Pages

Subscribe

Friday 2 July 2010

နယ်စပ် အငြင်းပွားမှု ထိုင်း-မြန်မာ ဆွေးနွေးရန်ရှိ

ကီလိုမီတာ (၂,၄၀၀) ကျော် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ အငြင်းပွားနေဆဲ နယ်နိမိတ်စည်းမျဉ်း သတ်မှတ်ချက်များကို ထိုင်း-မြန်မာ နိုင်ငံခြားရေး ဒု-ဝန်ကြီးအဆင့်တို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အငြင်းပွားမှုများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Thailand-Burma Joint Boundary Committee (JBC) မှ ဦးစီး၍ မဟီဒေါတက္ကသိုလ်တွင် ယမန်နေ့က ပြည်သူ့ကြားနားပွဲတရပ် ကျင်းပခဲ့ပြီး ဘုရားသုံးဆူနယ်စပ်မှ ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့လည်း တက်ရောက်ခဲ့ကြသည်။

JBC မှ ထိုင်းနိုင်ငံ တာဝန်ခံ Vasin Teeravechyan က “နယ်စပ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ တရားဝင် အစည်းအဝေးမတိုင်ခင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စကို အလွတ်သဘောပုံစံ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နည်းလမ်းရှာကြံသွားနိုင်ဖို့ ဖြစ်ပါတယ်” ဟု The Nation သို့ ပြောကြားသည်။

ဘုရားသုံးဆူနယ်စပ်တွင် ဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ဆောင်နိုင်ရန်၊ နယ်စပ်ဖြတ်ကျော်ဂိတ်များ အတည်တကျ ထားရှိနိုင်ရန် ပြည်သူများက ယင်းကြားနားပွဲတွင် တောင်းဆိုခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင်တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့ကိစ္စမှာ နှစ်နိုင်ငံရဲ့ နယ်နိမိတ်စည်းမျဉ်းနဲ့ပတ်သက်ပြီး အငြင်းပွားနေဆဲဆိုတော့ ဖွံ့ဖြိုးမှု နောက်ကျတာပေါ့။ ဒါကို ကျနော်တို့တင်ပြတယ်။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေက ဒါကို သတ်မှတ်ဖို့ အချက်အလက် စုဆောင်းနေတဲ့အဆင့်မှာပဲ ရှိတယ်လို့ ပြောတယ်” ဟု ဆိုသည်။

၂၀၀၅ ခုနှစ်တွင် နယ်နိမိတ် သတ်မှတ်ရန် နှစ်နိုင်ငံ ညှိနှိုင်းခဲ့စဉ်က မပြေလည်မှုကြောင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်တို့က ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလကတည်းမှ ပိတ်ပစ်ခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်ဒေသစည်းမျဉ်း သတ်မှတ်နိုင်ရန် နိုင်ငံရေးဝန်ကြီးဌာန ဒု-ဝန်ကြီးများက ၂၀၀၅ ခုနှစ်က တကြိမ်သာ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း JBC ကော်မတီ တာဝန်ခံဖြစ်သူ နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေး ဒု-ဝန်ကြီးတို့ ထပ်မံတွေ့ဆုံရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်စည်းမျဉ်းပြဿနာ သတ်မှတ်ရေးနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းရန်ရှိသော အဓိက နေရာများမှာ ရေတိုက်စားခြင်းကြောင့် နယ်နိမိတ်မျဉ်း ထိခိုက်စေခဲ့သော သံလွင်မြစ်၏ မြစ်လက်တက် Moei မြစ်၊ Kuteng Nayong၊ Doi Lang Doi Huay Ha၊ Mae Konken၊ ဘုရားသုံးဆူဒေသ၊ Ta Yim ကျွန်းစုများ စသည့် အနည်းဆုံး (၆) နေရာ ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ထိုင်းနိုင်ငံတာဝန်ခံ Vasin Teeravechyan က ပြောကြားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များနှင့် ပထဝီအနေအထား ပြောင်းလဲမှု၊ ဒေသခံတို့၏ အဆောက်အဦ ချဲ့တွင်လာမှုတို့ကြောင့်လည်း တချို့ဒေသများ၌ နယ်စပ်မျဉ်းသတ်မှတ်ရန် ခက်ခဲမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းများကို ဗြိတိသျှ-ထိုင်း ငြိမ်းချမ်းရေး ချုပ်ဆိုခဲ့စဉ်က စတင်၍ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားရှိခဲ့သော်လည်း နှစ်နိုင်ငံစလုံးက နယ်နိမိတ်မျဉ်းနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။

ခေတ်ပြိုင်သတင်းထောက် ၀ီရ ရေးသားသည်။

No comments:

Post a Comment