Pages

Subscribe

Monday 31 May 2010

Strong quake hits Andaman Islands: seismologists

NEW DELHI, Monday 31 May 2010 (AFP) - A strong 6.4-magnitude earthquake hit off India's Andaman Islands early Tuesday, seismologists said, but no widespread tsunami was expected.

The quake struck at a depth of 127 kilometres (80 miles), said the US Geological Survey (USGS), with the epicentre 120 kilometres from Port Blair on the Andaman Islands, which are located in the Bay of Bengal.

The Hawaii-based Pacific Tsunami Warning Center said there was a very small possibility of a local tsunami near the centre but no threat of a destructive widespread tsunami.

Myanmar lies to the north of the Andaman Islands and Indonesia to the south
New Delhi is more than 2,500 kilometres away to the northwest.

The Andamans were badly hit by the 2004 Asian tsunami, which was triggered by an earthquake off the Indonesian island of Sumatra that sent giant waves crashing into countries around the Indian Ocean.

The Andaman Sea area witnesses frequent earthquakes caused by the meeting of the Indian plate with the Burmese microplate along an area known as the Andaman trench.

Myanmar to issue new stamp to mark Sino-Myanmar relations anniversary

Myanmar will issue a 100-Kyat new stamp to mark the 60th anniversary of the establishment of diplomatic relations between China and Myanmar, according to the state-run Myanmar Posts and Telecommunications Tuesday.

The stamps will be distributed in cross-country post offices as of June 8 on which the 60th anniversary falls.
As a special program, a special mark will be stamped on the stamps sold out on that day at the Nay Pyi Taw General Post Office, Yangon Post Office and Mandalay Post Office, the sources said.

Meanwhile, Chinese Premier Wen Jiabao is due to arrive Yangon this week on an official visit to Myanmar to mark the diplomatic relations anniversary.

Source:Xinhua

ကရင်နီတော်လှန်ရေး ခေါင်းဆောင်ကြီး ယနေ့မနက် ကွယ်လွန်အနိစ္စရောက်

ကရင်နီတော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် မန်းအောင်သန်းလေးသည် ယနေ့ မနက် ထိုင်းစံတော်ချိန် ၅း၃၀ ခွဲ အချိန်တွင် လူကြီးရောဂါဖြင့် မဲ့ဟောင်ဆောင် ဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သားဖြစ်သူ စော်ခဲရိုက ပြောပါသည်။

ဗိုလ်ချုပ်သည် “အဆုတ်က သိပ်အားမရှိဘူးလေ ပြောရမယ်ဆိုရင် လူအိုရောဂါ ပေါ့နော် အားမရှိတာနဲ့ မစားတာနဲ့ အဲလိုမျိုး ဆုံးတယ်” ဟု ဗိုလ်ချုပ်၏ ဒုတိယမြောက်သားဖြစ်သူ စော်ခဲရိုက ပြောပါသည်။

ဗိုလ်ချုပ် မန်းအောင်သန်းလေးသည် ၁၉၉၂ မှ ၉၆ အထိ ပထမအကြိမ် နှင့် ၂၀၀၁ မှ ၂၀၀၅ ထိ ဒုတိယ အကြိမ်ဖြစ် နှစ်ကြိမ်ဆက်တိုက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီ၏ ဥက္ကဌ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။




ဗိုလ်ချုပ်မန်းအောင်သန်းလေး

ဗိုလ်ချုပ်သည် ခုခံတော်လှန်ရေး တလျှောက်တွင် မဟာမိတ် ခေါင်းဆောင် မြောက်များစွာနှင့် လက်တွဲလုပ်ခဲ့ ဖူးသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစု ခေါင်းဆောင်များနှင့်လည်း လက်တွဲခဲ့ဖူးသည်။
“ကျနော်တို့ ဒီလို ရင့်ကျက်တဲ့ ခေါင်းဆောင်တယောက် နောက် အစဉ်အလာ ရှိတဲ့ခေါင်းဆောင်တယောက် နောက်ပြီးတော့ တော်လှန်ရေး စတင်တဲ့ အချိန်ကတည်းက ပါလာတဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ခေါင်းဆောင် တယောက် အနေနဲ့ နောက်ပြီးတော့ ကျနော်တို့ ကရင်နီ သမိုင်းကြောင်း ပေါ်မှာ မားမားမတ်မတ် ရပ်တည်ပြီးတော့ တစိုက်မတ်မတ် တတ်နိုင်တဲ့ ဖက်ကနေ ဦးဆောင်ဦးရွက် ပြုလာတဲ့ ကျနော်တို့ ခေါင်းဆောင် တယောက် ဒီလိုဆုံးပါးသွားတဲ့ အပေါ်မှာတော့ ကျနော်တို့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး တခုတည်းတင် မဟုတ်ဘူး ကရင်နီအမျိုးသား တရပ်လုံး အနေနဲ့တော့ ကြေကွဲ ၀မ်းနည်းးစရာ ဖြစ်သလိုပဲ ကျနော်တို့အတွက် ဆုံးရှုံးမှု တရပ်လည်းဖြစ်တယ်” ကေအဲန်ပီပီမှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။

ဗိုလ်ချုပ်သည် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး စတင်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှစ၍ ယနေ့ မေလ ၃၁ရက်နေ့ မိမိ ကွယ်လွန်သည့်နေ့အထိ ကရင်နီပြည် တိုင်းပြည်နှင့်လူမျိုးအတွက် ကျရာတာဝန်မှ စွမ်းစွမ်းတမန် ထန်းဆောင်ခဲ့သော “တော်လှန်ရေး ခေါင်းဆောင်ကြီး”ဟု ကေအဲန်ပီပီမှ အသိမှတ်ပြုခဲ့သည်။

ဗိုလ်ချုပ် မန်းအောင်သန်းလေး ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ် ဖြစ်ပြီး ဗိုလ်ချုပ်၏ ရုပ်ကလပ်ကို မိသားစုများနေထိုင်ရာ ထိုင်း-မြန်မာနယ်စပ် တနေရာတွင်မြုပ်နှံသဂြိုင်္လ်မည် ဟုသိရသည်။

ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး သေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်အမြန်လမ်းတွင် ကားဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးမှု မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် ၁ နှစ်နှင့် ၄ လသည် အမှတ် ၁ မင်္ဂလာဒုံဆေးရုံကြီးတွင် စနေနေ့ည ၇ နာရီကျော်တွင် ကွယ်လွန်သွား၍ ယနေ့ နေ့လယ်တွင် ရေဝေးသုသာန်တွင် သဂြိုဟ်ခဲ့သည်။

မြို့တော်ဝန်၏ သားဖြစ်သူ ဗိုလ်ကြီးဇော်ဇော်အောင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာလည်း ထိခိုက် ဒဏ်ရာပြင်းထန်၍ အမှတ် ၁ တပ်မတော်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။
နံရိုးများကျိုးသွားကာ မျက်နှာ၊ ခြေ၊ လက်နှင့် မျက်လုံးတို့ ထိခိုက် ဒဏ်ရာများ ရရှိသွား၍ ပတ်တီးများ စည်းနှောင်ထားသော ဗိုလ်ကြီးဇော်ဇော်အောင်မှာ တွန်းလှည်းဖြင့် နာရေးသို့ လာရောက်ခဲ့သည်ကို တွေ့ရကြောင်း ရန်ကုန် စည်ပင်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်နှင့် သူ၏ဇနီး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်တို့က ကား ၁ စီး၊ ဗိုလ်ကြီးဇော်ဇော်အောင် မိသားစုက ကား ၁ စီးဖြင့် ပြန်လာကြစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

မီးသတ်ဌာနအပေါ် အထင်အမြင်လွဲမှုများ ရှိနေဟုဆို

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်နှင့် လွဲမှားပြောဆိုနေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသင်းဌေးရွှေ ကပြောသည်။

ယခုလ ၂၄ ရက်နေ့၌ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာဈေးကြီးတွင် နာရီ ၃ဝ ကျော် မီးလောင်မှုဖြစ်ပွားမှုနောက် ဈေးသူဈေးသားများ၏ ပြစ်တင်မှုတွင် မီးသတ်ကားများ ရေမပါလာဟု ပါရှိသည်။

“မီးသတ်ကားတစီးဟာ ရေပက်ပြီဆိုရင် သူ့ရဲ့ရေထွက်နှုန်းအရှိန်နဲ့ ၃ မိနစ်နဲ့ ၅ မိနစ်အကြားပဲ ခံပါတယ်။ ခဏလေး ပက်လို့ ရေကုန်တာမြင်တာနဲ့ ရေမပါဘူး ပြောကြတယ်။ ကျနော်တို့တွေမှာ တကယ်လုပ်ရဲ့သားနဲ့ အပြစ်တင်ခံနေရတယ်” ဟု ဦးသင်းဌေးရွှေက မဇ္ဈိမကို ပြောသည်။
မင်္ဂလာဈေး မီးလောင်မှုကို ငြိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့အင်အား ၁၅ဝဝ ဦးနှင့် မီးသတ်ကား အစီး ၇ဝ ကျော် အသုံးပြုကာ မနားမနေ ငြိမ်းသတ်ခဲ့ရပြီး မီးသတ်သမား ၂ ဦး မီးခိုးမွန်းကြပ်မှုခံရပြီး တဦးမှာ မီးသတ်ပိုက် ခေါင်းဖြင့်ရိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

မင်္ဂလာဈေး စတုတ္ထထပ်ရှိ ဆေးဆိုင်ပိုင်ရှင်တဦးက အထပ်မြင့်များသို့ လှေကားများဖြင့် တက်၍ ထိထိရောက်ရောက် ပက်ဖျန်းနိုင်သည့် မီးသတ်ကားနည်းသဖြင့် စတုတ္တထပ်နှင့် ခေါင်မိုးထပ်တို့ မီးလောင်ကုန်သွားရသည်ဟု စွပ်စွဲပြောဆိုသည်။

ယင်းသို့ အချိန်ကြာ လောင်ကျွမ်းမှုကြောင့် စတုတ္ထထပ်ရှိ အလှကုန်နှင့် ဆေးဆိုင်ခန်းပေါင်း ၇၉၇ ခန်းနှင့် ပဉ္စမ ထပ်ရှိ စားပွဲဝိုင်း ၁ ရာကျော် ဆံ့သည့် STYLE 3 စင်တင်တေးဂီတ စားသောက်ဆိုင် အပါအဝင် စားသောက်ဆိုင် ၄၈ ဆိုင် မီးထဲပါသွားကြောင်း သိရသည်။ ဆုံးရှုံးမှု စုစုပေါင်း ခန့်မှန်း တန်ဘိုး ကျပ်သိန်းပေါင်း ၂ဝ၉၂၆၃ သိန်းရှိ ပြီး မီးပေါ့ဆမှုဖြင့် ဆိုင်ပိုင်ရှင် ၃ ဦးအား အရေးယူထားကြောင်းလည်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။

အဆောက်အအုံမြင့်များသို့ လှေကားဖြင့် တက်ရောက်ပက်ဖြန်းနိုင်သည့် မီးသတ်ကားမှာ ရန်ကုန်တိုင်း တခုလုံး အတွက် ၇ စီးသာရှိပြီး ပိုမိုလိုအပ်နေသေးသည်ဟု ဦးသင်းဌေးရွှေက သဘောတူသော်လည်း ပြည်သူများ အနေ ဖြင့်လည်း မီးဘေး အရေးပေါ် သုံးစွဲနိုင်ရန် ဓာတုမီးသတ်ဗူးများသုံးစွဲမှု အားနည်းသေးကြောင်း ထောက်ပြသည်။

“မီးဘေးကာကွယ်ရေးအတွက်တော့ နိုင်ငံတကာအဆင့်မှီအောင် လုပ်နေတုန်းပါပဲ။ ဘယ်လောက် အဆင့်မှီ အောင်ပဲ လုပ်လုပ် နည်းပညာပိုင်းနဲ့ သုံးစွဲမှုအပိုင်းမှာ အားနည်းနေရင် ဖြစ်တတ်ပါတယ်” ဟု သူက ပြောသည်။

မင်္ဂလာဈေး စတုတ္ထထပ်ရှိ ဆေးဆိုင်ခန်းများ၏ ဖွဲ့စည်းပုံကြောင့် မီးသတ်သမားများအတွက် အခက်အခဲဖြစ်ပြီး ကြန့်ကြာမှုဖြစ်စေခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်း မီးသတ်ဌာန ရုံးတာဝန်ကျ မီးသတ်သမား တဦးက ပြောသည်။

“ကျနော်တို့လည်း တနေကုန် မနားမနေ ပက်တာပဲ။ သူတို့ဆိုင်ခန်းတွေအားလုံးက အလျူမီနီယံတခါးတွေနဲ့ သော့ခတ်ပြီး ပိတ်ထားတာပါ။ မီးက အထဲထဲမှာ လှိုက်ပြီးလောင်နေတော့ မီးသတ်ရတာ အင်မတန်ခက်ပါတယ်။ ဆိုင်ခန်းတခုချင်းစီသော့တွေဖျက်ပြီး ငြိမ်းရတာဆိုတော့ ကြာသွားတာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ခဲ့ရာ ဆိုင် ၆၅၁ ခန်းခန့် ဆုံးရှုံးခဲ့သည်။ ထို့ပြင် မတ်လ ၁ ရက်နေ့တွင်လည်း ရန်ကုန်မြို့သိမ်ကြီးဈေး D ရုံတွင် မီးလောင်မှုတခု ဖြစ်ပွား ခဲ့သေးသည်။

၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကလည်း မန္တလေးမြို့ ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင်တည်ရှိသော ရတနာပုံဈေးတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်စတင်ခဲ့ရာ မြေညီထပ်ရှိ ဆိုင်ခန်းပေါင်း ၁၂၉၃ ခန်း မီးထဲ ပါသွားခဲ့သည်။

တနိုင်ငံလုံး၌ ယခုနှစ် ဇန်နဝါရီလ တလထဲတွင်ပင် မီးလောင်မှုပေါင်း ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း တခု တည်း၌ ၂၆.၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မီးဖိုနှင့် ပေါ့ဆမီးမှ ၆၅ ကြိမ်၊ လျပ်စစ်မီးမှ ၁၁ ကြိမ်၊ ရှို့မီး ၁၁ ကြိမ်၊ တောမီးမှ ၁ ကြိမ်နှင့် အလိုလျောက်လောင်မှု ၁ ကြိမ်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားသည်။

၂ဝဝ၉ ခုနှစ်ထဲတွင် နိုင်ငံတဝန်း မီးလောင်မှု ၇၁၄ ကြိမ်ရှိခဲ့ပြီး လျပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ် ဖြစ်သည်ဟု ပါရှိသည်။

စစ်တွေမှ လူငယ်တဦး မြောက်ဦး ဘုရားပွဲတွင် ရေနစ်သေဆုံး


Mrauk-U-Rowing-Boat-Raceရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားပွဲတော် အတွင်း ကျင်းပပြုလုပ်နေသော ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) တွင် စစ်တွေမှ လူငယ်တဦး မေလ ၂၉ ရက်နေ့က ရေနစ် သေဆုံး သွားသည်ဟု သိရသည်။

သေဆုံးသူမှာ စစ်တွေမြို့ ကောလိပ်ကျောင်း နောက်လမ်းနေ အသက် ၂၄ နှစ် မောင်ထွန်းလှိုင် ဖြစ်သည်။

သေဆုံးသူ မောင်ထွန်းလှိုင်နှင့် သူငယ်ချင်းတစုမှာ အရက်သေစာ အလွန်အကျွံ သောက်စားပြီး လှေပြိုင်ပွဲ ပြုလုပ်နေစဉ် မြောက်ဦးချောင်းထဲ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခြင်း ဖြစ်သည်။ သေဆုံးသူ မောင်ထွန်းလှိုင်၏ အလောင်းကို မြောက်ဦးမှ စစ်တွေသို့ ယူဆောင်လာပြီး စစ်တွေတွင် သဂြိုလ်ခဲ့သည်ဟု ဆွေမျိုး တဦးက ပြောသည်။

"အခု စစ်တွေမှာ ယောင်္ကျားလေးတွေ အရက်မသောက်တဲ့သူ တော်တော် ရှားပါတယ်။ အလုပ်အကိုင် မရှိဘူး။ ဘ၀ အဆင်မပြေတော့ ကွမ်းစားမယ်၊ အရက်သောက်မယ်။ အဲဒါ သူတို့အလုပ် "ဟု စစ်တွေမှ အမျိုးသမီး တဦးက ပြော သည်။

Mrauk-U-Rowing-Boat-Raceရခိုင်ပြည်နယ်တွင် အရက်ကြောင်း မလိုလားအပ်သော ပြသာနာများ၊ ဆုံးရှုံမှုများ၊ ဝမ်းနည်း ဖွယ်ရာ အဖြစ်ဆိုးများ နေ့စဉ်နှင့် အမျှ ကြုံတွေ့နေကြရကြောင်း သူမက ဆက်ပြောသည်။

မြောက်ဦးမြို့ ရှစ်သောင်း အပါအ၀င် ဘုရားပွဲတော်ကို မေလ၂၇ ရက်နေ့က စတင် ကျင်းပပြုလုပ်နေပြီး မေလ ၃၁ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

စီးပွားရေး အဆင်မပြေမူ အပါအ၀င် အစစ်အဆေးများပြီး မိုးပါ ရွာနေသဖြင့် ဘုရားပွဲတော်မှာ ယခင်နှစ်များကကဲ့သို့ စည်ကားခြင်း မရှိကြောင်း သိရသည်။

ဗလီကျောင်းတွင်းသို့ ဖိနပ်စီးဝင်သော နအဖ အရာရှိများ အပေါ် ဒေသခံ မူဆလင်များ ဒေါပွ


Moquesမြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ မြို့မ ဗလီတွင်း သို့ ဖိနပ်စီးပြီး ၀င်ရောက်ခဲ့ကြသည့် နအဖ အရာရှိကြီးများ အပေါ် ဒေသခံ မူဆလင်များက မကျေမနပ် ဖြစ်နေကြသည်ဟု အီမမ် ခေါ် မူဆလင် တရားဟော ဆရာတစ်ဦးက ပြောသည်။

မောင်တော ခယက ဥက္ကဌ ထွန်းနိုင်လင်း နှင့် မယက ဥက္ကဌ အောင်ကျော်ဦး တို့သည် ဗလီတာဝန်ရှိ ပုဂ္ဂိုလ်များကို တစုံတရာ အကြောင်းကြားခဲ့ခြင်း မရှိပဲ လွန်ခဲ့သော ကြာသပတေးနေ့ နံနက်ပိုင်း အချိန်တွင် ဗလီထဲသို့ ဖိနပ်စီး ၀င်ခဲ့ ကြပြီး ဓါတ်ပုံများ ရိုက်ယူ သွားခဲ့သည်ဟု ဆိုသည်။

အစ္စလာမ် ကျင့်ဝတ်အရ အိုဇူ ခေါ် မျက်နှာ ခြေလက် ဆေးကြောပြီးမှ ၀င်ကြရသည့် ဘာသာရေးအရ အထွတ် အထိပ်ထားသည့် ဗလီဝတ်ပြု ကျောင်းထဲသို့ ဖိနပ်စီး၍ ၀င်ရောက် ခဲ့ကြခြင်းမှာ ၄င်းအရာရှိများ အနေဖြင့် အစ္စလာမ်ဘာသာကို မလေးမခန့် စော်ကား လိုက်ခြင်းဖြစ်သည်ဟု ၄င်း အီမမ်က နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။

“အစ္စလာမ် ကျင့်ဝတ်အရဆိုရင် အိုဇူ လို့ခေါ်တဲ့ မျက်နှာ ခြေလက်တွေ ဆေးကြောပြီးမှ ဗလီကျောင်းထဲကို ၀င်ကြရတာပါ။ ဒီလောက် အထွတ် အမြတ် ထားရတဲ့ ဘုရားကျောင်းထဲကို ဖိနပ်စီးပြီး လာဝင်တာဟာ အာဏာရှိတယ်ဆိုပြီး သက်သက် စော်ကားတာ ဖြစ်ပါတယ်။ ဘာသာမတူ ဆိုပြီး မလေးမခန့် လာလုပ်တာလည်း ဖြစ်ပါတယ်။ ဘယ်သူမှ မကျေနပ် ကြပါဘူး” ဟု ပြောသည်။

ထိုသို့ ခယကနှင့် မယက ဥက္ကဌများက ဗလီထဲသို့ ဖိနပ်စီး၍ ၀င်ရောက် ခဲ့ကြခြင်း အပေါ် ဒေသခံမူဆလင်များမှာ မကျေမနပ် ဖြစ်နေကြပြီး “ ဖိနပ်စီး၍ မ၀င်ရ” ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကိုလည်း ဗလီကျောင်း လမ်းဝ တည့်တည့်၌ ထိုနေ့တွင်ပင် ချိတ်ဆွဲ ထားလိုက်ကြကြောင်း သူက ပြောသည်။

မောင်တောမြို့ အမှတ် (၄)ရပ်ကွက်ရှိ မြို့မ ဗလ်ီမှာ မောင်တောခရိုင်အတွင်း အကြီးဆုံး ဗလီတစ်ခုဖြစ်သည်။ ခယကနှင့် မယက ဥက္ကဌများ ကိုယ်တိုင် လာရောက်ပြီး မည်သည့် အတွက်ကြောင့် ဗလီကို ဓါတ်ပုံ ၀င်ရိုက်ယူခဲ့ကြ သည်ကို ဗလီတာဝန်ရှိသူများ အနေဖြင့် တိတိကျကျ မသိ ကြ သော်လည်း မယကနှင့် နီးစပ်သူ တစ်ဦးက ဗလီကို ပြန်လည် တည်ဆောက် ပေးမည့် အစီအစဉ်ဖြင့် ဓါတ်ပုံ သွားရိုက်ခြင်း ဖြစ်နိုင်သည်ဟု ယခုကဲ့သို့ ပြောသည်။

“ဒု ပြည်ထဲရေးဝန်ကြီး ဖုန်းဆွေ လာတိုင်း ဗမာပြည်ကနေ ခေါ်ယူလာတဲ့ မူဆလင် သူဌေးတွေက ဒီမှာရှိတဲ့ ဗလီတွေကို ပြုပြင်ပေးဖို့ တောင်းဆို ကြတယ်လေ။ အထူးသဖြင့် ဒီ မောင်တော မြို့ထဲမှာရှိတဲ့ မြို့မ ဗလီကြီးကို မြို့အင်္ဂါနဲ့ အညီ ခမ်းခမ်းနားနား ဖြစ်အောင် ပြန်လည် တည်ဆောက်ခွင့် ပေးဖို့ တောင်းဆို နေကြတယ်လို့ ကြားတယ်။ ဒါကြောင့် အပေါ်က ညွှန်ကြားတဲ့ အတိုင်း သူတို့နှစ်ဦးက ဓါတ်ပုံ သွားရိုက်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

နအဖ အာဏာသိမ်းသည့် အချိန်မှ စ၍ မောင်တော ခရိုင်အတွင်း ဒေသန္တရ ဥပဒေ အမျိုးမျိုးဖြင့် မူဆလင်များ လက်ထပ်ခွင့် နှင့် ခရီးသွားခွင့် အပါအ၀င် ဗလီကျောင်းများ ပြန်လည်ပြုပြင်ခွင့်ကို တင်းကျပ် ထားခဲ့သည်။

သို့သော်လည်း လွန်ခဲ့သော ၂၀၀၉-ခု နှစ်လယ်ပိုင်းတွင် ဒုဝန်ကြီး ဖုန်းဆွေသည် ရန်ကုန်မှ မူဆလင် စီးပွားရေး သမားများနှင့် အတူ ရခိုင်ပြည်သို့ ပထမဆုံး အကြိမ် လည်ပတ်ခဲ့စဉ်ကပင် မောင်တောရှိ ဗလီ ၁၁ လုံးကို ပြန်ပြင်ခွင့် ပေးမည်ဟု ကတိပြု ပြောကြားခဲ့ကြောင်း ဒေသခံ မူဆလင် များက ပြောဆိုသည်။

မြစ်ဆုံရေကာတာတည်ဆောက်ရေး ဧရိယာအတွင်းရှိ ရပ်ရွာများကို ထပ်မံပြောင်းရွှေ့နေ

ကချင်ပြည်နယ်၊ မေခ-မလိခ မြစ်ဆုံရေကာတာတည်ဆောက်ရေး လုပ်ကွက်အနီးရှိ ကျေးရွာ ၄၇ရွာများမှ ရွာသုံးရွာကို ထပ်မံပြောင်းရွှေ့နေသည်။

mazup-mare-htawt-sit-ai-lam

မေလ ၂၈ ရက်နေ့က မဇပ်ရွာသားများကို ရွာ၏တောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ စစ်အစိုးရစီစဉ်ထားသော လုန်ဂါဇွပ် ရွာသစ်ဆီသို့ အာဏာပိုင်များ အဓ္ဓမရွှေ့ပြောင်းပေးနေစဉ်။ ဓါတ်ပုံ - ကချင်သတင်းဌာန

မေ၂၈ရက်နေ့ တစ်ရွာလုံးအပြီးပြောင်းရွှေ့ခံရသည့် မဇွပ်ကျေးရွာပြောင်းရွှေ့ပြီးနောက် ဒေါင်ပန်၊ ခမ်းပူ၊ လဖဲ့ ရွာတို့လည်း နောက်ထပ်ပြန်လည် ပြောင်းရွှေ့နေကြသည်။ “ကျွှန်တော်တို့ကို အစိုးရက အိုးမဲ့အိမ်မဲ့ဖြစ်အောင် လုပ်နေတာ” ဟု ဒေသခံ တစ်ဦးမှပြောသည်။

၎င်းရွာများတွင် တစ်ရွာလျှင် အိမ်ခြေပေါင်း ၇၀ကျော်ရှိပြီး ကချင်လူမျိုးများသာနေထိုင်သောကျေးရွာဖြစ်သည်။
အေးရှားဝေါလ်မှ တည်ဆောက်ပေးသော အိမ်ခြံမြေများသည် ၉ပေပတ်လည်သာရှိသည့် ဧည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာပါရှိသည်။
မြစ်ကြီးနားအထက် ၁၈မိုင် အကွာ လုံဂါဇွပ်ရွာတွင် ပြောင်းရွှေ့လာသည့် ရွာသားများကို အေးရှားဝေါလ် ကုမ္ပဏီမှ အခမဲ့ထမင်း၅ရက် ကြွေးကာ နောက်ထပ် ဆန်ထုတ်ပေးရန်အစီအစဉ်များရှိသည် ဟုဒေသခံများမှသိရသည်။

ယင်းသို့အိမ်ပြောင်းရွှေ့ရေးတွင် စစ်အစိုးရမှ လျှောကြေးများမပေးသည့်အပြင် တန်ဖိုးနည်းသည့်အိမ်ယာများသာ ဆောက်လုပ်ပေးနေကြောင်းဒေသခံများပြောသည်။ “ရပ်ရွာအေးချမ်းသာယာရေးလို့သာ ပြောနေကြတာ ပြည်သူလူထုကို ဘာမှမလုပ်ပေးတဲ့အပြင် လူ့အခွင့်အရးကို ချိုးဖောက်နေတယ်” ဟု ၎င်းမှ ဆက်ပြောသည်။

အခုလိုပြောင်းရွှေ့ရေးအား မြန်မာစစ်အစိုးရ၏ ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကော်စီ (ပယက)မှ မေ (၁)ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ရေကာတာစီမံကိန်း ဧရိယာအတွင်းရှိသည့် ကချင်ရပ်ရွာများကို ပြောင်းရွှေ့ရေး အမိန့်စာကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

မကြာသေးမီကလည်း ပူတာအိုမြို့နယ်၊ မချမ်းပေါ်မြို့ ဒိန်ဖန်ကျေးရွာတွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် မလိခမြစ်၏ အရှေ့အနောက်ရှိ ရွာ၈ရွာကို အစိုးရမှ အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေသည်။ ချီဖွေမြို့နယ် မေခမြစ်တွင်လည်း ထိုနည်းတူ ရေအားလျှပ်စစ်စီမံကိန်းများ ပြုလုပ်နေသည်။

ဗန်းမော်မြို့နယ် တာပိန်မြစ်တွင်လည်း ပြီးခဲ့သည့် ၂၀၀၈ခုနှစ်မှ ရေကာတာနှစ်ခု တပြိုင်တည်း တည်ဆောက်လာသည့်အတွက် ဒေသခံများ၏ တောင်ယာ၊ လယ်ယာမြေများ များပြားစွာဆုံးရှုံးခဲ့ရသည်။

ယခုချိန် ကချင်ပြည်နယ်တွင် ရေကာတာ စီမံကိန်း ၉ ခုကို တရုတ်အစိုးရကပြုလုပ်နေပြီး ယင်းစီမံကိန်းများမှ ထွက်လာမည့် လျှပ်စစ်မီး အများစုကို တရုတ်ပြည်သို့ရောင်းချရန်ဖြစ်သည်။

မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG)မှ တရုတ်သမ္မတကြီး ဟူကျင်တောင်ကို မေလ ၂၇ ရက်က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခဲ့ပြီးနောက် စစ်အစိုးရက မြစ်ဆုံဒေသခံရွာများ ပြောင်းရွှေ့ခြင်းကို ချက်ချင်းပြုလုပ်လာပါသည်။

တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် ရာဘာပင်များ အသစ်စိုက်ပျိုးရန် ခက်ခဲနေ

ကရင်ပြည်နယ် ၀င်းရေးမြို့နယ်တွင် နအဖနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးသွားခဲ့သည့် ရာဘာပင်များကို လက်ရှိအချိန်တွင် အသစ် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ကြုံနေရ သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့က အနန်းကွင်းကျေးရွာအခြေစိုက် နအဖစစ်တပ် စကခ(၈)လက်အောက်ခံ စစ်ဗျူဟာအမှတ်(၁)မှ ခမရ (၄၀၁)နှင့် ကေအဲန်အဲလ်အေ တပ်ရင်း(၁၆)တို့ကြား (ဖားရ)ကျေးရွာရှိ ရာဘာခြံတစ်ခြံအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက် ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ရာဘာပင် ၃,၀၀၀ကျော် မီးလောင်ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

မီးလောင်ခံလိုက်ရသည့် ရာဘာခင်းတနေရာ (ဓါတ်ပုံ - KHRG)

အဆိုပါ မီးလောင်ပျက်စီးသွားသော ရာဘာပင်များကို ပြန်လည်စိုက်ပျိုးရန်အတွက် အနည်းဆုံး လေးငါးနှစ်ခန့် အပင်ငယ်များ ပြန် လည်ပြုစုပျိုးထောင်ပေးရခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးပြဿနာများကြောင့် အခက်အခဲကြုံရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ယခုလို ပြောသည်။


၎င်းက “ရာဘာခြံတစ်ခြံ စိုက်ဖို့ဆိုတာ အနည်းဆုံး ၄-၅နှစ်လောက် အချိန်ယူရတယ်။ အခု မီးလောင်ခံရတဲ့ ရာဘာပင်တွေဟာ နည်းနည်းအရွယ်ရောက်နေတဲ့ အပင်တွေဖြစ်ကြပါတယ်။ ဆုံးရှုံးသွားတဲ့ အပင်တွေကို ဘတ်ငွေနဲ့ တွက်မယ်ဆိုရင် ၁၀သိန်း လောက် ရှိမယ်။ ပြန်လည်စိုက်ပျိုးဖို့ အကြီးမားဆုံး အခက်အခဲက ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးပြဿနာပါပဲ”ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရာဘာပင် မြောက်များစွာ မီးလောင်ကျွမ်းသွားခဲ့သည့်အပြင် ရာဘာခြံရှိ တဲများကိုလည်း နအဖက အကုန် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထိုပျက်စီးဆုံးရှုံးသွားသော ရာဘာပင်များအစား ပြန်လည်စိုက်ပျိုးရန်အတွက် ပိုင်ရှင်များက ပြန်လည်ရှင်းလင်းမှုများ လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)မှ အရာခံဗိုလ် စောကလူထူးက ယခုလို ပြောသည်။

“လောလောဆယ် ပျက်စီးသွားခဲ့တဲ့ ရာဘာပင်တွေကို ပိုင်ရှင်က ခုတ်ထွင်ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဘက်ကလည်း ကူညီပံ့ပိုးမှု တစုံတရာ ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်”ဟု သူက ပြောသည်။

ကရင်ပြည်နယ်တွင် ဖားအံ၊ လှိုင်းဘွဲနှင့် ကော့ကရိတ် စသည့်မြို့နယ်များအတွင်း ရာဘာစိုက်ပျိုးရေးကို လုပ်ကိုင်နေကြသလို ၀င်း ရေး(ကြာအင်းဆိပ်ကြီးမြို့နယ်)၌လည်း ရာဘာခြံ စုစုပေါင်း (၁)သိန်းနီးပါး စိုက်ပျိုးကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။

ယာယီပတ်စပို့များ ထိုင်းဘက်တွင် ထုတ်ပေးရန် ညှိနှိုင်း

ယာယီပတ်စပို့ ထုတ်ပေးရေးရုံးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် အလားအလာကောင်းများ ရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။

နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်များ၏ ရှိခဲ့သော အခက်အခဲနှင့် နောင်လာမည့်ကာလအတွင်း ဖြစ်ပေါ်တိုးတက်လာနိုင်မှု အခြေအနေများအား ရနောင်းခရိုင်ဝန် မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် မေ (၂၈) Nation Channel တွင် သတင်းဖော်ပြပါရှိသည်။

နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဆောင်ရွက်ရသည့် အဆင့်ပေါင်း (၂၅) ဆင့်ရှိပြီး ရှုပ်ထွေးပွေလီသည့်အပြင် မြန်မာအာဏာပိုင်များဘက်မှလည်း လုပ်ဆောင်မှု နှေးကွေးခဲ့ကြောင်း၊ ထို့အတွက် ကြိမ်ဖန်များစွာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်တွင် ရုံးဖွင့်လှစ်နိုင်မည့် အနေအထားများ ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်နိုင်ပါက စိစစ်ရေးလုပ်ငန်း ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၎င်းက “ယခင်ကာလက အဓိကအခက်အခဲကတော့ ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးမှာ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးပွေလီပြီး အဆင့်များစွာပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးပြုမှု စနစ်ကြောင့်ပါ။ ဒါပေမယ့်လို့ အဓိကကျတဲ့အချက်က မြန်မာအာဏာပိုင်တွေသာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ အခြေစိုက်ရုံးတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီအခက်အခဲတွေ အများကြီး လျှော့ဆင်းသွားမှာပါ။ နောက်ထပ်အဓိက ကျတာတခုကတော့ ဒီဟာကို ဆုံးဖြတ်လုပ်ကိုင်ပိုင်ခွင့်ကို ဗဟိုအစိုးရတွေကနေ တိုက်ရိုက်မချုပ်ကိုင်ဘဲ ခရိုင်ဒေသ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးရင် ပိုကောင်းလာမှာပါ။ အရင်တုန်းကဆိုရင် ဒီလုပ်ငန်းစဉ်ဟာ ဗဟိုအာဏာ ပိုင်တွေကို တင်ပြရတာဖြစ်တဲ့အတွက် အလွန်ကိုနှေးကွေးစေပြီး တနေ့မှ (၄၀၀) ခန့်သာ ပြီးစီးနိုင်ပါတယ်။ ဒါကြောင့် (၁.၅) သန်းရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ စောင့်ဆိုင်းနေရဆဲရှိပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့်မေ (၂၇) ရက်တွင် မြန်မာပြည်တွင်း၌ပြုလုပ်သော ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အခြေအနေ ရှင်းလင်းပွဲ၌လည်း မေ (၂၆) ရက်နေ့အထိ စင်တာ (၃) ခုမှ ယာယီနိုင်ငံကူးလက်မှတ် (၉၀,၉၁၈) ဦးသာ ထုတ်ပေးရသေးကြောင်း သိရပြီး မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံတဘက်ကမ်း ရနောင်းမြို့တွင် ယာယီပတ်စပို့ ထုတ်ပေးရေးစင်တာကို ပြောင်းရွှေ့ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က အစီရင်ခံသည်။

ရနောင်းမြို့၌ ယာယီပတ်စပို့ ထုတ်ပေးရေးရုံးကို လာမည့်ဇွန် (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရပြီး ရုံးအဆောက်အဦကို ဘန်ကလင်းဘက်တွင် တည်ဆောက်နေသည်မှာ ပြီးစီးသွားပြီဖြစ်ကြောင်း ရနောင်းမြို့ခံတဦးက ပြောသည်။

ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ ဧပြီ (၂၇) ရက် အစီရင်ခံစာအရ နိုင်ငံသားစိစစ်ရေးလျှောက်လွှာ တင်သွင်းထားသူပေါင်း (၈၂၂,၀၉၃) ဦးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။


ယမန်နှစ်က နောက်ဆုံးအကြိမ် ဖွင့်လှစ်ပေးသော ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့် စာရင်းတွင် မြန်မာနိုင်ငံသား အလုပ်သမားဦးရေမှာ (၁.၁) သန်းရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ လက်မှတ်သက်တမ်း ပြန်လည် တိုးခွင့်ပြုခဲ့ရာတွင် မြန်မာအလုပ်သမား (၈) သိန်းကျော်သာ သက်တမ်းဆက်ခဲ့ပြီး (၃) သိန်းခန့်မှာ တရားမဝင် အလုပ်သမားများအဖြစ်သို့ ထပ်မံကူးပြောင်းသွားခဲ့ပြီးဖြစ်သည်။

ထိုသို့ တရားမဝင် အလုပ်သမားများအား ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းအစိုးရက တရားဝင်ကြေညာထားသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများမှ ခန့်မှန်းထားကြသည်။

အိုင်အယ်လ်အိုမှ မြန်မာနိုင်ငံ အတွင်း အဓမ္မ ခိုင်းစေမှု ဆိုင်ရာ လက်ကမ်း စာစောင် ဖြန့်ဝေမည်

ရန်ကုန်မြို့၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ရုံး (အိုင်အယ်လ်အို) က အဓမ္မ ခိုင်းစေမှု ဆိုင်ရာ လက်ကမ်း စာစောင်ကို အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်း ပြည်ပ လူမှုရေး အဖွဲ့ အစည်းများ၊ ရပ်ရွာ လူမှု အသိုင်း အ၀ိုင်း များမှ တဆင့် ဇွန်လ လယ်ပိုင်း မှစပြီး ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း ယင်းရုံးမှ ဆက်သွယ် ညှိနှိုင်းရေးမှူး စတိဖ် မာရှယ်လ်က ပြောကြား ပါသည်။ ယင်း လက်ကမ်း စာစောင်တွင် အဓမ္မ စေခိုင်းမှု ဆိုသည်မှာ အဘယ်နည်း၊ မည်သို့ တိုင်ကြား နိုင်သနည်း၊ တိုင်ကြား မှုသည် လျှို့ဝှက် လုံခြုံမှု ရှိပါသလား၊ တိုင်ကြားပုံ နည်းစနစ် အရ မည်သို့ ဆောင်ရွက် သနည်း၊ တိုင်ကြားခြင်းဖြင့် မည်သို့ ရလာဒ်များ ပေါ်ပေါက်လာ နိုင်ပါသလဲ၊ တိုင်ကြားမှု ပြုလုပ်ရန် မည်သူ့ကို ဆက်သွယ် ရမည်နည်း စသည်ဖြင့် ခေါင်းစဉ်များ ခွဲလျက် မြန်မာ ဘာသာဖြင့် လွယ်ကူ ရှင်းလင်းစွာ နားလည် နိုင်အောင် ရေးသား ထားကြောင်း သိရှိရ ပါသည်။
အဆိုပါ လက်ကမ်း စာစောင်ကို ဖြန့်ဝေ ရန်အတွက် အလုပ် သမား ရေးရာ ၀န်ကြီးဌာန၊ ၀န်ကြီး ဦးအောင်ကြည် နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ရုံး၊ (အိုင်အယ်လ်အို)၊ အမှုဆောင် ညွန်ကြားရေးမှူး မစ္စတာ ကာရီတာ ပရီအိုလာ နှင့် အဖွဲ့နှင့် ယခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် တွေ့ဆုံစဉ် သဘော တူညီချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အိုင်အယ်လ်အိုက ပထမ ပုံနှိပ်မှု အနေဖြင့် စောင်ရေ တစ်သိန်း ရိုက်နှိပ်ထားပြီး လိုအပ် သလောက် ဆက်လက် ဖြန့်ဝေသွားမည်ဟု ဆိုပါသည်။ လက်ကမ်း စာစောင်တွင် အဓမ္မ ခိုင်းစေမှု ဆိုသည်မှာ လူတစ်ဦး တစ်ယောက်အား အလုပ် တစ်ခုကို ထိုသူ မပြုလုပ်ပါက (သို့မဟုတ်) မလိုက်နာပါက တစ်စုံ တစ်ရာ အပြစ်ပေး ခံရမည် ဟူသော ခြိမ်းခြောက် မှုကြောင့် ထိုသူ၏ ဆန္ဒမပါဘဲ ဥပဒေနှင့် ဆန့်ကျင်၍ ခိုင်းစေသော အလုပ်မျိုးကို ခေါ်ပါသည် ဟုဖော်ပြ ထားပါသည်။ ထို့အပြင် တိုင်ကြားချက်ကို ပေးပို့ရန် အိုင်အယ်လ်အို အဖွဲ့ရုံး၏ တည်ရှိရာ (ကုန်သည်ကြီးများ ဟော်တယ်၊ ဆူးလေ ဘုရားလမ်း) လိပ်စာ အသေးစိတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် အီးမေးလ် များကို ဖော်ပြ ထားသည်ဟု သိရှိရ ပါသည်။


မိုဘိုင်းလ်ဖုန်း ဆိုင်များ CDMA 800MHz ဖုန်း ကြိုတင် ငွေဖြည့် ကတ်များ ရောင်းချရန် စိတ်ဝင်စားမှု နည်း

မန္တလေးမြို့တွင် မိုဘိုင်းလ်ဖုန်းဆိုင် အများစုမှာ CDMA 800MHz ဖုန်း ကြိုတင် ငွေဖြည့် ကတ်များ ရောင်းချခြင်း အပေါ် စိတ်ဝင် စားမှု နည်းပါးပြီး ရံဖန် ရံခါသာ ရောင်းချမှု ရှိကြောင်း သိရသည်။ CDMA 800MHz ဖုန်း ကြိုတင် ငွေဖြည့် ကတ်များမှာ ရောင်းချရန် အမြတ်ငွေ နည်းပါးခြင်း၊ ကတ်ကို ခဲမခြစ်ပဲ ထားပါက သက်တမ်း ကုန်ဆုံးရက် ရှိခြင်း တို့ကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အများစုမှာ အဆိုပါ ငွေဖြည့် ကတ်များ ရောင်းချမှု အပေါ် စိတ်ဝင် စားမှု နည်းပါးခြင်း ဖြစ်သည်ဟု မိုဘိုင်းလ်ဖုန်း ကျွမ်းကျင်သူ တစ်ဦးမှ သုံးသပ် ပြောကြား သည်။ မန္တလေးရှိ မိုဘိုင်းလ်ဖုန်းဆိုင် အချို့မှာ CDMA 800MHz ငွေဖြည့် ကတ်များ ရောင်းချခြင်း လုံးဝ မပြုလုပ်ပဲ အချို့ ဆိုင်များ တွင် တစ်သောင်းတန် ငွေဖြည့် ကတ်ကို တစ်သောင်း ငါးရာ၊ သုံးသောင်းတန် အတွက် သုံးသောင်း တစ်ထောင်၊ ငါးသောင်းတန် အတွက် ငါးသောင်း နှစ်ထောင်ကျပ် ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

“ဆိုင်မှာတော့ CDMA 800MHz အတွက် ကြိုတင် ငွေဖြည့် ကတ်တွေ မရောင်းပါဘူး။ ၀ယ်ချင်တဲ့ သူတွေ ကိုတော့ အီလိုက်ကိုပဲ ညွှန်ပေး လိုက်တယ်။ ဒီကတ်တွေက အရင်းများပြီး အမြတ် နည်းတယ်လေ။ တစ်သောင်းတန် ကတ်ကို ငါးရာလောက် ယူတာကိုပဲ Customer ဘက်က ဒီဆိုင်က အမြတ်ယူ တယ်ပေါ့။ အခြား ဖုန်းဟန်းဆက်တွေ ကိုလည်း ဒီလိုပဲ အမြတ်တင် ရောင်းမှာပဲ ဆိုပြီး ထင်စရာ ရှိတယ်လေ” ဟု မိုဘိုင်းလ်ဖုန်း ဆိုင်တစ်ခုမှ ပြောသည်။ “ကျွန်တော်တို့ ဆိုင်မှာတော့ ဖုန်းဟန်းဆက် ၀ယ်ယူသူ တွေက CDMA 800MHz ငွေဖြည့်ကတ် ၀ယ်ချင်တယ် ဆိုရင်တော့ အရင်း အတိုင်းပဲ အမြတ် မယူပဲ ပြန်ရောင်းပေး ပါတယ်။ Customer ကို Service ပေးတဲ့ သဘော မျိုးပါ။ ကတ်ပဲ သီးသန့် ၀ယ်သူတွေ ကိုပဲ ဈေးနည်းနည်း တင်ပြီး ပြန်ရောင်း ဖြစ်ပါတယ်။ တစ်သောင်းတန် ကတ်ကို အများဆုံး ရောင်းဖြစ်ပြီး သုံးသောင်းတန် ကတ်နဲ့ ငါးသောင်းတန် ကတ်ကိုတော့ သိပ် မရောင်း ဖြစ်ဘူး။ ၀ယ်သူ မရှိသေးရင် ငွေအကြာကြီး မြုပ်နေနိုင် တယ်လေ။ အီလိုက် မှာလည်း အလွယ်တကူ ၀ယ်လို့ ရနေတော့ သိပ်တော့ မရောင်းရဘူး။ ရုံးပိတ်ရက်တွေ လောက်ပဲ ရောင်းရတယ်” ဟု CDMA 800MHz ဖုန်း ငွေဖြည့် ကတ်များ ရောင်းချ နေသော ဖုန်းဆိုင် တစ်ခုမှရှင်း ပြကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံ၏ ၂၀၁၁-၂၀၁၂ ပညာသင်နှစ် စကောလားရှစ် လျှောက်လွှာများ တင်သွင်းနိုင်ပြီ

ဂျာမနီနိုင်ငံ အဆင့်မြင့် ပညာ ဦးစီး ဌာနများ စုပေါင်း ဖွဲ့စည်း ထားသော DAAD (German Academic Exchange service) မှ ၁၉၅၀ ခုနှစ် မှစ၍ မြန်မာနိုင်ငံရှိ ဘွဲ့လွန် တက်ရောက်လို ကြသူများအား ပညာ သင် ထောက်ပံ့ကြေး ပေးလျက် ရှိသည်ဟု ဂျာမာန် သံရုံးမှ တာဝန်ရှိသူက ဆိုသည်။ ဂျာမနီ အနေနဲ့ ၁၉၅၀ လောက် ကတည်းက စပြီး တစ်နှစ် တစ်ကြိမ် မြန်မာနိုင်ငံမှာ ရှိတဲ့ ဘွဲ့လွန် တက်ရောက် လိုတဲ့ သူတွေကို စကောလားရှစ် ပေးနေ ပါတယ်။ တစ်နှစ်ကို ပျှမ်းမျှ (၁၅-၂၀) ယောက်လောက် ဒီကပါ နေကျပါ။ ပြီးတော့ တခြား နိုင်ငံ ဥပမာ- ဘန်ကောက်မှာ ရှိတဲ့ မြန်မာတွေလဲပါ ပါ တယ်ဟု အဆိုပါ ဂျာမာန် သံရုံးမှ တာဝန်ရှိ သူက ပြောပြသည်။ ယခုအခါ ထို DAAD အဖွဲ့ အစည်းမှ ၂၀၁၁-၂၀၁၂ စာသင်နှစ် အတွက် ဘွဲ့လွန် ပရို ဂရမ်များ အတွက် စကောလားရှစ် လျှောက်လွှာများ စတင် ခေါ်ယူလျက် ရှိရာ M.Sc Courses ရော Ph.D Cources များအတွက်ပါ ဖြစ်သည်ဟု ဆိုသည်။ အခုက M.Sc ရော Ph.D တွေရော နှစ်မျိုးစလုံး အတွက် ခေါ်ထားတယ်။

အရင်ကဆို Ph.D အတွက်ပဲ ဆိုတော့ တော်ရုံလူက သတ်မှတ်ချက် နဲ့ မဝင်ဘူး။ Ph.D ဆိုတော့ M.Sc ပြီးထားရမယ်။ တခြား လုပ်သက်ကလည်း တော်တော်လေး တောင်းတော့ Government to Governmrnt ပဲဖြစ် သွားတယ်။ အစိုးရ ဝန်ထမ်းဆိုက်ငွေ ဘက်ကပဲ ရတာများ သွား တယ် ဟု ၄င်းက ရှင်းပြသည်။ ဆက်လက်ပြီး အခုတော့ အဲလို မဖြစ်ရအောင် ၊အပြင် လူတွေပါ ပါအောင် ဆိုပြီး M.Sc အတွက် ပါပါတယ်။ M.Sc ဆိုတော့ ဘွဲ့ တစ်ခုခု ရထားရုံနဲ့ တက်လို့ ရပြီဟု အ သေးစိတ် ပြောပြသည်။ လျှောက်လွှာ ခေါ်ယူ ထားသည့် အဓိက ဘာသာရပ် များမှာ Economic Sciences (Business Administration), Political Economic, Development Cooperation Engineering and related sciences, Mathematics, Regional Planning, Agricultural and Forest sciences, Medicine, Public Health, Veterinary, Public Health, Veterinary, Public Health, Sociology and Education တို့ ဖြစ်ကြသည်။ ထို့ပြင် ခေါ်ဆိုသော ဘာသာရပ် တစ်မျိုးစီ အတွက် ဝင်ခွင့် လိုအပ်ချက် အမျိုးမျိုး ရှိပြီး ပျှမ်းမျှ အရည်အချင်း ကန့်သတ်ချက်များမှာ သတ်မှတ်ထားသော Bachelor ဘွဲ့တစ်ခု၊ ဘာသာရပ် နှင့် သက်ဆိုင်သော လုပ်သက် (၁) နှစ် TOEFL (550 points) သို့ IELTS band 6 ရှိရမည် ဖြစ်သည်။

အခု စကောလားရှစ် ပရိုဂရမ်က ၁၀ဝ ရာခိုင်နှုန်း အပြည့် ပေးတာပါ။ ဘာမှ ဂရုစိုက်စရာ မလိုပါဘူး။ လူနဲ့ ဦးနှောက် စိုက်ရုံပါပဲ။ ဒါကြောင့် ကန့်သတ်ချက် တွေတော့ ရှိနေပါ တယ်။ ဒါပေမယ့် အဓိက အားဖြင့် မြန်မာတွေ အတွက် ကြည်တော့ အင်္ဂလိပ်စာ အရည်အသွေး ပါပဲ။ ပြီးတော့ တောင်းထားတဲ့ လုပ်သက် (၂) နှစ်ကလည်း၊ လူတိုင်း အတွက် မဟုတ်ပါဘူး။ တက္ကသိုလ် တက်ခဲ့တဲ့ သက်တမ်း (၃) နှစ် အထက်ရှိတဲ့ သူတွေ (ရှိတဲ့ ဘာသာရပ်)ဆိုရင် အဲဒီ (၂) နှစ်ကို မကြည့်ပါဘူး။ အဲလိုပဲ လျှောက်တဲ့ ဘာသာရပ် အလိုက် တောင်းတဲ့ လိုအပ်ချက် လေးတွေ မတူတာကို တွေ့ရ ပါတယ်ဟု ယင်း လျှောက်လွှာ လက်ခံသူ ဂျာမာန် သံရုံးမှ တာဝန်ရှိသူ ကဆိုသည်။ ထို့ကြောင် လျှောက်ထား သည့် ဘာသာရပ်ပေါ် မူတည်၍ လိုအပ်ချက် အမျိုးမျိုး ကွဲပြား တက်သောကြောင့် အသေးစိတ် သိရှိလိုပါက daad.de ဝက်ဘ်ဆိုက်တွင် လျှောက်လွှာများ ရယူရင် ဖတ်ရှုနိုင်ပါသည်။

အခြားဖတ်ရှုနိုင်သော နည်းလမ်း တစ်ခုမှာ ဂူဂဲလ် search မှ Post-graduate Scholarship Programme board club ဟု ရိုက်ထည့်ကာ သက်ဆိုင်ရာ Link အား ရှာဖွေနိုင် သည်။ ဤသို့ ဖတ်ရှုပြီး မိမိ အရည် အချင်းနှင့် လိုက်ညီသည့် ဘာသာရပ်ကို တွေ့ရှိပါက ဂျာမာန် သံရုံးရှိ တာဝန်ရှိသူအား ဆက်သွယ်၍ ဦးစွာ ပြောကြား ရမည် ဖြစ်ပြီး ၄င်းတို့မှ လိုအပ်သည့် စာရွက် စာတမ်းများ အကြောင်း ရှင်းလင်း ပြောကြားမည် ဖြစ်သည်။ သို့မှသာ လျှောက်လွှာ တင်နိုင်ရန် ပြည့်စုံသည့် အချက် အလက်များ အား ရရှိ နိုင်မည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၅၄၈၉၅၁၊ ၅၄၈၉၅၂၊ ၅၄၈၉၅၃ ဂျာမာန်သံရုံး၊ ရန်ကုန်သို့ ဖြစ်ကြောင်း True News Journal တွင် ဖော်ပြထားသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတွင် ပြောရေး ဆိုခွင့်ရှိသူ သုံးဦးရှိ

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတွင် ပြောရေး ဆိုခွင့် ရှိသူ သုံးဦး ရှိကြောင်း ဦးဟန်ရွှေမှ ပြောဆို ပါသည်။ ပါတီ ပြောခွင့် ရသူ သုံးဦးမှာ ဦးခင်မောင်ကြီး၊ ဦးချစ်လှိုင် နှင့် ဦးဟန်ရွှေတို့ ဖြစ်ကြောင်း ၄င်းက ပြောဆို သည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ နှင့် ဆက်သွယ် လိုသူ များသည် ဖုန်းနံပါတ် ဝ၁-၅၅၇၄၅၆ သို့ ရုံးချိန် အတွင်း ဆက်သွယ် နိုင်ကြောင်း ပြောဆို သည်။ ဆက်လက်၍ ဦးဟန်ရွှေမှ မန္တလေးတိုင်း တွင် (၃၁) မြို့နယ် ရှိပြီး မြို့နယ် (၂ဝ) က အခြေ အနေ ကောင်းကြောင်း နှင့် မန္တလေးတိုင်း စည်းရုံးရေးမှူးကို ဦးခင်မောင်သန်းအား တာဝန်ပေး ထားကြောင်း အတည်ပြု ပြောဆိုသည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ပါတီဝင် အင်အား ငါးသိန်းကျော် ရှိကြောင်းနှင့် ၂ဝ၁ဝ ဧပြီလဆန်း အထိ ပါတီဝင်များ တိုးလာကြောင်း သတင်း ရရှိကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြ ထားသည်။

မြန်မာသို့ လာမည့် တရုတ်ဝန်ကြီးချုပ်ကို လူ့အခွင့်အရေးအဖွဲ့ အကြံပြုစာပေး

မြန်မာနိုင်ငံသို့ ဇွန်လ ၂ ရက်နေ့တွင် သွားရောက် လည်ပတ်မည့် တရုတ် ဝန်ကြီးချုပ်ထံ လူ့အခွင့် အရေးအဖွဲ့ တဖွဲ့က ရွေးကောက်ပွဲ ကိစ္စ အပါအဝင် အကြံပြုချက် ၄ ချက် ပါဝင်သော အိတ်ဖွင့်ပေးစာ တစောင် ပေးပို့လိုက်ကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (ဓာတ်ပုံ - Getty Images)

အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch – HRW) မှ ယာယီ အာရှ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူ ထားသည့် အီလိန်း ပီယာဆန် (Elaine Pearson) က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထံ ပေးစာတွင်၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး၊ နယ်စပ်ဒေသ မတည်ငြိမ်မှု၊ ဒေသတွင်း စေ့စပ်ညှိနှိုင်းမှုနှင့် သံတမန်ရေး၊ စီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် အချက် ၄ ချက်ကို မီးမောင်းထိုး ဆွေးနွေးအကြံပြုထားသည်။

၂၀၁၀ မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဆောတလျင် ထောက်ခံခြင်း မပြုဘဲ အစစ်အမှန် လွတ်လပ်ခွင့်ပေးရန်၊ အားလုံး ပါဝင်နိုင်စေရန်နှင့် တရားမျှတမှု ရှိစေရန် စစ်အစိုးရကို နားချသင့်သည်ဟု ဖော်ပြထားသည်။
“တရုတ်ဟာ မြန်မာပြည်သူတွေရဲ့ ခံစားနေရတဲ့ အပေါ်မှာ စာနာထောက်ထားပြီး ပြောတာ တခါမှ မကြားဖူးဘူး။ အစိုးရချင်း သာ ဆက်ဆံပြီး ပြောတာပဲ ရှိတယ်။ တရုတ်ဝန်ကြီးချုပ် လာရောက်တဲ့ အတွက် ဘာမှသက်ရောက်မှု ရှိမယ်မထင်ဘူး။ နအဖ လုပ်ရပ်တွေကို အကောင်အထည်ပေါ်အောင် တဖက်တလမ်းက အားပေးအားမြှောက် ပြုနေတဲ့သူတွေသာ ဖြစ်တယ်”ဟု ရခိုင် တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ တရုတ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲကိစ္စတွင် တိုက်တွန်း မည်ဟု ထင်ကြောင်း ပြောသည်။

“တရုတ် ဝန်ကြီးချုပ် လာရောက်တာ ဟာ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ဖို့အတွက် နိုင်ငံတကာ အနေနဲ့ နောက်ဆုံး အကြိမ် ကြိုးပမ်းချက်တခု ဖြစ်လိမ့်မယ် ထင်တယ်”ဟု ဦးအောင်ကျော်ဇော က ပြောသည်။

တရုတ်အနေဖြင့် အချုပ်အခြာအာဏာပိုင် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ဟု ဆိုသော်လည်း မြန်မာပြည် တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဒုက္ခသည်များ၊ ပြည်သူ့ ကျန်းမာရေး ကိစ္စများ၊ ဥပဒေချိုးဖောက်မှုများ ပေါ်ပေါက် လာပြီး နယ်စပ်ဒေသများ မတည်မငြိမ်ဖြစ်ကာ တရုတ်၏ လုံခြုံရေးကိုထိခိုက်စေသည်ဟု ပေးစာထဲတွင် ထောက်ပြထားသည်။

မြန်မာအပေါ် သြဇာရှိသည့် နိုင်ငံကြီးတခုအနေဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် ပိုမိုအရေးကြီးသည့် ကဏ္ဍမှ ပါဝင် သင့်ကြောင်း၊ တရုတ်၏ အိမ်နီးချင်းကောင်း မူဝါဒသည် မြန်မာအစိုးရနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပွင့်ပွင့်လင်းလင်း ပြောမှု ဖြစ်သင့်ကြောင်းလည်း အကြံပြုထားသည်။

တရုတ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသည့် စီးပွားရေးလုပ်ငန်းများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်စပ်နေပြီး အများအားဖြင့် စစ်အစိုးရအတွက်သာ အကျိုးအမြတ် ရှိနေကြောင်း အကြံပြုစာတွင် ဝေဖန်ထားသည်။ အကြံပြုစာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ဒေသခံများအပေါ် ထိခိုက်မှုများကို ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ၂၉ ရက်နေ့တွင် စစ်အစိုးရ၏ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနှင့် တရုတ် ကုမ္ပဏီကြီးတခုတို့ မော်လိုက် ရေအားလျှပ်စစ် စီမံကိန်းနှင့် ကလေးဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံ ကိန်းများအတွက် နားလည်မှု စာချွန်လွှာများ ရေးထိုးကြသည်။

စစ်အစိုးရ၏ ဖိတ်ခေါ်မှုဖြင့် ဇွန်လ ၄ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်လည်း မြန်မာပြည်သို့ လာရောက်မည်ဖြစ်သည်။ မစ္စတာ ဂျင်မ် ဝက်ဘ်က ထိုင်းနိုင်ငံ ရှပ်နီ ဆန္ဒပြ အရေးအခင်း၊ မြောက်ကိုရီးယားက တောင် ကိုရီးယား စစ်သင်္ဘောကို တော်ပီဒိုဖြင့် ပစ်ခတ်မှု စသည့် အရေးများတွင် တရုတ်နိုင်ငံသည် မည်သို့မျှ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ဝေဖန်ထားသည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မေ ၂၈ မှ ဇွန် ၃ အထိ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် မြန်မာ ၄ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာပြည်သို့ လာရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သည့် တရုတ်အဆင့်မြင့် အရာရှိမှာ ၂၀၀၉ ဒီဇင်ဘာတွင် လာရောက်ခဲ့သည့် တရုတ် ဒုတိယသမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်သည်။ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံစဉ် တရုတ်အနေ ဖြင့် မြန်မာနိုင်ငံကို နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများ မြင်လိုသည်ဟု ပြောကြားခဲ့ဖူးသည်။

မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး

မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်


မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ရေးသား ထားသည်။
“မြောက်ကိုရီးယားက သဘောင်္ ကွန်တိန်နာတွေမှာ မှားယွင်းတဲ့ ပိုင်ရှင်လိပ်စာ အညွှန်းတွေ တပ်ပြီးတော့ ကုန်ပစ္စည်းတွေ ဘယ် ကနေ ဘယ်ကို ပို့တယ်ဆိုတာ မသိရအောင် လှည့်စားတယ်၊ မြောက်မြားလှတဲ့ ကြားခံ လက်နက်ကုမ္ပဏီတွေနဲ့ ငွေကြေး အဖွဲ့ အစည်းတွေကို အသုံးပြုတယ်”ဟု ကျွမ်းကျင်သူများက ယင်းအစီရင်ခံစာတွင်ရေးသား ထားသည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုး တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီး ခဲ့သည့် ဖြစ်ရပ်နှင့် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း ကူညီခဲ့သည့် Namchongang Trading ကုမ္ပဏီစသော မြန်မာနိုင်ငံနှင့် ပတ် သက်သည့် သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုများကိုလည်း ဆက်လက် စောင့်ကြည့်နေကြောင်း အဆိုပါ ကျွမ်းကျင်သူများ အဖွဲ့က ဆို သည်။

၂၀၀၉ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းဆိုင်ရာ အကူအညီပေးခဲ့သော မြောက်ကိုရီးယား Namchingang Trading ကုမ္ပဏီကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေး ဆိုင်ရာ တားမြစ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။

“တရားမ၀င် လက်နက် ဖြန့်ချိဖို့နဲ့ သယ်ဆောင်ဖို့အတွက် မြောက်ကိုးယားက ပြည်ပ အခြေစိုက် ဥပဒေ ပြင်ပက အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာလည်း တွေ့ရတယ်”ဟု ကျွမ်းကျင်သူများက အစီရင်ခံစာတွင် ထောက်ပြထားသည်။

ယင်းကျွမ်းကျင်သူများက လေဆိပ်များ၌ မြောက်ကိုရီးယားက တင်သွင်းသည့် ပစ္စည်းများကို စစ်ဆေးရာတွင် ပိုမို သတိဝီရိယ ရှိရန် နှိုးဆော်ထားပြီး မြောက်ကိုရီးယားမှ ထွက်ခွာလာသော လေယာဉ်များကိုလည်း သေချာစွာ စောင့်ကြည့်ရန် တိုက်တွန်း ထားသည်။

အဆိုပါ ၄၇ မျက်နှာရှိ အစီရင်ခံစာကို မေလ ၂၇ ရက်နေ့တွင် အေပီသတင်းဌာနက လက်ခံရရှိထားပြီး အစီရင်ခံစာ ထွက်ပေါ် လာသည့် အချိန်သည် တောင်ကိုရီးယား ရေတပ်သင်္ဘောကို မြောက်ကိုရီးယားတို့က ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတကာ စုံစမ်း လေ့လာရေး အဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ချင်းမိုင်မြို့အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ နျူကလီးယား လက်နက် ရောင်းချခြင်းနှင့် ပတ်သက်၍ အသေအချာ မသိရှိရသော်လည်း ဒုံးကျည်လက်နက်များကို တင်ပို့ ရောင်းချနေသည်မှာ ခိုင်မာ ကြောင်း ဆိုသည်။

“မြောက်ကိုရီးယားက သူ့သဘာဝအရ အဲသလို ကြားခံ ကုမ္ပဏီတွေနဲ့ လုပ်လေ့ရှိတယ်၊ နိုင်ငံတကာ စာရင်းမှာတော့ မြောက် ကိုရီးယား သုံးတဲ့ ကုမ္ပဏီ စာရင်းတွေ အတိအကျရှိတယ်၊ မြန်မာကလည်း နျူကလီးယား နည်းပညာတွေရအောင်တော့ ကြိုးစား နေတာပဲ”ဟု ဦးဝင်းမင်းက ပြောသည်။

မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင် စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခြင်း ခံခဲ့ရသည့် နိုင်ငံဖြစ်သည်။

ယင်းဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိရမည် ဖြစ်သည်။

မေလက အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်ဟု ဦးသောင်းက ပြောသည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရမည့် တာဝန်လည်း ရှိသည်ဟု ဆက်လက် ပြောဆိုသွားသည်။

မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ဖူးသည်။ ထိုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င်၂၁ ဦး သေဆုံးပြီး နောက်ပိုင်း သံတမန် ဆက်ဆံရေး ရပ်သွားခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကိုလက်မှတ် ရေးထိုးခဲ့ပြီး စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

ဒီပဲယင်း လုပ်ကြံမှု ကြိုးကိုင်သူများ USDP တွင် ခေါင်းဆောင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ထိပ်ပိုင်း ခေါင်းဆောင် တချို့သည် ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များကို ဒီပဲယင်းတွင် တိုက်ခိုက်ခဲ့သည့် လုပ်ကြံမှု၌ အဓိကကြိုးကိုင်သူများ ဖြစ်ကြောင်း တွေ့ရသည်။

အရပ်ဝတ်ဖြင့် တွေ့ရသော ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးတချို့။ ဦးသိန်းစိန် အပါအ၀င် ၂၇ ဦးက USDP ပါတီကို ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ကြောင်း စစ်အစိုးရ မီဒီယာများတွင် ဖော်ပြခဲ့သည် (ဓာတ်ပုံ - AP)

ယင်း USDP ပါတီတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင် ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် ၇ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော ဒီပဲယင်း လုပ်ကြံမှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဓိက ညွှန်ကြားမှုဖြင့် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း က အကောင် အထည်ဖော် ခဲ့ကြောင်း၊ ယင်း လှုပ်ကြံမှု အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် အနောက် မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တွင် သီးသန့် ရုံးထိုင်ပြီး (နမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်ကို ဆက်လက် ကွပ်ကဲစေခဲ့ကြောင်း သိရှိရသည်။
ဒီပဲယင်း လုပ်ကြံမှုကို အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သော အဝေးရောက် အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB)မှ ဦးဇင်လင်းက“အဲဒီတုန်းက ရခဲ့တဲ့ သတင်းတွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဘယ်သူ့ကိုမှ မသိစေဘဲနဲ့ အဲဒီကိစ္စကို ဦးဆောင်ခိုင်းတာ၊ သူကနေတဆင့် ဗိုလ်ချုပ် စိုးနိုင်၊ ဦးအောင်သောင်းတို့ကို ခိုင်းတာ၊ ဗိုလ်ချုပ် စိုးနိုင်က နမခ တိုင်းမှူး ဆိုတော့ သူက Field Commander ပေါ့၊ အဲဒီကိစ္စကို စစ်ဆင်ရေးတခုလို သဘောထားပြီး သေချာ စနစ် ဇယားချပြီး လုပ်ခဲ့ကြ တာ” ဟု ပြောသည်။

ဒီပဲယင်း လုပ်ကြံမှု၌ ကြိုးကိုင်ခဲ့သူများ ဖြစ်သည့် မကြာသေးခင် စစ်တပ်ရာထူးများမှ နုတ်ထွက်ထားသော ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးနိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်း တို့နှင့် တခြားသော စစ်ဗိုလ်ချုပ် ဟောင်း များအပါအဝင် ဒု ဗိုလ်မှူးကြီးဟောင်း အမှတ်(၁) စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းလည်း အဆိုပါ USDP ပါတီတွင်ပါဝင်ကြောင်း သိရသည်။

နအဖ စစ်အစိုးရအုပ်စုမှ ဗိုလ်ချုပ်အများစုသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရှိ စစ်ရာထူးများမှ နုတ်ထွက်လိုက်ကြကာ အရပ်သားများအဖြစ်သို့ ကူးပြောင်းလိုက်ကြပြီး ဖြစ်သည်။

“ဒီပဲယင်းလုပ်ကြံမှုမှာ အဓိကပါတာကတော့ ပြည်ခိုင်ဖြိုးလို့ သူများတွေခေါ်တဲ့ ကြံ့ဖွံ့အဖွဲ့ပေါ့၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ် တွေက လည်း ကြံ့ဖွံ့အဖွဲ့ရဲ့ ဦးသျှောင်အဖွဲ့ထဲမှာ ပါကြတယ်”ဟု NCGUB မှ ဦးဇင်လင်းက ဧရာဝတီသို့ ပြောသည်။

လုပ်ကြံမှု ဖြစ်ပွားခဲ့သော ဒီပဲယင်းမြို့နယ်သည် စစ်ကိုင်းတိုင်းတွင် ပါရှိပြီး လုပ်ကြံမှုကို ထိုစဉ်က အနောက်မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်တို့က အဓိက ဦးဆောင်ကာ စစ်ကိုင်း တိုင်းနှင့် မန္တလေးတိုင်းတို့မှ ကြံ့ဖွံ့အဖွဲ့ဝင်များပါဝင်သည်။ ဗိုလ်ချုပ်ရဲမြင့်ကိုမူ USDP တွင် ပြန်လည် နေရာပေးခြင်း မတွေ့ရပေ။

ဒီပဲယင်းလုပ်ကြံမှုကြီးတွင် နအဖ အစိုးရဘက်မှ လူအင်အား ၅၀၀၀ ခန့်က ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို တုတ်၊ ဓား၊ ခဲများနှင့် တိုက်ခိုက်ခဲ့ကြပြီး ခန့်မှန်းခြေ လူ တရာခန့် သေဆုံးခဲ့ ကြသည်ဟု လေ့လာသူများက ဆိုသည်။

ယင်း လုပ်ကြံမှုမှ လွတ်မြောက်လာသူ NLD ဒု- ဥက္ကဌ ဦးတင်ဦးက တိုက်ခိုက်သူများသည် အင်အား ၅၀ ခန့်စီ အုပ်စုဖွဲ့လျက် တိုက်ခိုက်ကြကြောင်း၊ တိုက်ခိုက်သူများထဲတွင် အမျိုးသမီးများပင် ပါဝင်ကြောင်း မကြားသေးမီက ပြောခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP)အတွင်းရေးမှူး ဦးအေးသာအောင်က“ဒီပဲယင်း လုပ်ကြံမှုလိုမျိုး ရာဇဝတ်မှုတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့ လူတွေက အခုလိုမျိုး ပါတီတွေထောင်ပြီး နိုင်ငံရေး နယ်ပယ်ထဲမှာ ပါဝင်လာမှာကို ကျနော်တို့မလိုလားပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ဒီပဲယင်း လုပ်ကြံမှုတွင် အဓိက ပတ်သက်ခဲ့သည့် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ၂၀၀၇ အောက်တိုဘာလတွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် ဈာပနအဖြစ် အသိအမှတ်ပြု ကျင်းပပေးခဲ့သည်။