှ ထုတ်လုပ်သော ပြည်တွင်း ဘီပိုးကာကွယ်ဆေးများကို ထိုးပေးခြင်းဖြစ်သည်။

ဗဟိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) အဆိုအရ ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ အသိပညာလေ့လာမှု အားနည်းနေခြင်း၊ ဆေးဝါးအာနိသင် ထိရောက်မှုမရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၌ ဘီပိုးရောဂါ ကူးစက်ပြန့်ပွားမှုမှာ မြင့်မားနေဆဲ ဖြစ်ပြီး အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုးကြောင့် အသည်းကင်ဆာရောဂါ အဖြစ်များကြောင်း သိရသည်။

အသည်းရောင်အသားဝါ (ဘီ) ပိုးရောဂါသည် Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် လူလူချင်း ကူးစက်သည့် အပြင်းစား ရောဂါတမျိုးဖြစ်ပြီး အသည်းကင်ဆာ၊ အသည်းခြောက်ရောဂါ၊ အသည်းအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေနိုင်ကာ မိခင်မှ ကလေးသို့၊ သွေး၊ ဆေးထိုးအပ်၊ ခန္ဓာကိုယ်တွင်းမှထွက်သော အရည်များ၊ လိင်ဆက်ဆံခြင်းတို့မှတဆင့် ရောဂါကူးစက်နိုင်ပြီး HIV ရောဂါပိုးထက် အဆ (၁၀၀) ပို၍ ကူးစက်လွယ်သော ရောဂါဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

လေဆင်နှာမောင်းဒဏ်ခံရသူများ အိုးအိမ်မဲ့ဖြစ်

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် လေဆင်နှာမောင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား ကယ်ဆယ်ရေးစခန်း သီးသန့်ဖွင့်မပေးသည့်အတွက် လတ်တလော၌ နေစရာအခက်အခဲဖြစ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဇူလိုင် (၈) ၇က် ညနေ (၆) နာရီခွဲကျော်က တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် ဒေသခံ လူ (၂၀၀) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရာတွင် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ဖွင့်မပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “ကယ်ဆယ်ရေးစခန်းဆိုတာကတော့ လိုတယ်။ လူပေါင်းရာနှင့်ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်တာကို ကယ်ဆယ်ရေးစခန်း မဖွင့်ဘဲထားတာက လှူချင်သူတွေအနေနဲ့လည်း ဘယ်မှာသွားလှူရမယ်ဆိုတာ မသိကြသလို ဒီအတိုင်းထားတော့ ဘာမှ ဖြစ်မသွားသလို ပုံစံမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

လေဆင်နှာမောင်းသည် အဆိုပါမြို့နယ်မှ သမင်ခြံ၊ တာတိုက်နှင့် ထန်းတပင်ကျေးရွာတို့ကို (၅) မိနစ်ခန့် ၀င်ရောက်သွားခြင်းဖြစ်သည်။

“တိုက်တဲ့အချိန်က (၅) မိနစ်လောက်ပဲကြာတယ် အားလုံးကုန်ရော။ ၀ါးနဲ့ ဆောက်ထားတဲ့အိမ်တွေဆိုရင် အားလုံးကုန်။ ဘာမှမကျန်လိုက်ဘူး” ဟု ကော့မှူးမြို့နယ် ဒေသခံတဦးက ပြောသည်။

လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်အမိုးလန်သွားခဲ့သည့် အိမ်များနှင့် လုံးဝပျက်စီးသွားသည့် အိမ်များမှ မိသားစုများသည် အခြားဆွေမျိုး၊ မိတ်ဆွေတို့အိမ်တွင် ခိုကပ်နေထိုင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ တာဝန်ရှိသူတဦးက ၎င်းတို့အနေဖြင့် လေဆင်နှာမောင်းတိုက်သွားသော ဒေသသို့ သွားရောက်ကာ တာပေါ်လင်များ၊ တကိုယ်ရေသုံးပစ္စည်းများ၊ ဓာတ်ဆားထုတ်များ၊ ရေသန့်ဆေးပြားများ၊ စောင်များ စသည်တို့ကို ဝေငှပေးခဲ့ကြောင်း ပြောကြားသည်။

ကယ်ဆယ်ရေးစခန်း မဖွင့်သည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ဒေသခံတို့အနေဖြင့် ရေရှည်တွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။

“ကျမတို့အိမ်က မကောင်းပါဘူး။ အားလုံးလည်း သိကြပါတယ်၊ ဓနိမိုးအိမ်တွေပါ။ ဒါပေမယ့် အိုးခွက်ပန်းကန်ကအစ နေရာအတည်တကျဖြစ်နေတာ အခုလို အိုးမဲ့အိမ်မဲ့ဖြစ်သွားတော့ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့” ဟု လေဆင်နှာမောင်းကြောင့် အိမ်ပြိုကာ မြေပြင်သာကျန်ခဲ့သည့် လယ်စာရင်းငှားလုပ်နေသူ အမျိုးသမီးတဦးက ပြောသည်။

ယင်းဒေသတွင် လေဆင်နှာမောင်းတိုက်သည့်နေ့က ရန်ကုန်တွင်လည်း မိုးကြိုးများပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ အချိန် (၂) နာရီခန့် ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့မှာ၂၀၀၆ ခုနှစ် နောက်ပိုင်း ပြောင်းလဲလာသော ရာသီဥတုဖြစ်သည့် မုတ်သုန်မမှန်ခြင်း၊ မုတ်သုန်မကြာခဏ အားပျော့ခြင်းကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဌာနဆိုင်ရာ လုပ်ငန်းအစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။

ခေတ်ပြိုင်သတင်းထောက် တက်လူ ရေးသားသည်။

ရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိရေး ထိုင်းဝန်ကြီးထံ စာတင်

ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ အနာတရဖြစ်မှုများကို လျော်ကြေး ပေးအပ်ရန်အတွက် ထိုင်းအလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ စုပေါင်းထားသည့် အဖွဲ့ (၁၄) ဖွဲ့က ဦးဆောင်ကာ ထိုင်းအလုပ်သမားဝန်ကြီးထံသို့ ယမန်နေ့က တောင်းဆိုလွှာတစောင် တင်သွင်းလိုက်သည်။

ယင်းတောင်းဆိုလွှာတွင် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ အလွန်နိမ့်ကျ ယိုယွင်းနေကြောင်း၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှု ဖြစ်ပွားသည့်အခါတွင် အလုပ်သမားလျော်ကြေး ငြင်းပယ်ခံနေရကြောင်းတို့ကို ဖော်ပြထားသည်။

၁၉၉၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီးဖြစ်သော အလုပ်သမားလျော်ကြေး ဥပဒေ၏ ရည်ရွယ်ချက်သည် မည်သည့်နိုင်ငံသား အလုပ်သမားပင်ဖြစ်စေ လုပ်သားအားလုံးကို ကာကွယ်ပေးရန်နှင့် လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများအတွက် လျော်ကြေးပေးအပ်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါအခွင့်အရေးကို ရွှေ့ပြောင်းအလုပ်သမား အများအပြား ယခုတိုင် ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်းလည်း တောင်းဆိုလွှာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်ထိခိုက်လျော်ကြေးရန်ပုံငွေ ရရှိရေးအတွက် ခွဲခြားထားသော စည်းမျည်းစည်းကမ်းများကို ပယ်ဖျက်ပေးရန်နှင့် လုပ်ငန်းခွင်ထိခိုက်လျော်ကြေး ရန်ပုံငွေရရှိရေးအတွက် အခွင့်အရေးများ အသေအချာရရှိစေရန် အစိုးရကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂများ၊ အန်ဂျီအိုများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်တိုင်ပါဝင်သော နည်းဗျူဟာများရေးဆွဲရန် တောင်းဆိုကြောင်း သိရှိရသည်။

ထိုတောင်းဆိုလွှာ တင်သွင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ အန်ဒီဟောလ်က “အလုပ်သမားဝန်ကြီးဌာနရဲ့ ဥပဒေနည်းလမ်းမကျဘဲ ခွဲခြားမှုရှိတဲ့ မူဝါဒကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေဟာ လုပ်ငန်းခွင်မတော်တဆ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း အကာအကွယ်မဲ့နေရပြီး လုပ်သားလျော်ကြေးငွေ လက်ခံရရှိဖို့ကိုလည်း လက်ရှိအခြေအနေမှာ ဆက်လက်ငြင်းပယ်ခံနေရပါတယ်” ဟု ပြောဆိုသည်။

နိုင်ငံတကာဥပဒေများအောက်တွင် နည်းလမ်းမကျသည့် ခွဲခြားမှုများကို ထိုင်းအစိုးရအနေဖြင့် ရပ်ဆိုင်းပစ်ရန် အလုပ်သမားသမဂ္ဂများက အိုင်အယ်လ်အိုကို တောင်းဆိုသကဲ့သို့ အန်ဂျီအိုများကလည်း ကမ္ဘာ့ကုလသမဂ္ဂကို တောင်းဆိုပြီးသည့်နောက်တွင် အလုပ်သမားဝန်ကြီးဌာနက မတော်တဆထိခိုက်မှုဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီတခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါကိစ္စကို အလုပ်သမားရေးအဖွဲ့များက သဘောမတူသည့်အတွက် ယမန်နေ့က တောင်းဆိုလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အန်ဒီဟောလ်က ပြောကြားသည်။

၎င်းက “ရွှေ့ပြောင်း အလုပ်သမားပဲဖြစ်ဖြစ် ဘယ်အလုပ်သမားမဆို အားကိုးအားထားပြုလောက်တဲ့ လုပ်ငန်းခွင် ထိခိုက်မှုကြောင့်ဖြစ်တဲ့ လျော်ကြေးငွေကို နဂိုမူလ လုပ်သားလျော်ကြေးရန်ပုံငွေကနေပဲ လက်ခံရရှိရမှာ ဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးအဖွဲ့တွေဟာ ဒီကိစ္စကို သဘောမတူပါဘူး။ ဒီအတွက် ထိုင်းအလုပ်သမားသမဂ္ဂတွေက အဖွဲ့အစည်းအသီးသီးကို ဦးဆောင်ပြီး မနေ့က တောင်းဆိုလွှာတင်သွင်းခဲ့တာပါ” ဟု ဆိုသည်။

workmen Compensation Fund ဟုခေါ်သည့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ပေးအပ်သော လျော်ကြေးငွေကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသား အလုပ်သမားများကို ပေးအပ်သည့်အတိုင်း လူမှုဖူလုံရေးရန်ပုံငွေမှ ပေးအပ်မည်ဆိုပါက ရွှေ့ပြောင်းအလုပ် သမားများသည် ခန္ဓာကိုယ်ချွတ်ယွင်းလျှင်လည်းကောင်း၊ အသက်ဆုံးရှုံးခဲ့ရလျှင်လည်းကောင်း မည်သို့မည်ပုံ ဆုံးရှုံးရသည့်အပေါ် မူတည်၍ ကျန်ရစ်သူ ဆွေမျိုးသားချင်းများမှ ရရှိမည်ဖြစ်သည်။

ယခင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတဦး လုပ်ငန်းခွင်အတွင်း လက် (၄) ချောင်း ပြတ်သွား၍ ဘတ်ငွေ (၂) သိန်း (၃) သောင်းကို အဆိုပါ လျော်ကြေးငွေမှ ရရှိဖူးကြောင်း အလုပ်သမားရေးအဖွဲ့အစည်းတခု၏ မှတ်တမ်းအရသိရှိရသည်။ ထိုရန်ပုံငွေအတွက် လုပ်ငန်းရှင်မှ လုပ်သားဝင်ငွေ၏ (၅) ရာခိုင်နှုန်းနှင့် အလုပ်သမားမှ (၃.၅) ရာခိုင်နှုန်း လစဉ်ထည့်ဝင် ရမည်ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း တစုံတရာ ထိခိုက် သေဆုံးမှုဖြစ်သောအခါ လုပ်ငန်းရှင်အများစုက လျော်ကြေးပေးရန် ငြင်းဆန်ခံရလေ့ရှိပြီး အချို့မှာ အနည်းငယ်သော လျော်ကြေးကိုသာ ရရှိလေ့ရှိကြသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမားအများစုသည် အလုပ်ဆက်လက်လုပ်ဆောင်ရန် ခန္ဓာကိုယ်ပိုင်းက မစွမ်းဆောင်နိုင်တော့သဖြင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားကြရလေ့ရှိသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီသာ မဲဆွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကချင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးမှုများ ပြိုင်ဘက်မရှိ လုပ်နေပြီး ဒေသခံအာဏာပိုင်များ ကိုယ်တိုင် ကူညီပံ့ပိုးနေသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှာ မဲဆွယ်စည်းရုံးရေး ဆင်းမှုမျိုး မတွေ့ရသေးဘဲ ကြံ့ဖွံ့ပါတီကသာ ကျေးရွာများအထိ စည်းရုံးရေးဆင်းနေသည်ဟု မိုးကောင်းဒေသခံတဦးက ပြောသည်။

၎င်းက “ရှမ်းပါတီတော့ ပါတီရုံးတွေဖွင့်တာ (၂) ပတ်လောက်ရှိပြီ။ ရွာတွေမှာ ဟောပြောတာမရှိသေးဘူး။ တစည ကျတော့လည်း မဆလပါတီ၊ ကောင်စီထွက် လူအိုတွေဆိုတော့ သူတို့လည်း ကြံ့ဖွံ့လို မလုပ်နိုင်ဘူး။ ကြံ့ဖွံ့ကျတော့ ရွာတွေအထိ သွားနေတယ်။ သူတို့ပါတီကိုသာ မဲထည့်ကြဖို့ လိုက်ပြောနေတာ။ ထူးခြားတာက အခုလက်ရှိ မယက၊ ရယက ဥက္ကဋ္ဌတွေ၊ အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် အကူအညီပေးနေတာ။ လူတွေစုပေးတာတို့၊ နယ်ဆင်းဖို့အတွက် ယာဉ်တွေ စီစဉ်ပေးတာတို့လို ကူညီပေးတာ တွေရှိတယ်၊ အဲလို မမျှမတ တဖက်သပ် လုပ်နေတာ” ဟု ပြောသည်။

ယာဉ်မောင်းလိုင်စင် လျှောက်ရာတွင် ကြံ့ဖွံ့ပါတီသို့ ဝင်ခိုင်းခြင်းများ ရှိသကဲ့သို့ ကြံ့ဖွံ့အသင်းဝင်များကိုလည်း ပါတီဝင်အဖြစ် ပြန်လည် စာရင်းကောက်ခံနေသည်ဟု အဆိုပါဒေသခံက ပြောသည်။

ပါတီထူထောင်ခွင့် မရသေးသည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့မှာ ရွေးကောက်ပွဲကော်မရှင်၏ ပါတီထူထောင်ခွင့် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသော်လည်း ပါတီ မှတ်ပုံတင်ခွင့် မျှော်လင့်ချက် တဖြည်းဖြည်း ပျောက်စပြုနေပြီး ကချင်တိုင်းရင်းသားများအတွက် အမှန်တကယ် ကိုယ်စားပြုနိုင်မည့် ပါတီမရှိဘဲ ဖြစ်နေသည်ဟု မြစ်ကြီးနားဒေသခံ ကချင်တဦးက ပြောသည်။

၎င်းက “ဒီလ (၃) ရက်နေ့က ဒေါက်တာတူးဂျာ ပါတီရုံးမှာ ပြောတာက ပါတီထူထောင်ခွင့် ကျလာဖို့ကို မျှော်လင့်နေတုန်းပဲလို့ ပြောထားတယ်။ ပြောတာ ပြောနေတယ် ပါတီထူထောင်ခွင့် မပေးနိုင်တော့ဘူးဆိုပြီး ခန့်မှန်းနေကြတယ်။ ကေအိုင်အိုက နယ်ခြားစောင့်တပ် လက်မခံလို့ဆိုပြီး ဝေဖန်နေကြတာ။ အမှန်က နယ်ခြားစောင့်နဲ့ မပတ်သက်တဲ့ လယောက်ဇယ်လွန်းတို့ရဲ့ ညီညွတ်သောဒီမိုကရေစီပါတီလည်း အခုထိ မရသေးဘူး။ ကချင်တိုင်းရင်းသားကိုယ်စားပြု ပါတီတွေ မဲရမှာစိုးလို့ တမင်မပေးဘဲ ချန်ထားတာဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်ခေါင်းဆောင်များ၊ စစ်တိုင်းမှူးများ၊ ဝန်ကြီးများ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် မကြာသေးမီက အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်။ ပါတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်က ရယူထားသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်စုမှူးတဦး ရိုက်သတ်ခံရ

မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးယူထားသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA–PC) မှ တပ်စုမှူးတဦးသည် အမည်မသိ လူသတ်သမားများ၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နှင့် နယ်စပ်ချင်းကပ်လျက်ရှိသော မြန်မာဘက်အခြမ်း ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၂) ရှိ ဥဒေါင်းကန်ဘေးတွင် “ဆွိုင်း” အမည်ဖြင့် စားသောက်ဆိုင် ဖွင့်လှစ်ထားရှိသော ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်စုမှူးအဆင့်ရှိ စောသန်းအောင် အသက် (၃၇) နှစ်၏ အလောင်းကို ယနေ့နံနက်က ကန်၏အခြားဘက်အခြမ်းတွင် ဒေသခံများက တွေ့ရှိခြင်းဖြစ်သည်။

တွေ့ရှိရသော အလောင်းမှာ လက်ကိုနောက်ပြန်ကြိုးတုပ်ထားပြီး ပါးစပ်ကို ဝါယာကြိုးဖြင့် စည်းနှောင်ထားကာ လည်ပင်းတွင်လည်း ကြိုးကွင်းစွပ်၍ ခြေထောက်ခြေချင်းဝတ်တွင် တွဲ၍ ထားကြောင်း၊ စိမ်ပြေနပြေ ရိုက်သတ်ခံရသည်ဟု ယူဆရပြီး တကိုယ်လုံးရှိ အရိုးအဆစ်များမှာ ပျော့ခွေနေကြောင်း မြန်မာအစိုးရဝန်ထမ်းတဦးက ပြောကြားသည်။

၎င်းက “သူ့မိန်းမပြောတာက ည (၉) နာရီလောက် ဖုန်းလာလို့ ထထွက်သွားတာ၊ မနက်မှ အသတ်ခံရမှန်းသိတယ်လို့ ပြောတယ်” ဟု ဆိုသည်။

ဘုရားသုံးဆူဒေသသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ဖြစ်ပွားလေ့ရှိသည်။ ထို့အပြင် အပစ်ရပ်အဖွဲ့များဖြစ်သော DKBA, KPF, NMSP KNU/KNLA-PC အဖွဲ့များလည်း တည်ရှိကြပြီး ပြီးခဲ့သည့် မေလ (၉) ရက်နေ့ညကလည်း ဗုံးဖောက်ခွဲရန်လာသူ (၂) ဦးသည် ၎င်းတို့လက်ထဲတွင်ပင် ချိန်ကိုက်ဗုံးပေါက်ကွဲ၍ ဒဏ်ရာဖြင့် အဖမ်းဆီးခံခဲ့ရသည်။

ခေတ်ပြိုင်သတင်းထောက် မြတ်ခိုင်ဦး ရေးသားသည်။

ထိုင်း-မြန်မာ ကုန်စည် စီးဆင်းမှု ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ တဆင့် တင်ပို့နေသော ထိုင်း ကုန်ပစ္စည်းများကို မြန်မာ အာဏာပိုင်များက ဖြတ်သန်းခွင့် ပိတ်ထားကြောင်း သတင်းရ ရှိသည်။

မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (ဓာတ်ပုံ - Dæxus)

မဲဆောက် ခရိုင်ရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက် အခြမ်းက ကမ်းထိန်း တမံများ ဆောက်လုပ် နေခြင်းကို မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုကို ပိတ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ထိုင်းဘက် အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ် မှုကြောင့် ရေကြောင်း ပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စား နိုင်သည့် အတွက် မြန်မာ အာဏာပိုင်များက ကန့်ကွက်ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြထား သည်။

“မြန်မာ အရာရှိတွေက တံတားကို ခြေလျှင်ပဲ ပေးဖြတ်တယ်။ ကုန်ပစ္စည်းတွေ သယ်ပို့ခွင့် မပြုဘူး။ ဘာကြောင့်လဲတော့ မသိဘူး”ဟု ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားတွင် တာဝန်ကျနေသော အကောက်ခွန်ရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့တဲ့ ကြာသပတေးနေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဗိုလ်မှူးချုပ် ဇော်မင်း ရောက်ရှိပြီးနောက် တံတားကို စတင် ပိတ်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ် ပြဿနာတက်သည့် အချိန်တိုင်း ဤနယ်စပ်တံတားကို ပိတ်ပစ်ခြင်းသည် မြန်မာနှင့် ထိုင်း ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ကုန်သွယ်ရေး လိုငွေပြနေသောကြောင့်ဟု ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မြန်မာသတင်းထောက်တဦးက ပြောသည်။

ထိုင်း-မြန်မာနယ် နယ်စပ်ဂိတ်များ အနက် မဲဆောက်မြို့သည် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး ထိုင်းနှင့် မြန်မာ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့ကြသည်။

မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်းအထိ တင်ပို့ကြသည်။

သို့သော် မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်း တန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်း တန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

အာဏာပိုင်က ဖိအားပေးဟု တရားစွဲခံရသူ မြန်မာ-အမေရိကန် ထွက်ဆို

လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတို့ဖြင့် အမေရိကန် နိုင်ငံတွင် အမှုရင်ဆိုင် နေရသည့် မြန်မာ နိုင်ငံသား ဖြစ်သူ အီဆာမက်က ၎င်းကို အာဏာပိုင်များက အတင်းအကျပ် ခိုင်းသဖြင့် အမှုကျူးလွန်သည်ဟု ထွက်ဆိုခဲ့ရကြောင်း ပြောဆိုလိုက်သည်။

ဆာနားမူး (ဓာတ်ပုံ - mylifeofcrime.wordpress.com)

အမေရိကန်နိုင်ငံသို့ ၂၀၀၇ ခုနှစ် သြဂုတ်လ၌ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အစီအစဉ်ဖြင့် ရောက်ရှိ နေသော အသက် ၇ နှစ်ရှိ ကရင် တိုင်းရင်းသူ ဆာနားမူးကို ပြန်ပေးဆွဲ၊ သတ်ဖြတ်မှုဖြင့် အီဆာမက်အား တရားစွဲဆို ထားခြင်း ဖြစ်သည်။

“ကျနော့်ကို အာဏာပိုင်တွေက ဒီလိုပြောခိုင်း လို့သာ ပြောလိုက် ရတာပါ၊ တကယ်တမ်း ကျနော် မသတ်ရပါဘူး”ဟု အီဆာမက်က ပြီးခဲ့သည့် သောကြာနေ့ တရားခွင် အတွင်းတွင် လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

ယခုလ ၉ ရက်နေ့တွင် တရားခံဖြစ်သူအား အမေရိကန်နိုင်ငံ ဆော့လိတ်ခ်ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားသူကြီးအဖြစ် မစ္စ ဂျူးဒစ် အက်သတွန် က ဆောင်ရွက်ခဲ့သည်။

တရားစွဲဆိုသည့် ရှေ့နေဖြစ်သူ မစ္စတာ ပဲရစ်ရှ် က“အမေရိကန် နိုင်ငံဟာ ရာဇဝတ်သားတွေကို ပြင်းပြင်းထန်ထန် ဆက်ဆံ တတ်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံလို မဟုတ်ဘူး ဆိုတာကိုတော့ အီဆာမက်နဲ့ သူ့ရဲ့မိသားစုတွေသိဖို့လိုပါလိမ့် မယ်”ဟု ပြောဆိုလိုက်ကြောင်း the Salt Lake Tribune သတင်းစာတွင် ဖော်ပြထားသည်။

သူကပင် ဆက်လက်၍“အီဆာမက် ဟာ သူ့ရဲ့ မိသားစုတွေနဲ့ အဆက်သွယ်ရဖို့ လိုအပ် ပါတယ်၊ ဒါမှ သူ့ရဲ့ အမူအကျင့် တွေ၊ နောက်ခံသမိုင်းကြောင်းတွေ ဘယ်လိုရှိသလဲဆိုတာကို နားလည်လို့ ရမှာပါ”ဟု ဆိုသည်။

အီဆာမက်ကို တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ - abc4)

တရားခံ ရှေ့နေဖြစ်သူ မိုက်ကယ်လ် ပီတာဆင်ကမူ ၎င်းတို့သည် အမှုကို အယူခံခွင့်မှ တဆင့် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုထား သည်ဟုလည်း the Salt Lake Tribune သတင်းစာက ရေးသား ထားသည်။

“အီဆာမက်ရဲ့ အယူခံခွင့်ကို တရားရုံးက လက်ခံ၊ မခံဆိုတာ ကတော့ သူနဲ့ သူ့ရဲ့ မိသားစုတွေနဲ့ ပြည်လည် ဆက်သွယ် မိတဲ့ အပေါ်မှာ မူတည်နေ ပါတယ်၊ အခုချိန် အထိတော့ တရားခံဘက်က ရှေ့နေ အဖွဲ့ဟာ အရီဇိုးနား ပြည်နယ်မှာ နေတဲ့ အီဆာမက်ရဲ့ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်နေပါတယ်”ဟု ရှေ့နေဖြစ်သူ မိုက်ကယ်လ် ပီတာဆင်က ပြီးခဲ့သည့် သောကြာ နေ့တွင် ပြောကြား ထားသည်။

ပြီးခဲ့သည့် သောကြာနေ့ တရားခွင်တွင် အယူခံမှု အကြောင်းကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။ ယခုနှစ် အောက်တို ဘာလ ၁ ရက်နေ့၌ အယူခံခွင့်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း The Salt Lake Tribune သတင်းစာတွင် ပါရှိသည်။

တရားခံဖြစ်သူ အီဆာမက် နှင့် ဆာနားမူးတို့သည် ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုတည်းတွင် နေထိုင်ခဲ့ဖူးသည်။

ဆာနားမူးသည် ၂၀၀၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် ၎င်းနေထိုင်ရာ တိုက်ခန်းအပြင်၌ ကစားနေရာမှ ပျောက် ဆုံးသွား၍ မိဘများက အာဏာပိုင်များထံ ဆက်သွယ်တိုင်ကြားခဲ့သည်။ နောက်တနေ့တွင် လူပေါင်း ၁၁၀၀ ခန့်၊ ဥပဒေ ဝန်ထမ်း ၇၅ ဦး ပြည်နယ်စုံစမ်းစစ်ဆေးရေး အရာရှိများက ဆာနားမူးကို ဝိုင်းဝန်း ရှာဖွေခဲ့ကြသည်။

ထိုနေ့ညမှာပင် ဆာနားမူး၏ အလောင်းကို နေထိုင်ရာ တိုက်ခန်းနှင့် ကိုက် ၅၀ ခန့်သာဝေးသည့် အီဆာမက်၏ ရေချိုး ခန်းအတွင်းတွင် တွေ့ရှိခဲ့သည်။ သေဆုံးချိန်၌ ၏ ဦးခေါင်း၊ လည်ပင်းနှင့် ကိုယ်ခန္ဓာအထက်ပိုင်းတို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ပြီး အသက်ရှူကြပ်၍ သေဆုံးခဲ့ရသည်ဟု အမေရိကန် ထောက်လှမ်းရေး (FBI) အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြ ထားကြောင်း သိရှိရသည်။ ဆာနားမူး၏ လက်အတွင်းတွင်လည်း သူမကိုရန်ပြုသူ၏ ဆံပင်တချို့ပါ တွေ့ရှိရကြောင်း ဆေးမှတ်တမ်းများက ဖော်ပြသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ရန်ကုန် တယက အဆောက်အအုံရှိ ရုံးအဖွဲ့ ပြောင်းရွှေ့ရမည်

ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးစိုက်ရာ အဆောက် အအုံရှိ တယက၊ တိုင်းရဲတပ်ဖွဲ့၊ တိုင်းတရားရုံး စသည့် အစိုးရ အဖွဲ့များအား ယခုလ အတွင်း ရန်ကုန် ပြည်လမ်းရှိ ပြည်သူ့ လွှတ်တော် အဆောက် အအုံသို့ ပြောင်းရွှေ့၍ ရုံးစိုက် ရတော့မည် ဖြစ်ကြောင်း တယက ရုံး ၀န်ထမ်းတဦးက ပြောသည်။

ထိုသို့ပြောင်းရွှေ့ရခြင်းမှာ သက်ဆိုင်ရာ အထက်အရာရှိများ၏ လမ်းညွှန်ချက်အရဖြစ်ပြီး ပြောင်းရွှေ့ရမည့် အကြောင်းရင်းကို တိတိကျကျ ဖော်ပြထားခြင်းမရှိကြောင်း၊ ပြောင်းရမည့် ရက်ကိုလည်း မသိရသေးကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

အဆိုပါ တယက အဆောက်အအုံသည် ရန်ကုန်ရှိ ရှေးဟောင်းအဆောက်အအုံ ၁၀၀ ကျော်တွင် အပါအ၀င် ဖြစ်ပြီး အဖွဲ့အစည်းများအား ပြောင်းရွှေ့ပြီးပါက လက်ရှိ အဆောက်အအုံကို ရောင်းချရန် အစီအစဉ်ရှိကြောင်း ကြားသိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှစ၍ အစိုးရပိုင် အဆောက်အအုံများ တိုက်တာအဆောက်အအုံ အများအပြားကို ပုဂ္ဂလိကသို့ လေလံ စနစ်ဖြင့် ရောင်းချလျက်ရှိရာ ပြည်သူ့လွှတ်တော်နှင့် မျက်နှာချင်းဆိုင်ရှိ ပြည်သူ့ရင်ပြင် အပန်းဖြေဥယျာဉ်ကို ဖော်ဖော်ဝါရီလက Natural World ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကိုလည်း ပုဂ္ဂလိကသို့ ရောင်းချပြီး ဖြစ်သည်။

လက်ရှိ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့သစ်သို့ အစိုးရအဖွဲ့ အများစု ပြောင်းရွှေ့ခဲ့ပြီးဖြစ်ရာ ရန်ကုန်ရှိ ရုံးဟောင်း အဆောက် အအုံများကို ဆက်လက် ရောင်းချသွားမည်ဟု သိရသည်။

ရောင်းချရန်ရှိသည့် အဆောက်အအုံ အားလုံးသည် နှစ် ၈၀ နှင့်အထက်ရှိပြီး ရှေးဟောင်း အဆောက် အအုံအဖြစ် သတ်မှတ်
ခံထားရသည့် အဆောက်အအုံများ ဖြစ်သည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာ ရေးသားသည်။

ထက်ထက်မိုးဦး တရားရင်ဆိုင်ပြီ

သတင်းထောက် အေးသူစံကို နာကျင်စေမှု၊ ခြိမ်းခြောက်မှု တို့ဖြင့် တရားစွဲခံ ထားရသော ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးသည် ယနေ့ ရန်ကင်း တရားရုံးသို့ လာရောက် တရားရင်ဆိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်း ရုံးချိန်း ပေးထားတာကို ထက်ထက်မိုးဦး မလာဘဲ သူ့ရှေ့နေ ဦးစိန်မြင့်ပဲ ရောက်လာပြီး နေ့လယ် ၂ နာရီမှာ ထက်ထက်မိုးဦး အရောက် လာပါစေမယ့် အကြောင်း တရားရုံးကို တင်တယ်။ နေ့လယ် ပိုင်းတော့ ရန်ကင်း တရားရုံးကို ထက်ထက်မိုးဦး ရောက်လာ ပါတယ်"ဟု အဆိုပါ တရားခွင်သို့ သွားရောက် ခဲ့သည့် ပြည်တွင်း စာနယ်ဇင်း သမား တဦးက ပြောသည်။

ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို ရန်ကင်း တရားရုံးက အမှုစွဲတင်ခဲ့ အပြီး တတိယမြောက် ရုံးချိန်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။

ယနေ့တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ရှေ့နေပါဝါတင်သွားကာ အာမခံရယူသွားခဲ့ကြောင်း သိရသည်။

တခြားသော ပြည်တွင်းသတင်းထောက်တဦးက“ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ တရားရုံးက အာမခံပေးလိုက်တယ်။ အာမခံငွေ ကျပ် ၁၀ သိန်း နဲ့ အာမခံပေးလိုက်တယ်လို့ သိရတယ်"ဟု ပြောသည်။

ယနေ့တရားရင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။

အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။

အဆိုပါအမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလိုသဖြင့် ထက်ထက်မိုးဦးကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသောကြောင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

လာမည့် ဇူလိုင် ၂၇ ရက်တွင် တရားလိုထွက်ဆိုချက်များကို ရန်ကင်းတရားရုံးက စတင်ကြားနာတော့မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

မြန်မာသူပုန် ၃၄ ဦး တရားစီရင်မှု ပြီးသော်လည်း မလွတ်မြောက်

အိန္ဒိယ အစိုးရက ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းပြီး တရားစွဲဆို ထားသော မြန်မာ သူပုန်များကို ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ကျခံစေရန် ကာလကတ္တား တရားရုံးမှ ယမန်နေ့က အပြီးသတ် ဆုံးဖြတ်ခဲ့ သော်လည်း ကွင်းလုံးကျွတ် လွတ်မြောက်ရန် မရေရာသေးကြောင်း သတင်းရရှိသည်။

အဖမ်းဆီးခံထားရသည့် ရခိုင်နှင့် ကရင် တော်လှန်ရေးသမားများ (ဓာတ်ပုံ - နိရဉ္ဖရာ)

ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ထိန်းသိမ်း ထားသော ရခိုင်နှင့် ကရင် တိုင်းရင်းသား ၃၄ ဦးတို့ကို လက်နက် ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများ ကိုင်ဆောင်မှု အက်ဥပဒေ၊ တရားမ၀င် နိုင်ငံခြားသား အက်ဥပဒေ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်နှင့် ၃ လ အပြင် ငွေဒဏ် ရူပီး ၆၀၀၀ စီ အသီးသီး ချမှတ်ခဲ့သည်။

“တရားရုံးက ဒီအမှု ပြီးသွားပြီ ဆိုပြီးပဲ ပြောလိုက်တယ်။ သူတို့ဟာ ထောင်ထဲမှာ ၁၀ နှစ်ကျော် နေခဲ့ပြီးပြီ။ ထောင်ထဲ ဆက်နေဖို့ မလိုအပ် တော့ဘူး။ ဒါကို တရားရုံးက တခုခု လုပ်ပေးရမှာ ဖြစ်ပေမယ့် သူတို့ကို အကြောင်း ပြချက်မရှိဘဲ ထောင်ထဲမှာပဲ နေစေချင် နေတယ်။ ကျနော် တို့လည်း ဘာမှ လုပ်ပေးလို့ မရဘူး ဖြစ်နေတယ်” ဟု ရှေ့နေ တဦးဖြစ်သူ Akshay Sharma ကပြောသည်။

အကျဉ်းထောင်တွင် နှစ်ရှည်လများ နေခဲ့ရပြီးဖြစ်သောကြောင့် အဆိုပါ ချုပ်ရက်များကို ခံစားခွင့်ပေးသည့်အနေဖြင့် ထောင် ဒဏ်များ လျှော့ပေါ့ပေးခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ကွင်းလုံးကျွတ် လွှတ်ပေးလိုခြင်းမရှိ ဖြစ်နေသည်ဟု မြန်မာသူပုန်များ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသူ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာ တင့်ဆွေကလည်း ဆိုသည်။

“အလုပ်နဲ့ ထောင်ဒဏ်ကတော့ သူတို့ ချုပ်ရက်တွေ လျှော့ပေးလိုက်လို့ ကျခံဖို့ မလိုတော့ဘူး။ ဒဏ်ငွေကတော့ ဆောင်ရမယ်။ မဆောင်ရင် ထောင်ဒဏ် ၈ လ လို့ ထပ်ပြောတယ်။ ဒဏ်ငွေ ဆောင်မယ်ဆိုရင်တောင် သူတို့ကို မလွှတ်ပေးချင်ဘူး ဖြစ်နေတယ်။ တရားမ၀င် နိုင်ငံခြားသား ပုဒ်မ တပ်ပြီး ထောင်ထဲကို ပြန်ထည့်ဖို့လုပ်နေကြတာ” ဟု ဒေါက်တာ တင့်ဆွေက ပြောပြသည်။

ဒဏ်ငွေဆောင်လိုက်ပါက လွတ်မြောက်ရမည် ဖြစ်သော်လည်း ထိုသူတို့သည် အိန္ဒိယမြေပေါ်တွင် တရားဝင် နေထိုင်ခွင့်မရှိသည့်အတွက် တရားမ၀င် နိုင်ငံခြားသား အမှုဖြင့် အိန္ဒိယ အစိုးရက ထပ်မံ အရေးယူနိုင်ကြောင်း သိရသည်။

ဒေါက်တာ တင့်ဆွေက ဆက်လက်၍ “သူတို့ကို UNHCR က ဒုက္ခသည်အဖြစ် အသိမှတ်ပြုဖို့ စဉ်းစားဆဲအဆင့် လက်မှတ်ကို တင်ပြထားပေမယ့် ဒါက တရားဝင်နေထိုင်ခွင့် မဟုတ်ဘူးဆိုပြီး ပယ်ချထားတယ်။ အဲဒီတော့ သူတို့တွေ လုံးဝ လွတ်သွားဖို့ အတွက်က ကျနော်တို့ ဆက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို တက်ပြီး ကြိုးစားကြရဦးမယ်” ဟု ပြောသည်။

အမှုအပေါ် ညှာတာ ထောက်ထားပြီး ထောင်ဒဏ်များ ချမှတ်ရာတွင် သတ်မှတ်ထားသည့် နှစ်များထက် လျှော့ပေါ့ ချမှတ်ပေးခဲ့သော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်မှာ ရှင်းလင်းမှု မရှိကြောင်း ရှေ့နေများက ဆိုသည်။

အမှုပြီးဆုံးသွားပြီဟု ဆိုသော်လည်း မြန်မာသူပုန်များ၏ လွတ်မြောက်ရေးမှာ မရေမရာဖြစ်နေပြီး ကာလကြာရှည် ထိန်းသိမ်းခံထားရသူများအပေါ် ချမှတ်သည့် ဒဏ်ငွေပမာဏမှာလည်း များပြားနေသဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်များသည် တရားမျှတမှု မရှိကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ကြသည်။

လတ်တလောတွင် ၃၄ ဦးအနက် ကိုစိုးနိုင်ဆိုသူသည် အစာအိမ်ရောဂါ ခံစားနေရသည်မှ လွဲ၍ ကျန်သူများမှာ ကျန်းမာရေး ကောင်းမွန်နေကြပြီး ကာလကတ္တားရှိ ပရက်စီဒင်စီ အကျဉ်းထောင်တွင်ပင် နေကြရမည်ဖြစ်သည်ဟု သိရသည်။

“သူတို့ကတော့ ထောင်ပဲ အကျခံလိုက်မယ် ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သူတို့ လုံးဝ လွတ်မြောက်ဖို့ လုပ်ရမယ်။ သူတို ခံခဲ့ရတာတွေက များလွန်းနေပြီ” ဟု ဒေါက်တာ တင့်ဆွေက ပြောသည်။

အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ ရခိုင်နှင့် ကရင်တိုင်းရင်းသားများ ပါဝင်သည့် လူစုကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယရေတပ်က ဖမ်းဆီးခဲ့သည်။

ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပို့ဘလဲယားမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း သူတို့အဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ သေဒဏ်ပေးကွပ်မျက်ခံရပြီး ကျန်သူများကိုမူ ကလကတ္တားအကျဉ်းထောင်သို့ ပို့ဆောင်၍ အိန္ဒိယဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရားစွဲဆိုခဲ့သည်။

မြန်မာ သူပုန်များဟု အစွပ်စွဲ ခံခဲ့ရသူများသည် အိန္ဒိယထောက်လှမ်းရေးအဖွဲ့မှ ဒုဗိုလ်မှူးကြီး ဗီ အက်စ် ဂရာဝယ်လ် (Lt. Col. V.S. Grewal) နှင့် လျှို့ဝှက်သဘောတူညီထားသည့် “ပင်လယ်မျှော့ စစ်ဆင်ရေး”အတွက် လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် မြန်မာစစ်အစိုးရတို့ ပူးပေါင်းအကွက်ချ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အိန္ဒိယ အစိုးရမှ စွပ်စွဲသည့်အတိုင်း အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို လက်နက်များ ထောက်ပံ့မည့် လက်နက်ကိုင် သူပုန်များ မဟုတ်ကြောင်း အဖမ်းခံရသူများက အစဉ်တစိုက် ထွက်ဆိုခဲ့ကြသည်။

အမှု စစ်ဆေးစဉ် ကာလတလျှောက်လုံး တရားလိုဘက်မှ အထောက်အထားများ၊ သက်သေများ တင်ပြရန် ပျက်ကွက်မှုများစွာရှိခဲ့ပြီး တင်ပြခဲ့သည့် အထောက်အထားများမှာလည်း ခိုင်လုံမှု တစုံတရာမရှိကြောင်း မြန်မာသူပုန်များ၏ ရှေ့နေများက ဝေဖန်ပြစ်တင်ခဲ့သည်။

အဆိုပါ ၃၄ ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ရှေ့နေများက လျှောက်လဲခဲ့ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုပေးရေးအတွက် စဉ်းစားနေဆဲအဆင့် လက်မှတ်များကို တင်ပြခဲ့ကြသည်။

မြန်မာသူပုန်များကို နိုင်ငံရေး ခိုလှုံခွင့်ပေးရန် ချက်သမ္မတနိုင်ငံက ပြောဆိုမှုများ ရှိခဲ့ပြီး မြန်မာသူပုန်များအရေး လှုပ်ရှားနေသော Solidarity Committee ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခြင်းများ ရှိခဲ့သည်။

ဖမ်းဆီးထားသူများ လွတ်မြောက်ရေးအတွက် အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားသူများက ကြိုးပမ်းခဲ့ကြပြီး ဒေါက်တာ တင့်ဆွေ၊ Euro Burma ရုံးမှ ဒါရိုက်တာ ဦးဟန်ညောင်ဝေနှင့် အိန္ဒိယနိုင်ငံ အနောက် ဘင်ဂေါပြည်နယ်ရှိ အားကစားရေးရာ ၀န်ကြီးဌာနမှ အရာရှိတဦးတို့ကလည်း တရားရုံးတွင် အဖမ်းခံရသူ ၃၄ ဦးသည် မြန်မာပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် တော်လှန်ရေး သမားများသာ ဖြစ်သည်ဆိုသည့် အထောက်အထားများကို ယမန်နှစ် နိုဝင်ဘာလအတွင်းက တင်ပြ ထွက်ဆိုခဲ့ကြသေးသည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးခဲ့သော်လည်း အရှေ့မျှော် မူဝါဒကို စတင်ကျင့်သုံးခဲ့သည့် ၁၉၉၀ နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရနှင့် ရင်းနှီးစွာ ဆက်ဆံခဲ့ပြီး စစ်သုံးပစ္စည်းများ၊ နည်းပညာ အကူအညီများပေးခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းများ ပြုခဲ့သည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် ကျောင်းဆောင်ပြိုကျ

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်တွင် အသစ် ဆောက်လုပ် လျက်ရှိသော ကျောင်းဆောင် အဆောက် အအုံသည် ဇူလိုင်လ ၉ ရက်နေ့က ပြိုကျသွားကြောင်း သတင်းရရှိသည်။

တာဝန်ယူ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီက အဆိုပါ အဆောက်အအုံကို တက္ကသိုလ် တာဝန်ရှိသူများထံသို့ လွှဲပြောင်းခြင်း မပြုမီ ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် တာဝန်ရှိသူများသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော် လည်း ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်မှ အမည် မဖော်လိုသူ နည်းပြတဦးကမူ“ဆောက်လက်စ အဆောက်အအုံကြီး ပြိုကျ သွားတာပါ။ ထိခိုက် ဒဏ်ရာရတာတော့ တယောက်မှ မရှိပါဘူး” ဟု ပြောသည်။

ပြိုကျသွားသည့် အကြောင်းအရင်းကိုမှု ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်သည် တောင်ကြီးမြို့၏ တောင်ဘက် ၄ မိုင် အကွာတွင် တည်ရှိသည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်ကို ၂၀၀၀ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အစိုးရ ကွန်ပျူတာ ကောလိပ်အဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်တွင် နည်းပညာ တက္ကသိုလ် ၄ ခု၊ ကွန်ပျူတာ တက္ကသိုလ် ၄ ခု၊ ပညာရေး တက္ကသိုလ် ၁ ခုနှင့် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ၄ ခုရှိသည်။

စစ်အစိုးရ သတင်းစာများက ဖော်ပြသည့် အချက်အလက်များအရ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံတဝန်း၌ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းပေါင်း ၁၉၂ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာ ပညာရေးသည် နိုင်ငံတကာ အဆင်အတန်း မီကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း တက္ကသိုလ်နှင့် ကျောင်း အရေအတွက်သာ တိုးလာခြင်းဖြစ်ပြီး အဆင့်အတန်း ပြည့်မီခြင်းမရှိဟု လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် လူထု အုံကြွမှုအပြီး နိုင်ငံတ၀န်းလုံးရှိ ကျောင်းများ၊ တက္ကသိုလ်များကို ၂ နှစ်ခန့် ပိတ်ထားခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်လည်း ကျောင်းသား လှုပ်ရှားမှုကြောင့် စစ်အစိုးရက တက္ကသိုလ်များကို ၃ နှစ်ခန့် ပိတ်ထားခဲ့သည်။

၁၉၉၉ ခုနှစ်မှ စတင်၍ နိုင်ငံတ၀န်းလုံးတွင် တက္ကသိုလ်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၀ိဇ္ဇာ၊ သိပ္ပံ ရိုးရိုးဘွဲ့များအတွက် သင်တန်းကာလကို ၄ နှစ်မှ ၃ နှစ်သို့ လျှော့ချ သတ်မှတ်ခဲ့သည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

မယ်လ ဒုက္ခသည်စခန်း သွေးလွန်တုပ်ကွေးဖြစ်၊ သေဆုံးသူ ၅ ဦး အထိရှိလာ

ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်းတွင် ယခုနှစ် အတွင်း သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၅၀၀ ခန့် ရှိပြီး သေဆုံးသူ ၅ ဦး အထိ ရှိလာကြောင်း စခန်း တာဝန်ရှိသူများက ပြောသည်။

“သွေးလွန် တုပ်ကွေးဖြစ်တဲ့ လူနာတွေ တစ်ရက်ကို အနည်းဆုံး ၅ ယောက်၊ ၁၀ ယောက်လောက် ဆေးရုံ လာတက်တယ်”ဟု မယ်လ ဒုက္ခသည်စခန်း ဆေးရုံမှ ကျန်းမာရေး တာဝန်ခံ စောနေဆဲက ဧရာဝတီသို့ ပြောသည်။

ယခုနှစ် အတွင်း သွေးလွန် တုပ်ကွေး ဖြစ်ပွားခဲ့သူ များထဲမှ အသက် ၂ နှစ် အရွယ် ၁ ဦး၊ ၃ နှစ်အရွယ် ၁ ဦးနှင့် ၇ နှစ်အရွယ် ၁ ဦး အပါအ၀င် အသက် ၄၀ ကျော်အရွယ် ၂ ဦး သေဆုံး ခဲ့ကြောင်း ၎င်းက ဆိုသည်။

သက်ဆိုင်ရာ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက ရောဂါ ဖြစ်သူများ၏ နေအိမ်များသို့ သွားရောက်၍ သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေး ပညာပေးရေး အစီအစဉ် များကိုလည်း ဆောင်ရွက် ပေးကြောင်း သိရသည်။

ယင်း ဒုက္ခသည် စခန်းတွင် သွေးလွန်တုပ်ကွေးအပြင် ကူးစက်ရောဂါ ဖြစ်ပွားသည့် လူနာများလည်း များပြားလာကြောင်း စောနေဆဲက ပြောသည်။

လွန်ခဲ့သည့် မေလ နောက်ဆုံးပတ်မှစတင်၍ ယနေ့ အထိ ကူးစက် ၀မ်းရောဂါ ဖြစ်ပွားသူ လူဦးရေ ၃၀၂ ခန့်ကိုလည်း ဆေးကုသ ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

ကူးစက် ရောဂါ ဖြစ်ပွားသူများတွင် အသက် ၅ နှစ်နှင့် အထက် ကလေးငယ်များနှင့် လူကြီးများ ပါဝင်ကြောင်း၊ မယ်လ ဒုက္ခသည် စခန်းရှိ ဆေးရုံ တာဝန်ခံများက ပြင်သစ် အခြေစိုက် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အဖွဲ့ အစည်း တခုဖြစ်သော Aide Medical International (AMI) နှင့် ပူးတွဲ လုပ်ဆောင်နေကြောင်း သိရသည်။

မယ်လ ဒုက္ခသည်စခန်းတွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခု ရှိသည်။

ထိုဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။