
မောင်တော ခယက ဥက္ကဌ ထွန်းနိုင်လင်း နှင့် မယက ဥက္ကဌ အောင်ကျော်ဦး တို့သည် ဗလီတာဝန်ရှိ ပုဂ္ဂိုလ်များကို တစုံတရာ အကြောင်းကြားခဲ့ခြင်း မရှိပဲ လွန်ခဲ့သော ကြာသပတေးနေ့ နံနက်ပိုင်း အချိန်တွင် ဗလီထဲသို့ ဖိနပ်စီး ၀င်ခဲ့ ကြပြီး ဓါတ်ပုံများ ရိုက်ယူ သွားခဲ့သည်ဟု ဆိုသည်။
အစ္စလာမ် ကျင့်ဝတ်အရ အိုဇူ ခေါ် မျက်နှာ ခြေလက် ဆေးကြောပြီးမှ ၀င်ကြရသည့် ဘာသာရေးအရ အထွတ် အထိပ်ထားသည့် ဗလီဝတ်ပြု ကျောင်းထဲသို့ ဖိနပ်စီး၍ ၀င်ရောက် ခဲ့ကြခြင်းမှာ ၄င်းအရာရှိများ အနေဖြင့် အစ္စလာမ်ဘာသာကို မလေးမခန့် စော်ကား လိုက်ခြင်းဖြစ်သည်ဟု ၄င်း အီမမ်က နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။
“အစ္စလာမ် ကျင့်ဝတ်အရဆိုရင် အိုဇူ လို့ခေါ်တဲ့ မျက်နှာ ခြေလက်တွေ ဆေးကြောပြီးမှ ဗလီကျောင်းထဲကို ၀င်ကြရတာပါ။ ဒီလောက် အထွတ် အမြတ် ထားရတဲ့ ဘုရားကျောင်းထဲကို ဖိနပ်စီးပြီး လာဝင်တာဟာ အာဏာရှိတယ်ဆိုပြီး သက်သက် စော်ကားတာ ဖြစ်ပါတယ်။ ဘာသာမတူ ဆိုပြီး မလေးမခန့် လာလုပ်တာလည်း ဖြစ်ပါတယ်။ ဘယ်သူမှ မကျေနပ် ကြပါဘူး” ဟု ပြောသည်။
ထိုသို့ ခယကနှင့် မယက ဥက္ကဌများက ဗလီထဲသို့ ဖိနပ်စီး၍ ၀င်ရောက် ခဲ့ကြခြင်း အပေါ် ဒေသခံမူဆလင်များမှာ မကျေမနပ် ဖြစ်နေကြပြီး “ ဖိနပ်စီး၍ မ၀င်ရ” ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကိုလည်း ဗလီကျောင်း လမ်းဝ တည့်တည့်၌ ထိုနေ့တွင်ပင် ချိတ်ဆွဲ ထားလိုက်ကြကြောင်း သူက ပြောသည်။
မောင်တောမြို့ အမှတ် (၄)ရပ်ကွက်ရှိ မြို့မ ဗလ်ီမှာ မောင်တောခရိုင်အတွင်း အကြီးဆုံး ဗလီတစ်ခုဖြစ်သည်။ ခယကနှင့် မယက ဥက္ကဌများ ကိုယ်တိုင် လာရောက်ပြီး မည်သည့် အတွက်ကြောင့် ဗလီကို ဓါတ်ပုံ ၀င်ရိုက်ယူခဲ့ကြ သည်ကို ဗလီတာဝန်ရှိသူများ အနေဖြင့် တိတိကျကျ မသိ ကြ သော်လည်း မယကနှင့် နီးစပ်သူ တစ်ဦးက ဗလီကို ပြန်လည် တည်ဆောက် ပေးမည့် အစီအစဉ်ဖြင့် ဓါတ်ပုံ သွားရိုက်ခြင်း ဖြစ်နိုင်သည်ဟု ယခုကဲ့သို့ ပြောသည်။
“ဒု ပြည်ထဲရေးဝန်ကြီး ဖုန်းဆွေ လာတိုင်း ဗမာပြည်ကနေ ခေါ်ယူလာတဲ့ မူဆလင် သူဌေးတွေက ဒီမှာရှိတဲ့ ဗလီတွေကို ပြုပြင်ပေးဖို့ တောင်းဆို ကြတယ်လေ။ အထူးသဖြင့် ဒီ မောင်တော မြို့ထဲမှာရှိတဲ့ မြို့မ ဗလီကြီးကို မြို့အင်္ဂါနဲ့ အညီ ခမ်းခမ်းနားနား ဖြစ်အောင် ပြန်လည် တည်ဆောက်ခွင့် ပေးဖို့ တောင်းဆို နေကြတယ်လို့ ကြားတယ်။ ဒါကြောင့် အပေါ်က ညွှန်ကြားတဲ့ အတိုင်း သူတို့နှစ်ဦးက ဓါတ်ပုံ သွားရိုက်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
နအဖ အာဏာသိမ်းသည့် အချိန်မှ စ၍ မောင်တော ခရိုင်အတွင်း ဒေသန္တရ ဥပဒေ အမျိုးမျိုးဖြင့် မူဆလင်များ လက်ထပ်ခွင့် နှင့် ခရီးသွားခွင့် အပါအ၀င် ဗလီကျောင်းများ ပြန်လည်ပြုပြင်ခွင့်ကို တင်းကျပ် ထားခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော ၂၀၀၉-ခု နှစ်လယ်ပိုင်းတွင် ဒုဝန်ကြီး ဖုန်းဆွေသည် ရန်ကုန်မှ မူဆလင် စီးပွားရေး သမားများနှင့် အတူ ရခိုင်ပြည်သို့ ပထမဆုံး အကြိမ် လည်ပတ်ခဲ့စဉ်ကပင် မောင်တောရှိ ဗလီ ၁၁ လုံးကို ပြန်ပြင်ခွင့် ပေးမည်ဟု ကတိပြု ပြောကြားခဲ့ကြောင်း ဒေသခံ မူဆလင် များက ပြောဆိုသည်။
No comments:
Post a Comment