Pages

Subscribe

Saturday, 3 July 2010

ကေအဲန်ယူ အခြေခံစစ်သင်တန်း အောင်မြင်စွာ ပြီးဆုံး

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း (၂၀၁)နှင့် (၁၀၁)တို့ ဦးစီးပြုလုပ်သည့် တလကျော်ကြာ အခြေခံစစ်သင်တန်းကို ယနေ့ အောင်မြင်စွာပြီး ဆုံးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတနေရာ၌ ယနေ့မနက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ သင်တန်းကျောင်းအုပ် စောပွေထောက ယခုလိုပြောသည်။

သူက “စစ်သားသစ်တယောက်အနေနဲ့ စစ်သားတယောက်ရဲ့ တတ်သင့်တတ်ထိုက်တဲ့ စစ်အ တတ်ပညာနဲ့ နိုင်ငံရေးအခြေခံ သဘောတရားတွေကို သိရှိနားလည်ဖို့အတွက် ဒီသင်တန်းကို ဖွင့်လှစ် ပေးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်သင်တန်းတခါမှ မတက်ဖူးတဲ့ စစ်သား တယောက်ဟာ စစ်တိုက်ခိုင်းမယ်ဆိုရင် အသေခံခိုင်းတာနဲ့ အတူတူပဲ ဒါကြောင့် ဒီသတင် တန်းကို ဖွင့်လှစ်ပေးတာဖြစ်တယ်”ဟု ပြောသည်။

မေလ ၂၄ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၅၆)ဦးရှိသည့် ၎င်းသင်တန်းတွင် အခြေခံ စစ်အတတ်ပညာဖြစ်သော သေနတ်ကိုင်တွယ်နည်း၊ ပြောက်ကျား စစ်ဆင်နွှဲနည်း၊ အခြေခံ နိုင်ငံရေး သဘောတရားနှင့် လိုက်နာကျင့်သုံးရမည့် စစ်စည်းကမ်းနည်းနာများကို သင်ကြားပို့ ချပေးခဲ့ကြောင်း စောပွေထောက ဆက်ပြောသည်။

သင်တန်းသားတစ်ဦးဖြစ်သူ အသက် ၂၂နှစ်ရှိ စောအယ်ကဘိုက “ ဒီသင်တန်းကို တက်ရတဲ့ အပေါ်မှာ စစ်ဘက်ဆိုင်ရာ အတတ်ပညာတွေကို သိရှိထားတဲ့အတွက် ရှေ့တန်းစစ်မျက်နှာ သွား တဲ့အချိန်မှာ အသုံးပြုသွားလို့ရတယ်။ နောက်ပြီးတော့ လူထုတွေကိုလည်း ဘယ်လိုဆက် ဆံရမလဲဆိုတာကို သိရှိလာတယ်။ ဒီသင်တန်းကို တက်ရတာ ကျနော်အရမ်းပဲ ဂုဏ်ယူမိ တယ်”ဟု ပြောသည်။

အလားတူ အသက် (၃၈)နှစ်ရှိ သင်တန်းသား မန်းရှာသရာကလည်း“ အခု ကျနော် တတ်သိ တဲ့ စစ်အတတ်ပညာရပ်တွေကို ကရင့်တော်လှန်ရေးအောင်မြင်တဲ့အထိ အကျိုးရှိရှိနဲ့ အသုံးပြု သွားမယ်” ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ်မှစ၍ အာဏာရှင် စစ်အစိုးရအဆက်ဆက်ကို ခုခံတော်လှန်ခဲ့ သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး နှစ်ပေါင်း(၆၀)ကျော်ကာလအတွင်း အခြေခံစစ် သင်တန်းအပြင် ဗိုလ်လောင်းသင်တန်းများ၊ အခြေခံနိုင်ငံရေးသင်တန်းများကိုလည်း အလျင်း သင့်သလို ဖွင့်လှစ်ခဲ့သည်။

ကေအိုင်စီသတင်းထောက် စောသိန်းမြင့် ရေးသားသည်။

မြန်မာ အမျိုးသမီးများ ၏ ၀တ်စားဆင်ယဉ်မှု ပြောင်းလဲ လာပုံ ကြောင့် ကန့် ကွက်သူများ နှင့် ထောက်ခံသူ ပွဲဆူလာနိုင်

ယနေ့ ခောတ်အမျိုးသမီး များ ၏ ၀တ်စား ဆင်ယဉ်မှု စတိုင်ဟန် ကို မော်ဒယ် သီရီရှင်းသန့် က ၀တ်ဆင်ပြထားစဉ်

မြန်မာ နိုင်ငံ ရဲ့ အဓိက မြို့ ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊မန္တလေး အပါအ၀င် အခြားမြို့ တွေ မှာ တော့
မြန်မာ အမျိုးသမီး ငယ်တွေ ရဲ့  ၀တ်စားဆင်ယဉ် မှု တရှိန် ထိုး ပြောင်းလဲနေတာ ကြောင့် ဝေဖန် ရှုံချ ကြသူများ
လည်း ရှိသလို့  ဒါဟာ ခောတ်ယဉ် ကျေးမှု ဆိုပြီး ထောက်ခံ အားပေးကြသူ တွေ လည်းရှိပါတယ်။

ရန်ကုန် မြို့ က နာမည်ကျော် မော်ဒယ် တစ်ဦး ဖြစ်တဲ့ မိုးဟေကို ကတော့ ဒီလို ဖက်ရှင် အပြောင်းအလဲ ဆန်း
သစ်မှု တွေ ပိုမြန်ဆန်လာ တာ ၂၀၀၈ ခုနှစ် နောက် ပိုင်းမှ ပို သိတာ လာတယ် လို့ ဆိုပါတယ်။

မြန်မာ ရိုးရာ ၀တ်စား ဆင်ယဉ်မှု စတိုင်

အခုလို အမျိုးသမီး ငယ်တွေ ရဲ့  ၀တ်စား ဆင်ယဉ်မှု ဖက်ရှင် တွေ က ပိုပြီးတော့ ဆန်းသစ်လာခြင်းဟာ
မြန်မာ့ ရိုးရားယဉ် ကျေးမှု နဲ့ ဓလေ့ စရိုက်တွေ ကို အနည်းနဲ့  အများ ဆိုသလို ထိခိုက် နိုင်တယ်လို့ 
ရန်ကုန်အခြေစိုက် သက်ကြီးရွယ်အို စာနယ် ဇင်းသမား တွေ ကသုံးသပ် တယ် လို့ ဆိုပါတယ်။

သူတို့ တွေ နဲ့ အမြင် မတူ တဲ့ သူ တစ်ဦးကတော့ ဂျပန် နိုင်ငံ မှာ ဘွဲ့ လွန် ကျန်းမာ ရေး စောင့်ရှုမှု
ပညာသင်ကြားနေတဲ့ မ လမင်းဝန်း ပါ။ သူကတော့’ ရိုးရာ ယဉ်ကျေးမှု က မြန်မာ တစ်နိုင်ငံတည်းရှိတာ
မဟုတ်ပါဘူး ၊ ဘယ်နိုင်ငံမှမဆို ရှိပါတယ်။ စကတ် အတို ၀တ်တာ တို့  မဖော်သင့်တဲ့ နေရာ တွေ က လွဲ
လို့ ကျန်တဲ့နေရာ တွေ ကို ဖော်ပြတာ တို့ တွေ ဟာ ကမ္ဘာ မှာ တော့ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး
ဒါတွေ ကို ဝေဖန် နေ မယ် ဆိုရင် မြန်မာ ဟာ ကမ္ဘာ နဲ့  ဘယ်လောက် အဆက်အသွယ်ပြတ် နေသလဲ
ဆိုတာ ထင်ရှား တယ် လို့ သူ့ ရဲ့ အမြင် ကိုပြောပါတယ်။

ရှေးမြန်မာ အမျိုးသမီး တို့ ၏ ၀တ်စား ဆင်ယဉ်မှု မြန်မာ နဲ့  အိမ် နီးချင်း ထိုင်း နိုင်ငံမှာ တော့ အဆိုတော် တွေ မော်ဒယ် တွေ ဟာ ဘီကီနီ နဲ့ ပါ စင်ပေါ်
တက်ရောက် ဖျော်ဖြေခွင့် ရှိပါတယ်။

မြန်မာ နိုင်ငံမှာ တော့ ၂၀၀၉ ခုနှစ် ဆန်းလောက် စပြီး ဖျော်ဖြေရေး ပွဲစဉ် တွေ ၊မော်ဒယ်ရှိုးတွေ၊ အရောင်း
မြှင့် တင်ရေး ပွဲ စဉ် တွေ မှာ အဆိုတော် တွေ နဲ့  မော်ဒယ် တွေ က ပိုပြီး တော့ မလုံ့တလုံ့ ဝတ်စား ဆင်ယဉ်
မှု ပြုလာ ကြပါတယ်။

ဝေဖန်သူ တစ်ချို့ ကတော့ အဆိုတော်တွေ ၊ ရုပ်ရှင်မင်းသမီး တွေ ရဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နဲ့ ဖီလာ
ဆန့် ကျင် တဲ့ ၀တ်စား ဆင်ယဉ်မှု တွေ ဟာ အမျိုးသမီး ငယ်တွေ အတု ခိုးမှား ပြီး အန္တရာယ် များ နိုင်တယ် လို့ 
ထောက်ပြကြပါတယ်။

မကြာခင်က ကျင်းပခဲ့သည့် မော်တော်ကား ပြပွဲမှ မော်ဒယ် ယဉ်ညိုသိမ့် ၏ ဖက်ရှင်စတိုင်လ် ဓာတ်ပုံ www.myanmarcelebrity.com

ဒါပေမယ့် လည်း ဖျော်ဖြေရေး ပွဲ တွေ မှာ ခပ်ဟော့ သီဆိုလေ့ ရှိတဲ့ အဆိုတော် တစ်ဦး ကတော့ ပရိတ်သတ်
မိန်းကလေး တွေ က ကျွန်မ တို့ ထက် တောင် ပိုလန်း သေး တယ်.သူတို့ ဆီက တောင် အတု ခိုးရသေးတယ်
လို့ ဆိုပါတယ်။

ဖက်ရှင် စတိုင်လ် အပြောင်း အလဲ တွေ ဖြစ်ပေါ်နေတာ နဲ့ ပတ်သက်ပြီး ဒါဟာ ကောင်းတဲ့ လက္ခဏာ လား
ဆိုး တဲ့ လက္ခဏာ လား လို့  အမေရိကန် နိုင်ငံမှာ ဖက်ရှင် ဒီဇိုင်း ပညာ သင်ကြား နေတဲ့ မအင်ကြင်း ကိုမေး
ကြည့် တော့ “ဒီကိစ္စ ဟာ ခောတ်လူငယ်တွေ ရဲ့  စိတ်ဆန္ဒ တောင်း ဆိုမှု က ဖြစ်လာ တဲ့ အပြောင်း အလဲပဲ
ရာစု နှစ် တိုင်း ဆယ်စု နှစ် တိုင်း ဖက်ရှင် ကမ္ဘာ မှာ အပြောင်း အလဲ တွေ ရှိနေတာ ပဲ ငါတို့ ခောတ်က ၀တ်
သလို မျိုး သူ တို့  ခောတ်မှာ လည်း ၀တ်လို့ သွား ပြော လို့  မရဘူး လို့ သုံးသပ်ပါတယ်။

ယနေ့ ခောတ်ပွဲ တက်ဖက်ရှင် ဖြစ်နေသည့် ၀တ်စုံ ကို ၀င်းထွဋ် တာရာ က ၀တ်ဆင်ပြသထားစဉ်

ဖက်ရှင် စိတ်ပညာ ရပ်မှာ တော့ လှတဲ့ သူတွေ က သူတို့ အလှ ကို ဖော်ပြီး ၀တ်တာ မလှ တဲ့ သူ တွေ အဲဒီ
လို မ၀တ် ရလို့ မနာ လို ဖြစ်ပြီး ကဲ့ရဲ့ ကြတယ်လို့  ကော်လို ရာဒို တက္ကသိုလ် က ဖက်ရှင် ဒီဇိုင်း ပညာ ကျောင်း
သူ တစ်ဦး ကဆိုပါတယ်။

လွန်ခဲ့ တဲ့ ဆယ်စု နှစ် တစ်ခု ကျော် မြန်မာ နိုင်ငံမှာ ဖက်ရှင် ရှိုး တွေ ၊မော်ဒယ်(လ) တွေ စတင်ချိန်မှာ
ဝတ်စား ဆင်ယဉ်မှု တွေ နဲ့ ပတ်သက်ပြီး တားမြစ်ချက် တွေ ပြုလုပ် ခဲ့ပေမယ့် နောက် ပိုင်းမှာ တော့
ဘာ တားမြစ် ချက် တွေ မှ မလုပ်တော့ပါဘူး ။

နာမည် ကျော် ဖက်ရှင် ဒီဇိုင်နာ ဒေါ်နာကာရင်း ကတော့ ဖက်ရှင်ကြောင့် တော့ ပြည်တွင်း စစ်တွေ၊
ကမ္ဘာစစ်တွေ မဖြစ်ခဲ့ပါဘူး လို့ ဆိုပါတယ်။

မြန်မာ ပြည်ရဲ့ ခောတ် နဲ့ အညီ ၊ နိုင်ငံတကာ နဲ့ အညီ ပြောင်း လဲ လာ တဲ့ ဖက်ရှင် ရေစီး ကြောင်း ကို
ဝေဖန် ကန့် ကွက် မှု တွေ ကို သက်ဆိုင်ရာ ကတောင် နား လည် သဘောပေါက်ပေမယ့် နေရာ တကာ
မှာ ဆရာ လုပ်ချင် တဲ့ တတ်ယောင်ကား မြန်မာ စာနယ်ဇင်း ဆရာ တွေ ကြောင့် စိတ် အနှောင့်အယှက်
ဖြစ်ရ တယ် လို့ နာမည် ကျော် မော်ဒယ်များ က တညီတညွှတ် တည်း Freedom News Group ကို ပြော
ပါတယ်။

မျိုးကျော့မြိုင် ဇနီးဖြစ်သူ နှင့် လမ်းခွဲ

ပျားရည်ဆမ်း ခရီးထွက်ခဲ့စဉ် က မျိုးကျော့မြိုင် နှင့် ဒေါက်တာ သွင်ပပအောင် (Photo - Faces Magazine)

ဧပြီ လ ၂၉ ရက်နေ့ က လက်ထပ် ထိမ်းမြားခဲ့သည့် မျိုးကျော့မြိုင် နှင့် ဒေါက်တာ သွင်ပပအောင် တို့ ဇနီးမောင်
နှံသည် စိတ်သဘော ထားချင်း မတိုက်ဆိုင်တော့ သဖြင့် ဇွန်လ ၂၄ ရက်နေ့ တွင် နှစ်ဦး သဘောတူ လင်မယား
အဖြစ်မှ လမ်းခွဲ ပြီးဖြစ်သည် ဟု သတင်းရရှိသည်။

၎င်းတို့ နှစ်ဦး သည် ဇွန်လ ၂၄ ရက်နေ့ က ရန်ကုန်တိုင်း တရားရုံး ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းနွယ်၏
၏ ရှေ့မှောက် တွင် အကြင်လင်မယား အဖြစ်မှ လမ်းခွဲခဲ့ခြင်းဖြစ်သည် ဟု သိရသည်။၎င်းတို့ 
နှစ်ဦး သည် မုခ မဂဇင်းမှ အင်တာ ဗျူး ဆရာ ဇောရိုး နှင့် တွေ့ ဆုံရာတွင် စံပြ အိမ်ထောင်ရေး
ဖြစ်ချင်ပြီး ရင်သွေးများ လည်း မွေးဖွားရန် ဆန္ဒရှိသည် ဟု ပြောခဲ့သည်။

ဧပြီ ၂၉ ရက်နေ့ တွင် အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည့် ရက်(ပ)အဆိုတော် မျိုးကျော့မြိုင်နှင့်
အသက် ၃၃ နှစ် အရွယ်ရှိ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ သွင်ပပ
အောင် တို့ နှစ်ဦးသည့် ရန်ကုန် ရှိ ယုဇန ဂါးဒင်းဟိုတယ် တွင် လက်ထပ်မင်္ဂလာ အခမ်းအနား
ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ကျိုက်ထီးရိုး ပုံစံ စေတီ တစ်ဆူ တွေ့ရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် တည်ရှိသည့် ကမ္ဘာကျော် ကျိုက်ထီးရိုး စေတီ ကဲ့သို့ ကျောက်တုံး နှစ်တုံး ဆင့် တည်ရှိ နေသော စေတီ တစ်ဆူ ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် တွေ့မြင်နိုင် ကြောင်း ထိုဒေသသို့ သွားရောက် လေ့လာမှုများ အရ မျက်မြင် တွေ့ရှိ ရသည်။ ယင်း စေတီမှာ ကျိုက်ထီးရိုး စေတီ နှင့် အလားသဏ္ဍန် တူပြီး ကွတ်ခိုင်မြို့နယ် မန်လည် ကျေးရွာတွင် တည်ရှိ နေကြောင်း ဒေသခံ များက ဆိုသည်။ ကွတ်ခိုင် မြို့နယ်မှ လားရှိုး၊ မူဆယ်လမ်း အတိုင်း မိုင် ၂၀ ခန့် သွားပြီးနောက် မန်လည် ကျေးရွာ အတွင်း တောလမ်း အတိုင်း မိနစ် ၂၀ ခန့် ဆိုင်ကယ်ဖြင့် ခရီးဆက်လျှင် ထိုစေတီသို့ ရောက်ရှိ ကြောင်း လေ့လာ ချက်များ နှင့် ဒေသခံများ၏ အဆိုအရ သိရသည်။

ယင်းစေတီကို ဓာတ်တော်ရှင် ကျိုက်ထီးရိုး စေတီ ဟု ဒေသခံ များက အမည်ပေးထား ပြီး ယခု အချိန်တွင် ဘုရားဖူး လာရောက်သည့် သူများ မရှိ သလောက် နည်းပါးကြောင်း ဒေသခံများက ဆိုကြသည်။ မိုးတွင်း ကာလ တောလမ်းများ ပျက်စီး သဖြင့် ယင်းကဲ့သို့ ဘုရားဖူး နည်းပါးရခြင်း ဖြစ်ကြောင်း နှင့် ပွင့်လင်း ရာသီတွင် နယ်စပ် ဒေသ များမှ တိုင်းရင်းသား များ အများဆုံး လာရောက်ပြီး ဘုရား ဝန်းကျင် တိုးတက် ကောင်းမွန် ရေးကို ဆောင် ရွက်လေ့ ရှိကြောင်း ယင်းစေတီ အနီးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။ သို့သော် ယင်းစေတီ၏ သမိုင်းကြောင်းကို လေ့လာ နေဆဲ ဖြစ်ပြီး သက်တမ်း အားဖြင့် နှစ်ပေါင်း ၅၀ဝ နီးပါး သမိုင်း ရှိနိုင်ကြောင်း ဆရာတော် ကပင် ထပ်မံ မိန်ကြားသည်။ ယင်း စေတီတွင် သဘာဝလွန် ထူးဆန်းသည့် ကိစ္စရပ် အများ အပြား နှစ်စဉ် ပေါ်ပေါက်လေ့ ရှိကြောင်း ယင်း ဒေသ များတွင် နေထိုင် ကြသည့် ရှမ်း၊ ပလောင်၊ တရုတ် စသည့် ဒေသခံများက ၄င်းတို့ မျက်မြင် ယုံကြည်မှု များကို ပြောပြကြသည်။

နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲ မြန်မာ အမျိုးသမီး ၃ ဦး ပြိုင်မည်

အမေရိကန် နိုင်ငံရှိ နိုင်ငံတကာ မော်ဒယ်နှင့် အနုပညာ ပါရမီရှင်အဖွဲ့ (International Modeling and Talent association- IMTA) က ဇူလိုင်လတွင် ကျင်းပမည့် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ၃ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ သီချင်း “Waka Waka” (This Time for Africa) သုံးဘက်မြင် ရုပ်ကြွဗီဒီယိုတွင် ပါဝင် သရုပ်ဆောင်ခဲ့သော မနဒီမင်းထွန်း၊ မနေခြည်မင်းထွန်းနှင့် မမေဇင်ဦးတို့ ညီအစ်မ ၃ ဦးက ယင်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

Waka Waka ရိုက်ကူးစဉ်က တွေ့ရသော မနေခြည်မင်းထွန်း၊ တောင်အာဖရိကသူ အမျိုးသမီးတဦး၊ မနဒီမင်းထွန်းနှင့် မမေဇင်ဦး (ဓာတ်ပုံ - ဧရာဝတီ)

ကယ်လီဖိုးနီးယား အခြေစိုက် မော်ဒယ်ကျောင်း တခုတွင်တက်ရောက်ခဲ့သော မေဇင်ဦးကို IMTAနှင့် ချိတ်ဆက်ထားခဲ့သော အေဂျင်စီ တခုက ပြိုင်ပွဲတွင် ၀င်ရောက်ရန် အတွက် ဆက်သွယ် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း မနေခြည်မင်းထွန်းက ပြောသည်။

“ပြိုင်ပွဲကို ၀င်ခွင့်ရဖို့အတွက် အနုပညာ အရည်အသွေးကို အရင်ဆုံးစမ်းသပ်တယ်၊ အေဂျင်စီ ရှေ့မှာ သူတို့က ၁၅ မိနစ်တာ ဇာတ်ညွန်း ပေးပြီးတော့ အဲဒါကို အမှုအရာနဲ့တကွ သရုပ်ဆောင်ပြရတယ်၊ အဲဒါကို သူတို့က နယူးယောက်က ဒိုင်တွေဆီကို ပြိုင်ပွဲ ၀င်ဖို့ ပို့ပြီးတော့ သူတို့က လက်ခံတယ်ဆိုတော့မှ ပြိုင်ခွင့်ရတာပါ” ဟု မနေခြည်မင်းထွန်းက ပြောသည်။

ယခုနှစ်တွင် မော်ဒယ် သရုပ်ဆောင် ၁၅၀၀မှ ၂၀၀၀ ခန့် ယင်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ရာနှင့်ချီသော ဖက်ရှင်နှင့် မော်ဒယ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ သရုပ်ဆောင် ရွေးချယ်သည့် ဒါရိုက်တာများ၊ တေးထုတ် လုပ်သူများက ဒိုင် အဖြစ်ဆောင်ရွက်ကြပြီး၊ ဖက်ရှင်နှင့် ဖျော်ဖြေရေး လုပ်ငန်းများအတွက် မျက်နှာသစ် မော်ဒယ်များ၊ သရုပ်ဆောင် များ၊ အဆိုတော်များကိုလည်း တပြိုင်တည်း ရှာဖွေကြကြောင်း IMTA၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

“၀မ်းသာပြီးတော့ အရမ်း စိတ်လှုပ်ရှားမိပါတယ်၊ ပြိုင်ပွဲမှာ ဆုတွေရဖို့လည်း မျှော်လင့်ထားပါတယ်”ဟု မမေဇင်ဦးက ပြောသည်။

မနဒီမင်းထွန်းကလည်း“စိတ်ထဲမှာကတော့ ဖြစ်ချင်တာပေါ့၊ ဖြစ်တာ မဖြစ်တာကတော့ ကိုယ့်ကြိုးစားမှုနဲ့ ကံတရားနဲ့လည်း ဆိုင် တယ်၊ ကိုယ်က အကုန်ထုတ်ပြီးတော့ ကြိုးစားမှာပေါ့”ဟု ဆိုသည်။

IMTA ပြိုင်ပွဲကို အမေရိကန်နိုင်ငံ လောစ့်အိန်ဂျယ်လိစ်နှင့် နယူးယောက်မြို့များတွင် ဇန်န၀ါရီနှင့် ဇူလိုင်လများ၌ တနှစ်လျှင် ၂ ကြိမ် သီတင်း တပတ်ကြာ ကျင်းပပြုလုပ်လေ့ရှိပြီး ပြိုင်ပွဲပေါင်း ၄၀ ကျော် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

IMTAသည် ၁၉၈၇ ခုနှစ်မှ စတင်၍ အရည်အချင်းရှိသော လူငယ် သရုပ်ဆောင် မျက်နှာသစ်များကို ကမ္ဘာ့ အနုပညာလောကသို့ ပို့ဆောင်ပေးရန် အတွက် အမေရိကန်၊ ကနေဒါ၊ အိုင်ယာလန်၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် ပေါ်တိုရီကို နိုင်ငံတို့တွင် အခြေစိုက် ဖွင့်လှစ်ခဲ့သည်။ ယင်းအပြင် အခြားသော မော်ဒယ် အေဂျင်စီများနှင့်လည်း ချိတ်ဆက်ထားသည်။

နာမည်ကြီး မော်ဒယ်နှင့် သရုပ်ဆောင်များဖြစ်ကြသော Ashton Kutcher၊ Eva Longoria၊ Jessica Bielတို့သည် ယင်းပြိုင်ပွဲမှ တဆင့် ယနေ့ အနုပညာ လောကသို့ ၀င်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

ရနောင်းမြို့တွင် ယာယီနိုင်ငံကူး လက်မှတ် ရုံးသစ် ဖွင့်

ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ အတွက် ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ပေးရန် ရုံး တရုံးကို ဇူလိုင်လ ၁ ရက် နေ့မှ စတင်ကာ မြန်မာ အာဏာပိုင်များက ရနောင်းမြို့တွင် ဖွင့်လှစ် လိုက်ကြောင်း သတင်းရရှိသည်။

ထိုင်း နိုင်ငံ ရနောင်းမြို့တွင် ဖွင့်လှစ်လိုက်သော ယာယီနိုင်ငံကူးလက်မှတ် ရုံး ဆိုင်းဘုတ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့် ဇွန်လဆန်းက ရနောင်းမြို့ တွင် ထိုင်းနှင့် မြန်မာ ၂ နိုင်ငံမှ တာဝန်ရှိသူများ တွေ့ ဆုံကာ ထိုင်းနိုင်ငံ အတွင်း ယာယီနိုင်ငံကူး လက်မှတ်ရုံး ဖွင့်လှစ်ရန် အသေးစိပ် ဆွေးနွေးခဲ့ ကြကြောင်း၊ ထို့နောက် သဘောတူညီမှု ရရှိခဲ့ပြီး ယခု ကဲ့သို့ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အခြေခံ အလုပ်သမား အခွင့်အရေး ပညာပေးဌာန (GHRE) မှ ရွှေ့ပြောင်း အလုပ်သမား အရေး တာဝန်ယူ ဆောင်ရွက် နေသူ တဦးက ပြောသည်။

“ပြီးခဲ့တဲ့လက အစည်း အဝေးကို ထိုင်းက အလုပ်သမား ဒု ၀န်ကြီး လာတယ်။ မြန်မာသံရုံးက သံမှူးလာတယ်။ ရနောင်း မြို့ နယ် မှူးတွေ တက်ရောက်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ ဖွင့်ဖို့ သဘောတူခဲ့ ကြတယ်။ ဒါပေမယ့် ပတ်စ်ပို့စ်တော့ စ မလုပ် ပေးနိုင် သေးဘူးတဲ့။ ဘာလို့လဲ ဆိုတော့ သူတို့မှာ ကွန်ပျူတာတွေ လူတွေ မစုံသေး ဘူးလို့ သိရတယ်” ဟု GHRE မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ဧရာဝတီသို့ပြောသည်။

ရနောင်းတွင် ဖွင့်လှစ်သောရုံးသည် ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၃ လသာ တည်ရှိမည်ဟု လည်း သိရသည်။

ဤရုံးကို ဖွင့်လှစ်ရခြင်းမှာ ရနောင်းနှင့် ကော့သောင်းကြား၌ ပင်လယ်ခံနေသောကြောင့် မိုးရာသီတွင် ယာယီနိုင်ငံကူး လက်မှတ် လုပ်သူများအတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟု သိရကြောင်း ရနောင်းမြို့ မှ မြန်မာကျောင်း ဆရာ တဦးက ဆိုသည်။

“မိုးတွင်းဆိုတော့ လှိုင်းလေကြီးတယ်။ ဟိုဘက်ကမ်းကိုသွားရတာက အန္တရာယ်လည်းများတယ်လေ။ ဒါကြောင့် ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးတော့ ထိုင်းဘက်မှာ လာဖွင့်တာလို့ ကျနော်တို့ ကြားသိရတယ်”ဟု ကျောင်းဆရာ ဆရာဌေးက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်ကာ ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးနေခဲ့ရာ ယခင်က မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်း မြို့ ၊ မြ၀တီမြို့ နှင့် တာချီလိတ်မြို့ များတွင် ရုံးများဖွင့်လှစ်ပြီး ဆောင်ရွက်ပေးခဲ့သည်။ ယခုရုံးသည် ကော့သောင်းမြို့ မှ ရနောင်းဘက်ခြမ်းသို့ ရွှေ့ ပြောင်းဖွင့်လှစ်ပေးသည့် ရုံးဖြစ်သည်။

မြန်မာနိုင်ငံသား ရွှေ့ ပြောင်းအလုပ်သမား ၁ သန်းကျော်သည် ထိုင်းအလုပ်သမား ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထား ကြောင်း၊ ယင်းတို့ အထဲမှ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့အထိ အလုပ်သမား ၉၀၉၁၈ ဦး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးစီးကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်း နိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်ရုံးကို ဖွင့်လှစ်ပေးခြင်းအတွက် အလုပ်သမားများက သဘောကျကြောင်း ဘန်ကောက်မြို့အနီးရှိ မဟာချိုင်မှ အလုပ်သမားတဦးက ဆိုသည်။

“ထိုင်းဘက်ခြမ်းမှာ လာဖွင့်တာက အရမ်းကောင်းတာပေါ့။ ဖြစ်နိုင်ရင် မြန်မာတွေ များများနေတဲ့ ကျနော်တို့ မဟာချိုင်

လို နေရာမျိုးမှာ လာလုပ်ပေးရင် အလုပ်သမားတွေလည်း ဘာမှ မစိုးရိမ်ဘဲ လာလုပ်ကြမှာ သေချာတယ်။ ဘတ် (အလုပ်သမားလက်မှတ်) လုပ်ထားပြီး ပတ်စ်ပို့စ် တင်ထားပေမယ့် ဟိုဘက်ကမ်းကို မသွားချင်လို့။ တချို့ က ပွဲစားခ မပေးချင်လို့။ အရေးယူခံရမှာစိုးလို့မသွားကြတာအများကြီး ရှိတယ်။ အခုလို ကြားရတာ အရမ်းဝမ်းသာတယ်”ဟု Thai Union ပုစွန်စက်ရုံမှ အလုပ်သမား ကိုစိုးနိုင်က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ အဖွဲ့ မှ ရွှေ့ ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင် ကလည်း ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်ရုံး ဖွင့်ပေးခြင်းသည် အလုပ်သမားများအတွက် ကောင်းမွန်သည်ဟု ပြောဆိုသည်။

“ဒီရုံး အခုလို ဖွင့်တာ အလုပ်သမားတွေအတွက်လည်း အဆင်ပြေတာပေါ့။ တတ်နိုင်ရင် ကျန်တဲ့ ဒေသ ၃ခုမှာပါ ဖွင့် နိုင်ရင် ကောင်းပါတယ်”ဟု ကိုသက်ခိုင်က ပြောသည်။

အလုပ်သမားများက မြန်မာနိုင်ငံဘက် ယာယီနိုင်ငံကူး လက်မှတ် သွားလုပ်လျှင် အဖမ်းခံရမည်ကို စိုးရိမ်မှုများ ရှိသကဲ့ သို့ မြန်မာဝန်ထမ်းများ ထိုင်းဘက်တွင် လာရောက် အလုပ်လျှင်လည်း အန္တရာယ်ရှိနိုင်သည်ဟူသော စိုးရိမ်မှုများရှိခဲ့ ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက် ၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က လက်မှတ် ရေးထိုးထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ ပြောင်းအလုပ်သမားများ လာရောက် အလုပ် လုပ်ကိုင်လျှက် ရှိရာ မြန်မာအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းကြသည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသားများ ဆေးကုခွင့်မရ

အင်းစိန် ထောင်တွင်း အကျဉ်းကျခံ နေရသော နာမကျန်း ဖြစ်နေသည့် နိုင်ငံရေး အကျဉ်းသားများကို ထောင်အာဏာပိုင် များက ဆေးကုသခွင့် မပေး၍ ကျန်းမာရေး အတွက် စိုးရိမ်နေရသည်ဟု မိသားစုဝင်များက ပြောဆိုသည်။

ရန်ကုန်တိုင်း တွံတေး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ကိုဇော်မင်းထွန်းနှင့် မစန္ဒာတို့ ဇနီးမောင်နှံ နှစ်ဦးသည် အစာအိမ် ရောဂါနှင့် အသည်းရောဂါ၊ နှလုံးရောဂါတို့ ခံစားနေရ၍ ဆေးကုသခွင့် တောင်းထား သော်လည်း ယနေ့အထိ ခွင့်မပြု သေးကြောင်း သိရသည်။

“ကျနော့်အမေ မစန္ဒာက အသည်း ရောဂါရှိတယ်။ နှလုံးရောဂါလည်း ဖြစ်နေတယ်။ ဆီးချို သွေးချို၊ လေးဘက်နာလည်း ဖြစ်နေတာ၊ အသည်း အသန်ဖြစ်ရင် ဆရာဝန် သွားခေါ်တာ ၂ နာရီ လောက်နေမှ ထဘီပြာဝတ် ဆရာမက လာပြီး အိပ် ဆေး တွေပဲ ပေးတယ်။ ဆေးကုဖို့ စာတင်တာလည်း အခုထိ မရသေးဘူး”ဟု သားဖြစ် သူ ကိုဟိန်းမင်းလတ်က ပြော ပြသည်။

ထို့အတူ အစာအိမ်ရောဂါဖြစ်နေသော ကိုဇော်မင်းထွန်းသည် ထမင်းစား၍ မရသောကြောင့် ဆေးဝါးနှင့် လိုအပ်သော ပစ္စည်းများကို ပေးပို့ခွင့်မရဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။

“သူက အစာအိမ်ရောဂါဖြစ်နေတော့ ထမင်းစားလို့မရဘူး၊ ကော်ဖီပဲသောက်နေရတော့ ရေနွေး အတွက် ဓာတ်ဘူး သွင်းဖို့ စာတင်တာ အခုထိမရသေးဘူး”ဟု ကိုဟိန်းမင်းလတ် ကပြောသည်။

ဆရာဝန်နှင့် ဆေးကုသခွင့်ရလိုကြောင်း ပြောပြသည့်အခါတွင် ပေးထားသည့်ဆေးကို သောက်ရန်သာ ပြောကြားပြီး ဆေးစစ်ဆေးမှုနှင့် ကုသခွင့် တစုံတရာ မပေး၍ ပြည်ထဲရေးဝန်ကြီးထံသို့ တိုက်ရိုက် တောင်းဆိုမည်ဟုလည်း ၎င်းက ပြောဆိုသည်။

သူက ဆက်လက်ပြီး“စာတင်ထားပါတယ်ခင်ဗျ။ ဒါပေမယ့် အရေးတယူကုသတာ မရှိဘူး။ ဒီဆေးနဲ့ပဲ ရပါတယ် ဆိုပြီး တော့ ဆေးစာ မထုတ်ပေးဘူး။ သူတို့ကျန်းမာရေးအတွက် ကျနော်တို့ တအားစိတ်ပူပါတယ်။ ဒါကို ပြည်ထဲရေးဝန်ကြီး ဆီကို စာတင်တောင်းဆိုမယ်”ဟု ပြောသည်။

ကိုဇော်မင်းထွန်းနှင့် မစန္ဒာတို့သည် တွံတေးမြို့နယ်အတွင်း လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ လိုက်လံ ကူညီပေးနေသူများဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလက တွံတေးမြို့နယ်တွင်း ယာဉ်တိုက်မှုတခုကို ကူညီပေးစဉ် ၀တ္တရား နှောင့်ယှက်မှုဖြင့် မြို့နယ် ဆရာဝန် ဒေါက်တာ ကြူကြူခိုင် ဆိုသူက တရားလိုပြု တရားစွဲဆိုခြင်း ခံခဲ့ရသည်။

ထိုအမှုဖြင့် တွံတေးမြို့နယ်တရားရုံးမှ ကိုဇော်မင်းထွန်းကို ထောင်ဒဏ် ၁ နှစ်၊ မစန္ဒာကို ထောင်ဒဏ် ၁ နှစ်ခွဲ အသီးသီး ချမှတ်ခဲ့သည်။

ထို့အတူ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုအပြီးတွင် ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ သံဃာတော် ဦးဆန္ဒာဓိ က ခေါ် ညီညီအောင် သည်လည်း အူကျရောဂါ၊ အစာအိမ်ရောဂါတို့ဖြင့် ခွဲစိတ်ကုသမှုခံယူထားရာ ချုပ်ရိုး မကျက်သောကြောင့် ပြည်ယိုသည့် ဝေဒနာခံစားနေရသည်ကို ဆေးကုသခွင့်မပေးကြောင်း သိရသည်။

“အတွင်းချုပ်ရိုးက ပြေသွားတာတဲ့။ ဗိုက်ကြီးက စူနေတယ်။ ခွဲထားတဲ့ ချုပ်ရိုးကလည်း မကျက်လို့ ပြည်ယိုနေတာ ထောင် ဆရာဝန်ကို သွားပြတော့ အင်းစိန်ဆေးရုံကို သွားပြဖို့ စာထုတ်ပေးတာ ထောင်အာဏာပိုင်တွေက မလွှတ်ဘူး။ ဆေးတွေပေးတာကိုလည်း အာဏာပိုင်တွေက မပေးဘူး။ ထောင်ဝင်စာတွေ့မယ့်သူလည်း မရှိတော့ ခက်နေတယ်”ဟု မကြာသေးခင်က ထောင်မှ လွတ်လာသည့် အကျဉ်းသားတဦးက ဧရာဝတီသို့ ပြောသည်။

ဦးဆန္ဒာဓိက သည် မတရားအသင်းဆက်သွယ်မှု ပုဒ်မ အပါအ၀င် နိုင်ငံရေး ပုဒ်မများဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရ သူ ဖြစ်သည်။

အင်းစိန်ထောင်တွင်းရှိ တချို့သော သံဃာတော်များမှာလည်း ထောင်ဝင်စာ တွေ့မည့်သူမရှိသောကြောင့် အစား အစာ နှင့် ဆေးဝါးရရှိရေး အခက်အခဲများ ရှိနေကြောင်းလည်း မကြာသေးခင်က ထောင်မှ လွတ်လာသည့် အကျဉ်းသားက ပြောပြသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသား ၂၁၅၇ ဦး ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထား သည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။