Pages

Subscribe

Sunday 23 March 2008

မြန်မာနိုင်ငံသား ၁၃ ဦး ဘင်္ဂလာတွင် ဖမ်းဆီးခံရ

မောင်သစ်အောင် (နိရဉ္စရာ) မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက် လာကြသူ မြန်မာနိုင်ငံသား ၁၃ ဦးကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ BDR က ကော့စ်ဘဇား ခရိုင်တွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီး လိုက်ကြောင်း နိရဉ္စရာမှ သတင်းရရှိသည်။

အခုအခါ BDRက မြန်မာနိုင်ငံသား ၁၃ ဦးအား မသင်္ခါမှုများနှင့် ပါစ်ပို့မှုတို့ဖြင့် တရားစွဲဆိုထားပြီး ကော့စ်ဘဇား ခရိုင်ရှိ အိုခီးယားမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားကာ စစ်ဆေး မေးမြန်မှုများ ပြုလုပ်နေရကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက ၎င်းတို့မှာ ကုလသမဂ္ဂမဟာ မင်းကြီးရုံးမှ အသိအမှတ်ပြုခံထားရသော ဒုက္ခသည်များ ဖြစ်သည်ဟုဆိုကာ ပြန်လည် လွှတ်ပေးရန် တောင်းဆိုထား သော်လည်း ဖမ်းဆီးခံရသူများ အနေဖြင့် မည်သည့်အထောက်အထားတခုမှ မပြနိုင်သေးသဖြင့် ဘင်္ဂလာရဲက ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲတွင် ရုဟူအာမီ ရော်ဟ်မင်း(၂၅)နှစ်၊ အာဘ်ဒူလ်မာဇေဒ်(၂၈)၊ ကာဒီဟိုဆန်(၂၇)၊ အာယာတ်ဥလ္လာ(၂၈)၊ အာလီအာဟာမတ်(၄၅)၊ မိုဟာမတ် ဆိုရေရ်(၂၅)၊ ရော်ဥလှော်(၃၀)၊ မိုဟာမတ် အာလမ်(၂၇)၊ မိုဟာမတ် အာလမ်(၂၈)နှစ်နှင့်အတူ တခြားသူများ ပါဝင်ကြောင်း သိရှိရသည်။

လွန်ခဲ့သော လက နည်းမျိုးစုံဖြင့် ယခုလို တရားမ၀င် နယ်စပ်ဖြတ်ကျော်လာကြသော မြန်မာနိုင်ငံသား အနည်းဆုံး ၃၀ ခန့်ကို နယ်စပ်စောင့် ဘင်္ဂလာလုံခြုံရေးတပ်ဖွဲ့ အနေဖြင့် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု သိရှိရသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကုန်ဈေးနုန်းများ ကြီးမြှင့်မှု အပါအ၀င် အလုပ်အကိုင် ရှားပါးမှုနှင့် နစကများ၏ အနိုင်ကျင့်မှုများကြောင့် ဒေသအတွင်းရှိ မူဆလင်ဘာသာဝင်များမှာ တသုတ်ပြီး တသုတ် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ နေ့စဉ်နေ့တိုင်း ၀င်ရောက်နေကြကြောင်း သတင်းရရှိသည်။

စစ်အစိုးရမှ ဦးစီးကျင်းပမည့် ပါဠိပထမပြန်စာမေးပွဲကို ၀င်ရောက်မဖြေဆိုကြရန် သံဃာ့ကိုယ် စားလှယ်အဖွဲ့မှ တိုက်တွန်း

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့မှ နအဖ မှကြီးမှုးကျင်းပမည့် ပါဠိပထမပြန်နှင့် ဓမ္မစာရိယ စာမေးပွဲကို ရဟန်းတော်များ အနေနှင့် ၀င်ရောက် မဖြေဆိုကြရန် တိုက်တွန်း လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်တွန်းချက်ကို ယမန်နေ့က ကြေငြာချက်ထုတ်ပြီး ပြုလုပ်ခြင်း ဖြစ်သည်။

ကြေငြာချက်တွင် စက်တင်္ဘာရွှေဝါရောင် တော်လှန်ရေးစသည့် အချိန်မှ စတင်ပြီး ယနေ့ အချိန်ထိ သံဃာတော်များကို ရိုင်းစိုင်းစွာ ဖမ်းဆီး နှိပ်စက်နေသည်သာမက သံဃာတော်များ အပါအ၀င် မေသီလရှင် ၁၀၀၀ ခန့်မှာ နအဖ အကျဉ်းစခန်းများတွင် ဖမ်းဆီး ထိန်းသိမ်း နှိပ်စက် ခြင်းခံနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

“တကယ်လို့ ၀င်ရောက် ဖြေဆိုမယ့် ရဟန်းတော်တွေ အနေနဲ့လည်း မြတ်စွာဘုရား ၀ိနည်းတော်ကို လေးစားတဲ့ အနေနဲ့ဘဲဖြစ်ဖြစ် သံဃာတော် အချင်းချင်း လေးစားတဲ့ အနေနဲ့ ဖြစ်ဖြစ် နအဖ ကျင်းပမဲ့ အတုယောင် ဒီစာမေးပွဲကို ဖြေဆိုဖို့ စဉ်းစားသင့် ပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ် စားလှယ်အဖွဲ့မှ အတွင်းရေးမှူး ဦးထာဝရမှပြောသည်။

မြန်မာနိုင်ငံတွင် ယခင်နှစ်များက ပါဠိပထမပြန်စာမေးပွဲကို ၀င်ရောက်ဖြေဆိုသည့် အရေအတွက်မှာ သိန်းချီပြီး ရှိခဲ့သော်လည်း ယခုနှစ်တွင် သုံးပုံ တပုံ အောက်တွင်သာ ဖြေဆိုရန် အခြေအနေ ရှိနေကြောင်း ဦးထာဝရမှ ပြောသည်။

စစ်အစိုးရမှ မြန်မာနိုင်ငံတွင်တခါမှ မလုပ်ဖူးသည့် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် သံဃာတော် များကို ကျောင်းတိုက်မှ စာမေးပွဲဖြေဆိုမည့် နေရာအထိ ကားဖြင့် ကြိုပို့ရန် စီစဉ်နေကြောင်း သိရှိရသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ပြည်သူ့ ဆန္ဒခံယူပွဲနှင့် နီးကပ်လာသဖြင့် ရွှေဝါရောင် တ်ာလှန်ရေးကဲ့သို့ လူထု အုံကြွမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ဦးထာရက ယခုကဲ့သို့ ပြောသည်။

“နအဖက ခုလို ကားအကြို အပို့ စီစဉ်ရတာက ရွှေဝါရောင်တော်လှန်ရေးလို အုံကြွမှုတွေ ဆက်ဖြစ်မှာစိုးရိမ်ပြီး စီစဉ်တာဖြစ် တယ်။ နောက်ပြီး ဒီနှစ်စာမေးပွဲက နအဖနဲ့ နီးစပ်တဲ့ သံဃာတော်တွေကိုသာ ဦးစားပေးပြီး အောင်စာရင်း ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ဖြေဆိုမယ့် သံဃာများ အနေနဲ့ အထူးစဉ်းစားဖို့ လိုပါတယ်။”

ယခုနှစ်စာမေးပွဲကို မနက်ဖြန် တနင်္လာနေ့တွင် နအဖ စစ်အုပ်စုမှ တနိုင်ငံလုံးအတိုင်းတာ အနေနှင့် ကျင်းပမည်ဖြစ်ပြီး ၀င်ရောက်ဖြေဆိုမည့် သံဃာတော်များမှာလည်း နအဖ စစ်အစိုးရ၏ ဖိအားနှင့် ဆရာသမားများ၏ အမိန့်အာဏာကို မလွန်ဆန်ရဲသည့် အတွက် ဖြေဆိုကြမည့် သံဃာတော်များသာ ဖြစ်သည်ဟု သိရှိရသည်။

လူထုဆန္ဒပြပွဲများ ထပ်မံဖြစ်ပေါ်လာပါက နအဖမှ အကြမ်းဖက်ဖြိုခွင်းရန် ကြိုတင်ပြင်ဆင်...



ဆုံဆည်းရာ ဘလော့ခ်မှကူးယူဖော်ပြသည်။

ရွှေတိဂုံတွင် လူတဦး မီးရှို့ဆန္ဒပြ

နယူးဒေလီ။ ။ စီးပွားရေး ကြပ်တည်း ဆိုးရွားနေမှုကို မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြသောအားဖြင့် အမျိုးသားတဦးက မိမိကိုယ်ကို မီးရှို့မှု ရွှေတိဂုံဘုရားတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မှ လာသော နိုင်ငံတကာ သတင်းအေဂျင်စီများ၏ သတင်းများအရ သိရသည်။

အမည်မသိသူ အသက် ၃ဝ ဝန်းကျင် အမျိုးသားတဦးက တပေါင်းလပြည့်နေ့ ဖြစ်သော သောကြာနေ့က မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ခြင်း မပြုမီ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ဘဝအခက်အခဲများကို မကျေမနပ်ဖြစ် ရေရွတ်မှုများ ပြုခဲ့သည်ဟု မျက်မြင်သက်သေများကို ကိုးကားပြီး ရိုက်တာ ကြေးနန်းသတင်းက ရေးသားထားသည်။

"ဖြစ်တာက ၈း၎ဝ လောက်မှာ ဓာတ်ဆီ ပုလင်းထုတ် သူ့ဘာသူ လောင်းပြီး ဖယောင်းတိုင်တတိုင်နဲ့ မီးရှို့တော့တာပဲ" ဟု မျက်မြင် သက်သေတဦး၏ ပြောသားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မဇ္ဈိမက ရွှေတိဂုံဘုရားဂေါပက အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တယ်လီဖုံးကိုင်သူတဦးက အခင်းဖြစ်ပွားခဲ့ကြောင်း ပြောကြားသော်လည်း အခြား မည်သည့် အသေးစိတ်ကိုမှ ပြောရန် ငြင်းဆန်ခဲ့သည်။

အေပီသတင်းတွင်တော့ မီးရှို့ဆန္ဒပြသည့်သူက "စစ်အစိုးရ ကျဆုံးပါစေ" ဟု မီးမရှို့ခင် အော်ဟစ်ခဲ့ကြောင်း ရေးသားထားသည်။