Pages

Subscribe

Friday 2 July 2010

အင်းလေးကန်အတွက် စကားပြောကြပြီ

အင်းလေးကန် ထိန်းသိမ်းရေး နည်လမ်းများ ရရှိရန် အာဏာပိုင်တို့က ၂ ရက်ကြာ ဆွေးနွေးပွဲ (workshop) ပြုလုပ်နေသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

ယနေ့အဆုံးသတ်မည့် ဆွေးနွေးပွဲတွင် ပါဝင်သူများမှာ တက္ကသိုလ် ပညာရှင်များ၊ သစ်တော၊ ကျန်းမာရေး၊ စည်ပင်သာယာ၊ ဟိုတယ်ခရီး၊ ကြေးတိုင်မြေစာရင်း၊ ဆည်မြောင်း ဌာနများမှ အရာရှိများ၊ UNDP ခေါ် ကုလသမဂ္ဂအေဂျင်စီ ကိုယ်စားလှယ်တို့ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

နေပြည်တော်တွင် "အင်းလေးကန်ရေရှည် တည်တံ့ရေးဆိုင်ရာ စာတမ်း ခြောက်စောင်ကို ဖတ်ကြားတင်ပြ ဆွေးနွေးကြသည်" ဟု ရေးသားထားသော်လည်း အသေးစိတ်ကို ဖော်ပြမထားပေ။

အင်းလေးကန် ကယ်တင်ရေးအတွက် အစိုးရဌာနများ၊ နိုင်ငံတကာအဖွဲ့များ ပါဝင်သည့် ဆွေးနွေးပွဲ (workshop)ပြုလုပ်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများကြားတွင် ထင်ရှားသည့် ဦးအုန်းက ပြောကြားကြောင်း အလဲဗင်းမီဒီယာ သတင်းတပုဒ်တွင် မေလက ဖော်ပြခဲ့ဖူးသည်။

အင်းလေးကန် ကယ်တင်ရေး အစီအစဉ်တွင် စီမံကိန်းလေးခု ပါဝင်ကြောင်း၊ ရောဂါပိုးမွှားများ ပါဝင်နေသည့် ရေကို သန့်စင်ခြင်း၊ ဟိုတယ်များမှ စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုကို ထိန်းချုပ်ခြင်း၊ ဓာတုဓာတ်မြေ သြဇာကြောင့် အင်းလေးကန် ပျက်စီးမှုကို ထိန်းသိမ်းခြင်း၊ ကန်ဝန်းကျင် ၇ မြို့နယ်တွင် သစ်ပင်စိုက်ခြင်းတို့ဖြစ်ကြောင်း အလဲဗင်း သတင်းတွင် ရေးထားသည်။

မြန်မာနိုင်ငံတွင် အပူချိန်မြင့်မားခြင်း၊ မုတ်သုန်အ၀င်နောက်ကျခြင်းတို့ ဖြစ်ပေါ်ပြီးနောက် နိုင်ငံတ၀န်း မိုးခေါင် ရေရှားသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုသတင်းများနောက်တွင် ရေခန်းခြောက်နေသည့် အင်းလေးကန်သတင်းသည် ဓာတ်ပုံနှင့်တကွ ပေါ်ပေါက်လာရာ ခရီးသည်များ စိတ်ဝင်စားကြသည့် အင်းလေးကန်အကြောင်းက လူအများ စိတ်ဝင်တစား ပြောဆိုစရာတခု ဖြစ်ခဲ့သည်။

လှေကို ခြေဖြင့်လှော်သည့် ဒေသခံများကြောင့် ဆွဲဆောင်မှု ရှိခဲ့သော အင်းလေးသည် ရေနည်းပါးနေသဖြင့် သတင်းသမားများက ရေးသားဖော်ပြရန် ကြိုးစားနေကြသည်။ သို့သော်လည်း အာဏာပိုင်တို့ ပိတ်ပင်လိုသည့် သတင်းများထဲတွင် အင်းလေးကန် ရေနည်းပါးခြင်းသတင်းလည်း ပါဝင်သည်ဟု ဆိုသည်။

မိုးမခအထောက်တော် အမှတ် ၆

ခမောက်တံဆိပ် အငြင်းပွားမှု နှစ်ဖက်စလုံးက ရင်ဆိုင်သွားမည်ဟု ပြောဆို

ယခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ အမှတ်တံဆိပ် ခမောက်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အမှတ်တံဆိပ်သင်္ကေတ ဖြစ်နေသည့်အတွက် ရွေးကောက်ပွဲကော်မရှင်သို့ လာမည့်ရက်ပိုင်းအတွင်း ကန့်ကွက်ရန်ရှိကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ခမောက်ပုံတံဆိပ်ရယ်၊ အသုံးပြုလာခဲ့တဲ့ မူရင်းစာရွက်စာတမ်းတွေနဲ့ နေပြည်တော် ကော်မရှင်ရုံးကို တင်နိုင်ဖို့ အခု စီစဉ်နေပါတယ်။ လာမယ့် တနင်္လာနေ့ကျရင် ကော်မရှင်ရုံးကို သွားတင်မှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အန်ဒီအက်ဖ်ပါတီက တံဆိပ်အဖြစ် အသုံးပြုမည့် ခမောက်ပုံသည် ပြည်သူလူထုအား ထင်ယောင်ထင်မှား ဖြစ်စေပြီး အန်အယ်လ်ဒီကို ပုံမှားရိုက်မှု ဖြစ်စေသည်ဟု ယမန်နေ့ အန်အယ်လ်ဒီအဖွဲ့ချုပ် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ (၂၈) အရ လိမ်လည်တုပခြင်း ပြုလုပ်မှုဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီကို ပြည်သူတွေက ခမောက်အမှတ်အသားနဲ့ တွဲပြီး သိထားကြတယ်။ ပါတီတရပ်ရဲ့ အလံ၊ တံဆိပ်တို့နဲ့ ဆင်တူယိုးမှား ဖြစ်နေရင်လည်း (၇) ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြထားပါတယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ (ခ) တွင် “မှတ်ပုံတင်ခွင့်အတွက် လျှောက်ထားဆဲနှင့် မှတ်ပုံတင်ပြီးသော အခြားပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်တို့နှင့် တူညီနေလျှင် သို့မဟုတ် ဆင်တူယိုးမှား ဖြစ်နေလျှင် ကန့်ကွက်နိုင်ကြောင်း” ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ၎င်းတို့ပါတီ၏ အလံနှင့်တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်၌ ကြေညာခဲ့သည်။

အန်ဒီအက်ဖ်ပါတီ၏ အလံကို အနီရောင်အောက်ခံ လေးထောင့်၏ အပေါ်ဘက်အစွန်း၌ ကြယ်ဖြူ (၂) လုံးကို အသုံးပြုထားပြီး ပါတီတံဆိပ်ကို အနီရောင်အောက်ခံ၏ ဗဟို၌ ရွှေရောင်ခမောက်တလုံး ပါရှိပြီး ၎င်း၏ထိပ်တွင် နှစ်ထပ်ကြယ်ဖြူ (၁) လုံးပါကာ အောက်ခြေတွင် အမျိုးသားဒီမိုကရေစီအင်အားစု၊ National Democratic Force ဟူ၍ စာတမ်းပါရှိသည်။

ခမောက်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ရွေးကောက်ပွဲဝင်ပြိုင်သည့် အမှတ်အသားသာဖြစ်ပြီး အန်အယ်လ်ဒီပါတီ၏ တံဆိပ်၊ အလံတို့နှင့် မသက်ဆိုင်ကြောင်း အန်ဒီအက်ဖ်ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ငြင်းဆိုသည်။

ဒေါက်တာ သန်းငြိမ်းက “ခမောက်က အန်အယ်လ်ဒီရဲ့ အလံနဲ့ တံဆိပ်တွေမှ မဟုတ်တာဘဲ။ အန်အယ်လ်ဒီရဲ့ အလံက ကြယ်နဲ့ ဒေါင်းပဲလေ။ တံဆိပ်လည်း အဲဒီပုံပဲ သုံးလာခဲ့တာ။ ခမောက်ကို အန်အယ်လ်ဒီက ရွေးကောက်ပွဲအတွက် သုံးတဲ့ သင်္ကေတတခုသာ ဖြစ်တယ်။ သူတို့ရဲ့ တံဆိပ်မဟုတ်ဘူး။ ပါတီဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထဲမှာ အလံ၊ တံဆိပ်နဲ့ ပတ်သက်၍ ကန့်ကွက်နိုင်တာက ဒို့တာဝန်အရေး (၃) ပါးကို ထိခိုက်စေတာရယ်၊ ဘာသာရေး ယှက်နွယ်တာရယ်၊ ပါတီတရပ်ရပ်ရဲ့ နာမည်၊ အလံ၊ တံဆိပ် တူတာ၊ ဆင်တူယိုးမှား ဖြစ်တာရယ် ဒီ (၃) ရပ်ထဲကပဲ ကန့်ကွက်လို့ရမှာပေါ့။ အခု အန်ဒီအက်ဖ်က ခမောက်ကို ပါတီရဲ့ တံဆိပ်အနေနဲ့ သုံးတာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အန်ဒီအက်ဖ်ပါတီ အနေဖြင့် မြန်မာပြည်သူ အများစုကို ကိုယ်စားပြုပြီး အများထက် ထင်သာမြင်သာစေသော မြန်မာ့ရိုးရာ ရွှေရောင်ခမောက်ကို အသုံးပြုရခြင်းဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ယင်းအမှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အန်ဒီအက်ဖ် ပါတီဥက္ကဋ္ဌက ပြောဆိုသည်။

အန်အယ်လ်ဒီပါတီ၏ ဗဟိုအလုပ်မှုဆောင်ဟောင်းများ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာ ဝင်းနိုင်နှင့် အခြားအန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း (၇) ဦးတို့က အန်အယ်လ်ဒီ၏ ရပ်တည်ချက်နှင့် သဘောထားခြင်း မတိုက်ဆိုင်၍ ရွေးကောက်ပွဲဝင်ရန် ပြီးခဲ့သည့် မေ (၆) ရက်တွင် အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

လိုင်စင်မဲ့ကား ဖမ်းသဖြင့် မြ၀တီ-ဘားအံ ကားလိုင်း ထက်ဝက်သာ ပြေးဆွဲ

လိုင်စင်မဲ့ကားများဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် မြ၀တီ-ဘားအံ ပြေးဆွဲနေသည့် လိုင်စင်မဲ့ ခရီးသည်တင်ကားများ ရှောင်တိမ်းနေရပြီး ကားပြေးဆွဲမှုရပ်တန့်ကာ ခရီးသွားများ ကားခ အဆမတန်ပေးနေရသည်ဟု သိရသည်။

ဘားအံမြို့မှ ကုန်သည်တဦးက “၀စ်သောက်ကားတွေ မဆွဲတော့တာ တပတ်လောက်ရှိပြီ။ ခရီးသည်အများစုက ဒီကားတွေကိုပဲ အားထားနေရတာ။ မြ၀တီ-ဘားအံ သွားသွားပြန်ပြန် ပုံမှန်ကားခ ကျပ် (၅) ထောင်ဆိုပေမယ့် တချို့ကားတွေ (၄) ထောင်ပဲ ယူတာတွေရှိတယ်။ အခုဒီကားတွေ နားထားတော့ ကားအရေအတွက် ထက်ဝက်လောက် နည်းသွားတယ်။ အခုဆိုရင် လူတယောက် (၅) ထောင်အထက်မှာ ဖြစ်သွားပြီ။ ဒီမနက်ဆိုရင် ကျပ် (၇) ထောင်အထိ ဖြစ်သွားတယ်” ဟု ပြောသည်။

ကုန်သည်များမှာ အကျိုးအမြတ်ပိုမိုရရှိသည့် ကရင်ငြိမ်းအဖွဲ့တို့၏ ကားများကို ပုံမှန်အသုံးပြုနေရာမှ အဆိုပါကားများ ရပ်နားထားရသဖြင့် ကုန်စည်များသယ်ဆောင်ရန် ဈေးခေါက်ချိုးနီးပါးကွာသည့် တရားဝင်ကုန်တင်ကားကြီးများကို အသုံးပြုနေရသောကြောင့် ငွေကြေးအရ နစ်နာမှုများရှိသည်ဟု အဆိုပါကုန်သည်က ပြောသည်။

ဘားအံ-မြ၀တီ တရက်ခြား ယာဉ်တန်းတွင် ကားကြီးကားငယ် အစီးရေ (၁၅၀) မှ (၂၀၀) ကြားတွင် ပုံမှန်ပြေးဆွဲလျက်ရှိပြီး ထိုကားများအနက် ထက်ဝက်ခန့်မှာ တရားမ၀င်ကားများဖြစ်သည်။

တရားမ၀င်ကား ပြေးဆွဲသူတဦးက “ကျနော့်ကားက ဒီကေဘီအေအဖွဲ့ နာမည်ခံထားတဲ့ ကားဖြစ်တယ်။ ဒီကားမျိုး မြ၀တီမှာ အစီး (၆၀) နဲ့ ဘားအံမှာ အစီး (၆၀) လောက်ရှိတယ်။ တရက်ခြား ပုံမှန် အတက်အဆင်းလုပ်နေတာ။ ဒီကေဘီအေ ကားတွေကိုတော့ မဖမ်းသေးပေမယ့် အဖွဲ့က ရှောင်ခိုင်းထားတော့ ကားတွေကို လုံခြုံတဲ့နေရာတွေမှာ သိမ်းထားရတယ်။ အခု ကော့ကရိတ်ဂိတ်မှာ ဖမ်းနေတဲ့ ကားနဲ့ဆိုင်ကယ်တွေက အဖွဲ့အစည်းနဲ့မပတ်သက်တဲ့ ကားတွေဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေအဖွဲ့၏ အမည်ပေါက် လိုင်စင်မဲ့ကား အစီးရေ (၁၀၀) ကျော် မြ၀တီ-ဘားအံ ပြေးဆွဲရာတွင် ဒီကေဘီအေအဖွဲ့ ရန်ပုံငွေအတွက် ကားတစီးလျှင် တလ ကျပ် (၅) သောင်းနှုန်း ပေးဆောင်ရသည်ဟု သိရသည်။

ယခင်က တရားမ၀င်ကားများကို ဖမ်းဆီးမှုများရှိခဲ့စဉ်က လိုင်စင်မဲ့ ခရီးသည်တင်ကားများ ပြေးဆွဲမှု ရပ်နားခဲ့ရသော်လည်း ဖမ်းဆီးမှုများအပြီးတွင် ပုံမှန်ပြန်လည်ပြေးဆွဲခွင့်များ ရှိသောကြောင့် ယခုစစ်ဆင်ရေးသည် အရာမရောက်သည့် ဟန်ပြဖမ်းဆီးမှုသာ ဖြစ်မည်ဟု ကားပွဲစားတဦးက ပြောသည်။

၎င်းက “ဒီလိုပဲ ဖမ်းလိုက် လွှတ်လိုက်နဲ့ (၁၀) နှစ်ရှိတော့မယ်။ သိမ်းတာရှိတယ်၊ တချို့ပြန်ပေးတယ်၊ ဒဏ်ရိုက်တာရှိတယ်၊ ဒီလိုပဲ သံသရာလည်နေတာပဲ။ ဖမ်းတာက ခဏပဲ၊ ပြီးသွားရင် အရင်လိုပြန်ဖြစ်တာပဲ။ ဒီအစိုးရလက်ထက်မှာ လိုင်စင်မဲ့ကားကိစ္စ ဒီလိုပဲ သွားနေမှာပဲ။ တကယ်ဒုက္ခရောက်တာကတော့ ခရီးသည်နဲ့ ကုန်သည်တွေပဲ” ဟု ပြောသည်။

အဆိုပါလိုင်းတွင် မြန်မာကုန်သည်အများစုက ထိုင်းဘက်မှတင်သွင်းသည့် ကုန်ပစ္စည်းများကို ခရီးစရိတ်သက်သာသည့် ငြိမ်းအဖွဲ့များ၏ ကားများဖြင့်သာ သယ်ဆောင်ကြသည်ဟု ၎င်းက ပြောသည်။

အခြားကရင်ငြိမ်းအဖွဲ့တခုမှ အဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့အမည်နဲ့ ပြေးဆွဲနေတဲ့ လိုင်စင်မဲ့ကား အစီးရေ (၃၀၀) ကျော်ရှိတယ်။ အခြားအဖွဲ့တွေလိုပဲ ရှောင်နေရတယ်။ ကားအားလုံးတော့မဟုတ်ဘူး၊ ဒါကလည်း ခဏပေါ့။ အရင်ကလည်း ဒီလိုပဲ ဖမ်းမယ် ဆီးမယ်ဆိုရင် ရှောင်ကြရတာပဲ၊ အဆန်းတော့မဟုတ်ဘူး” ဟု ပြောသည်။

မြ၀တီ-ဘားအံလိုင်းတွင် ကရင်ငြိမ်းအဖွဲ့များ၏ လိုင်စင်မဲ့ကားအချို့ကို အဆိုပါအဖွဲ့တို့၏ ရပ်တည်ရေးအတွက် ကရင်ပြည်နယ်အာဏာပိုင်များက ဆက်လက် ပြေးဆွဲခွင့်ပြုသော်လည်း ကရင်ပြည်နယ်ကိုကျော်၍ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့သို့ ကုန်ပစ္စည်းသယ်ဆောင်မှုများ ပိတ်ပင်ထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြ၀တီ-ဘားအံလိုင်းတွင် တရက်ခြား အဆင်းအတက်ပြေးဆွဲသည့် ခရီးသည်တင်နှင့် ကုန်ကားအစီးရေ (၂၀၀) ခန့် ရှိသော်လည်း လိုင်စဉ်မဲ့ကားအဖမ်းအဆီးကြောင့် ယခုရက်ပိုင်းမှစတင်ကာ ကားပြေးဆွဲမှု အရေအတွက် ထက်ဝက်ခန့်သာ ရှိတော့သည်ဟု ယာဉ်မောင်းတဦးက ပြောသည်။

ခေတ်ပြိုင်သတင်းထောက် ရဲရင့် ရေးသားသည်။

နယ်စပ် အငြင်းပွားမှု ထိုင်း-မြန်မာ ဆွေးနွေးရန်ရှိ

ကီလိုမီတာ (၂,၄၀၀) ကျော် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ အငြင်းပွားနေဆဲ နယ်နိမိတ်စည်းမျဉ်း သတ်မှတ်ချက်များကို ထိုင်း-မြန်မာ နိုင်ငံခြားရေး ဒု-ဝန်ကြီးအဆင့်တို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အငြင်းပွားမှုများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Thailand-Burma Joint Boundary Committee (JBC) မှ ဦးစီး၍ မဟီဒေါတက္ကသိုလ်တွင် ယမန်နေ့က ပြည်သူ့ကြားနားပွဲတရပ် ကျင်းပခဲ့ပြီး ဘုရားသုံးဆူနယ်စပ်မှ ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့လည်း တက်ရောက်ခဲ့ကြသည်။

JBC မှ ထိုင်းနိုင်ငံ တာဝန်ခံ Vasin Teeravechyan က “နယ်စပ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ တရားဝင် အစည်းအဝေးမတိုင်ခင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စကို အလွတ်သဘောပုံစံ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နည်းလမ်းရှာကြံသွားနိုင်ဖို့ ဖြစ်ပါတယ်” ဟု The Nation သို့ ပြောကြားသည်။

ဘုရားသုံးဆူနယ်စပ်တွင် ဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ဆောင်နိုင်ရန်၊ နယ်စပ်ဖြတ်ကျော်ဂိတ်များ အတည်တကျ ထားရှိနိုင်ရန် ပြည်သူများက ယင်းကြားနားပွဲတွင် တောင်းဆိုခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့ကိစ္စမှာ နှစ်နိုင်ငံရဲ့ နယ်နိမိတ်စည်းမျဉ်းနဲ့ပတ်သက်ပြီး အငြင်းပွားနေဆဲဆိုတော့ ဖွံ့ဖြိုးမှု နောက်ကျတာပေါ့။ ဒါကို ကျနော်တို့တင်ပြတယ်။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေက ဒါကို သတ်မှတ်ဖို့ အချက်အလက် စုဆောင်းနေတဲ့အဆင့်မှာပဲ ရှိတယ်လို့ ပြောတယ်” ဟု ဆိုသည်။

၂၀၀၅ ခုနှစ်တွင် နယ်နိမိတ် သတ်မှတ်ရန် နှစ်နိုင်ငံ ညှိနှိုင်းခဲ့စဉ်က မပြေလည်မှုကြောင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်တို့က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလကတည်းမှ ပိတ်ပစ်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်ဒေသစည်းမျဉ်း သတ်မှတ်နိုင်ရန် နိုင်ငံရေးဝန်ကြီးဌာန ဒု-ဝန်ကြီးများက ၂၀၀၅ ခုနှစ်က တကြိမ်သာ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း JBC ကော်မတီ တာဝန်ခံဖြစ်သူ နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေး ဒု-ဝန်ကြီးတို့ ထပ်မံတွေ့ဆုံရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်စည်းမျဉ်းပြဿနာ သတ်မှတ်ရေးနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းရန်ရှိသော အဓိက နေရာများမှာ ရေတိုက်စားခြင်းကြောင့် နယ်နိမိတ်မျဉ်း ထိခိုက်စေခဲ့သော သံလွင်မြစ်၏ မြစ်လက်တက် Moei မြစ်၊ Kuteng Nayong၊ Doi Lang Doi Huay Ha၊ Mae Konken၊ ဘုရားသုံးဆူဒေသ၊ Ta Yim ကျွန်းစုများ စသည့် အနည်းဆုံး (၆) နေရာ ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ထိုင်းနိုင်ငံတာဝန်ခံ Vasin Teeravechyan က ပြောကြားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များနှင့် ပထဝီအနေအထား ပြောင်းလဲမှု၊ ဒေသခံတို့၏ အဆောက်အဦ ချဲ့တွင်လာမှုတို့ကြောင့်လည်း တချို့ဒေသများ၌ နယ်စပ်မျဉ်းသတ်မှတ်ရန် ခက်ခဲမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းများကို ဗြိတိသျှ-ထိုင်း ငြိမ်းချမ်းရေး ချုပ်ဆိုခဲ့စဉ်က စတင်၍ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားရှိခဲ့သော်လည်း နှစ်နိုင်ငံစလုံးက နယ်နိမိတ်မျဉ်းနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

ခမောက်အငြင်းပွားမှု နယ် NLD များ ပါဝင်လာ

နယူးဒလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ခွဲထွက်အုပ်စု အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ပါတီအမှတ်အသား ခမောက်ပုံ အငြင်းပွားမှုကို နောက်ထပ် အင်အားပြင်းလာသည့် ကိစ္စမှာ အနည်းဆုံး ပြည်နယ်နှင့် တိုင်း ၈ ခုမှ NLD အဖွဲ့ဝင်များက ရွေးကော်ပွဲက်ာမရှင်ထံ ကန့်ကွက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ကချင်နှင့် ကရင်ပြည်နယ်ရှိ NLD စည်းအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များက ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာတင်ရန် စီစဉ်နေသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။ ပါတီအမှတ်အသားဆိုင်ရာ ကန့်ကွက်မှုကို ရန်ကုန်ရှိ NLD ခေါင်းဆောင်များက ပြည်ပမီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နယ်ခေါင်းဆောင်များပါ ဆက်လက်တုံ့ပြန်လာကြခြင်း ဖြစ်သည်။

“ခမောက်ကို ယူသုံးလို့ရှိရင် NLD လို့ ပြောလိုက်သလိုပဲ ဖြစ်သွားတယ်။ ခမောက်ပါတီပါ၊ ဒေါ်အောင်ဆန်းစုကြည်ပါတီပါလို့ ပြောတဲ့ အဓိပ္ပာယ်ဆောင်တယ်။ အဲဒီလို ဆောင်တဲ့အတွက် ကျနော်တို့က လက်မခံနိုင်ပါဘူး။ အဲဒီအတွက် ရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်သွားမယ်” ဟု မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် (၁) မဲဆန္ဒမြေမှ လွှတ်တော်အမတ် ဦးလှိုင်အေးက မဇ္ဈိမကို ပြောသည်။

“ပြည်သူတွေက ထင်ယောင်ထင်မှား ဖြစ်စေတဲ့၊ ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်နေတဲ့ သဘောဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ သဘောမကျဘူး” ဟု သူက ဆက်ပြောသည်။

NLD လွှတ်တော်အမတ်များဖြစ်သည့် ပဲခူးမြို့မှ ဦးမြတ်လှ၊ တောင်ငူမြို့မှ ဦးအောင်စိုးမြင့်နှင့် ဖားအံမှ ဒေါ်နန်းခင်ထွေးမြင့်တို့ကလည်း ကန့်ကွက်မည်ဟု သိရသည်။

NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုပါက ကော်မရှင်သို့ ဇူလိုင် ၆ ရက်မကျော်ခင် ကန့်ကွက်ရမည်။ လျှောက်ထားသော ပါတီအမည် အလံ၊ တံဆိပ် တို့သည် အခြားပါတီနှင့် ဆင်တူရိုးမှားဖြစ်လျှင် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

NDF ခေါင်းဆောင်များက ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို လိုက်နာမည်ဖြစ်ကြောင်း ကြာသပတေးနေ့က မဇ္ဈိမကို ပြောသည်။

သို့သော် အန်အယ်ဒီသည် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတခြင်း မရှိသည့်အပေါ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ဘဲ သပိတ်မှောက်တုံ့ပြန်ထားသည်။

၁၉၉ဝ ခုနှစ် တွင် အပြတ်အသတ် အနိုင်ရသော်လည်း အာဏာလွှဲပြောင်းပေးခြင်း မခံရသော အဓိက အတိုက်အခံပါတီကြီးမှ ထိပ်တန်းခေါင်းဆောင်အချို့ကတော့ NDF ပါတီကို ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။

ပါတီအမှတ်အသားနှင့် ပတ်သက်ပြီး အငြင်းပွားကန့်ကွက်မှု မကြာသေးခင်က ဖြစ်ပွားခဲ့ဖူးရာ ကန့်ကွက်သူများက အနိုင်ရခဲ့သည်။

စစ်အစိုးရနှင့်နီးသော ပါတီတခုဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ကျောင်းသားသမဂ္ဂအလံမှ ခွပ်ဒေါင်းပုံကို အသုံးပြုရန် ကြိုးစားရာ စာရေးဆရာ၊ သတင်းစာဆရာများနှင့် အနုပညာရှင်များက ကန့်ကွက်သဖြင့် ပြန်လည်မွမ်းမံပြင်ဆင်လိုက်ရသည်။

မဇ္ဈိမသတင်းထောက် မြင့်မောင် ရေးသားသည်။

ကော်မရှင်က ပါတီခေါင်းဆောင်များ ကိုယ်ရေးအချက်များ ထပ်တောင်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်ရောက်ရန် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ပြီးဖြစ်သည့် ပါတီများမှ ဗဟိုကော်မတီဝင်တို့၏ ကိုယ်ရေးအချက်အလက်များကို ကော်မရှင်က ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ထပ်မံတောင်းခံနေကြောင်း သိရသည်။

နိုင်ငံရေးပါတီများသည် ပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားစဉ်က တည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးတို့၏ ကိုယ်ရေးအချက်အလက်များကို ကော်မရှင်သို့ တင်ပြခဲ့ပြီး ဖြစ်သော်လည်း ယခုတဖန် ဗဟိုအလုပ်အမှုဆောင်များ၏ ကိုယ်ရေးအတ္ထုပတ္တိကို အလိုရှိသည်ဟုဆိုကာ ထပ်မံတောင်းခံလာခြင်း ဖြစ်သည်။

“ပါတီဗဟိုအလုပ်အမှုဆောင်တွေ ကိုယ်တိုင်ဖြည့်ဖို့ဆိုပြီးတော့ ဖောင်တွေ မနေ့ညနေပိုင်းက လာပေးသွားတာပါ” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း “ကျနော်တို့ဆီကို လာပို့သွားတာ ၄ ရက်လောက်ရှိပါပြီ။ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အကုန်လုံး ဖြည့်ပြီးတော့ အချိန်မီ ကော်မရှင်ကို ပြန်ပို့ဖို့ ပြင်နေပါတယ်” ဟု ပြောသည်။

ချင်းအမျိုးသားပါတီကလည်း ဖြည့်စွက်ရမည့်ပုံစံစာရွက်များကို ယခုအပတ်အတွင်း ရုံးချုပ်သို့ လာရောက် ပို့ဆောင်သွားကြောင်း ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောသည်။

ကော်မရှင်က ပေးပို့ခဲ့သည့် ကိုယ်ရေးအချက်အလက် ဖြည့်စွက်ရမည့် ပုံစံစာရွက်တွင် အမည်၊ အခြားအမည်၊ မိဘအမည်၊ မွေးနေ့သက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ပညာသင်ကြားခဲ့သည့် ကျောင်းများစသဖြင့် ဖြည့်စွက်ရမည့် အချက် ၁၉ ချက် ပါဝင်သည်။

သို့သော် အဆိုပါအချက်များတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်က ဖော်ပြရခြင်း မရှိသည့် ထောင်ကျခဲ့ဖူးခြင်း ရှိ/မရှိ၊ ဝင်ရောက်လုပ်ကိုင်ခဲ့သည့် ပါတီအဖွဲ့အစည်း၊ ဇနီးသည်နှင့် သားသမီးတို့၏ အမည်၊ အလုပ်အကိုင် စသည့်အချက်များအပြင် ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ဖြတ်သန်းခဲ့သည်များကို အပိုင်း ၄ ပိုင်းဖြင့် ခွဲခြားဖော်ပြရန် ထပ်တိုး ပါဝင်လာသည်။

ပါတီများသည် အဆိုပါ ပုံစံစာရွက်များကို ပါတီ CEC အားလုံး ဖြည့်စွက်ပြီးနောက် လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း ကော်မရှင်သို့ ပြန်လည်ပို့ဆောင်ပေးရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း မပေးပို့နိုင်ပါက ကော်မရှင်က မည်ကဲ့သို့အရေးယူမည်ဟု ဖော်ပြထားခြင်း မရှိပါ။

“ကျနော်တို့ ၁၄ ရက်အတွင်း အချိန်မီရင်လည်းပို့မယ်။ ရက်စွဲတွေ ခေါင်းထဲမထားနိုင်တော့ဘူး။ တခြားလုပ်စရာတွေ အများကြီးရှိသေးတယ်။ အဲဒါမှ မကြိုက်လို့ ပါတီကိုဖျက်မယ်ဆိုလည်း ဖျက်ပါစေတော့ဗျာ” ဟု ကိုနေမျိုးဝေက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီတွင် ဗဟိုကော်မတီဝင် ၁၆ ဦး၊ ချင်းအမျိုးသားပါတီတွင် ၁၆ ဦး နှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတွင် ဦးဆောင်လုပ်ကိုင်နေသူ ၁၈ ဦး ရှိကြောင်း သိရသည်။

“ပါတီတည်ထောင်သူတွေဟာ လျှောက်ထားတုန်းကလည်း ကိုယ်တိုင် လက်မှတ်ထိုးပြီး ပေးခဲ့ပြီးပြီ။ အခုတခါထပ်ပေးဆိုတော့ ကိုယ်ရေးပရိုဖိုင်ကို ၂ ခါပြန်ပေးရသလို ဖြစ်နေတယ်။ ဒါက လုပ်ဖို့ မလိုအပ်ဘူးလို့ထင်တယ်။ နောက်ပိုင်းမှာ ဗဟိုဦးစီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိပါ တောင်းလာမလား မသိဘူး”ဟု ကိုဖြိုးမင်းသိန်းက ပြောသသည်။

မန္တလေးတိုင်းတွင် လက်ရှိအချိန်အထိ ဖွဲ့စည်းထူထောင်ထားသည့် တခုတည်းသော ပါတီဖြစ်သည့် ဝံသာနု အန်အယ်ဒီပါတီထံသို့ ကော်မရှင်ထံမှ အချက်အလက်များ ဖြည့်စွက်ရမည့် စာရွက် ပေးပို့ခြင်း မရှိသေးကြောင်း သိရသည်။

ကော်မရှင်သည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့က ရွေးကောက်ပွဲဝင်မည့်ပါတီများ စည်းရုံးရေး င်းရာတွင် လိုက်နာရမည့် စည်းကမ်းချက် ၁၄ ချက်ကို ၂/ ၂ဝ၁ဝ ညွန်ကြားချက်ဖြင့် ထုတ်ပြန်ခဲ့သေးသည်။

မှတ်ပုံတင်ခွင့် ကျပြီးဖြစ်သည့် ပါတီတခုမှ အမည်မဖော်လိုသည့် ခေါင်းဆောင်တဦးက “အခုဆိုရင် မိသားစုဝင်တွေရဲ့ ပရိုဖိုင်တွေတောင်း တောင်းလာတဲ့အဆင့် ဖြစ်နေတော့ တရစ်ခြင်းကို တင်းကြပ်လာသလို ဖြစ်နေတယ်။ အဲတော့ ဒါဟာ ပါတီခေါင်းဆောင်တွေကို ဖမ်းချင်တဲ့အခါ အချိန်မရွေး အားလုံးအဆင်သင့်ဖြစ်အောင် လုပ်နေတယ်လို့ထင်တယ်” ဟု ပြောသည်။

မဇ္ဈိမသတင်းထောက် ဆလိုင်း ဟံသာစန်း ရေးသားသည်။

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်တုံးများကို ကျေးရွာကော်မရှင်သို့ ရောင်းချပြီး ဝင်ငွေရှာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌများအား တံဆိပ်တုံးများကို ဈေးအများဖြင့် ရောင်းချပြီး ရံပုံငွေ ရှာဖွေ နေကြောင်း သိရသည်။

အဆိုပါ အတွင်းရေးမှူး ဦးလှရွှေသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌများတွင် အသုံးပြုမည့် တံဆိပ်တုံး တခုကို ကျပ်ငွေ ၅၀၀၀ စီဖြင့် ရောင်းချနေကြောင်း အမည်မဖေါ်လိုသူ ကျေးရွာ ကော်မရှင် ဥက္ကဌ တဦးက ပြောသည်။

“တံဆိပ်တုံးက အကြီးတတုံး၊ အငယ် တတုံးဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် တံဆိပ်ပါတဲ့ ရော်ဘာ တံဆိပ်တုံး တခုနဲ့ ဥက္ကဌ လက်မှတ်ထိုးမယ့်နေရာမှာ သုံးမယ့် တံဆိပ်တုံးတခု စုစုပေါင်း ၂ ခုဖြစ်ပါတယ်။ တခုကို ၅၀၀၀ ကျပ်စီနဲ့ ရောင်းချ ပေးနေတာ ဖြစ်ပါတယ်။”

၎င်းတံဆိပ်တုံး ဈေးနှုန်းများမှာ ဈေးများ သောကြောင့် ကော်မရှင် ဥက္ကဌများ အနေဖြင့် မဝယ်လို ကြကြောင်း တခြား ကျေးရွာ ကော်မရှင် ဥက္ကဌ တဦးက ဆိုသည်။

“တံဆိပ်တုံးတခုကို ၅၀၀၀ ဆိုတော့ ဈေးက များတာပေါ့ဗျာ။ ပြီးတော့ တံဆိပ်တုံးတွေအတွက် ဗဟိုက ထုတ်ပေးမယ်ဆိုတဲ့ ငွေကလည်း မရသေးဘူး။ ဘယ်လောက် ပေးမယ်ဆိုတာလဲ အတိကျမသိဘူး။ အခု တတုံးကို ၅၀၀၀ စီ တောင်းတာက သိပ်များပါတယ်။ ဒါက တံဆိပ်တုံးတွေကို ပြပြီးတော့ ကိုယ်ကျိုး ဝင်ငွေရှာ နေတာဖြစ်ပါတယ်။ ဘယ် ကော်မရှင် ဥက္ကဌမှ မဝယ်ချင်ကြပါဘူး။ မဝယ်သေးတဲ့ သူတွေများပါတယ်။ တကယ်လို့ ဝယ်လိုက်လို့ရှိရင် ဗဟိုကငွေ မပေးတော့ဘူးဆိုရင် ကိုယ့်အိပ်က စိုက်ရမှာပေါ့။ ”

ယခုအခါတွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်ဥက္ကဌများမှာ မဝယ်လျှင်လည်းအခက် ဝယ်လျှင်လည်းအခက် ဒွိဟစိတ်ဖြင့် အခက်ကြုံနေကြကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့တွင် ရပ်ကွက်/ကျေးရွာထဲမှ သင့်တော်သူ တဦးကို ကျေးရွာ ကော်မရှင် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်ပြီး ရယက စာရေးမှာ အတွင်းရေမှူး ဖြစ်ပြီး ကျန်ရယက အဖွဲ့ဝင် တဦးမှာ ကော်မရှင် အဖွဲ့ဝင် ဖြစ်သည်။

မောင်တောမြို့တွင် ရွေးကောက်ပွဲ ကော်မရှင်သင်တန်းကို လွန်ခဲ့သော ဇွန်လ ၆ရက်နေ့က မောင်တောမြို့တွင် ပြုလုပ်ခဲ့သည်။

နိရဉ္စရာသတင်းထောက် မင်းဆက်ခိုင် ရေးသားသည်။

အင်းပေါက်ဝ ကုမ္ပဏီမှ ဆန်အိတ် ၃၀၀၀ နောက်ထပ် မောင်တောသို့ ရောက်ရှိ

ရေကြီးပြီး နောက်ပိုင်း မောင်တောမြို့နယ်တွင် ဆန်ဈေးများ အဆမတန် မြင့်တက်သွားသဖြင့် ပြည်သူများ သက်သက်သာသာဖြင့် ၀ယ်ယူ အသုံးပြုနိုင်ရန် အတွက် စစ်တွေ အင်းပေါက်ဝ ကုမ္ပဏီမှ ဆန်အိတ်များကို သင်္ဘောဖြင့် မောင်တောသို့ တင်ပို့နေရာ ဇွန်လ ၃၀ ရက်နေ့က နောက်ထပ် ဆန်အိတ် ၃၀၀၀ ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

မောင်တောမြို့ခံ တဦးက “ ခုရောက်လာတာက ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ပထမ အခေါက်ကလည်း အင်းပေါက်ဝ ကုမ္ပဏီက ဆန်အိတ် ၃၀၀၀ ကိုမောင်တောကို သင်္ဘောနဲ့ တင်ပို့ပြီး တအိတ်ကို ကျပ် တသောင်းခွဲနုန်းနဲ့ ရောင်းချပေးခဲ့ပါတယ်” ဟု ပြောသည်။

ယခုရောက်ရှိလာသော ဆန်များကို မောင်တော ခရိုင် ကုန်သည်ကြီးများ အသင်းမှ တအိတ်ကို ကျပ် ၁၅၀၀၀ ဖြင့် ၀ယ်ယူပြီး ဒေသခံ ပြည်သူများသို့ ၁၅၅၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

“ ဆန်တွေကို ဇူလိုင်လ ၁ ရက်နေ့က စပြီး ရောင်းချနေပါပြီ။ အိမ်ထောင်စု အလိုက် မှတ်ပုံတင် မဟုတ်ရင် ပုံစံ တဆယ် မိသားစု စာရင်း အပြည့်အစုံနဲ့ အိမ်ထောင်စုတစုကို ဆန် (၁၀) အိတ်နှုန်း ရောင်ချ နေပါတယ်။” ဟု သူက ဆက်ပြောသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ယခုအချိန်ထိ ကျိုးပျက်နေသဖြင့် အဆိုပါ ဆန်အိတ်များကို စစ်တွေမှ တဆင့် ရေလမ်းကြောင်းကို အသုံးပြုပြီး တင်ပို့နေရကြောင်း သိရသည်။ ၎င်းပြင် တခြား ကုန်ပစ္စည်းများ တင်ပို့ခြင်းကိုလည်း ကားလမ်းပျက်နေသဖြင့် ရေလမ်းကို အသုံးပြုပြီး ဆက်သွယ် တင်ပို့နေရကြောင်း သိရသည်။

သို့သော်လည်း ပင်လယ်ပြင်ကို ဖြတ်ပြီး ခရီးသွားလာရ သဖြင့် မိုးရာသီတွင် ယခုကဲ့သို့ ရေလမ်းကြောင်းကို အသုံးပြုနေရခြင်းမှာ အန္တရာယ်များကြောင်း သိရသည်။

နိရဉ္စရာသတင်းထောက် ခိုင်ခိုင်စံ ရေးသားသည်။

ရွေးကောက်ပွဲ ကျင်းပရက်အပေါ် ခန့်မှန်းချက် အမျိုးမျိုးပေါ်ထွက်

နအဖစစ်အုပ်စုက ၂၀၁၀ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောကြားထားပြီး ယခုနှစ်ဝက်ကျိုး လာ သည့်တိုင် တရားဝင် ကျင်းပမည့်ရက် ကြေငြာခြင်းမရှိသေးချိန်တွင် ရွေးကောက်ပွဲ ကျင်းပရက်အပေါ် ခန့်မှန်းပြောဆိုမှု အမျိုးမျိုး ထွက်ပေါ်နေသည်။



လွန်ခဲ့သည့် ဇွန်လအတွင်း ရွေးကောက်ပွဲကျင်းပရက် တရားဝင်ထုတ်ပြန်ဖွယ်ရှိကြောင်း သျှမ်းပြည် ကော်မရှင်အဖွဲ့ခွဲ အ သိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုမှုများရှိခဲ့သည်။

“ဇွန်လပိုင်းမှာ ရွေးကောက်ပွဲကျင်းပရက် တရားဝင်ကြေငြာမယ်ဆိုပြီး ကော်မရှင်အဖွဲ့ခွဲမှာတော့ ပြောဆိုတာတွေရှိတယ် ဒါ ပေမဲ့ ထွက်မလာခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ် ၁၀ လပိုင်း ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့တော့ ခန့်မှန်းတယ် ” ဟု သျှမ်းပြည် ကော်မရှင်အဖွဲ့ခွဲနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဇွန်လဆန်းပိုင်းက မြန်မာပြည် ခရီးစဉ်ဖျက်သိမ်းလိုက်သည့် အမေရိကန်အထက်လွတ်တော်အမတ် ဂျင်ဝက်(Jim Webb) က လည်း အောက်တိုဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောကြားလိုက်သေးသည်။

အဆိုပါပြောကြားချက် ခိုင်လုံမှု ရှိမရှိ မသိရသော်လည်း အချို့က နအဖထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဗေဒင်ယတြာ အယူအဆကိန်းဂဏန်းများအရ ယခုခန့်မှန်းချက်များ မှန်ကန်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။

“ဗိုလ်သန်းရွှေတိုင်းပြည်အုပ်ချုပ်နေတာ အရူးကွက်နဲ့အုပ်ချုပ်နေတာဗျ။ ဗေဒင်အရ ဗိုလ်သန်းရွှေရဲ့ ဂဏန်းတွေက ဘူ ဂဏန်းတွေဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပတာလည်း ဘူဂဏန်းကျတဲ့ရက်တွေကို ရွေးမယ် ထင်တယ်” ဟု နှံ့စပ်သူ သျှမ်းပြည်သားတစ်ဦးက ဆိုသည်။

အမေရိကန်နိုင်ငံသား ယက်တော ရေကူးဝင်ရောက်လာသည့် အမှုဖြင့် နေအိမ်အကျယ်ချုပ်ချ ခံထားရသူ မြန်မာ့ ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နိုဝင်ဘာလတွင် အကျယ်ချုပ်သက်တမ်းကုန်ဆုံး၍ ပြန်လွတ်ဖွယ် ရှိရာ သူမမလွတ်ခင် ရွေးကောက်ပွဲပြီးစီးအောင် ကျင်းပဖွယ်ရှိသည်ဟု နိုင်ငံရေးအကဲခတ်များက ခန့်မှန်းကြသည်။

မြန်မာစစ်အာဏာရှင်များ၏ လုပ်ဟန်များအရ ပြည်သူလူထုအာရုံ အပြောင်းအလဲအလိုက် ၄င်းတို့ပြုလုပ်စီမံမည့် အချိန် အခါကို ရွေးချယ်တတ်ကြကြောင်း သိရသည်။

မည်သို့ဆိုစေကာမူ ယခုနှစ် နိုဝင်ဘာလ၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖွယ်ရှိရာ သူမလွတ်မြောက်ချိန်နှင့် တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိကြောင်း ယူဆသူများရှိသည် ။

ဇွန် ၂၉ ရက်က နအဖ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် သျှမ်းပြည်(မြောက်ပိုင်း) လားရှိုးနှင့် သိန္နီမြို့များသို့ ရောက်ရှိခဲ့ပြီး မြို့နယ် ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံခဲ့ကြောင်း နအဖ အာဘော် သတင်းစာက ဖေါ်ပြသည်။

ရွေးကောက်ပွဲဆိုင်ရာနှင့် စပ်လျဉ်းသည့်လုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရပြီး မကြာမီ ရွေးကောက်ပွဲ ကျင်းပမည့် ရက် အတိအကျ ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်သူများလည်းရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို CALD ဂုဏ်ထူးဆောင် အဖွဲ့ဝင် တင်မြှောက်

ဖိလစ်ပိုင်နိုင်ငံ၊ မာကတ်တီမြို့ အခြေစိုက် အာရှ လစ်ဘရယ်နှင့် ဒီမိုကရက်တစ်များ ကောင်စီ (Council of Asian Liberals and Democrats - CALD) က ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် တသီးပုဂ္ဂလ အဖွဲ့ဝင်အဖြစ် တင်မြှောက် လိုက်ကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့တွင် မနီလာမြို့၌ ကျင်းပ ပြုလုပ်ခဲ့သော CALD ညီလာခံ၏ အမူဆောင် ကောင်စီ အစည်း အဝေးတွင် ထိုသို့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ညီလာခံသို့ သွားတက်ခဲ့သော ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ဧရာဝတီသို့ ပြောသည်။

“ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာပြည် အပေါ်မှာထားမယ့် နိုင်ငံရေး မူဝါဒ ဖြစ်သလို အာဆီယံနိုင်ငံ ထဲမှာလည်း သူတို့ရဲ့ မြန်မာပြည် အပေါ်မှာထားတဲ့ မူဝါဒကို ထင်ဟပ်စေတယ်လို့ အစည်းအဝေးမှာ CALD အထွေထွေ အတွင်းရေးမှူးက ပြောကြားသွားတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

CALD အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့် လူမျိုးအတွက် မတုန်မလှုပ် ဇွဲနှစ် ဆောင်ရွက်မှု၊ ဥပဒေစိုးမိုးရေး နှင့် လူ့အခွင့် အရေးကို လေးစားရေး၊ လွတ်မြောက်မှု ကြိုးပမ်းရေးတို့ကို ဦးတည်၍ အတိုက်အခံ အင်အားစုများကို ကိုယ်ကျိုး မဖက်ဘဲ စံပြအဖြစ် ဦးဆောင်မှု၊ အာရှတွင်သာမက တခြားနိုင်ငံများ၌ပါ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို တိုးမြင့်ရန် ဆောင်ရွက် မှုတို့ကြောင့် ဂုဏ်ထူးဆောင် CALD တသီးပုဂ္ဂလ အဖွဲ့ဝင် အဖြစ် ဂုဏ်ပြု တင်မြှောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

CALD က မနီလာမြို့ရှိ ဖိလစ်ပိုင်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုး ထံ လိပ်မူ၍ ပေးပို့သော အကြောင်းကြား စာ တွင် မြန်မာပြည်သူတို့၏ တရားမျှတရေး၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှုနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို တသားတည်း ညီညီညွတ်ညွတ်ဖြင့် CALD က အားပေးထောက်ခံကြောင်း ရေးသားထားသည်။

၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော CALD တွင် ဖိလစ်ပိုင် အပါအ၀င် ထိုင်း၊ ထိုင်ဝမ်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူတို့မှ နိုင်ငံရေး ပါတီဝင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) တို့ပါဝင်သည်။ ပါကစ္စတန်က တွဲဖက် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ဟောင်ကောင်က တသီးပုဂ္ဂလ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

CALD သည် ဥရောပ လစ်ဘရယ်နှင့် ဒီမိုကရက်တစ်များ မဟာမိတ်အဖွဲ့၊ လက်တင် အမေရိက လစ်ဘရယ်များ ကွန်ရက် တို့နှင့်လည်း ချိတ်ဆက်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ မှ စတင်၍ ငြိမ်းချမ်းရေး နိုဗဲလ်ဆု အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက္ကသိုလ် များက ဂုဏ်ပြုဆုပေါင်း အများအပြား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

ဧရာဝတီသတင်းထောက် သန်းထိုက်ဦး ရေးသားသည်။

ဗိုလ်ချုပ်မှူးကြီး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိ

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသား ထားသည့် စာအုပ်ဖြန့် ချိခြင်းနှင့် ရှင်းလင်းပွဲ တရပ်ကို ယမန်နေ့ ညဦးပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်သည်။

ဗိုလ်ချုပ်မှူးကြီး အတ္ထုပ္ပတ္တိ စာအုပ် (ဓာတ်ပုံ - ဧရာဝတီ)

ယင်း 'THAN SHWE' UNMASKING BURMA’S TYRANTဟု အမည်ပေးထားသည့် စာအုပ်ကို Bendict Rogers ဆိုသူက ပြုစုရေးသား ထားခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ရေးသား ထုတ်ဝေသည့် ပထမ ဦးဆုံး စာအုပ်လည်း ဖြစ်သည်။

ပြီးပြည့်စုံသည့် စာတအုပ် မဟုတ် သော်လည်း မြန်မာပြည်ကို အုပ်ချုပ် နေသည့် စစ်အာဏာရှင် တဦးအကြောင်း လေ့လာရန် လိုအပ်လာပါက ဤစာအုပ်က တစုံတရာ အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း Bendict Rogers က ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ မြန်မာ စစ်ခေါင်းဆောင်ပါ၊ ဆယ်စုနှစ် ၂ ခု နီးပါး ကိုယ့်ပြည်သူ လူထုကို အနိုင်ကျင့် နှိပ်ကွပ်နေတဲ့ အာဏာရှင်ဖြစ်ပါတယ်၊ ကြမ်းကြုတ် ရက်စက်ပြီး အင်မတန် ရှေးဆန်တဲ့၊ အယူသည်းတဲ့ လူဆိုတာ အထူးပြောစရာမလိုပါဘူး၊ ဒါပေမယ့် ဒီလိုလူမျိုးအကြောင်းကို အသေအချာ ရေးထားတဲ့ စာတအုပ် ပေတဖွဲ့ မရှိသေးဘူး၊ ဒါကြောင့် ကျနော် သူ့ အကြောင်းကိုရေးဖို့  မြန်မာပြည်ကို လည်း သွားခဲ့ တယ်၊ နယ်စပ်တလျှောက်က မေးသင့်မေးထိုက်တဲ့သူတွေကိုလည်း မေးမြန်းတယ်၊ လေ့လာခဲ့ပါတယ်”ဟု ၎င်း က ပြောဆိုသည်။

ချက်သမ္မတနိုင်ငံ သမ္မတဟောင်း ဗားကလက် ဟာဗဲလ်ကလည်း ယခုစာအုပ်သည် မင်းဆိုး မင်းညစ် တဦးအကြောင်း ကို အဓိကရေးသားထားသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ သက်သက်ကို ရေးသားထားခြင်းမဟုတ် ကြောင်း၊ ယနေ့ မြန်မာပြည်သားများ ကိုယ်တိုင် ခံစားနေရသော သက်ရှိသမိုင်းကို ထင်ဟပ်စေသော စာအုပ်တအုပ် ဖြစ်ကြောင်း အမှာစာတွင် ပြောဆိုထားသည်။

“ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေ မင်းဆိုးမင်းညစ်တွေအကြောင်းကို ကျနော်တို့သိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် အခုထုတ်ဝေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေစာအုပ်ဟာ အရေးကြီးတဲ့ စာအုပ်တအုပ်ပါပဲ၊ သူဟာ ဘယ်လို လူလဲ ဘာကြောင့် ဒီလိုပြုမူ ဆိုးသွမ်းနေသလဲဆိုတာကို သိထားမှဖြစ်မယ်၊ ကျနော်တို့ကိုယ်တိုင် ကွန်မြူနစ်တွေ အောက်မှာ နှစ်ပေါင်း ၄၀ လောက် ခံခဲ့ရဖူးတယ်၊ အဲဒီတုန်းက ကျနော်တို့လိုအပ်ချက်တွေကို လွတ်လပ်တဲ့ တိုင်းပြည် က လူတွေက ကူပြောခဲ့ကြတယ်၊ ကူညီခဲ့ကြတယ်၊ အခု ကျနော်တို့လွတ်လပ်နေပြီ၊ ဒါကြောင့်မို့လို့ မလွတ်လပ်တဲ့ အရပ်မှာ နေကြရတဲ့လူတွေအတွက် ကူညီကြရမှာပဲ”ဟုလည်း ဗားကလက် ဟာဗဲလ် က အမှာစာ ရေးသားသည်။

'THAN SHWE' UNMASKING BURMA’S TYRANTစာအုပ် ပထမဆုံးအခန်းမှာ From Postman to Tyrant (စာပို့သမားဘ၀မှ ရက်စက်ကြမ်းကြုတ်သော အာဏာရှင် မင်းဆိုးမင်းညစ် အဖြစ်သို့)ဟူ၍ စာအုပ်ကို မိတ်ဆက် ဖွင့်လှစ် ထားသည်ကို တွေ့ ရသည်။

စာအုပ်တွင် အခန်း ၈ ခန်းပါရှိပြီး စာမျက်နှာ ၂၇၀ ရှိသည်။ ၀တ္ထု စာအုပ်ဆိုဒ် အရွယ်ဖြစ်ပြီး ထိုင်းဘတ် ၆၂၅ ဘတ်ဖြင့် ရောင်းဈေးသတ်မှတ်ထားသည်။

စာအုပ်ဖြန့်ချိ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ မှ ၀န်ကြီးအဖွဲ့ ဝင် ဦးဝင်းလှိုင်က“ဒီစာအုပ်မှာ ကျနော်တို့ မျှော်လင့်နိုင်တာက ကျနော်တို့ မသိသေးတဲ့ ဖုံးကွယ်ထားတဲ့ လျှို့ ဝှက်ထားတာတွေကို သိတန်သရွေ့တော့ သိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ တိုင်းပြည်ကို ကံဆိုးမိုးမှောင် ကျ စေတဲ့ လူတယောက် အကြောင်းကို ပြည်သူလူထုက သေသေချာချာ သိခွင့်ရတယ်ဆိုရင် တိုင်းပြည်လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရာမှာ ပိုမိုထိရောက်မှု ရှိလာမယ်လို့ထင်ပါတယ်”ဟု ပြောသည်။

မြန်မာ့ တပ်မတော်(လေတပ်)တွင် အမှုထမ်းခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံ ကာလတွင် ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့သည့် စစ်သားဟောင်း တဦးဖြစ်သူ ဦးမြင့်ဝေ ကလည်း “ဒီစာအုပ်နဲ့ ပတ်သက်လို့ မြန်မာ့ တပ် မတော်မှာ စစ်မှုထမ်းခဲ့သူ တယောက်အနေနဲ့ ပြောရရင် တပ်မတော်အတွက် အရေးကြီးတဲ့ သင်္ခန်းစာ၊ မှတ်တမ်း၊ တပ်မတော်ကြီး တခုလုံးရော၊ တိုင်းပြည်အတွက်ရော နောက်ထပ် ဗမာအာဏာရှင် ဆိုတဲ့ လူတယောက် မပေါ်ပေါက်အောင်အတွက် ဖတ်ထားရမယ့် စာအုပ် တအုပ်ပါ၊ ဒီစာအုပ်ကို မြန်မာပြန်ပြီး မြန်မာ ပြည်သူ တရပ်လုံး သိလာအောင် ဖြန့်ဝေရင် ကောင်းမယ်”ဟု ဆို သည်။

ဦးမြင့်ဝေ သည် ယခုအခါ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) အဖွဲ့ဒါရိုက်တာ တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ် ကမ္ဘာ့ အဆိုးဆုံး အာဏာရှင် စာရင်းတွင် တတိယ နေရာ သတ်မှတ်ခံထားရသူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာပေါ်ရှိ ဆိုးရွား သော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင်၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံ အီးလ်၊ ဒုတိယတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးကို တတိယ နေရာ ရွေးချယ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း စာအုပ် ပြုစုရေးသားသူ Bendict Rogers မှာ International Herald Tribune, Wall Street Journal, Far Eastern Economic Review, Guardian စသော သတင်းစာ၊ မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားသူတဦး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခုစာအုပ်မတိုင်မီ A land without Evil; Stopping the Genocide of Burma’s Karen People အမည်ရှိ စာအုပ်ကိုလည်း ထုတ်ဝေဖူးသည်။

Benedict Rogers သည် ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့Christian Solidarity Worldwide(CSW) ၏ ဒုတိယ ဥက္ကဌ လည်းဖြစ်သည်။

ဧရာဝတီသတင်းထောက် ဘစောတင် ရေးသားသည်။

ရန်ကုန် သင်္ကြန် ဗုံးကွဲမှုနှင့် ဖမ်းထားသူကို ခုံရုံးတင်

ရန်ကုန် သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီး ထားသော ကိုဖြိုးဝေအောင်ကို အင်းစိန် ထောင်တွင်း အထူး တရားရုံးက တရားစွဲဆို ရုံးတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရ ရှိသည်။

မတရားသင်း အက်ဥပဒေ ၁၇(၁)၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မ ၁၃(၁)၊ ဖောက်ခွဲမှုပုဒ်မ ၃(၄)၊ ပြစ်မှုဆိုင်ရာ အက်ဥပဒေ ၃၂၆ အပြင်းအထန် ထိခိုက်နာကျင်စေမှု၊ ပြစ်မှုဆိုင်ရာ အက်ဥပဒေ ၃၀၄ လူသေစေမှု တို့ဖြင့် ဇွန်လ ၃၀ ရက်နေ့က အမှုစွဲတင် ရာတွင် မိသားစုဝင်များ အပါအ၀င် အမှုလိုက်ပါဆောင်ရွက်ပေးနေသော ၎င်းကိုပါ အကြောင်းမကြားဘဲ တရားစွဲတင်ခြင်း ဖြစ်ကြောင်း ရှေ့နေက ဆိုသည်။

“ကျနော်ဒီနေ့ ကိုဖြိုးဝေအောင်ကို ရမန်ထပ်ယူတာနဲ့ပတ်သက်ပြီး သွားတွေ့တော့မှ သူပြောပြလို့ သိရတာ။ ဒါတွေကို မိသားစုကိုလည်း အကြောင်းမကြားဘူး။ ရှေ့နေလုပ်တဲ့ ကျနော်လည်း ဘာမှ မသိလိုက်ရဘူး။ သွားမေးတော့မှ ရုံးချိန်း ရက်ပဲ ပြောတယ်”ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

လာမည့် ဇူလိုင် ၁၄ ရက်နေ့တွင် ရုံးချိန်းသတ်မှတ်ထားပြီး အင်းစိန်ထောင်တွင်း တရားရုံးတွင်ပင် မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှ တရားသူကြီးမှ လာရောက်စစ်ဆေးမည်ဟု ဆိုသည်။

ကိုဖြိုးဝေအောင်ကို စတင်ထိန်းသိမ်းစဉ်က ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ရမန်ယူ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၈ ရက် နေ့တွင် မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် ရမန်ထပ်ယူရာတွင်လည်း ၎င်းကို အသိမပေးခဲ့ကြောင်း ဦးကျော်ဟိုး က ဆို သည်။

ဦးကျော်ဟိုးက“အဲ့ဒီတုန်းကလည်း သူ့အမျိုးသမီးက ထောင်ဝင်စာသွားတွေ့တော့မှ ကိုဖြိုးဝေအောင်က ပြောလိုက်လို့သိရ တယ်။ ရုံးထုတ်ပြီးပေးတာ မဟုတ်တော့ ကျနော်တို့ မသိလိုက်ရဘူး။ ရမန်ပေးတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တရားသူကြီး ဆီကို လိုက်သွားပြီး ရမန်ကို မိတ္တူကူးခွင့်တောင်းတော့ တရားသူကြီးက ရုံးမတက်ဘူးတဲ့၊ မိတ္တူကူးတဲ့ အရာရှိကလည်း ကူးခွင့်မရှိဘူးဆိုပြီး လျှောက်လွှာကို ပယ်လိုက်တယ်လေ”ဟုပြောသည်။

ထိုသို့ ရမန်ကို မိတ္တူကူးယူခွင့်မပြုခြင်း၊ ရှေ့နေနှင့် မိသားစုဝင်များကို အသိမပေးဘဲ စွဲချက်တင်ခြင်းများသည် ရှေ့နေ အခွင့် အရေးအပြင် တရားခံ အခွင့်အရေးများပါ ဆုံးရှူံးနေသည်ဟု ရှေ့နေက ဆိုသည်။

သူကဆက်၍ “ထောင်တွင်းတရားရုံးမှာ ရှေ့နေကို အကြောင်းမကြားဘဲ စွဲချက်တင်တာတွေက မဖြစ်သင့်ဘူးပေါ့ဗျာ။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတော့ ရှိသင့်တာပေါ့ဗျာ။ အခုကတော့ ၁၄ ရက်နေ့ရုံးချိန်းအတွက် ပြင်ဆင်စရာရှိတာ လုပ်ရမှာပေါ့ဗျာ” ဟု ပြောသည်။

ကိုဖြိုးဝေအောင်ကို ဧပြီ ၁၅ ရက်နေ့ ရန်ကုန် သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု တရားခံအဖြစ် စွပ်စွဲပြီး ဧပြီ ၂၃ ရက်က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။