Pages

Subscribe

Saturday, 19 June 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့်မွေးနေ့တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျင်းပပြုလုပ်

ဓာတ်ပုံများပေးပို့လာသူကတော့ နေရာတိုင်းမှာရှိနေတဲ့ ပြည်သူ့အတွက် ရဲရဲတောက် ဘားမားပါပါရာဇီဖြစ်ပါတယ်။

ယနေ့ ဇွန်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားတွေကို မနှစ်ကထက် ပိုမိုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပပြုလုပ်ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ (၁၀)မိုင်ကုန်း မင်္ဂလာဒုံလေဆိပ်အဝင်မှာ နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မိုးကုတ်မြို့နယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် ရဲ့နေအိမ်ခြံဝင်း အတွင်းမှာ ကျင်းပပြုလုပ်ပါတယ်။ လာတဲ့ပရိသာတ် အားလုံးကို ပလာတာနဲ့ ကြက်သား ဧည့်ခံပါတယ်။ အခမ်းအနားကို သဘာပတိ အဖြစ် ဆရာဦးဝင်းတင်က ဆောင်ရွက်ပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးဖွဲ့တဲ့ ချီးမွမ်း ဂုဏ်ပြုတဲ့ ကဗျာတွေကို အသီးသီးဖတ်ကြားပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲက ကောက်နှုတ်ချက်တွေကို လူငယ်တွေက ဖတ်ကြားပါတယ်။ ဖတ်ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မှာကြားတဲ့ အတိုင်း နိုင်ငံရေးမှုနဲ့ အကျဉ်းသား မိသားစုတွေရဲ့ သားသမီးတွေ ပညာသင်ကိစ္စမှာ ဗလာစာအုပ်တွေ၊ ခဲတံဘောပင်တွေ.. ဒီအတွက် ထောက်ပံ့မှုတွေပေါ့ အားလုံး(၉၄)ယောက် ထောက်ပံ့ ကူညီခဲ့ပါတယ်။

အခမ်းအနားအနေနဲ့ ပြောရရင် ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ ခါတိုင်းနှစ်တွေနဲ့ မတူပဲ အရမ်းကိုများပါတယ်။ ဒေါ်မေနှင်းကြည်ရဲ့ ခြံဝင်းအပြည့်ထိုင်ဖို့နေရာ မပြောနဲ့ မတ်တတ်ရပ်ဖို့ တောင်အပြည့်ပဲ။ ဘယ်လောက်လောက်ရှိမလဲ ဆိုတော့ ခြံဝင်းထဲတင် (၅၀၀)လောက်ရှိနေပါတယ်။ ခြံအပြင်မှာ ရှိနေတာလည်း အများကြီးပါ အတိအကျတော့ ပြောရခက်ပါတယ်။ နောက်တစ်ခုက ဒီနေ့ကျင်းပါတဲ့ (၁၀)မိုင်ကုန်းထိပ်မှာ (၁၀)မိုင်ကုန်းဈေးဆိုတာရှိတယ်။ အန်ကယ်တို့ရောက်သွားတဲ့ အချိန်မှာ ယူနီဖောင်းဝတ် လုံထိန်းကား ၅စီး ၆စီးလောက်ရှိတယ်။ ဒေါ်မေနှင်းကြည်ရဲ့ခြံအနီးမှာလဲ အရပ်ဝတ်နဲ့ လုံခြုံရေးတွေ အမျာကြီးချထားပါတယ်.။ တစ်ခုတော့ ပြောလို့ရပါတယ် ... သူတို့တွေအနေနဲ့ တားမြစ်တာ ဟန့်တားတာတော့ မရှိပါဘူး...

တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေမှာတော့ NLD အဖွဲ့ဝင်တွေရော... NLD အဖွဲ့ဝင် မဟုတ်သူတွေကော နောက်စီအာပီပီ အဖွဲ့ဝင်တွေကော... နောက် ဝါရင်နိုင်ငံရေးသမားကြီးတွေလည်း တက်ရောက်ကြပါတယ်။ နောက်တစ်ခုက ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပကြတယ်။ နေရာတိုင်း နေရာတိုင်းမှာလညိး ကျင်းပကြတယ်။ အခုရန်ကုန်မှာ ကျင်းပတဲ့ ပွဲမှာလည်း ရေနံချောင်းက ဒေါ်ခင်စောဋ္ဌေးတို့ ..ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်တို့ ....ပဲခူးတိုင်းက ဒေါ်လှလှမိုးတို့ ရှမ်းပြည်နယ်က ဒေါ်မိုးမိုးတို့ ပြည်နယ်နဲ့ တိုင်းတွေက တက်ရောက်တဲ့ ပွဲဖြစ်ပါတယ်" ဟုပြောဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး တစ်ချို့သော (၉၀)ပြည့်နှစ် ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဟာ NDF အမည်ဖြင့် ပါတီသစ် ထူထောင်ကာ ခွဲထွက်သွားကြသော်လည်း .. အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များမှ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး တစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်း၊ အဖွဲ့ချုပ်မှ ခွဲထွက်သွားခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အပေါ် သစ္စာရှိစွာဖြင့် ကြံကြံခံကာ ရပ်တည်လျှက်ရှိပါတယ်။

ပြီးခဲ့တယ့်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်...။ ထိုအချိန်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ ခံထားရချိန်၌ အနီးအနားရှိ လုံခြုံရေးတာဝန်ယူ နေတဲ့ အကျဉ်းထောင် ဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား နေအိမ်သို့ ဝင်ရောက်မှုနဲ့ ပတ်သတ်ပြီး ဆိုင်းငံ့ပြစ်ဒဏ် ၁နှစ်ခွဲ မတရားကျခံနေရပြီး လာမယ့် နိုဝင်ဘာလမှာ ပြန်လည် လွတ်မြာက်မှာ ဖြစ်ပါတယ်။
ရှေ့နေကြီးဦးဥာဏ်ဝင်း၊ ဒေါ်မေနှင်းကြည်
ယနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝှမ်းနှင့် နိုင်တကာ၌ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါပြီး.. အမေရိကန်သမ္မတအိုဘားမား၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနှင့် စတဲ့ထင်ရှားတဲ့ ပုဂ္ဂိုလ်များမှ မွေးနေ့ဆုတောင်းများ နှင့်တကွ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွတ်ပေးရန် စစ်အစိုးရအား တောင်းဆိုကြပါတယ်။

ဆက်လက်ပြီး ရှေ့နေကြီးနိုင်ငံခြားသံတမာန်တွေကိုတော့ ဒီနှစ်မှာ မဖိတ်ခဲ့ပါဘူး။ သူတို့ကတော့ မေးပါတယ်.. ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးပြုပြီး ကျင်းပတဲ့ပွဲဖြစ်နေလို့ပါ။ အန်ကယ်တို့ ဒီနေ့အခမ်းအနားကို မနက်(၁၀)နာရီမှာ စတင်ပြီး နေ့လည် (၁)နာရီခွဲမှာ ပြီးဆုံးပါတယ်။ အန်ကယ် အိမ်ပြန်ရောက်ကတည်းက ပြည်နယ်နဲ့တိုင်းတွေမှာ မွေးနေ့အခမ်းအနားတွေကို ကျင်းပတဲ့ အကြောင်း ဖုန်းတွေတောက်လျှောက် တော်တော်များများ နေရာစုံကနေ ဆက်လာကြတာ ထူးထူးခြားခြား တွေ့ရပါတယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ယခု(၂၀၁၀-)မှာ စစ်အစိုးရကရွေးကောက်ပွဲ ကျင်းပမည်လို့ ကြေငြာထားပြီးသည့် အချိန်၌ ပြည်သူလူထုနှင့် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို နေရာအနှံ ပြုလုပ်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဆက်လက်ထောက်ခံနေဆဲ ဖြစ်တယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း နဲ့ ယနေ့ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ကောင်းမှုကုသိုလ်ပြုသူတွေ ထူးထူးခြားခြား များပြားကြောင်း နဲ့ လုံခြုရေး အထူးတင်းကြပ်ထားကြောင်း ယနေ့ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သွားရောက် ဆုတောင်းခဲ့တဲ့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးမှ ပြောဆိုသွားပါတယ်။


ဒီမိုဝေယံမှ ကူးယူဖော်ပြပါသည်။

နအဖ စစ်ခေါင်းဆောင်တွေ ဗုဒ္ဓသာသနာကို ဖျက်ဆီးကြလေပြီ...

BURMA’S JUNTA DESECRATES ANCIENT BUDDHIST PAGODA ကိုလွင်အောင်စိုး http://saveburma.wordpress.com အားကျေးဇူးတင်ပါသည်။

ဘူးသီးတောင်- မောင်တော ကားလမ်း ပုံမှန် အခြေအနေရောက်ရန် တလခန့် အချိန် လိုမည်

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမူကြောင့် အပိုင်းပိုင်း ကျိုးပြတ်သွားသော ဘူးသီးတောင်- မောင်တော ကားလမ်းကို နဂို ပုံမှန် အခြေအနေသို့ ရောက်ရန် အတွက် ပြန်ပြင်ရန် အနည်းဆုံး အချိန် တလခန့် ကြာမြှင့်မည်ဟု အမည် မဖေါ်လိုသူ အင်ဂျင်နီယာ တဦးက ပြောသည်။

“လမ်းက ဆိုးဆိုးရွားရွားကို ပျက်စီးသွားပါတယ်။ လိုဏ်ဂူုကြီးမှာ ဆိုရင် အပေါ်က မြေတွေ ပြိုကျလာတဲ့ အတွက် ဟိုဘက် ဒီဘက် ရွံ့နွံတွေ ပိတ်ဆို့နေတယ်။ တခြားနေရာ ၆ ခုမှာလည်း လမ်းတွေ ကျိုးပျက်နေသလို တံတားတချို့လည်း ရေထဲ ပါသွားတယ်။ အဆိုးရွားဆုံး ပျက်စီးမူ ဖြစ်ပါတယ်။ ကျွန်တော် သုံးသပ်တာက အနည်းဆုံး ပြန်ကောင်းဖို့ တလ အနည်းဆုံး အချိန် လိုပါလိမ့်မယ်။”

ဘူးသီးတောင်-မောင်တော ကားလမ်းတွင် လိုဏ်ဂူကြီး တစ်ခုနှင့် လိုဏ်ဂူငယ် တစ်ခုရှိပြီး မတ်စောက်သော တောင်တန်းများကို အောက်ခြေမှ ဖြတ်ကာ လိုဏ်ဂူ အဖြစ် ဖေါက်လုပ်ထားခြင်း ဖြစ်သည်။

ယခုအခါ လိုဏ်ဂူကြီးတွင် တောင်ပြိုကျရာမှ မြေများ ပိတ်ဆို့နေခြင်း ဖြစ်သည်။

“အခုအခါ ဒါတွေကို ပြန်ပြင်ဖို့အတွက် BAJ က လူတွေ တိုင်းနေကြပါတယ်။ သူတို့လည်း အနည်းဆုံး တလလောက် အချိန် လိုမယ်လို့ ပြောပါတယ်။ မောင်တော ဆောက်လုပ်ရေးနဲ့ လုံထိန်းတွေ ရဲတွေလည်း လိုဏ်ဂူကြီးကို ဖို့နေတဲ့ မြေတွေကို သယ်ထုတ် နေကြတာကို တွေ့ရပါတယ်” ဟု သူကပြောသည်။

ယခုကဲ့သို့ လမ်းကို ပြုလုပ်နေရတွင် စက်ကြီး ၃စီး ပါဝင်ပြီး ပြိုကျလာသော မြေများကို ဖယ်ထုတ်နေကြောင်း သိရသည်။

ယခုအချိန်ထိ ဘူးသီးတောင်- မောင်တော ကားလမ်းမှာ ပိတ်နေပြီး ကားများဖြင့် အသွားအလာ လုပ်၍ မရသေးသဖြင့် ခရီးသွားပြည်သူများ ခြေလျင် သွားလာ နေကြသည်ဟု သိရသည်။

ဘူးသီးတောင်-မောင်တောကားလမ်းကို အာဏာပိုင်များက မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် နှစ်စဉ် နှစ်တိုင်း မိုးရာသီ ရောက်တိုင်း ကားလမ်းမှာ မကြာခဏ ပျက်စီးလေ့ရှိပြီး ယခုနှစ်တွင် အဆိုးရွားဆုံး ပျက်စီးမူ ဖြစ်သည်။

အလားတူ အလယ်သံကျော် တံတားနှင့် ကြိမ်ချောင်းတံတားလည်း ကျိုးသွားသဖြင့် နယ်ကျေးရွာများနှင့် မောင်တောမြို့ အကြား အဆက်အသွယ်များမှာ ယခုအချိန်ထိ ပြတ်တောက်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ၅ ရက်ခန့်က စပြီး မိုးရွာသွန်းမူကြောင့် ရေကြီး မြေပြိုကာ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် အထက်ပိုင်းတွင် လူပေါင်း ၁၀၀ ခန့်သေဆုံးခဲ့ပြီး လူနေအိမ် ရာချီပြီး ပျက်စီးခဲ့၍ လမ်းများ၊ တံတားများလည်း ကျိုးပျက်သွားခဲ့သည်။

မိုးရွာသွန်းမူမှာ ရပ်တန့်သွားပြီး ရေပြန်ကျသွားသော်လည်း ပျက်စီး ဆုံးရှုံးမူများကို ပြန်လည် ပြုပြင် တည်ဆောက်ရန်မှာ အချိန်များစွာ လိုမည် ဖြစ်ကြောင့် လေ့လာသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရေဘေး အကူအညီ များစွာ လိုအပ်နေဆဲ

ရခိုင်ပြည်နယ်တွင် ယခုလ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ သုံးရက်တိုင်တိုင် လေပြင်းနှင့်အတူ မိုးသည်းစွာ ရွာသွန်းခဲ့ သောကြောင့် ရေကြီး မြေပြိုကာ လူသေဆုံးမှု၊ နေအိမ်များပျက်စီးမှု၊ ရေလွှမ်းမိုးမှု ရှိခဲ့ပြီး ရေဘေးဒဏ် ခံခဲ့ရသူများလည်း ထောင်ချီပြီ ရှိခဲ့သည်။

အဆိုပါ ရေဘေးဒဏ်ခံခဲ့ရသူများ အတွက် အကူအညီများစွာ လိုအပ် နေဆဲ ဖြစ်ကြောင်း နိရဉ္စရာမှ စုံးစမ်းသိရှိရသည်။

အကူအညီ လိုအပ်နေသော မြို့နယ်များမှာ ရေဘေးနှင့် လေဘေးကို အဓိက ခံခဲ့ရသည့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဍားကျွန်းနှင့် မြေပုံမြို့နယ် တို့ဖြစ်ကြသည်။

ဘူးသီးတောင်မြို့ခံတဦးက“ရေဘေး၊ လေဘေး သင့်တဲ့ နေရာတွေက လူတွေ အကူအညီ များစွာ လိုအပ် နေဆဲဖြစ် ပါတယ်။ ဒီမှာက နေရာ တော်တော် များများမှာ ရေဖုံးလွှမ်းခဲ့ပါတယ်။ နေရေး ထိုင်ရေး၊ စားရေး သောက်ရေးက အစ အဆင်မပြေကြသေးဘူး။ အခု နိုင်ငံခြားအဖွဲ့ အစည်းတွေက အကူအညီ ပေးနေတာတွေတော့ ရှိပါတယ်။ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကူညီ ပေးတာတွေ တော့ မရှိသေးပါဘူး။ သေဆုံးသူ ဘူးသီးတောင်မှာ အယောက် ၉၀ လောက် ရှိတယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျ မှုတို့ကြောင့် ရပ်ကွက်(၅)ရှိ ဟန်မလာကျေးရွာ၊ ကျောက်ရွက်ပြင်တိုးချဲ့ကျေးရွာနှင့် ကကျဘက်ပြင်ကျေးရွာ အုပ်စုတို့မှ အမျိုးသား ၁၃ဦးနှင့် အမျိုးသမီး ၁၈ဦး စုစုပေါင်း ၃၁ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ နအဖ စစ်အစိုးရ အာဏာပိုင် များမှ ထုတ်ပြန်ထားသည်။

အလားတူ မောင်တောမြို့ခံတဦးကလည်း“ အခု လောလောဆယ်တော့ ယူအန်က ရေဘေး၊ လေဘေးသင့် ဒုက္ခသည်တွေကို ကူညီပေးနေပါတယ်။ ရေဘေး သင့်သူတွေကို မောင်တော အထက ကျောင်းနဲ့ အလက ကျောင်းတွေမှာ နေရာချပေးထားပါတယ်။ ဒါပေမယ့် နယ်က ရေဘေးသင့်ခဲ့တဲ့ နေရာတွေမှာ အကူအညီတွေကတော့ အများကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေ ကလည်း ထိထိရောက်ရောက် ကူညီပေးတာ တွေမရှိသေးသလို NGO’s အဖွဲ့အစည်းတွေကလည်း အဲဒီဒေသတွေ အထိ လက်မရောက်နိုင်သေးပါဘူး။” ဟု ပြောသည်။

မောင်တောမြို့တွင် ရပ်ကွက်(၄)ရှိ ရွာသစ်နှင့် ဗိုလ်မှူးရွာ တို့တွင် ရေ အမြင့်ပေ ၄ပေအထိ မြင့်တက်ခဲ့သော ကြောင့် မိသားစု ၂၅၀ ခန့် မောင်တော အထကကျောင်းနှင့် အလကကျောင်းသို့ ရွှေ့ပြောင်း ခဲ့ရသည်။

၎င်းအပြင် မောင်တောမြို့နယ် အောက်ပြူးမကျေးရွာ၊ ရေမျက်တောင်ကျေးရွာ၊ ဦးချဥ့်ကျကျေးရွာ၊ ဇီးပင်ချောင်းကျေးရွာနှင့် အနီးအနားမှ ကျေးရွာများတွင် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျမှုတို့ကြောင့် လူ ၃၀ ခန့် သေဆုံးခဲ့သည်။

မင်းပြားမြို့နယ် ဆပ်ကြားကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၅ လုံးနှင့် စာသင်ကျောင်း တကျောင်း လုံးဝ ပျက်စီးသွားခဲ့ပြီး ကျန်နေအိမ် အများအပြားလည်း တစိတ်တပိုင်း ပျက်စီး သွားကြောင်း သိရသည်။

ဒေသခံတဦးက“ဒီမှာ ရှိတဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်ဆိုတော့ ခိုလှုံစရာ နေရာမရှိသလို ဖြစ်နေပါ တယ်။ အကူအညီတွေ လိုအပ်နေဆဲပါ။ စားရေး သောက်ရေးတွေလည်း အဆင်မပြေ သေးဘူး။ အခုလော လောဆယ်တော့ ကျန်ရှိခဲ့တဲ့ အိမ်တွေနဲ့ အနီးအနား ကျေးရွာတွေက နေအိမ် တွေမှာ လေဘေးသင့်သူ တွေကို နေရာချပေးထားပါတယ်။”

ထို့အတူ မြေပုံမြို့နယ် ကြာအင်းတောင်းကျေးရွာတွင်လည်း နေအိမ်များ ပျက်စီးခဲ့ပြီး ပုဇွန်ကန် အများ အပြားလည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကားလမ်းများနှင့် ကျေးရွာဆက် လမ်းအများအပြားလည်း ပျက်စီးခဲ့ပြီး တံတားများလည်း ရေထဲ မျောပါသွားခဲ့သဖြင့် ကျေးလက် တောရွာများသို့ ရေဘေး အကူ အညီများ အချိန်မှီ မရောက်ရှိ နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

ဘူးသီးတောင် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း အကြီးအကျယ် ပျက်စီး

မိုးအဆက် မပြတ်ရွာသွန်းပြီး မြေပြိုကျမူကြောင့် ဘူးသီးတောင်မြို့တွင် တည်ရှိသော အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းရှိ အဆောက်အဦး အများအပြားမှာ ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့သူ တဦးက “ ကျောင်းတိုက်အတွင်းမှာရှိတဲ့ စေတီရင်ပြင်တော်မှာ ခင်းထားတဲ့ ကြွေပြားတွေ အကုန်လုံး မြေပြိုပြီး တောင်အောက်ကို ရောက်သွားတာကို တွေ့ရပါတယ်။ တခြား ဆွမ်းချက်ဆောင်၊ ယောဂီတွေ ဆွမ်းစားဆောင်၊ မီးစက်ထားတဲ့ရုံ အကုန်လုံး ပျက်စီး သွားခဲ့ပါတယ်” ဟု ပြောသည်။

ကျောင်းတိုက်အတွင်း မြေပြိုမူကြောင့် အနောက်ဘက် အဆောင်များမှ သံဃာတော်များနှင့် ယောဂီများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း သူက ပြောသည်။

“ ထိခိုက် ဒဏ်ရာ ရရှိမူတော့ မရှိပါဘူး။ အဆောက်အဦးတွေ တော်တော်များ ပျက်စီးတာကလွဲပြီးပေါ့နော်။ အခု ရဟန်းတော်တွေ ယောဂီတွေကို အရှေ့ဘက် ကျောင်းဆောင်ကို ပြောင်းထားတာကို တွေ့ရပါတယ်။ တောင်က သဲတောင်ဆိုတော့ အချိန်မရွှေး မိုးကြီးရင် ပြိုကျနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

တခြား ကျောင်းဂေါပက တဦးကလည်း “ အပျက်အစီးကတော်တော်များပါတယ်။ ကျပ်သိန်း ရာကျော်ချီပြီး ပျက်စီး ဆုံးရှုံးမူ ရှိပါတယ်။ အဆောက်အဦး တော်တော်များက မြေအောက်ကို ရောက်နေပါတယ်။ ပြန်လည် ပြုပြင်ဖို့ အချိန် အများကြီး လိုမယ် ထင်ပါတယ်” ဟု ပြောသည်။

အလိုတော်ပြည့်ကျောင်း အပျက်အစီး သတင်းကြောင့် ဘူးသီးတောင်မြို့ခံများမှ လာရောက်ပြီး အပျက်အစီးများကို ရွှေ့ပြောင်း မူစသည့် အကူအညီများကို ပေးနေကြောင်း သိရသည်။

တခြား ဘုန်းတော်ကြီးကျောင်းများတွင်လည်း မြေပြိုမူများ ဖြစ်ခဲ့သော်လည်း အလိုတော်ပြည့် ကျောင်းကဲ့သို့ အပျက်အစီး မများကြောင်း သိရသည်။

ကချင်ပါတီ တရားဝင်လက်ခံရေးကိစ္စ စောင့်ဆိုင်းပေးရန် ကော်မရှင်မှ ထပ်မံပြန်ကြား

မြန်မာစစ်အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သို့ ပါတီမှတ်ပုံတင်လျှောက်ထားတဲ့ ကချင်ပါတီ အား တရားဝင်လက်ခံရေးကိစ္စ ဆက်လက်စောင့်ဆိုင်းပေးရန် ကော်မရှင်က ထပ်မံ ပြန်ကြားထားကြောင်းသိရသည်။

kspp-ningbaw-dr1

KSPP ပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာ။

ယခုနှစ် မကုန်မီကျင်းပမည့် စစ်အစိုးရ၏ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) သည် ပါတီ တည်ထောင်ခွင့် မချပေးသေးသည့်ကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့ က ရွေးကောက်ပွဲ ကော်မရှင်များနှင့်ထပ်မံတွေ့ဆုံခဲ့သည်။

နေပြည်တော်အခြေစိုက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကချင်ပါတီကို ထပ်မံစောင်းဆိုင်းပေးရန်ပြောကြား ခဲ့ကြောင်း ကချင်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးပြောသည်။

ကချင်ပါတီ အား အဘယ်ကြောင့်ပါတီတည်ဆောင်ခွင့် မပြုသေးကြောင်းကို “လိုအပ်တာရှိရင် ပွင့်ပွင့် လင်းလင်းပြောပါ။ ဒီလိုမဟုတ်ရင် ကျွန်တော်တို့ အချိန်မရှိတော့ဘူး” ဟု နေပြည်တော်တို့သွားရောက်ခဲ့ သော ပါတီအရာရှိတစ်ဦးပြောသည်။

ယနေ့ထိတိုင် ကချင်နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ KSPP၊ ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ-ကချင် (NSPP) နှင့် စုပေါင်းဒီမိုကရေစီပါတီ-ကချင် တို့ဟာ တရားဝင်ပါတီများအဖြစ် လက်ခံခြင်း မခံရသေးပါ။

ကချင်ပြည်နယ်ကိုယ်စားပြု ကချင်ပါတီများတစ်ဖွဲ့မှ ပါတီတည်ထောင်ခွင့်မပြုသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း(USDA) ပါတီတည်ထောင်ခွင့်ရ၍ ယခုချိန် တစ်ပါတီတည်း ကချင်ပြည်နယ်အတွင်း လူထုမဲဆွယ်စည်းရုံးနေပါသည်။

ယခုလိုကချင်ပါတီများအား ပါတီတည်ထောင်ခွင့်မချပေးသည်ကို “KSPP ပါတီတစ်ခုတည်းကို မချပေးတာ မဟုတ်ပါဘူး ကချင်ပါတီတစ်ခုမှကို ပါတီတည်ထောင်ခွင့်မချပေးတာပါ။ အာလုံးက ကချင်ဘဲ ကချင်ဆိုတော့ အတူတူဘဲထင်လို့ နေမှာပေါ့။ တစ်ခြားကချင်ပါတီတွေကိုရော မချပေးသေးဘူး” ဟု KSPP ပါတီအရာရှိတစ်ဦးက ယခုလို ထင်မြင်ချက်ပေးခဲ့သည်။

KSPP သည် ဗဟိုကော်မတီဝင် အယောက် ၆၀ နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ယောက် နှင့် ပြည်သူလူထု ပါတီအဖွဲ့ဝင် ၂၀၀၀ကျော်ဖြင့် ဖွဲ့စည်းထားသော ကချင်ပါတီတစ်ခုဖြစ်သည်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ နေ့ ကချင်လွတ်မြောက်အဖွဲ့ (KIO) ၏ ငြိမ်းချမ်းရေးကာလ ၁၆ နှစ်ပြည့်အခမ်းအနား “ကချင် ရိုးရာမနောပွဲတော်” ကို စီကားတိုက်မြိုက်စွာ ကချင်ပြည်နယ်ရှိ တိုင်းရင်သားပေါင်းစုံနှင့် ဗုဒ္စဘာသာ ဘုန်းကြီး အပါး ၃၀၀ ကျော်ပါ တက်ရောက်ခဲ့သည်။

ယင်းပွဲတွင် KIO ဒု-ဥက္ကဌ (၁) ဒု-ဗိုလ်ချုပ်ကြီး ဂေါ်ရီဇော်ဆိုင်း က လူထုအား “ကချင်ပြည်နယ်၏ သာယာဝပြော၊ ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်ကိုးပြီး ဖွဲ့စည်းထားသည့် KSPP အား မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြပါရန်” တရားဝင်လူထုစီးရုံးသော မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရက KSPP သည် နယ်ခြားစောင့်တပ် လက်မခံသည့် KIO နှင့် ဆက်စပ်နေသေးသည်ဟု ထင်မြင်ယူဆထားသည့်အတွက် ကချင်ပါအား ပါတီတည်ထောင်ခွင့်မပြုသေးဘဲ ကြန့်ကြာထားခြင်း ဖြစ်သည်။

နအဖ တပ် - ၀ တပ် အပြိုင်အဆိုင်နယ်ခြားဂိတ်စခန်းများ စစ်ဆေး

လားရှိုး - တန့်ယန်း မှ ပန်ဆန်း ခရီးသည်များအား နယ်ခြားစောင့် ဂိတ်စခန်း ၀ တပ် နှင့် နအဖတပ်တို့ နှစ်ဖက်ပြိုင်ဆိုင် တင်းကြပ်စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

“၀ ဘက်ကော နအဖ ဘက်ကော စစ်တယ်။ ဒီလထဲမှာ နအဖ ဘက်က အစစ်အဆေးပိုထူလာတယ်။ ခရီးသည်တွေ ကို ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ဂိတ်စခန်းဖြတ်သန်းသွားလာခွင့်မပေးဘူး” - ဟု တန်းယန်းမြို့ခံ ၀ အမျိုး သားတဦးက ပြောပါသည်။

UWSA မြောက်ပိုင်း ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ

ဝ အာဏာပိုင် ဘက်ကမူ နတလ ၀န်ထမ်းများအား နအဖ အာဏာပိုင်များ ပြန်ခေါ်ချိန်မှစ၍ လူဝင်လူထွက်စာရင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း၊ နအဖဘက်ကမူ သံလွင်မြစ်တဘက်ကမ်း လွယ်ပန်လုံစောင့် စစ်သားများကိုယ်တိုင် မှတ်ပုံတင်များ စစ်ဆေးနေကြောင်း ၀ နယ်သို့ခရီးသွားသူ လားရှိုးသားတဦးက ပြောပါသည်။

“ပန်ဆန်းကနေ (3 နာရီကြာ ကားစီးရတဲ့ခရီး) မန်းဆိုင်မြို့မရောက်ခင် နမ့်ပန်ရေအားလျှပ်စစ်/နမ့်ပန်နယ်ခြားစစ်ဆေးရေး ဂိတ်စခန်းမှာ ၀ တပ်ဖွဲ့ကစစ်တယ်။ ည 6 နာရီကျော်ရင် ဖြတ်သန်းလို့ မရဘူး။ 2 နာရီ လောက်ဝေးတဲ့ ၀ိန်းကောဝ်ကို ပြန်အိပ်ခိုင်းတယ်။ အဲဒီ့နားမှာလဲ အိပ်ခွင့်မပြုဘူး” ဟု ၎င်းကဆက်ပြော၏။

ထိုနည်းတူ နအဖစစ်တပ်ဘက်မှလည်း လွယ်ပန်စုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ပန်လုံဂိတ်တွင် စစ်ဆေးရေး တင်းကြပ် ရာ နမ့်ပန်စစ်ဆေးရေးဂိတ်ကဲ့သို့ ည ၆ နာရီမှ မနက် ၆ နာရီထိ ဖြတ်သန်းခွင့်မပေးကြောင်း။ ခရီးသွားများအား လ၀က ၀န်ထမ်းများသာမက စစ်သားများကပါ မှတ်ပုံတင်စစ်ဆေးမှု ပြုလုပ်နေကြောင်းလဲပြော၏။

“အရင်တုန်းက လ၀က ဘဲစစ်တာလေ။ အခု ဗမာစစ်သားတွေရောဘဲ။ သူတို့က - ဘယ်သွားမလဲ ဘယ်မှာအိပ်လဲ ဘယ်နှစ်ရက်ကြာ မလဲ ဘာတွေသွားလုပ်မလို့လဲ စသဖြင့် ခရီးသည်တွေကို မေးခွန်းပေါင်းများစွာနဲ့စစ်ဆေးမေးမြန်း တယ်။” - အဆိုပါ လားရှိုးသား ခရီးသွားက ပြောပါသည်။

မည်သို့ပင်ဆိုစေ နအဖ နှင့် ၀ အာဏာပိုင်တို့မှ အစစ်အဆေးထူပြောသော်လည်း ကားများ၊ ခရီးသည်များ ယခင်ကဲ့ သို့ပင်မပြတ်သွားလာနေသေးကြောင်း၊ ပန်ဆန်းတွင်လည်းစည်ကားလျက်ရှိပြီး စီးပွါးရေးလည်းကောင်းမွန်နေကြောင်း သိရှိရသည်။

“မတ်ခ်ျလတုန်းက နအဖက နတလ ၀န်ထမ်းတွေကို မပြောမဆိုနဲ့ ၀ နယ်မြေကနေရုတ်တရက်ထွက်ခိုင်းတော့ ၀ ကို အားချင်းထိုးစစ်ဆင် တိုက်ခိုက်တော့မလိုထင်ရတော့ ဒေသခံလူထု အပါအ၀င် ခရီးသွားတွေ ကုန်သည်တွေပါ ထိတ် လန့်ကြ ကုန်တာပေါ့။ အခုမှာတော့ နအဖ ဘယ်လိုဘဲခြိမ်းခြောက်ခြိမ်းခြောက် ဘယ်သူမှ မကြောက်တော့ဘူး။ ပုံမှန်ပဲ သွားလာကူးသန်းရောင်းဝယ်နေကြတယ်။ နအဖ ခြောက်လှန့်မှုက အရာမထင်တော့ဘူး။ အခုအခြေအနေ မှာတော့ စီးပွားရေးလဲပုံမှန်ဘဲ”
ဟု ပန်ဆန်းနေကုန်သည်တစ်ယောက်က ပြောပါသည်။

ကမ္ဘာ့ဖလားပွဲ အတွင်း ရွှေလီရေအားလျှပ်စစ်မီး မပျက်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ မန်တပ်ရွာ အနီးရှိ ရွှေလီရေအားလျှပ်စစ်မီး ဒေသတွင်း ဖြန့်ဖြူးချိန်မှစ၍ မကြာခဏ မီးပျက်နေသော မူဆယ်မြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လျှပ်စစ်မီးပုံမှန်ရရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။
တရုတ်နိုင်ငံမှ ၀ယ်ယူဖြန့်ဖြူးသည့် လျှပ်စစ်မီးအစား ဧပြီလဆန်းမှ စ၍ ရွှေလီရေအားလျှပ်စစ်မှ အစားထိုးဖြန့်ဖြူးရာ ကမ္ဘာ့ ဖလားပွဲ မစတင်မီ ရက်ပိုင်းအလိုအထိ အနည်းဆုံး တစ်ရက်မီး ၃ ကြိမ်ခန့် ပျက်လေ့ရှိသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံ တော်ဆင့် သို့ ပြောသည်။

“ဘောလုံးပွဲ မစခင် အထိမီးက ကြာတော့မကြာဘူးပေါ့ ဒါပေမဲ့ တစ်ရက်ကို ၃ ကြိမ်လောက်ပျက်တယ် နွေပိုင်းတုန်းက ပိုဆိုးတယ် အခုပုံမှန်ရနေပြီ ဘောလုံးပွဲ ကာလမို့ မီးမှန်နေတာလို့ ထင်တာပဲ ” လို့ သူက ဆိုသည်။

မူဆယ်မြို့တွင် မီးမကြာခဏ ပျက်သဖြင့် နှစ် ၂၀ ကျော်ခန့် ၂၄ နာရီ ပတ်လုံး တရုတ်လျှပ်စစ်မီး မပြတ်ခဲ့သည့် မူဆယ် ဒေသခံများ မီးပျက်သည့် ဒဏ်ကိုခံနိုင်ရည် မရှိတော့ကြောင်း ဧပြီလပိုင်းက မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

“နှစ် ၂၀ ကျော်ဗျာ လျှပ်စစ်မီးမပြတ်ရခဲ့တာ အခုရွှေလီရေအားလျှပ်စစ်မီးကျမှ တစ်မြို့လုံး မှောင်မဲနေတာပဲ ဖရောင်းတိုင်နဲ့ ဆိုတော့ မနေတတ်တော့ဘူး ” လို့ သူက ဆိုသည်။

ယခုအခါ ရန်ကုန်အပါအ၀င် အထက်မြန်မာပြည် မြို့တိုင်းလိုလိုတွင် လျှပ်စစ်မီးပုံမှန်ရရှိနေကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းသိရသည်။

ရန်ကုန်သို့ သဘာဝကမ်းလွန်ဓါတ်ငွေပိုက်လှိုင်းသွယ်တန်း၍ မီးဖြန့်ဖြူးနေသောကြောင့် မြို့နယ်တိုင်းလိုလိုတွင် လျှပ်စစ်မီး ယခင်ထက် ပုံမှန်ရရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်ဒေသခံတစ်ဦးက “ ဗန်းမော်မှာ အရင်က ရက်ခြားမီးလာတယ် ဒီနွေကာလမှာ လုံးဝနီးပါး ပျက် သွားတယ် အခုကမ္ဘာ့ဖလားပွဲစတော့ ပုံမှန်ပြန်ရနေပြီ ” လို့ ဆိုသည်။

ဘောလုံးပွဲ အသဲစွဲသည့် မြန်မာပြည်သူများအဖို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရန်အတွက် လျှပ်စစ်မီးပုံမှန်ရရေးသည် မရှိမဖြစ် လိုအပ်ပြီး ဘောလုံးပွဲမကြည့်ရပါက မြိုသိပ်ထားသော အထွေထွေမကျေနပ်မှုများ ပေါက်ကွဲလာ ဖွယ်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်အပတ်က လျှပ်စစ်မီးပျက်မှုကြောင့် ကမ္ဘာ့ဖလားပွဲ မကြည့်ရသည့် ပြည်သူများ ဆူပူအုံကြွ ခဲ့ကြသည်။

အဖိုးတန်သယံဇာတ မြောက်များစွာထွက်ရှိသည့် မြန်မာနိုင်ငံတွင် ပြည်သူများသည် လျှပ်စစ်မီးပုံမှန်မရသည့် အပြင် ရေ ပေးဝေမှုစနစ်မရှိ ရေနုတ်မြောင်းစနစ်မရှိပဲ နေထိုင်ကြရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၏ (၆၅) နှစ်ပြည့် မွေးနေ့ပွဲ စည်ကား

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် (၆၅) နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့တော်တွင် ကျင်းပသည်။

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ အပါအ၀င် အကျဉ်းကျ နိုင်ငံရေးသမားများ၏ မိသားစုများ တက်ရောက်ကြသည်။

မရမ်းကုန်းမြို့နယ်ရှိ အန်အယ်လ်ဒီ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်တွင် ယနေ့ နံနက် (၄) နာရီ၌ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အလှူအဖြစ် သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှုပြီး နေ့လယ်ပိုင်းတွင် စာကလေး (၆၅) ကောင် လွှတ်ခြင်း၊ ဖယောင်းတိုင် ထွန်းညှိဆုတောင်းခြင်းများ ပြုလုပ်ကြသည်။

“မွေးနေ့မှာ လူငယ်တွေက အန်တီရဲ့ မိန့်ခွန်းတွေကို ရွတ်ဖတ်ကြတာပါတယ်။ နောက် ကဗျာရွတ်တာပါတယ်။ ကဗျာဆရာတွေက ကဗျာရွတ်တယ်။ အဘ ဦးဝင်းတင် ဦးဆောင်ပြီးတော့ပေါ့နော်။ အဘက အန်တီ လွတ်မြောက်ပါစေ ဆိုပြီးတော့ အဲဒါလေးကို အားလုံးက ဖယောင်းတိုင်လေးတွေ ကိုင်တယ်၊ နောက် နှင်းဆီပန်း အ၀ါလေးတွေ ကိုင်တယ်၊ အားလုံး ဆုတောင်းကြတယ်” ဟု အန်အယ်လ်ဒီ ဗဟိုဦးစီးကော်မတီဝင် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများ၏ သားသမီးများကို ပညာသင်ထောက်ပံ့ကြေးများလည်း မွေးနေ့အလှူအဖြစ် ပေးအပ်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောကြားသည်။

“ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေလို့ ဆုတောင်းချင်ပါတယ်” ဟု ဒေါက်တာ ဒေါ်မေ၀င်းမြင့်က မွေးနေ့ ဆုတောင်းအဖြစ် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် လူငယ်တဦးက ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့အနေဖြင့် အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ်သာမက လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ လူငယ်တို့၏ ခေါင်းဆောင်တယောက်အဖြစ် လေးစားသည့်အပြင် မိခင်တယောက်ကဲ့သို့ ချစ်ခင်ကြကြောင်း ပြောဆိုသည်။

“အန်တီကို ခေါင်းဆောင်ဆိုတာထက် မိခင်တယောက်လို ခံစားမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိခင်တယောက်က သားသမီးများအတွက် ဘ၀ကိုစွန့်လွှတ်တဲ့သူပါ။ အန်တီဟာလည်း တိုင်းပြည်အပေါ် ပြည်သူတွေအပေါ်မှာ စွန့်လွှတ်အနစ်နာခံခဲ့တာ အနှစ် (၂၀) ကျော် သက်သေပါပဲ” ဟု အန်အယ်လ်ဒီ မင်္ဂလာဒုံမြို့နယ် လူငယ်တာဝန်ခံ မခင်မြတ်သူက ပြောကြားသည်။

၎င်းက “အမေ့အတွက် စကားလက်ဆောင်လေးပြောချင်ပါတယ်။ အမေပြန်ရောက်လာမယ့်နေ့ကို သမီးတို့တွေ စောင့်စားရင်းနဲ့ အမေရဲ့ လမ်းညွှန်ချက်တွေအတိုင်း အလုပ်လုပ်နေပါတယ်။ လုပ်ဆောင်ချက်တွေကို ကျန်းကျန်းမာမာနဲ့မကြာခင်မှာ ပြန်ရောက်လာမယ်ဆိုတာကိုယုံကြည်နေပါတယ်လို့၊ နောက်ပြီး အမေရေ.... အမေ့နောက်မှာ သမီးတို့တတွေ အမြဲရှိနေမယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ယနေ့ကျရောက်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၆၅) နှစ် မြောက်မွေးနေ့ပွဲကို မွေးနေ့ရှင် မတက်ရောက်နိုင်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက မြန်မာတနိုင်ငံလုံးနှင့် သူမကို ချစ်ခင်လေးစားသူများက ကမ္ဘာတလွှားရှိ နိုင်ငံအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ရန်ကုန်မြို့ အဓိကနေရာများဖြစ်သည့် ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းစိန်လမ်းမ၊ ပြည်လမ်းမနှင့် မြို့တွင်း ဆူးလေဘုရားဝန်းကျင်တွင် လုံခြုံရေးများ တင်းကျပ်ထားသည်။

မျက်မြင်တဦးက “မြို့တော်ခန်းမရှေ့မှာ လုံထိန်းကား (၅) စီးလောက် ရှိတယ်ဗျာ။ ပြီးတော့ တက္ကသိုလ်ရိပ်သာ လမ်းမှာတော့ အများကြီးပဲ။ အစီး (၂၀) လောက် ရှိတယ်။ ကျန်တဲ့နေရာတွေမှာတော့ (၂) စီးစီ စောင့်နေတာ တွေ့ရတယ်” ဟု ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းတွင် ကွပ်ကဲရေးကားများလည်း ပါဝင်ကြောင်း၊ ဒေါ်စုနေအိမ်နှင့် အမေရိကန်သံရုံးရှေ့တို့တွင်လည်း လုံ ခြုံရေး တာဝန်ကျရဲများကို နေရာအနှံ့ထားရှိကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။

ရွှေတိဂုံဘုရားတွင်လည်း ယနေ့ နံနက် လုံခြုံရေးချထားကြောင်း ရန်ကုန်မှလာသော သတင်းများအရ သိရသည်။

ကုလသမဂ္ဂနှင့် အမေရိကန်က ဒေါ်စုအား လွှတ်ပေးရန် ထပ်မံတောင်းဆို

ယနေ့ ဇွန် (၁၉) ရက်တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန်သမ္မတ အိုဘားမားတို့က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရခေါင်းဆောင်များအား ထပ်လောင်းတောင်းဆိုလိုက်သည်။

မစ္စတာဘန်ကီမွန်းက သောကြာနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ဆုမွန်တောင်းရင်း သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်သည့်အတွက် “အလွန်စိုးရိမ်ပူပန်” ဖြစ်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်စေရန် အမြန်ဆုံးလွှတ်ပေးသင့်ကြောင်း ပြောကြားလိုက်သည်။

မစ္စတာဘန်ကီမွန်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားဆဲဖြစ်လို့ ကျနော် သိပ်ကို စိုးရိမ်မကင်းဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျနော် တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။ ဒီလိုလွှတ်ပေးမှသာ သူတို့အနေနဲ့ ဒီနှစ်အတွင်း မြန်မာအစိုးရလုပ်မယ့် ရွေးကောက်ပွဲက နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်” ဟုပြောသည်။

ထို့အပြင် “ဒီရွေးကောက်ပွဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်သင့်ပါတယ်။ နိုင်ငံရေးပါတီတွေအားလုံးနဲ့ ပြည်သူလူထုတရပ်လုံး ပါဝင်နိုင်မှသာ အများလက်ခံယုံကြည်ပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲအဖြစ် အများက အသိအမှတ်ပြု လက်ခံနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အမေရိကန်သမ္မတ မစ္စတာအိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည့်၏ (၆၅) နှစ်မြောက် မွေးနေ့တွင် ဆုမွန်ကောင်း တောင်းဆိုလိုက်သည့်အကြောင်း သောကြာနေ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်ခိုင်မာပြတ်သားမှု၊ သတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို သမ္မတ အိုဘားမားက ထုတ်ဖော်ချီးကျူးထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်လည်း ထပ်မံတောင်းဆိုလိုက်သည်။

မစ္စတာအိုဘားမားက “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ကျနော့်အနေနဲ့ မြန်မာအစိုးရကို နောက်တကြိမ် ထပ်မံတောင်းဆိုပါတယ်။ သူတို့အားလုံးကို မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားတဲ့၊ ကြီးပွားတိုးတက်တဲ့၊ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံထူထောင်ရေးမှာ ပါဝင်ခွင့်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း (၂၀) ကျော်အတွင်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ်ကျခံနေရသည်မှာ (၁၅) နှစ်နီးပါး ရှိပြီဖြစ်သည်။

ငါးသိန်းတန် CDMA ဖုန်းများ အကန့် အသတ် မရှိ ချပေးမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၅ သိန်းတန် စီဒီအမ်အေဖုန်း များကို အကန့် အသတ်မရှိ ချပေးမည် ဖြစ်ပြီး ဆက်သွယ်ရေး ကောင်းမွန် စေရန် အတွက် ပင်မ စခန်း များကို တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ အလုံ မြို့နယ်ရှိ ဝါယာလက် အော်တို တယ်လီဖုန်း ဌာနသို့ လာရောက် စစ်ဆေးသည့် ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန ဝန်ကြီး ဦးသိန်းဇော်က ပြောကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားချက် အရ သိရသည်။ လိုင်းဆွဲအား ကောင်းမွန်စေရန် အတွက် MCS ဆက်သွယ်ရေး ပင်မစခန်း ခံနိုင်ဝန် မြှင့်တင်ခြင်း၊ BTS စခန်း ၉ ခု တပ်ဆင်ခြင်း နှင့် CU (Carrier Unit) ၉၂ ခု တိုးမြှင့် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငါးသိန်းတန် အထိုင်ဖုန်း များကို ရွေ့လျား ဖုန်းများ အဖြစ် သယ်ယူ သွားလာ နေခြင်းကြောင့် ဖုန်းလိုင်းများ ကျပ်ကာ တစ်ခါ တစ်ရံ လိုင်း မမိခြင်းများ ဖြစ်ပေါ် နေခြင်းကို လိုင်းဆွဲအား ကောင်းမွန် စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ “ ငါးသိန်းတန် ဖုန်းတွေကို သတ်မှတ် နေရာမှာပဲ အထိုင် ဖုန်းနဲ့ သုံးမယ် ဆိုရင် လိုင်းဆွဲအား ကောင်းတာပေါ့။ အခု ငါးသိန်းတန်ဖုန်း သုံးတဲ့ သူတွေက နေရာ အနှံ့ လက်ကိုင်ဖုန်း အဖြစ် သယ်ယူ နေတော့ လိုင်း ကျပ်တာတွေ ဖြစ်ကုန်ရော ”ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာ နိုင်ငံတွင် အိတ်ချိန်းပေါင်း ၉၀၀ နီးပါး နှင့် အော်တိုဖုန်း၊ မိုဘိုင်းဖုန်းများ အရေ အတွက် စုစုပေါင်း ၇ သိန်းကျော် ရှိပြီး FEC ၂၀ တန်နှင့် ၅၀ တန် ဖုန်းကတ် များ ကိုလည်း သုံးစွဲလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

သန်လျက်စွန်းမှ ကြည့်မြင်တိုင် ဟုမ်းလမ်း မှတ်တိုင် အနီး အထိ ရန်ကုန် မြစ်ဘက် ခြမ်းတွင် ကွန်ကရစ် လမ်းမသစ် ဖောက်လုပ်

ရန်ကုန်မြို့၊ ကမ်းနားလမ်း တစ်လျှောက်ရှိ ဗိုလ်တစ်ထောင် သန်လျက်စွန်း မှ ကြည့်မြင်တိုင် ဟုမ်းလမ်း မှတ်တိုင် အနီးရှိ MEC သိုလှောင်ရုံ အထိ မြစ်ကမ်းဘက် အခြမ်းကို ၄၈ ပေ အကျယ် ရှိပြီး တန် ၁၀၀ ခံ နိုင်သော ကွန်ကရစ် လမ်းမ အသစ် အား အေးရှားဝေါလ် ကုမ္ပဏီသို့ ဖောက်လုပ်ခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ ကမ်းနားလမ်း မရှိ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်တစ်ထောင်၊ ဆိပ်ကမ်း မြို့နယ် များသို့ ဖြတ်သန်း သွားလာမည့် ကမ်းနားလမ်း သစ် လမ်းတစ်လျှောက်ရှိ ချောင်းကူး တံတားများကို သတ်မှတ် ထားသည့် စံချိန် စံညွှန်း များနှင့် အညီ ဆောက်လုပ်မည့် ပုံစံများ ရေးဆွဲ ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါ ကမ်းနား လမ်းသည် အကျယ် ၄၈ ပေ၊ ဘေး နှစ်ဖက်စီရှိ ပလက်ဖောင်း အကျယ် ၆ ပေ ရှိပြီး လက်ရှိ ကမ်းနား လမ်းမ နှင့် လမ်းသစ်ကြားတွင် လမ်းလယ်ကျွန်း အဖြစ်ပေ ၃၀ အကျယ် (အပိုင်း၎ သစ်တော လမ်းမှ အပိုင်း ၁၆ ကြာဖြူလမ်း အထိ) ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ လမ်း၏ အူကြောင်း တစ်လျှောက်ရှိ သီရိမင်္ဂလာဈေး ချောင်း အကျယ် ၃၁ ပေ၊ သစ်တော လမ်းထိပ် ချောင်း အကျယ် ၁၀ ပေ၊ ဟာဘိ ချောင်း အကျယ် ၄၅ ပေနှင့် ရွာသစ် ချောင်း အကျယ် ပေ ၅၀ ရှိသည့် တံတားများကို ဆောက်လုပ်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။


ယခုအခါ လမ်းသစ် ဖောက်လုပ်ရန် အတွက် တိုင်းတာ ရှင်းလင်း မှုများ စတင် နေပြီ ဖြစ်ပြီး အလံတိုင်များ စိုက်ထူ ထားသည်ကို တွေ့ရသည်ဟု ကြည့်မြင်တိုင်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။ “ ပုဂ္ဂလိက လူနေအိမ် အဆောက် အအုံတွေ ပါတာ မတွေ့ရဘူး။ ဒီ လမ်းမ အသစ်က လမ်းလယ်ကျွန်း အပါ အဝင် ၈၄ ပေ ရှိတယ်။ လမ်း တစ်လျှောက်မှာ ရှိတဲ့ မလွတ်တဲ့ အဆောက် အအုံနဲ့ လူနေအိမ် တွေက ဌာနဆိုင်ရာ တွေပဲ တွေ့ရတယ်။ တန် ၁၀၀ ဝန်ခံ နိုင်မယ့် လမ်းဆိုတော့ ထုထည်ရော ကြံ့ခိုင်မှုပါ ကြီးမားမယ့် သဘောရှိပါတယ် ” ဟု ၄င်းက ဆိုသည်။

ကမ်းနားလမ်းသစ် ဖောက်လုပ် ရာတွင် လမ်းဧရိယာ ထဲတွင် ပါဝင်မည့် ဌာနဆိုင်ရာ လူနေအိမ် အဆောက် အအုံပေါင်း ၈၀၇ လုံးရှိပြီး၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ ၅၅ လုံး၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ၃၆ လုံး၊ စွမ်းအင် ဝန်ကြီး ဌာနမှ ၂၅ လုံး၊ နယ်စပ် စည်ပင်မှ ၃ လုံး၊ ရေတပ် တပ်ထိန်းရုံးမှ ၄ လုံး၊ သစ်တောမှ ၆၅၈ လုံး နှင့် လျှပ်စစ် ၂ မှ ၂၆ လုံး ဖြစ်ကြောင်း သိရသည်။ အသစ် တည်ဆောက် ဖောက်လုပ်မည့် လမ်းသည် ဖြတ်သန်း သွားလာမည့် ယာဉ်နှင့် ဝန် အလေးချိန် ခံနိုင်ရည်ကို တန် ၁၀၀ သတ်မှတ် ထားပြီး နေ့စဉ် ဖြတ်သန်း သွားလာမည့် ယာဉ် အစီးရေမှာ ၁၀၀၀ မှ ၁၂၀၀ ခန့်အထိ လျာထားကြောင်း၊ လက်ရှိ သွားလာ နေသည့် ကမ်းနားလမ်းမ၏ ယာဉ်နှင့် ကုန်ခံနိုင်မှု အလေးချိန်မှာ တန် ၆၀ သာ ရှိကြောင်း သိရှိရသည်။

ရန်ကုန် - ကွာလာလမ်ပူ ကျပ် တစ်သောင်း ခန့်ဖြင့် Air Asia ပျံသန်း မည်

ဈေးသက်သာ လေကြောင်းလိုင်း တစ်ခု ဖြစ်သည့် Air Asia လေကြောင်း လိုင်းသည် ရန်ကုန် - ကွာလာလမ်ပူ ခရီးစဉ် တစ်ကြောင်း သွား (One Way) ကို မလေးရှားငွေ ၂၉ ရင်းဂစ် (မြန်မာငွေကျပ် တစ်သောင်း ဝန်းကျင်) ဖြင့် ဇူလိုင် လတွင် စတင် ပျံသန်း မည် ဖြစ် ကြောင်း ယင်း လေကြောင်းလိုင်းက သတင်း ထုတ်ပြန်သည်။ ယင်း ခရီးစဉ်ကို ဇူလိုင်လ ၂၀ မှ ၂၀၁၁ ခုနှစ် မေလ ၈ ရက်နေ့ အထိ အထက်ပါ အထူး ဈေးနှုန်းဖြင့် နေ့စဉ် ပျံသန်းမည် ဖြစ်ပြီး လက်မှတ် ကြိုတင် ဝယ်ယူ နိုင်သော ကာလမှာ ဇွန်လ ၁၄ ရက်မှ ၂၀ ရက်နေ့ အထိ ဖြစ်ကြောင်း အထက်ပါ လေကြောင်းလိုင်း၏ Website တွင် ဖော်ပြထားသည်။

Website မှာ အခြေခံ ဈေးနှုန်း ဖော်ပြထားတာ ကိုးဒေါ်လာ (အမေရိကန် ဒေါ်လာ) ပဲဗျ၊ ဒါပေမဲ့ ကွာလာဘက်က Tax တွေ၊ Fuel ကြေးတွေ ပါရင် ၅၀၊ ၆၀ (အမေရိကန် ဒေါ်လာ) လောက်တော့ ရှိမယ် ထင်တယ်ဟု လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ် လုပ်ငန်း တစ်ခု ဖြစ်သည့် Vega မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အရောင်း မြှင့်တင်ရေး ကာလ အတွင်း ထိုင်ခုံ အရေအတွက် အကန့်အသတ် ရှိပြီး www.asia.com တွင်လည်း ဝယ်ယူ နိုင်ကြောင်း သတင်း ထုတ်ပြန်ချက် အရ သိရသည်။ ကမ္ဘာတစ်ဝန်းမှ ခရီးသည် များသည် မြန်မာနိုင်ငံကို လာဖို့ အတွက် ဈေးသက်သာတဲ့ လမ်းကြောင်း ဖြစ်တဲ့ ကွာလာလမ်ပူကို တစ်ဆင့်ခံ အနေနဲ့ ရွေးလာကြတယ်ဟု Air Asia ဒေသဆိုင်ရာ အကြီးအကဲ Kathleen Tan ၏ ပြောဆို မှုကို ကိုးကား၍ မလေးရှား အစိုးရပိုင် Barnama သတင်းတွင် ဖော်ပြထားသည်။

ယင်းခရီးစဉ်အတွက် ခရီးသည် ၁၈၀ ဆံ့ Airbus အမျိုး အစားဖြင့် ပြေးဆွဲ ပေးမည်ဟု Air Asia က ဆိုသည်။ လတ် တလောတွင် ရန်ကုန် - ကွာလာလမ်ပူ တိုက်ရိုက် လေယာဉ် လက်မှတ်များ ဝယ်ယူရ ခက်ခဲသဖြင့် မလေးရှား နိုင်ငံသို့ သွားရောက်မည့် သူများ ရက်ကြာ စောင့်ဆိုင်းရမှု နှင့် လေယာဉ် နှစ်ဆင့် စီးနင်း ရမှုများ ဖြစ်ပေါ် နေကြောင်း ပြည်ပ အလုပ် အကိုင် ရှာဖွေရေး လုပ်ငန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ Air Asia ဝင်လာတာ အချိန်ကောင်း ဖြစ်နေတယ်ဟု ၄င်းက ဆိုသည်။ ရန်ကုန် - မလေးရှား တိုက်ရိုက် လေကြောင်း လိုင်းသည် လေယာဉ် လက်မှတ် အနေ အထားမှာ ကျပ်နေသည်ဟု ဆိုနိုင်ကြောင်း၊ အချို့ ရက်များ ရနိုင်သော်လည်း ရက် အများ စုမှာ မရနိုင်ကြောင်း၊ တစ်ဆင့် လက်မှတ် ဆိုလျှင် အဆင်ပြေ နိုင်ကြောင်း ရန်ကုန် အခြေစိုက် လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ် ကုမ္ပဏီများ ထံမှ စုံစမ်း သိရှိရသည်။ ရန်ကုန်-ကွာလာလမ်ပူ လေယာဉ် လက်မှတ် ဈေးနှုန်းများမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၂၀ဝ အထက် ရှိကြောင်း လေကြောင်းလိုင်းများ ထံမှ စုံစမ်း သိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရန်ကုန်တွင် ကျင်းပ

လရိပ်ပြာအောက် ကုမုဒြာတို့ ပွင့်သစ်ခဲ့
မတူညီတဲ့ ဒေသတွေက တူညီတဲ့ မျှော်လင့်ချက်တွေနဲ့
သင့်ခေါင်းဆောင်မှုရဲ့ နောက်မှာ ပြည်သူတွေဟာ သွေးစည်းညီညာခဲ့ကြ
သံမဏိဒါး ကျခဲ့ကြ
သင်ဟာ လေထဲက ဖယောင်းတိုင် မဟုတ်
မုန်တိုင်းကြားမှာ မြူးပျော်ပျံတက်
မုန်တိုင်းကို ကြိုဆိုနှုတ်ဆက် မုန်တိုင်းငှက်ဖြစ်တယ်။
.......................................
.......................................
.......................................
အော်နေတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး
ဂီလာန အမှောင်ခေတ်နဲ့ အိမ်မက်မဲ့ ညတာရှည်များ
အောင်မြင်စွာဖြတ်သန်းသွားကြစို့။
တန်းတူရေးလား သွေးခွဲရေးလား
တွေ့ဆုံရေးလား ပျက်သုဉ်းရေးလား
နာကျဉ်းခြင်းလား ခွင့်လွှတ်ခြင်းလား
ကော်ဇောနီလား ကြိုးနီလား
အချိန်က စည်းခြားခဲ့ပြီ
သစ္စာတရားဟာ ထာဝရ ဘက်လိုက်နေလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ကိတ် (ဓာတ်ပုံ - ဧရာဝတီ)

ပင်နီ တိုက်ပုံဝတ်၊ မျက်မှန် ထူထူ တပ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း တဦးက ကဗျာဆရာ၊ စာရေးဆရာ ဖျာပုံနီလုံဦး ရေးစပ် ထားသော ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ အမှတ်တရ ကဗျာကို ရွတ်ဆို အပြီး လူပေါင်း ၇၀၀ ကျော်၏ လက်ခုပ် သံတို့က ခြံဝင်း အတွင်း ဆူညံ သွားတော့သည်။

အင်းစိန် မြို့နယ် ၁၀ မိုင်ကုန်း ဈေးအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ ခြံဝင်း အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ကို ကျင်းပနေခြင်း ဖြစ်သည်။


မီးထွန်းညှိထားသော ဖယောင်းတိုင်ကို ညာလက်ဖြင့်ကိုင်ပြီး ဘယ်လက်ဖြင့် နှင်းဆီပွင့် အ၀ါရောင်ပန်းခက်ကို ကိုင်ထားကြသော ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ ဆုတောင်းပွဲသို့ လာရောက်ကြသူများသည် “အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံး လွတ်မြောက်ပါစေ”ဆိုသည့် ကြွေးကြော်သံများကို မာန်ပါပါနှင့် တက်တက်ကြွကြွ ကြွေးကြော် ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဒီမိုကရေစီအင်အားစုများ၊ လူငယ်များ နှင့် အမျိုးသမီး များက တန်ဖိုးထား၍ ဦးစီးဦးဆောင် ပြုကာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများအား ဆောင်ရွက်ကြောင်း၊ ပြည်တွင်းတွင်လည်း တပြည်လုံး အားဖြင့် တတ်နိုင်သမျှ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင် က ပြောသည်။

“ဒီနေ့ ဒီအချိန်အခါမှာ သစ်ပင်မရှိခြင်းကြောင့် ရေကြီးတယ်၊ ရေရှားတယ်၊ မိုးခေါင်တယ်ဆိုတာကို ကျေးလက်မှာရှိတဲ့ လူထု ကိုယ်တိုင်ကိုက သိရှိလာပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ လူသားတရပ်လုံးနဲ့ ဆက်စပ်နေတဲ့ ဒီသစ်ပင်စိုက်တဲ့အလုပ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကြပါမယ်၊ အလေးအနက်သဘောထားပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း“ပြည်သူလူထုအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမြန်ဆုံး ပြန်ရပါစေ”ဟု ဆုတောင်း သည်။

မွေးနေ့ပွဲသို့တက်ရောက်လာသော ဒီမိုကရေစီအင်အားစု၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင် ကလည်း နအဖ ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မြန်မာနိုင်ငံ အရေးတွင် ပါဝင်စေချင်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးမယ့်အဖြေမဟုတ်ပါဘူး ဆိုတာ သိတဲ့အတွက် ဒီရွေးကောက်ပွဲအပြီးမှာလည်း အခက်အခဲတွေ အကျပ်အတည်းတွေနဲ့ နိုင်ငံရေးပြဿနာတွေရှိနိုင်ပါတယ်၊ ဒီပြဿနာတွေ အားလုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းနိုင်မယ့် လူက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည် ကို အမြန်ဆုံးလွတ်စေချင်တယ်။ လွတ်ပါစေလို့လည်း ဆုတောင်းပါတယ်”ဟု ဦးအေးသာအောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲသို့ တက်ရောက်လာကြသူ အများစုမှာ NLD အဖွဲ့ဝင်များ ဖြစ်ပြီး နိုင်ငံရေး အသိုင်း အ၀ိုင်းနှင့် ဒီမိုကရေစီအင်အားစုများမှ ဖိတ်ကြားထားသူများလည်းပါဝင်သည်။ ထို့အပြင် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်း သား မိသားစုဝင်များလည်း လာရောက်ပြီး ဆုတောင်းကြသည်ကို တွေ့မြင်ရသည်။

“သားဖေဖေကလည်း နိုင်ငံရေးသမားပါပဲ၊ ဖေဖေအမြန်ဆုံးလွတ်ပါစေလို့ ညအိပ်ရာ ၀င်တိုင်း ဆုတောင်းတယ်၊ ပြီးရင် ဘွားဘွား ဒေါ်အောင်ဆန်းစုကြည်လည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းတယ်”ဟု အသက် ၇ နှစ်အရွယ် မောင်ခိုင်လင်းအောင် ဆိုသော နိုင်ငံရေး အကျဉ်းသား တဦး၏ သားက ညအိပ်ရာဝင် ဆုတောင်းကို ပြောပြသည်။

မောင်ခိုင်လင်းအောင်၏ ဘခင်မှာ ကိုစိုးမိုးထွန်းဖြစ်ပြီး အင်းစိန်ထောင်၌ ပုဒ် ၁၃/၁ နှင့် ၁၇/၁ တို့ဖြင့် ထောင်ဒဏ် ကျခံနေရသူ ဖြစ်သည်။

တခြားသော နိုင်ငံရေး အကျဉ်းသား တဦး၏ ဇနီး ဒေါ်ခင်ဝင်းကလည်း“မြန်မာနိုင်ငံကောင်းအောင် မွန်အောင် ဒီမိုကရေစီရအောင် လုပ်ပေးနိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်ဆိုတာကို ယုံကြည်တဲ့အတွက် မွေးနေ့ဆုတောင်းပွဲမှာ အခုလိုလာပြီး ဆုတောင်းပါတယ်”ဟု ပြောသည်။

သူမ၏ ခင်ပွန်း ဦးတင်ဦး ဆိုသူမှာ စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ်နှစ်ရှည် ကျနေပြီး သားဖြစ်သူမှာလည်း မွန်ပြည်နယ် သထုံထောင်တွင် ကျနေကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေဟု အမြဲ ဆုတောင်း လေ့ရှိကြောင်း သူက ပြောသည်။

“ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ ရှေ့ဆက် ပြီးတော့ ကျန်းကျန်း မာမာနဲ့ မြန်မာ့ ဒီမိုကရေစီ အတွက် ဆောင်ရွက် ကြိုးပမ်း နိုင်ရေး အဲဒါတွေကို ရည်စူးပြီးတော့ မနက်က သံဃာ ၅ ပါးကို အာရုံဆွမ်း ကပ်ပါတယ်၊ နေ့လည်ပိုင်းမှာ ဧည့်သည်တွေကို ဖိတ်ပြီးတော့ ဆုတောင်းပွဲ ကျင်းပတယ၊် ငှက်လွှတ်တယ်၊ ငါးတွေ လွှတ်တယ်”ဟု NLD ဗဟို ဦးစီးအဖွဲ့ဝင် အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မေ၀င်းမြင့်ကလည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲတွင် နှစ်စဉ် သံဃာတော်များ အားဆွမ်းကပ်ခြင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ကျောင်းသူ ကျောင်းသားပေါင်း ၁၂၇ ဦးကိုပေးအပ်မည်ဟု ဆိုသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားမိသားစု ၀င်များမှာ NLD အဖွဲ့ဝင်များသာမက မြန်မာ့ ဒီမိုကရေစီအရေးကိုလိုလားသော ဒီမိုကရေစီ အင်အားစုမှ မည်သည့်အဖွဲ့အစည်းကမဆို နိုင်ငံရေးအကျဉ်းသား မိသားစုဝင် သားသမီးများကိုပါ ပညာသင်ထောက်ပံ့ကြေး ပေးကြောင်း သိရှိရသည်။

မွေးနေ့ ဆုတောင်းပွဲကျင်းပသော အင်းစိန် ဆယ်မိုင်ကုန်းဈေး အနီးတ၀ိုက်တွင် လုံထိန်းများအပြည့် ပါဝင်သော ကား ၄ စီး၊ ရဲကား ၃ စီး ၊ လိမ္မော်ရောင် မော်တော်ဆိုင်ကယ်များဖြင့် ရဲများ၊ အရပ်ဝတ်ရဲများ စသည်ဖြင့် လုံခြုံရေး ချထားပြီး မွေးနေ့ပွဲသို့ လာရောက် သူများအား အရပ်ဝတ်ရဲများနှင့် စစ်ထောက်လှမ်းရေးများက ဗီဒီယို၊ ဓာတ်ပုံရိုက် မှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့မြင်ရ သည်။

“ဆယ်မိုင်ဈေး အပြင်က ဈေးသည်တွေကို မနေ့ညနေပိုင်းကတည်းက ဈေးရောင်းခွင့်မပေးဘူး၊ ဈေးသည်တွေအားလုံး ရှင်းထား တယ်၊ ဒေါ်မေနှင်းကြည်အိမ်တ၀ိုက်ကိုလည်း အရပ်ဝတ်ရဲတွေနဲ့ လုံခြုံရေးချထားတယ်”ဟု အင်းစိန်မြို့နယ်မှ ရယက အဖွဲ့ဝင် တဦးက ပြောသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ထိုင်း နိုင်ငံ အပါအ၀င် ဂျပန်၊ အိန္ဒိယ ၊ မလေးရှား စသည့် နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများက ကျင်းပကြကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထော တိတ်တဆိတ် ၀င်ရောက် မှုဖြင့် တရားစွဲခံရပြီး နေအိမ်အကျယ်ချုပ် ၁ နှစ် ခွဲ ချခံထားရသည်။ လာမည့် နိုဝင်ဘာ လတွင် ပြစ်ဒဏ်ကျခံချိန် ကုန်ဆုံးမည်ဖြစ် သည်။

၂၀၀၃ ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ၆ နှစ် အဖမ်းခ့ခဲ့ရပြီး နောက် ပြန်လည် လွတ်မြောက်ရန် နီးကပ်လာချိန်တွင် ယခုကဲ့သို့ အကျယ်ချုပ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ်အကျယ်ချုပ်ဘ၀ ဖြင့်စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

ဒေါ်စု မွေးနေ့တွင် NLD က ပညာသင်စရိတ် ထောက်ပံ့

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်မွေးနေ့ ကျရောက်သည့် ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့က ရန်ကုန်တိုင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ကျောင်းသား ၉၄ ဦးအား ပညာသင်စာရိတ် ထောက်ပံ့ခဲ့သည်။

မူလတန်းမှ တက္ကသိုလ်အထိ ကျောင်းသား ၉၄ ဦးအား အင်းစိန်မြို့နယ် ၁ဝ မိုင်ကုန်းရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ နေအိမ်တွင် တဦးလျှင် စာအုပ်တဒါဇင်၊ ခဲတန်တဒါဇင်၊ စာရေးကိရိယာနှင့် ငွေကျပ် တသောင်းစီ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

“အမစုရဲ့ မွေးနေ့တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေအတွက် ပညာရေး ထောက်ပံ့မှု ပေးနေကျပါ။ ဒီနှစ်မှာ မူလတန်းကနေ တက္ကသိုလ်အထိ တက်နေတဲ့ ကျောင်းသား ၉၄ ယောက်ကို ပေးပါတယ်။ အသက် ၆၅ နှစ်ပြည့်လို့ စာကလေး ၆၆ ကောင် လွှတ်ပါတယ်။ အမစုကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာတွေ ရွတ်ဆိုကြပါတယ်။ အမစုရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို အမျိုးသမီးအဖွဲ့ဝင်တွေက ဖတ်ကြားခဲ့တယ်” ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေ၀င်းမြင့်က မဇ္ဈိမကို ပြောသည်။

သံဃာ ၅ ပါးအား ဆွမ်းကပ်လှူပြီးနောက် သောက်သုံးရေ ရှားပါးနေသည့် ပဲခူးတိုင်း အင်းတကော်မြို့နယ် ငှက်ပျောရွာတွင် လက်လှုပ်တွင်း ၂ တွင်း၊ အလျား ၆ ပေ၊ အမြင့် ၆ ပေ ရှိ ရေလှောင်ကန် ၂ ကန်၊ ကော့ချင်းရွာတွင် လက်လှုပ်တွင်း ၂ တွင်းကို ရေစက်ချ လှူဒါန်းခဲ့ကြသည်။

ယနေ့နံနက် အရုဏ်တက်ချိန်က NLD အမျိုးသမီးအဖွဲ့ဝင်များသည် ရွှေတိဂုံဘုရား အင်္ဂါဒေါင့်တွင် နှင်းဆီပန်းအ၀ါ ၆၅ ပွင့်နှင့် ရေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသေးသည်။

မွေးနေ့ပွဲကျင်းပရာ အင်းစိန် ၁၀ မိုင်ကုန်း အ၀င်လမ်းမထိပ်၌ ရဲသား ၁၀၀ ကျော် လိုက်ပါလာသည့် ရဲကား ၆ စီး ထားရှိကာ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အထူးရဲသတင်းတပ်ဖွဲ့ဝင် ဦးရေ ၆၀ ခန့်ကလည်း ဒေါ်မေနှင်းကြည်၏ နေအိမ်အနီးတွင် စောင့်ကြည့်နေပြီး ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းတင်မှုများရှိကြောင်း NLD လူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။

သူက “ဒီနေ့ လုံခြုံရေး အခြေအနေက တော်တော်ကို ဆိုးတယ်။ တချိန်လုံးပဲ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ပြီး သတင်းယူနေတဲ့ သူတွေ ရှိတယ်။ တချို့ကျတော့လည်း သတင်းယူတယ်။ အန်တီဒေါ်မေနှင်းကြည် အိမ်နားလေးကို ကပ်ပြီးတော့ သတင်းယူနေတဲ့ သူတွေ ရှိတယ်” ဟု ပြောသည်။

လွန်ခဲ့သည့်နှစ်များတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားများအား ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ နေရာပြောင်းလဲ ကျင်းပလိုက်ခြင်း ဖြစ်သည်။ ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ရက် ၆၀ အတွင်း ပါတီပြန်လည်မှတ်ပုံမတင်လျှင် ပါတီပျက်ပြယ်မည်ဟု ဆိုထားသော်လည်း NLD က ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့ပါ။

မန္တလေးတိုင်း NLD အဖွဲ့ဝင်များကမူ တိုင်းစည်း ဦးကိုကိုကြီး၏ နေအိမ်တွင် သံဃာတော် ၁၇ ပါးအား ပင့်ဖိတ်ကာ ဆွမ်းကပ်လှူခြင်း၊ ခတ္တာပန်းပင် ၆၆ ပင်ကို ဘုရားကျောင်းကန်နှင့် ဘုန်းကြီးကျောင်းများတွင် စိုက်ပျိုးရန် ဝေငှခြင်း၊ စာကလေး ၆၆ ကောင် လွှတ်ခြင်း၊ မန္တလေးတိုင်းရှိ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထဲမှ ပညာသင်ကြားနေသည့် ကျောင်းသား ၁၇ ဦးအား တဦးလျှင် ကျပ် ၂ သောင်းစီ ထောက်ပံ့ခဲ့ကြောင်း မန္တလေး တိုင်းစည်းအဖွဲ့ဝင် ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် မန္တလေးတိုင်းရှိ အရှေ့မြောက်၊ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြို့သစ်၊ ပြည်ကြီးတံခွန်၊ စဥ့်ကိုင်၊ စဥ့်ကူး၊ ပြင်ဦးလွင်၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလှိုင်၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် ၂၀ တွင် NLD အဖွဲ့ဝင်များက မွေးနေ့ပွဲအတွက် ရည်စူးကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မန်ကျည်း၊ မယ်ဇလီ၊ ကုက္ကို၊ တမာ၊ စိန်ပန်း၊ ယူကလစ်၊ ဗာဒံနှင့် သရက်ပင်များ ပါရှိသည့် အပင် ၆၆ ပင်စီ စိုက်ပျိုးခဲ့ကြသည်။

ပြည်သူလူထုကို ပညာပေး စည်းရုံးမှုများပြုလုပ်ပြီး သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးစေရန်နှင့် ထပ်မံစိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် NLD ကလည်း မိတ္ထီလာထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၆ ဦး၊ တောင်ကြီးထောင် (၁၂ ဦး)၊ မန္တလေး အိုးဖိုထောင် (၄ ဦး) အား ကျပ် ၅ ထောင်စီနှင့် ဆိတ်သားနှပ်၊ ပါလချောင်ကြော်၊ သွားတိုက်ဆေး၊ သွားတိုက်တန်၊ ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ် အသေး ၁၀ ထုပ်စီ ပေးခဲ့ကြောင်း မိတ္ထီလာ NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

အပင် ၆၆ ပင် စိုက်ပျိုးမှုကို ယခုလ ၁၂ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ၊ ၁၃ ရက်နေ့တွင် မင်းဘူးနှင့် စကုမြို့နယ်ရှိ ကျေးရွာများ၊ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဒဂုံ၊ လှိုင်သာယာနှင့် တောင်ဥက္ကလာပ မြို့နယ်များတွင် NLD လူငယ်များက စိုက်ပျိုးခဲ့ကြသေးသည်။

ထို့ပြင် ရန်ကုန်တိုင်း NLD လူငယ်များ၊ ပါတီကို ထောက်ခံသော လူငယ်များ၊ ပဲခူးတိုင်း ပါတီလူငယ်များက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးပုလင်း ၆၆ ပုလင်း လှူဒါန်းကြကြောင်းနှင့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားများကို အိန္ဒိယ၊ မလေးရှား၊ ကနေဒါ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် နိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း ၁၄ နှစ်ထက်မနည်း နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူဖြစ်ကာ ယခုနှစ် မွေးနေ့ပွဲကိုလည်း ရန်ကုန်မြို့ တက္ကသိုလ်လမ်းမရှိ နေအိမ်၌ပင် ဖြတ်သန်းရမည်ဖြစ်သည်။

ဒေါ်စုမွေးနေ့တွင် နာရေးအသင်းက ဓာတ်မှန်ခန်း ဖွင့်လှစ်

ရန်ကုန် (မဇ္ဈိမ)။ ။ နာရေးကူညီမှုအသင်း (ရန်ကုန်) က အခခဲ့ ရိုက်ကူးပေးမည့် ဓာတ်မှန်ခန်းကို ယနေ့ကျရောက်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။

operation-ceremony1ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သုခဆေးခန်းတွင် ကုသပေးနေသော ဆရာဝန်ကြီးများက ဓာတ်မှန်ရိုက်ရန် လိုအပ်သော လူနာများအတွက် အခမဲ့ ရိုက်ပေးသည့် ဓာတ်မှန်ခန်းကို ယနေ့နံနက် ၉ နာရီတွင် ချိုးငှက်နှင့် စာကလေးများကို လွှတ်ပေးကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

‘’အင်မတန် ထူးမြတ်တဲ့ နေ့ထူးနေ့မြတ်မှာ အများပြည်သူတွေကို အခမဲ့ ကုသပေးနေတဲ့ သုခဆေးခန်းအနေနဲ့ ဓာတ်မှန်ခန်းကိုပါ ဖွင့်လှစ်ခွင့် ရတဲ့အတွက် မတည်အလှူရှင်တွေကို များစွာ ကျေးဇူးတင်မိတယ်’’ ဟု ပြည်တွင်း သတင်းထောက်များကို နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်မင်းသား ဦးကျော်သူက ပြောသည်။

ဓာတ်မှန်ခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ဓာတ်မှန်ခန်းအဆောက်အအုံအတွက် ကုန်ကျငွေ ကျပ်သိန်း ၂၇၀ ခန့်နှင့် မီးစက်ဖိုး သိန်း ၅၀ အပါအ၀င် စုစုပေါင်း သိန်း ၃၀၀ ကျော် ကုန်ကျကြောင်းနှင့် ဓာတ်မှန်ရိုက်ကူးစက်ကိုမူ ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ (ကျပ်သိန်း ၂၅၀ ခန့်) ဖြင့် ၀ယ်ယူခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စေတနာ့ဝန်ထမ်း ဓာတ်မှန်ကျွမ်းကျင် ဆရာဝန်တဦးရှိပြီး ဓာတ်မှန်းခန်း ကျွမ်းကျင်ဆရာဝန်များကို ခန့်ထားသွားဦးမည်ဟု သိရသည်။

operation-ceremony2နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အတွင်းရေးမှူး စာရေးဆရာမ သန်းမြင့်အောင်က ‘’သုခဆေးခန်းမှာ ရှိတဲ့ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ဖို့ လိုတယ်ဆိုရင် ရိုက်ပေးပါမယ်။ ဓာတ်မှန်ကျွမ်းကျင်သူတွေ လျှောက်ထားတာတွေ ရှိပါတယ်’’ ဟု ပြောသည်။

ယခင်က နာရေးအသုဘတခုကိုသာ ဆောင်ရွက်ပေးနေသော်လည်း နောက်ပိုင်းတွင် ပြည်သူများ လိုအပ်ချက်အရ ကျန်းမာရေးကိုပါ ဆောင်ရွက်ပေးလာခဲ့သည့် ၎င်းတို့အသင်းသည် ယခုဆိုလျှင် ဓာတ်မှန်ကိုပါ ရိုက်ပေးနိုင်တော့မည်ဖြစ်သဖြင့် အလွန်ဝမ်းသာကြောင်း သူက ဆက်ပြောသည်။

‘’ကျန်းမာရေး၊ ပညာရေး စတာတွေကို ဖြည့်စွမ်းပေးနေရတာ ဖြစ်တဲ့အတွက် ကျေနပ်တယ်။ အများပြည်သူအတွက် အများပြည်သူ ကောင်းမှုဆိုတာ နာရေးကူညီမှုအသင်းရဲ့ နောက်ဆုံး ဆောင်ပုဒ်ပါ။ ပြည်သူတွေ လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲဆောင်ရွက်သွားမယ်’’ ဟု ဆရာမ သန်းမြင့်အောင်က ဆိုသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က အခမဲ့ ကုသပေးသည့် သုခဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ မဖွင့်လှစ်မီက ဆေးကူညီမှုကော်မတီကို ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့မှ စတင်ကာ မြောက်ဥက္ကလာဆေးရုံကြီး၊ တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံ၊ အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီးတို့တွင် ကျန်းမာရေး ဆေးဝါးကူညီမှုလုပ်ငန်းကို လိုက်လံကူညီဆောင်ရွက်ပေးခဲ့ရသည်။

အသင်းကြီးသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ ၂၀၁၀ ဇွန်လ ၁၅ ရက်နေ့အထိ ကူညီခဲ့သော နာရေးပေါင်း ၈၉၁၆၁ ရှိခဲ့ပြီဖြစ်သည်။

သုခဆေးခန်းတွင် လာရောက်ကုသသည့် လူနာများမှာ တနေ့လျှင် ပျမ်းမျှအားဖြင့် ၂ဝဝ ခန့်ရှိရာ ယင်းတို့ကို ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ကူညီနေခြင်း ဖြစ်သည်။

သုခအလင်းအမည်ရှိ စာကြည့်တိုက်ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်ဆောင်ဆန်း မွေးနေ့တွင် အသင်းရုံးအပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့သေးသည်။

မြစ်ဆုံအနီးရှိ ရွာသား ၆၀၀ ကျော် ပြောင်းရွှေ့ခံရ

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအနီးရှိ ကျေးရွာ ၂ ရွာမှ လူဦးရေ ၆၅၀ ခန့်အား ဒေသအာဏာပိုင်များက လွန်ခဲ့သည့် ၁၀ ရက်အတွင်း အတင်းအကျပ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

ယခုလ ၁၀ ရက်နေ့တွင် မြစ်ဆုံတောင်ဘက် ၁ မိုင်အကွာရှိ တောင်ပန်းရွာမှ အိမ်ခြေ ၆၀ ခန့် (လူဦးရေ ၂၅၀ ခန့်) နှင့် ၁၂ ရက်နေ့တွင် အရှေ့တောင်ဘက် ၁ မိုင်ခွဲအကွာရှိ မဇွပ်ရွာဟောင်းမှ အိမ်ခြေ ၁၀၀ ခန့် (လူဦးရေ ၄၀၀ ခန့်) ရှိ ရွာသားများအား အတင်းအကျပ် ပြောင်းရွှေ့စေခဲ့သည်။

တောင်ပန်းရွာအား မြစ်ဆုံတောင်ဘက် ၉ မိုင်ခန့်ရှိ မြောင်းခင်းရွာနှင့် မဇွတ်ရွာဟောင်းရွာအား အနောက်တောင်ဘက် ၉ မိုင်ခန့်ရှိ လုံကာဇွပ်ရွာရှိ အေးရှားဝေါလ်ကုမ္ပဏီ တည်ဆောက်ခဲ့သည့် ပျဉ်ကာသွပ်မိုး ခြေတံရှည် အိမ်တန်းလျားများဆီသို့ မြစ်ကြီးနားမြို့ မယက အဖွဲ့ဝင်များ၊ စစ်ဗျူဟာမှူး၊ စစ်သားများ၊ ရဲများ၊ ဌာနဆိုင်ရာ အရာရှိများနှင့် လုပ်အားပေးများ စုစုပေါင်း ဦးရေ ၁၀၀ ကျော်ဖြင့် နံနက်ပိုင်းမှစတင်ကာ နေ့ချင်းပြီး ပြောင်းရွှေ့ရခြင်း ဖြစ်သည်။

ဧရာဝတီမြစ်စတင်ရာ မေခ-မလိခပေါင်းဆုံသည့် နေရာတွင် ရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကာတာများ တည်ဆောက်မည့် မြစ်ဆုံစီမံကိန်းသည် မြစ်ကြီးနားမြောက်ဘက် ၂၇ အကွာတွင် တည်ရှိသည်။

“၁၀ တန်ကား ၄ စီးလောက် ပစ္စည်းသယ်ပေးဖို့ ရောက်လာတယ်။ ပစ္စည်းကို လွတ်တဲ့ကားပေါ်မှ တင်ပါ၊ ဒီနေ့ မပြောင်းရင် အရေးယူခံရမယ်လို့ တယောက်က အော်နေတယ်။ ပစ္စည်းတွေကို အမြန်ထုပ်၊ ကားပေါ်တင်တယ်။ ကားပေါ်မှာ ၄-၅ ယောက် လိုက်လာတယ်။ သူတို့က သယ်ကူတယ်။ အရင်ရောက်သူတွေ ပစ္စည်းတွေ ပုံချတယ်။ အခန်းတွေပေးမှ ပစ္စည်းတွေ စီရတယ်။ အခန်းက သိပ်သေးတော့ ပစ္စည်းထားရင် အနေအထိုင် အရမ်းကျပ်တယ်” ဟု တောင်ပန်းရွာသား တဦးက မဇ္ဈိမကို ပြောသည်။

အိမ်ထောင်စုတစုအား တခန်းလျှင် ၈ ပေပတ်လည် ၂ ခန်းစီပါရှိသည့် အခန်းများတွင် နေရာချထားပေးကြောင်း သိရသည်။

မဇွပ်ကျေးရွာဟောင်း ရွာသားတဦးက “ကျနော်တို့ မချမ်းသာပေမယ့် ကိုယ့်အိမ်ကို စိတ်တိုင်းကျ ဆောက်တယ်၊ လွတ်လွတ်လပ်လပ် နေခဲ့တယ်။ အခုက ၈ ပေပတ်လည် ၂ ခန်းကိုပဲ ရတယ်။ ကုတင်တောင် သိပ်မဆန့်ဘူး။ သစ်သားအစိမ်းနဲ့ ဆောက်ထားတော့ ခြောက်လာတော့ တံခါးတောင် ဖွင့်လို့ သိပ်မရဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့ကလည်း မဇွပ်ရွာသစ်မှ အိမ်ခြေ ၆၀ (လူဦးရေ ၂၀၀ ကျော်) အား မြစ်ဆုံအနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ လုံဂါဇွတ်ကျေးရွာသို့ ရွှေ့ပြောင်းစေကာ ရွာနှင့် တမိုင်ခန့်အကွာရှိ မြေလွတ်မြေရိုင်းများအား ခုတ်ထွင်ရှင်းလင်းကာ တောင်ယာလုပ်ကိုင်ရန် ပေးခဲ့သည်။ ယခု နောက်ဆုံး ရွှေ့ရသည့် ရွာသားများကိုမူ ယနေ့ထိတိုင် မြေပေးခြင်း မရှိသေးကြောင်း သိရသည်။

‘’ကျနော်တို့ မပြောင်းချင်လည်း ပြောင်းရတယ်။ ကျနော်တို့ ဆန္ဒက ဘာမှ အရေးမပါဘူး။ သူတို့လုပ်ချင်တာ လုပ်နေတာကို ခေါင်းညိတ်ရတာကလွဲပြီး ဘယ်တတ်နိုင်မလဲ’’ ဟု မဇွပ်ကျေးရွာဟောင်း ရွာသားတဦးက ပြောသည်။

ယင်းရွာသားများသည် လယ်ယာ၊ တောင်ယာနှင့် ဥယျာဉ်ခြံမြေ လုပ်ကိုင်သူများဖြစ်ကာ စပါး၊ ကောက်ပဲသီးနှံနှင့် ဂရိတ်ဖူး၊ လိမ္မော်၊ ကဗ္ဗာလာ၊ ကြက်မောက်၊ သရက်ခြံ အစရှိသဖြင့် အသီးအနှံများလည်း စိုက်ပျိုးခဲ့ကြသည်။

၎င်းတို့၏ လယ်ယာနှင့် တောင်ယာ ဧကပေါင်း ၄၀၀ ကျော်နှင့် ဥယျာဉ်ခံမြေ ဧကပေါင်း ၃၀၀ ကျော်အား စွန့်ခွာခဲ့ရသည်ဟု ရွာသားအချို့က ခန့်မှန်းပြောဆိုသည်။

ယခုလ ၁၆ ရက်နေ့တွင်မူ မြစ်ကြီးနားမြို့နယ် အာဏာပိုင်များ၊ တရုတ်ကုမ္ပဏီ CPI အရာရှိများနှင့် အေးရှားဝေါလ်ကုမ္ပဏီ တာဝန်ရှိသူများက အိမ်ပြောင်းခဲ့သူများအတွက် တအိမ်ထောင်လျှင် ကျပ်တသိန်းနှင့် ၂၄ ပြည်ဝင်ဆံ့သည့် ဆန် ၂ အိတ်စီ ပေးဝေခဲ့ပြီးဖြစ်သည်။ သို့သော် လယ်ယာခြံမြေများအတွက် ပေးလျော်ခြင်း မရှိကြောင်း အပြောင်းရွှေ့ခံ ရွာသားများက မဇ္ဈိမကို ပြောဆိုကြသည်။

ပြီးခဲ့သည့်နှစ်ကတည်းက မြစ်ဆုံအနီး ကျေးရွာ ၆၀ ခန့်အား ပြောင်းရွှေ့ရန် ဒေသအာဏာပိုင်များက ပြောခဲ့ဖူးသော်လည်း ရက်အတိအကျ မသတ်မှတ်ဘဲ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် ရေကာတာတည်ဆောက်ရာ မြစ်ဆုံဒေသ၌ ဗုံး ၁၄ လုံး ထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ယခုလို အရွှေ့အပြောင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

ကျေးရွာရွှေ့ရပါက မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့် အပါအဝင် တောင်းဆိုချက် ၁ဝ ချက်အား တန်ဖရဲကျေးရွာ ရပ်မိရပ်ဖ ၂၂ ဦးက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက အာဏာပိုင်များထံ တောင်းဆိုခဲ့ဖူးသော်လည်း ထိုအခွင့်အရေးများ မရရှိခဲ့ပါ။

ပြောင်းရွှေ့ရမည့် ကျေးရွာ ၆ဝ ခန့်တွင် တန်ဖရဲ၊ မဇွပ်၊ တောင်ပန်း၊ ခမ်းဘူး၊ ဂွေဒူ စသည့် ကျေးရွာများ အပါအဝင် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်မှ ရွာများဖြစ်သည်။ စုစုပေါင်း လူဦးရေမှာ အိမ်ခြေ ၁၅ဝဝ ခန့်ရှိနိုင်ကြောင်း အဆိုပါ ဒေသအရေး လေ့လာစောင့်ကြည့်နေသည့် တရုတ်နယ်စပ်အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်သော ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် မြစ်ဆုံရေကာတာစီမံကိန်းအား မေခမြစ်အပိုင်းတွင် ရေကာတာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု တည်ဆောက်မည်ဟု မြန်မာ့အလင်းသတင်းစာက ၂၀၀၇ ခုနှစ် မေလပိုင်းတွင် ဖော်ပြခဲ့သည်။ ကချင်ပြည်နယ်အတွင်း၌ မြစ်ဆုံရေကာတာ စီမံကိန်းအပြင် ချီဖွေရေကာတာ စီမံကိန်းနှင့် တာပိန်မြစ် ရေကာတာ စီမံကိန်းများလည်း တည်ဆောက်နေသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအား တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း China Power Investment ကော်ပိုရေးရှင်း၊ တရုတ်တောင်ပိုင်း China Southern Power Grid ကော်ပိုရေးရှင်းနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့က ၂ဝဝ၇ ခုနှစ်ဆန်းပိုင်းကတည်းက တာဝန်ယူ ဆောက်လုပ်လာခဲ့သည်။

အေးရှားဝေါလ်က ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဆုံနေရာဖြစ်သည့် မေခနှင့် မေလိခ မြစ်အောက်ဘက်တွင် ရေအားလျှပ်စစ်စက်ရုံနှင့် ရေကာတာ ဆောက်လုပ်ရေးအတွက် လမ်းဖောက်၊ တောင်ဖြိုလုပ်ငန်းများလည်း လုပ်ဆောင်ခဲ့သည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင်ကြောင်း ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီမြစ်အောက်ပိုင်းရှိ မြစ်ကြောင်းများ သိသာစွာ သဲသောင်များ ဖြစ်ထွန်းခဲ့ပြီး ရေကြောင်းသွားလာမှု ခက်ခဲခဲ့ရကြောင်းနှင့် ရေကာတာ တည်ဆောက်မှု ပြုလုပ်ပါက ယခုထက်ပင် ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြည်တွင်းရှိ မြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုထားကြသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)

ဓာတ်ငွေ့ပိုက်လိုင်းကိစ္စသည် သူမသာကိုယ်မနာဟု ဘန်ကီမွန်းက ပြောဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယား ဒေ၀ူးကုမ္ပဏီ၏ အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံ ရွှေသဘာဝရေနံမြေ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကို `သူမသာကိုယ်မနာ အခြေအနေတရပ်´ ဟု၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ချီးကျူးထောက်ခံပြောဆိုခဲ့ဖူးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် သူ၏ သဘောထားနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက မေးခွန်းထုတ်မှုကို ကုလအတွင်းရေးမှူးချုပ် ရင်ဆိုင်နေရချိန်တွင် ထိုသို့ ဒေ၀ူးဓာတ်ငွေ့ပိုက်လိုင်းအပေါ် မစ္စတာဘန်၏ ထုတ်ဖော်ပြောဆိုချက်ကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပိုက်လိုင်းအပေါ် ထောက်ခံပြောဆိုသည့် သဘောထားမှတ်ချက်ကို မစ္စတာဘန်ကီမွန်းက ၂၀၀၅ ခုနှစ် သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ကေနတ်ဝါးဆင်း (K. Natwar Singh) ကို ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ အိန္ဒိယသတင်းစာများ၏ အဆိုအရ အစိုးရနှစ်ခုစလုံးအတွက် အထူးဦးစားပေးလုပ်ငန်းမှာ ဒေ၀ူးကုမ္ပဏီက အိန္ဒိယအစိုးရ ထိန်းချုပ်ထားသည့် ကုမ္ပဏီများနှင့် ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အတူပူးတွဲလုပ်ဆောင်ရေးဟု ဆိုသည်။

အဆိုပါ ကုမ္ပဏီများမှာ Gas Authority of India (Gail) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC) က လုံးဝပိုင်ဆိုင်သည့် နိုင်ငံတကာ လုပ်ငန်းခွဲတခုဖြစ်သော ONGC Videsh တို့ ဖြစ်ကြသည်။ Press Trust of India က သတင်းပေးပို့ရာတွင် ဤသို့မှတ်ချက်ချပြောဆိုခဲ့ကြောင်း နှစ်ဖက်သဘောတူညီထားပြီးဖြစ်သည့် အစည်းအဝေး မှတ်တမ်းများကို ကိုးကားပြောဆိုထားသည်။

`မြန်မာနိုင်ငံတွင်း ဒေ၀ူး-ONGC-Gail အစုစပ်ဆောင်ရွက်မှုပုံစံကို ကြည့်ခြင်းအားဖြင့် အိန္ဒိယနှင့် ကိုရီးယားကုမ္ပဏီများအကြား ဟိုဒရိုကာဘွန်သယံဇာတအရင်း အမြစ်များ ရှာဖွေရေးလက်တွဲဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီခဲ့ခြင်းမှာ သူမသာ-ကိုယ်မနာ အခြေအနေတရပ်သို့ ဦးတည်သွားစေလိမ့်မည်´။

ဤသို့ ဘန်ကီမွန်းက ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းကို `သူမသာ-ကိုယ်မနာ´ဟု သဘောတူခဲ့ခြင်းအတွက် ဤစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ပူပန်နေကြသည့် လူ့အခွင့်အရေး ကိစ္စရပ်များအတွက် စည်းရုံးလှုံ့ဆော်နေသူများနှင့် ပြည်ပရောက် မြန်မာများကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ ဤစီမံကိန်းမှ ရရှိလာမည့် နိုင်ငံခြားငွေမာ ဘီလျံများစွာဖြင့် မိမိပြည်သူများကို သတ်ဖြတ်ရန်အတွက် စစ်အစိုးရကို လက်နက်များ ၀ယ်ယူနိုင်စေလိမ့်မည်ဟု ပြောဆိုဝေဖန်မှုများ ရှိနေကြသည်။

ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းကို ပြင်းထန်စွာ ဆန့်ကျင်ရေးစည်းရုံး လှုံ့ဆော်မှုများ ဆောင်ရွက်နေသည့် Shwe Gas Campaign အဖွဲ့မှ ဦးဝင်းအောင်က မဇ္ဈိမကို ပြောကြားရာတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသည် ဘန်ကီမွန်းနှင့် ကိုရီးယားကုမ္ပဏီအတွက်သာ `သူမသာ-ကိုယ်မနာ´ အခြေအနေဖြစ်ပြီး မြန်မာပြည်သူများအတွက်မူ လုံးဝ မဖြစ်နိုင်ဟု ဆိုသည်။ လူသတ်သမား ဗိုလ်ချုပ်များကိုသာ အကျိုးရှိစေလိမ့်မည်ဟု ဆိုသည်။

အငြင်းပွားဖွယ်စီမံကိန်းအား `သူမသာ-ကိုယ်မနာ´ ဟု ပြောဆိုသည်ကို Earth Rights International အဖွဲ့ကြီးမှ ကိုနိုင်ထူးကလည်း ကန့်ကွက်သည်။ `ရွှေစီမံကိန်းသည် ကိုရီးယား၏ ဂုဏ်သတင်း၊ ဒေ၀ူးကုမ္ပဏီ၏ ဂုဏ်သတင်းတို့ကို ပျက်စီးစေလိမ့်မည်။ မြန်မာနိုင်ငံတွင်းရှိ ထောင်ပေါင်းများစွာသော ရွာသားများ၏ လူ့အခွင့်အရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်နေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဤစီမံကိန်းကို `သူရှုံး-ကိုယ်ရှုံး´ အခြေအနေဟုသာ ပြောချင်ပါသည်။ သဘာဝသယံဇာတကြွယ်ဝမှုအပေါ် စီမံခန့်ခွဲပုံကို စစ်အစိုးရက လုံးဝဥဿုံ ပြောင်းလဲခြင်း မပြုလျှင်၊ လူ့အခွင့်အရေး ချိုးဖောက်မည့်အစား ထိန်းသိမ်းကာကွယ်သည့် လုပ်ငန်းများကို စတင်လုပ်ဆောင်ခြင်း မပြုလျှင် ရွှေစီမံကိန်းသည် ဘေးဒုက္ခအန္တရာယ်ကြီးသာ ဖြစ်လိမ့်မည်´ ဟု သူက ပြောသည်။

Inner City Press မှ သတင်းထောက်တဦးက ဒေ၀ူးကုမ္ပဏီ၏ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအပေါ် သူ၏ ရပ်တည်ချက်ကို လွန်ခဲ့သော နှစ်က မေးမြန်းခဲ့ရာတွင် မစ္စတာ ဘန်ကီမွန်းက ဖြေကြားရန် ငြင်းဆိုခဲ့ပြီး မှတ်ချက်တစုံတရာပေးခြင်း မပြုခဲ့ပါ။ အဆိုပါ သတင်းထောက် မက်သယူးရပ်ဆဲလီး (Matthew Russell Lee) ကပင် ဇွန်လ ၉ ရက် ဗုဒ္ဓဟူးနေ့က ဘန်ကီးမွန်း၏ ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကို ရွှေစီမံကိန်းအပေါ် ဘန်ကီမွန်းက `သူမသာကိုယ်မနာ´ စီမံကိန်းဟု ယခုထိ ယုံကြည်နေဆဲရှိသေးသလားဟု မေးမြန်းခဲ့သည်။ Haq က အဖြေပေးနိုင်ရန် မေးမြန်းကြည့်ပါမည်ဟု ဖြေကြားခဲ့သည်။ တပတ်အကြာတွင် မဇ္ဈိမက ထပ်မံမေးမြန်းခဲ့ရာ ဤအကြောင်းအရာကို လေ့လာနေဆဲဖြစ်ကြောင်းနှင့် အဖြေမပေးနိုင်သေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။

လွန်ခဲ့သော နွေရာသီက မြန်မာနိုင်ငံသို့ သွားရောက်ရာတွင်လည်း မစ္စတာဘန်ကီမွန်းသည် သူတခုခု လုပ်နေကြောင်း ပြသရန်အတွက်သာ စိတ်မပ့ါတပါဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု အကဲခတ်များက ယုံကြည်ကြသည်။ စစ်အစိုးရကလည်း သူ့ကို အထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးဘဲ ငြင်းဆန်ခဲ့သည်။ ဘန်သည် ကမ္ဘာ့နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားနှင့် တွေ့ဆုံခွင့်ရရန် အတင်းအကျပ် တောင်းဆိုနိုင်ခဲ့သော်လည်း စစ်အစိုးရ စိတ်ဆိုးပြီး ကိုရီးယားစက်မှုလုပ်ငန်းအတွက် အရေးပါသည့် စီမံကိန်း ပျက်ပြားသွားမည်ကို စိုးရိမ်ကာ မပြောဘဲနေခဲ့သည်ဟုလည်း မြန်မာအတိုက်အခံ တက်ကြွလှုပ်ရှားသူ အများအပြားက ယုံကြည်ကြသည်။

ဘန်၏ ခရီးစဉ်အပြီး ရက်သတ္တပတ်များစွာအကြာတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကိုမူ အထိန်းသိမ်းခံ နိုဘယ်ဆုရှင်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည်။

အငြင်းပွားဖွယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ကိုရီးယားနိုင်ငံတို့မှ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများက အနည်းစု လုပ်ငန်းလက်တွဲ ဆောင်ရွက်ဖော်များအဖြစ် ပါဝင်ကာ ဒေ၀ူး ကုမ္ပဏီကမူ အဓိက အစုရှယ်ယာရှင်အဖြစ် ရှိနေသည်။

ဤစီမံကိန်းကို တောင်ကိုရီးယား၏ `ပင်လယ်ရပ်ခြား အကြီးဆုံး စီမံကိန်း´ ဖြစ်ကြောင်း ဆိုးလ်မြို့တော်ထုတ် ကိုရီးယားသံတော်ဆင့် (The Korea Herald) သတင်းစာကြီးက ရေးသားဖော်ပြထားသည်။ ယခုစီမံကိန်းမှ မြန်မာစစ်အစိုးရ ရရှိမည့် ငွေကြေးသည် ဆယ်စုနှစ် ၃ ခုအတွင်း အမေရိကန်ဒေါ်လာ ၄၀ ဘီလျံရှိမည်ဟုလည်း အဆိုပါ သတင်းစာက ခန့်မှန်းတွက်ချက်ထားသည်။

ဤငွေကြေးများဖြင့် စစ်တပ်ကို ပိုမိုအင်အားတောင့်တင်းလာအောင် ပြုလုပ်နိုင်သည်ဟုလည်း ပြောဆိုဝေဖန်မှုများ ရှိနေသည်။ ကီလိုမီတာ ၈၀၀ ရှိ အဆိုပါပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှ ဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းကို လွန်ခဲ့သော အပတ်က စတင်ခဲ့ပြီဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် မည်သည့်အခါကမျှ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ်က ရပ်စဲသွားခြင်း မရှိခဲ့ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်၏ စိတ်ထဲတွင် ခံစားရသည်။

သူက `ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရှိစဉ်ကတော့ ဒေ၀ူးရဲ့ ရွှေဓာတ်ငွေ့စီမံကိန်းကို ထောက်ခံခဲ့တဲ့ သူဆိုတာ ထင်ရှားပါတယ်။ ဒီစီမံကိန်းဟာ မြန်မာပြည်သားတွေဆီက ခိုးယူထားတဲ့ မြေပေါ်မှာ တည်ဆောက်မယ့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေမယ့် ပိုက်လိုင်းစီမံကိန်း ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဖြစ်လာပေမယ့်လည်း ကိုရီးယားစီးပွားရေး လုပ်ငန်းတွေရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို စိန်ခေါ်လုပ်ကိုင်ရမယ့် ကိစ္စတွေကို သူဝန်လေးနေရတာဟာ ဒီကိစ္စက အတော်များများပါမယ်လို့ ကျနော် အသေအချာ ယုံကြည်ပါတယ်´ ဟု ပြောသည်။

ဥဇဘက်ကစ်စတန်နိုင်ငံ အာဏာရှင် အစ္စလမ်ကာရီမော့ဗ် (Islam Karimov) နှင့် မစ္စတာဘန်တို့ တရင်းတနှီးရှိနေခြင်းနှင့် ကိုရီးယားနိုင်ငံက အဆိုပါ အလယ်အာရှနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းတို့ တိုက်ဆိုင်နေခြင်းကိုလည်း ကိုဝင်းအောင်က ထောက်ပြသည်။ ဒေ၀ူးအင်တာနေရှင်နယ် ကုမ္ပဏီအပြင် ကိုရီးယားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများဖြစ်ကြသော ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်း (Kogas)၊ ကိုရီးယား အမျိုးသားရေနံကော်ပိုရေးရှင်း (KNOC) တို့ကလည်း ဤယခင်ဆိုဗီယက်သမ္မတ နိုင်ငံဟောင်း၏ စို့စို့ပို့ပို့ရမည့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာဘီလျံပေါင်းများစွာစီ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ဥဇဘက်ကစ္စတန်အာဏာရှင် ကာရီမော့ဗ် ကို သူ့ကိုဆန့်ကျင်သူ အများအပြားအား ထောင်သွင်းအကျဉ်းချခြင်း၊ ကွပ်မျက်ခြင်း ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုထားကြသည်။ ထိုအချိန်က ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ခရေ့မာရေး (Craig Murray) က သေမှုသေခင်း အစီရင်ခံစာတရပ်ကို ၂၀၀၂ ခုနှစ်က ပြုလုပ်ခဲ့ရာတွင် ကွယ်လွန်သူ အတိုက်အခံတဦးကို ထောင်ဝန်ထမ်းများက အရှင်လတ်လတ် ရေနွေးကန်ထဲချ၍ သတ်ပစ်ခဲ့သည်ဟု ဆိုသည်။

ကုလအေဂျင်စီများနှင့် လက်ပွန်းတတီး လက်တွဲလုပ်ကိုင်နေသော ထင်ရှားသည့် ဥဇဘက် AIDS ရောဂါ ကူညီကယ်ဆယ်ရေး တက်ကြွလှုပ်ရှားသူတဦးကို ထောင်သွင်းအကျဉ်းချထားသည့်ကိစ္စအား ဧပြီလအတွင်း ဘန်ကီမွန်း သွားရောက်စဉ် ထည့်သွင်းဆွေးနွေးမေးမြန်းခဲ့ခြင်း ရှိမရှိကို ပြောရေးဆိုခွင့်ရှိသူ ဟတ်က မဖြေနိုင်ခြင်းအတွက် သူ အထူးစိတ်ပျက်မိသည်ဟုလည်း သူက ပြောသည်။ ထိုတက်ကြွလှုပ်ရှားသူ မက်ဆင်ပိုပေါ့ (Maxim Popov) ကို ကုလရံပုံငွေဖြင့် AIDS ရောဂါတိုက်ဖျက်ရေး လက်ကမ်းစာစောင်များ ပုံနှိပ်ဖြန့်ဝေခဲ့သည့်အတွက် `ဖောက်ပြန်သည့် လူမှုအပြုအမူများ´ ကျူးလွန်ခဲ့သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

မက်ဆင်ပိုပေါ့ ခံစားနေရသော ဆင်းရဲဒုက္ခများသည် အတွင်းရေးမှူးချုပ်၏ ဦးစားပေးစာရင်းတွင် လုံးဝပါဝင်ခြင်း မရှိဟု ကိုဝင်းအောင်က ယုံကြည်နေသည်။ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဘန်ကီမွန်းသည် ဆိုးလ်နှင့် ထိုနိုင်ငံများအကြား ဆက်ဆံရေးထူထောင်ခဲ့ပြီး ကိုရီးယားစက်မှုလုပ်ငန်းအတွက် မြန်မာနှင့် ဥဇဘက်ကစ္စတန် ကဲ့သို့သော နိုင်ငံများကို အထူးဦးစားပေး နေရာများအဖြစ် သတ်မှတ်ခဲ့သည်။ ဤသို့ဖြင့် အဆိုပါ နှစ်နိုင်ငံစလုံးတွင် ကိုရီးယားနိုင်ငံက အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်လာအောင် ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု သူက ဆိုသည်။

`ဘန်ကီမွန်းက သူ့ကိုယ်သူ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးလို့ အခုထိ ထင်နေတုန်းပဲဆိုတာ ရှင်းနေတာပဲ။ မက်ဇင်ပိုပေါ့လို လူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခအကြောင်း သွားပြောလို့ ဥဇဘက်အာဏာရှင်ကြီးနဲ့ ဆက်ဆံရေး ပျက်သွားမှာမျိုး သူက အဖြစ်မခံနိုင်ဘူး။ ဒီလူက AIDS ရောဂါ ကာကွယ်ရေးအတွက် ကုလရံပုံငွေ အထောက်အပံ့နဲ့ ထုတ်တဲ့ စာစောင်တွေကို ဖြန့်ဝေမိလို့ အကြောက်လွန်ရောဂါ ရနေတဲ့ စစ်အစိုးရက ထောင်ချလိုက်တာ´ ဟုလည်း ကိုဝင်းအောင်က ပြောသည်။

`ဘန်ကီမွန်းနဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့ ဆက်ဆံရေးကလည်း ဒီအတိုင်းပဲ။ သူ့အတွက် ကိုရီးယား စီးပွားရေးလုပ်ငန်းတွေရဲ့ အကျိုးစီးပွားက လူ့အခွင့်အရေးထက် ပိုအရေးပါတယ်။ ကုလအတွင်းရေးမှူးချုပ်အဖြစ်နဲ့ သူဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းကိုကြည့်ရင် သူလိုလူဟာ ကုလသမဂ္ဂအဖွဲ့ကြီးကို ဦးစီးဦးရွက်ပြုရတဲ့နေရာနဲ့ မသင့်တော်ဘူးဆိုတာ သိပ်ထင်ရှားတယ်။ သူက တကယ့်ကို ကုလအဖွဲ့ကြီးအတွက် သိက္ခာကျစရာဘဲ´ ဟု သူက ပြောဆိုလိုက်သည်။

တရုတ်မှ လက်နက်ဝယ်ယူရေး ဦးတေဇ ပွဲစားလုပ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရလေတပ်အတွက် ဘက်စုံသုံး ဂျက်ဗုံးကြဲလေယာဉ်အစီး ၅၀ ၀ယ်ယူနိုင်ရန် အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရင်းနှီးသော မဟာမိတ်တဦးဖြစ်သည့် မြန်မာနိုင်ငံမှ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးက ယခုလဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသော ကုန်စည်ပြပွဲတွင် ဦးတေဇ ကို ယခုလ ၇ ရက်နေ့က တွေ့ရှိခဲ့ပြီး၊ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်သည့် ၂ ယောက်စီး K-8 Karakorum တာလတ်ဂျက်လေ့ကျင့်ရေးလေယာဉ်နှင့် အပေါ့စားတိုက်လေယဉ်များကို စစ်အစိုးရက ၀ယ်ယူနိုင်ရေးအတွက် ဖြစ်သည်။

လေယာဉ်များ၏ တန်ဖိုးကိုမူ အမျိုးမျိုးခန့်မှန်းပြောကြားနေကြသည်။ အလားတူ လေယာဉ် ၆ စင်း ၀ယ်ယူနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၇.၈ သန်း သုံးစွဲသွားမည်ဟု ဘိုလီးဗီးယားနိုင်ငံက လွန်ခဲ့သော အောက်တိုဘာလက ကြေညာခဲ့သည်။ ဂျိန်းကာကွယ်ရေး အပတ်စဉ်စာစောင်၏ ရေးသားချက်အရ အဆိုပါ ၀ယ်ယူမည့် သဘောတူညီချက်တွင် `အရံအင်ဂျင်နှစ်လုံး၊ KTS2000BW စမ်းသပ်ရေးယာဉ်၊ မာလ်တီမီဒီယာလေ့ကျင့်ရေးစနစ်၊ ကနဦးစက်အရံပစ္စည်းများ လေ့ကျင့်ရေးနှင့် ထိန်းသိမ်းရေးစက်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။

ထိုအချိန်ကတည်းကစ၍ ဗီနီဇွဲလားခေါင်းဆောင် ဟူဂိုးချာဗက် (Hugo Chavez) ကလည်း အဆိုပါ လေယာဉ် ၁၈ စီး ၀ယ်ယူရန် သူ့အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်း သုံးစွဲသွားမည်ဟု ယခုလ ၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ တောင်အမေရိကတိုက် မြောက်ဘက်ကမ်းခြေရှိ အဆိုပါနိုင်ငံ၏ လေတပ်တွင် အနည်းဆုံး လေယာဉ် အစီး ၂၀၀ ရှိသည်။

မြန်မာလေတပ်ကလည်း K-8 Karakorum အမျိုးအစားလေယာဉ် ၁၂ စီး ၀ယ်ယူခဲ့သည်။ လေတပ်နှင့် နီးစပ်သော သတင်းရပ်ကွက်များ၏ အပြောအရ မြန်မာအစိုးရသည် ရုရှားလုပ် MIG-29 နှင့် တရုတ်က ထုတ်လုပ်သော အလားတူ လေယာဉ် F-5 တို့ ကဲ့သို့သော မဟာဗျူဟာတိုက် လေယာဉ်တို့ထက် မြေပြင်တိုက်ခိုက်ရေး လေယာဉ်များကို ပိုမိုရယူလိုနေကြောင်း ပြောကြားကြသည်။ အဆိုပါ တိုက်လေယာဉ်မျိုးဖြင့် စစ်အစိုးရအုပ်ချုပ်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေး ငြင်းဆန်နေဆဲဖြစ်သော အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

လေယာဉ်များသည် ဟုန်တူး (Hongdu) လေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်းက ကြေညာခဲ့သည့် အရောင်းအ၀ယ်စာချုပ်တွင် ပဟေဋိဖြစ်နေသည်။

ကေ-၈ လေယာဉ်များကို ထုတ်လုပ်သည့် ဟုန်တူးလေယာဉ်ကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် နားလည်ရခက်သော ကြေညာချက်တွင် ကေ-၈ လေယာဉ်အစီး ၆၀ ကို `အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံတနိုင်ငံ´ သို့ ရောင်းချရန်စာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း ပါရှိသည်ဟု (ဂျိန်းထောက်လှမ်းရေး အုပ်စုပိုင်) ဂျိန်းကာကွယ်ရေး စက်မှုအုပ်စုက ကြေညာခဲ့သည်။

ဂျိန်းအုပ်စု၏ ရေးသားချက်အရ အဆိုပါ စာချုပ်ကို ဟုန်တူးကုမ္ပဏီ၊ လျှို့ဝှက်ထားသော အာရှနိုင်ငံတခုနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ ပို့ကုန်သွင်းကုန် ကော်ပိုရေးရှင်းတို့အကြား ကျန်းရှီးပြည်နယ် နန်ချန်းမြို့ရှိ ဟုတ်တူးကုမ္ပဏီရုံးတွင် စက်တင်ဘာလ ၆ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံသည် မိမိတို့၏ လေယာဉ်များကို အဆင့်မြှင့်တင်ရေး ပြုလုပ်နေသည့် အီရန် သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်နိုင်သည်ဟု ဂျိန်းစာစောင်က ခန့်မှန်းသုံးသပ်သည်။ အဆိုပါ အမည်ဖော်ပြထားခြင်း မရှိသည့် အာရှနိုင်ငံမှာ မြန်မာနိုင်ငံလည်း ဖြစ်နိုင်သည်။ သို့သော် မဇ္ဈိမက ဤကိစ္စကို အတည်ပြုနိုင်ခြင်း မရှိပါ။

ဂျိန်းစာစောင်၏ အဆိုအရ ဟုန်တူးကုမ္ပဏီက စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အဆိုပါစာချုပ်၌ အဆင့် ၃ ဆင့် ပါရှိသည်ဟု ဆိုသည်။ ပထမအဆင့်တွင် လေယာဉ် ၁၂ စီးကို တင်ပို့ရောင်းချမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် ကေ-၈ နှင့် ဆက်စပ်သော နည်းပညာ၊ စက်ပစ္စည်းကိရိယာများကို ပေးအပ်ရေးဖြစ်သည်။ တတိယအဆင့်တွင် ၀ယ်ယူသူက ကျန်လေယာဉ် ၄၈ စီးကို မိမိနိုင်ငံတွင်ပင် လိုင်စင်ဖြင့် ထုတ်လုပ်နိုင်ရေး ဖြစ်သည်။

ဦးတေဇသည် သူ့လေကြောင်းလုပ်ငန်းဖြစ်သည့် အဲပုဂံတွင် အသုံးပြုရန် ခရီးတို ပြည်တွင်းခရီးစဉ်သုံး တာဘိုဂျက်အင်ဂျင် ၂ လုံးတပ် ATR-72 လေယာဉ်တစီးကို Chinese Southern Airline မှ ၀ယ်ယူရန် စုံစမ်းလေ့လာနေသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံမှ အဲဘတ်စ် A-310 လေယာဉ် ၂ စီးကို သူဝယ်ယူခဲ့သေးသော်လည်း အသုံးပြုနိုင်ခြင်း မရှိဘဲ လုံခြုံရေးအရ စိတ်မချရသည့်အတွက် ရန်ကုန်မြို့တွင် ရပ်နားထားရသည်။

အမေရိကန်၊ ဥရောပနိုင်ငံများ၊ ကနေဒါ၊ သြစတြေလျနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် တေဇအတွက် စီးပွားရေးလုပ်ကိုင်နိုင်သည့်နေရာ အနည်းငယ်တွင် တရုတ်နိုင်ငံလည်း တနေရာဖြစ်သည်။ အမေရိကန်အစိုးရက `လက်နက်ပွဲစားနှင့် ဘဏ္ဍာရေးလူယုံတော်´ အဖြစ် ရည်ညွှန်းဖော်ပြလေ့ရှိသည့် ဦးတေဇသည် အနောက်နိုင်ငံတခုက ပထမဆုံး ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရသူ ဖြစ်သည်။

သူသည် အာဏာရှင်ကြီး ဦးသန်းရွှေနှင့် ဘဏ္ဍာရေးအဆက်အဆံများရှိပြီး အိမ်တွင်းပုန်း အာဏာရှင်ကြီး၏ သားသမီးများနှင့်လည်း အလားတူ အဆက်အဆံများ ရှိသည်ဟု စွပ်စွဲကိုးကားကာ ထိုသို့ နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားလင့်ကစား ဦးတေဇသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်မျှရှိသော စီးပွားဥစ္စာများကို စုဆောင်းပိုင်ဆိုင်နေပြီဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

နအဖစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မောခီးဂွင်၊ ကလော်ဝေါ်ကျေးရွာအခြေစိုက် နအဖ စစ်ကြောင်းတစ်ခုတွင် ယမန်နေ့က အချင်းချင်း ပြဿနာဖြစ်ပွားပြီး ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။

ထိုနေ့မနက် ၁၁း၃၀နာရီခန့်တွင် ကလော်ဝေါ်ရွာ ဘုန်းကြီးကျောင်း၌ စခန်းထိုင်သည့် စစ်ကွပ်ကဲရေးဌာချုပ်-စကခ(၈) လက် အောက်ခံ ခမရ(၄၀၇) စစ်ကြောင်း(၂)မှ ဒုရင်းမှူး ဒုဗိုလ်မှူးအောင်ဇော်မျိုးနှင့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးမှူး တာဝန် ယူထားသည့် ဒုခွဲမှူး ဗိုလ်ကြီးမိုးအောင်ကျော်တို့ အချင်းချင်း စကားများကြရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ကလော်ဝေါ် ရွာသားတစ်ဦးက ပြောသည်။

၎င်းက “မနက် ၁၁း၃၀လောက်မှာ ဒုတပ်ရင်းမှူး အောင်ဇော်မျိုးနဲ့ ထောက်လှမ်းရေးမှူး မိုးအောင်ကျော် နှစ်ယောက်သား အ ပြန်အလှန် စကားများရာမှာ ထောက်လှမ်းရေးမှူးက ပစ္စတိုသေနတ်ကိုထုတ်ပြီး ပစ်ဖို့ချိန်တာ ဒုရင်းမှူးက သေနတ်ပြောင်းဝကို လက်နဲ့သွားပိတ်တော့ လက်ချောင်း(၄)ချောင်း ပြတ်သွားတာပေါ့။ တချက်တည်းပစ်တယ်။ အနားမှာရှိတဲ့ ရဲဘော်တွေက ၀ိုင်း ထုကြတော့ ထောက်လှမ်းရေးမှူး သတိလစ်မေ့မျောသွားတယ်”ဟု ပြောသည်။

၎င်းတပ်အတွင်း ပြဿနာဖြစ်လရသည့် အခြေခံအကြောင်းရင်းကို အတိအကျ မသိရသော်လည်း ပစ်ခတ်သူ ဗိုလ်ကြီးမိုး အောင်ကျော်ကို အပြစ်ပေးအရေးယူရန်အတွက် ဝေါ်လေအခြေစိုက် နည်းဗျူဟာ အမှတ်(၂)သို့ ထိုနေ့တွင်ပင် ပို့ဆောင်လိုက် ပြီဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “ထောက်လှမ်းရေးမှူးက အဲဒီမှာရှိတဲ့ အခြေအနေတွေကို စုံ စမ်းရတာ။ စစ်ကြောင်းမှူးနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတစ်ခုကို ပြောပြရာမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားထိုး နှက်ကြရာကနေ ပစ်ခတ်မှုဖြစ်ပွားတာ ဖြစ်နိုင်တယ်”ဟု သုံးသပ်ပြောဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ပိုင်း ကီလိုမီတာ (၁၇၆)အကွာအဝေးရှိ အုန်းဖန်မြို့နယ် ၀ါးကလုခိုကျေးရွာတဘက်ကမ်း ကလော်ဝေါ်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်းဝင်းတွင် ယခင်က ဒီကေဘီအေ(၉၀၇)တပ်ဖွဲ့ဝင်များ အခြေချလျှက်ရှိသော်လည်း ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်း၌ အဆိုပါ နအဖစစ်တပ်က ၀င်ရောက်အခြေစိုက်ခဲ့သဖြင့် ဒီကေဘီအေတပ်များ ပြောင်းရွှေ့သွား ခဲ့ရသည်။

ထိုဒေသတွင် ယခုနှစ် မတ်လ ၁ရက်နေ့က တပ်အတွင်း အချင်းချင်း ပဋိပက္ခဖြစ်ပွားမှုကြောင့် ခမရ(၄၀၆)မှ စစ်ကြောင်း(၂)မှူး ၀င်းကျော်သူနှင့် တပ်သား(၂)ဦး လက်နက်ခဲယမ်းတချို့နှင့်အတူ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရာ ထိုင်းနယ်စပ်လုံခြုံရေး တပ်က ဖမ်းဆီးပြီး မိခင်တပ်ရင်းသို့ ပြန်ပို့ခဲ့သည်။