Pages

Subscribe

Saturday 26 June 2010

တောရကျောင်း (၃၀) ခန့်ဖျက်ဆီးခံရ၍ သံဃာတော်များ အခက်အခဲဖြစ်နေ

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ တောတွင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင် ကြသည့် သံဃာတော် (၃၀) ခန့်၏ ကျောင်းများကို ပြည်နယ်သံဃာ့မဟာ နာယကအဖွဲ့က ဖျက်ဆီးခိုင်းသည့် အတွက် သံဃာတော်များ အခက်အခဲဖြစ်နေသည်။

မြ၀တီမြို့ခံ ဆရာတော်တပါးက ယခုလို မိန့်ကြားသည်။

“မြ၀တီမှာ အခုဖြစ်နေတာက သံဃာ့ဥက္ကဌ တင်လိုက်တဲ့သူတွေနဲ့ အစိုးရဖက်ကလူတွေက တစ်ပါး ကျောင်းတွေကိုဖျက်တယ်ဗျာ။ အခုအဖျက်ခံရတာဆိုရင် အားလုံးပေါင်း အပါး သုံးဆယ် လောက်ရှိ မယ်။”

ပြည်နယ် သံဃာ့မဟာနာယကအဖွဲ့မှ လွန်ခဲ့သည့် လလယ်ပိုင်းကစ၍ အမိန့်ထုတ်ပြန်ခဲ့ပြီး ယခု ရက်ပိုင်းအတွင်း ၀ိနည်းတော်နှင့် မညီညွှတ်ဟု ယူဆရသည့် တောရကျောင်းများကို လိုက်လံဖျက်ဆီး ခဲ့ခြင်းဖြစ်သည်ဟု ဆရာ တော်က မိန့်သည်။

ယင်းတစ်ပါးကျောင်းထိုင် သံဃာတော်များအနက် သံဃာဝိနည်းနှင့်မညီသည့် သံဃာအချို့ တွေ့ရှိရသဖြင့် သက် ဆိုင်ရာမှ ကျောင်းအားလုံးကို ဖျက်ခိုင်းခြင်း ဖြစ်သည်ဟု ယင်းဆရာတော်က ဆက်မိန့်ကြားသည်။

“အဲဒီလိုမျိုးလုပ်မယ့်အစား သူတို့သံဃာ့ဥသျှောင်ပိုင်းတွေခေါ်၊ သံဃာ့အစည်းဝေးကြီးခေါ်ခက်ပြီးတော့ သြ၀ါဒပေးဆိုဆုံးမပေါ့။ အဲလိုမျိုးလေးဖြစ်သင့်တယ်။ နောက်တချက်က တကယ်တန်းလုပ်တဲ့ သူတွေ ကို မိအောင်ဖမ်းပြီးတော့ ထိထိရောက်ရောက် အရေးယူရင် ကောင်းပါတယ်။ အခုဟာက တစ်ခုမ ကောင်းတာနဲ့ တခြားကောင်းတဲ့ သံဃာတွေပါ နေစရာမဲ့ပြီးတော့ ဒုက္ခ ရောက်နေတာ တွေရှိတယ်။”

ကျောင်းဖျက်ခံရသည့် သံဃာတော်များကို ဖမ်းဆီးအရေးယူမှုမပြုလုပ်သော်လည်း မြို့ပေါ်ကျောင်းများတွင် လက် မခံရဟု အာဏာပိုင်များက ညွှန်ကြားထားသည့်အတွက် ယင်းသံဃာများ အခက်အခဲ ဖြစ်နေကြသည်ဟု ဆက် မိန့်ကြားသည်။

“သူတို့ခမျာ အခုနေလို့ မရတော့လို့ လူထွက်လိုက်ရတဲ့ ဘ၀ကိုရောက်သွားတယ်။ လူထွက်တော့လည်း နှစ်ပါး၊ သုံးပါးဆိုရင် အသက်ကကြီးပြီဆိုတော့ ဘာသွားလုပ်စား ကြမှာလဲ၊ အဲတာ ဘုန်းကြီးကျောင်း ပြန် ကပ္ပိယ လုပ်နေရတဲ့ ဘ၀ရောက်တယ်ဗျာ။”

ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအတွင်း ဘုန်းကြီးကျောင်းတစ်ကျောင်းဆောက်လိုပါက မြို့နယ်သံဃာ့ နာယက အဖွဲ့မှတဆင့် ပြည်နယ်၊ တိုင်းများသို့ အဆင့်ဆင့်တင်ပြရသည်။

အထက်မှ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် ကျောင်းများအနေနှင့် တရားမ၀င် ကျောင်းအဖြစ် သတ်မှတ် ထားကာ ယခုလိုဖျက်ခံရခြင်းမှာ သံဃာဝိနည်း အရမဖြစ်နိုင်ဘဲ ကျောင်းဝိနည်းအရသာ ဖြစ်နိုင်ပြီး အထက်မှ တာဝန်အရ စစ်ဆေးရန်လာသည့်အခါ တိကျ မှန်ကန်စွာစစ်ဆေးသင့်ကြောင်း တာချီလိတ်မှ ရဟန်းတော်တပါး က မိန့်ကြားသည်။

အာဏာပိုင်အဖွဲ့အစည်းများအပါအ၀င် သံဃာ့မဟာနာယကအဖွဲ့မှ တာဝန်ရှိသူများ အနေနှင့် သံဃာထုအတွင်း ၀ိနည်းဖောက်ဖျက်သူများအား ဖော်ထုတ်ပြီး အရေးယူသင့်သလို ကျောင်းဝိနည်းနှင့် မကိုက်ညီ၍ ဖျက်ဆီးခံ ရသည့် သံဃာများအား နီးစပ်ရာ ကျောင်းများ၌ သီတင်းသုံးနေထိုင်ခွင့်ပြု သင့်သည်ဟု သံဃာတော်များက မိန့် ကြားသည်။

သတင်းနှင့်မီဒီယာကွန်ယက်သတင်းထောက် ဇော်ကြီး ရေးသားသည်။

ဒေါ်စုရဲ့ရွေးကောက်ပွဲ ပြောဆိုချက်အပေါ် စစ်အစိုးရသတိပေး

မဲမပေးဘဲနေနိုင်တာဟာလည်း နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတရပ်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောပြချက်ကို
သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက အပြင်မှာ ပြန်ပြောပြခဲ့တာနဲ့ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေက ဦးဉာဏ်ဝင်းကို
ဒီကနေ့မှာ ခေါ်ယူပြီး သတိပေးခဲ့ပါတယ်။ ဒီလို သတိပေးတာဟာ တရားနည်းလမ်းမကျဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောလိုက်ပါတယ်။

နေအိမ်မှာ အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခွင့်ရတဲ့ ဦးဉာဏ်ဝင်းကို ကိုကျော်အောင်လွင်က
ဆက်သွယ်မေးမြန်းတော့ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။

“ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေအရ မဲဆန္ဒရှင်က မဲပေးခွင့်ကို ဒါ သူရဲ့ ရိုက်စ် (အခွင့်အရေး)ပဲ။ အလားတူပဲ မဲမပေးတာလည်း သူ့ရဲ့ ရိုက် (အခွင့်အရေး) ပဲလို့ ပြောခဲ့တယ်။ ကျနော်လည်း ဒီအတိုင်းပဲ ပြန်ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီနေ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူက ကျနော့်ကို ခေါ်ယူ သတိပေး ပါတယ်။ သူတို့ခွင့်ပြုတာက ကျနော်တို့အမှုကိစ္စ၊ ဒါတွေ မပါဘူးပေါ့။ ဒီလိုပြောတာတွေကိုလည်း သတိပေးတယ်လို့ ကျနော့်ကိုပြောတယ်။ ကျနော်လည်း ဒီနေ့ရောက်သွားတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ဒါကို ပြောပြတယ်။ ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က ဟာ-ဒီဥစ္စာက တရားနည်းလမ်း မကျဘူး၊ ဒီဥစ္စာဟာ ဥပဒေပညာပေးတဲ့အလုပ်၊ ဥပဒေပညာမှာ ဘယ်လိုရှိတယ်ဆိုတာကို ကျမ ပြောတာပဲ တဲ့။ ဒီအလုပ်ဟာ အစိုးရမှာတောင် ပိုပြီးတော့ တာဝန်ရှိတယ် တဲ့။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာတွေကို တရားဥပဒေအရ ဥပဒေအချက်အလက် ရှာပြီးတော့ ပြန်ပြီးတော့ စာနဲ့ ရေးသားတင်ပြနိုင်ဖို့ စာတမ်းပြုစုပါ ဆိုပြီးတော့ ကျနော့်ကို ခိုင်းလိုက်ပါတယ်။”

“အာဏာပိုင်က ဆရာ့ကို သတိပေးတယ်ဆိုတာက ရွေးကောက်ပွဲမှာ မဲမပေးခွင့် ဆိုတာဟာလည်း ကိုယ့်ရဲ့အခွင့်အရေးပဲဆိုတဲ့ ကိစ္စကို ပြောလို့ သတိပေးတာလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စမဟုတ်တာတွေပြောလို့ သတိပေးတာလား။ ဘာကို သတိပေးတာလည်း ခင်ဗျ။”

“နှစ်ချက်စလုံးပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အထဲမှာ ဘာပါလည်းဆိုတော့ ရှေ့နေနဲ့ အမှုသည်နဲ့ တွေ့ဆုံ စကားပြောတဲ့နေရာမှာ ဘယ်စကားကို မပြောရဘူးဆိုတာမျိုး ဘယ်ဥပဒေမှာမှ မရှိဘူးတဲ့။ ဒါတွေကို သေသေချာချာ လေ့လာပြီး စာတမ်း ပြုစုဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။”

“ဆရာ့ကို သတိပေးလိုက်တယ်ဆိုတာ တားမြစ်ချက်ထုတ်တာလား၊ ဘယ်လိုသဘောပါလည်း ခင်ဗျ။”

“တားမြစ်ချက် ထုတ်တယ်လို့ ပြောရင်လည်း ရတယ်။ တားမြစ်တယ်ဆိုတဲ့ စကားလုံးတော့ မပါဘူး။ ယူဆရင်တော့ ရပါတယ်။”

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဉာဏ်ဝင်းတို့ သွားတွေ့တာက ဘာကိစ္စပါလည်း ခင်ဗျ။”

“ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိရော သူတို့အတွက်
အထူးအယူခံဝင်ခွင့် ကျနော်တို့ လျှောက်ထားခဲ့တယ်လေ။ အဲဒီလျှောက်ထားတဲ့ဟာ ရက်တွေရလာတော့ မကြာခင်
ပေါ်လာနိုင်တယ်ပေါ့။ အဲဒါကြောင့် အဲဒီအမှုအတွက် လျှောက်လဲချက် မူကြမ်းကို အတည်ပြုဖို့ ကျနော်တို့ သွားကြတာပါ။
အခု အတည်လည်း ပြုခဲ့ပြီးပါပြီ”


“ဒီအမှုကိစ္စအတွက်လည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရှိမလာဘူး။ အဆင့်တခုတခု သွားရဖို့အတွက် အချိန်တော်တော်ယူရတယ်။
ဒါဟာ ပုံမှန်ပဲလား၊ ပုံမှန်ထက်ပိုပြီးတော့ ကြာနေတာလားခင်ဗျ။”

“ကျနော့်အတွေ့အကြုံအရ ဒီလို အချိန်ကြာနေတာဟာ ပုံမှန်မဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲ ယူဆတယ်။
ဒိပြင်အမှုတွေဆိုရင် ဒီလောက်ဆိုရင် အမှုရက်ချိန်းပေါ်လောက်ပြီ။ အခုတော့ ကြန့်ကြာနေတယ်လို့ ကျနော်တော့
အဲသလိုမြင်ပါတယ်။”


“ဟုတ်ကဲ့။ အခု ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှုအတွက် အထူးအယူခံတင်ဖို့ကို အတည်ပြုချက်ပေးလိုက်ပြီ။
ဆိုတော့ နောက်တဆင့်က ဘာပါလဲခင်ဗျ”

“အထူးအယူခံဆိုတာ နောက်ဆုံးအဆင့်ပေါ့ဗျာ။ တရားဥပဒေလမ်းကြောင်းကတော့၊ နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့
လက်ခံရေး လက်မခံရေး၊ လက်မခံဘူးဆိုရင် ကျနော်တို့ ရှုံးတယ်ပေါ့ဗျာ၊ လက်ခံခဲ့လို့ရှိရင် ful bench စုံညီခုံရုံး ကျနော်တို့
ရှိပါတယ်။ စုံညီခုံရုံးက နေပြည်တော်မှာပဲ ထိုင်ပါတယ်။ လက်ခံလိုက်ရင် ကျနော်တို့ စုံညီခုံရုံးအထိ သွားပြီး
လျှောက်လဲချက်ပေးရမှာပါ။”


“ဆိုတော့ အဲဒီခုံရုံးမှာ သွားပြီး လျှောက်လဲချက်ပေးတယ် ဆိုတာက ဆုံးဖြတ်ချက်ချဖို့အတွက်လားခင်ဗျ။”

“ဟုတ်ပါတယ်။”

“အဲဒီဆုံးဖြတ်ချက်က ဆက်ဖမ်းထားမယ်၊ လွှတ်ပေးမယ် အဲလို အဖြေလားခင်ဗျ။”

“များသောအားဖြင့် အဲဒီအဖြေပဲ။ ဒါပေမဲ့ အကြမ်းဖျဉ်း ဒီလို သိပ်ပြောလို့တော့ မရဘူး။ အမျိုးမျိုးဖြစ်နိုင်တယ်။
သို့သော် များသောအားဖြင့် ၉၉ ရာခိုင်နှုန်းကတော့ ရက်စ် အော် နိုး ပါပဲ။”

“ဟုတ်ကဲ့ ခင်ဗျ၊ ဒါဆိုရင်တော့ နောက်ဆုံးအဆင့်နဲ့ နီးလာပြီဆိုတဲ့သဘောပေါ့။”

“ဒီလို ပြောရင် ရပါတယ်။”

“မေတ္တာသည်သာ” တခန်းရပ်ပြဇာတ်.....



တောင်ကိုရီးယားနိုင်ငံမှ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲတွင် စီစဉ်တင်ဆက်သည့် မေတ္တာသည်သာ ….. တခန်းရပ်ပြဇာတ်
ကိုရန်နိုင်ထွန်းမှ ကိုဒီမိုဝေယံထံသို့ ပေးပို့ပါသည်။ ကိုဒီမိုဝေယံထံမှ ပြန်လည်ဝေမျှပါသည်။

ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုများလာ

မြန်မာနိုင်ငံ စစ်အစိုးရ၏ ဘိန်းတိုက်ဖျက်ရေးစီမံကိန်းချမှတ်ပြီးနောက် ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာသည်။

သုံးနှစ်တာကာလအတွင်း ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် ကူးသန်းရောင်းဝယ်ရေး လျော့မသွားပဲ ပိုများလာသောကြောင့် သုံးစွဲသူများလာခြင်းဖြစ်သည်။


ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) အစီရင်ခံစာတွေ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှုသည် ၂၀၀၆ခုနှစ်မှ ၅၀%နီးပါး မြှင့်တက်လာသည်ဟု ဆိုထားကြောင်းတွေ့ရှိရသည်။
062610-myitkyina-university

ကချင်လူငယ်များ အများဆုံးတက်နေတဲ့ မြစ်ကြီးနားတက္ကသိုလ်မှ အိမ်သာ တစ်လုံးတွင် အခုလို ကျောင်သားများ ဘိန်းထိုးပြီးတဲ့နောက် အသုံးပြုပြီး ဆေးထိုးအပ်များ ထည့်ရန်ပြင်ဆင်ထားပေးတဲ့ Medecins Du Monde (MDM) မှ အခမဲ့ထောက်ပံ့တဲ့ အမိုက်ပုံးတစ်လုံး။ ဓါတ်ပုံ - ကချင်သတင်းဌာန


ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ် (ဆဒုံးကျေးရွာ၊ ကံပိုင်ဒီ)၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ နာဂတောင်တန်း၊ တနိုင်း၊ ဟူးကောင့်ချိုင့်ဝှမ်းအစရှိသည့် မြို့နယ်ကျေးရွာများတွင် ဘိန်းစိုက်ပျိုးမှုသည် ၃နှစ် ဆက်တိုက်တိုးလာသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် UNODC ထုတ်ပြန်ခဲ့သည့် အစီရင်စာတွင် တိုင်းရင်းသားအဖွဲ့များသည် မူးယစ်ဆေးဝါး စိုက်ပျိုးကူးသန်းရောင်းဝယ်မှုဖြင့် ၎င်းတို့ အဖွဲ့အစည်း ရှင်သန်ရန် လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

ယင်းဖော်ပြချက်နှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုမှ ဘိန်းတိုက်ဖျက်ရေး တာဝန်ခံတစ်ဦးက ကေအိုင်အိုသည် ၁၉၉၁ခုနှစ် ဧပြီ ၁၅ရက်နေ့မှစတင်ပြီး ဘိန်းတိုက်ဖျက်ရေး မူဝါဒအားချမှတ်ကာ ယနေ့ထိ လုပ်ဆောင်နေကြောင်း ပြောသည်။

ဘိန်းစိုက်ပျိုးသည့်နေရာများဖြစ်သည့် ပူတာအိုမြို့နယ်၊ ဆဒုံးနယ်မြေများသည် စစ်အစိုးရ၏ လက်အောက်ခံ နယ်မြေများသာဖြစ်ပြီး KIO မှ ၎င်းနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် လုပ်ဆောင်နေသော်လည်း နယ်စပ်မှ ဘိန်းများ အစဉ်မပျက်ဝင်ရောက်လာမှုကြောင့် ဟု၎င်းကပြောသည်။

“စီးပွားရေး ရောင်းဝယ်ရေးကို လုံးဝ မပိတ်ပင်နိုင်လို့ သုံးစွဲတာကိုလည်း မပိတ်နိုင်ခဲ့ပါဘူး၊ ငါတို့ပဲ ထိန်းတဲ့နယ်မြေ မဟုတ်တော့ မပိတ်ပင်နိုင်ဘူး၊ ပူတာအိုဘက်မှာဆို ဒေသခံလူတွေက KIOက ဘိန်းစိုက်ပျိုးခိုင်းရင်တော့ လက်ခံနိုင်တယ်၊ ပိတ်ပင်ရင် လက်မခံနိုင်ဘူးလို့ ဒေသခံတွေရဲ့ အသံထွက်လာတယ်။”

မြန်မာ စစ်အစိုးရသည် ဘိန်းတိုက်ဖျက်ရေးဟု အမည်တပ်ကာ ၎င်းတို့ မသွားရောက်နိုင်သည့် KIO နယ်မြေများတွင် ဝင်ရောက်လာကာတပ်စခန်းများ နေရာချ၊ နေရာယူလာခြင်းသည် ဘိန်း တိုက်ဖျက်ရေး မဟုတ်ပဲ စစ်ဗျူဟာအရ အသုံးချ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။


ကချင်ပြည်နယ်တွင် ဆဒုံးကျေးရွာသည် ဘိန်းအစိုက်ပျိုးဆုံးဒေသ တစ်ခုဖြစ်သောကြောင့် ထိုဒေသတွင် အလည်ပတ်သွားသူ ကချင်ဓမ္မဆရာတစ်ဦးမှ “ဆဒုံးရွာဝင်တာနဲ့ လမ်းတလျောက်လုံး ဘိန်းနံ့ရနေပြီ။ ခေါင်းအုံး၊ စောင်၊ တစ်အိမ်လုံး ဘိန်းနံ့စွဲနေတယ်” ဟုပြောသည်။

၂၀၀၃ ခုနှစ် မတိုင်မီ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားများသည် ဘိန်းဝယ်ယူအသုံးပြုရန် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာသို့သာ သွားရောက်ရ ယူသော်လည်း ယခုအခါတွင်မူ မြို့တွင်းနေရာအနံ့၌ ဝယ်ယူအသုံးပြုနိုင်သည်။

မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးများကို ကျောင်းသားအချင်းချင်းမှ ဝယ်ယူနိုင်ပြီး ကျောင်းတွင်းထဲ၌ မူးယစ်ဆေးဝါး သုံးစွဲနေကြသည်။ မြစ်ကြီးနားတက္ကသိုလ်တွင် သုံးပြီးသော ဆေးထိုးအပ်များကို စနစ်တကျထည့်ရန် အိမ်သာ၌ “ကျန်းမာရေး ကြိုတင်ကာကွယ်ချက်အရ ရောဂါ ကူးစက်နိုင်သည့် စူးရှထက်မြက်သော အရာများစွန့်ပစ်ရန်”ဟု ပေါ်တင် အမိုက်ပုံးသီးသန့် ထားပေးနေရသည်။

ယခုတွင် ကချင်ပြည်နယ်၌ အလယ်တန်းကျောင်းသားမှစကာ မူးယစ်ဆေးဝါးများသုံးစွဲနေပြီး၊ အထက်တန်း ကျောင်းသားဘဝတွင်မူ မူးယစ်ဆေးဝါးကို ဆိုးဆိုးဝါးဝါးသုံးစွဲနေပြီဖြစ်သောကြောင့် ဘိန်းအပြတ်အသုံးပြုနိုင်ရန် မိသားစုနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေး၍ ခိုးယူလုယက်မှုများဖြစ်ပေါ်နေသည်။

“ဘိန်းမသုံးနဲ့၊ မရောင်းနဲ့လို့ ဘာသာရေး၊ နိုင်ငံရေးမှ ပိတ်ဖို့ခက်တယ်၊ KIOကလည်း ပိတ်လို့ရမှာ မဟုတ်ဘူး။ နိုင်ငံတော် အစိုးရက ဒီဘိန်းကို ရောင်းဖို့ အခွင့်ပေးထားတာ” ဟု ဒေသခံ ဘာသာရေးဆရာတစ်ဦးမှ ဆက်ပြောသည်။

မြစ်ကြီးနား ရပ်ကွက်ထဲမှ ကုန်စုံဆိုင်အားလုံးနီးပါး တစ်ခါသုံးအပ် မရောင်းသည့် ဆိုင်များမရှိသလို ဒေသအခေါ် ဖောမြူလာ (formula) ချောင်းဆိုးပျောက်ဆေးရည် မရောင်းသည့် ကုန်ဆုံဆိုင်လည်း မရှိသလောက်ဖြစ်နေသည်။

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOအကြား ငြိမ်းချမ်းရေးမယူခင်တွင် မြစ်ကြီးနား ထောင်ထဲမှ လူထု၏ ၇၅% အမှုသည် တော်လှန်ရေးအမှုသာဖြစ်၍ ယခုတွင်မူ ၇၅% အမှုမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ဖြစ်နေကြောင်း မြစ်ကြီးနား အခြေစိုက် အစိုးရရှေ့နေ တစ်ဦးမှ ပြောသည်။

စစ်အစိုးရမှ ဘိန်းတိုက်ဖျက်ရေးကို လုပ်ဆောင်နေမြဲလုပ်ဆောင်နေပြီး ဘိန်းတင်လာသည့် ကုန်တင်ကားများ ဖြတ်လာသည်ကို ရဲစခန်းတွင် အသိပေးသော်လည်း အထက်အမိန့်ဖြင့် အရေးယူ၍မရနိုင်ကြောင်း ပြောလာသည်။ အသိပေးသည့် ပြည်သူများကိုသာ ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်နေဟု အဖမ်းခံရသည့် ဘာသာရေး ဆရာတစ်ဦးမှ ပြောလာသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုအနေဖြင့် စာရင်းဝင်ပြီး ကမ္ဘာတွင် ဒုတိယ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သည်။

လဆန်အောင်ဝါ ကချင်ပါတီအသစ် ထူထောင်ရန် စစ်အစိုးရပြန်ရုပ်သိမ်း

မြန်မာစစ်အစိုးရ ဗိုလ်မှုးကြီး လဆန်အောင်ဝါ အား ကချင်ပါတီအသစ်တခုတည်ထောင်ရန် အတင်း တိုက်တွန်းနေသည် ကို ယနေ့ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စစ်အစိုးရ သစ္စာခံ ယခင် အမိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှုးကြီး လဆန်အောင်ဝါ အား ယခုလ ၁၉ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြံဖွံ့အတွင်းရေးမှုး ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ လာရောက်ချိန်တွင် ကချင်ပါတီတည်ထောင် ရန်တိုက်တွန်းခဲ့သည်ဟု သိရသည်။
lasang-awng-wa

KIO မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရ သစ္စာခံ ဖြစ်လာတဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါ။ ဓါတ်ပုံ - ကချင်သတင်းဌာန


ယင်းတိုက်တွန်းချက် ကို တပတ်အတွင်း ပြန်လည်းရုပ်သိမ်းလိုက်ကြောင်း KSPP ပါတီအရာရှိတစ်ဦးပြောသည်။

“သူတို့ကိုသူတို့  တိုက်တွန်းတာမမှန်ဘူးထင်လို့လား မဟုတ်ရင် ဒီသတင်းထွက်သွားလို့လားမသိဘူး လဆန်အောင်ဝါကို မင်းပါတီမထောင်နဲ့တော့လို့ ပြန်ပြောတယ်” ဟု ကချင်ပါတီ ဗဟိုအလုပ်အမှုတော်ဆောင်တစ်ဦးပြောသည်။

ယနေ့ ညနေ့ပိုင်းတွင် ၎င်း ကိစ္စ နှင့်ပတ်သက် ပြီး ကချင်တိုးတက်ရေးပါတီ မြစ်ကြီးနားအခြေစိုက် ဗဟိုရုံးတွင် အစည်းဝေးပြုကြောင်းသိရသည်။

“လဆန်အောင်ဝါကို ပါတီမှတ်ပုံမတင်ခိုင်းတော့ဘူးဆိုရင် KSPP အနေနဲ့မျော်လင့်ချက်ရှိသေးပါတယ်” ဟု ကချင်ပါတီအဖွဲ့ဝင်တစ်ဦးပြောသည်။

KSPP သည် ဗဟိုကော်မတီဝင် အယောက် ၆၀ နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ယောက် နှင့် ပြည်သူလူထု ပါတီဝင် ၂၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကချင်ပါတီတစ်ခုဖြစ်သည်။

ယခုလမည့် အပတ်တွင် KSPP ဗဟို ရုံးချူပ်တွင် ကချင်ပြည်သူလူထုအား ပါတီမှတ်ပုံတင်မကျပေသည့် ကိစ္စနှင့် ပတ်သက်ပြီး အစည်းဝေးကြီး ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ပြည်သူလူထုတွေဘယ်လိုပြောလာမယ်ဆိုတာကို ကျွန်တော်တို့ ကချင်ပြည်သူ့ အသံနာထောင် ရဦးမယ်” ဟု ကချင်ပါတီအရာရှိတစ်ဦးထပ်မံပြောသည်။

လဆန်အောင်ဝါအဖွဲ့သည် KIO မှ ၂၀၀၄ ခုနှစ်တွင် ခွဲထွက်ကာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖြင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

KSPP ဥက္ကဌ ဒေါက်တာတူးဂျာသည် ပါတီ မှတ်ပုံတင်မချပေးသေးသည်ကို တရားဝင်ကြေငြာခြင်းမရှိသေး သောကြောင့် စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းနေသည်။

စစ်အစိုးရသည် တခြားတိုင်းရင်သားတချို့ကို ပါတီတည်ထောင်ခွင့်ပြုသော်လည်း ထူးထူးခြားခြား ကချင်ပါတီ တစ်ပါတီ မှ ပါတီတည်ထောင်ခွင့် မချပေးသေးပေ။

ပြီးခဲ့သည့် ဧပြီလ မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း ကသာ ကချင်ပြည်နယ်အတွင်း ပြိုင်ဘက်မရှိ ငွေကြေးများနှင့် CDMA ကြိုးဖုန်း နှင့်လက်ကိုင်ဖုန်းများ မက်လုံးပေး ပြီး လူထုစည်းရုံးရေးပြုလုပ်နေပါသည်။

ကြံ့ဖွံ့ပါတီများ ပူတာအိုခရိုင်တွင် ဒေသခံများအား ငွေပေး၍မဲဆွယ်စည်းရုံး

မြန်မာနိုင်ငံ မြောက်ပိုင်းအစွန်ရှိ ပူတာအိုခရိုင်တွင် စစ်အစိုးရကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့များမှ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒေသခံများကို ငွေပေး၍ စည်းရုံးမှုပြုလုပ်နေသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအဖြစ်ပါဝင်ယှဉ်ပြိုင်ရာတွင် ပူတာအိုဒေသခံများအား ၎င်းပါတီအား မဲပေးရန်အတွက်စည်းရုံးရာတွင် တစ်ယောက်လျှင် ကျပ် ၅၀၀၀ ပေးဝေနေကြောင်း ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။
062510-usdp

ပူတာအို ဌာနေ ရ၀ွမ်လူမျိုးများကို မြစ်ကြီးနားတွင် စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်မှ ရွေးကောက်အတွက် စည်းရုံးနေပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန


စည်းရုံးမှုပြုလုပ်ခဲ့သည့်နေရာများမှာ မချမ်းဘော (ကချင်လို Machyangbaw) မြို့နယ်အတွင်းရှိ ကချင် ကျေးရွာများဖြစ်သည့် အင်ဘူဘော့၊ အင်ဝိုင်းဘော့၊ နမ်ခမ်း၊ မန့်နော် နဲ့ နမ်ဘူယန်ရွာများတွင် မေလ ၁၀ ရက်မှ စတင်၍ ၂၅ ရက်ထိ စည်းရုံးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများမှသိရသည်။

ဒေသခံများသည် မြန်မာစစ်အစိုးရ ကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ၏ လှုပ်ရှားမှုများကို စိတ်ပါဝင်စားမှုမရှိသော်လည်း စည်းရုံးမှုအတိုင်း နေ့စဉ်ထိတွေ့နေရသည်ဟု ပြောသည်။

ယခုချိန် ကြံ့ဖွံ့ပါတီတစ်ခုတည်းသာလျှင် ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးများ အင်တိုက်အားတိုက်ပြုလုပ်နေပြီး ကချင်ပြည်နယ်၏ အဓိက အရေးပါသည့်မြို့များတွင်လည်း CDMA လက်ကိုင်ဖုန်းနှင့် ကြိုးဖုန်းများကို လူထုအား အလွယ်တကူချပေးသည့် စနစ်ဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေသည်။

ယခင် ပါတီစည်းရုံးရေး တွင်တွင်ကျယ်ကျယ်ပြုလုပ်ခဲ့သော ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) သည်း တရားဝင်ပါတီမဖြစ်သေးသောကြောင့် ၂ လကျော်ကြာ စည်းရုံးရေးရပ်နားထားပြီး တရားဝင်ဖြစ်ရေးအတွက် နေပြည်တော်သို့ ဒုတိယအကြိမ်တောင်းခံခဲ့ရာ မချပေးတော့ပေ။

မြန်မာစစ်အစိုးရမှ KSPP ပါတီအား ပါတီမချပေးတဲ့ကြောင်း တရားဝင်ကြေငြာခြင်း မရှိသော်လည်း ကြံ့ဖွံ့အတွင်းရေးမှ ၎င်းသည် သေချာသည်ဟုပြောဆိုခဲ့ကြောင်း KSPP အရာရှိတစ်ဦးက ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ကချင်ခရစ်ယာန်ဒေသခံများ လူကြီးများနှင့် စီးပွားရေးလုပ်ကိုင်နေသူများလည်း ပါဝင်၍ ဘာသာရေးဆရာများအားဆက်လက် စည်းရုံးနေပြီး ပါတီဝင်ခေါင်းဆောင်များမှ အတင်းအဓမ္မနာမည်များထည့်ပေးနေသည်။

အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်

အင်းလေးကန် ယခုနှစ် နွေရာသီ အတွင်း ရေခန်းမှုနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်း ဌာနများက မေးမြန်းလျှင် မဖြေကြားရန် ၀န်ထမ်းများကို အာဏာပိုင်များက ညွှန်ကြား ထားကြောင်း သိရသည်။

ယခုလ အလယ်က ရေခန်းနေသည့် အင်းလေးကန် အတွင်း လှေများ ဆိုက်ကပ်ထား သည်ကို တွေ့ရစဉ် (ဓာတ်ပုံ - နိုင်းနိုင်းစနေ)

ကန်ရေ ခမ်းခြောက်သည့် သတင်းနှင့် ဓာတ်ပုံများ ပြည်တွင်း ဂျာနယ်များနှင့် သတင်းဌာန များတွင် ပါလာသည့် နောက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူမှ ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဟိုတယ်ခရီး သတင်း ရပ်ကွက်က ဆိုသည်။

“ဂျာနယ် တွေက မေးရင် မပြောရဘူး။ ဧည့်သည် တွေကိုလည်း ဒါတွေ ပြောခွင့် မရှိပါဘူး။ ဒု ၀န်ကြီးက ညွှန်ကြား ထားတယ်လို့ ပြောတယ်။ စာထွက် မထွက်တော့ မသိဘူး။ ဒီမှာကတော့ လူကြီးတွေကနေ ပြန်ပြောတာ ပေါ့နော်”ဟု ညောင်ရွှေမြို့မှ ဟိုတယ်ခရီး ၀န်ထမ်း တဦးက ပြောသည်။

တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးရုံး အပါအ၀င် စိုက်ပျိုးရေးရုံးများ၊ ဆည်မြောင်းဦးစီးဌာနရုံး၊ မိုးလေ၀သနှင့် ဇလဗေဒရုံးများ၊ သစ်တောဦးစီးဌာန လက်အောက်ရှိ ရုံးများသို့လည်း အလားတူ ညွှန်ကြားထားမှုများ ရှိကြောင်း ၀န်ထမ်းများကဆိုသည်။

ပြီးခဲ့သည့် နွေရာသီကာလအတွင်းက အပူချိန်မြင့်မားမှုနှင့် မုတ်သုန်အ၀င်နောက်ကျခြင်းတို့ကြောင့် နိုင်ငံတ၀န်း မိုးခေါင် ရေရှားမှုများဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား ၀န်းကျင်ဒေသများတွင် ရေခန်းခြောက်မှုများ ဆိုးဝါးစွာ ဖြစ်ပေါ်ခြင်းကို ပြည်တွင်းဂျာနယ်များနှင့် ပြည်ပသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ရန်ကုန်အခြေစိုက် သတင်းသမားတဦးကလည်း “သူတို့ကို မေးတော့ သူတို့က ဒါနဲ့ပတ်သက်ပြီး ပြောခွင့်မရှိဘူး။ အထက် က ညွှန်ကြားထားပါတယ်ပဲပြောတယ်။ သိချင်ရင် နေပြည်တော်ကို ဆက်သွယ်ရမယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပြောကြတယ်”ဟု ပြောပြသည်။

လက်ရှိအခြေအနေတွင် အင်းလေးကန်နှင့် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ပညာပေး လုပ်ဆောင်နေမှုများ ကို ပြည်တွင်းသတင်းဂျာနယ်များက တင်ပြလျက်ရှိရာ စာပေစိစစ်ရေးမှ ဖြတ်တောက်မှုများလည်း ရှိနေသည်ဟု ပြည်တွင်း သတင်းထောက်များက ပြောဆိုကြသည်။

“သတင်းတွေနဲ့ ဆောင်းပါးတချို့တွေမှာ ပါတဲ့ အင်းလေးကန် ခန်းခြောက်မှု impact (အကျိုးဆက်)တွေပေါ့နော်။ အဲ့ဒါတွေ ကို တော်တော်များများ ဖြတ်ပစ်တာ တွေ့ရတယ်။ ပညာပေး ဆောင်းပါးတွေမျိုးဆို ဒါတွေမပါလာတော့ အနှစ်သာရမရှိ တော့ဘူး ပေါ့”ဟု ဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

လက်ရှိအချိန်တွင် မိုးရွာသွန်းမှုများ ရှိလာသောကြောင့် အင်းလေးကန်တွင်း ရေခန်းခြောက်သည့် အရပ်များတွင် ရေတချို့ ပြန်ဝင်လာပြီဟု ဒေသခံများကဆိုသည်။

“ရေက ပြန်ဝင်ပြီဆိုပေမယ့် နည်းသေးတာပေါ့။ နိုင်ငံခြားသား ဧည့်သည်တွေရော ဘုရားဖူးတွေရော လာနေတာ ဒါတွေက မြင်နေရတာပဲလေ။ ဖုံးထားလို့မှ မရတာ။ နိုင်ငံခြားသားမေးရင်တော့ ဘယ်လိုဖြစ်တယ်ဆိုတာ ရှင်းပြနေရတာပဲ ဒါကို မပြော ရဘူးဆိုတော့ မပြောလို့မှ မရတာနော်”ဟု ဒေသခံ ဧည့်လမ်းညွှန်တဦးက ပြောသည်။

အင်းလေးကန် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ဆောင်နေသူတဦးကလည်း“ကိုယ့်ဒေသမှာ ဘယ်လိုတွေ ဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်မှ၊ တင်ပြနိုင်မှ အများပြည်သူကလည်း သူတို့ လုပ်သင့်တာတွေကိုသိနိုင်မယ်၊ ပညာပေးတာတွေ ထိရောက်နိုင်မှာပေါ့။ ဒါတွေကို လိုက်ပိတ်ပင်နေရင် လုပ်နေတာတွေ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး”ဟု ထောက်ပြဝေဖန်သွားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော အင်းလေးကန်သည် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး၊ ဖောင်တော်ဦးဘုရား၊ လှေကို ခြေဖြင့်လှော်သော အင်းသူအင်းသားများ၊ ရေကန်တွင်း တည်ဆောက်ထားသော ခြေတံရှည်အိမ်များ စသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် နိုင်ငံခြားသား ခရီးသွားများအပြင် ပြည်တွင်း ဘုရားဖူးများကိုပါ ဆွဲဆောင်နိုင်သည့် အထင်ကရ နေရာ ဒေသတခုဖြစ်သည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။

ရှပ်နီဆန္ဒပြပွဲတွင် ရွှေ့ ပြောင်းအလုပ်သမားများစွာ ပါဝင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ပြီးခဲ့သည့် ဧပြီနှင့် မေလအတွင်းက ဖြစ်ပွားခဲ့သော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ရှပ်နီဆန္ဒပြပွဲတွင် ရွှေ့ပြောင်း အလုပ်သမား အများအပြား ပါဝင်ခဲ့သည်ဟု ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေး(လ၀က) အရာရှိတဦးက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြထားသည်။

ရွှေ့ ပြောင်းအလုပ်သမားအများအပြားသည် နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် သတ်မှတ်ထားသော အချိန် အတွင်း မပါဝင်ဘဲ ပျက်ကွက်ခဲ့ကြကြောင်း၊ ယင်းသို့ ပျက်ကွက်ခြင်းမှာ ရှပ်နီဆန္ဒပြပွဲများတွင် ပူးပေါင်း ပါဝင်နေကြ သောကြောင့် ဖြစ်ကြောင်းဟု ဆိုသည်။

“ကျနော်တို့က သူတို့ ဘာဖြစ်လို့ နိုင်ငံသားစိစစ်ရေး အစီအစဉ်မှာ မပါဝင်သလဲ၊ ဘယ်ကိုသွားနေခဲ့ကြလို့လဲလို့ မေး တော့။ သူတို့ ဖြေတာက ဘန်ကောက်မြို့က ဆန္ဒပြပွဲမှာ ပါဝင်နေကြတာလို့ ဖြေတဲ့သူက အများကြီးပဲ”ဟု မယ်ဆိုင် မြို့ မှ လ၀က အရာရှိ Jaruwan Wongsuwan ကပြောသည်။

ချင်းရိုင်ခရိုင် အတွင်းတွင် ရွှေ့ ပြောင်းအလုပ်သမား ၂၀၀၀၀ ခန့်ရှိသော်လည်း ၎င်းတို့ သည် နိုင်ငံသား စိစစ်ရေး လုပ်ဆောင် မှု အလွန်နည်းပါးခဲ့သည်ဟုလည်း သတင်းစာတွင် ပါရှိသည်။

ထိုင်းအစိုးရ အလုပ်သမား ၀န်ကြီးဌာနတွင် အလုပ်သမားလက်မှတ် ပြုလုပ်ထားသူများမှာ တသန်း သုံးသိန်းခန့်ရှိ သော်လည်း အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများ ခန့် မှန်းချက်အရ အနည်း ဆုံး၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်သည်ဟု သိရသည်။

ရှပ်နီဆန္ဒပြပွဲတွင် မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ ပြောင်း အလုပ်သမားများ ပါဝင်ခဲ့ကြသည်ဟု မယ်ဆိုင်မြို့ ရှိ လ၀က ရုံးက ပြောဆိုသည်။

ယင်းနိုင်ငံခြားသား အလုပ်သမားများသည် ဆူပူ ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး ကားတာယာများကို မီးရှို့ ခြင်း၊ ဓာတ်ဆီ ဗုံးများနှင့် ပစ်ပေါက်ခြင်းများကို ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

ရှပ်နီ ဆန္ဒပြပွဲများတွင် ပါဝင်သည့် အလုပ်သမားများ၏ အလုပ်ရှင်တချို့မှာ ရှပ်နီအဖွဲ့ကို ထောက်ခံသူများဖြစ်သော ကြောင့် ၎င်းတို့က အလုပ်သမားများကို ၀င်ရောက် ဆန္ဒပြခိုင်းမှုများလည်း ရှိကြောင်း ဘန်ကောက်ပို့စ်တွင် ရေးသား ထားသည်။

ချင်းမိုင်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းကလည်း“ရှပ်နီဆန္ဒပြပွဲကို အားပေး ထောက်ခံသူ တချို့ ဟာ ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ အလုပ်ရှင် သူဌေးတွေဖြစ်နေကြတယ်။ သူတို့တွေ ကိုယ်တိုင် ရှပ်နီဆန္ဒ ပြပွဲတွေမှာ ပါဝင်ကြတယ်။ သူဌေးတွေက သူတို့အလုပ်သမားတွေကိုလည်း ခေါ်သွားတယ်။ သူဌေးက အနီ ရောင် အင်္ကျီတွေကို ပေးဝတ်တယ်လေ။ မ၀တ်ရင် လုပ်ခပေးမှာမဟုတ်ဘူး”ဟုပြောသည်။

ရှပ်နီများကို ထောက်ခံသော ထိုင်းအလုပ်ရှင်များက မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမှ ၀န်ကြီးချုပ် ဟောင်း သက်ဆင်တို့မှာ ဒီမိုကရေစီလိုလားသူများဖြစ်ကြသည်။ အဆိုပါ ခေါင်းဆောင်များသည် နိုင်ငံရေးအရ နှိပ်ကွပ် ခြင်းကို ခံနေရသည်ဟု ပြောဆိုကာ မြန်မာရွှေ့ ပြောင်းအလုပ်သမားများကို စည်းရုံးကြောင်းလည်း ဘန်ကောက်ပို့စ် တွင် ပါရှိသည်။

ဦးခွန်စိုင်းက“ကျနော်တို့ က ကိုယ့်ဆီက မြန်မာနိုင်ငံသား အလုပ်သမားတွေကို ထိုင်းနိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေဖို့  သတိပေး ပါတယ်။ ကျနော်တို့ အနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ အလုပ်ကိုင်ရှာဖွေလုပ်ကိုင်ပြီး ကိုယ့်ဘ၀ကို ကောင်း ကောင်း မွန်မွန် နေထိုင်နိုင်ဖို့ ပဲသင့်တယ်”ဟု ဆိုသည်။

ရှပ်နီဆန္ဒပြပွဲကို ထိုင်းအစိုးရက ဖြိုခွင်းပြီးနောက် လူပေါင်း ၄၁၇ ဦးကို ဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB) ၏ ဥပဒေ အထောက်အကူ ပြု ကော်မတီမှတ်တမ်းအရ သိရှိရသည်။

အဆိုပါ ၁၃ ဦးထဲမှ ၁၀ ဦးမှာ ရက်ပေါင်း ၄၀ ထောင်ဒဏ်ချမှတ်ခံထားရပြီး တဦးမှာ ထောင်ဒဏ် တနှစ် ချမှတ်ခံရ သည်။ ကျန် ၂ ဦးမှာ ထောင်ဒဏ် တနှစ်နှင့်လေးလ အသီးသီး ချမှတ်ခံခဲ့ရသည်ဟု TACDB မှတ်တမ်းကဆိုသည်။

ထိုင်းနိုင်ငံအတွင်း ရှပ်နီဆန္ဒပြပွဲများ ပေါ်ပေါက်လာစဉ်အတွင်း ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ဆန္ဒပြပွဲ နှင့် မပတ်သက်ရန်၊ ဖမ်းဆီးမိပါက ထောင်ဒဏ် ၅နှစ် ဘတ်ငွေ တသိန်း ပြစ်ဒဏ်ချမှတ်မည်ဟု ကြေညာချက် ထုတ်ပြန် ခဲ့ဖူးသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအရေးကို ကူညီဆောင်ရွက်ပေးနေသူ TACDB မှ ဒါရိုက်တာ ဦးမြင့်ဝေက“ကျနော်တို့လည်း လက်လှမ်းမီသရွေ့တော့ ဒီအရေးအခင်းမှာ မပါဝင်မိဖို့။ မပတ်သက်မိဖို့ ပြောဆိုခဲ့တယ်။ သတင်း တွေ (message) တွေ ပို့ ခဲ့တယ်၊ မြန်မာရွှေ့ ပြောင်းအလုပ်သမားတချို့ နဲ့ ထိုင်းနိုင်ငံက အောက်ခြေ ဆင်းရဲသား အလွှာက ရင်းနှီးမှုရှိတာကြောင့် ပတ်သက်မိကြတာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

အလုပ်သမား လက်မှတ်မရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူရန် ပြီးခဲ့သည့် ဇွန်လဆန်းတွင် ထိုင်းဝန်ကြီးချုပ်က လက်မှတ်ထိုး၍ အမိန့်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ ပြောင်းအလုပ်သမားများ လာရောက် အလုပ် လုပ်ကိုင်လျှက် ရှိရာ မြန်မာအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

စက်သုံးဆီ သုံးစွဲသူများ ၀ယ်ယူရန် အခက်အခဲဖြစ်

စီးပွားရေး လုပ်ငန်းရှင်ကြီး များကို ပုဂ္ဂလိက စက်သုံးဆီဆိုင်များ တရားဝင် ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့ပြီးနောက် သုံးစွဲသူများ အနေဖြင့် ဓာတ်ဆီ ၀ယ်ယူရာတွင် ပိုမိုခက်ခဲ လာကြောင်း သိရသည်။

ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ၏ ဓာတ်ဆီဈေးနှုန်းမှာ လမ်းဘေး မှောင်ခိုဆီဆိုင်များတွင် ရောင်းချသော ဈေးနှုန်းထက် သက်သာ နေသည့်အတွက် သိုလှောင်ပြီး ပြန်လည်ရောင်းချရန် ၀ယ်ယူသူများပြားနေသောကြောင့် အမှန်တကယ်သုံးစွဲရန် ၀ယ်ယူသူများ အခက်အခဲကြုံရသည်ဟု မန္တလေးမြို့ခံ တဦးက ဧရာဝတီသို့ပြောသည်။

ပုဂ္ဂလိက ဆီဆိုင်တခုတွင် ယခုကဲ့သို့ ပန့်ကိုင် အလုပ်သမများ ခန့်၍ ရောင်းချလာကြသည်ကိုတွေ့ရ (ဓာတ်ပုံ - ဧရာဝတီ)

“ဈေးကအပြင်ထက် သက်သာနေတော့ ရောင်းစားတဲ့ လူတွေက နေရာဦးပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ အပြန်ပြန် အလှန်လှန် ထုတ် နေတာ၊ တကယ့်ကို ကြိတ်ကြိတ် တိုးပဲ၊ တကယ်သုံးမယ့်လူတွေ တန်းဝင်မစီနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေတွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များကို တဂါလန်လျှင်၂၃၅၀ ကျပ်နှုန်းဖြင့် အစိုးရက ၂ လ ဖြန့်ဖြူးပေး မည်ဖြစ်ပြီး ဈေးနှုန်းကို ၂၅၀၀ ကျပ် ထက်မပိုဘဲ ရောင်းချပေးရမည်ဟု ကန့်သတ်ထားသည်။

အဆိုပါ ကန့်သတ်ကာလ ၂လ ကျော်လျှင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ ဈေးနှုန်းမြှင့်၍ ရောင်းချနိုင်သည့် အတွက် မှောင်ခိုဈေး ကွက်ရှိ လောင်စာဆီ လုပ်ကိုင်နေသူများက ဈေးကစားရန် ကြိုတင်စုဆောင်းနေခြင်းဖြစ်သည်ဟု အဆိုပါ မန္တလေးမြို့ခံက ရှင်းပြ သည်။

မန္တလေးမြို့ရှိ တရားမ၀င်လောင်စာဆီ လုပ်ကိုင်သူများက မော်တော်ကားနှင့် ဆိုင်ကယ်ရှိသောသူများကို ပိုက်ဆံထုတ်ပေးပြီး ဓာတ်ဆီ တန်းစီခိုင်းကြောင်း၊ ၁၀ ဂါလန် ရလျှင် အမြတ်ငွေ ၄၀၀၀ ကျပ်ပေးကြောင်း၊ ထို့ကြောင့် တခြားသော အလုပ် အကိုင် များကို ပစ်ပြီး ဓာတ်ဆီတန်းစီ၍ ပြန်ရောင်းစားခြင်းကို အလုပ်တခုသဖွယ် လုပ်ကိုင်နေကြောင်း ၎င်းကပြောသည်။

ပြင်ပ တရားမ၀င်ဆီဈေးကွက်တွင် ဓာတ်ဆီ တဂါလန် လက်ရှိပေါက်ဈေးမှာ ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိရှိသည်ဟု သိရသည်။

မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲရှိ ၂၄ နာရီရောင်းချပေးသည့် ဓာတ်ဆီဆိုင်၊ မြို့လယ်ရှိ မလွန်ဓာတ်ဆီဆိုင်၊ ၀င်းလိုက် ဓာတ်ဆီဆိုင်၊ ၃၅ လမ်းနှင့် ၆၃လမ်းကြားရှိ ဓာတ်ဆီဆိုင်များ ရှေ့တွင် ဆိုင်ကယ်များ ရာချီတန်းစီနေပြီး တန်းစီထားသည့် ကားတန်းကြီးမှာလည်း ၄ ဖာလုံ (မန္တလေး အခေါ် ၅ ပြ)ခန့် တန်းစီနေကြကြောင်း သိရသည်။

တခြားမန္တလေးမြို့ခံတဦးက“အရင်အစိုးရကပေးတဲ့ ဆီစာအုပ်နဲ့ တုန်းကမှ ၀ယ်လို့ရသေးတယ်၊ အခု မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်တယ်ဆိုတော့၊ လူတွေက ကားတွေဆိုင်ကယ်တွေနဲ့ အခေါက်ခေါက်အခါခါ တန်းစီပြီးတော့ အပြင်ဆိုင်တွေကို သွင်းနေ တာ”ဟု ဆိုသည်။

ထိုကြောင့် အမှန်တကယ် အသုံးပြုလိုသူအများစုသည် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် တန်းစီ စောင့်ဆိုင်းခြင်းမပြုတော့ဘဲ ပြင်ပရှိ တရားမ၀င်ဆီဆိုင်များတွင်သာ ၀ယ်ယူအသုံးပြုတော့ကြောင်း ၊ တရား မ၀င်လောင်စာဆီ ဈေးကွက်လည်း ပပျောက် မည်ဟု မထင်ကြောင်း ၎င်းကဆိုသည်။

ထိုသို့ တန်းစီနေသည့် ကားများဆိုင်ကယ်များကြောင့် လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာကြောင်းလည်း သိရသည်။

အချိန်ကြန့်ကြာပြီး စောင့်ဆိုင်းရသည့် အချက်တချက်မှာ လောင်စာဆီရောင်းဝယ်ခွင့် ရထားသော ပုဂ္ဂလိကဆီဆိုင်များသည် ဓာတ် ဆီထည့်ပေးသည့်စက်(ပန့်)များကို ထပ်မံတိုးချဲ့မှု မပြုဘဲ ယခင်အစိုးရ ဖြန့်ဖြူးသည့် ပုံစံအတိုင်းသာ ထားရှိခြင်းကြောင့်လည်း ဖြစ် သည်ဟု မန္တလေးမြို့ခံက ထောက်ပြသည်။

ယခင် အစိုးရ ဓာတ်ဆီဆိုင်များတွင် ကားများအတွက် ပန့်တခု၊ ဆိုင်ကယ်များအတွက် ပန့်တခု စုစုပေါင်းနှစ်ခုသာ ထားရှိပြီး အများအားဖြင့် တဂါလန် ဆန့်သောခွက်၊ ငါးဂါလန် ဆန့်သည့် ပုံးများနှင့်သာ “ဆီလောင်း”ဟု ခေါ်သည့် အလုပ်သမားများက ချင်တွယ်၍ ထည့်ပေးသည်။

လောင်စာဆီဖြန့်ဖြူးရောင်းချခြင်းကို အစိုးရ ကိုင်တွယ်စဉ်က မန္တလေးမြို့ရှိ တရားဝင်လိုင်စင်ဖြင့် မော်တော်ဆိုင်ကယ် တစီးလျှင် တလ ဓာတ်ဆီ ၁၀ ဂါလန် ပုံမှန်ရရှိသည်ဟု သိရသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များဖွင့်လှစ်ခြင်းသည် ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် ကောင်းမွန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အမှန်တကယ် သုံးစွဲသူလက်အတွင်းသို့ ရောက်ရန်ခဲယှဉ်းပြီး တန်စီတိုးစားစနစ်လည်း ပြန်ပေါ်လာကြောင်း၊ ထို့အပြင် ဆီများကို သိုလှောင်ထားသည့် မှောင်ခိုဈေးကွက်ကြောင့် မီးဘေးအန္တရယ်စိုးရိမ်ရကြောင်း မန္တလေးမြို့ရှိ သတင်းသမား တဦးက ထောက်ပြဝေဖန်သည်။

စစ်အစိုးရက လောင်စာဆီဖြန့်ဖြူးရောင်းချရေးတွင် ပုဂ္ဂလိကသို့ ပြောင်းလဲလုပ်ပိုင်ခွင့်ပြုခဲ့ရာ ယခုလ ၁၀ ရက်နေ့မှ စတင်ဖွင့်လှစ် ရောင်းချခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင် လုပ်ပိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီများမှာ ဦးတေဇ (ထူး ထရေးဒင်း)၊ ဦးဇော်ဇော် (မက်စ်မြန်မာကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ အဏ္ဏ၀ါလွှမ်း ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ Fisheries & Marine Product 2000 Limited၊ ဦးနေအောင်၊ ဦးအောင်သက်မန်း (ဧရာရွှေဝါ)၊ ဂရင်းအေးရှား၊ ဦးခင်မောင်အေး (ကေတုမတီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးဝင်းအောင် (ဒဂုံ အင်တာနေရှင်နယ်)၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ၊ မြန်မာ နိုင်ဂရု(ပ်)၊ ဦးချစ်ခိုင် (ဧဒင်)၊ မြတ်မေတ္တာမွန် စသည်တို့ဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် ရန်ပိုင် ရေးသားသည်။

နိုင်ငံရေး အမြင် ပိုပွင့်လင်းရန် ရည်ရွယ်ဟု ပါတီများပြော

ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဟု သိရှိထား သော်လည်း ပြည်သူများ နိုင်ငံရေး အမြင် ပိုမို ပွင့်လင်း လာစေရန် ရည်ရွယ်၍ ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ပါတီများက ဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက “ကျနော်တို့က အခြေအနေကို သိထားပြီးသား တရား မျှတ မှုရဲ့ အဆင့်အတန်းကိုလည်း သိထားပြီးသား၊ လူထု နိုင်ငံရေးကို တတ်နိုင်သလောက် နိုင်ငံရေး တည်ငြိမ်မှုရှိရှိနဲ့ နိုင်ငံရေး စာပေ တွေကို ချဉ်းကပ်နိုင်အောင်၊ နိုင်ငံရေး သဘောတရားတွေ လေ့လာနိုင်အောင် အဲဒါတွေကို လုပ်နိုင်မယ် ထင်လို့လုပ်တာ”ဟု ပြော သည်။

ပြည်သူလူထု အများစုမှာ နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း ကြောက်ရွံ့ကြကြောင်း၊ နိုင်ငံရေးသမားများ အနေဖြင့် လူထု မကြောက်ရွံ့စေရန် တာဝန်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီမိုကရေစီသမားဆိုတာ ကြံ့ဖွံ့တွေများနေတာကို ကျနော်တို့ကဘာဖြစ်လို့ ကြောက်ရမှာတုန်း၊ လူတွေက ကြောက်တာ အဓိကပါ၊ ကြံ့ခိုင်ရေးပွဲကျတော့ ဘာလို့ လူတွေအများကြီး တက်တာလည်း မကြောက်လို့လေ၊ ကြံ့ဖွံ့ ကျတော့ ၀င်ရဲတယ်၊ အာဏာပိုင် အဖွဲ့ အစည်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီ ဆိုရင်တော့ ပါတီဝင်ရှိတယ်”ဟု ဦးနေမျိုးဝေက ဆိုသည်။

ပဲခူးတိုင်းအတွင်း ပြည်သူများအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း အကြောင်းကိုသာ သိရှိကြကြောင်း ယင်းဒေသ ပါတီစည်းရုံးရေး လုပ်ငန်းစဉ်မှ ပြန်လည် ရောက်ရှိလာသော ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။

“သူတို့က နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ အရမ်းလည်း ကြောက်တယ်၊ နှစ်ပေါင်း ၄၀၊ ၅၀ လောက် အဖိနှိပ် ခံထားရတော့ လူတွေက အစိုးရနဲ့ ဘာမှ ပြဿနာ မရှိနဲ့ အဲဒါဆိုရင်တော့ တို့ဘ၀က အေးချမ်းတယ်၊ ဖိနှိပ်ခံ လူတန်းစားနဲ့ ဖိနှိပ်တဲ့ လူတန်းစား ခေါက်ရိုးကျိုးနေပြီ”ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပြည်သူများအနေဖြင့် နိုင်ငံရေး အရ နိုးကြားမှုမရှိကြောင်း၊ အစိုးရအနေဖြင့် မတရားမှုများကို ပြုလုပ်မည်ဟူသော အသိမျိုး ကတော့ ရှိကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း ပြောဆိုသည်။

“ပြည်သူလူထုက လောင်းကစားတွေထဲမှာ ရောက်နေကြတယ်၊ အစိုးရက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနိုင်ရရေးပဲ ဇောင်းပေးကြိုးစား လာတဲ့ အတွက် ဒီကိစ္စဟာ လုပ်ပွဲကြီးတခုပါဆိုတဲ့ အခြေအနေပေါ်မှာ ပြည်သူလူထုရဲ့ အမြင်က အဲသလိုမျိုးကြီး ဖြစ်နေတယ်၊ မတက်ကြွဘူးပေါ့”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

အစိုးရအနေဖြင့်လည်း ရွေးကောက်ပွဲကို ပြည်သူလူထုအား အာရုံစူးစိုက်မှုမရှိစေရန်အတွက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နိုင်ငံ တ၀န်းလုံး ထုတ်လွင့် ပြသစေခြင်း စသည့်နည်းလမ်းများဖြင့် လမ်းကြောင်းလွှဲခြင်းများလည်း ရှိကြောင်း ၎င်းက ဆက်လက် ပြော ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုဝေး ဟောပြောခြင်း ပြုလုပ်ရာတွင် အလံများ ကိုင်ဆောင်၍ စီတန်းလှည့်လည် ကြွေးကြော် ချီတက်ခြင်း မပြုရန်၊ စုဝေးခြင်းနှင့် ဟောပြော ခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ အနည်းဆုံး ၇ ရက်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်ကို လျှောက်ထားရန် စသော အချက် ၁၄ ချက်ပါဝင်သည့် ညွှန် ကြားချက်ကို ထုတ်ပြန်ခဲ့သည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၈ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။