Pages

Subscribe

Friday 28 May 2010

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်တိုး

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံတိုးလိုက်ရာ စုစုပေါင်း ၁၄ နှစ်ခွဲ ဖြစ်သွားသည်။

တာမွေမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ်လိုက်သည်။
အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(ခ)ဟူသည် နိုင်ငံတော် တည်ငြိမ်လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှတဆင့် ပေးပို့ဖြန့်ချီမှုဖြစ်ကာ ဒီမိုကရေစီလိုလားသော အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်တွင်ကျယ်ကျယ် အသုံးပြုလာသော ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက် ”၂ဝဝ၅ ခုနှစ်နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ချခံရသူ အကုန်လုံးလို” မှာ အီလက်ထရောနစ် အက်ဥပဒေဖြင့် စွဲဆို ထောင်ချခံရသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“တရားသူကြီးဖတ်ပြတာက အီးမေးကို အသုံးပြုပြီးတော့ တဖက်က တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ်ဆိုပြီးတော့ ပြောတယ်” ဟု တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သော ကိုမျိုးသန်းထက်က ပြောသည်။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းများ ဖြစ်သည်ကို တရားသူကြီးက ရည်ညွှန်းသွားခြင်းမရှိဟု သိရသည်။

ကိုကျော်မိုးနိုင်နှင့် ပါတီလုပ်ဖော်ကိုင်ဖက် ကိုအောင်အောင် ခေါ် ကိုအောင်အောင်ဦး၊ ကိုကျော်ဝင်းထွန်း ခေါ် ကိုဘိုထွန်းတို့က အတိုက်အခံခေါင်းဆောင်၏ ဓာတ်ပုံများ လမ်းသွားလမ်းလာများအား ရန်ကုန်မြို့ တာမွေအဝိုင်းအနီး ယခင်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖြန့်ချီနေစဉ် ရဲက ဖမ်းဆီးခဲ့သည်။

ကိုကျော်မျိုးနိုင်ကို နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ် နှင့်တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ၂ နှစ်ခွဲချထားရာ အင်းစိန်ထောင်တွင် ရှိနေသည်။ ကျန် ၂ ဦးမှာလည်း နိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချခံရသည်။

လူငယ်များဖမ်းဆီးခံရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။

ဝါရင့် ခေါင်းဆောင် ၃ ဦး မွန်ပြည်သစ်မှထွက်

ချင်းမိုင်(မဇ္ဈိမ)။ ။ ပြည်သူ့စစ်အသွင်ပြောင်းမည့် စစ်အစိုးရ၏ အစီအစဉ်ကို ငြင်းဆိုထားသည့် အပစ်ရပ် မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦး ယခု ၁၈ ရက်နေ့က နှုတ်ထွက်သွားပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ချေးမွန်က ပြောသည်။

မွန်ပြည်သစ်ပါတီတွင် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသဖြင့် ထွက်ခွင့်ပြုရန် လျှောက်ထားသဖြင့် တွဲဘက် အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တင်လနှင့် နိုင်ခိုစပ်တို့ကို တရားဝင် နှုတ်ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။
နိုင်တင်လသည် ပါတီအတွင်း ၂၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ချမ်းတွဲ့နှင့် နိုင်ခိုစပ်တို့သည် နှစ် ၃၀ ခန့်ကြာ မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“ တော်လှန်ရေး နှစ်ကလည်း ကြာလာတော့ အပြောင်းအလဲ လုပ်ချင်တာလဲ ဖြစ်မှာပေါ့” ဟု နိုင်ချေးမွန်က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား ဆက်ဆံရေးကတော့ တင်းမာလျှက်ရှိပြီး စစ်ရေးအရ နှစ်ဘက် အသင့်အနေအထား ဖြစ်နေသည်ဟု သူက ပြောသည်။

နှုတ်ထွက်သွားသူများသည် မွန်တိုင်းရင်းသား ပါတီသစ်တခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ All Mon Region Democracy Party (AMRDP) ကို အားပေးကူညီဆောင်ရွက်ဖွယ်ရှိသည်ဟု မွန်ပြည်သစ်က ခန့်မှန်းထားသည်။ AMRDP သည် ယခုလ ၂၄ ရက်နေ့ တွင် ပါတီမှတ်ပုံတင်ခွင့် ရပြီဖြစ်သည်။

AMRDP ပါတီတွင် အဖွဲ့ဝင် ကိုယ်စားလှယ်လောင်း ၅၃ ဦးလျာထားပြီး မွန်ပြည်နယ်ပညာရေးမှူး (ငြိမ်း) နိုင်ငွေသိန်းက ဦးဆောင်သည်။

မော်လမြိုင်မြို့အခြေစိုက် AMRDP သည် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီနှင့် ကရင်ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း နိုင်ငွေသိန်းကို ကိုးကား၍ ထိုင်းအခြေစိုက် Kaowao ကောင်းဝါ မွန်သတင်းဌာနက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး ဧရာဝတီ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။

gordon_brown

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း

လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက်ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။

လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြို့ပေါ် တွင် ဖမ်းဆီး ထိန်းသိမ်း

မန္တလေးမြို့ပေါ်ရှိ လမ်းများနှင့် ဘုရား ပရဝဏ် များတွင် လေလွင့် လူငယ်များ၊ တောင်းရမ်း စားသောက် သူများ ပပျောက် စေရန် ယခုလ ၅ ရက်နေ့က မဟာမုနိ ဘုရားကြီး ပရဝဏ်ရှိ တောင်းရမ်းသူ များကို မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖမ်းဆီး အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ဘုရားကြီး ပရဝဏ်မှ ဖမ်းဆီး ထိန်းသိမ်း ထားသူ များတွင် အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၉ ဦးနှင့် ကလေးငယ် ၇ ဦး ပါဝင်ပြီး ဈေးများ နှင့် ဆေးရုံ အနီး တစ်ဝိုက်တွင် နေထိုင် သူများကို စောင့်ဆိုင်း ဖမ်းဆီး ထားသူ အားလုံးစုစုပေါင်း ၆၅ ဦး အထိ ရှိပြီ ဖြစ်သည်။ ဖမ်းဆီး ထိန်းသိမ်းထား သူများထဲမှ ကလေးငယ် များအား သာသနာ့ဘောင် ဝင်လိုလျှင် ခွင့်ပြုမည် ဖြစ်ကာ ကျန်းမာ သန်စွမ်းသော အမျိုးသား များအား စည်ပင် သာယာရေး ကော်မတီက အလုပ် အကိုင် ပေးမည် ဖြစ်ကြောင်း သိရသည်။ “ကလေးငယ်တွေကို သာသနာ့ဘောင် ဝင်ချင်ရင် ဝင်နိုင်အောင် ဆရာတော် တစ်ပါးက အလှူခံ ထားပါတယ်။ ကျန်းမာရေး ကောင်းတဲ့ အမျိုးသားတွေ အလုပ်လုပ်ချင်တယ် ဆိုရင် မြို့တော်စည်ပင်မှာ သင့်တော်တဲ့ အလုပ်ပေးဖို့ ရှိပါတယ်။ အနာကြီး ရောဂါသည် တွေကိုတော့ ရေနံ့သာ ဆေးရုံကို ပြန်ပို့ဖို့ စီစဉ် ထားပါတယ် ” ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်ပုက ဟံသာဝတီ သို့ ပြောပြပါသည်။

အထင်ကရ အင်းတော်ကြီးကန်မှာ ပုံမှန် အတိုင်း ရေရှိနေဆဲ ဖြစ်

မြန်မာနိုင်ငံ၏ အကြီးဆုံး အင်းနှစ်အင်း ဖြစ်သော အင်းတော်ကြီး နှင့် အင်းလေး ကန်တို့ အနက် အင်းလေး သည် ဧပြီလမှ စပြီး ရေခန်းလာ သော်လည်း အကြီးဆုံး အင်းတော်ကြီး ကန်မှာမူ ယခုအထိ ပုံမှန် အတိုင်း ရေဆက်လက် ရှိနေဆဲ ဖြစ်သည်။ "ဒီကန်ကြီးက ရေခန်းဖို့တော့ တော်တော် ခဲယဉ်းမယ် ထင်တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ရေက ပေ တစ်ရာကျော် နက်တယ်။ အောက်မှာလည်း ရေက ရေစီးသန်တယ်လို့ ပြောတယ်။ ရေအောက် ရောက်လေ ရေစီး သန်လေ လို့ ပြောကြတယ်။ ဂျပန် နိုင်ငံခြားသား တစ်ယောက်ရဲ့ ခန့် မှန်းချက် အရ ဆိုရင် ဒီကန်ကြီး အောက်ခြေက ပင်လယ်ဝနဲ့ တောင် ဆက်လောက် တယ်လို့ သူက ပြောပါတယ်"ဟု ဟိုပင် ဒေသမှ ကိုဝင်းညွန့်လွင်က ပြောသည်။

အပူချိန် များပြီး မိုးမရွာသဖြင့် အင်းလေးကန် ဒေသ အင်းလေး ဖောင်တော်ဦး ဘုရား ၀န်းကျင်တွင် စံချိန်တင် ရေခန်းခြောက်မှု စတင်ကြုံ တွေ့နေ ရသည်။ အင်းလေးကန်မကြီးမှာ ရေအပြည့် ရှိနေသေးသော်လည်း ကျန်နေရာ အချို့မှာ နုန်းများ ပေါ်လျက် ရှိသည်ဟု သိရသည်။ သို့သော်လည်း အင်းလေးကန် ပြင်တစ်ခုလုံး ရေခန်း သွားခြင်းမျိုး မဟုတ်ချေ။ "အင်းလေးကန် ရေတော့ မခန်းပါဘူး။ ဖောင်တော်ဦး ဘုရား ရင်ပြင်တော် တ၀ိုက်မှာ ရေတွေတော့ ကျန်နေပါ သေးတယ်။ ဘေးနှုတ် ခမ်းတွေပဲ ရေခန်းတာပါ။ ရေတွေခန်းတော့ ငါးတွေလည်း သေကုန် တာပေါ့။ တချို့လည်း သတ်စား ကြတယ်။ တချို့လည်း ရေထဲ ပြန်လွှတ်ပေးကြပါတယ်"ဟု တောင်ကြီးမှ သတင်းထောက် တစ်ဦး ဖြစ်သူ ကိုသန်းဝေ က ပြောသည်။

"အင်းရေပြင်မှာ တချို့ နေရာ တွေသာ ခန်းသွား တာပါ။ သောက်ရေတော့ အဆင်ပြေနေပါ သေးတယ်။ သက်ဆိုင်ရာတွေ ကလည်း ကားတွေနဲ့ နုန်းတွေဖော် နေကြ ပါတယ်" ဟု ၎င်း က ဆိုသည်။ အဆိုပါ အင်းလေးကန် အခြေ အနေကို ကာကွယ်ရေ ၀န်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မေလ ၅ ရက်နေ့တွင် သွားရောက် ကြည့်ရူပြီး လိုအပ်သည်များကို မှာကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြသည်။

ထို့ပြင် မိတ္ထီလာ မြို့ရှိ မိတ္ထီလာ ကန်ကြီး မှာလည်း ရေအချို့ ခန်းနေပြီ ဖြစ်သည်။ "မိတ္ထီလာမှာ တောင်ကန်၊ မြောက်ကန်နဲ့ အလယ်ကန် ဆိုပြီး ကန်သုံးကန် ရှိတယ်။ အလယ်ကန်ကတော့ ရေခန်းနေပြီ။ တောင်ကန်က ရေရှိ သေးတယ်။ ဒူးလောက် ထိပေါ့။ မြောက်ကန်ကတော့ ရေနည်းနေပါတယ်" ဟု မိတ္ထီလာတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

အင်းတော်ကြီးကန်သည် အရှေ့တောင် အာရှတွင် အကြီးဆုံး ကုန်းတွင်း ရေတိမ် ဒေသကြီးများ အနက်မှ တစ်ခု ဖြစ်သည်။ နှစ်စဉ် တပေါင်းလဆန်း ၁၀ ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိ ရွှေမဉ္ဇူ ဘုရားပွဲတော် ကျင်းပမြဲ ဖြစ်သည်။ အင်းတော်ကြီးကန်သည် ဧရိယာ စတုရန်းမိုင် ၃၁၄ ဒသမ ၆၇ ကျယ်ဝန်း သည်။ ပင်လယ်ရေ မျက်နှာပြင် အထက် ၅၆၄ ပေတွင် တည်ရှိသည်။ အလျား ၁၆ မိုင် အနံ ရှစ်မိုင် ရှိသည်။

ယင်း ဒေသတွင် နို့တိုက် သတ္တ၀ါ ၃၇ မျိုး၊ ကုန်းနေ ရေနေ သတ္တ၀ါ အမျိုး ပေါင်း ၈၀၊ လိပ်ပြာ မျိုးစိတ် ၆၇ မျိုး၊ ငါးမျိုးစိတ် ၅၉ မျိုး၊ ရေပျော်ငှက် ၈၀မျိုး နှင့် အခြား ငှက်မျိုးစုံ ၁၈၅ မျိုးတို့ ကျက်စား ကြသည် ဆိုကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားသည်။