Pages

Subscribe

Friday 2 July 2010

ခမောက်တံဆိပ် အငြင်းပွားမှု နှစ်ဖက်စလုံးက ရင်ဆိုင်သွားမည်ဟု ပြောဆို

ယခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ အမှတ်တံဆိပ် ခမောက်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အမှတ်တံဆိပ်သင်္ကေတ ဖြစ်နေသည့်အတွက် ရွေးကောက်ပွဲကော်မရှင်သို့ လာမည့်ရက်ပိုင်းအတွင်း ကန့်ကွက်ရန်ရှိကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ခမောက်ပုံတံဆိပ်ရယ်၊ အသုံးပြုလာခဲ့တဲ့ မူရင်းစာရွက်စာတမ်းတွေနဲ့ နေပြည်တော် ကော်မရှင်ရုံးကို တင်နိုင်ဖို့ အခု စီစဉ်နေပါတယ်။ လာမယ့် တနင်္လာနေ့ကျရင် ကော်မရှင်ရုံးကို သွားတင်မှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အန်ဒီအက်ဖ်ပါတီက တံဆိပ်အဖြစ် အသုံးပြုမည့် ခမောက်ပုံသည် ပြည်သူလူထုအား ထင်ယောင်ထင်မှား ဖြစ်စေပြီး အန်အယ်လ်ဒီကို ပုံမှားရိုက်မှု ဖြစ်စေသည်ဟု ယမန်နေ့ အန်အယ်လ်ဒီအဖွဲ့ချုပ် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ (၂၈) အရ လိမ်လည်တုပခြင်း ပြုလုပ်မှုဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီကို ပြည်သူတွေက ခမောက်အမှတ်အသားနဲ့ တွဲပြီး သိထားကြတယ်။ ပါတီတရပ်ရဲ့ အလံ၊ တံဆိပ်တို့နဲ့ ဆင်တူယိုးမှား ဖြစ်နေရင်လည်း (၇) ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြထားပါတယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ (ခ) တွင် “မှတ်ပုံတင်ခွင့်အတွက် လျှောက်ထားဆဲနှင့် မှတ်ပုံတင်ပြီးသော အခြားပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်တို့နှင့် တူညီနေလျှင် သို့မဟုတ် ဆင်တူယိုးမှား ဖြစ်နေလျှင် ကန့်ကွက်နိုင်ကြောင်း” ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ၎င်းတို့ပါတီ၏ အလံနှင့်တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်၌ ကြေညာခဲ့သည်။

အန်ဒီအက်ဖ်ပါတီ၏ အလံကို အနီရောင်အောက်ခံ လေးထောင့်၏ အပေါ်ဘက်အစွန်း၌ ကြယ်ဖြူ (၂) လုံးကို အသုံးပြုထားပြီး ပါတီတံဆိပ်ကို အနီရောင်အောက်ခံ၏ ဗဟို၌ ရွှေရောင်ခမောက်တလုံး ပါရှိပြီး ၎င်း၏ထိပ်တွင် နှစ်ထပ်ကြယ်ဖြူ (၁) လုံးပါကာ အောက်ခြေတွင် အမျိုးသားဒီမိုကရေစီအင်အားစု၊ National Democratic Force ဟူ၍ စာတမ်းပါရှိသည်။

ခမောက်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ရွေးကောက်ပွဲဝင်ပြိုင်သည့် အမှတ်အသားသာဖြစ်ပြီး အန်အယ်လ်ဒီပါတီ၏ တံဆိပ်၊ အလံတို့နှင့် မသက်ဆိုင်ကြောင်း အန်ဒီအက်ဖ်ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ငြင်းဆိုသည်။

ဒေါက်တာ သန်းငြိမ်းက “ခမောက်က အန်အယ်လ်ဒီရဲ့ အလံနဲ့ တံဆိပ်တွေမှ မဟုတ်တာဘဲ။ အန်အယ်လ်ဒီရဲ့ အလံက ကြယ်နဲ့ ဒေါင်းပဲလေ။ တံဆိပ်လည်း အဲဒီပုံပဲ သုံးလာခဲ့တာ။ ခမောက်ကို အန်အယ်လ်ဒီက ရွေးကောက်ပွဲအတွက် သုံးတဲ့ သင်္ကေတတခုသာ ဖြစ်တယ်။ သူတို့ရဲ့ တံဆိပ်မဟုတ်ဘူး။ ပါတီဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထဲမှာ အလံ၊ တံဆိပ်နဲ့ ပတ်သက်၍ ကန့်ကွက်နိုင်တာက ဒို့တာဝန်အရေး (၃) ပါးကို ထိခိုက်စေတာရယ်၊ ဘာသာရေး ယှက်နွယ်တာရယ်၊ ပါတီတရပ်ရပ်ရဲ့ နာမည်၊ အလံ၊ တံဆိပ် တူတာ၊ ဆင်တူယိုးမှား ဖြစ်တာရယ် ဒီ (၃) ရပ်ထဲကပဲ ကန့်ကွက်လို့ရမှာပေါ့။ အခု အန်ဒီအက်ဖ်က ခမောက်ကို ပါတီရဲ့ တံဆိပ်အနေနဲ့ သုံးတာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အန်ဒီအက်ဖ်ပါတီ အနေဖြင့် မြန်မာပြည်သူ အများစုကို ကိုယ်စားပြုပြီး အများထက် ထင်သာမြင်သာစေသော မြန်မာ့ရိုးရာ ရွှေရောင်ခမောက်ကို အသုံးပြုရခြင်းဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ယင်းအမှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အန်ဒီအက်ဖ် ပါတီဥက္ကဋ္ဌက ပြောဆိုသည်။

အန်အယ်လ်ဒီပါတီ၏ ဗဟိုအလုပ်မှုဆောင်ဟောင်းများ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာ ဝင်းနိုင်နှင့် အခြားအန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း (၇) ဦးတို့က အန်အယ်လ်ဒီ၏ ရပ်တည်ချက်နှင့် သဘောထားခြင်း မတိုက်ဆိုင်၍ ရွေးကောက်ပွဲဝင်ရန် ပြီးခဲ့သည့် မေ (၆) ရက်တွင် အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

No comments:

Post a Comment