Pages

Subscribe

Monday 7 June 2010

မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်

နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက ဦးတည် ကြိုးစားနေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက အချက်အလက်တွေကို လေ့လာ သုံးသပ်နေပြီလို့ IAEA ညွှန်ကြားရေးမှူးချုပ် ယုကိယ အာမန်နို (Yukiya Amano) က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် နျူကလီးယား သုတေသနလုပ်ဖို့ လိုအပ်တယ်လို့ IAEA ကို မြန်မာစစ်အစိုးရက အရင်တုန်းက အကြောင်းကြားခဲ့ပြီး ဖြစ်ပေမဲ့ အခုလိုမျိုး လက်နက်ထုတ်မယ့် အဆင့်အထိ ရောက်အောင် ကြိုးစားမှု ရှိမရှိကိုတော့ IAEA က သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
သြစတြီးယားနိုင်ငံ ဗီယင်နာက IAEA ဘုတ်အဖွဲ့ဝင် နိုင်ငံ ၃၅ နိုင်ငံရဲ့ အစည်းအဝေး ပထမနေ့ သတင်းစာ ရှင်းလင်းပွဲမှာ IAEA အကြီးအကဲ ယုကိယ အာမန်နိုက မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အထိ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရရှိတဲ့ အချက်အလက်တွေကို သုံးသပ်နေပြီလို့ ပြောပါတယ်။

“သတင်းမီဒီယာတွေထဲမှာ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ တွေ့ခဲ့ရတာမို့ ဒီသတင်း အချက်အလက်တွေကို စစ်ဆေး သုံးသပ်နေပါပြီ။ တကယ်လို့ လိုအပ်ရင်တော့ မြန်မာအစိုးရဆီက ရှင်းလင်းချက်တွေကို တောင်းခံရမှာပါ။”

မြန်မာနိုင်ငံတွင်း နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ လက်နက်ထုတ်နိုင်တဲ့ အဆင့်အထိ ယူရေနီယံသတ္တု သန့်စင်မှုတွေ လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းဟာ မနှစ်က နှစ်ဆန်းပိုင်းကတည်းက ထွက်နေခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်က ငြင်းဆိုတာမျိုး မရှိသလို ၀န်ခံတာမျိုးလည်း မရှိပါဘူး။ မြန်မာ့တပ်မတော်မှာ အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက မြန်မာနိုင်ငံမှာ ယူရေနီယံသတ္တု တူးဖော်မှုတွေနဲ့အတူ နျူကလီးယား တပ်ရင်းပါ ထားရှိပြီး နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တွေ ထုတ်နိုင်ဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ အထောက်အထားတွေကို တင်ပြခဲ့ပါတယ်။

ဒီအထောက်အထားတွေကို IAEA ရဲ့ နျူကလီးယား စစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရောဘတ် ကယ်လီ (Robert Kelley) က စစ်ဆေးခဲ့ပြီး ဒီအထောက်အထားတွေအရ မြန်မာနိုင်ငံမှာ အရပ်ဘက်အတွက် အသုံးပြုမယ့် နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေပါတယ်လို့ ပြောကြားချက်တွေအတွက် ယုံရခက်နေတယ်လို့ ပြောပါတယ်။

“သတင်းပေးတဲ့လူ အဆိုအရ မြန်မာနိုင်ငံမှာ ဓာတ်ပေါင်းဖို အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နျူကလီးယားအတွက် တာဝန်ပေးထားတဲ့ စစ်တပ်လို့ဆိုတဲ့ အမှုထမ်းတွေ အနေနဲ့လည်း အဆင့်မြင့် ယူရေနီယံ ထုတ်လုပ်နိုင်မယ့် ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ တာဝန်ပေးခြင်း ခံရတယ်လို့ ဆိုပါတယ်။ နိုင်ငံအခြေအနေနဲ့ ကြည့်မယ်ဆိုရင် ဒီလုပ်ငန်း နှစ်ရပ်စလုံးက မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အပြင် နိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန် ၀တ္တရားတွေနဲ့လည်း လုံးဝ မကိုက်ညီပါဘူး။

“ယူရေနီယံ သန့်စင်မှုလုပ်ငန်း၊ ယူရေနီယံသတ္တု ထုတ်လုပ်တာ စသဖြင့်က အရပ်ဘက် နျူကလီးယား အစီအစဉ်အတွက် မဟုတ်တဲ့ ပိုပြီး ကျယ်ပြန့်တဲ့ လက်နက်တွေ အစီအစဉ်အတွက် သွားပြီး သက်ဆိုင်နေပါတယ်။ အခု ကျနော်တို့ သိရှိခဲ့တဲ့ အချက်အလက်တွေ အားလုံးကို ဆန်းစစ်ကြည့်မယ်ဆိုရင် အရပ်ဘက်အတွက် ဘယ်လိုအသုံးပြုမယ်ဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။”

ဗိုလ်မှူး စိုင်းသိန်းဝင်း တင်ပြခဲ့တဲ့ ယူရေနီယံ သန့်စင်ရာမှာ အသုံးပြုမယ့် စက်တွေရဲ့ အနေအထားကို ကြည့်ပြီး မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း နျူကလီးယားနဲ့ ဒုံးလက်နက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် မစ္စတာ ကယ်လီက မျှော်လင့်မထားပေမဲ့ ဒါတွေဟာ အရပ်ဘက် ဖွံ့ဖြိုးရေးအတွက် သုံးဖို့ ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ကျနော်တွေ့ခဲ့ရတဲ့ ပစ္စည်းတွေရဲ့ လက်ရာကတော့ သိပ်ကို ညံ့ပါတယ်။ သူတို့ ဆောက်လုပ်နေတဲ့ ပစ္စည်းတွေ၊ သူတို့ ရေးဆွဲနေတဲ့ ပုံစံတွေ သိပ်ကိုညံ့ပါတယ်။ ကျနော်ပြောချင်တာက ဒီနျူကလီးယား အစီအစဉ်ဟာ မနက်ဖြန်လို အချိန်မျိုး ကျနော်တို့အတွက် အန္တရာယ်ရှိစေနိုင်မယ့် အနေအထားတော့ မရှိပါဘူး။ ကျနော် အလေးအနက် ထောက်ပြလိုတာက မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ချက် ရှိနေတယ် ဆိုတဲ့အချက်က အခုအချိန်မှာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နေရပြီဆိုတဲ့ အချက်ပါပဲ။”

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ နျူကလီးယား မပြန့်ပွားရေးအတွက် စာချုပ်တွေကို လက်မှတ် ရေးထိုးထားတာမို့ ဒီစာချုပ်တွေကို ချိုးဖောက်ရင် အရေးယူခံရနိုင်တယ်လို့ အင်ဒီးယားနား တက္ကသိုလ် ဥပဒေကျောင်းက ဒေါက်တာ အင်ဒရူး ၀ိန်ကျုံးလျန်က ပြောပါတယ်။

“ဗမာပြည်က IAEA နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်နဲ့ Comprehensive Nuclear Test and Treaty၊ အဲဒါတွေအပြင် NOT ခေါ် Device Supplement Agreement၊ IAEA နဲ့ သူတို့ အတူတွဲမယ့် ကိစ္စကိုလည်း သဘောတူထားတယ်။ ပြီးတော့ RCA လို့ခေါ်တဲ့ Research and Development ကိစ္စအတွက်ပဲ Nuclear Science and Technology ကို သုံးရမယ်ဆိုတဲ့ဟာလည်း အဖွဲ့ဝင် ဖြစ်ထားတယ်။ ပြီးတော့ South East Asia မှာ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုတဲ့ ဟာကိုလည်း ၉၅ မှာ လက်မှတ်ထိုးထားတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုတော့ သူ့မှာ နိုင်ငံတကာ ဥပဒေအရ ဖြစ်စေ၊ ဒေသန္တရဆိုင်ရာ သဘောတူညီချက် အရတွေပဲ ဖြစ်စေ လက်နက်ဘက်ကို ဦးတည်တဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုကို သူ့မှာ လုပ်ခွင့်မရှိဘူး။”

IAEA နဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုလုပ်ရမယ် ဆိုတာကို သတ်မှတ်ချက်တွေ ချထားတယ်လို့လည်း ပြောပါတယ်။ IAEA နဲ့ မြန်မာနိုင်ငံအကြား ပထမဆုံး ပြောဆိုမှုတွေ၊ နောက် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ၀င်ရောက် စစ်ဆေးမှုတွေ လုပ်ပြီး မှန်ကန်တယ်ဆိုရင် အရေးယူတဲ့အဆင့်ကို ဆက်လုပ်တယ်လို့ ဆိုပါတယ်။

“ပထမအချက်က သူတို့ ဗမာပြည်နဲ့ IAEA နဲ့ ညှိမယ်။ ဒုတိယအဆင့်က ညှိလို့မရရင် International Court of Justice ကို ဒီအမှုကို ပို့ပြီးတော့ သဘောထား ရယူမယ်။ ရယူပြီးမှ UN ကတဆင့် လိုအပ်သလို အဆင့်ဆင့် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ၂၀၀၉ ခုနှစ် IAEA General Conference မှာ ဗမာပြည် ကိုယ်စားပြုတဲ့ ဦးတင်ဝင်းက ဗမာပြည်မှာ အကြီးစား နျူကလီးယားစက်ရုံ မရှိသေးပေမဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ဖို့ နျူကလီးယား သုတေသနပြုမယ့် စက်ရုံ လိုတယ်ဆိုတာကို ဗမာပြည် အစိုးရက ပြောပြီးသား။ အဲတော့ ဒီကိစ္စ မထူးဆန်းဘူး၊ ဒါပေမဲ့ အရေးကြီးတာက ဘယ်အဆင့် ရောက်နေပြီလဲဆိုတာ သိရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။”

ဒေါက်တာ အင်ဒရူး ၀ိန်ကျုံးလျန် ပြောသွားတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ရောက်နေတဲ့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမြင့်ကတော့ မြန်မာဟာ လျှို့ဝှက် နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေတယ်ဆိုတဲ့ ပြောကြားချက်တွေဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း Asiaone Online သတင်းမှာ ဖော်ပြထားပါတယ်။

နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချ

နအဖ စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းသတင်း ထုတ်ဖေါ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ဇာတိ ကျောက်မဲမြို့၌စစ်ထောက် လှမ်းရေး အများအပြားတိုးချဲ့ချထားကြောင်း မြို့ခံများက ပြောပါသည်။

“အစတုန်းကတော့ စိုင်းသိန်းဝင်းသတင်းဘယ်သူမှ မသိဘူး၊ DVB နဲ့ အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာန တို့ဆက်တိုက် ထုတ်လွင့်နေတော့ သတင်းကြီးဖြစ်သွားတာ။ အဲဒီ့ကစပြီးတော့ပေါ့ ကျောက်မဲမှာ မြင်နေကျ ထောက်လှမ်းရေးတွေအပြင် ထောက်လှမ်းရေးလို့ယူဆရတဲ့တခြားမျက်နှာစိမ်းတွေလဲ အများအပြားရောက် လာတာတွေ့ရတယ်” - ဟုကျောက်မဲမြို့ သားတဦးက ပြောပါသည်။

ယခင်အပတ်ကစ၍ နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်းအကြောင်း နိုင်ငံခြားအခြေစိုက် သတင်းဌာနများ သို့ ဗိုလ်မှူးစိုင်းသိန်းဝင်း စတင်ဖွင့်ဟထုတ်ဖေါ်ခဲ့သည့်နောက်ပိုင်း မိခင်ဖြစ်သူအပါအ၀င် အစ်ကို အစ်မများ အားလုံး စရဖက ခေါ်ယူစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဟု ရန်ကုန်ရောက် သျှမ်းအမျိုးသား တဦးကဤကဲ့သို့ဆက်ပြော ပါသည်။

“စိုင်းသိန်းဝင်းက ဖခင်မရှိတော့ဘူး၊ မောင်နှမ ၄ ယောက်ရှိတယ်။ သူက အငယ်ဆုံး၊ စာအရမ်းတော်တယ်၊အထက် တန်းကို ဂုဏ်ထူးအများကြီးနဲ့ ၁၉၉၃ က အောင်တယ်၊ အခုကိစ္စအပေါ် သူ့မိသားစုကို ဖမ်းဆီးချုပ် နှောင်တာအခုထိ မရှိသေးဘူး၊ သူ့အိမ်ဝန်းကျင်မှာတော့ ထောက်လှမ်းရေးတွေအချိန်ပြည့်ဘဲ”

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဇာတိ ဗိုလ်မှူးစိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာသက္ကသိုလ်ကျောင်းပြီး သည့်အပြင် ရုရှားမှ ဒုံးပျံ အင်ဂျင်ဆိုင်ရာဘွဲ့လည်းရရှိခဲ့သည်။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ ဒု စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်း လျှို့ဝှက် စာတမ်းနှင့် အတူ နျူကလီးယားလက်နက်တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ သက်သေ ပစ္စည်းများယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။

သျှမ်းပြည် (မြောက်ပိုင်း) ၌ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချ

ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့် ပတ်သက်၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ မြို့တော်ခန်းမတွင် မေလ ကုန်ပိုင်း၌ ၂ ရက်ကြာ သင်တန်းပို့ချခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နအဖ နေပြည်တော်၏ဗဟိုရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပသည့် အဆိုပါ သင်တန်းတွင် မူစယ် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သင်တန်းသား ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။

မူစယ်ခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲကို ခရိုင်ဥက္ကဋ္ဌ ဦးချိုအေး မြို့နယ် ဥက္ကဋ္ဌ ဦးအုန်းမြင့် တို့အပါအ၀င် လူ ၃၀ ဦးဖြင့် မေလ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ရာ အဆိုပါ အဖွဲ့ဝင်များ သင်တန်းတက်ခဲ့ခြင်း ဖြစ်သည်။

“သင်တန်းမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေပေးသွားပါတယ် ကော်မရှင်အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်တွေ အများ ကြီးရှိပါတယ်”

“ဒီအထဲက ရွေးကောက် တင်မြောက်ခံရတဲ့ လွတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ သူ့သဘောကျ လုပ်ခွင့်ပေး ထားတာတွေရှိပါတယ်”

“ဥပမာ အမတ်တစ်ဦးဦးက အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျသွားလို့ရှိရင် ကော်မရှင်ကနေပြီး သူ့စိတ်ကြိုက်လူကို တင်မြှောက်နိုင်တယ်၊ လူထုမကြိုက်လည်း ကော်မရှင်ကို ပြန်တရားစွဲဆိုပိုင်ခွင့် မရှိဘူး ဒါမျိုးတွေပေါ့” ဟု နီးစပ်သူက ဆိုသည်။

မူစယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ခရိုင်နှင့်မြို့နယ် အဖွဲ့ခွဲဝင် ၁၅ ဦးစီပါဝင်ကာ ၄နှစ် သက်တမ်းရှိမည်ဖြစ်ပြီး ကျန်းမာရေး ပညာရေး မြေစာရင်း ဥပဒေ စည်ပင် စီမံကိန်း စသည့် ဋ္ဌာနဆိုင်ရာဝန်ထမ်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ ကွမ်းလုံ နှင့် လောက်ကိုင်ခရိုင်များ (လူအင်အား 40 လားရှိုးသို့ ရွေးကောက်ပွဲ ဆိုင်ရာသင်တန်းသွားပြီး မေ 27 ကိုးကန့်ဒေသသို့ပြန်လည်ရောက်ရှိ) တွင်လည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလားသီချင်း ဗီဒီယိုတွင် မြန်မာ ၂ ဦးပါဝင်

ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ တရားဝင် သီချင်း “Waka Waka” (This Time for Africa) ကို သုံးဘက်မြင် ရုပ်ကြွ ဗီဒီယို အဖြစ် ရိုက်ကူးရာတွင် မြန်မာ အမျိုးသမီးငယ် တဦး၏ “ကျမတို့က အာဖရိက ကပါ” ဟူသည့် မြန်မာ ဘာသာဖြင့် ပြောကြားချက် ကိုလည်း ထည့်သွင်း ရိုက်ကူးထားသည်။

ကမ္ဘာ့ဖလားသီချင်း Waka Waka ဗီဒီယိုတွင် မြန်မာ အမျိုးသမီး တဦးလည်း ဤသို့ ပါဝင်ကပြသည်

တောင်အာဖရိက တီးဝိုင်း Freshlyground ဖြင့် ယင်းသီချင်းကို နာမည်ကျော် အဆိုတော် Shakira က သီဆိုထားပြီး ရိုက်ကူးသည့် အစီအစဉ်ကို Youtube တွင် ကြည့်ရှုနိုင်သည်။

မြန်မာ အမျိုးသမီးငယ် ၂ ဦးက ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ နိုင်ငံသား များနှင့်အတူ ပါဝင် သရုပ်ဆောင် ထားပြီး ကိုယ်ပိုင် ဘာသာ စကားဖြင့် "We're all Africa” ဟု ပြောကြားရာတွင် မြန်မာအမျိုးသမီးငယ် တဦး၏ ပြောကြားချက် ကိုလည်း ထည့်သွင်း ထားခြင်း ဖြစ်သည်။
“အရမ်းကို စိတ်လှုပ်ရှားမိပါတယ်၊ အတွေ့ အကြုံကောင်း တခုပါပဲ။ သုံးဘက်မြင် ရုပ်ကြွနဲ့ ကျမရဲ့ ပထမဆုံးသော ဗီဒီယိုပါဘဲ”ဟု Shakiraက ဆိုသည်။

ပါဝင် သရုပ်ဆောင်ကြ သူများကလည်း ယင်းရုပ်သံတွင် ပါဝင်ခွင့်ရသည့် အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း ပြောကြသည်။

တောင်အာဖရိက နိုင်ငံသား အဆိုတော်ဖြင့် ယင်းသီချင်းကို ဂုဏ်ယူစွာ သီဆိုချင်သော်လည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) က လက်တင် အမေရိက အဆိုတော် Shakiraကို ရွေးချယ်ခဲ့သောကြောင့် တောင်အာဖရိကနိုင်ငံသား ဝေဖန်သူ အများစုက မကျေ မနပ် ဖြစ်လျက်ရှိသည်။

FIFA ဥက္ကဋ္ဌ ဆပ် ဘလတ္တာက “ပရိသတ်တွေက ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ အမှတ်တံဆိပ်တွေကို စောင့်မျှော်ကြသလိုပဲ၊ ကမ္ဘာ့ ဖလားနဲ့ ပတ်သက်ပြီး တရားဝင် သတ်မှတ်ပေးမယ့် သီချင်းတွေကိုလည်း စောင့်နေကြတယ်။ ဒါဟာ ကမ္ဘာ့ စိတ်အလှုပ် အရှားဆုံး အားကစားပြိုင်ပွဲ အမှတ်အသားရဲ့ အစိတ်အပိုင်းတခုပါ” ဟု ဆိုသည်။

ပရိသတ် အများစုက အဆိုပါ သီချင်းကို ကြိုက်နှစ်သက်ခြင်း မရှိကြ သကဲ့သို့ သီဆိုသည့် Shakira ကလည်း ညှို့အား ပြင်းထန် လွန်းကြောင်း ဝေဖန် ပြစ်တင်မှုများ ရှိသည်။

Waka Waka သီချင်း၏ သံပြိုင် သီဆိုရသည့် အပိုဒ်သည် ကင်မရွန်း နိုင်ငံ၏ စစ်ချီတေး သီချင်းကို ယူထား ကြောင်းလည်း FIFA ၏ အင်တာနက် စာမျက်နှာ ပေါ်တွင် ရေးသား ထားသည်။

Waka Waka ကို ထုတ်လွင့် ခဲ့သည့် အချိန်မှာ အနည်းငယ် နောက်ကျ သဖြင့် ကမ္ဘာ့ ဖလားကို စီစဉ် ဆောင်ရွက် ကြသူများနှင့် ကိုကာကိုလာ ကဲ့သို့သော စီးပွားရေး ကုမ္ပဏီများက အဆိုတော် Knaan ၏ Wavin' Flag သီချင်းဖြင့် ကုန်ပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့် ကြော်ငြာခဲ့ကြသည်။

သို့သော်လည်း Wavin' Flag သီချင်းမှာ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲအတွက် တရားဝင် သီချင်းဖြစ်မလာခဲ့ချေ။

“Waka Wakaမှာ အာဖရိကကို ပြတဲ့ အချိန်ကျတော့ အ၀တ်မပါတဲ့ လူရိုင်းတွေကို ပြပြီး ဥရောပတိုက်ကို ပြတဲ့ အခါကျတော့ ကျကျနန ၀တ်စား ထားတဲ့သူတွေကို ပြထားတော့ ဒီသီချင်းက လူသားအချင်းချင်း နည်းနည်း ခွဲခြားထားသလိုပဲ။ ဒါကြောင့် ကျနော် ကတော့ Knaanရဲ့Wavin' Flag သီချင်းကို ပိုကြိုက်တယ်” ဟု ယင်းသီချင်းကို ကြည့်ရှုခဲ့သူ မြန်မာကျောင်းသား တဦးက ဆိုသည်။

ပရိသတ်တချို့က အာဖရိကနှင့် ပိုမိုနီးစပ်သည့် Wavin' Flag တေးသီချင်းကို ပိုမိုကြိုက်နှစ်သက်ကြသော်လည်း ယင်းသီချင်းမှာ နိုင်ငံရေး သီချင်းဆန်ကြောင်း၊ Waka Wakaကို သီဆိုရသည်မှာ လွယ်ကူပြီး ပျော်ပျော်ရွှင်ရွှင် သီဆိုနိုင်ကြောင်း ဝေဖန်သူ တချို့က ပြောသည်။

လာမည့် သောကြာနေ့တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ အော်လန်ဒို ဘောလုံးကွင်းတွင် ကျင်းပမည့် ကမ္ဘာ့ ဖလား ဖွင့်ပွဲ အခမ်းအနား၌ သီဆိုဖြေဖျော်မည့် Shakira ၏ အစီအစဉ်ကို ကြည့်ရှုရန် သန်းပေါင်းများစွာသော လူများတို့ စောင့်မျှော်လျက် ရှိကြသည်။

လူပေါင်း ၄၀၀၀၀ ခန့်ဆန့်သော အဆိုပါ ဘောလုံးကွင်း အတွက် လက်မှတ်များမှာ ရောင်းချပြီးပြီဖြစ်သည်။

၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အဆိုတော် ရစ်ကီမာတင်၏ “La Copa de la Vida” သီချင်းသည် မြန်မာ ပရိသတ်များ အကြား လူကြိုက်များခဲ့သည်။

ကြံ့ဖွံ့အသင်းဆိုင်းဘုတ်များ ဖြုတ်ချ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန်မြို့တွင်းရှိ မြို့နယ် ရုံးခွဲတချို့သည် ၎င်းတို့၏ ဆိုင်းဘုတ်များကို ယနေ့ ဖြုတ်ချ ခဲ့ကြောင်း သိရသည်။

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ ကျောက်တံတားနှင့် ရန်ကင်းမြို့နယ်ရှိ ရုံးများတွင် တပ်ဆင်ထားသော ဆိုင်းဘုတ်များကို ဖြုတ်ချနေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ကျောက်တံတားမြို့နယ် ကြံ့ဖွံ့ရုံးဆိုင်းဘုတ် မဖြုတ်မီပုံနှင့် ယနေ့ဖြုတ်ပြီးသွားသည့်ပုံကို ဤသို့ယှဉ်၍ မြင်တွေ့နိုင်သည် (ဓာတ်ပုံ - ဧရာဝတီ)

ဧပြီလ ၂၉ ရက်နေ့တွင် ကြံ့ဖွံ့အသင်း ခေါင်းဆောင်များဖြစ်သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တခြားသော ၀န်ကြီး ၂၆ ဦးနှင့် စစ်တပ်မှ အရာရှိတို့စုစည်းကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြံ့ဖွံ့ ပါတီကို ဖွဲ့စည်းခဲ့သည်။

ယခုကဲ့သို့ ဆိုင်းဘုတ်ဖြုတ်ချခြင်းမှာ ကြံ့ဖွံ့ အသင်းကို နိုင်ငံရေး ပါတီအဖြစ်သို့ လုံးလုံးလျားလျား အသွင်ပြောင်းလဲခြင်း ဟုတ်၊ မဟုတ် ကိုမူ မသိရှိရသေးပေ။

ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော် လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင် အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

ကွမ်းခြံကုန်း ဓားပြမှု KNU နှင့် ပတ်သက်ခြင်း မရှိဟု ငြင်းဆို

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒရယ်လူး ကျေးရွာတွင် ဓားပြတိုက်မှုနှင့် ဆက်စပ်၍ စွပ်စွဲ ဖမ်းဆီးခံရ သူများသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့နှင့် ပတ်သက်ခြင်း မရှိကြောင်း KNU က ငြင်းဆိုလိုက်သည်။

ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဓားပြတိုက်ခဲ့သော အဖွဲ့မှာ KNU အဖွဲ့ဝင်ဟောင်းများ ဖြစ်သည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ စွပ်စွဲချက်ကို ယခုကဲ့သို့ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။
KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက “KNU အဖွဲ့ဝင်ဟောင်းသည် ဖြစ်စေ မဟောင်းသည်ဖြစ်စေ ရှင်းရှင်း ပြောရရင် ပါဝင်ပတ်သက်မှု မရှိတဲ့ လူတွေပဲလို့ ပြောလို့ရတယ်။ သူတို့ (KNU) အဟောင်းတုန်းကလည်း ကျနော်တို့နဲ့ ပတ်သက်တာမှ မဟုတ်တာ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက KNU အဖွဲ့ဝင်ဟောင်းဟု သုံးခြင်းသည် တစုံတခု ဖြစ်ပွားခဲ့ပါက လိုအပ်လျှင်လိုအပ်သလို အသုံးချနိုင်ရန် အမည်တပ်ခြင်းသာ ဖြစ်ကြောင်း ဖဒို စောလှငွေက ဆိုသည်။

မသင်္ကာမှုဖြင့် အဖမ်းခံရသူများမှာ ဦးဆန်း၊ ဦးသောင်းလွင် (ခ) ဆေးလုံး၊ ဦးအေးလွင်နှင့် ဦးခင်းမောင်ဝင်း တို့ဖြစ်ကြောင်း သိရသည်။ မသင်္ကာသူ တဦးမှာမူ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင် ရေးသားထားသည်။

ရဲချုပ် ခင်ရီက “ခင်မောင်ဝင်းနဲ့ လွတ်မြောက်နေတဲ့ အေးသန်းတို့ဟာ KNU အကြမ်းဖက် သောင်းကျန်းသူ တပ်မဟာ (၁) လက်အောက်ခံ ဗိုလ်မောင်နီရဲ့ တပ်ခွဲက တပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်ပါတယ်” ဟု ပြောကြောင်း စစ်အစိုးရ သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

ဖဒို စောလှငွေကမူ “ကျနော်တို့ အဖွဲ့အစည်းနဲ့ စပ်ဆက်ပြီး မရှိတော့တဲ့ လူတွေဟာ သူတို့ (စစ်အစိုးရ) နဲ့ပဲ ပတ်သက်တာ။ ဘာဖြစ်လို့ သူတို့နဲ့ ပတ်သက်တာလဲ ဆိုရင် သူတို့ မျက်စိအောက်မှာ သူတို့ရဲ့ မှတ်ပုံတင်နဲ့ နေနေတဲ့ လူတွေမို့လို့ပဲ” ဟု ဆိုသည်။

လွန်ခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဒရယ်လူးရွာနေ ဒေါ်သိန်းမြင့် အိမ်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ပြန်လည်ခုခံသောကြောင့် ရွာသား ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကာ ကျပ်ငွေ ၁၃ သိန်းနှင့် ရွှေလက်စွပ် တကွင်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မသင်္ကာမှုဖြင့် ဖမ်းဆီးခံခဲ့ရသော ဦးဆန်းက ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သည်ဟု ထွက်ဆိုခဲ့ပြီးနောက် ဆက်စပ် ပါဝင်သူများကို လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဖမ်းခံရသူများထဲမှ တချို့သည် ၁၉၉၀ ပြည့်နှစ်အတွင်း အလင်းဝင်ခဲ့ကြသူများနှင့် ယခင်က ဓားပြတိုက်မှုဖြင့် ထောင်ကျဖူးသူများ ဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် မေလ ၆ ရက်နေ့က ပဲခူးတိုင်း ရွှေကျင်မြို့နယ်တွင် ကားအတွင်း ဝှက်၍ သယ်ယူလာသော လက်နက်များ ဖမ်းမိသည့် ကိစ္စတွင်လည်း KNU နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကိုလည်း ရဲချုပ် ခင်ရီက ထည့်သွင်း စွပ်စွဲထားသေးသည်။

ကားအတွင်း ဝှက်၍ လက်နက် မျိုးစုံ ၇ လက်နှင့် ကျည်ဆန်ကဲ့သို့သော ဆက်စပ်ပစ္စည်း ၁၂ မျိုးကို ဖမ်းဆီးရမိသည်ဟု ရဲချုပ် ခင်ရီက ပြောသွားသည်။

စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း နယ်စပ် အခြေစိုက် လက် နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသည်။

ပြီးခဲ့သည့် သင်္ကြန် ကာလအတွင်း ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု၌ ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD -LA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကို စစ်အစိုးရက စွပ်စွဲခဲ့သည်။

စစ်အစိုးရက မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် တခြားသော မှုခင်း တချို့ကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည် ဆိုသော်လည်း ၂၀၀၈ ခုနှစ် မတ်လအတွင်း၌ ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာလမ်းရှိ နေအိမ်တခုတွင် ငါးလောင်းပြိုင် လူသတ်မှုကို ယနေ့အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

သတင်းစာရှင်းလင်းပွဲတွင် ငါးလောင်းပြိုင် သေဆုံးမှုနှင့် ပတ်သက်၍ ရဲချုပ်ခင်ရီက စုံစမ်းနေဆဲ ဖြစ်သည်ဟုသာ ဖြေကြားကြောင်း တက်ရောက်ခဲ့သည့် ပြည်တွင်း စာနယ်ဇင်းသမား တဦးက ပြောသည်။

မယ်လစခန်းတွင် ကာလဝမ်းရောဂါသည် တိုးပွားလာ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာရှိ မယ်လဒုက္ခသည်စခန်းတွင် “ကာလဝမ်းရောဂါ” ဖြစ်သူ ၁၁ ရက်အတွင်း ၄ ဆကျော် တိုးပွားလာရာ ၃၁ ဦး ရှိသွားပြီဖြစ်ကြောင်း စခန်းတွင်းဆေးရုံမှ စုံစမ်းသိရှိရသည်။

ဝမ်းလျှောဝမ်းပျက်သဖြင့် ယခင်လ ၂၅ ရက်နေ့တွင် စခန်းအတွင်းရှိ Aide Medical International (AMI) ဆေးရုံသို့ ရောက်ရှိလာသူ လူနာ ၇ ဦး ၏ မစင်နမူနာများကို မဲဆောက်ဆေးရုံသို့ ပေးပို့စစ်ဆေးစေခဲ့ပြီးနောက် “ကာလဝမ်းရောဂါ” ခံစားနေရကြောင်း ၂၇ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့သည်။
ယင်းရက်နောက်ပိုင်း ဝမ်းလျှောလူနာများ AMI ဆေးရုံသို့ နေ့စဉ်ရောက်ရှိလာရာ ယမန်နေ့အထိ စုစုပေါင်း ၆၄ ဦး ရှိသွားခဲ့ပြီး ၎င်းတို့၏ မစင်များကိုလည်း မဲဆောက်ဆေးရုံကြီးသို့ ပေးပို့စစ်ဆေးပြီး ၃၁ ဦးသည် ကာလဝမ်းရောဂါ ဖြစ်နေကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့သည်။ ကျန် ၃၃ ဦးမှာမူ အဖြေမရသေးကြောင်း AMI ဆေးရုံအုပ်ထံမှ သိရသည်။

မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်ကလည်း ကာလဝမ်းရောဂါ ဖြစ်ပွားရခြင်းသည် ယင်လုံအိမ်သာ မသုံးစွဲနိုင်မှု၊ မသန့်ရှင်းသော ရေကို သောက်သုံးခြင်းနှင့် မလတ်ဆတ်သည့် အသီးအရွက်များကို စားသုံးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အဓိက ကတော့ သန့်ရှင်းတဲ့ ရေနဲ့ အိမ်သာတွေ လုံလုံလောက်လောက်ရှိဘို့နဲ့ မလတ်ဆတ်တဲ့ အစားအစာတွေ မစားကြဖို့ပေါ့နော်။ အခုဖြစ်တာလည်း အဲဒါတွေက ဖြစ်တာပဲလေ” ဟု သူက မဇ္ဈိမကို ပြောသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ရပ်ကွက် ၂၂ ခုအနက် ၆ ခုတွင် ရောဂါဖြစ်နေပြီး C.1 (B)၊ C. 3 (B)၊ C.3 (A)၊ C.1 (A) တို့တွင် အများဆုံးဖြစ်ပြီး B.2၊ B.5 ရပ်ကွက် ၂ ခုတွင်မူ အနည်းစု ဖြစ်သည်။

ကာလဝမ်းရောဂါဖြစ်သူ ၃၁ ဦးအား AMI ဆေးရုံ ကူးဆက်ရောဂါ ကုသရေးဌာနတွင် သီးသန့်စီခွဲ၍ ကုသပေးနေပြီး အဖြေမသိရသေးသူ ၃၃ ဦးကိုမူ သူတို့၏ နေအိမ်များတွင် သွားရောက်ကုသပေးနေကြောင်း AMI ဆေးရုံအုပ် စောနေစဲန်က ပြောသည်။

“ပထမအချက်က သူတို့သောက်သုံးနေတဲ့ ရေတွင်းတွေက ရေတွေကို စစ်ကြည့်တော့ အဲဒီမှာ ကာလဝမ်းရောဂါပိုးတွေ တွေ့တယ်။ အမှည့်လွန်တဲ့ သရက်သီးတို့ ကြက်မောက်သီးတို့ တခြား ရက်လွန် ဟင်းသီး၊ ဟင်းရွက်တွေမှာလည်း တွေ့ရတယ်” ဟု သူက မဇ္ဈိမကိုပြောသည်။

Aide Medical International (AMI) သည် ပြင်သစ်အခြေစိုက် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့စည်းတခုဖြစ်ပြီး ထိုင်းနိုင်ငံတွင်းရှိ မယ်လ၊ နို့ဖိုး၊ အုန်းဖျံ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။

မယ်လစခန်းတွင် အိမ် ၃ လုံးလျင် ယင်လုံ (ရေသုံး) အိမ်သာ ၁ လုံးနှုန်းသာရှိပြီး ရေမသုံးသည့် အိမ်သာများလည်း အသုံးပြုနေကြကြောင်း သိရသည်။

“တချို့တွေကြတော့ အိမ်သာတလုံးတည်း စုမတက်ချင်ဘူး။ နေရာကကျဉ်းတော့ အိမ်အောက်မှာပဲ ကျင်းတူးပြီး ရေလောင်းအိမ်သာမဟုတ်တဲ့ ဟာတွေ အသုံးပြုကြတယ်။ နောက်ဆက်တွဲ ပြဿနာက ရေကလည်း မလုံလောက်ဘူး။ လက်နဲ့တူးတဲ့တွင်းတွေက ရေတွေသုံးတော့ အဲဒီရေတွေထဲမှာ ပိုးတွေတွေ့ရတယ်” ဟု စောနေစဲန်က မဇ္ဈိမကို ပြောသည်။

ယခုအခါ ပိုးတွေ့ရသည့် ရေတွင်းများကို အသုံးမပြုရန် ချိတ်ပိတ်ထားကြောင်း သိရသည်။

ဝမ်းရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ စခန်းတာဝန်ရှိသူများနှင့် AMI ဝန်ထမ်းများက မသန့်ရှင်းသောရေများ မသောက်သုံးရန်၊ မသန့်ရှင်းသော သစ်သီး သစ်ဥများ မစားရန်နှင့် အိမ်သာတက်ပြီးလျှင် လက်ဆေးကြရန် ရက်ကွက်အလိုက် လိုက်လံ၍ တိုက်တွန်းနေသည်ဟု သိရသည်။

အိမ်သာနှင့် ရေတွင်း ရေကန်များကို ပိုးသတ်ဆေးများ လိုက်ဖျန်းကြပြီး မသန့်ရှင်းသည့် ဟင်းသီး၊ ဟင်းရွက်များနှင့် သစ်သီးများကိုလည်း မရောင်းချရန် တားမြစ်ထားကြောင်း စခန်းကော်မတီ ဥက္ကဋ္ဌ စောထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

မယ်လစခန်းထဲ၌ ၂ဝဝ၇ ခုနှစ်တွင် ယခုကဲ့သို့ ကာလဝမ်းရောဂါမျိုး တကြိမ်ဖြစ်ပွားခဲ့သော်လည်း သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထွက်ပြေးလာသည့် ကရင်အများစု ဖြစ်သည့် ဒုက္ခသည်များ နေထိုင်ကြပြီး ယခုနှစ်မတ်လအထိ စုစုပေါင်း ၄ သောင်းခန့် ရှိသည်ဟု ဒုက္ခသည်များကို အကူညီပေးနေသော TBBC အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော ဒုက္ခသည်ပေါင်းမှာ ၂ဝ၁ဝ မတ်လအထိ ၁၄ဝဝဝဝ ဦးခန့်ရှိကြောင်း ယင်းအဖွဲ့က ဆိုသည်။

ဆေးခန်းအချို့ HIV/AIDS မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေးနေ

အချို့သော ဆေးခန်း များသည် အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေး နေကြောင်း Marie Stopes International (Myanmar) မှ ပြော သည်။ အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် ဖြစ်လျှင် အပြစ်တင် ခံရခြင်း များနှင့် သိက္ခာ ကျမှု အဖြစ် လူမှု ပတ်ဝန်းကျင် သတ်မှတ် မှုများကြောင့် ယင်းကဲသို့ လိမ်လည်မှုများ များပြား လာနေသည်။ မင်္ဂလာ ဆောင်ရန် အတွက် အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိ ကြောင်း လိမ်ညာ မှုများနှင့် သမီးရည်း စားချင်း လိမ်ညာ ဆက်ဆံ ခြင်းများသည် ကာယကံရှင် တို့နှင့် ၎င်းတို့၏ လူမှုအဖွဲ့ အစည်း အတွက် ထိခိုက်မှုများ ဖြစ်ပေါ် စေပြီး ရောဂါ ဘယ ပြန့်ပွား မှုများ ဖြစ် ပေါ်စေသည်။
"လက်မှတ် အတု အတွက် ကျွန် တော်တို့ကို လာညှိ တာတွေ ရှိတယ်။ ကျွန်တော်တို့ မလုပ်ပေး ခဲ့ဘူး။ ဒါတွေဟာ ခွဲ ခြား ဆက်ဆံမှုတွေကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုး ကျိုးတွေပဲ"ဟု ဒေါက်တာ စစ်နိုင်က ပြောသည်။ အချို့သော သူများသည် ရောဂါ မရှိသည့်တိုင် ၎င်း၏ ထိမ်းမြားမှု အတွက် သို့မဟုတ် သမီး ရည်းစားချင်း ယုံကြည်မှု သက်သေ အတွက် ရောဂါ ကင်းရှင်းကြောင်း လက်မှတ် အတုများ ကို လိမ်လည် ပြုလုပ်ကြခြင်း ဖြစ်သည်။ ယင်း အတွက် လက်မှတ် အတု ပြုလုပ်ပေးသည့် ဆေးခန်းများ တွင် တာဝန်ရှိပြီး ကျန်းမာရေး ဆိုင်ရာ လူမှု ဆိုးကျိုးများ မဖြစ်ပေါ်ရန် အတွက် ကျန်းမာရေး ၀န်ထမ်းများ ပါဝင်ပတ် သက်ခြင်းကို ရှောင်ရှားရန် လိုအပ်မည် ဖြစ်သည်။

"အမျိုးသမီး တစ်ယောက် အနေနဲ့ ကတော့ ဒီခေတ်မှာ ကိုယ့်ဘ၀ အတွက် ရွေးချယ်မယ့်လူ တစ်ယာက်ကို အေ့ဒ်စ် ရောဂါ စစ်ဆေး စေချင်တယ်။ ဒါပေမဲ့ ကျွန်မတို့ လူ့အဖွဲ့ အစည်းမှာ ဒီလို လုပ်ဖို့က အယုံ အကြည် ကင်းမဲ့မှု အဖြစ် အိမ်ထောင်ရေး ပြိုကွဲဖို့က အလေးသာ နေဆဲပဲ" ဟု အကျိုးဆောင် လုပ်ငန်းလုပ် ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ ကမ္ဘာပေါ်တွင် ယင်းကဲ့သို့ သော အေ့ဒ်စ်ရောဂါ ကင်းရှင်းကြောင်း လက်မှတ် အတု လုပ်ဆောင်မှု အများ အပြားရှိ နေပြီး ယင်းသို့ ဖြစ်ရခြင်းသည် နှိမ့်ချခွဲခြား ဖယ်ကြဉ်ခြင်းများကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း ဆေးပညာ အသိုင်း အ၀ိုင်းမှ ယူဆ ထားကြကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။

ရန်ပုံငွေ အတွက် ရုပ်ရှင် အနုပညာရှင်တွေ ဗီဒီယို ဇာတ်ကား ခြောက်ကား ရိုက်ကူး

ဝင်္ကဘာလမ်းမှာ တည်ရှိတဲ့ ရုပ်ရှင် သမိုင်း ပြတိုက် နဲ့ ရုပ်ရှင် အစည်းအရုံး ခန်းမကြီး ပြုပြင်ဖို့ အတွက် ရန်ပုံငွေ တစ်ရပ် အနေနဲ့ ဒါရိုက်တာ ခြောက်ဦး နဲ့ သရုပ်ဆောင်တွေ စုစည်းပြီး ဗီဒီယို ဇာတ်ကား ခြောက်ကားကို မေတ္တာနဲ့ ရိုက်ကူး ပေးကြမယ်လို့ သိရ ပါတယ်။ "ပြတိုက်နဲ့ ခန်းမက သက်တမ်း ကြာပြီ ဆိုတော့ ယိုယွင်း လာပြီ။ အမိုးတွေ ကလည်း မလုံတော့ တာကြောင့် မိုးယိုတာတွေ ဖြစ်နေတယ်။ မိုးရွာလာရင် ပြတိုက်ထဲက ရုပ်ရှင် လောကရဲ့ သမိုင်း မှတ်တမ်းတွေ ပျက်စီး ကုန်မှာ စိုးရိမ်တာ ကြောင့် ခုလိုပြင်ဆင်ဖို့ ဆုံးဖြတ် တာပါ။ ရုပ်ရှင် လောက သားတွေ ကလည်း မေတ္တာနဲ့ ကူညီကြမှာပါ"လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌဖြစ်တဲ့ ဦးမြင့်သိန်းဖေက ပြောပါတယ်။
ဇာတ်ကား ခြောက်ကားကို ဒါရိုက်တာ ခြောက်ဦးမှ တစ်ကားစီ တာဝန်ယူ ရိုက်ကူး ကြမှာဖြစ်ပြီး ဒါရိုက်တာ မျိုး ဇော်အောင် ရိုက်ကူးပြီး မင်းမော်ကွန်း နဲ့ အိန္ဒြာကျော်ဇင်တို့ ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ ဒါရိုက်တာ ဟိန်းဇော်ရိုက်ကူးပြီး ဟိန်းဝေယံနဲ့ သက်မွန်မြင့်တို့ ပါဝင်ထားတဲ့ ဇာတ်ကားနှစ်ကား ရိုက်ကူးပြီးစီးသွားပြီလို့ သိရကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။ မေတ္တာနဲ့ ရန်ပုံငွေ ရှာဖွေရေးမှာ ကူညီသူ ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ မလိခ စိုးထိုက်အောင် ကလည်း "အနုပညာရှင်တွေ အားလုံး ကူညီကြ တာပါ။ ရိုက်ကူးဖို့ ကျန်နေသေးတဲ့ ဒါရိုက်တာ တွေက ကျွန်တော်ရယ်၊ ဒါရိုက်တာ အိအိခိုင်၊ ဒါရိုက်တာ ဇော်မြင့်ဦးနဲ့ ဒါရိုက်တာ အောင် စိုးဦးတို့ ကျန်ပါ သေးတယ်"လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား တိုးမြှင့် ဖြန့်ဝေ မည်ဟုဆို

မိုးရာသီ ကာလ ဖြစ်သော်လည်း အချိန်ပိုင်း အလှည့်ကျ စနစ်ဖြင့်သာ လျှပ်စစ် ဓာတ်အား အသုံးပြုနေ ရသော ရန်ကုန် မြို့တော်၌ ဇွန်လ ဒုတိယပတ် နှောင်းပိုင်းမှ စတင်၍ လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဝေ ပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ အကြီးတန်း အင်ဂျင်နီယာ တစ်ဦး၏ အဆိုအရ သိရသည်။ ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေး ရွာမှ တစ်ဆင့် သွယ်တန်း ထားသော ၂၄ လက်မ ကမ်း လွန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း များမှာ အလုံနှင့် ရွာမ တို့ရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ အထိ သွယ်တန်း ပြီးစီးခြင်း၊ ဒေသ အနှံ့အပြားတွင် မိုးရွာသွန်းခဲ့၍ ရေအား လျှပ်စစ် ထုတ်လုပ် မှုမှာ ပြန်လည် မြင့်တက်လာခြင်းများကြောင့် ဓာတ်အား ဝင်ရောက်မှု ပိုမို များပြားလာကြောင်း ၄င်းက ဆိုသည်။ ပိုက်လိုင်း အသစ်က သွယ်ပြီး သွားပေမယ့် ဓာတ်ငွေ့ မလွှတ်သးဘူး။ ပိုက်လိုင်း အဟောင်းက ရေးမှာ ပေါက်လိုက်၊ မုဒုံမှာ ပေါက်လိုက်၊ လမိုင်းမှာ ပေါက်လိုက်ဖြစ်နေတယ်ဟု အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ထံမှ သိရှိရသည်။ ယခုနှစ် ပွင့်လင်း ရာသီကာလ အတွင်း မြန်မာနိုင်ငံ ဒေသ အနှံ့ အပြားတွင် အပူချိန် စံချိန်တင် မြင့်မားခဲ့ မှုကြောင့် ရေအား လျှပ်စစ် စီမံကိန်း များတွင် ထုတ်လုပ်မှု သိသာစွာ ကျဆင်းခဲ့ပြီး ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းတွင် လျှပ်စစ် ဓာတ်အား ထုတ်ယူရန် ရေလက်ကျန် ပမာဏမှာ ၂၁ ရက်သာ ရှိကြောင်း အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက မေလ ဆန်းပိုင်းတွင် ထုတ်ပြန်ချက်များ အရ သိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။