Pages

Subscribe

Tuesday 29 June 2010

မိုးခေါင်ရေရှားမှုကြောင့် တောင်သူများ အခက်တွေ့

ရှမ်းပြည်တောင်ပိုင်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးကို အမှီပြုနေရသည့် တောင်သူနှင့် ဒေသခံ များ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် စပါးအများဆုံး ထွက်သည့် ဟိုပုံးလွင်ပြင်တွင် ယခုနှစ် မိုးနောက် ကျသဖြင့် နောက် တကြိမ် ပျိုးထပ်မံ စိုက်ပျိုးရသဖြင့် လယ်သမားများ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ယင်းဒေသတွင် သ ဘာဝပတ်ဝန်းကျင်နှင့် သတ္တုတွင်းတူးဖော်ရေး စောင့်ကြည့်လေ့လာသူ ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ချန်ကီ က ပြောသည်။

“ပထမ ပျိုးတဲ့ပျိုးပင်က စိုက်လို့မရဘူး၊ မိုးမလာတော့ စိုက်လို့မရဘူး။ အဲ့ဒီတော့ လယ်သမားတွေက နှစ်ခါကုန်တာပေါ့။ ကုန်ကျစရိတ်က အရင်နှစ်ထက်ပိုများတယ်လေ။”

ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာ အတော်များများသည် မိုးရေကိုနှစ်စဉ် သိုလှောင်ပြီး အသုံးပြုခဲ့ကြရာ ယခုနှစ်တွင် ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ဆက်ပြောသည်။

“ဟိုးဆီဆိုင်မြို့ရဲ့အရှေ့ဖက်ကရွာ အဲ့ဒီဖက်ကရွာသုံးရွာ လေးရွာမှာလည်း ရေမလုံလောက်တဲ့ပြဿနာ ရင်ဆိုင်ရတယ်။ အဲ့ဒီရွာတွေက ဖလိုင်ရွာ၊ လွယ်တဖြီးရွာတို့ပေါ့နော်၊ လွယ်ထွယ်ရွာတို့၊ တောင်းတပ်ရွာ တို့၊ အဲဒီ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ရွာပေါ့။”

ရာသီဥတု ဖောက်ပြန်ပြီး မိုးမရွာသဖြင့် တောင်သူလယ်သမားများက ကောက်မစိုက် နိုင်သည့် အတွက်ကြောင့် နေ့စားအငှားလိုက်သူများလည်း အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။

ဖွံ့ဖြိုးရေး စီမံကိန်းများတွင် မြေယာသိမ်းယူခြင်းများကလည်း ရေခမ်းခြောက်မှုကို ဖြစ်စေသည်ဟု ခွန်ချန်ကီက ပြောသည်။

“နဂိုကတည်းက သူတို့ စိုက်ပျိုးနေတဲ့ မြေတွေကို အစိုးရက သိမ်းသွားတယ်။ အဲလိုမျိုး သိမ်းသွားတော့ သူတို့က ဟိုတခြားနေရာသစ်ကို သွားရှာရတယ်။ သစ်ပင်တွေ ပြန်ခုတ်ရတယ်။ ပြန်ခုတ်တော့ သစ် တော ပြုန်းတီးတာတွေ ဖြစ်လာတယ်။ ရေတွေ ခမ်းလာတယ်။ ရာသီဥတုတွေပါ ဖောက်ပြန်လာ တယ်။”

ပင်လောင်းဒေသတွင်လည်း တီကျစ် ကျောက်မီးသွေးတွင်း တူးဖော်မှုကြောင့် ရေခမ်းခြောက်ခြင်း ပြဿနာနှင့် ရင်ဆိုင်ရကြောင်း ဆက်ပြောသည်။

“ကျောက်မီးသွေးတူးလိုက်တော့ ရေကြောထိတယ်။ ကျောက်မီးသွေးတွင်းမှာ ရေထွက်လာတယ်။ ရေ ထွက်လာတော့ ဟိုးတဖက်ရွာမှာ ပလုန်းတန်ရွာဖက်မှာ ရှိတဲ့ ရေအိုင်က ခန်းသွားတာပေါ့၊”

ဒေသခံပြည်သူများမှာ ရေပြဿနာကြောင့် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသည့် အပြင် အလုပ်လက်မဲ့ ပြဿနာများအပြင် နောက်ဆက်တွဲအနေနှင့် စပါးအထွက် ကျဆင်းလာနိုင်သဖြင့် ဒေသခံများက စိုးရိမ်နေ ကြသည်။

သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် အားမီ ရေးသားသည်။

လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် (NLD) ဗဟိုနှင့် မြို့နယ်စည်းများတွေ့ဆုံ

နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံမတင်တော့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုမှ တာဝန်ရှိသူများက နယ်များသို့ဆင်း၍ လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် ဆွေးနွေးညှိုနှိုင်းခဲ့သည်ဟု NLD ဗဟိုအ လုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

သာယာဝတီမြို့နယ်တွင် ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ နတ်တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ မိုးညို၊ လက်ပန်တန်း စသည့်မြို့နယ်များမှ တစ်မြို့နယ်လျှင် မြို့နယ်စည်းအဖွဲ့ဝင် ငါးဦးခန့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်အတွင်း လူမှုရေးဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့သည်ဟု ဦးအုန်းကြိုင်က ဆက်ပြောသည်။

“မြို့နယ်ကတင်ပြတာက ခုထိတော့ မြို့နယ်တစ်ခုမှာ ကျောင်းမအပ်နိုင်တဲ့ ကလေးတွေကို စေတနာ ရှင်တွေရဲ့ ပံ့ပိုးကူညီမှုရယူပေါ့။ကျနော်တို့အဖွဲ့ချုပ်အဖွဲ့ဝင်တွေကလည်းစုပြီးတော့ ပညာရေးထောက် ပံ့မှု လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုရှိပါတယ်။”

ယမန်နေ့ကလည်း ပြည်ခရိုင်အတွင်းရှိ ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ ပေါင်းတည်၊ သဲကုန်း၊ ပေါက်ခေါင်း စ သည့်မြို့နယ်များရှိ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။

“ပေါက်ခေါင်းတို့ ဘာတို့မှာ မြေယာသိမ်းဆည်းမှု ဆိုင်ရာတို့၊ ကလေးစစ်သားစုဆောင်းတဲ့ ကိစ္စတို့ ဘာ တို့ကို သူတို့ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ကိုတော့ ဘယ်လိုကူညီ ထောက်ပံ့နိုင်မလဲလို့ ပြောတဲ့ အခါ အဖွဲ့ချုပ်မှာလည်းပဲ အဲဒီလို နိုင်ငံရေး နွယ်တဲ့ လူမှုရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ သူတွေရှိ တယ်။ သူတို့နဲ့ ဆက်သွယ်ပြီးတော့ လုပ်ပါလို့ ပြောခဲ့ပါတယ်။”

ယခုလ (၁၁) ရက်နေ့က စတင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ်ပေါင်း ငါးဆယ်ကျော် တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အာဏာပိုင်အဖွဲ့အစည်းများ အနေနှင့် စောင့်ကြည့်သည်မှလွဲ၍ တစ်စုံတစ်ရာ နှောင့်ယှက်မှု မပေးဟု သိရသည်။

ယခု ဆွေးနွေးပွဲများကို (NLD) ဒု-ဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့၏ မှာကြားချက်များနှင့် အညီဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ သည် တရားမျှတမှု မရှိဟု ဆိုကာ ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

မှတ်ပုံမတင်သော်လည်း NLD ဆက်လက်ရပ်တည်ပြီး လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ သည်ကို ယခုအခါ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

ကချင်အမျိုးသား ကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံ ရှမ်းခေါင်းဆောင်တစ်ဦးပြော

ကချင်ပြည်နယ်၌ ကချင်အမျိုးသား ကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံရှမ်းတိုင်းရင်း သားခေါင်းဆောင် တစ် ဦးက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ရုံးခန်းဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ကချင်ပြည်နယ် မိုးကောင်းမြို့ အိုးတန်းရပ်ကွက်၌ ယနေ့နံနက်ပိုင်း က ပြုလုပ်ခဲ့ပြီး အခမ်းအနားတက်ရောက်ခဲ့သူ ရှမ်းခေါင်းဆောင်တစ်ဦးက ယခုလို ပြောခဲ့သည်။

“တိုင်းရင်းသားအစုအဖွဲ့တစ်ခုအနေနဲ့ သူတို့လည်း လုပ်သင့်လုပ်ထိုက်တဲ့၊ ဖွဲ့စည်းသင့် ဖွဲ့စည်းထိုက်တဲ့ ပါတီတရပ်လို့တော့ မြင်ပါတယ်။ တိုင်းရင်းသားအစုအဖွဲ့ ပါတီတွေထဲမှာ ကချင်တိုင်းရင်းသား တွေ အနေနဲ့ ရှိသင့် ရှိထိုက်၊ ပါသင့် ပါထိုက်တဲ့ပါတီလို့ ကျနော်တို့ တော့မြင်ပါတယ်။ ဒါကြောင့် သူတို့အ နေနဲ့လည်း သူ့အမျိုးသားကိုယ်စားပြု ပါတီတွေ ရှိလာရင် သူတို့အတွက် မမှားဘူးပေါ့လေ။”

လာမည့်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါ တီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည် တိုးတက် ရေးပါတီ စသည့်ပါတီကြီး ၄ ခု အနက် ကချင် ပါတီအနေနှင့် ပါတီတည်ထောင်ခွင့် မရသေးပါ။

အနာဂါတ်ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လမ်းရာတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုး အ ချင်းချင်း အပြန်အလှန် နားလည်မှုတည်ဆောက်သွားရန် လိုအပ် သည်ဟု ၎င်းကဆက်ပြောသည်။

(SNDP) ရုံးဖွင့်ပွဲ အခမ်းအနား မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် မြို့ နယ်အတွင်းရှိ လူငယ်ခေါင်းဆောင်များ စာပေယဉ်ကျေးမှု အဖွဲ့များမှ လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ သည်။

(SNDP) ပါတီ အနေနှင့် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ၀ိုင်းမော်၊ ပူတာအို စသည့်မြို့ နယ်များနှင့် ရှမ်းတိုင်းရင်းသားများနေထိုင်ရာဒေသများတွင် ရုံးခန်းများ ဖွင့်လှစ်၍ စည်းရုံးရေးလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်သည်။

၎င်းတို့၏ ပါတီဌာနချုပ်အား ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်ထားပြီး ကချင်ပြည်နယ်၊ စစ် ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ကယားပြည်နယ် တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည် ဟု သိရသည်။

ကချင်ပြည်တိုးတက်ရေးပါတီ (KSPP) အား စစ်အစိုးရမှ ပါတီတည်ထောင်ခွင့် မပေးတော့ကြောင်း ကောလာ ဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဗန်းမော် စကခ ရန်ပုံငွေအတွက် ဖွင့်လှစ်ခဲ့သည့် ရွှေလုပ်ကွက်ကို မပခ တားမြစ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထက် ဧရာဝတီမြစ်အတွင်း ရွှေရှာသည့်လုပ်ငန်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က လာရောက် ဖမ်းဆီးပိတ်ပင်လိုက်သည်။

မကြာသေးမီရက်ပိုင်းက လာရောက် ဖမ်းဆီးကာ ပိတ်လိုက်သည်ဟု ဗန်းမော် ဒေသခံတဦးက ပြောသည်။

“ရွှေဖောင်တွေ (၂ဝ)လောက်ရှိမယ်။ ကျွန်းကြီးကျေးရွာတွေတဝိုက် ဧရာဝတီမြစ်ထဲမှာ ရွှေလုပ်နေတာ တွေကို မပခက ဗျူဟာမှူးရောက်လာပြီး လူတွေကို ဖမ်း၊ ပစ္စည်းတွေ သိမ်းပြီး ဒဏ်ရိုက်တယ်။ စကခ ရန်ပုံငွေလုပ်တဲ့ဟာကို ဒီက ဗျူဟာကို မဖမ်းခိုင်းဘဲ မပခက လာဖမ်းတာ။”

ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ)၏ တပ်ရန်ပုံငွေအကြောင်းပြချက်ဖြင့် ဧပြီလ ကုန်ပိုင်း မှစ၍ ဧရာဝတီမြစ်အတွင်းသို့ တာပိန်မြစ်နှင့် မုန်းလွဲချောင်း စီးဝင်ရာနေရာ တလျှောက် တွင် ရွှေလုပ်ငန်းများ ထံက ငွေကြေး ကောက်ကာ ရွှေရှာခွင့်ပေးနေသည်။

စကခရန်ပုံငွေဟု ဆိုကာ ရွှေတူးစက်ကိရိယာတပ်ဆင်သည့် ရွှေဖောင်တခုလျင် ကျပ်(၁ဝ)သိန်းအား လုပ်ငန်း စဝင်ချိန်၌ အခွန်ဆောင်ရပြီး လုပ်ငန်းသိမ်းချိန်တွင် ထွက်ရှိသည့် ရွှေ၏ သုံးပုံတပုံ ထပ်မံ ပေးဆောင်ရန် သဘော တူညီချက်ဖြင့် ရွှေလုပ်ငန်းရှင်များက ဧရာဝတီမြစ်အတွင်း ရွှေရှာနေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ် အတွင်းကလည်း အဆိုပါ နေရာတွင် ရွှေများရှာဖွှေခဲ့သဖြင့် ဧရာဝတီမြစ် ရေစီး ကြောင်းပြောင်းကာ အနီးနားရှိ ကျွန်းပေါ်မှ ကျေးရွာများ ရေကြီးမှုဖြစ်ပြီး ရေတိုက်စား ခံရသည့်အတွက် ဒေသခံ လူထုက သက်ဆိုင်ရာသို့ စာရေးတိုင်ကြားခဲ့သဖြင့် ရွှေတူးလုပ်ငန်းများ ရပ်နားထားခဲ့ရသေးသည်။

စာပေစိစစ်ရေး ပိုမိုတင်းကျပ်စွာ တားမြစ်

နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများကို စာပေစိစစ်ရေးက ပြီးခဲ့သည့်သီတင်းပတ်မှ စတင်ကာ အစီအစဉ်သစ်ချမှတ်၍ ပိတ်ပင်တားမြစ်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။

စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက“အခုဆို နိုင်ငံရေးသတင်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေနဲ့ ပတ်သက်ရင် ဒု-ဗိုလ်မှူးကြီး မျိုးမြင့်မောင် (ရေ) ကပဲ တိုက်ရိုက်ကိုင်တွယ်တယ်။ အခုနောက်ဆုံး နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ဖော်ပြခွင့် မပေးသလောက်နီးနီး ဖြုတ်ပယ်ပေးရတယ်။ နောက် ပိတ်ပင်ထားတဲ့ ကလောင်တွေ ဖော်ပြခွင့် ပြုထားတာကိုလည်း ပြန်ပြီး ပိတ်ပင်တားမြစ်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမယ့် The Voice ဂျာနယ်တစောင်တော့ မပါပါဘူး” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိက သတင်းဂျာနယ်အယ်ဒီတာတဦးက ၎င်းတို့ဂျာနယ်တွင် လာမည့်အပတ်မှစပြီး နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ တင်ပြတော့မည်မဟုတ်ကြောင်း ပြောဆိုသည်။

ယခုတပတ် ထုတ်ဝေသည့် ဂျာနယ်များအနက် ဖလားဝါးနယူး ဂျာနယ်တွင် နိုင်ငံရေးစာမျက်နှာနှင့် Debate ကို ဖော်ပြနိုင်ခြင်း မရှိသကဲ့သို့ True ဂျာနယ်တွင်လည်း နိုင်ငံရေးသတင်းများနှင့် နိုင်ငံရေးသမားအကြောင်းများ ဖော်ပြနေသည့် အချပ်ပို (၄) မျက်နှာစလုံးနှင့် လူထုစိန်ဝင်း၊ မောင်ဝံသ ဆောင်းပါးများ မပါဝင်တော့ပေ။

လျှပ်တစ်ပြက်ဂျာနယ်တွင် အခန်းဆက် ဖော်ပြနေသည့် စာရေးဆရာနိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ဝတ္ထုရှည်ကြီးနှင့် မော်နီတာ ဂျာနယ်တွင် ဖော်ပြနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ စာရေးဆရာ မောင်သော်က၊ မောင်သစ် (မောင်ကိုယု)၊ ကဗျာဆရာကြီးတင်မိုး၊ ဦးသန့်တို့၏ ဆောင်းပါးများကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရသည်။

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် ခွင့်ပြုထားပြီးသား စာရေးဆရာနိုင်ဝင်းဆွေနှင့် ပတ်သက်သည့် ဆောင်းပါးတပုဒ်ကိုလည်း ဖော်ပြခွင့်မပြုတော့ကြောင်း သိရသည်။

နိုင်ငံရေးပါတီသစ်တခုမှ ခေါင်းဆောင်တဦးကလည်း “ပြီးခဲ့တဲ့အပတ်က ဂျာနယ်နှစ်စောင်လောက်က ကျနော်တို့ကို လာမေးမြန်းသွားတယ်။ နောက် ဂျာနယ်တွေထွက်တော့ ပါမလာတာနဲ့ လှမ်းမေးတော့ စာပေစိစစ်ရေးက ခွင့်မပြုလို့ဆိုပြီး ပြန်ဖြေတယ်။ တကယ်ဆို ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ကျနော်တို့ပါတီအကြောင်းတွေကို လူထုသိအောင် လုပ်နိုင်တာ လောလောဆယ် ပုဂ္ဂလိက ဂျာနယ်တွေကနေတဆင့်ပဲ ရှိတယ်။ နောက် ကျနော်တို့ကို ခွင့်ပြုတဲ့ ထုတ်ဝေခွင့်တွေ ဆိုတာဟာလည်း ပါတီလမ်းစဉ် လုပ်ငန်းစဉ်တွေပဲ ဆိုတော့ ဂျာနယ်တွေလောက် ပျံ့နှံ့မှာမဟုတ်ဘူး။ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို တကယ်စေတနာနဲ့ လုပ်ပေးချင်တာ မှန်ရင် ဒီလောက် ဘောင်ကျဉ်းကျဉ်းလေးတော့ ခွင့်ပြုသင့်ပါတယ်” ဟု ပြောသည်။

ကျန်သည့်သတင်းမီဒီယာများဖြစ်သည့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ စသည်တို့ကိုလည်း စစ်အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ်ထားသည်။

စစ်အစိုးရက ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလထဲတွင် ကျင်းပပေးလိမ့်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေချိန်တွင် ရွေးကောက်ပွဲဝင်ရောက်မည့် နိုင်ငံရေးပါတီများအနက် အချို့မှာ ယခုအချိန်အထိ ပါတီမှတ်ပုံတင်ခွင့် မကျသေးသည့်ပါတီများ ရှိသကဲ့သို့ တရားဝင်မှတ်ပုံတင်ခွင့် ကျပြီးသည့် နိုင်ငံရေးပါတီများမှာလည်း လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့်များ၊ ထုတ်ဝေခွင့်များမရှိဘဲ အကန့်အသတ်ဖြင့်သာ ခွင့်ပြုခြင်းခံနေရသည်။

စစ်အစိုးရက ပါတီများ တည်ထောင်ခွင့်ပေးပြီး နောက်ပိုင်း ဂျာနယ်များတွင် တပတ်လျှင် ပျမ်းမျှ နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး အစရှိသဖြင့် ပုဒ်ရေပေါင်း (၅ဝ၊ ၆ဝ) မက ပါကြောင်း၊ ဂျာနယ်အတော်များများ နိုင်ငံရေးကဏ္ဍ အထူးစာမျက်နှာများဖြင့် ဖော်ပြကြကြောင်း၊ ယခု ဂျာနယ်အားလုံးပေါင်းမှ သတင်း၊ ဆောင်းပါး (၁ဝ) ပုဒ်ပင် မပြည့်တော့ကြောင်း ရန်ကုန်မြို့မှ ဂျာနယ်အယ်ဒီတာတဦးက ပြောကြားသည်။

နေရောင်ခြည်သုံး လျှပ်စစ် ဓာတ်အား စနစ်များ အနည်းဆုံး ကျပ်နှစ်သိန်း ၀န်းကျင်ဖြင့် ရောင်းချ

လျှပ်စစ်မီး မရရှိ နိုင်သည့် ဒေသများတွင် အနည်းဆုံး ငွေကျပ် နှစ်သိန်း ၀န်းကျင်ဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားကို သုံးစွဲ နိုင်ရန် အမှတ် (၂) စက်မှု ၀န်ကြီး ဌာနက စီစဉ် ပေးနေကြောင်း သိရသည်။ နေရောင်ခြည် စွမ်းအင် အသုံးပြု၍ လျှပ်စစ် ထုတ်ယူသည့် စနစ် အတွက် ကျေးလက် ဒေသသုံး 3 Watt မီးသီး ရှစ်လုံး တစ်စုံ သို့မဟုတ် 5 Watt မီးသီး လေးလုံး ပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊ မြို့ပြတွင် အသုံးပြု နိုင်မည့် 3 Watt မီးသီး ၁၂ လုံး သို့မဟုတ် 5 Watt မီးသီး ရှစ်လုံး သို့မဟုတ် 7 Watt မီးသီးေ ခြာက်လုံး ပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀၀ နှင့် လုံခြုံရေးမီး နှင့် လမ်းမီးများ အဖြစ် အသုံးပြု နိုင်သော သုံးမီတာ နိုင်ရင် အရှည် ရှိသည့် 10 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း၊ ခြောက်မီတာ အရှည်ရှိသည့် 25 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီး ဌာနက သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီး၊ ၂၂ လက်မ LCD TV, DVD၊ ကွန်ပျူတာ၊ အဲကွန်းနှင့် ပန်ကာများ သုံးနိုင်သည့် 1000 Watt တစ်စုံကို ကျပ်သိန်း ၃၀၊ 3000 Watt ကို ကျပ်သိန်း ၉၀ နှင့် 5000 Watt ကို ကျပ်သိန်း ၁၂၀ စသည်ဖြင့် ရှိပြီး ဆိုလာ စနစ်များ အတွက် လုပ်ငန်း အပ်နှံ လာပါက ဈေးနှုန်း ချိုသာစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အပ်နှံလာတဲ့ Watt အမျိုးအစား အလိုက် နေအိမ်များတွင် ရုပ်မြင်သံကြား၊ အိမ်သုံးမီး၊ ပန်ကာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ နှင့် ရေမော်တာ စက်များအထိ အသုံးပြု နိုင်သည်ဟု သိရသည်။

နေရောင်ခြည် စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြား များကို ရာနှုန်းပြည့် ဂျပန် နည်းပညာဖြင့် အမှတ်(၂) စက်မှု ၀န်ကြီး ဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ဒဂုံ)၊ LED မီးသီး ထုတ်လုပ်မှု စက်ရုံက ထုတ်လုပ်ထားပြီး၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အစိုးရ အဖွဲ့ အစည်း များ၏ တရားဝင် ထောက်ခံ အသိ အမှတ် ပြုထားသော ဆိုလာပြားများ ဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အား ထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံ ပေးထားပြီး ၀ယ်ယူလို ပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁) နှင့် နေပြည်တော် ၌ မြန်မာ့ စက်ကိရိယာ နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ် နိုင်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

ဘင်္ဂလားဒေ့ရှ် နှင့် ကုန်သွယ်မှု ဆောင်ရွက်ရန် အွန်လိုင်းမှ ဆက်သွယ်နိုင် Online

ဘင်္ဂလားဒေ့ရှ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပို့ကုန် မြှင့်တင် ရေး ဌာနမှ ကုန်သွယ်မှု လုပ်ငန်း ကိစ္စများ ဆက်သွယ် ဆောင်ရွက် နိုင်ရန် အတွက် လွှင့်တင် ထားသော Online Video Conference Corner သို့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ဆက်သွယ် နိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချူပ် တာဝန်ရှိ သူက ပြောသည်။ အဆိုပါ Online Video Conference ကို အသုံးပြုခြင်း ဖြင့် မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ကုန် တင်ပို့နေသော ရောင်းသူ၊ ဝယ်သူများ အချင်းချင်း အွန်လိုင်း ဖြင့် အပြန် အလှန် ဆက်သွယ် နိုင်ခြင်း မိမိတို့၏ ကုန်ပစ္စည်း များကို အွန်လိုင်းတွင် အီးမေးလ် ပေးပို့ ပြသ နိုင်ခြင်း၊ ရောင်းသူ၊ ဝယ်သူ အချင်းချင်း အခက် အခဲ ရှိသည့် အခါ အပြန်အလှန် စေ့စပ် ညှိုနှိုင်း နိုင်ခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ကုန်သွယ် မှုတွင် ကျင့်သုံးနေသော လိုက်နာရမည့် အချက်အလက် များကို တိကျ မှန်ကန်သော ဌာနမှ ရရှိခြင်း အစရှိသော အကျိုးကျေးဇူးတို့ကို ရရှိနိုင်မည် ဖြစ်သည်။ အထက်ပါ Video Conference Corner ကို Skype : epb.bd ဖြင့် လည်းကောင်း Yahoo messenger: ticepbbd ဖြင့် လည်းကောင်း တနင်္ဂနွေနေ့မှ ကြာသပတေးနေ့ အထိ ဘင်္ဂလားဒေ့ရှ် စံတော်ချိန် နံနက် ၉ နာရီမှ ၅ နာရီတွင်း ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း တာဝန်ရှိသူက ပြောကြားကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။

ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ပိုမို သတိထားသင့်

ယခုနှစ် သည် လာနီညာ နှစ် ဖြစ်ပါက မိုးနှောင်း နှင့် မိုးလွန်ကာလများ တွင် မုန်တိုင်း အန္တရာယ်ကို ပိုမို သတိ ထားသင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။ အကယ်၍ ဒီနှစ်သာ လာနီညာနှစ် ဖြစ်မယ်ဆိုရင် မိုးနှောင်း နဲ့ မိုးလွန် ကာလ တွေမှာ မိုး ကောင်းနိုင်မယ်။ ပြီးတော့ အဲဒီ ကာလ တွေမှာ မုန်တိုင်း ပိုဖြစ်နိုင်ပြီး မြန်မာပြည် အတွက်လည်း အန္တရာယ် ရှိနိုင်တယ်။ပြီးတော့ ဒီနှစ်ဆောင်း တွင်း မှာ ပိုအေး နိုင်တယ်ဟု ၄င်းက ပြောပါသည်။ ယခုလ တိုင်းထွာ ချက်များ အရ လာနီညာနှစ် ဖြစ်နိုင် ခြေ ၄၆ ရာခိုင်နှုန်း၊ ကြားနေနှစ် ၅၁ ရာခိုင်နှုန်းနှင့် အယ်နီညို ၃ ရာခိုင်နှုန်း ရှိနေပြီး၊ လာနီညာနှစ် ဖြစ် မဖြစ်ကိုမူ ဇူလိုင်လကုန်တွင် အတိအကျ သိရှိရမည် ဖြစ်သည်။ အကယ်၍ လာနီညာနှစ် ဖြစ်ပါက သက် တမ်းမှာ ယခုနှစ် နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင့်မည် ဖြစ်သည်။ ခုတောင် လာနီ ညာနှစ် ဖြစ်နိုင်ခြေက ၄၆ ရာခိုင်နှုန်း ဆိုရင် နောက်လတွေမှာ ပိုများ လာနိုင်တယ်။ လောလောဆယ်မှာ မကြေ ညာနိုင် သေးပေမယ့် လာနီညာနှစ် ဖြစ်နိုင်ခြေ ပိုများတယ်ဟု ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။ အကယ်၍ လာနီညာနှစ် ဖြစ်ခဲ့ပါက သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလ များတွင် မိုးကောင်း နိုင်ပြီး ယင်း မိုးသည် သက်နုနှင့် သက်လတ် စပါးများ စိုက်ပျိုးလိုသူ တောင်သူ လယ်သမားများ အတွက် အဖျက်မိုး ဖြစ်နိုင်သဖြင့် သက် ကြီး စပါးမျိုးကိုသာ စိုက်ပျိုး သင့်ကြောင်း ၄င်းက ထည့်သွင်း ပြောဆိုပါသည်။

နေပြည်တော်တွင် ကြွက်များ ထောင်နှင့်ချီ ရွှေ့ပြောင်း

နေပြည်တော် - ရန်ကုန် လမ်းမသစ် ကြီးပေါ်တွင် နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်း နေကြသည့် ထောင်နှင့်ချီသော ကြွက်အုပ်များကို ယခု ရက်အတွင်း တွေ့ရကြောင်း ခရီးသွားများက ပြောသည်။

နေပြည်တော်-ရန်ကုန် လမ်းမပေါ်တွင် ကားကြိတ်မိထားသော ကြွက်များ (ဓာတ်ပုံ - blog.nyilynnseck.com)

မိုင်တိုင် ၄၇ တလျှောက်တွင် ဧရာမ ကြွက်အုပ်ကြီး ရွှေ့လျား နေသည်ကို တွေ့ရကြောင်း၊ ကားများက နင်းကြိတ်မိ သဖြင့် အမြားအပြား သေနေကြသည် များလည်း ရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသည့် ခရီး သည်တဦးက ပြောသည်။

တခြားသော ခရီးသွား တဦးကလည်း သူတွေ့ရှိ ချိန်တွင် မိုင်တိုင် ၄၅ ဘက်သို့ ရောက်ရှိနေပြီး ပဲခူးဘက်သို့ ဦးတည် နေကြောင်း ပြောဆိုသည်။


“ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။ ကြွက်တွေ ကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက် သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေ တွေကို ကြွက်ရှင် တွေက စားသောက်နေ လိုက်ကြတာ မြင်မကောင်းဘူး” ဟု ဇွန်လ ၂၈ ရက်နေ့ညက ကိုယ်တွေ့ကြုံခဲ့သည့် ဘလော့ဂါ ညီလင်းဆက်ကလည်း သူ၏ ဘလော့ဂ် (http://blog.nyilynnseck.com/2010/06/blog-post.html) တွင် ရေးသားထားသည်။

လမ်းမပေါ်တွင် သေနေသော ကြွက်တကောင် (ဓာတ်ပုံ - blog.nyilynnseck.com)

ထိုသို့ ကြွက်များ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုမှုများလည်း ပေါ်ထွက်နေသည်။ တချို့က ငလျင်ကဲ့သို့သော သဘာဝဘေးဒဏ်၏ ရှေ့ပြေးနိမိတ်ဟု ယူဆလျက်ရှိကြောင်း၊ တချို့ကမူ ကြွက်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်တတ်သည့် ပလိပ် ရောဂါ ကဲ့သို့သော ရောဂါမျိုး ဖြစ်ပွားမည်ကို ထိတ်လန့်လျက်ရှိကြောင်း သိရသည်။ တချို့က ပဲခူရိုးမတွင် ဝါးများပွင့်ခြင်း ကြောင့် ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံတွင်၂၀၀၈ ခုနှစ် စီချွမ် ငလျင် မတိုင်ခင်ကလည်းကောင်း၊ ယခုနှစ် မေလကုန်ပိုင်းကလည်း ဂရိတွင်လည်းကောင်း ထောင်ပေါင်းများစွာသော ဖားများ လမ်းပေါ်ထွက်လာပြီး အစုလိုက် အပြုံလိုက် ပြောင်းရွှေ့မှု ဖြစ်ပေါ်ဖူးသည်။

ဧရာဝတီသတင်းထောက် ခက်ထန် ရေးသားသည်။

ရခိုင်ပြည်နယ်အတွင်း ဆင်ဖြူ ဖမ်းမိပြန်

ရခိုင်ပြည်နယ် မောင်းတော မြို့ နယ်အတွင်းမှ ဆင်ဖြူအမ တကောင်ကို သစ်တာရေးရာ ၀န်ကြီးဌာနက ဇွန်လ ၂၆ ရက်နေ့ က ဖမ်းဆီးရမိ ခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြ ပါရှိသည်။

မြန်မာ့အလင်း သတင်းစာ၌ မောင်းတောမြို့ နယ်အတွင်း တောဆင် ငါးကောင်အုပ်ထဲမှ ဆင်ဖြူ အမ တကောင်ကို ဒေသခံတို့၏ သတင်းပေးပို့ချက်ဖြင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင် ဖမ်းအဖွဲ့ များက ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ဆင် မှာ အသက် ၃၈ နှစ်ခန့် ဖြစ်ပြီး အရပ် ၇ပေ ၄ လက်မခန့်ရှိကာ လုံးပတ် ၁၀ ပေ ၁၁ လက်မရှိကြောင်း ရေးသားထား သည်။

ဖမ်းမိသော ဆင်ဖြူကို တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး လာရောက် ကြည့်ရှုခဲ့သည် (ဓာတ်ပုံ - imageshack.us)

ဖမ်းဆီးရမိသော ဆင်ဖြူမကို မောင်းတော မြို့ နယ် ဖားဝပ် ချောင်းရွာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ ထားရှိပြီး အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး ကိုယ်တိုင် လာရောက် ကြည့်ရှု ခဲ့သည်ဟု သိရသည်။

“ဖမ်းမိထားတဲ့ ဆင်ဖြူကို ကျမတို့ မြို့နယ်က ဖားဝပ်ချောင်းရွာ ဘုန်းကြီးကျောင်းမှာ ယာယီထားပါတယ်။ တိုင်းမှူး ကိုယ်တိုင် လာကြည့်တယ်။ မနေ့ကမှ တိုင်းမှူး ပြန်သွားတယ်။ ဆင်မကို ဖမ်းမိပေမယ့် သူ့ သားကလေးတော့ ကျန် သေးတယ် ကြားတယ်။ အခုမိလာတာက အမေတဲ့”ဟု မောင်းတောမြို့နယ်ရှိ NGO တခုမှ မန်နေဂျာ တဦးက ဧရာဝတီ သို့ ပြောသည်။

ထိုဆင်သားလေးမှာ အဖြူမဟုတ်ဘဲ အမည်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ အဆိုပါ ဆင်ဖြူမ ကို ဖမ်းဆီး ရန် အတွက် အချိန် ခြောက်လခန့်ကြာခဲ့ကြောင်း သိရသည်။ စစ်အာဏာပိုင်များက ရခိုင်ရိုးမတောင်တန်း တလျှောက် တွင် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း လုပ်နေခဲ့ကြခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဘူးသီးတောင်မြို့ မှ အထက်တန်းပြဆရာမ တဦးကလည်း“ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်းဆိုပြီး လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက ဂွ ၊ ငသိုင်းချောင်းကနေ ဒီဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင် မောင်းတောအထိ ဆင်လိုက်နေ ခဲ့ ကြတာ၊ အဲဒီအထဲမှာ စစ်တပ်ရယ်၊ သစ်တောရယ်၊ ရဲရယ်၊ နစက ရယ် ပေါင်းပြီးလိုက်ကြတာ၊ ရိုးမတကြောလုံးပဲ” ဟု ပြောသည်။

ဖမ်းဆီးရမိသည့် ဆင်ဖြူမအား သစ်တောနှင့် ရဲ က အနီးကပ်စောင့်ရှောက်နေကြပြီး နစက နှင့် လုံထိန်းများက လုံခြုံ ရေး ယူထားသည်ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မှ ယခုဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင်ဖမ်းဆီးမိပြီးဖြစ်သည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင် ဖမ်းဆီးရမိခဲ့ပြီး ယင်းဆင်များကို ရန်ကုန်မြို့ မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များတည်ဆောက်ကာ ထားပေးခဲ့ သည်။

ရှေးဦးစွာ ဆင်ဖြူအထီး တကောင်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် လည်းကောင်း၊ ဆင်မကြီး တကောင်ကို မောင်းတောမြို့နယ်အတွင်းမှ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက် နေ့တွင်လည်းကောင်း၊ ဆင်မ အငယ် တကောင်ကို မောင်းတောမြို့နယ် ကိုင်းကြီးကျေးရွာဟောင်း အနီး၌ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် က ဖမ်းဆီးခဲ့သည့် ဆင်ဖြူ ၃ ကောင်ကို လက်ရှိ အာဏာပိုင်များက လျစ်လျူရှုထားကြောင်းနှင့် အများပြည်သူကလည်း လာရောက်ကြည့်မှု နည်းပါးလာကြောင်း သစ်တောဝန်ကြီးဌာန ဆင်ဖြူတော် ထိန်းသိမ်းရေးအဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။

ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ခံယူခြင်း၊ မင်းကောင်းမင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ကာ ဆင်ဖြူပေါ်လျှင် ၎င်းတို့အတွက် အတိတ်နိမိတ်ကောင်းအဖြစ် ယုံကြည်မှုများ ရှိသကဲ့ သို့ လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်လည်း ထိုသို့သော ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း လေ့လာသူများက ပြောဆိုနေကြသည်။

ဆင်ဖြူတော်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဆင်ဖြူရှင် မင်းကြား ကြီး၊ တစီးရှင်၊ ငါးစီးရှင်၊ ဆင်ဖြူမရှင် မိဘုရားကြီး စသည်ဖြင့် ရှေးဘုရင်များခေတ်က ဘွဲ့ ခံခဲ့ကြသည်။ ယင်းယုံကြည်မှု များကြောင့် နအဖ စစ် ခေါင်းဆောင်များသည်လည်း ဆင်ဖြူတော်ရှာဖွေခြင်းကို စီမံကိန်းဖြင့် ရှာဖွေနေခြင်းဖြစ်ကြောင်း လည်း လေ့လာသူများ က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လလယ်က ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် မောင်းတော စသည့် မြို့နယ်များတွင် မိုးကြီးသဖြင့် မြေပြို ကာ မြို့ ရွာများ ရေမြုပ်ပြီး ဒေသခံပြည်သူအများ သေကျေပျက်စီးနေသည့် အချိန်အတွင်း၌ပင် အာဏာပိုင်များ က ယင်း ဆင်ဖြူတော် ရှာဖွေရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မောင်းတောမြို့ခံတဦးက ပြောသည်။

“ကျနော်တို့ဆီမှာဗျာ ရေကြီးလို့ မြေပြိုလို့ လူတွေသေ၊ ရွာတွေပျက်၊ အဲသလောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ဒီ ဆင်ဖမ်းတဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လာလုပ်နေတယ်၊ လုံထိန်း တပ်ရင်း ၂ ရင်း၊ စစ်တပ်ကိုလည်း ခေါ်ပြီး သုံးသေး တယ်၊ အခုနေအခါ စစ်သားတွေလည်း သူတို့တန်လျားတွေ ရေမြုပ်လို့ သူတို့နေရာကိုတောင် သူတို့မရှင်းနိုင်သေးဘူး၊ ဆင်ဖမ်းဖို့လိုက်ရတာလေ” ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

မန္တလေး မြို့တော်ဝန် ပါးရိုက် အပြစ်ပေး

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်က စည်ပင် သာယာရေး ကော်မတီရုံးရှိ ၀န်ထမ်းတချို့ကို ပါးရိုက် အပြစ်ပေးသည့် အဖြစ် အပျက်တခု မကြာသေးမီ ရက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ထိုသို့အပြစ် ပေးရခြင်းမှာ စွပ်ကျယ်အင်္ကျီ လက်ပြတ်နှင့် ဘောင်းဘီတို ၀တ်ဆင်ထားသည့် တရုတ်လူမျိုး လင်မယားနှစ်ဦးကို ရုံးအတွင်း ၀င်ခွင့်ပေးသောကြောင့် ဖြစ်ကြောင်း ၊ ထိုလင်မယားကိုလည်း သရုပ်ပျက် ၀တ်စားဆင်ယင်သည်ဟု ဆိုကာ မြို့တော် ၀န်က ရုံးအတွင်းမှ နှင်ထုတ်ကြောင်း မန္တလေးမြို့စည်ပင်သာယာ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“လင်မယားနှစ်ယောက်က ဘောင်းဘီတိုတွေနဲ့ ဆိုတော့ မြို့တော်ဝန်ကြီး ဒေါသထွက်ပြီး မောင်းထုတ်ပစ်တာ”ဟု ၎င်းကဆိုသည်။

အပြစ်ပေးခံရသည့် ၀န်ထမ်းများမှာ ရုံး၏ ၀င်ပေါက်များရှိ ဧည့်စာရင်းဌာနတွင် နာမည်နှင့် မှတ်ပုံတင်များကို တိုက်ဆိုင်စစ်ဆေး ရ သည့် ၀န်ထမ်းများ ဖြစ်သည်ဟု မန္တလေးမြို့စည်ပင်သာယာ ၀န်ထမ်းကဆိုသည်။

ယခုအခါ မန္တလေး စည်ပင်သာယာရုံးများသို့ အလုပ်ကိစ္စလာရောက်မည်ဆိုလျှင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ပြီး လာရမည်ဖြစ် ကြောင်း၊ စွပ်ကျယ်၊ ဘောင်းဘီတိုများ ၀တ်ဆင်၍ လာရောက်ခွင့်မပြုကြောင်း ဆိုသည့် သတိပေး စာတန်းများကို ဆိုင်းဘုတ်များ ရေးသားပြီး စိုက်ထူထားကြောင်း သိရသည်။

ဦးဖုန်းဇော်ဟန်သည် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) (၁)တွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး မကြာသေးမီက စစ်ဘက်ဆိုင်ရာရာထူးကို စွန့်လွှတ်ထားသူ ဖြစ်သည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးမြို့သို့ နယ်စပ်မှ တရုတ်လူမျိုး အမြောက်အမြား ၀င်ရောက်လာကြောင်း၊ ၎င်းတို့သည် ရှေး ယခင်ကတည်း နေထိုင်ခဲ့သည့် တရုတ်လူမျိုးများကဲ့သို့ မြန်မာ့ယဉ်ကျေးမှုကို နားမလည်၍ ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားခြင်းဖြစ် ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမား တဦးက ပြောသည်။

လူရွှင်တော် ချစ်စရာကလည်း မန္တလေးမြို့တွင် တရုတ်လူမျိုးများ ကြီးစိုးနေခြင်းကို“မန္တလေးသားစစ်စစ်ကြီးပါဗျာ”ဟူသော ပြဇာတ် ဖြင့် သရော်ခဲ့ဖူးသည်။ ထိုပြဇာတ်ကို ပြီးခဲ့သည့် ဧပြီလက ကျင်းပသည့် မန္တလေးမြို့ နှစ် ၁၅၀ ပြည့် အကြိုဖျော်ဖြေပွဲတွင် တင်ဆက် ကပြ ရာ လူကြိုက်အလွန်များပြီး မန္တလေးမြို့ အာဏာပိုင်များကပါ ကြိုက်နှစ်သက်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ရှေးယခင် မြန်မာဘုရင်များလက်ထက်ကပင် တရုတ်လူမျိုးများ လာရောက်နေထိုင်ခဲ့ကြပြီး မန္တလေးမြို့ ကျက် သ ရေဆောင် မြို့မ တူရိယာအသင်းကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူတည်ထောင်ခဲ့သည့် “ဦးတော်လုံ”ကဲ့သို့ မြန်မာ့ရိုးရာကို လေးစား မြတ်နိုးသည့် တရုတ်လူမျိုးများလည်း ရှိခဲ့သည်။

ဧရာဝတီသတင်းထောက် ရန်ပိုင် ရေးသားသည်။

စိတ်ကြွဆေး ထုတ်လုပ် ဖြန့်ဖြူးခြင်းမရှိဟု UWSA ငြင်း

မြန်မာ နိုင်ငံတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လက်နက်များ ဝယ်ယူရန် အတွက် စိတ်ကြွ ဆေးများကို ထုတ်လုပ် တင်ပို့နေသည် ဆိုသည့် အယ်လ်ဂျာဇီးယား သတင်းဌာန၏ ဖော်ပြချက် အပေါ် ‘ဝ’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ငြင်းဆိုလိုက်သည်။

အယ်လ်ဂျာဇီးယား သတင်းဌာနက မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အထူးသဖြင့် ‘ဝ’ အဖွဲ့ သည် လက်နက်များ ဝယ်ယူရန် အတွက် စိတ်ကြွဆေးများကို ထိုင်းနိုင်ငံမှတဆင့် ကမ္ဘာအနှံ့အပြားသို့ တင်ပို့ရောင်းချကြသည်ဟု ဇွန်လ ၂၇ ရက်နေ့က ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော စိတ်ကြွဆေးပြား အရေအတွက် သိသိသာသာ တိုးလာကြောင်း ထိုင်း နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ဆက်တပွန် ကာတီတမ်က အဆိုပါ သတင်းဌာနသို့ ပြောကြားထားသည်။

“အရင်နှစ်တုန်းက ကျနော်တို့အဖွဲ့တွေ စိတ်ကြွဆေး ၁. ၂ သန်းလောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပထမ ခြောက်လမှာတင် ဖမ်းမိထားတဲ့ စိတ်ကြွဆေးပြားတွေက ၅ သန်းလောက် ရှိနေပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

ယခင် နှစ်များက ရွှေတြိဂံ နယ်တဝိုက်၌ ဘိန်းဖြူ ထုတ်လုပ်သော အဖွဲ့များသည် ယခုအချိန်တွင် မက်သာဖက်တမင်း နှင့် အမ်ဖက်တမင်း ဟုခေါ်သည့် စိတ်ကြွဆေးပြားများကို ပြောင်းလဲ ထုတ်လုပ်လာကြောင်းလည်း အယ်လ်ဂျာဇီးယား သတင်းက ဆက်လက် ဖော်ပြထားသည်။

‘ဝ’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှ ဦးဘွမ်သိမ်း က “လူတိုင်း လူတိုင်းက ကျနော်တို့ကို ဒီလိုမျိုးပဲ စွပ်စွဲနေ ကြတယ်။ အရင်တုန်းက လုပ်ခဲ့တယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မူးယစ်ဆေးဝါး မလုပ်တာ ကြာနေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ဇွန် ၂၆ ရက်နေ့က လူထု အစည်းအဝေး တခုကျင်းပကာ UWSA အနေနှင့် မူးယစ်ဆေးဝါးနှင့် ကင်းရှင်းကြောင်း ပြည်သူ လူထုကို အသိပေးခဲ့သည် ဟုလည်း ၎င်းက ဆက်ပြောသည်။

သူကပင် ဆက်လက်၍ “တစုံတယောက်ကို စွပ်စွဲတော့မယ် ဆိုရင် သေသေချာချာ စုံစမ်းပြီးမှ ပြောဖို့လိုပါတယ်။ မဟုတ်ရင်တော့ ကျနော်တို့ နာမည် ပျက်တာပေါ့။ အခုဆိုရင် မြန်မာပြည်မှာ ဘိန်းမစိုက်တာ၊ မူးယစ်ဆေးဝါး မလုပ်တာ ကျနော်တို့ တဖွဲ့ပဲရှိတယ်” ဟု ဆိုသည်။

ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဦးခွန်စိုင်း ကလည်း စိတ်ကြွဆေး ထုတ်လုပ်ရန်အတွက် ဘိန်းလိုအပ်ကြောင်း၊ ဘိန်းမရှိဘဲ စိတ်ကြွဆေး မထုတ်နိုင်ကြောင်း၊ ထို့ကြောင့် ဘိန်းမစိုက်တော့သည့် ‘ဝ’ တိုင်းရင်းသား များကို စွပ်စွဲခြင်းမှာ ယုတ္တိမရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီနောက်ပိုင်း အစိုးရနဲ့ နိုင်ငံရေးအရ ပလဲပနံ သင့်နေတာက ပြည်သူ့စစ်အဖွဲ့တွေပါ။ အဲဒီအဖွဲ့တွေနဲ့ ထိုင်းနိုင်ငံဘက်က ငွေပင် ငွေရင်းစိုက်တဲ့ သူတွေနဲ့ ပေါင်းပြီးတော့ ထိုင်းနိုင်ငံမှာ ဈေးကွက်တခုလို ဖြစ်နေတဲ့ ရာဘတွေ ထုတ်ကြတဲ့ သဘောပါ” ဟု သူက ဆိုသည်။

ဆက်လက်၍ ဦးခွန်စိုင်းက ယခင်ကာလများတွင် စစ်အစိုးရက အပစ်ရပ် အဖွဲ့များကို အတိုင်းအတာ တခုအထိ အခွင့် အရေး ပေးထားခြင်းမျိုး ရှိခဲ့ပြီး ယခုအချိန်တွင်မူ ယင်း အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ဖိအားပေးနေသဖြင့် အခွင့်အရေးပေးထားခြင်းများကို ကန့်သတ်လာကြောင်း၊ ထို့ကြောင့် စိတ်ကြွဆေးပြား ထုတ်လုပ် နိုင်သူများသည် ဖိအားပေးခံနေရသည့် အပစ်ရပ်အဖွဲ့များ မဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ ယခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး စိတ်ကြွဆေး ထုတ်လုပ်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် စတုတ္ထ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။

ရပ်ကွက် ကော်မရှင်တွင် ကြံ့ဖွံ့များ ဦးစားပေးထည့်သွင်း

၂၀၁၀ ရွေးကောက်ပွဲ အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ လူစာရင်း ရွေးချယ်ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့) အသင်းဝင်များကို ဦးစားပေး ထည့်သွင်း ထားကြောင်း သိရသည်။

ပဏာမ ရပ်ကွက် ကော်မရှင် လူစာရင်းများ၌ အသက် ၃၀ မှ ၇၀ ကြားရှိ ကြံ့ဖွံ့အသင်းဝင်များ၊ အမျိုးသမီးရေးရာ ကော်မတီ အဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များကို ဦးစားပေး ရွေးချယ်နေပြီး သီးခြားလွတ်လပ်သော ပုဂ္ဂိုလ် အနည်းငယ်သာ ပါသည်ဟု ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများက ဆိုသည်။

ရပ်ကွက် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ရာ၌ ရပ်ကွက်တခုနှင့်တခု မတူညီဘဲ ရပ်ကွက်ရှိ လူဦးရေအလိုက် ရွေးချယ်သွားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးများမှ စုံစမ်းသိရှိရသည်။

“မိခင်နဲ့ ကလေးစောင့်ရှောက်ရေးက ၅ ယောက်၊ ပြည်ခိုင်ဖြိုးက ၉ ယောက်နဲ့ အမျိုးသမီးရေးရာက ၂ ယောက်၊ အပြင်က ၅ ယောက်၊ အားလုံးပေါင်း ၂၁ ယောက်ရွေးသွားတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်တခုမှ မိခင်နှင့်ကလေး စောင့် ရှောက်ရေး အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောသည်။

အစိုးရ လက်အောက်ခံ လူမှုရေး အဖွဲ့အစည်းများကို ကော်မရှင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခြင်းသည် ရပ်ကွက်ထဲတွင် ဂုဏ်သရေရှိပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်က ပြောဆိုသည်။

ရန်ကုန်မြို့ရှိ သတင်းဂျာနယ် အယ်ဒီတာ တဦးကမူ ယင်းကော်မရှင်များ၌ ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံးသည် စစ် အစိုးရ ၏ နိုင်ငံရေးလမ်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အသုံးချရန် စနစ်တကျ တည်ထောင်ထားသည့် လူမှုရေး အဖွဲ့အစည်းများဖြစ်သည်ဟု သုံးသပ်သည်။

ရပ်ကွက် ကော်မရှင်တွင် ပါဝင်ရန် လူရွေးချယ်သော်လည်း တာဝန်ခွဲဝေ သတ်မှတ်ထားခြင်း မရှိသေးဟု ပဲခူးမြို့ရှိ ရွာတရွာမှ ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်တဦးက ပြောသည်။

“ကျနော်တို့ရွာက ၁၀ ယောက် စာရင်းပေးရတယ်။ ကော်မရှင်အဖွဲ့ဝင် အတွက်ရော၊ မဲရုံမှူး၊ ဒု မဲရုံမှူးအတွက်ရောပေါ့။ အဲဒီ လူတွေကိုခေါ်ပြီး ပဲခူးမြို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အရွေးခံထားရတဲ့ ဦးသောင်းဟန်နဲ့ လူဝင်မှုကြီးကြပ်ရေး(လ၀က) က ဦးစီးအရာရှိတယောက်က သင်တန်းပေးတယ်”ဟု ၎င်းက ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်တခုမှ တာဝန်ရှိသူတဦးကလည်း “မဲရုံတွေမှာ ပါဝင်ကြီးကြပ်ပေးဖို့ လူ ၂၇ ယောက်ကို စိစစ် ရွေးချယ်ပြီး မြို့နယ်ရုံးကို စာရင်းတင်လိုက်ရတယ်။ အသက် ၃၀ နဲ့ ၇၀ ကြား။ လူအများ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေပေါ့။ ၂၇ ဦးထဲက ၁၇ ဦးရွေးပေးတယ်။ ၁၀ ဦးကတော့ မဲရုံတွေကို ကြီးကြပ်ရမယ်။ ကျန်တဲ့ ၇ ဦးက အရန်”ဟု ပြောဆိုသည်။

ကြံ့ဖွံ့ အသင်းဝင်များအနက် အသက် ၃၀ ကျော်သူများကို ကော်မရှင် အဖွဲ့ဝင်များအဖြစ် ရွေးချယ်လျက်ရှိပြီး အသက် ၃၀ အောက် လူငယ်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်အဖြစ် ပြောင်းလဲသတ်မှတ်လျက် ရှိ သည်ဟု တာမွေမြို့နယ်မှ ကြံ့ဖွံ့ အသင်းဝင် လူငယ်တဦးက ပြောသည်။

“မဲရုံတွေမှာ ကြီးကြပ်တဲ့ ကော်မတီဖွဲ့ဖို့ ရပ်ကွက်ထဲမှာ စာရင်းလိုက်ကောက်နေပြီ။ အသက် ၃၀ အထက် ဖြစ်ရမယ်တဲ့။ ကျနော့် အဖေတောင် စာရင်းထဲမှာ ပါတယ်။ ကျနော့်ကိုကျတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ပါဖို့ခေါ်တယ်။ အဖေကတော့ ကော်မရှင်အဖွဲ့ထဲ စာရင်းပါသွားတယ်”ဟု တာမွေမြို့နယ်အတွင်းမှ ဆယ်အိမ်မှူး လူငယ်တဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခဲ့သူတဦးကလည်း“ဒီတခေါက် မဲရုံလူကြီး လုပ်မယ့်သူတွေက ကြံ့ဖွံ့နဲ့ အမျိုးသမီးရေးရာ တွေ များတယ်။ ၉၀ ရွေးကောက်ပွဲတုန်းက တကယ့်ကို ဂုဏ်သရေရှိတဲ့ သူတွေကို မဲရုံမှူးအဖြစ် ထားတာ။ ပါတီဝင်တွေ က လည်း သူ့ကို ဘာမှ ပြန်မပြောရဲဘူး။ အခုက ကြံ့ဖွံ့လူကြီးတွေက ပါတီထောင်ပြီး အောက်က ကြံ့ဖွံ့အဖွဲ့ဝင်တွေက မဲရုံမှူး လုပ်ကြမှာ”ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ်၊ ခရိုင် အဆင့် မဲရုံများတွင် မဲရုံမှူးအဖြစ် တာဝန်ယူမည့် အစိုးရ၀န်ထမ်း ၂၅၂ ဦးကို နေပြည်တော် မြို့တော် ခန်းမတွင် ဧပြီလ ၇ ရက်မှ ၉ ရက်အထိ သင်တန်းပေးခဲ့ပြီး ဥပဒေအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် ဒုတိယ ဦးစီးမှူးများ ပါဝင်တက်ရောက်ရကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲများကို မေလ ၆ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ယခု သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက် ကော်မရှင်အဖွဲ့များ ဖွဲ့စည်းနိုင်ရန် ပဏာမ လူရွေးချယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲများကို ဖွဲ့စည်း တာဝန်ပေးထားရာ ကချင်ပြည်နယ်တွင် ၁၈ ခု၊ ကယားပြည်နယ်တွင် ၇ ခု၊ ကရင်ပြည်နယ်တွင် ၇ ခု၊ ချင်းပြည်နယ်တွင်၆ ခု၊ စစ်ကိုင်းတိုင်းတွင် ၃၇ ခု၊ တနင်္သာရီတိုင်းတွင် ၁၀ ခု၊ ပဲခူးတိုင်းတွင် ၂၈ ခု၊ မကွေးတိုင်းတွင် ၂၅ ခု၊ မန္တလေးတိုင်းတွင် ၃၁ ခု၊ မွန်ပြည်နယ်တွင် ၁၀ ခု၊ ရခိုင်ပြည်နယ်တွင် ၁၇ ခု၊ ရန်ကုန်တိုင်းတွင် ၄၅ ခု၊ ရှမ်းပြည်နယ်တွင် ၅၀ ခု၊ ဧရာဝတီတိုင်းအတွင်းတွင် ၂၆ ခုရှိကြောင်း မေလ ၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

စစ်အစိုးရက ပြဋ္ဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ အခန်း ၁၀၊ အပိုဒ် ၃၉(က)၌ ရပ်ကွက် များတွင် မဲဆန္ဒပေးရမည့် ဦးရေနှင့် မဲရုံအရေအတွက်ကို မြို့နယ် ကော်မရှင်က လိုအပ်သလို သတ်မှတ်ပေးနိုင်သည်ဟု ဆို ထားသည်။

၁၉၉၀ ရွေးကောက်ပွဲကာလက မြန်မာနိုင်တဝန်းလုံးတွင် မဲရုံပေါင်း ၁၅၁၅၄ ရုံ သတ်မှတ်ပေးခဲ့သည်။ မဲဆန္ဒရှင် ၁၀၀၀ ရှိသော မဲရုံမှ ၅၀၀၀ ရှိသော မဲရုံအထိ မဲဆန္ဒရှင် ဦးရေအလိုက် ထားရှိရမည့် မဲရုံ အဖွဲ့ဝင်ကိုလည်း သတ်မှတ်ကြေညာထားသည်။ မဲ ဆန္ဒ ရှင် ၁၀၀၀ တွင် မဲရုံ အဖွဲ့ဝင် ၄ ဦးမှ မဲဆန္ဒရှင် ၅၀၀၀ တွင် မဲရုံအဖွဲ့ဝင် ၁၂ ဦးအထိ သတ်မှတ်ခဲ့သည်။

မြန်မာ ပြည်သားများ တင်လာသည့် ကား ပစ်ခတ်ခံရ

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ပရာကျွပ် ခီရီခန် ခရိုင် အတွင်း တရားမ၀င် မြန်မာ ပြည်သားများ တင်ဆောင် လာသည့် ကားကို အမည် မသိ သေနတ် သမားများ ပစ်ခတ်မှုကြောင့် ကားမောင်းသမား တဦးနှင့် အလုပ်သမား တဦး ဒဏ်ရာရရှိ သွားကြောင်း ထိုင်းသတင်းများ အရ သိရသည်။

အဆိုပါ ကားပေါ်တွင် မြန်မာပြည်သား(၁၈)ဦးခန့် လိုက်ပါလာခဲ့ပြီး ဘုရားသုံးဆူမြို့မှ စူဋ္ဌဌာနီမြို့သို့ အသွား လမ်းခုလပ် တနေ ရာ တွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း MCOT.NET ၀က်ဘ်ဆိုက်တွင် ထိုင်း ဘာသာဖြင့် ယနေ့ ဖော်ပြထားသည်။

ထိုပစ်ခတ်မှုကြောင့် မြန်မာ အလုပ်သမားတဦး ဘယ်ဘက်လက်တွင် သေနတ်ထိမှန်ကာ ဒဏ်ရာအနည်းအငယ် ရရှိသွားကြောင်း ၎င်း သတင်း၌ ဖော်ပြထားသည်။

အလုပ်သမားများ ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်း ခရိုင်အတွင်းရှိ ပလာဘူလီ ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ် ခဲ့ ရာ တာဝန်ရှိသူ ရဲအရာရှိ တဦးက ဖြစ်ပွားပုံကို မသိရှိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုတွေကို ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများကို လက်ရှိ ထို ရဲစခန်းတွင် ထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးသွားမည် ဖြစ် ကြောင်း သိ ရသည်။ ယာဉ်မောင်းကိုမူ တရားမ၀င် လူကုန်ကူးမှုဖြင့် ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရဲ အရာရှိက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာ ပြည် သားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါ အ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။

ထို သေဆုံးသူများသည် ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တား ဆီးသည်ကို မရပ်ပေးသဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ် သက်၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝ က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးထားသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

ဒိုက်ဦးနယ်ဘက်မှာ ကြွက်တွေ နေရာရွှေ့

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ကောင်ရေ ထောင်ပေါင်းများစွာရှိတဲ့ ကြွက်တွေ နေရာရွှေ့ပြောင်းတာကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တွေ့ကြရတယ်လို့ ဒေသခံတွေနဲ့ မျက်မြင်သက်တွေက ပြောကြပါတယ်။

လက်ရှိက အဲဒီဒေသဘက်မှာ စပါးမစိုက်ရသေးတဲ့အတွက် ဖျက်ဆီးခံရတာတွေ မရှိပေမဲ့ ဒီလိုဖြစ်ရပ်မျိုး အရင်က မရှိခဲ့ဘူးတာကြောင့် ဒေသခံတွေအတွက် အထူးအဆန်း ဖြစ်နေပါတယ်။ ဒီအခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဒိုက်ဦးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု တ၀ိုက်မှာ ဒီရက်ပိုင်းအတွင်း မြေကြွက်ဝမ်းဖြူတွေ ညဘက်ဆိုရင် အုပ်လိုက်ထွက်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီကြွက်အုပ်တွေကို ပြီးခဲ့တဲ့ အပတ်ထဲမှာ စတင်တွေ့ရတာဖြစ်ပြီး အဲဒီအနီးတ၀ိုက်မှာပဲ အုပ်လိုက် ရွှေ့နေကြတယ်လို့ သိရပါတယ်။

ဒိုက်ဦးမြို့နယ်က လယ်သမားတယောက်က စပါးမစိုက်ရသေးတဲ့အတွက် အပျက်အစီးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

“ဟုတ်တယ်၊ ဒိုက်ဦးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ တဧကကွင်းပေါ့၊ အဲဒီမှာ ညဘက် ညဘက်ဆို တအားဖြစ်နေတယ်။ ဘာကြောင့် ကျပြီး ဘယ်လိုဖြစ်မှန်း မသိဘူး။ တော်တော်များတာမှ ထောင်ပေါင်း၊ သောင်းပေါင်းလောက်ရှိတယ်။ အခုကတော့ ဖျက်ဆီးစရာတော့ မရှိသေးဘူးပေါ့လေ။ ကျနော်တို့ လယ်သမားတွေ စိုက်မှမစိုက်ရသေးတာ။ ကျနော်တို့မှာက နှိမ်နင်းစရာဆိုလို့ ဘာမှမရှိဘူးလေ။ ဖျက်ဆီးစရာကလည်း စပါးမစိုက်ရသေးဘူး။ အခုတော့ မရွှေ့သေးဘူး၊ အဲဒီနားတ၀ိုက်မှာပဲ။ ညဘက်ဆို အုပ်လိုက်၊ အုပ်လိုက်ထွက်ပြီး လျှောက်သွားနေတာပဲ။ ကြွက်ကတော့ သေးသေးလေးတွေ၊ ဗိုက်ဖြူလေးတွေလေ။ အဲဒီနားနေတဲ့သူ တချို့ကတော့ ညဘက်ဆို ကားလမ်းမှာ လိုက်ကောက်ပြီး ချက်စားနေတာပဲ။”

ခုချိန်ထိတော့ ဒီကြွက်အုပ်တွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနက မနှိမ်နင်းသေးဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။ ကြွက်အုပ်တွေ သွားလာတဲ့နေရာဟာ ရန်ကုန်-နေပြည်တော် ကားလမ်းပေါ်က မိုင်တိုင်အမှတ် ၄၅ ပတ်ဝန်းကျင်မှာ ဖြစ်တာမို့ အဝေးပြေးကားတွေနဲ့ ခရီးသည်တင်ကားတွေကလည်း ကြွက်တွေကို နင်းကြိတ်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က မန္တလေးက ပြန်လာတဲ့ ဘလော်ဂါ ညီလင်းဆက်က မိုင်တိုင်အမှတ် ၄၅ အနီးတ၀ိုက်က ကားလမ်းမပေါ်ရော၊ လမ်းဘေးဝဲယာမှာပါ ကြွက်အုပ်တွေ ပြည့်နေတာကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့အကြောင်း သူ့ရဲ့ဘလော့မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြ ရေးသားထားပါတယ်။

မနေ့ညက ထပ်သွားကြည့်တဲ့အချိန်မှာ သိပ်မတွေ့ရတော့ဘူးလို့ ကိုညီလင်းဆက်က ပြောပါတယ်။

“တွေ့တော့တွေ့ခဲ့တယ်။ ၂၆၊ ၂၈၊ အဲဒီရက်ပိုင်းတွေက၊ ၄၅ မိုင်လောက်မှာပဲဗျ။ ဟိုတနေ့ကတော့ များတယ်၊ မနေ့ကတော့နည်းတယ်ဗျ။ ကျနော်တို့ သွားတဲ့အချိန်ကလည်း နောက်ကျသွားလို့။ ကျနော်တို့က ည ဆယ်နာရီခွဲလောက်သွားတော့ အဲဒီပေါ်မှာ သိပ်မရှိတော့ဘူး။ ဒါပေမဲ့ လမ်းဘေးတွေမှာတော့ ရှိတယ်။ အဲဒီကလူတွေ အကုန်မြင်နေရတယ်။ သွားတဲ့လူတွေလည်း အကုန်တွေ့ရတယ်၊ ခရီးသွားတဲ့ လူတွေ။”

၂၀၀၆ ခုနှစ်ကုန်ပိုင်းက ချင်းပြည်နယ်မှာ ၀ါးသုဉ်းမှုကြောင့် ကြွက်အုပ်တွေ တောင်ယာခင်းတွေကို ၀င်ရောက်ဖျက်ဆီးတဲ့အတွက် ရိက္ခာရှားပါးမှုနဲ့ ကြုံခဲ့ရပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ထဲမှာလည်း နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ကြွက်အုပ်ကျလို့ စပါးစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။

မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး

ပြီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံကို ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်ကာ လူမြင်သာသည့်ကားလမ်းမဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်းသိရှိရပါသည်။

“ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းအသစ်နဲ့အဖွဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုင်းဟိုင်းမြို့မှာ နှစ်နိုင်ငံမြို့နယ် အဆင့် နယ်စပ်ကိစ္စဆွေးနွေးပွဲ မသွားခင်မှာဘဲဖြစ်တာ၊ ဘယ်သူ့လက်ချက်မှန်းမသိဘူး၊ နအဖ ရဲ့ ဌာန ဆိုင်ရာရုံး ၄ ခုက အလံ ၄ ခုစလုံး ညအချိန်ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်တယ်၊ တချို့အစအနတွေ လမ်းပေါ်ကြဲပစ် ထားတယ်။ တချို့အပိုင်း ဟာကိုဓါးနဲ့ချိုဒ်ပြီးဓါတ်တိုင် မှာသွားချည်ထားတယ်” - ဟု ကျိုင်းတုံမြို့ခံတဦးက ပြောပြပါသည်။

မဆလ/န၀တ/နအဖ ၏ ပြည်ထောင်စုအလံ

မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၈၉၆ နှင့် တပ်မဟာ ၃၆၉ တို့ ပူးပေါင်းထိန်းချုပ်သည့် ဆီလူးမြို့ရှိ နအဖ၏ ကျန်းမာ ရေးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဌာန နှင့် တိရစ္ဆာန်ဌာနရုံးများ၏အလံများ ဂျွန် ၂၁ ရက် ညဥ့်နက် ပိုင်းက ဖြုတ်ချဖျက်ဆီးခံရ ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ကဘဲ မိုင်းလားတပ်ဖွဲ့ကို အကြောင်းမရှိ အကြောင်းရှာ၊ ရန် ရှာချင်လို့ လံကြုပ်ဖန်တီး တာဖြစ်နိုင် သလို အသွင်ပြောင်းဖို့ အမြို့ဖိအားပေးခံနေတာကို အမြင်ကပ်လို့ ဒေသခံတပ်မှူးတပ်သားတွေ လုပ်တာလဲ ဖြစ်နိုင်တယ်”- ဟု တရုတ် နယ်စပ် အကဲခတ်သူတဦးကပြောပါသည်။

အဆိုပါကိစ္စကို မိုင်းလားတပ်ဖွဲ့သိလျှင်သိခြင်း အခင်းဖြစ်သည့် နေရာသို့ မိုင်းလား ဗဟိုဌာနချုပ်မှအာဏာပိုင်များသွား ရောက် စစ်ဆေးခဲ့ကြကြောင်း၊ မဆလ/န၀တ အလံ ဖျက်ဆီးသည့်တရားခံကိုလည်း အမြန်ဆုံးဖမ်းမိရန်စုံစမ်းမေးမြန်း နေကြောင်း- မိုင်းလား တပ်ဖွဲ့ အရာရှိတဦး ကပြောပြပါသည်။

ဂျွန် ၂၄ ရက် တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မိုင်းဟိုင်းမြို့ နှစ်နိုင်ငံ (မြို့နယ် အဆင့်) တရုတ် - မြန်မာ နယ်စပ်အရေးဆွေးနွေးပွဲမှအပြန် မိုင်းလားမြို့ ညအိပ်ရပ်နားစဉ် တြိဂံစစ်တိုင်း ရုံး ဂျီဝမ်းသစ် ဒု-ဗိုလ်မှူးကြီးတင့်ဆွေနှင့်အဖွဲ့ မိုင်းလားအာဏာပိုင်များနှင့် တွေ့ဆုံရာ၌လည်း နယ်ခြားစောင့် တပ်အရေးထက်အလံဖျက် ဆီးခံရသည့် ကိစ္စကို ဦးစားပေးပြောသွားကြောင်း နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောပါသည်။

တြိဂံတိုင်း ဂျီဝမ်းသစ်နှင့်အဖွဲ့အား မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ဆန်းပေ နှင့် စ၀်ဆန်လူတို့ လက်ခံတွေ့ဆုံစဉ် တင်ပြစရာ တောင်းဆိုစရာများရှိလျှင် ပြောနိုင်ကြောင်း၊ အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ဒု-ဗိုလ်မှူးကြီး တင့်ဆွေမှကမ်းလှမ်း သော်လည်း ဘာမျှဆွေးနွေးစရာမရှိကြောင်း ၂၅/၆/၂၀၁၀ နေ့ ပြောဆိုကြပြီး ယခင် ကကဲ့သို့ ထမင်းဝိုင်းထိုင်အတူ စားသောက်ခြင်းပင်မရှိဟု ကြားသိရ၏။ ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ ရက်နေ့ နအဖနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်သည်။

တရုတ်နယ်စပ် မြန်မာရဲကင်းကို ရွာသားများ တိုက်ခိုက်

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာ အနီးရှိ မြန်မာရဲကင်းအား ယနေ့နံနက်ပိုင်းက တရုတ်ရွာသားများ တိုက်ခိုက်ခဲ့ရာ အဆိုပါ စခန်းမှ စစ်ဘက်ရေးရာလုံခြုံရေး အဖွဲ့ (စရဖ) ပိုင် ကားတစ်စီးပျက်စီးသွား ကြောင်း သိရသည်။
မြန်မာဘက်ခြမ်းမှ စပါးဝယ်ပြန်လာသည့် တရုတ်ရွာသားများပိုင် ထော်လာဂျီ ၁၆ စီး ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ရဲကင်းတွင် ဖမ်းဆီးထားရာ ပြန်လည်လွတ်ပေးခြင်း မရှိသည့်အတွက် ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်သား သျှမ်းလယ်သမားများက အဖမ်းခံထားရသည့် ထော်လာဂျီနှင့်စပါးများ ပြန်လည်ရယူရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သျှမ်းရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မန်ဝိန်းကြီးဘက်မှာ စပါးဝယ်ပြီး ပြန်လာတဲ့ ထော်လာဂျီ ၁၆ စီး ကို မနေ့မနက်က နမ့်ဝမ်းတံတား လုံခြုံရေးရဲကင်းမှာ မန်ဝိန်းကြီး စရဖက ဖမ်းထားတာ ည ၁၂ နာရီအထိပေါ့။ ဒီဘက်( တရုတ်) ကကုန်သယ်တွေ သွားညှိတာ လွတ်မပေးဘူး၊ ဒီ မနက် တရုတ်ဘက်က သျှမ်းလယ်သမားတွေစုပြီး ရဲကင်းကို ၀င်စီးတယ် ” ဟု သူက ပြောသည်။

အခင်းဖြစ်ပွားစဉ် မန်ဝိန်းကြီး စရဖ တပ်ဖွဲ့တွင် သေနတ်ရှိသော်လည်း ပြန်လည်ပစ်ခတ်ခြင်းမရှိပဲ သျှမ်းရွာသားများက ၄င်းတို့ပိုင်ထော်လာဂျီများ ပြန်လည်ရယူခဲ့ကြောင်း သိရသည်။

“ရဲတွေကလဲ အခုလို စရဖ ဖမ်းတဲ့ ကိစ္စကို မကြိုက်ကြဘူး၊ စရဖနဲ့မတည့်တဲ့ ရဲတွေကိုယ်တိုင် စရဖ ကားကို ၀င်ပြီးဝိုင်းရိုက် ကူတယ်” ဟု သူက ဆိုသည်။

ယခုပြဿနာ ဖြစ်ပွားပြီးနောက် ထော်လာဂျီဖမ်းဆီးခဲ့သည့် စရဖ တာဝန်ခံမှာ မန်ဝိန်းကြီးဘက် ထွက်ခွာသွားပြီး ပြဿနာ ဖြေရှင်းရန် သျှမ်းရွာသားများ စောင့်ဆိုင်းနေသော်လည်း မြန်မာဘက်မှ တာဝန်ယူဖြေရှင်းမည့်သူ မရောက်လာသေး ကြောင်း သိရသည်။

အဆိုပါ ရဲကင်းစခန်းသည် နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး တရုတ်ဘက်ခြမ်း ကုန်းခမ်းရွာနှင့် မြန်မာဘက်ခြမ်း နမ့်ဝမ်းရွာ ဆက် သွယ်ထားသော တံတားအနီးတွင် တည်ရှိသည်။

အမတ်လောင်းမှတဆင့် လူထုကို စည်းရုံးနေရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေးနှင့် နှစ်ပေါင်း ၂၀ ခန့် ကင်းကွာနေသည့် ပြည်သူများကို ပါတီဝင်အဖြစ် စည်းရုံးရန် ခက်ခဲသဖြင့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းကို ဦးစွာရှာဖွေပြီးမှ ထိုသူများမှတဆင့် စည်းရုံးနေရကြောင်း ရွေးကောက်ပွဲဝင်မည့် ပါတီအချို့အဆိုအရ သိရသည်။

ပြည်သူလူထုထံ တိုက်ရိုက်စည်းရုံးရန် ခက်ခဲသဖြင့် အမတ်လောင်းများကို ဦးစားပေး စုဆောင်းရကာ ထိုသူများမှတဆင့် စည်းရုံးရေး ဆင်းကြရကြောင်း ကရင်ပြည်သူ့ပါတီ KPP နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM တို့က ပြောဆိုခြင်း ဖြစ်သည်။

“ပြည်သူတွေက နိုင်ငံရေးနဲ့ အတော်ကင်းကွာနေတဲ့ အခါကျတော့ ပါတီဝင်ထဲကနေ ကိုယ်စားလှယ်လောင်း ပြန်ရွေးဖို့ အတော်ကို ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းကို အရင်ရှာဖွေပြီးတော့မှ သူ့ကို မဲပေးမယ့် ပါတီဝင်တွေကို ပြန်လည်စုစည်းတဲ့ ပုံစံ သွားနေရတယ်” ဟု KPP ဒုဥက္ကဋ္ဌ (၂) နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးစောအေးကိုက မဇ္ဈိမကို ပြောသည်။

KPP ပါတီသည် ကရင်လူမျိုးများ တည်ရှိရာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတို့နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှနေ၍ ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီထောင်ခွင့် လျှောက်ခဲ့ရာ မေလ ၂၁ ရက်နေ့တွင် ခွင့်ပြုခဲ့သည်။ အငြိမ်းစား စစ်ဘက်အရာရှိအများစုဖြင့် ဖွဲ့စည်းထားကာ ပါတီဝင် ၄ဝဝဝ ထက်မနည်း စုဆောင်းရရှိထားပြီး လွှတ်တော်အမတ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေသည်။

DPM ဥက္ကဋ္ဌ ဦးသုဝေကလည်း “အခုက အမတ်လောင်းကို အရင်ရွေးရတဲ့ ပုံစံပဲ လုပ်နေရတယ်။ ဘာဖြစ်လို့ဆိုတော့ စည်းရုံးချိန်က အချိန်နည်းနေတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်လောင်းကို အရင်ရွေး၊ ပြီးတော့မှ သူ့ကို ကူညီနိုင်မယ့် ပါတီဝင်အချို့ကို စည်းရုံးတဲ့ ပုံစံ လုပ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတဝှန်းရှိ လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် DPM ပါတီသည် လက်ရှိတွင် ကချင်၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၃ ခုမှ ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကာ ကိုယ်စားလှယ်လောင်း ၁ဝဝ ထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်မည်။ DPM မှာ ကော်မရှင်သို့ ပြီးခဲ့သည့် မတ်လ ၃ဝ နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၂ဝ ရက်နေ့တွင် ပါတီအဖြစ် မှတ်ပုံတင်ရန် ခွင့်ပြုခဲ့သည်။

၎င်းပါတီနှစ်ရပ်က ကိုယ်စားလှယ်လောင်းကို အရင်စုဆောင်းနေသော်လည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး၊ ဝံသာနု NLD နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) စသည့် ပါတီများကမူ ပါတီဝင်နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့ကို တပြိုင်နက်ထဲ စုဆောင်းကြသည်။

“ကျမတို့ ပါတီကတော့ ပါတီဝင်ရော၊ ကိုယ်စားလှယ်လောင်းရော တပြိုင်နက် စုဆောင်းနေတယ်။ ဘာ့လို့လဲဆိုတော့ ပါတီကို ထောက်ခံမယ့် ပါတီဝင်ကလည်း အရေးကြီးသလို ဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းလည်း အရေးကြီးလို့ပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဒုဥက္ကဋ္ဌ (၁) ဒေါ်စန္ဒာဦးက ပြောသည်။

နိုင်ငံတဝှန်း ဝင်ပြိုင်မည့် ပါတီများသည် ကော်မရှင်က မှတ်ပုံတင်ရန် ခွင့်ပြုသည့်နေ့မှ ရက် ၉ဝ အတွင်း ပါတီဝင် အနည်းဆုံး ၁ဝဝဝ စုဆောင်းရမည်ဖြစ်ပြီး ဒေသဆိုင်ရာ ပါတီမှာ အနည်းဆုံး ပါတီဝင် ၅ဝဝ စုဆောင်းရရှိရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများတွင် ဖော်ပြထားသည်။

ထို့အပြင် ယခုလ ၂၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ၂/၂ဝ၁ဝ ဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ စည်းရုံးရေးလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက် ၁၄ ချက်အနက် အချက်အချို့သည် စည်းရုံးကို ပိုမိုခက်ခဲစေကြောင်း ပါတီများက ပြောဆိုကြသည်။

စည်းကမ်းချက်များတွင် ပါတီများသည် အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်း၊ အော်ဟစ် ကြွေးကြော်ခြင်း မပြုရန်နှင့် ပါတီရုံးပြင်ပတွင် စုဝေးဟောပြောလိုလျှင် ခန့်မှန်းခြေ တက်ရောက်နိုင်သည့် အင်အားကို တင်ပြ၍ ကော်မရှင်ထံ အနည်းဆုံး ၇ ရက်ကြိုတင် ခွင့်ပြုချက်တောင်းခံရန် စသည့် အချက်များလည်း ပါဝင်သည်။

၇ ရက်ကြိုတင် အကြောင်းကြားရမည့် စည်းကမ်းချက်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းတောင်ဒေသတွင် စည်းရုံးရေးလုပ်ဆောင်ရမည့် မိမိတို့ပါတီအတွက် ထိုးနှက်ချက်တခုဖြစ်ကြောင်း ချင်းအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။

“မကြာခင် ကျနော်တို့ ချင်းတောင်တက်ပြီး စည်းရုံးရေးဆင်းမယ်။ မိုးရာသီမှာ သွားရမယ်ဆိုတော့ ၇ ရက်လောက် ကြိုတင် ပြောလို့မှ မရဘဲ။ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ ချင်းတောင်လို နေရာမှာ မိုးရာသီမှာ ၇ ရက်ဆိုတော့ များတယ်ဗျာ။ ကျနော့်အတွက်တော့ ၇ နာရီလောက်က အကောင်းဆုံးပဲ” ဟု သူက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “သူတို့ ထုတ်လိုက်တဲ့ စည်းကမ်းချက်တွေကတော့ ပါတီစည်းရုံးရေးမှာ အကန့်အသတ်တွေ ဖြစ်စေတာပေါ့။ အမှန်ကတော့ ပါတီစည်းရုံးရေးသွားတဲ့အခါမှာ မြို့နယ်တွေက ပါတီအလံတွေ လွှင့်ထူပြီး အားရပါးရ ကြိုဆိုချင်ကြတယ်။ အခုက အဲလိုခွင့်မပြုတော့ အားရပါးရ မရှိဘူးပေါ့ဗျာ” ဟု ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ကိုရဲထွန်းကလည်း “တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတခုရဲ့ အလံတို့၊ သင်္ကေတတို့၊ သဘောတရားတို့ကို လူတိုင်းသိအောင် လုပ်ဖို့ လိုအပ်လာပြီ။ အလံကို လမ်းပေါ် မထောင်နဲ့လို့ ပြောတယ်။ ဟုတ်ပြီ ပါတီရုံးမှာ ထောင်မယ်ဗျာ။ တနိုင်ငံလုံး သိအောင်ကျတော့ ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။

ပါတီစည်းရုံးရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ ကော်မရှင်နှင့် ဆွေးနွေးညှိနှိုင်းသွားရန် ရှိကြောင်း ဝံသာနု NLD နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ် ပါတီခေါင်းဆောင်များ အဆိုအရ သိရသည်။

ဝံသာနု NLD အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက “အခုအခြေအနေက ကော်မရှင်ကို ကိုယ်လုပ်ချင်တဲ့ အခြေအနေမျိုး တင်ပြတောင်းခံရမယ့် အနေအထား ဖြစ်နေပြီ။ သဘောထားချင်းတူတဲ့ ပါတီတွေ စုပြီး ကော်မရှင်နဲ့ ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ အခုဟာက လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ကို ကန့်သတ်ထားတဲ့ အခြေအနေ ဖြစ်နေတယ်လေ” ဟု ပြောသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည်ဟု ပြောဆိုထားသော်လည်း ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ ယနေ့အထိ ပါတီမှတ်ပုံတင် လျှောက်ထားသော ပါတီပေါင်း ၄၂ ပါတီအနက် ၃၃ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

အမတ်လောင်းမှတဆင့် လူထုကို စည်းရုံးနေရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေးနှင့် နှစ်ပေါင်း ၂၀ ခန့် ကင်းကွာနေသည့် ပြည်သူများကို ပါတီဝင်အဖြစ် စည်းရုံးရန် ခက်ခဲသဖြင့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းကို ဦးစွာရှာဖွေပြီးမှ ထိုသူများမှတဆင့် စည်းရုံးနေရကြောင်း ရွေးကောက်ပွဲဝင်မည့် ပါတီအချို့အဆိုအရ သိရသည်။

ပြည်သူလူထုထံ တိုက်ရိုက်စည်းရုံးရန် ခက်ခဲသဖြင့် အမတ်လောင်းများကို ဦးစားပေး စုဆောင်းရကာ ထိုသူများမှတဆင့် စည်းရုံးရေး ဆင်းကြရကြောင်း ကရင်ပြည်သူ့ပါတီ KPP နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM တို့က ပြောဆိုခြင်း ဖြစ်သည်။

“ပြည်သူတွေက နိုင်ငံရေးနဲ့ အတော်ကင်းကွာနေတဲ့ အခါကျတော့ ပါတီဝင်ထဲကနေ ကိုယ်စားလှယ်လောင်း ပြန်ရွေးဖို့ အတော်ကို ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းကို အရင်ရှာဖွေပြီးတော့မှ သူ့ကို မဲပေးမယ့် ပါတီဝင်တွေကို ပြန်လည်စုစည်းတဲ့ ပုံစံ သွားနေရတယ်” ဟု KPP ဒုဥက္ကဋ္ဌ (၂) နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးစောအေးကိုက မဇ္ဈိမကို ပြောသည်။

KPP ပါတီသည် ကရင်လူမျိုးများ တည်ရှိရာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတို့နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှနေ၍ ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီထောင်ခွင့် လျှောက်ခဲ့ရာ မေလ ၂၁ ရက်နေ့တွင် ခွင့်ပြုခဲ့သည်။ အငြိမ်းစား စစ်ဘက်အရာရှိအများစုဖြင့် ဖွဲ့စည်းထားကာ ပါတီဝင် ၄ဝဝဝ ထက်မနည်း စုဆောင်းရရှိထားပြီး လွှတ်တော်အမတ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေသည်။

DPM ဥက္ကဋ္ဌ ဦးသုဝေကလည်း “အခုက အမတ်လောင်းကို အရင်ရွေးရတဲ့ ပုံစံပဲ လုပ်နေရတယ်။ ဘာဖြစ်လို့ဆိုတော့ စည်းရုံးချိန်က အချိန်နည်းနေတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်လောင်းကို အရင်ရွေး၊ ပြီးတော့မှ သူ့ကို ကူညီနိုင်မယ့် ပါတီဝင်အချို့ကို စည်းရုံးတဲ့ ပုံစံ လုပ်ပါတယ်” ဟု ပြောသည်။

နိုင်ငံတဝှန်းရှိ လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် DPM ပါတီသည် လက်ရှိတွင် ကချင်၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၃ ခုမှ ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကာ ကိုယ်စားလှယ်လောင်း ၁ဝဝ ထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်မည်။ DPM မှာ ကော်မရှင်သို့ ပြီးခဲ့သည့် မတ်လ ၃ဝ နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၂ဝ ရက်နေ့တွင် ပါတီအဖြစ် မှတ်ပုံတင်ရန် ခွင့်ပြုခဲ့သည်။

၎င်းပါတီနှစ်ရပ်က ကိုယ်စားလှယ်လောင်းကို အရင်စုဆောင်းနေသော်လည်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး၊ ဝံသာနု NLD နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) စသည့် ပါတီများကမူ ပါတီဝင်နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့ကို တပြိုင်နက်ထဲ စုဆောင်းကြသည်။

“ကျမတို့ ပါတီကတော့ ပါတီဝင်ရော၊ ကိုယ်စားလှယ်လောင်းရော တပြိုင်နက် စုဆောင်းနေတယ်။ ဘာ့လို့လဲဆိုတော့ ပါတီကို ထောက်ခံမယ့် ပါတီဝင်ကလည်း အရေးကြီးသလို ဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းလည်း အရေးကြီးလို့ပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဒုဥက္ကဋ္ဌ (၁) ဒေါ်စန္ဒာဦးက ပြောသည်။

နိုင်ငံတဝှန်း ဝင်ပြိုင်မည့် ပါတီများသည် ကော်မရှင်က မှတ်ပုံတင်ရန် ခွင့်ပြုသည့်နေ့မှ ရက် ၉ဝ အတွင်း ပါတီဝင် အနည်းဆုံး ၁ဝဝဝ စုဆောင်းရမည်ဖြစ်ပြီး ဒေသဆိုင်ရာ ပါတီမှာ အနည်းဆုံး ပါတီဝင် ၅ဝဝ စုဆောင်းရရှိရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများတွင် ဖော်ပြထားသည်။

ထို့အပြင် ယခုလ ၂၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ၂/၂ဝ၁ဝ ဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ စည်းရုံးရေးလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက် ၁၄ ချက်အနက် အချက်အချို့သည် စည်းရုံးကို ပိုမိုခက်ခဲစေကြောင်း ပါတီများက ပြောဆိုကြသည်။

စည်းကမ်းချက်များတွင် ပါတီများသည် အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်း၊ အော်ဟစ် ကြွေးကြော်ခြင်း မပြုရန်နှင့် ပါတီရုံးပြင်ပတွင် စုဝေးဟောပြောလိုလျှင် ခန့်မှန်းခြေ တက်ရောက်နိုင်သည့် အင်အားကို တင်ပြ၍ ကော်မရှင်ထံ အနည်းဆုံး ၇ ရက်ကြိုတင် ခွင့်ပြုချက်တောင်းခံရန် စသည့် အချက်များလည်း ပါဝင်သည်။

၇ ရက်ကြိုတင် အကြောင်းကြားရမည့် စည်းကမ်းချက်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းတောင်ဒေသတွင် စည်းရုံးရေးလုပ်ဆောင်ရမည့် မိမိတို့ပါတီအတွက် ထိုးနှက်ချက်တခုဖြစ်ကြောင်း ချင်းအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။

“မကြာခင် ကျနော်တို့ ချင်းတောင်တက်ပြီး စည်းရုံးရေးဆင်းမယ်။ မိုးရာသီမှာ သွားရမယ်ဆိုတော့ ၇ ရက်လောက် ကြိုတင် ပြောလို့မှ မရဘဲ။ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ ချင်းတောင်လို နေရာမှာ မိုးရာသီမှာ ၇ ရက်ဆိုတော့ များတယ်ဗျာ။ ကျနော့်အတွက်တော့ ၇ နာရီလောက်က အကောင်းဆုံးပဲ” ဟု သူက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “သူတို့ ထုတ်လိုက်တဲ့ စည်းကမ်းချက်တွေကတော့ ပါတီစည်းရုံးရေးမှာ အကန့်အသတ်တွေ ဖြစ်စေတာပေါ့။ အမှန်ကတော့ ပါတီစည်းရုံးရေးသွားတဲ့အခါမှာ မြို့နယ်တွေက ပါတီအလံတွေ လွှင့်ထူပြီး အားရပါးရ ကြိုဆိုချင်ကြတယ်။ အခုက အဲလိုခွင့်မပြုတော့ အားရပါးရ မရှိဘူးပေါ့ဗျာ” ဟု ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ကိုရဲထွန်းကလည်း “တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတခုရဲ့ အလံတို့၊ သင်္ကေတတို့၊ သဘောတရားတို့ကို လူတိုင်းသိအောင် လုပ်ဖို့ လိုအပ်လာပြီ။ အလံကို လမ်းပေါ် မထောင်နဲ့လို့ ပြောတယ်။ ဟုတ်ပြီ ပါတီရုံးမှာ ထောင်မယ်ဗျာ။ တနိုင်ငံလုံး သိအောင်ကျတော့ ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။

ပါတီစည်းရုံးရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ ကော်မရှင်နှင့် ဆွေးနွေးညှိနှိုင်းသွားရန် ရှိကြောင်း ဝံသာနု NLD နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ် ပါတီခေါင်းဆောင်များ အဆိုအရ သိရသည်။

ဝံသာနု NLD အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက “အခုအခြေအနေက ကော်မရှင်ကို ကိုယ်လုပ်ချင်တဲ့ အခြေအနေမျိုး တင်ပြတောင်းခံရမယ့် အနေအထား ဖြစ်နေပြီ။ သဘောထားချင်းတူတဲ့ ပါတီတွေ စုပြီး ကော်မရှင်နဲ့ ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ အခုဟာက လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ကို ကန့်သတ်ထားတဲ့ အခြေအနေ ဖြစ်နေတယ်လေ” ဟု ပြောသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည်ဟု ပြောဆိုထားသော်လည်း ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ ယနေ့အထိ ပါတီမှတ်ပုံတင် လျှောက်ထားသော ပါတီပေါင်း ၄၂ ပါတီအနက် ၃၃ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

မှောင်ခိုလမ်းကြောင်းပေါ်ရှိ ကျွဲ၊ နွားများ ပျောက်ဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျွဲ၊ နွားများ အခိုးခံနေရပြီး တရုတ်ပြည်သို့ မှောင်ခို ခိုးထုတ်သည့် ကျွဲ၊ နွားအုပ်များနှင့်အတူ ရောင်းစားခံနေကြရသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်းမှ ကျွဲ၊ နွားများအား ဗန်းမော်ဒေသမှတဆင့် တရုတ်နယ်စပ်သို့ မှောင်ခိုခိုးထုတ်ရာတွင် တပတ်လျှင် အနည်းဆုံး အကောင် (၂ဝဝ) ဝန်းကျင်အထိ သယ်ဆောင်ရာ လမ်းကြောင်းတလျှောက် ကျေးရွာများရှိ ကျွဲ၊ နွားများကိုလည်း တပါတည်းယူဆောင်သွား၍ ပျောက်ဆုံးမှုများ တွေ့ကြုံနေရသည်ဟု မံစီဒေသခံတဦးက ပြောသည်။

၎င်းက “ကုန်သည်တွေက ကျွဲ၊ နွားအုပ်တွေနဲ့ ရွာတွေကို ဖြတ်တော့ ရွာကလှန်ထားတဲ့အကောင်တွေ အဲဒီအုပ်တွေနဲ့ ရောပါသွားတာ။ အချို့ကလည်း ခိုးပြီး အဲဒီကုန်သည်တွေကို ရောင်းစားတာတွေရှိတယ်။ တပတ်၊ တပတ်ကို အချို့ရွာကလည်း သုံးလေးကောင်၊ အချို့ရွာလည်း တကောင်စ နှစ်ကောင်စ ပျောက်နေတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကျေးရွာရှိ ကျွဲ၊ နွားများ ပျောက်ဆုံးနေသဖြင့် ဒေသခံများမှာ ကျွဲ၊ နွား ကုန်သည်များ ရောက်ရှိလာပါက မိမိတို့၏ ကျွဲ၊ နွားများနှင့် ရောနှောမှု မရှိစေရန်၊ အခိုးမခံရစေရန် စောင့်ကြည့်နေရသကဲ့သို့ ကျွဲ၊ နွားများအတွင်း ကူးစက်ရောဂါ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း မံစီဒေသခံက ပြောသည်။

၎င်းက “သူတို့အကောင်တွေက ရွာနားက စားကျက်မှာလည်း လာလွှတ်ထားတာ။ အဲတော့ ကိုယ့်အကောင်တွေ ရောမပါသွားအောင် သတိထားနေရတယ်။ ပြီးတော့ အခုလို မိုးတွင်းကျတော့ ခွာနာ လျှာနာတွေ ဖြစ်ကြတယ်။ သားသတ်ဖို့ ရောင်းစားတယ်ဆိုတော့ အဲဒီ ကျွဲ၊ နွားတွေမှာ ရောဂါတခုခု ဖြစ်လို့ရောင်းတာလည်း ဖြစ်နိုင်တယ်။ ဒီမှာရှိတဲ့ကောင်တွေကို လာပြီးကူးစက်မှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် တရုတ်ကိုသယ်မယ့် ကျွဲ၊ နွားတွေ ရောက်လာပြီဆို အထူးဂရုစိုက်နေရတယ်” ဟု ပြောသည်။

မြန်မာပြည်အလယ်ပိုင်းမှ နွားတကောင်လျှင် ကျပ် (၂) သိန်းဝန်းကျင် ဝယ်ယူလာပြီး တရုတ်ပြည်ဘက်တွင် ကျပ် (၅) သိန်းအထိ ပြန်လည်ရောင်းချနိုင်၍ ကျွဲ၊ နွား မှောင်ခိုကုန်သွယ်မှုကို ငွေကြေးချမ်းသာသည့် မွတ်စလင်များက အဓိက လုပ်ကိုင်နေသည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “ဗန်းမော်သားသတ်ခုံတွေက နွားတွေ လွတ်လပ်စွာ သယ်ခွင့်ရကြတယ်။ နွားကုန်သည်တွေက နွားတွေဝယ်ဖို့ သားသတ်ခုံက သူ့နည်းသူ့ဟန်နဲ့ လက်မှတ်ရထားတယ်။ အဲဒီကုန်သည်တွေက ကျွဲ၊ နွားတွေကို မော်တော်တွေနဲ့ ရွှေဘို၊ ၀က်လက်၊ ငအိုးဘက်က ၀ယ်ပြီး မော်တော်တွေနဲ့သယ်တာ။ မော်တော်တစီးမှာ အကောင် (၇၀) ကျော်လောက်ပါတယ်။ ဗန်းမော်နားက ညောင်ပင်သာရွာမှာချပြီး အဲဒီကနေ တောလမ်းအတိုင်း မောင်းလာတာ” ဟု ပြောသည်။

ခေတ်ပြိုင်သတင်းထောက် ခိုင်လင်း ရေးသားသည်။

ကချင်ပါတီအသစ် တည်ထောင်ရန် စစ်အစိုးရ တိုက်တွန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေသခံ ကချင်တိုင်းရင်သားများအား ကချင်ပါတီအသစ် တည်ထောင်ရန် မြန်မာစစ်အစိုးရက အတင်းတိုက်တွန်းနေကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကြံ့ဖွံ့ပါတီဝင် ဒူဝါ ခက်ထိန်နန်သည် ၎င်းပါတီခေါင်းဆောင်များ၏ တိုက်တွန်းချက်အရ “ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (Kachin State Unity and Democracy Party, KSUDP)” ကို ပြီးခဲ့သည့်အပတ်က အလျင်အမြန် တည်ထောင်ခဲ့သည်။
062810-hting-nan

စစ်အစိုးရ ကြံ့ဖွံ့ပါတီမှ နုတ်ထွက်ပြီး ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (Kachin State Unity and Democracy Party, KSUDP)” ကို တည်ထောင်သူ ကချင်စီးပွါးရေးသမား ဒူဝါ ခက်ထိန်နန်။ ဓါတ်ပုံ - ကချင်သတင်းဌာန


မကြာမီ KSUDP အား နေပြည်တော် အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် မှတ်ပုံတင်မည်ဖြစ်ကြောင်း ကချင်ပါတီသစ်နှင့်နီးစပ်သူများပြောသည်။
ဒူဝါခက်ထိန်နန် အား ကြံ့ဖွံ့ပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ်တည်ထောင်ရန် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က စစ်အစိုးရ ကြံ့ဖွံ့ပါတီ၏ အတွင်းရေးမှုးနှစ်ဦးဖြစ်ကြသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့ တိုက်တွန်းခဲ့ကြောင်း ဒေသခံ ကြံ့ဖွံ့ အတိုင်းအ၀ိုင်းမှ သိရသည်။

ဦး ခက်ထိန်နန်သည် ယခင်က မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်ပြီး မြစ်ကြီးနားမြို့ မန်ခရိန် ရပ်ကွက်တွင် ၁၀ နှစ်တိုင် ရပ်ကွက် ဥက္ကဌ တာဝနကို ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။

စစ်အစိုးရအလိုကျ ကချင်ပါတီ မဖွဲ့စည်းမီအချိန်အထိ သူသည် ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးမှုးဖြစ်ပြီး မြစ်ကြီးနားမြို့၏မြောက်ဘက် ၁၀ မိုင်အထက်ပိုင်း ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် လူထုစည်းရုံးရေး ပြုလုပ်နေခဲ့သည်။

“ကျွန်တော်ပြောချင်တာက KSPP ပါတီမှာ မပါဝင်ရင်နေပါ ကြံ့ဖွံ့ပါတီ မှာလည်း ကချင်တွေပါဝင်သင့်ပါတယ်။ ဒါပေမဲ့ ကချင်ပါတီအသစ် တည်ထောင်မယ်ဆိုရင် အိမ်သားအချင်းချင်း ရန်တိုက်ပေးနေတာနဲ့တူတယ် မျက်နှာပူစရာတွေဖြစ်မယ်” ဟု မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) မှ ပါတီအရာရှိတစ်ဦးက ပြောသည်။

ယခုလ ၁၉ ရက်နေ့ က ကြံဖွံ့ပါတီ အတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့သည် စစ်အစိုးရသစ္စာခံ ယခင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်ြဖစ်သူ ဗိုလ်မှူးကြီး လဆန်အောင်ဝါ အား ကချင်ပါတီတည်ထောင်ရန် တိုက်တွန်းခဲ့ပြီး တပတ်အတွင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယခုလို ရုပ်သိမ်းပြီးသည့်နောက် လက်ရှိကြံ့ဖွံ့ပါတီ စည်းရုံးရေးမှုး ဒူဝါ ခက်ထိန်နန် ကို ပါတီမှ နုတ်ထွက်စေပြီး ကချင်ပါတီသစ် တည်ထောင်ရန် တိုက်တွန်းခဲ့သည်။

ယခုချိန်ထိ ဒီနှစ်မကုန်မီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ကချင်နိုင်ငံရေးပါတီ စုစုပေါင်း ၄ ပါတီ ရှိနေပြီဖြစ်ပြီး ၃ ပါတီက နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပါတီမှတ်ပုံတင်လျှောက်ထား ပြီးဖြစ်သည်။

ယနေ့အထိ ရွေးကောက်ပွဲကော်မရှင် သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီရှိရာ ၃၈ ပါတီကို ပါတီထောင်ခွင့်ပြုခဲ့သော်လည်း ၎င်းတွင် ကချင်ပါတီ တစ်ခုမှ မပါပါဘူး။

မောင်တောတွင် ဆင်ဖြူတကောင် ဖမ်းမိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆင်ဖြူပေါ်လျှင် နိမိတ်ကောင်းသည်ဟု မှတ်ယူသည့် စစ်အစိုးရအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အဖြူရောင်အဆင်းရှိ ဆင်မတကောင်ကို ဒေသအာဏာပိုင်များက ယခုလ ၂၆ ရက်နေ့တွင် ဖမ်းဆီးရမိလိုက်သည်။

မောင်တောမြို့အနောက်ဘက် ၁၂ နှစ်မိုင်ခန့်ရှိ ဖက်ဝန်းချောင်းရွာအနီး တောင်တန်းပေါ်၌ အခြားတောဆင် ၄ ကောင်နှင့် သွားလာနေစဉ် ဆင်ရှာဖွေရေးအဖွဲ့များက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဘူးသီးတောင် အခြေစိုက် စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်) ဗျူဟာမှူးနဲ့ နေပြည်တော် နယ်စပ်ဒေသ စစ်ဆေးရေးနဲ့ ကွပ်ကဲရေးဌာန (နစက) ညွှန်ချုပ် ဗိုလ်ချုပ်မောင်မောင်အေး ဦးစီးပြီး ဆင်ဖြူလိုက်နေတာ။ ၄ ရက်လောက်အကြာမှာ ဖမ်းမိတာပါ။ ဆင်ရှာအဖွဲ့က မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းတယ်လေ” ဟု မောင်တောအခြေစိုက် (နစက) နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သွားရောက်ကြည့်ရှုခဲ့သူ မောင်တောမြို့ခံတဦးက “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်ပါ” ဟု ပြောသည်။

ယင်းဆင်ဖြူကို ယခုလ ၁၄ ရက်နေ့တွင် မောင်တောမြို့နယ် ဖက်ဝန်းချောင်ရွာအနီး၌ ရွာသားများက တွေ့ရှိခဲ့ရာ အာဏာပိုင်များထံ သတင်းပေးပို့ခဲ့ပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နစကနှင့် နီးစပ်သူက ပြောသည်။

စစ်အစိုးရထုတ် ယမန်နေ့ ကြေးမုံသတင်းစာထဲတွင်လည်း ဒေသခံပြည်သူတို့၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ယခုလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဆင်ဖြူတော်တစီး ဖမ်းဆီးရမိကြောင်းနှင့် အသက် ၃၈ နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် ၇ ပေ ၄ လက္မရှိကာ လုံးပတ်မှာ ၁ဝ ပေ ၁၁ လက္မရှိကြောင်း ဖော်ပြထားသည်။

ယခုလ ၂၃ ရက်နေ့မှ စတင်ကာ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၇၆ နှင့် မောင်တောမြို့ ၄ မိုင်အခြေစိုက် လုံထိန်းတပ်ရင်း ၂ ရင်းမှ တပ်သားအင်အား ၇ဝဝ ခန့်အား နေပြည်တော်မှ နစက ညွှန်ချုပ် ဗိုလ်ချုပ် မောင်မောင်အေးနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ) ၁၅ ဗျူဟာမှူးတို့က မောင်တော နစက ဌာနချုပ်မှနေ၍ ဦးစီးကွပ်ကဲပြီး စစ်ဆင်ရေးတရပ်အနေဖြင့် ဆင်ဖြူတော်ရှာဖွေရေး ပြုလုပ်နေစဉ် ယခုလို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဆင်ဖြူမအား မောင်တောမြို့နယ် ဖါးဝပ်ချောင်းရွာ ဘုန်းကြီးကျောင်း၌ ထားရှိပြီး သစ်တောရဲက အနီးကပ် စောင့်ရှောက်ကာ နစက၊ စစ်တပ်နှင့် လုံထိန်းတပ်သားများက လုံခြုံရေးယူထားသည်။ ယခုလ ၂၆ ရက်နေ့၌ပင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သေးသည်။

၂ဝဝ၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တောခရိုင် မယူတောင်တန်း၌ ဆင်ဖြူတကောင်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မောင်တောမြို့နယ်၌ ဆင်ဖြူတကောင်စီ တွေ့ရှိခဲ့သေးကြောင်း နယ်စပ်သတင်းများ ပေါ်ထွက်ခဲ့သေးသည်။

မယူတောင်တန်းမှ ဆင်ဖြူကိုမူ ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ရန်ကုန် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်တွင် ရတနာဆင်ဖြူတော် အမည်ရှိ ဥယျာဉ်တခု တည်ဆောက်ပေးကာ ထားရှိခဲ့သည်။

ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ခံယူခြင်း၊ မင်းကောင်းမင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ကာ ဆင်ဖြူပေါ်လျှင် ၎င်းတို့အတွက် အတိတ်နိမိတ်ကောင်းအဖြစ် စွဲလန်းမှုများ ရှိခဲ့သလို လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်ပါ ထိုသို့သော စွဲလန်းမှုမျိုး ရှိနေကြောင်း လေ့လာသူများက ပြောဆိုလေ့ရှိသည်။

သို့သော်လည်း ယခု ဆင်ဖြူဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ ဒေသခံများအကြား စိတ်ဝင်စားမှု မရှိကြောင်း မောင်တောမှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်သည်။

ဦးဇင်းက “ဆင်ဖြူဆိုပေမယ့် ဖွေးဖွေးဆွတ်ဖြူနေတဲ့ ဆင်မျိုးတွေ မဟုတ်ဘူးလေ။ အရင်တုန်းကရတဲ့ ဆင်တွေလည်း ကြီးလာတော့ တဖြည်းဖြည်းနဲ့ မည်းလာတာပဲ။ အဲဒီအတွက် ပြည်သူတွေကလည်း သိပ်ပြီးတော့ စိတ်ဝင်စားမှု မရှိတော့ဘူး” ဟု ဆိုသည်။

၂ဝဝ၅ ခုနှစ်အတွင်းက ကွယ်လွန်ခဲ့သည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း (၈၂ နှစ်) ကလည်း ဆင်ကို ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်သဖြင့် ရှစ်မခိုးအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

မဇ္ဈိမသတင်းထောက် ခိုင်စု ရေးသားပြီး အချက်အလက်အချို့အား ငြိမ်းချမ်း ပေးပို့သည်။