Pages

Subscribe

Saturday 10 April 2010

ဒေါ်စု ဒုတိယအကြိမ် ကျန်းမာရေး စစ်ဆေးမှု ခံယူ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ယခုလအတွင်း ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ထပ်မံသွားရောက်၍ ကျန်းမာရေး စစ်ဆေးခဲ့ရကြောင်း သိရသည်။

ဤသည်မှာ စစ်အစိုးရက လတလ၏ ပထမဆုံး ကြာသပတေးနေ့တွင် ကျန်းမာရေးစစ်ဆေးခွင့် ပေးထားရာမှ လိုအပ်ချက်အရ ဒေါက်တာတင်မျိုးဝင်းကို ECG စက်များ သယ်ဆောင်ကာ ယခုလအတွင်း ဒုတိယအကြိမ် သွားရောက်စစ်ဆေးခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁ ရက်နေ့ (ကြာသပတေးနေ့) ကလည်း ပုံမှန်စစ်ဆေးခွင့် ရရှိခဲ့သဖြင့် ၈ ရက်အတွင်း ဒုတိယမြောက် ထပ်မံတွေ့ဆုံရခြင်းလည်း ဖြစ်သည်။

“ဆရာဝန် ခေါ်ပြတယ်ဆိုတာလောက် ကြားတယ်။ ECG စက် သွင်းတယ်လို့တော့ ကြားတယ်။ လောလောဆယ် ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ ဆရာဝန်တင်မျိုးဝင်း သွားတယ်။ ECG ရိုက်စက် သွင်းတယ်ဆိုတာပဲ သိရသေးပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကလည်း “ဒေါ်စုမှာ အစာအိမ်တို့ဘာတို့ ဝေဒနာဖြစ်နေလို့ ဆေးပေးနေရတယ်။ အဲဒီ အစာအိမ်ဆေးကလည်း ခေါင်းတွေဘာတွေ မူးတတ်တယ်။ ဒေါက်တာတင်မျိုးဝင်းတို့ အထဲကိုဝင်တဲ့အခါ ECG ရိုက်တဲ့ ကိရိယာတွေ ယူသွားတယ်လို့ ကြားတယ်။ရောဂါအခြေအနေ ဘာမှ မသိရသေးဘူး။ အရေးတကြီး မဟုတ်ပါဘူး။ သာမန်ပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အမှုကိစ္စများအတွက် သူမ၏ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံကာ ဆွေးနွေးခဲ့သေးသည်။

ထိုသို့ ဆွေးနွေးစဉ်က တွေ့ရှိခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို ရှေ့နေ ဦးကြည်ဝင်းက ယခုလို ပြောပြသည်။

“ကျနော်တို့နဲ့ ဆွေးနွေးတာက တက်တက်ကြွကြွ လုပ်သွားတာပါပဲ။ သူ့ကိုကြည့်ရတာ နေမကောင်းဘူးဆိုတာ မယုံနိုင်စရာပါပဲ။ သူကိုယ်တိုင် ပြောတာက ခေါင်းမူးတယ်၊ သွေးပေါင်ချိန် ကျနေတယ်လို့ ဒီလိုလေးပဲ ပြောတယ်။ ပြန်ထွက်လာတော့ ကျနော်တို့က SP ကို ပြောတော့၊ သူတို့က ချက်ချင်း လုပ်ပေးပါတယ်။ ဆရာတင်မျိုးဝင်းကို ချက်ချင်း အကြောင်းကြားတယ်။ ဆရာတင်မျိုးဝင်းတော့ ၀င်ပြီးပြီလို့တော့ ကြားတယ်” ဟု ပြောသည်။

အခြေအနေ အသေးစိတ်ကို သိရှိနိုင်ရန်အတွက် ဒေါက်တာတင်မျိုးဝင်းထံသို့ ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့်နှစ် မေလဆန်းတွင် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် မဖိတ်ခေါ်ဘဲ သူမ၏ နေအိမ်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာသဖြင့် နေအိမ်အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက သြဂုတ်လထဲတွင် ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ် ၁၈ လအထိ လျော့ပေါ့ကာ နေအိမ်တွင် အထိန်းသိမ်းခံရန် ညွှန်ကြားခဲ့သည်။

ရခိုင်တွင် ကြံ့ဖွံ့ပါတီ အင်တိုက် အားတိုက် စည်းရုံးရေး ဆင်းပြီ

4/10/2010

ထွန်းထွန်း (နိရဉ္စရာ)
ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ တခု အဖြစ် မှတ်ပုံ မတင်သေးသော်လည်း ကြံ့ဖွံ့ပါတီမှာ ရခိုင်ပြည်နယ်တွင် မဲဆွယ် စည်းရုံးမူကို အင်တိုက် အားတိုက် ပြုလုပ်နေပြီ ဖြစ်သည်ဟု ကျောက်တော်နယ်က လယ်သမာကြီး တဦးက ပြောသည်။

“ကျွန်တော်တို့ ကျောက်တော် မြိုနယ်မှာ ကြံ့ဖွံ့ ပါတီက ရွာအကြီး အငယ်အလိုက် အိမ်ခြေ ၄ ဆောင်ကနေ ၁၀ ဆောင် အထိ အုပ်စုကလေးတွေ ဖွဲ့ပီး စည်းရုံးရေးမှူး တဦးစီကို တာဝန် ပေးအပ် နေပါတယ်။ သူတို့က ကျေးရွာတွေမှာ မဲဆွယ်ရန်နဲ့ မဲရရှိရေး အတွက် ဦးဆောင် လူပ်ရှားရမယ့် သူတွေ ဖြစ်ပါ တယ်။”

ထိုကဲ့သို့ ခန့်အပ်ခံရသူ ကြံ့ဖွံ့စည်းရုံးရေးမှူး တဦးကို တလကို လစာငွေ ၆၀၀၀ ထောက်ပံ့ ပေးသည်ဟု သိရသည်။

ယခု ကြံ့ဖွံ စည်းရုံး ဆင်းနေသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာများမှာ တောင်ဘွယ်၊ ရတနာပုံ၊ သံတောင်၊ ငါးဆောင်ဖက်၊ ပီထု၊ သြရမ၊ သပုံ၊ လောင်းရှည်၊ တင်းမ၊ စပါးဆိပ်နှင့် တခြား ကျေးရွာ အများအပြားတို့တွင် ဖြစ်သည်။

ကျောက်တော်မြို့နယ် သကြားစက်ကျေးရွာ သားတဦးကလည်း ကြံ့ဖွံ့ ပါတီဝင်များမှာ ဒေသအတွင်းရှိ စစ်တပ် အကူအညီ များကို ယူပြီး မဲဆွယ် စည်းရုံးနေခြင်း ဖြစ်သည်ဟု ယခုကဲ့သို့ ပြောသည်။

“ ကြံ့ဖွံ့ခေါင်းဆောင်တွေက ကျောက်တော် အခြေစိုက် ခလရ ၃၇၄ တပ်ရင်းက အရာရှိတွေနဲ့ တိုင်ပင်မူတွေ အစည်းအဝေး တွေ ခဏခဏ လုပ်ပီး ကျေးရွာကို ဆင်းလာတယ်။ သူတို့ ပါတီကို မဲရရှိရေး အတွက် စစ်တပ်က ကူညီမယ့် အနေအထား တွေကို တွေ့နေရပါတယ်” ဟု ပြောသည်။

၎င်းအပြင် ကျောက်တ်ာမြို့နယ် အတွင်း ကြံ့ဖွံ့မှ မဲရရှိရေး အတွက် ငွေကြေး အမြောက်အများ အသုံးပြုရန် အစီအစဉ်များလည်း ရှိနေသည်ဟု သူက ပြောသည်။

“ ကြံ့ဖွံ့က ဘုန်းကြီးကျောင်းတွေ အပါအ၀င် ဓမ္မာရုံ၊ ကျေးရွာ စာကြည့်တိုက် တခုစီကို ကျပ်ငွေ နှစ်သိန်းစီ ကူညီ ထောက်ပံ့ ပေးမယ်ဆိုပီး ပြောပါတယ်။ သူတို့ကို ရွာလုံးကျွတ် ထောက်ခံမဲပေးရင် စာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေကို ဆောက်လုပ်ပေးမယ်ဆိုပီး ကျေးရွာတွေမှာ စည်းရုံးမူတွေ လုပ်နေတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

များမကြာခင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမထည့်ဘဲ နေသူများကို ရွှေးကောက်ပွဲကို သပိတ်မှောက်သူများ အဖြစ် သတ်မှတ်ပြီး အိမ်ထောင်စုအလိုက် နိုင်ငံတော်၏ စည်းကမ်း ဥပဒေကို ချိုးဖေါက်သည့် ပြစ်မူဖြင့် တရားစွဲဆို အရေးယူသွားမည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟုလည်း သိရသည်။

ပြည်သူများမှာ ရွှေးကောက်ပွဲကြောင့် ပြည်ပ ရေဒီယိုများမှ သတင်း ထုတ်လွှင့်မူကို ယခုအခါ ပိုမို အာရုံစိုက် နားထောင် လာကြပြီး လက်ရှိ ပြုလုပ်မည့် ရွှေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင် သပိတ်မှောက်မည်ဟူသော ကောလဟလ သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ခြိမ်းခြောက်မူများ ပေါ်ထွက်လာခြင်း ဖြစ်သည်။