Pages

Subscribe

Saturday 3 July 2010

နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲ မြန်မာ အမျိုးသမီး ၃ ဦး ပြိုင်မည်

အမေရိကန် နိုင်ငံရှိ နိုင်ငံတကာ မော်ဒယ်နှင့် အနုပညာ ပါရမီရှင်အဖွဲ့ (International Modeling and Talent association- IMTA) က ဇူလိုင်လတွင် ကျင်းပမည့် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ၃ ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ သီချင်း “Waka Waka” (This Time for Africa) သုံးဘက်မြင် ရုပ်ကြွဗီဒီယိုတွင် ပါဝင် သရုပ်ဆောင်ခဲ့သော မနဒီမင်းထွန်း၊ မနေခြည်မင်းထွန်းနှင့် မမေဇင်ဦးတို့ ညီအစ်မ ၃ ဦးက ယင်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

Waka Waka ရိုက်ကူးစဉ်က တွေ့ရသော မနေခြည်မင်းထွန်း၊ တောင်အာဖရိကသူ အမျိုးသမီးတဦး၊ မနဒီမင်းထွန်းနှင့် မမေဇင်ဦး (ဓာတ်ပုံ - ဧရာဝတီ)


ကယ်လီဖိုးနီးယား အခြေစိုက် မော်ဒယ်ကျောင်း တခုတွင်တက်ရောက်ခဲ့သော မေဇင်ဦးကို IMTAနှင့် ချိတ်ဆက်ထားခဲ့သော အေဂျင်စီ တခုက ပြိုင်ပွဲတွင် ၀င်ရောက်ရန် အတွက် ဆက်သွယ် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း မနေခြည်မင်းထွန်းက ပြောသည်။

“ပြိုင်ပွဲကို ၀င်ခွင့်ရဖို့အတွက် အနုပညာ အရည်အသွေးကို အရင်ဆုံးစမ်းသပ်တယ်၊ အေဂျင်စီ ရှေ့မှာ သူတို့က ၁၅ မိနစ်တာ ဇာတ်ညွန်း ပေးပြီးတော့ အဲဒါကို အမှုအရာနဲ့တကွ သရုပ်ဆောင်ပြရတယ်၊ အဲဒါကို သူတို့က နယူးယောက်က ဒိုင်တွေဆီကို ပြိုင်ပွဲ ၀င်ဖို့ ပို့ပြီးတော့ သူတို့က လက်ခံတယ်ဆိုတော့မှ ပြိုင်ခွင့်ရတာပါ” ဟု မနေခြည်မင်းထွန်းက ပြောသည်။

ယခုနှစ်တွင် မော်ဒယ် သရုပ်ဆောင် ၁၅၀၀မှ ၂၀၀၀ ခန့် ယင်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

ရာနှင့်ချီသော ဖက်ရှင်နှင့် မော်ဒယ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ သရုပ်ဆောင် ရွေးချယ်သည့် ဒါရိုက်တာများ၊ တေးထုတ် လုပ်သူများက ဒိုင် အဖြစ်ဆောင်ရွက်ကြပြီး၊ ဖက်ရှင်နှင့် ဖျော်ဖြေရေး လုပ်ငန်းများအတွက် မျက်နှာသစ် မော်ဒယ်များ၊ သရုပ်ဆောင် များ၊ အဆိုတော်များကိုလည်း တပြိုင်တည်း ရှာဖွေကြကြောင်း IMTA၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

“၀မ်းသာပြီးတော့ အရမ်း စိတ်လှုပ်ရှားမိပါတယ်၊ ပြိုင်ပွဲမှာ ဆုတွေရဖို့လည်း မျှော်လင့်ထားပါတယ်”ဟု မမေဇင်ဦးက ပြောသည်။

မနဒီမင်းထွန်းကလည်း“စိတ်ထဲမှာကတော့ ဖြစ်ချင်တာပေါ့၊ ဖြစ်တာ မဖြစ်တာကတော့ ကိုယ့်ကြိုးစားမှုနဲ့ ကံတရားနဲ့လည်း ဆိုင် တယ်၊ ကိုယ်က အကုန်ထုတ်ပြီးတော့ ကြိုးစားမှာပေါ့”ဟု ဆိုသည်။

IMTA ပြိုင်ပွဲကို အမေရိကန်နိုင်ငံ လောစ့်အိန်ဂျယ်လိစ်နှင့် နယူးယောက်မြို့များတွင် ဇန်န၀ါရီနှင့် ဇူလိုင်လများ၌ တနှစ်လျှင် ၂ ကြိမ် သီတင်း တပတ်ကြာ ကျင်းပပြုလုပ်လေ့ရှိပြီး ပြိုင်ပွဲပေါင်း ၄၀ ကျော် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

IMTAသည် ၁၉၈၇ ခုနှစ်မှ စတင်၍ အရည်အချင်းရှိသော လူငယ် သရုပ်ဆောင် မျက်နှာသစ်များကို ကမ္ဘာ့ အနုပညာလောကသို့ ပို့ဆောင်ပေးရန် အတွက် အမေရိကန်၊ ကနေဒါ၊ အိုင်ယာလန်၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် ပေါ်တိုရီကို နိုင်ငံတို့တွင် အခြေစိုက် ဖွင့်လှစ်ခဲ့သည်။ ယင်းအပြင် အခြားသော မော်ဒယ် အေဂျင်စီများနှင့်လည်း ချိတ်ဆက်ထားသည်။

နာမည်ကြီး မော်ဒယ်နှင့် သရုပ်ဆောင်များဖြစ်ကြသော Ashton Kutcher၊ Eva Longoria၊ Jessica Bielတို့သည် ယင်းပြိုင်ပွဲမှ တဆင့် ယနေ့ အနုပညာ လောကသို့ ၀င်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

No comments:

Post a Comment