Pages

Subscribe

Monday 28 June 2010

ဦးဇခုန်တိန့်ယိန်း၏ KIOသို့ တိုက်တွန်းချက်အား ကချင်အဖွဲ့အစည်းအသီသီးမှ ကန့်ကွက်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) အား နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် မြန်မာစစ်အစိုးရ သစ္စာခံ NDAK ဥက္ကဋ္ဌ ဟောင်း ဦးဇခုန်တိန့်ယိန်း ပေးပို့ခဲ့သည့် တိုက်တွန်းစာကို ကချင်အဖွဲ့အစည်းအသီးသီးက ကန့်ကွက်လိုက်သည်။

ကန့်ကွက်သည့် အဖွဲ့အစည်းနှင့် ခေါင်းဆောင်များတွင် ပြည်ပရောက် ကချင်လူမျိုးများဖွဲ့စည်းထားသည့် ကချင်အမျိုးသားအစည်းအရုံး (KNO)၊ ကချင်ပြည်နယ် NLD ဝိုင်းမော်လွှတ်တော် အမတ်ဟောင်း ဒူဝါ မရန်ဇော်အောင်၊ ကချင်ကျောင်းသား နှင့် လူငယ်သမဂ္ဂ (AKSYU) တို့ ပါဝင်သည်။
032610_bawmwang-laraw

KNO ခေါင်းဆောင် ဒူဝါ လရော်။ ဓါတ်ပုံ - ကချင်သတင်းဌာန


KNO ခေါင်းဆောင် ဒူဝါ ဘောမ်ဝမ်လရော်က “KIO ဥက္ကဋ္ဌကို စစ်အစိုးရလိုလားသည့် လမ်းကိုလိုက်လျှောက်ဖို့ ခေါင်းဆောင်ကြီး တိန့်ယိန်းရဲ့အကြံပေးနည်းလမ်းဟာ မှားနေတယ်လို့ ရဲ့ရင့်စွာသတိပေးလိုတယ်” ဟု ၎င်း၏ လက်မှတ်ပါ ပြန်ကြားစာ၌ ရေးသားထားသည်။
နယ်ခြားစောင့်တပ် အသွင်ကူပြောင်းသွားသည့် ဦးဇခုန်တိန့်ယိန်းသည် KIO ဥက္ကဋ္ဌ ဇောင်းခရား သို့ လိပ်မူကာ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အား မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ပြောင်းလဲရန် အကြံပေးစာ ကို မေ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ယင်းစာ၌ “မြန်မာတပ်မတော်ကို ဆက်လက်ပြီးဆန့်ကျင် ငြင်းဆန်နေရင် ဘာအကျိုးမရှိဘဲ ကိုယ့်လူမျိုးတွေ ပိုဒုက္ခအရှုံးနဲ့ နာကျင်နေရတဲ့လမ်းပဲရှိလာနိုင်တယ်၊ ဒါကြောင့် စစ်အစိုးရ၏ စကားကိုလိုက်နာရန်” ဟု ဖော်ပြထားသည်။

ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးကိုရပ်၍ နိုင်ငံရေးအရအဖြေရှာသွားနိုင်ရန် ခိုင်မြဲသည့် ငြိမ်းချမ်းရေးလိုသည်ဟုလည်း ရေးသားထည့်သွင်းထားသည်။

စစ်အစိုးရနှင့် KIO ကြား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီး ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း KIO က ဆက်လက်ငြင်းဆိုနေဆဲဖြစ်သည်။

NLD ဝိုင်းမော်လွှတ်တော် အမတ်ဟောင်း ဒူဝါ ဇော်အောင် က “၎င်းတို့က အမျိုးသားခေါင်းဆောင်ကြီးအဖြင့် သတ်မှတ်ထား သည့် ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ KIO အား စစ်အစိုးရလက်အောက် ရောက်သွားရန် အကြံပေးနေခြင်းမှာ ၀မ်းနည်းစရာဖြစ်ကြောင်း” ပြောသည်။

ထိုင်းနိုင်ငံရှိ AKSYU အထွေထွေအတွင်းရေးမှူး ဦးနော်ခမ်း ကလည်း “နယ်ခြားစောင့်တပ် လက်ခံဖို့ အတင်းအဓမ္မ တွန်းအားပေး စာပို့တာ မကောင်းပါဘူး၊ ငါတို့ လက်နက်ချရင် တော်လှန်ရေးလုပ်ခဲ့တာ အလကားဖြစ်သွားမှာပဲ” ဟု ပြော သည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော NDAK အဖွဲ့ နှင့် ဦးလဆန်အောင်ဝါ အဖွဲ့တို့သည် မိခင် KIO မှ ခွဲထွက်ခဲ့သည့် အဖွဲ့များဖြစ်ပြီး ၂၀၀၉ နှစ် ကုန်ပိုင်းတွင် မြန်မာစစ်တပ်၏ လက်အောက်ခံ တပ်များအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၎င်းတို့ နှစ်ဦးသာမက ကချင်တိုးတက်ရေးပါတီ KSPP ခေါင်းဆောင် ဒေါက်တာတူးဂျာ (KIO ဒု-ဥက္ကဋ္ဌ အဆင့် ၂ ဟောင်း)၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အတွင်းရေးမှူးဟောင်းနှင့် Shalom Foundation ခေါင်းဆောင် Rev. Dr. Saboi Jum တို့သည်လည်း KIO ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် တိုက်တွန်းခဲ့ပြီးပြီဖြစ်သည်။

တရုတ် ဖိအားကြောင့် ရခိုင် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေး တိုးမြှင့်တော့မည်

တရုတ် အစိုးရ၏ ဖိအားကြောင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေးကို တိုးမြှင့်သွားတော့မည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။

သူက “ ကချင် မြစ်ဆုံမှာ ဗုံးတွေ ဆက်တိုက် ကွဲပြီးတဲ့ နောက်မှာ တရုတ် ကုမ္ပဏီတွေ ရှိတဲ့ နေရာတိုင်းမှာ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ မြန်မာ စစ်အစိုးရကို တရုတ်က ဖိအားပေးလာတဲ့ အပေါ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ဂတ်စ်ပိုင်လိုင်း စီမံကိန်းတွေမှာလည်း အခုအခါ နိုင်ငံတော် အစိုးရက လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ စီစဉ်လာတာ့ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ပထမဆုံးအနေဖြင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် အကြီးမားဆုံး ရဲစခန်း တခု တည်ဆောက်ရန် စီစဉ်နေကြောင်းကို သူက ယခုကဲ့သို့ ပြောသည်။

“ တရုတ်ကို တင်ပို့မယ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရဲ့ အဓိက ပင်မ နေရာ ဖြစ်တဲ့ ကျောက်ဖြူ မဒေးကျွန်းမှာ အင်အားအကြီးဆုံး ရဲစခန်း တစ်ခုကို များမကြာမှီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ထိ ရှိမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မှီ လက်နက် ကရိယာတွေ တပ်ဆင်မှာ ဖြစ်သလို ခေတ်မှီ စပိဘုတ်တွေနဲ့ မော်တော်ဘုတ် တွေကိုလည်း ထားရှိသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင် ရဲစခန်းများ ကို “က”မှ “င” အထိ အဆင့်ခွဲကာ ဖွဲ့စည်းထားပြီး၊ “က” အဆင့်မှာ အမြင့်ဆုံး ဖြစ်ကာ ရဲသား အင်အား (၇၀) သတ်မှတ်ထားရှိသည်။ ၄င်း “က” အဆင့် ရဲစခန်းများကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ မောင်တောမြို့နယ် တောင်ပြို၊ တောင်ဂုတ်မြို့နယ် မအီနှင့် ဂွမြို့နယ် ကျိန်တလီတွင် တစ်ခုစီ ဖွင့်လှစ်ထားကြောင်း သူက ပြောသည်။

ယခု အဆိုပါ မဒေးကျွန်း၌ တရုတ်ပိုက်လိုင်း လုံခြုံရေးအတွက် ရဲသား ၁၀၀ ထားရန် ရာတားထားသည့် အတွက်ကြောင့် မဒေးကျွန်း ရဲစခန်းမှာ ရခိုင် ပြည်နယ်တွင် “က” အဆင့်လွန် အင်အား အကြီးဆုံး ရဲစခန်း ဖြစ်လာမည် ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

မဒေးကျွန်းတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီတို့ ပေါင်းဖက်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခုကို ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စတင် အကောင်အထည်ဖေါ် တည်ဆောက်လျက်ရှိသည်။

ဒေသခံပြည်သူများ၏ အဆိုအရ နအဖအာဏာပိုင်များနှင့် အဲရှားဝေါလ် ကုမ္ပဏီတို့ ပေါင်းဖက်ပြီး တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အဆိုပါ ကျွန်းပေါ်ရှိ ကျေးရွာများမှ နေအိမ် ၅၀ နီးပါးခန့်ကို ပြောင်းရွှေ့ ဖျက်ဆီးခဲ့ပြီး လယ်မြေဧက ၃၀ နီးပါးခန့်ကိုလည်း လျော်ကြေး တစုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းယူ ခဲ့ခြင်းကြောင့် ဒေသခံများ အကြား ၄င်းစီမံကိန်းနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

လက်ရှိ အချိန်တွင်လည်း ရခိုင်ပြည်နယ် ရေတပ်ဌာနချုပ်ကို ကျောက်ဖြူ မြို့နယ် သစ်ပုတ်တောင်တွင် ဖွင့်လှစ်ထားပြီး ကျောက်ဖြူတွင်လည်း စစ်တပ် တပ်ရင်း (၃)ရင်း တပ်စွဲထားသည်။

နအဖ စစ်အာဏာပိုင်များက တရုတ်၏ ဖိအားကြောင့် နောက်ထပ် ရခိုင် ပြည်နယ်တွင် လုံခြုံရေးကို ထပ်မံ တိုးချဲ့လာသဖြင့် အာဏာပိုင်များ၏ ကန့်သတ် ချုပ်ချယ်မှု များနှင့် ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပိုမို တိုးပွားလာမည်ကို ဒေသခံများက အထူး စိုးရိမ်နေကြသည်ဟု သိရှိရသည်။

နိရဉ္စရာသတင်းထောက် တာကလူး ရေးသားသည်။

“Ex Tiger Shark 3” စစ်ရေးလေ့ကျင့်မူ စတင်ပြီ

“Ex Tiger Shark 3” ဟု နာမည်ဝှက်ပေးထားသော ပူးတွဲ စစ်ရေးလေ့ကျင့်မူ တရပ်ကို အမေရိကန် စစ်တပ်နှင့် ဘင်္ဂလာဒေခ်ျ့ စစ်တပ်တို့မှ စစ်တကောင်း တောင်တန်းနယ်တွင် ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်မူကို ဇွန်လ ၂၀ ရက်နေ့က စတင်ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ယူအန်ဘီ သတင်းတွင် ဖေါ်ပြသည်။

ပူးတွဲ စစ်ရေးလေ့ကျင့်မူတွင် ဘင်္ဂလာဒေခ်ျ့ မှ စစ်တပ်၊ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အမေရိကန် စစ်တပ်နှင့် တလကျော်ကြာ လေ့ကျင့်သွားမည် ဖြစ်သည်။

စစ်ရေးလေ့ကျင့်မူတွင် တိုက်ခိုက်ရေး၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နည်း၊ ကွန်မဒို တိုက်ခိုက်နည်း များ အပါအ၀င် လေကြောင်း၊ ရေကြောင်း နည်းပညာရပ်များနှင့် တခြား စစ်ရေးဆိုင်များကို ပူးပေါင်း လေ့ကျင့်သွားမည် ဖြစ်သည်။

ယခုအခါ အဆိုပါ စစ်ရေးလေ့ကျင့်မူကို စစ်တကောင်းမြို့နှင့် မြန်မာ နယ်စပ် အနီးရှိ စစ်တကောင်း တောင်တန်နယ် ရန္ကာမတီရှိ ကာပတိုင် ဒေသတွင် ပြုလုပ်နေကြောင်း ISPR မှ ထုတ်ပြန်သော သတင်း ကျေညာချက်တွင် ဖေါ်ပြသည်။

အမေရိကန်နှင့် ဘင်္ဂလာဒေခ်ျ့စစ်တပ်တို့အကြား စစ်ရေး ပူးတွဲ လေ့ကျင့်မူများကို မကြာခဏ ပြုလုပ်နေပြီး လွန်ခဲ့သောနှစ် နိုဝင်္ဘာလကလည်း Tiger Shark အမည်ရှိသော ပူးတွဲ စစ်ရေး လေ့ကျင့်မူကို ပြု လုပ်ခဲ့သည်။

၎င်းပြင် ဘင်္ဂလာဒေခ်ျ့ အကြမ်းဖက်နှိမ်နှင်းရေး အထူး တပ်ဖွဲ့များအားလည်း စစ်ရေး သင်တန်းများ ပေးနေသည့် အပြင် ခေတ်မှီ လက်နက် ကရိယာများကိုလည်း အမေရိကန်မှ တပ်ဆင် ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်း ဝက်ဘ်ဆိုက် လွှင့်တင်

မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်း အဖွဲ့၏ www.mwja.org ဝက်ဘ် ဆိုက်ကို ဇွန်လ ၇ ရက်နေ့မှ စတင် ကာ လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက် တွင် မြန်မာ နိုင်ငံ စာနယ်ဇင်း အဖွဲ့မှ ဆောင်ရွက် ချက်များ၊ သတင်းများ နှင့် ကြေညာ ချက်များကို ဖော်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။ ”အခု ဝက်ဘ်ဆိုက် မှာတော့ စာပေ စာနယ်ဇင်း ၅ ကြိမ်မြောက် ညီလာခံ လုပ်တာရယ်၊ ရေရှားတဲ့ နေရာမှာ ရေလှူ ခဲ့တဲ့ အကြောင်း တွေ တင်ထား ပါတယ်။ စာပေ စာနယ်ဇင်းက ထုတ်ပြန် ထားတဲ့ ကြေညာချက်တွေ ကိုလည်း တင် ထားပါတယ်” ဟု ဝက်ဘ်ဆိုက် စီစဉ် သူက ပြောသည်။ အဆိုပါ www.mwja.org ဝက်ဘ်ဆိုက် ကို ဇွန်လ ၂၈ ရက်တွင် ကြည့်ရှု သူပေါင်း ၃၄၀၀ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။

ငွေဆောင်တွင် တည်ဆောက် နေသည့် အဆင့်မြင့် ဈေးကြီး အောက်တိုဘာလတွင် ဖွင့်လှစ်မည်

ငွေဆောင်တွင် တည်ဆောက်လျက် ရှိသော အဆင်မြင့် ဈေးကြီးသည် ၂၀၁၀ အောက်တို ဘာလတွင် ဖွင့်လှစ် နိုင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း ငွေဆောင် ကမ်းခြေရှိ ဟိုတယ် လုပ်ငန်း ရှင်များ အသင်း ငွေဆောင်ဇုန် ဘဏ္ဍာရေးမှူး ဒေါက်တာ အောင်ဌေးလင်း က ပြောသည်။ ငွေဆောင်မှာ ဈေးသစ်ကြီးကို မြို့ပတ်လမ်းနဲ့ ဆေးရုံ မျက်နှာချင်း ဆိုင်မှာ ဇန်နဝါရီလ လောက် ကစပြီး တည်ဆောက် နေတာပါ။ အခု မိုးတွင်းလည်း ဆောက်နေပါ တယ်။ အောက်တိုဘာလ လောက်ဆို ပြီးစီး နိုင်တဲ့ အခြေအနေ ရှိပါတယ်။ အခု ငွေဆောင်မှာ ဈေးမရှိ သေးပါဘူး။ ဆိုင်ခန်းလေး တွေနဲ့ ရောင်းနေ ကြတာပဲ ရှိတယ်။ အခုလို ဈေးကြီး ဆောက်လိုက်တဲ့ အတွက်ကြောင့် ဟိုတယ် လုပ်ငန်းရှင်များ အသင်း နဲ့ ငွေဆောင်မှာ ရှိတဲ့ ဒေသခံတွေ လည်းဝမ်းသာနေ ကြတယ်ဟု ၄င်းက ပြောသည်။ပုသိမ်ခရိုင် ငွေဆောင်တွင် ယခင်က ဈေး မရှိသည့် အတွက် ဒေသ ထွက် ပစ္စည်း များကို ရောင်းချ လိုလျှင် ရောင်းချစရာ နေရာ မရှိသည့် အတွက် အခြား မြို့နယ် များသို့ သွားရောက် ရောင်းချ ရသည်။ ယခု အချိန်တွင် အဆင့်မြင့်ဈေး ဆောက်လုပ်သည့် အတွက် အရောင်း အဝယ် လုပ်ငန်းများ အဆင်ပြေ လာနိုင် မည်ဖြစ်ပြီး၊ မြို့အင်္ဂါရပ် နှင့် လည်း ညီညွတ် လာမည် ဖြစ်သည်။ အဆိုပါ ဈေးကို ပုသိမ် မြို့နယ်ရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ ဆောက်လုပ်ပြီး၊ လူများပါ နေထိုင် နိုင်ရန် စီစဉ် ထားရှိမည် ဖြစ်ပြီး၊ ၆ ပေ ပတ်လည် အခန်း ၆၀ နှင့် ၁၀ ပေ ၁၅ ပေ ပတ်လည် အခန်း ၆၀ ပါရှိမည် ဖြစ်သည်။ ဈေးကော်မတီ ရုံးခန်းက ဖွင့်၍ ဆိုင်ခန်းများ ကြိုတင် ရောင်းချ နေပြီ ဖြစ်သည်။

ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်း ဝင်ရောက် ဖွယ်ရှိ

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက် တွင်းသို့ ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ ဝင်ရောက် လာဖွယ် ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) တွင် ဇွန်လ ၁၇ ရက် နေ့က ကျင်းပ ပြုလုပ်သည့် မြန်မာ - ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ်များ အဖွဲ့ တွေ့ဆုံ ဆွေးနွေး ပွဲသို့ တက်ရောက် ခဲ့သူ တစ်ဦးက ပြောကြား သည်။ ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် လာမေးကြတာ။ လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက် အနေ အထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြခဲ့တယ်ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (ဖွဲ့စည်းဆဲ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်းသို့ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက် လာပါက အထူး သဖြင့် အလုပ်အကိုင် အခွင့် အလမ်း နှင့် နည်းပညာများ ပိုမို အဆင်ပြေ စေနိုင်မည် ဖြစ်ကြောင်း၊ ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့မှ နေ၍ အခြား စီးပွားရေး လုပ်ငန်းများ နှင့် အတူ နောက်ဆက်တွဲ အနေဖြင့် အိမ်၊ ခြံ၊ မြေ အခန်း ကဏ္ဍ ကိုလည်း ပူးတွဲ ရင်းနှီး မြှုပ်နှံ သွားရန် ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။ အိမ်၊ ခြံ၊ မြေ အခန်းကဏ္ဍက ချန်ထားလို့ မရ တဲ့ ကိစ္စပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာမယ် ဆိုရင်တော့ နှစ်ဦး နှစ်ဖက် အကျိုး ရှိနိုင်တယ်ဟု မဏ္ဍိုင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဒါရိုက်တာ ဦးသန်းဦးက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ ဘဏ်တစ်ခု ဖြစ်သော ဗီယက်နမ် ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး ဘဏ် (Bank of Investment and Development of Vietnam) ဘဏ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ် နိုင်ရန် အတွက် လျှောက်ထားပြီး ဖြစ်ကြောင်း မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) တွင် ပြုလုပ် သော ဗီယက်နမ် - မြန်မာ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၀ ၌ BIDV ပြခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ BIDV ဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားဆဲ ဖြစ်သော်လည်း BIDV ကိုယ်စားလှယ် ရုံးကိုမူ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ Ruby Land ဟိုတယ်တွင် ဖွင့်လှစ်ပြီး ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ ဘဏ်ခွဲ ဘယ်တော့ စဖွင့်မယ် ဆိုတာ ကိုတော့ မပြောနိုင်သေး ပါဘူး။ လျှောက်ထား ဆဲပဲ ရှိပါ သေးတယ်ဟု ၄င်းက ဆိုသည်။ ဘဏ်ခွဲ ဖွင့်လှစ်ရန် နှင့် လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် သတင်း အချက် အလက်များ စုဆောင်းနေကြောင်း ၄င်းက ဆိုသည်။ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များ နှင့် တွေ့ဆုံခြင်း၊ စီးပွားရေး သတင်း အချက် အလက်များ စုဆောင်း ခြင်းသာ ရှိနိုင်ပြီး ဘဏ်ခွဲ ကဲ့သို့ ဘဏ်လုပ်ငန်း ဆိုင်ရာများ လုပ်ဆောင်၍ မရနိုင်ကြောင်း ဘဏ် လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူ ဦးဝင့်ကျော်က သုံးသပ် ပြောကြားသည်။

BIDV ကိုယ်စားလှယ်ရုံး အနေဖြင့် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှု မြှင့်တင်ခြင်း နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ် များတွင် အထောက် အကူ ရမည် ဖြစ်ကြောင်း ဗီယက်နမ်မှ လာသော The Voice of Vietnam သတင်းတွင် ဖော်ပြ ထားသည်။ ဗီယက်နမ် ဝန်ကြီးချုပ် ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံဘဏ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန် လွှာကို လက်မှတ် ရေးထိုး ခဲ့ရာ ယင်းတွင် ဗီယက်နမ် နိုင်ငံတော် ဘဏ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ရေး တို့လည်း ပါဝင်သည်။ BIDV ဘဏ်ခွဲကို အမေ ရိကန် ဒေါ်လာသန်း ၅၀ ရင်းနှီး မြှုပ်နှံ၍ ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀ဝ၇ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ဗီယက်နမ် နိုင်ငံ၌ ဘဏ်ခွဲ ၁၆၀ ကျော် ရှိသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု အပိုင်းတွင် ရေလုပ်ငန်းကို အဓိက ရည်ရွယ် ဆောင်ရွက် သွားရန် ရှိကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ် အချို့တွင် ဖော်ပြပါရှိသည်။ ပြည်တွင်း အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများက ပြောကြား The Voice ဂျာနယ်တွင် ဖော်ပြထား သည်။

အောင်မင်္ဂလာကားဝင်း နှင့် ဘုရင့်နောင် ပွဲရုံတန်း လတ် တလော ကာလ တွင် ပြောင်းရွှေ့ရန် အစီအစဉ် မရှိသေး

အောင်မင်္ဂလာ အဝေးပြေး ကားဝင်း နှင့် ဘုရင့်နောင် ပွဲရုံတန်း တို့ကို လတ် တလောကာလတွင် ပြောင်း ရွှေ့ရန် အစီ အစဉ် မရှိသေး ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ သီရိမင်္ဂလာ ဈေးကြီး ပြောင်း ရွှေ့ရမည် ဟူသော သတင်းများ ထုတ်ပြန်ခဲ့ ပြီးနောက် အောင်မင်္ဂလာ အဝေးပြေး ကားဝင်း နှင့် ဘုရင့်နောင် ပွဲရုံတန်း တို့အား ပြောင်းရွှေ့ ရမည် ဆိုသော သတင်း တို့မှာ လူထု အကြား ပိုမို ပျံ့နှံ့ ကြီးထွား လာခြင်းဖြစ် သည်ဟု အောင်မင်္ဂလာ အဝေးပြေး ကားဝင်းရှိ အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်း တစ်ခု၏ တာဝန်ရှိသူက ဆိုသည်။ ”အခု လက်ရှိ အောင်မင်္ဂလာ အဝေးပြေး ကားဝင်း ဟာ မြန်မာနိုင်ငံ မှာ အကြီးဆုံး ဖြစ်သလို ယာဉ်လိုင်း တွေ ကလည်း တစ်ရာလောက် နီးပါး ရှိတယ်။ ဒီနေရာက ပြောင်းဖို့ဆို တာက တကယ်တမ်း မှာ အခက် အခဲတွေ အများကြီး ရှိတယ်။

ဥပမာ အခု ကားဝင်းထက် ယာဉ်အများကြီး ရပ်နိုင်တဲ့ နေရာက တော်တော်လေး ရှာရဦးမယ်။ နောက် တစ်ချက်က ခရီးသည် တွေရဲ့ သွားလာရေးပဲ။ အခုတောင် ဒီကနေ မြို့ထဲကိုသွား ဖို့ ကားက နာရီဝက်၊ တစ်နာရီ လောက် စီးရတာ။ ဒီထက် ဝေးတဲ့ နေရာကို ထပ်ပြောင်းဖို့ ဆိုတာက မလွယ်ဘူး။ နောက်ပြီး ကျွန်တော်တို့ကို ပြောင်းရွှေ့ရမယ်ဆိုတဲ့ တရားဝင် ညွှန်ကြားချက် မျိုးလည်း အခုထိ မပေးသေးဘူး။ ပြောင်းရမယ်၊ မပြောင်းရဘူး ဆိုတာတော့ ယတိ ပြတ်ပြောလို့ မရသေးဘူး။ သက်ဆိုင်ရာက ပြောင်းခိုင်း ရင်တော့ ပြောင်းရမှာပဲ” ဟု ၄င်းက ဆိုသည်။ ဘုရင့်နောင် ပွဲရုံတန်းမှ ပွဲရုံပိုင် ရှင်တစ်ဦးက ဘုရင့်နောင် ပွဲရုံတန်း တွင် ယာဉ်ကြော ပိတ်ဆို့မှု မကြာ ခဏ ဖြစ်ပွား နေသောကြောင့် လှိုင်သာယာ မြို့နယ်သို့ ပြောင်းရွှေ့ ရမည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း သက်ဆိုင်ရာမှ တရားဝင် အသိပေးခြင်း မရှိသေး ကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။

မလေးရှား နိုင်ငံ မှ ဧရာဝတီတိုင်း အတွင်း ရော်ဘာ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်

မြန်မာ နိုင်ငံ၏ ရော်ဘာ စိုက်ပျိုး ထုတ်လုပ် မှုတွင် ဝင်ရောက် လုပ်ကိုင်ရန် ပြည်ပ နိုင်ငံများမှ ကမ်းလှမ်း လေ့လာမှုများ ရှိနေပြီး ယခုအခါ မလေးရှား နိုင်ငံက ဧရာဝတီတိုင်း အတွင်း ရော်ဘာ စိုက်ပျိုးမှု ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းက ဆိုသည်။ ရော်ဘာစိုက် ကမ်းလှမ်း ထားသော နိုင်ငံ များတွင် ထိုင်းနိုင်ငံမှ တရားဝင် ကမ်းလှမ်းမှု ရှိထားပြီး ဗီယက်နမ် နိုင်ငံက စိုက်ပျိုးရန် လေ့လာ နေဆဲ ရှိသေးကြောင်း သိရသည်။ မြန်မာ နိုင်ငံတွင် နိုင်ငံပိုင် ရော်ဘာခြံ များနှင့် ပုဂ္ဂလိကပိုင် ရော်ဘာ ခြံများ စုစုပေါင်း စိုက်ဧက ၁၁၄၃၀ဝ ကျော် ရှိနေပြီး နှစ် ၃၀ စီမံကိန်း အရ လာမည့် ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် စိုက်ဧက တစ်သန်းခွဲ စိုက်ပျိုးရန် ရှိသည်ဟု ဆိုသည်။ ရော်ဘာကို တနင်္သာ ရီတိုင်းနှင့် မွန်ပြည်နယ် တို့တွင် အဓိက စိုက်ပျိုးပြီး ကရင် ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် တို့တွင်လည်း စိုက်ပျိုးမှု များရှိသည်။ ယခင်က မြန်မာ့ ရော်ဘာကို မလေးရှားသို့ အများဆုံး တင်ပို့ခဲ့ပြီး ယခုအခါ တရုတ်သို့ အများဆုံး တင်ပို့ နေရသည်။ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ တို့ သည်လည်း ရော်ဘာ ကုန်ကြမ်း များ တင်ပို့လျက် ရှိသည်ဟု ဆို၏။ ပြီးခဲ့သည့် ၂၀ဝ၉-၂၀၁၀ ဘဏ္ဍာနှစ်က ပြည်ပသို့ ရော်ဘာ တန်ချိန် ၇၃၀ဝ၀ ကျော် တင်ပို့ နိုင်ခဲ့သော်လည်း ကမ္ဘာ့ ဈေးကွက် ပေါက်ဈေးထက် ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း ကြား လျော့၍ ဈေး ရရှိ ခဲ့သည်ဟု ဆိုသည်။

ဈေးကြီးများ အတွင်း ဖယောင်းတိုင် နှင့် အမွှေးတိုင်များ ထွန်းညှိ သုံးစွဲခြင်း ခွင့်မပြုတော့

ဈေးကြီးများ အတွင်း ဈေး မီးလောင်မှုများ ဖြစ်ပွား နေသဖြင့် ကြိုတင် ကာကွယ်ရန် ဖယောင်းတိုင် နှင့် အမွှေးတိုင်များ ထွန်းညှိ သုံးစွဲ ခြင်းကို ယခုလမှ စတင်၍ လုံးဝ ခွင့်မပြုတော့ကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။ယခုအခါ အဆိုပါ အစီအစဉ်ကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ လက်အောက်ရှိ စည်ပင် ဈေးကြီး များတွင် စတင် အကောင် အထည်ဖော် ဆောင်ရွက် နေပြီး ဈေးသူ ဈေးသား များအား ဈေးဖွင့်ချိန် အတွင်း ဖယောင်းတိုင် နှင့် အမွှေး တိုင်မီး များ လုံးဝ သုံးစွဲခြင်း မပြုရန် နှင့် လျှပ်စစ်မီး များအား စနစ် တကျသုံးစွဲ ရန် ဈေး တာဝန်ခံ များမှ တစ်ဆင့် ညွှန်ကြား ထားကြောင်း၊ ထိုသို့ မီးဘေး ကြိုတင် ကာကွယ်မှု အစီအမံ များကို မလိုက်နာ ပါက ရန်ကုန်မြို့ တော်စည်ပင်မှ ထိရောက်စွာ အရေး ယူသွားမည်ဟု သိရသည်။ ထို့အပြင် အခြား ပြည်နယ် နှင့် တိုင်းများရှိ ဈေးကြီးများ တွင်လည်း ဖယောင်းတိုင် နှင့် အမွှေးတိုင်များ ဈေး အတွင်း ထွန်းညှိ သုံးစွဲခြင်း မပြု စေရန် အတွက် သက်ဆိုင် ရာက စီစဉ် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း မီးသတ် ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

”ဈေးတွေမှာ ဈေးသည်တွေ က ဘာသာရေး အရ မီးပူဇော်တာ တို့၊ အမွှေးတိုင် ထွန်းတာတို့ လုပ်ကြ တယ်။ ပြီးတော့ မေ့ပြီး မငြှိမ်းကြ ဘူး။ အခု သက်ဆိုင်ရာ အဖွဲ့အစည်း တွေက ဒီလို သုံးစွဲခွင့် မပြုဘူး ဆိုပြီး စီစဉ် လိုက်တာ မီးဘေး အန္တရာယ် အတွက် ကြိုတင် ကာကွယ် ပြီးသား ဖြစ်သွား တာပေါ့။ အထူးသဖြင့် နယ် က ဈေးတွေမှာ ဆို ဒါမျိုး ပိုလုပ်သင့် တဲ့အပြင် ဈေးထဲမှာ ချက်ပြုတ် စား သောက်တာမျိုးတွေ ရှိတဲ့အတွက် ပိုပြီး သတိထား သင့်ပါတယ်ဟု ၄င်းက ထပ်လောင်း ပြောကြားကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာ့ သဘာဝ ဓာတ်ငွေ့ အကြီးဆုံး ဝယ်သူဖြစ်ရန် တရုတ်မှန်း

မြန်မာ နိုင်ငံမှ စွမ်းအင် လိုအပ်ချက် ရှိနေ သော ဒေသတွင်း အိမ်နီးချင်း တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ သွယ်တန်းလျက် ရှိသည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု ပြီးဆုံးမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာ့ သဘာဝ ဓာတ်ငွေ့ အကြီးဆုံး ဝယ်ယူသည့် နိုင်ငံ အဖြစ် ရောက်ရှိရန် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံက မျှော်မှန်း လျက် ရှိကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံပိုင် သတင်းဌာန တစ်ခု၏ အဆိုအရ သိရသည်။ လက်ရှိ အချိန်တွင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းတွင် အကြီးဆုံး ဝယ်ယူသည့် နိုင်ငံအဖြစ် ရပ်တည် နေသည်မှာ ထိုင်းနိုင်ငံ ဖြစ်ပြီး ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ရုရှား၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ ကုမ္ပဏီ များလည်း လာရောက် ရင်းနှီး မြှုပ်နှံလျက် ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ကို အနောက်နိုင်ငံ အချို့က စီးပွားရေး ပိတ်ဆို့လျက် ရှိနေသည့်တိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ကဏ္ဍသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များစွာ စီးဝင်သည့် ကဏ္ဍ တစ်ရပ် ဖြစ်နေကြောင်း ယင်းသတင်းတွင် ဆက်လက် ဖော်ပြ ထားသည်။ ဇွန်လ အတွင်းတွင်လည်း ငလှိုင်တွင်း ဒေသရှိ ကုန်းတွင်း ရေနံ တူးဖော် ထုတ်လုပ်ရေး (PSCF) လုပ်ကွက်ကို နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ North Peth-Chem Corporation (NPCC) တို့ ပူးပေါင်း၍ တူးဖော် ထုတ်လုပ်မည် ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ ပြည်တွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့တင်ပို့ခြင်းနှင့် ထုတ်လုပ်ခြင်း အတွက် နှစ်ဦး နှစ်ဖက် တရားဝင် သဘောတူညီချက် တစ်ရပ်ကို နေပြည်တော်တွင် ဇွန်လ ၁၆ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ယင်းစာချုပ် အရ မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုကို ဖြတ်သန်း တင်ပို့ရန် ရည်ရွယ်ကြောင်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။ ၂၀ဝ၈-၂၀ဝ၉ ခုနှစ် မတ်လနှင့် ဧပြီလ နှစ်လ အတွင်း ထိုင်း နိုင်ငံသို့ မြန်မာ့ သဘာဝ ဓာတ်ငွေ့ တင်ပို့သည့် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ ဖြစ်ပြီး ၂၀ဝ၉-၂၀၁၀ ခုနှစ် မတ်လမှ ဧပြီလ အတွင်းတွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံသာ တင်ပို့ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

မြန်မာနိုင်ငံတွင် ကမ်းလွန် ရေနံ လုပ်ကွက် သုံးခုနှင့် ကုန်းတွင်း ရေနံလုပ်ကွက် ၁၉ ခုတွင် ရေနံစိမ်း စည်ပေါင်း ၃၂ ဘီလီယံနှင့် သဘာဝ ဓာတ်ငွေ့ ပမာဏ ၉၀ ထရီလီယံ ကုဗပေ ထွက်ရှိလျက် ရှိကြောင်း အစိုးရ လုပ်ငန်းများက တရားဝင် ထုတ်ဖော် ပြောကြားသည်။ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသည် လတ်တလောတွင် နိုင်ငံ၏ အကြီးဆုံး ကမ်းလွန် လုပ်ကွက်နှစ်ခုမှ ဓာတ်ငွေ့များကို ဝယ်ယူလျက် ရှိကြောင်း သိရသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ အနောက် တောင်ပိုင်း ၆ ဒသမ ၇ ကီလိုမီတာမှ စတင်ကာ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည် နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အထိ သွယ်တန်းမည် ဖြစ်ကြောင်း၊ ပိုက်လိုင်းကို အပိုင်း လေးပိုင်းခွဲကာ အရှည် ၇၉၂ ဒသမ ၅ ကီလိုမီတာ အရှည်ရှိ ပိုက်လိုင်းများ ဆက်ကာ တည်ဆောက်သွားမည် ဖြစ် ကြောင်း၊ပိုက်လိုင်း သွယ်တန်း ဖြတ်သန်းရာ တစ်လျှောက်တွင် ရထားလမ်း ဖြတ်ကျော်ခြင်း ၁၀ နေရာ၊ အဝေးပြေး လမ်းမကြီးပေါ်မှ ဖြတ်ကျော်ခြင်း တစ်နေရာ၊ အဆင့်ကျော် လမ်းမကြီး ဖြတ် ကျော်ခြင်း ၂၅ နေရာ၊ အခြား လမ်းဖြတ်ကျော်ခြင်း ၁၁၈ နေရာနှင့် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ရန် လုပ်ငန်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ယင်းပိုက်လိုင်းမှ တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် လေးသိန်း တင်ပို့မည် ဖြစ်ကြောင်း မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၏ တရားဝင် သတင်း ထုတ်ပြန်ချက်များ အရ သိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။

တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခိုင်း

လာမည့်ရွေးကောက်ပွဲအတွက် နယ်မြို့များတွင် အိမ်ထောင်စုအလိုက် မဲပေးနိုင်သူများ ဦးရေစာရင်းတွင် စစ်အစိုးရ လက်အောက်ခံ အသင်းဝင်များအဖြစ် တအိမ်လျှင် တယောက်နှုန်း ထည့်သွင်းရန် ညွှန်ကြားထားကြောင်း အဆိုပါစာရင်းကောက်ခံသူထံမှ စုံစမ်းသိရှိရသည်။

“တအိမ်မှာ ကြံ့ဖွံ့ဝင်ထားသူ ရှိလား၊ အခြားအသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာက လူတွေရှိလား ဆိုတာတွေလည်း မေးခိုင်းတယ်။ အဲဒီအသင်းအဖွဲ့တွေရဲ့ အသင်းဝင်တွေ တအိမ်တယောက် ပါရမယ်လို့ ညွှန်ကြားထားတယ်။ အစိုးရ လက်အောက်ခံ အသင်းဝင် တစ်ခုခုဖြစ်ရင်ပြီးရောပေါ့” ဟု မွန်ပြည်နယ် ရေးမြို့နယ်အတွက် စာရင်းကောက်ခံပေးသူ ဝန်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ယင်းကဲ့သို့ ကောက်ခံရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြံ့ခိုင်ရေးအသင်းဝင်အပြင် အစိုးရ လက်အောက်ခံ အသင်းအဖွဲ့များ ဖြစ်သော မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ ပြည်သူ့စစ်၊ စွမ်းအားရှင်၊ ကြက်ခြေနီ၊ မီးသတ်၊ အရန်မီးသတ်တပ်ဖွဲ့၊ ကျေးရွာနှင့် ရပ်ကွက်ကောင်စီအဖွဲ့ဝင်တို့ကိုလည်း ထည့်၍ရကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

“အိမ်အများစုက ဒီအဖွဲ့ထဲ ဝင်ထားတာ မဟုတ်တော့ ကြံဖန်လုပ်ရတာပေါ့။ အနည်းဆုံးတော့ အရန်မီးသတ်တို့၊ ကြက်ခြေနီတို့၊ ကြံ့ဖွံ့တို့ရဲ့အသင်းဝင်တွေလို့ ဒီအတိုင်း ထည့်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် မဲပေးနိုင်သူစာရင်းကို ဇွန်(၂၆) ရက်မှ စတင်ကောက်ယူလျက်ရှိပြီး နိုင်ငံခြားတိုင်းပြည်များသို့ ရောက်ရှိနေသူများကို စာရင်းသွင်းရန် မလိုအပ်ကြောင်း သိရသည်။

“လက်ရှိ နေအိမ်မှာ မဲပေးနိုင်တဲ့စာရင်းပဲ ကောက်ခိုင်းတာ။ နိုင်ငံခြားရောက်နေတဲ့သူတွေကို ဒီစာရင်းမှာ မထည့်ခိုင်းဘူး။ ရေးမြို့နယ်မှာ နိုင်ငံခြားရောက်နေတဲ့လူဦးရေက များတယ်လေ။ အခုကောက်တဲ့စာရင်းက အခြားဌာနဆိုင်ရာက ရှိပြီးသား စာရင်းတွေနဲ့ သိပ်မကွာသွားအောင်တော့ ကြည့်လုပ်ရတာပေါ့။ ဥပမာ ကျန်းမာရေးမှာ ပေါက်တဲ့စာရင်းနဲ့ အုပ်ချုပ်ရေးက ရှိပြီးသားစာရင်းတွေနဲ့ ကိုက်အောင်တော့ လုပ်ရမယ်လေ၊ မကွာရဘူးပေါ့” ဟု အဆိုပါစာရင်းကောက်ခံသူ ၀န်ထမ်းက ပြောကြားသည်။

နိုင်ငံရပ်ခြား ရောက်ရှိနေသူများကို လိုအပ်ပါက ခရီးသွားနေသူ စာရင်းတွင်သာ ထည့်သွင်းစေပြီး ထိုသူများအနေဖြင့် ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ လာရောက် စာရင်းပေးနိုင်ကြောင်း မြို့နယ်/ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးများတွင် ကြေညာထားသည်။

အချက်အလက်များအနေဖြင့် အမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ အဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ အစရှိသော ပုံစံစာရွက်တစောင်တွင် ဖြည့်စွက်ရမည်ဖြစ်သည်။

နအဖစစ်အစိုးရသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာချိန်၌ တနိုင်ငံလုံး မဲပေးနိုင်သူ ဦးရေ (၂၇) သန်းကျော် ရှိသည့်အနက် မဲပေးခဲ့သူပေါင်း (၂၆.၇) သန်း ကျော်ရှိကြောင်း ဖော်ပြထားသည်။

ခေတ်ပြိုင်,သတင်းထောက် ၀ီရ ရေးသားသည်။

ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ရန် ချဉ်းကပ်

နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံလိုက်သည့် ယခင် အန်ဒီအေ အဖွဲ့ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းကို ကချင်ပါတီတခု တည်ထောင်ရန် စစ်အစိုးရက ကမ်းလှမ်းနေကြောင်း မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “စစ်အစိုးရဘက်က ကမ်းလှမ်းတာတော့ သိတယ်။ ဒါပေမယ့် ဦးဆခုံတိန့်ယိန်းက လက်ခံ လက်မခံ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီများကို တည်ထောင်ခွင့်ပြုနေသော်လည်း ကချင်ပြည်နယ်မှ ကချင်ပါတီ (၂) ပါတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင်ပါတီ (၁) ပါတီ စုစုပေါင်း (၃) ပါတီကို စစ်အစိုးရက ယနေ့ထက်တိုင် ပါတီတည်ထောင်ခွင့် ချမပေးသေးပေ။

ယခုကဲ့သို့ ပါတီ တည်ထောင်ခွင့် မရသည့်အပေါ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံ စာရေးတင်ပြ တောင်းဆိုထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်သည့်ပါတီများကြောင်း ပြည်တွင်းပြည်ပမှ ထင်မြင်လာစေရန် စစ်အစိုးရက ၎င်းတို့သြဇာညောင်းသူများကို ပါတီများ ဖွဲ့နိုင်ရန် အစီစဉ်တကျ လုပ်ခဲ့ကြောင်း၊ ယင်းအထဲတွင် တိုင်းရင်းသားပါတီများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။

၎င်းက “ခုလည်း ကချင်ပြည်သူတွေကို တကယ်စည်းရုံးနိုင်တဲ့ ကချင်ပါတီတွေကို ပါတီတည်ထောင်ခွင့်မပြုဘဲ သူတို့ သြဇာညောင်းတဲ့ ဦးဆခုံတိန့်ယိန်းကို ပါတီထောင်ဖို့ ချဉ်းကပ်နေတာဖြစ်တယ်။ အကယ်၍ အခြား ကချင်ပါတီတွေကို ပါတီထောင်ခွင့်မပေးဘဲ ဦးဆခုံတိန့်ယိန်းကိုပဲ ပါတီတည်ထောင်ခွင့် ပြုလိုက်ရင် ပထမတချက် ကချင်အချင်းချင်း သွေးကွဲမယ်။ ဒုတိယတချက် ဦးဆခုံတိန့်ယိန်းအဖွဲ့ကိုလည်း ကချင်ပြည်သူတွေက မထောက်ခံတော့ တစညတို့၊ ကြံ့ဖွံ့တို့ကပဲ မဲတွေ ခွဲဝေယူသွားလိမ့်မယ်။ နောက်ဆုံး ကချင်ပြည်နယ်မှာ ပြည်သူတွေကို စည်းရုံးနိုင်တဲ့ နိုင်ငံရေးပါတီတခု ပေါ်ပေါက်လာမှာကိုလည်း တားဆီးပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်နေတာ” ဟု ရှင်းပြသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် စသည့်သူများ အပါအဝင် မြန်မာနိုင်ငံရေးသမားများနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များလည်း ပါဝင်ခွင့်မရရှိပေ။

ဥပဒေနှင့်ညီညွတ်သည့် ကချင်ပါတီများကို ယခုကဲ့သို့ ပါတီတည်ထောင်ခွင့် မပေးခြင်း၊ ရွေးကောက်ပွဲကော်မရှင်က တရားမျှတမှု မရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းအမျိုးမျိုး ချမှတ်ခြင်း၊ စာနယ်ဇင်းများကို ပိုမို ဖိနှိပ်လာခြင်းတို့ကြောင့်လည်း အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပြည်တွင်း၌ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကချင်နိုင်ငံရေးပါတီများ စည်းရုံးခွင့် မရှိနိုင်သေးသည့် ကချင်ပြည်နယ်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့က ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း ရှာဖွေစည်းရုံးမှုများကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နေ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

ခေတ်ပြိုင်,သတင်းထောက် လင်းနိုင်ဦး ရေးသားသည်။

တရုတ်လုပ်ကားများ ဦးပိုင်က ရောင်းချ

ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ဇွန် (၂၆) ရက်မှ (၂၈) ရက်ထိ ပြုလုပ်သော မော်တော်ယာဉ်နှင့် နေထိုင်မှုဆိုင်ရာ ပြပွဲတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တရုတ်နိုင်ငံမှ တင်သွင်းသောကားများကို ပြသရောင်းချခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့အားမာန် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းတို့ ပူးပေါင်းကာ အဆိုပါကားများကို ရောင်းချခြင်းဖြစ်သည်။

ပြပွဲတွင် တာဝန်ယူနေသော ၀န်ထမ်းတဦးက “ပထမ စပြတဲ့နေ့မှာပဲ စိတ်ဝင်စားသူတွေရော၊ ၀ယ်ချင်သူတွေရော များပါတယ်။ တရုတ်က တင်သွင်းတာပါ၊ ဒီမှာပဲ ပြန်ဆင်တာပါ။ စက်ရုံကတော့ ရွှေပြည်သာစက်မှုဇုန်မှာရှိပါတယ်” ဟု ပြည်တွင်းသတင်းမီဒီယာများကို ပြောကြားသည်။

ရောင်းချသည့်ကားအမျိုးအစားမှာ CHARIOT MICRO BUS (a) MPV မော်တော်ယာဉ်အမျိုးအစားဖြစ်ပြီး ရောင်းဈေးမှာ ကားအမျိုးအစားအလိုက် ဈေးကွာကြောင်း သိရသည်။

“G1 ကို သိန်း (၆၃၀)၊ G2 ကို သိန်း (၅၈၀) နဲ့ G3 ကို သိန်း (၅၃၀) သတ်မှတ်ထားတယ်။ အော်ဒါမှာရင်တော့ (၂) လခွဲလောက် ကြာပါမယ်။ အခုကတော့ ကားအလုံအလောက် မရှိသေးပါဘူး” ဟု အရောင်းတာဝန်ခံတဦးက ပြောသည်။

အဆိုပါကားမှာ ဓာတ်ဆီအသုံးပြု ယာဉ်အမျိုးအစားဖြစ်ပြီး ကားဝယ်ယူသူများကို အမည်ပေါက်ပြုလုပ်ပေးသည်ထိ တာဝန်ယူကြောင်း၊ ထို ယာဉ်အမျိုးအစားထုတ်လုပ်သော ကားထုတ်လုပ်ရေး လုပ်ငန်းအမည်ကို ရမ္မာမြန်မာဟု အမည်ပေးထားကြောင်း သိရသည်။

ကားနံပါတ်များကို ၄ဂ/.......နံပါတ်များချပေးမည်ဖြစ်ကြောင်း အရောင်းဝန်ထမ်းများက လာရောက်ကြည့်ရှုသူများကို ရှင်းပြပေးသည်။

ခေတ်ပြိုင်,သတင်းထောက် မျိုးချစ်သူ ရေးသားသည်။

ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်

ပြီးခဲ့သည့်လအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကကဒုံးလက်အောက်ခံ ဒုံးတပ်ရင်း အသစ်များကို ဖွင့်လှစ်ခဲ့ပြီး ဒုံးလက်နက်နှင့် ဆက်စပ်ယာဉ်များအား ရန်ကုန်ရှိ အမှတ် (၁) ယမ်းသိုလှောင်ရေး တပ်ရင်းမှ သက်ဆိုင်ရာ ဒုံးတပ်ရင်း အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့တို့တွင် ဒုံးတပ်ရင်းများဖွင့်လှစ်ခဲ့ပြီး မေလကုန်ပိုင်း၌ တပ်ရင်းတခုလျှင် အနည်းဆုံး ဒုံးပစ်ခတ်ယာဉ် (၅) စီးစီ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ပျဉ်းမနားနှင့် မန္တလေးအခြေစိုက် ပင်မယန္တရား တပ်ရင်းများတွင်လည်း အလားတူ ဒုံးယာဉ်နှင့် ဆက်စပ်ယာဉ်များ ရောက်ရှိထားပြီးဖြစ်ကြောင်း ကကကြည်း ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “မြောက်ကိုးရီးယားလုပ်တွေပဲ။ လေးလပိုင်းက ရန်ကုန်ဆိပ်ကမ်းကို ရောက်လာပုံရတယ်။ မေလလောက်မှ ဒတရ (ဒုံတပ်ရင်း) တွေကို ရန်ကုန်ကနေ ဖြန့်ခွဲတာ။ (၁၂၂) မမ၊ အတွဲလိုက်ပစ် ဒုံးအမျိုးအစားတွေလို့ ဆိုတယ်။ ယာဉ်တွေပေါ်ကနေ ပစ်ရတဲ့ ရွှေ့ပြောင်းဒုံးပစ်စနစ် အမျိုးအစား။ မြေပြင်က ဝေဟင်ပစ်လား၊ မြေပြင်ပစ်လား ဆိုတာတော့ မရှင်းလင်းဘူး” ဟု ပြောသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်မြောက်ဘက် (၁ဝ) မိုင်ကျော်အကွာတွင် ဒုံးတပ်ရင်းတခု ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အဆိုပါစခန်းတွင် တပ်အဆောက်အဦ ဆောက်လုပ်ပြီးစီးကာ စစ်သားများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း မိုးညှင်းဒေသခံတဦးက ပြောသည်။

၎င်းက “မိုးညှင်းကနေ ဘီလူးမြို့ဖြတ်ပြီး တာမခံ-ဖားကန့် တက်တဲ့လမ်းပေါ်မှာ၊ ဆည်ဇင်းကျေးရွာ မရောက်ခင်မှာ တပ်တည်နေတာ (၄ ၊ ၅) လလောက်ရှိပြီ။ အဆောက်အဦတွေ ဆောက်ပြီးလို့ စစ်သားတွေလည်း ရောက်နေကြပြီ။ အဲဒီအတွက် လယ်မြေသိမ်းတာတွေ မရှိဘူး။ အခုတော့ အဲဒီလမ်းဘက် သွားလာတာ နည်းနည်းခက်သွားတယ်။ စစ်တပ်ရှိတော့ စစ်ဆေးတာတွေ လုပ်လာတာပေါ့” ဟု ပြောသည်။

တပ်မတော် အင်အားတောင့်တင်းအောင် ခေတ်နှင့်အညီ ခေတ်မီလက်နက်များ တပ်ဆင်ရသည်ဟု နအဖ စစ်ဗိုလ်ချုပ်များက ယူဆနေပြီး ပြည်သူလူထု ဆင်းရဲကျပ်တည်းနေချိန်တွင် ယခုကဲ့သို့ လက်နက်များ တပ်ဆင်နေခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်-မြန်မာစစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “သူတို့အာဏာ တည်မြဲဖို့အတွက် စစ်တပ်တွေ၊ လက်နက်တွေတိုးချဲ့ပြီး လူထုတွေ၊ လူမျိုးစုအဖွဲ့အစည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို ခြိမ်းခြောက်နေတဲ့သဘောပဲ။ ဒီစစ်တပ်ကလည်း လူထုထဲက မွေးဖွားလာတဲ့ မိသားစုဝင်တွေ ဖြစ်နေတဲ့ အောက်မှာ အနည်းအများဆိုသလို လူထုရဲ့ဒုက္ခကို သူတို့လည်း ခံစားရတယ်။ တတိုင်းပြည်လုံးရဲ့ ကျန်းမာရေး၊ ပညာရေး နိမ့်ကျနေတဲ့အောက်မှာ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးတွေသာ ထူးပြီး ခံစားရပေမယ့် အောက်ခြေကတော့ ပြည်သူတွေနဲ့တန်းတူ ဒုက္ခကို ခံစားရတယ်။ ဒါကြောင့် ဘယ်လို လက်နက်ပဲရှိနေပါစေ၊ ဒီစစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်တွေလည်း ကျဆင်းနေတယ်” ဟု ပြောသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့တွင် တိုင်းပြည်ကုန်ထုတ်လုပ်မှု (GDP) ၏ (၁) ရာနှုန်းမျှ မသုံးစွဲဘဲနေချိန်၌ စစ်ရေးကဏ္ဍတွင် ဂျီဒီပီ၏ (၄ဝ) ရာခိုင်နှုန်းကျော် သုံးစွဲနေသည်ဟု နိုင်ငံတကာ စောင့်ကြည့်ရေး လွတ်လပ်သည့်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

ခေတ်ပြိုင်,သတင်းထောက် ပေါက်ပေါက် ရေးသားသည်။

သေနတ်ပစ်ခတ်မှုကြောင့် မူစယ်တွင် လူတစ်ဦးသေဆုံး

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက် မန်ဝိန်းရဲကင်းအနီးတွင် လွန်ခဲ့သည့်တစ်ပတ်က ညအချိန် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။
၎င်းပစ်ခတ်မှုတွင် မူဆယ်ဒေသခံ အသက် (၅၀) အရွယ် ဦးလီစော့ ဆိုသူ သေနတ်ဒဏ်ရာ ၃ ချက်ထိမှန် သေဆုံးခဲ့ ကြောင်း သိရသည်။

“အဲဒီနေရာနားမှာက မူးယစ်ဆေးဝါး အရောင်းအ၀ယ် ဖြစ်တဲ့နေရာ မူးယစ်ဆေးဝါးကိစ္စကြောင့် ပစ်သတ်သွားတာ ဖြစ်နိုင် တယ် ပစ္စတိုသေနတ်နဲ့ပစ်တာ ၃ ချက်မှန်ပြီး ပွဲချင်းပြီးသေသွားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုအချိန်အထိ သေနတ်ပစ်ခတ်သူ တရားခံအား ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ လက်နက်ကိုင်ဆောင်သူသည် အာဏာ ပိုင်များ ကျောထောက်နောက်ခံပြုထားသော လက်နက်ကိုင်အဖွဲ့တစ်ခုခုနှင့် ပတ်သက်ဖွယ်ရှိကြောင်း ဒေသခံများ ထင် ကြေးပေး ပြောဆိုသည်။

မူစယ်လုံခြုံရေး ၀န်ထမ်းတစ်ဦးက အဆိုပါသေနတ်ပစ်ခတ်မှု ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသော်လည်း အသေး စိတ် ပြောရန် ငြင်းဆိုကြသည်။

လွန်ခဲ့သည့်နှစ်က မူစယ်မြို့ စွမ်စော်ရပ်ကွက်အတွင်း ဗုံးများရှာဖွေတွေ့ရှိခဲ့သေးကြောင်းလည်း သိရသည်။

ဝ နယ်မြေ မူးယစ်ဆေးဝါး မီးရှို့ပွဲ နအဖ အာဏာပိုင်မတက်ရောက်

ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၀ ဌာနချုပ်မြို့တော် ပန်ဆန်း၌ ၅ ကြိမ်မြောက် မူးယစ် ဆေးမီးရှို့ဖျက်ဆီးပွဲကျင်းပရာ ဧည့်သည်တော်နှင့် ပရိတ်သတ်ထောင်ချီတက်ရောက်သော်လည်း ဖိတ်ကြား ထားသည့် နအဖအာဏာပိုင်များ တက်ရောက်ခြင်းမရှိကြောင်း စုံစမ်းသိရှိရပါသည်။

“မူးယစ်ဆေး မီးရှို့ပွဲက ၀ ပြည်နယ် မြို့ကြီး ၄ ခုမှာ လုပ်တယ်၊ ပန်ဆန်းဌာနချုပ်မှာ အကြီးကျယ်ဆုံး၊ တရုတ်အာဏာပိုင် တွေ သတင်းမီဒီယာတွေ အများအပြားတက်ရောက်တယ်။ နအဖဘက်ကတော့ မတွေ့ရဘူး”- ဟုအခမ်းအနားတက်ရောက် သူ ဒေသခံတဦးက ပြောပါသည်။



ဂျွန် ၂၆ ရက် မနက် ၇း၁၅ မှ ၉း၃၀ အထိ ကျင်းပသော ၅ ကြိမ်မြောက် ၀ နယ် မူးယစ်မီးရှို့ပွဲအခမ်းအနား၌ ဒုဥက္ကဌ ကျောက်ဝင်ကွမ်းက အဖွင့်အမှာစကားနှင့် မူးယစ်မီးရှို့ဖျက်ဆီးပြွဲုပလုပ်ရခြင်းအကြောင်းပြောကြား ပြီးနောက်နယ်စပ် တရုတ်အာဏာပိုင်တဦးက ပုံထားသောမူးယစ်ဆေးများနှင့် အထောက်အကူပြုကုန်ကြမ်း များကို မီးရှို့ဖျက်ဆီးကြောင်း - ကြားသိရပါ သည်။

မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ ၀ ပြည်သွေးစည်းရေးပါတီ ဒုဥက္ကဌ ရှောက်မင်လျံ၊ ဒုဥက္ကဌ ကျောက်ဝင်ကွမ်း၊ ဒုစစ်ဦးစီး ချုပ် ကျောက်ကြုံးတန်း၊ စီးပွားရေးတာဝန်ခံ/ဘဏ္ဍာရေးမှူး ပေါက်ယိုလျန် နှင့် အခြားခေါင်းဆောင်များတက်ရောက် ကြ၏။

ထို့ပြင် တရုတ်ပြည် မိုင်းလျဲမ်း၊ လန်ချန်း၊ ချန်းယွန်၊ ချင်းရုန့်မြို့နယ်များမှ တရုတ်အာဏာပိုင်များ၊ တရုတ်သတင်း မီဒီယာများအပါအ၀င် ပရိတ်သတ် ၂၀၀၀ ကျော် တက်ရောက်ကြ၏။

သို့သော် ဖိတ်ကြားထားသည့် လားရှိုးနှင့် တြိဂံတိုင်းအခြေစိုက် နအဖအာဏာပိုင်များမှာမူ တက်ရောက်ခြင်း မရှိဟုလည်း သိရ၏။

“အရင်တုန်းကဆို စစ်တိုင်းမှူးတွေမတက်ရင်တောင် စစ်ဗျူဟာမှူးတွေတက်သေးတယ်။ အခုက လားရှိုးကော၊တန့်ယန်း ကကော တယောက်မှရောက်မလာဘူး၊ နအဖ စစ်အုပ်စုက ၀ တွေရဲ့ လုပ်ရပ်ကို အသိအမှတ်မပြုဘူး ဆိုတဲ့သဘော” - ဟု ပန်ဆန်းရောက် လေ့လာသူ/ခရီးသွားတဦးက ပြောပါသည်။

ယခုနှစ် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ယာဘဆေးပြား ၁ သန်းကျော်၊ ဘိန်းမဲ ၁၀ ပိဿာ၊ ဘိန်းဖြူ ၂၀ကီလို ကျော်၊ ဘိန်းဆီ ၁ ကီလိုကျော်၊ ဓါတုဆေးရည် ၁ ကီလိုနှင့် မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် ဆိုင်ရာပစ္စည်း အများအပြားတို့ဖြစ်သည်ဟုလည်း သိရ၏။

UWSP/UWSA ဒုဥက္ကဌ ကျောက်ဝင်ကွမ်း၏ အဖွင့်အမှာစကားတွင်-‘၀ နယ်တွင် ၂၀၀၅ ခုနှစ်ကတည်းက မူး ယစ်ကင်း စင်နယ်အဖြစ်သတ်မှတ်ပြီးဖြစ်သောကြောင့်၊ ကင်းစင်နယ်မြေအဖြစ် အကောင်အထည်ဖော်ဆောင်မှု အောင်မြင်စေရန် အကူအညီပေးခဲ့သည့် တရုတ်ပြည်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် UN, NGO တို့အား အထူးကျေးဇူးတင်ကြောင်း’ ပြောကြားခဲ့သည်ဟု ဆိုသည်။

၂၀၀၉-၂၀၁၀ အတွင်း မူးယစ်ဆေးဝါးအမှုဖြင့်ဖမ်းဆီးထားသူဦးရေ ၁၀၀ ကျော်ကြောင်း၊ ၀ နယ်တည်ဆဲဥပဒေ အရ မူးယစ်မှုဖြင့် သေဒဏ်စီရင်ခြင်းမရှိကြောင်း ၀ အာဏာပိုင်တဦးက ပြောပါသည်။

တာဝေးပစ် အမြောက်များ တရုပ်ထံမှ မြန်မာစစ်တပ် ထပ်ဝယ်

မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလတတိယပတ် အတွင်းဝယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစားတရုတ်လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီသတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ မြန်မာအာဏာပိုင်များနှင့် စာချုပ်ချုပ်ခဲ့ကြောင်း သိရသည်။

၁၅၅ မီလီမီတာ အမြောက်ကြီး (www.militarypictures)

ယခု ၀ယ်ယူသည့် အမြောက်ကြီးများအား မြန်မာစစ်တပ် အမြောက်တပ်မများတွင် အသုံးပြုတပ်ဆင်သွားမည် ဖြစ်၏။ မြန်မာစစ်တပ်တွင် အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ အမြောက်များလည်း ၀ယ်ယူတပ်ဆင်ထားကြောင်းလည်း သိရသည်။

မြန်မာစစ်တပ်က အမြောက်ကြီးစခန်းဋ္ဌာနချုပ်များ အပါအ၀င် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ ကို ၂၀၀၂ မှ စတင် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လိုအပ်သည့် လက်နက်ခဲယမ်းများဖြည့်တင်းရန် နိုင်ငံခြားတိုင်းပြည်များမှ ၀ယ်ယူနေခြင်းဖြစ်သည်။

၎င်းအပြင် ယခုနှစ်အတွင်း တရုတ်လုပ် K8 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ်များ ၀ယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၅၇၀ တန်ဖိုးရှိသည့် ရုရှားနိုင်ငံမှ MIG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ၀ယ်ယူခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ၀င်ငွေ အများစုသည် ရေနံနှင့်သဘာဝ ဓါတ်ငွေတူးဖေါ်ခြင်းမှ ရရှိနေပြီး အဆိုပါဝင်ငွေ၏ ၆၀ ရာခိုင်နှုန်း ခန့်ကို မြန်မာစစ်တပ် စစ်အသုံးစာရိတ်အတွက် အသုံးချနေကြောင်း နိုင်ငံတကာလေ့လာရေးအဖွဲ့များက ခန့်မှန်း ကြသည်။


ဗိုလ်ချုပ်ထွန်းကြည် အတ္ထုပ္ပတ္တိ အရောင်းသွက်

စစ်တပ် အာဏာသိမ်း ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်ချုပ်ဟောင်း ထွန်းကြည်၏ “နှစ် (၅၀) ကျော် ကိုယ်တွေ့များ” အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်သည် စာအုပ် ဈေးကွက်တွင် အရောင်းသွက် စာရင်းဝင် ဖြစ်နေကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းကြည်နှင့် သူ၏ အတ္ထုပ္ပတ္တိစာအုပ် မျက်နှာဖုံး (ဓာတ်ပုံ - On Asia)

“ဗိုလ်ထွန်းကြည် (မုံရွာ)” ကလောင် အမည်ဖြင့် မုံရွေး စာအုပ်တိုက်မှ ထုတ်ဝေခြင်း ဖြစ်ပြီး မူရင်း တန်ဘိုးမှာ ၅၀၀၀ ကျပ် ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ စာအုပ် အဟောင်း ရောင်းဝယ်သည့် ပန်းဆိုးတန်း ဈေးကွက်တွင် ၁၀၀၀၀ ကျပ် အထိ ရောင်းနေကြောင်း ရန်ကုန်မြို့မှ စာအုပ် ဖြန့်ချိသူ တဦးက ဧရာဝတီသို့ ပြောသည်။

“စာအုပ်က အဲဒီလောက် ရောင်းရမယ် မထင်ဘူး။ ခဏလေးနဲ့ ပြတ်မယ်လို့ မထင်ဘူး” ဟု ၎င်းက ဆိုသည်။

စာအုပ်ကို နှစ်တွဲခွဲ၍ ထုတ်ဝေမည်ဖြစ်ပြီး ယခု ထွက်ရှိလာသော ပထမတွဲတွင် ဗိုလ်ချုပ် ထွန်းကြည်၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကို ဖြတ်သန်းခဲ့ရမှုများ ပါဝင်သည်။

ယခု အသက် ၇၂ နှစ်ရှိ ဗိုလ်ချုပ်ဟောင်း ထွန်းကြည်သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သည့် အာဏာသိမ်း ခေါင်းဆောင်များတွင် ဗိုလ်ချုပ် ချစ်ဆွေပြီးလျှင် ဒုတိယမြောက် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ရေးသားသူဖြစ်သည်။

စာအုပ်ကို ဖတ်ရှုခဲ့သူ စာနယ်ဇင်းသမား တဦးက “ဦးနေ၀င်းရဲ့ အနားမှာ တပ်ကလူတွေ သေနတ်တကားကားနဲ့ လုပ်နေတာကို အဖွဲ့အစည်း တခုက မကြိုက်ဘူး။ သူတို့ပဲ သစ္စာရှိတယ်လို့ထင်တယ်။ အဲဒီ အဖွဲ့အစည်း အခုတော့ မရှိတော့ဘူး” ဟု ထောက်လှမ်းရေးအဖွဲ့ကို ရည်ညွှန်း ရေးသားထားသည့် အကြောင်းအရာမျိုး ထိုစာအုပ်တွင် ပါကြောင်း ပြောပြသည်။

ထို့အပြင် ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း မန္တလေးမြို့၏ လူထုလှုပ်ရှားမှုကို သက်သက်ညှာညှာ ကိုင်တွယ်ခဲ့ကြောင်း၊ စစ်တပ်အတွင်း စစ်ဆင်ရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ လွဲချော်မှုများကိုလည်း ဗိုလ်ချုပ် ထွန်းကြည် တိုင်းမှူး အာဏာရရှိပြီးနောက်ပိုင်း ပြုပြင်ခဲ့ကြောင်း ထည့်သွင်း ရေးသားထားသည်ဟု သိရသည်။

အတ္ထုပ္ပတ္တိ စာအုပ်သည် စာမျက်နှာ ၄၃၃ မျက်နှာပါရှိပြီး ပထမအကြိမ်အဖြစ် အုပ်ရေ ၇၀၀ ရိုက်နှိပ် ထုတ်ဝေကြောင်း၊ စာအုပ်မှာ အရောင်းရ သွက်သည့်အတွက် ထပ်မံ ပုံနှိပ်နေကြောင်း ရန်ကုန်မြို့၊ ၄၅ လမ်းရှိ မုံရွေးစာပေဖြန်ချိရေးက ပြောသည်။

ယခုစာအုပ်တွင် ဗိုလ်ချုပ် ထွန်းကြည်၏ ဂျပန်ခေတ် အတွေ့အကြုံ၊ ရောင်စုံသူပုန်ခေတ်တွင် စစ်တပ်သို့ ၀င်ရောက်ခဲ့ပြီး ဗိုလ်သင်တန်း တက်ရောက်ခဲ့ခြင်းနှင့် တပ်တွင်းတာဝန်ထမ်းဆောင်ခဲ့သည့် အခြေအနေ၊ အမေရိကန်နိုင်ငံသို့ အမြောက်ဆက်သွယ်ရေး အရာရှိသင်တန်း သွားရောက်တက်ခဲ့ပုံ၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ကျောင်းသားအရေးအခင်း၊ ၁၉၆၄ ခုနှစ် ၅၀ ကျပ်တန်နှင့် နှင့် ၁၀၀ ကျပ်တန်များကို အာဏာသိမ်း တော်လှန်ရေး ကောင်စီက တရားဝင်ငွေအဖြစ်မှ ရပ်စဲခြင်းနှင့် တိုက်ပွဲအတွေ့အကြုံများ ကိုရေးသားထားသည်။

ဗိုလ်ချုပ်ထွန်းကြည်သည် ၁၉၈၈ ခုနှစ် မန္တလေးမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်တဦးဖြစ်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) လက်ထက်တွင် ကုန်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းကြည်သည် လာဘ်စားသည်ဟုသော စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မောင်လှ၊ ဗိုလ်ချုပ် မျိုးညွန့်၊ ဗိုလ်ချုပ် စိန်အောင် စသည့် စစ်ဗိုလ်ချုပ်များနှင့်အတူ အငြိမ်စားပေးခြင်း ခံရသည်။

ကုန်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူစဉ်က “ဂရုဏာ ဖောင်ဒေးရှင်း” အမည်ရှိ လူမှုရေးအသင်းကို ဖွဲ့စည်းကာ ရာသက်ပန် နာယကအဖြစ် တာဝန်ယူခဲ့သည်။

ယနေ့ခေတ်တွင် တပ်မတော် အငြိမ်းစားအရာရှိကြီး အတော်များများက ကိုယ်တွေ့ အဖြစ်အပျက်များဟု ဆိုကာ စာအုပ်များရေးသားလာရာ ယင်းတို့၏ စာအုပ်များတွင် စစ်တပ်အတွင်း အဖြစ်အပျက် အခြေအနေနှင့် တဦးနှင့် တဦးအကြား ပြဿနာများ ပါဝင်မည်၊ မပါဝင်မည်ကို သိလိုသည့်အတွက် စိတ်ဝင်စားကာ ၀ယ်ယူသူ များပြားကြောင်း ရန်ကုန်မြို့ခံ စာနယ်ဇင်းသမားတဦးက ပြောသည်။

သို့သော် စစ်အရာရှိကြီးများ အနေဖြင့် စာအုပ်ထုတ်ဝေရာတွင် စာပေစိစစ်ရေးကိုသာမက ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး (ကကပြည်) သို့ပါ တင်ပြရသည့်အတွက် စစ်တပ်အတွင်းမှ လျှို့ဝှက်ချက်များ ပါရန် ခဲယဉ်းသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မကြာသေးမီကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစားပေးခံရသည် ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကိုကိုကျော်က “တာဝန်ကျေခဲ့ပါပြီ” ဟု အမည်ပေးထားသည် စာအုပ်ကို “စစ်နွေ” ဟူသော ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေရာ အရောင်းသွက်စာရင်း ၀င်ခဲ့သည်။

ဗိုလ်မှူးကြီး ကိုကိုကျော်၏ စာအုပ်တွင် ၁၉၈၈ ခုနှစ်မတိုင်မီက တပ်မတော်သားများကို ယခုခေတ်ထက်စာလျှင် ပြည်သူလူထုက ပိုမို ချစ်ခင်ကြောင်းကို အရိပ်အမြွက် ထည့်သွင်းရေးသားခဲ့သည်။

အတွေ့အကြုံများကို ပြန်လည်ရေးသားခဲ့သည့် စစ်ဘက် အရာရှိကြီးများမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး (သခင်အောင်ကြီး-ပေါင်းတည်)၊ ဗိုလ်မှူးကြီးဟောင်း တင်မောင် (မြတ်ထန်)၊ ဗိုလ်မှူးကြီးဟောင်း စောမြင့် (မှူးသမိန်နှင့် ယိမ်းနွဲပါး) ဗိုလ်မှူးကြီးဟောင်း ခင်မောင်သောင်း (မိုးမိုးတာရောစံ)၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး တာဝန်ယူခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း သန်းတင်၊ သစ်တောရေးရာ ၀န်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်မှူးကြီးဟောင်း သောင်းဝေ (သောင်းဝေဦး)၊ မြို့တော်ဝန် ဦးကိုလေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးစိုးညွန့် (ထီလာစစ်သူ) တို့ ဖြစ်သည်။

ဧရာဝတီသတင်းထောက် ရန်ပိုင် ရေးသားသည်။

စာပေစိစစ်ရေး နိုင်ငံရေး သတင်းများကို ပိုမို တင်းကျပ်

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ တွဲဖက် ညွှန်ကြားရေးမှူး အဖြစ် တပ်မတော်ရေ ဒုဗိုလ်မှူးကြီး မျိုးမြင့်မောင် ရောက်လာပြီး နောက်ပိုင်း သတင်းဂျာနယ် များတွင် နိုင်ငံရေး သတင်း ဖော်ပြမှုများ ပိုမို စိစစ် တင်းကျပ်လာကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မေလကုန်ပိုင်းက စပြီး စိစစ်ရေးကို တွဲဘက်ညွှန်မှူးအဖြစ် ရောက်လာတာ။ သူက အရင် ဗိုလ်မှူးတင့်ဆွေ တယောက် တည်း လက်ထက်က လစ်ကွက်၊ ဟာကွက်တွေကို ဖြည့်ဖို့လို့ ပြောတယ်” ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

သတင်း ဂျာနယ်များ အနေနှင့် ယနေ့မှစတင်ကာ စာပေစိစစ်ရေးသို့ နောက်ဆက်တွဲအဖြစ် တင်သည့် သတင်းများကို ဂျာနယ် စာမျက်နှာ ၂ မျက်နှာသာ ပေးတော့မည် ဖြစ်ကြောင်း၊ ထို နောက်ဆက်တွဲ စာမျက်နှာများတွင် နိုင်ငံရေးသတင်း လုံးဝ ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။ ယခင်က စာပေစိစစ်ရေးသို့ တင်ပြသည့်အခါ နောက်ဆက်တွဲစာမျက်နှာ ၃ မျက်နှာအထိ တင်သွင်းခွင့် ရှိသည်။

“သတင်းစာမှာ ဖော်ပြခဲ့တဲ့ အရင်တပတ်က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ကောက်နုတ်ပြီး ပြန်ဖော်ပြတာတောင် စိစစ်ရေးက မပေးဘူး” ဟု ဂျာနယ် အယ်ဒီတာ တဦးက စိစစ်ရေး၏ တင်းကျပ်မှုနှင့် ပတ်သက်သည့် ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ဒုဗိုလ်မှူးကြီး မျိုးမြင့်မောင်မှာ တွဲဘက် ညွှန်ကြားရေးမှူး တာဝန် ယူထားသော်လည်း ဗိုလ်မှူးတင့်ဆွေနှင့် ရာထူး အတူတူပင် ဖြစ်ကြောင်း၊ မေလဆန်းမှစတင်၍ ရုံးထိုင် စစ်ဆေးနေသည့် ဒုဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို ရွေးကောက်ပွဲနှင့် ပတ်သက် သည့်သတင်းများ၊ နိုင်ငံရေး သတင်းများ၊ ဆောင်းပါးများအား အဓိက စိစစ်ဖြတ်တောက်ရန် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန် သတင်းလောကတွင် ပြောဆိုနေကြသည်။

“နောက်ဆက်တွဲ စာမျက်နှာမှာ နိုင်ငံရေး သတင်းတွေ မပေးတော့ဘူးလို့ အတိအလင်းပြောတယ်။ တရားဝင် ထုတ်ပြန်တာတော့ မဟုတ်ဘူး။ ရုံးဝန်ထမ်းတွေက တဆင့် စိစစ်ရေး သွားတင်တဲ့ အယ်ဒီတာအဖွဲ့ဝင်တွေကို ပြောတာ။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အင်တာဗျူးတွေ၊ ပါတီဖွဲ့စည်းမှု သတင်းတွေကို စတင်တဲ့ ရှေ့ပြေး စာမျက်နှာတွေမှာ တခါတည်း ထည့်ရင် ထည့်ထား၊ နောက်မှ ထည့်လို့ မရတော့ဘူးဆိုတဲ့ သဘောပဲ။ ရှေ့ကဟာ ပြုတ်သွားရင် နောက်တက်လာတဲ့ နိုင်ငံရေး သတင်းနဲ့ လဲလှယ် ထည့်လို့ မရတော့ဘူးပေါ့” ဟု သတင်း ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

ဦးမြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည့် နိုင်ငံရေးသတင်းများကို အသားပေးဖော်ပြလျှက်ရှိသော Monitor ဂျာနယ်ကို စာပေစိစစ်ရေးက ဖြတ်တောက်လိုက်ရာ စာမျက်နှာ ၄ မျက်နှာသာ ကျန်ရှိတော့သဖြင့် ဂျာနယ် ထုတ်ဝေ၍မရဘဲ ယခုတပတ် ဂျာနယ် နားလိုက်ရသည်ဟုလည်း သတင်းဂျာနယ် လောကသားများက ပြောဆိုနေကြသည်။

ယခင်က စာစစ်မှူး ၃ ဦးပါ အဖွဲ့ငယ် ၄ ဖွဲ့ဖြင့် စိစစ်ခဲ့ရာ ဂျာနယ်တစောင်နှင့် တစောင် စိစစ်သည့် စာစစ်မှူး ကွဲပြားသောကြောင့် ကြည့်ရှုစိစစ်သည့် အဖွဲ့ငယ်၏ သဘောထား ပျော့ပျောင်း၊ တင်းမာမှု အပေါ် မူတည်၍ ဂျာနယ် တစောင်နှင့် တစောင် သတင်း ဖော်ပြခွင့်များ ခြားနားခဲ့သည်။ ယခုအခါ စာစစ်မှူး ၁၂ ဦး စလုံးကို ဒု ဗိုလ်မှူးကြီးမျိုးမြင့်မောင်က စိစစ်ရေး မူဝါဒ တပြေးညီ ချပေး၍ သတင်းဂျာနယ် အားလုံးကို ကိုင်တွယ် စစ်ဆေးစေမည် ဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ ရာထူးတိုးကာ ပြည်ထဲရေးဝန်ကြီးဌာ လက်အောက်ရှိ တခြားဌာနတခုသို့ ပြောင်းရွှေ့ရမည် ဆိုသော သတင်းများ ပေါ်ထွက်ခဲ့သေးရာ ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ယခင်လထုတ် 7day News ဂျာနယ်တွင် ၎င်းကိုယ်တိုင် အတိအလင်း ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရတက်လာသည့် ၁၉၆၂ ခုနှစ်နှောင်းပိုင်းမှ စ၍ စာပေစိစစ်ရေး ပေါ်ပေါက်လာခဲ့ပြီး အစိုးရ၏ မူဝါဒများကို မထိခိုက်စေရန် တင်းကျပ်စွာ ဖြတ်တောက် ပိတ်ပင်ခဲ့သည်။

သို့ရာတွင် တိကျပြတ်သားသည့် မူဝါဒ မရှိသောကြောင့် စာပေစိစစ်ရေးက ကင်းလွတ်ခွင့်ပေးကာ ဖော်ပြခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြဿနာ များစွာ တက်ခဲ့ခြင်းများ ရှိသည်။

၂၀၀၈ ခုနှစ် နှောင်းပိုင်းက တရားသူကြီးများ လာဘ်စားလျှင် အရေးယူမည်ဆိုသော သတင်းစာပါ ကြေညာချက်ကို ပြန်လည်ရေးသားဖော်ပြခဲ့သည့် News Watch ဂျာနယ်ပါ သတင်းကို စာပေစိစစ်ရေး၏ ခွင့်ပြုချက်အရ ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် သတင်းပါ ပုဒ်မမှားသည်ဟု ဆိုကာ သတင်းထောက် မနောထွန်းနှင့် အယ်ဒီတာ ဦးခင်မောင်အေးတို့ကို ထောင်ဒဏ် ၃ လစီ အပြစ်ပေး အရေးယူခဲ့သည်။

မြန်မာနိုင်ငံတွင် မဂ္ဂဇင်း ၂၅၀ နီးပါးနှင့် ဂျာနယ် ၂၀၀ ကျော်ကို ထုတ်ဝေခွင့် ပြုထားသော်လည်း စာနယ်ဇင်း အားလုံးသည် စာပေစိစစ်ရေးကို ဖြတ်သန်းပြီးမှသာ ရေးသားဖော်ပြခွင့်ရကြသည်။

လွတ်လပ်ခွင့်ကို လေ့လာစောင့်ကြည့်နေသည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (Reporters without Borders) က မြန်မာနိုင်ငံကို သတင်းလွတ်လပ်မှု အနည်းဆုံးဖြစ်သည့် နိုင်ငံ ၁၇၂ နိုင်ငံတွင် အဆင့် ၁၇၀ ၌ သတ်မှတ်ဖော်ပြခဲ့သည်။

ဧရာဝတီသတင်းထောက် မင်းနိုင်သူ ရေးသားသည်။

ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော

ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်၊ သတ်ဖြတ် မှုများကို မပြုလုပ် တော့ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက ကရင်ပြည်သူများကို ပြောကြားလိုက်သည်။

ဗိုလ်မှူးကြီး စောချစ်သူ (ဓာတ်ပုံ - sawkyawkhwi.blogspot.com)

ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကို ကျေးရွာတွင် တိုက်ပွဲ များကြောင့် သေဆုံး ခဲ့သော DKBA ခေါင်းဆောင် များနှင့် တပ်သား များအား အောက်မေ့ ဂုဏ်ပြုသော အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပရာ ဗိုလ်မှူးကြီး စောချစ်သူက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ယင်း အခမ်း အနားသို့ သွားတက်ခဲ့သူ ဦးမန်းက ဧရာဝတီသို့ ပြောသည်။

“ကရင် အမျိုးသား အချင်းချင်း တိုက်ခိုက် ပြီးတော့ ကျဆုံးရတာကို မြင်ရတာ သူစိတ် မကောင်း ဘူးတဲ့။ သူ့အနေနဲ့ ဆက်လက် ပြီးတော့ အဲဒီလို အချင်းချင်း သတ်ဖြတ်မှု၊ အချင်းချင်း တိုက်ခိုက်မှု တွေကို မလုပ်တော့ ပါဘူးလို့တော့ ပြောသွားတယ်” ဟု ဦးမန်းက ဆိုသည်။

ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောကြားချက်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး ဖဒို စောလှငွေက ကြိုဆိုလိုက်သည်။

“ပြည်သူတွေကို တိုင်တည်ပြီးတော့ ပြောတဲ့အခါကျတော့ ပြည်သူတွေက အားလုံး စောင့်ကြည့်နေမှာပဲ။ ကျနော်တို့ကတော့ ဒီလိုမျိုးပြောတာ ကောင်းသောပြောခြင်းပဲ၊ ဒါဟာ ကောင်းတဲ့ ဆန္ဒသဘောထားတွေပဲ၊ ကျနော်တို့ ကြိုဆိုပါတယ်။ တကယ်တမ်း အကောင်းအထည် ဖော်နိုင်အောင် ကြိုးစားသွားကြဖို့ပဲ လိုတယ်” ဟု ဖဒို စောလှငွေက ဆိုသည်။

ယင်း အခမ်းအနားသို့ DKBA တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျေးရွာ ဥက္ကဋ္ဌများ အပါအ၀င် လူဦးရေ တသောင်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုရှိ အမှတ် (၉၉၉) တပ်ရင်း အခြေစိုက် စစ်ဗျူဟာ အထူးတပ်ရင်း (၁၀၁) ၏ နယ်မြေတခု၌ ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက်ပိုင်း သေဆုံးခဲ့သော ခေါင်းဆောင်များနှင့် တပ်သားများကို ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပပေးခြင်း ဖြစ်သည်။ ယင်း နယ်မြေ တွင် အုတ်ဂူပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းသို့ ခွဲထွက်ပြီးနောက် DKBA သည် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်လာသည်။

စစ်အစိုးရက တောင်းဆိုသော နယ်ခြားစောင့် တပ်ဖွဲ့ရေး ကိစ္စကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန် လိုသူများ လည်းရှိကြောင်း သိရသည်။

DKBA အပေါ် သြဇာညောင်းသည့် ဆရာတော် ဦးသုဇနသည်လည်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံဟု DKBA အဖွဲ့ဝင် တချို့က ဆိုသည်။

သို့သော် DKBA ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဋ္ဌ ဦးသာထူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများနှင့် ရောယှက်ဖွဲ့စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များမှ သိရသည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

ငွေထုတ်ချေးပြီး ကြံ့ဖွံ့မဲဆွယ်

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် တချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၀င်များက ငွေကြေးချို့တဲ့ သူများနှင့် လယ်သမားများကို ငွေထုတ်ချေး၍ စည်းရုံး နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ ရန်ကင်းနှင့် ရန်ကုန် တောင်ပိုင်းခရိုင်ရှိ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့တွင် ငွေကြေးချို့တဲ့သူများနှင့် လယ်သမားများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကိုယ်စားလှယ် ဖြစ်လာဖွယ်ရှိသည့် ကြံ့ဖွံ့ အသင်းဝင်များနှင့် ရပ်ကွက် လူကြီးများက ထိုသို့ ငွေထုတ်ချေး စည်းရုံးနေခြင်း ဖြစ်သည်။

“အရင် ၃၊ ၄ ရက်လောက်က ရယက ဥက္ကဋ္ဌရယ်၊ ကြံ့ဖွံ့က လူတွေရယ် လမ်းတွေထဲဆင်းပြီး ဆင်းရဲတဲ့ တချို့ အိမ်တွေကို ငွေချေးမယ်ပြောတယ်။ ဘယ်လောက်ချေးမလဲ ဆိုတာတော့ တိတိကျကျမသိဘူး” ဟု ရန်ကင်း မြို့ခံတဦးက ဆိုသည်။

ကြံ့ဖွံ့ အသင်း၊ USDP ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ စစ်အစိုးရတို့ အကြား စနစ်တကျ စည်းခြားပေးရန် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) က မကြာသေးမီက ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့သည်။

UDPဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက “ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လို့ ထင်ရတဲ့သူတွေက မြို့နယ်တွေမှာ ငွေထုတ်ချေးတာတွေလုပ်နေတယ်” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်တဦးကလည်း “ကော့မှူးမြို့နယ်မှာ ဆိုရင် အဓိက လယ်သမားတွေကို တဧက ကျပ်တသောင်းနှုန်း ပုံစံမျိုးနဲ့ ထုတ်ချေးနေတယ်။၊ ၁၀ ဧက ကျော်ပေမယ့်လည်း တသိန်းထက်တော့ ပိုမပေးဘူးပေါ့” ဟု ဆိုသည်။

ကွမ်းခြံကုန်းမြို့နယ်တွင်လည်း လယ်သမားများကို ငွေထုတ်ချေး၍ ကြံ့ဖွံ့ အသင်းဝင်ရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း ဒေသခံ တဦးထံမှ သိရသည်။

အလားတူ ပူတာအိုမြို့နယ်ရှိ ဒေသခံများကိုလည်း USDPကို ရွေးကောက်ပွဲတွင် မဲပေးပါက ငွေကျပ် ၅၀၀၀ နှုန်း ပေးမည်ဟု မက်လုံးပေးမှုများ ရှိနေကြောင်း ကချင်သတင်းစဉ်က ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလတွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် မကွေးတိုင်းတို့ အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင် ပါတီဝင် စည်းရုံးမှုများကို USDP က ကျေးရွာ လူကြီးများမှ တဆင့် လုပ်ဆောင်ခဲ့သည်။

ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ကြံ့ဖွံ့အသင်း ခေါင်းဆောင်များဖြစ်သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တခြားသော ၀န်ကြီး ၂၆ ဦးနှင့် စစ်တပ်မှ အရာရှိတို့ စုစည်းကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် USDP ကို ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က USDPကို ဇွန်လ ၈ ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ် အသိအမှတ်ပြုခဲ့သည်။

USDP သည် ကြံ့ဖွံ့အသင်းကြီး၏ အမွေခံပါတီ ဖြစ်ပြီး ပါတီဝင် ဝန်ကြီးများသည် အစိုးဝန်ထမ်းမဟုတ်သော နိုင်ငံရေး တာဝန် ထမ်းဆောင်နေသူများ ဖြစ်သည်ဟု ကြံ့ဖွံ့ အတွင်းရေမှူး ဦးဌေးဦးက မေလ ၁၂ ရက်နေ့တွင် အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ ဆုံရာ၌ ပြောခဲ့သည်။

ဧရာဝတီသတင်းထောက် ကိုထွေး ရေးသားသည်။

ရန်ကုန်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးတော့မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တွင် လာမည့်လဆန်းမှ စတင်၍ လျှပ်စစ်မီး ၂၄ နာရီပေးမည်ဟု မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့ အကြီးတန်းအရာရှိတဦး အဆိုအရ သိရသည်။

ယင်းသို့ ၂၄ နာရီမီးပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညွှန်ကြားထားကာ ယင်းအတွက် ဇူလိုင်လကို သတ်မှတ်ကြောင်း သိရခြင်း ဖြစ်သည်။

’’ရွေးကောက်ပွဲကလည်း အားလုံး ကြားထားတဲ့အတိုင်းပဲ အောက်တိုဘာလို့ အကြမ်းအားဖြင့် သိထားပါတယ်။ ဒါက ပြောနေကြတာ အပြင်မှာလည်း ပြန့်နေပါပြီ။ အဲဒီအခါကျတော့ အစိုးရက ဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲရရှိဖို့အတွက် ၂၄ နာရီ မီးပေးဖို့ ကိစ္စကို လုပ်တာလို့ ထင်မိတယ်’’ ဟု အကြီးတန်း အရာရှိက ပြောသည်။

လက်ရှိတွင် ရန်ကုန်ရှိ ၄၅ မြို့နယ်တွင် မီးပေးချိန်ကို ပြီးခဲ့သည့်ဇွန်လ ၁၂ ရက်နေ့က စတင်ကာ ပြောင်းလဲထားရာ ယခင်ထက် ၆ နာရီ တိုးပေးထားသည့်အတွက် စုစုပေါင်း တနေ့လျှင် ၁၂ နာရီ ရရှိနေကြသည်။ အချို့မြို့နယ်များတွင် ၁၂ နာရီထက်ပိုကာ ရရှိကြသည်။

စမ်းချောင်းမြို့နယ်တွင်မူ တနေ့လျှင် ၁၈ နာရီခန့် မီးရရှိကြောင်း ၎င်းမြို့နယ် လက်ဆောင်ကုန်း (မြောက်) ရပ်ကွက်သားတဦးက ပြောသည်။

ရန်ကုန်မြို့အတွက် လိုအပ်သော မဂ္ဂါဝပ်မှာ ၆၈ဝ ခန့်ရှိသည့်အနက် ယခုပေးနေသော မဂ္ဂါဝပ်မှာ ၄၅ဝ ခန့် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

လက်ရှိပေးဝေမှုမှာ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့က ထုတ်လွှတ်သော ဓာတ်အားတို့ကို ၂ ခုပေါင်းကာ မဟာဓာတ်အားလိုင်းဖြင့် ပေးနေသည်ဟု ယင်းအကြီးတန်းအရာရှိက ပြောသည်။

လက်ရှိတွင် မြန်မာတနိုင်ငံလုံးအတွက် လျှပ်စစ်ထုတ်ဝေပေးနိုင်မှုမှာ ၆ဝဝ မဂ္ဂါဝပ်ကျော်သာ ရှိသေးသော်လည်း ရန်ကုန်အတွင်း လျှပ်စစ်ဓာတ်အားပေးမှုမှာ မဂ္ဂါဝပ် ၄၅ဝ ခန့် ရှိနေခြင်း ဖြစ်သည်။

လာမည့်လတွင် မြန်မာတနိုင်ငံလုံးအတွက် မဂ္ဂါဝပ် ၉ဝဝ ကျော် ထုတ်လုပ်နိုင်တော့မည်ဖြစ်သဖြင့် ရန်ကုန်ကို ၂၄ နာရီ မီးပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ကို ၂၄ နာရီ မီးပေးသည့်အချိန်တွင် ရန်ကုန်ရှိ စက်မှုဇုန်များကို တနေ့လျှင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ မီးပေးသွားမည်ဟုလည်း အမည်ဖော်လိုသူ အရာရှိကြီးက ပြောသည်။

ယခုလ ၁၆ ရက်နေ့မှ စတင်ကာ စက်မှုဇုန်များကို တနေ့လျှင် ၅ နာရီ မီးပေးလျက်ရှိကာ၊ ရန်ကုန်တွင် စက်မှုဇုန် ၁၉ ဇုန်ရှိပြီး ယင်းစက်မှုဇုန်များ လျှပ်စစ်မီး သုံးစွဲမှုမှာ မဂ္ဂါဝပ် ၉ဝ နီးပါးရှိသည်။

’’စက်မှုဇုန်တွေအားလုံး လည်ပတ်မှု မရှိဘူးလေ။ ရန်ကုန်မှာက အလုပ်ဖြစ်တယ်လို့ ပြောလို့ရတဲ့ စက်မှုဇုန်ကို ပြောပါဆိုရင်တော့ လှိုင်သာယာကိုပဲ ပြောရမှာ။ ကျန်တဲ့ ဇုန်တွေထဲမှာတော့ ရွှေပြည်သာ၊ သာဓုကန်၊ ဒဂုံအရှေ့ အဲဒါလောက်ပဲ နည်းနည်းပါးပါး လည်ကြတာ ရှိတယ်’’ ဟု စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူက ပြောသည်။

မဇ္ဈိမသတင်းထောက် ညိမ်းသူ ရေးသားသည်။

စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမှာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ်ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။
japanrefel2
တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရေးလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှူး Ms. Shikida နှင့် ရှေ့နေ Mr. Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။

ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့်အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။

ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်။
japanrefel1
“ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝမအိပ်ရဘဲ စစ်ကြောရေးလုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။

NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေးစခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေးစခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန်သော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။

“တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ်ဟုတ်သလား။ အောက်ခြေစစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပလျှောက်လဲကြတယ်” ဟု သူမက ပြောသည်။

ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန်အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာပရိသတ် ၃ဝဝ ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။

ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်အစစ်ခံခဲ့ကြသည်။

“ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှသာလျှင် နအဖ စစ်ခေါင်းဆောင်တွေအနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။
japanrefel
၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန်နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။

လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။

ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ်မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သိရသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

ဟိုတယ်ခရီးသွားများ ကားတင်သွင်းခွင့်ပြု

ချင်းမိုင် (မဇ္ဈိမ)။ ။ ဟိုတယ် ခရီးသွားလုပ်ငန်းသုံး မော်တော်ယာဉ် အစီး ၂၀၀ ကို ဟိုတယ်လုပ်ငန်းရှင်များအား မဲစနစ်ဖြင့် ခွဲဝေတင်သွင်းခွင့်ပေးသွားမည်ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ဗဟို) မှ အတွင်းရေးမှူး ဒေါက်တာနေဇင်လတ်က ပြောသည်။

ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းသုံး ကားအဟောင်းများလာခြင်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ကားအသစ်များ တင်သွင်း၍ ခွဲဝေပေးရခြင်း ဖြစ်သည်ဟုလည်း သူကဆိုသည်။

၂ဝ၁ဝ မော်ဒယ် ၁၅ ယောက်စီးနှင့် ၇ ယောက်စီး (ဘယ်မောင်း) ကားများကို ဂျပန်နိုင်ငံမှ ဝယ်ယူ တင်သွင်းမည်ဖြစ်ပြီး တနိုင်ငံလုံးရှိ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာ၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး ပါဝင်သည့် ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များအသင်း ၁ဝ ဇုံ မှ ဟိုတယ်လုပ်ငန်း ရှင် ၆ဝဝ ကျော်အား မဲဖြင့် ခွဲဝေပေးသွားမည်ဟု ဆိုသည်။

“ဟိုတယ် အလုံးရေ ၃ ဒသမ ၃ လုံးမှာ ၁ လုံး နှုန်းနဲ့ပေါ့နော်။ ဥပမာ ဟိုတယ် တဇုံမှာ ၃၃ လုံးရှိမယ် ဆိုလို့ရှိရင် သူတို့ဆီ ကား ၁ဝ စီး ချပေးမယ်။ အဲဒီမှာ မဲပြန်နှိုက်တယ်ပေါ့နော်။ အဲဒီစနစ်နဲ့သွားတာပါ” ဟု ဒေါက်တာနေဇင်လတ်က မဇ္ဈိမကို ပြောသည်။

ခရီးသွားလုပ်ငန်းများတွင် ဝန်ဆောင်မှုပေးနိုင်ရန် အဓိကထား အသုံးပြုရန်ရည်ရွယ်ပြီး ဦးပိုင်ကုမ္ပဏီက တာဝန်ခံ တင်ဒါခေါ်၍ နောက် ၂ လခန့်အကြာတွင် တင်သွင်းမည်ဟု သိရသည်။

ကားတန်ဘိုးကို ဒေါ်လာနှင့်ပေးချေရမည်ဟု သိရသော်လည်း ကားသွင်းခွင့်ရသူနှင့် ဦးပိုင်ကုမ္ပဏီ အကြား ဈေးညှိပြီးမှ တန်ဘိုးအတိအကျ သိရမည်ဟု သူကဆိုသည်။

ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များအသင်း ရန်ကုန်ဇုံ ဟိုတယ်လုပ်ငန်းရှင် ၁၆ဝ ကျော် ယခုလ ၂၄ ရက်နေ့က မဲနှိုက်ခွင့် ရရှိခဲ့သည်။ သို့သော် မည်သည့် ဟိုတယ်လုပ်ငန်းရှင်များ ရရှိသွားသည်ကိုမူ မသိနိုင်သေးကြောင်း ဒေါက်တာနေဇင်လတ်ကဆိုသည်။

ရန်ကုန်ဇုံရှိ ဟိုတယ်ပိုင်ရှင်များအား မဲစနစ်ဖြင့် ကားဝယ်ယူခွင့်အတွက် ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ဗဟို) ကပေးပို့သည့် ညှိနှိုင်းအစည်းအဝေး ဖိတ်စာတွင်မူ ဟိုတယ်လိုင်စင်ကြေး၊ အသင်းဝင်ကြေး ဆောင်ပြီးသူနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ဗဟို) နှင့် ရန်ကုန်ဇုန်သို့ ပေးရမည့် အကြွေး ကင်းရှင်းသည့် လုပ်ငန်းရှင်များသာ မဲနှိုက်ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မဲနှိုက်ခွင့်ရရှိ၍ ဝယ်ယူခွင့်ရရှိသူသည် ယခုလ ၃ဝ ရက် နောက်ဆုံးထား၍ ကြိုတင်ငွေ သိန်း ၅ဝ ကို ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းရုံးချုပ်သို့ ပေးသွင်းရမည်ဟု ဖော်ပြထားသည့် ဖိတ်စာပါ အစီအစဉ်ကို ကားရောက်ခါနီးချိန်မှသာ ပေးရတော့မည်ဟု ပြောင်းလဲလိုက်ပြီဖြစ်သည်။

ဝယ်ယူခွင့်ရရှိသူ ရန်ကုန်ဇုံ ဟိုတယ်ပိုင်ရှင်သည် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ဗဟို) သို့ ရန်ပုံငွေ အဖြစ် သိန်း ၂ဝ ထည့်ဝင်ရမည်ဖြစ်သည်။ ထို့ပြင် ၇ ဦးထိုင်ခုံပါ ကားအတွက် ရန်ကုန်ဇုန်သို့ သိန်း ၃ဝ ၊ ၁၅ ဦးခုံပါအတွက် သိန်း ၂ဝ ရန်ပုံငွေအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း ဖိတ်စာ၌ ဖော်ပြထားသည်။

ယင်းအစည်းအဝေးသို့ သွားတက်ရောက်သူ ဟိုတယ်လုပ်ငန်းရှင်တဦးကမူ ကားတစီးအတွက် ပေး သွင်းရမည့် ရန်ပုံငွေ များလွန်းခြင်း၊ ကာလပေါက်ဈေးကို တွက်ချက်ရန် ခက်ခဲခြင်းကြောင့် သဘော မကျသဖြင့် မဲမနှိုက်ခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခု မေ-စက်တင်ဘာအတွင်း တဦးချင်းလာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၉၉၄၄ ဦး ရှိရာမှ ၂ဝဝ၉ ခု တွင် နှစ်ဆခန့် တိုးလာပြီး ၃၄၁၆၈ ဦးရှိကြောင်း မြန်မာတိုင်းတွင် ဖော်ပြသည်။

ယခုနှစ် ဇန်နာဝါရီမှ မေလအထိ စုစုပေါင်း လာရောက်သူ ခရီးသွားဦးရေမှာ ၁၂၁၅၂၂ ဦးရှိပြီးဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားရေးလုပ်ငန်းဝန်ကြီးဌာန လုပ်ငန်းမြှင့်တင်ရေးဦးစီးအဖွဲ့ စာရင်းများအရ သိရသည်။

ဥရောပ၊ အမေရိက၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့်ကျွန်းနိုင်ငံများမှ အဓိကလာလည်ကြပြီး ထိုင်းနိုင်ငံ က အများဆုံးဖြစ်၍ ယခုနှစ် ဇန်နာဝါရီ-မေ ၅ လအတွင်း ၂၄၄ဝ၁ ဦးရှိ သည်။ တရုတ်က ဒုတိယလိုက် ပြီး ၁၂၈၅၁ ဦး ရှိသည်။


မဇ္ဈိမသတင်းထောက် ဖနိဒါ ရေးသားသည်။

ဒေါ်စုထံ ရွှေခမောက်ပို့သူ ထောင်ထဲတွင် ကျန်းမာရေး ဆိုးရွား

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဖျာပုံထောင်တွင် ပြစ်ဒဏ် ၆ နှစ် ကျခံနေရသော မန္တလေးအရှေ့တောင်မြို့နယ် အန်အယ်ဒီ ပါတီဝင် ကိုရွှေမောင်းသည် ကျန်းမာရေးညံ့ဖျင်းနေသဖြင့် ဆေးဝါးကုသမှု လိုအပ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။

ကိုရွှေမောင်းသည် ရင်ဘတ်နှင့် ကျောပြင်များ အမြဲအောင့်နေပြီး အိပ်မပျော်သည့် ဝေဒနာပါ ခံစားနေရသဖြင့် ကျန်းမာရေး စစ်ဆေးပေးရန်နှင့် ဆေးဝါးကုသမှု ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ဗိုက်ထဲကနေ အောင့်အောင့်ပြီးတော့ တချက်တချက် နာတယ်။ အိပ်မပျော်တဲ့ ညတွေလည်း များတယ်။ ကိုရွှေမောင်းက ဆေးကုသမှု ခံချင်တယ်။ သူ့အနေနဲ့ ဘာရောဂါဆိုတာ သိချင်တယ်။ ကျမကို မပြောဘူးလားလို့ မေးတယ်။ ကျမက အထက်ထိ စာတင်ထားတယ်၊ ဘာမှ ကျမတို့ကို ပြန်ပြောတာ မရှိဘူးလို့ ပြောခဲ့တယ်။ အခုဟာက ကိုရွှေမောင်းက အသည်းလား၊ နှလုံးလား၊ ကျောက်ကပ်လားဆိုတာ ဘာမှ မသိရဘူး။ ဘာရောဂါမှန်း မသိတဲ့အတွက် ဘာဆေးမှ ဝယ်မပေးနိုင်ဘူး ဖြစ်နေတယ်” ဟု ကိုရွှေမောင်း၏ ဇနီး ဒေါ်သန်းသန်းဝင်းက ပြောသည်။

ဒေါ်သန်းသန်းသည် ယခုလ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံထောင်သို့ ထောင်ဝင်စာ သွားတွေ့ခဲ့သည်။

“သူ့ကို တွေ့ရတဲ့ ပုံက အားမရှိတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အိပ်ရေးကလည်း ပျက်တယ်။ ကြာကြာ ဒီ့ထက် ဆိုးရွားလာရင် ငါ့မှာ ခံနိုင်ရည် မရှိဘူးတဲ့။ နေကလည်း အရမ်းပူတယ်တဲ့။ သူ့အခန်းထဲကို တချို့လူတွေ လာလည်ရင်တောင် မနေနိုင်လို့ ၅ မိနစ်လောက်နေပြီး ပြန်ထွက်သွားတယ်တဲ့။ သူ့ကို သမံတလင်းပေါ်မှာ ကွပ်ပျစ်လေးတော့ ရှိတယ်။ လေဝင်လေထွက် မကောင်းဘူးလို့လည်း ပြောတယ်” ဟု သူက ပြောသည်။

၂ဝဝ၉ ခုနှစ်ကတည်းက ထောင်အာဏပိုင်များထံ ဆေးဝါးကုသခွင့် တောင်းခံခဲ့ရာ အထူးကု ဆရာဝန်များနှင့် ပြသမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ စစ်ဆေးမှု မပြုလုပ်ပေးသဖြင့် တနေ့တခြား ရောဂါအခြေအနေ ဆိုးရွားနေကြောင်း ဒေါ်သန်းသန်းက ဆက်ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ကိုရွှေမောင်း ပါဝင်ခဲ့မှုဖြင့် နိုင်ငံတော် လုံခြုံရေး ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ)၊ အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (ည) စသည်တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသည်။ သို့သော် အယူခံဝင်ခဲ့ရာ တရားရုံးတွင် အနိုင်ရရှိခဲ့သဖြင့် ထောင်ဒဏ် ၆ နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။

သူသည် ၂ဝဝ၂ ခုနှစ်အတွင်းက ရွှေခမောက်တလုံးပြုလုပ်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပို့ဆောင်ရန် စီစဉ်ခဲ့သောကြောင့် ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသေးသည်။ ပြစ်ဒဏ်မကျခင် စစ်ကြောရေးစခန်းတွင် ရိုက်နှက်စစ်ဆေးခံခဲ့ရတဲ့ ဒဏ်တွေကလည်း ယခုတိုင် ရှိနေသည်။

ထို့ပြင် လက်ရှိ အကျဉ်းကျနေစဉ် ကျွေးမွေးသည့် အစားအသောက်များ ညံ့ဖျင်းသဖြင့်လည်း ကျန်းမာရေး ချို့ယွင်းလာခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

အလားတူ မိတ္ထီလာထောင်၌ ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းစန်းတင်သည်လည်း ဘယ်ဘက်မျက်လုံးတလုံး ကွယ်လုနီးပါး ဖြစ်နေပြီး အပြင်ဆေးရုံတွင် မျက်စိအထူးကု ဆရာဝန်နှင့် ကုသခွင့် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရရှိသဖြင့် မျက်လုံးမှာ လုံးဝ ကွယ်သွားနိုင်ကြောင်း ပြီးခဲ့သည့် အပတ်ထဲကမှ ထောင်ဝင်စာ တွေ့ခဲ့သည့် ညီမဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ကိုမြအေးသည်လည်း ပြီးခဲ့သည့် ဧပြီလတွင် သူ၏ နှလုံး၊ သွေးတိုးနှင့် အစာအိမ် ရောဂါတို့ ခံစားနေရသဖြင့် ဆေးကုသခွင့်ပေးရန် တောင်းခံခဲ့ရာ ထောင်ဆရာဝန်နှင့် ပြသနေရသည်။

သူသည် လွန်ခဲ့သော ၂ဝဝ၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ အခြားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင် အပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးတင်ယုတို့လည်း ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်းနှင့် မြန်မာပြည်အနှံ့ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၁၈၄ ဦး ရှိကြောင်း ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတဝှန်း အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်းဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဝင်းက ပြီးခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

AAPP (B) ၏ သတင်း ထုတ်ပြန်ချက်တရပ်တွင် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ/သားပေါင်း ၁၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ထက်ထက်မိုးဦး ရုံးချိန်းမလာ

ချင်းမိုင် (မဇ္ဈိမ)။ ။ 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံနှင့် သရုပ်ဆောင် ထက်ထက်မိုးဦးတို့ အမှုရုံးချိန်း ယနေ့တွင် ၆ ကြိမ်မြောက် ရှိသွားသော်လည်း မင်းသမီးက တရားရုံးသို့ တကြိမ်မျှ မလာကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးထံမှ သိရသည်။



အမှုအား ရန်ကင်းမြို့နယ် တရားရုံးက ယခင်လ ၂၄ ရက်နေ့က စတင်ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့မှ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၆ တို့ဖြင့် မအေးသူစံက စွဲဆိုခွင့်ရခဲ့ပြီး တလအတွင်း ရုံးခြိမ်း ၆ ကြိမ်ပြည့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံကျော်ရုပ်ရှင်မင်းသမီးမှာ တရားရုံးသို့ တကြိမ်မျှ ရောက်မလာခဲ့ဟုဆိုသည်။



“တရားရုံးက ဒီဘက်ကို စစ်တာ ၃ ကြိမ်မြောက် ကတည်းက ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် ထက်ထက်မိုးဦးဘက် အပိုင်းကို ခုထက်ထိ ဘာမှကို မလုပ်နိုင်သေးဘူး။ တရားရုံးက ခုထိ သူဆီကို သမ္မာန်စာ ရောက်အောင် မပို့နိုင်သေး ဘူး” ဟု 7 Day News အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။



ယခင်လ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့သော ကုန်စည်ပြပွဲ တခုတွင် ထက်ထက်မိုးဦးက သူ့အား လာရောက် အင်တာဗျူးသည့် သတင်းထောက် မအေးသူစံ၏ မေးခွန်းများကို မနှစ်သက်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် သတင်းထောက်က တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။



ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကလည်း သူ့ထံသို့ တရားရုံးမှ မည်သည့် အကြောင်းကြားစာမျှ မရောက်ခဲ့သဖြင့် အမှုနှင့်ပတ်သက်၍ ဘာမျှမပြောနိုင်ဟု ဆိုသည်။



“အဲဒီအမှုနဲ့ပတ်သက်လို့ ထက်ထက်ဘာမှ မသိသေးပါဘူး။ ထက်ထက်ကို တရားရုံးက ဘာအကြောင်းကြားစာမှလဲ မပို့ပါဘူး။ ဖုန်းလဲမဆက်ဘူး။ ဖုန်းဆို ၂၄ နာရီ ဖွင့်ထားတာပဲဟာ။ ရုံးချိန်းကကိုယ့်ကို မခေါ်ပဲနဲ့ ကိုယ်ကဘာမှမသိပဲနဲ့ ဘယ်ရုံးကိုသွားပြီး ဘာသွားလုပ်ရမှာလဲနော့” ဟု သူက မဇ္ဈိမကို ပြောသည်။



ရန်ကုန်အခြေစိုက် သတင်းစာဆရာ တဦးကမူ ထက်ထက်မိုးဦး၏ သတင်းထောက်တဦးအပေါ် ပြုမှုပုံသည် သတင်းနှင့် စာနယ်ဇင်းသမားများကိုသာမက ဥပဒေကိုပါ မထီမဲ့မြင်ပြုရာရောက်ပြီး တရားရုံးအနေဖြင့်လည်း ယခုကဲ့သို့ လွှတ်ထားပေးခြင်းသည် စားနယ်ဇင်းသမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေသည်ကို ပြသရာရောက်နေသည်ဟု ဆိုသည်။



“ဒီပုံစံက လူသာမန်အချင်းချင်းပဲဖြစ်ပါစေ။ မီဒီယာသမားကိုဖြစ်စေ လည်းပင်းညှစ်လို့ရတယ်။ ရိုက်လို့ ရတယ်။ ဆံပင်ဆွဲလို့ရတယ်။ ပြီးရင် တရားရုံးကဆင့်ခေါ်ရင်လည်း လာစရာမလိုဘူး။ ခပ်အေးအေးနေလို့ရတယ် ဆိုတာဟာ မီဒီယာသမားနဲ့ သတင်းစာဆရာတွေအပေါ်မှာ အလားတူ ဒီလိုတိုက်ခိုက်မှုမျိုးဖြစ်အောင် လွှတ်ပေးထားတဲ့ သဘော မျိုးဖြစ်နေတာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။



သတင်းထောက် မအေးသူစံက ထက်ထက်မိုးဦးအား ကျေးအေးပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းပေးစေရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့ အနေဖြင့် ကြားဝင်စေ့စပ်ပေးစေလိုကြောင်း ဖော်ပြထားသည့် စာတစောင်အား ရုပ်ရှင်အစည်းအရုံးက ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးသို့ ပေးပို့ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ ကော်မတီအဖွဲ့ဝင်တဦးထံမှ သိရသည်။



ယင်းစာနှင့် ပတ်သက်၍မူ အစည်းအဝေး၌ တစုံတရာဆွေးနွေးခြင်းမရှိဟုလည်း သူကဆိုသည်။



“ကျနော်တို့ကို ပြန်ညှိခိုင်းတဲ့စာ ရောက်နေတာပေါ့နော်။ ကာယကံရှင်ကတော့ မတောင်းပန်ဘူးပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။



ရန်ကုန်မြို့ခံ ဝါရင့်ရှေ့နေကြီးတဦးကမူ ရုံးချိန်းကို ၆ ကြိမ်လောက်ထိ ရှောင်နေသူ ယခင်က မတွေ့ဘူးသေးကြောင်း၊ ဥပဒေအရ အထောက်အထား ခိုင်လုံပါက ကာယကံရှင်နေထိုင်ရာ အိမ်သို့ တရားရုံးမှ တိုက်ရိုက်ဖြစ်စေ၊ ရပ်ကွက် ကော်မတီဥက္ကဌဖြင့်တွဲ၍ဖြစ်စေအကြောင်းကြားခြင်း၊ ရဲကို တာဝန်ပေး ဖမ်းခိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည်ဟုဆိုသည်။



“အမှုလက်ခံပြီးတော့ ရုံးချိန်းသတ်မှတ်ပြီး သမ္မာန်စာဆင့်ခေါ်လို့ မလာဘူးဆိုရင် တရားရုံးရှေ့ကို ရောက်လာဖို့ ဝရမ်း ထုတ်ပြီးတော့ ရဲကိုတာဝန်ပေးပြီး ဆင့်ခေါ် ဖမ်းခွင့်ရှိတာပဲ။ အဲဒီလို တရားရုံးက လုပ်ပိုင်ခွင့်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မလုပ်သေးသလဲဆိုတာကတော့ စဉ်းစားစရာဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။



မဇ္ဈိမသတင်းထောက် ကျော်ခ ရေးသားသည်။/span>