Pages

Subscribe

Friday 2 July 2010

ရန်ကုန် သင်္ကြန် ဗုံးကွဲမှုနှင့် ဖမ်းထားသူကို ခုံရုံးတင်

ရန်ကုန် သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီး ထားသော ကိုဖြိုးဝေအောင်ကို အင်းစိန် ထောင်တွင်း အထူး တရားရုံးက တရားစွဲဆို ရုံးတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရ ရှိသည်။

မတရားသင်း အက်ဥပဒေ ၁၇(၁)၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မ ၁၃(၁)၊ ဖောက်ခွဲမှုပုဒ်မ ၃(၄)၊ ပြစ်မှုဆိုင်ရာ အက်ဥပဒေ ၃၂၆ အပြင်းအထန် ထိခိုက်နာကျင်စေမှု၊ ပြစ်မှုဆိုင်ရာ အက်ဥပဒေ ၃၀၄ လူသေစေမှု တို့ဖြင့် ဇွန်လ ၃၀ ရက်နေ့က အမှုစွဲတင် ရာတွင် မိသားစုဝင်များ အပါအ၀င် အမှုလိုက်ပါဆောင်ရွက်ပေးနေသော ၎င်းကိုပါ အကြောင်းမကြားဘဲ တရားစွဲတင်ခြင်း ဖြစ်ကြောင်း ရှေ့နေက ဆိုသည်။

“ကျနော်ဒီနေ့ ကိုဖြိုးဝေအောင်ကို ရမန်ထပ်ယူတာနဲ့ပတ်သက်ပြီး သွားတွေ့တော့မှ သူပြောပြလို့ သိရတာ။ ဒါတွေကို မိသားစုကိုလည်း အကြောင်းမကြားဘူး။ ရှေ့နေလုပ်တဲ့ ကျနော်လည်း ဘာမှ မသိလိုက်ရဘူး။ သွားမေးတော့မှ ရုံးချိန်း ရက်ပဲ ပြောတယ်”ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

လာမည့် ဇူလိုင် ၁၄ ရက်နေ့တွင် ရုံးချိန်းသတ်မှတ်ထားပြီး အင်းစိန်ထောင်တွင်း တရားရုံးတွင်ပင် မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှ တရားသူကြီးမှ လာရောက်စစ်ဆေးမည်ဟု ဆိုသည်။

ကိုဖြိုးဝေအောင်ကို စတင်ထိန်းသိမ်းစဉ်က ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ရမန်ယူ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၈ ရက် နေ့တွင် မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် ရမန်ထပ်ယူရာတွင်လည်း ၎င်းကို အသိမပေးခဲ့ကြောင်း ဦးကျော်ဟိုး က ဆို သည်။

ဦးကျော်ဟိုးက“အဲ့ဒီတုန်းကလည်း သူ့အမျိုးသမီးက ထောင်ဝင်စာသွားတွေ့တော့မှ ကိုဖြိုးဝေအောင်က ပြောလိုက်လို့သိရ တယ်။ ရုံးထုတ်ပြီးပေးတာ မဟုတ်တော့ ကျနော်တို့ မသိလိုက်ရဘူး။ ရမန်ပေးတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တရားသူကြီး ဆီကို လိုက်သွားပြီး ရမန်ကို မိတ္တူကူးခွင့်တောင်းတော့ တရားသူကြီးက ရုံးမတက်ဘူးတဲ့၊ မိတ္တူကူးတဲ့ အရာရှိကလည်း ကူးခွင့်မရှိဘူးဆိုပြီး လျှောက်လွှာကို ပယ်လိုက်တယ်လေ”ဟုပြောသည်။

ထိုသို့ ရမန်ကို မိတ္တူကူးယူခွင့်မပြုခြင်း၊ ရှေ့နေနှင့် မိသားစုဝင်များကို အသိမပေးဘဲ စွဲချက်တင်ခြင်းများသည် ရှေ့နေ အခွင့် အရေးအပြင် တရားခံ အခွင့်အရေးများပါ ဆုံးရှူံးနေသည်ဟု ရှေ့နေက ဆိုသည်။

သူကဆက်၍ “ထောင်တွင်းတရားရုံးမှာ ရှေ့နေကို အကြောင်းမကြားဘဲ စွဲချက်တင်တာတွေက မဖြစ်သင့်ဘူးပေါ့ဗျာ။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတော့ ရှိသင့်တာပေါ့ဗျာ။ အခုကတော့ ၁၄ ရက်နေ့ရုံးချိန်းအတွက် ပြင်ဆင်စရာရှိတာ လုပ်ရမှာပေါ့ဗျာ” ဟု ပြောသည်။

ကိုဖြိုးဝေအောင်ကို ဧပြီ ၁၅ ရက်နေ့ ရန်ကုန် သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု တရားခံအဖြစ် စွပ်စွဲပြီး ဧပြီ ၂၃ ရက်က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဧရာဝတီသတင်းထောက် ဇာနည်မာန် ရေးသားသည်။

No comments:

Post a Comment